Sunday, June 28, 2009

ကမ္ဘာမကြေ နဲ့ Majulah




မြန်မာနိုင်ငံတော် သီချင်းပါ။
မဆိုဖြစ်တာ (သို့) ဆိုခွင့်မကြုံခဲ့တာ ကြာနေပြီမို့ အမှတ်တရအနေနဲ့ သိမ်းထားချင်လို့ YouTube ကနေ ရှာပြီး တင်ထားတာပါ။





စင်္ကာပူနိုင်ငံရဲ့ နိုင်ငံတော်သီချင်းပါ။
တခါတခါ ဒီက အခန်းအနားတချို့မှာ သူတို့နိုင်ငံသားတွေနဲ့အတူတူ ဆိုဖြစ်ပါတယ်။
အဲဒီလို ဆိုဖြစ်တိုင်းလဲ ကိုယ့်ရဲ့ ကမ္ဘာမကြေသီချင်းကို အမြဲသတိရနေတတ်တယ်။
လက်ရှိ အချိန်မှာ ကိုယ်က သူ့နိုင်ငံမှာ နေ နေရတာဆိုတော့... ဒါလဲ အမှတ်တရပဲပေါ့...။


Thursday, June 25, 2009

မြန်မာ Department

အခုတလောမှာ သူငယ်ချင်းတွေဆီက ကြားနေရတာတွေက လုပ်ငန်းခွင်ထဲမှာ နေ့တဓူဝ တွေ့ကြုံနေရတဲ့ တယောက်နဲ့တယောက် မနာလို ပြိုင်ဆိုင်မှုတွေ၊ အထက်လူကြီးဆီမှာ မျက်နှာသာရဖို့ အတွက် တယောက်ကိုတယောက် ဂျောက်တွန်းတတ်တာတွေ၊ အသစ်ဝင်လာတဲ့ လူသစ်တွေကို လူဟောင်းတွေက အကြောင်းမဲ့ ပညာပြတတ်ကြတာတွေ၊ ဒီထက် ပိုဆိုးတာက အဲဒီအဖြစ်တွေက လူမျိုးခြားတွေနဲ့ ဖြစ်ကြတာမဟုတ်ပဲ ကိုယ့် မြန်မာအချင်းချင်း ဖြစ်ကြတာတွေ တဲ့လေ…။ ဟိုတနေ့က အိမ်လာလည်တဲ့ သူငယ်ချင်းတယောက်ဆို တယောက်ဆို သူ့ရုံးမှာ မြန်မာတွေ အချင်းချင်း မတည့်ကြလို့ ရန်တွေဖြစ်ကြတာ သူ့မှာ ငိုတောင်ငိုရတယ်တဲ့.. ။ နောက်သူငယ်ချင်း တယောက်ကဆို အချင်းချင်း မခံချင်အောင်ပြောဆိုကြရင်း စိတ်တွေဆိုးပြီး ရန်တွေဖြစ်ကြရင်း ရေဗူးနဲ့တောင် ကောက်ပေါက်မလို ဖြစ်ကြတာတဲ့…။ ဘုရားရေ… အဲဒီလို အကြောင်းတွေ ကြားရတော့ ကိုယ် တကယ်ကိုပဲ ကြောက်အားလန့်အားနဲ့ ဘုရားတ မိပါတယ်။

အဲဒီလို စိတ်ညစ်စရာ ပြဿနာတွေ အကြောင်း ကြားရတဲ့အခါမှာ ကိုယ် ကိုယ်တိုင် သေသေချာချာ သတိမထားဖြစ်ခဲ့တဲ့၊ ကိုယ့်ရဲ့ ပျော်စရာကောင်းလှတဲ့ လုပ်ငန်းခွင် နေ့ရက်တွေအကြောင်းကို တွေးမိပြီး အမှတ်တရ ပြောပြချင်စိတ်၊ ရုံးက မောင်လေး ညီမလေးတွေကို ကျေးဇူးတင်တဲ့စိတ်၊ ချစ်ခင်တဲ့စိတ်နဲ့ ဒီပိုစ့်လေးကို ရေးဖြစ်ပါတယ်။

*******

ကိုယ်တို့ရုံးက ဒီမှာတော့ တော်တော်ကြီးတဲ့ အဖွဲအစည်းတခုပါ။ ရုံးထဲမှာ ဌာနအလိုက်တွေ ခွဲထားတာမှာ ကိုယ်တို့ကတော့ Engineering (Design) Dept. ကပေါ့။ သို့သော် မြန်မာ Dept. လို့ ခေါ်လို့ ရလောက်အောင်ကို မြန်မာတွေ များပါတယ်။ အခုလောလောဆယ် ကိုယ်တို့ဌာနမှာ မလေး ၃ ယောက်၊ ပြည်ကြီး တရုပ်မ ၁ ယောက်၊ စလုံးတရုပ်လေး ၁ ယောက်နဲ့ မြန်မာ မောင်လေး ညီမလေးတွေ စုစုပေါင်း ၈ ယောက် ရှိပါတယ်။ ဒါတောင် နောက် မြန်မာ ၃ ယောက်က Site ထဲမှာ ခဏရောက်နေလို့ပါ။ သူတို့လေးတွေ အားလုံးက ကိုယ့်ထက် ငယ်ကြပါတယ်။ မောင်လေးတွေ ညီမလေးတွေပေါ့။ (ပြောရတာ အားငယ်လိုက်တာ၊ ကိုယ်အသက်ကြီးတာ လူတွေသိကုန်ကြပြီ) ကိုယ်တို့ အထက်လူကြီးကတော့ အလွန်သဘောကောင်းတဲ့ စလုံးတရုပ်ပါ။ ချောလဲ ချောပါတယ် အရပ်ကလေး နဲနဲပုတာက လွဲလို့ပေါ့။ (ကြားရင် သတ်ချင်မှာပဲ…)

အခန်းထဲမှာ မြန်မာတွေများလွန်းလို့ စလုံး တရုပ်လေးက မကြာခဏ ပြောတတ်တယ် “ငါက ဒီဌာနမှာ နိုင်ငံခြားသားပါ” တဲ့။ ဟုတ်လဲ ဟုတ်တာပဲလေ… ကိုယ်တို့အားလုံး တပျော်တပါးကြီး မြန်မာတွေလို ပြောနေကြတဲ့အချိန်မှာ သူလေးက မျက်လုံး အပြူးသားနဲ့ပေါ့။ တခါတခါကျ သူစိတ်တိုလာရင် “ဟေး.. Channel 5 ကို ပြောင်းကြပါ” လို့ အော်တတ်တယ်။ Channel 5 ဆိုတာက ဒီမှာ အင်္ဂလိပ်လို လွှင့်တဲ့ Channel တခုပါ။ အင်္ဂလိပ်လို ပြောင်း ပြောကြပါလို့ ဆိုလိုတာပေါ့။ ကိုယ်တို့တွေကတော့ Channel ပြောင်းလဲ ခဏပါပဲ။ ပြီးရင်တော့ မြန်မာလိုတွေချည်း အားပါးတရ ပြောကြတာပါ။ ကြာတော့ သူလဲ စိတ်ညစ်တယ် ထင်ပါရဲ့၊ မပြောတော့ဘူး၊ နားထဲကို နားကြပ်တပ်ပြီး တချိန်လုံး သီချင်း နားထောင်နေတော့တာပါပဲ။ အခန်းထဲက မလေး အမျိုးသားတယောက်ဆို မနက် ရုံးရောက်တိုင်း ကိုယ်တို့က “Good Morning” လို့နှုတ်ဆက်တာတောင် သူက “မင်္ဂလာပါ” တဲ့လေ…။ နေ့လည် ထမင်းစားချိန်ရောက်ရင်လဲ “စားကြမယ်... စားကြမယ်...” လို့ လာပြောတတ်ပါသေးတယ်။ ညနေ ရုံးဆင်းချိန်ရောက်ရင်တော့ “အိမ်ပြန်မယ်” တဲ့…။ ကဲ.. ကြည့်ပါအုံး… ကိုယ်တို့ရဲ့ လွှမ်းမိုးမှုက ဘယ်လောက်များ ကြီးမားသလဲဆိုတာ…။

ကိုယ်နဲ့ အလုပ်အတူတူလုပ်ကြရတဲ့ မောင်လေးတွေ ညီမလေးတွေ အားလုံးဟာ တကယ်ကို လိမ်မာ ယဉ်ကျေးတဲ့ ကလေးတွေပါ။ တယောက်ကိုတယောက်လဲ တကယ့် မောင်နှမရင်းချာတွေလိုပဲ ဂရုတစိုက် ကူညီစောင့်ရှောက်ပြီး ချစ်ခင်ကြပါတယ်။ တယောက်ကိုတယောက် ပြိုင်ဆိုင်ဖို့၊ မနာလိုဖို့၊ ဂျောက်တွန်းဖို့၊ ရန်ဖြစ်ဖို့ ဆိုတာ ဝေးစွ… စိတ်တောင် မကောက်ဖူးကြပါဘူး။ တယောက် တယောက် နေမကောင်းရင်လဲ အဆင်သင့်ပါလာတဲ့ ဆေးတွေ တိုက်တဲ့သူနဲ့၊ မုန့်ကျွေးတဲ့သူနဲ့၊ ကော်ဖီသွားဖျော်ပေးတဲ့သူနဲ့…။ မောင်လေးတွေထဲက တယောက်က ရယ်စရာတွေ ပြောတတ်သလို အစ အနောက်လဲ သန်ပါတယ်။ အားရင် ဘေးနားက အမတွေ ညီမတွေကို လှည့်ပတ်ပြီး စနေတတ်တာပါ။ သို့သော်လည်း သူဘယ်လို စ စ ဘယ်သူမှ စိတ်မဆိုးတတ်ကြပါဘူး။ သူရုံးမလာတဲ့နေ့ဆို ပျင်းပြီး သူ့ကိုပဲ တ နေကြတာ…။ အားလုံးထဲမှာ အသက်အငယ်ဆုံး ညီမလေးတယောက်ကတော့ ဂေါ်လီလေးပေါ့…။ သူ့ဆီကဆို မကြားစဖူး စကား အထူးအဆန်းတွေ၊ မဟုတ်က ဟုတ်က ရယ်စရာတွေ၊ အကြောင်းအရာ ဆန်းဆန်းတွေ၊ E Mail အဆန်းတွေ ကြားရ တွေ့ရတတ်ပါတယ်။ (သက်ငယ်စကား သက်ကြီးကြား ဆိုတာ ဒါမျိုးပေါ့...)

ပြီးတော့ ကိုယ်တို့က သီချင်းဆိုလဲ မြန်မာတွေပီပီ မြန်မာသီချင်းမှပဲ နားထောင်ချင်ကြတာ မဟုတ်လား၊ ဒီတော့ အလုပ်လုပ်နေရင်းလဲ မြန်မာသီချင်းတွေပဲ ဖွင့်ဖြစ်ကြပါတယ်။ အခုတလောမှာ အလှည့်ကျနေတာကတော့ ဝိုင်ဝိုင်းနဲ့ မျိုးကြီးပေါ့။ တယောက်ကစ ဖွင့်လိုက်ရင် အားလုံး သံပြိုင်နီးနီး လိုက် လိုက်ဆိုတတ်ကြလို့ အသံတွေလျှော့ဖို့ တခါတခါ သတိပေးရတတ်ပါသေးတယ်။

သူတို့တွေ အားလုံးက ထမင်းဘူးယူလာတတ်ကြတာမို့ နေ့လည်ထမင်းစားချိန်ဆို ဟင်းခွက်ပေါင်းများစွာနဲ့ ပျော်စရာ ထမင်းဝိုင်းကြီးတခု ဖြစ်နေတတ်ပါတယ်။ အားလုံးထဲမှာ ထမင်းမကြိုက်တဲ့ ကိုယ်တယောက်ပဲ သင်းကွဲ…။ သို့သော်လည်း သူတို့အားလုံးက နေ့စဉ်နေ့တိုင်းပဲ ကိုယ့်ကို မပျက်မကွက် ထမင်းစားခေါ်တတ်ကြတယ်။ “ထမင်းမစားချင်ရင်လဲ ဟင်းလေး လာမြည်းပါလား အမ” ဆိုတာက ပါသေး…။ သိပ်ချစ်စရာကောင်းတဲ့ မောင်တွေ ညီမတွေပါ။

ကိုယ်ကတော့ ထမင်းစားချိန်တွေမှာ သူငယ်ချင်းတွေနဲ့ ဖုန်းပြောတယ်။ ဘလော့ဂ်တွေ လည်တယ်၊ ဖတ်တယ်၊ Comment တွေရေးတယ်။ Face Book ကိုသွားတယ်၊ Pet Society မှာ မွေးထားတဲ့ ကိုယ့်ရဲ့ Pet နဲ့ ဆော့တယ်။ အော်.. စကားစပ်လို့ ပြောပြရအုံးမယ်။ အဲဒီမောင်တွေ ညီမတွေအားလုံးလဲ ကိုယ့်ရဲ့ကောင်းမှုနဲ့ သူတို့မှာ FaceBook Account တွေ ကိုယ်စီ၊ Pet တွေ ကိုယ်စီနဲ့။ အကြီးဆုံး ကိုယ်က ရှေ့ဆောင်ပြီး ဆော့လဲဆော့၊ ပြီးတော့ ဘာရမလဲ... သူတို့ကိုလဲ ဆွဲဆောင်လိုက်တာပေါ့။ (ဆိုးတယ်နော်) မယုံရင် ထမင်းစားချိန်တွေမှာ လာကြည့်လှည့်… တခန်းလုံး Pet Society က Coin သံလေးတွေ တချွင်ချွင်နဲ့…။

ပြီးတော့ ကိုယ်တို့ မြန်မာတစုက သောကြာနေ့တွေတိုင်းမှာ စားစရာတခုခုကို ထူးထူးခြားခြား စီစဉ်ပြီး စားတတ်ကြသေးတယ်။ KFC တို့ Mc Donald တို့ မှာ စားရင်စား၊ မဟုတ်ရင်လဲ ခေါက်ဆွဲကြော် ကြာဆံကြော်တွေ မှာစား၊ တခါတခါကျရင်တော့ လဘက်သုပ်တို့ နန်းကြီးသုပ်တို့ ရှမ်းခေါက်ဆွဲတို့လို မြန်မာအစားအစာတွေ လုပ်စားကြတာပေါ့။ Site ထဲရောက်နေတဲ့ ကလေးတွေကလဲ သောကြာနေ့ဆို ရုံးကို အကြောင်းတခုခုရှာပြီး ပြန်လာတတ်ကြသေးတယ်။ ဒီတော့ သောကြာနေ့တွေတိုင်းဟာ ကိုယ်တို့အတွက် ပျော်စရာကောင်းလှတဲ့ Good Friday တွေပါပဲ။

အဲဒါတွေအပြင် နောက်ထပ် ပျော်စရာတွေ ရယ်စရာတွေ အများကြီး ရှိသေးတာ…။ ရေးရရင် ကုန်နိုင်မယ်မထင်။ ရှေ့က ကိုယ်ရေးခဲ့သမျှမှာ အလုပ်လုပ်တဲ့အကြောင်း တလုံးမှမပါတာ တွေ့ပြီး ကိုယ့်ဟာကိုယ် ရယ်ချင်နေမိတယ်။ တကယ်ပါ.. အလုပ်နဲ့ပတ်သက်ရင်လဲ လူကြီးတွေ ကျေနပ်အောင် အားလုံးက ပျော်ပျော်ပါးပါး မညီးမညူ ကောင်းကောင်းမွန်မွန် လုပ်ကြတာပါ။ ဒါတွေကြောင့်မို့လဲ ကိုယ်တို့ ဌာနမှာ မြန်မာတွေ အများကြီးနဲ့ ပျော်စရာ မြန်မာ Department ဖြစ်နေတော့တာပေါ့…။

*******

လက်ရှိအနေအထားမှာ အလုပ်လုပ်နေကြတဲ့ သူတွေတိုင်းဟာ အနည်းဆုံးတော့ တပတ်မှာ ငါးရက်၊ တရက်ကို ဆယ်နာရီနီးနီး ရှိတဲ့ အချိန်တွေကို အလုပ်ထဲမှာ ကုန်ဆုံးကြရတယ် မဟုတ်လား…။ အဲဒီ အချိန်တွေမှာ အလုပ်ထဲမှာ လုပ်ဖေါ်ကိုင်ဖက်တွေ အချင်းချင်းပဲဖြစ်ဖြစ်၊ အထက်လူကြီးတွေနဲ့ပဲ ဖြစ်ဖြစ် တယောက်ကိုတယောက် အဆင်ပြေပြေ ခင်ခင်မင်မင်သာ မရှိကြရင် အလုပ်လုပ်ရတာ စိတ်ဆင်းရဲ ကိုယ်ဆင်းရဲနဲ့ ငရဲခန်းမှာ ငါးရက်တာ ဆိုသလို ဖြစ်နေမှာပေါ့နော်…။ အလုပ်ထဲမှာ အဆင်မပြေကြတဲ့သူတွေကိုလဲ အတတ်နိုင်ဆုံးတော့ ကြိုးစား ညှိနှိုင်းရင်း အဆင်ပြေ ပျော်ရွှင် ကြစေချင်ပါတယ်။ ကိုယ့်ဖက်က သည်းခံစရာရှိလဲ တတ်နိုင်သမျှ သည်းခံ၊ လျှော့လို့ရတာတွေရှိရင်လဲ လျှော့ပေါ့နော်။ ဒါမှပဲ အလုပ်လုပ်ရတာ ပျော်စရာကောင်းတော့မှာပေါ့… ဟုတ်ဖူးလား။

ဒီပိုစ့်လေးကို လာဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကိုလဲ လက်ရှိ လုပ်နေကြရတဲ့ အလုပ်ထဲမှာ အဆင်ပြေပြေနဲ့ စိတ်ချမ်းသာ ပျော်ရွှင်ကြပါစေလို့ ဆုတောင်းတယ်နော်…။


Friday, June 19, 2009

19 June 2009 - မွေးနေ့ဆုတောင်း


အချုပ်အနှောင် ဒုက္ခအပေါင်းမှ လွတ်မြောက်ပြီး
ငြိမ်းအေးသော ဘဝဖြင့်
ကျန်းမာ ချမ်းသာစွာ အသက်ရာကျော် ရှည်ပါစေ။

Thursday, June 18, 2009

သဖန်းပင်ပေါ်မှာ

ဟိုတနေ့က သူငယ်ချင်းတယောက်နဲ့ စကားပြောဖြစ်တော့ ဟိုအကြောင်း ဒီအကြောင်းတွေ ရောက်တတ်ရာရာ ပြောရင်း သူက “သူ့ရဲ့ အသည်းနှလုံးတွေက ကျွန်းသေးသေးလေးပေါ်က သဖန်းပင်ပေါ်မှာ ချိတ်ထားတယ်" လို့ ပြောလာတယ်။ ဒီတော့ အင်မတန်မှ နားဝေးတဲ့ ကိုယ်က "ဘာလဲ... ဘာလဲ... အဲဒါက ဘာကိုပြောတာလဲ..." လို့ အခါပေါင်းတသိန်း ပြန်မေးမိလို့ သူပြောပြတဲ့ ပုံပြင်လေးပါ။ နားထောင်နော်…

ဟိုးရှေးရှေးတုန်းက မြစ်ကမ်းပါးတနေရာက သဖန်းပင်ကြီး တပင်ပေါ်မှာ မျောက်ကလေး တစုက တက်လိုက်ဆင်းလိုက်နဲ့ ဆော့ကစားနေကြသတဲ့။ အဲဒီအချိန်မှာ မြစ်ထဲမှာ အုန်းသီးတလုံး မျောလာတာကို တွေ့တော့ မျောက်ကလေးတကောင်က ရေထဲဆင်းပြီး ကောက်တဲ့အခါ မိချောင်းနဲ့တွေ့ပါလေရောတဲ့။ ဗိုက်ဆာလို့ အစာရှာနေတဲ့ မိချောင်းက မျောက်ကလေးကို စားမလို့အလုပ်မှာ မျောက်ကလေးက “ခဏလေး နေပါအုံး ကိုမိချောင်းရယ်… ခင်ဗျားက ကျွန်တော့ကို ဘာလို့ စားချင်တာလဲ...” လို့ မေးသတဲ့။ ဒီအခါမှာ မိချောင်းက “မျောက်ရဲ့ အသည်းနှလုံးကို စားရင် အလွန်အားရှိတယ် ကြားဖူးလို့ စားချင်တာပါ...” လို့ ပြန်ဖြေတယ်တဲ့။

ဒီအခါမှာ ဖြတ်ထိုးဉာဏ်သိပ်ကောင်းတဲ့ မျောက်ကလေးက ခွက်ထိုးခွက်လန် ရယ်မောပြီး “ဖြစ်မှဖြစ်ရလေ ကိုမိချောင်းရယ်… ကျွန်တော်တို့ မျောက်ဆိုတဲ့ သတ္တဝါမျိုးဟာ တစက်မှ အငြိမ်မနေ ဟိုခုန် ဒီကူးနဲ့ အချိန်လုံး ဆော့ကစားနေတာကြောင့် အသည်းနှလုံးကို ဘယ်တော့မှ ကျွန်တော်တို့နဲ့ အတူတူမထားဘူး၊ သစ်ပင်ပေါ်မှာပဲ ချိတ်ထားတတ်တာ၊ ဟောဟိုမှာ တွေ့လား ကျွန်တော်တို့ရဲ့ အသည်းနှလုံးတွေ...” လို့ ပြောပြီး သဖန်းပင်ပေါ်မှာ အခိုင်လိုက် အခိုင်လိုက် သီးနေတဲ့ နီနီရဲရဲ သဖန်းသီးတွေဆီကို ညွှန်ပြလိုက်တယ်တဲ့…။ အဲဒီအခါမှာ မိချောင်းကြီးလဲ တော်တော် တွေဝေသွားတာပေါ့…။ ပြီးတော့ မျောက်ကလေးက “ကိုမိချောင်းက ကျွန်တော့ရဲ့ အသည်းနှလုံးကိုမှ စားချင်ပါတယ်ဆိုရင်တော့ ကျွန်တော် သစ်ပင်ပေါ်ကို ပြန်တက်ပြီး ယူပေးပါ့မယ်လေ…” လို့ ဂရုဏာသက်စဖွယ် ဆက်ပြောလိုက်သတဲ့။

ဒီတော့ စားချင်တာ တခုသာသိပြီး စဉ်းစားဉာဏ် နဲပါးတဲ့ မိချောင်းကြီးက မျောက်ကလေးရဲ့စကားကို အဟုတ်မှတ်ပြီး အသည်းနှလုံးကို သဖန်းပင်ပေါ်မှာ ပြန်ယူဖို့ လွှတ်လိုက်တယ်တဲ့…။ ဒီအခါမှာ မျောက်ကလေးက သစ်ပင်ပေါ်ကို ပြန်ရောက်သွားပြီး သူရယ် သူ့ အပေါင်းအပါတစုရယ် မိချောင်းကြီးကို သဖန်းသီးတွေနဲ့ လှမ်းပြီး ပစ်ပေါက်ကြတာ မိချောင်းကြီးလဲ နာကျင်ပြီး ထွက်ပြေးသွားရတော့တယ် တဲ့…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲကွယ်…။
အခက်အခဲ တခုခုတွေ့ကြုံလာရတိုင်း၊ ခေါင်းအေးအေးထားပြီး ဖြတ်ထိုးဉာဏ်သုံးရင်း ဖြေရှင်း အောင်မြင်နိုင်ကြပါစေ။


Friday, June 12, 2009

နူးညံ့တဲ့ အမိန့်တော်

ဘာရယ်မဟုတ် အခုတလော ခဏ ခဏ နားထောင်ဖြစ်နေတဲ့ သီချင်းလေးပါ။
သီချင်းလေးရဲ့ နာမည်၊ ဆိုထားတဲ့ အဆိုရှင် နှစ်ယောက်စလုံး (တကယ်က အငဲကို ပိုကြိုက်ပါတယ်)၊ သီချင်း စာသားတွေ၊ ပြီးတော့ ဒီသီချင်းရဲ့ မူရင်း အဆိုရှင် Bryan Adam ၊ မူရင်း သီချင်း Cloud no. 9… ။ အဲဒါတွေ အားလုံးကို နှစ်သက်တာကြောင့် အမှတ်တရ တင်လိုက်တာပါ။ (YouTube ကို တခါမှ ဒီလိုမတင်ဖူးသေးတာမို့ စမ်းကြည့်ချင်တာလဲ ပါ ပါတယ်။)



ကိုယ်က တိမ်တွေကို ချစ်တဲ့သူ၊ ဖြေးဖြေးလေး ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို မော့ကြည့်ရတာကို နှစ်သက်တတ်သူတယောက် ဆိုတော့ သီချင်းစာသားတွေ ထဲက

“တိမ်လို လွင့်မျောလိုက်… တိမ်လို ပြိုလဲလိုက်…
စေညွှန်ရာလွင့်ခဲ့… အချစ်ရဲ့ လေညှင်းထဲ…
မင်းနဲ့ တို့နှစ်ယောက် ခရီးထွက်ခဲ့… နူးညံ့တဲ့ အမိန့်တော်အတိုင်း…

တိမ်လို နိမ့်ဆင်းလိုက်… တိမ်လို မြင့်သွားလိုက်…
နာကျင်မယ့် ငရဲလား… ကောင်းကင်ဘုံလေးလား…
အမြဲတို့နှစ်ယောက် အတူတူ ရွက်လွှင့်ခဲ့… နူးညံ့တဲ့ အမိန့်တော်အတိုင်း…”


ဆိုတဲ့ နေရာလေး၊ စကားလုံးလေးတွေ ကိုလဲ တကယ်ပဲ နှစ်သက်မိပါတယ်။












ဒီသီချင်းနဲ့အတူ လှပတဲ့ တိမ်တိုက်တွေရဲ့ ဓါတ်ပုံလေးပါ တင်ပေးလိုက်ပါတယ်။
(တိမ်တွေကို ချစ်တယ်ဆိုလို့ လှပတဲ့ တိမ်တွေကို မှတ်မှတ်ရရ ဓါတ်ပုံရိုက်ပြီး ပို့ပေးတဲ့ ချစ်သူငယ်ချင်းကို ကျေးဇူးတင်ပါတယ်)

အားလုံးအတွက် ကောင်းသော သောကြာနေ့ ဖြစ်ပါစေ…။


Bonus :

ချစ်ရတဲ့ မမခင်ဦးမေ အတွက် လက်ဆောင်အဖြစ် ဒီဇင်ဘာ သီချင်းလေး ထပ်တင်လိုက်ပါတယ်...။



သီချင်းနားထောင်ရင်း ပျော်ရွှင်ကြပါစေ။


Wednesday, June 10, 2009

နောင်လာမယ့် အနှစ် နှစ်ဆယ်

သူငယ်ချင်း တန်ခူး (လေနုအေး) က Tag ပါတယ်…။ နောင်လာမယ့် အနှစ် နှစ်ဆယ် တဲ့…။ (အဲဒီမှာ စ တွေ့တော့တာပဲ…) ရေးရ တော်တော်ခက်တဲ့ ပိုစ့်ပါ။ သေသေချာချာ စဉ်းစားလေ ခက်ခဲလေပါပဲ။

ကိုယ်က ဒီနေ့လက်ရှိအကြောင်းတွေကိုသာ စိတ်ဝင်စားပြီး မနက်ဖြန်တွေ အကြောင်းကို မသိချင်၊ ကြိုတင် မစဉ်းစားချင်တတ်တဲ့သူ၊ ဘယ်တော့မှ ဟိုး ခပ်ဝေးဝေးကို မျှော်ကြည့်ချင်စိတ် မရှိတတ်တဲ့သူ၊ ဘာတွေ ဖြစ်လာ ဖြစ်လာ ဖြစ်သမျှအကြောင်း အကောင်းပဲ လို့သာ အစဉ် တွေးတတ်တဲ့သူ တယောက်လေ။ ကိုယ့်ကို ချစ်ခင်တဲ့စိတ်နဲ့ ကြည့်တဲ့သူတွေက စိတ်ကူးမယဉ်တတ်ဖူး၊ လက်တွေ့ကျတယ်လို့ ကြံဖန် ချီးကျူးစကား ဆိုတတ်ကြပေမယ့် ကိုယ့်ကို ကြည့်မရတဲ့သူတွေကတော့ လေးလေးနက်နက်မရှိဘူး၊ ပေါ့ပေါ့ဆဆ နေတတ်လိုက်တာ လို့ ဆိုကြမှာပါ။ သို့သော်လည်း လူတယောက်ရဲ့ အကျင့်ဆိုတာ ပြင်လို့ရခဲဘိချင်း မဟုတ်လား။ သူ့အတိုင်းသာ ရှိပါစေတော့လေ…။ ဒီတော့ အဲဒီလို ခပ်ဆိုးဆိုး အရည်အချင်းတွေနဲ့ ကိုယ့်လို လူတယောက်အတွက် နောင်လာမယ့် အနှစ်နှစ်ဆယ် ဆိုတာ တဆိတ်တော့ ဝေးလွန်းနေတယ် လို့ ဆိုရမှာပါပဲ…။

ပြီးတော့ အနာဂတ်ကို ကြိုမမြင်နိုင်တဲ့ ပုထုဇဉ် လူသားတဦးအနေနဲ့ မနက်ဖြန်မှာ ဘာဖြစ်မှာလဲ ဆိုတာတောင် ကြိုတင် မသိနိုင်တာမို့ နောင်လာမယ့် အနှစ် နှစ်ဆယ်ဆိုတာ တွေးတောင် မတွေးကြည့်ရဲတဲ့ အချိန်ကာလ အပိုင်းအခြားတခုပါ။ အားလုံးထဲမှာ အရေးအကြီးဆုံး အချက်ကတော့ နောင်လာမယ့် အနှစ် နှစ်ဆယ်မှာ ကိုယ် သက်ရှိထင်ရှား ရှိနေနိုင်ဖို့ ပါပဲ…။
ကဲ... ဒီလိုသာ အရှည် အရှည်တွေ တွေးနေရင် ဘာမှ ရေးလို့ရတော့မှာမဟုတ်ဖူး။ ဒီတော့ နောက်လာမယ့် အနှစ် နှစ်ဆယ်မှာ ကိုယ် အသက်ရှိထင်ရှား ရှိနေနိုင်တယ်လို့ ရဲရဲကြီး သဘောထားပြီး သူငယ်ချင်းကို ချစ်ခြင်းအားဖြင့် တတ်နိုင်သမျှ ကြိုးစား တွေးမျှော်ပြီး ရေးကြည့်လိုက်ပါတယ်။ (စွမ်းသလောက်တော့ ကိုယ် ကြိုးစားခဲ့ပါတယ်.. ပေါ့)။ တန်ခူးရေ… ကျေနပ်တယ် ဟုတ်...။ သတိတရ Tag ထားတာလဲ ကျေးဇူးပါ။

* * * * *

နောင်လာမယ့် အနှစ်နှစ်ဆယ်တွင်…
ကိုယ် သက်ရှိထင်ရှား ရှိနေအုံးမည် ဆိုပါက…
မိမိ၏ အသက်အရွယ်နှင့် လိုက်လျောညီထွေ ရှိအပ်သော ကျန်းမာရေး၊ အသက်အရွယ်နှင့် လိုက်ဖက်သော ဥာဏ် ပညာ အဆင့်အတန်း၊ မှန်ကန်စွာ ဝေဖန်ပိုင်းခြား တတ်သော အသိတရား၊ သင့်တင့်သော စီးပွားရေး အခြေအနေ တို့အပြင် မိသားစု အရေး၊ လူမှုရေးတို့တွင် ဂုဏ်သိက္ခာရှိသော၊ တင့်တယ်သော သူတယောက်အဖြစ် လူ့လောကအလယ်တွင် ရှင်သန် ရပ်တည်နေနိုင်သော ကိုယ် ဖြစ်လိုပါသည်။

နောင်လာမယ့် အနှစ်နှစ်ဆယ်တွင်…
ကိုယ် သက်ရှိထင်ရှား ရှိနေအုံးမည် ဆိုပါက…
မိမိ၏ အသက်အရွယ်တွင် လုပ်သင့်လုပ်ထိုက်သော အကျင့် သီလ ဘာဝနာ တရားများကို မြဲမြံစွာ ကျင့်ကြံ အားထုတ်နိုင်သော၊ အမျိုး ဘာသာ သာသနာ အကျိုးများကို ဆထက်တပိုး ကြိုးပမ်း ထမ်းဆောင်နိုင်သော၊ အတ္တဟိတ၊ ပရဟိတ နှစ်ဖြာသော အကျိုးများကို အတတ်နိုင်ဆုံး မျှမျှတတ ဆောင်ရွက်နိုင်သော၊ သက်ကြီးရွယ်အို မိဘ ဆွေမျိုးများ၊ ညီအကို မောင်နှမများကို အလိုရှိသလောက် ကြည့်ရှု စောင့်ရှောက်နိုင်သော ကိုယ် ဖြစ်လိုပါသည်။

နောင်လာမယ့် အနှစ်နှစ်ဆယ်တွင်…
ကိုယ် သက်ရှိထင်ရှား ရှိနေအုံးမည် ဆိုပါက…
မိမိ သံယောဇဉ်ရှိသော၊ ချစ်ခင်နှစ်သက်သော သူများ၊ ဝါသနာတူ စိတ်တူ ကိုယ်တူ ရှိကြသူများနှင့် အတူတကွ စည်းစည်းလုံးလုံး ချစ်ချစ်ခင်ခင် နီးနီးကပ်ကပ် နေခွင့်ရသော၊ မိမိ ဝါသနာ၊ မိမိ စိတ်ဝင်စားရာ အရာများကို စိတ်တိုင်းကျ အကောင်အထည်ဖေါ်ခွင့်ရသော၊ ကိုယ့်ကိုယ်ကိုယ် ပြည့်ပြည့်ဝဝ ပိုင်ဆိုင်သော၊ စိတ်သွားတိုင်း ကိုယ်ပါသော ကိုယ် ဖြစ်လိုပါသည်။

နောင်လာမယ့် အနှစ်နှစ်ဆယ်တွင်…
ကိုယ် သက်ရှိထင်ရှား ရှိနေအုံးမည် ဆိုပါက…
နေ့စဉ် နေ့တိုင်း ကျင်လည် ဖြတ်သန်းနေရအုံးမည့် လောကီဘဝထဲတွင် လောဘ ဒေါသ မောဟ သောက တည်းဟူသော အကုသိုလ်စိတ်တို့ နည်းနိုင်သမျှ နည်းပါးစွာ၊ အမှားအယွင်း နည်းပါးစွာ၊ အတ္တတရား နည်းပါးစွာ၊ စိတ်နှလုံး ကြည်လင် အေးချမ်းစွာဖြင့် အချိန်များကို ကုန်လွန်စေနိုင်သော ကိုယ် ဖြစ်လိုပါသည်။

နောင်လာမယ့် အနှစ်နှစ်ဆယ်တွင်…
ကိုယ် သက်ရှိထင်ရှား ရှိနေအုံးမည် ဆိုပါက…
မိမိ အပါအဝင် လူအများတို့ အထင်ကြီး ချစ်ခင် လေးစားရသောသူများ မတော်မတရား ဖိနှိပ် ချုပ်ချယ်ခံရပြီး ဒုက္ခဆင်းရဲ ရောက်နေခြင်းတို့မှ ကုန်ဆုံး လွန်မြောက်သော၊ မိမိ မုန်းတီးသော၊ မေတ္တာမရှိသော သူများအား အချိန်တိုင်း ငြူစူ စိတ်တို အလိုမကျ ဖြစ်နေရခြင်း တို့မှ ကင်းဝေးသော၊ မတရားခြင်းများ ဆိတ်သုန်းပြီး လွတ်လပ်၍ တရားမျှတသော အခြေအနေမျိုးကို မျက်ဝါးထင်ထင် တွေ့မြင်ခွင့်ရသော ကိုယ် ဖြစ်လိုပါသည်။

* * * * *

ဒီတခါတော့ အလုပ်တွေများ၊ Stress တွေ ပိနေပြီး စာအရေးကျဲနေတဲ့ ချစ်ညီမလေး တယောက်ကို ဆက် Tag ပါရစေ။ သူက ကိုယ်တို့တွေနဲ့ မတူ၊ အတွေး ဆန်းဆန်းတွေကို ဖေါက်ထွက်ပြီး တွေးတတ်တဲ့ အတွက် သူ့ရဲ့ လက်ရာ နောင်လာမယ့် အနှစ် နှစ်ဆယ် ကို ဖတ်ချင်တာပါ။
သူကတော့ ညီမလေး ပန်ဒိုရာ ပါ။ ပန်ပန်ရေ… ရေးပေးနော်။

Wednesday, June 3, 2009

သူ ဖန်ဆင်းသော ပန်းတခင်း

လင်းလက်တောက်ပ နေရောင်ခြည်တွေနဲ့
နေ့သစ်တွေတိုင်းမှာ
ကိုယ့်ရဲ့ စိတ်ကူးတွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

နိုးတဝက် အိပ်တဝက် ညတွေတိုင်းမှာ
ကိုယ့်ရဲ့ အတွေးတွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

အိပ်မောကျသွားတဲ့ ညတွေတိုင်းမှာ
ကိုယ့်ရဲ့ အိပ်မက်တွေထဲမှာ
အဖြူရောင် ပန်းလှလှတွေ မျက်စေ့တဆုံး ပွင့်ဝေနေတဲ့
ပန်းခင်းတခုအကြောင်း...

ဒီလိုနဲ့ ကိုယ့်စိတ်ကို နေ့စဉ်ရက်ဆက် စိုးမိုးနေတဲ့
စိတ်ကူးတွေ၊ အတွေးတွေ နဲ့ အိပ်မက်တွေ အကြောင်း
သူ့ကို ပြောပြမိတော့ သူက ကိုယ့်အတွက်
အဖြူရောင် ပန်းလှလှတွေ ဝေနေတဲ့ ပန်းခင်းလေးတခုကို
ဖြူစင်သော ချစ်ခြင်းတွေနဲ့ အတူဖန်ဆင်းပေးခဲ့လေတယ်…



အဲဒီပန်းခင်းထဲက ပန်းပွင့်တွေအများကြီးကို
တပွင့်ချင်းစီ ရေတွက်လို့မရသလို
ကိုယ့်ရင်ထဲက သူ့အတွက် အချစ်တွေနဲ့အလွမ်းတွေကလဲ
မရေမတွက်နိုင်တဲ့ ပန်းပွင့်လေးတွေနဲ့အပြိုင်…