Saturday, February 7, 2015

လမျှားသူရဲ့မှတ်တမ်း

တကယ်ဆိုရင် သူ့ကိုယ်သူ လမျှားသူ လို့ ကြီးကြီကျယ်ကျယ် အမည်တပ်ထားတာ၊ အမှန်ကတော့ သူဟာ ဘာမှ မသိ၊ ဘာမှ မတတ်၊ တစ်ခုခုဆို မထုံတက်တေးနဲ့ပြောလိုက်ရင်လည်း မျက်လုံး အ၀ိုင်းသား၊ ပါးစပ် အဟောင်းသား၊ နားရွက် အကားသားနဲ့အမြဲတမ်း ကြောင်စီစီနဲ့ လိုက်ကြည့်နေတတ်တဲ့ ကြောင်တောင်တောင် အကောင်တစ်ကောင်ပါ။ လမျှားသူရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ဖေါ်ပြရမယ်ဆိုရင် နားမလည် ပါးမလည်၊ မအူမလည်အူလည်လည်၊ အူတိအူကြောင်၊ အူကြောင်ကြား၊ ထုံထုံထိုင်းထိုင်း၊ တုံးတုံးတာတာ၊ အရိပ်ပြလို့ အကောင်မသိ၊ တစ်တောင်ပြလို့ တစ်မိုက်မမြင်၊ ပြီးတော့ ခပ်တုံးတုံးခပ်လှေးလှေး… အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ အကောင်တစ်ကောင်ပါ။ ဒီတော့လမျှားသူ ဆိုတဲ့ နာမည်ပိုင်ရှင်ကို သူ့ဖာသာ လ မကလို့ နေ ကိုပဲ မျှားမျှား၊ကြယ်ကိုပဲ မျှားမျှား၊ နောက်ဆုံး အင်္ဂါဂြိုလ် ကိုပဲ မျှားမျှား၊ ဘယ်သူကမှ အရေးတယူမရှိ၊ လူရေး လူရာ ထားပြီး စာရင်းသွင်းတာမျိုးလည်း မရှိကြပါဘူး။

လမျှားသူဟာ နေ့အချိန်တွေမှာဆိုရင် ကောင်းကင်ပေါ်မှာ တိမ်တွေတရွေ့ရွေ့နဲ့ မျောလွင့်နေတာကိုပဲ လှလိုက်တာ… လှလိုက်တာနဲ့ တငေးငေး တသသဖြစ်နေတတ်တာ၊ ဒါတင် ဘယ်ကမလဲ၊ သူ စေလွှတ်လိုက်လို့သာ အဲဒီတိမ်တွေ ကောင်းကင်ပေါ်မှာ အခုလိုပျံသန်းနေခွင့်ရတာမျိုးလိုလိုတောင် စကားကြီး စကားကျယ် ပြောသေးတာ။ ညအချိန်တွေမှာဆိုရင်တော့ မနီးမဝေးက ကမ်းးခြေတစ်နေရာမှာ ထိုင်၊ ကောင်းကင်နက်နက်ပေါ်မှာ ပုံသဏ္ဍာန်အမျိုးစုံနဲ့သာနေတဲ့ လ ကို လှမ်းမျှော်ကြည့်ရင်း သူဟာ လမျှားသူ ပါ၊ သူဟာ Moon Catcher ပါ ဆိုတဲ့စကားတွေကို အကြောင်းမဲ့ တတွတ်တွတ် ရေရွတ်နေတတ်တာမျိုး၊ အဲဒီကောင်းကင်ပေါ်မှာ လှပ တင့်တယ်နေတဲ့လ ကို သူက မျှားတံနဲ့ မျှားနိုင်တယ်ဆိုထဲက သူဟာ လ ထက် မြင့်မားတဲ့နေရာမှာတည်နေနိုင်တယ်ဆိုတာမျိုး၊ လထဲမှာ ထိုင်နေကြတဲ့ ရွှေယုန်ဟာ သူ့ရဲ့ ငယ်ပေါင်းကြီးဖေါ်၊ ပြီးတော့ ပြောမနာ ဆိုမနာ ကစားဖေါ်တစ်ကောင်ဖြစ်ပြီး ဆန်ဖွတ်တဲ့ အဖိုးအိုကတော့ သူ့ရဲ့အရင်ဘ၀က အဖေတော်စပ်ခဲ့ဖူးတယ်ဆိုတာမျိုး… အဲဒါတွေကို ကမ်းစပ်ကနေ ထိုင်ကြည့်ရင်း၊ အနားမှာရှိသမျှ လူတွေကို ပြောဆိုရင်း အခြောက်တိုက် ဘ၀င်လေဟပ်နေတတ်သေးတာ။ သင့်တင့်လျောက်ပတ်မှု မရှိပုံများ ပြောပါတယ်။ 

တစ်ခါတစ်ခါတော့လည်း ညနက်နက်မှာ မှန်ပြောင်းတစ်လက်ထမ်းပြီး ကြယ်စုတွေပဲ တစ်လုံးချင်း ရေတွက်တော့မလိုလို၊ ကြယ်ကြွေချိန်မှာ ကမ္ဘာလောကသားတွေရဲ့ ကောင်းကျိုးချမ်းသာစည်းစိမ်အတွက် ဆုတွေပဲ တောင်းတော့မလိုလိုနဲ့ တစ်ယောက်တည်း အလုပ်များနေတတ်တာမျိုးကလည်း ရှိသေးတယ်။ ပြောသေးတယ်၊ ကြယ်တွေမှာ သောကြာကြယ်၊ ခုနှစ်စဉ်ကြယ် စသည်ဖြင့် နာမည်ကိုယ်စီရှိနေတာ သူပေးထားလို့တဲ့။ ဂြိုလ်တွေရော ဘာထူးသလဲ… သူနာမည်ပေးထားလို့ အင်္ဂါဂြိုလ် ဘာဂြိုလ် ညာဂြိုလ်စသည်ဖြင့် နာမည်တွေ ရှိနေတာဆိုပဲ။ မသိတဲ့သူတွေ ဘေးကကြည့်နေရင် အူကြောင်ကြောင်အကောင်တစ်ကောင်ရဲ့ ထုံးစံ အူကြောင်ကြောင် အပြုအမူတွေကို ရက်ရက်ရောရော ဖေါဖေါသီသီပြုမူနေတာမျိုးသာ မြင်ကြရမှာပါ။ တချို့ သူ့အကြောင်း သိတွေကတော့ ပြောကြတယ်။ ဒီအကောင်ဟာ လူနေချုံကြား စိတ်ဘုံဖျား တဲ့။ ထားပါလေ… လမျှားသူကတော့ ဒါတွေကိုအနည်းလေးမှ ဂရုပြုဟန် မတူပါဘူး။

အဲဒီလို နကန်းတစ်လုံးမှ မသိ၊ နားမလည်တတ်တဲ့အူကြောင်ကြောင် လမျှားသူ ဆိုတဲ့ အကောင်ဟာ ဘယ်ကနေ ဘယ်လို လမ်းမှား မျက်စိလည်ပြီးဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲကို ရောက်လာတယ်ဆိုတာလည်း ဘယ်သူမှမသိခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ သူက အပေါင်းအသင်းတော့ ဆံ့သား။ သူ့ကို ပေါကြောင်ကြောင်အကောင်တစ်ကောင်ပဲ ဆိုပြီး ပတ်ဝန်းကျင်က နည်းနည်းပါးပါးတော့ ခင်မင်ကြတယ်။ အမှန်တော့ပြောမနာ ဆိုမနာ အရူးအပေါတစ်ယောက်လို ခပ်နှိမ်နှိမ် သဘောထားပြီး ခင်နေကြတာပါ။

တကယ်တမ်း လမျှားသူရဲ့ ပင်ကိုယ်စရိုက်ကတော့ အေးချမ်းတယ်။ စကားလည်းနည်းတယ်။ ကောင်းကင်ပေါ်က တိမ်၊ လ၊ ကြယ်တွေ ဂြိုလ်တွေနဲ့ ပတ်သက်မှသာ ကြီးကြီးကျယ်ကျယ်တွေ ထ ထ ပြောတတ်တာ။ အများအားဖြင့်တော့ သူများတွေ စကားပြောနေရင် သေသေချာချာ နားထောင်တယ်။ မှတ်မိသင့်သလောက် မှတ်မှတ်သားသား ရှိတယ်။ စကားဝိုင်းတွေမှာ ဘာတစ်ခုမှပါဝင်ဆွေးနွေးပြောဆိုခြင်း မရှိဘူး။ သူများစကားတွေကို သဘောမတူသည့်တိုင် ပြန်လှန်ငြင်းခုန်ခြင်း၊ အခြေအတင် ပြောဆိုခြင်း မပြုဘူး။ သူ ဘာမှ မကြားသလို၊ မသိသလို နေတတ်တယ်။ သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ မျက်လုံးအ၀ိုင်းသားနဲ့ အားလုံးကို လိုက်ကြည့်နေတာပဲ။ တစ်ခါတစ်ခါများ နားမလည် ပါးမလည်၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ သိပ်သနားစရာကောင်းတာ။ အဲဒီအခါမျိုးမှာတုံးတုံးတာတာ အကောင်လေးတစ်ကောင်ရယ်လို့ သူ့ကို ဂရုဏာသက်စရာတောင် ကောင်းသေးတော့။ မသိနားမလည်ရင်လည်း မမေးဘူး။ ဒီတိုင်းပဲ ငေးကြည့်နေတာပဲ။ ဒါကို မကြည့်နိုင်တဲ့သူကစိတ်ရှည်လက်ရှည် ပြန်ရှင်းပြရတယ်။ လမျှားသူ တို့က အဲဒီလို။

ပြောရရင် အားလုံးက မပြည့်တပြည့် ရူးနှမ်းနှမ်းအကောင်လို့ သတ်မှတ်ထားတဲ့ လမျှားသူမှာ တကယ်တမ်းကျ ဘယ်သူမှ အလွယ်တကူ မသိနိုင် မမြင်နိုင်တဲ့အရည်အချင်း တစ်ချို့ရှိနေခဲ့တာ ဘယ်သူမှ မသိခဲ့ကြဘူး။ သူ့မှာရှိတဲ့ အဲဒီ ခပ်သေးသေး စွမ်းရည်လေးတစ်ခုဟာ သူ့ထက်ငါ အပြိုင်အဆိုင် တော်ကြောင်း တတ်ကြောင်း မော်ကြွားကြသူများအားလုံးရဲ့ရှေ့မှာ ဘယ်တော့မှ မပေါ်လွင်ခဲ့ဘူး။ ပေါ်လွင်အောင်လည်း သူ့ဘဝ တလျောက်လုံးမှာ တစ်ကြိမ်တစ်ခါမှ မပြခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် အစွမ်းကုန် လိမ်ညာ ဟန်ဆောင်ပြုံးရယ် ချိုမြနေကြသူများကြားထဲမှာ သူဟာ အစဉ် ရေငုံ နှုတ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့သူ သိတယ်။ ဘယ်သူတွေ ဘာတွေ ဘယ်လို လိမ်ညာနေကြတယ် ဆိုတာ၊ ဘာစကားတွေက ဘယ်ကိုရောက်လို့ ဘာကို ဆိုလိုတယ်ဆိုတာ၊ ဘယ်သူတွေက ဘယ်လို ဟန်ဆောင်နေတယ်ဆိုတာအားလုံး သူ သိတယ်။ အားလုံး သူ သိတယ်။ အဲဒီလို။

တစ်ခါကတော့ လမျှားသူဟာ သူနဲ့ အရင်းနှီးဆုံးလို့ဆိုနိုင်တဲ့ မိတ်ဆွေတစ်ယောက်ကို တီးတိုး ပြောပြဖူးသတဲ့။ သူ့ရဲ့ ကိုယ်ပေါ်မှာ၊သူ့လက်နဲ့ မမှီနိုင်သေးတဲ့ နေရာမှာ ဆူးချွန်ချွန်ကလေး တစ်ချောင်း ခပ်နက်နက်စိုက်ဝင်နေတယ်တဲ့။ အဲဒီဆူးကလေးဟာ နေ့စဉ်နဲ့အမျှ သူ့ကိုယ်ထဲကနေ အပြင်ကို တတိတိနဲ့ တိုးထွက်နေတာတဲ့။ အဲဒီဆူးလေးကို တစ်ယောက်ယောက်က အမှတ်မထင် ဆွဲနှုတ်လိုက်လို့ဖြစ်စေ၊ သူ့လက်တွေ ရှည်ထွက်လာလို့ ဆူးကို သူကိုယ်တိုင် လက်လှမ်းမှီပြီး ဆွဲနှုတ်နိုင်တဲ့အခါမှာ ဖြစ်စေ၊ သူဟာ ဒီပတ်ဝန်းကျင်၊ ဒီလောကထဲကနေ အပြီးတိုင် စွန့်ခွာသွားရတော့မှာ၊ သူ ဘဝပြီးဆုံးသွားရတော့မှာပဲ တဲ့။ ဆိုချင်တာကတော့ အဲဒီဆူးလေးဟာ သူ့ အသက်ပဲ။ အဲဒီလိုစွန့်သွားရတော့မဲ့ တစ်နေ့မှာ သူဟာ သူသိသမျှ အကြောင်းအရာတွေ အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ချသွားမယ် တဲ့။ အဲဒီမိတ်ဆွေကတော့ လမျှားသူရဲ့ ကြောင်စီစီ စကားလုံးတွေကို ဟာသပြကွက်တစ်ခု၊ လူရွှင်တော် ပျက်လုံးတစ်ခုလို ဟက်ဟက်ပက်ပက် လှောင်ပြောင်ဟားတိုက် ရယ်မောနေတော့တာပဲ တဲ့။ ဒီကောင်ဟာ သူ့ကိုယ်သူ မျက်လှည့်ဆရာဒေးဗစ်ကော့ပါးဖီးလ်များ မှတ်နေသလား မသိဘူးလို့တောင် ရယ်သွမ်းသွေး လိုက်သေးသတဲ့။

တစ်နေ့မှာတော့ လမျှားသူ ဟာ သူ့လက်နဲ့ ဆူးကို စမ်းကြည့်လိုက်တာမှီလု မှီခင်လေး ဖြစ်နေသတဲ့။ ဒါဆို သူ ဒီပတ်ဝန်းကျင်က ထွက်ခွာသွားရဖို့ အချိန်တွေ နီးလာပြီလို့ သိလိုက်တယ်။ ဒီတော့ သူဟာ သူ ဖွင့်ဟ ပြောပြစရာတွေကို စနစ်တကျ စီကာစဉ်ကာရေးနိုင်အောင် အချိန်ရှိသရွေ့ စဉ်းစား တွေးတောနေတော့တယ်။ သူ သိတာတွေက အများသား။ပြီးတော့ ပြောရရင် ရယ်စရာလည်း အကောင်းသားပေါ့လေ။

ပထမဆုံး အစီအစဉ်အရ သူ့ရဲ့ မှတ်တမ်းကို “လမျှားသူရဲ့မှတ်တမ်းလွှာ” လို့ သူ့ ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် အမည်နာမ ရေးထိုးတယ်။ ပြီးတော့ အမှတ်စဉ်တွေ တန်းစီပြီး တပ်တယ်။ အပေါ်ဆုံး အမှတ်စဉ်မှာ သူ့ကိုအထင်သေးတဲ့သူတွေ၊ သူ့ကို ကြည့်မရတဲ့သူတွေကို တန်းစီရေးချလိုက်တယ်။ ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်နေမိတာပေါ့။ ဘာလို့ဆို အဲဒီလူတွေအားလုံးရဲ့ အကြောင်းကို သူ ကောင်းကောင်းကြီးသိနေတာကိုး။ အဲဒီလူတွေရဲ့ နာမည်ဘေးနားက မှတ်ချက် ဆိုတဲ့ အကွက်မှာ တစ်ယောက်ချင်းစီရဲ့ အကြောင်းအရာကို မှတ်ချက်အဖြစ် အတိုကောက်ကလေးတွေ ရေးတယ်။ ဥပမာ ဦးနီ ဆိုရင် သူ့ ဘေးက အကွက်မှာ မဖြူနှင့် တိုးတိုးတိတ်တိတ် ချစ်ကြိုက်နေ၊ မောင်မဲဆိုရင် သူ့ဘေးက အကွက်မှာ တွေ့ရာ အမျိုးသမီးတိုင်းကို သည်းခြေကြိုက် စကားများနှင့် ဖြားယောင်းပြောဆို အရောဝင်နေ၊ ဒေါ်မိ ဆိုရင် သူ့ ဘေးက အကွက်မှာ သူ ၀တ်ထားသော စိန်များ အားလုံးအတုများ ဖြစ်… စသည်ဖြင့်ပေါ့။ ဒီ့ထက် နက်နဲတဲ့ အကြောင်းအရာ၊ ဒီ့ထက် ကလေးကလားဆန်တဲ့ အဖြစ်အပျက်တွေ ပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထုတ်မပြောချင်တော့လို့ အသာပဲရပ်ထားလိုက်မယ်။

နောက်အမှတ်စဉ်တစ်ခုမှာတော့ ပတ်ဝန်းကျင်မှာ သူများအထင်ကြီးခံချင်တာ တစ်ခုထဲနဲ့ အသားလွတ် ကြွားဝါနေတတ်တဲ့သူတွေ၊ ၀ မရှိပဲ ၀ိ လုပ်ပြီး အောက်ခြေလွတ်နေကြသူတွေ၊ နေရာတကာမှာ ဆရာကြီး လုပ်လိုက်ရမှ နေသာထိုင်သာ ရှိတဲ့သူတွေ။ အိုး… တသီတတန်းကြီးပဲ။ အဲဒီနောက်မှာတော့ ရင်ထဲကမပါပဲ နှုတ်ဖျားလေးကနေ စကားအပိုတွေ တန်ဆာဆင် ပြောတတ်တဲ့သူတွေ၊ နှုတ်ဖျားလေးက ချိုသာပေမဲ့ နောက်ကွယ်မှာ မဲ့ရွဲ့ပြီး စကားတင်းဆိုနေတတ်သူတွေ၊ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ရိုးသားမှု မရှိတဲ့သူတွေ၊ သူတပါးကို ခုတုံးလုပ်ပြီး တွန်းတိုက် ကျော်တက်ချင်တဲ့သူတွေ၊ ကိုယ့်အလိုဆန္ဒပြည့်ဖို့ သူများကို မျက်နှာချိုသွေး အတင်း ၀င်လုံးတတ်တဲ့သူတွေ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေကြသူတွေ၊ မိုးခါးရေ သောက်ကြသူတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြသူတွေ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတဲ့သူတွေ၊ အသားလိုလို့ အရိုးတောင်းသူတွေ… အဲဒီ လူနာမည်တွေကို တန်းစီပြီးချရေးလိုက်သတဲ့။ အဲဒီလို မှတ်တမ်းရေးတဲ့ ပထမဆုံးနေ့မှာပဲ လမျှားသူဟာ အတော်လေးကို ခြေကုန်လက်ပန်းကျသွားတယ်။ ဘယ်လောက်တောင် ပင်ပန်းသွားသလဲဆို နောက်တစ်နေ့ ဒီမှတ်တမ်းကို ဆက်မှ ရေးနိုင်ပါတော့မလားလို့ တွေးနေမိတဲ့အထိပဲ။

ဒါပေမဲ့ နောက်တစ်နေ့မှာ လမျှားသူဟာ သူ့ရဲ့ မပြီးသေးတဲ့ မှတ်တမ်းကို ကြိုးစားပမ်းစား ဆက်ရေးတယ်။ တဖြည်းဖြည်းနဲ့ ရှည်ထွက်လာတဲ့ သူ့ရဲ့လက်ချောင်းတွေကတော့ သူ့နောက်ကျောက ဆူးချွန်လေးကို စမ်းကာ စမ်းကာနဲ့…။ သွားရတော့မဲ့အချိန် နီးနေပြီ ဆိုတာ သူ့ဟာသူ သိနေတယ်။ တိုတိုနဲ့ လိုရင်းကို ပြောရရင် နောက်နှစ်ရက်လောက်မှာ သူ့မှတ်တမ်းကို အဆုံးသတ်လိုက်နိုင်တယ်။ အဲဒီအချိန်မှာသူ့လက်ချောင်းတွေက ဆူးချွန်ကို နှုတ်လို့ရနေတဲ့ အထိ ရှည်နေကြပြီး ဆူးချွန်လေးဟာလည်းအပြင်ကို တော်တော်ရောက်နေပြီ။ သူ သိတယ်။ မနက်ဖြန် နောက်ဆုံးပဲ။ သူ သွားရတော့မယ်။ အားနည်းနေတဲ့ သူ့ရဲ့ခြေထောက်တွေကို အတင်း ဒရွတ်တိုက်ဆွဲပြီး သူ့ မှတ်တမ်းလွှာကို အများမြင်သာအောင် ထားဖို့ နေရာ လိုက်ရှာတယ်။ နောက်ဆုံးမှာတော့ လူခြေတိတ်တဲ့ညအချိန်မှာ လမ်းမကျယ်ကြီး တစ်ခုပေါ်မှာ ဖြန့်ခင်းဖို့ တွေးလိုက်တယ်။

ဒီတော့ နောက်တစ်နေ့ လူခြေတိတ်တဲ့ ညသန်းကောင်အချိန်မှာ သေသေချာချာ ခေါက်လိပ်ထားတဲ့ သူ့မှတ်တမ်းကို အားလုံး ထင်ရှားစွာ မြင်သာတဲ့ အထင်ကရ လမ်းမကျယ်တစ်ခုမှာ အလျားလိုက် ဖြန့်ခင်းလိုက်သတဲ့။ သူ့မှတ်တမ်းဟာ ဘယ်လောက်တောင် ကြီးမား ရှည်လျားသလဲဆိုအနက်ရောင် ကတ္တရာခင်း လမ်းမကျယ်ကြီးကို အဖြူရောင် လမ်းမကြီးတစ်ခုအဖြစ်နဲ့ မျက်စိတစ်ဆုံးကို တွေ့ရတဲ့အထိပဲ။ မှတ်တမ်းကို ဖြန့်ခင်းပြီးတဲ့ အချိန်နဲ့ တည်းတည်းလေးသာ ကျန်တော့တဲ့ သူရဲ့ဆူးချွန်လေး ပြုတ်ကျသွားတဲ့ အချိန်နဲ့က တစ်ချိန်ထဲဖြစ်သွားတယ်။ ဆူးကလေးလည်း ထွက်ကျသွားရော လမျှားသူရဲ့ ခန္ဒာကိုယ်ဟာလည်း တစ်စ တစ်စ ကျုံလှီသေးကွေးပြီး နောက်ဆုံးမှာ အမှုန်အစက်တစ်စက်ကနေ ဘာမှ မရှိတော့အောင် လုံးလုံးလျားလျားကို ပျောက်ဆုံးသွားတော့တာပဲ။

နောက်တစ်နေ့ မနက် မိုးလင်းတော့ အဲဒီမှတ်တမ်းကို လူတွေ တွေ့သွားကြတယ်။ ဘာပြောကောင်းမလဲ… သူတို့ အားလုံးဟာ ရေးထားတဲ့စာကို ဖတ်လိုက်၊ လျှို့ဝှက်ချက်တွေ ပေါ်ကုန်လို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်နဲ့၊ ပြီးတော့ ရန်ဖြစ်တဲ့သူက ဖြစ်၊ ငိုတဲ့သူက ငို၊ ဒေါသထွက်တဲ့သူက ထွက်နဲ့ တလောကလုံး အုံးအုံးကြွက်ကြွက်ကို ဖြစ်လို့။ တချို့ကလည်း ပညာရှိအမျက် အပြင်မထွက်ဆိုတာမျိုးလို ဟန်ဆောင်ပန်ဆောင် လုပ်နေကြတယ်။ ပြောရရင် သူဖေါ်ထုတ်သွားခဲ့တာတွေဟာ ဖြစ်ရပ်မှန်တွေချည်းပဲ ဆိုတော့ အားလုံးလည်း အမျက်ရောအရှက်ပါ ရကုန်ကြတာပေါ့။ အားလုံးရဲ့ အတွင်းရေးတွေကို အားလုံးက သိကုန်ကြ၊ရန်တွေဖြစ်ကြ၊ အရှက်ရကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲကြ။ သူတို့အားလုံးဟာ ဒါ ဘယ်သူ့လက်ချက်လဲ လို့ တွေးနေကြဆဲ တစ်ယောက်က ရုတ်တရက် ထအော်တယ်။ ဟို လမျှားသူဆိုတဲ့ ကြောင်တောင်တောင် အကောင် ဘယ်မလဲ တဲ့။ အားလုံး သတိရသွားကြတယ်။ လိုက်ရှာကြတယ်။ ဒီမှတ်တမ်းဟာ သူ့လက်ချက်ပဲ ဖြစ်လိမ့်မယ်၊ တွေ့ရင် ဒင်းကို အရှင်မထားဘူး အမှုန့်ချေကြိတ်ပစ်မယ် ဆိုပဲ။ သူ တိမ်တွေကို မျှော်ငေးနေကျ နေရာ၊ လကို လှမ်းကြည့်နေကျနေရာ၊ ကြယ်တွေကြည့်လေ့ရှိတဲ့နေရာ… ပြီးတော့ သူ သွားလေ့ရှိတဲ့နေရာတွေ… နေရာအနှံ့ လိုက်ရှာကြတယ်။ဒါပေမဲ့ ဘယ်လိုမှ ရှာမတွေ့ကြဘူး။ ဒီလိုကောင်မျိုး တစ်သက်မှာ တစ်ကောင်ပဲ ရှိပေလို့ပေါ့ကွာလို့လည်း တဖြစ်တောက်တောက်နဲ့ ပြောကြသေးတယ်။

သူတို့တွေ တရားခံကို အဲဒီလို အသည်းအသန် ပိုက်စိတ်တိုက်ပြီးလိုက်ရှာနေကြတဲ့အချိန်မှာ လမျှားသူကတော့ အေးအေးဆေးဆေးပဲ တဲ့။ နေ့အချိန်တွေမှာဆိုဟိုး မိုးကောင်းကင်ပေါ်က တိမ်တွေပေါ်မှာ အေးအေးလူလူ ထိုင်ရင်း၊ လ မသာတဲ့ ညဖက်တွေမှာဆို ကြယ်စုတွေကို ကျောမှီပြီး သက်တောင့်သက်သာ ထိုင်ရင်း၊ လသာတဲ့ ညဖက်တွေမှာဆိုရင်တော့ လ ထက်မြင့်တဲ့ ခပ်ဝေးဝေး တစ်နေရာကနေ အဲဒီလူတွေအားလုံးကို အပေါ်စီးကနေမိန့်မိန့်ကြီး ပြုံးပြီး ကျေကျေနပ်နပ်ကို ငုံ့ကြည့်နေတော့တာပါပဲ။ 

သက်ဝေ
(၂၅ သြဂုတ် ၂၀၁၄)

~ ၂၀၁၅ ဖေဖေါ်ဝါရီလထုတ် နှင်းဆီဖြူ မဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဖြစ်သည်


2 comments:

  1. လ မျှား သူ ရဲ့ မှ တ် တ မ်း မှာ ကျေ နာ့် အ မ ည် ကိုေ တွ့ လို က် ရ တ ယ် ၊
    အဲ့ ဒီ လ မျှား သူ ဆို တဲ့ လူ ကိုေ တွ့ ရ င်ေ ပြာ ကြ ပါ ၊
ေ တွ့ ရ င် ဒ င်း ကို အ ရှ င် မ ထား ဘူး ၊
    အ မှု န့်ေ ချ ကြိ တ် ပ စ် မ ယ် ၊

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...