Tuesday, November 13, 2012

အိမ်နီးချင်းအကြောင်း သိကောင်းစရာ

မပြောချင်ဘူး… မပြောချင်ဘူး… ပြောကို မပြောချင်ဘူး… ဆိုတာ တကယ်တော့ ပြောကို ပြောချင်လွန်းလို့ အစပြုလာတဲ့ စကားပဲ…။ ခက်တာက မပြောပဲ နေလို့ရရင် ဘယ်သူက လေအကုန်ခံပြီး ပြောချင်မလဲ… ဒါပေမယ့် အခုလို မပြောလိုက်ရ မချင်း စိတ်ထဲ တနုံ့နုံ့နဲ့… နေလို့လည်း တယ်မကောင်းလှဘူး…။ ဒါကြောင့် ပြောမှပဲ ဖြစ်တော့မယ်ဗျာ…

ဒီလိုဗျ…
ကျွန်တော်တို့မှာ အိမ်နီးချင်း မိတ်ဆွေ မိသားစုတစုရှိတယ်…။ မိသားစုချင်း အတော်အတန် ခင်မင်ကြတယ် ဆိုပါတော့…။ အဓိကကတော့ အမျိုးသမီးချင်း ခင်မင်နေကြတာပါ…။ အိမ်ချင်းကလည်း နီးတော့ အမျိုးသမီးချင်းသာမက… ကလေးတွေ အချင်းချင်းလည်း အဖေါ် အလှော်တွေရလို့… ဒီတော့ အမျိုးသမီးနှစ်ယောက်ကလည်း နေ့လည်နေ့ခင်း ကလေး ကျောင်းကြို ကျောင်းပို့၊ ကျူရှင် ကြို ပို့… ဈေးသွား စသည်ဖြင့် တနေ့ တနေ့ တတွဲတွဲနဲ့…။ ဘယ်နေရာမှာ ဘာတွေ ဈေးလျှော့နေပဟ… ဆိုလည်း သူတို့နှစ်ယောက်ပဲ အပြေးကလေး သွားကြတယ်…။ ဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းက ကထိန်တို့ ၀ါဆိုတို့ ဘာညာတွေ တရားပွဲတွေလည်း အတူတူ သွားကြတယ်။ ကလေးတွေ ကစားကွင်းပို့ရင်းလည်း မိုးတိုးမတ်တပ် စကားတွေ တဖေါင်ဖေါင်နဲ့ အဆင်ပြေနေတာ သူတို့ နှစ်ယောက်ပဲ…။ ဟိုတလောက ဒီမှာ လာသွားတဲ့ အိုင်စီရှိုးတောင် သူတို့နှစ်ယောက် အတူတူ သွားကြပါသေးရော…။ ကျွန်တော်လည်း ကိုယ်တိုင်က ၀ါသနာမပါလေတော့ ကလေးထိန်းရင်း စာတအုပ်နဲ့ အိမ်မှာ နေကျန်ခဲ့တယ်…။ အဆင်ပြေပြေပါပဲ….

အဲ… သူ့ အမျိုးသားကတော့ ခပ်ရိုးရိုး ခပ်အေးအေးထဲကပါ… ကျွန်တော်နဲ့ တခါတလေတွေ့လည်း ဟိုအကြောင်း ဒီအကြောင်း အလ္လာပ သလ္လာပ အနည်းငယ်ကလွဲလို့ ပြောစရာ တယ်မရှိလှဘူး…။

ကျွန်တော့ မိန်းမကတော့ ပြောပြလေ့ရှိတယ်…။ အိမ်နီးချင်း အမျိုးသမီး စိတ်ကောင်းရှိကြောင်း၊ ကူညီတတ်ကြောင်း၊ ငွေကြေး ပြည့်စုံကြောင်း၊ အလှူအတန်း ရက်ရောကြောင်း၊ အသုံးအစွဲ လက်ဖွာကြောင်း… စသည်ဖြင့်ပါ…။ တခါတခါ သူများဝယ်တိုင်း လိုက်ဝယ်ချင်တဲ့ အိမ်က မိန်းမကို နည်းနည်းတောင် ဘရိတ်အုပ်ရသေးတယ်…။ ဘယ့်နှယ့်ဗျာ… ဟိုမိန်းမက ပိုက်ဆံအိပ်တလုံးကို ဒေါ်လာ ထောင့်ခြောက်ရာနဲ့ အွန်လိုင်းက မှာပြီး ၀ယ်သတဲ့… ကြည့်ရတာ အားကျနေပုံပဲ… ဒါမျိုးတော့ အားမကျနဲ့ မိန်းမရေ… ကိုယ့်မှာ မွေးထားတဲ့ ကလေးတွေ ရှေ့ရေးက ရှိသေးတယ် မဟုတ်လား… ဒီခေတ်ကြီးထဲ စစ်စစ်စီစီနေနိုင်မှ တော်ရုံကျတာနော်… လို့ မသိမသာ စကားသွင်းရသေးတယ်…။

ဒီလိုနဲ့ တနေ့မှာ အိမ်က မိန်းမက စကားစ လာတယ်…။ လေသံက တမျိုးပဲ… တခုခုကို မကျေမနပ် ဖြစ်နေသလိုမျိုး…။ သူ့စကားအရ သူ့မွေးနေ့မှာ ဟိုအိမ်နီးချင်း အမျိုးသမီးက ရန်ကုန်က ပါတိတ်ဝမ်းဆက်ကို မှာပြီး လက်ဆောင်ပေးသတဲ့… ပြီးတော့ ပြောသေးတာတဲ့… မွေးနေ့အမှီ လူကြုံမရ ရအောင်ရှာပြီး တကူးတက မှာထားရတာ ဆိုပဲ…။ ဒါ ဘာဖြစ်သလဲ… မွေးနေ့လက်ဆောင်ပေးတာပဲ ဘာ ပေးပေးပေါ့… ဆိုတော့ သူက မဟုတ်ပြန်ဘူး။ ဒီမှာ အတူတူ ၀ယ် ချမ်းသွားလာနေတာပဲ လက်ဆောင်ပေးချင်းပေး ဒီက ပစ္စည်းတခုခုသာ ၀ယ်ပေးသင့်တာပေါ့တဲ့… ဒီပါတိတ်ဝမ်းဆက်ကို သူ ဒီမှာ ဘယ်လိုဝတ်မလဲ တဲ့… မိန်းမများ ခက်ပုံ…။ အိုကွာ… မင်းမ၀တ်ချင်လည်း သူများပေးချင်ပေး သိမ်းချင်လည်း သိမ်းထားလိုက်ပေါ့… လို့ စကားတိုတိုပဲ ပြန်ပြောလိုက်တယ်…။ မိန်းမလည်း မကျေမနပ်နဲ့ ဆောင့်ဆောင့် ဆို လှည့်ထွက်သွားတယ်…။ မိန်းမနှယ့်… ခက်လိုက်တာ… သူများတကာကို မကောင်းမြင်တတ်တာ လွန်ရော ဆိုတဲ့ အပြစ်တင်စကားကိုတော့ လည်ချောင်းဝမှာတင် ထားလိုက်ပါတယ်… မဟုတ်ရင် ကျွန်တော်တို့ချင်း စကားများကြရမှာလေ…။

အဲ… ဒီလိုနဲ့ နေလာလိုက်တာ တနေ့ကျတော့ မြန်မာပြည်က စာသင်ကျောင်းတကျောင်း ပြန်လည် မွမ်းမံ ပြင်ဆင်ရေးအတွက် ကုသိုလ်ပြုစရာ အလှူခံပေးဖို့ ကိစ္စပေါ်လာတယ်…။ ရန်ကုန်က လှမ်းပို့လိုက်တဲ့ အလှူခံ ဖြတ်ပိုင်းတွေ လက်ထဲရောက်လာတော့ လင်မယား နှစ်ယောက် နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေဆီကို အလှူခံ ထွက်ကြတယ်…။ လှူကြပါတယ်… တတ်အားသရွေ့ လှူကြပါတယ်… ရေကြည်ရာ မြက်နုရာမှာ ရောက်နေကြတဲ့သူတွေအဖို့မှာက အခုလိုလေး အလှူခံမှ အဆင်တပြေနဲ့ လှူဖြစ်ကြတာ မဟုတ်လား…။ အလှူငွေတွေဟာ ထင်ထားတာထက် တော်တော်လေး ရလို့ မိန်းမကလည်း ၀မ်းတွေသာနေတယ်။ ထည့်ဝင်လှူတန်းကြသူတွေကလည်း အခုလို အချိန်ကုန်ခံ လူအပင်ပန်းခံပြီး အိမ်တိုင်ရာရောက် အလှူခံ ဖြတ်ပိုင်းတအုပ်နဲ့ အလှူလိုက်ခံပေးတဲ့ ကျွန်တော်တို့ ဇနီးမောင်နှံကို တပြုံးပြုံးနဲ့ သဘောတွေ ကျလို့ပေါ့…။

ဒီလိုနဲ့ ဟို အိမ်နီးချင်း မိသားစုဆီ အလှူခံဖို့ ရောက်တော့… အကျိုးအကြောင်း ပြောပြအပြီးမှာ အမျိုးသမီးက အင်း အဲ နဲ့… အိမ်ခန်းထဲ ၀င်သွားပြီး အတော်လေးကြာမှ ပြန်ထွက်လာတယ်…။ သူ့လက်ထဲမတော့ မြန်မာငွေစက္ကူ တထပ်နဲ့…။ ကျွန်တော်တို့လည်း ရုတ်တရက်တော့ အံ့သြသွားတာဗျာ…။ ဒါပေမယ်လည်း ဟန်မပျက်ပဲ အလှူငွေတွေ လက်ခံပါတယ်…။ ဗျာ… ဘယ်လောက်လှူလိုက်တာလဲ… ဟုတ်လား… ဟုတ်ကဲ့ခင်ဗျာ… မြန်မာငွေ ကျပ် ငါးထောင်တိတိပါ…။ တထောင်တန် လေးရွက်ရယ် ကျန်တာတွေကတော့ ရာတန်တချို့နဲ့ ငါးဆယ်တန် ခပ်နွမ်းနွမ်းလေးတွေတောင် ပါသေးသဗျ…။ ငွေလက်ခံဖြတ်ပိုင်း ရေးမယ့်ဟန်ပြင်နေတဲ့ မိန်းမ လက် နည်းနည်း တွန့်သွားတာ မြင်လိုက်တယ်…။ သူ့ကြည့်ပြီး ကျွန်တော်လည်း နည်းနည်း ရယ်ချင်သွားတယ်… ဒါပေမယ့် သူ ရေးနေတာကို ကျွန်တော် သေသေချာချာ ကြည့်နေလိုက်တယ်… တော်ကြာ ရေးရင်းနဲ့ လက်က အရင် ရေးနေကျအတိုင်း စကာင်္ပူဒေါ်လာ ငါးထောင် တိတိ ဆိုမှဖြင့် ကျွန်တော်တို့ အကျိုးနည်းရချည်ရဲ့ဗျာ…။

အခုတလော ကျွန်တော်လည်း ရုံးမှာ အလုပ်များနေလို့ ကျန်တဲ့ အိမ်ကိစ္စ ကလေး ကိစ္စတွေ လှည့်မကြည့်ဖြစ်ဘူး။ မိန်းမကလည်း အလိုက်တသိနဲ့ အနှောက်အယှက် မပေးဘူး… ပြောရရင် ပူညံပူညံ သိပ်မလုပ်ဖူးပေါ့ဗျာ…။ ဒါပေမယ့် တနေ့မှာ ကလေးတွေကို ကျူရှင်သင်ပေးတဲ့ ဆရာမ ကို သီတင်းကျွတ် ကန်တော့စရာ လက်ဆောင်ဝယ်ချင်လို့ အားတဲ့ တနေ့ Shopping Center တခုကို လိုက်ပို့ပေးပါလားလို့ မိန်းမက စကားစလာတယ်…။ အဲ… စကားကြုံလို့ ပြောရရင် အဲဒီဆရာမက မြန်မာပြည်မှာ တကယ် ဆရာမလုပ်လာတဲ့ ကျောင်းဆရာမအစစ်ဗျ… ကလေးတွေအပေါ် စေတနာလည်းရှိတယ် စာသင်လည်း သိပ်ကောင်းတယ်… ဒီတော့လည်း မြန်မာ့ရိုးရာ ထုံးထမ်းစဉ်လာနဲ့ အညီ သီတင်းကျွတ်မှာ ကန်တော့တယ်ဆိုတာ ဖြစ်သင့်တဲ့ ကိစ္စတခုပေပဲ…။ ခါတိုင်းတော့ ဒီကိစ္စတွေ ကျွန်တော်တောင် မသိလိုက်ရပဲ သူရယ် ဟို အိမ်နီးချင်း မိန်းမရယ် အတူတူ ဆောင်ရွက်နေကျဗျ…။ အခုမှ ထူးထူးဆန်းဆန်း… ဒါပေမယ့် ကျွန်တော် ဘာမှ မမေးလိုက်ပါဘူး… သောကြာနေ့ ညနေ ရုံးဆင်းရင် လိုက်ပို့မယ်လို့ ပြောလိုက်တယ်…။

ဆရာမအတွက် မိန်းမက ပုဝါ တထည် ၀ယ်တာတွေ့တယ်။ ပြီးတော့ လက်ပွေ့အိပ် ကြီးကြီးတလုံး ၀ယ်တယ်…။ နောက်တော့ ထုံးစံအတိုင်း ကော်ဖီမှုန့် ဘီစကစ် စတဲ့ စားဖွယ်သောက်ရာ အချို့…။ ဈေးဝယ်ပြီး အပြန်လမ်းမှာ မိန်းမက ပြောတယ်… ဟိုအမျိုးသမီးက သူ့ကို မွေးနေ့လက်ဆောင်ပေးသလိုပဲ ကလေးတွေ ဆရာမကို သီတင်းကျွတ်မှာ ကန်တော့ဖို့ ရန်ကုန်ကနေ ပါတိတ် လှမ်းမှာ ထားပြီးသားတဲ့…။ အဲဒီ ပါတိတ်အပြင် သူ့အိမ်မှာရှိတဲ့ မုန့်ဟင်းခါးထုပ်တို့ လဖက် နဲ့ အကြော်စုံတို့ပါ ပါမှာတဲ့…။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး… ဒါပေမယ့် ဟိုတခါ အလှူခံတုန်းက ထည့်လွှတ်လိုက်တဲ့ မြန်မာငွေ ကျပ် ငါးထောင်ကို သတိရသွားတော့ စိတ်ထဲ နည်းနည်း တမျိုးဖြစ်သွားတယ်…။

ကလေးတွေ ကျောင်းပိတ်ရက်ရောက်ခါနီးပြီ…။ ဒီနှစ်တော့ ကျွန်တော်တို့ မြန်မာပြည် မပြန်ပဲ ကလေးတွေကို နီးနီးနားနား ယိုးဒယားဖြစ်ဖြစ် မလေးရှုားဖြစ်ဖြစ် အလည်အပတ် ပို့မလား တွေးထားတယ်။ အဲ… တမနက် ရုံးသွားခါနီး အ၀တ်လဲနေတုံးမှာ မိန်းမက လာပြောတယ်…။ ဒီကျောင်းပိတ်ရက်မှာ ဟို အိမ်နီးချင်း မိသားစု မြန်မာပြည် ပြန်ကြလိမ့်မယ်တဲ့…။ မပြန်ခင် အိမ်မှာ ထမင်းလာစားပါလို့လည်း ဖိတ်ကြားသတဲ့…။ အေးလေ… ဒါဆိုလည်း သွားစားကြတာပေါ့… မင်းတို့ အဆင်ပြေမယ့်ရက်သာ ချိန်းလိုက်ပါလို့ ပြောပြီး ရုံးကို ထွက်လာခဲ့တယ်…။

ထမင်းစားဖိတ်တဲ့နေ့မှာ မိန်းမက အဲဒီအိမ်ကို ယူသွားစရာ မုန့်ပဲ သွားရည်စာတွေ အချိုရည်တွေကို ပြင်ဆင်လို့…။ တိုတိုပြောရရင် စနေနေ့ တညနေမှာ သူတို့အိမ်က ဖိတ်တဲ့ ထမင်းဝိုင်းကို ရောက်သွားရော ဆိုကြပါစို့ဗျာ…။

ဟား… ထမင်းဝိုင်းမှာ ဟင်းခွက်တွေက အများကြီးပါပဲ…။ ဒါနဲ့ တခုချင်းစီကို အသာ စေ့ငုကြည့်လိုက်တယ်…။ ကုလားပဲနဲ့ ကြာဆံဟင်း၊ ငါးရံ့ခြောက်ဖုတ် ဆီဆမ်း၊ ဆတ်သားခြောက်ဖုတ် ဆီဆမ်း၊ သရက်သီး သနပ်က အစိမ်းသနပ် တမျိုး အချိုသနပ်က တမျိုး နှစ်မျိုးဗျ…။ ပြီးတော့ ဘာလချောင်ကြော်လို့ ခေါ်ကြတဲ့ ငါးပိကြော်… နောက်ဗူးသေးသေးလေးတခုထဲကဟာက ငါးပိထောင်း ထင်တယ်…။ နောက်ပြီး ၀က်အူချောင်းကြော်… ဟင်းတွေကြည့်ပြီး ကျွန်တော့စိတ်ထဲ တမျိုးဖြစ်လာလို့ မိန်းမကို လှမ်းကြည့်လိုက်တော့ မိန်းမမျက်နှာလည်း သိပ်မကောင်းဘူးဗျ…။ အိမ်ရှင်အမျိုးသမီးကတော့ ပါးစပ်ကလည်း ရွှန်းရွှန်းတွေ ဝေလို့… လက်ကလည်း ဟင်းတွေကို ကျွန်တော်တို့ ပန်းကန်တွေထဲ ခပ်ထည့်ပေးနေတယ်။

ထမင်းပန်းကန်ထဲ ဆမ်းထည့်ထားတဲ့ ပဲဟင်းနဲ့ ထမင်းကို နယ်လိုက်တော့ နှာခေါင်းထဲ အောက်သိုးသိုးအနံ့လို အနံ့တမျိုး ရလာတယ်…။ စိတ်ထင်လို့ ဖြစ်မှာပါလေ ဆိုပြီး ဆက်စားတယ်… ၀က်အူချောင်းတဖတ်ကို ကိုက်လိုက်တဲ့အခါ ဆီချေးနံ့က ထောင်းကနဲပဲ…။ မျိုမချနိုင်လို့ အသာ ပြန်ထုတ်ပြီး အိမ်ရှင် အမျိုးသမီး အလစ်မှာ ထမင်းတချို့နဲ့ ဖုံးပြီး ပန်းကန်ဘေးမှာ ပုံထားလိုက်ရတယ်…။ ဒါဆိုလည်း ငါးပိကြာ်လေးနဲ့ပဲ ထမင်း တလုပ် နှစ်လုပ်ဝင်အောင် ဆက်စားလိုက်ပါမယ်လေ လို့ အားနာနာနဲ့ ငါးပိကြော် တဇွန်း ခပ်ယူလိုက်တယ်…။ ကြက်သွန်ဖြူကြော် အ၀ိုင်းလေးတွေနဲ့ ငါးပိကြော်ကတော့ အဆင်ပြေလောက်မှာပါ လို့ တွေးပြီး ပါးစပ်ထဲ အထည့်… အခုနကလိုပဲ ဆီချေးနံ့လိုလို ဟောင်းနေတဲ့ အောက်သိုးသိုး အနံ့မျိုး ရလာပြန်တယ်…။ ပြီးတော့ ကြက်သွန်ဖြူကြော်တွေရဲ့ ပျဉ်းတွဲတွဲ စေးကပ်ကပ် အထိအတွေ့…။ အဲဒါတွေကို ဘယ်လိုမှ မျိုချလို့ မရပဲ ဒုက္ခနဲ့ လှလှနဲ့ တွေ့နေတုန်း အိမ်ရှင်အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာလို့ ဖုန်းသွားပြောချိန်နဲ့ အံကိုက်မှာ တိုင်ပင်ထားသလိုပဲ… ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထမင်းပန်းကန် ကိုယ်စီကိုင်ပြီး ထမင်းဝိုင်းကနေ ပြိုင်တူ ဆတ်ကနဲ ထလိုက်ကြတယ်…။ အဲ… အိမ်ရှင်အမျိုးသားကတော့ ခပ်အေးအေးပဲ ဘာမှ မဖြစ်သလိုပဲ ထမင်းတွေ ဆက်စားနေတာတွေ့တော့ ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးဘူး…။

သွန်စရာရှိတာတွေကို တွေ့တဲ့ အမှိုက်ပုံးထဲ ကဗျာကရာ သွန်ထည့်ပြီး အိမ်ရှင် အမျိုးသမီး ထမင်းဝိုင်းနား ပြန်မ၀င်လာခင်မှာပဲ ထမင်းစားခြင်းအမှုကို ခပ်မြန်မြန် လက်စသတ်လိုက်ကြတယ်။

ပြောလက်စနဲ့ ဆက်ပြောရရင် ထမင်းစားအပြီး ရေနွေးကြမ်းဝိုင်းမှာကလည်း မာဆတ်ဆတ် အေးစက်စက် ကောက်ညှင်းရွှေကြည်၊ ပြီးတော့ ပျော့တွဲတွဲ အကြော်စုံရယ် ညစ်ထပ်ထပ် အရောင်အဆင်းရှိတဲ့ ပုဇွန်ခြောက်ရယ်နဲ့ ရောနှောထားတဲ့ လဖက်သုပ်… ဒါတောင် အိမ်ရှင် အမျိုးသမီးက ပြောသေးသဗျာ… ဒါ ရွှေပုဇွန်ခြောက်တဲ့… အရသာက သိပ်ချို သိပ်ကောင်း ဆိုပဲ…။ ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း ရေနွေးကြမ်းပူပူတွေပဲ ဖိသောက်ပြီး ပြန်မယ်အလုပ်မှာ အိမ်ရှင် အမျိုးသမီးက စကားစလာတယ်…။

တခြားတော့ မဟုတ်ပါဘူး…. သူတို့ ခရီးသွားနေတဲ့ အချိန် တလခွဲအတွင်းမှာ သူတို့ အိမ်က အလှမွေးငါးတွေကို အစာကျွေးပေးဖို့ ငါးကန်ကို ကျွန်တော်တို့အိမ်ကို ရွှေ့ထားချင်ပါသတဲ့ ခင်ဗျ…။ ပြီးတော့ ငါးတွေဟာ အဖိုးတန် ငါးတွေ ဖြစ်တဲ့အတွက် ငါးကန်အတွက် မီးချောင်းကို နှစ်ဆယ့်လေးနာရီ ထွန်းထားပေးရပါမယ် တဲ့… အဲ… ငါးစာကိုတော့ သူတို့ အသင့်ဝယ်ထားပါသတဲ့… အကယ်၍များ ငါးစာ ကုန်သွားခဲ့သည်ရှိသော် တိုက်နံပါတ် --- အောက်က ငါးဆိုင်မှာ စေတနာလျောက် ၀ယ်ယူ ကျွေးမွေးထားနိုင်ပါတယ်တဲ့ ခင်ဗျ…

ကိုင်း… ကောင်းကြသေးရဲ့လားဗျာ…
လက်စသတ်တော့ ကျွန်တော်တို့ကို ညစာ ထမင်းဖိတ်ကျွေးတာ အဲဒါကြောင့်ကိုး လို့ အခုမှ သဘောပေါက်သွားတယ်…။ ကျွန်တော်တို့လည်း မကြာသေးခင်လေးကမှ ကြိတ်မှိတ်မျိုချထားခဲ့ရတဲ့ အောက်သိုးသိုး ထမင်းလုပ်တချို့ရယ် လက်ထဲကိုင်ထားတဲ့ သောက်လက်စ ရေနွေးကြမ်းခွက်ရယ်နဲ့ ငြင်းရတခက် ယူရတခက်နဲ့ လက်ပူးလက်ကြပ်ကြီးတွေကို ဖြစ်လို့ဗျာ…။

အိမ်ရှင်အမျိုးသမီးကတော့ ကျွန်တော်တို့ မငြင်းလောက်ဖူးဆိုတာ အပိုင်တွက်ထားပုံပဲ…။ သူ့ယောက်ျားကို "မောင်ရေ… ကို--- နဲ့ မ--- တို့က ခင်တို့ ငါးလေးတွေကို မွေးပေးထားမယ်တဲ့… ငါးကန် ရွှေ့ဖို့ ပြင်ပါအုံး… လောလောဆယ် ငါးလေးတွေကိုတော့ ရေပုံးတခုနဲ့ သပ်သပ်ထည့်ထားကြတာပေါ့…" လို့ အသံချိုလွင်လွင်လေးနဲ့ လှမ်းပြောနေသဗျ…။ ကျွန်တော့ မိန်းမကတော့ မျက်နှာတော်တော်ပျက်နေပြီး ကျွန်တော့ကို ကုလားထိုင်အောက်ကနေ ခြေထောက်ချင်းတို့ပြီး မသိမသာ အချက်ပြတယ်…။ ကျွန်တော်လည်း ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်းမှာ အိမ်ရှင်အမျိုးသမီးက မီးဖိုခန်းထဲကနေ ကျွတ်ကျွတ်အိတ် အထုတ်ကြီးတထုပ်ကိုင်ပြီး ထွက်လာပြန်တယ်…။ ပြီးတော့ ကျွန်တော်တို့အနားကို လာချပေးရင်း ပါးစပ်ကလည်း ဒါတွေဟာ စားသောက်ဖွယ်ရာတွေဖြစ်ပြီး ကျွန်တော်တို့အိမ်အတွက် လက်ဆောင်လို့ ရှင်းလင်း ပြောပြနေသေးတယ်…။

အိတ်ထဲကို တစွန်းတစ လှမ်းမြင်ရသလောက်ကတော့ ဖေါက်လက်စ မကြော်ရသေးတဲ့ ငါးမုန့်ကြော်ထုပ်၊ ပုန်းရည်ကြီးထုပ်၊ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်၊ သုံးလက်စ ငြုတ်သီးမှုန့်ထုပ်၊ ပဲကြာဆံ ဆန်ကြာဆံထုပ်တွေ၊ တ၀က်တပျက် သုံးထားတဲ့ ကုလားပဲ၊ မွှေး ပဲမှုန့်အကျက်…။ ဒါတင်မကသေးဘူးဗျ… ရေခဲသေတ္တာထဲက အခုမှ ထုတ်ယူလာဟန်တူတဲ့ စိုစိစိ ပန်းသီး လေး ငါးလုံး၊ လိမ်မော်သီး သုံးလုံး၊ ကီဝီသီး တဗူးနဲ့ စပျစ်သီး ဗူးတ၀က်ခန့်တွေလည်း ပါလာသေးတယ်…။ ဒါတွေကို အိမ်မှာ တလခွဲ ဒီတိုင်းထားပစ်ခဲ့မယ့်အစား အမှန်တကယ် စားသုံးမယ့်သူတွေရဲ့ လက်ထဲ ပေးထားခဲ့တာ ကုသိုလ်ရတာမို့ အခုလို စီစဉ်ရတာ ဖြစ်ကြောင်း… မဟုတ်လဲ အပြင်က ၀ယ်စားနေရမယ့် အတူတူ သူပေးတာကို ယူလိုက်စေချင်ကြောင်း… သူဟာ အကျွေးအမွေး အပေးအကန်းမှာ လွန်စွာ ရက်ရောသူ တယောက်ဖြစ်ကြောင်း၊ လူတဖက်သားအပေါ်မှာ အန်မတိ အင်မတန် စေတနာ သဒ္ဒါတရား ကြွယ်ဝတတ်သူတယောက်ဖြစ်ကြောင်း… စကားလုံးလှလှတွေ စီကာပတ်ကုံး ပြောနေသေးတာ…။

ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း တယောက်မျက်နှာ တယောက်ကြည့်ရင်း၊ ကျွန်တော်တို့ရှေ့မှာ ရောက်နေတဲ့ နည်းနည်းနောနောမဟုတ်တဲ့ လက်ဆောင်ထုပ် ဆိုတာကြီးကို ကြည့်ရင်း ငြင်းစရာ စကားလုံး ရှာမရဖြစ်နေတယ်… ခက်ပုံ ခက်နည်းက ဟင်းပွဲပေါင်းများစွာနဲ့ ထမင်းဝိုင်းကြီးကလည်း ကျွန်တော်တို့ရှေ့မှာ လောလောလတ်လတ်ကြီး ရှိနေသေး… ပြီးတော့ လက်ထဲမှာ ကိုင်ထားတဲ့ သောက်လက်စ ရေနွေးကြမ်းပန်းကန်… တလုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ မြန်မာစကားပုံ… ဘယ်ကစလို့ ဘာစကား ပြန်ပြောရမှန်းမသိပဲ မျက်နှာတွေ ခပ်ပျက်ပျက်နဲ့ အိုးတိုး အမ်းတမ်းကြီးတွေကို ဖြစ်ရော….

အေးဗျာ… ဒီလိုနဲ့ နောက်ဆုံးမှာတော့ တပေခွဲလောက်ရှိတဲ့ မီးချောင်း နှစ်ချောင်းပါဝင်တဲ့ ငါးကန်ကြီး… ဟိုလက်ဆောင်ထုပ်ကြီးနဲ့ အတူ ကျွန်တော်တို့ အိမ်ရောက်လာပါလေရော…။ သူတို့လင်မယားက ငါးကန်ကြီးနဲ့ စင်ကို တကြိမ်၊ ငါးတွေ ထည့်ထားတဲ့ ရေပုံးနဲ့ ငါးစာတွေ၊ ငါးကန်မှာ ဆင်ရတဲ့ Filter တွေနဲ့အတူ အစောက ပြောခဲ့တဲ့ လက်ဆောင်ထုပ်ကြီးရယ်ကို တကြိမ် အိမ်အရောက် လိုက်ပို့ပေးသွားသဗျ…။



သူတို့လင်မယား ပြန်သွားကြပြီး ကလေးတွေကတော့ အဖေ အမေတွေရဲ့ အရိပ်အကဲကို နည်းနည်းမှ သတိထားမိကြပုံ မပေါ်ဘူး၊ ကစားစရာ အသစ်တခုရသလိုပဲ… ငါးကန်ဘေးမှာ ၀ိုင်းနေကြရင်း ငါးစာကျွေးဖို့ သူ့အလှည့် ကိုယ့်အလှည့် ငြင်းခုံ လုယက်ပြီး အချိန်ခွဲနေကြလေရဲ့…။ ကျွန်တော်ကတော့ ငါးကန်က မီးချောင်းတွေ ၀ပ်ဘယ်လောက်ရှိလဲ… ရေသန့်တဲ့ Filter ကရော ၀ပ်ဘယ်လောက်ရှိမလဲ… တနာရီကို မီတာ ဘယ်လောက် စားမလဲ… နှစ်ဆယ့်လေးနာရီဆို ဘယ်လောက်… တလခွဲဆိုရင် ဘယ်လောက်ဖြစ်သွားမလဲ… စသည်ဖြင့် စိတ်တွက်နဲ့ အလုပ်များနေတုန်းမှာ မိန်းမကတော့ မီးဖိုခန်းထဲမှာ အခုနက လက်ဆောင်ထုပ်ထဲက ပစ္စည်းတွေကို တခုချင်း အမှိုက်ပစ်တဲ့ အပေါက်ကနေ (စိတ်ဆိုး မာန်ဆိုးနဲ့) တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေ မမြည် မြည်အောင် ကြိုးစားပမ်းစားလုပ်ပြီး ပစ်ချနေလေရဲ့….

အဲ့လိုပါ…
မပြောချင်ဘူး မပြောချင်ဘူး… ပြောကို မပြောချင်ဘူး ဆိုတာ တကယ်တော့ ပြောကို ပြောချင်လွန်းလို့ အစပြုတဲ့ စကားပါဗျာ…။




မှတ်ချက် - ၂၀၁၃ ဧပြီလ - စတိုင်သစ် (New Style) Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

31 comments:

Vista said...

အားးးးးးးးးးးး အဲလိုအော်ချင်တယ် ..

နှင်းနဲ့မာယာ said...

ပြောကို မပြောချင်ပါဘူးမမရယ်။။။
မပြောချင်ပေမယ့် ပြောရအုံးမယ်။
အရမ်းကိုကောင်းတဲ့ ဇာတ်လမ်းလေး။
ဆွဲဆောင်မှုအပြည့်ပါပဲ။


ချစ်သော
နှင်း

Anonymous said...

အစပိုင်းတော့ ရီချင်တယ်..
ငါးကန်ပေးတဲ့နေရာကစလို့... စိတ်တိုလာလိုက်တာ ...
ဟင်းးးးးးးးးးးးးးးးးးးးး
စိတ်လေထှာ


စင်စင်

Anonymous said...

အဲလိုလူမျိုးတွေကို အားမနာဘဲ ငြင်းတတ်တဲ. စိတ်မွေးမြူရမယ်
ကိုယ်တွေလဲ အားနာတတ်တော. ကွယ်ရာကျမှ စိတ်မကောင်းဖြစ်တာ

tg.nwai said...

ဒီလို အိမ်နီးချင်းမျိုးတော့ မတွေ့ချင်ဘူး သက်ဝေရေ...သူတို့ကလည်း အားနာတတ်တဲ့သူမျိုးကိုသာ ပစ်မှတ်ထားလေ့ရှိတာကိုး။ တခါတလေဆိုရင် ဖြစ်တတ်ပါတယ်လို့ ပြောလို့ရနိုင်ပေမယ့် ဒါကိုက သူ့ဝသီ သူ့အကျင့်ဆိုရင်တော့...ရေရှည် မလွယ်လောက်ဘူးနော်..။ :)

Anonymous said...

အဟီး..
ကိုယ်တွေ့နဲ့ တူတယ်နော်..
=P
-m

Anonymous said...

bad neighbour...

တမာတောမြေ said...

ဘာမှလာမပြော..ရယ်မှာပဲ...
အို..အသင်လောက...
ရယ်စရာကောင်းပါပေ့...:D

ဇွန်မိုးစက် said...

နှစ်မြွှာအသည်းထဲက ဒေါမြလေး ပြောသလို့... မပြောချင်ဘူး၊ မပြောချင်ဘူး၊ ပြောကိုမပြောချင်ဘူး ငှက်ပျောချဉ်တူး ငှက်ပျောချဉ်တူး ... :D
ဖတ်ပြီး သဘောအကျကြီးကျသွားပါကြောင်း။း))

Hmoo said...

လက်ဆောင်တော့ပန်ပန်နဲ့ထဲ့ပေးထားတယ်၊
အိမ်ကမြွေကန်နဲ့သူ့ကိုအစာကြွေးဖို့ကြွက်သေးသေး
လေးတွေကိစွကတော့နောက်မှပြောကြတာပေါ့.. :)

မောင်မျိုး said...

သေတာပဲ အဲ့လို အိမ်နီးနားချင်း ပိုက်ဆံအိတ် ဒေါ်လာ ၁၆၀၀ တန်ဝယ်တဲ့သူက အလှူငွေကျ မြန်မာငွေ ၅ ထောင်ဆိုတော့ အောင်မငီးဗျ ကျန်တဲ့ဟာတွေတော်ပါသေးတယ် ထမင်းစားဖိတ်ပြီး မကောင်းတာတွေကျ လွန်တာပေါ့လို့ သွန်ခွင့်ရလို့တော်သေးး ။

ပန်းချီ said...

စိတ်ဆိုးမာန်ဆိုးဖြစ်နေတဲ့ကြားက ဘယ့်နှယ်သွားကြီးဖြီးပြီး ဖတ်မိပါလိမ့်..:D အစ်မရေးထားတာ သွက်လက်ချက်ချာ ရယ်ချင်စရား))

Thandar Lwin said...

ဘုရားရေ ..အဲလို အိမ်နားနီးချင်းမျိုးတော့ မကြုံပရစေနဲ့...

ahphyulay said...

အင်း...
အကျိုးလိုလို့  ညောင်ရေလောင်းတဲ့ 
အိမ်နီးချင်းပါလား၊ ခက်တာက ယနေ့ ခေတ်
အချိန်အခါမယ် လူအချင်းချင်း တစ်ယောက်
ကို တစ်ယောက် အပြန်အလှန် အသုံးချ,နေ
ကြတာပဲ တွေ့ နေရပါတယ်၊
ပြောခဲ့ ချင်တာက အိမ်နီးချင်းလို“လူတော်..”
တွေပဲ ထွန်းကားနေပြီး “လူကောင်း” တွေကတော့  အရုပ်ရေးပြမှ
ရတော့ မယ်နော်..။

မမိုး said...

ရှိတယ်...အဲ့လိုမျိုး အားမနာတတ်တဲ့ သူတပါးကို နေရာထားရကောင်း မသိတတ်တဲ့သူမျိုး..
ခံရတာများလာတော့ ခုဆို မရတော့ဘူး။
ပြုံးပြုံးလေးနဲ့ ငြင်းတတ်အောင် သေချာလေ့ကျင့်ထားရ
တယ်....ဒါတောင် တခါတလေ အငိုက်မိသေးတာ.....

mstint said...

လူအမျိုးမျိုးစိတ်အထွေထွေပေါ့ မသက်ရေ။ လောကမှာ မရှိတာထက်မသိတာခက်ဆိုတဲ့ လူသားတွေဒုနဲ့ဒေးပါ။
တီတင့်တို့ငယ်စဉ်က သရုပ်ဆောင် ဒေါ်မြလေး ခါးလေးထောက်ပြီး 'မပြောချင်ဘူး မပြောချင်ဘူး ဘာတစ်ခုမှ မပြောချင်ဘူး' ဆိုတာလေး မျက်လုံးထဲရောက်လာတယ်း)
စိတ်ဓာတ်အစဉ်ကြည်လင်အေးမြပါစေကွယ်။

မေတ္တာဖြင့်
အန်တီတင့်

ညီလင်းသစ် said...

မြန်မာပြည် ပြန်တော့မှာဆိုတော့ အရင်တစ်ခေါက်တုန်းက ဝယ်လာခဲ့တဲ့ အခြောက်အခြမ်းတွေ အကုန်ရှင်းရင်း ငါးကန်ကိစ္စလည်း အဆင်ပြေ၊ လက်ဆောင်ထုပ်ကြီး ပေးလိုက်လို့ ရေခဲသေတ္တာကိုလည်း ရှင်းပြီးသားဖြစ်.... တယ်ပိုင်တဲ့ အကြံပါတကား...။း)

Sonata Cantata said...

ရေးသွားလိုက်တာများ...ထောင့်ကိုစိလို့
သူနဲ့ အိမ်နီးချင်း ဖြစ်ရမှာတောင် ကြောက်လာတယ်...
ဟိုအမျိုးသမီးကို ပြောတာပါ...:P
အဆုံးသတ်လေးမှာ အဖေအမေရဲ့ အရိပ်အကဲကို မသိရှာတဲ့ ကလေးတွေကို အရမ်းချစ်သွားတယ်...။

T T Sweet said...

ဟုတ်ပ သယ်ရင်းရယ် ပြောကိုမပြောချင်ဘူး။ ကြုံဖူးပေါင် ဂုဏ်ထူးဆောင်တွေပဲ။ တို့သာဆိုရင်တော့ ငြင်းမိမယ်ထင်တယ်။ တစ်ခါတစ်လေ အားနာလွန်းတာလဲ မကောင်းဘူး။

အဲသလို မြန်မာလူမျိုး အသိအချို့ ကြုံဖူးတယ်။ လူတွေက ချမ်းသာပေမဲ့ သူများအပေါ်မှာကျ စေတနာမရှိကြဘူး။

Teresa Htar Myat Thwe said...

သမီးဆိုရင်တော့ အမြင်ကတ်ကတ်နဲ့ငြင်းပစ်ခဲ့မှာ

ဆုမြတ်မိုး said...

တချို့တွေက စိတ်ပျက်စရာကောင်းလောက်အောင်ကပ်စီးနည်းကြတယ်နော်..ဆုမြတ်လည်းတွေ့ဖူးတယ် အမျိုးအရင်းခေါက်ခေါက်ကြီးရွာပြန်မလို့ စားလက်စ ငှက်ပျောသီးဖီးလေးကိုလာပေးပြီး သူတို့အိမ်ကိုစောင့်ရှောက်ပေးပါတဲ့..အတော်ချစ်ဖို့ကောင်းတဲ့လူတွေ

မိုးငွေ့........ said...

အောင်မလေး အဲလိုအိမ်နားချင်းမျိုးနဲ့တိုးလို့ကတော့ တေဘီဆရာပဲ...

မီးချစ် said...

ရှိတယ် အဲ့လိုလူမျိုးတွေ :(

T T Sweet said...

များကွန့်မန့်လေးချန်ခဲ့တာ ၊ မပေါ်ဘူးနော်။ သူငယ်ချင်း ရန်ကုန်ရောက်နေလို့ ဘလော့ဂ် မ၀င်ဖြစ်တာလား။

အပြုံးပန်း said...

ဒီပိုစ့်ဖတ်ပြီး စိတ်ထဲမှာ ကျန်နေတာလေး ပြောချင်လို့၊
မကောင်းတာကို မကောင်းကြောင်း ပြောခွင့် ရှိတယ်ထင်ပါတယ်၊
အိမ်ထိတောင် ထမင်းစားဖိတ်မှတော့ ရင်းနှီးနေသားပဲ
ကိုယ်သာ ဆို ပြောလိုက်မှာ၊
မကောင်းတာတွေ ဘယ်သူ့ဆီမှာ ဖြစ်ဖြစ် ဘယ်နေရာမှာမဆို ကျန်နေတာ မကောင်းဘူးလေ။

စိတ်ရောအတွေးရော ရှင်းချင်သူမို့ပါနော်။

ရိုးမ အရိုင်းပန်း said...

အဟိဟိ... အမသက်ဝေ... ကိုယ်တွေ့ မဟုတ်ပါစေနဲ့  လို့  ဆုတောင်းပေးပါတယ်..။ ကြုံလာခဲ့ရရင် ငိုရခက် ရယ်ရခက်..။

Mar Mar Lwin said...

မသက်ဝေ ရေ
ဖတ်ပြီး သဘောအရမ်းကျသွားပါတယ်
ကြုံဖူးတယ် သိလား အဲဒီလိုမျိုး..

tin min htet said...

အမသက် ငါးကန်ကြီး ဘယ်သူ့ အပ်ခဲ့တာလဲ (((( ဟမ် )))))

Anonymous said...

Ah hote, kyone pu par dae....I still can't refuse if I received such garbage gifts....arr nar dae...but I always throw away once I get home...
Also I was invited for lunch/dinner and was served leftovers a few times by the same host. It sucks...

Anonymous said...

အဟုတ်... ကြုံဖူးပါတယ်...
I still can't refuse if I received such garbage gifts....
အားနာတယ် but I always throw away once I get home...
Also I was invited for lunch/dinner and was served leftovers a few times by the same host. It sucks...

ကြည်ဖြူပိုင် said...

အဲလိုစရိုက်မျိုးရှိသူတွေကြုံဖူးပါရဲ့။အားနာတတ်တော့စိတ်ညစ်တာသာအဖတ်တင်ရတယ်။ရေးဖွဲ့ထားပုံလေးကောင်းလိုက်တာမမရေ။အပြင်လောကက လူတချို့ရဲ့စရိုက်ကိုသွက်လက်တဲ့အရေးလေးတွေနဲ့ထင်သာအောင်ချပြနိုင်တယ် :)