Thursday, April 28, 2011

ရောက်တတ်ရာရာ (၂)

ဒီရက်တွေ ဘာစာမှ မရေးဖြစ်ဘူး။ စာအသစ် မရေးဘူးလားဆိုတဲ့ မေးခွန်းတွေ ကြားလာရတော့မှ ကိုယ့်ကိုယ်ကိုယ် ဘာတွေ လုပ်နေမိပါလိမ့်လို့ ပြန်မေးမိတယ်။

ကိုယ် ဘာတွေ လုပ်နေမိပါလိမ့်…

အဲဒီမေးခွန်းရဲ့ အဆုံးမှာ ကုန်လွန်ခဲ့တဲ့ နေ့တွေအကြောင်း ပြန်တွေးကြည့်မိတယ်။ ဘာမှ ထူးထူးခြားခြားတွေ မတွေ့ရပါဘူး…။ တပတ် ငါးရက် ရုံးတက်တယ်။ အိမ်ပြန်ရောက် ညစာစားပြီးလို့ မိုးမရွာတဲ့နေ့ဆိုရင် အောက်ဆင်း လမ်းလျှောက်တယ်... မိုးရွာရင် ကော်ဖီပူပူတခွက်နဲ့ စာဖတ်တယ်...။ မလိုအပ်ရင် မော်နီတာကို မကြည့်ဖြစ်အောင် နေတယ်။ ညမအိပ်ခင်မှာလည်း ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ ခဏ ဖတ်ပြီး အတတ်နိုင်ဆုံး စောစောအိပ်တယ်။ အဲဒီလို စောစော အိပ်နေရခြင်းကလည်း အကြောင်းရှိပါတယ်…။ တနေ့ကို ၇ နာရီ ၈ နာရီ ပြည့်အောင် မအိပ်ရင် ပိုဝလာတတ်တယ်နော်လို့ ခြိမ်းခြောက်သံကို အခုတလော မကြာခဏ ကြားနေရလို့ပါ…။

စာပေကျမ်းဂန် အထောက်အထားကတော့
ဒီမှာ ပါ...

"If you want to lose weight, experts say you need to get enough sleep. Specifically, researchers have reported that women who sleep 5 hours or less per night generally weigh more than women who sleep 7 hours per night."

အဲဒါကြောင့် ညဖက်တွေမှာ ခါတိုင်းလို ဘလော့ဂ်အလည် မထွက်၊ မျက်နှာစာအုပ်မှာ ရစ်သီ ရစ်သီ မလုပ်၊ ဓါတ်ပုံတွေ ဘာတွေ မပြင်ဆင်ပဲ အကျင့်လုပ်ပြီး စောစောအိပ်နေတာ…။ ဒီလိုနဲ့ ဘာစာမှ သေသေချာချာ မရေးဖြစ်…။

တချို့အချိန်တွေမှာ စိတ်ကူးထဲ ရောက်လာတာတွေ နည်းနည်းပါးပါး ချရေးဖြစ်တယ်။ ဒါပေမယ့် စာတွေက ဖတ်လို့ မကောင်းဘူး။ တခါတခါမှာ လေးလေးနက်နက်ကြီးတွေ ဖြစ်နေပြီး ပျင်းစရာ ကောင်းသလို တခါတခါကျတော့ အချိတ်အဆက်မမိပဲ ပေါ့ရွှတ်ရွှတ်နဲ့ ဘာလိုနေမှန်းကို မသိဘူး။ ပြီးတော့ အခုတလော လှလှပပ နုနုနယ်နယ် စာမျိုးတွေကို မရေးချင်သလို သေသေချာချာ လေးလေးနက်နက် ခံစားထားတဲ့ စာမျိုးတွေကိုလဲ မရေးချင်ပြန်ဘူး။

စိတ်ထဲမှာ ရေးချင်နေတာကတော့ Documentary ဆန်ဆန်၊ Review ဆန်ဆန် စာမျိုးတွေ ဖြစ်နေတယ်။ စာတအုပ်ရဲ့ Review… ဒါမှမဟုတ် ရုပ်ရှင်တကားရဲ့ Review… ဒါမှမဟုတ် ဟိုတလောက ရေးဖြစ်တဲ့ ဖရီဒါခါလို အကြောင်းလိုမျိုး… အဲဒီလိုဟာမျိုးတွေ ရေးချင်နေမိတယ်။ အဲဒါတွေရေးဖြစ်ဖို့က အလကားနေ အလကား ဒီအတိုင်း ချရေးလို့မရဘူး… စာတွေ ဖတ်ရမယ် မှတ်ရမယ်… ဒါမှ ရေးလို့ရမှာ…။

မကြာသေးခင်က Nicholas Spark ရဲ့ The Note Book ဆိုတဲ့ စာအုပ် ဖတ်လို့ ပြီးသွားတယ်။ အသက်တွေ ကြီးလာလို့လား မသိ၊ စာသိပ်မသွားတော့လို့ တပတ်လောက် ဖတ်ယူရတယ်…။ အဲဒီ ရုပ်ရှင်ကိုတော့ ပန်ပန့်ဆီက အခွေငှားထားတယ်။ လူလစ်အောင် စောင့်နေလို့ ခုထိ မကြည့်ရသေးဘူး။ (ပန်ပန်က သူများတွေနဲ့ အတူတူ မကြည့်နဲ့လို့ မှာထားလို့ပါ… အဟိ..)

ဝတ္ထုထဲမှာ ကောင်မလေးက Alzheimer ကြောင့် သတိတွေ အကုန် မေ့ကုန်တာ ဖတ်ရတော့ ကိုယ်လဲ အဲလို သတိမေ့သွားမှာ ကြောက်လိုက်တာ။ အခုတောင် ဒီအသက်အရွယ်မှာ လူက ဟိုမေ့ ဒီမေ့နဲ့… အဲဒါ သတိမမေ့အောင် ဘာလုပ်ရမလဲလို့ မေးကြည့်မိတော့ သူက
Sudoku ကစားပါလား တဲ့...။ အဲဒါဆို ဦးနှောက်က မှတ်ဥာဏ်တွေ ပိုကောင်းလာပြီး Alzheimer Risk ကို လျှော့ချနိုင်တယ် လို့ ပြောတယ်…။ ဒီလိုနဲ့ ကိုယ့်ရဲ့ Daily Routine မှာ Sudoku ကစားခြင်းဆိုတဲ့ အလုပ်တခု အပို တိုးလာတယ်။ အခုတော့ Beginner အဆင့် လွယ်လွယ်လေးတွေပဲ ကစားသေးတယ်… နောက်မှ တဖြည်းဖြည်း အဆင့်တက်ပြီး ခက်တာတွေ ကစားရမယ်။

ကျန်းမာရေးနဲ့ အစားအသောက်ကတော့ ကယ်လိုရီတွေ တွက်နေရတာ ပျင်းသွားပြီး စားချင်သလို စားနေတယ်။ ဒီကြားထဲ ခေါင်းကလည်း မထင်ရင် မထင်သလို ကိုက်တတ်သေး…။ ဒါပေမယ့် ရုံးမှာ ဇွန်လကျရင် ကိုလက်စထရော စစ်ရမယ်ဆိုလို့ ကြောက်အားလန့်အားနဲ့ မနက်စာကို Oatmeal တွေ စားနေတယ်။ အရသာ ထူးထူးခြားခြားမရှိ၊ စားရတာ ပျင်းစရာကောင်းပေမယ့် စပျစ်သီးခြောက်နဲနဲ ထည့်စားရင်တော့ ပိုအဆင်ပြေပါတယ်။ ညစာကိုတော့ ကာဘိုဟိုက်ဒြိတ်တွေ လျှော့ပြီး အသားနဲ့ အသီးအရွက်တွေ များများ စားဖြစ်တယ်။ လှသထက် လှမလာရင်နေ၊ ဝသထက် ဝမလာအောင်တော့ ကြိုးစားမယ် စိတ်ကူးတယ်။

ရုံးပိတ်ရက်တွေမှာ အရင်ကလို Shopping တွေ၊ အပြင်တွေ သိပ်မသွားတော့ပဲ အိမ်မှာပဲ နားနားနေနေ နေနိုင်ဖို့ ကြိုးစားတယ်။ စားချင်တာလေးတွေ ချက်ပြုတ်စားတယ်။ အိမ်ရှင်းတယ်၊ စာဖတ်တယ်၊ သီချင်းနားထောင်တယ်၊ အိပ်ခန်းပြူတင်းပေါက်ကနေ မြင်နေရသ၍ လှမ်းကြည့်တယ်… တခါ တခါ လွင့်မျောနေတဲ့ တိမ်တွေကို တွေ့ပြီး တခါတခါမှာ အေးစက်စက် မိုးရေစက်တွေကို တွေ့ရတယ်…။ နေပူတာကို မကြိုက်ပေမယ့် နေရောင်ကြောင့် အိပ်ခန်းတခုလုံး လင်းနေတာကို ကြိုက်ပြန်တယ်။ နောက်ပြီး လေတိုက်တဲ့အချိန်ဆို ပြူတင်းပေါက်ရော ခန်းဆီးတွေပါ အကုန်ဖွင့်ပြီး အိမ်ထဲကို လေတွေ အတားအဆီးမရှိ ပေးဝင်လိုက်တယ်… အဲ… လေငြိမ်သွားတဲ့ အချိန်ကျရင်တော့ ဂေါ်ပြားတလက်ယူပြီး တံမြက်စီး လှဲတယ်။ အေးအေးဆေးဆေးပေါ့…။

ဘဝကို အတတ်နိုင်ဆုံး ရောင့်ရဲနှစ်သိမ့်စွာနေတတ်ဖို့ စဉ်းစားမိတိုင်း ဝေါလ်ဒင်ဆိုတဲ့ ရေကန်လေးဘေးမှာ ကိုယ်တိုင်တဲထိုးပြီး လူသားတယောက်ရဲ့ ဘဝလိုအပ်ချက်တွေ နည်းနိုင်သမျှ နည်းအောင် နေခဲ့တဲ့ ဟင်နရီ သော်ရိုးအကြောင်း ကို တွေးမိတယ်။ ပြီးတော့ သူ့အကြောင်းကို ဟိုတစ ဒီတစ လိုက်ဖတ်ဖြစ်တယ်… သဘောကျတယ်… သို့သော် တကယ်တမ်း သူ့လိုကျင့်ကြံ နေထိုင်နိုင်ဖို့တော့ တော်တော်မလွယ်လှဘူး…။

ကျန်တာကတော့ တနေဝင် တနေထွက်… တရက်ပြီး တရက် ကုန်… ထူးခြားဖြစ်စဉ် မရှိ… ပုံမှန်ပါပဲ…။ အခုတော့ ဘလော့ဂ်မိတ်ဆွေတွေ မျက်နှာစာအုပ်က မိတ်ဆွေတွေနဲ့ အဆက်မပြတ်စေခြင်းအလို့ငှာ ခေါင်းစဉ်တပ်စရာ မရှိတဲ့ ရောက်တတ်ရာရာ စာတပုဒ်ကို တင်လိုက်ပါတယ်။ အားလုံးအတွက် ကောင်းသော သောကြာနေ့ ဖြစ်ပါစေ...။



16 comments:

ဖိုးစိန် said...

I watched the note book more than 100 times. I love it . Phoesein

ကလူသစ် said...

ရောက်တတ်ရာရာကို ရောက်တဲ့အရပ်က လာဖတ်တယ်။ ၀မှာကြောက်၊ ဟိုဟာကြောက်၊ ဒီဟာကြောက်၊ ဟိုလိုနေချင်၊ ဒီလိုဖြစ်ချင်.............ဘာဖြစ်ရတဲ့ ဒုက္ခလဲ။ ဘာမှမဖြစ်ရတဲ့ ဒုက္ခလား။

rose said...

အစ်မသက်ဝေ... စာလာဖတ်သွားတယ်။ အဲ... အစ်မရယ်... အစ်မက အဲ့လောက် အသက်မကြီးသေးပါဘူး။ စိတ်ပျို ကိုယ်နုပေါ့။ ရို့စ်ဆို အသက်က ၂၅ နှစ်ပြည့်ပြီး နောက်ပိုင်း လက်ရှိ အသက်ကို မမှတ်မိတော့ဘူး။ အဲ့ဒါ တစ်ခုပဲ ကွက်မေ့တယ် ပိာပိား))

ရွှေပြည်သူ said...

ရောက်တတ်ရာရာရေးလည်း ဖတ်လို့ကောင်းနေတာပါပဲ အစ်မသက်ဝေရယ်...

ညီမတော့ စောစောအိပ်ဖို့ အကျင့်လုပ်တာ တပတ်ပဲ အောင်မြင်လိုက်ပါတယ်း)

T T Sweet said...

ဘဝကို အတတ်နိုင်ဆုံး ရောင့်ရဲနှစ်သိမ့်စွာနေတတ်ဖို့ စဉ်းစားမိတိုင်း ဝေါလ်ဒင်ဆိုတဲ့ ရေကန်လေးဘေးမှာ ကိုယ်တိုင်တဲထိုးပြီး လူသားတယောက်ရဲ့ ဘဝလိုအပ်ချက်တွေ နည်းနိုင်သမျှ နည်းအောင် နေခဲ့တဲ့ ဟင်နရီ သော်ရိုးအကြောင်း ကို တွေးမိတယ်။

ကိုယ်လဲ တစ်ခါတစ်ရံ အဲဒီလိုဘ၀မျိုး နေကြည့်ချင်တယ်။ (ရောက်တာမှ မကြာသေ်းfull time အိမ်ရှင်မတစ်ယောက်ရဲ့ ညည်းတွားသံကြားရတော့မယ်ထင်တယ် ...)
ဒီမှာလဲ oat meal စားနေတယ်။ oat meal ကြောင့်လား full time အိမ်ရှင်မ ဖြစ်တွားလို့လား တိဘူး။ ရောက်စထက် ၄ ကေဂျီကျတွားဘီ။

ပန်းချီ said...

မရေ..အတိုအတိုပဲ :)) ခုတလောလေး ရေးမယ်ကြံရင်း အိပ်ပျော်သွားရင်း ဖြစ်နေတာ..အရေးထဲလက်က injection ထိထားလို့ စာမရေးနိုင်ဘူး..ခုတော့လက်တစ်ဖက်တည်းနဲ့ စာရိုက်ကျင့်နေတယ်..းD
အစ်မသက်ဝေ ကိုအားကျလို့ ရောက်တတ်ရာရာတွေ ရေးမိပြီ..။ P.S. Oatmeal တော့စားဦးမှပါ :))

ချစ်တဲ့

ဂျစ်တူး ( မုံရွာ ) said...

ကျန်းမာပါစေမင်္ဂလာပါခင်ဗျာ-
သက်ဝေ လွမ်းနေတာပါဆိုတာကိုတော့ဝန်မခံဘူး-
အဲဒီလိုခါတိုင်းလိုမဟုတ်ဘဲလူကနဲနဲပြောင်းလာပြီဆိုသတိ
တော့ထားဗျ-တစ်ခုခုကိုတမ်းတနေမိရင်ဖြစ်တတ်တယ်-
ကိုယ်ကိုတိုင်ဘာကိုတမ်းတတာမှမရှိဘူးဆိုခဲ့ရင်တော့---
အရွယ်ကစကားပြောလာတယ်ဆိုတာကျေကျေနပ်နပ်လက်
ခံလိုက်တော့-ဟားဟားဟား
ခေါင်းကိုင်အောင်ခေါင်းစားပေးလိုက်တာပါ
ပျော်ရွှင်ပါစေဗျားးးးးးးးးးး

မောင်မျိုး said...

ဒီပို့စ်လေး ကြိုက်လိုက်တာ ..ခုရက်ပိုင်း စိတ်ကော လူကော နုံချိနေတယ် ဘာစာမှမထွက်လာသလို ဘာတွေတွေးနေမိတာလည်းဆိုတာတောင်ပြန်တွေးလို့မရ ဒါတောင ငယ်သေးတာမို့ ၄၀ နာကပ်ရင်တော့ သွားပြီး((

Hmoo said...

ရေကူးကန်လေးဘေး၊ ဘန်ဂလိုထဲနေတာ
ထက်တောင် ပိုကောင်းသေး၊
လုပ်ကြည့်ပါလား၊ ဟင်နရီ့လို

မိုးငွေ့...... said...

နာ့အမက ပျောက်ချက်ကောင်းပြီး အတွေးများနေတာကိုး....
ခေါင်းတွေသိပ်ရှုပ်နေရင် အနားယူပါ...။ နောက်မှ အက်ဆေးလှလှလေးတွေ ထပ်ရေးနော်...။


ခင်တဲ့
မိုးငွေ့

Nyi Linn Thit said...

ရေးတတ်သူများကျတော့လည်း ဘာမှထူးထူးထွေထွေ မရှိလည်း ပို့စ်တစ်ပုဒ် ဖြစ်တာပါပဲ၊း) တသမတ်ထဲ သွားနေတဲ့ လူမျိုးကတော့ ရှားမယ်ထင်ပါရဲ့ဗျာ၊ တခါတလေ အပြင်တွေထွက်၊ အိပ်ရေးပျက်၊ ဘလော့ဂ်ရေး၊ ဈေးတွေဝယ်...၊ တခါတလေတော့လည်း ရိုးရိုးစင်းစင်း ဟင်းတွေချက်ရင်း အိမ်ရှင်း၊ စာဖတ်၊ မအိပ်လို့ ဝမလာအောင် ဝဝအိပ်၊ ဟုတ်ဖူးလား..။း)

ZZZ said...

ကိုလက်စထရောက အသက်နည်းနည်းရလာရင် များတတ်ပါတယ် ၊ နှလုံးရောဂါဖြစ်လာနိုင်ပါတယ်၊

ဆရာဝန်ညွန်းကြားတဲ့အတိုင်း ကျွန်တော် တတ်နိုင်သမျှလုပ်နေတာကို မျှဝေချင်တာကတော့ .....

၁။ ကိုလက်စထရောဆေးသောက် ၊ (လောလောဆယ် ကျွန်တော် simvastatin 20mg သောက်တာ အဆီကျပါတယ်)

၂။ (၆)လတစ်ကြိမ် သွေးမှန်မှန်စစ် ၊ ကိုလက်စထရောဆေး သောက်ရင် liver function test သွေးစစ်ဖို.လိုပါလိမ့်မယ် ၊ ကိုလက်စထရောဆးက အသည်းကို ထိတတ်လို.ပါ ၊

၂။ လေ့ကျင့်ခန်းလုပ် (ပြေး၊ လမ်းလျောက်)

၃။ diet လုပ် (အစားအသောက်ချက်နည်းတွေကို ဖွယ်ဖွယ်ရာရာရေးနေတဲ့ ဘလော့တွေကိုရှောင်)

မမကြီးသက်ဝေ ကျန်းမာဝဖြိုး၍အလှတိုးပါစေဗျာ ....

ခင်တဲ့

Z

ချစ်ကြည်အေး said...

ရောက်တတ်ရာရာပိုစ့်လာဖတ်ရင်း ရောက်တတ်ရာရာကော်မန့်လေး ရေးခဲ့ပါဦးမယ်...။ ခုတလောတော့ ဘာမှ မစဉ်းစားနိုင်ဘူးရယ်...။ တွေ့ကရာစား၊ သွားချင်တာသွား၊ အိပ်ချင်သလို အိပ်၊ သီချင်းတွေ အော်ဆိုချင်ဆိုနဲ့ ပျော်သလို နေပလိုက်တယ်။ အဲလို နေကြည့်ပါ့လား ဟီးဟီး......:)

ဇွန်မိုးစက် said...

အမသက်ဝေက တော်လိုက်တာ။ စောစောလည်း အိပ်ဖြစ်တယ်။ အစားအသောက်လည်း ဂရုစိုက်ပြီး စားနေတယ်။ ဇွန်က ခုထိကို အောင်အောင်မြင်မြင် အကောင်အထည် မဖော်နိုင်သေးဘူး။း(

မေဒေးနေ့ကစပြီး ကြိုးစားကြည့်ဦးမယ်။ ခုတောင် ည၁၂နာရီ ထိုးသွားပြီ။

ပျော်ရွှင်ကောင်းမွန်သော စနေ၊ တနင်္ဂနွေ ဖြစ်ပါစေ။း)

Anonymous said...

မသက်ဝေ..
အားကျတယ်။ အဲလိုလုပ်ချင်နေတာ။
တခါတခါဆို ဘာမှတောင်မလုပ်ချင်ဘူး။
အိုင်အိုရာ

Moe Cho Thinn said...

အမှန်ပဲ မမ။ တခါတခါတော့လဲ အဲဒါတွေ မပါဘဲ နေကြည့်တာ တမျိုးအရသာရှိလို့ သဘောကျမိတယ်။ ထူးထွေပြီး ရှောင်နေ ထိန်းချုပ်နေရတာမျိုး မဖြစ်တာကို ပိုကျေနပ်နေမိတယ်။ ဖတ်ချင် သွားချင်တော့လဲ သွားဖတ် သွားလည်မှာပေါ့ မဟုတ်ဘူးလားး