Friday, September 23, 2011

ချစ်သော ဧရာဝတီသို့...

မြို့ပြမှာ ကြီးပြင်းခဲ့ရသော ကျွန်မ၏ ငယ်ဘဝမှာ ထူးခြားမှု တစုံတရာမရှိ… ရိုးစင်း၏။ အိမ်မှာ အစိုးရဝန်ထမ်း မိဘနှစ်ပါးနှင့် ကျောင်းဆရာဟောင်းတဦး ဖြစ်ခဲ့ဖူးသော အဖိုးရှိသည်။ ကူဖေါ်လောင်ဖက် ခေါ်ထားသော အဒေါ်ကြီးတယောက်ရှိသည်။ မိုးလင်း မိုးချုပ် မိဘနှစ်ပါးက အလုပ်သွားသည်။ ကျွန်မက ပုံမှန်လာကြိုသော ကျောင်းကားဖြင့် ကျောင်းသွားသည်။ အိမ်ပြန်ရောက်လျှင် ရေမိုးချိုး၊ ကကြီး ခခွေးတွေ ရေးပြီး ဖေဖေ မေမေတို့ ပြန်ရောက်လာချိန်တွင် ညစာစားကြသည်။ ပြီးတော့ အိပ်ရာဝင်သည်။ နောက်တနေ့ မနက် နိုးလာလျှင် အဒေါ်ကြီး ပြင်ဆင်ထားသော နံနက်ခင်းစာကို စား၍ ကျောင်းသွားသည်…။ အားလပ်ချိန်တွေမှာ အဖိုးနှင့်အတူ ရွှေသွေး တေဇ မိုးသောက်ပန်း အစရှိသော စာအုပ်လေးတွေကို ဖတ်တတ်သလောက် ဖတ်သည်။ သည်လိုနှင့် သမရိုးကျ နေ့ရက်များကို ပုံမှန် ဖြတ်သန်းလာခဲ့သည်။ တိုက်တာ အိမ်ခြေ အဆောက်အဦးများဖြင့် အတိပြီးသော၊ ရုပ်ဝတ္ထုဆန်သော မြို့ပြလူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူ ကျွန်မကို တခုသော ကျောင်းပိတ်ရက်မှာ အဖိုးက မြို့နှင့် ခပ်လှမ်းလှမ်းတနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျွန်မ တသက် မေ့မရနိုင်စရာ ခရီးတခုဖြစ်ပြီး ထိုအချိန်က ကျွန်မအသက် ၅ နှစ်ခန့်ရှိပြီဟု မှတ်မိပါသည်။

ထိုနေရာကိုရောက်အောင် ရထားကြီး စီးသွားရတာ မှတ်မိသည်။ ရထားကြီးက တိုက်တာ အိမ်ခြေများနှင့် ကင်းလွတ်ရာကို တဂျုံးဂျုံးနှင့် ခုတ်မောင်းလာလေသည်။ တခါမှ ရထားမစီးဖူးသော ကျွန်မအတွက်တော့ မြင်ရသမျှ တွေ့ရသမျှ အရာရာသည် ဆန်းကြယ်နေခဲ့လေသည်။ ရထားလမ်း ဘေးတဖက် တချက်မှာ စိမ်းစိမ်းစိုစို စိုက်ခင်းများကို တွေ့ရပြီး လူနေအိမ်ဟု ယူဆရသော တဲအိမ်ငယ်လေးများကို တွေ့ရသည်။ ကျွန်မနှင့်ရွယ်တူ ကလေးငယ်များက ထိုစိုက်ခင်းများအကြားတွင် လွတ်လပ်စွာ ပြေးလွှား ခုန်ပေါက် ဆော့ကစားနေကြသည်ကို တွေ့ရသောအခါ ကျောင်းက ကစားကွင်း ကျဉ်းကျဉ်းလေးထဲမှ ကစားဖေါ် စိုးစိုးတို့ကို သတိရသွားသည်။ အတူတူ ကစားကြရရင် ပျော်စရာကောင်းမှာပဲ…။

လမ်းဘေး ဝဲယာကို ကြည်ငေးပြီး ရထားစီးရခြင်းကို ပျော်မွေ့နေသောကြောင့် အချိန်ဘယ်လောက်ကြာလို့ ကြာမှန်း ကျွန်မ မသိလိုက်ခင်မှာ ရထားကြီးက ခပ်ဟောင်းဟောင်း ဘူတာရုံလေးတခုမှာ ရပ်သွားခဲ့သည်။ ပါလာသော ကျောပိုးအိပ်လေးကို လွယ်ကာ ထိုရထားဘူတာမှာ ဆင်းရသည်။ ပြီးတော့ လမ်းအနည်းငယ် လျှောက်ရသည်။ လမ်းပေါ်မှာ လူတွေ အများကြီးကို တွေ့ရသည်။ ဒါတင်မက ဈေးသည် ဈေးဝယ်တွေနှင့် စည်ကားနေသော လမ်းဘေးဈေးလေးကိုလည်း တဆက်တည်း တွေ့ရသည်။ မြင်နေမကျသော မြင်ကွင်းသစ်များကြားမှာ ကျွန်မ စိတ်လှုပ်ရှားစွာ ပျော်ရွှင်နေခဲ့ပါသည်။ အဖိုးလက်ကို ဆွဲကာ ဈေးလမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ကြံတွေ ဖရဲသီးတွေ ခရမ်းချဉ်သီးတွေ စိမ်းစားဥတွေကို အဖိုးက ညွှန်ပြသည်။ သည်အသီးအနှံတွေကိုတော့ ကျောင်းမှာ ဆရာမက သင်ပြထားသောကြောင့် အနည်းငယ် သိနေပေပြီ။ မကြာခင်မှာ ချူသံလိုလို အသံတမျိုးပေးပြီး ကိုယ်ထည် အကောင်ခပ်ဝဝနှင့် ညိုတိုတို အကောင်နှစ်ကောင် ကျွန်မဘေးက ဖြတ်သွားသည်…။

“အဖိုးရေ.. ဟိုမှာကြည့်ပါအုံး ဝက်ကြီးတွေ ဝက်ကြီးတွေ… အကြီးကြီးပဲနော်…” ဟု ဝမ်းသာအားရ ကျွန်မ အော်လိုက်မိသည်…။ ကျွန်မစကားအဆုံးမှာ ဘေးနားက လမ်းသွားလမ်းလာများ ကျွန်မကို လှည့်ကြည့်ပြီး ပြုံးရယ်ကြသည်။ အဖိုးကလည်း ရယ်မောလေသည်…။ အမှန်ကတော့ ကျွန်မ လက်ညှိုးညွှန်လိုက်သော အကောင်များမှာ ဝက်များ မဟုတ်ပါ။ ကျန်းမာ သန်စွမ်းကာ ဝဖီးနေသော ကျွဲများ ဖြစ်ကြပေသည်။

ပြီးတော့ ကျွန်မတို့ လျှောက်လာရာလမ်းဘေး တဖက်တွင် သစ်ပင်စိမ်းစိမ်းများရှိနေသည်။ သေသေချာချာ နားထောင်ကြည့်လျှင် သူတို့က လေအဝှေ့မှာ တေးသံတမျိုးကို သီဆိုနေသယောင်…။ ထိုအခါ ကျွန်မက အဖိုးကို… “ဟိုနားက ချိုးချိုးချွတ်ချွတ်နဲ့ဟာ ဘာပင်တွေလဲ ဖိုးဖိုးရဲ့…” ဟု မေးလိုက်လေသည်။ ၅ နှစ်သမီး ကျွန်မ၏ ထိုမေးခွန်းကို အဖိုးက နှစ်သက်မဆုံး… သတိရတိုင်း၊ စကားကြုံတိုင်းလည်း ပြန်ပြောမဆုံး…။ ကျွန်မ၏ အမေးကို “အဲဒါ လေတိုးတိုင်း သီချင်းဆိုတတ်တဲ့ ဝါးရုံတွေ…” ဟု အဖိုးက အဖြေပေးပါသည်။ မေမေတို့ အဒေါ်ကြီးတို့ ဟင်းချက်စားလေ့ရှိသော မျှစ်မှာ ထိုဝါးပင်က ရကြောင်းကိုပါ အဖိုးက တဆက်တည်း ရှင်းပြသေးသည်။ ဝါးကို ဟင်းချက်စားကြပြီး မျှစ်ဟု ခေါ်ကြပုံကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်… တကယ်ဆို ဝါးက ဝါးပဲ မဟုတ်လား..။ ဝါးရုံတွေ၏ တေးသံကို ချစ်သော ကျွန်မက ထိုအချိန်မှစပြီး မျှစ်ကို မျှစ်ဟု လုံးဝ မခေါ်တော့ချေ။ အိမ်မှာ မျှစ်ဟင်း ချက်သောနေ့များတွင် တစုံတယောက်က “သမီး အိမ်မှာ ဘာဟင်းချက်သလဲ…” ဟု မေးလာလျှင် ငါးနဲ့ ဝါးနဲ့ (သို့) ဝက်သားနဲ့ ဝါးနဲ့… ဟုသာ အစဉ် ဖြေဆိုတတ်ပါသည်။

သည်လိုနှင့် မကြာခင်မှာ ကျွန်မတို့ မြေးအဖိုးနှစ်ယောက် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးမြနေသော ခြံဝိုင်းလေးထဲမှ သစ်သား မြေစိုက်အိမ်ကလေး တလုံးဆီကို ရောက်လာခဲ့ကြသည်။ ကျွန်မတခါမှ မတွေ့ဖူးသော အဖိုး၏ မိတ်ဆွေများက အိမ်လေးထဲမှ အပြေးအလွှား ထွက်လာပြီး ကျွန်မတို့ကို ကြိုဆိုကြသည်။ ထိုခြံဝင်းထဲမှာ အခုနက ကျွန်မ တွေ့ခဲ့ရသော အကောင် ဝဝမျိုးတွေကို ထပ်တွေ့ရပြန်ရာ သည်တခါတော့ ကျွန်မက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် “အဖိုးရေ… ဒီမှာ ကြည့်ပါအုံး… ကျွဲကြီးတွေနော်…” ဟု ပြောလိုက်ရာ ရယ်သံတွေ စီစီညံသွားခဲ့သည်။ “ဒါ ကျွဲတွေ မဟုတ်ဖူး ကလေးရဲ့ သူတို့က နွားတွေ… ကလေး စားနေတဲ့ ထမင်းတွေရအောင် သူတို့က ကူညီတယ်… ကျေးဇူးရှင်တွေ…” ဟု အိမ်ရှင် ဦးကြီးက ရယ်သံတဝက်နှင့် ပြောပါသည်။

ထို ဦးကြီးကပင် “ကဲ… ကဲ… မြေးအဖိုးနှစ်ယောက် ခရီးပန်းလာကြတယ်… နားရအောင် အိမ်ပေါ်တက်ကြပါ…” ဟု ဖိတ်ခေါ်သောအခါ အဖိုးက “သမီး မမောသေးရင် အဖိုးတို့ တနေရာကို သွားကြရအောင်…” ဟု ပြောပါသည်။ အစစ အရာရာကို အဆန်းတကြယ်ဖြစ်နေသော ကျွန်မကလည်း မောရမှန်း ပန်းရမှန်း တကယ်ကို မသိခဲ့ပါချေ။ ထို့ကြောင့် ခြံထောင့်တနေရာက ရေအိုးစင်လေးထဲမှ အဖိုးခပ်ပေးသော ရေအေးအေးကို လက်ကိုင်ရိုးရှည်တပ် အုန်းမှုတ်ခွက်ဖြင့် တဝ သောက်လိုက်ပြီး ကျောပိုးအိပ်လေးကို အသာချကာ အဖိုးခေါ်ရာကို လိုက်လာခဲ့ပါသည်။

လမ်းတလျှောက် ခလောက်သံ ချူသံ တချွင်ချွင်နှင့် နွားလှည်းများ၊ ခွာသံ တခွပ်ခွပ်နှင့် မြင်းလှည်းများ၊ ဝဲယာ တဖက်တချက်ဆီမှ ဝါးရုံတို့ကို လေတိုးသော ချိုးချိုးချွတ်ချွတ်အသံများ နှင့်အတူ မြေနံ့တသင်းသင်းတို့တွင် ကျွန်မအလွန်တရာ ယစ်မူးပျော်ရွှင်လှသည်။ ကလေးတယောက်ဖြစ်သော်လည်း သဘာဝကို အမြတ်တနိုး နှစ်သက်လှသော စိတ်ကလေး ကျွန်မရင်ထဲမှာ ရှိနေခဲ့သည်ကို နောင် အသက်အရွယ်ရလာသောအခါမှာ ကောင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။

“အိုး… ဟိုးမှာ ရေတွေ… ရေတွေ… ရေတွေ အများကြီးပဲ…”
အလန့်တကြား၊ ပြီးတော့ တအံ့တသြနှင့် ကျွန်မ အော်လိုက်မိပါသည်။ ကျွန်မ မျက်စိ မမှားပါ…။ ကျွန်မ မျက်နှာတူရှုမှာ ပြာလဲ့နေသော ရေပြင်ကြီးတခု ရောက်နေပါသည်။ ထိုမျှလောက် ကြီးမားသော ရေပြင်ကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ အဖိုးက ကျွန်မလက်ကို ဆွဲထားရာမှ ဖြေလွှတ်ပေးလိုက်သည်…။ ကျွန်မကလည်း အဖိုးလက်မှ လွတ်လျှင် လွတ်ချင်း ရေတွေရှိရာကို တဟုန်ထိုး ပြေးသွားမိတော့သည်…။

ပြာလဲ့နေသော ရေပြင်ကြီး၊ မြစ်ကမ်းပါးမှာ တလျှောက်ဆီမှ တဲအိမ်ငယ်လေးတွေ၊ ထိုရေစပ်မှာ အဝတ်လျှော် ရေချိုးနေကြသူတွေ၊ ငါးမျှားတံတွေ လက်ဆွဲပုံးငယ်လေးတွေ ကိုယ်စီဖြင့် ငါးမျှားနေကြသူတွေ၊ ငါးဖမ်း ပိုက်ကွန်တွေဖြင့် အလုပ်များနေကြသူတွေ၊ မြစ်ပြင်ကျယ်မှာ အစုန်အဆန် ကူးလူး သွားလာနေကြသော အရွယ်စုံ အရောင်စုံ ငါးဖမ်းလှေ ကြီးကြီး ငယ်ငယ်တွေ၊ မြစ်ဆိပ်မှ ကုန်းပေါ်သို့ ပစ္စည်းတွေ သယ်ပိုးလာသော သူတွေ၊ သောက်ရေ သုံးရေ ခပ်နေကြသူတွေ၊ တလုံးပေါ် တလုံးဆင့်ကာ အစီအရီ ထပ်တင်ထားသော အမျိုးအမည်စုံလင်လှသော အရွယ်အစား စုံလင်သော စဥ့်အိုးတွေ၊ ညီညီညာညာ စုပုံထားသော ထင်းခြောက်တွေကို သယ်ယူရန် ပြင်ဆင်နေကြသော ဝါးဖေါင်တွေ၊ အဲဒါတွေအပြင် ကျွဲ၊ နွား၊ ဘဲ၊ ကြက် အစရှိသော သတ္တဝါလေးတွေကလည်း အစုလိုက် အစုလိုက် အေးအေးလူလူ ဟိုမှသည် ကူးလူးသွားလာနေကြသော မြင်ကွင်းတွေက ကျွန်မလို ကလေးတယောက်၏ ရင်ကို ပြင်းထန်စွာ လာရောက် တိုးဝှေ့ ထိမှန်ခဲ့သည်။


အဖိုးက ပြောသည်…။ သမီး… ဒါ ဧရာဝတီ တဲ့…။
အဖိုးက ထိုစကားကို တကြိမ်ထဲ တခွန်းထဲ ပြောသော်လည်း ကျွန်မနားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်…။ သည်အမည်နာမကို ကြားလိုက်ရသောအခါ လူက အလိုလိုနေရင်း ခွန်အားတွေ တိုးလာပြီး စွမ်းအင်တွေ ပြည့်ဝကာ မောပန်းနေတာတွေ အားလုံးကို လွင့်စင်သွားစေခဲ့သည်။ ကြည့်ပါအုံး… ဧရာဝတီ တဲ့…။ ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို ကျွန်မမျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းနှင့်အတူ မိတ်ဆက်ပေးခဲ့သည်။ အသက် ၅ နှစ်အရွယ် မြေးမလေးကို အဖိုးက ဧရာဝတီနှင့် မိတ်ဆက်ပေးပုံမှာ တသက် မမေ့နိုင်စရာ သိမ်မွေ့နူးညံ့ပြီး အဓိပ္ပါယ် ပြည့်ဝလှသည်။

ထိုအချိန်မှ စတင်ကာ ကျွန်မ၏ ရင်ထဲ ဧရာဝတီက စွဲမြဲခဲ့တာ ဖြစ်သည်…။ ထိုရက်တွေမှာ စားချိန် အိပ်ချိန်မှလွဲ၍ အချိန်တိုင်း ကျွန်မ ဧရာဝတီနားကို ရောက်နေခဲ့သည်။ သစ်ပင်ခြေရင်းမှ အမြစ်ဆုံ တခုခုပေါ်မှာ ထိုင်၍သော်လည်းကောင်း၊ ရေစပ်က ကျောက်တုံးခပ်သေးသေးတခုပေါ်မှာ ထိုင်၍သော်လည်းကောင်း အချိန်ရှိသ၍ ဧရာဝတီကို တမေ့တမော ငေးကြည့်နေခဲ့မိသည်။ သစ်လုံးအကြီးကြီးတွေကို တရွတ်တိုက် ဆွဲယူသွားနိုင်အောင် ခွန်အားဗလ ကြီးမားလှသော ဆင်ကြီးတွေ၊ ပြီးတော့ သူတို့ အနောက်မှ လိုက်ပါလာသော ဆင်ပေါက်စလေးတွေကို ကြည့်ကာ တယောက်တည်း သဘောတကျ ရယ်မောနေခဲ့မိသေးသည်။ ဖေဖေနဲ့ မေမေတို့ သွားလေရာကို နောက်က တကောက်ကောက်လိုက်နေတတ်သော ကိုယ့်ကိုကိုယ် ပြန်မြင်ရသလိုပါပဲ။ ပြီးတော့ ဖရဲသီးတွေ တင်လာသော လှေထဲမှ လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်တွေကို ကျွန်မ စားခဲ့ရသည်။ အိုးပုတ် ချိုးရုပ်လေးတွေ တင်လာသော လှေထဲမှ အရုပ်ကလေးတွေကိုလည်း ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ ညိုညစ်ညစ် ရွှံ့တွေဖြင့် လောက်စာလုံးလေးတွေကိုလည်း ဝိုင်းနေအောင် လုံးဖြစ်ခဲ့သေးသည်။

ထိုမြို့လေးမှ ပြန်ခါနီး ညနေမှာတော့ အဖိုးက ကျွန်မကို ဧရာဝတီနှင့် အသေအချာ ထိတွေ့ နှုတ်ဆက်စေခဲ့သည်။ ကမ်းစပ်က ရေတွေထဲကို သွက်သွက်လက်လက်… ပြီးတော့ မကြောက်မရွံ့ ဆင်းချသွားသော ကျွန်မကို အဖိုးက အခါများစွာကလို စိတ်ပူမနေသည့်အပြင် လက်ခုတ်တီးကာ အားပေးနေခဲ့သေးသည်။ သေချာသည်လေ… ဧရာဝတီက သူ့ချစ်သူများကို ဘယ်နည်းနှင့်မျှ အန္တရာယ် မဖြစ်စေနိုင်ပါ။ နေဝင်ချိန်မှာ နေလုံးနီနီကြီးက ဧရာဝတီထဲသို့ နစ်ဝင် ကွယ်ပျောက်သွားချိန်မှာမှ ကျွန်မ ဧရာဝတီကို နှုတ်ဆက်လက်ပြကာ ခွဲခွာခဲ့ရသည်။ ထိုအခိုက်အတံ့လေးမှာတော့ ကလေးအတွေးနှင့် နေလုံးကြီး… ကျွန်မ ဖြစ်ချင်ခဲ့မိသည်။ သို့မှသာ ဧရာဝတီထဲကို နေ့စဉ်နေ့တိုင်း တိုးဝင်ခိုလှုံကာ နီးစပ်ခွင့်ရနိုင်မည် မဟုတ်ပါလား…။

ထိုခရီးတိုလေးက အပြန်မှာ ဧရာဝတီ၏ မြင်ကွင်းပုံရိပ်တွေ ကျွန်မ မျက်စိထဲမှာသာမက ရင်ထဲသို့ အပြီးတိုင်အောင် ခိုင်မြဲစွာ စူးနစ် ဝင်ရောက်ခဲ့ပြီး ဖြစ်လေသည်။ ကျွန်မ နားလည်တတ်သိသော အသက်အရွယ်ကို ရောက်လာသောအခါတွင် စကားမဆိုတတ်သော ဧရာဝတီ၏ ညင်သာသော ရေစီးသံနှင့်အတူ လျှို့ဝှက်စကားသံများ (သို့မဟုတ်) တီးတိုး ညည်းဆိုသံများကို အချိန်တိုင်းလိုလို ကြားချင်နေမိသည်။ ဧရာဝတီမှာလည်း ရင်ထဲက စကားသံတွေ ရှိနေနိုင်တာပဲ မဟုတ်လား…။ ဧရာဝတီကို လွမ်းသော တချို့ ညတွေမှာ ကွယ်လွန်သွားပြီဖြစ်သော အဖိုးနှင့် ဧရာဝတီကို တွဲဖက်ကာ အိပ်မက် မက်မြင်တတ်ခဲ့သည်။

အဆိုးဆုံးကတော့ အခု လောလောဆယ်မှာပဲ ဖြစ်သည်။ တိမ်ညိုညစ်တို့လို မှိုင်းမှောင်သော အကြံအစည်တွေကြောင့် ကျွန်မချစ်သော ဧရာဝတီ တကိုယ်တည်း ငိုညည်းနေမည်လော… ဒါဏ်ရာ အနာတရတွေအတွက် နာကျင်ခံခက်စွာ ညည်းတွားနေမည်လော… အံကြိတ်ကာ အသံတိတ် လှဲလျောင်းနေမည်လော… သို့တည်းမဟုတ် ရှိသမျှ အားအင်တို့ကို စုစည်းပြီး ခုခံတွန်းလှန်ရန် ပြင်ဆင်ကြိုးစားနေမည်လော…။ ဖြစ်နိုင်လျှင် အခုချက်ချင်း ဧရာဝတီဆီကို အပြေးကလေး ပြန်သွားလိုက်ချင်ပါသည်။ သူ့စကားသံများ ညည်းတွားရှိုက်သံများကို ကျွန်မ စာနာစွာ ကြားနာလိုလှပါသည်။ သို့သော်လည်း ဧရာဝတီဆီကို တခုတ်တရ လိုက်ပို့မည့် အဖိုးကဖြင့် မရှိတော့ပြီ။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ရေကြည်ရာ မြက်နုရာ… ဧရာဝတီနှင့် ခပ်ဝေးဝေးတနေရာမှာ…။

ဧရာဝတီနှင့် ဝေးနေရသော်လည်း ဧရာဝတီကို သိသူတိုင်း သူ့ကို ချစ်ခင် တွယ်တာလှသည်။ ကြီးမား ခန့်ငြားသော ဧရာဝတီကို အစဉ် တွေ့မြင်မနေရသော်လည်း ဧရာဝတီအကြောင်းကို လေသံမျှ ကြားရရုံနှင့် ခံစားချက်တို့ လေးနက်ခဲ့သည်။ နှလုံးသွေးတို့ ဆူဝေခဲ့သည်။ အတွေးစတို့ ဝဲလွင့်ခဲ့သည်…။ ဧရာဝတီသည် မြန်မာတို့၏ သမိုင်းဖြစ်သည်။ ဘိုးဘွားဘီဘင်များနှင့် မျိုးဆက် ဘယ်နှစ်ခုက သည် ဧရာဝတီပေါ် မှီတင်း နေထိုင် ရှင်သန်ခွင့် ရရှိခဲ့သည်လဲ… မြန်မာဟူသော တိုင်းပြည်တခု ဖြစ်ပေါ်လာစေရန် နိုင်ငံ တနံတလျား အလယ်ဗဟိုတည့်တည့်မှ ဖြတ်သန်း စီးဆင်း ဆက်သွယ်ပေးခဲ့သော ဧရာဝတီသည် တိုင်းသူ ပြည်သား မည်၍ မည်မျှကို ကျေးဇူးပြုခဲ့သည်လဲ…။ သည် ဧရာဝတီကြီး မရှိခဲ့လျှင် ဆိုသော အတွေးကိုဖြင့် အနည်းငယ်မျှပင် မတွေးရဲပါချေ။ ထို့ကြောင့်လည်း မြန်မာပြည်သားတိုင်း ဧရာဝတီကို ကာကွယ်ဖို့ စွမ်းအားရှိသ၍ အားထုတ် ကြိုးစားနေခဲ့ကြသည်…။

ကျွန်မချစ်သော ဧရာဝတီနှင့် ပတ်သက်၍ အစဉ်တွေးဖြစ်နေသော အတွေးနှင့် အစဉ်မေးဖြစ်နေသော အမေးတခု ရှိပါသည်…။ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း သည်အတွေးကို တွေးကာ သည် အမေးကို ကိုယ်တိုင်ကိုယ်ကျ ပြန်မေးကြည့်ကြစေချင်ပါသည်။ ထိုအတွေးနှင့် အမေးကတော့… ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ အသုံးပြုခဲ့ကြ၊ အသုံးချခဲ့ကြ ပြီးပြီလဲ… ပြီးတော့ ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသလဲ ဟူ၍ပင်…။




*** Photo credit to Poet & Digital Graphic Designer Khant Min Htet.

Tuesday, September 13, 2011

Cheese Cake

ကြံစည်နေတာတော့ ကြာပါပြီ...။ ပြီးခဲ့တဲ့ သောကြာနေ့ညကတော့ အကြံအစည် အောင်မြင်သွားပါတယ်...။ အဲဒါကတော့ အလွန်နှစ်သက်တဲ့ အစားအစာတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Cheese Cake တလုံး ပြုလုပ်ရေးပါ။ ဒီ Cheese Cake ဖြစ်ပေါ်လာရေးအတွက် အဓိက မှီငြမ်း ကိုးကားခဲ့ရတာကတော့ Evy Foodlover ဆီမှာ ပါ...။ ဒီအတွက် ညီမ Evy ကို ကျေးဇူးအများကြီး တင်ပါတယ်...။

Cheese Cake တခုအတွက် ပါဝင်သော ပစ္စည်းများ... (အတိအကျကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်...) Cream Cheese, Sour Cream, Butter, Eggs, Whipped Cream, Digestive Biscui & Sugar


ခုနက ပစ္စည်းတွေ ဓါတ်ပုံရိုက်တုံးက Lemon Juice မေ့ကျန်နေခဲ့လို့...


175 gm of Digestive Biscuits


Cheese Cake အတွက် ဗန်း (Pan with Removable Base)


Digestive Biscuit ကို အိပ်တလုံးထဲထည့်... Rolling Pin နဲ့ ချေ...)


ထောပတ်ကို အပူပေး အရည်ပျော်အောင်လုပ်ပြီး ခုနက ချေထားတဲ့ ဘီစကစ်တွေနဲ့ ရောပြီး သမအောင် မွှေ... ပြီးတော့ ဗန်းထဲထည့်...


ဗန်းရဲ့အောက်ခြေမှာ ခင်းပြီး သေသေချာချာဖိ... ရေခဲသေတ္တာထဲမှာ နာရီဝက် အအေးခံ...


သကြားနဲ့ Cream Cheese ကို အရင်မွှေ... ပြီးတော့ ကြက်ဥ ထည့်မွှေ... နောက်တော့ Sour Cream ရယ် Lemon Juice တဇွန်းရယ်နဲ့ Whipping Cream နဲ့ ရောမွှေ... (အမှန်ကတော့ တခုပြီး တခု ထည့်ပြီး အားလုံး ရော သ မ မွှေ တာပါပဲ...)


မွှေပြီးရင် ခုနက ဘီစကစ် အခင်းပေါ်ကို လောင်းထည့်... မုန့်ဖုတ်ရန် အသင့်... Preheat Oven ထဲမှာ 180 Deg C နဲ့ မိနစ် ၇၀ ကြာအောင်ထားလိုက်...


အခုလို Cheese Cake ရလာတယ်... အချိန်စေ့ခါနီးအထိ အရောင်က ဖြူနေသေးတာမို့ မီးထပ်တင်လိုက်တာ အပေါ်ယံ အရောင်ရင့်သွားတယ်...


လုပ်ချင်တာသာသိပြီး အိုးနဲ့ မုန့်နဲ့ အချိုးအစားကို ထည့်မတွက်လိုက်မိလို့ အိုးက ကြီး၊ မုန့်က နည်း ဖြစ်သွားတယ်... ဒီတော့ ပိန်ပိန်ပါးပါး Model Cheese Cake လေး ရလာတယ်... (ခေတ်နဲ့ အညီပေါ့...)


ဘာပဲပြောပြော ကြိုးစားရ ကျိုးနပ်တယ် ဆိုရမယ်...။ Oven ထဲက ထုတ်ပြီးခါစကတော့ ကြည့်ရတာ ပျော့နေသလိုမို့ တခုခုတော့ မှားနေပြီလို့ ထင်နေတာ... ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ၄ နာရီလောက် အအေးခံလိုက်ပြီးမှ ပြန်ကြည့်လိုက်တော့ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်...။ ဒီတော့မှ သက်ပြင်းချနိုင်တယ်... အရသာကတော့ ပြောစရာမလို... Starbucks က New York Cheese Cake နဲ့ တကယ့်ကို နင်လား ငါလားပါပဲ...။

အမှန်ကတော့ ဓါတ်ပုံတွေရော စာတွေရောကို Facebook မှာ တင်ပြီးသားပါ...။ ဒါပေမယ့် ဘလော့ဂ်မှာ စာအသစ်မရေးဖြစ်လို့ ဆားချက်တဲ့ အနေနဲ့ ဒီမှာ ပြန်တင်လိုက်ပါတယ်...။




Saturday, September 10, 2011

အမှတ်တရဒါဏ်ရာ


အသုံးမပြုသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အတော်လေး စဉ်းစားယူရလိမ့်မည်ဟု တွေးထင်ထားသော လျှို့ဝှက်ဂဏန်း ခြောက်လုံးသည် လက်ဖျားမှ အစီအစဉ်တကျ အလိုအလျောက် ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး လွယ်လင့်တကူ ဝင်ရောက်အသုံးပြုနိုင်အောင် သဘောတူ သတ်မှတ်ထားသော ထိုလျှို့ဝှက်နံပါတ်များကို သူရော မှတ်မိနေဦးမလားဟု ဖျတ်ကနဲ တွေးလိုက်မိသည်။ ထိုတခဏမှာ အမည်မဖေါ်နိုင်သော ခံစားချက် တခုနှင့်အတူ အမြင်အာရုံတွေ ဝေဝါးသွားသည်ကို ဖာသာ သိလိုက်သည်။ ဖြစ်နိုင်လျှင်တော့ ကိုယ် မငိုချင်ပါ…

တကယ်ဆိုလျှင် ထိုနေရာကလေးသည် နှစ်ဦးသား အတူတူပိုင်ဆိုင်သော်လည်း အတူတူ မနေဖြစ်ပဲ တယောက်တလှည့်စီသာ လာနေဖြစ်ကြသော အိမ်ကလေးတလုံးနှင့် ဆင်ဆင်တူပါသည်။ ထိုနေရာလေးသို့ ရောက်သွားချိန်တွင် သူ လာသွားသော ခြေရာ လက်ရာကလေးများ တွေ့နိုင် မြင်နိုင်ဦးမည်လား… အပြေးအလွှား ရှာဖွေမိပါသည်။ သို့သော် သူ ရောက်မလာခဲ့သည်ကို လပေါင်းအတော်ကြာနေသော နေ့စွဲများနှင့် အေးစက်ရပ်တံ့လျှက်ရှိသော စာများက သက်သေပြနေပါသည်။ ထိုနေရာ… ဟုတ်ပါသည်… တိတိကျကျ ပြောပြရလျှင်တော့ ထိုနေရာဆိုသည်မှာ ဘယ်သူ့အတွက်မှ မထူးဆန်းလှသော သာမာန် အီးမေးလ်အကောင့်လေး တခုမျှသာ ဖြစ်ပါသည်။

သို့သော် ထိုနေရာလေးမှာ နှစ်ဦးသား အပြန်အလှန် ရေးသား ပြောဆိုခဲ့ဖူးသော၊ ပျော်ရွှင် နောက်ပြောင် ရယ်မောခဲ့ကြဖူးသော၊ စိတ်ကောက်၍ ပြန်ချော့ခဲ့ကြဖူးသော စာ အစောင်စောင် ရှိနေသည်။ ပြီးတော့ အနေဝေးချိန်တွေ၊ သတိရ လွမ်းဆွတ်ချိန်တွေမှာ ကြည့်ရန် အမှတ်တရ ရိုက်ကူးထားဖြစ်သော ဓါတ်ပုံတချို့လည်း ရှိနေသည်။ အဲဒါတွေအပြင် တယောက်ကို တယောက် သတိတရ လိုအပ်လာသော အချိန်များတွင် နားထောင်ရန် အပြန်အလှန် ပေးပို့ထားသော သီချင်းတွေ… အားလုံး ခြေရာလက်ရာ မပျက်မယွင်း ရှိနေပါသေးသည်။

ထိုနေရာလေးမှာ အတူတူ ရှိနေခဲ့ချိန်များကို ပြန်ပြောင်းသတိရစရာ ကောင်း မကောင်း၊ သင့် မသင့် မတွေးဆ မချင့်ချိန်နိုင်ခဲ့ပါ။ စာတွေထဲမှ စကားလုံးများ၏ နာကျင်ခံခက် ထိုးနှက်မှုတို့နှင့် တပြိုင်နက်မှာပင် ထိုစကားလုံးများ၏ သိမ်မွေ့သော ဆွဲဆောင်မှုတို့ကို အနည်းငယ်မှ မတွန်းလှန်နိုင်ပဲ ထိုနေရာလေးမှာ စာအဟောင်းတွေကို ပြန်ဖတ်ရင်း နာရီပေါင်း အတော်ကြာ ငြိမ်သက်နေခဲ့မိပါသည်။ လက်သင့်ရာ သီချင်းတပုဒ်ကို ဖွင့်လိုက်မိချိန်မှာ ကြားလိုက်ရသည်က လေးဖြူ၏ အလွမ်းများ ဖြစ်လို့နေခဲ့သည်။ အတူတူ လျှောက်ဖူးတဲ့ နေရာများ... မင်းရယ်... တို့ရယ်... ရင်မျာ ရူးသွပ်တဲ့ ညတိုင်း... တဲ့... တို့ ဝေးမယ့် အကြောင်းတွေ မရှိခဲ့... တဲ့...။ ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့သည်...။ သီချင်းမဆုံးခင်မှာ ပိတ်လိုက်ရသည်။ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပိတ်ပြီး မျက်ဝန်းနက်နက်များနှင့် တည်ငြိမ်စွာ စိုက်ကြည့်နေသော သူ့ဓါတ်ပုံကို တွေ့လိုက်တော့ သူ့ကို ခေါ်နေကျ စကားလုံးတလုံးကို တီးတိုး ရေရွတ်လိုက်မိပါသည်။

သူရေးခဲ့သော စာတွေတိုင်းမှာ I miss you… ဆိုသော စကားလုံး သုံးလုံးဖြင့် စတင်ခဲ့ပြီး တဖွဲ့တနွဲ့မဟုတ်ပဲ ရိုးစင်းလှသော စကားလုံးများဖြင့် Report ဆန်ဆန် ဖြစ်သော်လည်း စာတစောင်ကို ဖတ်လိုက်တိုင်း ထူးဆန်းသော ခံစားမှုတခုခုကို အစဉ် ပေးစွမ်းနိုင်ခဲ့သည်။ လိမ်ညာ ဟန်ဆောင်ခြင်းကင်းသော၊ ရိုးသားဖြောင့်မတ်သော စာတွေဟု အကြိမ်ကြိမ် ယုံကြည်ခဲ့မိသည်…။ ယခုချိန်အထိလည်း ယုံကြည်နေချင်ဆဲ ဖြစ်သည်။ သို့သော်… မျှော်လင့်မထားသော အချိန်တွင် ထောင့်တထောင့်မှနေ၍ သူ ကိုယ့်ကို အလဲထိုးခဲ့လေသည်။

ဘာကြောင့်လဲ… ဘာကြောင့်လဲ… ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရေရွတ်နေမိပါသည်။ ကိုယ် ဟန်ဆောင် မကောင်းပါ။ သည်နေရာမှာ သည်ထက်ပိုပြီး အချိန်ကြာကြာနေနေလျှင် အမှန်တကယ်ကို ရူးသွပ်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ် ထိုနေရာလေးမှ ဖယ်ခွာလာခဲ့သည်။

တကယ်ဆိုရင် သူသည် အချိန်ကာလတခုအထိ ဟန်ဆောင်ကောင်းစွာဖြင့် ပိပိရိရိ လှည့်ဖျား လိမ်ညာနေခဲ့သူ တယောက်မျှသာ…။ သည်လို တွေးလိုက်မိသောအခါ သူနှင့် ရင်းနှီးခဲ့ဖူးသော အချိန်များစွာက တွေ့ မြင် သိကျွမ်းခဲ့ရသော သူ့ဓလေ့ စရိုက်များ၊ သူ့ အမူ အကျင့်များ၊ သူ့ အယူအဆ အတွေးအခေါ်များကို ပြန်လည်သတိရမိပြီး တိတ်တဆိတ် အားနာနေပါသေးသည်။ သူ ဒီလိုလူစားမျိုး လုံးဝ မဟုတ်နိုင်ပါ ဟု ရဲရဲဝံ့ဝံ့ ခုခံ ငြင်းဆိုလိုက်ချင်သော်လည်း အခုအချိန်မှာတော့ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ နာကျည်းပစ်လိုက်ဖို့ ကောင်းသည် နော်…

သူ့အကြောင်းကို ကြားရကာစက နေ့ပေါင်း ညပေါင်းများစွာ ကိုယ် အရူးတပိုင်း ဖြစ်သွားခဲ့သည်…။ တန်ခိုးရှင်တယောက်သာ ဖြစ်ခဲ့လျှင်တော့ သူ့ဆီကို မရောက် ရောက်အောင်သွားကာ ဘာကြောင့်လဲ… ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဟု အေးအေးသက်သာပင် မေးမြန်းချင်မိပါသည်။ သို့သော်… ကိုယ် သူ့ဆီ မရောက်နိုင်ခဲ့သလို သူကလည်း ကိုယ့်ကို မဆက်သွယ်ခဲ့ပါ။ ကိုယ်တို့နှစ်ယောက်အကြားမှ သတိရစရာ အမှတ်တရ ရက်စွဲများ၊ အကြောင်းအရာများကို အချိန်နာရီနှင့်တကွ မှတ်သားထားတတ်သော၊ ယုတ်စွအဆုံး ရှပ်အဖြူလေး ဝတ်လာတဲ့နေ့က ကိုယ် မင်းကို ဘယ်နှစ်ခါ နမ်းခဲ့တာနော်… ဆိုသော အကြောင်းအရာမျိုးအထိ မှတ်မှတ်သားသားရှိနေတတ်သော သူတယောက်… အခုတော့ ထိုအမှတ်တရများ သူ့ထံမှာ စိုးစဉ်းမျှ မရှိတော့ပြီလား..။

သူ… ကိုယ့်ဘဝထဲမှ တိုးတိတ် ညင်သာစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကိုယ့်ထက်ပိုပြီး တွယ်တာ ချစ်ခင်ရမည့်သူ သူ့မှာ ရှိနေခဲ့ပြီလေ…။ အနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည်လား… ကိုယ် နားမလည်ခဲ့ပါ။

သူချန်ထားခဲ့သော နေ့ရက်တွေတိုင်းသည် ပိုးကောင်များ ဖျက်ဆီးခြင်းခံလိုက်ရသော သစ်ရွက်စိမ်းလေး တရွက်လို… အပင်ပေါ်မှ ကြွေမကျသေးသော်လည်း ဒါဏ်ရာ ဒါဏ်ချက်တို့ဖြင့် မတင့်တယ် မလှပတော့သော ပိုးပေါက်များစွာဖြင့် ထိုသစ်ရွက်စိမ်းလေးလို…။ ရေစင်မည်သို့ ပက်ဖြန်းစေကာမူ မလန်းဆန်းနိုင်တော့သော ထိုသစ်ရွက်စိမ်းလေးလို…။

လက်ရှိအခြေအနေမှာ သူ ဘယ်ကိုရောက်နေသလဲ ကိုယ် မသိပါ။ သိအောင်လည်း မကြိုးစားချင်ပါ။ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို မထင်မှတ်ပဲ ဖြစ်စေ၊ တမင် ရည်ရွယ်၍ဖြစ်စေ တွေ့ဆုံစရာအကြောင်း တခုခု ဖန်လာခဲ့သည်ရှိသော် ပိုးပေါက်ကလေးများစွာနှင့် ဒါဏ်ရာရနေသော သစ်ရွက်ကလေး တရွက်ကိုသာ ကိုယ့် ကိုယ်စား အမှတ်တရ ချန်ထားပေးခဲ့ရန် တွေးနေမိပါတော့သည်။



မှတ်ချက် - အထက်ပါ သစ်ရွက်ပုံ ဓါတ်ပုံလေးကို LIBRATUN က ဘလော့ဂါ မောင်နှမများထံ မျှဝေပြီး မိမိတို့ ခံစားရသလို ရေးပေးရန်နှင့် သည်ည ၁၁ နာရီမှာ အတူတူ တပြိုင်နက်ထဲ တင်ကြရန် ပြောလာသောကြောင့် ကျေးဇူးတင် ခင်မင်စွာဖြင့် ဤပိုစ့်ကို ရေးသားပါသည်။

Monday, September 5, 2011

ရွှေဒေါင်းတောင် အွန်လိုင်း ဂျာနယ် မိတ်ဆက်


စာရေးသူ စာဖတ်သူ သူငယ်ချင်း မိတ်ဆွေများကို အွန်လိုင်းဂျာနယ်အသစ်တခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ အဲဒါကတော့ ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် ပါ…။ ဒီဂျာနယ်ကို ဂျပန်နိုင်ငံမှာ အခြေစိုက်နေထိုင်ကြတဲ့ ဝါသနာရှင် စာရေးသူများနဲ့ ဖွဲ့စည်း တည်ထောင်ခဲ့ပါတယ်။

မြန်မာစာပေ အကျိုးပြု ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်အတွက် တာဝန်ခံ အယ်ဒီတာက ကမာနီလာ ဖြစ်ပြီး အယ်ဒီတာ ဒူကဘာ၊ အမှုဆောင် အယ်ဒီတာ ကိုကြည်နိုင်၊ အယ်ဒီတာ အဖွဲ့ဝင်များအဖြစ် သတိုး၊ မြစ်ကျိုးအင်းနဲ့ မယ်ကိုးတို့ ပါဝင်ပါတယ်။ အတိုင်ပင်ခံ အကြံပေး ခင်လေးငယ် ဖြစ်ပြီး ဒီဇိုင်နာအဖွဲ့မှာ သိန်းလှိုင်(လှိုင်းဘွဲ့)၊ ဇောင်း နဲ့ Neo တို့ ပါဝင်ပါတယ်။

စာပေဝါသနာရှင်များအတွက် ပြည်တွင်း ပြည်ပ သတင်းများနဲ့ ကမ္ဘာ့သတင်းများ၊ ဝတ္ထုရှည် ဝတ္ထုတို အက်ဆေးများ၊ ဂန္တဝင်ကဗျာ နဲ့ ခေတ်ပေါ်ကဗျာများ၊ ဆောင်းပါးများ၊ သီချင်း ရုပ်ရှင် ဗီဒီယို ဂီတ စတဲ့ အနုပညာ နဲ့ ပတ်သက်တဲ့ အကြောင်းအရာများ၊ မြန်မာစာအုပ် အင်္ဂလိပ်စာအုပ်များနဲ့ စာအုပ် အညွှန်းများ၊ တလတာ ဗေဒင်ဟောစာတမ်းအပါအဝင် ဗေဒင်အကြောင်း သိကောင်းစရာများ၊ ကျန်းမာရေး နဲ့ အားကစား သတင်းများ၊ ခရီးသွားမှတ်တမ်း ခရီးသွားလမ်းညွှန်များ၊ ကောင်းနိုးရာရာ စားသောက်ဖွယ်ရာများ နဲ့အတူ ဓါတ်ပုံမှတ်တမ်းများ အစရှိတဲ့ ကဏ္ဍအစုံကို အွန်လိုင်းကနေ ဝေဝေဆာဆာ တင်ဆက်မယ့် ဂျာနယ်တခု ဖြစ်ပါတယ်။

အခုလို အွန်လိုင်းဂျာနယ် တင်ဆက်ရတဲ့ ရည်ရွယ်ချက်တွေကို ဂျာနယ် ဖြစ်မြောက်ရေးအတွက် တာဝန်ယူ ဦးဆောင် စီစဉ်သူများက အခုလို ပြောပြပါတယ်…

“စာပေကို ချစ်မြတ်နိုးသူ လူမျိုးတိုင်း မိမိတို့၏ မိခင်ဘာသာ စကားနှင့် ဖွဲ့ဆိုရေးသား တင်ပြကြရာတွင် မိမိတို့လည်း မြန်မာစာပေကို ဖတ်ယူလေ့လာ နိုင်စေခြင်း အလိုငှါ ဤနေရာလေးတွင် မိခင်ဘာသာဖြင့် မြန်မာစာပေ ကဏ္ဍများစွာကို ကျွန်ုပ်တို့ ဖြည့်ဆည်းနိုင်သမျှ အင်အားစုလေးများနှင့် ကြိုးစားကာ ပိုမိုတိုးတက် ဖွံ့ဖြိုးလာစေလိုခြင်းဖြင့် ဤ Website ကို တည်ဆောက်ရေးသား ရပါသည်။ စာရေးဆရာ၊ စာရေးဆရာမ များ၏ အမျိုးစုံလှသော စာပေ အနုလက်ရာများကို ထုတ်ဖော်ခင်းကျင်း ချပြပေးနိုင်သော စာပန်းခင်း အဖြစ်လည်းကောင်း၊ ထို့အတူ အရည်အသွေး ကောင်းမွန်၍ စာရေးခြင်း၌ ခုံမင် တပ်မက်လှသော မြန်မာဘလော့ဂါများ၏ စာပေများကို လေ့လာ ဖတ်ရှုစရာ နေရာအခင်းအကျင်း တခုအဖြစ် ဆင့်ပွားထားသည် ဟူ၍လည်းကောင်း မှတ်မှတ်ထင်ထင် ရှိစေလိုပါသည်။ ထိုသို့သော စိတ်ကူး ရည်ရွယ်ချက်များ နှင့် ရွှေဒေါင်းတောင် ဂျာနယ်ကို အွန်လိုင်းမှတဆင့် လွှင့်တင်ခြင်း ဖြစ်ပါသည်…”

ဒီဂျာနယ်ကို အခု စက်တင်ဘာလဆန်းက စပြီး တင်ဆက်ပါတယ်။ အနုပညာ သုတ ရသ ကဏ္ဍစုံလင်တဲ့ စာ ကဗျာတွေကို တနေရာထဲမှာ တစုတစည်းထဲ ဖတ်ရှုနိုင်ကြမှာမို့ စာချစ်သူ ပရိတ်သတ်များ နှစ်သက်ကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ကဏ္ဍတခုချင်းစီအတွက် ပိုစ့်တွေကို တရက်ထက် တရက် စုံလင်အောင် ကြိုးစား တင်ဆက်ပေးနေပါတယ်။ သိပ်မကြာခင် အချိန်အတွင်းမှာ ကဏ္ဍအစုံကို ဝေဝေဆာဆာ တွေ့မြင် ဖတ်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။ ပိုစ့်အသစ် တင်ပြီးတိုင်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်ရဲ့ Facebook စာမျက်နှာ မှာ update လုပ်ပေးသွားမှာ ဖြစ်ပါတယ်။

ဘလော့ဂ်စာမျက်နှာတွေပေါ်က စာရေးဖေါ် မိတ်ဆွေ သူငယ်ချင်းများနဲ့ အခြားသော ဝါသနာရှင်များရဲ့ ကိုယ်တိုင်ဖန်တီးထားတဲ့ စာ ကဗျာ ပန်းချီ ဓါတ်ပုံ အစရှိတဲ့ အနုပညာ လက်ရာများကိုလည်း ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ်က လှိုက်လှဲစွာ ဖိတ်ခေါ်ပါတယ်။ စိတ်ဝင်စားသူများ "editor@shwedaungtaung.com" ကို ဆက်သွယ် ပေးပို့ နိုင်ကြပါတယ်…။

အင်တာနက် စာမျက်နှာပေါ်ကို ရောက်လာခဲ့တဲ့ မြန်မာစာပေ အကျိုးပြု ရွှေဒေါင်းတောင် အွန်လိုင်းဂျာနယ် လှပအောင်မြင်စွာ တည်တံ့ရှင်သန်နိုင်စေကြောင်း ဆန္ဒပြု ဆုတောင်းပါတယ်။