Friday, May 18, 2012

အစိမ်းရောင် ဖိုးဘီးယား*

(Picture from Google)

ကိုယ်နားလည်တဲ့ အစိမ်းရောင်ဟာ-
သဘာဝရဲ့ အရောင်ဖြစ်တယ် အဝါနဲ့ အပြာတို့ရဲ့ စည်းချက်ညီညီ ပေါင်းစပ်ခြင်းဖြစ်တယ် တရားမျှတခြင်းရဲ့ အရောင်ဖြစ်တယ် သစ်ပင်တွေရဲ့ အရောင်ဖြစ်တယ် ပင်လယ်ရဲ့ အရောင်ဖြစ်တယ် မြက်ခင်းတွေရဲ့ အရောင်ဖြစ်တယ် တွင်းထွက်ကျောက်စိမ်းတွေရဲ့ အရောင်ဖြစ်တယ် သက်ရှိသတ္တဝါတချို့ရဲ့ အသားအရောင်ဖြစ်တယ် အဲဒါတွေအပြင် အစိမ်းရောင်ဟာ ဟန်နီကန်ဘီယာဗူးခွံတခုရဲ့ အရောင်လည်း ဖြစ်သေးတယ်

ကိုယ်နှစ်သက်တဲ့ အစိမ်းရောင်ဟာ-
အသစ်တဖန် ပြန်လည်မွေးဖွားခြင်းရဲ့ သင်္ကေတဖြစ်တယ် နုနယ် ပျိုမြစ်လန်းဆန်းခြင်းရဲ့ သင်္ကေတ ဖြစ်တယ် အချိုးတကျ ဖွံ့ဖြိုးကြီးထွားလာခြင်းရဲ့ သင်္ကေတ ဖြစ်တယ် တောင့်တ မျှော်လင့်ခြင်းရဲ့သင်္ကေတ ဖြစ်တယ် ခေါင်းညိတ် ခွင့်ပြုခြင်းနဲ့ လိုက်လျောခြင်းရဲ့ သင်္ကေတဖြစ်တယ် အပူ အအေး မျှတခြင်းရဲ့ သင်္ကေတဖြစ်တယ် ပတ်ဝန်းကျင် ထိန်းသိမ်းရေးရဲ့ သင်္ကေတဖြစ်တယ်
အဲဒါတွေအပြင် အစိမ်းရောင်ဟာ စတားဘတ်ခ်ကော်ဖီဆိုင်ရဲ့ သင်္ကေတလည်း ဖြစ်သေးတယ်

ကိုယ်မသိလိုက်တဲ့ အစိမ်းရောင်မှာ-
ဖျိုးကနဲ ဖျတ်ကနဲ ကိုယ်ရောင်ဖျောက်နိုင်တဲ့ သတ္တိရှိတယ် မလိုလားအပ်တဲ့ အရိုင်းဆန်မှုတွေ ပါဝင်တယ် ထင်ရှားတဲ့ စိမ်းကား မုန်းတီးမှုတွေ ပါဝင်တယ် သွေးအေးတဲ့ ရက်စက်ကြမ်းကြုတ်မှုတွေ ပါဝင်တယ် မနာလို ဝန်တိုခြင်းတွေ ပါဝင်တယ် ထိတ်လန့် တုန်လှုပ်ခြင်းတွေ ပါဝင်တယ်
အဲဒါတွေအပြင် အစိမ်းရောင်မှာ အေးစက်တဲ့ နာဖျားနေမှုတွေလည်း ပါဝင်သေးတယ်

ကိုယ်မြင်လိုက်ရတဲ့ အစိမ်းရောင်မှာ-
အလျင်စလိုနိုင်မှုတွေ နဲ့အတူ အလောတကြီးနိုင်မှုတွေ ပါဝင်တယ် မလိုအပ်တဲ့ အမှားအယွင်းပေါင်း မြောက်များစွာ ပါဝင်တယ် မယုံကြည်နိုင်စရာ… တစက္ကန့်… နှစ်စက္ကန့်… သုံး လေး စက္ကန့်… မျက်တောင်တခတ်အောက်က အံ့သြဖွယ်ရာ ပြောင်းလဲမှုတွေ ပါဝင်တယ် ကုသိုလ်ကံ အကုသိုလ်ကံ… အဲဒီလို ကံတွေနဲ့အတူ တားဆီးလို့မရတဲ့ ကံကြမ္မာ အလှည့်အပြောင်းတွေ ပါဝင်တယ် ပြုပြင်ယူလို့ မရတော့တဲ့ နောက်ကျခြင်းတွေ ပါဝင်တယ်
အဲဒါတွေအပြင် ပြင်းထန် ကျယ်လောင်တဲ့ ပေါက်ကွဲသံတခုလည်း ပါဝင်သေးတယ်

အစိမ်းရောင် မီးပွင့်တခုရဲ့ အလွန်မှာ-
အဖြူရောင်လွင်ပြင်ကျယ်ကြီးတခုထဲကို အလင်းတန်းတချို့ အရှိန်ပြင်းပြင်းနဲ့ ဖြတ်ပြေးသွားတယ် အနီရောင်နဲ့ အပြာရောင်တို့ တမဟုတ်ချင်း ရောနှောပေါင်းစပ်သွားတယ် ရှိလက်စ အပျော်တွေ အမြန်ဆုံး နိဂုံးချုပ်သွားတယ် ပျိုမြစ်ခြင်းတွေ အပိုင်းပိုင်း အစစ အက်ကွဲ ကြေမွသွားတယ် ရှင်သန်ခြင်းတွေ အဝေးကြီးကို လွင့်စင်သွားတယ်

နောက်ဆုံးတော့ အဲဒီ အစိမ်းရောင်ထဲမှာ ပြန်လည် ဆယ်ယူလို့မရတဲ့ အရှက် သိက္ခာနဲ့ အတူ ညည်းတွား ငိုကြွေးနေကြတဲ့ ဘဝပေါင်းများစွာ ပါသွားလေတယ်…



ဖိုးဘီးယား* = Phobia

Tuesday, May 15, 2012

နေရာ

ကျွန်မတို့ နှစ်ယောက်၏ အိပ်ခန်းသည် စတုရန်းပုံ ရှိပြီး အတန်အသင့် ကျယ်ဝန်းပါသည်။ ထိုအိပ်ခန်းအတွင်းပိုင်းကို အကြမ်းအားဖြင့် ပုံဖေါ်ပြရလျှင် အဝင်တံခါး၏ ညာဖက်ဘေးတွင် အနက်ရောင် မီးအုပ်ဆောင်းနှင့် မတ်ရပ် စာကြည့်မီးတိုင် တခု၊ ထိုမီးတိုင်နှင့် ကပ်မှာ နှစ်ယောက်အိပ်ကုတင် ရှိပါသည်။ အခန်းထောင့်တနေရာမှာ ကြည့်လိုက်လျင် လူကို ပိန်သွယ်သွားစေသော ရှည်မျောမျော ကြည့်မှန်ချပ်တခု ပါဝင်သော မှန်တင်ခုံ ခပ်သေးသေးတခု ရှိပါသည်။

အဝင်တံခါး၏ ဘယ်ဖက် နံရံတွင် သူ နှင့် ကျွန်မ တယောက်တခြမ်းစီ အသုံးပြုရသော တံခါး လေးချပ်တွဲနှင့် အဝတ်ဘီဒိုတခု ရှိပါသည်။ ပြီးတော့ ကုတင်ခြေရင်းဖက်တွင် ကက်ဆက်နှင့် ဆောင်းဘောက်စ် နှစ်ခု တင်ထားသော စင် ခပ်ရွယ်ရွယ်တခု၊ သီချင်း စီဒီများ နှင့် အခြား တိုလီမိုလီများ ထည့်စရာ အံဆွဲ ၅ ဆင့်ပါဝင်သော မနိမ့်လွန်း မမြင့်လွန်းသော စင်တခု ရှိပါသည်။ အိပ်ခန်းနံရံ လေးဖက် အနက် တဖက်တွင် Sliding Door ဖြင့် ဖွင့်နိုင် ပိတ်နိုင်သော မှန် ၅ ချပ်စာ ကျယ်ဝန်းသည့် ပြူတင်းပေါက် ကြီးကြီးတခု ရှိပါသည်။ မှန်တံခါး တထပ်၊ အလူမီနီယမ်ဖြင့်ပြုလုပ်ထားသော လေးထောင့်ကွက် သံဗန်း တထပ် ရှိသော ထိုပြူတင်းပေါက်ကို အဖြူရောင် ခန်းဆီး ထူထူများဖြင့် ကာထားပါသည်။ ညဖက် မီးထွန်းသော အချိန်များနှင့် မနက်စောစော နေရောင်ထိုးသည့် အချိန်များတွင် ခန်းဆီးကို အပြည့် ချထားဖြစ်ပါသည်။

အနှီ ပြူတင်းပေါက်အနီး၊ ကုတင်နှင့် ကပ်လျက်တွင် အရှည် လေးပေ အကျယ် နှစ်ပေ ခန့်ရှိသော စာကြည့်စားပွဲ တခု ရှိပါသည်။ ထိုစားပွဲကို ဝယ်ယူစဉ်က အိပ်ခန်းထဲမှ နေရာအလွတ်ကို သေသေချာချာ တိုင်းမသွားခဲ့ပဲ နှစ်ဦးသား စိတ်တူ သဘောတူဖြင့် ဖြစ်ချင်ရာဖြစ် ဆိုကာ ဝယ်လာကြခြင်း ဖြစ်ပါသည်။ သို့သော်လည်း ကံကောင်းထောက်မစွာ ထိုစားပွဲသည် ပြူတင်းပေါက်ရှိသော နံရံနှင့် ကုတင်တို့အကြား တိုင်း လုပ်ထားသကဲ့သို့ ကွက်တိ ဝင်သွားခဲ့ပါသည်။ အင်ဂျင်နီယာ မျက်စိနဲ့ မှန်းတာ.. ဒီလောက်တော့ ပါးပါးလေးပါ… ဟု မဆီမဆိုင် ဂုဏ်ယူလိုက်မိသေး…။ မလိုအပ်သော်လည်း စားပွဲလေး၏ အောက်ခင်း ကြမ်းပြင်ကို အဖြူရောင် နှင့် နက်ပြာရောင် ရောစပ်ထားသော ကော်ဇော ခပ်ရွယ်ရွယ်တခု ခင်းလိုက်ပါသည်။

အိပ်ခန်းထဲတွင် စာကြည့်စားပွဲလေးတခု ရှိလာခြင်းကို ကျွန်မ အလွန် သဘောကျပါသည်။ ပြူတင်းပေါက်မှ ဖြတ်သန်းလာသော လုံလောက်သော အလင်းရောင်၊ သန့်ရှင်း လတ်ဆတ်သော လေနုအေးတို့က စာကြည့်စားပွဲလေးအတွက် ပြည့်စုံသော အထောက်အကူ ဖြစ်ပါသည်။ ညဖက်တွင် ကြည့်စရာ စားပွဲတင် စာကြည့် မီးချောင်းလေးတခု ဝယ်ယူတပ်ဆင်ပြီး ရုံးတွေမှာသုံးသော လယ်သာ အဖြူရောင် ဖြင့်ပြုလုပ်ထားသော ဆုံလည် ကုလားထိုင် တခု ချလိုက်သောအခါ စာကြည့်စားပွဲလေးမှာ အစစ ပြည့်စုံသော စားပွဲတလုံး ဖြစ်သွားတော့သည်။ စိတ်ကူးထဲမှာတော့ ဤ စားပွဲလေးမှာ ထိုင်ကာ စာရေး စာဖတ်ခြင်း အလုပ်ကို စိတ်အေး လက်အေး လုပ်မည်ဟူ၍ပင်…။ သို့သော်… … …

၂၀၁၂ နှစ်စကတည်းက ရုံးမှာ အလွန်အမင်း အလုပ်များသောကြောင့်တကြောင်း၊ စာဖတ်ရုံ ဖဘ ကြည့်ရုံဆိုလျှင် အိုင်ပက်က အလွန် အဆင်ပြေသောကြောင့် တကြောင်း အိမ်ပြန်ရောက်သောအခါ ကွန်ပျူတာကို မဖွင့်ဖြစ်ပါ…။ တခါတရံ ဓါတ်ပုံများ ပြင်ချင် ကြည့်ချင်လျှင် ကွန်ပျူတာဖွင့်ဖြစ်သော်လည်း အိမ်သားများနှင့် မြင်နိုင် တွေ့နိုင် စကားပြောနိုင်သော ထမင်းစား စားပွဲမှာသာ ထိုင်ဖြစ်လေသည်။ လက်က ကွန်ပျူတာ နှိပ်ရင်း ထမင်းစားပွဲ အနားမှာ ရှိသော စားစရာ သွားရည်စာများကိုလည်း အဆက်မပြတ် စားသောက်ရင်း ဆိုပါတော့…။ အိပ်ခါနီး အခန်းထဲရောက်လျှင်လည်း ကုတင်ပေါ်မှာ လှဲလျောင်းရင်း စာအုပ်တအုပ်ကို လက်က ကိုင်ဖတ်ရင်း အိပ်ပျော်သွားတတ်သည်သာ…။ တိုတိုပြောရလျှင် ထို စာကြည့်စားပွဲမှာ မထိုင်ဖြစ်သလောက်ပင်…။

ဤသို့သော အခြေအနေတွင် ထိုစားပွဲကို ပုံမှန် အသုံးပြုသူမှာ သူ ဖြစ်သည်။ ညနေ အလုပ်မှ ပြန်ရောက်လျှင် ထိုစားပွဲမှာ ကွန်ပျူတာတလုံးဖြင့် ထိုင်နေတတ်သော သူ့ကို တွေ့ရသည်။ စနေ တနင်္ဂနွေနေ့များတွင် ထိုစားပွဲပေါ်မှာ လေယာဉ်ပျံ အတောင်ပံ အပိုင်းအစများ၊ မော်တာ၊ ဂီယာ၊ ကော်ဗူး၊ ဆေးဗူးများဖြင့် အလုပ်ရှုပ်နေတတ်သော သူ့ကို တွေ့ရသည်။ သောကြာည စနေညလို ညနက်နက်နေလို့ရသော ညမျိုးမှာလည်း ထိုစားပွဲမှာထိုင်ရင်း စာဖတ်နေသော၊ ကွန်ပျူတာကြည့်နေသော သူ့ကို တွေ့ရတတ်သည်။ ထိုအခါ ကျွန်မကလည်း အိပ်ရာပေါ်တွင် စာဖတ်၍သော်လည်းကောင်း၊ ဂိမ်းကစား၍ သော်လည်းကောင်း နေဖြစ်သည်သာ…။ တခါတရံ ကွန်ပျူတာဖွင့်ဖြစ်သည့်အခါမျိုးမှာလည်း ထမင်းစားခန်းမှာသာ ထိုင်ဖြစ်ခဲ့သည်။

ပြောရလျှင် ယခုတလော စင်္ကာပူ ရာသီဥတုက အလွန်ပူအိုက်လာသည်။ အဲကွန်းက အိပ်ခန်းမှာသာ ရှိသောကြောင့် ညစာ စားသောက်ပြီးလျှင် အိပ်ခန်းထဲ တန်းဝင်ဖြစ်သည်။ သည်ရက်ပိုင်းမှာ ရိုက်ထားသော ဓါတ်ပုံများကို ပြင်ချင်စိတ်ရော စာရေးချင်စိတ်လေးပါ အတန်အသင့်ရှိနေသောကြောင့် ကွန်ပျူတာ ဖွင့်ဖြစ်ပြန်သည်။ ကွန်ပျူတာကိုင်ကာ အခန်းထဲရောက်တော့ သူက စားပွဲတွင် ထိုင်နေနှင့်ပြီ။ အစပိုင်းတွင် ကျွန်မ စိတ်ထဲ ဘယ်လိုမှ ထူးထူးထွေထွေ မခံစားရပါ။ ကုတင်ပေါ်မှာ ထိုင်၍ ဖြစ်စေ၊ ကြမ်းပေါ်မှာ ထိုင်၍ ဖြစ်စေ ကွန်ပျူတာလေး ချကာ ကိုယ့်အာရုံနှင့်ကိုယ်…။ သို့သော်လည်း တရက်ပြီး တရက် တညနေပြီး တညနေ… ရက်ဆက်လာသောအခါ ကျွန်မ သိပ်အဆင်မပြေချင်တော့။ ခန္ဒာကိုယ် အနေအထား အဆင်မပြေ အချိုးမကျသောကြောင့် ဟိုနားက နာသလို ဒီနားက နာသလို… လက်က ကိုက်သလို ခေါင်းက ကိုက်သလိုနှင့်…။

ထိုအခါ စားပွဲနှင့် ကုလားထိုင်ပေါ်က မဆင်းသော သူ့ကို မျက်စောင်းထိုးမိလာတော့သည်။ တညနေ သူ့အလစ်မှာ စားပွဲကို ဦးအောင် အပိုင်စီးလိုက်သည်။ အမယ်… တယ်ဟုတ်ပါလား။ ထိုင်ရတာ သက်တောင့်သက်သာနှင့် စာရေး စာဖတ်လုပ်ရတာလည်း အတော်လေး အဆင်ပြေလှသည်…။ သို့သော်လည်း သူ အခန်းထဲဝင်လာသောအခါ အလိုက်တသိ နေရာဖယ်ပေးခဲ့သည်။ တယောက် တလှည့်ပေါ့လေ…

နောက်တရက်.. ရုံးမတက်ဖြစ်သောနေ့မှာ တနေ့လုံးအတွက် ထိုစားပွဲကို ပြိုင်ဖက်မရှိ အပိုင်စား ရလေသည်။ အို… ဘာပြောကောင်းမလဲ… သူ ရုံးက ပြန်မလာမချင်း တနေ့လုံး ဇိမ်ကျနေလိုက်သည်မှာ…။ ကော်ကော်လေး သောက်လိုက်၊ သီချင်းလေး နားထောင်လိုက်၊ စာလေး ရေးလိုက်… လေလေးက တဖြူးဖြူး…။

သို့သော် ညနေ သူရုံးက ပြန်ရောက်ပြီး သိပ်မကြာခင်မှာ နေ့လည်က ထိုစားပွဲပေါ်မှာ ကျွန်မ တင်ထားခဲ့သော ကွန်ပျူတာ၊ ဖုန်း၊ အိုင်ပက်၊ သောက်လက်စ ကော်ဖီခွက်၊ စားလက်စ အာလူးကြော်ဗူး၊ ဖတ်လက်စ စာအုပ် အစရှိသည်တို့ အားလုံး ထမင်းစားပွဲပေါ်မှာ ရောက်နေသည်ကို တွေ့ရသည်။ စားပွဲပေါ်မှာ ရှုပ်ဖွထားတယ်… ဟု လည်း ပြောသေးသည်။ စိတ်ထဲက သိပ်မကျေနပ်လှသော်လည်း ကျွန်မကလည်း ကျွန်မပဲလေ ဟု တွေးကာ ဘာမှ ပြန်မပြာလိုက်တော့။

မကျေမနပ်ဖြစ်နေသော စိတ်က ညအထိ ပါလာပါသည်။ ညစာ စားအပြီးမှာ “စာရေးမလို့ အဲဒီစားပွဲမှာ ထိုင်ချင်တယ် ခဏ ဖယ်ပေးအုံး” ဟု ပြောလိုက်သည်။ သို့သော် သူက “ခါတိုင်းလို ထမင်းစား စားပွဲမှာ သွားရေးလေ…” ဟု ပြန်ပြောလေသည်။ ကြည့်စမ်း… နည်းနည်းတော့ များသွားပြီ… ထိုစားပွဲကို နှစ်ဦးသား စိတ်တူ ကိုယ်တူ ဝယ်လာကြပြီးမှ သူ တဦးတည်းပိုင်သဖွယ် ပြုမူနေတာ နည်းနည်းတင်မဟုတ်… အတော်ကြီးကို များသွားပြီ…။

“မရဘူး အဲဒီစားပွဲမှာပဲ ထိုင်ရေးချင်တာ… အပြင်မှာက ပူတယ်၊ ကြမ်းပေါ်မှာ ကုတင်ပေါ်မှာ ထိုင်ရေးရတာကတော့ သက်တောင့်သက်သာ မဖြစ်ဘူး… တကယ်ဆို ဒီစားပွဲက တယောက်တလှည့် သုံးရမှာ မဟုတ်ဖူးလား… အခုတော့ တယောက်တည်း သုံးနေတာ များပြီ… ” စသဖြင့် ပူညံပူညံ လုပ်နေမိပါသည်။ သူကတော့ ကျွန်မ တမင် ညစ်ကပ်ကာ လိုက်ပြောနေသည်ဟု ထင်ပုံရသည်။ ကျွန်မ ပြောနေသမျှ ပန်းနှင့် ပေါက်နေသည့်အလား ခပ်ပြုံးပြုံးမျက်နှာဖြင့်… စားပွဲကို ဖယ်မပေးသည့်အပြင် ကုလားထိုင်ကို ရှေ့တိုး နောင်ငင်နှင့် တလှုပ်လှုပ် လုပ်ရင်း အတော်လေးကို ကျေနပ်အားရကာ ဇိမ်တွေ့နေသည့် ပုံစံ…။

သူ့ကို ဘယ်လိုမှ ပြောမရသည့်အဆုံး “အင်း… ဒီ ဘာမဟုတ်တဲ့ ကုလားထိုင်လေးပေါ်ကတောင် ခဏတဖြုတ် ဖယ်မပေးချင်တာ… ဟိုလူတွေလည်း သူတို့ ကုလားထိုင်ပေါ်က ဖယ်မပေးချင်တာ ဘာဆန်းသလဲ…” ဟု မကျေမချမ်း ကောက်ချက်ချကာ အခန်းထဲမှ ပြန်ထွက်လာခဲ့လိုက်သည်။ သူ့ဆီက “ဟုတ်မှာ… ဟုတ်မှာ…” ဆိုသော စကားသံနှင့်အတူ ရယ်သံ ခပ်ကျယ်ကျယ်ကို မကြားချင်သော်လည်း ကြားနေရဆဲ… …့



မှတ်ချက် - ဟိုလူတွေ ဟူသော စကားကို အနက် မဖွင့်ရ အကျယ် မချဲ့ရ...။

Saturday, May 12, 2012

မဆုံသော လမ်း

ထိုရထားလမ်းကလေးဘေးမှာ သူမ ငြိမ်သက်စွာ ရပ်နေခဲ့တာ အတော်ကြာပြီ…။
မြက်ရိုင်းပင် ခပ်ရှည်ရှည်များက လေအဝှေ့မှာ ယိမ်းနွဲ့လို့… ရထားလမ်းကလေး၏ တဖက်ခြမ်းမှာ မျက်စေ့တဆုံး မြင်နေရသော ကွင်းပြင်ကျယ်ကျယ်ကို တွေဝေ ငေးမောကြည့်နေရင်း ဘူတာရုံလေးဆီသို့ ရထားတွေ ဝင်အလာကို စောင့်ကြည့်နေခဲ့သည်…။ အမှန်ကတော့ သူမ မျှော်နေသော ရထားလာချိန်နီးနေပြီ…။ လက်ထဲမှ နာရီကို ငုံ့ကြည့်မိပြီး တချိန်ထဲမှာပင် ကိုင်ထားသော စာအိပ် အပြာရောင်လေးကို တွေ့လိုက်တော့မှ သူမ ဘာကြောင့် သည်နေရာကို ရောက်နေသည်ကို ပြန်လည် သတိရလာခဲ့သည်။ စာအိပ်ပေါ်မှာ တခုခုတော့ ရေးမှ ဖြစ်မည်…။

ကြည့်နေစဉ်မှာပင် ရထားတစီး ရှေ့မှ ဖြတ်သွားသည်။ ပြီးတော့ မလှမ်းမကမ်းမှာရှိသော ဘူတာရုံကလေးမှာ ရပ်တန့်သွားသည်။ ပုံမှန်အတိုင်းပင် ခရီးသည်များ အတက် အဆင်းပြုကြသည်။ ရထား ပြန်ထွက်သွားသည်…။ နောက် တခဏအကြာမှာ ရထား နောက်တစီး… ပြီးတော့ နောက်တစီး… သည်လိုနှင့် ရထား ငါးစီးမြောက်မှာ အဆင်း ခရီးသည်များကြားထဲတွင် တစုံတယောက်ကို မြင်တွေ့လိုက်သည်။ သူပဲ.. သူမှ သူပါပဲ…။ ဝေးနေသော်လည်း သုံးရက်တိတိ ကျင့်သားရနေသော မျက်လုံးများက သူမ၏ အတွေးတွေကို ကောင်းကောင်းအတည်ပြု ထောက်ခံကြသည်…။ ထိုသူတယောက်ကို သူမ စောင့်နေခဲ့တာ သုံရက်တိတိ ရှိခဲ့ပြီ…။

အရင်နေ့တွေက ရထားပေါ်မှဆင်းကာ လူအုပ်နှင့်အတူ ရော နှောပါဝင်သွားပြီး ဘူတာရုံလေးထဲမှ ချက်ချင်း ကွယ်ပျောက်သွားတတ်သော ထိုသူသည် ဒီနေ့မှာတော့ ရထားပေါ်မှ ဆင်းပြီး လက်ထဲမှ နာရီကို တချက်ကြည့်ကာ ဘူတာရုံထဲမှာ ချထားသော ခုံတန်းရှည်တခုတွင် သက်တောင့် သက်သာ ထိုင်လျှက် ရှိသည်။ သူ့ကြည့်ရတာ တစုံတယောက်ကို အေးအေးဆေးဆေး စိတ်ရှည်လက်ရှည် စောင့်ဆိုင်းတော့မည့် ဟန်…။ မကြာခင်မှာ သူ့တွင်ပါလာသော စာတအုပ်ကိုထုတ်ပြီး စာဖတ်နေတော့သည်။ စာဖတ်ရင်း တချက်တချက်မှာတော့ ခပ်လှမ်းလှမ်းရှိ ကွင်းပြင်ကျယ်ဆီကို လှမ်းကြည့်နေခဲ့သည်။ သူ့ကြည့်ရတာ စာထဲမှာ အာရုံ စူးစိုက်၍ ရဟန်မတူ…။ နောက်ရထားတွေ တစီးပြီးတစီး အဝင်မှာ ရထားအဆင်း ခရီးသည်တွေကို ကြည့်နေသည်။ သေချာပါသည်… သူသည် တယောက်ယောက်ကို စောင့်မျှော်နေခြင်း ဖြစ်ရမည်…။

သူမ သက်ပြင်းတချက်ကို မသိမသာချလိုက်မိသည်..။ နောက်တော့ အိတ်ထဲမှ ဘောပင်အနက်ရောင်ကိုထုတ်ကာ အလွတ်ရ မှတ်မိနေသော နာမည်တခုကို အရှေ့မှ ဦး တပ်၍ စာအိပ်ပေါ်တွင် ခပ်သွက်သွက် ချရေးလိုက်သည်။ ထို့နောက် အသက်ကို တဝ ရှုသွင်းလိုက်ရင်း တစုံတရာကို တွေး ငေး စောင့်ဆိုင်းနေသော သူ့ထံသို့ တလှမ်းချင်း တိုးကပ်သွားမိသည်။

သူ ထိုင်သောနေရာနှင့် မလှမ်းမကမ်းသို့ ရောက်သောအခါ သူ့မျက်နှာပေါ်မှ ကြည်လင်တောက်ပသော မျှော်လင့်ချက် အရိပ်အယောင်များကို တွေ့လိုက်ရသောကြောင့် သူမ ခြေလှမ်းများ တွန့်ဆုတ်သွားခဲ့သည်။ ဇဝေဇဝါနှင့် နောက်ဆုတ်ပြီး လှည့်ထွက်ရန် ခြေလှမ်းပြင်နေစဉ်မှာ သူ သူမကို တွေ့သွားခဲ့တာ… တဆက်တည်းမှာပင် ကံဆိုးလှစွာ… သူမလက်ထဲမှ စာအိပ်ကိုလည်း သူ တွေ့သွားခဲ့သည်။

စာအိပ်လေးကို သူမကပဲ သူ့ဖက်ကို ကမ်းပေးလိုက်သည်လား… သူမ မကမ်းပေးလိုက်ရခင်မှာ သူ ဆွဲယူလိုက်တာလား… သူမ မသေချာပါ။ သို့သော် သတိထားလိုက်မိသော အချိန်တွင် သူမ သူ့အနားမှ လှည့်ထွက်ကာ သူနှင့် ဆန့်ကျင်ဖက်ဆီသို့ တဟုန်ထိုး ပြေးနေခဲ့ပြီ ဖြစ်သည်။ သူမ လုံးဝ နောက်ကို လှည့်မကြည့်ပဲ ခြေဦးတည့်ရာသို့ တရှိန်ထိုး ပြေးနေခဲ့သည်။ ခြေဖဝါးမှာ စူးရှရှ အထိအတွေ့.. လေထဲမှာ လွင့်ပျံနေသော ဆံစ ရိုင်းရိုင်းများ… ဘယ်နားမှာ ကျကျန်ရစ်ခဲ့မှန်းမသိသော လည်ပင်းမှ ပုဝါစ… အသိစိတ်ဝင်လာသော အချိန်မှာ သူမသည် ဘူတာရုံကလေးနှင့် တော်တော်ဝေးဝေးကို ရောက်ရှိနေခဲ့ပြီဖြစ်သည်။

လူတယောက်၏ ကံကြမ္မာ အလှည့်အပြောင်းတို့ကို မည်သည့်နည်းနှင့်မျှ ကြိုတင် တွက်ဆထား၍ မရနိုင်… ပျော်ရွှင် ကြည်နူးစရာ ကောင်းသော အချိန်ကာလတို့ကို မျှော်လင့် စောင့်ဆိုင်းနေသူတဦး၏ လင်းလက်သော မျှော်လင့်ချက်ရောင်ခြည်များကို သူမ ရိုက်ချိုးပစ်ခဲ့မိပြီ…။ သုံးနှစ်ကျော် ကွဲကွာနေသော အိမ်သူ သက်ထားအလာကို စောင့်မျှော်နေသော ခင်ပွန်းသည်တယောက်… သူ မျှော်နေသော အိမ်သူ သက်ထား ဘယ်တော့မှ သူ့ထံကို ပြန်လာနိုင်တော့မည်မဟုတ်ကြောင်း ထိုစာအိပ်အပြာလေးက သူ့ကို သတင်းပေးမည်ဖြစ်သည်။ သူ ဘယ်လို ဖြစ်ပြီး ကျန်ရစ်မည်မှန်း သူမ ဆက်မတွေးရဲ.. တွေးလည်း မတွေးရက်ပါ။

ဘူတာရုံကလေးနှင့် တော်တော်ဝေးဝေးမှာ မောပန်းနွမ်းလျစွာ ခြေစုံရပ်နေခဲ့တာ အတော်ကြာပြီ…။ မြက်ရိုင်းပင် ခပ်ရှည်ရှည်များကတော့ အခါများစွာကလိုပင်... လေအဝှေ့မှာ ဟို ဒီ ယိမ်းနွဲ့လို့… ရထားလမ်းကလေး၏ တဖက်ခြမ်းမှာ မျက်စေ့တဆုံး မြင်နေရသော ကွင်းပြင်ကျယ်ကျယ်ကို တွေဝေ ငေးမောကြည့်ရင်း နောင်တနှင့် ဆင်ဆင်တူသော အတွေးတချို့က သူမနံဘေးမှာ ရစ်ဝဲလျက်...

သူမ ဘဝတလျှောက်တွင် မိတ်ဆွေ အပေါင်းအသင်း သူငယ်ချင်းများကို ကူညီစရာရှိလျှင် မဆိုင်းမတွနှင့် ဘယ်တော့မှ မငြင်းဆန်ပဲ တတ်စွမ်းသမျှ ကူညီခဲ့သည်ချည်းသာ…။ သို့သော် ဤကဲ့သို့သော သတင်းဆိုးကို အသိပေး အကြောင်းကြားရသော အကူအညီမျိုးကို ကူညီပေးရခြင်းသည် သည်တခါ ပထမဦးဆုံး နှင့် နောက်ဆုံးအကြိမ်သာ ဖြစ်ပါစေတော့ဟု သူမ အထပ်ထပ် ဆုတောင်းနေမိပါသည်။