Wednesday, March 30, 2011

နှုတ်ဆက် အိပ်မက်


ဒီရက်ပိုင်းအတွင်းမှာ ရုံးမှာ ၃ နှစ်ကျော် ၄ နှစ်နီးပါး အတူတူ အလုပ်လုပ်ခဲ့တဲ့၊ လိမ်မာပြီး အားကိုးရတဲ့ မောင်လေးတယောက် အလုပ်ထွက်ပါတယ်။ နောက် ကိုယ်နဲ့ အနီးကပ်ဆုံး၊ အချစ်ဆုံး ငယ်သူငယ်ချင်း က အမေ့အိမ်ကို အပြီးပြန်သွားပါတယ်။ ပြီးတော့ ဧပြီလထဲမှာ နိုင်ငံပြောင်းတော့မယ် သူငယ်ချင်း မဆွီတီ…။

မျက်နှာစာအုပ်မှာ မဆွီတီရေးခဲ့တဲ့ စာလေးအတိုင်းပါပဲ… အနီးအနားမှာ ရှိနေတုန်းကတော့ ဖုန်းတောင် တခါတရံမှ ပြောဖြစ်၊ အကြောင်းကိစ္စရှိမှ လူချင်းတွေ့ဖြစ်ကြပေမယ့် သူတို့တွေ ကိုယ်နဲ့ မလှမ်းမကမ်းမှာ ရှိနေကြတာပဲ၊ တွေ့ချင်ရင် အချိန်မရွေး တွေ့နိုင်တာပဲ ဆိုတဲ့ အသိနဲ့ စိတ်ချ လက်ချရှိပြီး နေပျော်ခဲ့တယ်။ အခုလို ခွဲကြရပြန်တော့ သူတို့ သူတို့တွေနဲ့ နောက် ဘယ်အချိန်ကျမှ ပြန်ဆုံနိုင်ပါ့မလဲဆိုတဲ့ အသိနဲ့ စိတ်မကောင်းဖြစ်ရပါတယ်…။ အဲဒီစိတ်အတွေးတွေကြောင့် မနေ့ညက အိပ်မက်တခုကို မက်ခဲ့ပြီး အိပ်ရာက နိုးလာချိန်မှာလဲ အိပ်မက်ကို ထင်ထင်ရှားရှား မှတ်မိနေခဲ့ပါတယ်။

ဘာပဲဖြစ်ဖြစ် Life has to move on… မဟုတ်လား…။
ကောင်းသော ပြောင်းလဲခြင်း၊ ကောင်းသောခွဲခွာခြင်းနဲ့ ခရီးဆက်ကြတဲ့ သူတို့ သုံးယောက်ရဲ့ ရှေ့ခရီးမှာ အစစ အရာရာ အောင်မြင် အဆင်ပြေကြစေဖို့ ဒီပိုစ့်လေးနဲ့ နှုတ်ဆက် ဆုတောင်းလိုက်ပါတယ်…။


နှုတ်ဆက် အိပ်မက်

ကြယ်ရောင် လရောင်များ အလျဉ်းကင်းစင်ကာ ညက မှောင်မိုက်သွားပြီ…။ တနေ့တာ သွားလာ လှုပ်ရှားခဲ့သမျှ၊ တွေ့ကြုံခဲ့ရသမျှတွေကို ပြန်လည်တွေးတောနေရင်း တော်တော်နှင့် အိပ်မပျော်။ သို့သော် အချိန်က မနည်းတော့… ကြိုးစားပြီး အိပ်သင့်နေပြီ။

သည်လိုနှင့်… ကိုယ့်ကိုယ်ကိုယ် နိုးနေသည်လား၊ အိပ်ပျော်နေသည်လား မသေချာခင်မှာပင် အိပ်မက်တခုကို ပီပီသသကြီး မက်မြင်ခဲ့သည်။ ထူးထူးဆန်းဆန်း… အိပ်မက်ထဲတွင် ပန်းချီကားတချပ်ကို ကိုယ်တိုင် ကိုယ်ကျ ဖန်တီးနေခဲ့သည်။ သုံးချောင်းထောက် သစ်သားစင်ပေါ်မှာ ကင်းဗတ်စ ဖြူဖြူတခု၊ အနားက စားပွဲငယ်လေးပေါ်မှာ ရေဆေး ဆီဆေး ရောင်စုံ… စုတ်တံ အကြီး အသေး အရွယ်အစား အစုံအလင်…။

*****

အပြင်မှာ တခါမှ ပန်းချီမဆွဲဖူးသော်လည်း အိပ်မက်၏ အစမှာပင် စုတ်တံအပြားကြီးကြီးတချောင်းကို ဟန်ကျပန်ကျ ကိုင်တွယ်ကာ ပန်းချီကားချပ်တခုကို စိတ်ရော ကိုယ်ပါ နှစ်ကာ စတင်ဖန်တီးခဲ့တာ ဖြစ်သည်။ အမည်းရောင် ဆေးတွေကို စုတ်တံမှာ စွဲနစ်နေစေကာ ပထမဆုံး စုတ်ချက်ကို ကင်းဗတ်စပေါ်တွင် ထင်စေခဲ့သည်။ ထိုဆေးချက်များသည် ကျောခိုင်းနေသော လူပုံတွေဟု သိသာ ထင်ရှားစေသော ဒေါင်လိုက် ရှည်မျောမျော ပုံသဏ္ဍါန်များ ဖြစ်ကြသည်…။ ထိုနောက် စုတ်တံအသေးကိုယူပြီး ရှိနေပြီးသား ဆေးချက်တွေအပေါ် အသာအယာ တို့ကာ ထိကာ ပြင်ဆင်လိုက်သောအခါ စောစောက လူပုံတွေမှာ မိန်းမ ယောင်္ကျား ဟူသော ဆန့်ကျင်ဖက် အသွင်တွေ တမဟုတ်ချင်း ထင်ဟပ်လာတော့သည်။

ထို့နောက် အဖြူရောင်ဆေးများ ခပ်ဖွဖွ တို့ထိထားသော စုတ်တံကို သုံးကာ ပန်းချီကားကို အရောင်ညှိပေးခဲ့လေသည်။ ထိုအခါ အနက်ရောင်မှတဆင့် အနည်းငယ် အရောင်ဖျော့သွားသော မီးခိုးရောင် ဒေါင်လိုက်စင်းများ ကို တွေ့လာရသည်။ ကျောခိုင်းနေသော လူသုံးယောက် တွင် အမျိုးသမီးက နှစ်ယောက်၊ အမျိုးသားက တယောက်မှန်း ပေါ်လွင် သိသာ လာစေခဲ့သည်။ တချိန်တည်းမှာ ပီသလာသော စုတ်ချက်တွေကို ကြည့်ရင်း ကျေနပ် ကြည်နူးရမည့်အစား စိတ်ထဲတွင် ဝမ်းနည်းစိတ်မျိုးလည်း ဖြစ်ပေါ်နေခဲ့သေးသည်။

ထို့နောက် ခပ်သေးသေး စုတ်တံတခုကို ကိုင်ကာ မိုးစက် မိုးပေါက်များကို ခပ်ကျဲကျဲ ရွာသွန်းစေခဲ့ပြီး ထီးသုံးလက်ကို ပုံဖေါ်ရင်း သူတို့သုံးယောက်ကို သေသေသပ်သပ် အုပ်မိုးစေခဲ့ပြန်သည်။ ထီးအရွက်မှာ အဖြူရောင်သက်သက်သာ ဖြစ်စေခဲ့ပြီး ထီးရိုးတွေကိုတော့ အမည်းရောင်များဖြင့် ချယ်မှုန်းခဲ့သည်။ သိပ်မကြာသော အချိန်အတွင်းမှာ လူသုံးယောက် ထီးကိုယ်စီ ကိုင်ဆောင်းကာ မိုးမှုန် မိုးငွေ့တွေအကြား တရွေ့ရွေ့ ကျောခိုင်းထွက်ခွာ သွားနေကြသော ပန်းချီကား တချပ် အသက်ဝင်လာတော့သည်။

ပန်းချီကား တချပ်လုံးတွင် အမည်းရောင် မီးခိုးရောင်နှင့် အဖြူရောင် အရောင်ငြိမ် သုံးရောင်ဖြင့်သာ ပါဝင်ဖွဲ့စည်းထားသည်။ သိပ်အသေးမစိပ်လှသော စုတ်ချက်များဖြင့် ဖန်တီးထားသော်လည်း မြင်လိုက်ရသူတိုင်း ပီပီသသ ကြည့်မြင် ပုံဖေါ်နိုင်သော ပန်းချီကား တချပ်ဖြစ်သည်။

*****

အိပ်ရာမှ နိုးလာချိန်သည် ပြူတင်းပေါက်မှ မြင်ရသလောက် ကောင်းကင်တခုလုံး မှိုင်းမှောင်နေကာ မိုးတွေက တဖျောက်ဖျောက်နှင့် ရွာသွန်းနေချိန်ဖြစ်သည်။ ကော်ဖီပူပူတခွက်ကို အမြန်ဖန်တီးကာ မိုးစက်များကို ငေးကြည့်ရင်း ညက အိပ်မက်ကို ပြန်လည် ခေါ်ယူကာ အဓိပ္ပါယ်ဖေါ်ကြည့်မိသည်။

ကျောခိုင်းထွက်ခွာသွားသူ လူသုံးယောက်သည် မီးခိုးရောင် မှိန်ပြပြ အသွင်သဏ္ဍါန်ရှိကြသည့်အတွက် တကယ်တမ်း လူချင်း ဝေးသွားကြသော်လည်း စိတ်အတွေးတွေ မဝေးကြ၊ တယောက်ကို တယောက် ရုပ်ခြင်းသာ ခွဲခွာသွားကြခြင်း ဖြစ်ရမည်ဟု တွေးမိသည်။ ကျောခိုင်းသွားသူများ၏ ရုပ်သွင်တွေက မားမားမတ်မတ်ရှိလှသောကြောင့် သူတို့သုံးယောက်သည် ခိုင်မာသော ခရီးတခုကို ရွေးချယ်ကာ ဖြောင့်ဖြောင့်တန်းတန်း ခရီးနှင်ခြင်းသာ ဖြစ်မည်။ တဖွဲဖွဲကျနေသော မိုးစက်တွေက အေးချမ်းသော အသွင်ကို ဆောင်ပြီး ထီးကိုယ်စီ လက်ဝယ် ကိုင်မိုးထားသောကြောင့် သူတို့၏ ရှေ့ဆက် ခရီးတလျှောက်တွင် အမိုးအကာတို့ဖြင့် ပြည့်စုံ လုံခြုံနွေးထွေးစေမည်မှာလည်း သေချာနေပြန်သည်။ ဖြူလဲ့လဲ့ ကင်းဗတ်စပေါ်တွင် ရွေ့လျားနေကြသော ဒေါင်လိုက်စင်း စုတ်ချက်တွေကြောင့် သူတို့ သုံးယောက်၏ ရှေ့ဆက်ရာ ခရီးလမ်းတွေသည် ဖြူစင် ကြည်လင်ကာ ချောမွေ့နေမည်ဟုလည်း ကိုယ်တိုင် ယုံကြည်နေမိပြန်သည်။

လူတိုင်း လူတိုင်း တနေ့မဟုတ် တနေ့မှာ ခွဲခွာခြင်းတွေကို နည်းအမျိုးမျိုး၊ ပုံစံအမျိုးမျိုးဖြင့် ကြုံကြရမည် မလွဲ။ ယခုကဲ့သို့ ကောင်းမွန်သော ခွဲခွာခြင်းမျိုးကို ဝမ်းနည်းမနေပဲ ကြည်လင်စွာ လက်ခံကြိုဆိုရမည်ပေါ့…။ ထိုအတွေးတွေဖြင့် ကိုယ့်အိပ်မက်ကို ကိုယ်တိုင် သဘောကျ ကျေနပ်သွားသည်။

သောက်လက်စ ကော်ဖီခွက်ထဲမှ ကော်ဖီနွေးနွေးကို ဆက်တိုက် မော့ချလိုက်ရင်း မနေ့ညက ဝမ်းနည်းနေသော စိတ်တွေ လျှော့ပါးသွားပြီး ကြည်လင်သော စိတ်အစဉ်ဖြင့်…။ ခဏနေရင် ရေမိုးချိုးပြီး အလုပ်သွားဖို့ ပြင်ဆင်တော့မည်။ မီးခိုးရောင် မှိုင်းမှိုင်း ကောင်းကင်ပေါ်မှ မိုးစက်များကတော့ တဖျောက်ဖျောက်နှင့် အဆက်မပြတ် ရွာသွန်းနေဆဲ… သို့သော် ကောင်းသော နေ့သစ်တခုကတော့ ပီပီသသကြီး အစပြုခဲ့ချေပြီ်။




မှတ်ချက် - ကိုယ့်အိပ်မက်ထဲက ပန်းချီကားလေးကို အနီးစပ်ဆုံး ပုံဖေါ်ပေးခဲ့တဲ့ ညီမ ပန်ပန့်ကို အထူး ကျေးဇူးတင်ပါတယ်။

Sunday, March 27, 2011

သူမပြောသော အချစ်အကြောင်း (မောင်)

ကျွန်မ မောင့်ကို စတွေ့သော အချိန်မှာ ကြည်နူးလွမ်းမောဖွယ်ရာ မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ကျနေသော အချိန်လည်းမဟုတ်၊ နှင်းပွင့်ဖြူဖြူတွေ တဖွဲဖွဲ ကျနေသော အချိန်လည်း မဟုတ်ပါ။ ခြောက်သွေ့ပြီး ပူလောင်အိုက်စပ်လှသော နွေနေ့လည်ခင်း တခုမှာ… ပြီးတော့ လူနှစ်ယောက် ရှောင်လို့ လွတ်ရုံသာ ရှိသော ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ ကျွန်မက မောင်ရှိရာ ကျူရှင်ကို ကျောင်းသူအသစ်အဖြစ် အလာ၊ မောင်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး…။ ကျွန်မ မောင့်ကို စတွေ့လိုက်သော အချိန်မှာ မောင့်မျက်နှာပေါ်က နေကာမျက်မှန်ကြောင့် မောင့်မျက်လုံးတွေကို မမြင်ရသော်လည်း နှုတ်ခမ်းက လက်ကနဲ တောက်ပသွားသော မောင့်အပြုံးကို ကျွန်မ မြင်လိုက်ရသည်။ နွေအပူနှင့် စာမေးပွဲ အပူများအပေါ် ထပ်ဆင့်ဖိစီးသော အပူတခု ရင်ထဲကို ရောက်လာသည်ဟု ကျွန်မ သိလိုက်သည်။ ပြီးတော့ ထိုအရာသည် ကျွန်မ မျှော်လင့်မထားခဲ့သော အချစ် ဖြစ်နေလေသည်။ ထိုနေ့က ကျူရှင်ကို မောင်ပြန်လာလိမ့်နိုး မျှော်နေရင်း ဆရာမ စာသင်နေတာကို နည်းနည်းမှ အာရုံစိုက်၍ မရခဲ့။ သို့သော် မောင် ပြန်မလာပါ။ အမှန်ဆိုလျှင် ကျောင်းပြေးတတ်၊ ကျူရှင်ပြေးတတ်သောသူများကို ကျွန်မ မုန်းပါသည်။ သို့သော် အချစ်သည် မျက်နှာလိုက်တတ်သည်လေ။

သည်လိုနှင့် နောက်ရက်အနည်းငယ်အကြာမှာ မောင်နှင့် ကျွန်မတို့ အချစ်အကြောင်း ပြောဖြစ်ခဲ့ကြသည်။ အရပ်ရှည်ရှည် ပိန်ပိန်ပါးပါး အသားဖြူဖြူ၊ နှုတ်ခမ်းနီနီ၊ အပြုံးအရယ် နည်းသော်လည်း သဘောကောင်းသော မျက်နှာပိုင်ရှင် ကောင်ကလေးတယောက်သည် အင်မတန်မှ စိတ်တို စိတ်ဆိုးလွယ်တတ်သည်ဟု ကျွန်မ နည်းနည်းမှ မရိပ်မိခဲ့ပါ။ ကျွန်မကိုက လူအကဲခတ် ညံ့၍ ဖြစ်ပါလိမ့်မည်။ အရောင်ဖျော့ဖျော့ ရှပ်အင်္ကျီနှင့် ချည်ပုဆိုး အကွက် စိတ်စိတ်လေးများကို သပ်ရပ်စွာ ဝတ်ဆင်တတ်သော မောင့်ကို အရင်က စာသင်ခန်းထဲမှာ တခါတလေလေးမျှပင် မတွေ့မိခဲ့ပါ။ ကျွန်မနှင့် ချစ်သူတွေ ဖြစ်ပြီးမှ မောင်က စာသင်ခန်းထဲကို ရောက်ဖူးသူ ဖြစ်ပါသည်။ ပြီးတော့ မောင်က နေကာမျက်မှန် နှင့် ဆေးပေါ့လိပ်ကို သိပ်ကြိုက်သူဖြစ်သည်။ ချစ်သူတွေ ဖြစ်ပြီးသွားသောအခါ မောင့်မျက်လုံးတွေကို အချိန်တိုင်း မြင်နေချင်တယ် ဟု ကျွန်မပြောမှ ထိုမျက်မှန်အမည်းကို ချွတ်ဖေါ်ရသူ ဖြစ်သည်။ သို့သော် တခြားမိန်းကလေးတွေလို မောင် ကျွန်မကို ချစ်ရင် ဆေးလိပ် မသောက်ရဘူးနော်... ဟု မပြောခဲ့ပါ။ မောင်က ရေမွှေးမသုံးတတ်သောကြောင့် ဆေးလိပ်နံ့သည် မောင့်အမှတ်အသားတခု ဖြစ်ခဲ့သည်။ ကလေးလေး ဟု ခေါ်လေ့ရှိသော မောင့်အသံသည် ကျွန်မအတွက် အချိုမြဆုံး ဂီတသံစဉ်တခု ဖြစ်ပါသည်။ စိတ်ဆိုးသောအခါ ခေါ်တတ်သော ဟိတ်ကောင်လေး ဆိုသည့် မောင့်အသံမာမာသည်ပင် ကျွန်မနားထဲသို့ ချိုသာ ငြိမ့်ညောင်းစွာ စီးဝင်တတ်ပါသည်။

ချစ်သူဘဝမှာ မောင်က မကြာခဏ စိတ်ဆိုးတတ် စိတ်ကောက်တတ်သည်။ မောင်အများဆုံး စိတ်ဆိုးရသော အကြောင်းရင်းမှာ ကျွန်မ ကျောင်းနောက်ကျခြင်းကြောင့် ဖြစ်သည်။ မောင်က နေ့တိုင်း ကျောင်းကို အစောကြီးရောက်နေတတ်ပြီး ကျွန်မကိုလဲ ကျောင်းစောစောလာဖို့ အမြဲမှာတတ်သည်။ ကျွန်မက ကျောင်း အချိန်ဇယားကို အိမ်မှာ ကပ်ထားရသူ၊ အချိန်အတိအကျ အိမ်က လိုက်ပို့ပေးမှ ကျောင်းလာရသူ ဆိုတာ မောင့်ကို အကြိမ်ကြိမ် ပြောပြထားသော်လည်း မောင်က သူ လာစေချင်သောအချိန်မှာ ရောက်မလာတိုင်း ဘယ်တော့မှ မရိုးနိုင်အောင် စိတ်ဆိုး စိတ်ကောက်မြဲ…။

ကျွန်မက အလွယ်တကူ စိတ်မကောက်တတ်၊ စိတ်မဆိုးတတ်ပါ။ သို့သော် မောင့်ရည်းစားဟောင်း ကျောင်းကို အလည်လာသောနေ့ကတော့ စိတ်ဆိုးသည်လည်း မဟုတ်၊ စိတ်ကောက်သည်လဲ မဆိုနိုင်ပဲ ဝမ်းနည်း အားငယ်စိတ်တို့ဖြင့် ကျွန်မ တယောက်တည်း စာကြည့်တိုက်မှာ သွားထိုင်နေခဲ့ဖူးပါသည်။ နေ့လည် ထမင်းစားချိန်လွန်တော့မှ မောင်ရောက်လာပြီး အနားမှာ ငူငူငိုင်ငိုင်ဖြင့် လာထိုင်ပါသည်။ စကားတော့ တခွန်းမှ မပြော..။ အနားမှာ မောင်ရှိနေလျက်နှင့် တိတ်ဆိတ်နေခြင်းကို ကျွန်မ သည်းမခံနိုင်ပါ။ ထို့ကြောင့် ကျွန်မကပင် စတင်ကာ ထမင်းစားပြီးပြီလားဟု မေးမိပါသည်။ တခြားသူငယ်ချင်းတွေလဲ ပါလာလို့ ထမင်းလိုက်ကျွေးရင်း စားခဲ့ပြီးပြီ… ဟု မောင်ပြောလာသောအခါ ဝမ်းနည်းသော်လည်း မျက်ရည်မဝဲပဲ ပြုံးပြ ခေါင်းညိတ်နိုင်ခဲ့ပါသည်။ အို… အရင်တုန်းက ချစ်ခဲ့ဖူးတာပဲ အခုမှ မချစ်တော့တာ ဟု မောင်ပြောလာသည်အထိ စောင့်မနေတော့ပဲ ကိုယ့်ဖာသာ ကောက်ချက်ဆွဲပြီး စိတ်ပြေတတ်သူမှာ ကျွန်မသာ ဖြစ်ပါသည်။

ပြီးတော့ မောင့်ကို ဖွင့်မပြောရက်သော်လည်း ကျွန်မက နောင်လာမယ့် ကံကြမ္မာကို ကြိုမြင်ပြီးသားသူတယောက်၊ ရှေ့ရေးကို ဗေဒင် မေးစရာ မလိုအပ်။ ထို့ကြောင့် မောင်နဲ့ ချစ်ရသမျှ အချိန်လေးမှာ စိတ်ချမ်းသာ ပျော်ရွှင်မှုကသာ အရေးကြီးသည်ဟု တွေးထားသည်။

တပတ်ကို ကျောင်းတက်ရက် ငါးရက်၊ စနေ တနင်္ဂနွေ ကျူရှင် နှစ်ရက်… ထို့ကြောင့် နေ့တိုင်း မောင်နှင့် တွေ့ရသည်။ မောင်နဲ့အတူတူရှိနေချိန်များသည် ကျွန်မဘဝ၏ စိတ်အချမ်းသာဆုံးနှင့် အပျော်ရွှင်ဆုံး အချိန်များဖြစ်ကြသည်။ စာအတူတူ ကျက်ကြသည်။ ခက်ခဲသော ပုစ္ဆာများကို အတူတူ စဉ်းစားကြသည်။ ငြင်းခုန်ကြသည်။ အဖြေရသွားလျှင် ပျော်ရွှင်ကြသည်။ လက်တွေ့အချိန်များတွင် နေရာကွဲသွားသောကြောင့် တယောက်ကို တယောက်က ခပ်လှမ်းလှမ်းမှ ခိုးကြည့်ကြသည်။ အကြည့်ချင်းဆုံသွားလျှင် မောင်က မျက်စိမှိတ်ပြတတ်သည်။ ပုံဆွဲအချိန်များတွင်တော့ စားပွဲကို ဘေးချင်းကပ် နေရာယူပြီး အတူတူဆွဲကြသည်။ စကားတွေ ပြောကြသည်၊ ရယ်မောကြသည်၊ ကွန်ပတ်စ်တွေ ခဲတံတွေ လုကြသည်…။ ထိုပုံဆွဲအချိန်များ ဘယ်တော့မှ မကုန်ပါစေနဲ့ဟု ကျွန်မက ဆုတောင်းတတ်၏။ ဤသို့ မောင်နှင့်အတူ ကျောင်းမှာ ပျော်နေတတ်သော ကျွန်မကို ကျောင်းပြေးရန် စကားစလာသူမှာ မောင်ဖြစ်သည်။

သည်လိုနှင့် ကျွန်မတို့ နှစ်ယောက် ကျောင်းပြေးကြသည်။ မြို့နှင့် ခပ်လှမ်းလှမ်းကို ကားမောင်းသွားကြသည်။ လမ်းမကြီးဘေးမှ ယာခင်းတွေနားမှာ ကားရပ်ပြီး စကားတွေပြောကြသည်။ သစ်သီးများရောင်းသော ဆိုင်သေးသေးလေးတွေမှာ ဖရဲသီများ ဝယ်စားကြသည်။ ကျွန်မ မကြိုက်သော ဖရဲသီးသည် မောင့်ကြောင့် ချိုနေသည်…။ ထုံးဖြူဖြူနှင့် ဘုရားတွေ တွေ့လျှင် ဝင်ဖူးကြသည်။ အလှူခံပုံးတွေတွေ့လျှင် အလှူငွေ ထည့်ကြသည်။ တချို့အလှူခံသော နေရာများမှာ ကျွန်မတို့နှစ်ဦး၏ အမည်နာမကို ဦးတွေ ဒေါ်တွေ တပ်ကာ စပီကာဖြင့် အော်ပြီး သည်ဇနီးမောင်နှံ အိုအောင် မင်းအောင် ပေါင်းရပါစေ ဟု ဆုတောင်းပေးသောအခါ နှစ်ယောက်သား ရှက်ရှက်နှင့် ပျော်ရွှင်ကြရတာ မှတ်မိသေးသည်။ သည်လိုနှင့် ပျော်စရာ ရက်တွေ တရက်ပြီး တရက် ကုန်လွန်လာခဲ့သည်။ တရက် ကုန်သွားပြီးတိုင်း နောက်တရက်ကို ရောက်ရန် စိတ်စောတတ်ကြသည်…။ ညနေစောင်းလို့ အိမ်ပြန်ရချိန်တွေတိုင်းမှာ မောင်က မျက်နှာပျက်တတ်သည်။

စနေ တနင်္ဂနွေ ကျူရှင်ချိန်များမှာ ဘာသာ တခုနှင့်တခု ကြား သူငယ်ချင်းတွေ မုန့်သွားစားနေကြချိန်များတွင် ကျွန်မက အအေးတဗူး၊ ပေါင်မုန့် တချပ်နှင့် မောင့်အနားမှာ နေကျန်ခဲ့မြဲ…။ ထိုအချိန်များတွင် မောင်က ဂီတာတီးပြတတ်သည်။ သီချင်းတော့ မဆို၊ ဂီတာသံ သက်သက်သာ၊ မောင်တီးလေ့ရှိသော သီချင်းမှာ “ဆံပင်ရှည်ရှည် အရပ်မြင့်မြင့် ကိုယ့်ချစ်သူလေး…” ဟူသော သီချင်း ဖြစ်သည်။ ကြာလာတော့ အင်ထရိုလေး စဝင်လိုက်သည်နှင့် ကျွန်မက ထိုသီချင်းကို အလွတ်မှတ်မိနေတော့သည်…။ ပြီးတော့ မောင်က ပြောသေးသည်။ ဟိုး စစချင်း လှေခါးတဆစ်ချိုးလေးမှာ တွေ့တဲ့နေ့က ကျွန်မ မသိအောင် ဆံပင်အဖျားလေးကို ထိကိုင်လိုက်သတဲ့…။ အဲဒါကို မသိလိုက်ဖူး မဟုတ်လား… လို့ မေးလာသည်။ ထိုအခါ ကျွန်မက မောင် ရှက်သွားမှာစိုးပြီး ဟင့်အင်း မသိလိုက်ပါဘူး လို့ ငြင်းတာ… အမှန်ကတော့ ကျွန်မ မသိပဲ နေပါ့မလား…။

မောင်နှင့် ကျွန်မတို့၏ အချစ်အကြောင်းကို ပြောပြပါဆိုလျှင် ဘာကိုမှ ထူးထူးခြားခြား ပြောစရာမလို။ အချိန်တိုင်းသည် အချစ်အကြောင်းတွေသာ ဖြစ်နေ၏။ မောင့် အပြောအဆို၊ အပြုအမူ၊ မောင့် လှုပ်ရှားမှုတွေတိုင်းသည် အချစ်ဖြစ်သည်။ မောင် ကျွန်မကို စာရှင်းပြနေချိန်များ၊ မောင် ကျွန်မကို ခေါင်းဖြီးပေးနေချိန်များ၊ မောင် ဂီတာတီးပြနေချိန်များ၊ နောက်ဆုံး မောင် စိတ်ဆိုး စိတ်ကောက်နေချိန်များ… ဒါတွေအားလုံးသည် အချစ်အကြောင်းတွေသာ ဖြစ်သည်။

စာမေးပွဲအပြီး ကျောင်းပိတ်ရက်ရှည်တွေမှာ မောင်က မွေးရပ်မြေကို ပြန်သွားသောကြောင့် လွမ်းရပြန်သည်။ စာတွေ အပြန်အလှန် ရေးကြသည်။ ဖုန်းတော့ သိပ်မဆက်ဖြစ်၊ ဖုန်းဘေလ်လာလျှင် အိမ်က သိသွားမှာ ကြောက်ရသောကြောင့် ဖြစ်သည်။ တခါတခါတော့ မောင်က ဆက်တတ်သည်။ လူကြီးများ နည်းနည်းလစ်လျှင် စကားတိုးတိုး ပြောဖြစ်ကြသည်။ သည်လိုနှင့် သိပ်မကြာခင်မှာ ကျွန်မ ကြိုတင်မျှော်လင့်ပြီး ဖြစ်သည့်အတိုင်း မောင်နဲ့ အဝေးဆုံးကို ဝေးသွားဖို့ သေချာသွားခဲ့သည်။ ကျွန်မမှာ ရွေးချယ်ပိုင်ခွင့် မရှိခဲ့ပါ။ ထိုအကြောင်းကို မောင့်ထံ စာရေးပြီး ပြောပြသောအခါ မောင်က မိဘတွေကို ခေါ်လာပြီး လာရောက် တောင်းရမ်းမည်ဟု ဆိုသည်။ ကျွန်မက တွေဝေစွာဖြင့် သတ္တိနည်းခဲ့သလို မောင်ကိုယ်တိုင်ကလည်း ရှေ့ဆက်တိုးလာဖို့ အားငယ်နေခဲ့သည်။ ရွှေလက်စွပ် မောင်းကွင်းလေး တကွင်း ကျွန်မလက်ထဲသို့ ရောက်လာချိန်တွင် ပြင်းပြင်းပြပြ သတိရ တမ်းတမိသူမှာ မောင်သာ ဖြစ်သည်။

အောင်စာရင်းထွက်သောနေ့က မောင် ကျောင်းကို ပြန်ရောက်လာသည်။ မောင့်ကို သွားတွေ့မှ ဖြစ်မည်ဟု ဆုံးဖြတ်လိုက်သည်။ သည်လိုအခြေအနေတွေ ကြားမှပင် ကျွန်မ မောင့်ကို တကယ်ချစ်ကြောင်း မောင် ယုံကြည်စေချင်သေးသည်။ အတ္တကြီးသူ၊ တကိုယ်ကောင်းဆန်သူ၊ သတ္တိနည်းပြီး သွေးကြောင်သူ စသော ဝေါဟာရများကိုသုံးပြီး မောင် အပြစ်တင်လျှင်လည်း ခေါင်းငုံ့ခံလိုက်မည်။ မောင် စကားနာထိုးလျှင်လည်း ပြုံးနေလိုက်မည်။ မောင် စိတ်ကောက်လျှင်တော့ မောင့်ပုခုံးကို မှီတွယ်ရင်း နှုတ်ဆိတ်နေလိုက်မည်။ သည်လိုတွေးပြီး မောင့်ဆီကို ဖုန်းဆက်ကာ လာတွေ့မည်ဟု ပြောလိုက်သည်။ ထိုအခါ မောင်က စကားတခွန်းကို တိုးတိုးညင်သာ ပြောခဲ့ပါသည်…။ မှတ်ပုံတင် ယူလာခဲ့နော် တဲ့…။

ထိုနေ့က အိမ်မှ ထွက်ခါနီးအထိ ကျွန်မစိတ်ထဲမှာ ဒွိဟ ဖြစ်နေပါသည်။ တကယ်တော့ မှတ်ပုံတင်လေးက ကျွန်မရဲ့ ပိုက်ဆံအိတ်ထဲမှာ ရောက်နှင့်နေပြီးသား… ပြီးတော့ လက်မှာ ဝတ်ထားသော လက်စွပ်ကလေး…။ သည်အရာနှစ်ခုအနက်က တခုသာ ယူသွားသင့်သည်ဟု တွေးရင်း ဘယ်အရာကို ပြန်ထားခဲ့ရမှန်း မဝေခွဲတတ်…။ တညလုံးလဲ အိပ်မပျော်၊ နောက်တနေ့ကိုရောက်ဖို့ စိတ်စောနေခဲ့သည်။

တကယ်တမ်း မောင်နှင့်တွေ့ကြသောအခါ ဘယ်တုန်းကမှ ဘာမှ ဖြစ်မထားခဲ့ကြသော သူတွေလို၊ သာမန် တွေ့နေကျပုံစံမျိုးနှင့် သက်တောင့် သက်သာ ရှိနေခဲ့သည်။ ထူးထူးခြားခြား ဘာစကားမှ မဆိုဖြစ်ကြ။ ရန်ကင်းမှာ နေ့လည်စာ သွားစားကြပြီး မောင်က မြို့ပြင်ဖက်သွားရန် ပြောသည်။ ကျွန်မက ခေါင်းခါပြလိုက်မိသည်။ နောက်တော့ မောင် ဘာမှ ထပ်မပြောတော့ချေ။ မှတ်ပုံတင်ပါသလားလို့လည်း မောင်က မမေးတော့ ကျွန်မလည်း မပြောဖြစ်ခဲ့။ ကျွန်မ လက်ထဲက လက်စွပ်ကလေးကို မောင်က လာကိုင်ကြည့်နေသေးသည်။ ဆုတ်သာ တက်သာ ဆိုသော အခြေအနေမှာ မရှိတော့သည်ကို မောင် ရိပ်မိပုံရသည်။ ကျွန်မချစ်သော မောင်က အခါများစွာမှာ စိတ်ဆိုးလွယ်သော်လည်း ဒီအချိန်လေးမှာတော့ စိတ်ဆိုးမနေခဲ့၊ တဇွတ်ထိုးမဆန်ခဲ့၊ အနိုင်မယူခဲ့၊ လူကြီးဆန်ပြီး ကျွန်မကို ငဲ့ညှာခဲ့သည်။

အိမ်ရောက်တော့ အိတ်ထဲမှာ ပြန်ပါလာသော မှတ်ပုံတင်ကဒ်ပြားလေးကို ထုတ်ယူရင်း ခုနကသာ ဒါလေးကို မောင့်ကို ပြခဲ့မိလျှင် အခြေအနေတွေ တမျိုးတဖုံ ပြောင်းလဲသွားနိုင်ကြောင်း တွေးရင်း နောင်တ မျက်ရည် ကျမိပါသည်။ ပြီးတော့ မောင့်ကို ချစ်ခင် မြတ်နိုးစိတ်၊ သနားကြင်နာစိတ်တို့နှင့်အတူ ကျေးဇူးတင်မိပါသည်။

နီးစပ်ဖို့ ခက်ခဲသော ဘဝနှစ်ခု ဖြစ်မှန်း အစထဲက ကျွန်မ သိခဲ့ပါသည်။ သို့သော် အချစ်ဆိုသည်ကား ဖန်တီး၍ မရသလို အချစ်တခု ဖြစ်တည်လာခဲ့သောအခါတွင်လည်း တားဆီး ဖျောက်ဖျက်၍ မရပါ။ သူ့အလိုလို ချစ်မိလေသောအခါ ထိုအချစ်ကို ထိန်းသိမ်း ချုပ်နှောင် မထားချင်ခဲ့ပါ။ မောင် ချစ်တာကို လက်ခံချင်သလို ကျွန်မ အချစ်ကိုလည်း မောင်သိစေချင်ပါသည်။ အနည်းဆုံးတော့ မောင် ကျေနပ်စေချင်သည်လေ။

ဘဝ၏ အချိန် အပိုင်းအခြားကလေး တခုမှာ မောင်နှင့် နှစ်ဦးသား ချစ်ရည် တူမျှစွာ ချစ်ခဲ့ဖူးသည် ဟူသော အချက်က တဘဝလုံးစာ ဆက်လက်ရှင်သန်ရန် လုံလောက်သော ခွန်အားတွေ ပေးစွမ်းနိုင်လိမ့်မည်ဟု ကျွန်မ သေသေချာချာ ယုံကြည်ခဲ့ပါသည်။



(၂၇ မတ် ၂၀၁၁)

Tuesday, March 22, 2011

အချစ်အကြောင်း ပြောရအောင်

အမ မမေငြိမ်းရဲ့ အချစ်အကြောင်းပြောရအောင်… ကို စထွက်ကထဲက အခုအချိန်အထိ ဖတ်လို့ ဘယ်တော့မှ မရိုးနိုင်၊ ပြန်ဖတ်လိုက်တိုင်း ချစ်ခင်နှစ်သက်စွာ…။ အဲဒါလေးကို ဖတ်ပြီးတော့ စိတ်ကူးရလို့ ချရေးထားတဲ့ စာစုလေးတခုရှိတယ်။ ရေးထားတာတော့ ကြာပါပြီ… အခုတော့ အဲဒါလေးကို နည်းနည်း ပြန်ပြင်ပြီး အချစ်အကြောင်း ပြောရအောင်လို့ ခေါင်းစဉ်တပ်ပြီး တင်လိုက်ပါတယ်။ အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ တက်ဂ်ပိုစ့်လေး ဖြစ်ဖို့ အားပေးပြီး ခေါင်းစဉ်လေးပါ သုံးခွင့်ရတဲ့အတွက် အမ မမေငြိမ်းကို ကျေးဇူး အများကြီးတင်ပါတယ်…။ (အမှန်ကတော့ ခွင့်တောင်းတာက နောက်… သုံးတာက အရင်… အဟိ)

သက်ဝေရဲ့ အချစ်အကြောင်းကတော့
ဒီမှာ နဲ့ ဒီမှာ ပြောပြထားဖူးပါတယ်။ တချို့လဲ ဖတ်ဖူးကြပါလိမ့်မယ်။ နောက်ပိုင်းရေးဖြစ်တဲ့ တချို့ပိုစ့်တွေမှာလဲ အချစ်ရဲ့ အကြောင်းတွေ ဘာညာ ဘာညာတွေ ရေးဖူးပါသေးတယ်။ ဒီတော့ အခုအချိန်မှာ အချစ်အကြောင်း ရေးပါဆို အဲဒါတွေပဲ ပြန်ရေးပြရမှာဆိုတော့ ပျင်းစရာ…။
ဒါကြောင့် ဒီစာစုလေးကိုပဲ တင်လိုက်ပါတယ်… နှစ်သက်ကြဖို့ မျှော်လင့်ပါတယ်…။


အချစ်အကြောင်း ပြောရအောင်

အချစ်ကို စတင်တွေ့ရှိခဲ့သောအချိန်သည် ကြည်နူးလွမ်းဆွတ်စရာကောင်းအောင် မိုးစက် မိုးမှုန်များ ဖြိုးဖြိုးဖျောက်ဖျောက် ရွာသွန်းမနေပါ။ ကဗျာဆန်ဆန် နှင်းပွင့်လေးတွေလည်း တဖွဲဖွဲ ကျမနေပါ။ ကျွန်တော် နှင့် အချစ် စတွေ့သော အချိန်သည် ပူပူလောင်လောင်နှင့် ခြောက်သွေ့သော နွေရာသီတခုမှာ ဖြစ်သည်။ ပြီးတော့ အချစ်နှင့် ကျွန်တော် ဆုံတွေ့ခဲ့သော နေရာသည် ကန်ထရိုက်တိုက်ခန်းတခု၏ ခပ်ကျဉ်းကျဉ်း မှောင်ပြပြ လှေခါးထစ်များတွင် ဖြစ်သည်။ အချစ်က ကျူရှင်တက်ရန် အလာ၊ ကျွန်တော်က ဆရာမ အလစ်ကို ချောင်းပြီး ကျူရှင်မှ အပြေး… ပြောပြရရင် ရယ်စရာအတော်ကောင်းသည်။ သို့သော် ထိုအကြောင်းကို ပြန်ပြောတိုင်း အချစ်က မရယ်ပါ။ နွေရာသီ၏ အပူရှိန်နှင့် စာမေးပွဲနီးသောကြောင့် စာခြောက်နေသော အပူရှိန်ရောနှောနေသော အချိန်မှာ အချစ်ကို တွေ့ရှိခဲ့သော ကျွန်တော်တို့ နှစ်ယောက်၏ အချစ်မီး အရှိန်များကြောင့် တကြိမ်မှ မခံစားဖူးသော ပူလောင်မှုမျိုးကို ခံစားရသည်ဟု အချစ်က ဆိုခဲ့သည်။ ပြီးတော့ ထိုနှစ်က ဖြေဆိုသော စာမေးပွဲမှာ ကျွန်တော်တို့ နှစ်ယောက်စလုံး အမှတ်နည်းကာ ခုံနံပါတ်များ ကျသွားခဲ့ပါသည်။

နည်းနည်းမှ မိန်းကလေး မဆန်သော အချစ်သည် ကားမောင်သိပ်ကြမ်းပြီး ရှပ်အင်္ကျီကို အလွန်ကြိုက်သူ ဖြစ်သည်။ ရှပ်အင်္ကျီနှင့် ယောလုံချည်၊ ကျောပိုးအိတ် နှင့် ဦးထုပ်အနက်ရောင်တို့သည် အချစ်နှင့် လွန်စွာ လိုက်ဖက်ညီကြသည်။ သို့သော် ထိုအရာများနှင့် လားလားမှ မလိုက်ဖက်သော အချစ်၏ နက်မှောင် လှပသော ဆံပင်အရှည်ကြီးကို ကျွန်တော် ချစ်ခဲ့သည်။ ချစ်သူတွေ ဖြစ်သွားကြသောအခါ ထိုဆံပင်ရှည်တွေကို ကျွန်တော် ဖြီးပေးခဲ့ဖူးသည်။ အချစ်ကို ကျွန်တော်က ကလေးလေး ဟု ခေါ်ပြီး အချစ်က ကျွန်တော့ကို မောင် ဟု ခေါ်လေ့ရှိသည်။ အရွယ်တူ အတန်းတူ သူငယ်ချင်းများဖြစ်သောကြောင့် မကြာခဏ ငြင်းခုန်တတ်ကြသည်။ သချာင်္တွက်ရင်း အဖြေတိုက်ရင်း ငြင်းတတ်သည်က ပိုများသည်။ ထိုအချိန်မျိုးတွင် တယောက်ကို တယောက် ဟေ့ကောင် ဟု ခေါ်တတ်ကြသည်။

အချစ်သည် စိတ်မကောက်တတ်ပါ။ ကျွန်တော်ကသာ အချစ်ကို အကြောင်းအမျိုးမျိုးကြောင့် စိတ်ကောက်ရသည်။ အများအားဖြင့်တော့ အချစ် ကျောင်းနောက်ကျသောအချိန်မျိုးတွင် စိတ်ကောက်မိသည်။ အချစ်က အအိပ်မက်သောကြောင့် ကျောင်းချိန် ကျူရှင်ချိန်များမှာ ဘယ်တော့မှ စောစော ရောက်မလာတတ်ချေ။ ထိုအခါ ကျွန်တော် စိတ်ကောက်ရသည်။ သောကြာသားက စိတ်ကောက်တတ်သလား ဟု အချစ်က မေးလာသောအခါ ကျွန်တော် မဖြေပါ။ စိတ်ကောက်နေသောကြောင့် ဖြစ်သည်။ ထိုအချိန်မျိုးတွင် ကျွန်တော် စိတ်ဆိုးဆိုးနှင့် ချိုးထားသော ကော်ပေတံ အပိုင်းအစများ၊ ခဲတံချွန်ဓါးဖြင့် ညီညီညာညာ လှီးဖြတ်ထားသော ခဲဖျက် အပိုင်းအစများ၊ အစိတ်စိတ်အမွှာမွှာ ဆုတ်ဖြဲထားသော ကျောင်းစာအုပ်မှ စာရွက်များကို အချစ်က တိတ်တိတ်ဆိတ်ဆိတ် ကောက်ယူ သိမ်းဆည်းနေတတ်သည်။ ထို့ထက်ပို၍ စိတ်ဆိုးသောအချိန်မျိုးမှာ ကျွန်တော်က သူငယ်ချင်းများနှင့်အတူ ကျောင်းအနောက်ဖက်က ထူး မှာ ဘီယာ သွားသောက်နေတတ်သည်။ သို့သော် ဘီယာဆိုင်ကိုတော့ အချစ်က လိုက်မလာပါ။ အဆောင်မှာ စာဖတ်ရင်း စောင့်နေတတ်သည်။

အချစ်က ဗဒင်ကို ကြိုက်သည်။ ဆောင်းဦးလှိုင်ကို ကြိုက်သည်။

“ဟိုင်းဝေးလမ်းမကြီးထဲ မင်းလက်ဆွဲခေါ် ပြေးသွား… အားလုံးထားခဲ့ပစ်လိုက်စမ်းပါ အချစ်လေး… ဝေးကြဖို့တော့ သတ္တိမရှိပါ… တို့မဝေးဘူး အတူတူဆို ပျော်မယ်သိတယ်… အားလုံးအဝေးပြေးချင်တယ်…” ဟူသော သီချင်းကို အချစ် မကြာခဏ ဆိုတတ်သည်။

တရက်ကတော့ နှစ်ဦးသဘောတူ ကျောင်းပြေးပြီး မြို့ပြင်က ဟိုင်းဝေးလမ်းမများပေါ်ကို တကယ်ပဲ ရောက်အောင်သွားခဲ့ကြသည်။ ကြားလေသွေးရင် ဝေးသလို ခံစားနေရသော အချိန်မျိုးဖြစ်သောကြောင့် ကားမောင်းနေရင်းမှာတောင် ကျွန်တော့ ဘယ်ဖက်လက်ဖြင့် ဂီယာထိုးရင်း အချစ်၏ ညာဖက် လက်သန်းလေးကို အတူတူ ဆွဲယူထားခဲ့မိသည်။ လမ်းမတလျှောက် ကားပေါ်မှာ အဲဒီသီချင်းတပုဒ်ထဲကို အကြိမ်ကြိမ် ရစ်ပြီး ဖွင့်ခဲ့ကြသောကြောင့် နောက်တနေ့မှာ အဲဒီအခွေ ပျက်သွားခဲ့တာ အမှတ်ရစရာ။ ပြီးတော့ လမ်းမကြီးဘေးက ထုံးဖြူဖြူနဲ့ ဘုရားလေးတွေကို အတူ ဖူးခဲ့ ဆုတောင်းခဲ့ကြသည်။ ကျွန်တော်က ဆုတောင်းခြင်းကို ယုံသော်လည်း အချစ်က မယုံကြည်တတ်ပါ။ သို့သော် အလှူငွေ ထည့်ကြပြီး ပြန်ရလာသော ဖြတ်ပိုင်းငယ်လေးများကိုတော့ အချစ်က သေသေချာချာ သိမ်းထားတတ်ပြန်သည်။

ပြီးတော့ ကျွန်တော်တို့ ဗေဒင်မေးခဲ့ကြသည်။ သည်တခါမှာလဲ ကျွန်တော့ အချစ်က ဗေဒင်တွေဘာတွေကို မယုံကြည်တတ်ပါ။ မမေးချင်ပါဘူးကွယ် ဟု ညည်းတွားသည်။ သို့သော် အတင်းတော့ ငြင်းဆန်တာမျိုးတော့ မလုပ်။ ဗေဒင်ကတော့ ကျွန်တော်တို့ နှစ်ယောက်ကို ကောင်းတာတွေချည်း ဟောလိုက်သည်။ ပြီးတော့ ယတြာလဲ ချေခိုင်းသည်။ သို့သော် အချစ်က ဒါတွေ မလိုပါဘူး... လူသာ အဓိကပါ.. ဟု ဆိုလေသောကြောင့် ကျွန်တော်တို့ ယတြာ မချေဖြစ်ခဲ့ပါ။ မိန်းကလေး မဆန်သော၊ လဘက်သုတ် မကြိုက်သော၊ မုန့်ဟင်းခါး မကြိုက်သော၊ ဘုရားရှိခိုးတိုင်း ဆု မတောင်းတတ်သော၊ ဗေဒင်ကို မယုံတတ် ယတြာ မချေတတ်သော၊ ပန်း မကြိုက်သော၊ နှုတ်ခမ်းနီ မဆိုးတတ်သော ကျွန်တော့ အချစ်မှာ အပြင်ပန်းက မာကျောကျောနိုင်လှသော်လည်း နူးညံ့နွေးထွေးကာ ချစ်တတ်သော နှလုံးသားလေးတစုံ ရှိနေသည်မှာ ကျွန်တော့အတွက် အလွန်တရာ ကံကောင်းလှပါသည်။

အချစ်နဲ့ ကျွန်တော် ကျောင်းဝင်းအတွင်းရှိ ခရေပင်တွေ တန်းစီနေသော လမ်းကလေးမှာ အတူတူလျှောက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အဆောင်နံပါတ် (၃) မှ လက်တွေ့စာသင်ခန်းများမှာ အတူတူ စာကျက်ရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ စာကြည့်တိုက်မှာ စကားတိုးတိုးပြောပါ ဟူသော စာတမ်းကြောင့် အချစ်အကြောင်းကို စာရေးပြီး ပြောခဲ့ကြသည်။ ကျူရှင်အချိန်၊ လက်ချာချိန်များတွင် ဆရာ ဆရာမများ အလစ်မှာ တယောက်ကို တယောက် မသိမသာ ခိုးကြည့်ရင်း၊ စာရွက် အပိုင်းလေးများပေါ်မှာ စာရေးရင်း အချစ်အကြောင်း ပြောခဲ့ကြသည်။ အများအားဖြင့် ကျွန်တော်မေးလေ့ရှိသော စကားများမှာ ကျူရှင်ပြီးရင် ညနေစာ ဘာစားမှာလဲ တို့… မနက်ဖြန် ကျူရှင်ကို စောစောလာခဲ့နော် တို့… အချစ်ရဲ့ ခေါင်းလျှော်ရည်က သိပ်မွှေးတာပဲ တို့… ဖြစ်ပြီး အချစ် ပြောလေ့ရှိသော စကားများမှာ ဆေးလိပ်တွေ လျှော့သောက်နော်… ညကျရင် ဆယ်နာရီမှာ ဖုန်းဆက်နော် တို့… ဒီည အဆောင်မှာ အိပ်မှာလား (သို့မဟုတ်) ထူး ကို သွားအုံးမှာလား တို့… ဖြစ်နေတတ်သည်။

စာမေးပွဲအပြီး ကျောင်းပိတ်သွားချိန်များမှာ တယောက်နဲ့ တယောက် စာတွေ ရေးပြီး အချစ်အကြောင်း ဆက်ပြောခဲ့ကြသည်။ စာပို့သမားကြီးကို စာတွေ မှန်မှန်လာပို့အောင် လက်ဆောင်တွေ၊ မုန့်ဖိုးတွေ ပေးထားသည်ဟု အချစ်က ပြောပြသောအခါ ကျွန်တော့ရင်ထဲမှာ လှုပ်ခတ် နွေးထွေးသွားအောင် ကြည်နူးရသည်။ ချစ်သူများနေ့မှာ နှင်းဆီပန်းလေးတွေပါသော ပိုစ့်ကဒ် တခု အချစ်ကို ဝယ်ပေးရင်း အချစ်အကြောင်း ပြောခဲ့ဖူးသည်။ အချစ်က ကျွန်တော့ကို နက်ပြာရောင် ဘောလ်ပင်လေးတချောင်း ဝယ်ပေးခဲ့သည်။ နှလုံးသားနှင့်အနီးဆုံးနေရာမှာ ထားနိုင်သော ပစ္စည်းလေးမို့ အချစ်၏ စိတ်ကူးကို ချီးကျူးခဲ့ရသေးသည်။ ထိုနေ့က အိမ်အပြန် နောက်ကျသောကြောင့် အချစ် အဆူခံရသည် ဟု သိရသည်။

သို့သော် နောက်လအနည်းငယ်ကြာသောအခါ ကျွန်တော်တို့ အချစ်အကြောင်းကို ဆက်ပြောရန် အခွင့်မသာတော့…။ အချစ်နဲ့ ကျွန်တော် ဝေးခဲ့ကြဖို့ အကြောင်းဖန်လာသည်။ အချစ်က မဝေးခင်မှာ အခက်အခဲများကြားမှ ကျွန်တော့ဆီကို အရောက်လာကာ နှုတ်ဆက်ခဲ့သည်။ ထိုနေ့က ကျွန်တော့မှာ ပိုက်ဆံ တသိန်းပါခဲ့သည် ပြီးတော့ ဆီအပြည့် ဖြည့်ထားသော ဗင်ကားလေးလဲ ပါခဲ့သည်။ ထို့အတူ အချစ်၏ ဘယ်ဖက် လက်သူကြွယ်မှာ လက်စွပ်လေး တခု ပါလာခဲ့သည်။ ထိုနေ့က YKKO မှာ ကြေးအိုးသွားသောက်ပြီးတော့ ဟိုင်းဝေးလမ်းမတွေဆီ သွားကြစို့လေ ဟု ကျွန်တော်ပြောသောအခါ အချစ်က ပြုံးရင်း ခေါင်းကို ညင်သာစွာ ခါယမ်းခဲ့သည်။ မှတ်ပုံတင် ယူလာခဲ့ဟု ကျွန်တော် သေသေချာချာ မှာကြားလိုက်သော်လည်း အချစ်က ယူမလာပါ။ ဟိုတခါ ဗေဒင်မေးတုန်းက ပေးခဲ့သော ယတြာကို မလုပ်သောကြောင့် ဟု ကျွန်တော်က စွပ်စွဲသောအခါ အချစ်က မျက်ရည်တွေ ပြည့်နေသော မျက်လုံးဝိုင်းဝိုင်းလေးများဖြင့် ကြည့်နေခဲ့သည်။ သည်လိုနှင့် အချစ်အကြောင်း ပြောစရာ အချစ်က ကျွန်တော့ အနားမှ ဖယ်ခွာသွားခဲ့သည်…။

အနားမှာ အချစ်မရှိတော့သော်လည်း အချစ်အကြောင်းကို ကျွန်တော် တယောက်တည်း ဆက်ပြောနေဆဲ…။ သတိရသောအချိန်များတွင် ကျောင်းထဲကို သွားလည်ကာ အချစ်၏ အရိပ်များကို တိတ်တဆိတ် ဖွေရှာမိသည်။ ကျောင်းကြီးက ဟောင်းနွမ်းကာ အေးစက် တိတ်ဆိတ်ပြီး အထီးကျန်လှသော်လည်း ကျွန်တော့နှလုံးသားကို အချစ်နဲ့ ပတ်သက်သော နွေးထွေးခြင်းတွေ ပေးခဲ့သည်။ ထို့ကြောင့် ကျောင်းထဲကို ကျွန်တော် မကြာခဏ သွားလေ့ရှိသည်။ ဘယ်သူမှ မကြားနိုင်သော အချစ်အကြောင်းတွေ တယောက်ထဲ တီးတိုး ပြောနေခဲ့သည်။

သို့သော် ကျွန်တော်ပြောနေသော အချစ်အကြောင်းကို အချစ်ကိုယ်တိုင် နားဖြင့် မကြားနိုင်သော်လည်း နှလုံးသားဖြင့် ကြားနာနိုင်သည်။ မျက်စိဖြင့် မမြင်နိုင် တယောက်ကိုတယောက် မထိတွေ့နိုင်သော်လည်း နှလုံးသားချင်းမှတဆင့် မြင်နိုင် ထိတွေ့နိုင်သည်။ အချစ်နဲ့ ကျွန်တော် လူချင်း ဝေးနေသော်လည်း အချစ်တွေက မပျယ်မပျက်ပဲ နီးစပ်နေနိုင်သေးသည်ဟု ခိုင်ခိုင်မာမာ ယုံကြည်နေဆဲ…။

အကယ်၍များ တစုံတယောက်က အချစ်အကြောင်း ပြောရအောင် ဟု ဆိုလာခဲ့လျှင် အခုလိုပဲ မမောနိုင် မပမ်းနိုင်အောင် အချစ်အကြောင်းတွေကို အဖန်တလဲလဲ ကျွန်တော် ပြောနေမိဦးမည်သာ…။




ဆောင်းဦးလှိုင် - ဟိုင်းဝေးလမ်းများပေါ်မှာ

Monday, March 21, 2011

အချစ်အကြောင်း ပြောရအောင် (တက်ဂ်ပိုစ့်)


အမ မမေငြိမ်းရဲ့ လုံးချင်းဝတ္ထု နာမည်ပါ…။
ရန်ကုန်အိမ်ကို ပြန်မှာလိုက်လို့ စာအုပ် တချို့ ပြန်ရောက်လာတဲ့အထဲမှာ အမ မမေငြိမ်းရဲ့ စာအုပ်တွေလဲ ပါလာပါတယ်..။ အရင်ကလဲ ကြိုက်ခဲ့ပြီး အခု ပြန်ဖတ်ရင်လည်း အမြဲ မရိုးနိုင်အောင် ဖြစ်ရတဲ့ ချစ်စရာ စာအုပ်လေး… နာမည်က “အချစ်အကြောင်း ပြောရအောင်” တဲ့…။ ၁၉၉၈ ခုနှစ်က ထုတ်ခဲ့တဲ့ အဲဒီစာအုပ်လေးမှာ အမက အချစ်အကြောင်းကို လှလှပပလေး ပြောပြထားခဲ့တယ်။ ဒါပေမယ့် အမ ပြောပြခဲ့တဲ့ အဲဒီအချစ်အကြောင်းက ဆယ်စုနှစ်တခုစာမက ကြာခဲ့ပြီလေ… ဒါကြောင့်မို့ ခုနကပဲ အမကို အချစ်အကြောင်း ဆက်ပြောပြပါအုံးလို့ မျက်နှာစာအုပ်မှာ ပူဆာခဲ့တယ်…။

ပြောရင်း ဆိုရင်းနဲ့ပဲ အကြံရသွားပြီး တက်ဂ် ပိုစ့်လေး တခု လုပ်ဖို့ ဖြစ်လာတယ်…။ ဒီတော့ စာရေးဖေါ်တွေ အားလုံးကို တက်ဂ် ပါတယ်…။

အချစ်အကြောင်း တက်ဂ်ပိုစ့်တခုကို ၂၀၀၈ ပတ်ဝန်းကျင်လောက်က ရေးဖူးကြတယ်လို့ ခပ်ရေးရေး မှတ်မိပါတယ်။ ခေါင်းစဉ်ကတော့ အချစ်ဆိုသည်မှာ… လား၊ ဘဝ လက်တွဲဖေါ်လား… တခုခုပဲ...။ ဘာပဲဖြစ်ဖြစ် အဲဒီအချိန်တုန်းက အချစ်ကို မြင်တဲ့ အမြင်နဲ့ အခုလောလောဆယ်မှာ မြင်တဲ့ အမြင် တူချင်မှ တူကြပါလိမ့်မယ်။ အဲဒီတုန်းက အချစ်နဲ့ အခု အချစ်နဲ့လဲ တူချင်မှ တူကြပါလိမ့်မယ်… (((ဟမ်)))

ဒီတော့ အချစ်အကြောင်းကို ကိုယ်နားလည်သလို၊ ကိုယ်လက်ခံသလို ပြောပြကြပါ… အရင်တခါ တက်ဂ် ပိုစ့်တခုဖြစ်တဲ့ အသွင်တူ၏ မတူ၏ မှာတုန်းကတော့ အိမ်ထောင်ရှိတဲ့ လူတွေကို ဦးစားပေးပြီး တက်ဂ် ခဲ့တယ်…။ အခု အချစ်အကြောင်းပြောရအောင် ဆိုတဲ့ ပိုစ့်မှာတော့ ဘာသာမရွေး လူမျိုးမရွေး အသက် အရွယ် မရွေး တက်ဂ်လို့ရတာမို့ ကိုယ်နဲ့ လက်လှမ်းမှီသမျှ စာရေးဖေါ်တွေအားလုံးကို ချစ်ခင်စွာနဲ့ တက်ဂ်ပါတယ်။

အခုတလောမှာ ကမ္ဘာကြီးက နာမကျန်းဖြစ်နေသလို ဘလော့ဂ်စဖီးယားကြီး တခုလုံးလဲ ဝဲစွဲတဲ့ သူကစွဲ၊ အအေးမိတဲ့သူက မိ၊ အပူရှပ်တဲ့သူက ရှပ်နဲ့ ဖျားချင် နာချင်သလို ဖြစ်နေကြတယ် မဟုတ်လား…။ ဒီတော့ ဆေးထိုး ဆေးသောက်ရတဲ့ အခြေအနေကို မရောက်ခင်မှာ ကြိုတင်ကာကွယ်ရေးနဲ့ သွေးပူလေ့ကျင့်ခန်းလေး လုပ်တဲ့အနေနဲ့… အချစ်အကြောင်း ပြောရအောင် ဆိုတဲ့ ပိုစ့်လေးကို ရေးပေးစေချင်ပါတယ်…။

ဘလော့ဂ်တွေမှာ ပုံမှန် စာရေးနေတဲ့ သူတွေ၊ ခပ်ကျဲကျဲ နဲ့ မှန်မှန်လေး ရေးနေတဲ့သူတွေ ရှိသလို အကြောင်းကြောင်းတွေကြောင့် စာမရေးဖြစ်ကြတဲ့ ဘလော့ဂ်ဂါတွေ အများကြီး ရှိနေပါတယ်။ အားလုံးကို ပျော်ပျော်ပါးပါးနဲ့ ပေါ့ပေါ့ပါးပါးလေး ရေးပေးဖို့ ဖိတ်ခေါ်ပါတယ်…။

တက်ဂ်ထားတဲ့သူ စာရင်းကို အခုလို ချရေးထားပါတယ်…။

အမ မမေငြိမ်း - အချစ်အကြောင်း ဆက်ပြောပြပါ…း))

အမ မခင်မင်းဇော် နဲ့ အမ မခင်ဦးမေ - အဟဲ… ရှုပ်ရန်ကောလို့ စိတ်မရှိကြပါနဲ့နော်… ရေးပေးမယ် ဟုတ်…

ညီမ ပန်ပန် နဲ့ ကေ - မြန်မြန်လေး ရေးပေးနော်…

မနော်ဟရီ၊ အိန္ဒြာ၊ မလေး(အိမ့်ချမ်းမြေ့) - စကားလုံး နုနုလေးတွေနဲ့ လှလှလေး…

ညီမ မေဓါဝီ၊ ခင်လေး၊ ပုံရိပ် နဲ့ ပေါက် - အားတဲ့ အချိန်မှာ ရေးပေးပါ…

ညီမ ချိုသင်းနဲ့ သူငယ်ချင်း တန်ခူး - ပျောက်နေတာကြာလှပြီ… ဒီပိုစ့်လေးနဲ့ အတူတူ ပြန်လာခဲ့နော်…

သူငယ်ချင်း မသီတာ၊ တီတီဆွိ၊ စုချစ် နဲ့ သိင်္ဂီ - အလုပ်များနေတာ သိတယ်… ဒါပေမယ့် အမြန်ဆုံး ရေးပေးစေချင်တာ….

သူငယ်ချင်း ချစ်ကြည် - ညတွင်းချင်း မရေးပေးရင် စိတ်ဆိုးမှာပဲ…း))

ညီမငယ် မွန်မွန်၊ မယ်ကိုး၊ အပြုံးပန်း၊ နုစံ၊ ခွန်မြလှိုင် နဲ့ ပွင့်မြူးဇင်၊ Vista နဲ့ Iora - အလုပ်တွေ သိပ်များမနေဘူးဆိုရင် ရေးပေးကြမယ်လို့ မျှော်လင့်လျက်…

ညီမ ဝါဝါ - အခုမှ ကြောက်ပါပြီ လုပ်လို့ မရဘူးနော်… ရေးရမှာ...

ညီမ ဂျမ်း နဲ့ လင်း - လာခဲ့… လာခဲ့… ထွက်ပြေးမယ် မကြံနဲ့…

ညီမငယ် မိုးငွေ့၊ ရိုစ့် (Rose of Sharon) နဲ့ ရိုစ့် (Red Rose of Burma)၊ ညီမ ရွှေပြည်သူ နဲ့ ဇွန်မိုးစက်…

ညီမ ပန်းခရမ်းပြာ၊ ရွှမ်းမီ၊ မကြေးမုံ၊ ညီမလေး စုလတ်၊ Sunny ၊ ဆုမြတ် နဲ့ ချော (အစိမ်းရောင်) - အချစ်အကြောင်း ပြောပြကြပါ…

ပြီးတော့ ဘလော့ဂ်မရှိပေမယ့် မျက်နှာစာအုပ်မှာ ချစ်စရာ စာစုလေးတွေ ရေးတတ်တဲ့ ညီမ မျိုး၊ နောင့်နောင့်၊ မေလေး နဲ့ နေခြည်မောင်… ပြီးတော့ ညီမ ဒေါင်း တို့ ကိုလည်း တက်ဂ်ပါတယ်…။ ရေးပေးနော်…။ ကိုယ်တိုင်လဲ အတတ်နိုင်ဆုံး မြန်မြန်ရေးပါ့မယ်…။

အကယ်၍များ တက်ဂ်ထားတဲ့ စာရင်းမှာ မပါရင်လဲ စိတ်မရှိပါနဲ့… ချစ်ခင်ရတဲ့ စာရေးဖေါ်တွေ အားလုံးကို တက်ဂ်ပါတယ်။ ဘယ်သူတွေ ကျန်သေးလဲလို့ စဉ်းစားနေပါတယ်…။ (သတိရရင် ကော်မန့်မှာ ရေးပေးခဲ့ကြပါ… ကျေးဇူး…)

အချစ်အကြောင်း ပြောရအောင်…။



Saturday, March 19, 2011

၂၀၁၁ ဧပြီလမှာ ကျင်းပမယ့် စာပေဟောပြောပွဲ ၂ ပွဲ

စကာင်္ပူနိုင်ငံမှာ ဧပြီလအတွင်း ကျင်းပမယ့် စာပေဟောပြောပွဲ နှစ်ပွဲရဲ့ သတင်းပါ။ ပန်ဒိုရာ ရေးထားတဲ့ ပိုစ့် ကို အစမှ အဆုံး ကူးယူဖေါ်ပြပါတယ်။ (အခုလို ကူးယူဖေါ်ပြခွင့်ပေးတဲ့ ညီမငယ် ပန်ပန်ကို ကျေးဇူးအများကြီး တင်ပါတယ်...)။ အဓိက ကတော့ ရှေ့ဆင့် နောက်ဆင့် တပတ်ပဲ ခြားတဲ့ စာပေဟောပြောပွဲ နှစ်ပွဲ ရှိနေပါတယ်ဆိုတာ စာပေဝါသနာရှင် ပရိသတ်များ ကွဲကွဲပြားပြား သိစေဖို့ ရည်ရွယ်ပါတယ်။

စင်ကာပူနိုင်ငံမှာ ဧပြီလအတွင်း ကျင်းပမယ့် စာပေဟောပြောပွဲ ၂ ပွဲ

စင်ကာပူနိုင်ငံ စာပေမြတ်နိုးသူများက ဦးဆောင် ကျင်းပတဲ့ တတိယအကြိမ် စာပေဟောပြောပွဲကို ၂၀၁၁ ဧပြီလ ၃၀ ရက် စနေနေ့မှာ ကျင်းပမယ်လို့ ကြော်ငြာထားတာ facebook မှာတွေ့နေတာ အတော်ကြာခဲ့ပါပြီ။


ဒီနှစ်မှာဟောပြောမယ့် စာရေးဆရာတွေကတော့ -
ဆရာ ဖေမြင့် (“ဘဝတိုးတက်ဖို့ စာဖတ်ကြစို့” ခေါင်းစဉ်ဖြင့်)
ဆရာမ ခင်ခင်ထူး (“အညာဓလေ့ ရွာဓလေ့” ခေါင်းစဉ်ဖြင့်)
ဆရာ ချစ်စံဝင်း (“အမေဟူသည် အလွမ်းသည်” ခေါင်းစဉ်ဖြင့်)
ဆရာအောင်သင်း (“ရပ်ဝေးမြေခြား လူငယ်များသို့” ခေါင်းစဉ်ဖြင့် - အဝေးရောက်) တို့ ဖြစ်ပါတယ်။

ဆရာအောင်သင်းက ကျန်းမာရေးအခြေအနေကြောင့် လူကိုယ်တိုင် မဟုတ်ဘဲ အဝေးရောက် ဟောပြောရတယ်လို့သိရပါတယ်။

ဈေးနှုန်းကတော့ $15 ပါပဲ။ လက်မှတ်ထဲမှာ အင်းလေး စားသောက်ဆိုင်က $5 တန် ဘောက်ချာ ပါမယ် လို့ ဆိုပါတယ်။ ဟောပြောပွဲကို နေ့လည် ၁ နာရီကနေ ညနေ ၈ နာရီအထိ ကျင်းပမှာဖြစ်ပြီး နေရာကတော့ Dover MRT အနားမှာရှိတဲ့ Singapore Poly ရဲ့ Convention Centre မှာပါ။

စာပေမြတ်နိုးသူများ ရဲ့
facebook စာမျက်နှာ မှာ ရေးထားတာကတော့ ရရှိလာတဲ့ အကျိုးအမြတ်တွေကို ဆင်းရဲနွမ်းပါးပြီး ဆေးကုသရန် အထူးလိုအပ်တဲ့ သက်ကြီးရွယ်အို စာရေးဆရာတွေကို ထောက်ပံ့ဖို့ ဆုံးဖြတ်ထားတယ်လို့ တွေ့ရပါတယ်။

စာပေဟောပြောပွဲလက်မှတ်တွေကို ပင်နင်စူးလား ပလာဇာ ငါးထပ်မှာရှိတဲ့ သူဌေးသမီး နဲ့ လေးထပ်က သော်တာနဒီဆိုင်တွေမှာ ဝယ်ယူရရှိနိုင်ပြီး သောကြာ၊ စနေ နဲ့ တနင်္ဂနွေနေ့တွေမှာ လက်မှတ်ကောင်တာတွေကို ညနေ ၅ နာရီမှ ၈နာရီထိ ဖွင့်လှစ် ရောင်းချသွားမှာ ဖြစ်ပါတယ်။ ယခုတပတ်မှာတော့ မြေအောက်ထပ်က ရနံ့သစ် မြန်မာထမင်းဆိုင်မှာ လက်မှတ်ကောင်တာ ဖွင့်လှစ်ထားတယ် လို့ သိရပါတယ်။

*****

သဇင်မဂ္ဂဇင်းက စီစဉ်တဲ့ စာပေဟောပြောပွဲတစ်ခုလည်း စင်ကာပူနိုင်ငံမှာ ကျင်းပဦးမယ် လို့ သိရပါတယ်။ ဒါကလည်း တတိယအကြိမ် စာပေဟောပြောပွဲပါပဲ တဲ့။


၂၀၁၁ ဧပြီလ ၂၄ ရက် တနင်္ဂနွေနေ့ NUS UCC ခန်းမ မှာ ဖြစ်ပါတယ်။ နေ့လည် ၁ နာရီကနေ ည ၈နာရီအထိ ဖြစ်ပါတယ်။ ဟောပြောမယ့် ဆရာတွေကတော့ -

ဦးဘုန်း (ဓါတု) (“အိမ်” ခေါင်းစဉ်ဖြင့် )
ဆရာ ကျော်ဝင်း (“ကမ္ဘာပြားပြီ” ခေါင်းစဉ်ဖြင့်)
ဆရာ ချစ်ဦးညို (“ကျွန်တော်ခံစားမိသလို ပြောဆိုပါမည်” ခေါင်းစဉ်ဖြင့်)
ဆရာ အောင်သင်း (“ကိုယ့်မြေကိုယ့်ရေ” ခေါင်းစဉ်ဖြင့် - လူကိုယ်တိုင်) တို့ ဖြစ်ပါတယ်။

လက်မှတ်တွေကို တစ်စောင် $15 နဲ့ ပင်နင်စူးလား နှစ်ထပ်က သပြေနုဆိုင်နဲ့ ငါးထပ်က သဇင်မဂ္ဂဇင်းမှာ ဝယ်ယူရရှိနိုင်ပါတယ်။

စီစဉ်သူများအနေနဲ့ စာပေဟောပြောပွဲ ၂ခုကို တစ်ပတ်ပဲ ခွာပြီး ကျင်းပဖြစ်သွားတာကတော့ နှစ်ပွဲလုံးကို အားပေးချင်မယ့် ပရိသတ်အတွက် အခက်အခဲ ဖြစ်သွားနိုင်ပါတယ်။ နောက်ဆို တစ်နှစ်မှာ နှစ်ပွဲကျင်းပကြမယ်ဆိုရင်လည်း တစ်ပွဲက နှစ်လည်မှာ တစ်ပွဲက နှစ်ကုန်လောက်မှာ ဆိုရင်တော့ ပရိသတ်အတွက် ပိုအဆင်ပြေမယ်ထင်ပါတယ်။

မည်သို့ပင်ဖြစ်စေ ရည်ရွယ်ချက်ကောင်းတဲ့ စာပေဟောပြောပွဲတွေ ဆက်လက်ပြီး ထွန်းကားလာစေရေးအတွက် စာပေဝါသနာရှင်တွေ နှလုံးသားအာဟာရ ပြည့်ဝလိုသူတွေ သိရှိစေဖို့ အခုလို အကြောင်းကြားပေးလိုက်ပါတယ်။ ၂ပွဲရှိတာကို ကွဲကွဲပြားပြား သိအောင်နဲ့ ကိုယ်သွားရောက်ချင်တဲ့ ပွဲကို လက်မှတ်မှားမဝယ်မိစေဖို့လည်း ဖြစ်ပါတယ်။

စာပေဟောပြောပွဲ ၂ ပွဲအကြောင်း ဒီ့ထက်သိလိုပါက ဖတ်ရှုရန် -
မိုးမခ - စာပေဟောပြောပွဲတွေ စ လုံးမှာ ၂ ပွဲ စင်ပြိုင် ကြည့်ကြရတော့မယ်
ပီတိ - ၂၀၁၁ စာပေဟောပြောပွဲ
Facebook - စာပေမြတ်နိုးသူများ


Sunday, March 13, 2011

ကျွန်မ၏ ညနေ

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။

ထိုလေပြေတွေက မျက်နှာနှင့် ကျောလယ် မရောက်တရောက် ခေါင်းလျှော်ပြီးစ ဆံပင်များကို လာရောက် တိုးဝှေ့သောအခါ လွင့်သွားသော ဆံနွယ်များကြားမှာ တယောက်တည်း ပြုံးရယ်မိသည်။ အိမ်မှာမွေးထားသော အမွေးဖွားဖွားနှင့် ခွေးပုကလေးကို ကားပေါ်တင်ခေါ်သွားတိုင်း သူက ပြူတင်းပေါက်မှာ မေးတင်၊ ခေါင်းကလေး အပြင်ထုတ်ပြီး စီးရမှ ကျေနပ်သည်။ တိုးဝင်လာသော လေအရှိန်ကြောင့် သူ့အမွေးလေးများ တလွင့်လွင့်နှင့်… ပြီးတော့ ထိုလေတွေကို သူက ပါးစပ်ဖြင့် လိုက် လိုက်ဟပ်ရင်း ဆော့ကစားတတ်သေးသည်။ ထိုအကြောင်းကို သတိရသွား၍ ပြုံးရယ်မိခြင်း ဖြစ်သည်။

တခဏအကြာမှာ လေပြေနှင့်အတူ အနံ့တမျိုး ရလာသည်။ ငါးတွေကို ဆီများများထဲမှာ ထည့်ကြော်နေသော ဆီညှော်နံ့…။ အပေါ်ထပ်က လာတာလား… အောက်ထပ်ကလာ တာလား မခွဲခြားတတ်။ ပြောရရင် သည်အနံ့က နည်းနည်းတော့ ခေါင်းကိုက်ချင်စရာ ကောင်းလှသည်။ သို့သော်လည်း ပြုံးမိသည်။ ငယ်ငယ်က အရပ်ထဲမှာ ဟောဒီက ညှော်ကြမယ်ရှင့် ဟု ခပ်ကျယ်ကျယ် (ခပ်ကြွားကြွားလေး) အော်တတ်သော အဒေါ်ကြီးတယောက်ကို သတိရမိ၍ ပြုံးခြင်းဖြစ်သည်။ ဆီဈေး ကြီးမြင့်သော ကာလတွင် အိမ်မှာ အကြော်ကြော်နိုင်သည်မှာ ကြွားဝါချင်စရာအကြောင်းတခု ဖြစ်ခဲ့ဖူးသည်ပဲ။

နောက်တခါ လေပြေနှင့်အတူပါလာသည်က မြက်ခင်းများကို စက်ဖြင့် ရိတ်ဖြတ်ပြီးကာစမှာ ရတတ်သော စိမ်းရွှေရွှေအနံ့…။ နေ့လည်က အလုပ်သမားတချို့ အိမ်နားက မြက်တွေကို လာရိတ်သွားဟန် တူသည်။ ထိုအနံ့ကို မနှစ်သက်သော်လည်း နေ့စဉ်နဲ့ အမျှ ကျင်လည်နေရသော စက်ရုပ်လူသား ဘဝ၊ ပြီးတော့ ရုပ်ဝတ္ထု ပစ္စည်းတွေသာ လွှမ်းမိုးသော အနေအထားမှာ မြက်ခင်းများမှ လာသော အနံ့သည် သဘာဝနှင့် အလွန် နီးစပ်လှသဖြင့် လက်ခံနိုင်သည်။

စိတ်ကူးအတွေးထဲမှာတော့ ညနေခင်း၏ လေပြေတွေသည် စကားပန်း၊ စပါယ်ပန်း သို့မဟုတ် ခရေပန်းနံ့များကို သယ်ဆောင်လာသင့်သည်ဟု ထင်မိသည်။ သည်လိုဆို ညနေခင်းသည် ဘယ်လောက် ကြည်နူးစရာ ကောင်းလေမလဲ…။ အခုတော့ လေပြေတွေသည် သူနှင့်အတူ ဘာတွေကို သယ်ယူလာပါလိမ့်…။

မျက်မှောင်ကြုတ်ပြီး စဉ်းစားနေစဉ်မှာပင် ညှော်ညစ်ညစ် အနံ့တမျိုး နှာခေါင်းထဲ ရောက်လာသည်။ သည်အနံ့ကို ကောင်းကောင်းမသိ၊ ညှော်နံ့ဖြစ်သော်လည်း မီးဖိုချောင်တွေမှလာသော အညှော်မျိုးတော့ မဟုတ်။ တွေးမရသဖြင့် နေရာမှထကာ ပြူတင်းတံခါးမှ ဟိုဟိုဒီဒီ ကြည့်လိုက်သည်။ အောက်က မြက်ခင်းစပ်တွင် လူတချို့ စည်ပိုင်းပြတ်တခုဘေးမှာ၊ လှုပ်လှုပ်ရွရွနှင့် မီးခိုးတွေကလဲ တအူအူ…။ ဘာဘီကျူးများ ကင်စားနေကြတာလား၊ အနံ့ကတော့ ဘာဘီကျူးနံ့ မဟုတ်ချေ။ သေသေချာချာ ကြည့်မိတော့မှ သူတို့တွေသည် စက္ကူချပ်တွေကို မီးရှို့နေကြသည်ပဲ…။ သိပြီ… ဒါ သူတို့ ရိုးရာဓလေ့… သူတို့ဆီမှာ ရောက်နေမှတော့ သူတို့၏ ရိုးရာတွေကို ဒီအတိုင်း ကြည့်နေလိုက်ရုံသာ။ သို့သော် ညနေခင်း၏ လေပြေမှာ အနည်းငယ်တော့ ညစ်နွမ်း အကျည်းတန်သွားလေသည်။

ကောင်းကင်ပေါ် မော့ကြည့်လိုက်တော့ အပြာရောင် နောက်ခံမှာ ဝါဂွမ်းလို ဖွေးနုနေသော တိမ်တိုက်တွေ ဖြေးညှင်းစွာ ရွေ့လျားနေကြသည်။ တိမ်တိုက်တွေကိုတောင် ရွေ့လျားအောင် တတ်နိုင်သော လေပြေတွေဟု တွေးကာ စိတ်ထဲမှာ ကျေနပ်ရပြန်သည်။ သူတို့တွေကြောင့်သာ တိမ်တိုက်တွေလည်း ပုံသဏ္ဍါန် အမျိုးမျိုးဖြင့် လှလှပပ ပြောင်းလဲ ဖွဲ့တည်နိုင်တာ ဖြစ်သည်။ ဘာပဲဖြစ်ဖြစ် လေငြိမ်ငြိမ်နှင့် ခြောက်သွေ့သော အိုက်စပ်စပ် ညနေခင်းအစား လေတဖြူးဖြူးနှင့် လှုပ်ခတ်နေသော အေးချမ်းသော ညနေခင်းက များစွာ အသက်ဝင်ပါသေးသည်။ ထို့ကြောင့်လည်း ညနေခင်း၏ လေပြေတွေကို သိပ်ချစ်မိတာ ဖြစ်သည်။

လေပြေအကြောင်းကို တွေးနေမိသည်မှာ အချိန်အတော်ကြာသွားသည်။ သည်လိုနေလို့တော့ မဖြစ်… ည မမှောင်ခင် လုပ်စရာရှိတာလေးတွေ လုပ်မှ ဖြစ်မည်ဟု တွေးကာ နေရာမှ ထလိုက်သည်။ မီးပူတိုက်စရာတွေ ရှိနေသော်လည်း ပျင်းသည်။ မီးပူတိုက်ခြင်းသည် ကမ္ဘာပေါ်တွင် ပျင်းစရာအကောင်းဆုံး အလုပ်ဟု သတ်မှတ်ကာ အတတ်နိုင်ဆုံး လက်ရှောင်တတ်သည်။ နောက်ဆုံးမိနစ် ဆိုသည်မှာ နား အကြားဆိုးသော်လည်း လူနှင့် စိတ်ကိုတော့ တနည်းတဖုံ သက်သာရာ ရစေသလိုလို…။

နောက်ဆုံးတော့ အိမ်သန့်ရှင်းရေးလုပ်ရန် ဖုန်စုတ်စက်ကို ထုတ်လိုက်သည်။ မီးခလုတ်ကို ဖွင့်ပြီးကာမှ ဝရန်တာမှာ ကြွေကျနေသော သစ်ရွက်ခြောက်တချို့၊ တစ်ရှုးစ တချို့နှင့် ဆံပင်ချည် တစ နှစ်စကို တွေ့သောကြောင့် ဖုန်မစုတ်ခင် တံမြက်စည်းလေးတော့ အရင် လှည်းလိုက်ဦးမှပါလေဟု တွေးကာ တံမြက်စည်းနှင့် ခါးကိုင်းစရာမလိုပဲ အသုံးပြုနိုင်သော ဂေါ်ပြားကို ယူလိုက်သည်။ အမှိုက်တွေကို စုစည်း လှည်းကျင်းပြီး ဂေါ်ပြားနှင့် ထည့်ဖို့ ပြင်သည်။ ထိုစဉ် လေ ခပ်ပြင်းပြင်း တချက် တိုက်လိုက်ရာ အမှိုက် နှင့် ဂေါ်ပြား တခြားစီ ဖြစ်သွာသည်။ လေတွေ… လေတွေ… ဟု ရေရွတ်ကာ ဖျတ်ကနဲ ပြုံးလိုက်မိသည်။

ပြီးတော့ ခုနက လွင့်ပျံသွားသော အမှိုက်စတွေကို ဂေါ်ပြားထဲ ရောက်အောင် တံမြက်စည်းဖြင့် ဆွဲယူလိုက်သည်။ လွင့်ထွက်သွားမှာစိုးပြီး သေသေချာချာ ဂရုတစိုက် ဆွဲယူလာသည်။ သို့သော် ဂေါ်ပြားနား မရောက်ခင်မှာပင် လေက ဝှေ့ယမ်းတိုက်ခတ် လိုက်သောကြောင့် အမှိုက်များ ကစင့်ကလျား လွင့်သွားကြတော့သည်။ ဒီတကြိမ်မှာတော့ လေပြေကို စိတ်အနည်းငယ် တိုစပြုလာပြီ။ ကျွတ် ဟု စုတ်သတ်လိုက်မိသောကြောင့် မလှမ်းမကမ်းမှာ စာထိုင်ဖတ်နေသော သူက တချက်လှည့်ကြည့်သည်။ ဘာမှတော့ မပြော…

တိုစပြုနေသော စိတ်ကို အတတ်နိုင်ဆုံး ဆွဲဆန့်လိုက်သည်။ ညနေခင်းနှင့် လေပြေကို စိတ်မတိုချင်ပါ။ တိုချင်းတို လွင့်သွားသော အမှိုက်စများပေါ်တွင်သာ စိတ်တိုလိုက်မည်။ အချစ်သည် မျက်နှာလိုက်တတ်သည် ဆိုသောစကားကို မယုံကြည်သူများ ရှိပါသလား…

ထို့နောက် အမှိုက်များကို စိတ်ရှည်လက်ရှည် လှည်းကျင်းပြီး ပြန်လည် စုစည်းလိုက်သည်။ သည်တခါတော့ ဂေါ်ပြားထဲကို အမှိုက်များ အောင်မြင်စွာ ရောက်ရှိသွားကြသည်။ ကျေနပ်သွားပြီး တံမြက်စည်းကို နံရံတွင် အသာ မှီထားလိုက်ပြီး ဂေါ်ပြားထဲမှ အမှိုက်များကို သွားသွန်မည်အလုပ်… လေတိုက်လိုက်သောကြောင့် ဆံပင်တွေ မျက်နှာပေါ်ရောက်လာသည်ကို လက်ဖြင့် သပ်ဖယ်ပြီး လက်ကို ပြန်အချ…

ထိုလက်က ဂေါ်ပြားကို ရိုက်ချလိုက်သလို ဖြစ်ပြီး မထင်မှတ်ပဲ ဂေါ်ပြား လဲကျသွားသည်။ ထိုအခါ ခုနက မဝင်ချင့် ဝင်ချင်ဖြင့် ဂေါ်ပြားထဲ ဝင်နေကြရရှာသော အမှိုက်စများသည် လွတ်ပြီ ကျွတ်ပြီဟု အော်မြည် ဟစ်ကြွေးကာ လေယူရာကို အပြေးတပိုင်း ခုန်ပေါက် လွင့်ပျံသွားကြလေတော့သည်။

အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ပြောနေစရာမလို…။
စိတ်သည် ဒီဂရီ အမြင့်ဆုံးနှုန်းဖြင့် တိုနေလေပြီ…။ သည်အချိန်မှာ အေးအေးသက်သာ စာဖတ်နေနိုင်သော သူ့ကို ပြူတင်းပေါက်တွေကို အခုချက်ချင်း ပိတ်ပေးရန်နှင့် ဒီပြူတင်းပေါက်တွေကြောင့် လေတွေ တလစပ်တိုးဝင်ကာ အနံ့တွေပေါင်းစုံ ဝင်၊ အမှိုက်စတွေ၊ သစ်ရွက်ခြောက်တွေလဲ ဝင်၊ အိမ်မှာလည်း ဖုံတွေတက်တာ မြန်၊ အခုလဲ ကြည့်… အမှိုက်တွေကို တံမြက်စည်းတောင် သေသေချာချာ လှည်းလို့မရ… ဟု မကျေမချမ်း လှည့်ပြီး ရန်ရှာမိတော့သည်။

သူက ဘာမှ ပြန်မပြော…။ စာဖတ်နေရာမှထကာ ပြုံးစိစိဖြင့် ပြူတင်းပေါက်တွေကို လိုက်ပိတ်ပေးနေသည်။ ခင်ဗျားလေးပဲ လေတွေ တိုက်တာကို ချစ်တယ်ဆို… လေတွေဝင်တဲ့ ပြူတင်းပေါက် များများနဲ့ အိမ်မို့ ကြိုက်လှချည်ရဲ့ဆို... ညနေတွေဆို လေတဖြူးဖြူးနဲ့ ဆံပင်တွေ တလွင့်လွင့်နဲ့ စာဖတ်ရ၊ စာရေးရတာ အလွန်ကောင်းဆို… ဟူသော စကားတွေကိုများ ပြောလာလေမလားဟု တွေးရင်း သူ့ကို မသိမသာ အကဲခတ်လိုက်သောအခါ သူက ဘာမှမဖြစ်သလို အေးအေးဆေးဆေး…။ ဒီတော့ ပြဿနာရှာပြီး ရစ်ချင်သော စိတ်ထဲ မချင့်မရဲ ဖြစ်သွားသည်။ အဲဒီလိုပဲ… သူက အမြဲတမ်း စကားနည်း ရန်စဲသမား…။

နောက်ဆုံးတော့ တယောက်တည်း စိတ်တွေတိုနေပြီး အမှိုက်တွေကို ခပ်မြန်မြန် လှည်းကျင်း သိမ်းဆည်းပစ်လိုက်သည်။ သူ့ကိုလည်း မကြည့်ချင်တော့… ဖုန်စုတ်စက်ကိုလည်း မထိချင်တော့…။ ပြီးတာနှင့် ကွန်ပျူတာကို လာဖွင့်ကာ စာလုံးတွေကို အခုလို သွက်သွက်လက်လက် ရိုက်ချလိုက်သည်။ ဒါ အကောင်းဆုံးပဲ…။

အရှိန်အမျိုးမျိုးနှင့် တိုက်ခတ်နေတတ်သော လေတွေက အရာတော်တော်များများကို ဟိုဟို ဒီဒီ လွင့်စင်သွားစေနိုင်သော်လည်း ကွန်ပျူတာ၊ မော်နီတာပေါ်က စာလုံးများကတော့ လေတွေ ဘယ်လောက် တိုက်တိုက် စာလုံး တလုံးချင်းစီ လိုက်ကောက်ရအောင် လွင့်ပါမသွားနိုင်တာ သေချာနေသည် မဟုတ်ပါလား…။

ညနေခင်းသည် လေပြေနှင့်အတူ အနားကို ရောက်လာ၏။
ညနေခင်းတွေကို ချစ်သည်… ညနေခင်း လေပြေတွေကို ချစ်သည်။
ညနေခင်း၏ လေပြေကြောင့် စာတပုဒ် ရလိုက်သည်။
ဤစာတပုဒ်သည် ကျွန်မ၏ ညနေ ဖြစ်၏။



Wednesday, March 9, 2011

ပန်းသီချင်း

ဟိုတလောက မသီတာဆီ အလည်သွားတော့ သူက ပန်းလေးတွေကို နောက်ခံ သီချင်းလေးနဲ့ ပန်းကဗျာ ဆိုတဲ့ Video Clip လေး လုပ်ထားတာ တွေ့ခဲ့ရတယ်။ စိတ်ထဲမှာ ကိုယ်ရိုက်ထားတဲ့ သစ်ခွတွေကို အဲလိုလေး လုပ်ရရင်ကောင်းမှာလို့ တွေးနေမိတာ၊ သို့သော်လည်း ကိုယ်တိုင်က မလုပ်တတ်တာမို့ မသီတာကို အဲလိုလေး လုပ်ပေးပါလား လို့ ကော်မန့်မှာ ပူဆာခဲ့ပြီး ဓါတ်ပုံတွေကိုတော့ မျက်နှာစာအုပ်က ယူပါလို့ ပြောခဲ့တယ်။

ချစ်စရာ သူငယ်ချင်း မသီတာက ဒီနေ့ပဲ Video Clip လေး နှစ်ခု ပို့ပေးလာတယ်…။ ပြီးတော့ Terms & Conditions ကလည်း အတူတူ ကပ်လျက်သား…။ အဲဒါက ဘာလဲ ဆိုတော့ ကျေးဇူးတင်ပါတယ်လို့ မပြောရဘူးတဲ့…။

ကိုယ့်ပန်းပုံလေးတွေကို သီချင်းလေးနဲ့အတူ တစုတစည်းထဲ ရလိုက်လို့ တကယ်ကို ကျေးဇူးတင်တာမို့ ကျေးဇူးတင်စကားကို သွက်သွက်လက်လက် ချရေးတော့မယ့်ဆဲဆဲ လက်က တွန့်သွားတယ်…။ အင်းလေ... ကျေးဇူးတင်ကြောင်း မပြောရဘူး ဆိုတော့လည်း ချစ်တဲ့အကြောင်းပဲ ပြောလိုက်ပါတယ်…။ Video Clip လေးတွေကိုလည်း ချစ်၊ နောက်ခံ သီချင်းလေးတွေကိုလည်း ချစ်၊ အချိန်ပေးပြီး စိတ်ရှည်လက်ရှည် လုပ်ပေးခဲ့တဲ့ မသီတာ့ကိုလဲ ချစ် ပေါ့…း))

ကဲ... အချိန်လေး ၅ မိနစ်လောက်ရရင် Video Clip လေးတွေကို ကြည့်သွားကြပါအုံး...
ပထမတခုကို မသီတာက Union လို့ နာမည်ပေးထားပြီး ဒုတိယတခုကိုတော့ Homogenous လို့ နာမည်ပေးထားပါတယ်…။ Union ရဲ့ နောက်ခံသီချင်းက That's what friends are for... ပါ။ Homogenous က နောက်ခံသီချင်းလေးကတော့ … … … ဘာသီချင်းလဲ ဆိုတာ ကိုယ်တိုင်ပဲ နားထောင်ကြည့်လိုက်ပါနော်…။







Monday, March 7, 2011

ရှင်သန်ခွင့်...


လေပြင်းမုန်တိုင်းတိုက်လိုက်သလို… ဝုန်းဝုန်း ဒိုင်းဒိုင်းအသံကြီးကြားလိုက်ရပြီး ခန္ဒာကိုယ်တခုလုံး ကိုင်ပေါက်လိုက်သလို… အမြင့်တနေရာမှ ပြုတ်ကျလာသလို… ခေါင်းထဲမှာ ရီဝေဝေ မူးနောက်နောက်… ကျွန်တော် ဘယ်နေရာကို ရောက်လာတာပါလိမ့်…။

ရုတ်တရက် မျက်စေ့ကို ဖွင့်လို့မရ… ခဏလောက် အသာ ငြိမ်နေပြီးမှ ပတ်ဝန်းကျင်ကို လေ့လာရန် မျက်စေ့ကို ကြိုးစားပမ်းစား ဖွင့်ကြည့်လိုက်သည်။ အိုး… ရုတ်တရက် ပျော်ရွှင်သွားသည်။ ဘေးပတ်ပတ်လည်မှာ ကိုယ့်အမျိုးတူ အဖေါ်အပေါင်းများစွာကို နီးနီးကပ်ကပ်တွေ့လိုက်ရ၍ ပျော်ရွှင်သွားသည်။ သူတို့အားလုံး တလှုပ်လှုပ်နှင့် ကိုယ့်အနားကိုလာပြီး တယောက်တခွန်း ဝိုင်းဝန်း မေးမြန်းနေကြသည်…။

မေးခွန်းတွေကြားမှာ ချာချာလည်နေရင်းက လက်ရှိ အခြေအနေကို တဖြည်းဖြည်း ရိပ်မိလာသည်။ အဆုံးအစမရှိ ကျယ်လွင့်သော ရေပြင်ကြီးထဲတွင် လူးလာခေါက်ပြန် ကူးခတ်သွားခဲ့ချိန်တွေမှာ ရေပြင်ကြီး ဘယ်လောက်ကျယ်လို့ ကျယ်ဝန်းမှန်း သတိမထားနိုင်ခဲ့…။ အခုတော့ လေးထောင့်စပ်စပ် မှန်ပုံးထဲမှာ… အများသူငါတွေနှင့် တိုးတိုးဝှေ့ဝှေ့… တမျိုးတော့လဲ ပျော်စရာအကောင်းသားလား…။

အတွေးတွေနှင့် ပတ်ဝန်းကျင်အသစ်ကို လေ့လာနေတုန်း ဗြုန်းဆို ခပ်ဖြူဖြူအရာတခု မျက်စေ့ရှေ့ရောက်လာသည်။ ကန်ထဲမှရေတွေ တဗွမ်းဗွမ်းနှင့် အပေါင်းအသင်းတွေအားလုံးလဲ ဟိုပြေး ဒီပြေးနှင့် ရုန်းရင်းဆန်ခတ် ဖြစ်ကုန်သည်…။ ဟာ… ဘာတွေ ဖြစ်နေတာပါလိမ့်…။

တွေးလို့မှမဆုံးသေး… ဘေးက သူငယ်ချင်းက လာပြောသည်…။ ဟိုနှစ်ကောင်တော့ ပါသွားပြီကွာ တဲ့…။ သူတို့က ဝတာကိုး ဝတဲ့အကောင် ရွေးသွားတာပေါ့… ဟုလဲ မလှမ်းမကမ်းမှ တယောက်က ပြောနေသေးသည်။ ထိုစကားကိုကြားရတော့ ကိုယ်ကို မသိမသာ ကျုံ့ထားလိုက်မိသည်။ ပြောရရင် ကျွန်တော်လဲ ခပ်ဝဝ အကောင်ပဲ မဟုတ်လား…။

သည်လိုနှင့် တနေ့တနေ့ အပေါင်းအသင်းတွေ နည်းနည်းသွားသည်။ သူငယ်ချင်းအသစ်တွေ တနေ့ကို တကောင်စ နှစ်ကောင်စတော့ ရောက်လာကြသည်။ သို့သော်လည်း အရင်ကလို ပျော်စရာ မကောင်းတော့ချေ။ သူတို့ကလဲ သူတို့၏ အနာဂတ် အလားအလာကို ကြိုတင် ရိပ်မိကြပုံရသည်။ ရောက်လာကတည်းက ခပ်ငြိမ်ငြိမ်…။ အခြေအနေအမှန် အဖြစ်အမှန် အလုံးစုံကို သိလာသောအခါ ကျွန်တော် နေလို့ မပျော်တော့ပါ။ ဘယ်နေ့ ဘယ်အချိန်မှာ ကိုယ့်အလှည့်ရောက်လာလေမည်လဲ ဟု အထိတ်ထိတ် အလန့်လန့်နှင့် တရက်ပြီး တရက် ကုန်ဆုံးခဲ့ရသည်။

သည်လိုနှင့် နောက်ဆုံးမှာ သည် မှန်ပုံးထဲမှာ ကျွန်တော်ရယ် နောက် အဖေါ် တကောင်ရယ်သာ ကျန်တော့သည်။ ထိုအချိန်မှာပဲ ကျွန်တော်တို့ နေထိုင်ရာ မှန်ပုံးနဲ့ တည့်တည့်က စားပွဲကို လူနှစ်ယောက် ရောက်လာခဲ့တာ…။

သူတို့က ကျွန်တော့ကို လာကြည့်ကြသည်…။ ကျွန်တော်ကလည်း သူတို့ကို တွေတွေငေးငေး ပြန်ကြည့်နေမိသည်။ သူတို့ နှစ်ယောက်ထဲမှ ဂျာကင် အညိုရောင်ဝတ်ထားသော တယောက်က ကျွန်တော်တို့ကို အကြာကြီး မျက်လုံးချင်းဆုံကာ လာကြည့်နေသည်…။ သူ့အကြည့်တွေကို ကောင်းမွန်စွာ ဘာသာမပြန်တတ်သော်လည်း စိတ်နှလုံး နူးညံ့ပြီး ကြင်နာတတ်သောသူတယောက် ဖြစ်နိုင်မှန်း ရိပ်မိလိုက်သည်…။ ထိုအခိုက် ကျန်တယောက်က ကျွန်တော်တို့ကို လက်ညှိုးညွှန်ကာ တစုံတခုကို ပြောဆိုလိုက်ရာ မကြာခင်မှာပင် ပိုက်ကွန် ဖြူဖြူတခုက ကျွန်တော်တို့အပေါ် အုပ်မိုး ကျရောက်လာခဲ့တော့သည်။

သိလိုက်ပါပြီ…။ သည်နေ့သည် ကျွန်တော့အတွက် နောက်ဆုံးနေ့ နောက်ဆုံးအချိန်သာ ဖြစ်သည်ကို သေသေချာချာ သိလိုက်ပါပြီ။ ပိုက်ကွန်ထဲတွင် တဖြတ်ဖြတ်လူးခါနေသော အဖေါ်ကို ကြည့်ရင်း ကိုယ့်ကိုယ်ကိုယ် ကြိုးစား တည်ငြိမ်နေမိသည်…။ ပြီးတော့ အသက်ကို ကြိုးစားပမ်းစား ရှုသွင်းနေရခိုက်… မာကျောကျော သစ်သားပြားတခုပေါ်သို့ ကျွန်တော်တို့ကို ကြမ်းတမ်းစွာ ပစ်ချလိုက်လေသည်။

ထိုအချိန်မှာပဲ……….
ထိုအချိန်မှာပဲ………. ခုနက ကျွန်တော်တို့ကို အကြာကြီး လာကြည့်နေသော ဂျာကင် အညိုနဲ့လူ ကျွန်တော်တို့ အနားသို့ အပြေးအလွှားနှင့် ရောက်လာသည်…။ ပြီးတော့ ကျွန်တော်တို့ကိုကြည့်ကာ စကားတွေ ပြောနေသည်…။ ဘာများဖြစ်လို့ပါလိမ့်….။ တခဏအကြာမှာတော့ ကျွန်တော်ရယ် ကျွန်တော့ အဖေါ်ရယ်ကို ရေဖြည့်ထားသည့် ပလတ်စတစ်ဇလုံတခုထဲ ရွှေ့ပြောင်းလိုက်ကြသည်…။ အား….. အသက်ကို တဝကြီး ရှုသွင်းလိုက်ရင်း ဘာတွေများ ဆက်ဖြစ်လာအုံးမည်လဲ ဟု တွေးနေမိသည်။

မကြာခင်မှာ ကျွန်တော်တို့ နှစ်ကောင်ကို ရေအပြည့်ပါသော ပလတ်စတစ်အိပ်ထဲ ထည့်ကာ ထို ဂျာကင် အညိုနဲ့လူက ကားပေါ်တင်ကာ ဘယ်ကိုမှန်းမသိ ခေါ်ဆောင် သွားလေတော့သည်…။ ကားပေါ်မှာ အငြိမ်မနေနိုင် တလူးလူး တလွန့်လွန့် လှုပ်ရှားနေသော အဖေါ်ကို အသာ ငြိမ်ငြိမ်နေရန် သတိပေးရင်း အခြေအနေကို အကဲခတ်နေမိသည်…။ အချိန်အတော်ကြာသောအခါ လေထုထဲတွင် ကိုယ် ရင်းနှီးခဲ့ဖူးသော အငွေ့အသက်တခုကို သတိထားလိုက်မိသည်…။ လေတွေ… လေတွေ… ကျွန်တော့အတွက် အလွန်တရာ ရင်းနှီး ကျွမ်းဝင်ခဲ့ဖူးသော လေထု…

မကြာခင် ကားရပ်သွားသည်… ပြီးတော့ ကျွန်တော်တို့ကို ထည့်ထားသော အိတ်ကို ညင်သာစွာကိုင်တွယ်ပြီး ကားထဲမှ ထုတ်ယူသွားသည်။ ဟော…. တွေ့ပါပြီ…. အဆုံးအစမဲ့သော မိုးကုတ်စက်ဝိုင်းကြီးနှင့်အတူ အဖြူရောင် တိမ်လိပ်တွေ လှပစွာ ဖွဲ့တည်နေသော ကောင်းကင်ပြာပြာကြီးရယ်… အုန်းပင်များ တမျှော်တခေါ် စီတန်းနေသော ကမ်းခြေလှလှရယ်.. ဟိုး… မျက်စိတဆုံး တွေ့မြင်နေရသော စိမ်းပြာပြာ ရေပြင်ကျယ် နှင့် စိုစွတ် အေးမြပြီး ပင်လယ်ရနံ့ သင်းနေသော လေတွေရယ်…

ကမ်းခြေမှ သဲမွမွတွေကို ဖြတ်ကျော်လာပြီး ပင်လယ်ရေတွေနှင့် အနီးဆုံးနေရာသို့ အရောက်မှာ ဂျာကင် အညိုနှင့် လူကို ကျေးဇူးတင် နှုတ်ဆက်သော အကြည့်ဖြင့် မော့ကြည့်လိုက်မိသည်။ သူကတော့ တွေ့ဟန်မတူ… ရီဝေသော မျက်လုံးအစုံသည် ဟိုးခပ်ဝေးဝေးက တောင်တန်း ညိုညိုတွေဆီကို ငေးမောလို့… သူ ဘာတွေ တွေးနေတာပါလိမ့်…။

သည်လိုနှင့် ကျွန်တော့ဘဝ ချမ်းသာရာရခဲ့သည်။
ကျွန်တော့ အသက်ကို ကယ်ခဲ့သော ကြင်နာတတ်သော လူတယောက်၏ ကျေးဇူးကို ကျွန်တော့ တသက် မေ့နိုင်စရာ မရှိပါ။ ဘဝချင်းမတူသော သူလို လူတယောက်ကို ကျွန်တော် ဘယ်လို ရှာဖွေပြီး ဘယ်လို နည်းဖြင့် ကျေးဇူးဆပ်ရမည် မသိ။ သို့သော် ထိုကျေးဇူးတွေကို သတိရမိတိုင်း ကမ်းစပ်အနားသို့ ကူးခတ်လာရင်း ကမ်းစပ်မှာ အနားယူ အပန်းဖြေနေကြသူများ၊ စွန်လွှတ်နေကြသူများ၊ လေညှင်းခံရင်း လမ်းလျှောက်နေကြသူများကြားတွင် ကြင်နာတတ်သော မျက်ဝန်းအစုံနှင့် ဂျာကင်ညိုညိုဝတ် လူတယောက်ကို တိတ်တဆိတ် ရှာဖွေနေမိသည်။ တွေ့နိုင်ရန် အခွင့်အလမ်း လွန်စွာ နည်းပါးလှသော်လည်း တချိန်မှာ တွေ့လိုတွေ့ငြား နေ့စဉ်နေ့တိုင်း လာရောက် ရှာဖွေနေဦးမည်သာ…။



မကြာခဏ စိတ်တိုတတ်၊ စိတ်ဆိုးတတ်သော်လည်း စိတ်ရင်း နူးညံ့ပျော့ပြောင်းပြီး ကြင်နာတတ်သော သူငယ်ချင်းတယောက်အတွက်…။

Friday, March 4, 2011

သရဲ လက်လျှော့ နေလေတော့

ကြာပါပြီ… သရဲတကောင်ဖြစ်ချင်နေတာ… ဒီညတော့ ဆန္ဒတွေ ပြည့်သွားပြီ၊ အခုကစလို့ သရဲဖြစ်ပြီ။ သရဲဆိုတော့ လူတကာ မမြင်သာတဲ့ မွဲခြောက်ခြောက် အရောင်အဆင်းနဲ့ ရုပ်ကလဲ ဆိုးဆိုး၊ ဝတ်ထားတာကလဲ ဝတ်ရုံ မည်းမည်းကြီးနဲ့ပေါ့။ ညညဆို လူတွေကို လိုက်ခြောက်မယ်၊ လိပ်ပြာတော့ မနှုတ်တတ်သေးဘူး၊ သရဲဖြစ်တာ မကြာသေးတော့ သရဲပါး မဝသေး၊ သရဲတို့ တတ်သင့် တတ်ထိုက်တဲ့ ပညာတွေ မစုံသေးဘူးလို့ ခေါ်ရမှာပေါ့…။

အရင်တုန်းကဆို ကိုယ့်အရိပ်တောင် ကိုယ်တိုင် ပြန်ကြောက်တတ်တဲ့ဘဝ၊ အခုတော့ ကိုယ့်ကို အားလုံးက ပြန်ကြောက်ကြရမယ့် ဘဝကို ရောက်ပြီ…။ လေတချက်အဝှေ့မှာ သွားချင်တဲ့နေရာတွေ ခြောက်ချင်တဲ့သူတွေဆီကို ဝှီးကနဲ ဝှီးကနဲ ရောက်သွားနိုင်တဲ့ သရဲဘဝ တယ်လဲ ပျော်စရာ ကောင်းပါလား…။

ကဲကဲ… ပြောနေ ကြာတယ်… ညနက်သန်းခေါင်ကျော်ပြီမို့ သရဲ လုပ်ငန်းစတော့မယ်…။ အထက်လူကြီးက ညွှန်ကြားလိုက်တယ်… ညကြီး အချိန်မတော် လုပ်ချင်ရာ လုပ်နေကြသူတွေ၊ အိပ်ချိန်တန်လို့မှ မအိပ်ကြတဲ့သူတွေကို မှတ်လောက် သားလောက်အောင် ဆုံးမလိုက်ပါတဲ့။ နောက်နောင်ကို ည မှောင်လာပြီဆိုတာနဲ့ သရဲကို ကြောက်ပြီး အချိန်နဲ့ အိပ်ရာဝင်ကြအောင် ခြောက်လှန့် ပညာပေးဖို့ တာဝန်ပေးလိုက်သဗျ…။

လာပြီ… သရဲဆို အသေကြောက်ကြမယ့်သူတွေရှေ့မှာ ဝတ်ရုံမည်း တလွှားလွှားနဲ့ ရိပ်ကနဲ ရိပ်ကနဲ နေအောင် ဖြတ်ပြေးပြလိုက်မယ်… ပြီးရင် ရိုးတိုးရိပ်တိတ်လေး သွားကျီစယ်ပြီး ခြောက်လှန့်လိုက်မယ်… ည ည မအိပ်ကြတဲ့သူတွေ တွေ့ကြသေးတာပေါ့ကွာ… မဲလ်ဝဲထက် ပိုကြောက်စရာကောင်းတဲ့ သရဲ လာချေပြီ… သရဲ လာချေပြီ…။

ကြည့်စမ်း… ဟောဟိုမှာ ညအချိန်မှာ မအိပ်ကြတာ ဘလော့ဂ်ဂါဆိုတဲ့ အံ့ဖွယ်လူသားတွေ ချည်းပါပဲလား…။ သူတို့တွေက ဘလော့ဂ်မှာကျတော့ စာမရေးပဲ မျက်နှာစာအုပ်မှာ တရစ်ဝဲဝဲနဲ့ပါလား… ညကြီးအချိန်မတော် ကွန်ပျူတာကြီး ရှေ့ချပြီး ပြုံးလို့ ရယ်လို့… အမယ် အမယ်… ဟိုတယောက် ခိုးခိုးခစ်ခစ်တောင် အသံထွက် ရယ်မောနေသေး… လာလေရော့… ဒင်းတို့ကို သွားခြောက်ရမယ်….။ ဘလော့ဂ်မှာ စာမှန်မှန်မရေးလို့ ဝဲမဲမဲကြီးက ခြောက်တာတောင် မကြောက်ကြတဲ့သူတွေအတွက်… အမောင် သရဲ လာပြီ…။

ဟမ်… မျက်နှာစာအုပ်ရှေ့မှာ ဘလော့ဂ်ဂါတွေ အများကြီးပါ၊ ဒါပေမယ့် သူတို့ အားလုံး ဘယ်သူမှ သရဲကို မြင်ပုံမရဘူး။ ကွန်ပျူတာကိုပဲ သဲကြီးမဲကြီးနဲ့ ကြည့်နေလိုက်ကြတာ...။ ဟဲလို… ဟဲလို… ဘုရားရေ… ခေါ်နေတာလဲ မကြားကြပါလား… သူတို့ရှေ့မှာ မည်းမည်း မည်းမည်းနဲ့ ဒီလောက် လူးလာခေါက်ပြန် သွားပြနေတာ တွေ့ပုံမရကြပါလား…။ သရဲ ဘဝ မျက်နှာငယ်လိုက်တာနော်…။

ဒီလိုဆို နောက်တနေရာပြောင်းမယ်… အုပ်စုလိုက် ခြောက်တာ မအောင်မြင်တော့ တဦးချင်းစီ လိုက်ခြောက်မယ်။ ဟော… ဟိုမှာတွေ့ပြီ… သူကတော့ သရဲကို ကြောက်မဲ့ပုံရှိတယ်… သူလဲပဲ မော်နီတာ မျက်နှာအပ်လို့ တချောက်ချောက်နဲ့… လက်စသပ်တော့ စာတွေရေးနေတာကိုး… ဒါမှ ဘလော့ဂ်ဂါ အစစ်ဗျား…။ သရဲက သူနောက်ကနေပြီး စာတွေကို လေသံတိုးတိုးလေးနဲ့ လိုက်ဖတ်လိုက်မယ်။ ဒါဆို သူ ကြောက်သွားမှာ သေချာတယ်…။

“ခါတိုင်း မုန့်ဟင်းခါးက တစ်ပွဲ ငါးရာ
ဒီမုန့်ဟင်းခါးက တစ်ပွဲ နစ်ရာငါးဆယ်ကျပ်
ဘာကွာလဲဆိုရင် အကြော် သိတ်မကောင်းဘူး... ဂျုံတွေများတယ်…”

ဟမ်… သူက သရဲအသံကို ကြားပုံမရပါလား…။ သူ့ နားထဲလဲ ဘာနားကြပ်မှ မရှိပါဘူး…။ ရေးနေတဲ့စာထဲ အတော်လေး အာရုံဝင်စားပုံပေါက်တယ်… ခေါ်မကြား အော်မကြား ဘလော့ဂ်ဂါပါလား…။ ပြောရင်းဆိုရင်းပဲ ညကြီးသန်းခေါင် ပိုစ့်အသစ်တင်နေပြီ… ဟာ မုန့်ဟင်းခါးတွေပါလား… သူတင်နေတဲ့ မုန့်ဟင်းခါးပုံတွေ ကြည့်ပြီး ညကြီးမင်းကြီး သရဲတောင် ဗိုက်ဆာသွားတယ်… သူ့ကိုလဲ ဘယ်လိုမှ ခြောက်လို့ဘယ်လိုမှ မရဘူး…။ သရဲ စိတ်ဓါတ်ကျလိုက်တာနော်…။

ဒီတိုင်းဆို သရဲ ထီးဖြူ ဖိနပ်ပါးကိန်းရှိတယ်… မလွဲမသွေ သရဲကြောက်တဲ့ လူစာရင်း လိုက်ကောက်ပြီး အဲဒီလူတွေဆီပဲ တန်းတန်းမတ်မတ်သွားမှ တော်ကာကျလိမ့်မယ်။

ဟော… စာရင်းအရဆို ဒီဘလော့ဂ်ဂါ သူငယ်မကတော့ သရဲကြောက်တတ်တယ် ဆိုပဲ။ မှန်းစမ်း… သူ ဘာလုပ်နေပါလိမ့်…။ အလို… သနပ်ခါးတွေလဲ လိမ်းထားပါကလား… အခန်းထောင့်မှာ ကျောက်ပျဉ် အကြီးကြီးလဲ တွေ့သဗျ…။ သူ့လက်ထဲမှာ လင်းလင်းလက်လက် အရာတခုကိုင်လို့… အခုခေတ်စားနေတဲ့ အိုင် ထဲက တအိုင် ဖြစ်လိမ့်မယ် ထင်တယ်။

အော… လက်စသတ်တော့ သူက ပုံဆွဲနေတာကိုး… တခြားသူတွေကို အမြင်နဲ့ ခြောက်တာ မကြောက်၊ အကြားနဲ့ ခြောက်တာလဲ မကြောက်ကြတော့ သူ့ကိုတော့ လက်ကို သွားဆွဲပြီး ခြောက်ပစ်မယ်… ဒီတခါတော့ အပီပဲ…။ လာလေရော့… သူ အလန့်တကြားထအော်မှာ တွေးမိတော့ သရဲ ပြုံးချင်ချင်တောင် ဖြစ်သွားတယ် ခင်ဗျ။

သို့သော် ဒီတခါလဲ ကျွန်တော် မောင်သရဲ မှန်းချက်နဲ့ နှမ်းထွက် လွဲပြန်ပါတယ်… ဒီသူငယ်မ လက်ကို သွားဆွဲတာ သူက မဖြုံပဲ လာမရှုပ်စမ်းပါနဲ့… ဆိုပြီး လက်နဲ့တောင် ပြန်ပုတ်ချလိုက်သေးသဗျာ…။ ဟင်… ဒီမှာ ကြည့်ပါအုံး… သရဲလေ… သရဲ… ဘာမှတ်လဲ… မကြောက်ဖူးလား…။ ဒီက သရဲကသာ တတွတ်တွတ်ပြောနေတာ ဟိုက ကြားပုံတောင်မရဘူး ပုံလေးတွေ ဆွဲမြဲ ဆွဲလျက်ပဲ…။ သရဲဘဝ တယ် မောရပါလားနော်…။

သရဲ မောလာလို့ အိမ်ပြန်ပြီး ကော်ဖီတခွက် သောက်လိုက်သေးတယ်… ဒါမှ နောက်ပိုင်း ဆက်ခြောက်စရာ အင်အားတွေ ရှိလာမယ်။ အော်… သရဲလဲ ကော်ဖီကြိုက်ပါတယ်ဗျ… အရင်ဘဝက တနေ့ကို လေးငါးခွက် သောက်လာတာ… ည ည ဆို မအိပ်ဘူး။ ဒါကြောင့် ဒီလောက် ညမအိပ်ချင်လွန်းတဲ့ကောင် သွားလေရော့ သရဲဘဝ ဆိုပြီး တွန်းလွှတ်လိုက်လို့ ရောက်လာရတာလေ…။

အိုကေ… ပြောနေကြာတယ်… သရဲ နောက်တနေရာ ပြောင်းမယ်…
ဟိုး… ဟိုး… ဟိုး… တွေ့ပြီဗျား… သူကတော့ ညကြီးမင်းကြီး ချက်နေတာကိုး… ချက်နေတယ်ဆိုလို့ ဟင်းချက်တာနဲ့ မမှားလိုက်ကြပါနဲ့… သူက အလှအပတွေ စာစီကုံးပြီး ချက်နေတာဗျား…။ သူ့နား အသာတိုးပြီး သူတို့ ချက်နေကြတာတွေ လိုက်ဖတ်မိတော့ အံမယ်… ဟိုလိုလို ဒီလိုလိုလေးတွေဗျား… ဖတ်ရင်းနဲ့ သရဲတောင် ပျော်သလိုလို ဖြစ်လာတယ်။ အော်… မဟုတ်သေးပါဘူး၊ သရဲ လာရင်းကိစ္စကို ဆောင်ရွက်ရဦးမှာလေ… သူ့ကို ဘယ်လို ခြောက်ရရင်ကောင်းမလဲ…

သိပြီ… သူ ချက်နေတဲ့ ဝင်းဒိုးတွေ တခုပြီး တခု လိုက်ပိတ်ပစ်မယ်… ဒါဆို သူ လန့်သွားမှာ သေချာတယ်။ သို့သော်…သို့သော်… ဒီတခါလဲ သရဲ မှားပြန်ပါတယ်… သူ့ဝင်းဒိုးတွေက တခုပိတ်လိုက်ရင် နောက်တခုက တုံကနဲနေအောင် တက်လာသဗျ၊ အဲဒီလို တက်လာတဲ့ဟာကို ပိတ်လိုက်ရင် နောက်တခုက ချက်ချင်း တက်လာသဗျ၊ ဘယ်လိုမှကို ပိတ်လို့ မနိုင် နိုင်ဘူး… ဒီလောက် လူအများကြီးနဲ့ သူမို့ တပြိုင်တည်း ချက်နိုင်တယ်… အံ့သြစရာ လူသားပါ…

အဲဒီလူသားဆီကနေ ခေါင်းငိုက်စိုက်ချပြီး အပြန် လမ်းမှာ တွေ့ရသ၍ ညမအိပ်သေးတဲ့ ဘလော့ဂ်ဂါတွေထဲက ဘယ်သူ့ကိုများ ခြောက်လို့ ရနိုင်မလဲလို့ စနည်းနာ ကြည့်မိတယ်ခင်ဗျ…

အင်းလေးရေပြင်မှာ ဇင်ယော်တွေနဲ့ ပျော်နေတဲ့ သူ၊
မောင်ငယ် ညီမငယ်တွေကို ကဗျာနဲ့ ဆူရှီတွေ ရောပြီးကျွေးနေတဲ့သူ၊
ကိုရီးယားမှာ စွတ်ပြုတ်သောက်ပြီး လက်မဆေးတဲ့သူ၊
ကြက်ဥကို အောမလက် ကြော်နေတဲ့သူ၊
ကြက်ဥတွေ၊ ကြာဆံတွေ သုပ်စားနေတဲ့သူ၊
ငါးဟင်းချက်ရင်း ပဲပင်ပေါက်ပါ ကြော်နေတဲ့သူ၊
ပင်နီဆူလာရောက်တုန်း ပဲပြုတ်ဝယ်တဲ့သူ၊
မွေးနေ့နားနီးလို့ သွားရလာရ လည်ရ ပတ်ရနဲ့ အရှုပ်တွေ လုပ်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ Like တွေ အကြောင်း ကဗျာရေးနေတဲ့သူ၊
ဆလိမ် နောက်ပစ်အကြောင်း ပြောပြတဲ့သူ၊
ချယ်ရီပင်အောက်မှာ အိပ်မက် မက်နေတဲ့သူ၊
မျက်နှာစာအုပ်မှာ ဓါတ်ပုံမပြလို့ စိတ်ကောက်နေတဲ့သူ၊
ပြောစရာရှိလို့ ဖုန်းနံပါတ်တောင်းတာကို မပေးလို့ စိတ်ဆိုးနေတဲ့သူ၊
ပန်းပွင့်လေးတွေကို သီချင်းလေးနဲ့ ဗီဒီယို လုပ်နေတဲ့သူ၊
ဟိုကိုမသွားနဲ့ ဒီဂိုလာ… ဒီဂိုလာ… လို့ ခေါ်နေတဲ့သူ၊
စာရေးရတာ ပျင်းလာလို့ ငါးပိစိလေးတွေ မွေးနေတဲ့သူ၊
၁၅ နှစ် ၁၅ နှစ်လို့ အော်ရင်း ကြောင်လေးတွေကို အစာကျွေးနေတဲ့သူ၊
ယောင်နောက် ဆံထုံးပါ အသိုက်ပြောင်းမှာမို့ အလုပ်ရှုပ်နေတဲ့သူ၊
အင်္ဂလိပ်စာ တိုးတက်ရေး စာမေးပွဲအတွက် စာကျက်နေတဲ့သူ၊
ဓါတ်ပုံတွေမှာ အရုပ်လေးတွေဖြည့်ပြီး ဆွဲနေတဲ့သူ၊
Stress များလို့ Snack စားရင်း စာမရေးနိုင်တဲ့သူ၊
ရေကန်ဘေး လမ်းလျှောက်ရင်း ဗီဒီယို ရိုက်နေတဲ့သူ၊
တအိုင် အိုင်နဲ့ အိုင် စစ်တမ်းကောက်နေတဲ့သူ၊
အဲဒီလူတွေအပြင် လက်နက်ကြီးတွေ (ကင်မရာ) နဲ့ အလုပ်များနေတဲ့သူတွေ၊
တမလွန်က သူငယ်ချင်းတွေအကြောင်း ရေးနေတဲ့သူတွေပါ တွေ့ခဲ့ရတယ်။

ဒါပေမယ့် အားလုံးက သူတို့ အာရုံနဲ့သူတို့… သရဲကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင် မမှတ်ကြဘူး ခင်ဗျ…။

လက်လျှော့လိုက်ပါပြီ… သရဲ လက်လျှော့လိုက်ပါပြီ…။
ညမအိပ်တဲ့သူတွေ ခြောက်ဟဲ့ ခြောက်ဟဲ့… ဆိုတော့ ခြောက်စရာဆိုလို့ ညမအိပ်တာ ဘလော့ဂ်ဂါတွေပဲ ရှိတယ်။ သူတို့တတွေကို ခြောက်ရတာလဲ ဘယ်လိုမှ မအောင်မြင်၊ ဘယ်သူကမှ မကြောက်ကြတော့ နောက်ဆုံးမှာ သရဲ ခြေကုန်လက်ပမ်းကျပြီး အမောသာ အဖတ်တင်တယ်…။ နောက်ကို ဘလော့ဂါတွေဆို ကြောက်ပါပြီ… ညမအိပ်ချင်လဲ မအိပ်ပဲသာ နေကြပါ… စာမရေးချင်လဲ မရေးပဲသာ နေကြပါ… ဘယ်တော့မှ (ဘယ်တော့မှ) လာမခြောက်တော့ပါဘူး… လို့ သရဲ သေသေချာချာ ဆုံးဖြတ်လိုက်ပါပြီဗျာ..။

မှတ်ချက်။ ။ မကေရေးသော ပေါက်ကရ ၁၀ နှင့် ပေါက်ကရ ၃၀ ပိုစ့်ကို သဘောကျပြီး လိုက်ရေးပါသည်။ သရဲခြောက်မည့် စာရင်းထဲမပါသေးသူများ စိတ်မပူကြပါနှင့် နောက်တနေ့မှာ သင်တို့ထဲသို့ ဆိုက်ဆိုက်မြိုက်မြိုက် အရောက်လာပြီး မကြောက် ကြောက်အောင် ကြိုးစား ခြောက်လှန့်ပါအုံးမည်…။



Wednesday, March 2, 2011

မင်းသမီးပုံပြင်

စာမရေးတာကြာတော့ ဘယ်ကနေ ဘယ်လို စရေးရမှန်းတောင် မသိတော့ဘူး… တကယ်ပြောတာပါ…။ ရေးစရာ ဇာတ်လမ်း ဇာတ်ကွက်တွေ ရှာမရ… ရေးစရာ စကားလုံးတွေ ရှာမရနဲ့… တဖြည်းဖြည်း လက်တွေ နှေးလာလိုက်တာ…။ ဒီနေ့တော့ ကိုယ့်ကိုယ်ကိုယ် တော်တော်လေး တိုက်တွန်းပြီး ရေးလိုက်တယ်။

တခြားတော့ မဟုတ်ပါဘူး… မကြာသေးခင်က အလည်သွားဖြစ်တဲ့ မလက္ကာမြို့လေး အကြောင်းပါ။ အဲ... မြို့လေးအကြောင်း ဆိုတာထက် အဲဒီမြို့လေးထဲက နေရာလေး တခုအကြောင်း ပြောပြမှာပါ။

မလက္ကာဆိုတဲ့ မြို့သေးသေးလေးဟာ အရှေ့တောင် အာရှမှာ ရေကြောင်း ကုန်သွယ်ရေးမှာ အချက်အချာကျတဲ့ မြို့ ဖြစ်တာရယ်၊ မလေးရှားက Peninsula နဲ့ အင်ဒိုနီးရှားက စူမတြား ကမ်းခြေ နှစ်ခုကြားက ၈၀၅ ကီလိုမီတာ (မိုင် ၅၀၀) ခန့်သာ ကျယ်ဝန်းတဲ့ ရေလက်ကြားကြောင့်ရယ်၊ လှပတဲ့ ကျွန်းတွေ၊ ကမ်းခြေတွေ၊ သမိုင်းဝင် အဆောက်အဦး ဟောင်းဟောင်းလေးတွေ၊ Church တွေ၊ ပေါ်တူဂီ နဲ့ ဒတ်ခ်ျတို့ အုပ်စိုးခဲ့တဲ့ ရာဇဝင်တွေ၊ Peranakan Food (သို့မဟုတ်) Nyonya Food လို့ အမည်ရတဲ့ အရသာရှိတဲ့ အစားအသောက်တွေ… စတဲ့ အကြောင်းတွေကြောင့် နိုင်ငံခြား ကမ္ဘာလှည့် ခရီးသည်တွေ မျက်စိကျစရာ နေရာ တခု ဖြစ်ခဲ့တယ်။

အဲဒီလို လှပတဲ့ ကျွန်းတွေ ကမ်းခြေတွေထဲမှာ Big Island ဆိုတဲ့ ကျွန်းလေးတခု ရှိတယ်။ ဟိုးရှေးရှေးတုန်းက မင်းသမီးလေးတပါးဟာ သူ့ရဲ့ ခင်ပွန်းဖြစ်သူ မင်းသားလေး ကွယ်လွန်သွားတဲ့အတွက် ပူဆွေးသောကတွေနဲ့ အသည်းကွဲနေခဲ့တယ်။ ခင်ပွန်းမရှိတော့တဲ့ အတွက် သူတဦးတည်း ဆက်လက်နေထိုင်နိုင်ဖို့ ဆန္ဒမရှိတော့တာကြောင့် အနီးက Big Island ဆိုတဲ့ ကျွန်းလေးထဲကို ခုန်ချပြီး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့တယ်။

အဲဒီအချိန်မှာ မင်းသမီးလေးမှာ ကိုယ်ဝန်ရှိနေခဲ့တာကြောင့် ကွယ်လွန်ပြီး သူ့ရဲ့ Body ရေပေါ် ပေါ်လာတဲ့အခါ အခု အောက်ကပုံမှာ တွေ့ကြတဲ့ ပုံသဏ္ဍါန်အတိုင်း ကျွန်းကလေးတခု ဖြစ်ပေါ်လာခဲ့တယ် တဲ့…။ ဒီမှာ ကြည့်ပါအုံး... သူတို့ ပြောကြတဲ့အတိုင်း တူသလားလို့...


ကဲ... ဘာပဲပြောပြော အဆုံးမရှိ အစမရှိ တုံးတိတိနဲ့ ပိုစ့်တခုတော့ ဖြစ်သွားပြီ…။
နောက်ရက်တွေမှာ အသစ်တင်နိုင်အောင် ကြိုးစားပါအုံးမယ်…။