Monday, September 15, 2014

အ ခွ င့် ရှိ ခဲ့ ပါ လျှ င် . . . .

(၁)
တစ်ကြိမ်တစ်ခါမျှ မသိခဲ့ဖူးသော လူစိမ်းနှစ်ယောက်၊ တစ်ယောက်နှင့် တစ်ယောက် စတင် ခင်မင် သိကျွမ်းကြရာတွင် အနေအထား အမျိုးမျိုးရှိနိုင်၏။ သို့သော် သူနှင့် ကျွန်မ သိကျွမ်းခဲ့ရပုံမှာမူ မည်သို့မျှ မထူးခြားချေ။ ကျွန်မတို့ နှစ်ယောက်ကို မည်သူကမျှ ရေးကြီးခွင်ကျယ်လုပ်ကာ မိတ်ဆက်မပေးခဲ့၊ ထို့ကြောင့် တစ်ယောက်ကို တစ်ယောက်က “အခုလို ခင်မင်သိကျွမ်းခွင့်ရတာ ၀မ်းသာပါတယ်…” ဟူသော သံတမန်ရေးရာဆန်ဆန် စကားအပိုများ ပြောစရာမလိုခဲ့ကြ၊ လူမြင်သူမြင်ကောင်းအောင် လှလှပပလေး ပြုံးရယ်ကာ လက်ဆွဲနှုတ်ဆက်စရာလည်း မလိုအပ်၊ ကျွန်မက သူ့ကို သူမှန်း သိနေခဲ့ပြီး သူကလည်း ကျွန်မကို ကျွန်မမှန်း ကြိုတင် သိနှင့်နေခဲ့သည်။ သည်လိုနှင့် ကျွန်မတို့နှစ်ယောက် အလိုလို မိတ်ဆွေ ဖြစ်ခဲ့ကြရသည်။

အမျိုးသားတစ်ယောက်နှင့် အမျိုးသမီးတစ်ယောက် မိတ်ဆွေဖြစ်သွားကြသည် ဟူသော စကား၏နောက်တွင် မည်သည့် အကြောင်းအခြင်းအရာများနှင့် မည်သို့သော ပညတ်ချက်များ ပါဝင်နေမည်ကို ကျွန်မ မသိပါ။ သိစရာလည်း မလိုအပ်သလိုသိအောင်လည်း မကြိုးစားခဲ့ပါ။ မည်သို့ပင်ဖြစ်စေ ကျွန်မတို့နှစ်ယောက်သည် အချိန်တိုတိုအတွင်းမှာပင်လွန်စွာ ရင်းနှီး ခင်မင်သော မိတ်ဆွေများ ဖြစ်သွားခဲ့ကြ၏။


(၂)
မိတ်ဆွေဘဝတွင် ကျွန်မတို့ စကားများစွာ ပြောဖြစ်ကြသည်။ ပြောဖြစ်သမျှ စကားများသည် အမျိုးအမည် မတူ၊ အမြီးအမောက် မတည့်သော စကားများဖြစ်သလို အကြောင်းအရာများကလည်း တစ်နေ့ တစ်မျိုး မရိုးရအောင် စုံလင်လှသည်။ သူက အလုပ်လာသောအခါ ဖြတ်လျှောက်ရသော လမ်းကလေး၏ လှပစွာ တိတ်ဆိတ်ငြိမ်သက်ပုံကို ပြောလျှင် ကျွန်မက ညက ဆိုးလာသော လက်သည်းနီအရောင်မှာ နက်ပြာရောင်ဖြစ်ကြောင်းနှင့် ကျွန်၏ လက်ချောင်းများပေါ်တွင် ထူးခြားစွာ ပေါ်လွင်လှပနေကြောင်းကို မဆီမဆိုင် ပြောလေ၏။ သူ၏ နေ့လည်စာမှာ ပင်လယ်စာနှင့်အရွက်စိမ်းကြော် အနည်းငယ် ဖြစ်သည်ဟု ပြောလျှင် ကျွန်မက မနက်က ဖတ်ခဲ့ရသော ပျောက်ဆုံးလေယာဉ်ပျံ သတင်းကို စိတ်ပါလက်ပါ ပြောမိ၏။ သူက လမ်းများများ လျှောက်တိုင်း သူ့ခြေဖ၀ါးများ နာကျင်လှသည်ဟု ပြောလျှင် ကျွန်မက Espresso Double Shot ၏ ပြင်းရှ ခါးသက်သော အရသာကို မစားရ ဝခမန်း တဖွဲ့တနွဲ့ ပြောပြမိလေ၏။ သူက ညက ဘောလုံးပွဲရှုံးသောကြောင့် စိတ်ညစ်နေကြောင်းပြောလာလျှင် ကျွန်မက ကျွန်မ၏ ငယ်ဘဝအကြောင်းနှင့် ကျွန်မ ပိုင်ဆိုင်ခဲ့ဖူးသော ဗိုလ်အုန်းသီးစက်ဘီးအကြောင်းကို စိတ်လိုလက်ရ မနားတမ်း ပြောလေ့ရှိ၏။

ပြောရလျှင် သူက ကျွန်မကို စာများများ ဖတ်စေချင်သည်၊ စာများများ ရေးဖြစ်စေချင်သည်၊ ကြိုးစားစေချင်သည်။ သို့သော် ကျွန်မက နှင်းဆီတစ်ပွင့်တွင် ပွင့်ဖတ် အရေအတွက် မည်မျှရှိသည်၊ နှင်းဆီပန်းတစ်ပွင့်၏ အရိုးတံ အရှည်တစ်လက်မတွင် ဆူး ဘယ်နှစ်ချောင်းရှိသည် တို့ကို အလုပ်မရှိ အလုပ်ရှာ ရေတွက်ကာ ပျော်ပျော်ကြီး အချိန်ဖြုန်းနေတတ်၏။ ထို့အပြင် သူ ရည်ညွှန်းသောစာအုပ်များကို ချောင်ထိုးကာ ကာတွန်းတင်အောင်နီ၏ ပြာဂလောင်၊ ပြာလချောင်၊ ကိုထူးဆန်းနှင့် မခင်ချောဆွိတို့ကို ဖတ်ရင်း သဘောတွေ့ကာ တခွိခွိ ရယ်နေတတ်၏။ အဆိုးဆုံးမှာ ဂိမ်း ဖြတ်ရန်ကိစ္စပင်၊ သူက ကျွန်မကို အချိန်ကုန်စေသော ဂိမ်းများကို မဆော့စေချင်တော့၊ ကျွန်မကလည်း ထိုဂိမ်းများကို ခေါင်းအကိုက်ခံ၊ မျက်စိအညောင်းခံ၊ လက်အနာခံကာ ညမအိပ်ပဲ ပေပေတေတေ ဆော့တတ်သည်။

သူက စိတ်ထားသဘောထား နူးညံ့ပျော့ပြောင်းသလောက် ကျွန်မက အကြောင်းမဲ့ မာရေ ကျောရေ နိုင်လှသူ တစ်ယောက်သာ။ သူပြောလေ့ရှိသော စကားများသည် ကတ္တီပါပန်းတစ်ပွင့်၏ ပွင့်ချပ်များပမာ အစဉ်အမြဲ ချောမွေ့နူးညံ့နေတတ်သော်လည်း ကျွန်မ၏တုန့်ပြန်မှုက ဟော်လိုဂစ်တာတစ်လက်၏ နံပါတ်တစ်ကြိုးပမာ မာကျော စူးရှနေတတ်၏။ သူက နှင်းဆီပွင့်ဖတ်နုနုကလေးများကို ရိုက်ထားသော ဓါတ်ပုံများပို့လျှင် ကျွန်မက နှင်းဆီဆူးများကို အနီးကပ်ရိုက်ထားသောပုံများ ပြန်ပို့မိ၏။ ထို့အပြင် ထုံနေသည် ဟူသော စကားတစ်ခွန်းဖြင့်လည်း ကိုယ် မပြောလိုသော အကြောင်းအရာများ၊ အဖြေမပေးချင်သော မေးခွန်းများကို ပေတိပေကပ်ဖြင့် လွှဲရှောင်တတ်သေး၏။ သူက တစ်စုံတရာ အဆင်မပြေတိုင်း Restart ပြန်ချရသည်မှာ မကြာခဏ ဟု ပြောတတ်သော်လည်း ကျွန်မကမူ Restart နှင့် U-Turn ဟူသော စကားများကို အကြားနှင့်ပင် ခါးသက်သူ ဖြစ်ကြောင်း အတိအလင်း ကြေငြာထားတတ်လေ၏။

ကျွန်မစကားပြောပုံ အချိုးမပြေလျှင် နားရင်းအုပ်ချင်သည်ဟု သူက ပြောသော် ကျွန်မက လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်ဟု ပြန်ပြောလေ့ရှိ၏။ သည်အချိန်တစ်ခုသာ ရောင်းသူ ၀ယ်သူ အသံတူသည်ဟု ပြောဖြစ်တော့ ကျွန်မတို့နှစ်ယောက် အသံထွက်ကာ ဟက်ဟက်ပက်ပက် ရယ်မောမိကြ၏။ အမှန်ဆိုရပါမူ ကျွန်မတို့နှစ်ယောက်သည် အချိန်တော်တော်များများတွင် အကြိုက်ချင်းမတူ၊ ဘာသာစကားချင်းမတူ၊ သဘောထားချင်း မတိုက်ဆိုင်၊ ပြောလေ့ရှိသော စကားများ၏ အတိမ်အနက် မည်သို့ပင် ကွဲပြားစွာ မတူညီကြသည်ဖြစ်စေ များစွာ ခင်မင်ရင်းနှီးသော၊ တစ်ယောက်အကြောင်းကို တစ်ယောက်က ရာခိုင်နှုန်း တော်တော်များများ သိနားလည်နေကြသော စကားပြောဖေါ် မိတ်ဆွေများသာဖြစ်ကြ၏။

မိတ်ဆွေဘ၀ဖြင့် ရပ်တည်ရင်း အချိန်ကြာလာလေ သံယောဇဉ်များ ပိုမို နက်ရှိုင်းလေ ဖြစ်လာကြသည်ကို ဖာသာ သိကြလေသည်။ ထိုသံယောဇဉ်များသည် အရောင်မရှိ၊ ပကတိ ဖြူစင် သန့်ရှင်းသည်ဟု အတွေးထဲက စွဲမြဲ ယုံကြည်နေကြသလိုပင်။ သို့သော် တရစ်ထက် တစ်ရစ် တိုးလာသော သံယောဇဉ်များ၊ တွယ်တာမှုများ၊ ရင်းနှီးကျွမ်းဝင်မှုများနှင့် နွေးထွေးသော အကြင်နာ မေတ္တာများ၏ နောက်ဆက်တွဲအဖြစ် အများသူငါတို့ တွေးတော ထင်မြင်ထားတတ်ကြသော ပုံသေကားချပ်အတိုင်း အချိန်မရွေး ချစ်သူများ ဖြစ်နိုင်၊ မဖြစ်နိုင်ဟူသော အချက်ကိုမူ ကျွန်မတို့နှစ်ယောက်စလုံး စိတ်တူ ကိုယ်တူ မေ့ထားခဲ့ကြလေသည်။

(၃)
 
တညနေ…
ထိုညနေက ထုံးစံအတိုင်းကျွန်မတို့ စကားပြောဖြစ်ပြန်၏။ အခါများစွာမှာ အကြောင်းအရာစုံ ပြောတတ်သောသူက ထူးထူးခြားခြား အနည်းငယ် တိတ်ဆိတ်နေရင်းက ကျွန်မပြောသမျှ နားထောင်မည်ဟု ဆို၏။ ကျွန်မက ရုတ်တရက် ဘာပြောရမှန်းမသိသောကြောင့် ရေးလက်စ စာတစ်ပုဒ်ကို ဖတ်ပြမည်ဟု ပြောသောအခါ သူက နားထောင်ရန် အလွယ်တကူ သဘောတူလေသည်။ ထိုအခါ ကျွန်မရေးထားသော Bouncing Ball ကလေး တစ်လုံးအကြောင်းကို အောက်ပါအတိုင်း ဖတ်ပြလိုက်မိ၏။

“ညနေက Bouncing Ball ဟု ခေါ်လေ့ရှိကြသော ဘောလုံးကလေးတစ်လုံး မမျှော်လင့်ပဲ လက်ထဲ ရောက်လာသည်။ ဘောလုံးကလေး၏ အရောင်မှာ အဝါရောင် ဖြစ်သည်။ ထိုဘောလုံးကလေးကို လှည့်ပတ်ကြည့်လိုက်သော် ဘာမှ ထူးထူးခြားခြား မရှိ၊ သာမန်ဘောလုံးကလေး တစ်လုံးမျှသာ။ သို့သော်လည်း သူ့တွင် အခြားဘောလုံးကလေးများနှင့်မတူသော အစွမ်းသတ္တိ တစ်မျိုးရှိနေခဲ့သည်။ ထို့ကြောင့် သူ့အစွမ်းကို စမ်းသပ်ကြည့်ရမည်။ ပထမတော့ မည်သို့ စတင်ပြီး မည်သည့်နည်းနှင့် ဆော့ကစားရမည် မသိ၊ နောက်တော့ မရဲတရဲနှင့် ကြမ်းပေါ်သို့ အသာ ပစ်ချကြည့်လိုက်မိသည်။ ထိုအခါ ဘောလုံးကလေးက လက်ထဲမှ အသာအယာ လျှောချသွားသည်။ ထို့နောက် ကြမ်းပြင်နှင့် ထိတွေ့ပြီးပြန်လည် ခုန်ထလာခဲ့သည်။ ကြမ်းပြင်မှ တစ်ပေသာသာ အကွာအဝေးကို ပြန်လည် မြောက်တက်လာသော ဘောလုံးကလေးကို ချက်ချင်း အမိအရ ပြန်လည် ဖမ်းဆုပ်လိုက်သည်။ ထိုဘောလုံးကလေး၏ ဟန်ပန်တွင် စိတ်ဆိုးမာန်ဆိုး မဟုတ်သော်လည်း မခံချင်စိတ်ကလေး တစ်စွန်းတစ်စကို လှစ်ကနဲ မြင်တွေ့လိုက်ရသည်။”

ကျွန်မ၏စာ ပထမတစ်ပိုဒ် အဆုံးတွင် သူက “အိုး…. ဘောလုံးနဲ့ ကစားနေတုန်းကိုး… မင်းကတကယ့် ကလေးလေးပဲ…” ဟု တိုးဖွဖွ ရယ်မောသံနှင့်အတူ မှတ်ချက်ပြု၏။ သို့သော် သူ့ကို ကောင်းကောင်းသိသော ကျွန်မက ထိုစကားမှာ သူ ဟန်လုပ်ကာ ပြောသော စကားမှန်းလည်း သိလိုက်ပါသည်။ ကျွန်မ ဘာမှမတုန့်ပြန်ဖြစ်ပါ။ နောက်တစ်ပိုဒ် ဆက်ပြီး ဖတ်ပြရမလား ဟုသာ မေးလိုက်သည်။ သူက အိုး…သေချာတာပေါ့… ဟု အင်္ဂလိပ်လို ပြန်ပြော၏။ သူ့အသံမှာ အနည်းငယ် ခြောက်သွေ့အက်ကွဲနေသလိုပင်။ ကျွန်မ စာကို ဆက်ဖတ်ပါသည်။

“ဒုတိယအကြိမ်အဖြစ် အားကလေး အနည်းငယ်ထည့်ကာ ပစ်ချကြည့်မိပြန်သည်။ ကိုယ်ထည့်လိုက်သော အားအတိုင်း ဘောလုံးကလေး ကြမ်းပေါ်သို့ ခုန်ဆင်းသွားခဲ့သည်။ ချက်ချင်းဆိုသလိုပင် ကြမ်းပြင်ပေါ်သို့ ရိုက်ခတ်ပြီး ချက်ချင်းပြန်လည် မြောက်တက်လာခဲ့သည်။ ပစ်ချစဉ်က ထည့်လိုက်သော အားကြောင့် ပထမတစ်ကြိမ်ကထက် ပို၍မြင့်မားစွာ နှစ်ပေနီးနီး မြောက်တက်လာလေသည်။ ထို့နောက် တတိယအကြိမ်၊ စတုတ္ထအကြိမ်၊ ပဉ္စမအကြိမ်… အကြိမ်ပေါင်းများစွာ ထိုဘောလုံးကလေးကို ပစ်ချလိုက် ပြန်ဖမ်းလိုက်ဖြင့် ဆော့ကစားနေမိလေသည်။ တချိန်တည်းမှာပင် ကျွန်မ၏စိတ်အစဉ်သည် ထိုဘောလုံးကလေးနေရာသို့ တခဏမျှ ဝင်ရောက် ပူးကပ်သွားလေ၏။ ထိုအခါ အဝါရောင် Bouncing Ball ကလေးသည် ကျွန်မ ဖြစ်သွားခဲ့၏…”

ကျွန်မ စာဖတ်သံ အဆုံးတွင်သူ့ဆီမှ သက်ပြင်းချသံဟု ထင်ရသော အသံတစ်ခုကို ခပ်တိုးတိုး ကြားလိုက်ရ၏။ စကားဖြတ်ပြောရလျှင် ကျွန်မက နားသိပ်ပါးသူ၊ အကင်းလည်း ပါးသူ တစ်ယောက်သာ။ သူသည်လည်း ကျွန်မလောက် နားမပါးသော်လည်း အကင်းပါးသူ တစ်ယောက်မှန်း ကျွန်မ သေသေချာချာ သိနေပါသည်။ မိနစ်ဝက်ခန့်ကြာသည်အထိ သူ့ဆီက မည်သည့်စကားမျှ မကြားရသောအခါ ကျွန်မ ရင်တထိတ်ထိတ် ခုန်လာခဲ့သည်။ ဖုန်းကိုင်ထားသောလက်ချောင်းများ အေးစက်တုန်ယင်ကာ ပါးပြင်တို့သည်လည်း အံ့သြစရာကောင်းစွာ ပူနွေးလာခဲ့၏။

သို့သော် ကျွန်မ အသံကိုအတတ်နိုင်ဆုံး ပုံမှန်ဖြစ်အောင် ကြိုးစားကာ “ဟေ့… ဘာတွေ တွေးနေတာလဲ…” ဟု မေးလိုက်သည်။ ထိုအခါ သူက “တတိယတစ်ပိုဒ် ဆက် ရေးပြီးပြီလား၊ ဖတ်ပြအုံးမှာလား….” ဟု ပျက်ယွင်းမယောင်ဖြစ်နေသော အသံကို ကြိုးစား ထိန်းချုပ်ကာ ခပ်တိုးတိုး ပြန်မေး၏။ ကျွန်မ လှိုက်ကနဲ ပျော်ရွှင်သွားခဲ့၏။ အခြေအနေကို ပါးနပ်စွာ ရိပ်စားလိုက်မိသော ကျွန်မက မရေးရသေးပါ… ဟု ညာပြောလိုက်သည်။ အမှန်ကို ၀န်ခံရပါမူ ကျွန်မစာမှာ တတိယစာပုဒ်သာမက အဆုံးအထိပင် ရေးပြီးသား ဖြစ်လေ၏။ မလှပသော မာရေကျောရေစိတ်တို့ဖြင့် ဇာတ်သိမ်းထားပြီးလည်း ဖြစ်၏။ သည်လိုနှင့် တစ်ညနေ လွန်မြောက်ခဲ့သည်။

ထိုညမှာပင် ကျွန်မ ရေးလက်စစာကို နောက်တစ်ခေါက် ပြန်ဖတ်ကာ အရင်နေ့က ရေးသားခဲ့သော မလှမပ အဆုံးသတ်ကို စိတ်လိုလက်ရပြန်လည် ပြင်ဆင်လိုက်မိ၏။ သာယာလှပကာ ချိုမြသော အဆုံးသတ် ဖြစ်၏။ အဆုံးသတ်မှာ ဤသို့…။

“ဟန်ဆောင်မှုကင်းစင်စွာဖြင့် အထင်အရှား တွေ့မြင်နေရသော ချစ်ခြင်းမေတ္တာကို Bouncing Ball လေး တစ်လုံးသဖွယ် သဘောထားက ပေါ့ပေါ့ပါးပါး ဆော့ကစားတတ်သူ၊အကြိမ်ကြိမ် အဖန်ဖန် ပစ်ချတတ်သူ၊ မြောက်တက်လာလျှင်သော်မှ ချစ်ခင်ဟန်ပြ အသာအယာ ပြန်လည် ဖမ်းဆုတ်ယူပြီး နောက်တဖန် ပြန်လည် ပစ်ချရန်လည်း စိုးစဉ်းမျှ ဝန်လေးဟန် မပြတတ်သူ၊ ဘောလုံးကလေး၏ အကြိမ်ကြိမ်သော နာကျင်မှုတို့ကိုလည်း အနည်းငယ်မျှ ဂရုမပြု အလေးမထားသူ၊ သို့သော်လည်း ကျွန်မ သူ့ကို အတိုင်းအဆမဲ့ ချစ်ခင် မြတ်နိုးလှသည်။ ထို့ကြောင့် သူ့အတွက် မည်သို့ပင် အကြိမ်ကြိမ် အခါခါ ပစ်ချလိုက်သော်လည်း ပြန်လည် ခေါင်းထောင် မလာနိုင်/မလာတတ်သော ရိုးရိုးသာမာန် ဘောလုံးကလေး တစ်လုံး၊ ထားရာနေရာမှာ ငြိမ်သက်စွာ ရပ်တည်နေတတ်သော ဘောလုံးကလေးတစ်လုံး အဖြစ်နှင့်သာ ဆက်လက် ရှင်သန်သွားတော့မည်ဟု ကျွန်မ နှစ်လိုစွာ ဆုံးဖြတ်လိုက်မိပါတော့သည်…”

ထိုစာတစ်ပုဒ်ကို အောင်မြင်စွာ အဆုံးသတ်ပြီးသောအချိန်သည် အရင်အခါများနှင့်မတူ၊ ထူးခြားစွာ ပေါ့ပါးလွတ်လပ်နေခဲ့၏။ကြည်နူး ပျော်ရွှင်နေခဲ့၏။ စာကို အကြိမ်ကြိမ် ပြန်ဖတ်ရင်း ကျေနပ်နှစ်သက်သော စိတ်များက ကျွန်မ တစ်ကိုယ်လုံးအနှံ့ လွှမ်းမိုးနေခဲ့၏။ ပို၍သေချာစေရန် နောက်ဆုံးတစ်ကြိမ် အချောသတ်ပြန်ဖတ်၊ စကားလုံး အထားအသို အလွဲများ၊ စာလုံးပေါင်းများ မှန် မမှန် ပြန်လည် စစ်ဆေးကာ ကွန်ပျူတာကို ပိတ်ချလိုက်၏။ သို့သော် ထိုညက ကျွန်မ အိပ်မပျော်ပါ။

(၄)
 
နောက်တစ်နေ့ ညနေတွင် ထုံးစံအတိုင်း စကားပြောဖြစ်သောအခါ သူ့အသံတွင် တစ်ခုခု လိုအပ်နေကြောင်း ကျွန်မ သေသေချာချာ သိလိုက်သည်။ ထိုအရာမှာ အကြည်ဓါတ်တချို့ ဖြစ်ကောင်း ဖြစ်နိုင်ပါလိမ့်မည်။ သို့သော် ကျွန်မ ကျေနပ်နေခဲ့၏။ “စာ အဆုံးသတ်ပြီးပြီလား” ဟု သူက မမေ့မလျော့ မေးလာသောအခါ ကျွန်မက ပြီးပါပြီ… ဟု ဖြေလိုက်၏။ သူက အခါများစွာကလို သူ့ကို ဖတ်ပြပါ (သို့မဟုတ်) မေးလ်ထဲကို ပို့ပေးပါဟု မတောင်းဆို၊ ကျွန်မကလည်း ဖတ်မလားဟု မမေးဝံ့၊ မမေးရဲ… သည်လိုနှင့် ထိုနေ့က စကားသံများ အသက်မပါ၊ အလွန်တရာ အေးစက် ခြောက်သွေ့ခဲ့ရ၏။

ထိုနေ့မှစကာ ရက်အနည်းငယ်ကြာသည်အထိ သူနှင့် ကျွန်မ စကားမပြောဖြစ်ကြပါ။ အကြောင်းမဲ့ တိတ်ဆိတ်ခြင်း မဟုတ်မှန်း သူရော ကျွန်မပါ သိနေကြပါသည်။ စကားပြောနေကျ အချိန်များတွင် သူလည်း အလိုလို သတိရနေလိမ့်မည်ဟု ကျွန်မ ယုံကြည်နေမိပါသည်။ စာဖတ် ၀ါသနာကြီးပြီး စာတစ်အုပ်ရလျှင် ထိုစာအုပ်ကို လက်က မချတမ်းဖတ်နေတတ်သော သူ၊ ကျွန်မ၏ အရိပ်အကဲကိုလည်း အလွန်မှန်ကန်စွာ ဖတ်တတ်သောသူသည် သည်တစ်ကြိမ်တွင်တော့ အလွဲကြီး လွဲနေခဲ့ပြီ။ သည်အတွက်လည်း ကျွန်မ သူ့ကို အနည်းငယ် အားမလို အားမရ ဖြစ်ရုံမှအပ အပြစ်တင်လိုစိတ် လုံးဝ မရှိခဲ့ပါ။ ကျွန်မ သူ့ကို အမှန်ပင် ချစ်ခင်စွာ ရင်းနှီးနှစ်လိုစိတ်ရှိပါသည်။

အမျိုးသား၊ အမျိုးသမီး ဆက်နွှယ်ပတ်သက် ရင်းနှီးမှုတိုင်းအတွက် လူမှုပတ်ဝန်းကျင်မှာ ကာလများစွာထဲက အရိုးစွဲနေသော၊ အကြောင်းအရာ အဖြစ်အပျက် တစ်ခုခုဆိုလျှင် မှားမှား မှန်မှန် အမျိုးသားဖက်မှသာ အရင် စတင်ဆက်သွယ်ရမည်၊ အမျိုးသမီးဖက်မှ စတင် ဆက်သွယ်လိုက်လျှင် အမျိုးသမီး သိက္ခာကျသည် ဟူသော ခပ်ကြောင်ကြောင် ပညတ်ချက်တစ်ခုကြောင့်တော့ သူနှင့်ကျွန်မ မဝေးကွာသင့်၊ ဤနည်းဖြင့်ဝေးကွာ မသွားစေရ။
ထိုအတွေးနှင့်အတူ ကျွန်မသူ့ကို သွားတွေ့ရန်၊ သူ့အနားကို အရောက်သွားရန် စဉ်းစားမိ၏။ 

သူ့ကို တွေ့လျှင် ပြောစရာစကားများစွာ စီကာ စဉ်ကာ စုစည်း သိမ်းဆည်းထားမိ၏။ ပြောပြရန် ရည်ရွယ်ထားသည်များကို မမေ့မလျော့စေရန် အထပ်ထပ် မှတ်သားနေမိ၏။ သူ့ကို ပေးဖတ်ရန် ဘောလုံးကလေး အက်ဆေးကိုလည်း အသင့်ပြင်ထားမိ၏။ နောက်ဆုံးတွင်တော့ သူ့ကို ကျွန်မ လာတွေ့မည် ဖြစ်ကြောင်း တိုးတိမ်စွာ၊ပြီးတော့ အနည်းငယ် ရှက်ရွံ့စွာဖြင့် ဖုန်းဆက် အသိပေးလိုက်ရ၏။ ခရီးသွားဟန်လွှဲ လာတွေ့ခြင်းဟု ကျွန်မ ဟန်မဆောင်ချင်ပါ။

ဖုန်းထဲမှာ ကြားရသော သူ့အသံတွင် ကျွန်မက စတင် ဆက်သွယ်လာခြင်းအတွက် လှိုက်လှဲ ၀မ်းမြောက်ဟန်ကို အလျဉ်း မတွေ့ရပါ။ ထိုမျှသာမကကျွန်မ စိတ်က ထင်နေ၍လား မသိ၊ သူ့အသံတွင် တစ်စုံတစ်ရာကို စိုးရွံ့ ပူပင်နေသယောင် အပြင် အနည်းငယ် စိတ်ရှုပ်ဟန်ပါ စွက်နေသည်ဟု ကျွန်မ ခံစားရပါသည်။ ကျွန်မ စကားကြောင့် သူ အံ့သြသွားလေမလား ဟုတွေးမိသော်လည်း သူ မအံ့သြပါ။ သူကသာ ကျွန်မကို အံ့အားသင့် မှင်သက်သွားစေသော စကားတစ်ခွန်းကို ပြောလိုက်တာ ဖြစ်သည်။ သုံးနှစ်တာ ကြာမြင့်မည်ဖြစ်သော အလုပ်ခွင်သင်တန်းတစ်ခုအတွက် ခရီးသွားရမည်ဖြစ်ကြောင်းနှင့်သူ့ကို ကျွန်မ လာတွေ့မည်ဟု ပြောသော အချိန်တွင် သူသည် လေယာဉ်ကွင်းတွင် ရောက်နေမည် ဖြစ်ကြောင်းကို ပုံမှန်ထက် နားလည်ရခက်သော၊ သူ့စိတ်ကို ခန့်မှန်းရခက်သော အေးစက်စက် လေသံမျိုးဖြင့် ပြောလေ၏။

ရုတ်တရက် ခပ်ပြင်းပြင်း ဖြတ်အရိုက်ခံလိုက်ရသူတစ်ယောက်ပမာ ဘာမှ ပြန်မပြောနိုင်အောင် ကျွန်မ အငိုက်မိသွားခဲ့ရ၏။ မည်သို့ပင်ဖြစ်စေ ဆုံးဖြတ်ထားသည့်အတိုင်း ကျွန်မ သူ့ကို တွေ့ဖြစ်အောင် သွားတွေ့မည်။ ထို့ကြောင့် သွားမည့်နေ့တွင် လေယာဉ်ကွင်းသို့ လာတွေ့မည်ဟု ပြောလိုက်ပါသည်။ သူက ကျွန်မ၏စကားကို ကောင်းသည် ဆိုးသည် တစ်စုံတစ်ရာ မပြောပဲ သူ့ထုံးစံအတိုင်း သေချာတာပေါ့ ဟုသာအင်္ဂလိပ်စကားဖြင့် တုံ့ပြန်ပါသည်။

(၅)

ထိုနေ့မနက်က မိုးတွေ မှိုင်းကာညို့နေ၏။ သူ့ကို ပေးဖတ်ရန် ရည်ရွယ်ထားသော ဘောလုံးကလေး အက်ဆေးကို ကျွန်မလက်ရေးဖြင့် စာရွက်ပေါ်တွင် သေသေသပ်သပ်ကလေး ကူးရေးကာ စာအိတ် အညိုရောင်ဖြင့် ထည့်ယူလာခဲ့သည်။ ၀မ်းနည်းစိတ်တစ်ချို့ကို မျက်နှာပေါ်တွင် မပေါ်အောင် ထိန်းချုပ်ရင်း လေဆိပ်သို့အသွား လမ်းတဝက် အရောက်တွင် မိုးရွာလေ၏။ ရွာသည်မှ သည်းကြီး မည်းကြီးနှင့်၊ အညှိုးတကြီး ရွာနေခြင်းဖြစ်သည်။ ဘေးဘီဝဲယာမှာ ဘာမှမမြင်ရ မတွေ့ရ။ ဖြစ်ချင်တော့ လေဆိပ်သို့ သွားရာလမ်းတွင် လေဆိပ်ထဲသို့ ကွေ့ဝင်စရာU-Turn (ဂငယ်ကွေ့) တစ်ခုရှိနေ၏။ မိုးဖျက်သောကြောင့် ကျွန်မ ထိုဂငယ်ကွေ့ကို ရုတ်တရက် မမြင်လိုက်ပဲ ကျော်လွန်သွားခဲ့သည်။ ထိုနေရာမှ မကွေ့လိုက်နိုင်လျှင် နောက်ထပ် ကွေ့ဝင်စရာ ဂငယ်ကွေ့ တစ်ခု မရှိတော့ပါ။ ကွေ့ရမည့်နေရာတွင် အချိန်မီ မကွေ့လိုက်နိုင်ပဲ လမ်းကြောင်း လွဲချော်သွားသောကြောင့် နောက်ထပ် မိုင်တိုင် တော်တော်များများ ကျော်လွန်သွားပြီးမှသာ ပြန်လှည့်၍ ရနိုင်တော့မည်။ ထိုအခါ သူ့ လေယာဉ်အချိန်ကို အမှီရောက်နိုင်ရန် အလွန် ခက်ခဲသွားပြီဖြစ်သည်။ သေချာသည်… ဘယ်နည်းနှင့်မျှ သူရှိရာကို အချိန်မီ မရောက်နိုင်တော့ပါ။ အတွေးနှင့်ပင် ၀မ်းနည်းမှုတို့က အဆပေါင်းများစွာ ထူထပ် သိပ်သည်းလာခဲ့သည်။

သူ… ကျွန်မအလာကို မျှော်နေမည်လား၊ ကျွန်မ အချိန်မီရောက်မလာလျှင် ကျွန်မ၏ သဘောထားကို သူ မည်သို့ ကောက်ချက်ဆွဲသွားမည်လဲ၊ ကျွန်မ စိုးထိတ်စွာ ကြောက်ရွံ့နေမိ၏။ အလုပ်များလှသည့်အပြင် အချိန်ကို အလွန်လေးစားပြီး စည်းကမ်းကို တိကျစွာ လိုက်နာတတ်သော သူသည် လေဆိပ်အပြင်ဖက်တွင် ကျွန်မကို မျှော်တငေးငေးဖြင့်ရှိနေလိမ့်မည် မဟုတ်။ ပြောထားသည့်အချိန်မှာ ကျွန်မ ရောက်မလာလျှင် မိနစ်အနည်းငယ်မျှပင်ကျော်လွန် စောင့်ဆိုင်းလိမ့်မည် မဟုတ်သည်ကို မည်သူနှင့်မဆို အလောင်းအစား လုပ်ရဲပါသည်။ သေချာသည်ကတော့ သည်နေ့အဖို့ ကျွန်မ သူနှင့် တွေ့ရန် ဘယ်နည်းနှင့်မျှ မဖြစ်နိုင်တော့ပါ။ ထို့အတူ ကျွန်မတို့နှစ်ဦး အကြားမှ တင်းမာမှုကိုလည်း ဘယ်နည်းနှင့်မျှ ကျွန်မ ချေဖျက်နိုင်မည် မဟုတ်တော့ပါ။

အတွေးများဖြင့် နာကျင်ဝမ်းနည်းနေရင်းက ကားမှန်ပေါ်သို့ ရိုက်ခတ်လာသော မိုးရေစက်များနှင့်အတူ မျက်ရည်စက်အချို့ကိုသာ ကျွန်မ ကိုယ်စား သူ့အနားသို့ စေလွှတ်လိုက်နိုင်တော့သည်။ သူ့ကို ပြောပြရန် ရည်ရွယ်ခဲ့သောစကားများနှင့်အတူ ကျွန်မ ရေးခဲ့သော၊ သူ မသိလိုသော Bouncing Ball ကလေးအကြောင်း အဆုံးသတ်ကိုလည်းသူ့ကို ပြောပြခွင့် ရမည် မဟုတ်တော့ချေ။

ဘယ်တော့မှလည်း ပြောပြခွင့်ရမည် မဟုတ်တော့ပါချေ။


သက်ဝေ
(၁၆ မတ် ၂၀၁၄)

- Look Magazine - August 2014 တွင် ဖေါ်ပြပြီး ဖြစ်သည်။

11 comments:

  1. ဘလော့ဂ်မှာ မတင်သေးလို့ စောင့်နေတာ ;)

    အစ်မသက်ဝေစာတွေ တစ်နေ့တစ်ခြားပိုပိုကြိုက်လာတယ်။ စာလည်းမရှည်ပါဘူး။ အဲဒီလောက်မှ ဖတ်လို့ပိုကောင်းတာ။ ဒီဝတ္တုလေးကို သိပ်ကြိုက်တာပဲ (y)

    ReplyDelete
    Replies
    1. ကျေးဇူးတင်ပါတယ် ညီမ ညိုလေး... ညီမတို့ အားပေးလို့ စာတွေ ပိုရေးဖြစ်တာပါ... <3

      Delete
  2. သ က်ေ ဝ ရဲ့ လ က် ရာ လို့
    သိ သား ထ င် ရှားေ စ တဲ့ စာ တ စ် ပု ဒ် လို့ေ အာ က်ေ မ့ မိ တ ယ်
    ဘ ာ ကို ပဲ ေ ရ း ေ ရ း
    နှုး ညံ့ သိ မ်ေ မွ့ မှု နဲ့ ချ စ် စ ရာ ၊ ခ င် မ င် နှ စ် လို ဖွ ယ် ရာေ ရး တ တ် တာ
    သ တိ ပြု မိ တ ယ်
    ဆ က် လ က်ေ ရး သား နို င် ပါေ စ

    ReplyDelete
    Replies
    1. ဟုတ်ကဲ့ပါ... ဆက်လက် အားပေးနိုင်ပါစေ...

      Delete
  3. ဘလော့ဂ်ရိုးလ်မှာ တက်နေတာတွေ့လို့ ဒီဝတ္ထုတိုလေးကို အရမ်းကြိုက်ကြောင်း နောက်တစ်ခေါက် ထပ်လာပြောတာ...း)

    ReplyDelete
  4. အချစ်ဆိုတာကလည်း နားလည်ရခက်ပါတယ် အမရယ်..
    ပစ်သာဆို စွန့်လွှတ်ဖို့မစဉ်းစားရဲဘူး..
    ချစ်တော့ အနားမှာထားဖို့ဘဲ စဉ်းစားမိတယ်..

    ReplyDelete
  5. တခါတလေမှာအချစ်ဆိုတာ နာကျင်မှု့တွေနဲ့အတူတိမ်လိုလွင့်ပါးသွားတဲ့အရာ....

    ဖတ်ရတာသိပ်ကောင်းတယ်မမရေ

    ReplyDelete
  6. အမသက်ရေ ရေးပုံလေးကိုသိပ်သဘောကျတာပဲ။ နုနုညံ့ညံ့ သိမ်သိမ်မွေ့မွေ့လေး။ ဖတ်ရတာ ရင်ထဲမှာတငြိမ့်ငြိမ့်နဲ့။

    ReplyDelete
  7. ခရီးက ရောက်မဆိုက်ပဲ ကြည်နူးမှု လွမ်းဆွေးမှုလေးတွေနဲ့အတူ ဖတ်သွားပြီ မသက်ရေ...
    နောက်တစ်ကြိမ် ကြုံဘို့အခွင့်ရှိစေချင်တယ်...

    ReplyDelete
  8. ကြိုက်ပါတယ်၊လက်ရေးတွေသိပ်လှလာပါတယ်ခင်ဗျာ၊လေယဉ်ပျံခေါင်းပေါ်ကြိတ်ခံလိုက်ရသလိုပါဘဲ...

    ReplyDelete
  9. အေ တွး နှ င့် ပ င် ၀ မ်း န ည်း မှု တို့ က အ ဆေ ပါ င်း များ စွာ
    ထူ ထ ပ် သိ ပ် သ ည်း လာ ခဲ့ သ ည် . . . . . . )))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...