Wednesday, December 21, 2011

အမှတ်တရ ဒီဇင်ဘာ


ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသခဲ့သည်။
ဒီဇင်ဘာ၏ နေ့ရက်များထဲမှာမှ အေးမြစွာ ချမ်းစိမ့်နေပြီး မှုန်လက်နေသော နှင်းစက်များ အကြားတွင် အလှကြီး လှနေခဲ့သော နေ့စွဲတခု ရှိခဲ့ဖူးပါသည်။ ထိုနေ့စွဲမှာ ဒီဇင်ဘာ ၂၄ ရက်... ခရစ်စမတ်နေ့ မတိုင်ခင် အကြိုနေ့ ဖြစ်ပါသည်။

* * * * * *

ကျောင်းပိတ်ရက် မဟုတ်သောကြောင့် ကျောင်းသွားရန် ပြင်ဆင်နေချိန်တွင် သူက ဖုန်းဆက်ပြီး သူ့ကျောင်းကို လိုက်လည်ပါ ဟု (ထူးထူးဆန်းဆန်း) ဖိတ်ခေါ်လေသည်။ ကျောင်းဖွင့်ကာစ နေ့ရက်များ ဖြစ်သောကြောင့် တကြောင်း၊ နောက်တနေ့မှာ ခရစ်စမတ် ကျောင်းပိတ်ရက်များ ရောက်တော့မည်က တကြောင်းတို့ကြောင့် ကျောင်းမှာ စာသိပ် မသင်မှာ သေချာနေခဲ့သည်။ ထို့ကြောင့် ကျောင်းမသွားချင်လျှင် မသွားပဲ နေနိုင်သော အနေအထားမှာ ရှိသည်။ သို့သော်လည်း သူ့ကျောင်းကို တခါမှ အလည်အပတ် မသွားဖူးသောကြောင့် စိတ်ထဲမှာ အနည်းငယ် တွန့်ဆုတ်နေမိပြန်သည်။ ကိုယ့်စိတ်ကို သိနေသော သူက ထပ်ပြောသည်… သူတို့ကျောင်းမှာ စာမေးပွဲနီးနေပြီမို့ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ ရှိသည်… အေးအေးဆေးဆေး မုန့်စားရင်း စကားပြော ကြတာပေါ့… တဲ့…။ သူက ခဏ ခဏ ထပ်ခေါ်နေသောကြောင့် အိုကေလေ… ဒါဆိုလည်း လိုက်လည်မယ် ဟု ပြန်ပြောလိုက်သည်။

တကယ်ဆို ယခုကဲ့သို့ ဟိုမရောက် သည်မရောက် အခြေအနေမျိုးမှာ သူ့ဆန္ဒကို လိုက်လျောခြင်းသည် သူ့ကို ခေါင်းညိတ် လက်ခံတော့မည် ဟူသော အဓိပ္ပါယ်မျိုးများ သက်ရောက်သွားလေမလားဟု စိုးစဉ်းမျှ မတွေးတတ်ခဲ့ပါ။ ထို့နောက် သာမန်နေ့ရက်များမှာလိုပင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ပြီး ပြင်ဆင် ခြယ်သမှု ကင်းကင်းဖြင့် တနည်းအားဖြင့်ဆိုသော် ခါတိုင်း ကျောင်းသွားသလို မျက်နှာပြောင်တလင်းဖြင့် သူ့ကျောင်းကို အလည် လိုက်ဖြစ်ခဲ့ပါသည်။

သူ ပြောထားသလိုပင်… သူ့ကျောင်းက ကင်တင်းတွေမှာရော အတန်းတွေမှာပါ တော်တော်လေး လူရှင်းနေသည်ကို တွေ့ရသောကြောင့် အနည်းငယ်တော့ အသက်ရှူချောင်သွားခဲ့သည်။ ထိုအခါ သူ မသိအောင် သက်ပြင်းတချက်ကို တိတ်တိတ် ခိုးချလိုက်မိသည်။ သို့သော်လည်း သူက သိဖြစ်အောင် သိကာ အနေရ မခက်စေရန် ကင်တင်းထဲမှ လူသိပ်မများသော ဆိုင်တခုမှာ ထိုင်စေခဲ့သည်။ သိပ်မကြာခင်မှာ ကျောင်းသူတစု မလှမ်းမကမ်းမှ ဖြတ်သွားပြီး ကွက်ကြည့် ကွက်ကြည့်ဖြင့် လှမ်းကြည့်သွားကြသည်ကို တွေ့ရသည်။ သူ ပြောပြသောကြောင့် သူ့ အတန်းဖေါ်များဟု သိရသည်၊ ရှက်စိတ်ကြောင့် လူက အငွေ့ပျံချင်နေပြီ။ မိန်းကလေး တန်မဲ့ ရှည်ရှည်ရှောရှော လိုက်လာမိခြင်းအပေါ် နောင်တလည်း ကြီးစွာ ရမိသည်…။ သူတို့တတွေ အဝေးမှ ကြည့်ရုံသာ ကြည့်သွားကြပြီး အနားကိုလာ နှုတ်မဆက်ကြသည်ကိုပင် ကျေးဇူးကြီးစွာ တင်ရမလို…။ ထို့နောက်တော့ လူက ထူပူနေပြီး နေ့လည်စာကို ခေါက်ဆွဲကြော် စားမိခဲ့လေသလား ဆီချက်ခေါက်ဆွဲ စားမိခဲ့လေသလား ဘာတွေ စားလို့ ဘာတွေ သောက်ဖြစ်ခဲ့သလဲ သေသေချာချာ မမှတ်မိတော့ပါ…။

နေ့လည်စာ စားပြီးတော့ သူက စကားတွေ အများကြီး ပြောပါသည်။ အရင် ကိုယ့်အိမ်ကိုလာလည်တတ်သော အချိန်တွေက အလွန် စကားနည်းသော သူသည် တကယ့် တကယ်မှာ စကားအလွန်များကြောင်း ထိုနေ့ကမှ သိလိုက်ရသည်။ သူ ပြောပြနေသမျှ အကြောင်းအရာများသည် သိပ်စိတ်ဝင်စားစရာ မကောင်းလှသောကြောင့် တချို့တလေကိုသာ မှတ်မိပါသည်။ တချိန်လုံး နားထောင်သူ သက်သက်ဖြစ်နေသောကြောင့် ပျင်းရိ ငြီးငွေ့လာသည်က တကြောင်း၊ ကင်တင်းထဲမှာ လူ ကျဲပါးသွားသောကြောင့် နေရတာ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာကာ မူလ ဗီဇစိတ်တွေ ပြန်ပေါ်လာပြီး သူ့ကို ရစ်ချင်လာပါသည်။ ထို့ကြောင့် နေကြာစေ့ စားချင်သည် ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်ပါသည်။

သူက ချက်ချင်းပင် နီးရာဆိုင်တဆိုင်မှ နေကြာစေ့ သုံးထုပ်ဝယ်ပြီး ပြန်လာပါသည်။ ထိုအချိန်က မိုးပုလဲ နေကြာစေ့တထုပ်၏ တန်ဖိုးမှာ တကျပ် ဖြစ်ပါသည်။ ရစ်လက်စနှင့် ဆက်ရစ်ချင်သောကြောင့် နေကြာစေ့များကို အခွံ ခွာကျွေးပါလား ဟု တောင်းဆိုလိုက်ပါသည်။ ဘာမဆို သဘောကောင်းစွာဖြင့် လိုက်လျောချင်နေသော အချိန်ကာလမျိုး ဖြစ်သောကြောင့် နေကြာစေ့များကို စိတ်ရှည်လက်ရှည် ခွာကျွေးပါသည်။ နေကြာစေ့များအနက်က ဝဝလေးများကိုသာ ရွေးခွာရန်နှင့် အသားမရှိအောင် ပိန်ခြောက်နေသော နေကြာစေ့များကို မခွာရန်လည်း ဆရာလုပ်လိုက်သေးသည်။ သူခွာကျွေးသော နေကြာစေ့အဆံများကို ခွာလို့ လက်မလည် အလျင်မမှီလောက်အောင်ပင် တခုပြီးတခု တလစပ် ကောက်စားနေသော ကိုယ့်ကို သူက သဘောတကျနှင့် ပြုံးရယ်နေပါသည်။ နေကြာစေ့ကို အတော်ကြိုက်သလား... ဟုလည်း မေးပါသည်။ ခွာပြီးသား စားရလျှင် ကြိုက်သည်ဟု ပြန်ဖြေလိုက်သောအခါ သူ နောက်တကြိမ် အားရပါးရ ပြုံးရယ်ပြန်ပါသည်။ နေကြာစေ့များကို မနားတမ်းခွာနေရသောကြောင့် အခုနကလောက် စကားများများ မပြောနိုင်တော့သော သူ့ကို စိတ်ထဲမှာ ကြိတ်ပြီး ရယ်မောနေမိပါသည်။ ထိုအကြောင်းကို စကားစပ်မိတိုင်း ကိုယ့်ကို အလွန်တရာ ညစ်ကျယ်ကျယ်နိုင်သော မိန်းကလေး ဟု မှတ်ချက်ချပါသည်။

နေကြာစေ့ သုံးထုပ်ကုန်သွားသောအခါ သူက လမ်းလျှောက်ချင်လား.. ဟု မေးပါသည်။ ထိုင်နေရသည်မှာ ညောင်းလှပြီ ဖြစ်သောကြောင့် လမ်းလျှောက်ရန် သဘောတူလိုက်ပါသည်။ ထိုအချိန်မှာပင် သူ့ သူငယ်ချင်းတစု အနားကိုရောက်လာကာ ကိုယ့်ကို အကဲခတ်သော မျက်လုံးတချို့နှင့် ကြည့်ပြီး သူတို့ အချင်းချင်း စကား အနည်းငယ်ပြောကာ ထွက်သွားကြပါသည်။ သူ ပြန်ပြောပြသောကြောင့် ထိုနေ့က သူတို့ကျောင်းမှ ကျောင်းသား ကျောင်းသူများ အားလုံး ရွှေတိဂုံဘုရားမှာ ဆီမီးသုံးထောင် ပူဇော်ကြမည်ဟု သိရပါသည်။ သူက ဘုရားကို လိုက်သွားချင်သလားဟု မေးရာ လူများများကြားထဲ မသွားချင်သောကြောင့် ခေါင်းခါ ငြင်းဆန်လိုက်ပါသည်။

သိပ်မကြာခင် အချိန်အတွင်းမှာ ကျောင်းဝင်းထဲ လူမရှိတော့သလောက် ခြောက်သွေ့ တိတ်ဆိတ်သွားပါသည်။ ကိုယ့်ကို စူးစမ်းသော၊ အကဲခတ်သော မျက်လုံးများဖြင့် ကြည့်ကြမည့်သူများ မရှိတော့သောကြောင့် စိတ် ပေါ့ပါး သက်သာသွားကာ ကျောင်းဝင်းထဲ ဟိုကြည့် ဒီကြည့်နှင့် လမ်းလျှောက်လာခဲ့ကြပါသည်။

တနေရာအရောက်တွင် သူက အမှတ်တမဲ့နှင့် ဒါ လူသေတွေ ခွဲတဲ့ နေရာလေ… ဟု ညွှန်ပြပါသည်။ ထိုစကားအဆုံးမှာ သွေးဆုတ် ဖြူဖျော့သွားသော ကိုယ့်မျက်နှာကို တွေ့သောအခါမှ သူ့စကား အကြီးအကျယ် မှားယွင်းသွားကြောင်း သူ သိသွားခဲ့သည်။ ထို့နောက် ကိုယ့်လက်ကို ဆွဲကာ ထိုအဆောက်အဦးနှင့် ဝေးရာဖက်ကို ခပ်သွက်သွက် ခေါ်ဆောင်သွားခဲ့ပါသည်။ သေလုအောင် ကြောက်နေသောကြောင့် လူက ထူပူနေရာ လက်ဆွဲထားတာတွေ ဘာတွေလည်း ဘာမှ သတိမထားမိခဲ့ချေ…။ မိနစ်အနည်းငယ် လျှောက်လာပြီး ထိုအဆောက်အဦးနှင့် ခပ်ဝေးဝေးကို ရောက်မှ အမောဖြေရင်း တယောက်ကို တယောက် သတိထားမိကြပါသည်။ ထိုစဉ်မှာပင် ဆွဲထားသောလက်ကို မလွှတ်သေးပဲ သူက မေးခွန်းတခုကို ကောက်ခါ ငင်ကာ မေးလိုက်တာ ဖြစ်သည်။

ထိုမေးခွန်းမှာ အသက် ၁၈ နှစ်ပြည့်အောင် စောင့်ရအုံးမှာလား… ဟူ၍ပင်…။
ရုတ်တရက်မို့ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထုံးစံအတိုင်း လူက ကြောင်သွားသေးသည်။ ပြီးမှ သတိရသွားသည်။ လွန်ခဲ့သော တနှစ်ကျော်လောက်က သူ အဖြေတောင်းစဉ်အခါက အသက်ငယ်သေးတယ် ၁၈ နှစ်ပြည့်မှ စဉ်းစားနိုင်မယ်... ဟူသော အူတိ အူကြောင် ဆင်ခြေမျိုး ပေးခဲ့ဖူးကြောင်း ပြန်သတိရသွားသည်။ ထိုအခါ ကြောက်နေသည့်ကြားမှ အလွန်အမင်း ရယ်ချင်သွားသေးသည်။ တဆက်တည်းမှာပင် ငါတော့ လိုက်လာမိတာ မှားပါပေါ့လား… ဟု နောင်တတွေ အကြီးအကျယ်ရကာ ဘုရားရေ ပေါင်းလည်း အခါတသိန်း တ မိသည်။

သို့သော်လည်း အစစ အရာရာ ပြေလည်နေပါလျက်နှင့် တမင် ညစ်တွန်း တွန်းပြီး အချိန်ဆွဲထားသော ကိုယ့်အကြောင်းကို ကောင်းကောင်းကြီး သိနေသော သူက အဖြေကို ကိုယ်ပြန်ဖြေစရာမလိုတော့အောင် လိမ်မာပါးနပ်စွာ အရ ယူသွားခဲ့လေသည်။

* * * * * *

ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသစွာ ထူးထူးခြားခြား အစွမ်းကုန် လှပလို့ နေခဲ့သည်။ ထိုနှစ်မှ အစပြု၍ ဒီဇင်ဘာတိုင်းတွင် လှပသော နှင်းပွင့်ဖြူဖြူများ ထူထဲ သိပ်သည်းစွာ ကျနေရန် မလိုပါ။ ခရစ်စမတ် သစ်ပင်များမှာ အလှအပများ ပြင်ဆင် ချိတ်ဆွဲစရာ မလိုပါ။ လှပသေသပ်စွာ ထုတ်ပိုးထားသော လက်ဆောင်ပစ္စည်းများကို အပြန်အလှန် ပေးအပ်ရန် မလိုအပ်ခဲ့ပါ။ အိမ်နံရံပေါ်တွင် ခြေအိပ်နီနီလေးများ တန်းစီ ချိတ်ဆွဲပြီး ခရစ်စမတ်ဖိုးဖိုးကြီး အလာကို မျှော်နေစရာလည်း တကယ် မလိုအပ်ခဲ့ပါ။

ထို့အပြင် ခရစ်စမတ် အချိန်မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သလား… ခရစ်စမတ်အချိန်မှာ အမှတ်တရတွေ ရှိခဲ့ဖူးသလား… ခရစ်စမတ် အကြိုညချမ်းမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်သလဲ… အစရှိသော မေးခွန်းများအတွက် တိကျသေချာသော အဖြေတခုကလည်း ခိုင်ခိုင်မာမာ ရှိနှင့်နေခဲ့ပြီးဖြစ်သည်။ တမင် အမှတ်တရ သတိရနေစေရန် တကူးတက သတိထား မှတ်သားနေစရာ မလိုအပ်ခဲ့သော တသက် မမေ့စရာ အမှတ်တရများက ဒီဇင်ဘာနှင့် ခရစ်စမတ်ကို အလိုလိုနေရင်း လှသည်ထက် လှပအောင် စွမ်းဆောင်နိုင်ခဲ့သည်သာ…။


ညီမ ရိုစ့် (ကျွန်မဘဝ၏ အမှတ်တရ နေရာလေးတခု) ရဲ့ ခရစ်စမတ် အတွက် အမှတ်တရ Tag Post ပါ။ ဒီဇင်ဘာနဲ့ ခရစ်စမတ်ကို စွဲလန်း ချစ်ခင်တဲ့သူတယောက်အနေနဲ့ အတတ်နိုင်ဆုံး လှပအောင် ရေးသား ပုံဖေါ်ပေးထားပါတယ်…။ ညီမ ရိုစ့် ကျေနပ်မယ် ထင်ပါရဲ့…

27 comments:

rose said...

ဖတ်လို့ ပြီးသွားမှာ စိုးမိတယ် မမသက်ဝေ။ မမတို့ နှစ်ယောက်ရဲ့ အမှတ်တရ နေ့စွဲလေးကလည်း ခရစ်စမတ် အကြိုနေ့လေးပေါ့။ နူးညံ့ပြီး ကဗျာဆန်လိုက်တာ။ အမှတ်တရ အလေးအနက်ထားပြီး ရို့စ်ရဲ့ တက်ဂ်ပို့စ်လေးကို ရေးပေးလို့ ကျေးဇူးတင် ချစ်ခင်မိပါတယ် မမရေ...။ ကျေနပ်တယ်၊ နှစ်သက်တယ်။ ဒီလို စာကောင်းကောင်းလေးတွေ ထပ်ဖတ်လို့ရအောင် နောက်ဆို များများ တက်ဂ်ရမယ် ဟိဟိ :)

Angelhlaing(May everybody be happy and healthy! said...

တစ်ကယ်လှတယ်မမရေ..အမှတ်တရက ရင်ထဲစွဲနေအောင်ကို အမှတ်ရနေစေတော့မှာပဲ...နော် မမ :) ၊

Hmoo said...

လွမ်းအောင်လုပ်နေပြီ၊ကောင်းပါတယ်ဗျိုး
ကျေးဇူးအများကြီးတင်ပါတယ်...
Happy Holliday :)

Nyi Linn Thit said...

ဟား.. နေကြာစေ့ ခွာသံ တဖြောက်ဖြောက်နဲ့ ခရစ်စမတ်အိဗ် က ဂလိုနူးညံ့သိမ်မွေ့ ခဲ့တာကိုး..၊း) လူသေတွေ ခွဲတဲ့နေရာကို ပြတာဟာ ရိုးရိုးသားသား တိုက်ဆိုင်မှုလား၊ ကြိုတင် အကွက်ချ စီစဉ်မှုလား ဆိုတာ စောကြောချင်စရာတောင် ကောင်းနေသလိုလို..၊ ဒီ ပို့်စ်လေး ဖတ်ရတာ Bûche de Noël ဆိုတဲ့ ခရစ်စမတ် ချော့ကလက်ကိတ်ကို စားရသလိုပါပဲ..၊ ချိုအီမွှေးပျံ့ပြီး ချော့ကလက်နဲ့ အပြိုင်ကို ပျော်ဝင်ချင်စရာ...။း)

ပြည်ကောင်းအောင် said...

ရိုမန့်တစ် အကြောင်းအရာလေးတခု အကြောင်း ရေး ထားတဲ့ အရေးအသားလေးကလည်း ရိုမန့်တစ် ဆန်ဆန် အေးချမ်းလှပလို့..

Anonymous said...

:) ပျော်စရာ ကြည်နူးစရာလေး


နောင့်

Thandar Lwin said...

အမ ကိုကြီးတော့မသိ..ညီမတော့ ဒီစာလေးဖတ်ပြီး အမကို ဖက်နမ်းချင်လိုက်တာ..အဟိ။ ပျော်ရွှင်ကြည်နူးဖွယ် ခရစ်စမတ် ဖြစ်ပါစေ လို့။

ဝေ(စီးပွားရေးတက္ကသိုလ်) said...

မှတ်မှတ်ရရရှိစေမယ့် အမှတ်တရ ဒီဇင်ဘာလေးပါပဲ...
ငြိမ့်နေတာပဲညီမသက်ဝေရေ...

မဒမ်ကိုး said...

အင်းး မမရေ သူများတွေရဲ့အမှတ်တရလေးတွေကိုအရင်လိုက်ဖတ်နေတာ ဟိဟိ ကိုယ်ကတော့ လာမယ် ကြာမယ်
ကြည်နုးပျော်ရွှင်စရာကောင်းလိုက်ပါဘိတော့တယ်

ချစ်တဲ့

မဒိုးကန်

မိုးငွေ့...... said...

သပ်လှတဲ့ ဒီဇင်ဘာစာပန်းခင်းလေး...။ ရင်ခုန်ကြည်နူးမှုတွေနဲ့အတူ နှင်းတွေဝေနေခဲ့တယ်...။ မမသက်ဝေ အရေးအသားမှာ မျောသွားခဲ့တယ်...။
ပျော်ရွှင်သော ခရစ္စမတ်နဲ့ နှစ်သစ်လေးဖြစ်ပါစေ...။

မီယာ said...

ဖတ်လို့ ကောင်းလိုက်တာ... ပျော်စရာ ကောင်းတဲ့ ခရစ်စမတ် အမြဲ ဖြစ်နေမှာပေါ့ :)

ချော(အစိမ်းရောင်လွင်ပြင်) said...

သူများတွေရဲ့ ဒီဇင်ဘာက ရင်ခုန်ဖို့ကောင်း
ကြည်နူးဖို့ကောင်း
အိုး အကောင်းတွေချည်းပါလားနော်.
တော်လိုက်တဲ့ အစ်မသက်ဝေ..
ဒါကြောင့်လည်း ဒီဇင်ဘာကပိုပြီး ချစ်စရာ ကြည်နူးစရာကောင်းသွားတာကိုး..
ဖတ်ပြီး ပျော်တယ်။

စကားပန်း said...

ကြည်နူးစရာကောင်းလိုက်တာ...အမ သက်ဝေ...

Vista said...

သဘောတွေ ကျသွား

သဒ္ဓါလှိုင်း said...

ဖတ်ရင်းကြည်နူးမိပါတယ်မမသက်ဝေ။ တကယ့်ကိုလှပသက်ဝင်တဲ့ ဒီဇင်ဘာလေးပါပဲ။ ရင်ခုန်စရာကောင်းတဲ့ ဒီဇင်ဘာလေးတလ။။။
ချစ်တဲ့
သဒ္ဓါ

SHWE ZIN U said...

ကြည်နူးစရာ စာစု လေးပါဘဲ

ဒါပေမဲ့ နေကြာစေ့ သုံးထုပ် ဆိုတော့ လွန်တယ် နော် အစားပုတ်တယ်

Anonymous said...

အမတို့များ ကြည်နူးစရာလေးတွေနဲ့...:)

ခင်မင်လျက်
Junemoe

ကိုအောင်(ပျူနိုင်ငံ) said...

အပေါ်က ကော်မန့်တွေ ပြောသလိုပါပဲ ...း)

သတိုး said...

ပြန်တွေးတိုင်း ရင်ခုန်ကြည်နူးစရာ အမှတ်တရ ဒီဇင်ဘာ ပေါ့ဗျာ...။
မျှဝေကြည်နူးမိပါကြောင်း....
ခင်မင်သော သတိုး

...အလင်းစက်များ said...

ခုရော နေကြာစေ့ အခွံခွာပေးသေးသလား အစ်မ. :P

mstint said...

ကြည်နူးမှုလေးတွေနဲ့အတူ ဒီဇင်ဘာရဲ့အမှတ်တရလေး
ဖတ်သွားတယ် မသက်ရေ။ စာရေးကောင်းတယ်။
Merry Christmas & Happy New Year !!!
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

မြသွေးနီ said...

ရင်ခုန်နှစ်သက်စရာ...
သူတို့နှစ်ဦးရဲ့ ခရစ်စမတ်ရက်လေးက စွဆောင်သွားတယ်။
နူးညံ့တဲ့အရေးအသားက စာဖတ်သူရဲ့ စိတ်ကိုတောင် ပျော့ပြောင်းသွားသလိုလို..။

(ခရစ်စမတ်ရက် အွန်လိုင်းမတက်ဖြစ်လို့ အခုမှ ရောက်တော့တယ် အစ်မသက်ဝေရေ...)

rose of sharon said...

နူးညံ့သိမ်မွေ့လှပလွန်းတဲ့ အမှတ်တရဒီဇင်ဘား))

Thandar Lwin said...

အမ သက်ဝေ C Box မှာ ရေးမရ လို့ ဒီမှာဘဲ ရေးလိုက်ပါတယ် ။
၂၀၁၂ မှာ အမ သက်ဝေ ပျော်ရွှင် ကျန်းမာ စိတ်ချမ်းသာ ပြီး ကောင်းသော လိုအင် ဆန္ဒတွေ ပြည့်စုံပါစေ ။ လှပ တဲ့ စာ လှလှ လေးတွေ အများကြီးရေး နိုင်ပါစေ ။ အမရဲ့ ကိုကြီး ကို လဲ ဒီထက်ရစ်နိုင်ပါစေ လို့ ဆုတောင်းပေးပါတယ် ၇ှင်။

Thandar Lwin said...

အမ သက်ဝေ C Box မှာေ၇းမရ လို့ ဒီမှာဘဲ ရေးသွားပါတယ်။
၂၀၁၂ မှာ အမ သက်ဝေ ကျန်းမာပျော်ရွှင်စွာဖြင့် ကောင်းသော လိုရာဆန္ဒတွေ ပြည့် စုံ ပါစေ ။ လှပ ချစ်စရာကောင်းသော စာလေးတွေ အများကြီးရေးနိုင်ပါစေ ။ အမရဲ့ ကိုကြီး ကိုလဲ ဒီထက် ပိုပြီး ရစ်နိုင်ပါစေလို့ ဆုတောင်းပေးပါတယ်ရှင်။

မြတ်ကြည် said...

မမသက်ဝေ ချစ်ခြင်းအစရဲ့ နောက်ဆက်တွဲလေးပေါ့နော်။ :)

Myat Pan Nwe (မြတ်ပန်းနွယ်) said...

ဖတ်ပြီး စိတ်တွေ အရမ်းကြည်နူးသွားမိတယ်။