Saturday, November 7, 2009

မိုက်ဖေါ် မိုက်ဖက် တယောက်တိုးခြင်း

ဒီရက်တွေ အလုပ်များနေလို့ စာအသစ် မရေးနိုင်ခင်မှာ သူငယ်ချင်းတယောက်ရဲ့ ဘလော့ဂ် အသစ်လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။

သူနဲ့ ကိုယ်နဲ့က ဟိုး ငယ်ငယ်လေး မူလတန်းကျောင်းသူဘဝထဲက သူငယ်ချင်းပါ။ ငယ်ငယ်ကထဲက သူ့ရဲ့ လှပပြီး ဆွဲဆောင်မှုရှိတဲ့ လက်ရေးလေးနဲ့ စာတွေ ကဗျာတွေ ရေးခဲ့တာကို အခုထိ မှတ်မှတ်ရရရှိနေပါတယ်…။ သူနဲ့ ပတ်သက်ပြီး အမှတ်အရဆုံး အရာတခုကတော့ အော်တိုစာအုပ်တွေပါ။ ကျောင်းတွေ ပိတ်ခါနီးဆိုရင် သူငယ်ချင်းတွေ တယောက်နဲ့တယောက် အော်တိုစာအုပ် အပြန်အလှန် လဲလှယ် ရေးသားတဲ့အခါမှာ သူက သူ့ကိုယ်ပိုင် ကဗျာတို လှလှလေးတွေကို ရေးပေးလေ့ ရှိပါတယ်…။ ဒီလိုနဲ့ မူလတန်း အလယ်တန်း အထက်တန်းကျောင်း သက်တမ်းတလျှောက်၊ တက္ကသိုလ်ကျောင်း သက်တမ်းတလျှောက် အတန်းတွေကွဲ၊ လမ်းတွေကွဲပြီး အမြဲမခွဲ တတွဲတွဲနေလို့ရတဲ့ အချိန်တွေ နည်းသွားပေမယ့် တွေ့လိုက်တဲ့ အချိန်တိုင်းမှာ လှိုက်လှဲ နွေးထွေးမြဲ…။ တွေ့လိုက်ရတဲ့ အချိန်တိုင်းမှာ ရိုးသား ပွင့်လင်းပြီး ရင်းနှီး ချစ်ခင်စရာကောင်းလှတဲ့ ကျောင်းသူဘဝတုန်းက သူ့ပင်ကိုယ် ဟန်ပန်တွေကို ခုချိန်အထိ ရှာတွေ့မြဲ…။ အချိန်တိုင်းမှာ ချစ်စရာ ကောင်းမြဲ…။ ဒါတွေကတော့ သူ့ရဲ့ အကြောင်း တစေ့တစောင်းလေးပါ…။

ဒီလိုနဲ့ သိပ်မကြာသေးတဲ့တရက်မှာ သူ့လိုပဲ မူလတန်းထဲက ချစ်ခင်ခဲ့ရတဲ့ ခိုင် ဆိုတဲ့ သူငယ်ချင်းကို ကိုယ့်ဘလော့ဂ်လေးကြောင်း ပြောပြမိတယ်…။ ဘယ်သူမှမပြောနဲ့နော် လို့လဲ (ထုံးစံအတိုင်း) ပိတ်လိုက်ပါသေးတယ်…။ သူကလဲ တကယ် စိတ်ချရပါတယ်…။ လေး ငါးရက် ကြာတဲ့ အထိ ဘယ်သူ့ကိုမှ မပြောပြပါဘူး။ အဲ… ဒါပေမယ့် ခြောက်ရက်မြောက်နေ့မှာတော့ သူနဲ့ တအိမ်ထဲ အတူတူနေတဲ့ သူငယ်ချင်းကို “ကိုယ် မနေနိုင်ဘူးကွယ်… ဖွင့်ပြောလိုက်တော့မယ်…” လို့ ဆိုလာပါတယ်…။
ဟင်… တကယ်ကြီး သွားပြောတော့မှာလား ဆိုတော့… အင်း.. တဲ့…။
ဘုရားရေ… မပြောလို့ မဖြစ်ဘူးလားဆိုတော့… ဟင့်အင်း… ပြောချင်နေတယ် တဲ့…။

ဒီလိုဆိုတော့လဲ အိုကေပေါ့… ပြောလိုက်ပါ လို့ ခွင့်ပြုလိုက်ရပါတယ်…။
ဒီလိုနဲ့… ဒီလိုနဲ့….

တိုတိုပြောရရင် အခု
ချစ်ကြည်အေး ရယ်လို့ ဖြစ်လာမယ့် သူငယ်ချင်းက ကိုယ့်ဘလော့ဂ်အကြောင်းကို သိသွားပြီးနောက်မှာ သူ့ရဲ့ နဂိုမူလ ဗီဇလေးတွေ၊ ဝါသနာလေးတွေ ပြန်လည်ရှင်သန်လာပြီး သူလဲ ဘလော့ဂ် ရေးလိုပါတယ်လို့ ဆိုလာတယ်။ ဒီတော့ ကိုယ်ကလဲ ကိုယ့်လို မိုက်ဖေါ် မိုက်ဖက် တယောက်တော့ တိုးပဟ ဆိုပြီး ဝမ်းသာမဆုံး တပြုံးပြုံးနဲ့ သူ့အတွက် ဘလော့ဂ်လေးတခု အစပြုပေးခဲ့ပါတယ်။ အရင်ကတော့ သူ့ဟာသူ Facebook မှာ Pet Society တို့၊ Farm Villie တို့၊ Café World တို့နဲ့ ပျော်နေရာက အခုတော့ အဲဒါတွေကို လုံးလုံးလျားလျား ပစ်ပယ်ပြီး ကိုယ်တို့ရဲ့ ဘလော့ဂ်စဖီးယားထဲကို ရောက်လာတဲ့ သူငယ်ချင်း ချစ်ကြည်အေး ကို အသိအမှတ်ပြုပြီး လှိုက်လှဲ ချစ်ခင်စွာ ကြိုဆိုကြပါနော်…။

ပြီးတော့ သူ့ရဲ့
နိဒါန်း စကား ထဲက အတိုင်းပါပဲ… သူ့ထက် အရင် ဘလော့ဂ်နေကြသူများ အားလုံး သူ့ရဲ့ စာလေးတွေ ကဗျာလေးတွေကို သွားဖတ်ပြီး ဝေဖန်ကြပါ၊ လိုအပ်တာတွေများ ရှိခဲ့ရင်လဲ မှတ်ချက်များရေးပြီး အကြံပြုကြပါလို့ ချစ်ခင်စွာ တိုက်တွန်းလိုက်ပါရစေ…။



** မိုက်ဖေါ် မိုက်ဖက် ဟူသော စကားလုံးကို နှစ်သက်လှသောကြောင့် ပုံရိပ် (စိတ်ကူးပုံရိပ်) ဆီမှ ကူးယူသုံးစွဲပါသည်။ ကျေးဇူးပါ ပုံရိပ်ရေ...

14 comments:

Ko Boyz said...

ဤသို့ဖြင့်.............

တန်ခူး said...

သက်ဝေရေ… မိုက်ဖော်မိုက်ဖက် မချစ်ကြည်အေးကို ဒီဘလော့လောကမှ လှိုက်လှဲစွာ ကြိုဆိုပါတယ်လို့ … နှင်းဆီရနံ့ လေးသင်းနေတဲ့ ကဗျာလေးတွေကို သေသေချာချာ ခံစားကြည့်ဦးမယ်လို့ …

nu-san said...

အမရေ.. မိုက်တယ်ဆိုတာလည်း အဖော်လေးပါမှ မိုက်လို့ကောင်းတာဆိုတော့ အမ သူငယ်ချင်းကိုလည်း ကြိုဆိုပါတယ်နော်.. အခုပဲ မမသက်ဝေရဲ့ လင့်က တဆင့် သွားလည်ပြီးလို့ ပြန်လာတာ.. :D

T T Sweet said...

မသက်ဝေ ... ခုပဲသွားဖတ် ကြိုဆိုအားပေးခဲ့ပါတယ် ... မသက်ဝေနဲ့ ငယ်ငယ်က သူငယ်ချင်းကိုး ... ချစ်ကြည်အေးတဲ့ ... နာမည်ကလဲ ချစ်စရာလေး ...ေ၇းထားတာလဲ ချစ်စရာလေး ...

ချစ်ကြည်အေး said...

အင်ထရိုလေး အတွက် ကျေးဇူး အဂိန်းနော် ....

rose of sharon said...

သွားလည်လိုက်ပါ့မယ်

Kay said...

လင့် ယူထားလိုက်ပြီ..
ရှူး.. ကျမလဲ..မသက်ဝေ ဘလော့ ရေးတာ..ဘူ့မှ ပြောဘူး... ( ကိုယ့်ဖာကိုပဲ ပြော နော်..) :P

Moe Cho Thinn said...

သွားဖတ်လိုက်ပြီ မမရေ..
မမ သူငယ်ချင်းက မမလိုပဲ စာအရေးကောင်းပဲ။ စာရေးချင်တဲ့သူတွေ များတော့ ပျော်စရာကြီးပေါ့။..။

pandora said...

သွားလည်ဖတ်ရှု အားပေး ထားပါကြောင်း :)

Bino said...

I'll go surely.
Thanks for intro.

ကိုလူထွေး said...

မိုက်ဖော်မိုက်ဖက်ဆိုလို့ လန့်ချင်နေတာ...
အခုတော့ မိုက်ကြတာ တယောက်မှ မကပဲ...
ဟဲဟဲ မကြောက်တော့ဘူး...

းဝ)

Rita said...

သွားဖတ်ဦး...မှာ
=)

khin oo may said...

welcome!

mae said...

ကောင်းလိုက်တာ.. ငယ်သူငယ်ချင်းတွေ

Post a Comment

အမှတ်တရ ရေးခဲ့ပါလား...