Sunday, July 19, 2009

နေရာ

နေရာလေး တခုရှိခဲ့သည်။
ထိုနေရာလေးသည် အများသူငါအတွက် မည်သို့မျှ မထူးဆန်းသည့် သာမာန် နေရာလေးတခုသာ ဖြစ်၏။ ခက်သည်က ထိုနေရာလေးကို မည်သည့်အရာနှင့်မျှ မတူအောင် ကြီးစွာသော သံယောဇဉ်
တွယ်နေမိသည်။ ထိုနေရာလေးနှင့် ပတ်သက်လျှင် ဖြတ်မရသော ကြိုးထူထူ ခိုင်ခိုင်တချောင်း နှင့် ထပ်တူညီသော၊ အမျိုးအမည် ဖေါ်ပြ၍ မရနိုင်သော သံယောဇဉ်ကြိုးတချောင်းက ခိုင်ခိုင် မြဲမြဲ ငြိတွယ်နေလေသည်။

သို့သော် သာမာန်ကြိုးတချောင်းသည် သက်မဲ့အရာတခု ဖြစ်သောကြောင့် တစုံတယောက်၏ လက်ချက်ကြောင့်သော်လည်းကောင်း၊ အချိန်တန်လျှင် သူ့အလိုလို ဆွေးမြေ့ ဟောင်းနွမ်း၍ သော်လည်းကောင်း ပြတ်တောက်သွားနိုင်သည်ပဲ။ သို့ဆိုလျှင် ထိုနေရာလေးတခုနှင့် ပတ်သက်သော သံယောဇဉ် ကြိုးတချောင်းကရော… တစုံတယောက်ကြောင့် ပြတ်ရမှာလား၊ အချိန်တန်လျှင် သူ့ အလိုလို ဆွေးမြေ့ပြီး ပြတ်တောက်သွားနိုင်ပါသလား၊ သို့တည်းမဟုတ် နောက်ဆုံးမှာ ကိုယ်တိုင်က ဖြတ်မှ ပြတ်ရတော့မှာလား….။ သေသေချာချာ မတွေးတတ်ခဲ့ပါ။

သေချာသည်ကတော့…
ထိုနေရာလေးတွင် နေရောင်ခြည်နုနုတို့ အစဉ်ဖြာကျနေသော နွေးထွေးလှပသော နံနက်ခင်းပေါင်း များစွာ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် မိုးစက် မိုးပေါက်တို့ လွင့်စင်ကျလာတတ်သော အေးချမ်းသော ညနေခင်းပေါင်း များစွာ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် လေပြည်နုနုတို့ ခပ်သော့သော့ ဆော့ကစားတတ်သော ညချမ်းဆည်းဆာချိန်များ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် မမှိန်လွန်း မလင်းလွန်းသော လရောင်လွှမ်းသည့် ညများစွာ တွေ့ကြုံခဲ့ရဖူးသည်။ တခါတခါမှာတော့ ထိုနေရာလေးတွင် လေနီကြမ်းကြမ်းနှင့် မိုးပေါက်ကြီးကြီးများ ရွာစွေတတ်သော ညမှောင်နက်နက် များလည်း ရှိခဲ့ဖူးပါသည်။

ထိုနေရာလေးတွင် မိသားတစု၏ ကြည်နူးသာယာသော ဘဝလေးတစ်ခု စတင် မွေးဖွားခဲ့ပြီး နွေးထွေးသော နေ့ရက် အချိန်ပေါင်း များစွာ ဖြစ်တည်နေခဲ့သည်။ ထိုနေရာလေးတွင် မိဘ ညီအကို မောင်နှမများနှင့်အတူတူ ပျော်စရာ နေ့ရက်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် ချစ်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတစုနှင့်အတူ ဝိုင်းဖွဲ့စားသောက်ရင်း ပျော်စရာအတိပြီးသော အမှတ်ရစရာ အချိန်ပေါင်း များစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် သူငယ်ချင်းတစုတို့၏ ပျော်ရွှင်ရယ်မော ငြင်းခုန်သံများ ဖိတ်ကျနေသော ညခင်းပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် မှတ်မှတ်ရရ ချစ်သူ ခင်သူ တို့နှင့်အတူတူ တညလုံး မအိပ်ပဲ ဘောလုံးပွဲကြည့်ရင်း စကားတွေ ထိုင်ပြောခဲ့ကြဖူးသည်။

ဒါတွေသာမက…
ထိုနေရာလေးတွင် နှစ်ကိုယ်တူ ရယ်မော ပျော်ရွှင်ခဲ့ရသော ကြည်နူးဖွယ်ရာ အချိန်များဖြင့် အစဉ် ပြည့်နှက်နေခဲ့သည်။ ထိုနေရာလေးတွင် မေ့မရနိုင်စရာ ကောင်းလှသော စကားသံ ချိုမြမြတွေ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် သီချင်းသံတွေ လွှမ်းနေသော ရင်ခုန်ဖွယ် ညနေခင်း ဆည်းဆာချိန်မျာလဲ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် ငါးကန်လှလှလေးတခုထဲမှာ ပျော်ရွှင်မြူးတူးစွာ လူးလာခေါက်ပြန် ကူးခပ် ဆော့ကစားနေတတ်ကြသော အလှမွေး ရွှေငါးငယ်လေးများလဲ ရှိနေသေးသည်။ ထိုနေရာလေးတွင် ကော်ဖီကျကျ တခွက်စီသောက်ရင်း အနာဂတ်နေ့ရက်တို့ကို အတူတူ မျှော်မှန်း ပုံဖေါ်ကြည့်ခဲ့ကြဖူးသည်။ တခါတခါ အလုပ်တွေအလွန်များပြီး ပင်ပန်းနွမ်းနယ်နေသော အခါမျိုးမှာတော့ ထိုနေရာလေးတွင် ဆူဆူညံ စကားသံတို့ တိုးဝင်ပြီး ငြိမ်သက် တိတ်ဆိတ်နေသော ညနေခင်းအချို့လဲ ရှိခဲ့ဖူးပါသည်။ နောက်ပြီး တခါတရံမှာတော့ ထိုနေရာလေးတွင် စိတ်နောက်ကျိ ငြီးငြူစရာများ၊ စိတ်အခန့်မသင့်စရာများ၊ ပူပင်သောကများကိုလည်း နှစ်ဦးသား ကြုံတွေ့ခဲ့ကြဖူးသည်ပေါ့…။ သို့သော်လည်း ထိုနေရာလေး၏ ငြိမ်းချမ်း အေးမြခြင်းတို့ကြောင့်ပင် ထိုပင်ပန်း နွမ်းနယ်မှုတို့နှင့် သောကတို့သည် အံ့သြဖွယ်ရာ တခဏနှင့် ဝေးလွင့် ပြေပျောက် သွားတတ်ကြသည်ချည်းသာ…။

သို့သော်လည်း လူ ဆိုသည်မှာ အချိန်တန်လျှင် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းကြရသည်မှာ ဓမ္မတာပင် မဟုတ်ပါလား။ ဤသို့ဖြင့် အချိန်ကာလ တခုသို့ အရောက်မှာတော့ ထိုနေရာလေးကို ချန်ထားရစ်ခဲ့ပြီး နေရာသစ်တခုကို ရွှေ့ပြောင်းရန် အကြောင်းဖန်လာခဲ့သည်။ ထိုနေရာလေးကို မည်၍ မည်မျှပင် သံယောဇဉ်ကြိုး ရစ်နှောင် တွယ်တာနေပါစေ အချိန်ကျလျှင်တော့ တွယ်မိသမျှ သံယောဇဉ်တို့ကို ရအောင်ဖြတ်ကာ နေရာသစ်တခုဆီသို့ ရွှေ့ပြောင်းရန် စဉ်းစားရတော့မည်လေ။ ထိုနေရာလေးကို နှစ်သက်သော်လည်း မကြာခင် အချိန်အတွင်းမှာ ချန်ထားရစ်ဖို့ ပြင်ဆင်ရတော့မည်။ ထိုနေရာလေးကို မြတ်နိုးသော်လည်း နေရာသစ်တခုတွင် ခြေလှမ်းသစ်တို့ဖြင့် စတင်လျှောက်လှမ်းနိုင်ရန် အားထုတ်ရတော့မည်။ ထိုနေရာလေးကို တွယ်တာသော်လည်း နေရာအသစ်တခုတွင် အခြေတကျဖြစ်အောင် ကြိုးစားရတော့မည်။

အချိန်နှင့် ဒီရေသည် လူကို မစောင့် ဆိုသည့်အတိုင်း အချိန်သည် ကိုယ့်ကို စောင့်မနေခဲ့ပါ။ သည်လိုနှင့် ရက်ပေါင်း လပေါင်းအတော်ကြာ အချိန်ဆွဲ စဉ်းစား တွေဝေနေခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ် မျှော်လင့်ထားသည့်အတိုင်း နေရာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချရတော့မည့် အချိန်တခုကို ရောက်လာခဲ့တော့သည်။ ထိုအခါတွင် နေရာဟောင်းလေးကို တွယ်တာနေသည့် ခိုင်မာသော သံယောဇဉ်ကြိုးတချောင်းကို နာကျင်စွာ ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်ချက်ချခဲ့သောသူမှာ ထိုနေရာလေးကို မြတ်နိုးလှစွာသော ကိုယ် ကိုယ်တိုင်ပင် ဖြစ်နေကြောင်း အံ့သြဖွယ် တွေ့လိုက်ရပါတော့သည်။


19 comments:

Rita said...

မနေ့ကပဲ "အ၀ါရောင်လမ်းကလေး" သီချင်းကို နားထောင်နေမိသေးတာ။

မေဇင် said...

ဘယ်နေရာလေး လဲဟင်...မမသက်ဝေ... ?




ခင်တဲ့
မေဇင်

PAUK said...

အိမ်ပြောင်းမလို့လားး
ဒီက ထုံတယ်နော်..

Anonymous said...

အသစ်မှာ အဆင်ပြေပါစေ မမသက်ဝေ။
mm

khin oo may said...

19 Jul 09, 11:48
kom: သက်ဝေ ဘာတွေ စဉ်းစားနေတာလဲ။

sonata-cantata said...

လွမ်းလို့ ကျန်ခဲ့ရဦးမှာပေါ့လေ...
အားမနာပါနဲ့ ...
ထုံဆေး ကောင်းကောင်းသုံးတတ်နေပါပြီ
ပေါက် ထုံတာတမျိုး၊ ဒီက ထုံတာတမျိုး...

တာထုံ

myatnoe said...

အမ ဂျပန်ကိုလားးး ဟီးး

နောက်တာ...

အဲလိုပါပဲ အမရာ..
ဘ၀ဆိုတာ

khin oo may said...

20 Jul 09, 00:30
kom: ထပ်လာပြီးစဉ်းစားသွားတယ်

ရွာသားလေးဝိုင်တီယူ said...

ပြောင်းသွားပြီလားဟင် ဒါဆို...

Gypsy(Homeless) said...

Who's moving whom, Who's been taken out of care having to move to a new? who's care..
Challenges in moving toward...
Confused?
Just copy the moving company's advertising.. :)
U've a peace and nice...new days new life and new Home.... :)

myo said...

မမသက်ဝေက ဆုံးဖြတ်ချက်ချပြီးသွားပြီလား..

" ဒီလိုသံယောဇဉ်တွေ ဖြတ်ဖို့ ခက်တယ်လေ..."
ရေစီးကြောင်းသံယောဇဉ် ထဲက စာသားလေးတွေ သတိရသွားတယ်..။

P.Ti said...

အမသက်ဝေ တကယ်ပြောင်းတော့မှာလား... :(

မြစ်ကျိုးအင်း said...

ရောက်လာချိန်မှာစဉ်းစားစရာနဲ့တိုးနေတယ်...
ဘယ်ပြောင်းမလဲတော့မသိဘူး ..အခုဘယ်မှာနေမှန်း လည်းမသိပါဘူး...ဘာပဲဖြစ်ဖြစ်အဆင်ပြေပါစေဗျာ

Moe Cho Thinn said...

ကိုယ်ချစ်ခင်တဲ့ နေရာ ဒေသ၊ လူ မိတ်ဆွေတွေနဲ့ ခွဲခွာရရင် နာကြင်ရတာပါပဲ။
မမ အဆင်ပြေ ပျော်ရွှင်ဖို့ ဆုတောင်းပါတယ်။

pandora said...

ဝမ်းနည်းစရာလေး....

ဘာပဲဖြစ်ဖြစ် တိမ်ပြာပြာနေ့တနေ့ ဆန်းဒေးမှာ တွေ့ကြတာပေါ့။

တန်ခူး said...

အဲဒီနေရာလေးက ဒီလိုနိုင်ငံမှာ တကယ့်ကို ရှားရှားပါးပါး သာသာယာယာ ငြိမ်းချမ်းတဲ့နေရာလေးမို့  လွမ်းလဲလွမ်းလောက်စရာပေါ့သက်ဝေရေ... ဟိုနေရာလေးကိုရောက်ရင်လဲ ကြာလာတော့ နေသားကျ ပျော်ရွှင်သွားမှာပါ....

Hmoo said...

Life means moving and travelling...
U should B BZ and happy :)

သီဟသစ် said...

မမသက်ဝေရေ

နေရာလေးတိုင်းမှာ အမှတ်တရတွေ အများကြီးရှိတယ်နော်

ခင်မင်စွာဖြင့်
သီဟသစ်

သက်ဝေ said...

အမှတ်ရစရာ နေရာလေးတခုကတော့ လွမ်းစရာလေးတွေနဲ့ အတူတူ ကျန်ခဲ့ပါပြီ။ သတိရတိုင်းတော့ ခပ်လှမ်းလှမ်းကနေ သွားကြည့်နိုင်တဲ့ အခွင့်အရေးလေး ရှိနေသေးတာမို့ စိတ်ထဲမှာ နဲနဲတော့ သက်သာရာရမိပါတယ်...။

ကိုယ်ရေးထားတာဖတ်ပြီး စဉ်းစားတွေးတောရင်း မှတ်ချက်ရေးသွားကြသူများကို ကျေးဇူးတင်ပါတယ်။

Post a Comment

အမှတ်တရ ရေးခဲ့ပါလား...