Friday, October 7, 2011

ညနေခင်း စကားဝိုင်း

ထိုနေ့က သောကြာနေ့ ဖြစ်သည်…။
ထိုသောကြာနေ့ ညနေခင်းမှာ သူငယ်ချင်း သုံးယောက် ညစာ အတူစားရန် စိတ်တူကိုယ်တူ ချိန်းဆိုခဲ့ကြသည်။ တမြို့ထဲ အတူနေပြီး မတွေ့ဖြစ်ကြတာ နှစ်လ ကျော်ခဲ့ပြီ။ သူငယ်ချင်း သုံးယောက်အနက် တယောက်က တယောက် နှစ်ယောက် ရေလို့ကြည့် အိမ်သား သုံးယောက် ရှိ ဆိုသော မိသားစု သေးသေးလေးနှင့်… နောက်တယောက်က သူရယ် ကိုယ်ရယ် တယောက် မျက်နှာ တယောက်ကြည့်ကာ တူနှစ်ကိုယ်တိုင်းပြည်လေးထဲမှာ… နောက်တယောက်က တကိုယ်ရေ တကာယ အပူအပင်မဲ့ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ…။ အခုလို နောက်ခံ အခြေအနေတွေ မတူညီကြသော်လည်း သူတို့သုံးယောက်မှာ မူလတန်းထဲက နီးကပ်စွာ ချစ်ခင်ခဲ့ကြသော သူငယ်ချင်းတွေ၊ ပြီးတော့ အရေးကြီးရင် သွေးနီးကြသော၊ ရင်ထဲက စကားတွေကို အရင်းအတိုင်း မချွင်းမချန် ပြောပြလို့ရသော၊ အချင်းချင်း ဟန်ဆောင်ကြွားဝါစရာမလိုသော ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ ဖြစ်ကြသည်။

သူငယ်ချင်း သုံးယောက် စကားတပြောပြောနှင့် ည ရှစ်နာရီ ခွဲခန့်မှာ ညစာစားပြီးကြသည်။ ဆိုင်ထဲက အထွက်… သုံးယောက်သား (မတိုင်ပင်ပါပဲနှင့်) မိုးကောင်းကင်ပေါ်သို့ ပြိုင်တူ မော့ကြည့်မိကြသည်။ ပြီးတော့ အတူတူ ရယ်မောရင်း… ဘာကြည့်တာလဲ… ဟု အချင်းချင်း ပြန်မေးမိကြသည်။ သေချာတာကတော့ အိမ်မပြန်ချင်ကြသေး… စကားတွေ ဆက်ပြောချင်ကြသေးသည်… ထို့ကြောင့် မိုးရိပ် လေရိပ်ကို စနည်းနာကြခြင်းပင်…။ ညကောင်းကင်ကတော့ နီကျင်ကျင်… လဆုတ်ရက်မို့ ကြယ် လ ကင်းစင်၊ မိုးရွာနိုင်ချေရှိသော်လည်း သုံးယောက်သား သဘောတူညီစွာဖြင့် လမ်းလျှောက်ရင်း စကားပြောဖို့ မနီးမဝေးရှိ ရေကန်စပ်မှ လျှောက်လမ်းလေးဆီသို့ ဦးတည်ခဲ့ကြသည်။

မိသားစု သေးသေးလေး ရှိသော သား မေမေက လူပျိုပေါက်အရွယ် သားလေးအကြောင်းဖြင့် စကားဝိုင်းကို စတင်ခဲ့သည်။ မိန်းကလေး အရွယ်ရောက်သောအခါ သမီးတကောင် နွားတထောင် ဟု ပြောကြသည်။ တကယ်တော့ မိန်းကလေးတင် မဟုတ် ယောင်္ကျားလေးတွေမှာလဲ သားတကောင် နွားတထောင်ဟူသော စကားပုံမျိုး ရှိသင့်ကြောင်း ပြောသည်။ ကျန်နှစ်ယောက်က “နင့် သားက လိမ်မာတာပဲ… သိပ်စိတ်ပူစရာ မရှိပါဘူးလေ… “ ဟု နှစ်သိမ့်သည်။ ပြီးတော့ အခုတက်နေတဲ့ ကျောင်းက ယောင်္ကျားလေး သီးသန့်ကျောင်းမို့ လောလောဆယ်တော့ မိန်းကလေးတွေနှင့် ဘာညာ ဘာညာ ကိစ္စများ မရှိနိုင်သေးဟု ပြောပြ ဖြောင်းဖြကြသည်။

“ဟဲ့… နင်တို့ ဘာသိလို့လဲ.. မိန်းကလေးသာ မရှိတာ ခပ်နွဲ့နွဲ့ ယောင်္ကျားလေးတွေ ရှိတယ်တဲ့… သူတို့က တခါတခါ မိန်းကလေးတွေထက်တောင် ပိုပြီး စိတ်ပူစရာ ကောင်းသေးတာ…” ဟု မျက်စောင်းတခဲခဲနှင့် ပြောလိုက်သောအခါ ကျန်နှစ်ယောက်က ဘုရား တ ကာ ရင်ဘတ်ကိုယ်စီဖိပြီး ရယ်မောကြလေသည်။ ထိုအခါ သားမေမေလည်း သူတို့နှင့်အတူ လိုက်ပါ ရယ်မောရင်း အနည်းငယ်တော့ ရင်ချောင်သွားရတာ အမှန်…။

သားသမီးအပူ မရှိသော တူနှစ်ကိုယ်တိုင်းပြည်မှ မမကို နင်ကတော့ ဒီလိုအပူတွေ မရှိ၊ နှစ်ယောက် တဘဝ အေးချမ်းပေစွဟု ပြောလိုက်သောအခါ “အမလေး… သားသမီးသာ မရှိတာ… တူတွေ တူမတွေ ညီမတွေ မောင်တွေကို ကြည့်ရှု စောင့်ရှောက်ရပါသတော်…” ဟု ခပ်သွက်သွက် ပြန်ပြော၏။ ထိုအခါ ကျန်နှစ်ယောက်က သဘောပေါက်ဟန်ဖြင့် ခေါင်းကို အသာအယာ ညိတ်ကြလေသည်…။ သူက ကုန်ခဲ့သော လအနည်းငယ်က သူမ၏ ခင်ပွန်း နေမကောင်းဖြစ်သောကြောင့် ပူပန်သောက ရောက်ရကြောင်းကို ပြောပြသေးသည်။ ယောင်္ကျားတွေ နေမကောင်းဖြစ်ရင် မိန်းမတွေထက် ပိုပြီး ထိတ်လန့်တုန်လှုပ်တတ်ကြကြောင်း၊ နည်းနည်းလေးမှ သည်းညည်းမခံနိုင်တတ်ကြကြောင်း ပြောသောအခါ သားမေမေက “အဟုတ်ပဲ… အဟုတ်ပဲ…” ဟု အကြီးအကျယ် ထောက်ခံလေသည်။

“အို… သူတို့က အိမ်ထောင်ဦးစီးတွေ မဟုတ်လား… တခုခုဆို သူတို့က ရှေ့ရေးတွေ ဘာတွေ တွေးရင်း ပိုပြီး ပူပင် ကြောင့်ကြတတ်ကြပေမပေါ့…” ဟု တွေးတွေးဆဆ ဝင်ပြောလိုက်သူက အေးချမ်းသော တကိုယ်ရေ တကာယ ဘဝပိုင်ရှင်လေး ဖြစ်နေတာကို တွေ့ရသောအခါ နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ရင်း သဘောတကျ ပြုံးရယ်မိကြလေသည်။

အေးဆေးလှသော ထိုသူငယ်ချင်းကပင် “ဒါတွေကို သိလို့ ငါ အခုလို အေးရာအေးကြောင်း နေနေတာ… သိလား…” ဟု ရယ်မောရင်း ပြော၏။ အင်း.. ဒါလဲ ဟုတ်တာပဲ ဟု တွေးနေစဉ်မှာပင် သူက မိဘတွေရဲ့ ယိုယွင်းစပြုလာသော ကျန်းမာရေး အခြေအနေတွေကို မီးမောင်းထိုးပြလာခဲ့သည်။ သူ ဒီမှာ အလုပ်လုပ်ရင်း ရသမျှကို အဝေးမှ မိဘနှစ်ပါး၏ နေရေး ထိုင်ရေး ကျန်းမာရေး အစစအရာရာအတွက် လိုလေသေး မရှိ ပြည့်စုံအောင် ဖြည့်ဆီးပေးနိုင်တာ သူကိုယ်တိုင် ကြည်နူး ကျေနပ်မိသည် ဟု ပြောပြလာသောအခါမှာတော့ သားမေမေနှင့် နှစ်ယောက်တဘဝ ပိုင်ရှင်တို့က ပီတိဖြစ်ကာ သာဓု သုံးကြိမ် ခေါ်မိကြတော့သည်။

ဒါတွေအပြင် နောက်ထပ် ရောက်တတ်ရာရာတွေ များစွာ ပြောဖြစ်ကြသေးသည်။ သုံးယောက်စလုံး အတူတူ သတိတရ ပြောဖြစ်သော အကြောင်းအရာမှာ ဟိုးလွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်က သူငယ်ချင်းတစု၏ ချောင်းသာ ခရီးစဉ်အကြောင်းပင်ဖြစ်သည်။ ချောင်းသာကို ရောက်ရောက်ချင်း ညမှာ ၁၃ ယောက်စာ တည်းစရာ ဟိုတယ်အခန်း အလုံအလောက်မရသဖြင့် မကျေမချမ်းဖြင့် အနားက ရွာထဲမှာ ခွဲ အိပ်ကြရပုံ၊ နောက်ညတွေမှာ ဟိုတယ် တခုတည်းမှာ အခန်းပြန်ရကြသော်လည်း တညလုံး ဘယ်သူမှ မအိပ်ကြပဲ ဟိုတယ်ခန်းထဲက အိပ်ရာခင်း အဖြူဆွတ်ဆွတ်တွေကို ကမ်းခြေက သဲတွေပေါ်မှာ ချခင်းပြီး ပျော်ပါး သောင်းကျန်းခဲ့ကြပုံများ၊ အပြန်ခရီးမှာ တဖက်ကမ်းကူးစရာ ဇက်မမှီလိုက်သောကြောင့် ကြုံရာ မြေသယ်ကားကြီး တစီးပေါ်မှာ မတ်တပ်ရပ်စီးရင်း ပုသိမ်ကားဂိတ်ကို အမှီသွားရပုံတွေအပြင် ည မှောင်မှောင်မဲမဲမှာ အိပ်ရာခင်း အဖြူရောင်ကို တကိုယ်လုံး မံမီတွေလို ပတ်စည်း၊ လက်နှိပ်ဓါတ်မီးကို မေးစေ့မှ ပင့်ထိုးကာ ခုန်ဆွ ခုန်ဆွ နှင့် သရဲခြောက်သလို လုပ်ပြတတ်သော သူငယ်ချင်း သေးသေးလေး တယောက်အကြောင်းနှင့် ကြက်သားဟင်းဆို အသည်းအမြစ်ကို အရင်ဦးဆုံး ရွေးယူတတ်သော သူငယ်ချင်းဆိုးဆိုးလေးတယောက် အကြောင်းလည်း မမေ့မလျော့ ပါဝင်သေးသည်…။

နောက် ဘယ်နှစ်နှစ်ကြာမှာ သူငယ်ချင်းစုံစုံညီညီဖြင့် သည်လို ခရီးမျိုးပြန်သွားနိုင်ကြမှာလဲ ဟူသော မေးခွန်းတခုကို အတူတူ တွေးမိပြီး တခဏ ငြိမ်သက်သွားကြသည်…။ အဖြေကား မရေရာ…။ သူငယ်ချင်းတွေ အားလုံး အခုအချိန်မှာ တယောက် တနေရာစီ တစစီ ပျံ့ကျဲကာ… အမျိုးမျိုးသော ဘဝ အခြေအနေတွေမှာ ကိုယ်စီ လှုပ်ရှား ရုန်းကန်နေကြရသည်လေ…။

အတွေးကိုယ်စီ တွေးနေကြရင်းမှာပင် မိုးငွေ့များများပါသော လေအေးအေးတွေ စတင်တိုက်ခတ်လာပြီး မိုးပေါက်လေးတွေ ကျလာသောကြောင့် အိမ်ပြန်ချိန်တန်ပြီဟု သတိပေးခံလိုက်ရသလို ဖြစ်သွားသည်။

“တခါတခါတော့ အဆွယ်အပွားတွေ၊ နောက်တွဲတွေ ချန်ထားပြီး အခုလို တွေ့ကြရတာ ပျော်စရာ ကောင်းတယ်နော်… တွေ့ဖို့လည်း လိုအပ်တယ်.. နောက်ကို တို့တွေ တလ တခါ ဒါမှမဟုတ် နှစ်လ တခါလောက် တွေ့ကြရအောင်…” ဟု ပြောသောအခါ တယောက်တည်းသမား သူငယ်ချင်းလေးက ပါးကို လိုအပ်သည်ထက် ပိုဖေါင်းကာ နှုတ်ခမ်းစူပြရင်း “ငါက အမြဲ အားပါတယ် နင်တို့နှစ်ယောက်သာ… ဟွန်း…” ဟု ဆူပွပွ ဆိုလေသည်…။ ထိုအခါ သုံးယောက်သား စိတ်လက် ပေါ့ပါးစွာ ရယ်မောလိုက်ကြရင်း တဖွဲဖွဲကျလာသော မိုးစက်တွေကြားထဲမှာပင် တယောက်တလမ်း ခွဲခွာ လျှောက်လှမ်းခဲ့ကြလေတော့သည်။



24 comments:

Anonymous said...

That was thoughtful and meaningful essay reflecting friendship, love, and life, Ma Ma Thet Wai!!!!
Mon Petit Avatar

Vista said...

ဖတ်လို့ ကောင်းမှကောင်း အဲလိုသူငယ်ချင်းတွေနဲ့ 
ခဏခဏတွေ့ ပေးဖို့ လိုအပ်တယ် စိတ်ပင်ပန်းတွေပျောက်တာပေါ့နော်။

rose of sharon said...

(တခါတခါတော့ အဆွယ်အပွားတွေ၊ နောက်တွဲတွေ ချန်ထားပြီး အခုလို တွေ့ကြရတာ ပျော်စရာ ကောင်းတယ်နော်)…...အဲလိုအစွယ်အပွားတွေထားခဲ့ပြီး ဒီလိုသူငယ်ချင်းတွေနဲ့ပြန်တွေ့ရဘို့ ကျမအတွက်တော့ ရတောင့်ရခဲ အခွင့်အရေးပါဘဲ...

rose of sharon said...

အစွယ်အပွားတွေထားခဲ့ပြီး.. လို့ရေးတာ အဲဒါကျန်သွားလို့ လာထပ်ရေးတာ...ဟီး

Nyi Linn Thit said...

နောက်ခံ အခြေအနေ ထပ်တူမရှိပေမယ့် ခင်မင်မှု အုတ်မြစ်ခိုင်ခိုင် ပေါ်က သူငယ်ချင်း သုံးယောက်ရဲ့ အေးချမ်းတဲ့ ညနေခင်းလေးပါလား၊ ဒီလိုမျိုး ညနေခင်း တွေဟာ ကျနော်တို့ အားလုံးအတွက် လိုအပ်ပါတယ်၊ ကိုယ့်ကိုယ်ကို ပြန်တွေ့တာ၊ ပျိုမြစ်တဲ့ လူငယ်စိတ်လေး တွေ ပြန်ဖမ်းဆုပ်မိတာ၊ ချိုမြိန်ခဲ့တဲ့ အတိတ်နေ့ရက် တွေရဲ့ မွှေးရနံ့ကို ပြန်ရတာ၊ အလွမ်းလေပြေလေး ခပ်ပါးပါး တိုက်ခတ်ခံရတာ...၊ အဲဒီလို ညနေခင်းတွေ မှာပါပဲ၊

အဆွယ်အပွားတွေ မပါတဲ့ သုံးဦးသား လွတ်လပ် အေးချမ်းမှုရယ်၊ မျက်မှောက်ကို အချင်းချင်း သုံးသပ်တဲ့ တည်ငြိမ်မှုရယ်၊ အတိတ်ကို လွမ်းတဲ့ အလွမ်းရယ်..၊ ၃၃.၃၃၃၃၃၃... % စီ အညီအမျှ ရောစပ်ထားလို့ ချစ်စရာ ပို့စ်လေးတစ်ပုဒ်ပါ...။

Anonymous said...

သူငယ်ချင်းတွေနဲ့ tripတွေသွားခဲ့တာကို အလွမ်းဆုံးပဲ....
TOI

seesein said...

ညနေခင်း သတင်း ညနေခင်းအတင်း ညနေခင်း စကားဝိုင်း အားလုံးကြိုက်စ် ညနေ ညနေ စီသလေ့လေ့ တို့ရွှေပြည်တော့ အားတိုင်းတွေ့နေတာဘဲ တွေ့တိုင်းလဲ ပြောစရာ စကားကုန်တယ်မရှိ.....

Anonymous said...

We really need that kind of time without bae twel and nout twel.I walked along with you quietly and pleased.Lovely post.Have a nice weekend.
Gyidaw

Anonymous said...

I miss both of you during these days.I thought both of you busy.. :(( You also post this today... How's amazing and how's lovely.
I love you...

Khaing

Anonymous said...

သားမေမေ၊ တူနှစ်ကိုယ် ၊ တစ်ကိုယ်တည်း ၊ ၃ ယောက် ၃မျိုးသော ဘ၀ နဲ့ သူငယ်ချင်း ၃ ယောက်ရဲ့ ညနေခင်းလေးက ချစ်ဖို့ကောင်းလိုက်တာ။ ငယ်ငယ်ထဲက ပေါင်းလာခဲ့တဲ့ သူငယ်ချင်းတွေနဲ့က ၁၀ တန်းလောက်မှာထဲက ကွဲကုန်ကြတော့....ခုလို သူများ သူငယ်ချင်းလေးတွေ ခုအချိန်ထိ အဆက်အသွယ်ရှိ တစ်မြို့ထဲနေဖြစ်နေကြတာကို အားကျမိတယ်။ မကြာခဏ တွေ့ပေးဖို့ တကယ်လိုအပ်ပါတယ်။

နောင့်

Anonymous said...

" မိန်းမကြီး သုံးယောက် "

sonata-cantata said...

စကားဝိုင်းကို ဘေးကနေ Ghost တယောက်လို့ နားထောင်နေတယ်...
မကြောက်ပါနဲ့ ဘူး ထွား ထွား

အဲ့ဒီမှာ မိုးပေါက်တွေ စ ကျလာပြီလား

ဒီဘက်မှာတော့ ရွာနေပြီ...လာဖတ်ဦး

အပြုံးပန်း said...

မတွေ့ရတာ ကြာပြီဖြစ်တဲ့ သူငယ်ချင်းတွေကို
သတိယသွားတယ်၊
ချစ်စရာကောင်းတဲ့ ညနေပါ မသက်ဝေ၊

(သုံးယောက်လုံးကို သိနေလို့ မြင်ယောင်ကြည့်မိရင်း
သဘောကျမိပါတယ်။)

Anonymous said...

သူငယ်ချင်းတွေကို သတိရသွားတယ်..။
တကယ်...



ပေါက်

Angelhlaing(May everybody be happy and healthy! said...

အဲလို တွေ့ဆုံပွဲလေးတွေ တစ်ကယ်ပဲ လိုအပ်ပါတယ် မမရေ ကြည်နူးစရာ အပြည့်နဲ့ နောက်ကြောင်းပြန်လှန် ပြောသူပြော... ရှေ့ရေးမှန်းဆ ပြောသူပြောနဲ့ .... သြော် ..ဘယ်သောအခါမှ တွေ့ကြရမလဲ မသိပါလားနော်...

rose said...

အစ်မသက်ဝေ စာရေးရင် ရိုးရှင်းတဲ့ စကားလုံး အသုံးအနှုန်းနဲ့ အကြောင်းအရာက စာဖတ်သူ ရင်ကို ထိခတ်ပြီး ဆွတ်ပျံ့ ကြည်နူးဖွယ် ရသအမြဲ ပေးလေ့ရှိတယ်း))

T T Sweet said...

ဟင်းဟင်း တူတို့တွေ ဆုံဖြစ်ကြတယ်ပေါ့။ ပျော်စရာကြီးနော်။ ကိုယ်သာရှိရင် အဲဒီသူငယ်ချင်းတွေကြား အတူ ကပ်လိုက်မှာပဲ။ ပြောတဲ့စကားလေးတွေနဲ့ သူငယ်ချင်းတွေကို ပုံဖော်ပြီး သတိရမိပါတယ်။ Miss U all.

မေဓာဝီ said...

ဖတ်ရတာ ပျော်စရာ ကြည်နူးစရာ အမသက်ဝေ ...
သူငယ်ချင်းတွေနဲ့ ခဏခဏတွေ့ပေးပါ...
တွေ့တိုင်းလဲ ပို့စ်တပုဒ်ဖြစ်အောင် စာရေးပါ ... နော်။

အပေါ်က ကိုညီလင်းသစ် ကွန်မန့်ကို ဖတ်ပြီး သဘောကျသွားတယ်။

Thandar Lwin said...

သူငယ်ချင်းတွေ ဆုံဖြစ်ကြတာပျော်စရာ ။
ရှေးဖြစ်နှောင်းဟောင်းပြောရတာ ကိုယ်တိုင် အဲဒီ အရွယ်ကိုပြန်ရောက် သလို စိတ်ကိုနုပျို လန်းဆန်း စေလိမ့်မယ်။
မမ တို့ သူငယ်ချင်းတွေ စကားပြောတဲ့နား လာနားထောင်ချင်လိုက်တာ ......

mstint said...

ပျော်ရွှင်မှုဆိုတာ ကိုယ်တိုင်လွယ်ကူစွာ ရှာဖွေနိုင်ပြီး ကိုယ့်ရဲ့အနီးအနားမှာတင်ရှိတယ်လို့ ထင်မြင်ယူဆတယ်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ချစ်ကြည်အေး said...

အေးလေ လွမ်းလိုက်တာဟာ နင်ရေးပြမှပဲ...။ ဟိုကောင်တွေ အားလုံးကိုပါ လွမ်းသွားပြီ။ ငိုချင်ထှာအေ....

tg.nwai said...

ပျော်စရာကောင်းတဲ့ ညနေခင်းစကားဝိုင်းလေးကို ဖတ်ပြီး ပြန်လွမ်းမိတယ်...ဟုတ်တယ်နော်...တချိန်တည်းမှာ သူငယ်ချင်းတွေ အကုန်ပြန်ဆုံကြဖို့က....။

Hmoo said...

သူငယ်ချင်းတွေအားလုံးမကြာမီတကယ်ပြန်ဆုံနိုင်ကြပါ
စေ.......

Kay said...

lady talk or big gal talk :D
၂ ယောက်တော့ သိဒယ်..
အဲ့ဒလို သွားကြရတယ်လေ..။
တခါ..ဖတ်ဖူးလိုက်တာ..။
ယေက်ျားလုပ်သူက.. မိန်းမ.. အပြင်ထွက်.. ( မိန်းမခြင်း) ဒိတ်အောက် ဖို့ အတွက်..ကလေး တွေ ကို...ကူလိမ် ပေးရ သတဲ့..။