Tuesday, February 24, 2015

အက်စ်ပရက်စ်ဆို တစ်ခွက် နှင့် စကားပြောခြင်း

ကော်ဖီ အချိုးအစားပါဝင်မှု အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီ ခွက်များထဲတွင် အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် တအောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီအမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊ အမေရီကာနို အစရှိသည်တို့အတွက် အဓိကအကျဆုံး အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီ အမျိုးအစား အားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံး ဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရောပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟုခေါ်ပါသည်။ 
ကော်ဖီ တမျိုးတည်းကို အဓိကထား ရောင်းသော ဆိုင်တဆိုင်တွင် အက်စ်ပရက်စ်ဆို တခွက်ကို သင် မှာယူမည်ဆိုပါစို့။ ကော်ဖီမှာယူချိန်တွင် တခါတည်း ငွေရှင်းရသော ကောင်တာရှေ့တွင် တန်းစီရပ်တန့်ပါ။ သင့်အလှည့်ကျလာပါက ကောင်တာနောက်မှ အရောင်းစာရေးကို အက်စ်ပရက်စ်ဆိုတခွက် ရနိုင်မလား ဟု မေးလိုက်နိုင်ပါသည်။ ဤနေရာတွင် အရောင်းစာရေးဟူသည် တခါတရံ ဖြူဖြူပိန်ပိန် အမျိုးသား ခပ်ငယ်ငယ်တယောက် ဖြစ်နိုင်ပြီး တခါတရံတွင် အိုင်းလိုင်နာ ထူထူခြယ်ထားသော အသားညိုညို အမျိုးသမီး တဦးလည်း ဖြစ်နေနိုင်ပါသည်။ မည်သို့ပင်ဖြစ်စေ ကောင်တာနောက်မှ အရောင်းစာရေးက သင့်အား Single လား Double လား ဟုမေးပါလိမ့်မည်။ တခါတရံတွင်မူ Solo လား Doppio လား ဟုလည်း မေးကောင်းမေးနိုင်ပါသည်။ သင် သို့မဟုတ် သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို တအောင်စ သာ အလိုရှိလျှင် Single သို့မဟုတ် Solo ဟု မှာကြားနိုင်ပြီး သင့်ခန္ဗာကိုယ်က အက်စ်ပရက်စ်ဆို နှစ်အောင်စကို တောင့်တမိပါက Double သို့မဟုတ် Doppio ဟု သက်တောင့်သက်သာ ဖြေဆိုလိုက်ပါ။ ထိုအခါ အရောင်းစာရေးက ဒီမှာ သောက်မှာလား… အပြင်ကို သယ်ဆောင်သွားမှာလား… ဟု ခပ်တိုးတိုး မေးပါလိမ့်မည်။ သင် လိုအပ်ချက်အတိုင်း ဆိုင်မှာထိုင်သောက်ရန် သို့မဟုတ် အပြင်ကို သယ်ဆောင်သွားရန် တခုခု ဖြေကြားပေးလိုက်ပါ။ ထို့နောက် ကျသင့်ငွေကို ပေးချေပြီးလျှင် မိနစ်အနည်းငယ်အတွင်း စွဲမက်ဖွယ်အတိပြီးသော အက်စ်ပရက်စ်ဆို ကော်ဖီ ခွက်ငယ်ကလေးတခွက် သင့်ရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်ရှိလာမည် ဖြစ်ပါသည်။
ကော်ဖီခွက် သေးသေးလေး ထဲတွင် တအောင်စ သို့မဟုတ် နှစ်အောင်စ မျှသာ ပါဝင်သော အညိုရင့်ရောင် အက်စ်ပရက်စ်ဆို ကော်ဖီအရည်ကလေးသည် သင် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပိုမို ခါးသက် ပြီး သင် ထင်ထားသည်ထက် ပြင်းရှ ကောင်း ပြင်းရှ နေပါလိမ့်မည်။ သို့သော် သူကပေးသော စွဲမက်ခြင်းများနှင့် သူ၏ အာနိသင်များကိုမူ သင် စိုးစဉ်းမျှ ခါးသက် ပြင်းရှလိမ့်မည် မဟုတ်ဟု ခိုင်မာစွာ အာမခံဝံ့ပါသည်။
အမြင်အာရုံကို ငြိတွယ်စေသော ညိုရင့်ရင့် အဆင်း၊ နှာခေါင်းဝတွင် လာရောက်ရိုက်ခတ်သော မွှေးမြရှတ သင်းရနံ့၊ လျှာဖျားတွင် စွဲမြဲရစ်သော၊ နှုတ်ခမ်းဖျားတွင် ထင်ကျန်ရစ်သော ခါးသက်သက် အရသာတို့က အက်စ်ပရက်စ်ဆိုကော်ဖီ၏ ထူးခြားသော ဂုဏ်အင်္ဂါများဖြစ်ကြပြီး နောက်ထပ် တကြိမ်၊ နှစ်ကြိမ်၊ သုံးကြိမ်… ကြိမ်ဖန်များစွာ ထပ်ခါတလဲလဲ သောက်ချင်လာအောင် သင့်အား လှလှပပ ညှို့ယူ ခေါ်ငင် ဆွဲဆောင်ပါလိမ့်မည်။
တိတ်ဆိတ်ငြိမ်သက်သော ကော်ဖီဆိုင်တဆိုင်၏ အတွင်းဖက် ထောင့်တနေရာ၊ လေအေးပေးစက်မှ အအေးဓါတ် အနည်းငယ်၊ မလင်းလွန်း မမှောင်လွန်းသော ၀ါကျင့်ကျင့် မီးပွင့်အောက်မှ စားပွဲဝိုင်းငယ်တလုံးသည် အက်စ်ပရက်စ်ဆို ကော်ဖီတခွက်နှင့် တရင်းတနှီး မိတ်ဆွေဖွဲ့ရန် အလွန်သင့်တော်သော အနေအထား ဖြစ်ပါသည်။ ပြောရလျှင် အက်စ်ပရက်စ်ဆိုကော်ဖီက ပေးသော စွဲမက်ဖွယ်ရာများသည် မိတ်ဆွေကောင်းတယောက်နှင့် စကားလက်ဆုံကျရသည်နှင့် ဆင်ဆင်တူပါသည်။ သင့်ဘဝတွင် ဝါသနာတူ၊ စိတ်ကူးတူ၊ အတွေးတူ၊ ရင်ခုန်သံ ဘာသာစကားချင်းလည်း တူညီသော မိတ်ဆွေတယောက်နှင့် အချိန် တနာရီခန့် သို့မဟုတ် တနာရီထက် ပို၍ စကားပြောဖူးပါသလား။ သင်သည် နေ့စဉ်နှင့်အမျှ အလုပ်တာဝန်များ၊ လူမှုရေး တာဝန်များ၊ အထွေထွေ လိုအပ်ချက်များတို့ဖြင့် အချိန်အား ရှာမရ ဖြစ်ကောင်း ဖြစ်နေနိုင်ပါလိမ့်မည်။ သို့သော် လေးနက်စွာ တိုက်တွန်းလိုပါသည်။ အချိန်အား အနည်းငယ်ကို မဖြစ်မနေ ကြိုးစားရှာဖွေ၍ မိတ်ဆွေတယောက်နှင့် စကားပြောကြည့်ပါ။
စကားလုံးများတွင် ရင်းနှီးမှု အချိုးအစား အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းသော နားလည်မှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် ခါးသက်ပြင်းရှပြီး မွှေးပျံ့စွာ နှစ်သက်ဖွယ် ကောင်းသော စွဲမက်တမ်းတမှုများ ပါဝင်လိမ့်မည်။ စကားလုံးများတွင် နှလုံးသားဖြင့်သာ ခံစားနားထောင်နိုင်သော အတွေးစိတ်ကူးသစ်များ ပါဝင်လိမ့်မည်။ စကားလုံးများတွင် သာမန်မျက်စေ့ဖြင့် မတွေ့ မမြင်နိုင်သော စိမ်းစိုလတ်ဆတ်သည့် အဖြူရောင် ကြိုးမျှင်များပါဝင်လိမ့်မည်။ စကားလုံးများထဲတွင် အမြင့်တနေရာမှ ပြောင်းပြန် ထိုးဆင်းသွားသော ရိုလာကိုစတာတစီးကဲ့သို့ စိတ်လှုပ်ရှားစရာများလည်း ပါဝင်ကောင်း ပါဝင်နေလိမ့်မည်။
စကားလုံးများတွင် မျက်စိတဆုံး ပြေပြစ် ကျယ်ပြောသော စိမ်းလဲ့ မြက်ခင်းပြင်နှင့်အတူ စိမ်းညို့ညို့ သစ်ရွက်များ ပြည့်နှက်နေသော တောအုပ်ထူထူတခု ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် အေးမြလန်းဆန်းသော လေနုအေးများနှင့် ပြာလဲ့နေသော အဆုံးအစမဲ့ ကောင်းကင်ပြင်ကြီး ပါဝင်နေလိမ့်မည်။ စကားလုံးများတွင် ဖွေးဆွတ် ဖြူစင်နေသော ရွှေ့ပြောင်း တိမ်စိုင် တိမ်လိပ်များလည်း ပါဝင်ကောင်း ပါဝင်နေပါလိမ့်မည်။ 
သေချာသည်ကတော့ စွဲလမ်း မူးယစ်စေတတ်သော ပစ္စည်းတခုကဲ့သို့ အကြိမ်ကြိမ် အခါခါ ထပ်မံအသုံးပြုလိုသော ဆန္ဒတစုံကို မလွဲမသွေ ပိုင်ဆိုင်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် အချိန်အနည်းငယ်ကို ကြိုးစားရှာဖွေပါ။ အက်စ်ပရက်စို တခွက် ၀ယ်ယူပါ။ မိတ်ဆွေကောင်းတယောက်နှင့် စကားပြောကြည့်ပါဟု ထပ်မံ တိုက်တွန်းလိုပါသည်။

ပြောနေရင်းမှာ မေ့လျော့ကျန်လုဆဲဆဲဖြစ်နေသော အချက်တခု ရှိပါသေးသည်။ ထိုအချက်မှာ အက်ပရက်စ်ဆိုကော်ဖီတခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းပင် ဖြစ်ပါသည်။ အက်ပရက်စ်ဆို Single Shotဆိုလျှင် ခွက်ကလေးတွင် ပါဝင်သမျှကို တချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်သုံးရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်သုံးရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစက်ချင်း နှစ်စက်ချင်း ဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

- - -
- - -
- - -
အချိန်အား အနည်းငယ်ကို ရှာပါ။ မိတ်ဆွေကောင်းတယောက်ကို ရှာပါ။ အက်စ်ပရက်ဆို တခွက် ဝယ်ပါ။

- - -
- - -
- - -

ကော်ဖီ အချိုးအစားပါဝင်မှု အားပြင်းပြီး အလွန်တရာ ထူထဲသိပ်သည်းကာ ခါးသက် ပြင်းရှသော၊ ကော်ဖီခွက်များထဲတွင် အရွယ်အစား အသေးငယ်ဆုံးသော ခွက်ဖြင့် ထည့်ရသော၊ ကော်ဖီ တခွက်လျှင် ကော်ဖီရည် တအောင်စ ပါဝင်ကာ Solo (သို့မဟုတ်) Single Shot အမည်ရသော၊ ကော်ဖီတခွက်လျှင် ကော်ဖီရည် နှစ်အောင်စ ပါဝင်ကာ Doppio (သို့မဟုတ်) Double Shot အမည်ရသော၊ အခြား ကော်ဖီ အမျိုးအစားများဖြစ်ကြသော ကဖေးလာတေး၊ ကက်ပူချီနို၊ မိုခါး၊အမေရီကာနို အစရှိသည်တို့၏ အခြေခံ လိုအပ်ချက်ဖြစ်သော၊ ကော်ဖီအမျိုးအစားအားလုံးထဲတွင် ကဖိန်းဓါတ် ပါဝင်မှုနှုန်း အမြင့်ဆုံးနှင့် အများဆုံးဖြစ်ပြီး အဆီပါဝင်မှု နှင့် ကိုလက်စထရော ပါဝင်မှုမှာမူ သုည ရာခိုင်နှုန်းသာရှိသော၊ ထိုကော်ဖီကို အက်စ်ပရက်စ်ဆို ဟု ခေါ်ပါသည်။

- - -
- - -
- - -

သို့သော် အက်ပရက်စ်ဆိုကော်ဖီတခွက်ကို စနစ်တကျ သုံးဆောင်ရန် နည်းလမ်းရှိသေးသည်ကိုလည်း သတိချပ်စေချင်ပါသည်။ Single Shot ဆိုလျှင် တချက်တည်း အကုန် မော့ချလိုက်ရန်ဖြစ်ပြီး Double Shot ဖြစ်ပါမူ နှစ်ကြိမ်ခွဲ၍ သောက်ရန် ဖြစ်ပါသည်။ ထိုသို့ နည်းလမ်းတကျ သောက်ရန် လိုအပ်သော အက်ပရက်စ်ဆိုကို တစက်ချင်း နှစ်စက်ချင်းဖြေးညှင်းစွာ သောက်နေမိခြင်းက မှားယွင်းမှုများ အားလုံး၏ အစပင် ဖြစ်နေပါသည်။ ထိုသို့ မှားယွင်းပြီးသောအခါတွင် အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။ အရာရာကို အစ မှ ပြန်လည် စတင်လိုက်ပါ။

သက်ဝေ
(၁၇ ဒီဇင်ဘာ ၂၀၁၄)

- ၂၀၁၅ မတ်လ - Idea Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။

 

Tuesday, February 10, 2015

သာတဲ့ ပုဂံမြေ (၂)

နောက်တနေ့မနက်မှာ ဧရာဝတီမြစ်ထဲက မော်တော်ခုတ်သံနဲ့ အတူ အစောကြီး ပြီးတော့ ဟောလီးဒေးတို့ရဲ့ ထုံးစံအတိုင်း ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း နိုးလာခဲ့ပါတယ်။ အခန်းအပြင်ထွက် ကြည့်တော့ မှောင်နေတုန်းပဲ။ ဧရာဝတီမြစ်ထဲမှာ ခပ်ဖြေးဖြေး မောင်းနှင်နေတဲ့ မော်တော်နှစ်စင်းကို လှမ်းတွေ့ရတယ် မီးရောင်တလက်လက်နဲ့။ ဒါနဲ့ပဲ အခန်းထဲပြန်ဝင်၊ အနွေးထည်ထပ်ဝတ်၊ ကင်မရာယူပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။

အလင်းရောင်လုံးဝမရှိသေးပဲ မှောင်နေတုန်းဆိုတော့ ဟိုတယ်နဲ့ သိပ်ဝေးဝေးလည်း မသွားရဲဘူး။ မတော် လမ်းပျောက်နေရင် ခက်မယ် ဆိုတော့ အနီးအနားပဲ ဟိုလျှောက် ဒီလျှောက်ပေါ့။ ကိုယ်ကသာ စိုးရိမ်နေတာ နိုင်ငံခြားသူနှစ်ယောက်က မြေပုံစာရွက်တွေ ကိုင်လို့ ကိုယ့်အနားက ခပ်သွက်သွက် ဖြတ်လျှောက်သွားပြီး မလှမ်းမကမ်းက ဆိုင်လေးမှာ Electronic Bike (E-Bike) လို့ခေါ်တဲ့ ဘီးတွေ ငှားနေကြတယ်။ ခဏကြာတော့ နှစ်ယောက်သား ဘီးကိုယ်စီနဲ့ ထွက်သွားကြတာ တွေ့လိုက်ရတယ်။ ဆိုင်နားကို မယောင်မလည် သွားကြည့်တော့ စက်ဘီးငှားခက တရက်ကို မြန်မာငွေ ရှစ်ထောင်တဲ့။

သူတို့ကို ကြည့်ရင်း လျှောက်လာလိုက်တာ ကန်တော့ပလ္လင်ဘုရားနားကို ရောက်လာတယ်။ အမှောင်ပြယ်စပြုလာပြီ။ မနက် အာရုံတက်ချိန်မှာ သဘာဝအလင်းရောင် တ၀က်၊ မီးအလင်းရောင် တ၀က်နဲ့ လှနေတဲ့ ကန်တော့ပလ္လင်ဘုရားပါ။ ရိုက်လာတဲ့ ပုံတွေထဲမှာ ဒီပုံကိုလည်း သဘောကျမိပါတယ်။
လမ်းလျှောက်ရင်းနဲ့ တဖြည်းဖြည်း မိုးလင်းလာပြီ။ ခုနက ဘုရားမီးတွေလည်း မှိတ်သွားပြီ။ ဒါတွေကတော့ ဟိုတယ်တဝိုက် လမ်းလျှောက်ရင်း တွေ့ရတဲ့ ဘုရားတွေပါ။
လူသူရှင်းပြီး တိတ်ဆိတ်နေတဲ့ လမ်းကလေးတွေ...
ဒီပုံမှာ ကြည့်ပါအုံး၊ ဘယ်လောက်စောစောထဲက ဒီပေါ် ရောက်နေတယ် မသိ… အေးအေးလူလူ ရှိလိုက်တာ။ ဒါပေမဲ့ အဲဒီလိုကြီးတွေ့ရတော့ စိတ်ထဲ တမျိုးပဲ... သိပ်မကြိုက်ချင်သလိုလို။
နာရီကြည့်လိုက်တော့ မနက် ခုနှစ်နာရီ ကျော်နေပြီမို့ ဟိုတယ်ပြန်ပြီး မနက်စာ စားပါတယ်။ ပုဂံသံတဲဟိုတယ်ရဲ့ မနက်စာက တော်တော်လေး ကောင်းပါတယ်။ ပဲများများသုံးပြီး ချက်ထားဟန်တူတဲ့ မုန့်ဟင်းခါးကို ဘူးသီးကြော် ကြက်သွန်ကြော် ကြက်ဥပြုတ်တွေနဲ့ စားချင်စဖွယ်ပါ။ ပြီးတော့ အညာဓလေ့အတိုင်း ကောက်ညှင်းပေါင်းနဲ့ အကြော်။ ခေါက်ဆွဲကြော်၊ အရွက်စုံကြော်၊ နောက် ထုံးစံအတိုင်း ဥရောပစတိုင် မနက်စာ၊ ကော်ဖီ လဖက်ရည် လိမ်မော်ရည် ဘာညာ၊ ပြီးတော့ သစ်သီးတွေ။ ကျွန်မကတော့ ဘယ်တော့မှ မရိုးနိုင်တဲ့ မုန့်ဟင်းခါးကို ကြက်သွန်ကြော်နဲ့ စားပြီး ကော်ဖီသောက်ပါတယ်။
မနက်စာစားပြီးတော့ အခန်းပြန်၊ ရေချိုး ပြီး ဒီနေ့အတွက် ခရီးစဉ် ပြန် စ ပါတယ်။ ပထမဆုံး ဖူးရတဲ့ဘုရားက စွယ်တော်လေးဆူအနက်က တဆူဖြစ်တဲ့ လောကနန္ဒာ စွယ်တော်ဘုရားပါ။ ဘုရားပေါ်ကနေ ဧရာဝတီကို မြင်ရတဲ့ မြင်ကွင်းကလည်း သိပ်လှတယ်။ အခုလို သောင်တွေ မပေါ်ပဲ ရေတွေပြည့်နေရင် ပိုလှမှာ။
ဒါကတော့ အားလုံး သိကြတဲ့ မနူဟာဘုရားပါ။ စိတ်မကောင်းစရာ သနားစရာ ကျဉ်းမြောင်းကြပ်တည်းတဲ့ ခံစားချက်တွေနဲ့ ဖူးခဲ့ရတဲ့ဘုရားဆိုလည်း မမှားပါဘူး။ မနူဟာမင်းက ဒီဘုရားကို တည်ထားရာမှာ "ငါသည် သံသရာဝယ် ကျင်လည်သရွေ့  သူ နိုင်မည်ကို မဖြစ်လို" လို့ ဆုတောင်းခဲ့တယ်လို့ မှတ်သားရပါတယ်။
ဂူထဲမှာ ပြည့်လုနီးပါး ဆင်းတုတော်ကြီး တဆူ၊ ပြီးတော့ အရန်စေတီ နှစ်ဆူနဲ့အတူ အလျားပေ ကိုးဆယ်ရှိတဲ့ လျောင်းတော်မူဘုရားတဆူကိုလည်း အခုလို ဖူးတွေ့ရပါတယ်။ ဘုရားရဲ့ မျက်နှာတော်ဟာ အနည်းငယ် မဲ့နေတယ်လို့ မခံစားရဘူးလား။ ကြည့်ပါအုံး…
ဒါကတော့ မြစေတီ ဘုရား၊ မြစေတီ ကျောက်စာတိုက်နဲ့ ဂူပြောက်ကြီး ဘုရားဝင်း အနီးတဝိုက်က ဘုရားလေးတွေပါ။
နေမြင့်လာတော့ နည်းနည်းပူသလို ထင်ရတယ်။ ဒါပေမဲ့ ဧရာဝတီကိုဖြတ်ပြီး ညင်ညင်သာသာတိုက်နေတဲ့ လေလေးကတော့ အေးနေတာပဲ။ မြစေတီဘုရားမှာ ခဏနားပြီးရင်တော့ မြင်းလှည်းလေး တလှည့်စီးပြီး ဘုရားတွေ ဆက်ဖူးကြအုံးစို့…။
သက်ဝေ
(၁၀ ဖေဖေါ်ဝါရီ ၂၀၁၅)

Sunday, February 8, 2015

သာတဲ့ ပုဂံမြေ (၁)

လူတိုင်းလိုလို သွားနေကျ ရောက်ဖူး တွေ့ဖူး မြင်ဖူးနေကျ နေရာတခုမို့ ပုဂံခရီးစဉ်ကို မရေးတော့ဘူးလို့ပါပဲ။ ဒါပေမဲ့ ကြိုးစားပမ်းစား ရိုက်လာတဲ့ ဓါတ်ပုံတွေကို တစုတစည်းထဲ ထားချင်တာက တကြောင်း၊ မိတ်ဆွေတချို့ကလည်း ရေးပါ လို့ တိုက်တွန်းကြတာက တကြောင်းမို့ အမှတ်တရ အနေနဲ့ ရေးလိုက်ပါတယ်။ ခရီးသွားပိုစ့်ရဲ့ ထုံးစံအတိုင်း စာနည်းနည်း ဓါတ်ပုံ များများပေါ့နော်…း)
ခရီးစဉ်ကတော့ ရန်ကုန် နေပြည်တော် ပုပ္ပါးနဲ့ ပုဂံ ညောင်ဦးပါ။ နှစ်ဖက်သောမိဘများနဲ့ အတူ သွားရတာမို့ အင်မတန်ပြည့်စုံပြီး နှစ်သက် ကျေနပ်စရာ၊ ပျော်ရွှင် ကြည်နူးစရာအတိပြီးတဲ့ ခရီးတခုဖြစ်တဲ့အပြင် ကိုယ့်ကားနဲ့ ကိုယ် သွားကြတာဆိုတော့ နားချင်တဲ့နေရာ နား၊ စားချင်တဲ့နေရာ စား၊ အေးအေးဆေးဆေး သက်တောင့်သက်သာ ရှိလှပါတယ်။
နေပြည်တော်ကနေ မနက် စောစော ထွက်လာပြီး လမ်းတဝက်မှာ ပုပ္ပါးကို ရောက်တယ်။ အဲဒီဒေသတဝိုက်ကတော့ မိုးခေါင်ရေရှားနေရာတွေမို့ အတော်လေး ခြောက်သွေ့တယ်။ သစ်ပင်စိမ်းစိမ်းတွေလည်း သိပ်မရှိတော့ဘူး။ တောင်တွေကလည်း အားလုံး တောင်ကတုံးတွေချည်းပဲ ဖြစ်နေတာ မြင်ရတာ စိတ်မကောင်းစရာ။ 
ဟိုးအနောက်မှာ မြင်နေရတာက ပုပ္ပါးတောင်မကြီးပါ။
ပုပ္ပါးတောင်ကလပ်ပေါ်မှာ တည်ထားတဲ့ ဘုရားဖူးဖို့ အမိုးအဆင့်အဆင့်လေးတွေရှိတဲ့ စောင်းတန်းတလျောက် လှေခါးထစ် ခပ်မတ်မတ်တွေကနေ တက်ကြရတယ်။ လူကြီးတွေကတော့ တောင်ခြေမှာပဲ နေ့လည်စာ စားရင်း စောင့်ကျန်ခဲ့ကြတယ်။ အသက်က စကားပြောလာပြီ ဆိုတော့ တက်မှ တက်နိုင်ပါ့မလားလို့ တွေးပူပြီး မရဲတရဲနဲ့ တက်သွားတာ။ ရောက်တော့ ရောက်သွားသား။ 
ဒါက ပုပ္ပါးတောင်ကလပ်ပေါ်ကနေ လှမ်းမြင်ရတဲ့ တောင်အောက် မြင်ကွင်းပါ။
လမ်းမှာကလည်း သူတို့လို အဖေါ်အပေါင်းတွေနဲ့ တွေ့ရသေးတာဆိုတော့ ပျော်ပါတယ်... ဟိ
လွယ်မယ်လို့ ထင်ထားတဲ့ အဆင်းက အတက်ထက် ပိုပင်ပန်းတယ်။ အောက်ရောက်တော့ စကားမပြောနိုင်တော့ဘူး မောလိုက်တာ ဆိုတာ။ အဖေတွေ အမေတွေက ကြက်သားကြော်လေးနဲ့ အုန်းစိမ်းရည်လေး အသင့်မှာပြီး စောင့်နေလို့သာ တော်တော့တယ်။ မောမောနဲ့စားလိုက်တာ ဓါတ်ပုံတောင် မရိုက်လိုက်နိုင်ဘူး။ နေ့လည်စာ စားပြီးတော့ ပုပ္ပါး Resort ကို ခဏသွားလည်ပြီး ကော်ဖီသောက်ကြသေးတယ်။ အင်မတန်သာယာအေးချမ်းပြီး တိတ်တိတ်ဆိတ်ဆိတ်နဲ့ လှလည်း တော်တော်လှတဲ့ နေရာပဲ။ အေးအေးဆေးဆေး လာ အနားယူဖို့ ကောင်းတဲ့နေရာလို့ စိတ်ထဲက တေးထားလိုက်တယ်။ နောက်တခေါက်ပေါ့… 
ပုပ္ပါး Resort ကနေ ပုပ္ပါးတောင်ကလပ်ပေါ်က ဘုရားကို လှမ်းဖူးလို့ရတယ်။ 
ကော်ဖီသောက်ပြီး ပိုက်ဆံရှင်းတော့ ဘေလ်က ဒေါ်လာနဲ့ လာတာ။ မြန်မာငွေနဲ့ ပြန်တွက်ပြီး ပေးရတယ်။ မြင့်တယ်နော်။
ပုဂံရောက်တော့ ညနေစောင်းနေပြီ။ ပုဂံ သံတဲဟိုတယ်မှာ Check-in ဝင်၊ ပြီးတော့ River Side လို့ ရေးထားတဲ့ လမ်းညွှန်ဆိုင်းဘုတ်ကလေးတွေ အတိုင်း လျှောက်လာပြီး ကိုယ်နေရမဲ့ အခန်းလေးတွေဆီ ရောက်လာခဲ့တယ်။ ဧရာဝတီမြစ်ကမ်းကို မေးတင်ပြီး ဆောက်ထားတာ၊ ဝင်းဝါနေတဲ့ ကျွန်းသစ်တွေ ပေါပေါများများများသုံးပြီး ပြင်ဆင်ထားတဲ့ ကျယ်ကျယ်ဝန်းဝန်နဲ့ ချစ်စရာအခန်းလေးတွေ။ အခန်းကနေ လှမ်းကြည့်လိုက်ရင် အရှေ့မှာ မြေပဲခင်း စိမ်းစိမ်းတွေ ပြီးတာနဲ့ ပြာလဲ့လဲ့ ရေပြင်ကြီးဟာ ဧရာဝတီပဲ။ ပြီးတော့ သဲသောင်တွေ…။ 

လှမ်းမြင်နေရတဲ့ ဧရာဝတီမြစ်ရဲ့ တဖက်ကမ်းမှာက တန့်ကြည်တောင်… နေဝင်ပြီး မှောင်စပျိုးလာတော့ တန့်ကြည်တောင်ပေါ်က ဘုရားမီး တလက်လက်လေးကို တွေ့ရတယ်။ Zoom ဆွဲကြည့်ကြပါ... တွေ့ရလား မသိဘူး... မတွေ့ရလဲ တွေ့ရတယ်လို့ မှတ်ပေးပါ။ 
အခန်းရောက်တော့ ပစ္စည်းတွေနေရာချ၊ ခဏနား ရေချိုးပြီးတော့ ညစာစားဖို့ ထွက်ရင်းနဲ့ အနီးနားက ဘုရားတွေ ဖူးဖို့ စီစဉ်ကြတယ်။ ညစာကို သရပါ မှာ စားကြတယ်။ မှိန်ဖျော့ဖျော့ ဖယောင်းတိုင်မီးလေးတွေနဲ့ သရပါမှာ ထမင်းတွေ ဟင်းတွေ မှာမစားကြတော့ပဲ ထမင်းကြော် ထမင်းပေါင်း ခေါက်ဆွဲကြော် ကြာဆံကြော်တွေကိုပဲ တယောက်တမျိုး လွယ်လွယ်ကူကူ မှာစားကြတယ်။ စားစရာတွေလာချတော့ အားလုံး တယောက်မျက်နှာ တယောက် ကြည့်ဖြစ်ကြတယ်။ ဘုရားရေ… တပွဲတပွဲကို အများကြီးပဲကိုး။ တကယ်ဆို နှစ်ယောက်ကို တပွဲစားလို့ရအောင်ကို များလွန်းတာ။ ဒါနဲ့ပဲ ကုန်သလောက် စားကြတာပေါ့။ 
ပထမဆုံး ဖူးရတဲ့ဘုရားကတော့ ဗူးဘုရားပါ။ ငယ်ငယ်က ရေဒီယိုမှာ လာနေကျ "...ထူးခြားစွာ ဖူးသွားပါ ဗူးဘုရားမှာ နေခိုရင်းနဲ့ ရွှေလိုဝင်းတဲ့ ဧရာဝတီ မြစ်ရိုးတလျှောက်ကိုလေ…" ဆိုတဲ့ နွဲ့ယဉ်ဝင်းရဲ့ သီချင်းကို သတိရမိတယ်။ ညဖက်ဆိုတော့ နေခိုစရာ မလို၊ ဧရာဝတီလည်း ရွှေလို မဝင်းနိုင်ပဲ မှောင်နေပြီ။ 
မီးရောင်အောက်မှာ အင်မတန် သပ္ဗါယ်တဲ့ ထီးလိုမင်းလိုဘုရားပါ။ ဒီဓါတ်ပုံဟာ ကိုယ် ရိုက်ဖူးသမျှ Night Shot တွေထဲမှာ အကြိုက်ဆုံးနဲ့ စိတ်တိုင်းအကျဆုံး ဓါတ်ပုံတပုံလို့ ပြောရမှာပါ။ အလုပ်အရှုပ်ခံပြီး Tripod သယ်သွားတဲ့ အကျိုးဆိုရင်လည်း မမှားပါဘူး။ 
ထီးလိုမင်းလိုဘုရား ပြီးတော့ ရွှေစည်းခုံဘုရားကို သွားဖူးကြပါတယ်။ ရွှေစည်းခုံ ဘုရားစောင်းတန်း တလျှောက်မှာ ဆိုင်ကလေးတွေ တန်းစီလို့ ဘုရားပွဲလိုပဲ ပျော်စရာ။ အဲဒီဈေးတန်းလေးမှာ ရောင်းတာတွေကတော့ ဇီးယို ဇီးထန်းလျက် စတဲ့ စားစရာတွေ၊ ယွန်းထည်တွေ ပြီးတော့ မြန်မာဖြစ် ချည်ထည်တွေ ခေတ်မီပုံဆန်းတွေနဲ့ အသင့်ချုပ်ပြီးသား အဝတ်တွေ စုံလို့ပါပဲ။ ရွှေစည်းခုံဘုရားကနေ ပြန်တော့ ည ကိုးနာရီခွဲပြီးပြီ။ လူကြီးတွေလည်း ပင်ပန်း၊ လူငယ်တွေလည်း ပင်ပန်းနေပြီမို့ အိပ်ချိန်လို့ သတ်မှတ်လိုက်ပါတယ်။ 
နောက်တနေ့မနက်မှာ ဧရာဝတီမြစ်ထဲက မော်တော်ခုတ်သံနဲ့ အတူ အစောကြီး ပြီးတော့ ဟောလီးဒေးတို့ရဲ့ ထုံးစံအတိုင်း ကြည်ကြည်လင်လင် လန်းလန်းဆန်းဆန်း နိုးလာခဲ့ပါတယ်။ အခန်းအပြင်ထွက်ကြည့်တော့ မှောင်နေတုန်းပဲ။ ဧရာဝတီမြစ်ထဲမှာ ခပ်ဖြည်းဖြည်း မောင်းနှင်နေတဲ့ မော်တော်နှစ်စင်းတွေ့ရတယ် မီးရောင်တလက်လက်နဲ့။ ဒါနဲ့ပဲ အခန်းထဲပြန်ဝင်၊ အနွေးထည်ထပ်ဝတ်၊ ကင်မရာယူပြီး လမ်းလျှောက်ထွက်ခဲ့ပါတယ်။

သက်ဝေ
(၈ ဖေဖေါ်ဝါရီ ၂၀၁၅) 

Saturday, February 7, 2015

လမျှားသူရဲ့မှတ်တမ်း

တကယ်ဆိုရင် သူ့ကိုယ်သူ လမျှားသူ လို့ ကြီးကြီကျယ်ကျယ် အမည်တပ်ထားတာ၊ အမှန်ကတော့ သူဟာ ဘာမှ မသိ၊ ဘာမှ မတတ်၊ တစ်ခုခုဆို မထုံတက်တေးနဲ့ပြောလိုက်ရင်လည်း မျက်လုံး အ၀ိုင်းသား၊ ပါးစပ် အဟောင်းသား၊ နားရွက် အကားသားနဲ့အမြဲတမ်း ကြောင်စီစီနဲ့ လိုက်ကြည့်နေတတ်တဲ့ ကြောင်တောင်တောင် အကောင်တစ်ကောင်ပါ။ လမျှားသူရဲ့ ထူးခြားတဲ့ ဂုဏ်ပုဒ်တွေကို ဖေါ်ပြရမယ်ဆိုရင် နားမလည် ပါးမလည်၊ မအူမလည်အူလည်လည်၊ အူတိအူကြောင်၊ အူကြောင်ကြား၊ ထုံထုံထိုင်းထိုင်း၊ တုံးတုံးတာတာ၊ အရိပ်ပြလို့ အကောင်မသိ၊ တစ်တောင်ပြလို့ တစ်မိုက်မမြင်၊ ပြီးတော့ ခပ်တုံးတုံးခပ်လှေးလှေး… အဲဒီလို အရည်အချင်းတွေနဲ့ ပြည့်စုံနေတဲ့ အကောင်တစ်ကောင်ပါ။ ဒီတော့လမျှားသူ ဆိုတဲ့ နာမည်ပိုင်ရှင်ကို သူ့ဖာသာ လ မကလို့ နေ ကိုပဲ မျှားမျှား၊ကြယ်ကိုပဲ မျှားမျှား၊ နောက်ဆုံး အင်္ဂါဂြိုလ် ကိုပဲ မျှားမျှား၊ ဘယ်သူကမှ အရေးတယူမရှိ၊ လူရေး လူရာ ထားပြီး စာရင်းသွင်းတာမျိုးလည်း မရှိကြပါဘူး။

လမျှားသူဟာ နေ့အချိန်တွေမှာဆိုရင် ကောင်းကင်ပေါ်မှာ တိမ်တွေတရွေ့ရွေ့နဲ့ မျောလွင့်နေတာကိုပဲ လှလိုက်တာ… လှလိုက်တာနဲ့ တငေးငေး တသသဖြစ်နေတတ်တာ၊ ဒါတင် ဘယ်ကမလဲ၊ သူ စေလွှတ်လိုက်လို့သာ အဲဒီတိမ်တွေ ကောင်းကင်ပေါ်မှာ အခုလိုပျံသန်းနေခွင့်ရတာမျိုးလိုလိုတောင် စကားကြီး စကားကျယ် ပြောသေးတာ။ ညအချိန်တွေမှာဆိုရင်တော့ မနီးမဝေးက ကမ်းးခြေတစ်နေရာမှာ ထိုင်၊ ကောင်းကင်နက်နက်ပေါ်မှာ ပုံသဏ္ဍာန်အမျိုးစုံနဲ့သာနေတဲ့ လ ကို လှမ်းမျှော်ကြည့်ရင်း သူဟာ လမျှားသူ ပါ၊ သူဟာ Moon Catcher ပါ ဆိုတဲ့စကားတွေကို အကြောင်းမဲ့ တတွတ်တွတ် ရေရွတ်နေတတ်တာမျိုး၊ အဲဒီကောင်းကင်ပေါ်မှာ လှပ တင့်တယ်နေတဲ့လ ကို သူက မျှားတံနဲ့ မျှားနိုင်တယ်ဆိုထဲက သူဟာ လ ထက် မြင့်မားတဲ့နေရာမှာတည်နေနိုင်တယ်ဆိုတာမျိုး၊ လထဲမှာ ထိုင်နေကြတဲ့ ရွှေယုန်ဟာ သူ့ရဲ့ ငယ်ပေါင်းကြီးဖေါ်၊ ပြီးတော့ ပြောမနာ ဆိုမနာ ကစားဖေါ်တစ်ကောင်ဖြစ်ပြီး ဆန်ဖွတ်တဲ့ အဖိုးအိုကတော့ သူ့ရဲ့အရင်ဘ၀က အဖေတော်စပ်ခဲ့ဖူးတယ်ဆိုတာမျိုး… အဲဒါတွေကို ကမ်းစပ်ကနေ ထိုင်ကြည့်ရင်း၊ အနားမှာရှိသမျှ လူတွေကို ပြောဆိုရင်း အခြောက်တိုက် ဘ၀င်လေဟပ်နေတတ်သေးတာ။ သင့်တင့်လျောက်ပတ်မှု မရှိပုံများ ပြောပါတယ်။ 

တစ်ခါတစ်ခါတော့လည်း ညနက်နက်မှာ မှန်ပြောင်းတစ်လက်ထမ်းပြီး ကြယ်စုတွေပဲ တစ်လုံးချင်း ရေတွက်တော့မလိုလို၊ ကြယ်ကြွေချိန်မှာ ကမ္ဘာလောကသားတွေရဲ့ ကောင်းကျိုးချမ်းသာစည်းစိမ်အတွက် ဆုတွေပဲ တောင်းတော့မလိုလိုနဲ့ တစ်ယောက်တည်း အလုပ်များနေတတ်တာမျိုးကလည်း ရှိသေးတယ်။ ပြောသေးတယ်၊ ကြယ်တွေမှာ သောကြာကြယ်၊ ခုနှစ်စဉ်ကြယ် စသည်ဖြင့် နာမည်ကိုယ်စီရှိနေတာ သူပေးထားလို့တဲ့။ ဂြိုလ်တွေရော ဘာထူးသလဲ… သူနာမည်ပေးထားလို့ အင်္ဂါဂြိုလ် ဘာဂြိုလ် ညာဂြိုလ်စသည်ဖြင့် နာမည်တွေ ရှိနေတာဆိုပဲ။ မသိတဲ့သူတွေ ဘေးကကြည့်နေရင် အူကြောင်ကြောင်အကောင်တစ်ကောင်ရဲ့ ထုံးစံ အူကြောင်ကြောင် အပြုအမူတွေကို ရက်ရက်ရောရော ဖေါဖေါသီသီပြုမူနေတာမျိုးသာ မြင်ကြရမှာပါ။ တချို့ သူ့အကြောင်း သိတွေကတော့ ပြောကြတယ်။ ဒီအကောင်ဟာ လူနေချုံကြား စိတ်ဘုံဖျား တဲ့။ ထားပါလေ… လမျှားသူကတော့ ဒါတွေကိုအနည်းလေးမှ ဂရုပြုဟန် မတူပါဘူး။

အဲဒီလို နကန်းတစ်လုံးမှ မသိ၊ နားမလည်တတ်တဲ့အူကြောင်ကြောင် လမျှားသူ ဆိုတဲ့ အကောင်ဟာ ဘယ်ကနေ ဘယ်လို လမ်းမှား မျက်စိလည်ပြီးဒီလို လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းထဲကို ရောက်လာတယ်ဆိုတာလည်း ဘယ်သူမှမသိခဲ့ရိုး အမှန်ပါ။ ဒါပေမဲ့ သူက အပေါင်းအသင်းတော့ ဆံ့သား။ သူ့ကို ပေါကြောင်ကြောင်အကောင်တစ်ကောင်ပဲ ဆိုပြီး ပတ်ဝန်းကျင်က နည်းနည်းပါးပါးတော့ ခင်မင်ကြတယ်။ အမှန်တော့ပြောမနာ ဆိုမနာ အရူးအပေါတစ်ယောက်လို ခပ်နှိမ်နှိမ် သဘောထားပြီး ခင်နေကြတာပါ။

တကယ်တမ်း လမျှားသူရဲ့ ပင်ကိုယ်စရိုက်ကတော့ အေးချမ်းတယ်။ စကားလည်းနည်းတယ်။ ကောင်းကင်ပေါ်က တိမ်၊ လ၊ ကြယ်တွေ ဂြိုလ်တွေနဲ့ ပတ်သက်မှသာ ကြီးကြီးကျယ်ကျယ်တွေ ထ ထ ပြောတတ်တာ။ အများအားဖြင့်တော့ သူများတွေ စကားပြောနေရင် သေသေချာချာ နားထောင်တယ်။ မှတ်မိသင့်သလောက် မှတ်မှတ်သားသား ရှိတယ်။ စကားဝိုင်းတွေမှာ ဘာတစ်ခုမှပါဝင်ဆွေးနွေးပြောဆိုခြင်း မရှိဘူး။ သူများစကားတွေကို သဘောမတူသည့်တိုင် ပြန်လှန်ငြင်းခုန်ခြင်း၊ အခြေအတင် ပြောဆိုခြင်း မပြုဘူး။ သူ ဘာမှ မကြားသလို၊ မသိသလို နေတတ်တယ်။ သူ့ရဲ့ ကိုယ်ပိုင်ဟန်ဖြစ်တဲ့ မျက်လုံးအ၀ိုင်းသားနဲ့ အားလုံးကို လိုက်ကြည့်နေတာပဲ။ တစ်ခါတစ်ခါများ နားမလည် ပါးမလည်၊ မျက်လုံးလေး ကလယ်ကလယ်နဲ့ သိပ်သနားစရာကောင်းတာ။ အဲဒီအခါမျိုးမှာတုံးတုံးတာတာ အကောင်လေးတစ်ကောင်ရယ်လို့ သူ့ကို ဂရုဏာသက်စရာတောင် ကောင်းသေးတော့။ မသိနားမလည်ရင်လည်း မမေးဘူး။ ဒီတိုင်းပဲ ငေးကြည့်နေတာပဲ။ ဒါကို မကြည့်နိုင်တဲ့သူကစိတ်ရှည်လက်ရှည် ပြန်ရှင်းပြရတယ်။ လမျှားသူ တို့က အဲဒီလို။

ပြောရရင် အားလုံးက မပြည့်တပြည့် ရူးနှမ်းနှမ်းအကောင်လို့ သတ်မှတ်ထားတဲ့ လမျှားသူမှာ တကယ်တမ်းကျ ဘယ်သူမှ အလွယ်တကူ မသိနိုင် မမြင်နိုင်တဲ့အရည်အချင်း တစ်ချို့ရှိနေခဲ့တာ ဘယ်သူမှ မသိခဲ့ကြဘူး။ သူ့မှာရှိတဲ့ အဲဒီ ခပ်သေးသေး စွမ်းရည်လေးတစ်ခုဟာ သူ့ထက်ငါ အပြိုင်အဆိုင် တော်ကြောင်း တတ်ကြောင်း မော်ကြွားကြသူများအားလုံးရဲ့ရှေ့မှာ ဘယ်တော့မှ မပေါ်လွင်ခဲ့ဘူး။ ပေါ်လွင်အောင်လည်း သူ့ဘဝ တလျောက်လုံးမှာ တစ်ကြိမ်တစ်ခါမှ မပြခဲ့ဘူး။ တစ်ယောက်ကို တစ်ယောက် အစွမ်းကုန် လိမ်ညာ ဟန်ဆောင်ပြုံးရယ် ချိုမြနေကြသူများကြားထဲမှာ သူဟာ အစဉ် ရေငုံ နှုတ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့သူ သိတယ်။ ဘယ်သူတွေ ဘာတွေ ဘယ်လို လိမ်ညာနေကြတယ် ဆိုတာ၊ ဘာစကားတွေက ဘယ်ကိုရောက်လို့ ဘာကို ဆိုလိုတယ်ဆိုတာ၊ ဘယ်သူတွေက ဘယ်လို ဟန်ဆောင်နေတယ်ဆိုတာအားလုံး သူ သိတယ်။ အားလုံး သူ သိတယ်။ အဲဒီလို။

တစ်ခါကတော့ လမျှားသူဟာ သူနဲ့ အရင်းနှီးဆုံးလို့ဆိုနိုင်တဲ့ မိတ်ဆွေတစ်ယောက်ကို တီးတိုး ပြောပြဖူးသတဲ့။ သူ့ရဲ့ ကိုယ်ပေါ်မှာ၊သူ့လက်နဲ့ မမှီနိုင်သေးတဲ့ နေရာမှာ ဆူးချွန်ချွန်ကလေး တစ်ချောင်း ခပ်နက်နက်စိုက်ဝင်နေတယ်တဲ့။ အဲဒီဆူးကလေးဟာ နေ့စဉ်နဲ့အမျှ သူ့ကိုယ်ထဲကနေ အပြင်ကို တတိတိနဲ့ တိုးထွက်နေတာတဲ့။ အဲဒီဆူးလေးကို တစ်ယောက်ယောက်က အမှတ်မထင် ဆွဲနှုတ်လိုက်လို့ဖြစ်စေ၊ သူ့လက်တွေ ရှည်ထွက်လာလို့ ဆူးကို သူကိုယ်တိုင် လက်လှမ်းမှီပြီး ဆွဲနှုတ်နိုင်တဲ့အခါမှာ ဖြစ်စေ၊ သူဟာ ဒီပတ်ဝန်းကျင်၊ ဒီလောကထဲကနေ အပြီးတိုင် စွန့်ခွာသွားရတော့မှာ၊ သူ ဘဝပြီးဆုံးသွားရတော့မှာပဲ တဲ့။ ဆိုချင်တာကတော့ အဲဒီဆူးလေးဟာ သူ့ အသက်ပဲ။ အဲဒီလိုစွန့်သွားရတော့မဲ့ တစ်နေ့မှာ သူဟာ သူသိသမျှ အကြောင်းအရာတွေ အားလုံးကို ပွင့်ပွင့်လင်းလင်း ဖွင့်ချသွားမယ် တဲ့။ အဲဒီမိတ်ဆွေကတော့ လမျှားသူရဲ့ ကြောင်စီစီ စကားလုံးတွေကို ဟာသပြကွက်တစ်ခု၊ လူရွှင်တော် ပျက်လုံးတစ်ခုလို ဟက်ဟက်ပက်ပက် လှောင်ပြောင်ဟားတိုက် ရယ်မောနေတော့တာပဲ တဲ့။ ဒီကောင်ဟာ သူ့ကိုယ်သူ မျက်လှည့်ဆရာဒေးဗစ်ကော့ပါးဖီးလ်များ မှတ်နေသလား မသိဘူးလို့တောင် ရယ်သွမ်းသွေး လိုက်သေးသတဲ့။

တစ်နေ့မှာတော့ လမျှားသူ ဟာ သူ့လက်နဲ့ ဆူးကို စမ်းကြည့်လိုက်တာမှီလု မှီခင်လေး ဖြစ်နေသတဲ့။ ဒါဆို သူ ဒီပတ်ဝန်းကျင်က ထွက်ခွာသွားရဖို့ အချိန်တွေ နီးလာပြီလို့ သိလိုက်တယ်။ ဒီတော့ သူဟာ သူ ဖွင့်ဟ ပြောပြစရာတွေကို စနစ်တကျ စီကာစဉ်ကာရေးနိုင်အောင် အချိန်ရှိသရွေ့ စဉ်းစား တွေးတောနေတော့တယ်။ သူ သိတာတွေက အများသား။ပြီးတော့ ပြောရရင် ရယ်စရာလည်း အကောင်းသားပေါ့လေ။

ပထမဆုံး အစီအစဉ်အရ သူ့ရဲ့ မှတ်တမ်းကို “လမျှားသူရဲ့မှတ်တမ်းလွှာ” လို့ သူ့ ထုံးစံအတိုင်း ကြီးကြီးကျယ်ကျယ် အမည်နာမ ရေးထိုးတယ်။ ပြီးတော့ အမှတ်စဉ်တွေ တန်းစီပြီး တပ်တယ်။ အပေါ်ဆုံး အမှတ်စဉ်မှာ သူ့ကိုအထင်သေးတဲ့သူတွေ၊ သူ့ကို ကြည့်မရတဲ့သူတွေကို တန်းစီရေးချလိုက်တယ်။ ပြီးတော့ ဟက်ဟက်ပက်ပက် ရယ်နေမိတာပေါ့။ ဘာလို့ဆို အဲဒီလူတွေအားလုံးရဲ့ အကြောင်းကို သူ ကောင်းကောင်းကြီးသိနေတာကိုး။ အဲဒီလူတွေရဲ့ နာမည်ဘေးနားက မှတ်ချက် ဆိုတဲ့ အကွက်မှာ တစ်ယောက်ချင်းစီရဲ့ အကြောင်းအရာကို မှတ်ချက်အဖြစ် အတိုကောက်ကလေးတွေ ရေးတယ်။ ဥပမာ ဦးနီ ဆိုရင် သူ့ ဘေးက အကွက်မှာ မဖြူနှင့် တိုးတိုးတိတ်တိတ် ချစ်ကြိုက်နေ၊ မောင်မဲဆိုရင် သူ့ဘေးက အကွက်မှာ တွေ့ရာ အမျိုးသမီးတိုင်းကို သည်းခြေကြိုက် စကားများနှင့် ဖြားယောင်းပြောဆို အရောဝင်နေ၊ ဒေါ်မိ ဆိုရင် သူ့ ဘေးက အကွက်မှာ သူ ၀တ်ထားသော စိန်များ အားလုံးအတုများ ဖြစ်… စသည်ဖြင့်ပေါ့။ ဒီ့ထက် နက်နဲတဲ့ အကြောင်းအရာ၊ ဒီ့ထက် ကလေးကလားဆန်တဲ့ အဖြစ်အပျက်တွေ ပါသေးတယ်။ ဒါပေမဲ့ ဒီနေရာမှာ ထုတ်မပြောချင်တော့လို့ အသာပဲရပ်ထားလိုက်မယ်။

နောက်အမှတ်စဉ်တစ်ခုမှာတော့ ပတ်ဝန်းကျင်မှာ သူများအထင်ကြီးခံချင်တာ တစ်ခုထဲနဲ့ အသားလွတ် ကြွားဝါနေတတ်တဲ့သူတွေ၊ ၀ မရှိပဲ ၀ိ လုပ်ပြီး အောက်ခြေလွတ်နေကြသူတွေ၊ နေရာတကာမှာ ဆရာကြီး လုပ်လိုက်ရမှ နေသာထိုင်သာ ရှိတဲ့သူတွေ။ အိုး… တသီတတန်းကြီးပဲ။ အဲဒီနောက်မှာတော့ ရင်ထဲကမပါပဲ နှုတ်ဖျားလေးကနေ စကားအပိုတွေ တန်ဆာဆင် ပြောတတ်တဲ့သူတွေ၊ နှုတ်ဖျားလေးက ချိုသာပေမဲ့ နောက်ကွယ်မှာ မဲ့ရွဲ့ပြီး စကားတင်းဆိုနေတတ်သူတွေ၊ ဘယ်လိုအချိန်မှာပဲဖြစ်ဖြစ် ရိုးသားမှု မရှိတဲ့သူတွေ၊ သူတပါးကို ခုတုံးလုပ်ပြီး တွန်းတိုက် ကျော်တက်ချင်တဲ့သူတွေ၊ ကိုယ့်အလိုဆန္ဒပြည့်ဖို့ သူများကို မျက်နှာချိုသွေး အတင်း ၀င်လုံးတတ်တဲ့သူတွေ၊ စိန်နားကပ်အရောင်နဲ့ ပါးပြောင်နေကြသူတွေ၊ မိုးခါးရေ သောက်ကြသူတွေ၊ မျက်နှာကြီးရာ ဟင်းဖတ်ပါကြသူတွေ၊ အကျိုးလိုလို့ ညောင်ရေလောင်းနေတဲ့သူတွေ၊ အသားလိုလို့ အရိုးတောင်းသူတွေ… အဲဒီ လူနာမည်တွေကို တန်းစီပြီးချရေးလိုက်သတဲ့။ အဲဒီလို မှတ်တမ်းရေးတဲ့ ပထမဆုံးနေ့မှာပဲ လမျှားသူဟာ အတော်လေးကို ခြေကုန်လက်ပန်းကျသွားတယ်။ ဘယ်လောက်တောင် ပင်ပန်းသွားသလဲဆို နောက်တစ်နေ့ ဒီမှတ်တမ်းကို ဆက်မှ ရေးနိုင်ပါတော့မလားလို့ တွေးနေမိတဲ့အထိပဲ။

ဒါပေမဲ့ နောက်တစ်နေ့မှာ လမျှားသူဟာ သူ့ရဲ့ မပြီးသေးတဲ့ မှတ်တမ်းကို ကြိုးစားပမ်းစား ဆက်ရေးတယ်။ တဖြည်းဖြည်းနဲ့ ရှည်ထွက်လာတဲ့ သူ့ရဲ့လက်ချောင်းတွေကတော့ သူ့နောက်ကျောက ဆူးချွန်လေးကို စမ်းကာ စမ်းကာနဲ့…။ သွားရတော့မဲ့အချိန် နီးနေပြီ ဆိုတာ သူ့ဟာသူ သိနေတယ်။ တိုတိုနဲ့ လိုရင်းကို ပြောရရင် နောက်နှစ်ရက်လောက်မှာ သူ့မှတ်တမ်းကို အဆုံးသတ်လိုက်နိုင်တယ်။ အဲဒီအချိန်မှာသူ့လက်ချောင်းတွေက ဆူးချွန်ကို နှုတ်လို့ရနေတဲ့ အထိ ရှည်နေကြပြီး ဆူးချွန်လေးဟာလည်းအပြင်ကို တော်တော်ရောက်နေပြီ။ သူ သိတယ်။ မနက်ဖြန် နောက်ဆုံးပဲ။ သူ သွားရတော့မယ်။ အားနည်းနေတဲ့ သူ့ရဲ့ခြေထောက်တွေကို အတင်း ဒရွတ်တိုက်ဆွဲပြီး သူ့ မှတ်တမ်းလွှာကို အများမြင်သာအောင် ထားဖို့ နေရာ လိုက်ရှာတယ်။ နောက်ဆုံးမှာတော့ လူခြေတိတ်တဲ့ညအချိန်မှာ လမ်းမကျယ်ကြီး တစ်ခုပေါ်မှာ ဖြန့်ခင်းဖို့ တွေးလိုက်တယ်။

ဒီတော့ နောက်တစ်နေ့ လူခြေတိတ်တဲ့ ညသန်းကောင်အချိန်မှာ သေသေချာချာ ခေါက်လိပ်ထားတဲ့ သူ့မှတ်တမ်းကို အားလုံး ထင်ရှားစွာ မြင်သာတဲ့ အထင်ကရ လမ်းမကျယ်တစ်ခုမှာ အလျားလိုက် ဖြန့်ခင်းလိုက်သတဲ့။ သူ့မှတ်တမ်းဟာ ဘယ်လောက်တောင် ကြီးမား ရှည်လျားသလဲဆိုအနက်ရောင် ကတ္တရာခင်း လမ်းမကျယ်ကြီးကို အဖြူရောင် လမ်းမကြီးတစ်ခုအဖြစ်နဲ့ မျက်စိတစ်ဆုံးကို တွေ့ရတဲ့အထိပဲ။ မှတ်တမ်းကို ဖြန့်ခင်းပြီးတဲ့ အချိန်နဲ့ တည်းတည်းလေးသာ ကျန်တော့တဲ့ သူရဲ့ဆူးချွန်လေး ပြုတ်ကျသွားတဲ့ အချိန်နဲ့က တစ်ချိန်ထဲဖြစ်သွားတယ်။ ဆူးကလေးလည်း ထွက်ကျသွားရော လမျှားသူရဲ့ ခန္ဒာကိုယ်ဟာလည်း တစ်စ တစ်စ ကျုံလှီသေးကွေးပြီး နောက်ဆုံးမှာ အမှုန်အစက်တစ်စက်ကနေ ဘာမှ မရှိတော့အောင် လုံးလုံးလျားလျားကို ပျောက်ဆုံးသွားတော့တာပဲ။

နောက်တစ်နေ့ မနက် မိုးလင်းတော့ အဲဒီမှတ်တမ်းကို လူတွေ တွေ့သွားကြတယ်။ ဘာပြောကောင်းမလဲ… သူတို့ အားလုံးဟာ ရေးထားတဲ့စာကို ဖတ်လိုက်၊ လျှို့ဝှက်ချက်တွေ ပေါ်ကုန်လို့ တစ်ယောက်ကို တစ်ယောက် ကြည့်လိုက်နဲ့၊ ပြီးတော့ ရန်ဖြစ်တဲ့သူက ဖြစ်၊ ငိုတဲ့သူက ငို၊ ဒေါသထွက်တဲ့သူက ထွက်နဲ့ တလောကလုံး အုံးအုံးကြွက်ကြွက်ကို ဖြစ်လို့။ တချို့ကလည်း ပညာရှိအမျက် အပြင်မထွက်ဆိုတာမျိုးလို ဟန်ဆောင်ပန်ဆောင် လုပ်နေကြတယ်။ ပြောရရင် သူဖေါ်ထုတ်သွားခဲ့တာတွေဟာ ဖြစ်ရပ်မှန်တွေချည်းပဲ ဆိုတော့ အားလုံးလည်း အမျက်ရောအရှက်ပါ ရကုန်ကြတာပေါ့။ အားလုံးရဲ့ အတွင်းရေးတွေကို အားလုံးက သိကုန်ကြ၊ရန်တွေဖြစ်ကြ၊ အရှက်ရကြ၊ တစ်ယောက်မျက်နှာ တစ်ယောက် မကြည့်ရဲကြ။ သူတို့အားလုံးဟာ ဒါ ဘယ်သူ့လက်ချက်လဲ လို့ တွေးနေကြဆဲ တစ်ယောက်က ရုတ်တရက် ထအော်တယ်။ ဟို လမျှားသူဆိုတဲ့ ကြောင်တောင်တောင် အကောင် ဘယ်မလဲ တဲ့။ အားလုံး သတိရသွားကြတယ်။ လိုက်ရှာကြတယ်။ ဒီမှတ်တမ်းဟာ သူ့လက်ချက်ပဲ ဖြစ်လိမ့်မယ်၊ တွေ့ရင် ဒင်းကို အရှင်မထားဘူး အမှုန့်ချေကြိတ်ပစ်မယ် ဆိုပဲ။ သူ တိမ်တွေကို မျှော်ငေးနေကျ နေရာ၊ လကို လှမ်းကြည့်နေကျနေရာ၊ ကြယ်တွေကြည့်လေ့ရှိတဲ့နေရာ… ပြီးတော့ သူ သွားလေ့ရှိတဲ့နေရာတွေ… နေရာအနှံ့ လိုက်ရှာကြတယ်။ဒါပေမဲ့ ဘယ်လိုမှ ရှာမတွေ့ကြဘူး။ ဒီလိုကောင်မျိုး တစ်သက်မှာ တစ်ကောင်ပဲ ရှိပေလို့ပေါ့ကွာလို့လည်း တဖြစ်တောက်တောက်နဲ့ ပြောကြသေးတယ်။

သူတို့တွေ တရားခံကို အဲဒီလို အသည်းအသန် ပိုက်စိတ်တိုက်ပြီးလိုက်ရှာနေကြတဲ့အချိန်မှာ လမျှားသူကတော့ အေးအေးဆေးဆေးပဲ တဲ့။ နေ့အချိန်တွေမှာဆိုဟိုး မိုးကောင်းကင်ပေါ်က တိမ်တွေပေါ်မှာ အေးအေးလူလူ ထိုင်ရင်း၊ လ မသာတဲ့ ညဖက်တွေမှာဆို ကြယ်စုတွေကို ကျောမှီပြီး သက်တောင့်သက်သာ ထိုင်ရင်း၊ လသာတဲ့ ညဖက်တွေမှာဆိုရင်တော့ လ ထက်မြင့်တဲ့ ခပ်ဝေးဝေး တစ်နေရာကနေ အဲဒီလူတွေအားလုံးကို အပေါ်စီးကနေမိန့်မိန့်ကြီး ပြုံးပြီး ကျေကျေနပ်နပ်ကို ငုံ့ကြည့်နေတော့တာပါပဲ။ 

သက်ဝေ
(၂၅ သြဂုတ် ၂၀၁၄)

~ ၂၀၁၅ ဖေဖေါ်ဝါရီလထုတ် နှင်းဆီဖြူ မဂ္ဂဇင်းတွင် ဖေါ်ပြပြီး ဖြစ်သည်