Thursday, October 20, 2016

ချစ်သော ဧရာဝတီ

(၁)
မြို့ပြမှာ ကြီးပြင်းခဲ့ရသော ကျွန်မ၏ ငယ်ဘဝမှာ ထူးခြားမှု တစုံတရာမရှိ၊ လွန်စွာ ရိုးစင်း၏။ ကျွန်မတို့ မိသားစုတွင် အစိုးရဝန်ထမ်း မိဘနှစ်ပါး၊ ကျွန်မထက်အငယ် မောင်လေးတယောက်နှင့် ကျောင်းအုပ်ဆရာကြီးတဦး ဖြစ်ခဲ့ဖူးသော အဖိုးရှိသည်။ ကူဖေါ်လောင်ဖက် ခေါ်ထားသော ဆွေနီးမျိုးစပ် အဒေါ်ကြီးတယောက်ရှိသည်။ မိဘနှစ်ပါးက တပတ်လျှင် ငါးရက် ပုံမှန် အလုပ်သွားကြသည်။ ကျွန်မတို့မောင်နှမက အချိန်မှန်လာကြိုသော ကျောင်းကားဖြင့် ကျောင်းသို့ သွားကြသည်။ အိမ်ပြန်ရောက်လျှင် ရေမိုးချိုး အိမ်စာများလုပ်ပြီး မိဘများ ပြန်ရောက်လာချိန်တွင် ညစာစားကြသည်။ ထို့နောက် ခဏတဖြုတ် ဆော့ကစားကာ ခြေလက်ဆေး သွားတိုက်ပြီး အိပ်ရာဝင်ကြရသည်။ နောက်တနေ့ မနက် နိုးလာလျှင် အဒေါ်ကြီး ပြင်ဆင်ထားသော နံနက်ခင်းစာကို စား၍ ကျောင်းသွားရသည်။ အားလပ်ချိန်များတွင် အဖိုးနှင့်အတူ ရွှေသွေး၊ တေဇ၊ ဒို့ကျောင်းသား၊ မိုးသောက်ပန်း အစရှိသော စာစောင်များကို ဖတ်တတ်သလောက် ဖတ်ခဲ့ရသည်။ သည်လိုနှင့် သမရိုးကျ နေ့ရက်များကို နေ့စဉ်ပုံမှန် ဖြတ်သန်းလာခဲ့သည်။ တိုက်တာ အဆောက်အဦးများဖြင့် အတိပြီးသော မြို့ပြလူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူ ကျွန်မကို တခုသော ကျောင်းပိတ်ရက်တွင် မြို့နှင့် ခပ်လှမ်းလှမ်းတနေရာသို့ အဖိုးက ခေါ်ဆောင်သွားခဲ့သည်။ ထိုအချိန်က ကျွန်မအသက် ငါးနှစ်ခန့်ရှိပြီဟု မှတ်မိပါသည်။

ထိုနေရာကိုရောက်အောင် ရထားဖြင့် သွားရသည်။ ရထားကြီးက တိုက်တာ အိမ်ခြေများနှင့် ကင်းလွတ်ရာကို တဂျုံးဂျုံးနှင့် ခုတ်မောင်းလာခဲ့သည်။ တခါမှ ရထားမစီးဖူးသော ကျွန်မအတွက် မြင်ရသမျှ တွေ့ရသမျှ အရာရာသည် ထူးခြား ဆန်းကြယ်နေခဲ့သည်။ ရထားလမ်း ဘေးတဖက်တချက်တွင် စိမ်းစိုနေသော စိုက်ခင်းကျယ်များကို မျက်စိတဆုံးတွေ့ရပြီး လူနေအိမ်ဟု ယူဆရသော တဲအိမ်ငယ်လေးများကိုလည်း ဟိုနားတစု သည်နားတစု တွေ့ရပါသည်။ ကျွန်မနှင့် အရွယ်မတိမ်းမယိမ်း ကလေးငယ်များက ထိုတဲငယ်လေးများနှင့် စိုက်ခင်းများအကြားတွင် လွတ်လပ်ပျော်ရွှင်စွာ အော်ဟစ်ပြေးလွှား ဆော့ကစားနေကြသည်ကို တွေ့ရသောအခါ ကျောင်းကစားကွင်း ကျဉ်းကျဉ်းလေးထဲမှ ကစားဖေါ် စိုးစိုးတို့ကို သတိရသွားသည်။ သူတို့နဲ့ အတူတူ ကစားကြရရင် ပျော်စရာကောင်းမှာပဲ။

သည်လိုနှင့် တနေရာအရောက်တွင် ရထားလမ်းဘေးတလျှောက်မှာ ရထားကြီးနှင့်အတူ လိုက်ပါ ရွေ့လျားနေသော အဖြူရောင် ရေပိုက်လုံး အကြီးကြီးတခုကို တွေ့ရသည်။ အဖိုးက ထိုပိုက်လုံးကြီးမှာ ချိုးဖြူပိုက်ဖြစ်ကြောင်းနှင့် ကျွန်မတို့ နေ့စဉ်အသုံးပြုနေသော သောက်ရေ သုံးရေများမှာ သည်ပိုက်က တဆင့်ရောက်လာကြောင်း ရှင်းပြပါသည်။

(၂)
ရထားစီးရခြင်းကို ပျော်မွေ့နေသောကြောင့် အချိန်ဘယ်လောက်ကြာသွားသည်ကို ကျွန်မ မသိလိုက်ပါ။ သတိထားမိသောအချိန်တွင် ရထားကြီးက ဘူတာရုံတခုရှေ့တွင် ရပ်သွားခဲ့သည်။ ပါလာသော ကျောပိုးအိပ်လေးကို လွယ်ကာ ထိုရထားဘူတာမှာ ကျွန်မ ဆင်းရသည်။ ထို့နောက် လမ်းအနည်းငယ် လျှောက်လိုက်သောအခါ ဈေးသည် ဈေးဝယ်များဖြင့် စည်ကားနေသော လမ်းဘေးဈေးးလေးကို တွေ့ရသည်။ တွေ့မြင်နေကျ မဟုတ်သော မြင်ကွင်းတခုအပေါ်တွင် ကျွန်မ စိတ်ဝင်တစားဖြင့် လှုပ်ရှား ပျော်ရွှင်နေခဲ့ပါသည်။ အဖိုးလက်ကို ဆွဲကာ ဈေးလမ်းလေးအတိုင်း ကျွန်မတို့ လျှောက်လာခဲ့ကြသည်။ ထောင်ထားသော ကြံချောင်းများ၊ နေရောင်ကြောင့် စိုလက်နေသော ဖရဲသီးများ၊ တောင်လိုပုံနေသော ခရမ်းချဉ်သီးနီနီများနှင့် စိမ်းစားဥအတွဲများကို အဖိုးက ညွှန်ပြသည်။ သည်အသီးအနှံများကို ကျောင်းမှာ ဆရာမ သင်ထားသောကြောင့် အနည်းငယ် ရင်းနှီးနေပေပြီ။
ဈေးတန်းလေး၏ မြင်ကွင်းကို သဘောကျစွာ ငေးနေစဉ်အချိန်တွင် ချူသံလိုလို အသံလွင်လွင်တမျိုးပေးပြီး ကိုယ်ထည် ခပ်ဝဝနှင့် ညိုတိုတို အကောင် နှစ်ကောင် ကျွန်မဘေးက ဖြတ်သွားသည်။

“အဖိုးရေ.. ဟိုမှာကြည့်ပါအုံး ဝက်ကြီးတွေ ဝက်ကြီးတွေ… အကြီးကြီးပဲနော်…” ဟု ဝမ်းသာအားရ ကျွန်မ အော်လိုက်မိသည်။ ကျွန်မစကားအဆုံးတွင် နံဘေးမှ လမ်းသွားလမ်းလာများက ကျွန်မကို လှည့်ကြည့်ပြီး ပြုံးရယ်ကြသည်။ အဖိုးကလည်း အသံထွက်ကာ ရယ်မောလေသည်။ ထိုအခါ ကျွန်မလည်း လိုက်ပါရယ်မောရသည်။ အမှန်ကတော့ ကျွန်မ လက်ညှိုးညွှန်လိုက်သော အကောင်များမှာ ဝက်များ မဟုတ်ပါ။ ကျန်းမာ သန်စွမ်းကာ ဝဖီးနေသော ကျွဲများ ဖြစ်ကြလေသည်။

ကျွန်မတို့ လျှောက်လာသော လမ်းဘေးတဖက်တွင် အရွက်ရှည်ရှည် ချွန်ချွန်နှင့် သစ်ပင်စိမ်းစိမ်းများကို တွေ့ရသည်။ ထိုသစ်ပင်စိမ်းစိမ်းများသည် လေတိုက်သောအခါ ဘယ်ယိမ်း ညာနွဲ့ဖြင့် တေးသံတမျိုးကို သီဆိုနေသယောင်။ ထိုအခါ ကျွန်မက အဖိုးကို… “ဟိုနားက ချိုးချိုးချွတ်ချွတ်နဲ့ဟာ ဘာပင်တွေလဲ ဖိုးဖိုးရဲ့…” ဟု မေးလိုက်လေသည်။ ငါးနှစ်သမီး ကျွန်မ၏ ထိုမေးခွန်းကို အဖိုးက နှစ်သက်မဆုံး၊ သတိရတိုင်း စကားကြုံတိုင်းလည်း ပြန်ပြောမဆုံး။ ကျွန်မ၏ အမေးကို “အဲဒါ လေတိုးတိုင်း သီချင်းဆိုတတ်တဲ့ ဝါးရုံတွေ…” ဟု အဖိုးက အဖြေပေးပါသည်။ မေမေတို့ အဒေါ်ကြီးတို့ ဝယ်ဝယ်လာတတ်သော မျှစ်မှာ ထိုဝါးပင်က ရကြောင်းကိုပါ အဖိုးက တဆက်တည်း ရှင်းပြသေးသည်။ ဝါးကို ဟင်းချက်စားကြပြီး မျှစ်ဟု ခေါ်ကြပုံကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်ခဲ့ရပါသည်။ တကယ်ဆို ဝါးက ဝါးပဲ မဟုတ်လား။ ကပ်သတ်ပြီး ခေါင်းမာတတ်သော ကျွန်မက ထိုအချိန်မှစပြီး မျှစ်ကို မျှစ်ဟု လုံးဝ မခေါ်တော့ပါ။ အိမ်မှာ မျှစ်ဟင်း ချက်သောနေ့များတွင် တစုံတယောက်က သမီး အိမ်မှာ ဘာဟင်းချက်သလဲ မေးလာခဲ့သော် ငါးနဲ့ ဝါးနဲ့ (သို့မဟုတ်) ဝက်သားနဲ့ ဝါးနဲ့… ဟုသာ အစဉ်ဖြေဆိုတတ်ပါသည်။

သည်လိုနှင့် မကြာခင်မှာ ကျွန်မတို့ မြေးအဖိုးနှစ်ယောက် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးမြနေသော ခြံဝိုင်းလေးထဲမှ သစ်သား မြေစိုက်အိမ်ကလေး တလုံးဆီသို့ ရောက်လာခဲ့ကြသည်။ အဖိုး၏ မိတ်ဆွေများက အိမ်လေးထဲမှ အပြေးအလွှား ထွက်လာပြီး ကျွန်မတို့ကို ကြိုဆိုကြသည်။ ထိုခြံဝင်းထဲတွင် အခုနက ဈေးလမ်းထဲမှာ ကျွန်မ တွေ့ခဲ့ရသော အကောင် ဝဝမျိုးတွေကို ထပ်တွေ့ရပြန်ရာ သည်တခါတော့ ကျွန်မက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် “ဖိုးဖိုးရေ… ဒီမှာ ကြည့်ပါအုံး… ကျွဲကြီးတွေနော်…” ဟု ပြောလိုက်ရာ ရယ်သံတွေ စီစီညံသွားခဲ့သည်။ “ဒါ ကျွဲတွေ မဟုတ်ဖူး ကလေးရဲ့ သူတို့က နွားတွေ… ကလေး စားနေတဲ့ ထမင်းတွေရအောင် သူတို့က ကူညီတယ်… ကျေးဇူးရှင်တွေ…” ဟု အိမ်ရှင် ဦးကြီးက ရယ်သံတဝက်နှင့် ပြောပါသည်။

ထိုဦးကြီးကပင် “ကဲ ကဲ… မြေးအဖိုးနှစ်ယောက် ခရီးပန်းလာကြတယ်… နားရအောင် အိမ်ပေါ်တက်ကြပါ…” ဟု ဖိတ်ခေါ်သောအခါ အဖိုးက “သမီး မမောသေးရင် အဖိုးတို့ တနေရာကို သွားကြရအောင်…” ဟု ပြောပါသည်။ အစစ အရာရာကို အဆန်းတကြယ်ဖြစ်နေသော ကျွန်မကလည်း မောရမှန်း ပန်းရမှန်း တကယ်ကို မသိခဲ့ပါ။ ထို့ကြောင့် ကျောပိုးအိပ်လေးကို အိမ်ဝတွင် အသာချခဲ့ကာ အဖိုးခေါ်ရာနောက်သို့ လိုက်လာခဲ့ပါသည်။

(၃)
လမ်းတလျှောက်တွင် ခလောက်သံ ချူသံ တချွင်ချွင်နှင့် နွားလှည်းများ မြင်းလှည်းများ၊ ဝဲယာ တဖက်တချက်ဆီမှ ဝါးရုံတို့ကို လေတိုးသောအခါ ကြားရသော ချိုးချိုးချွတ်ချွတ်အသံများနှင့်အတူ မြေနံ့တသင်းသင်းတို့တွင် ကျွန်မ အလွန်တရာ ပျော်ရွှင်လှသည်။ ကလေးတယောက်ဖြစ်သော်လည်း သဘာဝကို အမြတ်တနိုး နှစ်သက် သဘောကျသော စိတ်ကလေး ကျွန်မရင်ထဲမှာ ရှိနေခဲ့သည်ကို နောင် အသက်အရွယ်ရလာသောအခါမှာ ကောင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။
“အိုး… ဟိုးမှာ ရေတွေ… ရေတွေ…”  ဟု အလန့်တကြားနှင့် ကျွန်မ အော်လိုက်မိပြန်သည်။ ကျွန်မ မျက်စိ မမှားပါ။ ကျွန်မ မျက်နှာတူရှုမှာ ပြာလဲ့နေသော ရေပြင်ကြီးတခု ရောက်နေပါသည်။ ထိုမျှလောက် ကြီးမားသော ရေပြင်ကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်းဖြစ်သည်။ ထို့နောက် အဖိုးက ကျွန်မလက်ကို ဆွဲထားရာမှ လွှတ်ပေးလိုက်သည်။ ကျွန်မကလည်း အဖိုးလက်မှ လွတ်လျှင် လွတ်ချင်း ရေတွေရှိရာကို တဟုန်ထိုး ပြေးသွားမိတော့သည်။

ပြာလဲ့နေသော ရေပြင်ကြီး၊ မြစ်ကမ်းပါးမှာ တလျှောက်ဆီမှ တဲအိမ်ငယ်လေးများ၊ ထိုရေစပ်တွင် အဝတ်လျှော် ရေချိုးနေကြသူများ၊ ငါးမျှားတံနှင့် လက်ဆွဲပုံးငယ်များကို ကိုင်ဆောင်ထားရင်း ငါးမျှားနေကြသူများ၊ မြစ်ပြင်ကျယ်တွင် အစုန်အဆန် ကူးလူး သွားလာနေကြသော အရွယ်စုံ အရောင်စုံ ငါးဖမ်းလှေ ကြီးကြီး ငယ်ငယ်များ၊ မြစ်ဆိပ်မှ ကုန်းပေါ်သို့ ပစ္စည်းများ သယ်ပိုးလာကြသူများ၊ သောက်ရေ သုံးရေ ခပ်နေကြသူများ၊ တလုံးပေါ် တလုံးဆင့်ကာ အစီအရီ ထပ်တင်ထားသော အရွယ်စုံ အဆင်စုံ စဥ့်အိုးပြောင်ပြောင်လေးများ၊ ညီညီညာညာ စုပုံထားသော ထင်းခြောက်များကို သယ်ယူရန် ပြင်ဆင်နေကြသော ဝါးဖေါင်များ၊ ထိုအရာများအပြင် ကျွဲများ နွားများ မြင်းများကလည်း အုပ်စုလိုက် အေးအေးလူလူ ဟိုမှသည် သွားလာနေကြသည်။ ထိုမြင်ကွင်းများသည် ကျွန်မလို ကလေးတယောက်၏ ရင်ကို ပြင်းထန်စွာ လာရောက် တိုးဝှေ့ ထိမှန်ခဲ့ပါသည်။

အဖိုးက ပြောသည်။ “သမီး… ဒါ ဧရာဝတီ...” တဲ့။
အဖိုးက စကားတခွန်းသာ ပြောသော်လည်း ကျွန်မ၏ နားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်။ သည်အမည်နာမကို ကြားလိုက်ရသောအခါ လူက အလိုလိုနေရင်း ခွန်အားတွေ တိုးလာသလို၊ စွမ်းအင်တွေ ပြည့်ဝကာ မောပန်းနေသည်များ အားလုံး လွင့်စင်သွားစေခဲ့သည်။ ကြည့်ပါအုံး… ဧရာဝတီ တဲ့။ ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို မျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း မရှိပါ။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းများနှင့်အတူ တိတ်ဆိတ်စွာ မိတ်ဆက်ပေးခဲ့သည်။ အသက် ငါးနှစ်အရွယ် မြေးမလေးကို အဖိုးက ဧရာဝတီနှင့် မိတ်ဆက်ပေးပုံမှာ တသက် မမေ့နိုင်စရာ သိမ်မွေ့နူးညံ့ပြီး အဓိပ္ပါယ် ပြည့်ဝလှသည်။

ထိုအချိန်မှ စတင်ကာ ကျွန်မ၏ ရင်ထဲ ဧရာဝတီက စွဲမြဲခဲ့တာ ဖြစ်သည်။ ထိုရက်တွေမှာ စားချိန် အိပ်ချိန်မှလွဲ၍ အချိန်တိုင်း ကျွန်မ ဧရာဝတီနားသို့ ရောက်နေခဲ့သည်။ သစ်လုံးများကို ဖေါင်ဖွဲ့ကာ ဆွဲယူသွားနိုင်သော ခွန်အားဗလ ကြီးမားလှသော ဆင်များနှင့် သူတို့ အနောက်မှ လိုက်ပါလာသော ဆင်ပေါက်စလေးများကို တွေ့ရသောအခါတွင်မူ လက်ခုတ်လက်ဝါးတီးကာ သဘောတကျ ရယ်မောခဲ့မိသေးသည်။ ဖေဖေ မေမေတို့ သွားလေရာကို အနောက်မှ တကောက်ကောက် လိုက်ချင်တတ်သော ကိုယ့်ကိုကိုယ် ပြန်မြင်ရသလိုပင်။ ဖရဲသီးများ တင်ဆောင်လာသော လှေထဲမှ လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်များကို ကျွန်မ စားခဲ့ရသည်။ အိုးပုတ် ချိုးရုပ်လေးများ သယ်ဆောင်လာသော လှေထဲမှ အရုပ်ကလေးများကိုလည်း ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ ညိုညစ်ညစ် ရွှံ့များဖြင့် လောက်စာလုံးလေးတွေကိုလည်း လုံးဝိုင်း ညီညာနေအောင် လုံးခဲ့သေးသည်။

ထိုမြို့လေးမှ ပြန်ခါနီး ညနေမှာတော့ အဖိုးက ကျွန်မကို ဧရာဝတီနှင့် အသေအချာ ထိတွေ့ နှုတ်ဆက်စေခဲ့သည်။ ကမ်းစပ်က ရေတွေထဲသို့ သွက်သွက်လက်လက်၊ ပြီးတော့ မကြောက်မရွံ့ ဆင်းချသွားသော ကျွန်မကို အဖိုးက အခါများစွာကလို စိတ်ပူမနေသည့်အပြင် လက်ပြကာ အားပေးနေသေးသည်။ သေချာသည်လေ၊ ဧရာဝတီက သူ့ချစ်သူများကို မည်သည့်နည်းနှင့်မျှ အန္တရာယ် မဖြစ်စေနိုင်ပါ။ နေဝင်ချိန် နေလုံးနီနီကြီးက ဧရာဝတီထဲသို့ နစ်ဝင် ကွယ်ပျောက်သွားချိန်မှာမှ ကျွန်မ ဧရာဝတီကို နှုတ်ဆက်ကာ ခွဲခွာခဲ့ရသည်။ ကလေးအတွေးနှင့် နေလုံးကြီး… ကျွန်မ ဖြစ်ချင်ခဲ့မိသည်။ သို့မှသာ ဧရာဝတီထဲသို့ နေ့စဉ်နေ့တိုင်း တိုးဝင်ခိုလှုံကာ နီးစပ်ခွင့်ရနိုင်မည် မဟုတ်ပါလား။

(၄)
ထိုခရီးတိုလေးမှ ပြန်လာသောအခါ ဧရာဝတီ၏ မြင်ကွင်းပုံရိပ်များက ကျွန်မ မျက်စိထဲမှာသာမက ရင်ထဲသို့ပါ အပြီးတိုင်အောင် ခိုင်မြဲစွာ စူးနစ် ဝင်ရောက်ခဲ့လေသည်။ ကျွန်မ နားလည်တတ်သိသော အသက်အရွယ်ကို ရောက်လာသောအခါတွင် စကားမဆိုတတ်သော ဧရာဝတီ၏ ရေစီးသံနှင့်အတူ လျှို့ဝှက်စကားသံများ (သို့မဟုတ်) တီးတိုး ညည်းဆိုသံများကို ကြားချင်လာမိသည်။ ဧရာဝတီမှာလည်း ရင်ထဲက စကားသံတွေ ရှိနေနိုင်တာပဲ မဟုတ်လား။ ဧရာဝတီကို လွမ်းသော တချို့ညတွေမှာ မရှိတော့ပြီဖြစ်သော အဖိုးနှင့် ဧရာဝတီ ကို တွဲဖက်ကာ အိပ်မက် မက်မြင်တတ်ခဲ့သည်။

ဧရာဝတီနှင့် ဝေးနေရသော်လည်း ဧရာဝတီကို သိသူတိုင်း သူ့ကို သံယောဇဉ်ကြီးမားကာ ချစ်ခင် တွယ်တာလှသည်။ ခန့်ငြားသော ဧရာဝတီကို အစဉ် တွေ့မြင်မနေရသော်လည်း ဧရာဝတီအကြောင်းကို လေသံမျှ ကြားရရုံနှင့် ခံစားချက်တို့ လေးနက်ခဲ့သည်။ နှလုံးသွေးတို့ ဆူဝေခဲ့သည်။ အတွေးစတို့ ဝဲလွင့်ခဲ့သည်။ သည်ရက်များမှာ ကျွန်မ ဧရာဝတီကို အထူးတလည် လွမ်းဆွတ်သတိရနေခဲ့ပါသည်။  ဧရာဝတီကို သွားလိုသော်လည်း လိုက်ပို့မည့် အဖိုးက မရှိတော့ပြီ။ ထို့အပြင် ကျွန်မကိုယ်တိုင်ကလည်း ရေကြည်ရာ မြက်နုရာ၊ ဧရာဝတီနှင့် ခပ်ဝေးဝေး တနေရာမှာ။ မှန်းဆကာ လွမ်းနေရရုံသာ ရှိတော့သည်ပဲ။

ကျွန်မချစ်သော ဧရာဝတီအတွက် အစဉ်တွေးဖြစ်နေသော အတွေးတချို့နှင့် အစဉ်မေးဖြစ်နေသော အမေးတချို့ကို ပြောပြချင်ပါသည်။ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း သည်အတွေးကို တွေးကာ သည်အမေးကို ကိုယ်တိုင်ကိုယ်ကျ ပြန်မေးကြည့်ကြစေချင်ပါသည်။ ဘိုးဘွားဘီဘင်များနှင့် မျိုးဆက် ဘယ်နှစ်ခု သည်ဧရာဝတီပေါ် မှီတင်းရှင်သန်ခွင့် ရရှိခဲ့သည်လဲ၊ မြန်မာဟူသော တိုင်းပြည်တခု ဖြစ်ပေါ်လာစေရန် ဧရာဝတီသည် လူပေါင်း မည်၍ မည်မျှကို နေထိုင်၊ အသက်မွေးခွင့် ပြုခဲ့သည်လဲ၊ ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ အသုံးပြုခဲ့ကြ၊ အသုံးချခဲ့ကြ ပြီးပြီလဲ၊ ထို့အပြင့် ကျွန်မတို့တတွေကရော ဧရာဝတီကို မည်၍ မည်မျှ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြပါသလဲ ဟူ၍ပင်။

သက်ဝေ
(၂၈ စက်တင်ဘာ ၂၀၁၆)

  - ၂၀၁၆ အောက်တိုဘာလ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။


No comments:

Post a Comment

အမှတ်တရ ရေးခဲ့ပါ...