Sunday, January 8, 2012

၂၀၁၁ မှတ်တမ်း

၂၀၁၁ အတွက် ပြက္ခဒိန် စာမျက်နှာများ ကုန်သွားခဲ့ပြီး ၂၀၁၂ အတွက် စာမျက်နှာ အသစ်များ စတင်ခဲ့ပြီ။ အကြောင်းကြောင်းတွေကြောင့် နှစ်စဉ်ရေးနေကျ မှတ်တမ်းရေးဖို့ နောက်ကျခဲ့သည်။

ဒီမှတ်တမ်းလေးကို မရေးခင်မှာ ဇန္နဝါရီလဆန်းက လေးနှစ်ပြည့်သွားသော ကိုယ့်ဘလော့ဂ်လေးကို ပိုစ့်တွေရော ကော်မန့်တွေပါ အစမှ အဆုံး သေသေချာချာ တခေါက်ပြန်ဖတ်ဖြစ်သည်။ အတော်များများက ဒီအချိန်မှာ ပြန်လည်ခံစား၍ မကောင်းတော့ချေ။ အချို့သော ပိုစ့်များက ပျင်းစရာကောင်းပြီး အချို့သော ပိုစ့်များက ပေါ့ရွှတ်ရွှတ်နိုင်လှသည်။ သို့သော် တချို့သော ပိုစ့်များကတော့ ကိုယ်တိုင် သေသေချာချာ ခံစား ရေးသားထားခဲ့လေသည်မို့ အခုလို နောက်တခါ ပြန်ဖတ်ကြည့်မိသောအချိန်မှာလည်း ကျေနပ်စွာဖြင့် နှစ်သက်နေသော ခံစားမှုကို ပေးစွမ်းနိုင်သည်ကို တွေ့ရသည်။

ကုန်လွန်ခဲ့သော ၂၀၁၁ ကို ပြန်ကြည့်လိုက်လျှင် အသက် တနှစ် ပိုကြီးလာသည်ကလွဲ၍ ဘာမှ ထူးထူးခြားခြားမရှိသော နှစ်တနှစ်ဟု ပြောရလိမ့်မည်။ ပြီးခဲ့သောနှစ် ၂၀၁၀ တုန်းက စာရေးရတာ အရှိန်ကောင်းသလောက် အခု ၂၀၁၁ မှာ စာရေးလို့ သိပ်မကောင်းလှတာ သတိထားမိသည်။ သို့သော်လည်း ကိုယ်ရေးထားသော စာလေးတွေ မဂ္ဂဇင်း စာမျက်နှာတွေပေါ်မှာ ဟိုတစ သည်တစ ပါဝင်ခွင့်ရလာတာကတော့ ဝမ်းသာစရာကောင်းလှသည်။

ဒီနှစ်ထဲမှာ အလုပ်အကိုင် စီးပွားရေး ကျန်းမာရေး လူမှုရေး ဘာအရေး ညာအရေး… အရေးအားလုံး ပုံမှန်အနေအထားမှာ ရှိကြသည်။ စိတ်ညစ်စရာ စိတ်ရှုပ်စရာ စိတ်နောက်စရာတွေ ပြောပလောက်အောင် မရှိလှ…။ မရှိဆို ကိုယ်တိုင်ကလည်း အာရုံနောက်ကျိစရာတွေနှင့် အေးအေးဆေးဆေး လွတ်လွတ်ကင်းကင်း နေခဲ့သည်။ မိဘများ၏ ကျန်းမာရေးအခြေအနေများအတွက်လည်း အတော်လေး စိတ်အေးခဲ့ရသည်။ ထို့ကြောင့် ၂၀၁၁ သည် များစွာ အေးချမ်းခဲ့သည်လေ။

သို့သော်လည်း နေ့စဉ်နှင့်အမျှ ဘာမှ ထူးထူးခြားခြားမရှိသော ဆင်တူရက်စွဲများကို ဖြတ်ကျော်နေရသောကြောင့် တခါတခါမှာ အတော်လေး ပျင်းရိငြီးငွေ့မိသည်။ ထိုအချိန်များမှာတော့ မလုပ်မဖြစ် လုပ်စရာရှိသည့် တာဝန်များ ဝတ္တရားများကို ပျင်းရိလေးတွဲစွာ လုပ်ကိုင်နေရင်း လှပစွာ ဝတ်စား ပြင်ဆင်ချင်သောစိတ်၊ လန်းဆန်း တက်ကြွသော ကြည်လင်သော စိတ်ဓါတ်များ ပျောက်ဆုံးနေတတ်သည်။ ငွေကြေးဥစ္စာများ၊ ပစ္စည်း ပစ္စယများ၊ အသုံးအဆောင်များကို မက်မော ခုံမင်စိတ်များလည်း သူ့အလိုလို လျော့ပါးနေတတ်ပြန်သည်။ အိမ်မှာနေရင်း အဝတ် နွမ်းနွမ်းလေးဝတ် ကော်ဖီခါးခါးတခွက်နှင့် စာအုပ်လေးတအုပ် ဖတ်နေရရင် ဇိမ်ပဲ… ဟု တောင့်တမိသော အချိန်တွေလည်း အတော်များများ ရှိနေခဲ့သေးသည်။ ထိုအချိန်မျိုးတွင် ငွေကြေးချမ်းသာမှု တခုတည်းနှင့် ဘဝ၏ ပြည့်စုံ ချမ်းသာမှုကို မတိုင်းတာနိုင်… ဟု ပြောလေ့ရှိသော သူငယ်ချင်းတယောက်၏ စကားကို ကြားယောင်နေမိပြန်သည်။

၂၀၁၁ ဖေဖေါ်ဝါရီက တရုတ်နှစ်သစ်ကူး ပိတ်ရက်တွေမှာ အကြောင်းမညီညွတ်၍ အိမ်မပြန်လိုက်ရသော်လည်း ဒီနှစ်ထဲမှာ ခရီးတိုလေးတွေ သွားဖြစ်ခဲ့သည်။ မလေးရှားက သမိုင်းဝင် ရှေးဟောင်းမြို့လေးတမြို့ဖြစ်သော မလ္လကာရယ်၊ နောက် "ဘ ကုန်း" နှင့်စသော နေရာ သုံးနေရာရယ်ကို ရောက်ခဲ့သည်။ (မှတ်ချက် - ဘင်္ဂလားဒေ့ရှ် မပါပါ)။ ဝေးဝေးလံလံ ထူးထူးခြားခြား နေရာဒေသများ မဟုတ်သော်လည်း ခေါက်ရိုးကျိုးနေ့ရက်များမှ ထွက်ပြေး လွတ်မြောက်ခဲ့သမျှ အချိန်နာရီတွေတိုင်းမှာ စိတ်ရော ကိုယ်ပါ သက်တောင့် သက်သာနှင့် ပျော်ရွှင်ခဲ့သည်။ ဓါတ်ပုံတွေလည်း အများကြီး ရိုက်ဖြစ်ခဲ့သည်။




လစဉ် ငွေကြေး များစွာ မပိုလျံ မစုဆောင်းဖြစ်... ရလိုက် ကုန်လိုက်နှင့် တလပြီး တလ လုံးချာလည်နေသော်လည်း ဒီနှစ် အလှူဒါန ပြုကြသူငါ အစီအစဉ်မှာတော့ အရင်နှစ်တွေကလိုပင် နာဂစ်မှာ မိဘမဲ့သွားသော ကလေးငယ် သုံးယောက်ကို ဆက်လက် မွေးစားထားဖြစ်သည်။ သူတို့အထဲမှ အကြီးနှစ်ယောက်က ဒီနှစ်မှာ ငါးတန်း ရောက်သွားပြီး အငယ်လေးက လေးတန်းရောက်ပြီ။ ပြီးတော့ လစဉ်ပုံမှန် အလှူငွေများကို ODF နှင့် ရသအလင်း ကို လှူဖြစ်သည်။ အများကြီး မဟုတ်သော်လည်း ကိုယ်တတ်နိုင်သ၍ မှန်မှန်လေး လှူရတာ စိတ်ချမ်းသာစရာ ကောင်းပါသည်။ ကြားဖြတ်အစီအစဉ်အဖြစ် ပခုက္ကူမြို့နှင့် ပတ်ဝန်းကျင်ဒေသများမှ ရေဘေး အလှူအတွက် တက်တက်ကြွကြွ လှုပ်ရှားခဲ့သည်။ အလှူငွေ ကောက်ခံသောနေ့ရက်များမှာ နေ့စဉ် တရိပ်ရိပ် တိုးလာသော အလှူငွေများကို တွေ့ရသော ပီတိမှာ ဘာနှင့်မျှ မလဲနိုင်အောင် ချမ်းမြေ့စရာ ကောင်းလှသည်။ သည်အလှူမှာ အလှူရှင်များလည်း စိတ်ကျေနပ်မှုရခဲ့ပြီး ကိုယ်တိုင်လည်း စိတ်ရော ကိုယ်ပါ အပင်ပန်းခံရကျိုးနပ်ခဲ့ပါသည်။ နောက်တခုကတော့ မျက်နှာစာအုပ်မှာ တွေ့လိုက်ရသော အသည်းရောဂါကြောင့် ဗိုက်ကြီး ပူနေသော ကလေးလေးအတွက် ဘလော့ဂါ မောင်နှမတွေ စုပေါင်းပြီး ဆေးကုသစရိတ် အလှူငွေတွေ ပေးပို့ခဲ့ကြသည်။ ဗိုက်ပူကြီးမဟုတ်တော့ပဲ ပုံမှန် ပြန်ဖြစ်သွားသော ကလေးလေးကို တွေ့ရသည်မှာ ဝမ်းသာစရာပင်။

လက်ရှိ အခြေအနေနှင့် အသက် အရွယ်ကြောင့် အစစ အရာရာကို ကောင်း မကောင်း သင့် မသင့် ချိန်ထိုးကာ ဝေဖန် ပိုင်းခြားနိုင်စိတ်၊ လိုအင်ဆန္ဒများ နည်းပါးလာအောင် ထိန်းသိမ်းနိုင်စိတ်၊ အမြင်မတော်သည်များကို ဥပက္ခာပြု လျစ်လျှူရှုနိုင်စိတ်၊ စိတ်တိုင်းမကျစရာများကို သည်းညည်းခံနိုင်စိတ်၊ ဖြစ်လာသမျှ အခြေအနေများကို ကောင်းကောင်း ဆိုးဆိုး ကျေကျေနပ်နပ် လက်ခံလိုစိတ်များ ပိုများလာခဲ့သည်ကို တွေ့ရပြန်တော့ ကိုယ့်ကိုကိုယ် အတန်ငယ် ကျေနပ်မိသည်။ စကားဝိုင်းများမှာ ကိုယ်သိသမျှ ကိုယ်တတ်သမျှကို အများသူငါတို့နှင့် လုယက် ယှဉ်ပြိုင် ပြောဆိုချင်စိတ်များ နည်းပါးသွားသောကြောင့် ဘာမှ မသိသူ၊ ဗဟုသုတ နည်းပါးသူ၊ ခေတ်နှင့်အညီ လိုက်မမှီသူ အူလည်လည် (သို့) မအူမလည် မိန်းမတယောက်အဖြစ် ထင်မြင် ယူဆသွားသူများကို စိတ်ထဲမှ တိတ်တိတ် ကြိတ်၍ ပြုံးရယ်နေမိသော အချိန်များ ရှိခဲ့သည်မှာလည်း အမှတ်တရပင်…။

မည်သို့ပင်ဖြစ်စေ အစစ မျှတခဲ့သော ၂၀၁၁ ကို ကျေကျေနပ်နပ် လက်ပြ နှုတ်ဆက်လိုက်သည်။ အခု ရောက်ရှိနေသော ၂၀၁၂ အတွက်ကိုတော့ ဘာဆု ညာဆုတွေ လောဘတကြီး တောင်းမနေချင်တော့ပါ။ သင့်တင့်မျှတသော လက်ရှိ အနေအထားလေးအတိုင်း စိတ်ရော ကိုယ်ပါ ဝေဒနာ ရှင်းရှင်း သောက ကင်းကင်းဖြင့် နေထိုင်သွားနိုင်လျှင် တော်ပြီဟု တွေးနေမိသည်။ စာတွေ ဖတ်မည်… စာတွေ ရေးမည်… ဓါတ်ပုံတွေ ရိုက်မည်… သီချင်း နားထောင်မည်… အားလပ်ရက်တွေမှာ အိမ်မှာ နားနားနေနေ နေမည်… အဆင်ပြေလျှင် နီးနီးနားနား ခရီးတိုလေးတွေ သွားမည်… မိသားစုနှင့် မိဘ ညီအကို မောင်နှမများ သူငယ်ချင်း မိတ်ဆွေများကို အဆများစွာ ပိုတိုး၍ ချစ်ခင်မည်… သို့ဆိုလျှင် ကိုယ် ပိုင်ဆိုင်သော ၂၀၁၂ သည် ပျော်စရာကောင်းမှာ သေချာနေပြီ မဟုတ်ပါလား…။



28 comments:

Anonymous said...

မမသက်ဝေ .. သာဓု သာဓု သာဓုပါ
နောက်လဲ အများကြီး လှူနိုင်ပါစေ

ဘကုန်းနဲ့ စတဲ့ နေရာတွေဆိုတာ ခေါင်းနည်းနည်းစားသွားတယ်..:P နောက်ဆုံးပုံ အရမ်းကြိုက်တယ်

facebook က မသုံးတော့ဘူးလေ.. မမသက်ဝေ ပြောစရာရှိရင် emailပို့လိုက်နော်

ချစ်တဲ့
မေ

Anonymous said...

၂၀၁၂ ကို ဖြတ်သန်းချင်တဲ့ အနေအထားလေး သဘောကျလိုက်တာ မမ။၂၀၁၂ မှာလဲ ဖြစ်ချင်တဲ့ ဆန္ဒတွေ လှုချင်တဲ့ အလှုတွေ အားလုံး ပြည့်စုံနိုင်ပါစေနော်။

နောင့်း)

ဖိုးစိန် said...

2012 မှာ ချစ်သူခင်သူများကို ကျွေးမွေးပြုစု ခြင်းသည် မင်္ဂလာတပါးနှင့် ပြည့်စုံသောကြောင့် တနှစ်ပတ်လုံး ကျွေးမွေးပါမည်ဟူသော ကြည်နူးစရာကောင်းသည့် စိတ်ကူးကို တနှစ်ပတ်လုံး အကောင်အထည်ဖော်သင့်ပါသည်.။ :P

Angelhlaing(May everybody be happy and healthy! said...

မမရဲ့ ၂၀၁၂ လေးက မျှော်ကြည့်ရင်းနဲ့တောင် ပျော်စရာလေးပါလားမမရေ... အားကျထှာနော်...:):)

မိုးငွေ့...... said...

သူငယ်ချင်းမိတ်ဆွေများကို ဆထက်တိုးချစ်ခင်သွားမယ်ဆိုတာနဲ့တင် ကျေနပ်စရာပါ မမသက်ဝေရာ...။

mirror said...

အောက်ကနေ ပြန်ရေရင် ဒုတိယအပိုဒ်လေးဆီက စိတ်ထား၊ခံယူချက်လေးတွေကို လက်ခံ၊ ချစ်ခင်၊ နှစ်သက်မိတယ် အမ။

လေးစားခင်မင်စွာဖြင့်

Hmoo said...

ပိုချိုတဲ့ခရီးတွေနှစ်ယောက်လုံးသွားနိုင်ပါစေ..
ပိုများတဲ့ဇီဝိတဒါနတွေဆောင်ရွတ်နိုင်တဲ့
သူတော်ကောင်းမိသားစုပိုချမ်းသာလာပါစေ... ;)
Happy &Great 2012 :) 2 u :)

မေဓာဝီ said...

ဘကုန်းနဲ့ စတာ ဘင်တန်နဲ့ ဘန်ကောက် မဟုတ်လား အမသက်ဝေ ... အဟဲ စုံထောက်လုပ်လိုက်တာ တော်တယ် မဟုတ်လား။ :)

အမသက်ဝေရဲ့ အလှူတွေအတွက် သာဓုခေါ်ပါတယ်။ အဆများစွာ ပိုတိုးပြီး လှူနိုင် ချစ်နိုင်ပြီး ချမ်းမြေ့ပျော်ရွှင်ပါစေ ... ။

Nyi Linn Thit said...

မသက်ဝေရဲ့ ၂၀၁၁ မှတ်တမ်းလေး ဖတ်ရတာ စီးလို့ စီးမှန်း မသိရအောင် တငြိမ့်ငြိမ့် စီးနေတဲ့ မြစ်တစ်စင်းကို ထိုင်ကြည့်နေရ သလိုပါပဲ..၊ အနည်ထိုင်လာတဲ့ စိတ်တွေကိုလည်း သဘောကျသွား မိတယ်၊

အိမ်မှာနေရင်း အဝတ်အစား နွမ်းနွမ်း၊ ကော်ဖီတစ်ခွက်၊ စာအုပ်တစ်အုပ်နဲ့ ဖြတ်သန်းချင်တာလည်း တူတယ်ဗျ..။

rose of sharon said...

၂၀၁၂ မှာ ၂၀၁၁ ရဲ့အပျော်တွေပြန်ပါလာပါစေ... ၂၀၁၁ မှာ မနှစ်သက်ခဲ့တဲ့အရာတွေ ၂၀၁၂ ကို ပါမလာပါစေနဲ့... အမသက်ဝေတို့မိသားစုအတွက် ၂၀၁၂ ဟာ အပျော်ရွှင်ရဆုံးနှစ်လေးဖြစ်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်....

Anonymous said...

ပျော်ရွှင်တဲ့၂၀၁၂ လေးဖြစ်ပါစေမမသက်ဝေ ရေ

မမဆီလာတိုင်း ဟိုသီချင်းလေးအမြဲသတိရမိတယ်

ခိုင်းတော့ ....သက်ဝေ ဆိုတဲ့ ဟိုးခေတ်ကသီချင်းလေးလေ ...


ချစ်တဲ့

မဒိုးကန်

Anonymous said...

ဘင်တန်၊ ဘာလီ နဲ့ ဘန်ကောက် လား...
ဘန်ကောက်က သူများ အဖြေဆီက ကူးချတာ...
=P

အပြုံးပန်း said...

၂၀၁၁ ရီဗျူးကို ဖတ်ရတာ အတော် စိတ်လက်ကြည်သာ ရှိစေတာပဲ။
အ၀တ်အစားပေါ့ပေါ့ပါးပါးလေးဝတ်ပြီး စာအုပ်တအုပ်နဲက ငြိမ့်နေချင်ပေမယ့် သိပ်မရဘူး ဖြစ်နေတယ်၊
ဝရန်တာလေးမှာ ပက်လက်ကုလားထိုင်နဲ့ပေါ့၊ လေညှင်းသွဲ့သွဲ့လေးနဲ့ နူးညံ့တဲ့ ပန်းရနံ့ တမျိုးနဲ့လေ။
ဆက်ပြီး စိတ်ကူးယဉ်လိုက်တယ်၊ :)

ပျော်ရွှင်ဖွယ်သော နှစ်သစ်ပါ အမ။

sonata-cantata said...

သက်ဝေရေ ... ၂၀၁၁ ကနေ ၂၀၁၂ အပြောင်းမှာ သီတာ့အတွက်တော့ သိပ်မြန်နေတဲ့ အရှိန်မှာ မူးဝေနေရသလို ဖြစ်နေတယ်။ ဘလော့ဂ်လေးကို လက်မလွှတ်လိုက်မိဖို့ မနည်းအာရုံစူးစိုက်နေရတယ်။

TZA said...

ဘင်တန်၊ ဘာလီနဲ့ ဘာဘူထင်တယ်၊ နောက်ဆုံးတခုက ရမ်းတုတ်တာ.. ဟိဟိ..

မင်္ဂလာရှိသောနှစ်သစ်ဖြစ်ပါစေအစ်မ

သတိုး said...

စာတွေ ဖတ်မည်… စာတွေ ရေးမည်… ဓါတ်ပုံတွေ ရိုက်မည်… သီချင်း နားထောင်မည်… အားလပ်ရက်တွေမှာ အိမ်မှာ နားနားနေနေ နေမည်… အဆင်ပြေလျှင် နီးနီးနားနား ခရီးတိုလေးတွေ သွားမည်… မိသားစုနှင့် မိဘ ညီအကို မောင်နှမများ သူငယ်ချင်း မိတ်ဆွေများကို အဆများစွာ ပိုတိုး၍ ချစ်ခင်မည်…
လှပသော...
ပို၍လှပသော ရည်ရွယ်ချက်များကြောင့် ၂၀၁၂ ဟာ မသက်ဝေအတွက် အကောင်းဆုံးနှစ် တစ်နှစ်ဖြစ်လာမှာ မလွဲပါဘူးဗျာ။
ခင်မင်သော...
သတိုး

Hmoo said...

ဘေရွတ်၊ဘဂ္ဂဒတ်နဲ့ဘာမြူဒါ သွားခဲ့တယ်... :)

Anonymous said...

ဘုံဘေ ဘာလင် ဘရူနိုင်း

Mae Coe said...

မမ ပျော်ရွှင်ဖွယ် နှစ်သစ် ၂၀၁၂ ကို ပိုင်ဆိုင်ပါစေး)

ပန်းချီ said...

ဘုတလင် မပါဘူးလား..မ (ဟိ..နောက်တာ)
ချစ်မရဲ့ ၂၀၁၂ ဖြတ်သန်းချင်ပုံက အေးချမ်းပါဘိ။ များကိုလည်းပိုချစ်နော်...းD

ချစ်ခင်လေးစားစွာ

Anonymous said...

မသက်ဝေရဲ့ စိတ်သဘောထားကို သိတ်သဘောကျတယ်..အေးချမ်းလို့ပါ....
၂၀၁၂မှာလဲ အေးချမ်းပျော်ရွှင်နိုင်ပါစေနော်.......

Anonymous said...

Bintan,Batam,Bangkok.

...အလင်းစက်များ said...

ပိုပိုလို့  ရင်ကြပ် အဲလေ ရင့်ကြတ် လာတာပါ အစ်မ သက်ဝေ :P

ချော(အစိမ်းရောင်လွင်ပြင်) said...

၂၀၁၂မှာလည်း ပျော်စရာ အမှတ်တရတွေ အများကြီး ရှိပါစေ..
ကောင်းမှုကုသိုလ်လည်း ပိုမိုလုပ်နိုင်ပါစေ အစ်မရေ..

ShwunMi- said...

Happy New Year, Dear sis..
=)
နောက်အကျဆုံးပေမဲ့ သတိအရဆုံးပါ..
(အမှတ်ပိုယူသူ)

မြသွေးနီ said...

အစ်မသက်ဝေ ၂၀၁၁မှာ တကယ်အကျိုးရှိတာတွေ လုပ်ခဲ့တာမို့ သာဓုခေါ် ဂုဏ်ယူမိပါတယ်။ ၂၀၁၂မှာလည်း ပျော်ရွှင်စွာ၊ အောင်မြင်စွာ၊ လှူဒါန်းနိုင်သူ ဖြစ်ပါစေ။

မြသွေးနီ said...

အစ်မသက်ဝေ ၂၀၁၁မှာ တကယ်အကျိုးရှိတာတွေ လုပ်ခဲ့တာမို့ သာဓုခေါ် ဂုဏ်ယူမိပါတယ်။ ၂၀၁၂မှာလည်း ပျော်ရွှင်စွာ၊ အောင်မြင်စွာ၊ လှူဒါန်းနိုင်သူ ဖြစ်ပါစေ။

အင်ကြင်းသန့် said...

ဖတ်ရတာ အေးချမ်းလိုက်တာ မမသက်ဝေရေ....

"စကားဝိုင်းများမှာ ကိုယ်သိသမျှ ကိုယ်တတ်သမျှကို အများသူငါတို့နှင့် လုယက် ယှဉ်ပြိုင် ပြောဆိုချင်စိတ်များ နည်းပါးသွားသောကြောင့် ဘာမှ မသိသူ၊ ဗဟုသုတ နည်းပါးသူ၊ ခေတ်နှင့်အညီ လိုက်မမှီသူ အူလည်လည် (သို့) မအူမလည် မိန်းမတယောက်အဖြစ် ထင်မြင် ယူဆသွားသူများကို စိတ်ထဲမှ တိတ်တိတ် ကြိတ်၍ ပြုံးရယ်နေမိသော အချိန်များ ရှိခဲ့သည်မှာလည်း အမှတ်တရပင်…။"

ကြိုက်တယ်....:)))