Sunday, May 2, 2010

မျှော်လင့်သော တို့ရဲ့လက်တွေ တွဲထား...

ဧပြီလ ၂၇ ရက်နေ့ တုန်းက သူငယ်ချင်းက ခေါ်လို့ Singapore Indoor Stadium မှာ Kelly Clarkson Show သွားကြည့်ဖြစ်တယ်…။ ပွဲကြည့်ပရိသတ် အနည်းဆုံး ၃ ၄ ထောင်လောက်တော့ ရှိမယ်လို့ ခန့်မှန်းရတယ်။ အသံအား သိပ်ကောင်းပြီး ပျော်ပါးတက်ကြွစွာ သီချင်းဆိုနေတဲ့ Kelly နဲ့အတူတူ မတ်တပ်ရပ်ပြီး StarHub က ကြော်ငြာအနေနဲ့ ဝေထားတဲ့ ပူဖေါင်းလို အချောင်းတွေကို ရိုက်ခတ်လို့၊ လှုပ်ရမ်းလို့ အားပေးနေကြတဲ့သူတွေ၊ လက်ခုတ်တီးပြီး အားပါးတရ သီချင်း လိုက်ဆိုနေကြတဲ့သူတွေ၊ မြူးမြူးကြွကြွ သီချင်းတွေမှာ ခုန်ပေါက်ပြီး ကနေကြတဲ့ ပရိသတ်တွေကို ကြည့်ရတာ တကယ်ပဲ ပျော်စရာ ကောင်းလှပါတယ်။ ဒါပေမယ့် ပွဲ အစကနေ အဆုံး စည်းကမ်းရှိရှိ သီဆို အားပေးနေကြတဲ့ ပရိသတ်တွေကို တွေ့ရတဲ့ အခါမှာ ကိုယ်ဖြင့် ကြည့်ခဲ့ဖူးတဲ့ မြန်မာ Show တွေကို တချိန်လုံး သတိရနေတော့တာပါပဲ…။

တကယ်က အဲဒီလို Live Show တွေ အများကြီး မကြည့်ဖူးပါဘူး။ မြန်မာ Show ရော၊ International Show ရော… ကြည့်ဖြစ်တဲ့ အကြိမ် အရေအတွက် တအားနည်းပါတယ်။ ဒါပေမယ့် International Show တော်တော်များများကိုတော့ အခွေထဲမှာနဲ့ တီဗွီထဲမှာ ကြည့်ဖြစ်တယ်။ ကြည့်ရသလောက် ပွဲတွေတိုင်းမှာ အဆိုတော်နဲ့ ပရိသတ် အပေးအယူ မျှမျှတတ နဲ့ စည်းကမ်းတကျ သပ်သပ်ရပ်ရပ် အားပေးကြတာကြောင့် သိပ်ကြည့်ကောင်းလှတယ်။

ဘာတွေ ကွာနေတာလဲ… ကိုယ်တို့ ပရိသတ်နဲ့ သူတို့ ပရိသတ်နဲ့ ဘာတွေ ကွာနေတာလဲ… ကိုယ်တို့ ပွဲတွေမှာ ဘာလို့ ဒီလို မဖြစ်နိုင်ကြတာလဲ လို့ တွေးမိတယ်…။

ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်တိုင်းပြည် ကိုယ့်မိသားစု အားလုံးနဲ့ဝေးပြီး သူများ တိုင်းပြည်မှာ လာနေကြရတဲ့ အချိန်၊ လူတွေအားလုံးဟာ အမျိုးမျိုးသော ခေါင်းစဉ်တွေအောက်က စိတ်ဖိစီးမှုတွေရဲ့ကြားမှာ ကြိုးစားပမ်းစား အသက်ရှုနေကြရတာ ဖြစ်ပေမယ့် ပျော်စရာကောင်းတဲ့ အချိန်တွေမှာလဲ စိတ်ကို အတင်းလွှတ်မပေးလိုက်ပဲ စည်းကမ်းရှိရှိ သပ်သပ်ရပ်ရပ် မပျော်သင့်ကြဘူးလား ဆိုတာမျိုး ကိုယ် တွေးမိပါတယ်။

ကိုယ်တိုင်ကြုံဖူးခဲ့တဲ့ စင်မြင့် ဖျော်ဖြေပွဲတချို့မှာ အရက်တွေမူးပြီး သွေးဆိုးဆိုးနဲ့ ပေါက်ကရတွေကို အသံကုန် အော်ဟစ်နေတဲ့သူတွေ၊ ကိုယ်ပေါ်မှာ ဝတ်ထားတဲ့ အင်္ကျီကို ချွတ်ပစ်ပြီး ဒီအတိုင်း လျှောက်ပြေးနေတဲ့သူတွေ၊ မိန်းကလေး အဆိုတော်တွေ စင်ပေါ်တက် သီချင်းဆိုတဲ့ အလှည့်ကျရင် နှမချင်း မစာမနာ အော်ဟစ်ကြတဲ့သူတွေ၊ တားမြစ်ထားတဲ့ နေရာကနေ ကျော်ပြီး စင်နားအထိ အတင်းကပ်လာတဲ့ သူတွေ၊ စင်ပေါ်ကို ပြေးတက်တော့မလို ဖြစ်နေလို့ လုံခြုံရေးက ဆွဲသွားရတဲ့သူတွေ၊ ဓါတ်ပုံမရိုက်ရလို့ တားထားတဲ့ကြားက လစ်ရင် လစ်သလို စင်နားကိုရောက်လာပြီး ဓါတ်ပုံရိုက်သူတွေကို လုံခြုံရေးက အကြိမ်ကြိမ် လာပြီး သတိပေးနေရတာတွေ၊ ရှိုး ပြီးခါနီး ပွဲသိမ်းသီချင်းဆိုရင် စင်နားကို ပြိုကျလာပြီး ဘယ်လိုမှ ထိန်းမရတော့တဲ့ ပရိသတ်တွေကို တွေ့ခဲ့ရတယ်…။ အခု ညက ပွဲမှာ ဒါမျိုး တယောက်မှ မရှိခဲ့ဘူး။

နောက်ပြီး သီချင်းဆိုတဲ့ အဆိုတော်ရဲ့ ဝတ်စားဆင်ယင်မှု…။ နာမည်ကြီး အမျိုးသမီး အဆိုတော်တွေ စင်ပေါ်မှာ သီချင်းဆိုကြတဲ့ အခါမှာ တိုတိုလေးတွေ၊ မလုံမလဲလေးတွေ ဝတ်ပြီး ဆိုကြတဲ့သူတွေလဲ အများကြီး ရှိမှာပါ။ ဒါပေမယ့် ညကပွဲမှာတော့ ချစ်စရာ အဆိုတော်မလေး Kelly ဟာ တီရှပ် ညိုဝါဝါလေးနဲ့ ဂျင်းဘောင်းဘီ အပြာရင့်ရင့်လေးနဲ့… အများသူငါနဲ့ ဘာမှ မထူးခြားတဲ့ ဝတ်စားဆင်ယင်မှုမျိုးနဲ့ သီချင်းတွေ အများကြီး ဆိုသွားပါတယ်။ ပွဲချိန် ၂ နာရီ နီးပါး အတွင်းမှာ တခါပဲ အင်္ကျီလဲပါတယ်။ လဲလိုက်တဲ့ အင်္ကျီကလဲ သာမန် တီရှပ်နက်ပြာရောင်လေး တထည်ပါပဲ…။ သူ့ကို ကြည့်ရင်း အခုတလောမှာ တိုလို့ နာမည်ကျော်နေတဲ့ ကိုယ်တို့ ရဲ့ ဟို အဆိုတော်မလေးကို သွားသတိရမိတယ်။ (ကိုယ် မှားလား…)

နောက်တခုက ရွှေပွဲလာတွေရဲ့ ဝတ်စားဆင်ယင်မှု…။ ည ၈ နာရီမှာ စတဲ့ပွဲမို့ တချို့ကလဲ ရုံးက တန်းလာတဲ့ ရုံးဝတ် ရုံးစားတွေနဲ့ တချို့ကတော့လဲ အိမ်ပြန်ပြီးမှ ပြန်လာကြပုံရတယ်… လှလှပပ သပ်သပ်ရပ်ရပ်လေးတွေ ပြင်ဆင်လို့… ခြုံကြည့်ရရင် အားလုံးဟာ သာမန်ထက် မပိုတဲ့ အပြင်အဆင်၊ သူသူ ငါငါလို ကြည့်ကောင်းတဲ့ ဝတ်စားဆင်ယင်မှုတွေနဲ့ပါ…။



All I ever wanted, Since you been gone, Breakaway, I do not hook up စတဲ့ သီချင်း မြူးမြူးတွေကို သူနဲ့အတူ အောက်က ပရိသတ်က လိုက်ပါ ကခုန်ပြီး သံကုန်ဟစ်ပြီး လိုက်ဆိုနေကြသလို သူ့ရဲ့ နာမည်ကြီး သီချင်းဖြစ်တဲ့ Because of You ကိုကျတော့ တိုးတိုးသက်သာ အေးအေးဆေးဆေး လိုက်ဆိုကြတယ်။


(အော်တို ကင်မရာနဲ့ ရိုက်လာတဲ့ ပုံတွေမို့ အရမ်းကြီး မကောင်းလှပါဘူး… အားပေးနေကြတဲ့ ပရိသတ်တွေကို ပြချင်လို့ပါ... အမှတ်တရပေါ့…)

သီချင်းအပုဒ် ၂၀ လောက်ကို ဆက်တိုက် အားပါးတရ ဆိုနေတဲ့ Kelly ကိုကြည့်ရင်း ကိုယ့်အတွေး စိတ်ကူး ထဲမှာတော့ မီးရောင်စုံ ဆလိုက်တွေနဲ့ လှပခန်းနားတဲ့ စင်မြင့် အပြင် အဆင်တွေ၊ Sound System သိပ်ကောင်းတဲ့ ပစ္စည်း ကိရိယာတွေနဲ့အတူ ကိုယ်ချစ်တဲ့ အိုင်စီ ဝိုင်းတော်သားတွေ အားလုံးကို စင်ပေါ်ကို တင်ကြည့်မိတယ်။ ပြီးတော့ ပွဲကြည့် ပရိတ်သတ်တွေနေရာမှာ အခုလို ပျော်ပျော်ပါးပါး စည်းကမ်းရှိရှိ ထိန်းထိန်း သိမ်းသိမ်း ကြည့်ကြတဲ့ ကိုယ်တို့ မြန်မာ ပွဲကြည့် ပရိသတ်တွေကို အစားထိုးကြည့်မိတယ်။

ကိုလေးက စင်ပေါ်ကနေ “သံယောဇဉ်… သံယောဇဉ်… လူကို အရူးတပိုင်း ဖြစ်စေတယ်…” လို့ဆို… ကိုယ်တို့က စင်အောက်ကနေ သူနဲ့ အတူတူ လက်တွေကို ဝှေ့ယမ်းပြီ တပျော်တပါး သံပြိုင်လိုက်ဆိုရင်း ကခုန်ကြ….

ကိုကြီး အငဲက သူ့ရဲ့ နာမည်ကြီး သီချင်းတပုဒ်ဖြစ်တဲ့ “လွမ်းမိတယ် ဟိုးတုန်းက မန္တလေးည… ဟိုးတုန်းက မန္တလေးည…” လို့ ဆိုတဲ့ အခါမှာ သူနဲ့ အတူတူ လိုက်ဆိုရင်း မန္တလေးကို လွမ်းကြ…

နောက်တခါ မျိုးကြီးက အသံအားကောင်းကောင်းနဲ့ အသည်းကွဲတဲ့ ကျွန်တော့် ဘော်ဒါတွေ အတွက်ပါ လို့ ပြောပြီး “ဆုံမှတ်တို့ လွဲချော်ခဲ့… မျှော်လင့်ချက် မဲ့နေခဲ့… ဘယ်ဘဝမှ တို့ပြန်ဆုံတွေ့ခွင့်ရှိနိုင်မလဲ အခုတော့… သူစိမ်းတယောက်ပါ…” သီချင်းကို ဆိုတဲ့ အခါ အားလုံးက စိတ်တူ ကိုယ်တူ တညီတညာထဲ လိုက်ဆိုခံစားကြ…

ပွဲသိမ်းသီချင်းအနေနဲ့ သူတို့အားလုံးက “မျှော်လင့်သော တို့ရဲ့ လက်တွေ တွဲထား… မဆုံးသော ဒုက္ခမြစ်ရေ စီးစမ်း… မျှော်လင့်ချက်နဲ့ အသက်ရှင်တယ် လူတွေ နှလုံးသား အချစ်လက်ကမ်း… နေရောင်အောက်က ခင်းမယ့်လမ်း…” လို့ ဆိုတဲ့အခါ ကိုယ်တို့တွေကလဲ တယောက်လက် တယောက် ခိုင်ခိုင်မြဲမြဲ တွဲရင်း "လက်များ... တို့လက်များ... ခိုင်မြဲလို့နေပြီ..." တညီတညာထဲ ခံစားပြီး လိုက်ဆိုရင်း အေးအေးချမ်းချမ်းနဲ့ ပွဲကို သိမ်းကြ… အဲဒီလိုသာဆို ဘယ်လောက် ပျော်စရာ ကောင်းလိုက်မလဲနော်…။

အဲဒီညက ပွဲပြီးလို့ ပြန်လာတဲ့ လမ်းတလျှောက်မှာရော၊ နောက်နေ့တွေမှာပါ အဲဒီ အတွေးတွေက ကိုယ့်ဆီမှာ တရစ်ဝဲဝဲနဲ့၊ စိတ်ထဲမှာလဲ ဘာကို အလိုမကျ ဖြစ်နေမှန်းမသိ… ဘယ်လို အမျိုး အမည်ရယ်လို့ တိတိကျကျ ထုတ်ဖေါ်ပြီး ပြောမပြတတ်ပေမယ့် တခုခုကို အလိုမကျ ဖြစ်နေမိရင်း ဒီပိုစ့်လေးကို ရေးပါတယ်။



မှတ်ချက် ။ ။ ကိုယ်က ကိုယ်ခံစားရတာလေးနဲ့ ကိုယ်ဖြစ်စေချင်တာလေးကို တွဲပြီး ရေးပြထားတာပါ။ သဘောထားချင်း မတိုက်ဆိုင်ရင်လဲ အပြုသဘောဆောင်တဲ့ မှတ်ချက်လေးတွေ ပေးခဲ့စေချင်ပါတယ်။ ကြိုတင်ပြီး ကျေးဇူးတင်နေပါ့မယ်…။ ပြီးတော့ ကိုယ်ကြိုက်တဲ့ Kelly Clarkson ရဲ့ Show ကို ကြည့်ဖြစ်ဖို့အတွက် Sponsor လုပ်ပေးခဲ့တဲ့ ချစ်သူငယ်ချင်း ချောချော ကို ကျေးဇူး အများကြီးတင်ပါတယ်။

19 comments:

  1. ဘာဘဲဖြစ်ဖြစ်ပျော်တာဘဲ။ သိတ်မတွေးဖြစ်ပါဘူး။

    ReplyDelete
  2. သက်ဝေရေ တို့လည်း အဲလို ခံစားမိဖူးတယ်။ တချို့သော တို့ မြန်မာတွေ ဘာကြောင့် စည်းနဲ့ ကမ်းနဲ့ မပျော်တတ်ကြတာလဲ.... ဒီလို ပွဲမျိုးတွေ ဆိုရင်ပဲ တရားဝင် သောက်စားမူးရူးခွင့် လက်မှတ်ရသွားကြ သလိုလို...၊ မပျော်ရတော့ပဲ စိတ်အနှောင့်အယှက် ဖြစ်ပြီး ပြန်လာရတာ တွေ ရှိခဲ့ဖူးတယ်။ ကတာ ကကြပါ ဆိုတာလည်း အော်ဟစ် ဆိုကြပါ...စိတ်လွတ်လက်လွတ် ပျော်ပါးတာကို နားလည်နိုင်ပေမဲ့ မူးရူးရမ်းကားပြီး တခြား လာကြည့်သူတွေကို အနှောက်အယှက် ဖြစ်စေတဲ့ အပြုအမူ မျိုးတော့ ရှောင်သင့်တယ်လို့ တို့လည်း မြင်မိတယ်....

    ReplyDelete
  3. မမ.. ဟုတ်တယ်... သိပ်မတွေးတာ ကောင်းတယ်...
    သက်ဝေကိုက အခုတလော ထင်ရာတွေ တွေးနေမိတာပါ...
    လာဖတ်တာ ကျေးဇူးပါ။

    သူငယ်ချင်း ချစ်ကြည်... ကိုယ်နဲ့ အတွေးချင်း ဆင်တူ ခံစားမိတာချင်း မကွာခြားလို့ တကယ် ဝမ်းသာမိပါတယ်...။ မှတ်ချက်အတွက် ကျေးဇူးပါ...။

    ReplyDelete
  4. Show တို့ Theature တို့ မှာ Choreographer တို့ costume designer တို့ ရဲ့ Role တွေရှိပါတယ်။ ဆိုတဲ့သူ ကတဲ့သူတွေက အကြံပေးတဲ့ အတိုင်း ဝတ်စားကခုံရတာပါ။ ဆိုမဲ့ နေရာ ဆိုမဲ့ သီချင်း ဆိုမဲ့ ဇာတ်နဲ့ ကိုက်အောင် လိုက်လုပ်ရတာလို့ပဲ ထင်ပါတယ်။ Kylie တို့ Beyoncé တို့ ဆိုရင်တော့ တော်တော်များများ Sexy appearance ကိုသွားကြ တွေ့ရပါတယ်။ Dido ကတော့ တော်တော်များများ ဂျင်းဘောင်းဘီ စကပ်ရှည်နဲ့ များပါတယ်။ ဘာမှ ပုံသေမရှိပါ။ မြန်မာတွေ Show တွေမှာ ရုပ်ပျက်ဖြစ် တတ်တာကလဲ civilized ဖြစ်တဲ့ အဆင့်ပေါ် မူတည်မယ်ထင်တယ်။ ပိုပြီး civilized ဖြစ်လာတာနဲ့ အမျှ ပိုပြီး တည်ငြိမ် လာမယ်လို့ ယူဆပါတယ်။ Reenforcement တွေလဲ လုပ်ပေးဖို့တော့ လိုတာပေါ့လေ။

    ReplyDelete
  5. စိတ်ရှည်လက်ရှည်ကွန်မက်အတွက်ကျေးဇူးတင်ပါတယ် Steve.

    ReplyDelete
  6. ဟုတ်ပါတယ်...
    Steve ပြောသွားတာတွေကို နားလည် လက်ခံပါတယ်...
    စာလာဖတ်ပြီး မှတ်ချက်ရေးခဲ့တာ ကျေးဇူးတင်ပါတယ်...

    ReplyDelete
  7. တွေးသင့်တဲ့ အတွေးနဲ့ ရေးသင့်တဲ့ အရေးပါ...
    သဘောထားခြင်း တိုက်ဆိုင်ပါတယ်...

    ReplyDelete
  8. Kelly Clarkson ရဲ့ အသံရော၊ သူ့သီချင်းတွေပါကြိုက်တယ်။ ကြော်ငြာထားတာ တွေ့လိုက်ပေမယ့် ဘယ်ရက်လဲလို့ သတိမထားမိလိုက်ဘူး။ မြန်မာပြည်က ရှိုးတွေအပြင်မှာ သိပ်မကြည့်ဖူးပေမယ့် အစ်မရေးပြလိုက်တော့ တွေးစရာလေး ဖြစ်သွားတယ်။

    ReplyDelete
  9. Kelly Clarkson က ဘယ်တုန်းကမှ ရုပ်ပျက်လောက်အောင် စက်ဆီလုပ်မပြဖူးတာကို သတိထားမိပါတယ်..
    အဆိုကောင်းတယ် ဆိုတာကိုလည်း ဘယ်သူမှ မငြင်းနိုင်ပါဘူး..
    မိသားစုတူတူကြည့်လို့ရတဲ့ အဆိုတော်ကောင်းတစ်ယောက်ပါ။
    http://www.youtube.com/watch?v=RN0m1m0h15o

    ReplyDelete
  10. မသက်ဝေရေ လာဖတ်သွားပါတယ်။ ကျွန်မကတော့ စတိတ်ရှိုးတွေ သိပ်မကြည့်ဖြစ်လို့ နှိုင်းယှဉ်လို့ မတတ်ပေမဲ့ မြန်မာလူမျိုးတွေ အရက်သောက်ရင် သူများတွေထက် ပိုသွေးဆိုးတာကိုတော့ အမြဲသတိထားမိတယ်။

    ReplyDelete
  11. သက်ဝေရေ

    ကိုယ်တို့ မြန်မာ တွေ က စည်းကမ်း ရှိရှိ နဲ့ ပျော်တတ်ဘို့ အပြင် ကျန်တာတွေ အများကြီး သင်ယူရအုန်းမှာပါ..

    ခေတ်အခြေအနေအရ ကိုယ်တို့ တွေမှာ လိုအပ်ချက် တွေ သင်ယူစရာတွေ အများကြီးပါဘဲ..

    ဘယ်အစိုးရဘဲ တက်တက် အားလုံး အတွက် ပြန်လည် လေ့ကျင့်ပေးရမှာ တွေ အများကြီးပါ..

    အဲဒီအချိန်မှာ သိတတ်နားလည် တဲ့သူတွေ အများကြီးလိုအပ်ပါလိမ့်မယ် တတပ်တအားပါဝင်နိုင်ပါစေ..

    နှစ်ပေါင်း ၄၀ ကျော် (ဘယ်လောက် ထိ ကျော်အုန်း မလည်း မသိနိုင်ဘူး) အတွင်းမှာ လူ့ကျင့်ဝတ် တွေ ပျက်စီးခဲ့ကြပြီ သိလည်း မသိတော့ဘူး

    ကဲ ပြီးမှာ မဟုတ်တော့ဘူး

    ပျော်ရွှင်စရာ ပွဲလေး အတွက်ကျေးဇူးပါ

    ရွှေစင်

    ReplyDelete
  12. နိုင်ငံခြားတိုင်းပြည်တခုမှာပဲ နေတဲ့ သူငယ်ချင်းတယောက်က ပြောတယ်။
    သူတို့ဆီမှာ မြန်မာပွဲလုပ်တော့ ရွှေပွဲလာပရိသတ်ထဲက အချို့ ထုံးစံအတိုင်း အော်ကြပစ်ကြတယ်။ လုံခြုံရေး တာဝန်ကျ အဲ့ဒီနိုင်ငံသားတွေက
    ဘာဖြစ်လို့ အော်ကြတာလဲ
    အဆိုတော်ကို မကြိုက်လို့လား
    မကြိုက်ရင် ဘာလို့ ပိုက်ဆံပေးပြီး လာကြည့်ကြတာလဲ မေးတယ်...
    သူတို့လည်း နားကိုမလည်တော့ ဘာလုပ်လို့ ဘာကိုင်ရမှန်း မသိဖြစ်ရပါတယ်.. တဲ့
    နောက် အရက်မူး ပုလင်းခွံရိုက်ခွဲ ထိုင်ခုံတွေ ထိုးဖောက်ဆိုတော့
    နောက်တခါ ပွဲလုပ်ဖို့ နေရာ သွားငှားတဲ့ အခါ မြန်မာ ဆို sorry ပဲလို့ ဖြစ်ကြပါတယ်.. တဲ့

    ReplyDelete
  13. ဟုတ်တယ် ..မှန်တယ် ....အဲဒါတွေကြောင့်လေဒယ်

    ReplyDelete
  14. ကိုယ် ခံစားရတာလေး ရေးပြထားတာကို လာဖတ်ပြီး တိုင်ဆိုင်တဲ့ သဘောထား အမြင်တွေကို ဝေမျှသွားကြတဲ့ ညီမငယ် ဖြူ၊ ဇွန်မိုးစက်၊ ရွှမ်းမီ၊ မငယ်၊ ညီမလေး၊ မရွှေစင်၊ မသီတာနဲ့ ညီမ Vist တို့ကို သိပ်ကျေးဇူးတင်ပါတယ်...။
    မျှော်လင့်သော တို့ရဲ့ လက်တွေ အစဉ်အမြဲ တွဲထားကြပါစို့...

    ReplyDelete
  15. အလိုကျပါ.....
    ကိုယ့်ဖာသာ ငြိမ်းချမ်းမှု တည်ဆောက်ပြီးရင်
    အားလုံးအတွက် ငြိမ်းချမ်းရေး လှုပ်ရှားမှုမှာ....
    ပိုအထောက်အကူပြုလာမယ် ထင်တယ်.....

    ReplyDelete
  16. အင်္ဂလိပ်တွေ ဗမာပြည်ကိုသိမ်းတော့ civilized မဖြစ်လို့ ပါလို့ အကြောင်းပြသတဲ့.. ဒါကိုဖတ်မိတုန်းက အောက်သက်သက်ခံစားရတယ်..ဗမာတွေcivilized ဖြစ်အောင် အင်္ဂလိပ်တွေ အနှစ်၆၀ လေ့ကျင့်ပေးခဲ့သမျှ မဆလ ခေတ်မှာ အားလုံးပျက်သုန်းကုန်တာပဲ..ကိုကြီးကျောက်မျက်စေ့အောက်မှာတွင်..လူတွေရိုင်း၇ိုင်းလာလိုက်ကြတာ...

    ReplyDelete
  17. Kelly Clarkson ရှိုးကြည့်ချင်တာ ဒီနှစ် လာတာသိပေမယ့် မသွားဖြစ်လိုက်ဘူး... စည်းကမ်းလား ပြောမနေပါနဲ့ဗျာ... မနေ့က သံရုံးသွားဖြစ်လိုက်တယ်.. လူတွေ တန်းစီပါဆိုတာ အခြားနေရာကြ Q နေကြကနေ မြန်မာသံရုံးလဲဆိုရော အကျင့်တွေက ကျော်တက်တဲ့သူနဲ့ ၀ိုင်းအုံတာနဲ့ ကိုယ့်ကိစ္စပြီးရင်လဲ မဖယ်တဲ့သူနဲ့ ပွဲစားနဲ့ စိတ်ကို ကုန်လို့...

    ReplyDelete
  18. ပြည်သူလူထု ကို အနှောက်အယှက်ပြုမှုနဲ့ ထောင်ဒဏ်(၆)နှစ် နဲ့ ကြိမ်ဒဏ် ဆိုရင်ရော သူတို့တွေသောက်ရဲ ပါ့မလား...

    (စိတ်ထဲမကျေနပ်တာမှန်သမျှ ဖောဖောသီသီ လာပေါက်ကွဲရာ တစ်ဦးတည်းပိုင်နေရာလို့ ထင်မှတ် ယူဆနေကြလို့ များလား)...

    ♫.♪...တို့ရဲ့ လက်များဟာ..♫ လက်...များ........ဟာ♪.♫

    Y

    ReplyDelete
  19. မြန်မာရှိုးပွဲရော နိုင်ငံခြား ရှိုးပွဲရော မကြည့်ဘူးသူမှို့ အဲင်္ဒအတွက် ကွန့်မန့်မပေးတော့ပါဘူး။ ကယ်လီ ကလပ်ဆင်တော့ ကြိုက်တယ်။ Idol ထဲမှာ အအောင်မြင်ဆုံး အဆိုတော်။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...