Saturday, June 4, 2011

စတော်ဘယ်ရီ ချယ်ရီရောရင်…

အခုတလော စတော်ဘယ်ရီသီးတွေ ချယ်ရီသီးတွေ ဝယ်စားရင်း ငယ်ငယ်က အိမ်မှာ ဝိုင်ဖေါက်ခဲ့ဖူးတာ သတိရသွားတယ်…။ အဲဒီအချိန်တုံးက အင်တာနက်တို့ ဘာတို့လဲ မရှိတော့ မှီငြမ်း ကိုးကားစရာ Recipe တွေ ဘာတွေနဲ့ နည်းလမ်းတကျတော့ ဘယ်ဟုတ်ပါ့မလဲ…။ ဒီလိုပဲ စာတွေထဲ ဖတ်ဖူး ကြားဖူးသလို လုပ်ကြည့်တာပါပဲ…။


ဝိုင်ကို စပျစ်သီး အစိမ်းရောင်နဲ့ လုပ်ဖူးတယ်။ မရမ်းသီး အစိမ်းနဲ့လဲ လုပ်ဖူးတယ်…။ စပျစ်သီး အစိမ်း၊ မရမ်းသီး အစိမ်းနဲ့လုပ်ရင် ဝိုင် အဖြူ ရတယ်။ မရမ်းသီးဝိုင်က ပိုပြီး ပြင်းရှရှနဲ့…။ စတော်ဘယ်ရီကတော့ အသီးတွေ အများကြီးဝယ်မှ အရည် နည်းနည်းလေးပဲ ရလို့ တခါပဲ လုပ်ဖူးပါတယ်။ မကြာခဏ လုပ်ဖြစ်တဲ့ ကုန်ကြမ်းကတော့ ချဉ်ပေါင်ဖူး နီနီလေးတွေပါ။ ဈေးထဲက ဟင်းသီးဟင်းရွက်တွေ ရောင်းတဲ့ အဒေါ်ကြီးဆီမှာ ချဉ်ပေါင်ဖူးတွေ ကြိုမှာထားရတယ်…။ ရလာပြီဆို ချဉ်ပေါင်ဖူးတွေကို ရေစင်စင်ဆေးပြီး သကြားနဲ့ ရောနယ်… ။ ပြီးတော့ အဝကျယ်ကျယ် လေလုံလုံ ပုလင်းထဲ သိပ်ထည့်ပြီး နေ့ခင်းဖက် နေပူတဲ့ နေရာမှာ ချ၊ ပုလင်းလိုက် နေလှမ်းထားလိုက်တယ်…။

နှစ်ရက် သုံးရက်လောက်ကြာရင် နေရဲ့ အပူရှိန်ကြောင့်ရော၊ သကြားကြောင့်ရော ချဉ်ပေါင်ဖူးတွေ နွမ်းပြီး အရည်တွေ စိမ့်ထွက်လာတာပေါ့…။ အဲဒီ အရည်နီနီရဲရဲလေးတွေကို ရသလောက် စစ်ယူတယ်…။ ပြီးတော့ Yeast နည်းနည်းထည့်တယ်…။ Yeast အမှုန့်ဗူး ခပ်သေးသေးလေး တဗူး ဝယ်ထားတာ မှတ်မိတယ်…။ ပြီးတော့ အဲဒီ အရည်တွေကို ဝိုင်ပုလင်းလို ပုလင်းရှည်ရှည်ထဲ ထည့်၊ သေသေချာချာ လုံအောင်ပိတ်ပြီး သုံးပတ်လောက် ထားလိုက်တယ်…။

တခါ တခါ Yeast မထည့်ချင်ရင် ကောက်ညှင်းဆန်ကို ရေစိမ်ပြီး ချဉ်သွားအောင် သုံးရက်လောက် ထားပြီး ရတဲ့ အရည်ကို Yeast အစား သုံးကြည့်ဖူးတယ်…။

ခုနက အရည်စစ်လိုက်ပြီး ကျန်တဲ့ ချဉ်ပေါင်ဖူး အဖတ်တွေကို သကြားထပ်ထည့်၊ မီးအေးအေးနဲ့ မွှေပြီး ယိုထိုးလိုက်တယ်… တချက်ခုတ် နှစ်ချက်ပြတ်… ပေါင်မုန့်နဲ့ စားလို့ရတဲ့ ချဉ်ပေါင်ဖူးယိုပေါ့…။

သုံးပတ်လဲ ပြည့်ရော… အနံ့ မွှေးမွှေး စူးရှရှ ချိုမြမြ ဝိုင်အနီတွေ ရလာတယ်။ ဝိုင်ထည့်သောက်စရာ ဖန်ခွက် လှလှလေး တခွက်လဲ ဝယ်ထားတယ်…။ အဲဒီဝိုင်ကို သူ့တယောက်ထဲကလွဲပြီး ဘယ်သူ့ကိုမှ မတိုက်ဘူး။

မေးလိုက်တိုင်း သောက်လို့ ကောင်းတယ်လို့ အမြဲပြောတယ်။ မူးသလား မေးတော့ ရီဝေဝေပေါ့ တဲ့…။ ဟိုသီချင်းထဲကလို ဘုံကမ္ဘာ ခုနှစ်ဆင့်တွေ၊ ရွှေကိန္ဒရီတွေ ဘာတွေ မြင်ယောင်ကုန်မှာစိုးလို့ အခါခါ အထပ်ထပ်တော့ မတိုက်မိပါဘူး…။ တခါလာရင် တခွက်ပဲ…။ အဲ… တနေ့ တခါ လာတော့… တနေ့ တခွက်ပေါ့…။

အခုနောက်ပိုင်းမှာ သူငယ်ချင်းတွေ ဆုံလို့ ဝိုင်သောက်ဖြစ်ကြရင် သူက ဝိုင်အနီမှာမှ နည်းနည်းချိုတဲ့ ဝိုင်ကို ရွေးတတ်တယ်…။ ဝိုင်သောက်တိုင်းလဲ တခြားဟာတွေ ဘာမှ မသောက်တတ်တဲ့ သူ… ငယ်ငယ်တုံးက ကိုယ့်ရဲ့ လက်ချက်ကြောင့် ဝိုင်ကို သောက်တတ်ပြီး ကြိုက်သွားတာလို့ ပြောသေးတာ…။

သူ ဝိုင်သောက်တိုင်း ကိုယ်လုပ်တဲ့ ဝိုင်နဲ့ ဘယ်ဟာ ပိုကောင်းလဲ.. လို့ မမေ့မလျော့ မေးရင် သူက ခါးတာထက် ချိုတာကို ပိုကြိုက်တာမို့ ကိုယ့်ဝိုင်က ပိုကောင်းတယ်လို့ ဖြေတာ…။ ကိုယ်ကျေနပ်အောင် ပေးတဲ့ အဖြေမှန်း သိသိကြီးနဲ့ အဲဒီအဖြေမှာ ကိုယ်ကလဲ အမြဲ ကျေနပ်နေသေးတာ…း))

ဒီရက်တွေမှာ အချိန်ရရင် ပစ္စည်း ကရိယာ စုံစုံလင်လင်နဲ့ နည်းမှန် လမ်းမှန်နဲ့ စတော်ဘယ်ရီ၊ ချယ်ရီတွေ ရောပြီး ဝိုင်အနီတပုလင်းလောက် မှတ်မှတ်ရရ ဖေါက်ကြည့်ဖို့ တွေးနေမိတယ်...။



28 comments:

Anonymous said...

တို့ ၁ တွ..

ချစ်စရာ ကြည်နူးစရာ ၀ိုင်ဇာတ်လမ်းလေးပါ မမ

PMZ

ကိုအောင်(ပျူနိုင်ငံ) said...

ချစ်သူ စဖြစ်တဲ့နေ့လား၊ မင်္ဂလာဦး နှစ်ပတ်လည်လား တစ်ခုခုတော့ တစ်ခုခုပဲနော် ... :P

မိုးငွေ့...... said...

ဝိုင်ချိုချိုဇာတ်လမ်းလေးကလည်းချိုချို....

ဝက်ဝံလေး said...

ဖတ်ပြီး ကြည်နူးစွာ ပြုံးသွားပါတယ် တီ 60
သားသားလေးရော နေကောင်းပါရဲ့လား

Nyi Linn Thit said...

ဝိုင်နဲ့စတဲ့ ဇတ်လမ်းတွေက နှစ်ချို့ဝိုင်လိုပဲ ရီဝေသိမ့်မူး ပြီး ရှိနေတတ်တယ်ဗျ...၊း) ဝိုင်ကို တနေ့တခွက် သောက်တာ ကျန်းမာရေးနဲ့ တကယ်ညီညွတ်ပါတယ်၊ ဝိုင်ချိုချို အိပ်မက်တွေ ဆက်မက်နိုင်ပါစေ မသက်ဝေရေ..။း)

Anonymous said...

When I was young, says teenage, me and my cousins made star fruit wine discreetly. Looking forward to taste the homemade red wine, Ma Ma Thet Wai!
Mon Petit Avatar

ညိမ်းနိုင် said...

ပို့စ်လေးကိုက ဝိုင်ချိုချိုလေးတစ်ခွက်လို....။

အပြုံးပန်း said...

ဝိုင်တခွက်ရဲ့ အပြုံးမျက်လုံးနှစ်စုံကို မြင်ယောင်လိုက်ပါတယ်။
စပျစ်အနီဝိုင်တော့ လုပ်ဖူးတယ်၊

ချော(အစိမ်းရောင်လွင်ပြင်) said...

ဝိုင်အကြောင်းဖတ်ပြီး တံတွေးတောင် မြိုချလိုက်မိတယ်း)
ကျွန်မက ချဉ်စော်ခါးသီးဝိုင်နဲ့ နာနတ်သီးဝိုင် ဖောက်ဖူးတယ်။ ကချင်ပြည်နယ်မှာတော့ အဲဒီအသီးတွေက ပေါတာကိုး။
ဘာဘဲဖြစ်ဖြစ် ကိုယ်တိုင်လုပ်ရတာ ပျော်ဖို့ကောင်းတယ်နော်

ကလူသစ် said...

ခုရက်ပိုင်း ၀ိုင်သောက်ချင်သလိုလို ဘာလိုလိုဖြစ်နေတယ်။ သိလား။

Hmoo said...

မိုက်တယ်ကွာ၊တစည်လောက်ဖောက်ပြီး
သိမ်းထားပေးစမ်းပါ၊ဟဲဟဲ

Turn On Ideas said...

ဝိုင်ဖောက်တဲ့အကြောင်းလေးဖတ်ရင်း တံတွေးတွေမျိုချမိတာအကြိမ်ကြိမ်...
"သူ့တယောက်ထဲကလွဲပြီး ဘယ်သူ့ကိုမှ မတိုက်ဘူး။"ဆိုတဲ့နေရာရောက်တော့ နည်းနည်းရှက်သလိုလိုဖြစ်သွားတယ်...းP

"ဒီရက်တွေမှာ အချိန်ရရင် ... ဝိုင်အနီတပုလင်းလောက် မှတ်မှတ်ရရ ဖေါက်ကြည့်ဖို့ တွေးနေမိတယ်...။" ဒီတစ်ခါတော့ တံတွေးမျိုမချမိတော့ဘူး...မှတ်သွားပီလေ...ပြောထားတာပဲ သူ့တယောက်ကလွဲပြီးလို့....

♫..မင်းကလွဲပြီး ကိုယ်မတိုက်ဘူး၊ ဘယ်တော့မှ တခြားသူ မတိုက်တော့ဘူး၊ ကိုယ့်ဝိုင်ဟာ မင်းတယောက်တည်းအတွက် အို အရှင်းဆုံးပဲ၊ မင်းကလွဲရင် ကိုယ်မတိုက်ဘူး...♫

Moe Cho Thinn said...

ချိုသင်းလဲ ၀ိုင်အနီ ကြိုက်တယ် မမရေ..
ချိုရင် အကုန်ကြိုက်ပဲ။
ဝိုင်တောင် ဖောက်တတ်တယ်ဆိုတော့ ဆရာကြီးပဲ၊ အလေးပြုပါတယ်။

ပုံရိပ် said...

မရမ်းဝိုင် ဆိုတာ မသောက်ဖူးဘူး မသက်ဝေ ရေ။ ဖောက်မယ်ဆို လက်တို့ လိုက်နော်။

ပန်းချီ said...

ဒီကစောင့်ပြီးဖတ်တာတောင် အိပ်ပျော်သွားလို့ ခုမှဖတ်ရတယ် မမသက်ဝေး)
ကိုယ်တိုင်ဖောက်ဝိုင်ကို ဘယ်သူမှမတိုက်ပေမယ့် ခြေဖွနင်းပြီး လာခိုးသောက်မိလို့ မူးပြီးပြန်သွားဘီ..း)))))

လက်တည့်စမ်းကြည့်ဦးမှပါလေးD..ကျေးဇူးပါမရေ..

ShwunMi- said...

မကြီးသက်ဝေက အရမ်းတော်တာပဲ..
ညီမဆို ဝိုင်ပုလင်းတောင် မဖောက်တတ်ဘူး..
အအေးပုလင်းကအစ အဖုံးဖွင့်တိုင်း သတိထားရတယ်။ =)

Y said...

What a pleasant post just like a beautiful poem... And I love red wine too...

မအိမ်သူ said...

ဝိုင်ဖေါက်ဖြစ်ရင် လုပ်နည်းလေးတင်ပါအုံး မသက်ဝေရေ

Vista said...

အော် ဒါ့ကြောင် အဲလို သီချင်းရှိတာကိုး။ ဒီလိုအဖစ်မိုးတွေ ရှိလို့ ကိုး။ ခုမှ အဲသီချင်းကို သေချာ နားလည်သွားတော့တယ်။ အဟုတ်။

မြစ်ကျိုးအင်း said...

ကိုယ်တိုင်ဖောက်တဲ့ဝိုင်က သောက်ရင် ခံစားချက်ပိုမယ်ထင်တယ်။ လေ့လာပြီး ဖောက်ကြည့်အုံးမယ်။

Nikki said...

This is very nice informational blog..very helpful. Don't forget to visit my blog too digitalcamerasreviewz Thank you :)

ချစ်ကြည်အေး said...

ဝိုင်...ဖောက်တတ်တယ်ပေါ့၊ ငါ့အတွက် တပုလင်း ပိုဖောက်ပေး.....။ အော်ဒါမှာခဲ့ပြီနော်...ဟိဟိ...:)

Anonymous said...

ပျော်စရာကြီး..
အားကျသွားပါတယ်
မေ

ဇွန်မိုးစက် said...

ဒီနေရာမှာ အစ်မနဲ့ ဇွန်က ပြောင်းပြန်ဖြစ်သွားပြီ။
ဇွန့်အတွက် သူလုပ်ပေးတဲ့ ၀ိုင်ချိုကို ဂုဏ်ယူစွာနဲ့ သောက်ခဲ့ဖူးတယ်။

ချစ်သူ့ဝိုင်ဆိုပြီး အမှတ်တရ ဒီလင့်ခ် http://zunmoesett.blogspot.com/2010/02/blog-post_28.html မှာ ရေးထားခဲ့ဖူးတယ်။ အစ်မ မဖတ်ရသေးရင် ဖတ်ကြည့်ဖို့။း)

အိမ့်ချမ်းမြေ့ said...

မလေး ခုမှ ဒီပိုစ်လေး လာဖတ်မိခြင်းပါ။

ဘုံကမ္ဘာ ခုနှစ်ဆင့်အမြင့် အဲ့သီချင်းကိုတော့ မလေး သိပ်ကြိုက်တယ်။

ချစ်ခင်စွာဖြင့်...
မလေး

တန်ခူး said...

စတော်ဘယ်ရီရယ်...ချယ်ရီရယ်...ပြီးတော့အချစ်တွေရောထားတဲ့ ၀ိုင်တခွက် မြင်ကြည့်လိုက်တာနဲ့ ရီဝေေ၀...

မေဓာဝီ said...

အမသက်ဝေရေးတာဖတ်ပြီး ၀ိုင်သောက်ချင်လိုက်တာ ရှလွတ် :)
အဖွားရှိတုန်းက မေမြို့မှာ မက်မန်းဝိုင် စပျစ်ဝိုင်တွေစိမ်ပြီး ရန်ကုန်လာရင် မြေးတွေအတွက် ယူယူလာတယ်။ အရမ်းကြိုက်တာပဲ။ တခါမှတော့ စမ်းမစိမ်ကြည့်ဖူးဘူး။ အမသက်ဝေ စိမ်ဖြစ်လို့ ဖြစ်ရင် လက်တို့လိုက်ပါအုံး။ စမ်းလုပ်ကြည့်ချင်လို့။ ဒါမျိုးဆို ၀ါသနာ ဟီးး

Iora said...

နောက်တခေါက်ပြန်လာဖတ်သွားပါတယ်။
ဝိုင်ကိုကြိုက်ပေမဲ့ ခေါင်းကိုက်တတ်လို့ နောက်နေ့ ဘာမှမလုပ်ရမှ ပိုသောက်ဖြစ်ပါတယ်။
အချစ်ဝိုင်လေးတခွက်လောက်..း)