Wednesday, February 1, 2012

တို့ငယ်ငယ်တုန်းအရွယ်...

ဒီပိုစ့်က စာမရေးတာကြာတဲ့ ဘလော့ဂါတွေ စာရေးဖို့ အရှိန်ပြန်ယူကြတဲ့ ပိုစ့်လို့ ပြောရမယ်… တက်ဂ်ပိုစ့်တခုအနေနဲ့ တော်တော်များများ ရေးကြလိမ့်မယ် ထင်ပါတယ်။ ကိုယ်လည်း စာမရေးတာ သိပ်ကြာနေလို့ အရှိန်မရဖြစ်နေတာကို ဒီပိုစ့်လေးနဲ့ ပြန် အရှိန်ယူလိုက်ပါတယ်…။
တို့ ငယ်ငယ်တုန်းအရွယ် တဲ့…။


သီချင်းထဲမှာ ဆိုထားတာက “တို့ ငယ်ငယ်တုန်းအရွယ် ယောင်ပေစူးလေးတွေနဲ့ကွယ်… ပုဆိုးကို စလွယ်သိုင်း ရွာဝိုင်းပတ်လည်…” ဆိုပေမယ့် ကိုယ်ငယ်ငယ်ကတော့ ယောင်ပေစူး နဲ့ မဟုတ်ခဲ့ပါဘူး။ ဂျပန်ဆံထောက်ဆိုတဲ့ ဆံပင်ပုံမျိုးနဲ့ မှုန်အစ်အစ် မျက်နှာပေးနဲ့ပါ။ ပုဆိုးကို စလွယ်မသိုင်းခဲ့ဖူးသလို ရွာဝိုင်းပတ်လည်မှာလည်း တခါမှ မဆော့ခဲ့ဖူးပါဘူး။ တကယ်ပါပဲ… ငယ်ငယ်တုန်းက အကြောင်းတွေ ပြန်တွေးကြည့်မယ်ဆို ကလေးပီပီ ခုန်ပေါက် ပြေးလွှား ဆော့ကစားတာတွေ သိပ်မလုပ်ဖြစ်ခဲ့ဘူး။ အိမ်ထဲမှာ ဆော့လို့ရသလောက် ဇယ်ခုတ်တာတို့ မန်ကျည်းစေ့ တောက်တာတို့ကို ခပ်ငြိမ်ငြိမ်ပဲ နည်းနည်းပါးပါး ဆော့ကစားခဲ့ဖူးတယ်။ အများအားဖြင့်တော့ ရွယ်တူ မိန်းကလေး ကစားဖေါ်မရှိတာမို့ စာဖတ်နေတာ များပါတယ်။ ဒါကြောင့် သုံးတန်းထဲက မျက်မှန်တပ်ရတယ် ထင်တယ်…။ ရွှေသွေး တေဇ မိုးသောက်ပန်း ဒို့ကျောင်းသား အစရှိတဲ့ အပတ်စဉ်ထုပ် လစဉ်ထုပ် ဂျာနယ်လေးတွေ ရောက်အလာကို စောင့်မျှော်ပြီး ဖတ်ခဲ့ရတယ်။ လေးတန်း ငါးတန်းလောက်မှာတော့ ကျောင်းပိတ်ရက်တွေမှာ အိမ်က စာအုပ်စင်က စာအုပ်တွေ တော်တော်များများကို ဖတ်တတ်လာတယ်။ ဂျာနယ်ကျော်မမလေး သိန်းဖေမြင့် ဆရာကြီး ရွှေဥဒေါင်း မောင်ထင်တို့ရဲ့ စာ ချိုချိုလေးတွေကစလို့ မြသန်းတင့် ဗန်းမော်တင်အောင် ဗဂျီအောင်စိုး ညွန့်ကြူး စောဦး ခင်နှင်းယု တို့ရဲ့စာတွေ အများကြီးပဲ ဖတ်ဖြစ်ခဲ့တယ်။

ကျောင်းမှာတော့ သူငယ်ချင်းတွေကစားကြတဲ့ ကစားနည်းတွေကို မတတ်တတတ်နဲ့ ဝင်ပါခဲ့ဖူးတယ်။ မိန်းကလေးတွေ အများဆုံးကစားကြတာကတော့ ထုတ်ဆီးတိုးတာပေါ့။ ကစားခုန်စားအရာမှာ ဘယ်လောက်တောင် ပါရမီနည်းသလဲ၊ အချိုးအချိတ် မပြေသလဲဆို ကိုယ်တားရမယ့်အလှည့်ဆို ဘယ်သူ့ကိုမှ မိအောင် မဖမ်းနိုင်ဘူး အကုန် လွတ်ကုန်တာပဲ။ အဲ… ကိုယ် တိုးရမယ့်အလှည့်ဆိုရင်တော့ သူတို့ မဖမ်းခင်ထဲက မိချင်နေတာရော။ သူတို့ မမိလည်း ကိုယ့်စည်းကိုယ် ပြန်နင်းပြီး ထမင်းရည်ပူလောင်နေတာနဲ့ကို ကိုယ်ပါတဲ့အသင်းက အမြဲတမ်း ရှုံးရတာပဲ။ ကြာတော့ အားနာလို့ မပါတော့ဘူး။

ငါးတန်း ခြောက်တန်းလောက်အရောက်မှာ သားရည်ကွင်းတွေကို ကြိုးဖြစ်အောင် ဆက်ပြီး ခုန်ကြတဲ့ ကစားနည်း ထွန်းကားလာပြန်တယ်။ ကျောင်းမှာ နေ့လည်ထမင်းစားချိန်တွေမှာ ထမင်းကို အမြန်ဆုံးစားပြီးတာနဲ့ သားရည်ပင် ခုန်တမ်း ဆော့ကြတယ်။ ငယ်ငယ်ထဲက သူများတွေထက် အရပ်ပိုရှည်တော့ သားရည်ပင်ခုန်ရာမှာ ကျွမ်းကျင်မှာပဲလို့ ကိုယ့်ကို သူငယ်ချင်းတွေက အထင်ကြီးကြပြန်တယ်။ အင်း… ဒူးတို့ ခါးတို့လောက်အထိတော့ ကျွမ်းကျွမ်းကျင်ကျင် ခုန်တတ်ပါတယ်။ ဒါပေမယ့် အဲဒီထက် မြင့်တာတွေကိုတော့ ဘယ်လိုမှ မကျော်လွှားနိုင်တော့ပါဘူး။ ဒီလိုနဲ့ ဒီကစားနည်းမှာလည်း ဘေးကနေ ထိုင်ကြည့်နေရတဲ့သူတယောက် ဖြစ်မှန်းမသိ ဖြစ်သွားပြန်ပါတယ်။ လိုက်တန်းပြေးတန်းကစားရင်လည်း မပြေးနိုင်တော့ အမြဲ အမိခံရတယ်၊ ကုလားမစည်းဆိုလည်း အချိုးပြေအောင်ကို မနင်းတတ်ဘူး၊ ရွှေစွန်ညိုဆိုလည်း ချက်ကျ လက်ကျ မပုန်းတတ် မရှောင်တတ်တော့ အမြဲမိတာပဲ၊ ညောင်ပင်တစ္ဆေဆိုတာ ဘယ်လိုနည်းနဲ့ ကစားရမှန်းတောင် မသိခဲ့ဘူး။ ဒါတွေကတော့ တို့ငယ်ငယ်တုန်းအရွယ်ရဲ့ ကစားခုန်စားအရာအတွက် အောင်မြင်မှုတွေပါပဲ။

ငယ်ငယ်တုန်းက အချိန်တွေအကြောင်းကို သေသေချာချာ ပြန်တွေးကြည့်မိပြီး လက်ရှိအနေအထားနဲ့ နှိုင်းယှဉ်လိုက်တိုင်းမှာ ငယ်ဘဝဟာ ရုပ်ဝတ္တုပစ္စည်းတွေ မကြွယ်ဝသော်လည်း စိတ်ချမ်းသာစရာကောင်းပြီး အလွန်အေးချမ်းတယ်ဆိုတာ ပိုသိလာပါတယ်။ မနက် ၇ နာရီဆို ရေဒီယိုမှာလာတဲ့ ကိုယ်လက်ကျန်းမာကြံ့ခိုင်ရေး လေ့ကျင့်ခန်း အစီအစဉ် အတွဲအမှတ် (၁) စတာနဲ့ အိပ်ရာကထ၊ “ချိုချိုမြမြအေး တေးအလှဂုဏ်အင်… အလင်္ကာစောင်းနဲ့ ညင်သာ ပြောင်းနွဲ့ တွဲဖက်ကာပင် မင်္ဂလာအပေါင်းလည်း ပြည့်ဝကြပါစေ အမြဲရှင်… …” အစပြုတဲ့ နံနက်ချိန်ခါ တေးသံသာနဲ့ မနက်စာ စား…။ ၈ နာရီ သတင်းလာရင် ရေချိုး၊ ၈ နာရီခွဲ အင်္ဂလိပ်ပိုင်း အစီအစဉ်က သတင်းအပြီးမှာ လာတတ်တဲ့ Boney M တို့ Abba တို့ အင်္ဂလိပ်သီချင်းလေး သုံးလေးပုဒ်ကို အာရုံးစူးစိုက်... ပြီးရင် ကျောင်းသွားရတာပဲ။

ညနေ ကျောင်းက ပြန်ရောက်ရင် မေမေဈေးသွားနေတုန်း ကျောင်းကပါလာတဲ့ အိမ်စာတွေအပြီးလုပ်ထားတယ်။ ဒါမှ မေမေ ဟင်းချက်ရင် ကူလို့ရတာလေ…။ လေးနာရီကျော် မေမေ မီးဖိုချောင်ဝင်နေတဲ့ အချိန်ဟာ ရေဒီယိုက “မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်… ကန်ဇွန်းရွက်ချဉ်ရည် အဆင်ပြေပါတယ် ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့…” ဆိုတဲ့ သီချင်းလာတဲ့ အချိန်နဲ့ အံကိုက်ပဲပေါ့။ သီချင်းလေး တအေးအေးနဲ့ မေမေ့ကို ဟင်းကူချက်ပြီး ငါးနာရီနီးနီးဆို ဖေဖေ ရုံးက ပြန်ရောက်လာရော…။ ရေမိုးချိုးနေရင်း ရေဒီယိုကလာနေတဲ့ စစ်သည်တို့ လိုရာတို့ တပ်မတော်စာတိုက်ခန်းကို ရောက်ရှိလာတဲ့ အမှာစာများကို ဖတ်ကြားပါတော့မယ်ရှင်တို့… တွေလည်း ကြားတချက် မကြားတချက်ပေါ့…။ ညနေ ခြောက်နာရီခွဲဆို အားလုံး စားပြီးသောက်ပြီး ဆေးကြော သိမ်းဆည်းပြီးရင် မိသားစု စုံစုံလင်လင်နဲ့ စကားထိုင်ပြော လဘက်သုပ် ပဲကြမ်းကြော်သုပ် တို့နဲ့ ရေနွေးကြမ်းဝိုင်းဖွဲ့၊ မဟုတ်ရင် လမ်းလျှောက်… ဒီလိုနဲ့ အေးအေးချမ်းချမ်း တနေ့ပြီး တနေ့ ကုန်ခဲ့ရတယ်။

အခုလက်ရှိ နေ့စဉ်အခြေအနေတွေ မှာတော့လား… မျက်စိနှစ်လုံးပွင့်တာနဲ့ ရေတန်းချိုးပြီး ရုံးသွားဖို့ ပြင်ရတော့တာ၊ ဥသြတကောင် နှစ်ကောင်ရဲ့ နေပူမရှောင် မိုးရွာမရှောင် အာခေါင်ခြစ်အော်သံကလွဲလို့ ဘာနံနက်ချိန်ခါမှ တေးသံမသာဘူး…။ အမျိုးသားကတော့ အိပ်ရာနိုးရင် သူ့ ဖေးဖရိတ် Gold 90 FM ကို ဖွင့်တတ်ပါတယ် ဒါပေမယ့် စိတ်အေးလက်အေး ခံစားနေဖို့ အချိန် မရပါဘူး။ ရေချိုးပြီးတာနဲ့ ကော်ဖီတခွက်ကို ကမန်းကတန်းမော့ပြီး အိမ်က ထွက်ကြရတယ်။ ကံကောင်းထောက်မပြီး အချိန်မှန်မှန် ပြန်ရတဲ့ ရုံးပေမို့ အိမ်ပြန်ရောက်ရင် ခြောက်နာရီခွဲ...။ မောင်ပြန်လာရင် အဆင်သင့် ကျွေးဖို့တကယ် ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ် တွေ ဘာတွေ ဘာ ဘာ ဘာမှ မရှိ… မောင် အရင်ရောက်ရင် မောင် ထမင်းချက်ပဲ…။ ကန်ဇွန်းရွက်ချဉ်ရည် လောက်တော့ အဆင်ပြေပါသေးတယ်… လာထား… (အဲဒါက လွယ်တယ်လေ)… အဲ… ငါးဖယ်ငါးဆုပ်ကို အကြော်နဲ့ အသုပ်ခွဲလို့ ဆိုတာမျိုးတော့ တာ့တာပဲ…။ အကြော်ဆို အကြော် ရှင်းရှင်းလင်းလင်း တမျိုးပဲရမယ်… ဟင်း ဟင်း ဟင်း…။

စားသောက် ဆေးကြောပြီး အောက်ဆင်း လမ်းလေး ဘာလေးလျှောက်ဖို့ ခေါ်တိုင်း လူက လုံးဝ မလှုပ်ချင်တော့လို့ မလုပ်မဖြစ် အိမ်အလုပ်လေး တိုလီမိုလီလုပ်ပြီး စာဖတ်သယောင် စာရေးသယောင် ဓါတ်ပုံတွေပဲ ပြင်သယောင်နဲ့ ကွန်ပျူတာနဲ့ မျက်နှာအပ် ဖဘမှာ အချိန်တွေကုန်… ဒီလိုနဲ့ တနေဝင် တနေထွက်… ဒီစက်ဝိုင်းကြီးထဲမှာ တလည်လည်နဲ့ပါ…။ ဒီလိုနေနေတာ Quality of Life တွေ သိပ်ကျတယ်လို့ အမျိုးသားက မကြာခဏ ပြောတတ်ပါတယ်။

အခုဆိုရင် ကိုယ်ရော ကိုယ့်ပတ်ဝန်းကျင်က အပေါင်းအပါတစုဟာ ကိုယ့်ရွေးချယ်မှုနဲ့ကိုယ် ပြီးတော့ ကိုယ့်အတ္တတွေကို ရှေ့တန်းတင်ပြီး ဆန္ဒတွေ လောဘတွေ တိုးတက်လာတဲ့ ရုပ်ဝတ္တုပစ္စည်းတွေရဲ့ ခေါ်ဆောင်ရာ နောက်ကို တကောက်ကောက်ပါအောင် လိုက်မှန်းမသိ လိုက်နေကြရင်း အေးအေးချမ်းချမ်းနဲ့ ပျော်ရွှင်စရာကောင်းတဲ့ ငယ်ဘဝတွေကို ခပ်ဝေးဝေးမှာ သိသလို မသိသလိုနဲ့ ချန်ထားရစ်ခဲ့ကြပြီ…။ သီချင်းထဲကလိုပဲ… အခုများဖြင့် ကိုယ်စီ ကိုယ်စီ ကြင်ဖေါ်အသွယ်သွယ် သားရယ် သမီးရယ် နဲ့ လောကကြီးအလယ်မှာ သောကမီးနွယ်တွေနဲ့ အတူ ဘဝတိုက်ပွဲ တွေ အပြိုင်အဆိုင်နွှဲနေကြပြီ…။ အဲဒါတွေကို ကြည့်ရင်း ဟိုတွေး ဒီတွေး တွေးရင်း “ငယ်ငယ်တုန်းက တို့ဘဝအရွယ် ပျော်စရာကောင်းလို့ အောက်မေ့တယ်…” ဆိုတဲ့ သီချင်း အပိုင်းအစလေးကို ပါးစပ်ဖျားမှာ မကြာခဏ ရေရွတ်နေမိပါတော့တယ်…။



32 comments:

rose of sharon said...

(အကြော်ဆို အကြော် ရှင်းရှင်းလင်းလင်း တမျိုးပဲရမယ်… ဟင်း ဟင်း ဟင်း…။)... အဲဒါလေးသဘောကျတယ်... တစ်မျိုးရတာတောင် ကျေးဇူးတင်ရဦးမှာကို..
နော့် :D

မိုးငွေ့...... said...

ငယ်ငယ်တုန်းကအကြောင်းကိုပြန်စဉ်းစားမိရင် လူအလိုလို စိတ်ချမ်းသာသွားတာမဟုတ်လားအမ... ခုချိန်မတော့ မနက်မိုးလင်းတာနဲ့ လူတွေကစက်ရုပ်အတိုင်း ရုန်းကန်လှုပ်ရှားရပြီ...။ ဘ၀ဟာ တခါတခါတွေးမိရင် ဇယားကွက်အတိုင်းပုံသေသွားနေရလို့ တနေ့တခြားအဓိပ္ပါယ်မဲ့လာတယ်.....။ ဒါကြောင့် ရတဲ့ အချိန်ကလေးမှာ ဖဘတို့ ဘလော့တို့မှာ မွေ့လျော်တတ်တာလည်း နည်းလားအမ...။

MG THANT said...

အဘွားတွေ အဘိုးတွေ ဖြစ်လာတဲ့အခါမှာ... အခုလို ရုံးပြေးရ ဖေ့ဘွတ်ဝင်ဖွရတဲ့ လူကြီးငယ်ငယ်အကြောင်းတွေ ပြန်တွေးမိပြီး ကြည်နူးနိုင်မယ် ထင်ပါတယ် :D

သက်တန့်ချို said...

ဟင်းဟင်းဟင်း ငယ်ဘ၀မို့ မမေ့သာပေါ့း))

Anonymous said...

ဘလော့ဂင်းလုပ်တာသိပ်များနေတယ်လို့ ကိုယ့်ကိုကိုယ်ထင်ပြီးလျှော့ချင်နေတယ်။ အိပ်ရေးပျက်တယ်။ ငယ်ဘ၀ကိုသိပ်ပျော်တယ်။ သိပ်ကြိုက်တယ်။
နေကောင်းကောင်းကောင်းပါစေလို့ ..
အိုင်အိုရာ

Angelhlaing(May everybody be happy and healthy! said...

ငယ်ဘဝ ကြိးပြင်းခဲ့ရပုံခြင်း တူတယ်မမရေ ညီမလေး ရဲ့အဘွားက ဆော့တာ မကြိုက်ဘူးလေ မိန်းခလေး ဖော်တွေ ဆော့နေတာတွေ ထိုင်ငေးရင်း ကိုယ်တိုင်ကလည်း ဆော့တဲ့ အကျင့်မရှိတော့ တစ်ခါတစ်ခါ ခိုးပြိး ဆော့တိုင်း အရှုံးတွေနဲ့ ဆိုတော့ နောက်တစ်ခါ ဆော့ဖို့ အားမရှိတော့ဘူးလေ..:):) ငယ်ဘဝလေး တွေက ရိုးစင်းပြီး ချစ်စရာ အပြည့်နဲ့ပါလား မမရေ..

Aung Htut said...

ကလေးဘ၀ ကတော့ ဘ၀တစ်ခုလုံးရဲ့ အပျော်ရွှင်ရဆုံး အချိန်လို့ထင်တာပဲ.... အဲ့ဒါကြောင့် သား၊ သမီးတွေရလာရင် ဒီကောင်တွေကို လွတ်လွတ်လပ်လပ် ဆော့ခိုင်းရမယ်.. မဟုတ်ရင် သူတို့အတွက် ပျော်စရာအချိန်ဆိုပြီး ပြန်တွေးတောင် ဘာမှ ရေးရေးပေါ်မှာ မဟုတ်တော့ဘူး..... :P

Anonymous said...

It's common truth for many people that our childhood had less materials and rich pleasure mentally.Try ourselves to be happy for a moment.Life isn't long.
Gyidaw

မအိမ်သူ said...

အင်မတန် အစိုးရိမ်ကြီးပြီး အချစ်လွန်တဲ့ လူကြီးတွေနဲ့ လူဖြစ်ခဲ့ရတော့ ငယ်ငယ်တုံးက ဖြစ်ဖြစ်မြောက်မြောက် ကစားခုန်စားလုပ်ခွင့် မရခဲ့ဘူး။ အပေါင်းအသင်းလဲ မရှိသလောက်ပဲ။ အိမ်ပေါ်မှာပဲ တစ်ယောက်ထဲ သူများကလေးတွေ ကစားတာငေးပြီးကြီးပြင်းခဲ့ရတာ။ ဒါပေမဲ့ ငယ်ဘ၀လေးတွေကိုတော့ တမ်းတမိတာအမှန်ပါပဲ...း))

Kay said...

ရန်ကုန်သူတွေ ဆော့တဲ့နည်းတွေ..
တို့လို တောက လူတွေက..သားရေပင် မကစားဘူးကွ..း))

လွမ်းတယ်..ပျော်တယ်..ချိုမြိန်တယ်..တသသ

mstint said...

မသက်ရေးတဲ့ ကလေးဘဝရဲ့လှုပ်ရှားမှုလေးတွေကို
ဖတ်ရတော့ ငယ်ဘဝကိုအတွေးတွေပြန်ရောက်သွားပြီ။
အဖြူရောက်သက်သက်ငယ်ဘဝလေးအကြောင်း
အခြေအနေပေးရင်တစ်စိတ်တစ်ဒေသရေးချင်ပါသေးတယ်
ကလေးဘဝကိုတော့လူတိုင်းခုံမင်ခဲ့ကြတယ်နော်။
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

sulay said...

မသက်ဝေပြောသလိုပါပဲ.. အားလုံးလူက နောက်ပြန်မလည်နိုင်တဲ့ ဘ၀စက်ယန္တရားကြီးက နေ၀င်ချိန်နီးလေလေ အရုဏ်ဦးရောင်ခြည်ကို ပြန်တမ်းတလေလေပါပဲ...။

ချမ်းမြေ့ပါစေ
ချယ်ရီမြေ

အလင်းသစ် said...

တို့ငယ်ငယ်တုန်းအရွယ်.. ခေါင်းတုံးလေးတွေနဲ့ကွယ်... ပုဆိုးကိုစလွယ်သိုင်း... ရွာဝိုင်းပတ်လည်..။။
ဟီးးးးးး..ငယ်ဘဝကို အမှတ်ရသွားတယ်။။။

Hmoo said...

ဖတ်ပြီးပျော်ပါတယ၊်မိမိအနေနဲ့၊
အရွယ်အကြောင်းတော့ငယ်တုံးကကော၊အခုကော
၊နောက်ကော၊မတွေးမိအောင်
သပ်သပ်ဖာသိဖာသာနေပါတယ်... :)

Nyi Linn Thit said...

မသက်ဝေက သီချင်းတွေ တော်တော်ရတာပဲ၊ ငယ်ဘဝ အကြောင်းကို အဲဒီတုန်းက နားထောင်ခဲ့ရတဲ့ သီချင်းတွေနဲ့ ချိန်ထိုးပြသွားတာ မိုက်တယ်၊ တဖက်ကလည်း အဲဒီသီချင်းတွေ ခေတ်ကောင်းခဲ့ချိန်ကို ပြန်ရှာလိုက်ရင် မသက်ဝေရဲ့ ဖြတ်သန်းမှုကို ခြေရာကောက်လို့ ရသွားပြီ..၊း)

ကွန်ပြူတာနဲ့ တီဗီဟာ နေထိုင်မှု အနှစ်သာရ ကျဆင်းစေတယ် ဆိုတာတော့ တကယ့်ကို အမှန်ပါပဲ၊ မိသားစုထဲမှာတောင် verbal communication တွေ ဆိတ်သုဉ်းလာတာ အတော်များပြီ၊ လုံးလုံးကြီး ပစ်ပယ်လို့ကလည်း မဖြစ်ပြန်..ဟူး၊ အခုလောက် ရုပ် ဝတ္ထုပစ္စည်း မပြည့်စုံတဲ့ ငယ်ဘဝကို ပိုပြီးလွမ်းဆွတ်ကြ တာတော့ ကျနော်တို့ အားလုံးပါပဲဗျာ..။

Thandar Lwin said...

မမ ငယ်တုန်းက ဘ၀လေးကလဲ အေးအေးချမ်းချမ်းနဲ့ ချစ်စရာလေး ။ ခုကြီးတော့လဲ သာသာယာယာ ဘ၀လေး ။ ဖတ်ရတာ မ၀ဘူး အများကြီးဖတ်ချင်တယ်။

mirror said...

မကြီးပိုစ့်ကို မနေ့ညနေထဲက လာဖတ်ထားတာ။ ဒီနေ့တစ်မနက်လုံးလဲ
ှပိုစ့်ထဲက Quality of Life ဆိုတဲ့စကားလုံးကိုပဲ အထပ်ထပ် စဉ်းစားနေမိတယ်။း)

ဟိုတလောကမှ ရုံးကထွက်သွားတဲ့ အင်ဂျင်နီယာအစ်ကိုကြီးတစ်ယောက် ပြောတာလေးလဲပြေးသတိရမိသေးတယ်။ " စလုံးရောက်တာ ၁၂ နှစ်ရှိပြီ။ တစ်ရက်မှ အိပ်ရေးမ၀သေးဘူး " တဲ့။ :D
ဒါလဲ ကွာလတီအော့ဖ်လိုက်ဖ် ဆုံးရှုံးခြင်း တစ်မျိုးပဲလားမသိဘူးနော်။

SHWE ZIN U said...

မသက်ဝေ ရေ

ငယ်ငယ်တုန်းက ဆိုလို့ ငယ်ဘဝ မှာ အနှောင့်အဖွဲ့ မဲ့ နေခဲ့ရတာတွေ လွမ်းတယ်

မြသွေးနီ said...

ငယ်ဘ၀ကို မတရားကို လွမ်းသွားမိပြီအစ်မသက်ဝေ...
သားရည်ပင်ကြိုးအခုန်ကောင်းလို့ နဖူးကွဲရတာ သတိရသွားပြီ။ လွမ်းလိုက်တာ.......။ အဲ့ဒီမှာမှ မဟုတ်ပါဘူး... အခုတော့ ဒီမှာလဲ ဒီလိုပါဘဲ..။ စက်ရုပ်တွေရဲ့ နေ့တဓူဝဘ၀ပေါ့..။ ရေဒီယို သီချင်းလေးတွေ ကြားရတော့ “ ပြား၆၀ပိုက်ဆံအကြွေ ..ပေးလိုက်စမ်းပါ ကလေးတို့အမေ ..." အဲ့ဒိသီချင်းတွေတောင် လွမ်းသွားရတယ်။ ခုတော့ ရေဒီယိုနားမထောင်တာ အနှစ်၂၀နီးပါးရှိနေပြီ..။

မဒမ်ကိုး said...

ငယ်ငယ်တုန်းကအရွယ်ကိုဘယ်လိုများပြီးဆုံးခဲ့လဲမသိတော့ပါဘူးမမရယ် အချိန်တွေကုန်မြန်လွန်းလို့ပါး)

အပြုံးပန်း said...

ငယ်ငယ်တုန်းက ရွှေမင်းသမီးတွေပေါ့၊
ကလေးတုန်းကလည်း ကလေးမို့
ကျောင်းတက်တုန်းကလည်း ကျောင်းသားမို့လို့
အခွင့်အရေးအပြည့်နဲ့ အညွန့်တလူလူပဲနော်။

ချစ်ကြည်အေး said...

ပျော်စရာ ငယ်ဘ၀လေးပေါ့ သူငယ်ချင်းရေး)))
သတိရမိပါတယ်။ အဲတုန်းက တို့တွေ ကျောင်းမှာ ကစားတိုင်း ဘေးမှာ ခပ်ကုတ်ကုတ် ရပ်ကြည့်နေတတ်တဲ့ မျက်မှန်လေးနဲ့ ကလန်ကလားကောင်မလေးတစ်ယောက်ကိုး))

မြတ်ကြည် said...

Good Old days :)

ဇွန်မိုးစက် said...

ဇွန်လည်း အမလိုပဲ ငယ်ငယ်က ကစားခုန်ကစားဆို ဘယ်တော့မှ မရဘူး။ စာဖတ်တာ ၀ါသနာပါတာချင်းလည်းတူတယ်။ အဲ... မျက်မှန်ကတော့ ကြီးမှတပ်ရတာ။း)

Myat Pan Nwe (မြတ်ပန်းနွယ်) said...

စာရေးသူရဲ့ ငယ်ငယ်တုန်းက အရွယ်အကြောင်းလေးကို ဖတ်သွားတယ်။း)
ယောင်ပေစူး သီချင်းကို မြတ်လည်း ကြိုက်တယ်။

ခင်မင်စွာဖြင့်
မြတ်ပန်းနွယ်

အဖြူရောင်နတ်သမီး said...

ငယ်ငယ်တုန်းကအကြောင်းလေးဖတ်သွားပါတယ် မမသက်ရေ..း)

ИГАРЬ PAFOS said...

Hello friends! as successes.

ИГАРЬ PAFOS said...

Hello friends! as successes.

ThuHninSee said...

ကန်စွန်းရွက်တောင် မချဉ်ရည်နိုင်ပါဘူး အစ်မရာ...
ချက်ပြုတ်ထားတာ ဖွယ်ဖွယ်ရာရာ များလှပါတယ်။
'ငပိကြော်အဆင်ပြေပါတယ် ကြက်ဥကို အကြော်နဲ့အ ပြုတ် ခွဲလို့… 'ဆိုရမယ် ထင်တယ်။

jasmine(တောင်ကြီး) said...

နဲနဲတူတယ် သိပ်ပြီးမဆော့ရဘူးစာဖတ်တယ်
မျက်မှန်တပ်ရတယ် ၃-၄ တန်းကတဲကစတပ်နေရတာ
ပျော်စရာငယ်ဘ၀လေးတွေနော်
ခင်တဲ့ jasmine

T T Sweet said...

အန်တီသက်ဝေ ခုချိန်ထိ အိမ်မှာ အကူမရှိပဲ အိမ်ရှင်မရော၊ carrier woman ဘ၀ရော၊ ဘလောဂါဘ၀ပါ အောင်မြင်နေတာ အရမ်းအံ့ သြနေတယ်။ အရမ်းကို တော်တာပဲ။ တကယ်ကို ချီးကျုးတာပါ။

Anonymous said...

Camera woman too...
She did very nice shots...