Wednesday, July 21, 2010

Night Festival (New World 2010)

ပြီးခဲ့တဲ့ စနေနေ့က ည ၇ နာရီကနေ မနက် ၂ နာရီအထိ National Museum ရှေ့မှာ လုပ်တဲ့ စကာင်္ပူရဲ့ Night Festival 2010 ကို ရောက်ခဲ့ပါတယ်။ ရောက်သွားတဲ့ အချိန်မှာ ည ၁၁ နာရီလောက်ရှိနေပြီ။ ၁၂ နာရီမှာ Paraboles 2.0 ဆိုတဲ့ ရှိုးရှိတယ်လို့ လက်ကမ်းကြော်ငြာ စာအုပ်လေးမှာ ရေးထားတာနဲ့ အချိန်နဲနဲ စောနေသေးလို့ ဟိုကြည့် ဒီကြည့်နဲ့ ကြည့်နေရင်း National Museum ထဲ ဝင်သွားမိတယ်။ Museum က ဒီနှစ်ရက်စလုံး အတွက် Free Admission ပါတဲ့…။

(National Museum)


အဲဒီ National Museum ကို ဒါ ပထမဆုံးအကြိမ် ရောက်ဖူးခြင်းပါ။ ဒါကြောင့် အဲဒီလူတန်းရှည်ကြီးနဲ့အတူ တခန်းဝင် တခန်းထွက် ရွေ့လျားပါသွားပြီး လိုက်ကြည့်မိပါတယ်။ လူတွေများနေတော့ ဓါတ်ပုံရိုက်လို့ သိပ်မကောင်းပါ။ ပြတိုက်ထဲမှာ အနုပညာ ပြကွက်ဆိုပြီး တွေ့ခဲ့ရတာတွေကို မှတ်မိသလောက် ပြောရရင် ဘာတွေပြနေမှန်းမသိတဲ့ အဖြူအမဲ ပိတ်ကား နှစ်ခု၊ ဆူဆူညံညံ သံစုံတီးဝိုင်းတခု၊ အောက်ကပုံမှာ တွေ့တဲ့အတိုင်း မျက်နှာကြက်မှာ ချိတ်ထားတဲ့ မီးဆိုင်း ရှစ်ခုက ရှေ့ထိုး နောက်ငင် လွှဲယမ်းနေကြတဲ့ ပြကွက်...


ပြီးတော့ အမှောင်ခန်းတွေမှာ ပြထားတဲ့ သူတို့အခေါ် ရှေးဟောင်းပစ္စည်းတွေ…
ရှေးဟောင်းပစ္စည်း ဆိုလို့ ဘာတွေလဲ မှတ်တယ်… ကိုယ်တို့ဆီမှာ ဟိုးရှေးရှေးက သုံးတဲ့ အုန်းခြစ်တွေ၊ ကြွေရည်သုတ်ချိုင့် အရွယ်စုံ၊ ရေခဲခြစ် ခြစ်တဲ့ လက်လှည့်စက်၊ ငြုတ်ဆုံ အရွယ် အမျိုးမျိုး၊ ကြိမ်နဲ့ ယက်ထားတဲ့ စကော စကာ တောင်းပလုံးလေးတွေ၊ စင်းကားတံဆိပ် အပ်ချုပ်စက် နဲ့ ပုံစံ ဟောင်းဟောင်း ဒါးစက်၊ လမ်းမှာ ရေခဲမုန့်လည်ရောင်းတဲ့ ဆိုက်ကားလိုဟာမျိုးတွေကို တခုတ်တရ ပြထားကြတယ်။ ပြီးတော့ ဟိုးရှေးရှေးက ရုပ်ရှင်ရိုက်တဲ့ ကင်မရာ နဲ့ ဓါတ်ပုံရိုက်တဲ့ ကင်မရာတွေ၊ ပိတ်ကားကြီး ထောင်ပြီး ပြတဲ့ ရုပ်ရှင်ခေတ် က နာမည်ကြီး မင်းသား မင်းသမီးတွေရဲ့ ဓါတ်ပုံတွေ၊ ဟိုရှေးခေတ်က ဝတ်စားဆင်ယင်ပုံတွေနဲ့ အဝတ်အစား တချို့ကို တွေ့ခဲ့ရပါတယ်။


(ဟိုးရှေးရှေးက ကင်မရာ)


ဓါတ်ပုံတွေ တော်တော်များများတော့ ရိုက်လာပါတယ်။ ဒါပေမယ့် အကုန်လုံးတော့ မတင်တော့ဘူးနော်… အဲဒီကို ရောက်ဖူးတဲ့သူတွေ အများကြီး ရှိကြမှာပါ။ ကိုယ်သာ တောသူမလိုပဲ အခုမှ ရောက်ဖူးပြီး အထူးတဆန်း ဖြစ်နေတာ…။

ဒါကတော့ ခါတိုင်းဆို အခုလို မှောင်မှောင် မဲမဲ ညမျိုးမှာ တွေ့ရင် ကြောက်လန့်ပြီး မျက်နှာလွှဲထားမိမှာ ဖြစ်ပေမယ့် အခုတော့ အများသူငါတွေကလဲ ဓါတ်ပုံတွေ တဖျတ်ဖျတ် ရိုက်နေကြတာက တကြောင်း၊ ပိုစ့်လေး ရေးဖြစ်ရင် သုံးရအောင်ဆိုတာက တကြောင်းတို့ကြောင့် (ဇွတ်) ရဲဆေးတင်ပြီး ရိုက်ခဲ့တဲ့ ဓါတ်ပုံပါ။ ခုံတန်းပေါ်မှာ (မျက်စေ့ပျက် မျက်နှာပျက်နဲ့) ထိုင်နေကြတဲ့ အဲဒီလူတွေကို ရောင်စုံအဝတ်စတွေနဲ့ လုပ်ထားပါတယ်။ Creative Art လို့ ဆိုကြတယ်…။

(မျက်စေ့ မျက်နှာ ပျက်နေကြသူများ)


အခုပြောပြချင်တာကတော့ သူတို့က Night Festival လို့ ကြွေးကြော်ပြီး လူတွေ အများကြီး လာကြည့်ကြတဲ့ စနေနေ့ ည ၁၂ နာရီမှာ ပြတဲ့ Paraboles 2.0 ဆိုတဲ့ ပြကွက်လေးကိုပါ။ ဒီပုံမှာ ကြည့်ပါ…။

(Paraboles 2.0 နှင့် ရွှေပွဲလာများ)


National Museum ရှေ့မှာ ပုံထဲမှာတွေ့ကြတဲ့အတိုင်း ဂြိုလ်တု စလောင်းလို အဝိုင်းပြားကြီး ၆ ခုရှိပါတယ်။ အဲဒီ အဝိုင်းတွေကို အနောက်ဖက်ကနေ အတို အရှည် ပြောင်းလဲလို့ရတဲ့ တိုင်အကြီးကြီးတွေနဲ့ ထောက်ထားပါတယ်။ အဲဒီအဝိုင်းပြားတွေကလဲ အနေအထား အမျိုးမျိုး လှည့်လို့ ပြောင်းလို့ ရတာ တွေ့ရပါတယ်။ အဝိုင်းပြားတွေရဲ့ အရှေ့ဖက် အလယ်ခေါင်ကနေ မီးရောင်စုံတွေလဲ လင်းပါသေးတယ်။ ပြီးတော့ လမ်းမရဲ့ တဖက်ခြမ်းကနေ ဆလိုက်ထိုးပြီး အဲဒီ အဝိုင်းပြားတွေပေါ်မှာ အရုပ် ထင်စေပါတယ်။ အဝိုင်းပြားတွေရဲ့ အောက်ခြေမှာ တူရိယာ တမျိုးစီနဲ့ တီးနေ မှုတ်နေတဲ့သူ တွေရှိတယ်။ သူတို့တွေရဲ့ မျက်နှာချင်းဆိုင် စင်အမြင့်တခုမှာ Conductor လို့ ခေါ်ရမယ့် အမျိုးသမီး တယောက်ရှိတယ်။ သူက အရှေ့ကနေ လက်ဟန် ခြေဟန်နဲ့ ပြနေတာကို အတီးသမားတွေက တီးနေကြတာမျိုး...။

ပြီးတော့ ဆလိုက်နဲ့ထိုးပြတဲ့ ပုံတွေက အာကာသက ကြယ်တွေ လတွေ စိတ္တဇ ဆန်ဆန် အရောင်တွေ၊ အဆင်တွေနဲ့ မျက်စေ့ကို လှည့်စားတဲ့ အဝိုင်းတွေ အခွေ အလိပ်တွေ၊ ကယ်လီဒို စကုတ်တ် မှာကြည့်ရင် မြင်ရတဲ့ ပုံမျိုးတွေ၊ ရေဒီယို လှိုင်းတွေ၊ အနိမ့်အမြင့် အတက်အကျတွေနဲ့ ECG Graph လို လှိုင်းတွေ၊ ပြီးတော့ လက်ဗွေရာလို ပုံမျိုးတွေပါ။ ဒီမှာကြည့်ပါ...။



အောက်မှာတွေ့ရတဲ့ ပုံကတော့ အဝိုင်းပြားတခုရဲ့ အလည်မှာ စတီးရောင် ပြောင်ပြောင် အလုံးတခုထည့်ထားပါတယ်။ အမျိုးသမီးတယောက်က အဲဒီအလုံးထဲ ခြေထောက်တွေ ဒူးခေါင်းကျော်ကျော်လောက်အထိ ဝင်နေပြီး အဲဒီအလုံး ၃၆၀ ဒီဂရီနီးနီး လည်နေသ၍ သူကလဲ ပုံစံအနေအထား အမျိုးမျိုးနဲ့ အလိုက်သင့် လိုက်လည်နေတာပါ။ လက်နှစ်ဖက်လုံးကို လေထဲမှာ ဝှေ့ယမ်းပြီး မူးနောက်နေအောင် လည်နေရတာ အတော်မချောင်တဲ့ ကိစ္စပါပဲ…။ တီးလုံးကလဲ ခြောက်ခြားစရာ အသံဆန်းဆန်းတွေ ဆူဆူညံညံတီး၊ သူကလဲ ရုန်းထွက်လို့မရတော့ ကူရာ ကယ်ရာမဲ့သလို လွင့်မျောရင်း သရုပ်ဆောင်… အဟဲ… ညကြီးမှောင်မှောင် ဟိုကြည့် ဒီကြည့်နဲ့ နဲနဲတောင် ကြောက်မိသေးတယ်…။


အော်… သူတို့ရဲ့ New World Night Festival ဆိုလို့ ဘာများပါလဲ လို့… ။ တကယ်ကတော့ ညကြီး ၁၂ နာရီမှာ လမ်းပိတ်ပြီး တီးလုံး ဆန်းဆန်းတွေတီးပြီး အရုပ် ဆန်းဆန်းတွေကို အဲဒီ အဝိုင်းပြားတွ အပေါ်မှာ မီးထိုးပြီး ပြတာပါပဲ...။ ဘာနဲ့တူသလဲ ဆိုတော့ ကိုယ်တို့ ငယ်ငယ်က ရန်ကုန်မှာ ဘုရားပွဲတွေရှိရင် လမ်းလည်ခေါင် ပိတ်ကားကြီး ထောင်ပြီး မြန်မာရုပ်ရှင်တွေကို ၃ ကား မိုးလင်း ပြသလိုပါပဲ၊ အခု ပိတ်ကားကတော့ အဝိုင်းတွေပေါ့... ဒါပါပဲ…။

အဲလိုအချိန်မတော်ကြီးမှာ လာကြည့်ကြတဲ့ လူတွေကလဲ အများကြီးမှ အများကြီးပဲ…။ အင်း… သူ့အရပ်နဲ့ သူ့ဇာတ် ကိုက်လဲ ကိုက်ပါတယ်လေ လို့ တွေးမိတယ်။ အဲဒီလို လာကြည့်ကြတဲ့သူတွေထဲမှာ ကင်မရာတွေ၊ ထရိုက်ပေါ့ထ်တွေနဲ့ ဝါသနာရှင်တွေကိုလဲ အများကြီး (အများကြီး) တွေ့ခဲ့ရပါတယ်။ ကိုယ်ကတော့ ထုံးစံအတိုင်း ထရိုင်ပေါ့ထ် ပါမသွားပါဘူး… ဒါကြောင့် ပုံကောင်းကောင်းတွေ မရခဲ့ပါ။ ပြီးတော့ ဝေးလဲ ဝေးပြီး တော်တော်လဲ မှောင်နေတဲ့အတွက် ကိုယ့်ရဲ့ ကင်မရာက Built-in Flash က မနိုင်ပါဘူး…။ (ဒါ အကွက်ပဲ…)

အဲဒီပွဲပြီးတော့ ၁ နာရီ ကျော်ကျော်ရှိနေပြီ… ၂ နာရီပွဲကို စောင့်ရမှာ ညောင်းတာရော ပျင်းလဲ ပျင်းလာတာကြောင့် ပြန်လာခဲ့ကြတယ်…။ အပြန်လမ်းမှာ နဲနဲ အိပ်ငိုက်ချင်သလိုလို ဖြစ်နေတဲ့ သူ့ကို မျက်စေ့ကျယ်သွားစေခြင်း အလို့ငှာ (စကားမစပ် ဘာမစပ်နဲ့) နောက်ကို ညမှောင်မှောင်မှာ ဓါတ်ပုံရိုက်ဖို့အတွက် ကိုယ့်မှာ ဝယ်ရမယ့် ပစ္စည်းတခု ထပ်တိုးလာပြန်ပြီ လို့ ပြောလိုက်မိပါသေးတယ်။

သို့သော် သူ မျက်စေ့ ကျယ် မကျယ်တော့ ကိုယ် မသိပါဘူး… ကိုယ်ကတော့ ဟို မျက်စေ့ပျက် မျက်နှာပျက် လူအရုပ်တွေရယ်၊ အလုံးထဲ ခြေထောက်စုံဝင်ပြီး လွင့်မျောနေတဲ့ စိတ္တဇ ဆန်ဆန် မိန်းမရယ်ကို ပြန်မြင်ယောင်ရင်း မိုးစင်စင်လင်းခဲ့ရကြောင်းပါ…။




23 comments:

Anonymous said...

ကျနော်ရောက်ခဲ့တုန်းက national museum အရှေ့မျက်နှာစာကို အလင်းတွေ ထိုးပြီး ဒီဇိုင်းတွေ အမျိုးမျိုးပြောင်းပြီးပြခဲ့တာဗျ
သတင်းစာမှာတော့ ဖတ်မိလိုက်တယ်
မသက်ဝေတို့လို စိတ်သွားတိုင်း ကိုယ်မပါနိုင်တော့ဘူးလေ
အသက်ကကြီးပြီ မဟုတ်လား

အမည်မဖော်လိုသူ ရွာသားလေးဝိုင်တီယူ

မောင် လေး said...

ဒီနိုင်ငံမှာ ရောက်နေတုန်း အဲဒါမျိုးတွေ လိုက်ကြည့် ရတာ
ဝါသနာပါတယ်..ဒါပေမယ့် ဒီ ညပွဲတော် လုပ်တာတော့
မသိလိုက်ဘူး..။စိတ်ဝင်စားစရာပဲနော်..

ညီမလေး said...

လှလိုက်တဲ့ ဓါတ်ပုံတွေ..... မမသက်ဝေ ကတော်ထှာနော် ..အဲ့လိုတွေရိုက်ချင်တယ် ။
ဖြစ်နိုင်ရင် ဓါတ်ပုံအားလုံး အားလုံးကြည့်ချင်တယ် ။ ညီမလေးလဲ ဓါတ်ပုံသိပ်ဝါသနာပါတာ ..အလင်းဘာညာတော့ ကောင်းကောင်းတော့မနားလည်ဘူး။ အချိန်ရရင် လေ့လာချင်တယ် ။ ရူးတဲ့ထဲမှာ ဓါတ်ပုံလဲပါတယ်း))။

Shinlay said...

ဓါတ်ပုံတွေလာကြည့်ပါတယ်။
ကိုယ်တိုင်လာကြည့်ချင်လိုက်တာ...

Hmoo said...

Performance art ကိုကြားရရုံနဲ့ကြည့်ခြင်နေ....
...... :)

pandora said...

ပွဲရှိတာသိထားတယ်.. ညကြီးမို့လို့လေ..
သွားတာမပြောဝူး.. မခေါ်တော့ဝူး.. :(

khin oo may said...

မကြည့်ဘူးမကြားဘူးပါ.

တောသူ

Moe Cho Thinn said...

စိတ်ဝင်စားဖို့ကောင်းတယ်။ အဲဒီလို ထူးထူးဆန်းဆန်းတွေ ပြရင် ကြည့်ချင်တာ..
ပုံ
ပွဲကြိုက်ခင်

နေ၀သန် said...

စိတ်ဝင်စားစရာလေးပါလား... အတွေ့အကြုံလေးကို လာခံစားသွားပါတယ် မသက်ဝေ.. အခွင့်အရေးရမယ်ဆိုရင် သွားကြည့်ချင်ပါသေးတယ်...


ခင်မင်တဲ့
နေ၀သန်

ကိုအောင်အောင် (FaceBook) said...

ကဲ.. ဒီမှာဘဲရေးလိုက်တော့မယ်...
ရောက်ချင် ကြည့်ချင်လို့သာ ၀င်ကြည့်ရတာ.. ကျော်ရခွရ ပုဆိုးပြဲ ဒူးကွဲ.. comment လည်းရေးလို့မရခဲ့ဘူး... (ကျနော်ညံ့လို့နေမှာပါ)..ဒီထက်ကောင်းတဲ့ ပုံလေးတွေများများရိုက်နိုင်ပါစေ..

ချစ်ကြည်အေး said...

ပုံတွေလှပါတယ်....ဆိုမှ ရေမချိုးရသေးဘူး လုပ်နေတယ်....:)

P.Ti said...

အေးလေ.. ရေမချိုးရသေးဘူးပဲလုပ်နေတယ်...

အမ အရင်နှစ်တွေက ဒီနှစ်ထက်ထက်ပိုကောင်းတယ်။ အခုနှစ်က ပြတာ မော်ဒန်အဖြစ်လွန်ပြီး နားမလည်ဘူး။

Anonymous said...

blog တွေလိုက်ဖတ်တဲ့အခါ (၀ါသနာ အရ) “သစ်တယ်ကွာ၊ မိုက်တယ်ကွာ၊ လန်းတယ်ကွာ”လို့ ပြောနိုင်လောက်တဲ့ အသုံးအနှုန်းတွေကို အမြဲရှာဖွေမိတယ်...

တွေ့ပါပြီ....
ဒီမှာ >>>(မျက်စေ့ မျက်နှာ ပျက်နေကြသူများ)
ရေလည် မိုက်တယ်ကွာ...:P
မောင်ငယ်
ွှTWZ

Anonymous said...

မသိလိုက်လို့... မကြည့်လိုက်ရပါ...:(
မလိုနာဖြစ်သွားသည်...
(ညဖက်လျောက်သွားခြင်းကို အင်မတန်ခုံမင်သော လူပေကလေး တစ်ယောက်)
မောင်ငယ်
TWZ

Vista said...

မျက်နှာပျက်မပျက်တော့မသိဘူး အကိုကြီးတော့ ညမအိပ်နိုင်လောက်ဘူး ။ Flash ဝယ်ခိုင်းပြန်ပီဆိုပီး။
ပုံတွေကောင်းပါသည် ။ Flash မလိုသေးဘာ ။ ဟိဟိ။
( ပုံ - စိတ်ပုတ်သူ )

ဇွန်မိုးစက် said...

ကြော်ငြာတွေ့လိုက်တည်းက စိတ်ဝင်စားပေမယ့် မကြည့်ဖြစ်လိုက်ဘူး အစ်မရေ။ အစ်မသက်ဝေသွားကြည့်ပြီး ပြန်ရေးပေးလို့ ကျေးဇူးစ်။ :-*

လသာည said...

ကြောက်စရာကောင်းပေမယ့် သူက ဘေးနားမှာရှိနေတော့ သတ္တိတွေ ရှိသွားတာမဟုတ်လား အစ်မး))

အဲဒါလေး ကြည့်ချင်တာ..။ စိတ်ဝင်စားစရာ ကောင်းတယ်နော်။ အဲလို ထူးဆန်းတာမျိုးကို ကြည့်ပြီးစပ်စုချင်တဲ့ စိတ်က များတယ်။

Anonymous said...

ထူးထူးဆန်းဆန်းပဲ။ ပိတ်ကားအ၀ိုင်းနဲ့ ဆိုတော့လေ။ စလုံးက မော်ဒန်အက်တ်တွေ သိပ်နားမလည်ပါဘူး။ ကိုယ်သွားကြည့်ရင်လဲ ကျွဲပါးစောင်းတီး ဆိုသလိုများဖြစ်နေမလားပဲ။
အမည်မဖော်လိုသူ
တီတီဆွိ
(ရွာသားအတိုင်းလိုက်ရေးပါသည်)

Anonymous said...

မမသက်ဝေ
ဓါတ်ပုံတွေအားလုံးကြည့်သွားတယ်....
ယမင်း လည်လည် ရောက်စ်

mae said...

2008 က ဒီမလာခင် သွားရိုက်ခဲ့သေးတယ်.. လွမ်းအောင် တော်တော်လုပ်တယ် မမသက်ဝေ

ကလူသစ် said...

ည၂နာရီလောက်အထိ လည်ပတ်နေနိုင်သေးတယ်။ အံ့ရော၊ အံ့ရော

အင်ကြင်းသန့် said...

ဟယ်....ဒါဆို ဂျင်းလည်း တောသူမပဲ။ တစ်ခေါက်မှ မရောက်ဖူးသေးဘူး။ စိတ်ဝင်စားစရာပဲနော်။ မျှဝေပေးတာကျေးဇူးပဲ မမ။း))

ရွှေပြည်သူ said...

ညီမ အရမ်းသွားချင်ပြီး မသွားဖြစ်လိုက်တဲ့ Festival ပါ...။ “မျက်စေ့ပျက် မျက်နှာပျက်” လို့ အစ်မ သုံးသွားတာလေးကို သဘောတကျ ရယ်မိတယ်။ မသွားဖြစ်လိုက်တဲ့ဆီက ပုံတွေကြည့်ရလို့ ကျေးဇူးအများကြီးတင်ပါတယ် အစ်မသက်ဝေး)