Wednesday, December 1, 2010

ဒီဇင်ဘာ နေ့စွဲများ


ချစ်စဖွယ် ဒီဇင်ဘာလကို ရောက်လာပြီ….
မနှစ်က ၂၀၀၉ အတွက် မှတ်တမ်းကို နိုဝင်ဘာထဲမှာ ရေးဖြစ်ခဲ့သည်။ အခု ၂၀၁၀ အတွက် မှတ်တမ်းလေးကို ရေးလက်စ… ဒီဇင်ဘာ ၁ ရက်နေ့ Sweet December မှာ တင်မည်ဟု တွေးထားသည်။ သို့သော် ထိုမှတ်တမ်းထက် အရေးကြီးသော ပိုစ့်ကို ယခု တင်လိုက်သည်။ အခြားတော့ မဟုတ်… မွေးနေ့ ဆုတောင်း ပိုစ့် ဖြစ်သည်။ ကိုယ်တိုင်က ဒီဇင်ဘာမှာ မွေးသူတယောက် မဟုတ်သော်လည်း ဒီဇင်ဘာကို ချစ်သူတယောက် ဖြစ်သည်က တကြောင်း၊ ကိုယ် ချစ်သူ ခင်သူ တော်တော်များများ၏ မွေးနေ့တွေက ဒီဇင်ဘာထဲမှာ တန်းစီနေသည်က တကြောင်းတို့ကြောင့် ဤ မွေးနေ့ ဆုတောင်းပိုစ့်ကို အရင် တင်လိုက်သည်။

မနှစ်ကလဲ ဒီဇင်ဘာ မွေးနေ့ရှင်များကို ဒီနေရာမှာ ဆုတောင်းပေးခဲ့သည်။ သို့သော် ဘယ်နေ့မှာ ဘယ်သူ ဘယ်ဝါဟုတော့ ခွဲခွဲခြားခြား မဖေါ်ပြဖြစ်ခဲ့…။ သည်နှစ်တော့ အများ သိနေပြီးသားသူ တချို့ကို နာမည်နှင့်တကွ ရေးသား ဆုတောင်းလိုက်သည်။ သူတို့ စေတနာအလျောက် မုန့်ကျွေးလိုက ဖိတ်ကြား ကျွေးမွေးနိုင်ပြီး ကျန်သော မိတ်ဆွေ သူငယ်ချင်းများက သူတို့ သူတို့ထံ မွေးနေ့ ဆုတောင်းများ၊ မွေးနေ့ လက်ဆောင်များ ပေးပို့လိုပါက ပေးပို့နိုင်စေရန် ရည်ရွယ်သည်။ (မွေးနေ့ရှင်များ လက်ဆောင်ရပါက ကိုယ့်ကို တဝက်ခွဲပေးရန် မမေ့ကြစေချင်...)

အိုကေ… ဒါဆို ဒီဇင်ဘာ ၁ ရက်နေ့မှ စပြီး အစဉ်လိုက် ရေးပြပါမည်…။

ဒီဇင်ဘာ၏ ပထမဦးဆုံးနေ့… ဒီဇင်ဘာ ၁ ရက်နေ့ မွေးနေ့ရှင်သည်ကား ရိုးရိုးတွေး ရှင်းရှင်းပဲ ရေးတတ်သော ကိုယ်တို့ မိတ်ဆွေကြီး ကလူသစ် ဖြစ်ပေတော့သည်။ ရှေ့ဆက်ပြီး အတွေးရိုးရိုးနှင့် အရေးရှင်းရှင်းတွေကို အများကြီး တွေးနိုင် ရေးနိုင်စေရန် ဆုတောင်းသည်…။ ကလူသစ်သည် အိမ်သူ သက်ထားကို မွေးနေ့လက်ဆောင် မပေးတတ်သော သူတယောက် ဖြစ်သည်ဟု သိရသည်…။ ထို့ကြောင့် သူ့မွေးနေ့မှာလဲ ဘာလက်ဆောင်မှ ရလိမ့်မည် မထင်။ ကလူသစ်အနေဖြင့် မွေးနေ့လက်ဆောင်ရလိုပါက အိမ်သူသက်ထားကို သူနှစ်သက်သော လက်ဆောင်များ မကြာခဏ ဝယ်ပေးခြင်း၊ သူငယ်ချင်း အပေါင်းအသင်းများကို စေတနာ ထက်သန်စွာဖြင့် ဘီယာတိုက်ခြင်း၊ မုန့်ကျွေးခြင်း စသော ကောင်းမှု ကုသိုလ် များများလုပ်ပါရန် တိုက်တွန်းသည်။ ပျော်စရာ မွေးနေ့ ဖြစ်ပါစေ ကလူသစ်ရေ…။

ဒီဇင်ဘာ ၁ ရက်နေ့ မှာ နောက်မွေးနေ့ရှင် နှစ်ယောက် ရှိနေသေးကြောင်း မကြာသေးခင်ကမှ သိလိုက်ရသည်။ တယောက်က ခပ်ရင့်ရင့် စာများကိုရေးသော ခပ်မိုက်မိုက် ဘလော့ဂ်ဂါ ခမမ ဖြစ်သည်။ နောက်တယောက်ကတော့ စားချင်စဖွယ် ဟင်းလျာများကို ပြင်ဆင် ချက်ပြုတ်ပြတတ်ပြီး ချစ်စရာ သားကလေး၏ တနေ့ထက် တနေ့ တိုးတက် ကြီးထွားလာပုံများကို အသေးစိတ် သေသေချာချာ ရေးပြတတ်သော မွန်မွန် ဖြစ်သည်။ ပျော်စရာ မွေးနေ့များ ကိုယ်စီ ပိုင်ဆိုင်နိုင်ကြစေကြောင်း ဆုတောင်းသည်။

မမျှော်လင့်ပဲ ချိုသော ဒီဇင်ဘာ မွေးနေ့ရှင် နောက်တယောက် ထပ်တိုးလာသည်...။ နှင်းဆီတခင်း ပန်းတခြင်းပိုင်ရှင် သိင်္ဂါကျော် ဖြစ်သည်...။ သူ ကော်မန့်လာရေးသွားမှ သိလိုက်ရသဖြင့် သူ့အတွက် မွေးနေ့ဆုတောင်းလေးကို ချက်ချင်း ဖြည့်စွက်ရေးသားလိုက်သည်...။ Sweet December ကို ချစ်တယ်… ငါ့ကို ချစ်တဲ့ သူငယ်ချင်းတွေ အားလုံးကို ချစ်တယ်… ခရစ်ယာန် မဟုတ်ပေမယ့် ခရစ္စမတ်စ် ကိုလည်း ချစ်တယ်… ဒီဇင်ဘာရေ… ငါ့အိပ်မက်တွေ အကောင်အထည်ဖော်ဖို့ ခွန်အားပေးပါနော် ဟူသော သူ၏ ဆုတောင်းအတိုင်း တလုံးတဝတည်း ပြည့်စုံစေကြောင်း ဆုတောင်းပေးလိုက်ပါသည်...။

ဒီဇင်ဘာ ၆ ရက် နှင့် ၁၂ ရက် မွေးနေ့ရှင်များကတော့ ဆွေမျိုး မိသားစုဝင် နှစ်ယောက်၊ ပြီးတော့ အလွန် ရင်းနှီးသော ငယ်သူငယ်ချင်းတို့၏ သားငယ် သမီးငယ်လေး နှစ်ယောက် ဖြစ်ကြသည်…။ မွေးနေ့ရှင် လူကြီး လူငယ်များ အသက်ရှည် ကျန်းမာပြီး လိုရာဆန္ဒ ပြည့်ဝကြစေရန် ဆုတောင်းသည်။

ဒီဇင်ဘာ ၁၄ ရက်… ကိုယ် ချစ်ရသော သူငယ်ချင်းတယောက်၏ မွေးနေ့… သူငယ်ချင်း စိတ်ချမ်းသာ ပျော်ရွှင်ပြီး အစစ အရာရာ အဆင်ပြေစေရန် အမြဲ ဆုတောင်းနေပါသည်။

ဒီဇင်ဘာ ၁၆ ရက် မွေးနေ့ရှင်မှာ ကိုယ်တို့အားလုံး ချစ်ခင်ကြရသော မမ ခင်ဦးမေ ဖြစ်သည်။ မမ စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာပြီး Shopping များများ ထွက်နိုင်စေကြောင်း၊ Blog မှာ ပိုစ့်တွေ များများ ရေးနိုင်စေကြောင်း၊ Blog တွေ များများ သွားရောက် လည်ပတ် ဖတ်ရှုနိုင်စေကြောင်း၊ ကော်မန့် များများ ပေးနိုင်စေကြောင်းတို့နှင့်အတူ နောင်နစ်ပေါင်းများစွာ များစွာတိုင်အောင် သက်ရှည် ကျန်းမာပြီး ချစ်သောသူများနဲ့ အတူတကွ ရှိစေကြောင်း ဆုတောင်းသည်…။ မမ ရေးသော ပိုစ့်တွေကြည့်လိုက်ရင် ည မိုးချုပ်ရုံသာမက မနက် အစောကြီးတွေမှာပါ တင်ထားတာ တွေ့ရသည်…။ အိပ်ရေးလဲ ဝအောင် အိပ်ပါ မမ…

ဒီဇင်ဘာ ၁၇ ရက်… သည်မွေးနေ့ရှင်မှာ စာရေး ကဗျာရေး ကောင်းပြီး ဓါတ်ပုံရိုက် တော်သည်ဟု လူသိများသည်။ ဤသို့ အောင်မြင်ကျော်ကြား လူကြိုက်များလှသော သူ၏ ဘလော့ဂ်ကို စိတ်တိုင်းကျ ဖွင့်ချည် ပိတ်ချည် ပြုလုပ်ရင်း အခု လက်ရှိ အချိန်မှာ အပြီးပိတ်ထားလိုက်ပြီဟု ယူဆရသော ဝရမ်းပြေး လူဆိုး ဘလော့ဂ်ဂါ တယောက်ဖြစ်သည်။ ခိုင်လုံသောရပ်ကွက်မှ ကြားသိရသော သတင်းအရ အနှီလူသားသည် ဘလော့ဂ်လောကကို ပြတ်ပြတ်သားသား သံယောဇဉ်ဖြတ် ကျောခိုင်းလိုက်သမှ ဘလော့ဂ်ဆို ဘယ်ဘလော့ဂ်မှ မဖတ်တော့ချေ ဟူ၏။ ထို့ကြောင့် ဤပိုစ့်ကို သူ ဖတ် မဖတ် မသေချာ… ဘာပဲဖြစ်ဖြစ် ကိုယ်ကတော့ သူ့မွေးနေ့အတွက် သတိတရ ဆုတောင်းပေးလိုက်ပါသည်…။ စိတ်သွားတိုင်း ကိုယ်ပါ လိုရာ ဆန္ဒ ပြည့်စေသောဝ်…။ လိုအပ်လျှင် လိုအပ်သလို မှီဝဲရန် ဇီးဖျော်ရည် ဆောင်ထားရသော အခြေအနေမှလဲ ကင်းဝေးပါစေသောဝ်…။

ဒီဇင်ဘာ ၂၀ မွေးနေ့ရှင်... ကိုယ် ဘာပဲ ရေးရေး ချစ်ခင်စွာ အစဉ်အမြဲ အားပေးတတ်သော၊ သုံးတန်းမှစကာ စက်မှုတက္ကသိုလ်မှာ အတူတူ ကျောင်းပြီးသည်မှ အခုချိန်အထိ ချစ်ခင် တလှည့် ရန်ဖြစ် တလှည့်နှင့် အနားမှာ အတူရှိနေသော၊ နေ့စဉ် နေ့တိုင်း မတွေ့ဖြစ်ကြသော်လည်း လိုအပ်ချိန်တိုင်းမှာ တယောက်ကို တယောက် အလိုက်တသိနှင့် နားလည် အားပေး ကူညီ စောင့်ရှောက်ကြရင်း ချစ်ခင်ရသော ငယ်သူငယ်ချင်းလေး ခိုင်… မွေးနေ့မှာ ပျော်ရွှင် ချမ်းမြေ့စေရန် ဆုတောင်းသည်…။ မွေးနေ့လက်ဆောင် ဝယ်ထားပြီးပြီ… မုန့်ကျွေးရန် စဉ်းစားထားပါလေ…။

ဒီဇင်ဘာ ၂၅… ခရစ်စမတ်နေ့ မွေးနေ့ရှင်… ဘဝအတွက် လက်တွဲဖေါ်ရနေသည်ကို အများပြည်သူတို့ ယုံမှား သံသယ မရှိရလေအောင် နှစ်ယောက်အတူ ကြည့်ထားသော ရုပ်ရှင်လက်မှတ် ခပ်ကြေကြေကို (ဘာကြောင့် ကြေနေသည်ကို မသိရသေး၊ စုံစမ်းဆဲ…) မျက်နှာစာအုပ်မှာ လာရောက် ပြသရ၊ သွားရ လာရ လည်ရ ပတ်ရ စားရ သောက်ရနှင့် မအားနိုင်အောင် ဖြစ်နေပြီး ဘလော့ဂ်ကို ပစ်ပစ်ခါခါ ပြုထားသော လူသား ကိုဘွိုင်းဇ် ၏ မွေးနေ့…။ မွေးနေ့ရှင် ကိုဘွိုင်းဇ် များမကြာမီ အချိန်အတွင်းမှာ ရုပ်ရှင်လက်မှတ်များသာမက ဖိတ်စာလှလှကိုပါ ပြသနိုင်စေကြောင်း ဆုတောင်းသည်။

ဒီဇင်ဘာ ၂၈ ရက်… ကိုယ့်ချစ်လှစွာသော အထက်လူကြီး၏ မွေးနေ့…။ သည်ဘလော့ဂ်ကို သူ မသိ၊ သည်စာလုံးများကို သူ နားမလည်၊ သည်စာမျက်နှာကို သူ မဖတ်တတ်သော်လည်း ဒီဇင်ဘာ မွေးနေ့ရှင်တယောက်အဖြစ် ဒီနေရာမှာ အရင် ဆုတောင်းပေးလိုက်ပါမည်…။ ပရိုဂျက်ကြီးကြီးတွေ များများရပြီး လာမယ့် တရုပ်နှစ်သစ်ကူးမှာ စာအိပ်အနီရောင် ခပ်ထူထူများ ရကြစေကြောင်း ရည်ရွယ်မျှော်မှန်း၍ ရုံးအဖွဲ့သားများ အားလုံး (မြန်မာ Department) ၏ ကိုယ်စား မွေးနေ့ ဆုမွန်ကောင်း တောင်းပေးလိုက်သည်…။ တောင်းတဲ့ ဆုနဲ့ ပြည့်စေသောဝ်…။

ကိုယ် သိသ၍ ဒီဇင်ဘာမွေးနေ့ရှင်များမှာ ဤမျှသာ။ အကယ်၍ ကိုယ်တို့ သိသော အပေါင်းအသင်း ရောင်းရင်းတွေထဲမှာ ဒီဇင်ဘာ မွေးနေ့ရှင်များ ကျန်ရှိနေပါက အသိပေးစေချင်သည်…။ မှတ်မှတ်သားသား စာရင်းတို့ထားကာ မမေ့မလျော့ ဆုတောင်းပေးပါမည်…။

မွေးနေ့ရှင်များအားလုံး ကိုယ့် ကိုယ်ပိုင်နေ့စွဲများကို အတတ်နိုင်ဆုံး အဓိပ္ပါယ်ရှိရှိနှင့် အကောင်းဆုံး ကျော်လွန် ဖြတ်သန်းစေရင်း၊ ကုန်လွန် ဖြတ်သန်းလာခဲ့သော နေ့စွဲများကို နောက်ပြန် လှည့်ကြည့်လိုက်တိုင်း စိတ်အနှောက်အယှက် ဖြစ်စရာများ၊ နောင်တရစရာများ မတွေ့ရလေအောင် ကြိုးစား စွမ်းဆောင်ရင်း၊ ကိုယ်တိုင် ယုံကြည်ရာ လမ်းမများ၊ ကိုယ် အလိုရှိရာ တောင့်တရာ အောင်မြင်မှုများဆီသို့ တလှမ်းချင်း တိုးဝင် လှမ်းလျှောက်သွားနိုင်ရန် ကြိုးစားရင်း၊ ကိုယ့် စိတ်ကူးများ အိပ်မက်များကို လက်တွေ့ အကောင်အထည်ဖေါ်နိုင်အောင် အားထုတ်ရင်း ကိုယ့် ကိုယ်ပိုင်နေ့စွဲလေးများကို အကြိမ်ပေါင်း မြောက်များစွာ ဆက်လက် ပိုင်ဆိုင်ကြစေရန် မျှော်လင့် ဆုတောင်းသွားကြရအောင်လေ…




18 comments:

  1. လိုက်ပြီးဆုတောင်းပေးလိုက်ပါတယ်။ ဒီဇင်ဘာ နှင်းတွေနဲ့အတူ အေးချမ်းကြပါစေ။ :)

    ReplyDelete
  2. Sweet December starts with a sweet post.
    Happy b'day to everyone in the post.

    ဒီဇင်ဘာမှာ လူပျိုဘ၀ကနေကျွတ်မယ့် ဟိုနာမည်ကျော် ဘလော့ဂါအစ်ကိုကြီးရဲ့ မင်္ဂလာရက်တော့ မှတ်ထားလိုက်သလားလို့... အဟက်... :D

    ReplyDelete
  3. မသက်ဝေ ဆုတောင်းပေးထားတဲ့ မွေးနေ့ရှင်တွေအားလုံး ကျန်းမာချမ်းသာကြပါစေ၊ မသက်ဝေနဲ့ အာလုံးလည်း ပျော်ရွင်ချမ်းမြေ့ကြပါစေ Sweet December !

    ReplyDelete
  4. ကျေးဇူးပါသက်ဝေ..

    ReplyDelete
  5. Hehe
    Lu Zoe. :-)
    Thank you soooooo much.

    Boyz

    ReplyDelete
  6. တို့များလည်း မနက်ဖန်ကျရင် ကိုယ်ပွားလေးတယောက်ရဲ့ မွေးနေ့ပွဲ ဆင်နွဲရဦးမယ်...

    ReplyDelete
  7. အားလုံးပေါင်းပြီး ဒီကနေ ဆုတောင်းပေးလိုက်မယ် ..
    မွေးနေ့မှာ ပျော်ရွှင်ကြပါစေ :-)

    ReplyDelete
  8. ကျေးဇူးတင်ပါတယ်။ ကောလဟာလတွေ မယုံပါနဲ့လို့ ပြောပရစေ။ :)

    ReplyDelete
  9. ကြည့်စမ်း ဖွား/ သေ စာရင်းဌာနမှာ အလုပ်လုပ်ခဲ့မှန်း ခုမှသိတော့တယ်.. ဒို့မွေးစာရင်းလေးလဲ ရှိသလားမသိဘူး..

    ReplyDelete
  10. သက်ဝေနဲ့အတူ အားလုံးအတွက် ဆုတောင်းပေးသွားပါတယ်...
    မွေးနေ့ရှင်တွေ....လက်ဆောင်ရရင် ဝေစုခွဲရမဲ့ စာရင်းထဲ တို့နာမည်လည်း မမေ့နဲ့နော်....
    ချစ်ကြည်အေး......တဲ့

    ReplyDelete
  11. ကျနော်လည်း ၀င်ဆုတောင်းသွား ဒီဇင်ဘာမွေးနေ့ရှင်များ အားလုံး ပျော်ရွှင်ချမ်းမြေ့ကြပါစေလို့း)

    ReplyDelete
  12. အစ်မရဲ့စာမျက်နှာပေါ်မှာ ဖော်ပြပေးတဲ့အတွက် ကျေးဇူး အထူးတင်ပါတယ်
    sweet december ကိုချစ်တဲ့ မွန်မွန်

    ReplyDelete
  13. ကျေးဇူးအများကြီး တင်ပါတယ် အန်တီသက်ဝေ :-D
    ခုလို သတိတရ ဆုတောင်းပေးတဲ့အတွက် တစ်မိသားစုလုံး ဒီဇင်ဘာလိုပဲ ချမ်းချမ်းချိုချို ပျော်ရွှင်ကြပါစေ ။

    ReplyDelete
  14. sweet Dec က ကိုယ့်မွေးနေ့...
    အဲဒါကြောင့် ဒီဇင်ဘာကို ချစ်တယ်..
    ဒီဇင်ဘာ မွေးနေ့ရှင်များလည်း ပျော်ရွှင်ပါစေ လို့ ဆုတောင်းပေးလိုက်ပါတယ်..

    ReplyDelete
  15. I love you.Thank you ...:) :)



    Khaing.

    ReplyDelete
  16. အပေါ်ကခိုင်က တို့သယ်ရင်းလား။ ခိုင်နှင့်တကွ အားလုံးသော ဒီဇင်ဘာဖွားများ ပျော်ရွှင်သောမွေးနေ့ဖြစ်ပါစေ။
    အန်တီသက်ဝေရဲ့ တူမလေးကျန်သွားတယ်။ ဂျူဂျူလဲ ဒီဇင်ဘာပဲဂျ။

    ReplyDelete
  17. မမသက်ဝေရဲ့ ဒီဇင်ဘာမွေးနေ့ရှင်များဆုတောင်းပွဲကို လာအားပေးပါတယ်...း)

    ခင်တဲ့
    မိုးငွေ့

    ReplyDelete
  18. ဒီဇင်ဘာမွေးနေ.ရှင်များ ကျန်းမာရွှင်လန်းပါစေ ..

    မမကွန်းမွေးနေ. 1612 ကို 4D ထိုးဦးမှ

    ကျွန်တော်ထီပေါက်အောင် မွေးနေ.ရှင်မှ ဒီဇင်ဘာလတစ်လလုံး သတ်သတ်လွတ်စားပါရန် (အသားမစားရန်) မေတ္တာရပ်ခံအပ်ပါသည်။ ခွိခွိ

    ReplyDelete

အမှတ်တရ ရေးခဲ့ပါ...