Monday, July 13, 2009

ကံ ကံ၏ အကျိုး

ကံ ဟူသော စကားလုံး နှင့် သူ၏ နောက်ဆက်တွဲ အကြောင်းအရာများစွာကို လူအများ အားလုံး သိဖူးကြားဖူးပြီး ဖြစ်ကြပါလိမ့်မည်။ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သည့်အလျောက် ကံ ကံ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်ပါသည်။ ယေဘုယျအားဖြင့် ကံ ဆိုသည်မှာ ကိုယ်က ပြုသော အမှု ဟု ဆိုလေ့ရှိကြသည်။ ကောင်းတာလုပ်လျှင် ကောင်းတာ ဖြစ်မည်၊ မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မည်၊ စိတ်ထားကောင်းလျှင် ကံကောင်းမည်၊ စိတ်ထားဆိုးလျှင် ကံဆိုးမည်၊ စေတနာသည် ကံ မည်၏ အစရှိသော ကံနှင့်ပတ်သက်သည့် စကားပေါင်း များစွာမှာလဲ လူ့ ပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို ပြောဆို သုံးနှုန်းလေ့ရှိကြသော စကားစုများ ဖြစ်ပါသည်။

ယခု လက်ရှိဘဝတွင် ကံဆိုးခြင်း၊ ကံကောင်းခြင်း တို့ဟူသည် ယခင် ရှေးအတိတ်ဘဝက ပြုခဲ့ကြသော ကုသိုလ် အကုသိုလ် တို့ကြောင့် ဆိုသည်မှာ တစိတ်တပိုင်းတော့ မှန်ပါလိမ့်မည်။ သို့သော် လက်ရှိပစ္စုပ္ပန် အခြေအနေတွင် မိမိတို့ ပြုလုပ်နေသော လုပ်ရပ်များ၏ ကောင်းခြင်း ဆိုးခြင်းများသည်လည်း နောင်ဘဝအထိ မရောက်၊ ယခု လက်ရှိဘဝတွင်ပင် တူညီသော အကျိုးပေးတတ်သည်ကိုလည်း မမေ့မလျော့ သတိပြုသင့်ပါသည်။ ထို့အပြင် မည်သူ့အပေါ်တွင်မဆို သင့်တင့်လျောက်ပတ်သော စိတ်ကောင်း စေတနာကောင်းများ အတတ်နိုင်ဆုံး ထားရှိခြင်း သည်လည်း ကိုယ့်ကို ကောင်းသော အကျိုးများ မလွဲမသွေ ပေးတတ်ပါသည်။

ပါတ်ဝန်းကျင်တွင် သာမန်လူသားတယောက်အနေဖြင့် ပုံမှန် ရှိသင့်ရှိထိုက်သော စိတ်ကောင်း စေတနာကောင်းများ မရှိတတ်သောသူများ၊ လူတဦးတယောက်အပေါ်တွင် ထားသင့် ထားထိုက်သော ကျေးဇူးတရားကို သေးသေးလေးမျှပင် မထားနိုင်ကြသောသူများ၊ သူ့ထက်ငါ နိုင်လိုမင်းထက် ပြိုင်ဆိုင်လိုစိတ် ကြီးမားလှသောသူများ အများအပြားကို ကြုံတွေ့ဖူးပါသည်။ ထိုသို့သော လူမျိုးကို ကံ ကံ၏ အကျိုးတရား အကြောင်းနှင့် နှိုင်းယှဉ်တွဲကာ စဉ်းစားမိလိုက်တိုင်း သူတို့အစား အတော်ပင် ရင်လေးပြီး ထိတ်လန့် တုန်လှုပ် ကြောက်ရွံ့မိပါသည်။ ထို့ထက်ပိုဆိုးသည်က သူတို့သည် သူတို့၏ မကောင်းသော စိတ်စေတနာ၊ မနာလို မရှုစိမ့်နိုင်သော နှလုံးသား တို့ကို လုံခြုံအောင် မဖုံးကွယ်နိုင်၊ မမျိုသိပ်နိုင်၊ မတားဆီးနိုင် ကြသောကြောင့် ဘေးလူက အထင်းသား မြင်သာ တွေ့သာနေခြင်းပင်။

လူတဖက်သား၏ ကောင်းသော ဖြစ်ရပ်များ၊ အဆင်ပြေသော ဖြစ်ရပ် အကြောင်း အခြင်းအရာများကို မြင်ရ တွေ့ရ ကြားရ သိရသောအခါများတွင် ထိုသူတို့သည် စိတ်နှလုံး မချမ်းမသာနှင့် မနာလိုခြင်း၊ မရှုစိမ့်နိုင်ခြင်း တို့ကို ပင်ပန်း ဆင်းရဲစွာ ခံစားကြပြီး ထို စိတ်ခံစားချက်တို့အလျှောက် ပြောဆို ပြုမူ ကြလေသည်။ ထိုနည်းလည်းကောင်းပင် ထိုသူတို့သည် လူတဖက်သား၏ အဆင်မပြေသော၊ မကောင်းသော အခြေအနေများကို တွေ့ရသောအခါတွင် စာနာ ထောက်ထားသော၊ ကြင်နာ ငဲ့ညှာသော ဂရုဏာ စိတ်မျိုးမထားနိုင်ပဲ လှေနစ်သူ ဝါးကူထိုး၊ အလိုလိုနေရင်း အားရ ဝမ်းသာ ဖြစ်ကြကုန်လေ၏။ ထိုအချိန်မျိုးတွင် သူတို့သည် ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ခင်မှာပင် မနှစ်လိုဖွယ်ရာ မျက်နှာအမူအရာများဖြင့် မကောင်းသော စကားတင်းများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆိုတတ်ကြလေသည်။ ကိုယ့် အတွင်းစိတ်ကို မဖုံးဖိနိုင်ပဲ မကောင်းသော စိတ်စေတနာတို့ဖြင့် မကောင်းသော လုပ်ရပ်များကို ဆက်ကာ ဆက်ကာ ပြုမူတတ်ကြလေသည်။ ဤကဲ့သို့ စိတ်ထား စေတနာ မကောင်းမှုများကြောင့်ပင် ထိုသူတို့၏ အခြေအနေတွေသည် ကောင်းသည့်ဖက်သို့ မည်သည့်နည်းနှင့်မျှ ရောက်မလာနိုင်တော့ပဲ မကောင်းပြီးရင်း မကောင်းရင်း၊ အရာရာတိုင်းသည် မကောင်းသောဖက်သို့သာ ဦးတည်နေလေတော့သည်။

ထိုအခါ စက်ဝိုင်း တပါတ်လည်ကာ သူတို့တတွေသည် ကံ ဟူသော စကားလုံးကို တွင်တွင်အသုံးပြုကြပြီး ကံ က မကောင်းလို့… ကံ နိမ့်နေလို့… အခုတလော ကံ ကိုက ဆိုးနေပါတယ်… အစရှိသည်ဖြင့် ကံ အကြောင်းတရားကို လှိုက်လှိုက်လှဲလှဲ အပြစ်ဖို့တတ်ကြပြန်ပါသည်။ အမှန်ဆိုရပါမူ လူတယောက်သည် မိမိ၏ လက်ရှိ အခြေအနေတွင် ကံကောင်းနေသလား ကံဆိုးနေသလား၊ ဘာကြောင့် ကံကောင်းနေသလဲ၊ ဘာကြောင့် ကံဆိုးနေသလဲ ဆိုသည်ကို ကိုယ်တိုင် သုံးသပ် ဆင်ခြင်ကြည့်၍ ရနိုင်ပါသည်။

အကယ်၍ ကိုယ်တိုင်သည် ကုသိုလ်ကံ ကောင်းမွန်၍ အစစ အရာရာ လုပ်ကိုင်ကြံစည်သမျှ အဆင်ပြေ ချောမွေ့ အောင်မြင်နေပါက ထိုကောင်းသော အနေအထားလေးကို မပျက်မစီးရအောင် ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။ ထို့ထက်ပို၍ မိမိ၏ စိတ်နှလုံးသားလေးကို ပိုမို သန့်ရှင်းအောင်၊ ကြည်လင်ဖြူစင်အောင် ထားနိုင်ပါက တွေ့ကြုံရသမျှ အရာရာတိုင်းသည် အဆင်ပြေပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ကံကောင်းခြင်းဖက်သို့သာ ဦးတည်နေမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်ပဲ အခုတလောတွင် မည်သည့် အကြောင်းကိစ္စတွင်မဆို အထစ်အငေါ့များ၊ အဆင်မပြေမှုကလေးများနှင့် ကြုံတွေ့နေရပါက ကံ တခုတည်းကို အပြစ်ပုံချ မနေသင့်ပဲ လတ်တလောတွင် မိမိပြုခဲ့သမျှ အကြောင်းအရာလေးများ၏ အကောင်း အဆိုး အကျိုး အပြစ်များကို ပြန်လည်သုံးသပ် ကြည့်ကြစေချင်ပါသည်။ လူဆိုသည်မှာ မိမိ၏စိတ်ကို မိမိသာလျှင် အသိဆုံး ဖြစ်ပါသည်။ မိမိ၏ စိတ်နေ စိတ်ထားတို့တွင် ချို့ယွင်းချက်များ၊ လိုအပ်ချက်များကို ရှာဖွေတွေ့ရှိပါက နောင်တချိန်တွင် ထိုအမှားမျိုး ထပ်မမှားအောင်၊ ထို မကောင်းသော စိတ်ထားမျိုး ထပ်မထားဖြစ်အောင် ကြိုတင် တားဆီးခြင်း၊ ဆင်ခြင် သတိထားခြင်းတို့ ဖြင့် အစစ အရာရာတွင် ကံကောင်းခြင်းဖက်သို့ ဦးတည်လာစေနိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် မိမိ ဘဝ၏ လက်ရှိ အခြေအနေ ကံကောင်းခြင်း၊ ကံဆိုးခြင်း တို့ဟူသည် မည်သူနှင့်မှ သက်ဆိုင်ခြင်း အလျဉ်းမရှိ၊ အရာရာတိုင်းသည် မိမိ၏ စိတ်နေစိတ်ထား နှင့် မိမိမှ ပြုသော အကောင်း အဆိုး အကြောင်းအရာများတို့နှင့်သာ ရာခိုင်နှုန်းပြည့် သက်ဆိုင်မှုရှိပါသည်။ ထို့ကြောင့် အရာရာတိုင်းတွင် အစဉ်သဖြင့် ကံ တခုတည်းကိုသာ အပြစ်မဖို့ ကြပဲ ကိုယ် ပြုသမျှ လုပ်ရပ်များ၏ နောက်ကွယ်မှ ကောင်းခြင်း ဆိုးခြင်းတို့နှင့်အတူ ကံ ကံ၏ အကျိုးတရား ကိုလဲ အလေးအနက်ထား၍ စဉ်းစားကြည့်ကြပါရန် တိုက်တွန်းလိုက်ပါသည်။


16 comments:

Anonymous said...

ဟုတ်ကဲ့။
း)
mm

Hmoo said...

Good Luck...
And take all of my good luck for you..:)

myo said...

ကျေးဇူး

Anonymous said...

အမျိုးရေ..
ဒီစာလေးကိုဖတ်ပြီးး..
စိတ်ကျေနပ်သွားပါတယ်..

ဘာမှ မဟုတ်တဲ့..
ပေါက်

မီယာ said...

မကောင်းတာ လုပ်ရင် နောက်ဘ၀မဟုတ် အခုဘ၀မှာပဲ တန်ပြန် အကျိုးခံစားရတယ် ဆိုတာ တကယ်ယုံပါတယ် အမရေ အဲ့ဒါတွေကြောက်လို့ အမြဲ သတိထား ဆင်ခြင်ပါတယ်။ ဖတ်ရတာ အကျိုးရှိလိုက်တာ အမရေ

tg.nwai said...

အပြည့်အ၀ထောက်ခံပါတယ် သက်ဝေရေ..ဒါကြောင့် မကောင်းမှုရှောင် ကောင်းမှုဆောင် ဖြူအောင်စိတ်ကိုထားဖို့ မြတ်စွာဘုရားက မှာကြားတော်မူခဲ့တာပေါ့..။ ပုထုဇဉ်ဆိုတာကတော့ စိတ်စေတသိက်လေးတွေ အရောင်ဆိုးတဲ့အတိုင်း အမျိုးမျိုးပြောင်းလဲနေတာပေမယ့် အတတ်နိုင်ဆုံးဖြူအောင် မကြာခဏလျှော်ဖွတ်နေရင် ကိုယ်လုပ်နေတဲ့ ကံနဲ့ ကံရဲ့အကျိုးကို အဆိုးအကောင်းဖြစ်အောင် ဖန်တီးနိုင်တာပေါ့နော်..။

khin oo may said...

မှန်၏

မေဇင် said...

အရာရာတိုင်းသည် မိမိ၏ စိတ်နေစိတ်ထား..အားလုံးနှင့်သာ သတ်ဆိုင်ပါသည်..မမသက်ဝေ .... ဒီလို ပိုစ့်လေးတွေ ကြိုက်တယ်..။ များများရေးပါနော် အားပေးနေပါတယ်..။

Thandar said...

a ma yay,

fortune = own workdone (past & present)
after my son pass away, i start consider abt me & hb's fortune.
may b we killed together to other's kid?
anyway thank you for this post.
can consider abt fortune more.

sin dan lar said...

ဖတ်သွားပါတယ် မသက်ဝေ.. အပေါ်က Thandar ရဲ့ ကောမန့်လေးဖတ်ပြီးလည်း စိတ်မကောင်းဖြစ်ရတယ်...။

Anonymous said...

..""" လူတဖက်သား၏ အဆင်မပြေသော၊ မကောင်းသော အခြေအနေများကို တွေ့ရသောအခါတွင် စာနာ ထောက်ထားသော၊ ကြင်နာ ငဲ့ညှာသော ဂရုဏာ စိတ်မျိုးမထားနိုင်ပဲ လှေနစ်သူ ဝါးကူထိုး၊ အလိုလိုနေရင်း အားရ ဝမ်းသာ ဖြစ်ကြကုန်လေ၏။ ထိုအချိန်မျိုးတွင် သူတို့သည် ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ခင်မှာပင် မနှစ်လိုဖွယ်ရာ မျက်နှာအမူအရာများဖြင့် မကောင်းသော စကားတင်းများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆိုတတ်ကြလေသည်။ ကိုယ့် အတွင်းစိတ်ကို မဖုံးဖိနိုင်ပဲ မကောင်းသော စိတ်စေတနာတို့ဖြင့် မကောင်းသော လုပ်ရပ်များကို ဆက်ကာ ဆက်ကာ ပြုမူတတ်ကြလေသည်။.."""................................

“ဒီလောက်တောင် အယူသည်းနေမှတော့ စင်ကာပူမှာလဲ မနေသင့်တော့ပြီ၊ ..........ကိုယ်တိုင်က စိတ်တွေ တော်တော် အချဉ်ပေါက်နေသော်လည်း ......????

မကောင်းတာ လုပ်ရင် နောက်ဘ၀မဟုတ် အခုဘ၀မှာပဲ တန်ပြန် အကျိုးခံစားရတယ် .......

S-C said...

“မိမိ၏ စိတ်နေ စိတ်ထားတို့တွင် ချို့ယွင်းချက်များ၊ လိုအပ်ချက်များကို ရှာဖွေတွေ့ရှိပါက နောင်တချိန်တွင် ထိုအမှားမျိုး ထပ်မမှားအောင်၊ ထို မကောင်းသော စိတ်ထားမျိုး ထပ်မထားဖြစ်အောင် ကြိုတင် တားဆီးခြင်း၊ ဆင်ခြင် သတိထားခြင်းတို့ ဖြင့် အစစ အရာရာတွင် ကံကောင်းခြင်းဖက်သို့ ဦးတည်လာစေနိုင်ပါသည်။” ….

လူအများစု “ကံကောင်း၏, မကောင်း၏” လို့ပြောနေကြတာက ကံထက်, ကံရဲ့ အကျိုးကို ပြောနေကြတာပါ။ တကယ်တော့ ကံ၏အကျိုး ဆိုတာကတော့ ကမ္မနိယာမ အတိုင်းသွားရမှာမို့ ဘာမှတော့ သိပ်မတတ်နိုင်တော့။ ဒါပေမယ့် ကံ(အကြောင်း) ကောင်းအောင် စိတ်ကောင်းနှလုံးကောင်း မွေးမြူနေတာကိုတော့ ကိုယ်တတ်နိုင်ပါတယ်။ ကံအကျိုးပေး ကောင်းခြင်းတွေဆီကို ဦးတည်လာနိုင်ပါတယ်။ အခု ရေတွင်းတူး အခု ရေကြည်သောက်ရမယ်လို့ ဘယ်သူမှ တရားသေမပြောနိုင်ပေမယ့်၊ စိတ်နှလုံးကောင်း ဖြစ်နေရတာလေးနဲ့တင် ကျေနပ် နိုင်ကောင်းပါတယ်။

သီဟသစ် said...

ဟုတ်ပါတယ်အစ်မသက်ဝေရေ

ကြိုးစားပါအုံးမည်

ခင်မင်စွာဖြင့်
သီဟသစ်

တန်ခူး said...

သက်ဝေရေ… ဒါလေးဖတ်ပြီး ဂျူးရဲ့ သူမင်းကိုဘယ်တော့မှ ထဲက မြန်မာလူမျိုးတွေ ခဏခဏသုံးစွဲနေကြတဲ့ စကား(ကံ) ဆိုတာနဲ့  ပတ်သက်ပြီး ဆွေးနွေးတာလေး သွားသတိရတယ်… ကောင်းတာလုပ်တဲ့အခါ၊ ကောင်းတဲ့စိတ်လေးထားတဲ့အခါ အနည်းဆုံး ကိုယ့်စိတ်တွေ ကြည်လင်ရတာမို့  အဲဒါ လက်ရှိအကျိုးပေးတဲ့ အကောင်းဆုံးဥပမာပဲနော်… ရည်ရွယ်ချက်ကောင်းတဲ့ ပို့ စ်လေးအတွက် ကျေးဇူးပါ…

puluque said...

အရာရာတိုင်းသည် မိမိ၏ စိတ်နေစိတ်ထား နှင့် မိမိမှ ပြုသော အကောင်း အဆိုး အကြောင်းအရာများတို့နှင့်သာ ရာခိုင်နှုန်းပြည့် သက်ဆိုင်မှုရှိပါသည်။
မှန်ပါတယ် မမရေ..ပုလုကွေးကတော့ ကံ ကံ၏ အကျိုးကို လုံးဝယုံကြည်ပါတယ်။

Rita said...

ကောင်းမွန်တဲ့ post ပါ မမရယ်။ နောက်ကျမှ ဖတ်မိတယ်။ နောက်လဲ ဒါမျိုးလေးတွေ ဖတ်ချင်ပါတယ်။

Post a Comment

အမှတ်တရ ရေးခဲ့ပါလား...