Sunday, April 20, 2014

သီရိလင်္ကာ ခရီးစဉ် (၅)

စွယ်တော်ဖူးပြီး အပြန်မှာ မနေ့က ဆိုင်လေးမှာပဲ မနက်စာ ဝင်စားကြပါတယ်။ ထုံးစံအတိုင်း နံပြား၊ ပလာတာ၊ တိုရှည် နဲ့ ကြက်သား အာလူးဟင်း၊ ဘာခေါ်မှန်းမသိတဲ့ ပလာတာ နုတ်နုတ်စင်းကြော်။ ကျွန်မကတော့ အဲဒါတွေ မစားတတ်တာမို့ ဘယာကြော်နဲ့ ကမ္ဘာ့အချိုဆုံး လဖက်ရည်ကို သောက်နိုင်သလောက် သောက်ပြီး ခဏပြန်နားကြပါတယ်။ နားပြီးရင်တော့ မြတ်စွာဘုရား ခြေတော်ရာ ချန်ခဲ့တဲ့ ဘုရားကိုဖူးဖို့ ဟိုး တောင်ပေါ်မြို့လေးကို သွားကြမယ်လို့ ဆိုပါတယ်။ ကျွန်မကတော့ တောင်ပေါ် ဆိုတဲ့အသံကြားတာနဲ့ အလိုလို ပျော်နေမိတယ်။ မြေပြန့်နဲ့မတူ သိသိသာသာ ကွဲပြားခြားနားစွာ လှပတဲ့ မြင်ကွင်းတွေရယ်၊ လင်းလက်တဲ့ နေရောင်ခြည်အောက်မှာ အေးစိမ့်စိမ့်လေး ဖြစ်နေတတ်တဲ့ ရာသီဥတုရယ်၊ ပြီးတော့ ကျွန်မချစ်တဲ့ တိမ်တွေနဲ့ အနီးကပ် ဆုံတွေ့ရတတ်တဲ့ အဲဒီ တောင်ပေါ်မြို့တွေဟာ ကျွန်မရဲ့ All time favourite တွေပါ။

ဒါတွေကတော့ တောင်ပေါ်အတက် လမ်းကလေးတွေပါ။

နွေဦးက ခြောက်သွေ့သလို ထင်ရပေမဲ့ သူ့နည်းသူ့ဟန်နဲ့တော့ သိပ်လှနေတာပါပဲ။
ဒါကတော့ မြတ်စွာဘုရား ခြေတော်ရာ ချန်ခဲ့တဲ့ ဘုရား လို့ သိရပါတယ်။ နေသိပ်ပူတော့ အကြာကြီးထိုင်မဖူးနိုင်ခဲ့ပါဘူး။ လူတစ်စုကတော့ စေတီကို ထုံးသင်္ကန်း အသစ် ကပ်လှူနေကြတာကို တွေ့ခဲ့ရပါတယ်။ (ပုံထဲမှာ ကြည့်ရင် သေးသေးလေး မြင်နိုင်ပါတယ်) ဒီလောက် ခြစ်ခြစ်တောက် ပူတဲ့နေရောင်အောက်မှာ ထုံးသင်္ကန်းလှူနေကြသူတွေရဲ့ သဒ္ဗါတရားနဲ့ သူတို့ရဲ့ ကုသိုလ်တွေအတွက် သာဓုသုံးကြိမ် ခေါ်မိပါတယ်။ 
ဗစ်တိုးရီးယား ရေကာတာပါ။ သီရိလကာင်္နိုင်ငံရဲ့ အကြီးဆုံး ရေကာတာ တစ်ခုဖြစ်ပြီး နိုင်ငံအတွက် ရေအားလျှပ်စစ် အများဆုံး ထုတ်ပေးတဲ့ ရေကာတာကြီးပါ။ အဲဒီကိုရောက်တော့ ညနေ သုံးနာရီခွဲ… နေသိပ်ပူနေလို့ ကားပေါ်က မဆင်းတော့ပဲ လှမ်းရိုက်လိုက်တဲ့ပုံတွေပါ။
မနက်ကလည်း အစောကြီးထခဲ့ရတာမို့ လူကြီးတွေလည်း တော်တော်လေး ပင်ပန်းနေကြပြီ။ ဒီတော့ ဘုရားဖူးပြီး ပြန်နားကြမယ်လို့ စီစဉ်လိုက်ပါတယ်။ ဒါ အပြန်လမ်းပါ။ တောင်တွေကို ကွေ့ကာ ပတ်ကာ ဖေါက်ထားတဲ့ လမ်းတွေပေမဲ့ ကားမောင်းသူက ကျွမ်းကျင်ပြီး စိတ်ရှည်တော့ စိတ်ချလက်ချ နဲ့ သက်တောင့်သက်သာ စီးလို့ရခဲ့ပါတယ်။ 
ဗောဓိညောင်ပင်ရဲ့ နွေဦးအလှ၊ ညောင်ရွက်လေးတွေ လေထဲမှာ တဖျတ်ဖျတ် လှုပ်ခတ်နေတာကို ကြည့်ပြီး ဆည်းလည်းလှိုက်သံကို သတိရမိပါတယ်။
တောင်ပေါ်ကအဆင်း အပြန်လမ်းမှာ ခဏနားရင်း အအေးတို့ သစ်သီးတို့ အပြင် လှမ်းတွေ့နေရတဲ့ ပြောင်းခင်းထဲက လတ်လတ်ဆတ်ဆတ် ချိုးထားတဲ့ ပြောင်းဖူးတွေကို မီးဖိုပြီး ချက်ချင်း ပြုတ်ရောင်းတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ပြောင်းဖူးပြုတ် ဝင်စားကြသေးတယ်။ သူတို့က ပြောင်းဖူးပြုတ်ကို မစားခင်မှာ ဆားရည်ထဲကို စိမ်ပေးတယ်။ ဒီမှာစားရတဲ့ Sweet Corn တွေလို မချိုသော်လည်း သဘာဝအတိုင်း လတ်ဆတ်တာမို့ စားလို့ ကောင်းပါတယ်။ ဒါကတော့ အဲဒီ ဆိုင်ဘေးမှာ တွေ့ခဲ့တဲ့ စပါးခင်းလေးပါ။ စပါးပင်ကို နီးနီးကပ်ကပ် မတွေ့မမြင်ရတာ တော်တော်ကြီးကို ကြာနေပြီမို့ အခုလိုတွေ့တော့ ဝမ်းသာပြီး ဓါတ်ပုံ ရိုက်ခဲ့ပါတယ်။ 
ဒါကတော့ ကန္ဒီမြို့ထဲကို ပြန်ဝင်လာတဲ့ လမ်းမကြီးပါ။ ဟိုးတောင်ပေါ်မှာ ထုံးသင်္ကန်းနဲ့ ရုပ်ပွားတော်ကြီးတစ်ဆူကို လှမ်းပြီး ဖူးမျှော်နိုင်ပါတယ်။
တိမ်တွေက သိပ်လှတာပဲလို့ ကိုယ်ပြောရင် မင်း ယုံလိုက်ပါ။ (တိမ်နဲ့ ချည်တဲ့ကြိုး - ဂျူး)
မနက်ဖြန်ကျရင် လဖက်ခင်းတွေရှိတဲ့ တောင်ပေါ်မြို့လေးတစ်မြို့ကို သွားလည်ပါအုံးမယ်။ အဲဒီဖက်မှာ လဖက်ခင်းတွေအပြင် Little England ဆိုတဲ့ နေရာလေးရယ်၊ မယ်သီတာကို ဒဿဂီရိ က ခိုးယူလာပြီး ဖွက်ထားခဲ့တဲ့နေရာရယ်ကိုပါ သွားကြဖို့ စီစဉ်ထားပါတယ်။ ကျွန်မနဲ့ အတူတူ လိုက်လည်ကြပါအုံးနော်…။



- ၂၀၁၅ အောက်တိုဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Thanks Note - ကျွန်မ အရင်ပို့စ်တွေမှာ Kandy ဆိုတဲ့ မြို့နာမည်ကို ကန်ဒီလို့ပဲ ရေးနေခဲ့မိတာ။ တနေ့ကမှ မိတ်ဆွေတစ်ယောက်က စာလုံးပေါင်းအမှန်က ကန္ဒီ ဖြစ်ရမယ်လို့ လှမ်းပြောလာပါတယ်။ အဲဒါကြောင့် အခု ပြင်ရေးလိုက်ပါပြီ၊ ရေးပြီးခဲ့တဲ့ ပိုစ့်အဟောင်းတွေမှာလည်း လိုက်ပြင်ပါ့မယ်။ စာလုံးပေါင်း အမှန်ကို ပြောပြပေးတဲ့အတွက် ကျေးဇူးအကြီးကြီးတင်ပါတယ်နော်။း)

9 comments:

  1. မယ်သီတာ..ခိုးတာ ဘယ်သူလဲ...ငါပဲ...ငါပဲ...ငါပဲ
    ဘီလူးကြီးလို ဒူးနှစ်ဘက်ခွင် ခြေဖနောင့်နဲ့ ထောက်ပြီး လိုက်ခဲ့တယ်နော်...:D

    ReplyDelete
  2. ဘယ်နှရက်တောင် နေခဲ့တာလဲ? ဓာတ်ပုံတွေအတော်လှတယ်.... ကမ္ဘာ့အချိုဆုံး လဘက်ရည်ဆိုတော့ မြန်မာပြည်က လဘက်ရည်ထက်တောင် ချိုတယ်ပေါ့? ဒီပိုစ့်တွေဖတ်ပြီး သီရိလကာင်္သွားချင်စိတ်လဲပေါက်လာသလို သွားဖြစ်ရင်လဲ ထပ်လာဖတ်ဖြစ်အုံးမှာ သေချာတယ်...

    ReplyDelete
  3.ေ နွ ဦး ကေ ခြာ က်ေ သွ့ သ လို ထ င် ရေ ပ မ ယ့်
    သူ့ န ည်း သူ့ ဟ န် နဲ့ေ တာ့ သိ ပ် လှေ န တာ ပါ ပဲ ဆို တာ ရ ယ်
    တိ မ်ေ တွ က သိ ပ် လှ တာ ပဲ လို့ ကို ယ်ေ ပြာ ရ င်
    မ င်း ယုံ လို က် ပါ ဆို တာ ရ ယ်ေ တာ်ေ တာ် မို က် ပါ တ ယ်
ေ တာ င်ေ ပါ် လ ဖ က် ခ င်းေ တွ ကို
    မ ယ် သီ တာ ခိုး တာ ဘ ယ် သူ လဲ ဆို တဲ့ သီ ချ င်း နားေ ထာ င် ရ င်း
    သြ ာ း ၾက တ ာ ေ ပါ့ ေ လ

    ReplyDelete
  4. Thanks for sharing. Looking forward to read more.

    ReplyDelete
  5. ရိုက်ထားတဲ့ပုံတွေကိုအရမ်းကြိုက်တာပဲ...

    ReplyDelete
  6. သက်ဝေပို့ စ်တွေကြောင့် ပိုက်ဆံမကုန်ပဲ သီရိလင်္ကာရောက်သွားပြီ. သူတို့ ဆီမှာလဲ စက်တော်ရာရှိတယ်နော်. လမ်းလေးတွေကလဲသာသာယာယာ. ငြိမ်းချမ်းလိုက်တာ

    ReplyDelete
  7. သီရိလင်္ကာတောင် သွားချင်သလိုလို ဖြစ်လာ။
    အမခင်မင်းဇော်

    ReplyDelete
  8. It's been episode 5 and haven't skipped a post about Sri lanka :)

    ReplyDelete
  9. တောင်တက်လမ်းကလေးတွေ တွေ့တော့ တောင်ကြီး အတက်လမ်းကို ပြန်သတိရမိတယ်..

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...