Saturday, March 29, 2008

ကြက်ဥတစ်လုံးရဲ့ အသုံးဝင်ပုံများ

ကျွန်မတို့ မြန်မာလူမျိုးတွေ စားလေ့ရှိတဲ့ အစားအစာတွေထဲမှာ ကြက်ဥ ဆိုတာ အခွံအရောင်က ညိုဝါ၀ါနဲ့ ၊ ပြုတ်စားစား ကြော်စားစား စားလို့ ရ၊ အပြင်က အကာက အဖြူရောင်၊ အတွင်းက အနှစ် အ၀ါရောင်နဲ့  ချစ်စရာ အလုံးအခဲလေးတွေလို့  လူတိုင်းက သိကြမှာပါနော်…။ သူ့ ကို စားရင် အားရှိတယ်၊ အဟာရဖြစ်တယ်လို့ လဲ အကြမ်းဖျဉ်းတော့ သိကြမှာပါ။ အခု နောက်ပိုင်း ကျန်းမာရေး ဆိုင်ရာ အသိပညာတွေ တိုးတက်လာတဲ့ခေတ်မှာတော့ သူ့ ကိုစားရင် အဆီတက်တယ်၊ ကိုလက်စထရော တက်တယ် လို့ အများက သိလာကြတဲ့ အခါ သူ့ ကိုရှောင်သူရှောင် ရှားသူရှား၊ စားတဲ့အခါမှာလဲ အဖြူရောင် အကာကိုသာစားပြီး အနှစ်ကို ဖယ်သူဖယ်နဲ့  စိမ်းစိမ်းကားကား ခွဲခွဲခြားခြား ပြုမူလာတတ်ကြတာကိုလဲ တွေ့ ရပါတယ်။ ဒါပေမယ့် ဘယ်လိုဘဲဖြစ်ဖြစ် ကြက်ဥ ဆိုတဲ့အရာကို မကြိုက်လို့ မစားရင်သာရှိရမယ်၊ ကြက်ဥကို မစားဖူးပါဘူး ဆိုတဲ့သူတော့ မရှိသလောက်ပဲ ဖြစ်ပါလိမ့်မယ်။

သက်ဝေ တစ်ယောက် ကြက်ဥဟင်းနဲ့  ထမင်းစားဖြစ်တဲ့ တစ်ညနေမှာ (အလုပ်မရှိ အလုပ်ရှာပြီး...) ကြက်ဥတစ်လုံး ရဲ့ အသုံးဝင်မှု အကြောင်းကို (ကြီးကြီး ကျယ်ကျယ် နဲ့ နော်...) စဉ်းစားကြည့်ရင်း လူတွေဟာ သူ့ ကို နည်းလမ်း အသွယ်သွယ် နဲ့ အသုံးချကြ၊ စားပုံစားနည်း အမျိုးမျိုး နဲ့ ကြော်လှော် ချက်ပြုတ် စားသောက် တတ်ကြတာကို တွေးမိသွားရာကနေ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။ ကြက်ဥ ကို ချက်ပုံချက်နည်း၊ စားပုံ စားနည်း အမျိုးမျိုးကို ကျွန်မ လက်လှမ်းမှီသလောက်၊ သိသလောက် စဉ်းစားပြီး ရေးထားပါတယ်။ အခုရေးထားတဲ့ နည်းတွေထဲမှာ မပါတဲ့ အခြားသော ချက်နည်းပြုတ်နည်း အသစ် အသစ် များရှိသေးတယ် ဆိုရင်လဲ ဖြည့်စွက်ပေးပါနော်။


ကြက်ဥကို ဟင်းလျာတစ်ခု အနေနဲ့ စားတတ်ကြပုံတွေကတော့…

၁။ အလွယ်ဆုံးအနေနဲ့ ကတော့ ကြက်ဥကို ပြုတ်.. လေးစိတ် စိတ်ပြီး ဆီလေးဆမ်း၊ ထမင်းပူပူလေးနဲ့ စား…။

သူ နဲ့ လိုက်ဖက်တာကတော့ ချဉ်ပေါင်ကြော်တို့  ခရမ်းချဉ်သီး ငပိချက်တို့ ပါ။
(ငယ်ငယ်က မန္တလေးကို မီးရထားနဲ့ ခရီးသွားရင် လမ်းမှာစားဖို့ မေမေ ချက်ယူလာလေ့ရှိတဲ့ ဟင်းတွေထဲက တစ်မျိုးပါ။ ခြောက်ခြောက်သွေ့ သွေ့ နဲ့  သယ်ရယူရ လွယ်ကူပြီး ထမင်းလဲမြိန်စေတဲ့ ဟင်းလျာတစ်ခုအဖြစ် ခဏခဏ အမှတ်ရနေပါတယ်။)

၂။ နောက်အလွယ်ဆုံး တစ်ခုကတော့ ကြက်ဥကို အလုံးလိုက် မကျက်တကျက်ကြော်… ဒါလဲ ထမင်းဖြူ ပူပူလေးနဲ့ စား.. ကောင်းတာဘဲ။ လွယ်ကူပြီး အချိန်ကုန်သက်သာ အဟာရဖြစ်တဲ့ ဟင်းတစ်မျိုး ဆိုရင်လဲ မမှားပါ။ (ချဉ်ပေါင်နဲ့ မျှစ်ကြော် ချဉ်ချဉ်စပ်စပ်လေးနဲ့ ဆို စားလို့  ကောင်းမှကောင်း။)

၃။ နောက်တစ်ခါ ကျက်အောင်ပြုတ်ထားတဲ့ ကြက်ဥကို ပါးပါးလှီးပြီး ကြက်သွန်စိမ်း၊၊ ပုဇွန်ခြောက်မှုန့် ၊ ကြက်သွန်နီ ကြက်သွန်ဖြူ ဆီချက်တို့ နဲ့ သုတ်စားတာပါ။ ပဲကြာဆံပြုတ်လေး နဲ့  အာလူးပြုတ်လေး ပါးပါးလှီးထည့်နိုင်ရင် ပိုတောင်ကောင်းသေး။ စိတ်ရှည်သော အိမ်ရှင်မများ အတွက်ပေါ့…။
(သက်ဝေနဲ့ တော့ လားလားမှ မဆိုင်ပေါင်...)။

၎။ ကြက်သွန်နီလေးကို ပါးပါးလှီး ဆားနဲနဲ နဲ့ နယ်ပြီးဆေး၊ ကြက်ဥကို အဲဒီ ကြက်သွန်နီနဲ့ ရောခေါက်ပြီးကြော်…။ စိတ်ရှည်ရင် အဲဒီထဲကို ခရမ်းချဉ်သီးတို့  ၀က်အူချောင်းတို့ ပါးပါးလှီးပြီး ရောကြော်ရင်လဲ ရသေးတယ်လေ…။
(အိမ်မှာ ဟင်းမရှိတဲ့နေ့ တို့ ၊ ဟင်းကျန်တာ နဲနေတဲ့ နေ့ မျိုးတွေမှာ အကြံအဖန် ထုနိုင်တဲ့ နည်းကောင်းတစ်ခုပါ။)

၅။ ကြက်ဥကိုပြုတ်၊ ငြုတ်သီး ကြက်သွန်ထောင်း ဆီသပ်ပြီး ပုဇွန်ခြောက်မှုန့် ထည့်၊ ပြီးတော့ မန်ကျည်းမှည့်ရည်ထည့်၊ အပေါ့ အငန်မြည်း ကြက်ဥပြုတ်ကို ထက်ခြမ်းခြမ်းပြီးထည့်၊ မဆလာလေး အုပ်လိုက်ရင် ကြက်ဥချဉ်ရေဟင်း ရရောပေါ့၊ တချို့ ကတော့ ကြက်ဥကို ပြုတ်ထည့်မယ့်အစား ပွက်ပွက်ဆူနေတဲ့ ချဉ်ဟင်းအရည်ထဲကို ကြက်ဥအစိမ်းလိုက် ဖေါက်ထည့် ပြီးတော့လဲ ချက်တတ်ကြတာတွေ့ ဖူးပါတယ်။ လွယ်လဲလွယ်ကူ၊ အချိန်ကုန် သက်သာ၊ အမြင်လဲ တစ်မျိုးဆန်း၊ စားလို့ လဲကောင်းပါတယ်။
(မေမေကတော့ တစ်ခါတစ်ရံဆို အဲဒီထဲကို ရုံးပတီသီးနုနုလေးတွေ လက်တစ်ဆစ်လောက်စီ ပိုင်းပြီးထည့်တတ်ပါတယ်။)

၆။ ဒီတစ်ခါကျတော့ အပေါ်ကလိုဘဲ ကြက်ဥကိုပြုတ်၊ ကြက်သွန်နီတွေ ပါးပါးလှီး ဆီသပ်၊ ပြီးရင် ငြုတ်သီး အကြမ်းမှုန့်  နဲ့  ပုဇွန်ခြောက်မှုန့် ပါထည့်ပြီး ဆီသပ်၊ ပြုတ်ထားတဲ့ ကြက်ဥကို လေးစိတ်စိတ်ထည့်၊ ငန်ပြာရည် အချိုမှုန့် လေး အနေတော်အောင်ထည့်… ဒါကိုတော့ ကြက်ဥဆီပြန် လို့ ခေါ်ကြတယ်လေ။
(မှတ်မှတ်ရရ ပြောရရင် သူနဲ့ ချစ်သူတွေဖြစ်ခါစ ကျောင်းက နွေးအေးမှာ ထမင်းတူတူစားရင်း သူ့ ထမင်းဘူးထဲမှာ ပါလာတဲ့ဟင်းပါ။)

ရ။ နောက်တစ်ခုကတော့ ကြက်ဥပြန်ကြော် လို့ ခေါ်ကြတယ်။ ကြက်ဥကို နာနာလေးခေါက်၊ ဆား အချိုမှုန့်  သင့်ရုံထည့်၊ ပြီးတော့ ဒယ်အိုးပြားပြားနဲ့ ကြော်၊ ကျက်ရင် သေးသေး သေးသေးလှီးထား၊ အဲဒါကိုမှ ကြိတ်ထားတဲ့ ၀က်သား အကြေတို့ ၊ သေးသေးတုံးထားတဲ့ ကြက်သားတို့ ၊ ပုဇွန်တို့ နဲ့ ပြန်ကြော်စားတဲ့ နည်းပါ။ လုပ်ရတာ လက်ဝင်ပြီး အရသာအားဖြင့်တော့ သိပ်ထူးထူးခြားခြားမရှိလှတဲ့ ဟင်းတစ်မျိုးပါဘဲ။

၈။ ကြက်ဥ ငါးပိချက် ဆိုတာကြားဖူးကြပါသလား…။
ကြားဖူးတဲ့သူတွေက ငြိမ်ငြိမ်နေ… မကြားဖူးတဲ့သူတွေက နားထောင်နော်…။
ကြက်သွန်ဖြူလေးတွေကို ပါးပါးလှီး ဒယ်အိုးထဲမှာ ဆီနဲနဲ နဲ့  ဆီသပ်၊ ပြီးရင် မျှင်ငါးပိ နဲနဲပါရောထည့်ပြီး ခဏ ဆီသပ်၊ ပြီးရင် အဲဒီအထဲကို ခေါက်ထားတဲ့ ကြက်ဥကို လောင်းထည့်ပြီး မြန်မြန်လေးမွှေ။ ဒါဆိုရင် ကြက်ဥ ငါးပိချက် ရရောပေါ့။ မျှင်ငါးပိရဲ့ အနံ့ ကို ကြက်သွန်ဖြူ ဆီသပ်ကထိန်း ပြီး မျှင်ငါးပိရဲ့ အငန် ကိုတော့ ကြက်ဥ ကထိန်း သွားပါတယ်။ သူ့ ကိုတော့ ဆောင်းတွင်း နံနက်စောစော ချမ်းချမ်းစီးစီး အချိန်မျိုးတွေမှာ ဆီထမင်းနဲ့ တွဲစားလေ့ရှိတယ်။ ထမင်းနဲ့ တော့ တွဲမစားဖူးဘူး။

ဒါတွေကတော့ ကြက်ဥကို တိုက်ရိုက် အသုံးချပြီး ဟင်းအဖြစ်ချက်တဲ့နည်းတွေပါ။

ကျန်တဲ့ အသုံးချနည်းတွေကတော့...
- ကြက်ဥကို နွားနို့ နဲ့ ရောပြီး ဆားလေး၊ သကြားလေးထည့်၊ ရေဆူဆူထဲမှာ ပေါင်းလိုက်ရင် ရတဲ့ ကြက်ဥပူတင်း၊
- ကြိတ်ထားတဲ့ ၀က်သား၊ ကြက်သားတွေနဲ့ ရောပြီး ပူတင်းလုပ်သလိုဘဲ ပေါင်းလိုက်ရင် ၀က်သားပေါင်း၊ ကြက်သားပေါင်း၊
- ကြက်ဥကို မကျက်တကျက်ကြော်၊ ဒါမှမဟုတ် ကြက်ဥမွှေကြော်လုပ်ပြီး ပေါင်မုန့် နဲ့  အတူတွဲပြီး Breakfast မှာစားလို့ ရ၊
- ပေါင်မုန့် ကို ကြက်ဥခေါက်ထားတဲ့ အထဲစိမ်ပြီး ကြော်လိုက်ရင် ပေါင်မုန့် ကြက်ဥကြော်၊ သကြားလေးဖြူးစား၊
- ဆားရေနဲ့ သုံးပါတ်လောက် စိမ်ထားပြီး ရလာတဲ့ ကြက်ဥဆားစိမ်၊
(အဲဒါကို ပြုတ်လိုက်ပြီးရင် ဆီလေးဆမ်းပြီး ထမင်းဖြူလေး နဲ့ စားရင်စား၊ ကြက်သွန်စိမ်း ပါးပါးလှီးပြီးတော့ သုတ်စားရင်စား။)
- ထုံးရေကြည်နဲ့ စိမ်ထားရင် ရလာတဲ့ ကြက်ဥကိုကျတော့ Century Egg၊
(အဲဒါကျတော့ ပြုတ်စရာမလိုတော့၊ အခွံခွာ ပါးပါးလှီးပြီး ကြက်သွန်စိမ်းနဲ့  သုတ်စားလေ့ရှိကြတယ်။
မြန်မာလိုဆိုရင်တော့ ဆေးဘဲဥ လို့ ခေါ်ကြတာပေါ့၊ ဒါပေမယ့် ဒီမှာကျတော့ ဘဲဥက ရှားပြီး ဈေးလဲကြီးတဲ့အတွက် ကြက်ဥကိုဘဲ ထုံးရေနဲ့ စိမ်ကြတယ် လို့ သိရပါတယ်။)

ကြက်ဥအကြောင်းသာရေးပြီး အပြင်က အခွံအရောင်သာ ကွာခြားပြီး သူနဲ့ အစစ အရာရာ တူညီလှတဲ့ ကိုရွှေဘဲဥ ကိုကျတော့ ဘာကြောင့်များ စကားထဲထည့် မပြောတာလဲ လို့ မေးစရာ အကြောင်းရှိပါတယ်။

ဟုတ်ပါတယ်။ ကျွန်မတို့ မြန်မာပြည်မှာတော့ ကြက်ဥနဲ့ ဘဲဥက ဈေးမကွာကြပါဘူး။ ဒါပေမယ့် ဒီမှာတော့ ကြက်ဥဈေးနဲ့ ဘဲဥဈေးက တစ်ဝက်လောက် (တစ်ခါတစ်ခါ တစ်ဝက်တောင်ကျော်ချင်သေး…) ကွာပါတယ်။ ဘဲဥကဈေးကြီးတာပါ။ ဒီတော့လဲ ဘာမှထူးထူးခြားခြား အရသာ သိတ်မကွာလှတဲ့ အတူတူ ကြက်ဥကိုဘဲ ၀ယ်စား ဖြစ်တော့တာပေါ့။ (အမှန်ကတော့ ဘဲဥက အရသာပို လေးလေးပင်ပင် ရှိတယ်လို့ တစ်ချို့ ကပြောကြပါတယ်။ ထားလိုက်ပါတော့လေ...)

ကြုံလို့ ပြောပြရအုံးမယ်။
တစ်ခါကတော့ ဘဲဥချဉ်ရည်ဟင်းကို ဘဲဥနဲ့ သာ ချက်စားချင်စိတ်ပေါ်လာလို့  အခွံရောင်ဖြူဖြူနဲ့  အလုံးအခဲလေး တွေကို ဒါဘဲဥဘဲ ဆိုပြီး ဘူးပေါ်က စာကို တစ်ချက်ကလေးမှ မဖတ်ကြည့်ဘဲနဲ့ ဝယ်လိုက်မိပါတယ်။ (အမှန်ကတော့ ဘူးမှာ ကပ်ထားတဲ့ ဈေးနှုန်းကို မမြင်ချင်ယောင် ဆောင်တာလေ…။) လား.. လား.. အိမ်ရောက်တော့ ပြုတ်မလို့  ကြည့်လိုက်တော့မှ ဘူးပေါ်မှာ White Chicken Egg လို့ ရေးထားတာ တွေ့ ရတယ်။ ဒေါ်သက်ဝေ တစ်ယောက် ကောင်းကောင်းကြီး ခံလိုက်ရတာပေါ့။ စာမဖတ်တတ်တဲ့ သူတစ်ယောက်လို ၀ယ်လာမိတဲ့ ကိုယ့်ကိုကိုယ်လဲ ရယ်ချင်ပက်ကျိပေါ့။ အဲဒါနဲ့ တစ်ဆက်ထဲမှာဘဲ မောင်မင်းကြီးသား ကြက်မများကိုလဲ “အော.. အော... သင်းတို့ က အဖြူရောင် အဆင်းရှိသော ကြက်ဥ များကိုလဲ ဥတတ်ကြသေးသကိုး လို့ အံ့သြရင်း”…။ (သူတို့ တွေ Whitening Lotion တွေများ လိမ်းကြသလားမသိ... ဟီဟိ။)

ကဲ… ကြက်ဥအကြောင်းတွေ တွေးမိတွေးရာ တွေးရင်း ရေးမိရေးရာ ရေးလိုက်တာ တော်တော်လေးကို ရှည်လျားတဲ့ ပိုစ့်တစ်ခုဖြစ်သွားပါရောလား။ သူငယ်ချင်းတို့ ရေ… ဒီပိုစ့်လေးကို အပျင်းပြေ ဖတ်စရာတစ်ခုအနေနဲ့  ဖတ်ကြပါ။ နောက်ထပ် ကြက်ဥချက်နည်း အသစ်များရှိသေးတယ် ဆိုရင်လဲ ဝေမျှကြပါလို့  ဖိတ်ခေါ်ပါတယ်။ ကြက်ဥဟင်း ချက်စားရင်း ပျော်ရွှင်ကြပါစေ။

(ကြက်ဥ အလွန်ကြိုက်သော ချစ်သူငယ်ချင်း နှစ်ယောက်သို့  အမှတ်တရ…)


Monday, March 24, 2008

လမ်းကလေးများ အကြောင်း

ဘ၀မှာ လျှောက်ခဲ့ဖူးတဲ့ လမ်းကလေးတွေ အများကြီးရှိခဲ့တယ်။ အခု လက်ရှိမှာ လျှောက်နေဆဲ ကိုယ့် လမ်းကလေးရဲ့အကြောင်းကို တွေးကြည့်မိရင်းက… အရင်က လျှောက်ဖူးခဲ့တဲ့ လမ်းကလေးတွေထဲက ကိုယ့်ကို အမြဲတမ်း အမှတ်ရနေစေတဲ့ လမ်းကလေးတွေကို သတိရပြီး ဒီပိုစ့်လေးကို ရေးမိပါတယ်။

အမေ့ရဲ့ ရင်ခွင်လမ်း

လူမှန်းသိတတ်ခါစ လမ်းလျှောက်တတ်ခါစ အရွယ်မှာ ပထမဦးဆုံး လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ အမေ့ရဲ့ရင်ခွင်လမ်း ကလေးပါ။

အဲဒီလမ်းကလေးဟာ အမေ့ရဲ့ သနပ်ခါးနံ့ လေးတွေ အမြဲတမ်း သင်းပျံ့ နေတတ်တယ်။
အဲဒီလမ်းကလေးမှာ “မပန်းဖြူလေး ကတတ်တယ် ဘယ်သူလာလို့  သင်ပေးတယ်… ဘယ်ညာဝိုက်ကာ လက်ကိုချိုး ကောင်းပေ့ သည်ကကြိုး...” “မမွှေးထုံ မမွှေးထုံ ပါးကွက်ကြားနဲ့  သနပ်ခါးမှုန်.. မမွှေးထုံ ဘာလို့မွှေး ရှင်မတောင် သနပ်ခါးလိမ်းလို့မွှေး…” “နေလုံးနီနီ ညနေစောင်းတော့ အမေ့ကျောင်းကို သွားစို့ကွယ်…” အစရှိတဲ့ ကဗျာ သီချင်းသံ ချိုချိုလေးတွေရယ်၊ “ဖိုးလမင်းကြီးရေ… ထမင်းဆီဆမ်း ရွှေလင်ပန်းလေးပေးပါဟေ့...” တို့  “ရွှေယုန်နဲ့ ရွှေကျား သက်ကယ်ရိတ် အတူသွားကြတာပေါ့…” တို့  ဆိုတဲ့ အိပ်ရာဝင် ပုံပြင်လေးတွေနဲ့  အမြဲတမ်း ပြည့်နှက်နေတတ်တယ်။

မလျှောက်တတ် လျှောက်တတ်နဲ့  ယိုင်တိုင်တိုင် ခြေလှမ်းလေးတွေကို တစ်ချက်ကလေး အတိမ်းအစောင်း မဖြစ်ရလေအောင် ဂရုတစိုက် ပြုပြင် တည့်မတ် ထိန်းကျောင်း ပေးခဲ့တဲ့ အမေ့ရဲ့ရင်ခွင်လမ်း…
ဒီလမ်းကလေးဟာ တစ်ဘဝလုံး ရှေ့ဆက်လျှောက်ရမဲ့ လမ်းပေါင်းများစွာအတွက် ပြည့်ဝ လုံလောက်တဲ့ အားအင်တွေကို အမေ့ရဲ့ချစ်မေတ္တာ စွမ်းအားတွေနဲ့ အတူ အစပြုခဲ့တယ်။

ဗံဒါပင်လမ်း

အဖြူအစိမ်းဝတ်ကျောင်းသူဘဝမှာ ဆယ်နှစ်ကျော် လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ ကျောင်း စာသင်ခန်းတွေကနေ မုန့်စားဖို့၊ မုန့်ဈေးတန်းလေးဆီကိုအသွား ဗံဒါပင်ကလေးတွေ အုပ်မိုးနေတဲ့ ခပ်ကျဉ်းကျဉ်း ကွန်ကရစ် လမ်းသွယ်ကလေးပါ။

နေ့ စဉ်နေ့ တိုင်း ကျောင်းစာသင်ချိန်တွေအပြီးမှာ သူငယ်ချင်းတွေနဲ့ တပျော်တပါး မုန့်စားသွားတိုင်း ဒီလမ်းကလေးကနေ လျှောက်သွားခဲ့ရတယ်။ လေခပ်ကြမ်းကြမ်း တိုက်လိုက်တိုင်း အဲဒီ ဗံဒါပင်တွေဆီက ကြွေကျလာတဲ့ ဗံဒါသီးလေးတွေကို သူငယ်ချင်းတွေ အတူတူ လုကောက်၊ အုတ်နီခဲတွေနဲ့ ထုပြီး ဗံဒါစေ့လေးတွေ ထုတ်စားခဲ့ကြဘူးတယ်။

အမေ့ရင်ခွင်ရယ် ကျောင်းကသင်ခန်းစာတွေရယ် စားဖို့ အိပ်ဖို့ ဆော့ကစားဖို့ရယ်ကလွဲပြီး ဘဝအမော သောကအပူ ဘာဆိုဘာမှ ခံစားနားလည်ဖို့ မလိုသေးတဲ့ ဖြူစင်လှပ လွတ်လပ်ပေါ့ပါးတဲ့ ကလေးအရွယ်မှာ လျှောက်ခဲ့ရတဲ့ ဗံဒါပင်လမ်း…
ဒီလမ်းကလေးဟာ တစ်ဘဝလုံး ဆက်လျှောက်ရမဲ့ လမ်းပေါင်းများစွာအတွက် ဖြူစင်တဲ့စိတ်ထားတွေနဲ့ အတူ ပြည့်ဝတဲ့ အတန်းပညာတွေကို ဆရာ ဆရာမတွေ၊ ချစ်တဲ့ သူငယ်ချင်းတွေ ရဲ့မေတ္တာတွေနဲ့ အတူ အစပြုခဲ့တယ်။

ခရေပင်လမ်း (Lover’s Lane)

တစ်ဆင့်တက်လို့  စွယ်တော်ရိပ်ကို ရောက်ခဲ့တဲ့အခါမှာ လျှောက်ခဲ့ရတဲ့ လမ်းကလေးကတော့ ခရေပင်လေးတွေ ဝေဝေဆာဆာ စီတန်းနေတဲ့၊ ချစ်သူစုံတွဲလေးတွေက ချစ်စနိုး Lover’s Lane လို့ နာမည်ပေးထားကြတဲ့ ခရေပင်လမ်းကလေးပါ။

အဲဒီလမ်းကလေးနဲ့ ဆိုရင် ဆယ်စုနှစ် တခုနီးပါး လက်ပွန်းတတီး ရင်းနှီးခဲ့ဘူးတယ်။
သူငယ်ချင်းတစ်စု အတန်းအားချိန်တွေတိုင်းမှာ အဲဒီလမ်းတစ်လျှောက် စကားတပြောပြောနဲ့လျှောက်ရင်း ခရေပင်တွေဆီက ကြွေကျလာတဲ့ ခရေပွင့်ငယ်လေးတွေကို တပျော်တပါး ကောက်ယူ သီကုံးခဲ့ကြဘူးတယ်။ အဲဒီလမ်းကလေးမှာ လာလျှောက်ကြတဲ့ အသစ်စက်စက် ချစ်သူစုံတွဲတွေကို စပ်စပ်စုစု လိုက်ချောင်းခဲ့ဘူးတယ်။ အဲဒီလမ်းကလေးမှာ တစ်ခါတစ်ခါ လာရောင်းတဲ့ ဝက်သား တုတ်ထိုးသည် ဦးလေးကြီးဆီမှာ တုတ်ထိုးတွေ တစ်ဝစားပြီး ကျောင်းတက်ခေါင်းလောင်းသံ ကြားတော့ အပြေးအလွှားအသွား ဦးလေးကြီးကို တုတ်ထိုးဖိုး ပိုက်ဆံပေးဖို့ မေ့ခဲ့ဘူးတယ်။ (အတန်း ပြီးတော့မှ ပြန်သွားပေးရတယ်။) အဲဒီလမ်းကလေးမှာ ချစ်သူနဲ့အတူ တယောက်လက်ကို တယောက်ဆုပ်ကိုင် တွဲလျှောက်ရင်း ရှေ့ဆက်ရမယ့် အနာဂတ်အတွက် မဆုံးတဲ့ အတွေးအိမ်မက်တွေကို ပုံဖေါ်ကြည်နူးခဲ့ကြဘူးတယ်။

ကျောင်းသင်ခန်းစာတွေတစ်ဖက် ချစ်သူကတစ်ဖက်နဲ့ အစစ မျှတအောင် ကြိုးစားရင်း ရှေ့ဆက် လျှောက်ရမယ့် ဘဝလမ်းအတွက် လက်တွေ့ ကျကျ စဉ်းစားစရာတွေကို တွေးတော ရင်မောရင်းနဲ့  လျှောက်ခဲ့ရတဲ့ ခရေပင်လမ်း …
ဒီလမ်းကလေးဟာ ကျောင်းစာသင်ခန်းထဲက စာတွေကိုသာမက အပြင်လက်တွေ့ မှာ တကယ်လျှောက်လှမ်းရမယ့် ဘဝလမ်း အတွက် အသိပညာ အတတ်ပညာတွေ သင်ခန်းစာတွေ အများကြီးရယ်၊ အရောင်တွေစုံလှတဲ့ လောကကြီးရဲ့ရိုးသားခြင်း၊ မရိုးသားခြင်း၊ ဖြူစင်ခြင်း၊ ညစ်ထေးခြင်း၊ လှည့်ဖျားခြင်း၊ ဟန်ဆောင်မာယာတွေ၊ ပရိယာယ်ကြွယ်ဝခြင်းတွေ၊ လူ လူခြင်း အနိုင်ကျင့် ခေါင်းပုံဖြတ် အမြတ်ထုတ် တတ်တာတွေ အစရှိတဲ့ ပြင်ပသင်ခန်းစာအချို့ တွေကို ပထမအဆင့်အဖြစ် စတင် နားလည်စ ပြုလာစေခဲ့တယ်။

ဘဝလမ်း

ဘဝတစ်ဆစ်ချိုးမှာ ကိုယ်တိုင်လျှောက်ဖို့  ကိုယ်တိုင်ကိုယ်ကျ၊ ကိုယ့်စိတ်တိုင်းကျ တည်ဆောက် ဖေါက်လုပ်ခဲ့တဲ့ လမ်းကလေးကတော့ ဘဝလမ်းပါဘဲ…
ဘဝတစ်ခုလုံးနဲ့ ရင်းပြီး လျှောက်ရမယ့်လမ်းကလေးတစ်ခုမို့  ဘဝလမ်း လို့ခေါ်ချင်ပါတယ်။ ကိုယ့်ကိုချစ်တဲ့သူနဲ့ ကိုယ်ကလဲ ချစ်တဲ့သူနဲ့အတူ ဘဝတစ်ခုကို စတင်ထူထောင်ဖို့ အဆင်သင့်ဖြစ်ပြီလို့ ယူဆခဲ့တဲ့ တစ်နေ့ မှာ ဒီလမ်းကလေးကို စတင်လျှောက်လှမ်းခဲ့ပါတယ်။

ချစ်ခြင်း မေတ္တာပန်းရနံ့ တွေ အစဉ်အမြဲ မွှေးပျံ့ နေတဲ့ ဒီလမ်းကလေးမှာ တယောက်နဲ့ တယောက် ချစ်ခင်ကြင်နာတွေမှုတွေ အလိုက်သိ ယုယမှုတွေ ယုံကြည်မှုတွေ နားလည်ခွင့်လွှတ်မှုတွေနဲ့  ပြည့်နှက်နေတတ်တယ်။ အဲဒီလမ်းကလေးမှာ ရင်ခုန်သံတွေ ဝါသနာတွေ ကာရန်တွေတူညီ နေတဲ့ အချစ်ရဲ့သံစဉ်တွေ အမြဲ ဆွတ်ပျံ့နေတတ်တယ်။ အဲဒီလမ်းကလေးမှာ အေးအတူ ပူအမျှ၊ ကောင်းတိုင်ပင် ဆိုးတိုင်ပင်၊ ပျော်ရွှင်ကြည်နူးစရာ အချိန်ပေါင်းများစွာကို အတူတကွ ကျော်ဖြတ်ခဲ့ကြသလို စိတ်ညစ်စရာ စိတ်သောကရောက်စရာ အခိုက်အတန့် လေးတွေ ကြုံတွေ့ ခဲ့ကြရရင်လဲ အတူတူ မျှဝေခံစားခဲ့ကြတယ်။ အဲဒီလမ်းကလေးမှာ အရင်က လျှောက်ခဲ့ဘူးတဲ့ လမ်းကလေးတွေနဲ့ မတူ တမူထူးခြားတာက လူ့ ဘဝရဲ့ လေးနက်တဲ့ အဓိပ္ပါယ်တစ်ချို့ကို တစထက်တစ သိနားလည်ခွင့် ရခဲ့တာပါဘဲ။

ဘာတွေဘယ်လိုဘဲဖြစ်ဖြစ်…
ကိုယ်ကိုတိုင်ရွေးချယ်လျှောက်လှမ်းခဲ့တဲ့ ဒီလမ်းကလေးကို တနေ့ ထက်တနေ့  ပိုပြီးသာယာဖြောင့်ဖြူးအောင် အတတ်နိုင်ဆုံး ကြိုးစားပြုပြင်ရင်း၊ ဒီလမ်းကလေးတလျှောက်မှာ အေးမြတဲ့အရိပ်အာဝါသ ရစေဖို့ အတွက် နှစ်ဦးသား အတူတကွ စိုက်ပျိုးထားတဲ့ သစ်ပင် ပန်းပင်ကလေးတွေကို အမြဲတမ်း စိမ်းလန်းစိုပြေစေအောင် နေ့ စဉ် ရေလောင်း ပေါင်းသင်ရင်း တဘဝလုံး ဆုံးခန်းတိုင်သည် အထိ ဘဝခရီးဖေါ်နဲ့ အတူ လျှောက်လှမ်းသွားကြရမယ့် ဘဝလမ်း…

အရင့်အရင် လျှောက်ခဲ့တဲ့ လမ်းကလေးတွေနဲ့ ရင်ခုန်သံခြင်း၊ လေးနက်ပုံခြင်း ၊ တာဝန်ရှိပုံခြင်း မတူညီကြတဲ့ ဒီလမ်းကလေးကို အစဉ်အမြဲ သာယာချမ်းမြေ့အောင် ချောမွေ့ ဖြောင့်ဖြူးအောင် နှစ်ယောက်စလုံးမှာ ညီတူညီမျှ တာဝန်တွေရှိနေကြတယ် ဆိုတာကို အပြည့်အဝ နားလည် လက်ခံ လာစေခဲ့တဲ့ လမ်းကလေးတစ်ခုပါဘဲ။


Tuesday, March 18, 2008

မီးပူတိုက်ခြင်း၏ အကျိုးကျေးဇူး

နေ့ စဉ်နေ့ တိုင်း ပြုလုပ်ဆောင်ရွက်ရသော အိမ်မှုကိစ္စ အ၀၀ထဲတွင် ကျွန်မ စိတ်အညစ်ဆုံး နှင့် အမုန်းဆုံးအလုပ်တစ်ခုမှာ မီးပူတိုက်ခြင်းပင်ဖြစ်သည်။ အခြားအခြားသော အိမ်အလုပ်များကို ဇယ်ဆက်သလို တရစပ် လုပ်ကိုင်နိုင်သော်လည်း မီးပူတိုက်ရဖို့ ကိုတော့ ကျွန်မ အလွန်မုန်းတီးသည်။ ဟင်းဆယ်မျိုးကို ဆက်တိုက် ချက်လိုက်ချင်သော်လည်း အင်္ကျီမို့  သုံး လေးထည်လောက် မီးပူတိုက်ရပြီဆိုလျှင်တော့ ဒေါသများက သူ့ အလိုလိုနေရင်း ပွနေကြပြီး မြင်မြင်ကရာကို ရန်လုပ်ချင်နေလေသည်။ အရင်က မိဘများနှင့် အတူတူနေစဉ်ကတော့ အိမ်မှာ အိမ်ဖေါ်ကောင်မလေးများ ရှိသောကြောင့် ထိုတာဝန်နှင့် ကင်းဝေးခွင့် ရခဲ့သည်။ ယခုမူ ထိုသို့ မဟုတ်တော့ပြီ။ အစစအရာရာ ကိုယ့်ကိုကိုယ်သာ အားကိုးရာ ကိုယ်သာဖြစ်တော့သည် ဟူသော ဘ၀မျိုးကို ရောက်နေပြီမို့ …။

သို့ သော်… ထိုအမုန်းဆုံး အလုပ်တစ်ခုကို ကျွန်မ နှစ်နှစ်သက်သက် ပျော်ပျော်ပါးပါး မညီးမညူ ပြုလုပ်ချင်လာအောင် ဆွဲဆောင်လိုက်သော အရာမှာ ကျွန်မ၏ ဘလော့ဂ်ကလေး ဖြစ်သည် ဟုပြောလိုက်လျှင် ကြားရသူအပေါင်းက ဟင်… ဘာဆိုင်လို့ လဲ ဟု ၀ိုင်းပြောကြမည်ကိုလဲ အသေအချာ သိနေပါသည်။ ဆိုင်ပုံ ဆိုင်နည်းကို အခု ပြောပြပါမည်။

* * * * * * * * * * * * * * * * * * *

ယခင်က ကျွန်မအိမ်မှာ နာရီပိုင်းနှင့်အိမ်အလုပ် လာလုပ်ပေးသော အမျိုးသမီးတစ်ယောက် ရှိခဲ့ဘူးသည်။ သို့ သော် လွန်ခဲ့သော ၂၀၀၇ ခု နှစ်ကုန်ပိုင်းလောက်တွင် သူမက ကိုယ်ရေးကိုယ်တာကိစ္စကြောင့် အလုပ်ဆက်မလုပ်တော့ဘဲ မြန်မာပြည်ကို အပြီးပြန်သွားခဲ့သည်။ သူပြန်သွားပြီး နောက်ထပ်လူအသစ်တစ်ယောက် ထပ်ခေါ်ဖို့ အဆင်မပြေတော့ရာမှ အစပြု၍ မီးပူတိုက်ခြင်း ဟူသော အလုပ်မှာလဲ ကျွန်မခေါင်းပေါ်သို့  လုံးလုံးလျားလျား ကျရောက်လာခဲ့လေသည်။ ဒီတော့လဲ ထုံးစံအတိုင်း တစ်ပတ်ကို ငါးရက် အလုပ်လုပ်၊ စနေနေ့ မှာ တစ်ပတ်လုံးစာ လျှော်စရာရှိသည်များကိုလျှော် ခြောက်အောင်လှမ်း… ပြီးရင်တော့ တနင်္ဂနွေနေ့ မှာ အမှန်အကန် တိုက်ပွဲဝင် ရတော့တာပေါ့။ ကျွန်မ၏ အကျင့်ကလဲ တစ်မျိုး။ မီးပူတိုက်လျှင် တပတ်စာ အပြင်အ၀တ် ရုံးအ၀တ်များသာမက အိမ်မှာနေရင်းဝတ်သည့် အ၀တ်များ နှင့် အိပ်ရာခင်း ခေါင်းအုံးစွပ် မျက်နှာသုတ်ပုဝါများ၊ မီးဖိုချောင်သုံး လက်သုတ်ပုဝါများ ပါမကျန် မီးပူတိုက်ရမှ စိတ်တိုင်းကျ ကျေနပ်လေ့ရှိသည်။

ထို့ ကြောင့် တနင်္ဂနွေနေ့ ညနေပိုင်းရောက်လာပြီဆိုလျှင် မီးပူတိုက်ခြင်းဟူသော အလုပ်ကို မလွဲမသွေ မလုပ်မဖြစ် လုပ်ရလေပြီ။ ထိုအချိန်ဆိုလျှင် နောက်တစ်နေ့ အလုပ်သွားရတော့မှာမို့  စိတ်မောတာကတစ်ကြောင်း ပျင်းတာကတစ်ကြောင်း နဲ့  လူက အလိုလိုနေရင်း Depress ဖြစ်ရသည့်အထဲ မီးပူ့တိုက်လျှင် ဘယ်လိုမှ Mood မကောင်းတတ်သော ကျွန်မ၏ အကျင့်ဆိုးကြောင့် ကျွန်မမို့  မီးပူတိုက်ပြီဆိုလျှင် အိမ်သားတွေ ဘယ်သူမှ အနားမလာကြ၊ စကားတစ်ခွန်းလာမဆိုကြ။
အားလုံး ဝေါင်ဝေါင်ရှေးလို့ ဝေးဝေးကရှောင်ကြသည်။ ဆိုးပါတယ်နော်…။

မီးပူတိုက်ခါနီးတိုင်း နည်းအမျိုးမျိုးဖြင့် ဂျီကျ ဂျစ်တိုက်ကာ အသားလွတ် ရန်လုပ် တတ်သော ကျွန်မကို သဘောကောင်း၍ အေးဆေးသော အကြောင်းသိသော ခင်ပွန်းလုပ်သူက ခပ်ပြုံးပြုံးသာကြည့်နေတတ်သည်။ သူတိုက်ပေးပါ့မယ်ဟု အခါများစွာ ပြောဘူး၏။ သို့ သော် သူ့ အ၀တ်သူ တိုက်သည်မှာ အကြောင်းမဟုတ်သော်လည်း ကျွန်မ အ၀တ်များကိုတော့ သူတိုက်ရင် ဘယ်လိုလုပ် ကြည့်ကောင်းပါ့မလဲ။ နောက်ဆုံးတော့ ထိုမီးပူကို ကျွန်မသာပြန်လုရစမြဲ။

ထိုအခါ သူက မီးပူတိုက်ပျင်းသော ကျွန်မအတွက် တစ်နည်းတစ်ဖုံ ကူညီလေသည်။ သူ ဘယ်လိုကူညီသည်ဟု ထင်ပါသလဲ…။
ကျွန်မ မီးပူတိုက်ရာတွင် လွယ်လင့်တကူ နှင့် သက်တောင့်သက်သာ လျှင်မြန်စေရန်ဟုဆိုကာ မီးပူတိုက်ခြင်း အထောက်အကူပြု ပစ္စည်းများ တစ်မျိုးပြီး တစ်မျိုးဝယ်ပေးခြင်းပင်။ သူဝယ်ပေးသော အရာများမှာ ဗျက်ကျယ်ကျယ် အလျားရှည်ရှည်နှင့် မီးပူတိုက်စင်၊ ထိုစင်ပေါ်တွင် ခင်းရသော အခင်းတစ်မျိုး (သူ့ အဆိုအရ ထိုအခင်းဖြင့် ခင်း၍တိုက်ပါက တစ်ဖက်ကိုတိုက်လျှင် အခြားတစ်ဖက်ကို တိုက်စရာ မလိုတော့အောင် တစ်ခါတည်းပြန့် သွားသည် ဟူသတတ်)၊ ရေဖြန်း၍ရသောမီးပူ၊ အလိုလျှောက် ရေနွေးငွေ့ ထွက်သော မီးပူ၊ အ၀တ်အထည်များကို မကပ်တတ်သော မီးပူ၊ ပြီးတော့ အ၀တ်တွေကို ကော်တင်ထားသလို ပြန့် နေအောင် ဖြန်းရသော ကော်ရည်ဗူး … စုံလို့ ပါဘဲ။ မ၀ယ်ပါနဲ့ ဟုပြောသော်လည်း မရ။ ဒါတွေ ထားလိုက်ပါတော့…။ ယခု ဘာကြောင့် ထိုအလုပ်ကို ပျော်မွေ့ လာရသလဲ ဆိုတာကို ဆက်ပြောပြချင်ပါသည်။

* * * * * * * * * * * * * * * * * * *

လွန်ခဲ့သော လအနည်းငယ်ကစ၍ ကျွန်မ ဘလော့ဂ်ကလေး တစ်ခုကြိုးစားဖန်တီးခဲ့သည်။ ဤဘလော့ဂ်ကလေးတစ်ခု အစမပြုခင်ကရော ဘလော့ဂ်ကလေး အသက်ဝင်ရှင်သန်လာချိန်မှာပါ တစ်နေ့ တစ်နေ့  စားလဲ ဒီဘလော့ဂ် သွားလဲ ဒီဘလော့ဂ် ဖြစ်နေခဲ့တာကတော့ အမှန်ပင်။ ဒါပေမယ့်လဲ မိသားစုတစ်ဖက် အလုပ်တစ်ဖက်နှင့် ကိုယ်ပိုင်အားလပ်ချိန် အလွန်ရှားပါးရာ စိတ်လိုလက်ရ တွေးတောရေးသားရန် အချိန်ကို မနဲလုကာ ရှာဖွေခဲ့ရသည်။ ဒါကြောင့်လဲ ပိုစ့်တွေ အလွန်ကြဲရခြင်းဖြစ်သည်။ အေးအေးဆေးဆေး စဉ်းစားတွေးတောခွင့် ရသည့်အချိန်မျိုးမှာ အများအားဖြင့် ညအိပ်ရာမ၀င်ခင် တစ်ခဏ… အိပ်မပျော်ခင် တစ်ခဏ… ထိုတစ်ခဏများအပြင် ရုံးအသွား ရထားပေါ် ကားပေါ်မှာ...။ ပြီးရင်လဲ ရသမျှအချိန်လေးမှာ စာရွက်တစ်ခုခုပေါ် မြန်မြန်ချရေးနိုင်ပါမှ။ မဟုတ်လို့ ကတော့ အဲဒီစိတ်ကူးတွေ အတွေးတွေ ပျောက်ကုန်ပြီသာမှတ်…။

ယခုမူ ကျွန်မအတွက် စိတ်ကူးအတွေးတွေ အေးအေးဆေးဆေးတွေးလို့ ရသော အချိန်ကို ရှာဖွေတွေ့ ရှိခဲ့ပြီ။ ထိုအချိန်မှာ မီးပူတိုက်နေသော အချိန်ပင်တည်း။ အပတ်စဉ် တနင်္ဂနွေနေ့ နေ့ လည်ပိုင်းမှာ ကော်ဖီခါးခါးလေးတစ်ခွက် ဘေးနားချကာ အ၀တ်တွေ မီးပူတိုက်ရင်း ဒီတပတ်တော့ ကိုယ့်ဘလော့ဂ်ကလေးထဲမှာ ဘာအကြောင်းအရာတွေနဲ့  ဘာပိုစ့်ကလေးများ အသစ်ရေးရပါ့… ဘယ်လို ကာရန် ကလေးတွေနဲ့  ဘယ်လို ကဗျာလေးတွေရေးရပါ့… ဟု အေးအေးချမ်းချမ်း တွေးလို့ ရသည်။ အကြံထုတ်လို့ ရသည်။ စိတ်ကူးယဉ်လို့ ရသည်။ ပြီးတော့ စိတ်ကူးရရင် ရသလို စာရွက်အကြမ်းလေးပေါ် ကဗျာကရာ ချရေးလို့ လဲ ရသေးသည်။
ကဲ… မကောင်းဘူးလား။ (အဲ.. တစ်ခုတော့ရှိသည်။ ထိုသို့ သော အချိန်မျိုးမှာ မီးပူကို အလျားလိုက် အ၀တ်ပေါ်ချမထားမိဖို့ တော့ ကြပ်ကြပ် သတိထား ရလိမ့်မည်။) ဤတွင်မှ အစပြုကာ မီးပူတိုက်ခြင်း အလုပ်တွင် ကျွန်မ ပျော်မွေ့ လာခဲ့လေသတည်း…။

မနေ့ ကဆို ယခင်က အလွန်မုန်းတီး ဒေါပွလေ့ရှိသော သူ့ ရှပ်အင်္ကျီလက်ရှည်များ နှင့် ဘောင်းဘီရှည်များ ကို စိတ်ရှည်လက်ရှည် မီးပူတိုက်ပေးခဲ့၏။ သူကတော့ အရင်အခါ များစွာကနှင့်မတူ တစ်မူထူးခြားပြီး ကြည်ကြည်လင်လင် အေးအေးချမ်းချမ်း မီးပူတိုက်နေသော ကျွန်မကို တစ်ခုခုတော့မှားနေပြီဟု ထင်ကောင်း ထင်နေပေလိမ့်မည်။ မမှားပါ… ဘာဆို ဘာမှမမှားပါ။ အားလုံးကောင်းပါသည်။ ဒီတပတ် မီးပူတိုက်စရာများ အားလုံးပြီးဆုံးသွားသောအခါ ဤပိုစ့်ကလေးတစ်ခု ရေးစရာ ရခဲ့ပေသည်။

* * * * * * * * * * * * * * * * * * *


Monday, March 10, 2008

တံခါး၏နောက်ကွယ်


ပိတ်ထားသော တံခါးတစ်ချပ်၏နောက်တွင် သူ ရှိနေသေးသည်။ ဘယ်သောအခါမှ ပွင့်ဟလာမည် မဟုတ်သည့် ထိုတံခါးနောက်တွင် သူရပ်နေဆဲ ဆိုတာကို သိလိုက်ရသောအခါ သူ့ အတွက် အနည်းငယ် ဝမ်းနည်းသွားရုံမှအပ ထူးထူးခြားခြား မခံစားရပါ။ တခါတခါတော့ တံခါးကို အသာလှပ်ကာ ဤတံခါးသည်သူ့ အတွက် ဘယ်သောအခါမှ ပွင့်ဟလာမည်မဟုတ်ကြောင်း ပြောပြရရင် ကောင်းမလားဟု စဉ်းစားမိပါသည်။ သို့ သော် ထိုအခိုက်အတန့် လေးကို လွဲမှားစွာ ကောက်ချက်ချ ဘာသာပြန် မည်ကို နဲနဲမှ မလိုလားသဖြင့် ယနေ့ထိတိုင် အကောင်အထည်မဖေါ်ဖြစ်ခဲ့ပါ။

လူတစ်ယောက်ကိုချစ်သည်။
ဘာကြောင့်ချစ်သလဲ ဟုမေးလာခဲ့သော် အဖြေမရှိ။ မဖြေတတ်။ အချစ်မှာ အကြောင်းပြချက်မရှိ။ အချစ်သည် အတ္တ တစ်ခုဖြစ်၏။ ထို့အတူပင် ဘာကြောင့် မချစ်သလဲ ဟု မေးလာခဲ့သောအခါမှာလဲ ထူးထူးခြားခြား ပြစရာ အကြောင်းမရှိခဲ့ပါ။ မချစ်လို့ မချစ်တာကို အကြောင်းပြနေရအုံးမှာလား… ဟု ခေါင်းမာခဲ့သည်။ အချစ်ကို ပြုလုပ်ယူ၍မရ ဖန်တီး၍မရ။ ကြိုးစား၍ ချစ်ကြည့်ပါအုံးလား ဟု ဆိုလာသူများနှင့် တသက်စာ ရန်ဖက်ဖြစ်ခဲ့ရသည်။ အငြင်းစကားမှ လွဲ၍ ပေးစရာအဖြေမရှိသော ထိုမေးခွန်းကိုပင် သူ အထပ်ထပ် အကြိမ်ကြိမ် အခါခါ မေးလာသောအခါမှာ အလွန်စိတ်ပျက်စွာဖြင့် ခေါင်းကိုသာ တွင်တွင်ခါမိသည်။ ခက်ပါလား…။ Negative Answer တိုင်းအတွက် Reason ရှိသင့်သည် ဆိုသော အယူအဆသည် နေရာတိုင်းအတွက် မမှန်ကန်နိုင်ပါ။ လူတိုင်းတွင် လွတ်လပ်စွာ ဆုံးဖြတ်ပိုင်ခွင့် ရှိသင့်သည် မဟုတ်ပါလော…။

နှစ်ပေါင်းများစွာ သူငယ်ချင်းရင်းချာများအဖြစ် ရင်းနှီးခင်မင်ခဲ့ခြင်း၏ နောက်ဆုံး အဆုံးသတ် ရလာဒ်မှာ ဒါဘဲလား ဟု စိတ်နာနာဖြင့် တွေးမိသည်။ သူငယ်ချင်းများ စုစုဝေးဝေးရှိသော ပျော်ရွှင်ဖွယ်ရာ နွေးအေးမှာ နေ့လည်စာ ထမင်းစားချိန်၊ ညနေဖက် စံရိပ်ငြိမ်က ဟိုင်း မှာ လဖက်ရည် ကော်ဖီအတူ သောက်ချိန်တွေမှာ သူ ရောက်မလာခဲ့သောအခါ စိတ်မကောင်းဖြစ်ရသည်။ ကျောင်းစာသင်ချိန်များ ကျူရှင်ချိန်များတွင် ရက်ပေါင်း အတော်ကြာကြာအထိ သူပျောက်နေခဲ့သောအခါ စိတ်တိုသည့်ကြားမှ စိတ်ပူခဲ့ရသည်။ အတန်းထဲတွင် ကြွက်တွင်း ဟုနာမည်ရသောသူနှင့် အတူ ကျောင်းအနောက်ဖက်က ထူး မှာ (တစ်ခါမှ မသောက်စဖူး) ဘီယာသွားသောက်သည် ဟု ကြားရသောနေ့က တစ်ညလုံး အိပ်မရအောင် ပူပန်သောက ရောက်ခဲ့ရသည်။ ဒီကြားထဲ စာမေးပွဲကြီးကိုပင် မဖြေတော့ ဟုဆိုကာ ကျောင်းဆက်မတက် စာဆက်မကျက်တော့ဘဲ နယ်ကိုပြန်ရန် မီးရထားလက်မှတ်သွားဝယ်သည်ဟု သိရသော အခါတွင်မူကား ဒေါသများ အထွတ်အထိပ်သို့ ရောက်ကာ သူ့ကို အလွန်အမင်း စိတ်ပျက် စိတ်ကုန် သွားတော့သည်။

တွေဝေစွာ ပျော့ညံ့သောသူများကို နဲနဲမှ အထင်ကြီး၍ မရချင်။
ဒီကြားထဲ ထိုကဲ့သို့  ပူပန်သောကရောက်နေခြင်းသည် သူ့ အပေါ် မသိစိတ်က မေတ္တာရှိနေသောကြောင့်ဖြစ်ရမည် ဟု တလွဲအဓိပ္ပါယ်ကောက်ပြီး တားမရ ဆီးမရ စချင် နောက်ချင်ဖြစ်နေကြသော သူငယ်ချင်း တစ်ချို့ ကိုလည်း စိတ်ပျက်စွာဖြင့်သာ ခပ်တွေတွေ ကြည့်နေလိုက်မိသည်။ ရှင်းပြမနေချင်တော့ပါ။ ရှင်းကာမှ ပိုရှုပ်နေအုံးမည်။ သူငယ်ချင်း သံယောဇဉ်ကြောင့် ဖြစ်ပေါ်လာသော ပူပန်စိုးရိမ်မှု သောကနှင့် အချစ်ကြောင့် ဖြစ်ပေါ်လာသော ပူပန်စိုးရိမ်မှု သောကတို့ မှာ အတော်လေးပင် ဝေးကွာ ခြားနားကြောင်း ခံစားဖူးသူများမှသာ ကွဲကွဲပြားပြား သိနိုင်ပါလိမ့်မည်။ နှစ်ပေါင်းများစွာ ခိုင်မြဲ တည်တံ့လာခဲ့သော သူငယ်ချင်း သံယောဇဉ်များသည် သူ့ ထံမှ ထိုစကားလေးတစ်ခွန်း နှင့် ထိုအကြောင်းအခြင်းအရာများ၏ အောက်တွင် လုံးဝ (လုံးဝ) ကွယ်ပျောက်သွားခဲ့ပြီဖြစ်သည်။

တန်ခိုးရှင်တစ်ယောက်သာဖြစ်မည်ဆိုပါက သူ့ ရင်ထဲက မလိုလားအပ်စွာ ပူလောင်မြိုက်နေသော မီးစများကို ပြင်းထန်သော လေအဟုန်ဖြင့် တိုက်ခတ်ကာ ငြိမ်းသတ်မိလိမ့်မည်ဖြစ်သည်။ သူ့ စိတ်ကလေးကို အေးချမ်းစေချင်သည်မှာ ရင်ထဲက စေတနာ အစစ်အမှန် ဖြစ်ပါသည်။ ထို့ အပြင် ကုန်လွန်ခဲ့သော အချိန်တွေကို ပြောင်းပြန် ပြန်လှည့်ပြီး ဟိုးအရင် အခါများစွာတုန်းကလို ဖြူစင်လှပသော ခင်မင်မှုများဖြင့် ထုံလွှမ်းသည့် ပျော်ရွှင်ဖွယ်ရာ သူငယ်ချင်းတွေ ဘဝတွေကို အရောက်ပြန်သွားလိုက်ချင်ပါသည်။

ပိတ်ထားသော တံခါးတစ်ချပ်၏နောက်တွင် သူရှိနေသေးသည်။
ဘယ်တော့မပွင့်ဟလာမည့် မဟုတ်သည့် ထိုတံခါးနောက်တွင် သူရပ်နေဆဲ ဆိုတာကို သိလိုက်ရသောအခါ သူ့ အတွက် အနည်းငယ်ဝမ်းနည်းသွားရုံမှ အပ ထူးထူးခြားခြား မခံစားရပါ။ ဤတံခါးသည်သူ့ အတွက် ဘယ်သောအခါမှ ပွင့်ဟလာမည်မဟုတ်... ဆိုသည်ကို သူ သိစေချင်လှပါသည်။