Sunday, January 30, 2011

ပန်းများနှင့် လှပသော နံနက်ခင်းတခု

အမှန်ကတော့ စာအသစ်တင်ဖို့ပါပဲ…။ ရေးလက်စတွေ အဆုံးမသတ်ရသေးခင်မှာ မနေ့က Orchid Garden မှာ ရိုက်ဖြစ်ခဲ့တဲ့ ဓါတ်ပုံတချို့ကို တင်လိုက်ပါတယ်။ Orchid Garden သွားမယ်ကြံတိုင်း မိုးက အမြဲရွာတယ်။ မနေ့ကလဲ မိုးရွာတယ်…။ မိုးရွာလာရင် မိုးခိုလိုက်၊ မိုးနည်းနည်းစဲသွားရင် ထွက်ရိုက်လိုက်နဲ့ ရိုက်ခဲ့ရတာ။ နောက်ဆုံး ပြန်မယ်လုပ်တော့မှ မိုးက တအားရွာချတာ။ လူသာအစိုခံနိုင်မယ် ကင်မရာတော့ အစိုမခံနိုင်ဘူးလေ… ဒီတော့ အတူတူသွားတဲ့ ညီမနဲ့ နှစ်ယောက်သား ကင်မရာတွေကို လုံလုံခြုံခြုံသိမ်းပြီး မိုးရွာထဲမှာ ပြေးခဲ့ရသေးတယ်…။

ဓါတ်ပုံတွေတင်လိုက်ရင် ဘလော့ဂ်က ဖွင့်ရတာ လေးနေလို့ ဓါတ်ပုံတွေ မတင်တော့ဘူးလို့ တွေးထားတာ။ ဒါပေမယ့်လည်း ခြောက်သွေ့နေတဲ့ ဘလော့ဂ်ကို သနားလို့ နည်းနည်းတော့ တင်လိုက်တယ်…။ Facebook မှာတော့ ပန်းပုံတွေ ပုံ ၃၀ လောက်ကို အုပ်စု သုံးစုခွဲပြီး တင်ဖို့ ရည်ရွယ်ထားတာ အခုတော့ နှစ်အုပ်စု တင်ထားပြီးပါပြီ။ ဘေးက Sidebar မှာရှိတဲ့ Facebook Link ကနေတဆင့် သွားကြည့်နိုင်ပါတယ်…။ ဒါပေမယ့် Facebook မှာက Resolution ကို တော်တော်လေးချထားလို့ ကြည့်ရတာ အရောင်တွေ သိပ်မစိုပြေလှဘူး…။

ဒီအုပ်စုကို "အုပ်စုဖွဲ့၍ နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်…။




ဒီအုပ်စုကိုတော့ "အေးရာအေးကြောင်း နေထိုင်ကြသူများ..." လို့ အမည်ပေးထားပါတယ်...။




ဒီအုပ်စုကိုတော့ "သူနဲ့သာဆိုရင်…" လို့ ကဗျာဆန်ဆန် နာမည်ပေးထားပါတယ်...။




ကျန်တဲ့ပုံတွေကိုတော့ ဒီနေရာမှာ ဆက်ကြည့်လိုက်နော်...။
အခုလောလောဆယ်မှာ ရာသီဥတုက တော်တော်အေးနေတော့ Flu ဖြစ်တဲ့သူတွေ တအားများနေတယ်။ ကိုယ်တိုင်လည်း နှာစေး ချောင်းဆိုး လည်ချောင်းနာနဲ့...။ ဒါကြောင့် နေကောင်းအောင် သတိထားပြီးနေကြပါ… အေးအေးဆေးဆေး အနားယူရမယ့် ရုံးပိတ်ရက်ကြီးမှာ ဖျားနေရရင် မမိုက်ဖူးလေ… နော်…။
ပျော်ရွှင်ဖွယ်ရာ ပိတ်ရက်များဖြစ်ကြပါစေ...




Thursday, January 20, 2011

လှသထက် လှမယ်ဆိုရင်

မြန်မာစကားထဲမှာ ဝလို့ လှလို့ ဟူသော စကားကို လူတိုင်း ကြားဖူးကြမည်…။ ထိုစကားသည် အရင်ဟိုး ရှေးရှေးခေတ်ကတော့ မှန်ကောင်း မှန်ပါလိမ့်မည်…။ သို့သော် ဒီနေ့ခေတ် ဒီနေ့အခါမှာတော့ ဘယ်လိုနည်းနှင့်မျှ မမှန်နိုင်တော့ပါချေ။ မမှန်ပုံ မမှန်နည်းကို အခု ပြောပြပါမည်။

အခုတလော တွေ့နေရသမျှ လူတိုင်း ကြီးကြီး ငယ်ငယ် လူမျိုးမရွေး၊ ဘာသာမရွေး၊ အရွယ်မရွေး တွင်တွင်ရေရွတ်နေကြသော စကားမှာ ငါ ဝနေတယ် ဟူ၏။ တယောက်နှင့်တယောက် တွေ့ဆုံကြသောအခါများမှာလဲ နင်တော့ဖြင့် ဝလာတယ်… ငါတော့ဖြင့် ဝလာတယ်… စသည်ဖြင့် အခြား အခြားသော အရေးများထက် ဝရေး ပိန်ရေးတွေကိုသာ အရင်ဆုံး ပြောဆိုဖြစ်ကြသည်လေ။ တွေ့ရသမျှ ကျားကျား မမ ဘယ်သူမှ မဝချင်ကြ…။ ပြီးတော့ နည်းနည်းဝသောသူများကလည်း ဝိတ်ချကြသည်။ များများဝသောသူများကလည်း ဝိတ်ချကြသည်။ ပြောရရင် လူတိုင်းလိုလို ဝိတ်ချရန်သာ ကြိုးစားနေကြသည်။ ထို့ကြောင့် ဝနေခြင်းနှင့် ဝိတ်လျှော့နေကြခြင်း တို့သည်သာ နေရာတကာမှာ Hot Topic ဖြစ်နေလေ၏။

သည်လိုနှင့် ကိုယ့်ပတ်ဝန်းကျင်မှာ ဝိတ်ကို concern ဖြစ်လာကြသူ အများအပြားတွေ့နေရသောကြောင့် ကိုယ်လည်း ကိုယ့်ကိုယ်ကိုယ် သတိထားကြည့်လိုက်မိသည်…။ ထိုအခါ ငါလဲ ဝနေပြီ ဟု အဖြေထွက်ပေ၏။ အရင်ကတော့ အရပ်ကလေး ကယ်နေသောကြောင့် နည်းနည်းပါးပါး ဝလာလဲ ဝလို့ ဝနေမှန်း သိပ်မသိသာ…။ အခုမှ တွေးမိသည်မှာ သည်အရပ်နှင့်သာ ဝချင်းမက ဆက်ကာ ဆက်ကာ ဝလာပါက Ms. Giant ဖြစ်သွားနိုင်သည်။ သည်လိုတော့ မဖြစ်ချေ… အများနည်းတူ… ကိုယ်လဲ ဝိတ်ချရန် စဉ်းစားရတော့၏။

ဝိတ်ချရန် ဟူသော ခေါင်းစဉ်နောက်တွင် လေ့လာစရာရှိသည်များကို အဆောတလျှင် လိုက်လံ ဖတ်ရှုလေ့လာ၏။ တိုတိုပဲ ပြောကြပါစို့…။ ဝိတ်ချသည့်နေရာမှာ အဓိက အကျဆုံးမှာ ကိုယ်နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏ (Daily Calorie Needs) ကို သိရန် ဖြစ်သည်။ ထို့ကြောင့် ကိုယ်လိုချင်သော၊ ကိုယ် Target ထားသော ဝိတ်ကို ရောက်ရန်အတွက် မိမိ၏ တနေ့တာ လှုပ်ရှားမှုပေါ်တွင် မူတည်ပြီး နေ့စဉ် စားသုံးနိုင်သော ကယ်လိုရီပမာဏကို
ဒီနေရာမှာ တွက်နိုင်သည်။

ထိုနည်းဖြင့် နေ့စဉ် စားသုံးနိုင်သော (လိုအပ်သော) ကယ်လိုရီပမာဏကို သိပြီးသောအခါ နေ့စဉ်စားသုံးသော အစားအစာများတွင် ပါဝင်သော ကယ်လိုရီတွေကို သိရန်မှာ ပို၍ပင် အရေးကြီးသေးသည်။ ကိုယ် ထင်မထားသော အချို့စားစရာများသည် မထင်မှတ်သော ကယ်လိုရီပမာဏများ ရှိနေကြသည်။ ကြောက်စရာ…

စပျစ်သီးသေးသေးလေး ၈ လုံးသည် ပန်းသီး ခပ်ရွယ်ရွယ်တလုံး (သို့) ကီဝီသီး နှစ်လုံးနှင့် ညီမျှပြီး ကယ်လိုရီ ၆၀၊ Almond Nut ၈ စေ့သည် ကယ်လိုရီ ၁၂၀၊ Cashew Nut ၁၀ စေ့သည် ကယ်လိုရီ ၁၂၀၊ လက်သီးဆုပ်တခုစာ ထမင်းဖြူသည် ကယ်လိုရီ ၁၇၀ ရှိနေသည်ဟု ဘယ်သူ သတိထားမိမှာလဲ…။ ထို့ထက်ပိုဆိုးသည်က ဒီမှာ လူအများ နေ့စဉ်စားသုံးဖြစ်နေကြသော ကြက်ဆီထမင်းတပွဲမှာ ကယ်လိုရီ ၆၀၀၊ Minced Meat Noodle တပွဲမှာ ကယ်လိုရီ ၅၅၀၊ ပြီးတော့ Curry Fish Head တပွဲမှာ ကယ်လိုရီ ၁၃၅၀ (လူ ၄ ယောက်ပဲ အတူတူ share စားအုံး တယောက်ကို ၃၀၀ ကျော်… တခြား ဘာမှ မပါသေး…)၊ ရှမ်းခေါက်ဆွဲ ၁၀၀ ဂရမ်သည် ကယ်လိုရီ ၃၆၀၊ အဆီနှင့်တွဲလျှက် ဝက်သား ၁၀၀ ဂရမ်သည် ကယ်လိုရီ ၄၅၀၊ မြေပဲလှော် ၁၀၀ ဂရမ်သည် ကယ်လိုရီ ၅၆၀… ဘုရား… ဘုရား… သည်လိုနှင့် ကိုယ် မသိလိုက်ပဲ မလိုအပ်သော ကယ်လိုရီတွေ စားသုံးမိခြင်းကြောင့် ဝသည်ထက် ဝလာရခြင်း ဖြစ်မည်ဟု တွေးမိသည်။

ခန္ဒာကိုယ်အတွက် တနေ့တာ လိုအပ်သော ကယ်လိုရီ အတိုင်းစားပါက မိမိ၏ လက်ရှိ ကိုယ်အလေးချိန်ကို ဒီအတိုင်း ဆက်လက် ထိန်းသိမ်းထားနိုင်မည်ဖြစ်သည်။ လက်ရှိ ကိုယ်အလေးချိန်ကို လျှော့ချလိုပါက တနေ့တာလိုအပ်သော ကယ်လိုရီထဲမှ ရာခိုင်နှုန်းအနည်းငယ်ကို လျှော့ချသင့်သည်။ ကိုယ်ကတော့ လိုချင်သော Target တခုကို မရောက်မချင်း တနေ့တာ ကယ်လိုရီ၏ နှစ်ဆယ် ရာခိုင်နှုန်းကို လျှော့စားဖို့ စဉ်းစားသည်။ ထို့ကြောင့် အခု ဘာပဲစားစား ကယ်လိုရီကို ကြည့်ပြီး တွက်ပြီးမှ စားသော အကျင့်လုပ်နေသည်။ ဘာပဲ စားစား အထုတ်ပေါ်မှာ (သို့) ဗူးပေါ်မှာ ရေးထားသော စာပိစိလေးတွေမှာ ကယ်လိုရီကို အရင် ရှာဖတ်သည်။ Mc Donald တို့ KFC တို့ စာဖြစ်လျှင်လဲ မစားခင်မှာ Nutrition Chart မှာပါသော Information တွေ အရင် ကြည့်ဖြစ်သည်။ တချို့ဟာတွေကို ဂူဂယ်၏ အကူအညီယူပြီး ရှာမိသည်။ အရင်က စားခါနီး သောက်ခါနီးတိုင်း ကင်မရာတလုံးနှင့် ရှုပ်ရှက်ခတ်ပြီး စားအံ့ဆဲဆဲမှာ လူတွေကို ဒုက္ခပေးတတ်သော မသက်ဝေ၊ အခုတော့ တခုခု စားဖို့အရေး ဂူဂယ်မှာ ကယ်လိုရီ ရှာရပြန်သည်။ ရူးတယ်လို့ ပြောချင်လဲ ပြောကြပါစေတော့… ပုံပျက်ပန်းပျက် ဝလာမှာတော့ အနည်းငယ်မျှ မလိုလားပါလေ…။

သူများတွေလို လေ့ကျင့်ခန်းတွေ ဘာတွေ လုပ်ရမှာလဲ သေမတတ် ပျင်းသောကြောင့် နေ့စဉ် ပုံမှန် ထမင်းဟင်းကို အဟာရဖြစ်အောင်၊ လိုအပ်သော ကယ်လိုရီ ရောက်အောင်၊ ကျန်းမာရေးကို မထိခိုက်အောင် စားသည်။ တီဗွီကြည့်ရင်း ကွန်ပျူတာကြည့်ရင်း အချိန်မရွေး မျက်စိရှေ့ တွေ့ရာ မြင်ရာ snacks တွေကို ကြုံရင် ကြုံသလို ကောက်စားတတ်သော အကျင့်ကို ဖျောက်ရသည်။ ဘာရယ်မဟုတ် ဗိုက်မဝပဲ အလကားနေရင်း ကယ်လိုရီတွေများနေစေသော အစားအစာများကို ရှောင်ရှားသည်။

အရင်က တဗူးလုံး တထိုင်ထဲ ကုန်အောင် စားမိတတ်သော Pringles အာလူးကြော်မှာ တဗူးကို ကယ်လိုရီ ၈၀၀ ကျော်ပါတာ တွေ့ရတော့ အတော်လေး လန့်သွားသည်။ KFC စားလျှင် Thigh ပေးပါ ဟု မှာမိသည်။ ပြန်ကြည့်လိုက်တော့ Thigh တခုမှာ ကယ်လိုရီ ၂၅၀ ရှိနေသည်။ သူ့ထက်စာလျှင် Breast က တော်သေးသည်… ၂၀၀ ကယ်လိုရီတဲ့…။ ရေခဲမုန့် one scoop မှာ ကယ်လိုရီ ၁၆၀… ထမင်းစားပြီးမှာ ရေခဲမုန့်ကို အချိုတည်းသလို စားလိုက်လျှင် ဘယ်နှစ် scoop ဝင်လို့ ဝင်သွားမှန်းမသိ ထမင်းတခါစားသလောက် ထပ်ဝင်သွားတာ အသေအချာ… ဒါမျိုးကို ရှောင်ရသည်။ အလွယ်တကူ လိမ်မော်ရည်ဗူးလေးတွေ မကြာခဏ ဝယ်သောက်မိသည်… အခုမှ ကြည့်လိုက်တော့ 250 ML ဗူးသေးလေး တဗူးကို ၁၃၀ ကယ်လိုရီ တဲ့…။ အလကားနေရင်း ရေလိုဝင်သွားပြီး ဘာမှလဲ အဟာရမပေးသော လိမ်မော်ရည်တွေ အချိုရည်တွေကိုလည်း ရှောင်ရသည်။

အဓိက ကိုယ့်ရဲ့အသည်းကျော်
ကော်ဖီ… ဘလက်ကော်ဖီမှာ ကယ်လိုရီ လုံးဝမရှိ…။ သို့သော် ကိုယ်က ကော်ဖီကို နို့နဲ့ သကြားနဲ့ သောက်တာလေ… ကော်ဖီတခွက်ကို မရှိဘူးဆို ကယ်လိုရီ ၁၀၀ တော့ အနည်းလေးရှိသည်။ တနေ့ကို သုံး လေး ခွက် သောက်မိနေတော့… အခြေအနေက မကောင်း။ Starbucks က Mocha တခွက်မှာ Cream မပါရင်တောင် ကယ်လိုရီ ၃၀၀ ဆိုတော့ တကယ့်ကို ကြေကွဲမိသည်။ သို့သော် Green Tea မှာ ကယ်လိုရီ လုံးဝမရှိ… ဒီတော့ တချို့ ကော်ဖီချိန်တွေမှာ Green Tea ကို အစားထိုးရသည်။

သည်လိုနှင့် တပတ်လောက်အတွင်းမှာ လူက နေရတာ အနည်းငယ်ပေါ့ပါးလာသလို ခံစားရသည်… အဝတ်တွေ ဝတ်ရတာ ပိုပြီး သက်သာ ချောင်ချိလာသလို ခံစားရသည်။ အမျိုးသားကတော့ စိတ် စိတ်ပါကွယ်... ဟု ခပ်တိုးတိုး (မကြားတကြား) ရေရွတ်နေလေသည်။ အခုလောလောဆယ်မှာ ဝိတ်ကိုတော့ ချိန်မကြည့်… ချိန်မကြည့် ဆိုတာထက် မချိန်ရဲ မချိန်ချင်… ဆိုလျှင် ပိုမှန်မည်။ (အိမ်က ပေါင်ချိန်စက်အကြောင်း နောက်တပိုစ့်မှာ ရေးပြပါမည်။)

ဘာပဲဖြစ်ဖြစ်လေ… Something is better than None… မဟုတ်ပါလား..။
ဘာမှမလုပ်ပဲ ဒီအတိုင်းနေနေမည့်အစား သတိလေးနဲ့ နေ၊ သတိလေးနဲ့ စားလိုက်တော့ ဘယ်သူ ဘာပြောပြော ကိုယ့်ကိုယ်ကိုယ်တော့ ကျေနပ်နေတာ အမှန်။ လောကကြီးမှာ ကိုယ့်ကိုယ်ကိုယ် ကျေနပ်စွာ နေတတ်ဖို့လည်း အရေးကြီးသည်သာ။ သည်တော့ ဝလို့ လှလို့ ဟူသော ရှေးစကားကို ပျော်ပျော်ကြီး ဆန့်ကျင်ပြီး ကိုယ့်လိုပဲ ဝနေသူများ၊ ဝ စပြုလာသူများ၊ ဝ မလာအောင် ထိန်းသိမ်းချင်သူများအတွက် ရည်ရွယ်၍ သည်ပိုစ့်လေးကို ရေးလိုက်သည်။ သည်ပိုစ့်လေးကို ဖတ်မိပြီး တနေ့ တနေ့ ငါဘာတွေ စားမိပါလိမ့်၊ စားမိသမျှ စားစရာတွေမှာ ကယ်လိုရီ ဘယ်၍ ဘယ်မျှ ပါဝင်နေပါလိမ့် ဆိုတာကို သတိလေး ထားမိပြီး အနည်းအကျဉ်း ဆင်ခြင်နိုင်ကြလျှင် ကိုယ် ရေးရကျိုးနပ်ပြီပေါ့…။


နောက်ဆက်တွဲ...
သူငယ်ချင်းတယောက်က ဒီပိုစ့်ကို ဖတ်ပြီး ဘီယာဆိုရင်ရောလို့ မေးလာတဲ့အပြင် ကော်မန့်မှာ ကိုဘွိုင်းဇ်ကပါ လာမေးထားလို့ မထင်မှတ်ပဲ ဘီယာမှာပါတဲ့ ကယ်လိုရီ အကြောင်း သွားဖတ်မိပါတယ်…။ ဖတ်ပြီးတော့ ငါးပါးတွေမက သံဃာစင်ပါ မှောက်သွားတာပါပဲ…။ မမှောက်ခံနိုင်မလား… ကြည့်ပါအုံး... Alcohol Full Strength ရှိတဲ့ ဘီယာတခွက်မှာပါတဲ့ ကယ်လိုရီက ကော်ဖီတခွက်မှာပါတဲ့ ကယ်လိုရီနဲ့ တူတူပါပဲ... ၇၅ ကယ်လိုရီ ပါတဲ့…။ Light Beer ဆိုရင် သူ့မှာရှိတဲ့ ကယ်လိုရီက ကော်ဖီတို့ နို့တို့ Coke တို့မှာပါတဲ့ ကယ်လိုရီထက်ကို နည်းနေသေး ဆိုပဲ။ ဒီမှာ လဲ ဖတ်လို့ရသေးတယ်...။ ကဲ… ကိုဘွိုင်းဇ်ရေ… ဘီယာက ကယ်လိုရီ နည်းတယ်ဆိုတိုင်းလဲ စိတ်တိုင်းကျတွေ သောက်မနေနဲ့အုံးနော်…
မေးလို့သာ ပြောရတယ် တရားခံဖြစ်မှာတော့ ကြောက်သား…း))




Saturday, January 15, 2011

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း

အခုတလော ဒီမှာ နေ့တိုင်း မိုးရွာတယ်….
မိုး ဆိုတာ လူတွေရဲ့စိတ်ကို အတွေးအမျိုးမျိုး ခံစားမှု အမျိုးမျိုး ပေးတတ်တယ်။ မိုးရွာတာကို သဘောကျ နှစ်သက်တဲ့အချိန်တွေ ရှိနိုင်သလို တနေရာရာကို သွားခါနီး လာခါနီးမှာ မိုးရွာလို့ ဖြစ်လာတတ်တဲ့ နှောင့်နှေးကြန့်ကြာမှုတွေနဲ့ စိတ်အနှောက်အယှက်တွေကြောင့် မိုးရွာတာကို မနှစ်သက်တဲ့ အချိန်တွေလဲ ရှိနိုင်ပါတယ်။ မိုးကပေးတဲ့ ခံစားမှုတွေ၊ မိုးနဲ့ပတ်သက်တဲ့ အတွေးစတွေကတော့ ပြောပြရရင် အများကြီးပေါ့။ ဒီလိုနဲ့ မိုးတွေ သည်းသည်းမဲမဲရွာနေတဲ့ တနေ့မှာ မိုးရေစက်တွေထဲ လမ်းလျှောက်ထွက်တဲ့ အကြောင်းကို မိတ်ဆွေတယောက်က အခုလို ရေးဖြစ်ခဲ့တယ်လို့ ပြောပြီး ကိုယ့်ကို ပေးဖတ်ပါတယ်။ လူတိုင်း လူတိုင်းမှာ တခါတရံ (သို့) အခါများစွာမှာ စိတ်သွားတိုင်း ကိုယ်မပါတဲ့အရာတွေ ရှိတတ်စမြဲ… ဆိုတာကို သူနဲ့အတူ လိုက်ပါခံစားမိတာကြောင့် ဒီပိုစ့်လေးကို သူ့ဆီက တောင်းပြီး တင်လိုက်ပါတယ်။ ဖတ်ကြည့်ပါနော်…

မိုးရွာထဲတွင် လမ်းလျှောက်ထွက်ခြင်း




မနေ့ညကပါ။
စွေလိုက်တဲ့မိုး အငြိုးနဲ့များ ရွာလေသလားလို့ ထင်မိတယ်။ ကံဆိုးသူ သွားရာ မိုးလိုက်လို့ ရွာတတ်တယ်တဲ့လေ။ ဟုတ်လား မဟုတ်လားတော့ ဝေဖန် မဆန်းစစ်အားပါဘူး၊ စိတ်ဇောက လမ်းလျှောက်ဖို့ကိုသာ အားသန်နေတော့တယ်။

မိုးရွာထဲမှာ လမ်းလျှောက်ရတာကို ကြိုက်တဝက် မကြိုက်တဝက် အမြဲဖြစ်နေပြန်တယ်။ မကြိုက်တဲ့တဝက်က အဝတ်တွေ ရေစိုပြီးကပ်နေတာရယ် လမ်းကောင်းကောင်းမလျှောက်တတ်လို့ ရွှံ့တွေ သဲတွေ နောက်ကျောကို စင်တာရယ်… ။ ကြိုက်တဲ့ တဝက်ကတော့ မိုးစက်တွေနဲ့ တိုက်ရိုက်ထိတွေ့ရတာ။ ပြီးတော့ အမြဲ ပုံစံမကျဖြစ်နေတတ်တဲ့ ဆံပင်တွေ ရေစိုပြီး ပြားကပ်သွားတာတွေကိုပါပဲ။

အမိုးအကာမပါပဲ မိုးရေထဲကို လမ်းလျှောက်ထွက်ရင် မိုးရေစတွေ စင်လျင်စင်ခြင်း အပြစ်ကင်းတဲ့ ကလေးဘဝကိုပဲ စိတ်ရောက်မိတယ်။ မိုးရွာထဲမှာ ဆော့ကစားပြီး အမေ မဆူမခြင်း အိမ်ထဲကို မဝင်တတ်ခဲ့ဘူး။ လက်တွေ ပဲကြီးရေပွသလိုဖြစ်၊ နှုတ်ခမ်းတွေလည်း ပြာလုလုဖြစ်၊ လူလည်း မေးချင်းရိုက်နေတော့မှ အိမ်တံစက်မြိတ်အောက်က ရေတံလျှောက်အောက်ကို စ ဝင်တယ်။ ဒါတောင် ရေတံလျှောက်ကနေ တဆင့် ကျလာတဲ့ မိုးရေကို ခံထားတဲ့ စဥ့်အိုးနားမှာ ဟိုလှည့်ဒီလှည့် လုပ်နေလိုက်သေးတာကိုး။ နောက်ဆုံးအကြိမ် ဆင့်ခေါ်စာ ကြိမ်လုံးရွှမ်းခနဲ ရိုက်တဲ့အသံကို စောင့်နေသေးတာ။ ရေစိုစိုနဲ့ အရိုက်ခံရရင်တော့ မလွယ်ပါ… တကယ်ကို မလွယ်ပါ။

ကျောင်းစတက်တော့ မိုးတွေညို့လာရင် မိုးရေထဲမှာ လမ်းလျှောက်ချင်လာပြန်တယ်။ လွယ်အိတ်ထဲက စာအုပ်တွေကို ငဲ့ညှာရင်းနဲ့ မိုးစက်တွေကို လက်တွေ ခြေတွေနဲ့ပဲ နှုတ်ဆက်ခဲ့ရတယ်။ ကျောင်းကနေ ကျူရှင်ကူးအပြီး အိမ်ပြန်ရတာမို့လို့ မိုးရေချိုးဖို့ အချိန်ဆိုတာ မကျန်တော့သလောက်ပါပဲ။

အဲဒီလိုနဲ့ စာအုပ်တွေကို ငဲ့တဲ့အခါ ငဲ့လိုက် အချိန်အခါကို ငဲ့လိုက်၊ ဘေးနားက အဖော်ကို ငဲ့လိုက်နဲ့ မိုးရေစက်တွေကို အရင်လို၊ ဟိုးငယ်ငယ်တုန်းကလို လွတ်လပ်စွာ ရင်းနှီးခင်မင်ခွင့် ပါးလျားသွားခဲ့သည်။

တခါတရံ ရှားရှားပါးပါး ရတတ်သော အခွင့်အရေးတွေ ကြုံရင် လက်လွတ်မခံချင်ပြန်။ ရေတုတ်တုတ်ရွှဲအောင် စိုနေသော အဝတ်အစားများကို လျစ်လျူရှုလျက် လိုင်းကားပေါ်ကို မတက်ချင်တော့သောအခါ လမ်းလျှောက်ခြင်းဖက်ကို ပိုအလေးပေးမိပြန်သည်။ သို့သော် မကြာခဏ ဖျားနာတတ်သော သူမို့ အိမ်ပြန်ရောက်ရင် အဆူခံထိမှာလည်း သေချာသည်။ ရေစိုကြီးနဲ့ဆိုတော့ ကားပေါ်က တခြားသူတွေကို အားနာလို့ဆိုတဲ့ ဆင်ခြေနဲ့ လမ်းလျှောက်ခြင်းကို မတန်ရင်ကာ ဖုံးကွယ်ရဦးမည်။

မိုးရေစက်တွေရဲ့ အေးမြခြင်းက အတိုင်းမသိ စိတ်လက်ချမ်းသာခြင်းကို ဖြစ်စေသည်။ တကိုယ်လုံးအနှံ့ကို ဖြန်းပက်ပေးသည်။ အချောင်းလိုက်ဖြစ်နေသော ဆံပင်တွေကြားက မျက်နှာတလျှောက်မှာ ရေစီးကြောင်းတွေ ဖြစ်ထွန်းစေသည်။ မှုန်မှုန်ဝါးဝါးမြင်ကွင်းကို မိုးရေတွေက ဖုံးလိုက် လက်နဲ့ရေတွေကို သပ်ချလိုက်နဲ့ မျက်နှာကို ဝိုက်ပါတပ်ဖို့လိုများ လိုအပ်နေသေးတော့သလို...။

အခုလည်း မကြာခင်အချိန်လေးအတွင်းက အရှေ့တည့်တည့်က လမ်းမှာ အတော်လေး စည်စည်ကားကားရှိနေခဲ့သည်။ ဘတ်စ်ကားမှတ်တိုင်မှာ လူတွေ အုံခဲနေသည်။ မှတ်တိုင်ဘေးက မုန့်ဆိုင်၊ ကွမ်းယာဆိုင်မှ စလို့ လမ်းမထက် စတိုးဆိုင်တွေ အကုန်လုံး ရောင်းသူဝယ်သူတွေနဲ့ တရုန်းရုန်း။ အငွေ့တထောင်းထောင်းထအောင် ကင်နေသော အကင်ဆိုင်သည်လည်းကောင်း၊ အမွှေးနံ့ တလူလူနဲ့ ဖြတ်သွားသူတိုင်းကို နှိပ်စက်ကလူပြုနေသော ဘိုကလေးမုန့်ဟင်းခါးလား မြောင်းမြမုန့်ဟင်းခါးလားမသိ သည် လည်းကောင်း၊ စဥ့်အိုးခွက်အတွင်း အသီး အရွက် အသား အမျိုးအမည်စုံလင်စွာ ရောထည့်ပြီးရောင်းသော မြေအိုးမြီးရှည်သည် သည်လည်းကောင်း ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ကြလေပြီ။ မိုးစတင်ရွာပြီး သိပ်မကြာခင် ထိုသူတို့ အားလုံး ပျောက်ဆုံးကုန်ကြသည်။

ပြောင်းလဲငြိမ်သက်သွားသော လမ်းတစ်လျှောက် ဖြည်းဖြည်းနှစ်သက်စွာ လျှောက်လာရသည်မှာ အရသာတစ်မျိုးပင်။ ကိုယ်မရောက်ဖူးသော အရပ်ဒေသတစ်ခုကို ရောက်နေရသလိုလို။ ခပ်စောစောက ပျော်ရွှင်မြူးထူးစွာ လမ်းပေါ် ဖြတ်လျှောက်နေသူတို့သည် ယခုအခါတွင်မူ ကြောက်ရွံ့နေသည့်အလား အမိုးတစ်ခုခုအောက်မှ ငေးမောနေကြပြန်သည်။ တကယ်တမ်း ခုံမင်နေသည်မှာ အဆိုပါမိုးခိုသူတို့က မိုးရွာထဲကို စိတ်အေးလက်အေး ဖြတ်လျှောက်နေသော သူ့ကို ကြည့်တတ်ကြသည့် အကြည့်ကိုဖြစ်ပါလိမ့်မည်။

ထိုထို အရာတို့ ဖြစ်ပျက်စေလိုသော စိတ်သည် အရှိန်ပြင်းထန်လွန်းလှပေသည်။ ထိုင်နေသော ဘီးတပ်တွန်းလှည်းခုံပေါ်မှ အတင်း ကုန်းရုန်းထလိုက်သော်လည်း နှစ်ကာလကြာရှည်စွာ အိပ်မောကျနေခဲ့သော သူ့ခြေထောက်တို့သည် မသိလိုက်ဖာသာ။ တကယ်တမ်း သူစွမ်းသမျှသည် မှန်ပြတင်းတစ်လျှောက် အကြောင်းလိုက် စီးဆင်းနေသော မိုးရေစက်များကို မြင်လျက် စိတ်ဖြင့် တချိန်တုန်းကလို မိုးရေထဲမှာ လမ်းလျှောက်ထွက်ခြင်းပင်ဖြစ်ပါသည်………….

Tuesday, January 11, 2011

၁၁-၁-၁၁


ယခုနှစ် ၂၀၁၁ ခုနှစ်တွင် အထူးတလည် ကျော်ကြားသော နေ့စွဲ နှစ်ခုရှိသည်။ သူတို့အပြောအရတော့ (Hot Wedding Date) ဟူ၏။ ထိုရက်နှစ်ရက်မှာ ဇန္နဝါရီလ ၁၁ ရက် နှင့် နိုဝင်ဘာလ ၂၀ ရက် တို့ ဖြစ်ကြသည်။ ဇန္နဝါရီလ ၁၁ ရက်ကို ရေးလိုက်သောအခါ ၁၁-၁-၁၁ ဟု တွေ့ရပြီး နိုဝင်ဘာ ၂၀ ရက်ကို ရေးလိုက်သောအခါ ၂၀-၁၁-၂၀၁၁ ဟု တွေ့မြင်ကြရသည်။ နံပါတ်များကို ရေးရတာ လှသောကြောင့် ပေါ်ပြူလာ ဖြစ်သည်ဟု ယူဆမိသည်။ ထိုနှစ်ရက်သည် အထူးသဖြင့်တော့ မင်္ဂလာဆောင်မည့်သူများအတွက် ထူးခြားသောနေ့၊ Auspicious ဖြစ်သောနေ့၊ Luck ကောင်းသောနေ့များဟုလည်း ဆိုကြ၏။

သည်နေ့က ၁၁-၁-၁၁…
တစ်ဂဏန်း ငါးလုံးတို့ စုဝေးရာ နေ့တနေ့ ဖြစ်သည်။ ၎င်း တစ်ဂဏန်း ငါးလုံးကို (သင်္ချာတွက်စက်၏ အကူအညီဖြင့်) ပေါင်းကြည့်လိုက်သောအခါ အဖြေကား ၅ ဖြစ်၏။ သည်ကလူအများ၏ အပြောအရ ငါး ဂဏန်းသည်လည်း အတော်ကောင်းသော ဂဏန်း ဖြစ်သည်။ (မှတ်ချက် ။ ။ ငါး ဂဏန်း = Fish Crab မဟုတ်ပါ)။ ထို ၁၁-၁-၁၁ တစ် ငါးလုံးနေ့မှာ လက်ထပ်မင်္ဂလာဆောင်နှင်းမည့် စုံတွဲများ ROM တွင် ကြက်ပျံမကျ စည်ကားနေကြောင်း သတင်းမှာ တွေ့မြင် ကြားသိရသည်။

ထို တစ် ငါးလုံးနေ့... ၁၁-၁-၁၁ နေ့မှာ ရုံးမှ ခွင့်ယူထားသည်။ သူ့ကိုလည်း ခွင့်ယူဖို့ ပြောထားသည်။ သို့သော် ROM မှာ မင်္ဂလာ သွားဆောင်ရန်တော့ မဟုတ်ပါချေ။

မနက်ကို အိပ်ရာမှ စောစောထမည်။ ဘုရားမှာ ပန်း ဆီမီး ရေချမ်း ဆွမ်း ခဲဘွယ် ဘောဇဉ် ချိုချဉ် အစရှိသည်တို့ကို ကပ်လှူပူဇော်၍ ဘုရားကန်တော့မည်။ ဖေဖေ မေမေတို့ကိုပါ အာရုံပြု၍ ကန်တော့မည်။ ပြီးတော့ စောစောစီးစီး သူတို့ကို ဖုန်းဆက်နှိုး၍ ချိုသာစကားများ ပြောဆိုမည်။ တဆက်တည်းမှာ ဒီနှစ် ဘာလက်ဆောင်ပေးမှာလဲ… ဟု ချစ်စဖွယ် မေးလိုက်အုံးမည်။ ဒီတခေါက် ပြန်လာရင် သမီးကြိုက်တာ ဝယ်ပေးမယ် ဘာယူမလဲ စဉ်းစားထား… ဟူသော အဖြေမျိုး ရလျှင်တော့ အလွန်ပျော်သွားမှာ အသေအချာ…။

ဒါတွေပြီးရင်တော့ သူနှင့်အတူ ဟိုဟိုဒီဒီ လျှောက်သွားဖို့ စဉ်းစားထားသည်။ သူ့အပြောအရကတော့ ဒီနေ့ အထင်ကရ နေရာအတော်များများမှာ လူများမည်၊ စားသောက်ဆိုင်များတွင်လည်း လူကြပ်မည် တဲ့…။ ဒါဆိုလည်း ဘယ်နေရာတွေမှာ လူတွေများပြီး ဘယ်ဆိုင်တွေမှာ လူတွေ ကြပ်သလဲ လျှောက်ကြည့်ကြတာပေါ့… ဟု ပြောလိုက်သည်။ နည်းနည်းမှတော့ မလျှော့…။ ဒီနေ့မှာ တခုခု အလိုမကျ ဖြစ်လာပါက မွေးနေ့ရှင် စိတ်ညစ်အောင် မလုပ်နဲ့နော် ဟူသော စကားဖြင့် ခြိမ်းခြောက်ရမည်။ ထိုသို့ ခြိမ်းခြောက်ရန် အခွင့်အရေး စုစုပေါင်း ၂၄ နာရီ တိတိ ကိုယ့်မှာ ရှိနေသည်။ ရသမျှ အခွင့်အရေးကို အပြည့်အဝ အသုံးချပစ်မည်…။

မနှစ်က ကိုယ့်အသက်ကို ၅၀ ဟု မိတ်ဆွေကြီး ကလူသစ် က သေသေချာချာ သတ်မှတ်ပေးသွားသည်။ သည်နှစ်မှာတော့ တနှစ်ပိုကြီးသွားလေပြီ။ ထို့ကြောင့် ၁ ထပ်ပေါင်းပြီး ၅၀ + ၁ = ၅၁… ၅၁ နှစ်ဟု မှတ်ယူကြစေချင်သည်။

မနှစ်ကလိုပင် များပြားလှစွာသော ဖယောင်းတိုင်ဖိုး မတတ်နိုင်သောကြောင့် ကိတ်မုန့်လှီးခြင်းအမှုကို မပြုပါ။

မွေးနေ့လက်ဆောင်ကတော့ မွေးနေ့မတိုင်ခင် တော်တော်စောစောထဲက ကြိုပွိုင့်ဖြင့် ယူထားတာရော၊ မွေးနေ့အတွက်ဟု အကြောင်းပြကာ ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဝယ်ထားသောအရာတွေကို မယောင်မလည်ဖြင့် သူ့စာရင်းထဲမှာ ပေါင်းထည့်ထားတာရော၊ ဒီနေ့မှာ လိုက်ဝယ်ပေးဖို့ ပြောထားတာရော ဆိုတော့ အင်း… ပြန်ပြောပြဖို့တော့ တော်တော်ခက်ပါလိမ့်မည်။

မွေးနေ့ မတိုင်ခင်မှာ ကြိုရပြီးဖြစ်သော မွေးနေ့လက်ဆောင်အချို့ကတော့ ချစ်သူငယ်ချင်းများဆီမှ ဖြစ်သည်။ အင်္ဂလိပ်လိုရေးထားသော ဘုရားစာအုပ် နှစ်အုပ်၊ မြန်မာ ဝတ္ထုစာအုပ် နှစ်အုပ် နှင့် အပေါ်က နှင်းဆီပန်း ဓါတ်ပုံလေး၊ နှင်းပွင့်လေးလို ဖြူစင်သော အိတ်လေးတခု၊ နောက် အိတ်ဝါဝါ ရှည်ရှည်လေး တခု၊ ပြီးတော့ Checkered Shirt လေး တထည်အတွက် သက်ဆိုင်ရာ သူငယ်ချင်း လေးယောက်ကို သည်နေရာမှ ကျေးဇူးတင်ကြောင်း ပြောလိုပါသည်။ အသက်တွေကြီးလာပြီ အပြန်အလှန် မွေးနေ့လက်ဆောင်တွေ မပေးကြတော့ဘူး… ဟု ပြောထား ဆိုထား သဘောတူထားကြပြီး ဖြစ်သော်လည်း မမျှော်လင့်ပဲ ရလာသော၊ ပြီးတော့ ကိုယ်တိုင်လည်း တကယ် သဘောကျ နှစ်သက်သော လက်ဆောင်များဖြစ်သောကြောင့် ဝမ်းသာစွာဖြင့် ကျေးဖူးတင်ပါသည်။

ကြုံတောင့် ကြုံခဲ ရရှိခဲ့သော လူ့ဘဝ၏ သက်တမ်းမှာ ယခုဆိုလျှင် တဝက်မက ကျော်လွန်လာခဲ့ပြီ ဖြစ်သည်။ ကုန်လွန်ခဲ့သော အချိန်များမှာ ကိုယ်ပြုခဲ့သမျှသော ကောင်းမှု၊ မကောင်းမှုများအကြောင်းကို သည်ည အိပ်ရာမဝင်ခင် နဖူးပေါ်လက်တင်ကာ သေသေချာချာ တွေးတော စဉ်းစားပါအုံးမည်။ ကောင်းမှုများကို အရှည်သဖြင့် ကိုယ်နှင့်တပါတည်း ဆက်လက် သယ်ဆောင်ယူသွားနိုင်ရန် ကြိုးစားမည်ဖြစ်ပြီး မကောင်းမှု အကုသိုလ်များကိုတော့ သတိထားလိုက်မိသည့် အချိန်မှစ၍ အတတ်နိုင်ဆုံး ဖယ်ခွာ ရှင်းလင်းပြီး နည်းနိုင်သမျှ နည်းပါးစေမည်။ ရှေ့ဆက်ရမည့် နေ့ရက် ခရီးမှာ ဘယ်ရွေ့ဘယ်မျှ ရှည်ကြာဦးမည်ကို ဘယ်သူမှ အတတ်မပြောနိုင်။ ထိုကြောင့် ကျန်ရှိနေသမျှ အချိန်များမှာ ဘဝကို လောဘ၊ ဒေါသ၊ သောက၊ မောဟ ကင်းကင်းဖြင့် ရိုးသား အေးဆေးစွာ၊ နှစ်သိမ့် ရောင့်ရဲစွာ ဆက်လက် ရှင်သန်နိုင်ရန် တတ်အားသရွေ့ ကြိုးစားသွားပါဦးမည်။



ဒီနေ့မှာ ကိုယ်နှင့် မွေးနေ့တူသော ညီမ တယောက် အတွက်ပါ ဆုတောင်းလိုက်မည်။ Happy Birthday ညီမ Vista...!!

Saturday, January 8, 2011

နတ္ထိ


အိပ်ရာကနိုးထချိန်မှာ ပြူတင်းပေါက်ကနေ မြင်နေကျ မြင်ကွင်းကို လှမ်းကြည့်နေမိသည်။ စိတ်ကူးယဉ် ဝတ္ထုများထဲကလို ကြာဖြူ ကြာနီတွေ ရှိမနေသော၊ အရောင်အဆင်း ပြာလဲ့ ကြည်လင်မနေသော ညိုညစ်ညစ် ရေကန်တခု၊ ရေကန်၏ ဟိုးတဖက်မှ သစ်တောအုပ်ကလေးကတော့ သဘာဝအတိုင်း စိမ်းစိမ်းလန်းလန်း။ အခြားသူများအတွက် ဘာမှ မထူးဆန်းသော ထိုမြင်ကွင်းကိုပင် မရိုးနိုင်ပဲ နေ့စဉ် အိပ်ရာနိုးတိုင်း သတိတရ ကြည့်ဖြစ်သည်။ သည်နှစ်ပေပတ်လည် ပြူတင်းပေါက်လေးကို ရုပ်ရှင်ပိတ်ကားတခုသဖွယ် သဘောထားကာ ကြည့်နေရဦးမည့် အချိန်တွေ နောက်ထပ် နှစ်ပေါင်း မည်မျှကြာဦးမလဲ မသိနိုင်ပါ။ ကြည့်နေစဉ်မှာပင် ရေပြင်ကျယ်ကို ဖြတ်၍ တိုက်ခတ်လာသော လေတွေထဲမှာ မိုးငွေ့တွေပါလာကာ အေးမြလာသည်။ သိပ်မကြာခင်မှာ ကောင်းကင်တခုလုံး မှောင်မဲပြီး မိုးတွေ သည်းကြီး မည်းကြီး ရွာချတော့သည်။ နားထဲမှာ ကြားနေရသော ဆူဆူညံညံ မိုးစက်တွေ ရွာကျသံသည် သာယာသော ဂီတသံတခုဖြစ်သည်။ ခပ်ဝေးဝေးဆီက သစ်ပင်စိမ်းအုပ်အုပ်လေးတွေကို မိုးရေတွေထဲမှာ ဝိုးတဝါး လှမ်းမြင်ရသည်။ ပြီးတော့ မိုးရေစက်တွေကြားမှာ၊ အရှိန်တခုနဲ့ တိုက်ခတ်နေသော လေထန်ထန်တွေကြားမှာ၊ ဘယ်ဘယ် ညာညာ ယိမ်းနွဲ့နေကြသော သစ်ကိုင်းတွေနားမှာ၊ အပြေးအလွှား ပျံသန်းရင်း မိုးခိုစရာ နေရာရှာနေသော ငှက်ငယ်ကလေးများကို တွေ့ရသည်။ ကြားနေရသော ဂီတသံနှင့် သည်မြင်ကွင်းက တကယ့် ရုပ်ရှင်ပြကွက်တခုလို…။ ငှက်ကလေးတွေ… သူတို့ ဒီအနားကို ရောက်လာကြရင် သိပ်ကောင်းမှာပဲ၊ ဆန်ကွဲမရှိပေမယ့် ဆန်စေ့လေးတွေကို ထောင်းပြီး စားစရာ ဖန်တီးပေးမှာပေါ့။ သူတို့ အမောပြေ သောက်စရာ အပြာရောင် ရေခွက်ကလေးကိုလဲ အနားမှာ ချထားပေးမယ်။ သူတို့တတွေ ကျီကျီကျာကျာ အော်မြည်မယ့် အသံတွေကို နားထောင်ရတာ ဟိုတိုက်အိမ်ပေါ်က မကြာခဏ ဖွင့်လေ့ရှိတဲ့ ရစ်ချတ်ကလေဒါမင်ရဲ့ မာကျောကျော စန္တယားတီးလုံးသံထက်တော့ သာယာနာပျော်ဖွယ်ရှိမှာ ကိုယ်တိုင် သေချာနေသေးသည်။ ပျင်းရိငြီးငွေ့စရာကောင်းလှသော သည်အခန်းလေးထဲမှာ ရှင်သန်နေရတာ ကြာပြီ။ ထို့ကြောင့် ငှက်ကလေးတွေကို အဖေါ်အဖြစ် တောင့်တမိသည်မှာ သိပ်တော့ မဆန်းလှပါ။ သူတို့ ဒီနေရာကို ရောက်လာအောင် ဘယ်လိုခေါ်ရမလဲ… ရွှီကနဲ လေချွန်ပြီး အသံပြုလိုက်ရမလား… လက်ခုတ်တီးပြီး ခေါ်ရင် သူတို့များ လန့်သွားကြလေမလား… အခုနေမှာ လက်ထဲ ပုလွေတလက်လောက်ရှိရင် ကောင်းမှာဟု တောင့်တမိသည်။ ပုလွေသံကြားရင် သူတို့ ဒီပြူတင်းပေါက်ကို လာနားလေမလား…။ ဒါမှမဟုတ် ထီးတလက်နဲ့ အဲဒီတောအုပ်လေးပေါ်သွားပြီး သူတို့ကို သွားခေါ်ရရင် ကောင်းမလား။ ထီး… အခုမှသတိရသည်… ပိုင်ဆိုင်သမျှတွေထဲမှာ ထီးဆိုတာ ရှိရော ရှိရဲ့လား… ရှိလဲ ဘယ်နားမှာထားမိလဲ မသိတော့။ ထားပါလေ… မိုးရေထဲ လျှောက်သွားပြီး ခေါ်ရင်လဲ ရတာပဲ။ ခက်တာက သူတို့လေးတွေရဲ့ ယုံကြည်မှု၊ သူတို့ကို ရန်မမူ အန္တရာယ် မပေးပါဘူးဆိုတာ သေချာတဲ့ သူတို့ရဲ့ ယုံကြည်မှုတခုတော့ လိုအပ်နေသည်။ မိုးတွေထဲ အကာအကွယ်မဲ့ လျှောက်လာခဲ့သော မိုးရေတွေ ရွှဲရွှဲစိုနေတဲ့ လူတယောက်ဟာ သူတို့တတွေကို နွေးထွေးလုံခြုံတဲ့ မိုးလွတ်ရာ နေရာ တနေရာစာ ပေးနိုင်မယ်လို့ သူတို့ဘယ်လိုနည်းနဲ့ ယုံကြည်ကြမှာပါလိမ့်။ ယုံကြည်မှု ဆိုသော စကားလုံးအကြောင်း တွေးလိုက်မိချိန်မှာတော့ ရင်ထဲမှာ လှိုက်ကနဲ ဝမ်းနည်းသွားပြီး ရှက်ရွံ့စိတ်တို့နှင့်အတူ မျက်နှာကို လက်နဲ့ အုပ်ထားလိုက်မိသည်။ ဆက်သွယ်မှုတိုင်း၊ ဆက်ဆံရေးတိုင်းမှာ ယုံကြည်မှုတခုကတော့ မရှိမဖြစ် လိုအပ်နေသည်လေ။ တဦးနှင့် တဦးအကြား ယုံကြည်မှု မရှိလျှင် ရှေ့ကို ဘယ်လို ခရီးဆက်ကြမည်လဲ။ ယုံကြည်မှု ဟူသော စကားလေးသည် အပြောလွယ်သလောက် လက်တွေ့တည်ဆောက်ဖို့ရာမှာ အလွန်ခက်ခဲသည်။ ယုံကြည်မှု မရှိလျှင် ကျန်တာတွေသည်လည်း နတ္ထိ။ ခံစားဖူးသူမှ သိနိုင်လိမ့်မည်။ လောလောဆယ်မှာတော့ သည်အကြောင်းကို ဆက်မတွေးတာ ပိုကောင်းမည်။ မျက်နှာပေါ်အုပ်ထားသော လက်များကို ဖယ်ပြီး မိုးရေတွေထဲကို ပြန်ကြည့်လိုက်တော့ မိုးတွေက ပိုလို့သည်း၊ လေတွေက ပိုလို့ ထန်လာသည်။ လေပြင်းပြင်းတချက်အဝှေ့မှာ မှီတွယ်နေသော ပြူတင်းပေါက် ယိုင်နဲ့နဲ့လေးထဲကို မိုးစက်တွေ အရှိန်ပြင်းပြင်းနဲ့ ပြေးဝင်လာကြသည်။ ခန္ဓာကိုယ် အပေါ်တပိုင်းလုံး ရွှဲရွှဲစိုသွားသည်။ ဖြစ်နိုင်လျှင် သည် မိုးမြင်ကွင်းမှ မျက်နှာမလွှဲချင်သေးပါ။ သို့သော်လည်း ကြမ်းပြင်တွေ ရေစိုသွားတိုင်း ကြားရလေ့ရှိသော အိမ်ရှင်၏ ဆူပူ အပြစ်တင်သံကို စောစောစီးစီး မကြားလိုသောကြောင့် ပြူတင်းပေါက်ကို မပိတ်ချင် ပိတ်ချင်ဖြင့် ဆွဲပိတ်လိုက်ရသည်။ ပြူတင်းပေါက်လေးဘေးမှ လှည့်အထွက် အေးမြသော မိုးရေစက်များကြောင့် ကိုယ်ပေါ်မှ ချမ်းစိမ့်စိမ့် ခံစားမှုနှင့် တပြိုင်ထဲမှာ မျက်နှာပေါ်သို့ ရိုက်ခတ်ခဲ့သော မိုးစက်များကမူ အံ့သြဖွယ်ရာ နွေးထွေးနေကြောင်း သတိထားလိုက်မိသည်။ ထို့နောက် မျက်နှာကို လက်ဖြင့် အသာတို့ထိကာ စမ်းကြည့်လိုက်မိသည်။ မယုံနိုင်စရာ… ပြူတင်းတံခါးကို ပိတ်လိုက်သော်လည်း မျက်နှာမှာ မိုးရေစက်များက လာရောက်ထိမှန် စီးဆင်းနေဆဲ… ထိုမိုးရေစက်များသည် နွေးထွေးမြဲ နွေးထွေးဆဲ... ပြီးတော့ ပြူတင်းပေါက်လေးအပြင်မှာ ရွာနေသောမိုးတွေလို အဆက်မပြတ် ရွာနေဆဲ…။



Wednesday, January 5, 2011

ယူနီကုဒ် နဲ့ အင်နားရှား

(Photo from Google)


အခုတလော စာမျက်နှာတွေပေါ်မှာ ယူနီကုဒ် (Unicode) နဲ့ပတ်သက်လို့ ပြောထား ဆိုထားကြတာတွေ တော်တော်များများ တွေ့ရ ဖတ်ရ သိရပါတယ်။ ယူနီကုဒ်ရဲ့ အားသာချက်တွေ ကောင်းကွက်တွေအပြင် မြန်မာစာပေ အဆင့်အတန်း တိုးတက် မြင့်မားရေးတို့၊ မြန်မာစာပေရဲ့ တန်ဖိုးနဲ့ စံ တို့၊ မြန်မာအက္ခရာတွေရဲ့ အဆွဲအငင် အမှန်တွေ သိဖို့တို့၊ ယူနီကုဒ်မှာ သင်ပုန်းကြီး ရေးနည်းအတိုင်း ရေးနိုင်တာတို့တွေအပြင် မျိုးချစ်စိတ်၊ နိုင်ငံချစ်စိတ်၊ နိုင်ငံရေး၊ ပုဂွိုလ်ရေး… စုံလို့ စုံလို့ အများကြီးပဲ ဖတ်မိပါတယ်…။ အဲဒါတွေ ဖတ်ပြီး စိတ်ထဲမှာ အတော် နောက်ကျိ ရှုပ်ထွေးသွားတာ ဝန်ခံပါတယ်။

အရင်ကတော့ ကိုယ်ဖတ်နေကျ ဘလော့ဂ်တွေထဲမှာ ယူနီကုဒ်နဲ့ပတ်သက်ရင် ကိုဇက်တီရဲ့ ဖူးနုသစ် တခုလောက်ပဲ သတိထားမိပါတယ်။ အဲဒီနေရာမှာ အမှန်အတိုင်းပြောရရင် IE နဲ့ဖတ်လို့ရတဲ့ တခြားသူငယ်ချင်းတွေရဲ့ စာမျက်နှာတွေကို နေ့တိုင်းနီးနီး ရောက်တတ်ပေမယ့် အလွယ်တကူ ဖတ်မရတဲ့ ကိုဇက်တီဆီကိုတော့ (Mozilla Fire Fox ကနေတဆင့်) တပတ်တခါလောက်ပဲ ရောက်ဖြစ်ပါတယ်။ အဲဒီအခါကျမှပဲ ပိုစ့်တွေ သုံး လေးခု စုဖတ်ပြီး ကော်မန့်ရေး ဖြစ်ပါတယ်။

အခုတော့ ဇော်ဂျီကနေ ယူနီကုဒ်ကို ပြောင်းလဲရေးက စာမျက်နှာတွေပေါ်မှာ အတော်လေး နေရာယူလာတယ်။ အခုဆို ကိုယ် သတိထားမိသလောက် ကိုကိုဒီဘီဖြိုးမော်ထူးတေဇာ နဲ့ ရွှန်းမီ တို့ ဘလော့ဂ်တွေမှာ ယူနီကုဒ် ပြောင်းသွားပြီ။ TZA (ဒီဂိုလာ) ကလည်း ပြောင်းမယ်လို့ ပြောထားတယ်…။ နောက် ကိုယ်သိပ်မသိတဲ့ ဘလော့ဂ်တချို့မှာလဲ ပြောင်းထားတာ တွေ့ရတယ်။ မနေ့ကတော့ WeSheMe မှာ ကိုAndy ရေးထားတာ ဖတ်လိုက်ရတယ်။ သူက ယူနီကုဒ် ပြောင်းကြစို့ လို့ ခေါင်းစဉ်တပ်ထားတာကြောင့် ပြောင်းများ ပြောင်းသွားပြီလားလို့ အပြေးအလွှား သွားကြည့်မိပါတယ်။ သူ့ဆီရောက်မှ မပြောင်းရသေးပဲ ဇော်ဂျီပဲ ရှိသေးတာ တွေ့ရတယ်…။ ကိုAndy က မကြာခင်မှာ ယူနီကုဒ်ကို အတူတူပြောင်းကြဖို့ ဖိတ်ခေါ်တဲ့ အကြောင်း ရေးထားတာပါ။ သူကိုယ်တိုင်ကလည်း လူအများစုက လက်ခံပြီး ပြောင်းမှ (ပိုစ့် ၇၅၀၀ ပြည့်မှ) ပြောင်းမယ်ဆိုလို့ (ချက်ချင်းကြီးပြောင်းမှာ မဟုတ်သေးလို့) နည်းနည်းတော့ စိတ်သက်သာရာရမိတယ်။

မပြောင်းမဖြစ် ပြောင်းကြရမယ့် အချိန်တခုကျရင်တော့ အားလုံး အတူတူ ပြောင်းရမယ် ထင်ပါတယ်…။ အဲဒီလို ပြောင်းတဲ့အခါမှာလည်း Font တွေသာမက လက်ကွက်နဲ့ စာရိုက်နည်းပါ ပြောင်းကြရမှာ… တဲ့…။ ဒီလိုဆိုတော့ ဒီကိစ္စတွေကို နားလည် တတ်ကျွမ်းတဲ့သူတွေမှာ ဘာမှ ပြဿနာ ကြီးကြီကျယ်ကျယ် မရှိနိုင်ကြပေမယ့် ကိုယ့်လို ဘာမှ သေသေချာချာမသိ မတတ်တဲ့သူမျိုးမှာတော့ တော်တော်ကြီး ဒုက္ခရောက်မှာ သေချာပေါက်ပါ။ ကိုယ် ဒီ Blogspot လေး စလုပ်ခါစကတောင် သုံးလလောက် အချိန်ပေးပြီး စာတွေလိုက်ဖတ်၊ အစမ်း ဘလော့ဂ်တွေ ဖွင့်ကြည့်၊ အိမ်က ရုံးက နောက်ဆုံး သူငယ်ချင်းအိမ်က ကွန်ပျူတာတွေမှာပါ မကျန် လေးထောင့်တွေ မြင်ရလား မြန်မာစာတွေ မြင်ရလား လိုက်ကြည့်… အဲဒီလို နည်းအမျိုးမျိုးနဲ့ စမ်းသပ်ပြီးမှ ရခဲ့တာပါ။ ဒါကြောင့် အခုလဲ ဘန်နာလေး ဘာလေး နည်းနည်းပါးပါး ပြောင်းတာကလွဲလို့ တခြားဘာမှ ထူးထူးခြားခြား မပြောင်းရဲခဲ့တာ၊ HTML Code တွေကိုလဲ မတို့ မထိရဲခဲ့တာ ဒီနေ့အထိပါပဲ။

နောက်တခု စဉ်းစားမိတာကတော့ စာဖတ်သူတွေဖက်ကပါ။ ဘလော့ဂါအချင်းချင်း သူ့ဆီ ကိုယ့်ဆီ သွားလာ လည်ပတ် စာဖတ်ကြတဲ့အခါ၊ ကော်မန့်ပေးကြတဲ့မှာ သူလဲ ယူနီကုဒ် ကိုယ်လဲ ယူနီကုဒ်ဆို အဆင်ပြေပြေဖတ်နိုင်၊ ရေးနိုင်ကြပေမယ့် ဘလော့ဂါမဟုတ်တဲ့ ပုံမှန် စာဖတ်သူတွေအဖို့မှာ အခက်အခဲတွေ့နိုင်ပါတယ်။ ဒီကိစ္စကို အင်တာနက်ကရော လက်ကိုင်ဖုန်းနဲ့ပါ ဘလော့ဂ်ဖတ်တဲ့ မိတ်ဆွေ စာဖတ်သူ နှစ်ယောက်နဲ့ စကားပြောမိတဲ့အခါ သူတို့နှစ်ယောက်လုံးဆီက လေသံက တလေသံတည်း ထွက်လာပါတယ်။

“တနေရာမှာ Link တွေ့လို့ဖြစ်စေ၊ Link တွေမှာပါတဲ့ ဓါတ်ပုံ Thumbnail တွေကြောင့် ဖြစ်စေ စိတ်ဝင်စားစရာ စာမျက်နှာတခုကို ဖွင့်လိုက်ပြီး Font မတူလို့ ဖတ်လို့မရတဲ့ စာမျက်နှာတွေဆို လုံးဝ မဖတ်ဖြစ်ပါဘူး…” တဲ့။

အဲဒါကြောင့် ယူနီကုဒ် ပြောင်းဖို့ စဉ်းစားကြတဲ့အခါမှာ ဘလော့ဂါတွေက ကိုယ့်အချင်းချင်း သဘောတူ ပြောဆိုပြီး ပြောင်းလိုက်ကြရုံတင် မဟုတ်ပဲ စာဖတ်သူတွေအတွက်လဲ စဉ်းစားပေးသင့်တယ်လို့ ထင်ပါတယ်။ သူတို့ကရော ကိုယ်တို့ရေးတဲ့ စာတွေဖတ်ဖို့ ယူနီကုဒ်ကို အလွယ်တကူ လိုက်ပြောင်းကြမှာလား… တချို့က ယူနီကုဒ် တချို့က ဇော်ဂျီ... ဒီတော့ သူတို့ ဘယ်လို စာဖတ်ကြမလဲ…။

ပြီးတော့ ကိုယ်ရေးတဲ့ (ကိုယ် = သက်ဝေ) ဟိုမရောက် ဒီမရောက် စာတွေလိုက်ဖတ်ဖို့ စာဖတ်သူတွေမှာ အဆင်မပြေဘူးဆိုရင် မကောင်းဘူးလေ…။ အားနာစရာကြီး…။ ဘယ်သူမဆို အွန်လိုင်းမှာ စာရေးတယ် ဆိုထဲက အဖိုးတန်တာတွေပဲ ရေးရေး၊ အပျော်ဖတ်စာပေတွေပဲ ရေးရေး၊ သုတတွေ ရသတွေပဲ ရေးရေး အနည်းဆုံး စာဖတ်သူတော့ ရှိနေစေချင်ကြတာ သဘာဝပဲ မဟုတ်လား…။ (စာဖတ်သူ မလိုချင်ရင် ကိုယ့်ဟာကိုယ် နေ့စဉ်မှတ်တမ်းလို ရေးပြီး စာအုပ်လိုက်ပဲ သိမ်းထားတော့မှာပေါ့)

ပြောရမယ်ဆိုရင် နေ့စဉ် အလည်လာတဲ့သူတွေထဲမှာ ကိုယ့်ဘလော့ဂါ အချင်းချင်းထဲက စာလာဖတ်သူက လက်ချိုးရေလို့ရတယ်။ သို့သော် ဘလော့ဂါမဟုတ်တဲ့ စာဖတ်သူ သက်သက်က ဘလော့ဂါ အရေအတွက်ထက် အများကြီး ပိုပါတယ်။ ဒါကြောင့် စာဖတ်သူတွေရဲ့ အဆင်ပြေမှုကို မလွဲမသွေ ထည့်စဉ်းစားချင်တာပါ။

နောက်တခုက သူတို့ ကော်မန့် ရေးကြတဲ့အခါ…
“ဇော်ဂျီနဲ့ သုံးနှစ် သုံးမိုးမက ချစ်ကျွမ်းဝင်ပြီးသားမို့ ဒီကော်မန့်လေး ပေးဖို့အရေး စာရိုက်တော့ ပြန်မကျင့်နိုင်ဘူး… ရေးလို့မရရင် မရေးရုံပေါ့... ကိုယ်က ဇော်ဂျီနဲ့ ကော်မန့်ရေးတာ ယူနီကုဒ်ဘလော့ဂ်တွေမှာ ကိုယ့်ရေးတာတွေ ကပြောင်းကပြန် ပေါ်နေတာ တွေ့ရတာ နည်းနည်းတော့ စိတ် ကသိကအောက်ဖြစ်မိတယ်… အခုဆို ဖဘ မှာလဲ တချို့စာတွေ ကော်မန့်တွေကို ဖတ်လို့ မရတော့ဘူး...” လို့ ကိုယ့်ဆီမှာရော တခြား နှစ်သက်ရာ ဘလော့ဂ်တွေမှာ၊ ဘလော့ဂါတွေရဲ့ မျက်နှာစာအုပ်တွေမှာပါ အမြဲစာဖတ်ပြီး တခါတခါမှာ ကော်မန့်တွေရေးလေ့ရှိသူ တယောက်က ပြောပါတယ်။

ဒီတော့ ကိုယ်တိုင်က နည်းပညာတွေကို မတတ်ကျွမ်းတာက တကြောင်း၊ အပေါ်မှာ ပြောခဲ့တဲ့အတိုင်း စာဖတ်သူတွေအတွက် စဉ်းစားမိတာကတကြောင်း၊ ကိုယ့်ကို ဘယ်သူကမှ ရိုက်ပြီး ပြောင်းခိုင်းနေတာ မဟုတ်တာက တကြောင်း၊ မပြောင်းရကောင်းလားလို့ ဘယ်သူကမှ လာပြီး အပြစ်ဆိုမနေတာက တကြောင်း တို့ကြောင့် အခုလောလောဆယ်မှာ ဒီယူနီကုဒ် ဆိုတာကြီးကို အလွယ်တကူ ပြောင်းပစ်ဖို့၊ အချိန်တိုတိုအတွင်းမှာ ပြောင်းဖြစ်ဖို့ အစီအစဉ်မရှိသေးဘူးလို့ ဆိုချင်တာပါပဲ…။ စာမျက်နှာ အများစု (အများစု) က မပြောင်းမချင်းတော့ ကိုယ်လဲ မပြောင်းသေးဘူးလို့ စဉ်းစားမိတယ်။ အဲ… တချိန်မှာ စာရေးသူတွေရော စာဖတ်သူတွေ အားလုံးကပါ တက်ညီလက်ညီ လက်ခံပြီး ပြောင်းလဲကြတော့မှသာ ကိုယ်လဲ မဖြစ်မနေ လိုက်ပြောင်းဖြစ်ပါလိမ့်မယ်…။

ကျောင်းတုန်းက သင်ခဲ့ဖူးတဲ့ အင်နားရှား (Inertia) ဆိုတဲ့ စကားလုံးကို မှတ်မိကြမှာပါ။ အဲဒီ အင်နားရှား ဆိုတဲ့ စကားက လက်တင်ဘာသာစကား Iners ကနေ ဆင်းသက်လာတာဖြစ်တယ်။ အဓိပ္ပါယ်ကတော့ Idle သို့မဟုတ် Lazy တဲ့…။ ကျောင်းမှာ သင်ခဲ့ဖူးတဲ့ အင်နားရှားရဲ့ အဓိပ္ပါယ်က ရွေ့လျားနေတဲ့ အရာတွေဟာ ရွေ့မြဲ ရွေ့နေချင်တဲ့ သဘောရှိပြီး ရပ်နေတဲ့ အရာတွေဟာ ရပ်မြဲ ရပ်နေချင်တတ်တယ်... သူတို့အတွက် ပြင်းထန်တဲ့ တွန်းအားတခုမပါပဲ ရွေ့လေ့မရှိဘူး လို့ ဆိုတယ်…။

ကိုယ်လဲ အဲဒီလိုပါပဲ…
ဒီယူနီကုဒ်နဲ့ ပတ်သက်ပြီး အများစုဆီက ပြင်းထန်တဲ့ တွန်းအား တစုံတရာမပါပဲနဲ့တော့ အခုရပ်နေတဲ့နေရာကနေ တော်တော်နဲ့ ရွေ့ဖြစ်အုံးမယ် မထင်သေးပါဘူး…။



Tuesday, January 4, 2011

နှစ်သစ်လက်ဆောင် (သို့) တွယ်ငြိတတ်သော…


ကြိုး…
ကြိုး ဟုဆိုလိုက်လျှင် လူတိုင်း လူတိုင်းက ဟိုး အပ်ချည်ကြိုးမှ အစပြုကာ အထွေထွေ အပြားပြားသော၊ အရွယ်အစား အမျိုးမျိုးနှင့် ကြိုးပေါင်းစုံကို မျက်စိထဲ မြင်ယောင်လာကြမှာ သေချာပေါက်ပင်…။ မျက်စိဖြင့် မြင်နိုင်သော ကြိုးများကို သာမက လူကို လာရောက် ရစ်ပတ် တွယ်နှောင်တတ်သော အချစ်ကြိုး၊ သံယောဇဉ်ကြိုးများလို မျက်စိဖြင့် မမြင်နိုင်သော ကြိုးများကိုလည်း တဆက်တည်း တွေးမိ မြင်ယောင်မိသူများလည်း ရှိနေနိုင်သေးသည်။ (သည့်ထက်ပိုလာလျှင် သက်ဝေ၏ နာမည် ဂျင်ကြိုး ဆိုတာပါ တလက်စတည်း သတိရသွားသူများပင် ရှိကောင်း ရှိနေနိုင်သေးသည်။ ဤကား စကားချပ်…။)

မြင်ရသော ကြိုးများသည် လူတွေကို များစွာသော အကူအညီကို ပေးစွမ်းသည်။ အပ်ချည်ကြိုး၊ လျှော်ကြိုး၊ သံကြိုး၊ အဝတ်လှမ်းကြိုး၊ ဝါယာကြိုး စသည်ဖြင့်... နာမည်တွေတပ်နေလျှင် ဆုံးနိုင်မည် မဟုတ်။ သို့သော် ထိုကြိုးတွေသည် လူတွေ၏ နေ့စဉ် လုပ်ငန်းဆောင်တာများအတွက် အထောက်အကူပြုသည်မှာ သံသယရှိစရာ မလို။ နေရာတိုင်း နေရာတိုင်း ကြိုးများဖြင့် မကင်းနိုင်။ ကြီးကြီးကျယ်ကျယ်ပြောရလျှင် ကြိုးများမရှိပဲ လူသားတွေ၏ ဘဝ အဆင်မပြေနိုင်…။

သို့သော် လူအတော်များများက ကြိုး ဆိုတာကို မနှစ်သက်တတ်ကြပေ။ ကြိုးပါသော ပစ္စည်းများကို ရှုပ်သည် ဟုသာ အစဉ်မှတ်ယူတတ်ကြသည်။ ထိုအခါ ကြိုးများကို မမြင်ရအောင် ကြံစဉ်ကြသည်။ အိမ်မှာ မီးလင်းအောင် သွယ်ယူရသော မီးကြိုးများကို နံရံထဲတွင်ထည့်ကာ ကြိုးပျောက် တပ်ဆင်တတ်ကြသလို ကွန်ပျူတာကြိုးများ၊ ပရင်တာကြိုးများ၊ ကေဘယ်လ်များကိုလဲ ပိုက်အပျော့ထဲတွင် ကွယ်ဝှက်ထည့်သွင်းကာ အတတ်နိုင်ဆုံး မမြင်ရအောင်လည်း ဖန်တီးတတ်ကြသေးသည်။

နောက် လူတွေ ကြိုးကို မကြိုက်ရသော ဖြစ်နိုင်ချေရှိသော အကြောင်းတခုမှာ ကြိုး မည်သည် ချည်နှောင်တတ်သော၊ မထင်လျှင် မထင်သလို ရှုပ်ထွေးတတ်သော သဘောကို ဆောင်သောကြောင့်ပင်။ လူ ဆိုသည်မှာ အချည်နှောင်ခံချင်တတ်ကြသော အမျိုးအစား မဟုတ်ကြ…။ သူတို့ကသာ အမျိုးမျိုးသော ကြိုးတွေကို နေရာတကာမှာ အသုံးချကာ ချည်နှောင်နေကြသော်လည်း သူတို့ကို တစုံတခုသော ကြိုးဖြင့် လာရောက် ရစ်ပတ် တုတ်နှောင်ကြည့်ပါလား… အကြောင်းအမျိုးမျိုးပြကာ ခါးခါးသီးသီး ငြင်းဆန်ကြမည်သာ။ လူတိုင်း လူတိုင်းသည် လွတ်လပ်ငှက်ငယ်လေးများလို အနှောင်အဖွဲ့ ကင်းကင်းဖြင့် ပေါ့ပါးစွာ မိုးမြင့်ကို ပျံသန်းချင်သူများပင်…။ ယုတ်စွအဆုံး ခွေးကလေး ကြောင်ကလေးများပင် ကြိုးကို မကြိုက်တတ်ကြ။ သူတို့ကို ချည်တိုင်တခုခုတွင် ကြိုးဖြင့် ချည်ထားကြည့်ပါလား…။ နားမခံသာအောင် အော်ဟစ်ကာ ကြိုး ပြန်အဖြည်ကို တောင်းဆိုကြမည်သာ…။ သည်လို တွေးကြည့်မိတော့ ကြိုးဖြစ်ရသော ဘဝမှာ သနားစရာ…

ဤသို့ သနားစရာ ကောင်းနေရသည့်အထဲ တိုးတက်လာသောခေတ်ကြီးမှာ လူသားတွေသည် ပစ္စည်းတွေကို အတတ်နိုင်ဆုံး ကြိုးကို မပါရလေအောင်၊ ကြိုးနှင့် မပတ်သက်ရလေအောင် ကြိုးမဲ့တွေ တီထွင်လာကြပြန်သည်။ နေရာမပေး ချောင်ထိုးခံရတော့မည့် ကြိုး၏ဘဝ သနားစဖွယ်…။ တချို့ကတော့ ပြောကြသည်… နေရာတကာ ပါချင်တဲ့ ကြိုးဆိုတဲ့ ကောင် အခုလို ချောင်ထိုးခံရတာ နည်းတောင် နည်းသေး တဲ့…။ ဒါတွေက မျက်စိဖြင့် မြင်ရသော ကြိုးအကြောင်း…။

လူတွေသည် မိမိတို့ မျက်စိဖြင့် မြင်နေရသော ကြိုးများကိုသာ နည်းအမျိုးမျိုးနှင့် ငြိုငြင်နေတတ်ကြပြီး ကိုယ့်ကိုယ်ကိုယ် လာရောက် ချည်နှောင်လို့ ချည်နှောင်နေမှန်းမသိသော မမြင်ရသော ကြိုးများကိုကျတော့ မသိလိုက် မသိဖာသာ နေတတ်ကြသည်...။ တချို့က ပေါ်ပေါ်ထင်ထင်ကြီး မသိကျိုးကျွန်ပြုနေကြပြီး တချို့ကတော့ ပါးစပ်တဖြဲဖြဲနှင့် တဟဲဟဲ ရယ်မောကာ ပျော်ပျော်ကြီးနှင့် အချည်နှောင် ခံနေတတ်ကြသည်…။ မယုံ မရှိပါနှင့်… တကယ်ပါ။ အချစ်ကြိုး၊ နွယ်ကြိုး၊ နှောင်ကြိုး၊ သံယောဇဉ်ကြိုး၊ သမုဒယကြိုး၊ ဘလာ… ဘလာ… ဘလာ… မမြင်ရသော ကြိုးတွေ အများကြီးပါပဲ…။

ဒီလိုကြိုးတွေကိုတော့ လူတွေက ကျေကျေနပ်နပ်ကြီး လက်သင့်ခံကြသည်။ ကျေကျေနပ်နပ်ကြီး အချည်အနှောင် ခံတတ်ကြသည်။ ပြီးတော့ ပျောက်ပျက်အောင် ပြတ်တောက်အောင် ဘယ်သူမှ မကြိုးစားကြ။ တရစ်ထက် တရစ် တိုးသည်ထက် တိုးလို့သာ ချည်နှောင်ချင်တတ်ကြသည်။ ကိုယ် ချစ်ရသောသူကို ကိုယ်က မလွတ်တမ်း ချည်နှောင်ချင်ကြသလို တဖန် ကိုယ်ချစ်ရသူက ကိုယ့်ကို ချည်နှောင်တာကို ခံယူချင်တတ်ကြသည်ပဲ။ သီချင်းတောင် ရှိသေး… “မေရေ… မောင်တို့ကြားမှာ ချည်ထားတဲ့ ဒီကြိုးဟာ သံယောဇဉ်…” တဲ့… စိုင်းထီးဆိုင် ဆိုထားတာ…။ နောက်ထပ် သည်လို ကြိုးပါသော သီချင်းတွေ မရေမတွက်နိုင်အောင် အများကြီး ရှိနေသေးသည်။

အခုလည်း ကြည့်လေ…။
နှစ်ကုန်ခါနီးမှာ ရုံးမှာရော အိမ်မှာပါ ရှင်းလင်းစရာရှိတာတွေကို ရှင်းလင်းနေသည်။ ဒါမှ နှစ်သစ်ကို ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ် ကြိုဆိုနိုင်မည် ဖြစ်သည်။ အိမ်အတွက်က သိပ်ပူစရာမလို၊ ကြိုးများကို အလိုလိုနေရင်း ကြည့်မရ ဖြစ်နေတတ်သောသူတယောက် ရှိနေတာနဲ့တင် တော်တော်ကြီးကို လုံလောက်နေပြီ။ ကိုယ် ဝင်ပါစရာ မလို။ သို့သော် ရုံးက စားပွဲရှင်းသောအခါမှာတော့ ဒုက္ခတွေ့ရပြီ။ ကိုယ့်မျက်စိရှေ့မှာ တွေ့နေ မြင်နေရသော ကြိုးတွေကို ကြည့်ပြီး စိတ်ပျက်လက်ပျက် ဖြစ်နေမိသည်။ ပြီးတော့ ထိုကြိုးတွေကို မမြင်ကွယ်ရာ နေရာကိုရောက်အောင် အတင်းကာရော ကွယ်ဝှက် သိမ်းဆည်းဖို့ ကြိုးစားနေမိသည်။ ကြိုးတွေကို မလိုမုန်းတီးသော စိတ်ဖြင့် အတတ်နိုင်ဆုံး ကြိုးမဲ့ ပစ္စည်းတွေ ရွေးချယ် ဝယ်ယူမိသည်။ ကြိုးမပါသော ကီးဘုတ်… ကြိုးမပါသော မောက်စ်… ကြိုးမပါသော စပီကာ… စသည်… စသည်…။

သို့သော် မမြင်ရသောကြိုးတွေ…
သေသေချာချာ တွေးကြည့်လိုက်တော့မှ ကိုယ့်ဆီမှာ မမြင်ရသော ကြိုးတွေ အများကြီးမှ အများကြီး… ကြည့်ပါအုံး… ဆုံမှတ်တခုမှနေ၍ ဖြာထွက်သွားသော အရွယ်အစားခြင်း အမျိုးအမည်ခြင်း မတူညီကြသော ထိုမမြင်ရသော ကြိုးအမျိုးမျိုးတို့သည် ကိုယ် ချစ်ရ ခင်ရ သောသူတွေဆီမှာ… ကိုယ် သဘောကျ နှစ်သက်သော သက်ရှိ သက်မဲ့ အရာဝတ္ထုတွေဆီမှာ… စင်ပေါ်က စာအုပ်တွေဆီမှာ… သီချင်းခွေတွေဆီမှာ… နောက်တော့ ဘလော့ဂ်ပေါ်မှာ… စာရေးဖေါ်တွေနဲ့ သူတို့ရေးတဲ့ စာတွေ ကဗျာတွေဆီမှာ… မျက်နှာစာအုပ်ပေါ်မှာ… ဒါတွေအပြင် ဘလော့ဂ်ပေါ်မှ တဆင့်၊ မျက်နှာစာအုပ်မှ တဆင့် ရင်းနှီးချစ်ခင်ရသော မြင်ဖူးသော၊ မမြင်ဖူးသော၊ လူချင်း တွေ့ဖူးသော၊ အသံချင်း တွေ့ဖူးသော အနီး အဝေးက မိတ်ဆွေတွေဆီမှာ… ပြောပြရရင် ကုန်နိုင်မည် မထင်…။

အပေါ်မှာ ပြောခဲ့သလို ကြိုး မည်သည် ချည်နှောင်တတ်သော၊ တွယ်ငြိတတ်သော၊ အခန့်မသင့်လျှင် ရှုပ်ထွေးရစ်ပတ်တတ်သော သဘာဝရှိသော်ငြားလည်း ကောင်းသော ချည်နှောင်ခြင်း၊ ချစ်စရာ တွယ်ငြိခြင်းတွေဖြင့် ကိုယ့်ကို လာရောက် ရစ်ပတ်ချည်နှောင်နေသော မမြင်ရသောကြိုးတွေ၏ ချည်နှောင်မှုကို ကိုယ်တိုင်က လှိုက်လှဲ ကျေနပ်စွာ… နေ့ရက်အချိန်တွေ ကြာရှည်လာသည်နှင့်အမျှ ကိုယ့်ကို တစထက် တစတိုးလို့ အထပ်ထပ် ရစ်ပတ်ချည်နှောင်တာကို ဝမ်းမြောက်ဝမ်းသာစွာ လက်ခံ… သိသိကြီးနှင့် အချည်နှောင်ခံနေမိသည်ပဲ…။ သို့သော်လည်း သည်ကြိုးတွေကို ငြိုငြင်စွာဖြင့် ရုန်းထွက်ဖို့ ၊ ဖြည်ချ ဖြတ်တောက်ပစ်လိုက်ဖို့၊ ဝေးဝေးကို ရှောင်ခွာသွားဖို့ တခါမှ မစဉ်းစားမိ၊ နည်းနည်းမှလည်း မကြိုးစားမိပါ။ အခုအချိန်မှာ မကြိုးစားသလို နောင်လည်း ဘယ်တော့မှ ကြိုးစားမိမည် မဟုတ်ပါ…။ တွယ်ငြိချင်သလောက်သာ တွယ်ငြိပါစေတော့… … …။



စာကြွင်း ။ ။ ၂၀၁၁ နှစ်သစ်အတွက် ဆုတောင်း လက်ဆောင်လေးပဲ ဖြစ်ဖြစ်၊ နှုတ်ခွန်းဆက် စကား လက်ဆောင်လေးပဲဖြစ်ဖြစ် ရေးမလို့ စဉ်းစားရင်းကနေ ကြိုးတွေအကြောင်းကို စဉ်းစားမိသွားတယ်။ အဲဒီကမှတဆင့် မြင်ရတဲ့ကြိုး… မမြင်ရတဲ့ကြိုး… ကြိုးတွေကို ဖြတ်တောက်သွားသူတွေ… ဖြတ်တောက်ဖို့ ကြိုးစားနေတဲ့သူတွေ… ရစ်လာသမျှကြိုးတွေကို ဖြည်ချပစ်နေတဲ့ သူတွေ… ။ အဲဒီအကြောင်းတွေ ခေါင်းထဲ ရောက်လာပြီး ကိုယ်ဆိုရင်ကော တစ တစ တိုးပွားလာတဲ့ ဒီကြိုးတွေကို ဘယ်လိုစီမံမလဲ ဆိုတာ စဉ်းစားမိရာက ရေးဖြစ်တဲ့ ပိုစ့်တခုပါ…။

မမြင်ရသော ကြိုးတွေအပေါ်မှာ ထားတဲ့ ကိုယ့်ရဲ့သဘောထားကို နှစ်သစ်အတွက် လက်ဆောင်တခုလို့ လက်ခံပေးပါနော်…။ ကျေးဇူးအကြီးကြီး တင်ပါတယ်…။

အားလုံးအတွက် ရွှင်လန်းသာယာသော နှစ်သစ် ၂၀၁၁ ဖြစ်ပါစေ...