Thursday, May 20, 2010

ရင်ထဲက မြစ်တွေစီးဆင်းစေဖို့

မမေ့ပါနဲ့လေ...
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲစီးဆင်းနေတယ်ဆိုတာကို….

အမိမြေနဲ့ဝေးတဲ့ နေရာကို အခိုက်အတန့်ဖြစ်စေ အကြောင်းတစုံတရာကြောင့် ဖြစ်စေ ဘယ်သို့သော အကြောင်းအရာမျိုးကြောင့် ရောက်ရှိနေခဲ့သူ မည်သူမဆိုဖြစ်စေ ဒီမြေက ရေတွေ ကိုယ်တွင်းမှာ အမြဲမပြတ် စီးဆင်းနေဆဲဖြစ်တယ်ဆိုတာပါပဲ…။



ဧရာဝတီမှာ သောင်တွေ ထွန်းတင်နေခဲ့ပြီ... မြစ်ပြင်ကျယ်ကို ဟောဒီလို လှေမကူ နေပူပူမှာ ဖြတ်လျှောက်နိုင်ခဲ့ပြီ။

မြကန်

မြကန်သာ
တောင်ကျချောင်းတေး
ရေ၀င်ပြေးလှည့်
ရေအေးကြည်စွာ
ကန်ပိုင်မာလျက်
ကြာပေါင်းထုံထုံ
ငှက်မျိုးစုံသည်
ဝတိံသာက
နန္ဒာလော
တူစွာ ဟုတ္တာ...။


ဒီကဗျာကို ရွတ်ဆိုနိုင်ဖို့ မဖြစ်နိုင်တော့ပြီ။

မြကန်သည် ကြင်သူပစ်ခွာသွား၍ ငိုကျွေးကျန်ရစ်လေ၏။


မြစ်ပြင်ကျယ်တို့သည် တိမ်သည်ထက် တိမ် ကောသည်ထက် ကောသည့်အဖြစ်သို့ နီးကပ်လာချေပြီ။ ပျက်စီးခြင်းဟူသော အမှုကို ထိန်းသိမ်းစောင့်ရှောက်ခြင်းဖြင့် မကာကွယ်နိုင်တော့ပြီလော။

ရပ်ကွက်များဆီမှာ ရေကို လုယက်ယူငင်နေကြသည်။ ရွှေကိုမလို ရေကိုသာလိုသည်။ ခိုက်ရန်ဖြစ်ပွားခြင်းတို့သည် လူတို့၏ လောဘ ဒေါသနောက်တွင် မကြာမတင် ရှေ့သို့ထွက်ရန် တာစူနေကြပေပြီ။ ရေအတွက် စစ်မက်ဖြစ်ခြင်းဆီသို့ မရောက်အောင် အဘယ်သူက တားမြစ်နိုင်မည်နည်း။

ရေချိုတွင်းက ရေကို မနည်း ခပ်ငင်နေကြရပြီ။ ခန်းခြောက်နေသော ရာသီဥတုတွင် ရေတွင်းထဲမှ ရေများ ဘယ်အချိန်ထိ တည်မြဲနိုင်မည်ကို မည်သူမျှ မသိနိုင်။


ဟိုတစ်စ ဒီတစ်စ ဆူညံပွက်နေကြပြီ။ မနက်မိုးလင်းသည်မှ မိုးချုပ်သည်အထိ ရေကြည်ရဖို့ အရေးသည် ဝမ်းစာအရေးထက်ပင် ခက်ခဲလာချေပြီ။ ဝမ်းစာကိုမေ့ ရေကြည်ကိုသာ ရှာတွေ့ဖို့ စိတ်စောနေကြသည်။ တစ်ရက်မှသည် ဘယ်နှစ်ရက်အထိ အူမတောင့်နိုင်ကြမည်နည်း။

ရပ်ရေးရွာရေးတို့သည်လည်း တစ်စ ထက် တစ်စ ပပျောက်ကုန်တော့မည်။ ထို့အတူ လူ့ဘောင်လောက၏ အနှစ်သာရများ ရေကြည်တွင်းမှာ တန်းစီရင်း ရဖို့ မဖြစ်နိုင်သည်ကို လူတိုင်းသိပေလိမ့်မည်။

မည်သည့်နိုင်ငံသားအဖြစ်ကို ကြိုက်နှစ်သက်သလို ပြောင်းလဲနိုင်ပါသည်။ မည်သို့သော နိုင်ငံကူးလက်မှတ်ကိုမဆို ကိုင်ဆောင်နိုင်ပါသည်။ ကိုယ်တွင်းမှာ အစဉ် စီးဆင်းနေသော သွေးထဲတွင် မြန်မာပြည်က ရေတွေ စီးဆင်းနေဆဲ အဖြစ်ကို မမေ့သင့်ပါ။

မမေ့ပါနဲ့လေ…
ဒီရေတွေ သွေးထဲမှာ ကိုယ်ခန္ဓာထဲမှာ အစဉ်အမြဲ စီးဆင်းနေတယ်ဆိုတာကို….

အမိမြန်မာပြည်တွင်းရှိ ရေဘေးဒုက္ခ ခံစားနေရသူများကို မိမိတို့ တတ်အားသရွေ့ကူညီစောင့်ရှောက်စေဖို့ ကမ္ဘာ အရပ်ရပ်ရှိ မြန်မာလူမျိုးတိုင်းကို တိုက်တွန်းနှိုးဆော်လိုက်ပါသည်။ ငြိမ်းချမ်းအေးမြသော ဘဝများ ပိုင်ဆိုင်နိုင်ကြပါစေ……။

* * * * *


မှတ်ချက် ။ ။ ချစ်ညီမ ပန်ပန် တက်ဂ်ထားတဲ့ A to Z ကို ရေးမလို့ တွေးနေစဉ်မှာ စေတနာ့ ဝန်ထမ်းတယောက်ဆီက ရေအလှုနဲ့ ပတ်သက်တဲ့ နှိုးဆော်စာလေးကို ကြားဖြတ်တင်လိုက်ပါတယ်…။

9 comments:

  1. ပုံတွေလှလိုက်တာနော်

    ReplyDelete
  2. လူတိုင်း..
    မရှိမဖြစ် ရေ ကို တန်ဖိုးထားနိုင်ကြပါစေ..။

    ReplyDelete
  3. မသက်ဝေ

    ကောင်းလိုက်တာနော်.. အခုတော့ တပြည်လုံး မှာ မိုးစရွာနေပါပြီနော် မသက်ဝေ တို့လို နိုင်ငံခြား ရောက်နေပေမဲ့ မြန်မာပြည် ကလူတွေအတွက် စေတနာ ထားတာ ကို အများကြီး တွေ့တော့ မြန်မာပြည် အနာဂတ် အတွက် အားတက်မိပါတယ်

    ခင်တဲ့
    ရွှေစင်

    ReplyDelete
  4. ရေကုသိုလ်...ရေကုသိုလ်...

    ReplyDelete
  5. ပုံရော..စာရော.. ပေးသွားတဲ့ message လေးရော သိပ်ကောင်းပါတယ် မရေ။

    ReplyDelete
  6. ဘယ်တော့မှမမေ့ပါ၊ဖော်ပြတဲ့အတွက်ကျေးဇူးပါ

    ReplyDelete
  7. ပို့စ်လေးကို ဖတ်ပြီး ထပ်တူထပ်မျှ ခံစားသွားပါတယ်။

    ReplyDelete
  8. ရေအကျိုးဆယ်ပါးဆိုလား။ သာဓု..သာဓု...။ ကျန်းမာကြပါစေကွယ်။ ပြင်းထန်ပျော်ရွှင်ကြပါစေ။

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...