Friday, November 11, 2011

ခိုင်မြဲသောကြိုး


ဒီညနေ ရုံးက ပြန်ရောက်တော့ သူက အိမ်မှာ အရင် ရောက်နှင့်နေပြီ။
အခန်းထဲဝင်လာရင်း မျက်စိက သူ့စားပွဲဆီသို့ ရောက်သွားသည်။ ပထမတော့ အမှတ်တမဲ့… နောက်မှ သေသေချာချာ ကြည့်လိုက်တော့ သူ့ စားပွဲပေါ်မှာ…
လက်ပတ်နာရီက နှစ်လုံး…
မျက်မှန်က နှစ်လက်…
Sound Box က နှစ်လုံး…
ဘောပင်က နှစ်ချောင်း…
ဖုန်းက နှစ်လုံး…
အေအေအရွယ် ဓါတ်ခဲက နှစ်လုံး…
တကျပ်စေ့တွေကို ဆယ်စေ့စီ ထပ်ထားသော အပုံက နှစ်ပုံ…
လက်ပတော့က နှစ်လုံး…
ရီမုတ်ကွန်ထရိုး လေယာဉ်ပျံက နှစ်စင်း…
ထိုလေယာဉ်ပျံများကို ထိန်းကျောင်း မောင်းနှင်စရာ ရီမုတ်ကွန်ထရိုးက နှစ်ခု…

စိတ်ထဲမှာ တမျိုးဖြစ်သွားသည်…။
ကိုယ့်အမြင်တွေများ မှားနေလေသလားဟု တွေးကာ မျက်စိတွေကို လက်နှင့်ပွတ်၊ မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး နောက်တခါ ပြန်ကြည့်မိသည်…။ မမှားပါ… လုံးဝ မမှားပါ… အားလုံး နှစ်ခုစီ ရှိနေကြသည်…။ ထိုပစ္စည်းများအနက် တချို့က တခုနှင့်တခု ချွတ်စွတ် တူကြပြီး တချို့ကတော့ ချွတ်စွတ်နီးပါး ဆင်တူကြလေသည်။

ခဏကြာတော့ သူ အခန်းထဲကို လိုက်ဝင်လာသည်…။ သူ့စားပွဲကို မကြည့်စဖူး အကြည့်ထူးကာ အကြည့်စူးစူးတို့ဖြင့် မျက်စိမလွှဲတမ်း ကြည့်နေသော ကိုယ့်ကို “ဘာဖြစ်နေတာလဲ…” ဟု မေးလာသည်…။

“ဘာဖြစ်ရမလဲ… ဒီမှာ ကြည့်ပါအုံး… အားလုံး နှစ်ခုစီ… နှစ်ခုစီ… တွေ့နေလို့ စဉ်းစားနေတာ…” ဟု မာဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။ တယောက်အကြောင်း တယောက် သိ… ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် ကိုယ် ဘာကို ဆိုချင်ပြီး ဘာကို ရစ်တော့မည် ဆိုသည်ကို သေသေချာချာ သိနေသော သူက ကိုယ့်စကားအဆုံးမှာ တဟားဟားဖြင့် ရယ်ပါတော့သည်…။ ပြီးတော့ ပြောသည်… “စိတ်ချ… စိတ်ချ… ဘာမှ တွေးပူမနေနဲ့… ဒီတယောက်ထဲနဲ့တင် More than enough ပါ…” တဲ့..။

ကိုယ်… နည်းနည်းရှက်သွားပြီး အဟီး ဟု ရယ်လိုက်သည်…။
ထိုအခိုက်အတန့်လေးမှာ “အင်း… ဒါ အကွက်ပဲ…” ဟု တွေးလိုက်မိသည်။ ခဏကြာမှ… “ဒါဆို မနက်ဖြန်အတွက် လက်ဆောင်က ဘာလဲ…” ဟု ခပ်တိုးတိုး မေးလိုက်သည်။ သူ ရုတ်တရက် ကြောင်သွားပြီးမှ တဟားဟား ဆက်ရယ်ပြန်သည်…။ စွတ်ရယ်နေတာပဲ… နည်းနည်းတော့ လွန်လွန်းနေပြီ…။

ပြောရရင် ပြီးခဲ့သောလက ကိုယ်သုံးလက်စ ကင်မရာကို upgrade လုပ်ခဲ့သည်။ မလဲမဖြစ် မဝယ်မဖြစ် မရှိမဖြစ် မဟုတ်သော်လည်း အလကားနေရင်း ရောဂါသည်းကာ ဘယ်လိုမှ မနေနိုင် အသည်းအသန် လိုချင်လှပြီဖြစ်သည်က တကြောင်း၊ အချိန်တွေ မဆွဲနေပဲ အမြန်ဆုံး လိုက်ဝယ်ပေးစေလိုသည်က တကြောင်းတို့ကြောင့် ကင်မရာဖိုးကို ကိုယ် တဝက် ပေးပါမည် ဟု အလွယ်တကူ ပြောခဲ့မိသည်။

သည်လိုနှင့် လိုချင်သော ကင်မရာ လက်ထဲ ရောက်လာခဲ့သည်။ အဲ… ပိုက်ပိုက်တဝက် ပြန်ပေးဖို့ကိုတော့ (ထုံးစံအတိုင်း) နေ့ရွှေ့ ညရွှေ့နှင့် အချိန်တွေ ဆွဲလာရင်း လခထုတ်ပြီးရင် ပေးမည်ဟု ပြောထားခဲ့သည်။ အခု လကုန်လို့ နောက်တလပင် ၁၀ ရက် ကျော်လာခဲ့ပြီ…။ သို့သော် ခပ်တည်တည်နှင့် မသိချင်ယောင် ဆောင်ထားဆဲ… …

ဒီနေ့မှာ ကုသိုလ်ကံများက ကောင်းချင်တော့ ရစ်စရာ အမှုတွဲကြီးက ကိုယ့်ရှေ့တည့်တည့်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လို့ လာခဲ့သည်…။ ကြည့်ပါအုံး… ဒီလို နှစ်ခုတွဲ… နှစ်ခုတွဲတွေ စားပွဲပေါ်မှာ တွေ့နေရခြင်းဟာ ရစ်ချင်စရာ အမှုတွဲ အကြီးကြီး မဟုတ်ပေဘူးလား…။

ကိုယ့်ကို ကြည့်ပြီး ပြုံးစေ့စေ့လုပ်နေသော သူ့ကို မျက်မှောင်ကြုတ်ကာ ခပ်တည်တည် ကြည့်လိုက်ရင်း… “ရပါတယ်… မနက်ဖြန်အတွက် လက်ဆောင်ကို ဘာမှ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေပါနဲ့တော့… ဟိုကင်မရာကိုပဲ ယူလိုက်ပါတော့မယ်…” ဟု အင်မတန်မှ သဘောထားကြီးလိုက်ရသော မျက်နှာပေး၊ တော်တော်လေး အနစ်နာခံလိုက်ရသော လေသံမျိုးဖြင့် ပြောအပြီး ရယ်ချင်စိတ်ကို ကျိတ်မှိတ်မျိုသိပ်ရင်း နှုတ်ခမ်းကို နာနာ ကိုက်ကာ သူ့ကို လုံးဝ လှည့်မကြည့်ပဲ မှင်သေသေ မျက်နှာဖြင့် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အခန်းထဲမှ သူ့ရယ်သံကတော့ ခုနကထက် ပိုမိုကျယ်လောင်ကာ ကိုယ့်အနောက်မှ ထပ်ချပ်မကွာ လိုက်ပါ ပျံ့လွင့်နေဆဲ…




ခိုင်မြဲသောကြိုး (2008)
Love Each Other (2009)
လွင့်မျော မြစ်တစင်း (2010)

32 comments:

Nyi Linn Thit said...

ကြည့်စမ်း..၊ အတော်လေးကို နစ်နာသွားတာကိုး..းD

ပစ္စည်းတွေကို ပစ္စလက်ခတ် မထားဘဲ တူရာတူရာ တွဲထားမိတဲ့ ပြစ်မှုကြီးကို တွေ့ပြီးသကာလ အဲဒီကနေ မီးခိုးကြွက်လျှောက် အတွေးမျှင်တန်း ရုံနဲ့ မပြီးသေးဘဲ အခြေအနေကို လိမ်မာပါးနပ်စွာနဲ့ ခပ်တင်းတင်း၊ ခပ်ရင့်ရင့် ကိုယ့်ဖက်ပါအောင် လှည့်ယူလိုက်တဲ့ ချစ်စရာ အပြုအမူလေးအတွက် တဟားဟား ရယ်နေ လိုက်တာက နှစ်တွေအကြာကြီး သီလာခဲ့တဲ့ ကြိုးကို ပိုပြီး ခိုင်မြဲသွားကြောင်း ပြလိုက်တာပဲ မဟုတ်လား၊ အင်း..ဒါနဲ့ မနက်ဖြန်ဟာ ဘာနေ့များ ပါလိမ့်..?း)

အမေ့သား said...

အစ်မ ရစ်နည်းတွေတော. အဖေ့သမီးကို မသင်ပေးပါနဲ့နော်

Mon Petit Avatar said...

Happy Anniversary Ma Ma Thet Wai!!!

JuneOne said...

ပျော်ရွှင်ပါစေ။

T T Sweet said...

ပိုင်သကွာ ... . အမှုတွဲလုပ်နည်းတွေ လေ့လာသွားတယ်။
ပုံ
အမှုတွဲရှာနေသူတစ်ဦး

Phyo Evergreen said...

ညောင်ဦးကမ်းပါးပြိုလို့ နွားပေါင်ကျိုးတာထက်ဆိုးနေပါပေါ့လား...။ အကြံပိုက်ချက်ဗျာ..။

Anonymous said...

"HAPPY ANNIVERSARY CHIT THET WAI."
Whenever i listen "Thet Wai"sang by Pyi Hla Pe And May Shin,my thought to you.Btw next friday will be our anniversary.Guess how many years?...:D
Wooooooo! long way i walked and more:P
Gyidaw

အလွမ်းပြေ said...

Happy Anniversary !! ပိုင်ချက်က ချစ်ချာလေးး)

ပန်းခရမ်းပြာ said...

မနက်ဖြန် Anniversary ပေါ့ ...

မိုးငွေ့...... said...

ချစ်စရာကောင်းလိုက်တဲ့ပို့စ်လေး....း) ဒီထက်ပိုပြီး ပိုပြီး ခိုင်မြဲသော ချစ်ခြင်းမေတ္တာနဲ့ နှစ်ပေါင်းမြောက်များစွာ အတူဖြတ်သန်းနိုင်ပါစေ....။

Anonymous said...

း)

နှစ်တစ်ရာတိုင်..စေသော်..
mm

Hmoo said...

ပျော်ရွှင်ကြယ်နူးစရာစာ....
အဆင့်နံပတ်ဝမ်းထဲထည့်လိုက်ပါတယ်.. :)

rose said...

Your post makes me smile, sis. Happy Anniversary!! :))

rose of sharon said...

အို...အမဆီကနေ သင်ယူစရာတွေအများကြီးပါလား... Happy Anniversary sis ... :))

ShwunMi- said...

Happy Anniversary ပါ မကြီးသက်ဝေနဲ့ ကိုကြီးသက်ဝေ .. =)

Vista said...

အဲသလို အမှုတွဲရသလား ခုမှတိတယ် တေချာမှတ်တွားပီ

Thandar Lwin said...

more than enough တဲ့ လား ပျော်စရာ ကောင်းလိုက်တာ ။
ပျော်စ၇ာ ကြည်နူးစရာ ခိုင်မြဲသော ကြိုးနဲ့ ရစ်ပတ်ထားသော မိသားစု လေး နှစ်ပေါင်း တရာ တိုင်စေသော်ဝ်

မောင်မျိုး said...

အဟီးး..... အော် အချစ် အချစ်... သိပ်ကိုကြည်နူးလှပတဲ့ ဇတ်လမ်းရိုးရိုးလေးတွေကိုလည်း ဖန်င်္တီးနိုင်စွမ်းရှိတာပဲ အားကျချက်တော့ ပြောမနေချင်တော့ဘူး။

mstint said...

ဖတ်ရတာ ကြည်နူးစရာကောင်းတယ်။
ဓာတ်သိခြင်းမို့ မသက်ရဲ့ရွှေဥာဏ်တော်စူးရောက်ပုံကို သူမသိ ရှိပါ့မလားနော်း)
မသက်ရေ Happy Anniversary !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ပိုးပိုးရဲ့ရိုက်ချက် said...

Happy Anniversary Ma Ma !

ချော(အစိမ်းရောင်လွင်ပြင်) said...

အစ်မသက်ဝေ
အင်မတန်မှ ချစ်စရာ ကြည်နူးစရာ ပိုစ့်လေးပါ.
မျက်နှာကို ပြုံးပြီးဖတ်နေမိတယ်
အစ်မတို့ရဲ့ ကြည်နူးအပျော်တွေ စာဖတ်သူကို ကူးစက်စေတဲ့ ပိုစ့်လေးပါ..
တကယ်နှစ်သက်စရာရယ်..
နှစ်ပတ်လည် ချစ်ခြင်းအမှတ်တရ နေ့ရက်မှသည် ချစ်ခြင်း ကြင်နာခြင်း၊ နားလည်ဖေးမခြင်း တို့ဖြင့် ကိုယ်ရောစိတ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ တွဲလက်ခိုင်ခိုင် တစ်သက်တာလုံး ပျော်ရွှင်ပြုံးနိုင်ပါစေလို့ ဆုမွန်တောင်းပေးပါရစေနော်..


ချစ်သော
ချော

အပြုံးပန်း said...

အိုင်ဒီယာကောင်းလိုက်တာ။

ရတုအဆက်ဆက်ဆီသို့ အိုင်ဒီယာအသစ်အသစ်ကို မျှော်လင့်လျှက်ပါ။

ဇွန်မိုးစက် said...

Happy Anniversary to ama Thet Wai and Ko Gyi! :))

PhyoPhyo said...

ခိုင်မြဲသောကြိုးလေး ဖတ်ပြီး ပျော်ရပါတယ်။
ပျော်ရွှင်စရာ နှစ်ပတ်လည်တွေအများကြီးသို့ ..

မေသိမ့်သိမ့် ကျော် said...

ချစ်စရာကောင်းလိုက်တဲ့ စုံတွဲလေးးးး။ ကြည်နူးစရာလေး။

ခင်တဲ့
မေသိမ့်

ပန်းချီ said...

ပိုင်တယ်ဗျာ..ကိုယ့်အစ်မတို့များ..
Belated Happy Anniversary ကိုကြီး နှင့် မမး))

အင်ကြင်းသန့် said...

မမသက်ဝေတို့နှစ်ယောက်အကြောင်းကို ဖတ်လိုက်ရရင် အမြဲ ကြည်နှုးစရာကောင်းတယ်။း)

အဲဒီလိုကြည်နူးစရာ နှစ်ပတ်လည်တွေကို နှစ်ပေါင်းများစွာဆက်လက်ပိုင်ဆိုင်သွားနိုင်ကြပါစေ...း)


ချစ်ခင်စွာ
ဂျင်း

chocothazin said...

More than enough ဆိုတာလေး သဘောကျသွားတယ် မမသက်ဝေ။
မမသက်ဝေနဲ့ မမသက်ဝေရဲ့ကိုကြီးတို့ သက်ဆုံးတိုင် ပျော်ရွှင်ကြည်နူးနိုင်ကြပါစေ။

Anonymous said...

Happy anniversary !!!!
(ကွေ့ဝှိုက်ရေးထားတာကိုးးးး...)




ဖျားနေသော..
အမျိုးးး

သတိုး said...

more than enough.. .
ဘယ်တော့ မှ မပြောမိကြစေနဲ့ ဗျို့။ တစ်စုံတစ်ယောက်က အဲဒီစကားပေါ်မှာ အခွင့်ထူးတွေ ယူလာနိုင်တယ်။း)
နောက်တာပါ မသက်ဝေ။ ပျော်စရာ အိမ်ကလေးကို မုဒိတာနှင့် ငေးသွားပါတယ်။
ခင်မင်သော..
သတိုး

မြသွေးနီ said...

မဆီမဆိုင် အဲ့ဒီလို ကိုယ့်ဘက်ဆွဲယူပြီး ကိုယ့်ဘာသာဆုံးဖြတ်ချက်ချလိုက်တာလေးက ပညာမြောက်တယ်။ အတိအကျ နည်းယူမှတ်သားသွားပါတယ်အစ်မသက်ဝေ။
ပျော်ရွှင်ချမ်းမြေ့တဲ့ ဘ၀ခရီးလမ်းကို မဆုံးစတမ်း လျှောက်လှမ်းနိုင်စေသောဝ်...။

ရတနာစိုး said...

ပျော်ရွှင်ကြည်နူးမိတယ်..

စိတ်ချမ်းသာစရာလေးပါ အစ်မရေ..