Tuesday, January 6, 2015

ပထမဆုံးနေ့

လူ့ဘ၀ရဲ့ ပထမဆုံး စက္ကန့် မိနစ်တွေကို အငိုနဲ့ စခဲ့တယ်ဆိုပေမဲ့ သက်ရောက်လာတဲ့ မေတ္တာဓါတ်တွေကြောင့် အတော်အတန်တော့ သက်တောင့်သက်သာ ဖြစ်နေပါလိမ့်မယ်။ အရင်အချိန်တွေမှာ ရထားခဲ့ဖူးတဲ့ နွေးထွးမှုမျိုးနဲ့ မတူနိုင်တော့တာ မှန်ပေမဲ့ လူ့ဘ၀ထဲ ရောက်လာပြီးတဲ့နောက်မှာ ပတ်ဝန်းကျင်ရဲ့ ပြုပြင်မှုတွေကြောင့် အဲဒီလို နွေးထွေးမှုတွေနဲ့ အေးစက်ခြင်းတွေကို အလိုလို ကျင့်သားရလာပါလိမ့်မယ်။ လိုချင်တာကို ရယူနိုင်ဖို့အတွက် ငိုတဲ့ အကျင့်ကို မလုပ်ပါနဲ့။ လိုချင်တာ မရမချင်း ငိုယိုပူဆာတတ်တဲ့၊ ဘယ်တော့မှ မကြီးပြင်းနိုင်တဲ့သူမျိုးတွေ ရှိတယ်။ သူတို့နဲ့ ဝေးဝေးမှာ နေပါ။ အမြဲတမ်း ကြည်လင်စွာ ပြုံးရယ်နေတတ်တဲ့သူတွေနဲ့ မိတ်ဆွေဖွဲ့ပါ။ သူတို့နဲ့ ရင်းနှီးခင်မင်ပါ။ သူတို့ဆီကနေ မှတ်သား သင်ယူပါ။ လူများများနဲ့ စကားပြောကြည့်ပါ။ သူတို့တွေဆီမှာ သင်ခန်းစာ အသစ်တွေ၊ ပုံပြင် အသစ်တွေ၊ ထူးခြားတဲ့ အမြင်တွေနဲ့ မတူညီတဲ့ ရှုထောင့်တွေ ရှိနေတတ်တယ်။ ကိုယ်က သူတို့ပြောတာ နားထောင်ဖို့ အခွင့်အရေး ရှိနေတယ်ဆိုရင် စကားမပြောပါနဲ့။ သူတို့ပြောတာကို ငြိမ်သက်စွာ နားထောင်ပါ။ လျှောက်ရမယ့်လမ်းမှာ အမှတ်တမဲ့ ကျော်ဖြတ်ခဲ့ချိန်တွေ၊ အမှတ်တရ ကြုံတွေ့ရမှာတွေ၊ အကြောင်းအကျိုး အကောင်း အဆိုးတွေနဲ့အတူ ဘယ်လိုမှ ကြိုတင် မမြင်နိုင်တဲ့ အဖြစ်တွေ ရှိနေမယ်။ ဘာကိုမဆို ကောင်းမွန်စွာ လက်ခံပါ ဖြစ်မလာသေးတဲ့အရာတွေကို ကြိုတင် တွေးတောပြီး ပူပန်နေတာ အရှုံးတမျိုးပါပဲ။ အတတ်နိုင်ဆုံး ရှောင်ပါ။ ဘ၀ရဲ့ အချိုးအကွေ့တွေမှာ ထူးခြား ဆန်းကြယ်မှုတွေ အများကြီး တွေ့ရမယ်။ အကောင်းတွေလည်း ရှိသလို အဆိုးတွေလည်း ရှိနေမှာပါပဲ။ အဲဒီလိုအဖြစ်တွေဟာ အစီအစဉ်အလိုက် တလှည့်စီ ပေါ်နေမှာပဲ။ ဒါပေမဲ့ ဘယ်အရာမှ မမြဲဘူး။ တချိန်လုံး ကောင်းမနေနိုင်သလို အမြဲလည်း ဆိုးမနေပါဘူး။ အဆိုးတွေ ကြုံလာရတဲ့အခါ အကောင်းဆုံးတွေ ပိုင်ဆိုင်ခဲ့ဖူးတာကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ပျော်ရွှင်ခဲ့ရတာတွေကို ပြန်စဉ်းစားပါ။ ကျေးဇူးတင်ပါ။ ကိုယ်ပိုင်စိတ်ကူး၊ ကိုယ်ပိုင် အယူအဆ၊ ကိုယ်ပိုင် ဆုံးဖြတ်ချက် နဲ့ အတူ ကိုယ့် ခံစားချက်နဲ့ ကိုယ်ပိုင် အတွေးအခေါ်တွေနဲ့ သတ်သတ်မှတ်မှတ် ရပ်တည်ပါ။ အရာရာကို ရိုးသားပါ။ အကောင်းမြင်ပါ။ ဘဝကို ကျေနပ်ပါ၊ ရှင်သန်နေထိုင်ရခြင်းကို နှစ်လိုပါ။ အစပိုင်းမှာ နည်းနည်းတော့ ခက်ခဲလိမ့်မယ်။ ဒါပေမဲ့ တဖြည်းဖြည်း အဆင်ပြေသွားမှာပါ။ ကိုယ့်တန်ဖိုးကို ကိုယ်တိုင် ပြန်ရှာတွေ့တဲ့အချိန်မှာ စိတ်ပျော်ရွှင်ရပါလိမ့်မယ်။ လူတစ်ချို့ကို မနှစ်မြို့မိတဲ့အခါ သူတို့ကလည်း ကိုယ့်ကို ခါးသီးစွာ မုန်းတီးကြလိမ့်မယ်။ ပြန်မုန်းရလောက်အောင် မတန်ပါဘူး။ အမုန်းတွေကို အတတ်နိုင်ဆုံး ခပ်ဝေးဝေးကို ပို့ထားလိုက်ပါ။ လှပသိမ်မွေ့တဲ့ ချစ်ခြင်းနဲ့ နူးညံ့တဲ့ မေတ္တာတရားကို ၀မ်းမြောက်ဝမ်းသာ လက်ခံကြိုဆိုပါ။ ကိုယ်တိုင်ကလည်း ကျေကျေနပ်နပ် မျှဝေပါ။ ချစ်ခြင်းမေတ္တာဟာ ကမ္ဘာပေါ်မှာ အင်အားအကြီးမားဆုံးပါပဲ။

ကမ္ဘာမြေပေါ်မှာ ဆက်လက် ရှင်သန်နေထိုင်ရတဲ့ နေ့ရက်တွေတိုင်း အစွမ်းကုန် ချိုမြိန်ပါစေ။

သက်ဝေ
(၆ ဇန်န၀ါရီ ၂၀၁၅)


4 comments:

  1. တစ်ဘ၀ရဲ့ ဖြစ်ကြုံမှုများစွာတို့အပေါ် လက်တွေ့လိုက်နာကျင့်ကြံ နေထိုင်သင့်တဲ့ စာသားလေးတွေပေါ့ မသက်ရေ....

    ReplyDelete
  2. ကိုယ်တိုင်လဲ အဲဒီလိုအတွေးမျိုးရှိတယ်။ အစ်မသက်ဝေရဲ့ ပို့စ် လေးက တိုတိုနဲ့လိုရင်းကို အနှစ်သာရ ပေါ်စေတယ်။

    ReplyDelete
  3. ဟိုတနေ့က မိတ်ဆွေတယောက်က သမီးဦးလေး မွေးလာတယ်လို့ အကြောင်းကြားလာတယ်..၊ အတော်ပဲ...၊ အဲဒီသမီးလေးကို ဘဝလက်ဆောင် အဖြစ်နဲ့ အစ်မသက်ဝေရဲ့ ဒီစာလေး ပေးဖတ်လိုက်မယ်...။းD

    ReplyDelete
  4. က မ္ဘာေ မြေ ပါ် မှာ ဆ က် လ က် ရှ င် သ န်ေ န ထို င် ရ တဲ့
ေ န့ ရ က်ေ တွ တို င်း အ စွ မ်း ကု န် ချို မြိ န် ပါေ စ . . . . . )))

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...