Monday, April 27, 2009

တစ်ဘဝမျှ နေချင်သည်

ရေးလက်စတွေ လက်စမသပ်နိုင်ပဲ တွေတွေငေးငေးနဲ့ နေ့ရက်တွေ တရက်ပြီးတရက် ကုန်ဆုံးသွားကြသည်…။ စိတ်ရော လူပါ မအားမလပ်သောကြောင့် စာမရေးနိုင်သလို စာလဲ ကောင်းကောင်းမဖတ်နိုင်ပါ။ ငှားထားသော စာအုပ်များလဲ ရက်စေ့သွားသောကြောင့် ပြန်အပ်လိုက်ရသည်။ ဝယ်ထားသော လစဉ်ထုတ် စာစောင်များလဲ ကုတင်ဘေးက ခြင်းကလေးထဲမှာ ငြိမ်သက်စွာ အစီအရီ။ အဖြစ်က မနှစ်ကနှင့် မတူ ဆိုသည်မှာ ဒါမျိုးပင် ဖြစ်ပေလိမ့်မည် ဟု ပြောင်ချော်ချော် တွေးကြည့်နေမိသည်။

ပြောရရင် အခုတလော ဒီမှာ ရာသီဥတုကလဲ အတော် ပူပြင်းလှသည်။ ပူလောင်အိုက်စပ်နေသော အချိန်များတွင် စာရေး စာဖတ်လုပ်ရသည်မှာ တော်တော်လေး ပျော်စရာမကောင်း။ မနေ့ ညနေတုန်းကတော့ ရာသီဥတုက ဘာစိတ်ကူးပေါက်သည်မသိ၊ မိုးသက်လေလေး တိုက်ပြီး မိုးတပေါက် နှစ်ပေါက်ရွာလေသည်။ သိသိသာသာလေး အေးသွားသောအချိန်တွင် လုပ်စရာရှိသော အိမ်အလုပ်များကို ဝုန်းဒိုင်းကျဲ လက်စသပ်ကာ ကော်ဖီတခွက်ကို ကိုင်၍ စာရေး စာဖတ်လုပ်ရန် စိုင်းပြင်းမိသည်။ တကယ်ရေးမယ်ကြံတော့ စိတ်ထဲမှာ ဘာမှ ပေါ်မလာ…။ ဒီလိုနှင့် တော့ အချိန်တွေ အကုန်မခံနိုင်ပြီ…။ အိပ်ရာထဲခွေကာ စာဖတ်ရန် စာအုပ်ရှာမိသည်။ လောလောဆယ် လက်နားမှာ ရှိသော စာအုပ်တွေကို အသာထားကာ စိတ်ထဲမှာ ဖတ်ချင်နေသော၊ ဘယ်အချိန် ပြန်ဖတ်ဖတ် ဘယ်တော့မှ မရိုးဟောင်းနိုင်သော၊ ကိုယ် အလွန် နှစ်သက်သော စာတအုပ်ဆီသို့ လက်လှမ်းလိုက်မိသည်။

ထိုစာအုပ်လေးထဲတွင် စီးမျောပါဝင်နေရင်း ညနေခင်းတခုကို လှလှပပ ကျေကျေနပ်နပ် ကုန်လွန်စေခဲ့သည်။ တချိန်ထဲမှာပင် ထိုစာအုပ်လေးထဲမှ ချစ်စရာ ကဗျာလေးတပုဒ်ကို မျှဝေပေးချင်စိတ် ဖြစ်ပေါ်မိသည်။ ကဗျာလေးမှာ ဝတ္ထုထဲမှ ဇာတ်ကောင် အမျိုးသား (လင်းထင်) က သူ တဖက်သတ် နှစ်သက် မြတ်နိုးနေသော်လည်း မိဘများ သဘောတူ စေ့စပ်ထားသောသူနှင့် မကြာခင် လက်ထပ်ရတော့မည့် အမျိုးသမီးလေး (မြနန္ဒာ) နှင့် ကျောင်းအဆင်း အင်းလျားကန်စောင်းတွင် နှစ်ဦးသား ဆုံတွေ့ရချိန်မှာ ကိုယ်တိုင် စပ်ဆို ရွတ်ပြသော ကဗျာလေးဖြစ်သည်။ သီးခြား ခေါင်းစဉ်တပ်မထားသော ကဗျာလေးလဲ ဖြစ်နေသေးသည်။ နှစ်သက်ကြလိမ့်မည်ဟု မျှော်လင့်ပါသည်။

-----
--------
------------
----------------

ပြူတင်းဝမှ
ညနေငှက်ပြာ၊ မောင်နှံလာပြီး
ယှက်ဖြာလွန့်လူး၊ ထင်းရှူးရွက်ကြား
စကားတိုးတီး၊ ပြောမပြီးဘူး
နှုတ်သီးတေ့ဆက်၊ လည်ချင်းယှက်ဆဲ
တစ်ရက် တစ်ရက်၊ လှည့်စားခက်ခဲ့
ချစ်သက်ကျွမ်းဝင်၊ နေလိုက်ချင်လည်း
သခင်နှမ၊ နှင်းဆီမြပွင့်
အလှပျက်မည်၊ စိုးနှောင့်သည်ကြောင့်
နှုတ်ခြည်မလွန်၊ မောင့်တာဝန်ပင်
မပန်ဆင်ရက်၊ မတပ်မက်ရဲ
သစ်ရွက်ကြွေတော၊ အင်းလျားကြော၌
မမောပန်းသော၊ ရေပြင်လျောစီး
လှေမျောတက်မဲ့၊ လည်ချင်းနွဲ့မှီ
တစ်လှည့်စီမွှေး၊ လက်ချင်းထွေးဆုပ်
ငှက်တေးချိုပျား၊ ပန်းစကားကို
ပြောကြားမဆုံး၊ နှစ်ယောက်လုံးပဲ
အပြုံးလှယ်ကြ၊ ရယ်မောကြဖြင့်
တစ်ဘဝမျှ နေချင်သည်...။


(ဆရာမ မကြည်အေး ၏ မြနန္ဒာ ပြောပြချင်သေးသည် ဝတ္ထုမှ ကူးယူဖေါ်ပြပါသည်။ မည်သူ့ ခွင့်ပြုချက်မှ မရှိပဲ မျှဝေချင်သော စိတ်ကူး သက်သက်ဖြင့် တင်လိုက်မိသောကြောင့် ကန့်ကွက်မည့်သူ ရှိလာပါက ချက်ချင်း ပြန်ဖြုတ်ပေးပါမည့် အကြောင်းကိုလဲ အသိပေးအပ်ပါသည်။)


Thursday, April 23, 2009

မိုးညအလွန်

ထိုညက လေနီကြမ်းတွေ တိုက်နေသည်။
ပြူတင်းတံခါးကို ပြင်းထန်စွာ၊ ကြမ်းတမ်းစွာ တိုက်ခတ်လာသော ထိုလေနီကြမ်း၏ အရှိန်ကြောင့် အိပ်ရာမှ အလန့်တကြား နိုးထလာခဲ့ရသည်။ လေတိုက်နေတာကို ကြည့်ရအောင် ပြူတင်းပေါက်တံခါးကို ဖွင့်လိုက်သည်။ ထိုအခါ စူးစူးရှရှ တိုးဝင်လာသော လေအရှိန်နှင့်အတူတူ ကောင်းကင်ပြင်ကြီးတခုလုံး နီရဲနေသည်ကိုလဲ တွေ့လိုက်ရသည်။ ထိုလေနီကြမ်း၏ ဒါဏ်ကြောင့် သစ်ပင်တွေ ဘယ် ညာ ယိမ်းထိုး လှုပ်ရှားနေကြသည်ကို ကြည့်ကောင်းကောင်းနှင့် အချိန်အတော်ကြာအောင် ကြည့်နေမိသည်။ လေနီကြမ်းသည် ဘယ်သူ့ကိုမှ အမှုမထား၊ ဘယ်သူ့ကိုမှ ဂရုမစိုက်ပဲ သူ လုပ်ချင်တာကို တစိုက်မတ်မတ်လုပ်နေတတ်သူ တယောက်လို တိုက်မြဲတိုက်နေဆဲ….။ သူ့ကြောင့် သစ်ပင်တွေ ယိမ်းထိုးနေသည်မှာ သူနှင့် ဘာမျှမဆိုင်သော အဖြစ်တခုလို…. တိုက်ခတ်မြဲ… တိုက်ခတ်ဆဲ…။

ခဏကြာတော့ မှန်ချပ်တချို့ ကွဲကြေမွပြီး လမ်းပေါ်သို့ ပြုတ်ကျလာသံ နှင့်အတူ လူတချို့၏ အော်ဟစ်သံများကို ကြားလိုက်ရသည်။ ကြည့်နေရင်းမှာပင် သစ်ပင်အချို့မှ သစ်ကိုင်းများ ကျိုးကျလာသည်။ အိပ်တန်းမှ အလန့်တကြား နိုးထ ပျံသန်းလာကြသော ငှက်ကလေးများကို တွေ့လိုက်ရသည်။ အုန်းလက် အချို့ လမ်းပေါ်တွင် လဲလျောင်းနေသည်ကိုလဲ တွေ့ရသည်။ ညသည် ထိုလေနီကြမ်း၏ လက်ချက်ဖြင့် တစထက် တစ အကျည်းတန်လာလေသည်။ လေတိုက်သော အရှိန်မှာ ပို၍ ပို၍ ပြင်းထန်လာသည်ဟု ခံစားမိသည်။ လေအဝှေ့မှာ ကိုယ်တိုင်ပင် လေတွေထဲ လွင့်ပါသွားတော့မတတ်…။ ပြူတင်း တံခါးဘောင်ကို ခပ်တင်းတင်း ဆုတ်ကိုင်ထားမိသည်။ တဖန် လေပြင်းပြင်းတွေက ဆံနွယ်မျှင်တွေကို ကြမ်းတမ်းစွာ ရိုက်ပုတ်သွားပြန်သည်။

ထိုစဉ် လေနီကြမ်းသည် ရုတ်တရက် စိမ့်ကာ အေးမြလာသလို….။ ဤသို့သော မျက်စေ့တမှိတ်စာ ခံစားချက်ကလေး အပြီးမှာ မပြောမဆိုနှင့် မိုးစက်တွေ ဝုန်းဒိုင်းကြဲ ကြွေကျလာလေသည်။ အို… မိုးစက်တွေကလဲ ကြီးလိုက်တာ… အသံကလဲ တော်တော်ကြမ်းကြမ်း… မိုးသီးတွေများ ပါလာလေသလား ဟုတွေးနေမိသေးသည်။ မိုးသည် ဒေါသကြီးနေသူ တယောက်လို သည်းကြီးမဲကြီး ပြင်းထန်စွာ ရွာသွန်းနေလေသည်။ ပြူတင်းဝတွင် ရပ်နေရင်း ပထမတော့ မျက်နှာကို မိုးစက် မိုးမှုန်တွေ ခပ်ကြမ်းကြမ်းလာထိနေတာကို ကျေနပ်နေသေးသည်။ သို့သော် တဖြည်းဖြည်းနှင့် မျက်နှာတပြင်လုံး စိုစွတ်လာကာ ဆံပင်တွေပါ စိုထိုင်းလာသောအခါမှာတော့ ဖွင့်ထားမိသော ပြူတင်းတံခါးကို ပိတ်ဖို့ သူ ကြိုးစားရတော့သည်။

ဖွင့်လိုက်စဉ်က အသာတကြည် ပွင့်လာသော ထိုတံခါးရွက်သည် ယခု ပြန်ပိတ်သောအခါ သူ မဟုတ်သလို…။ ဘယ်လိုပင်ကြိုးစားပြီး ပိတ်သော်လည်း မရချေ…။ လေနီကြမ်းတွေ မိုးသည်းသည်းတွေ၏ စွမ်းအင်တို့ကြောင့် တံခါးရွက်တွေသည် ဆွဲတိုင်းမပါ။ အတော်လေး ပိတ်ရခက်နေလေသည်။ လေကြမ်းကြမ်းတွေကလဲ ပိုပြီး ပြင်းထန်လာသလို မိုးစက်တွေကလဲ လေအပင့်မှာ ပိုတိုး၍သာ ပက်လာကြသည်။ လျော့သွားသည် ဟူ၍မရှိ…။ မျက်နှာနှင့် ဆံပင်တွေကိုသာမက ကိုယ်ပေါ်မှာပါ မိုးရေတွေ စိုရွှဲလာနေပြီ။ နောက်ဆုံးမှာ ရှိသမျှ အားအင်များကို အသုံးပြု၍ တံခါးကို အတင်းဆွဲပိတ်ရတော့သည်။ ကံကောင်းထောက်မစွာ လေနဲနဲငြိမ်သွားသော စက္ကန့်ပိုင်းလေး တခုမှာ တံခါးကို အောင်မြင်စွာ ပိတ်လို့ရသွားလေသည်။

ထို့နောက် ရေချိုးခန်းထဲ မြန်မြန်ဝင် မျက်နှာသစ်၊ ဆံပင်တွေကို အခြောက်ခံ၊ ရေစိုနေသော အဝတ်တွေကို နွေးထွေးသော အဝတ်တစ်စုံဖြင့် လဲလှယ်ကာ မီးဖိုထဲသွားပြီး ကော်ဖီပူပူတစ်ခွက်ကို ဖန်တီးမိသည်။ နာရီကိုကြည့်လိုက်တော့ မနက် ၃ နာရီထိုးပြီးနေပြီ။ ဒီအတိုင်းဆိုလျှင် လေတွေတိုက်ပြီး မိုးတွေရွာတာတွေကို သူ အချိန် အတော်ကြာအောင် ရပ်ကြည့်နေခဲ့မိသည်ပဲ။ သောက်လက်စ ကော်ဖီကို မြန်မြန် လက်စသပ်ပြီး အိပ်ရာထဲ ပြန်ဝင်လာခဲ့သည်။ ဂွမ်းစောင်ထူထူ၏ အနွေးဓါတ်ကြောင့် သူ ခဏလေးနှင့် အိပ်ပျော်သွားသည် ဟု မှတ်မိလိုက်သည်။

သူ အိပ်ရာမှနိုးသောအခါ မိုးထိန်ထိန်လင်းနေပြီ။
ညက ကြုံခဲ့ရသော လေနီကြမ်းကြမ်းနှင့် မိုးရှိန်ပြင်းပြင်းကို သတိရပြီး အိပ်ရာထဲမှ ခပ်သွက်သွက် ထလိုက်သည်။ ပြူတင်းပေါက်ကို ဖွင့်လိုက်သောအခါ တွေ့ရသော မြင်ကွင်းသည် သူ ဘယ်လိုမှ မျှော်လင့်မထားသော မြင်ကွင်းတခု။ အရာအားလုံးသည် နွေးထွေးစွာဖြင့် လင်းလက်နေသော နံနက်ခင်း နေရောင်ခြည်နုနု၏ အောက်တွင် လှပတင့်တယ်စွာ နေသားတကျ။ ဘယ်မှာလဲ သစ်ရွက်ကြွေတွေ… ဘယ်မှာလဲ မိုးရေစိုစို လမ်းမတွေ… ဘယ်မှာလဲ သစ်ကိုင်း အစအနတွေ.. ဘယ်မှာလဲ မှန်ကွဲစတွေ…. ဘယ်မှာလဲ အဖေါ်ကွဲငှက်ငယ်တွေ...။


ထို့နောက်မှာတော့ သူ တစုံတခုကို တွေးမိသွားပြီး အပြုံးတခုကို ကျေကျေနပ်နပ် ပြုံးလိုက်မိသည်။ အကြောင်းရင်းမှာ လေနီကြမ်း ပြင်းထန်သော၊ မိုးသက်လေ ပြင်းထန်သော ကာလတို့၏ နောက်တွင်၊ နွေးထွေးလင်းလက်သော၊ သာယာလှပသော နေ့သစ်တနေ့ ရှိနေနိုင်သည်ကို သူကိုယ်တိုင် မျက်ဝါးထင်ထင် တွေ့လိုက်ရသောကြောင့်ပင်။ ယုံကြည်မှု ဆိုသည်မှာ ကိုယ်တိုင် ကိုယ်ကျ တွေ့မြင်သိရှိမှသာ လက်ခံ တည်ဆောက်၍ ရသော အရာတခု မဟုတ်ပါလား။

ထိုတနေ့မှ အစပြုကာ သူသည် အရာရာကို အကောင်းဖက်မှ အစဉ်အမြဲ တွေးမြင် ကြည့်ရှုတတ်သော၊ ဖြစ်လာသမျှသော ကောင်းခြင်း ဆိုးခြင်းများကို ကျေကျေနပ်နပ် လက်ခံတတ်သော၊ မိမိကိုယ် မိမိ ယုံကြည်မှုရှိသော၊ အချိန်တိုင်းတွင် ကြည်လင် ပြုံးရွှင်သော မျက်နှာထားဖြင့် စကားချိုသာ ပြောဆိုတတ်သော၊ လူအများနှင့် လိုက်လျောညီထွေ နေထိုင် ဆက်ဆံတတ်သော၊ လူအများ၏ စေတနာနှင့် ချစ်ခြင်းမေတ္တာတို့ကို ပိုင်ဆိုင် ရယူနိုင်သော၊ လောကအလယ်တွင် ဆက်လက် ရပ်တည် ရှင်သန်ရန် စွမ်းအင် သတ္တိနှင့် ခွန်အားများ တိုးပွား ရရှိသွားသော သူတယောက် အဖြစ် ရှေ့ဆက် ခြေလှမ်းပေါင်းများစွာကို ဆက်လက် လျှောက်လှမ်းလာခဲ့လေတော့သည်။




Thursday, April 16, 2009

အစိမ်းရောင် အစက်ကလေး


တနေ့လုံး အချိန်တွေကုန်သွားတာကို လက်ထဲမှာ နာရီရှိနေရက်နဲ့ မကြည့်ဖြစ်ဖူး။
ဒီနေ့အတွက်တော့ အစိမ်းရောင် အစက်ကလေးက ကိုယ့်ကို ကောင်းကောင်း အနိုင်ယူ စိုးမိုးထားလေရဲ့။ သတိထားမိချိန်မှစကာ အမြဲတမ်း လိုလို အစိမ်းရောင် အစက်ကလေး တစ်ခု အနေဖြင့်သာ တွေ့ရတတ်သော သူတယောက်မို့ အစိမ်းရောင် အစက်ကလေးလို့ သူ့ကို လွယ်လွယ်ကူကူ ခေါ်ခဲ့မိသည်လေ…။

ကိုယ်နဲ့ အဲဒီ အစိမ်းရောင်လေးရဲ့ အကြောင်းကို မှတ်မိသမျှ ပြန်တွေးကြည့်နေမိတယ်…။ မထင်မှတ်ပဲ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းတွေ ဖြစ်သွားကြပြီး နောက်ပိုင်းမှာ သူပြောလေ့ရှိတဲ့ စကားက ခင်မင်ရင်းနှီးခဲ့ရတဲ့ အချိန်နဲ့ ကိုယ်တို့ နှစ်ယောက်ရဲ့ ခင်မင်မှု အတိုင်းအတာက ပြောင်းပြန် အချိုးကျတယ် တဲ့။ ဟုတ်တယ်နော်… သိပ်မှန်တာပဲ။ တိုတောင်းတဲ့ အချိန်ကလေး အတွင်းမှာ အကြောင်းပြချက် တစုံတရာ မရှိပါပဲနဲ့ အဲဒီ အစိမ်းရောင် အစက်ကလေးတခုဟာ ကိုယ့်ရဲ့အနားကို မြန်မြန်ဆန်ဆန်ကြီး ရောက်လာခဲ့တာ…။ ပြီးတော့ ဟိုးအရင် အနှစ်နှစ် အလလ ကထဲက ပေါင်းသင်းလာခဲ့ရတဲ့ ငယ်ပေါင်းတွေပမာ တရင်းတနှီး ခင်မင်သွားလိုက်ကြတာ...။

လောကကြီးမှာ နေ့စဉ်နေ့တိုင်းလိုလို တွေ့မြင်ကြုံဆုံနေရတတ်တဲ့ လူသားအချင်းချင်း ပြိုင်ဆိုင် ငြင်းဆန် ရန်လိုမှုတွေ၊ အလို လောဘ ကြီးမားမှုတွေ၊ တယောက်နဲ့ တယောက် မနာလို ငြူစူမှုတွေ၊ ဆင်းရဲ ချမ်းသာ ခွဲခြားမှု ကွဲပြားမှုတွေ၊ လူအချင်းချင်း ကဲ့ရဲ့ စကားတင်း ဆိုမှုတွေ အားလုံးနဲ့ ဝေးကွာတဲ့ အေးချမ်းတဲ့ ကမ္ဘာလေး တခုမှာ ကိုယ်တို့နှစ်ယောက် သူငယ်ချင်းအဖြစ် ရင်းနှီး ခင်မင်ခွင့်ရခဲ့တယ်။

တကယ်ဆိုရင် အဲဒီ အစိမ်းရောင်လေးနဲ့ ကိုယ်နဲ့က တော်တော် အလှမ်းဝေးပါတယ်။ ဝေးဆို ကမ္ဘာ တဖက်ခြမ်းစီမှာ ရှိနေကြတာလေ...။ အစိမ်းရောင် အစက်ကလေး ဘယ်အချိန်ကစပြီး ကိုယ့်အနားကို ရောက်လာတယ် ဆိုတာ ကိုယ်တိုင် သေသေချာချာ မသိလိုက်တဲ့ အချိန်မှာပဲ သူက အနားမှာ နီးကပ်စွာ၊ ငြိမ်သက်စွာ…။ တနေ့မှာတော့ အစိမ်းရောင်လေးက ကိုယ့်ကို ဘာကြောင့် သူ့ကို ခင်တာလဲလို့ ပြုံးစစနဲ့ မေးခွန်းထုတ်လာခဲ့တယ်…။ အဖြေမရှိတဲ့ မေးခွန်းတခုဖြစ်နေတဲ့ အတွက် ကိုယ်လဲ သူ့ကို ပြုံးသာ ကြည့်နေလိုက်မိတယ်…။ :-) ဒီလိုမျိုးလေးပေါ့...။

သူကိုယ်တိုင်လဲ ကိုယ်နဲ့ ခင်မင်ရင်းနှီးချိန်တွေ တော်တော်ကြာလာတဲ့အထိ ဘာကြောင့်လဲ ဆိုတဲ့ အဖြေမရှိတဲ့ မေးခွန်းတခုသာ ပိုင်ဆိုင်သတဲ့…။
ကိုယ်ကရော… အတူတူပဲပေါ့…။
သေသေချာချာ စဉ်းစားကြည့်ရင် ကိုယ့်ဆီမှာ နီးနီးကပ်ကပ် ရင်းနှီးစွာ ခင်မင်ရမယ့် သူငယ်ချင်း အပေါင်း အသင်းတွေ မရှိလို့လဲ မဟုတ်ဘူး…။ ချစ်ခင် တွယ်တာစရာ အဖေါ်ကောင်းတွေ မရှိလို့လဲ မဟုတ်ဘူး။ အားကိုးစရာ တိုင်ပင်စရာ မိတ်ဆွေတွေ မရှိလို့လဲ မဟုတ်ဘူး…။ ပြီးတော့ ကိုယ်က လူတစ်ယောက်ကို လွယ်လင့်တကူ ရင်းနှီးကျွမ်းဝင်တတ်တဲ့ သူတယောက်လဲ မဟုတ်ပြန်ဘူး။ စကားလုံးတွေ အများကြီးကို ဖေါ်ဖေါ်ရွေရွေပြောဆိုပြီး လူတွေထဲမှာ သွက်သွက်လက်လက် ဝင်ဆန့်တဲ့ သူတယောက် မဟုတ်ခဲ့တာလဲ အသေအချာ။ ဒီလိုအခြေအနေမျိုးတွေ ကြားက ကိုယ်တို့ နှစ်ယောက်ရဲ့ ခင်မင်မှုက တဆိတ်တော့ဖြင့် ထူးဆန်း အံ့သြစရာ ကောင်းနေပြန်တယ်…။

ကိုယ်တို့နှစ်ယောက်ဟာ ကမ္ဘာကြီးရဲ့ တဖက်စီမှာ ရှိနေကြတာကြောင့် ကိုယ့်ရဲ့ နေ့တွေဟာ သှု့ အတွက်တော့ မှောင်မိုက်တဲ့ ညတွေ ဖြစ်နေတော့တာပေါ့…။ ဒါကြောင့် တနေ့တနေ့မှာ အစိမ်းရောင် အစက်ကလေးကို တွေ့ရတဲ့ အချိန်က သိပ်တော့ မများလှပါဘူး။ သို့သော်လည်း တွေ့ရသမျှ အချိန်တွေတိုင်းမှာ ရောက်တတ်ရာရာ စကားတွေ အများကြီး ပြောရင်း ပျော်ရွှင်ကြတယ်။ တယောက်ကို တယောက် အပြန်အလှန် မေးခွန်းတွေ ထုတ်ကြတယ်…။ ပေါက်ကရ အဖြေတွေ ကြားရင် ရယ်ကြတယ်…။ မေးလေ့ရှိတဲ့ မေးခွန်းတွေကတော့ ဘာသီချင်းတွေ ကြိုက်သလဲ… ဘယ်ရုပ်ရှင်မင်းသမီးကို သဘောကျသလဲ… ဘာ အားကစားနည်း ကို ကြိုက်သလဲ.. ဒီနေ့ ဘာစားမှာလဲ… ဘယ်သွားမှာလဲ... အစရှိတာမျိုးတွေပေါ့…။ နောက်ပြီး ဘယ်တော့မှ ထမင်းကို မက်မက်မောမော မစားချင်တတ်တဲ့ ကိုယ့်ကို အစိမ်းရောင် အစက်လေးက ထမင်း အတင်းစားခိုင်းတတ်တယ်။ ကော်ဖီတွေ တအားသောက်တတ်တဲ့ ကိုယ့်ကို (ရန်သူ အဖြစ်ခံပြီး) ကော်ဖီလဲ လျှော့သောက် ခိုင်းတတ်သေးတယ်။ ပြီးတော့ မကြာခဏ ခေါင်းကိုက်တတ်တဲ့ ကိုယ့်ကို ခေါင်းကိုက်ပျောက်ဆေး တွေလဲ အတင်း ညွှန်းတတ်သေးတာမျိုး...။ ရယ်စရာတခု ပြောပြရရင် ဟိုတနေ့က တယောက်ကို တယောက်တွေ့ဖူး မြင်ဖူးကြအောင် ဓါတ်ပုံပြကြမလားလို့ နှစ်ယောက်လုံး ပြိုင်တူ စဉ်းစားမိကြတယ်...။ အဲဒီတော့ သူက ဘာပြောလဲ သိလား.. မျက်နှာမြင်ရင် အခင်အမင်ပျက်သွားမှာ စိုးလို့ မပြကြေး မကြည့်ကြေး တဲ့...။ ကဲ... ကြည့်ပါဦး… ဘယ်လောက် ပွင့်လင်းပြီး ဟာသမြောက် ချစ်စရာကောင်းတဲ့ သူငယ်ချင်းလေးလဲ လို့…။

သူ့အကြောင်းကို ကိုယ် ဘာမှ အများကြီး မသိသလို ကိုယ့်ကိုလဲ သူက ဘာတွေမှ အများကြီး မေးလေ့မရှိဘူး။ သူ ဘာလဲ ဆိုတာ ကိုယ် မသိချင်သလို သိဖို့လဲ လိုအပ်လိမ့်မယ်လို့ နဲနဲမှ မယူဆမိပါဘူး။ ဒါကြောင့်မို့ မေးလဲ မေးဖို့ မကြိုးစားမိဘူး။ သူပြောပြတာမှန်သမျှ ကိုယ် နားထောင်ပြီး သူကလဲ ကိုယ်ပြောပြသ၍သာ နားထောင်တယ်။ အချိန်တော်တော်များများမှာ ကိုယ်က နားထောင်သူ သက်သက်လဲ ဖြစ်နေတတ်သေးတယ်။ သူငယ်ချင်းနှစ်ယောက်ရဲ့ ခင်မင်ရင်းနှီးမှုမှာ တယောက်ရဲ့အကြောင်းကို တယောက်က ဘယ်လောက် အတိုင်းအတာအထိ၊ ဘယ်နှစ်ရာခိုင်နှုံး အထိ သိရမယ်ဆိုတဲ့ သတ်မှတ်ချက်မှ မပါတာ။ အရာရာဟာ ကိုယ်တို့ နှစ်ယောက်ကြားမှာ ပေါ့ပေါ့ပါးပါးပါပဲ…။ ဘယ်လောက် လွတ်လပ်ပြီး ဘယ်လောက် ပျော်စရာ ကောင်းလိုက်သလဲ နော်…။

အစိမ်းရောင် အစက်ကလေးရေ…
ဘာတွေပဲဖြစ်ဖြစ် ကိုယ်တို့ ရဲ့ ခင်မင်မှုကို ကိုယ် လေးလေးစားစား တန်ဖိုးထားပါတယ်…။ ပြီးတော့ နောင်နှစ်ပေါင်းများစွာတိုင် အခုလိုပဲ တယောက်ကို တယောက် ရင်းနှီး ခင်မင်သွားကြရအောင်လေ.. နော်။ ကမ္ဘာကြီးမှာ နှင်းဆီဖြူတွေ ဖွေးဖွေးလှုပ်အောင် ပွင့်ဝေလာတဲ့ တနေ့နေ့မှာတော့ ကိုယ်တို့သူငယ်ချင်း နှစ်ယောက် လောကကြီးရဲ့ တစ်ထောင့် တစ်နေရာမှာ ပျော်ရွှင်စွာ တွေ့ဆုံနိုင်တန်ကောင်းရဲ့ လို့ ကိုယ် လှိုက်လှိုက်လှဲလှဲ မျှော်လင့် ဆုတောင်းနေပါတယ်…။



(Online မှ တဆင့် ရင်းနှီး ခင်မင်ခဲ့ရသော သူငယ်ချင်းများကို ချစ်ခြင်းအားဖြင့် အမှတ်တရ ရည်ညွှန်း ရေးသားပါသည်။)

Monday, April 13, 2009

ရင်ထဲက ဆူး

လူတိုင်း လူတိုင်းတွင် ကြီးကြီး ငယ်ငယ် အရွယ်မရွေး ကိုယ်ပိုင် စိတ်ဆန္ဒများ၊ ကိုယ် လုပ်ချင်သော အရာတွေ၊ ကိုယ် ဖြစ်ချင်သော အရာတွေ ကိုယ်စီ ရှိနေတတ်ကြသည်။ ((ကိုယ်ဖြစ်ချင်တာတွေ၊ ကိုယ့်ဆန္ဒတွေ ဆိုတဲ့နေရာမှာ အရာရာဟာ Reasonable ဖြစ်ဖို့တော့ လိုအပ်ပေလိမ့်မည်…)) ကိုယ် လုပ်ချင်တာတွေကို လုပ်ကြရတဲ့အခါမှာ၊ ကိုယ် ဖြစ်ချင်တာတွေ ဖြစ်လာကြတဲ့အခါမှာ၊ ကိုယ့်ဆန္ဒလေးတွေကို လက်တွေ့ အကောင်အထည် ဖေါ်နိုင်ကြတဲ့အခါမှာ စိတ်ကျေနပ် နှစ်သိမ့်မှုတွေ ကိုယ်စီ။ ကိုယ်လုပ်ချင်တာ မလုပ်ရတဲ့အခါမှာ သော်လည်းကောင်း၊ ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတဲ့အခါများမှာ သော်လည်းကောင်း၊ ကိုယ့်ဆန္ဒလေးတွေကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ကြတဲ့အခါမှာ သော်လည်းကောင်း ရင်ထဲမှာ အလိုမကျစိတ်လေးတွေ၊ မကျေနပ်စိတ်လေးတွေ၊ အစိုင်အခဲလေးတွေ အနည်းနဲ့ အများ ဖြစ်လာတတ်ကြသည်။

ထိုသို့သော အစိုင်အခဲလေးတွေကို ရင်ထဲသို့ လာရောက် စူးနစ်စေသော ဆူးလေးတွေလို့ နာမည်တပ် ကြည့်ပါရစေ…။


* * * * * *
ဝါသနာနှင့် ငယ်ဘဝ

ငယ်ငယ်တုန်းက စည်းကမ်းတွေ ဘောင်တွေထဲမှာ ကြီးလာခဲ့ရသော သူမသည် သူ၏ ငယ်ဘဝတွင် အခြားသော ရွယ်တူ ကလေးများ ကစားသလို မကစားခဲ့ရချေ။ ကျောင်းမှာ ရံဖန်ရံခါ သူငယ်ချင်းများနှင့် ထုတ်ဆီးတိုးတမ်းကစားလျှင် မပြေးတတ်သောကြောင့် ထမင်းရည်ပူလောင်တာ ခဏ ခဏ၊ မတိမ်းတတ် မရှောင်တတ်သောကြောင့်လဲ အမြဲ အမိဖမ်းခံရတတ်သည်။ အပြေးပြိုင်လျှင် ဟိုး နောက်ဆုံးနားမှာ ကျန် ကျန်နေတတ်သည်။ ထို့အခါ လူစုလူဝေးများ၊ အသင်းအဖွဲ့များနှင့် ယှဉ်ပြိုင်ကစားကြရသော အားကစားပြိုင်ပွဲတွေမှာ သူ့ကြောင့် ရှုံးမှာစိုးရိမ်ပြီး ဘယ်တော့မှ ဝင်မကစားဖြစ်တော့ချေ။

ငယ်ငယ်ထဲက ကိုယ့်ကို သူများတွေ အာရုံစူးစိုက်ကြမှာကို မနှစ်သက်တတ်သော အကျင့်ကြောင့် ကျောင်းကပွဲတို့ ကဗျာရွတ်ဆို ပြိုင်ပွဲတို့ ကို ဝေးဝေးက ရှောင်တတ်သည်။ ဆရာ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေကြားမှာ လူသိများတတ်၊ ပေါ်ပြူလာဖြစ်တတ်သော အသင်းခေါင်းဆောင်၊ အတန်းခေါင်းဆောင် စတာတွေလဲ တခါမှ မလုပ်ခဲ့ဖူးပါ။ အမြဲတမ်း အနောက်မှာသာ နေတတ်သည်။ ရိုးရိုး အေးအေးပဲ… ကျောင်းတက်သည်၊ စာကျက်သည်။ နွေရာသီ ကျောင်းပိတ်ရက်ရှည်တွေမှာ အိမ်က စာအုပ်စဉ်က စာအုပ်တွေကို ဖတ်သည်။ နောက်နှစ်ခါအတွက် သချာင်္ပုစ္ဆာများကို ကြိုတွက်လေ့ရှိသည်။

ဒီလိုနှင့် ဆယ်တန်းအောင်ခဲ့သည်။ စာတော်သည် ဆိုသော နာမည်ခပ်ဝါးဝါးတစ်ခုကြောင့် အားလုံးက ဆရာဝန်ပဲ ဖြစ်လိမ့်မည် ဟု တညီတညွတ်ထဲ မျှော်လင့်ထားကြသည်။ ထိုအချိန်က သူမ ဘာလုပ်ချင်သည်၊ သူမ ဘာဖြစ်ချင်သည် ဆိုသည်ကို မည်သူမှ စိတ်မ၀င်စားကြသလို မည်သူကမှလဲ ဘာလုပ်ချင်သလဲလို့ အရေးတယူ မမေးခဲ့ကြပါ။ ပုံသေနည်းအရ အမှတ်များသောသူ တို့၏ သွားရာလမ်းသည် ဆရာဝန်လိုင်း တခုတည်းသာ…။ အဲဒီအချိန်မှာ သူမ ကိုယ်တိုင်လဲ ကိုယ်ဘာလုပ်ချင်မှန်း မသေချာ မရေရာခဲ့ချေ။ သို့သော် ဆရာဝန်တော့ မလုပ်ချင်ခဲ့တာ သိပ်ကို သေချာခဲ့ပါသည်။ သူမက သွေးမြင်ရင် မူးချင်သူလေ။ လိုင်းခွဲသောအခါ (ကံကောင်းထောက်မစွာနဲ့) အမှတ် အနည်းငယ် လိုနေဖြင့် ဆရာဝန်လိုင်းနှင့် သီသီလေး လွဲခဲ့သည်။ ပတ်ဝန်းကျင်က လူအများစုက အို.. အမှတ်ကလေး တမှတ် နှစ်မှတ်နဲ့ နှမြောပါတယ်လို့ ဂရုဏာသက်စွာ (ဟန်ဆောင် အပြောလဲ ဖြစ်နိုင်ပါသည်) ပြောနေကြချိန်မှာ သူမကတော့ ဆူးတွေကင်းစင်ပြီး လှပတဲ့ လိပ်ပြာ ဝါဝါလေးတစ်ကောင်လို ပေါ့ပါး လွတ်လပ်စွာ ပျော်ရွှင်နေခဲ့တာ…။

* * * * * *

လိပ်ပြာလေး

ကျောင်းရက်ရှည်တွေပိတ်တဲ့ အချိန်တွေအပါအဝင် စက်မှုတက္ကသိုလ်တွင် သူမ ၁၀ နှစ်နီးပါး ပညာသင်ခဲ့ရသည်။ T Square တွေ၊ စက်ပစ္စည်းတွေကြားမှာ အချိန်တွေကုန်ရင်း၊ ကျောင်းပြေးရင်း၊ ကျူရှင်တက်ရင်း၊ စာကျက်ရင်း ကျောင်းတွေ ပိတ်လိုက် ဖွင့်လိုက်နှင့် အချိန်တန်တော့ ဘွဲ့လက်မှတ် တစ်ခုကို ပိုင်ဆိုင်ခဲ့ရသည်။ ကျောင်းပြီးပြီးနောက်ပိုင်း တချို့ သူငယ်ချင်းတွေ ကျောင်းမှာ ဆရာမ ပြန်လုပ်နေကြတာတွေ၊ တချို့သူငယ်ချင်းတွေ စီးပွားရေး လုပ်ငန်းများ အပြိုင်အဆိုင် ထူထောင်နေကြတာတွေ၊ တချို့သူငယ်ချင်းတွေ နိုင်ငံရပ်ခြားမှာ စာသင်ဖို့ အလုပ်လုပ်ဖို့ သွားလာ လုပ်ကိုင် လှုပ်ရှားနေကြတာတွေ အမျိုးစုံ တွေ့နေရသည်။ အဲဒါတွေ အားလုံးကို သူမသည် တိတ်ဆိတ်စွာဖြင့် ငေးကြည့်နေခဲ့မိသည်။

သူမ ဘာလုပ်ရမှန်း စဉ်းစား၍ မရခဲ့ချေ။ ထိုအချိန်က ဝါသနာဆိုတာ တကယ်ကို ဘာမှန်းမသိခဲ့တာပါ။ ဝါသနာ ဆိုတာထက် အဲဒီ ၁၀ နှစ်တာ ကာလမှာ လုပ်ခဲ့ဖူးတဲ့ အလုပ်တွေကိုသာ သူမ ပြန်စဉ်းစားကြည့်နေမိသည်။

ကျောင်းဖွင့်ရက်တွေမှာ ကျောင်းတက်သည်၊ တခါတရံ ချစ်သူ လာခေါ်လျှင် ကျောင်းပြေးပြီး အင်းလျားလမ်းက ခေမရဌ်တို့၊ ဟဲလို ဘာဂါဆိုင်တို့ တွေကို သွားပြီး မုန့်စားရင်း စကားပြောကြသည်၊ သို့သော် ကျူရှင်တွေကို မပျက်မကွက်တက်ပြီး စာကိုတော့ မှန်မှန်ကျက်သည်၊ အတော်ဆုံးအထိ မရောက်ခဲ့သလို အညံ့စားထဲမှာလဲ မပါခဲ့။ မှန်တန်းပဲပေါ့။ ကျောင်းရက်ရှည် ပိတ်ထားတဲ့အချိန်တွေမှာ စာတွေဖတ်သည်။ အိမ်မှာရှိသ၍၊ ဆိုင်မှ ငှားလို့ ရသ၍ ဖတ်လို့ရသမျှ မြန်မာစာအုပ်တွေအပြင် အနည်းငယ် လွယ်ကူ ရိုးစင်းတဲ့ အင်္ဂလိပ်စာအုပ်တွေပါ ဖတ်ဖြစ်ခဲ့သည်။ စာတွေ ရေးကြည့်သည်၊ ကဗျာတွေ စပ်ကြည့်သည်။ သို့သော် ပြင်ပလောကနှင့် ဆက်သွယ်မှု နဲပါးခဲ့သော၊ ကိုယ့်ကိုကိုယ် ယုံကြည်စိတ်လဲ နဲပါးခဲ့သော၊ သိုသိပ် လျှို့ဝှက်တတ်သော သူမအတွက် ဘာမှ အရာမထင်ခဲ့ချေ။

အချိန်ပိုတွေ အချိန်အားတွေ အများကြီးမရှိစေချင်သော မိဘတွေ၏ အစီအမံကြောင့် အချက်အပြုတ်သင်တန်း၊ အင်္ဂလိပ်စာ သင်တန်း စတဲ့ သင်တန်းတွေ ဟိုတစ ဒီတစ တက်ဖြစ်ခဲ့သည်။ နောက်ပိုင်းတွင် အိမ်မှ လူကြီးတွေ အလုပ်များတော့ သူမကို မှန်မှန်လိုက်ပို့ဖို့ ကြိုဖို့ အဆင်မပြေတော့သောအခါ သင်တန်းတွေ တက်တာ ရပ်လိုက်ရသည်။ လူကြီးတွေက ရပ် ဆိုတော့လဲ ရပ်လိုက်ရုံသာ။ ထို့အတွက်လဲ သူမအနေဖြင့် ဘာမှ ထူးထူးခြားခြား ခံစားမနေချင်တော့ပေ။

ဒီလိုနှင့် အလကားနေတာကြာပြီး ပျင်းလာသောအခါ Catalogue တွေကြည့်ပြီး အိမ်မှာ တချောင်းထိုး၊ နှစ်ချောင်းထိုး၊ တက်တင်း စတာတွေ ထိုးကြည့်မိသည်။ အချိန်ပိုတွေ တော်တော် ကုန်လွယ်သည် ဟု ခံစားရကာ သဘောကျ နှစ်ခြိုက်မိသည်။ တချောင်းထိုးကို တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ထိုးတတ်တော့ အင်္ကျီလေးတွေ စပြီးထိုးသည်။ သိုးမွှေးနဲ့ရော စီလွန်ချည်နဲ့ရော ဒီဇိုင်းလှလှလေးများ၊ အရောင်စပ် လှလှလေးများနှင့် တချောင်းထိုး အင်္ကျီလေးတွေကို ဇွဲကောင်းကောင်းနဲ့ ထိုးလိုက်တာ စုစုပေါင်း ၉ ထည် ပြီးခဲ့သည်။ သူမ (အပြင်တွေသိပ် မထွက်ပဲ အိမ်မှာပဲနေပြီး) တချောင်းထိုး ထိုးတာကို စိတ်ရှည်လက်ရှည် အားပေးခဲ့တဲ့ ချစ်သူက ထိုအင်္ကျီလေးတွေ ထိုးလို့အပြီးမှာ အဲဒီအင်္ကျီတွေက အပေါက် အပေါက်တွေနဲ့မို့ အပြင်ကို မဝတ်ရဘူးနော် လို့ ပြောလာခဲ့သည်။ ထိုအခါ စိတ်မြန်သော သူမက ထိုးပြီးသား အင်္ကျီ ၉ ထည်စလုံး သူငယ်ချင်းတွေကို ပေးပစ်လိုက်သည်။ အဲဒီကတည်းက သူမ တချောင်းထိုးအပ်ကို ပြန်မကိုင်ဖြစ်တော့တာ ယနေ့တိုင်ပင်။

နောက်ပိုင်းမှာတော့ အိမ်မှာ ဟင်းတွေ ချက်သည်။ များသောအားဖြင့်တော့ ကြက်သားဟင်း၊ ဝက်သားဟင်းလို ခပ်လွယ်လွယ်တွေ ချက်သည်။ တခါတခါ စိတ်ပါလျှင် ရှမ်းထမင်းချဉ်သုပ် တို့လို၊ အစုံသုပ်တို့လို ထွေလီကာလီတွေ လုပ်စားတတ်သည်။ တခါတခါမှာတော့ ငါးကျည်း ငါးဆုပ်ဟင်းလို၊ သီးစုံချဉ်ရည်တို့လို နဲနဲ လက်ဝင်သော ဟင်းမျိုးတွေ ချက်သည်။ ချစ်သူ အိမ်ကို လာလည်လျှင် ဟင်းတွေကို လက်စွမ်းပြပြီး ချက်ကျွေးတတ်သည်။ ပြီးတော့ တခါတခါမှာ ဘောင်ဒရီကျောင်းရဲ့ ကောင်းမှုနဲ့ သရက်သီးသနပ်၊ မရမ်းသီးသနပ်၊ ခရမ်းချဉ်သီးယို၊ စတော်ဘယ်ရီယို၊ မြေပဲယို၊ နှမ်းပျစ်၊ ကျောက်ကျော၊ ရွှေချည်၊ အာလူး ဆနွင်းမကင်း၊ အရောင်လေးများနှင့် ဆန် ဆနွင်းမကင်း စတဲ့ မုန့်တွေ လုပ်တတ်သည်။ သူငယ်ချင်းတွေကို ခေါ်ကျွေးတတ်သည်။ ကောင်းတဲ့အခါလဲရှိ ပျက်တဲ့အခါလဲရှိပေါ့။

နောက်တခုက သီချင်းနားထောင်တာ… အဲဒီကျောင်းပိတ်ရက်တွေမှာ မှတ်မှတ်ရရ သီချင်းတွေ အများကြီး နားထောင်ဖြစ်ခဲ့သည်။ ရသမျှ မုန့်ဘိုးတွေစုပြီး မောင်လေးနဲ့ နှစ်ယောက်သား ဘားလမ်းမှာ သီချင်းခွေ အသစ်တွေထွက်တိုင်း သွားဝယ်တတ်ကြသည်။ စိတ်လက်ပေါ့ပါးစွာဖြင့် လွတ်လပ်ပျော်ရွှင်ခဲ့ရသော အချိန်များပင်…။ အဲ… သီချင်းတွေအများကြီး နားထောင်ဖြစ်သောကြောင့် သီချင်းတွေအားလုံး အလွတ်ရနေသော်လည်း သူမ ကိုယ်တိုင်တော့ ဘယ်တော့မှ အသံထွက်ပြီး မဆိုဖြစ်ခဲ့ချေ။ ချစ်သူက သူမ သီချင်းဆိုနေသော အသံကို တခြားသူများ ကြားသွားမှာ နဲနဲမှ မကြိုက်ခဲ့ပါ။

* * * * * *

သူမ၏ လက်ရှိဘဝနှင့် အားလပ်ချိန်

လက်ရှိအခြေအနေတွင် သူမသည် ချစ်သောသူနှင့် အတူ ပျော်ရွှင်စရာ မိသားစုကလေး တခုကို ပိုင်ဆိုင်နေပြီဖြစ်သည်။ သူမ တတ်ထားသော ပညာလေးကို အသုံးချကာ တပတ်ကို ငါးရက် အလုပ်လုပ်နေသည်။ အလုပ်ပြီးချိန် ညနေ အိမ်ပြန်ရောက်လို့ ညစာ စားပြီးရင် အချိန်က ၇ နာရီခွဲပြီ။ မိုးမရွာတဲ့ ညနေခင်းတွေမှာ လမ်းလျှောက်ဖြစ်အောင် ကြိုးစားသည်။ အနဲဆုံးတော့ ၁ နာရီလောက် လမ်းလျှောက်ပြီး အိမ်ရောက်.. အိမ်လေးဘာလေးရှင်း၊ ရေမိုးချိုး၊ ပြီးရင် ၉ နာရီခွဲသွားလေသည်။ ထိုအချိန်တွေမှာ ကွန်ပျူတာရှေ့မှာ ရောက်နေရင်ရောက်.. မဟုတ်ရင် စာဖတ်။ အနဲဆုံးတော့ စာဖတ်ချိန် ၁ နာရီ ကျော်ကျော်တော့ ရနိုင်သေးသည်။ ပြီးရင် ၁၁ နာရီလောက်မှာ ကြိုးစားပြီး အိပ်လေ့ရှိသည်။ ထို့ထက် နောက်ကျလျှင် ဆူသံပူသံများ ကြားလာရတတ်သည်။ တခါတခါ အွန်လိုင်းမှာ သူငယ်ချင်းတွေ တွေ့လို့ ချက် လိုက်မိရင်တော့ သူမရဲ့ ရှိစုမဲ့စု စာဖတ်ချိန်လေးတွေ ကုန်သွားတတ်သည်လေ။

စနေ တနင်္ဂနွေ ပိတ်ရက် ၂ ရက်တွင်မူ ဈေးဝယ်၊ ချက်ပြုတ်၊ လျှော်ဖွတ်၊ မီးပူတိုက်၊ အိမ်ရှင်း အစရှိသော အိမ်အလုပ်တွေ လုပ်ရသည်။ ထိုအချိန်များတွင် အိမ်အလုပ်တွေလုပ်ရင်း ဝါသနာအရ သူမ လုပ်နိုင်သော အရာမှာ သီချင်းနားထောင်ခြင်း တခုတည်းသာ။

သူမအတွက် ကိုယ် ဝါသနာပါရာကို ကိုယ်စိတ်တိုင်းကျ လုပ်ပိုင်ခွင့်ရှိလာသော အချိန်များဟု သတ်မှတ် ခေါ်ဆိုနိုင်သော အခြေအနေတခုကို ရောက်လာသောအခါမှာတော့ သူမအတွက် ကိုယ်ပိုင် အားလပ်ချိန်များသည် လုပ်ငန်းဆောင်တာများ၊ တာဝန် ဝတ္တရားများကြားထဲတွင် ပျောက်ခြင်းမလှ ပျောက်ဆုံးကာ အလွန်ပင် ရှားပါး နေကြလေပြီ။ ထိုအခါ သူမ၏ ရင်ထဲတွင်အခါများစွာက စူးနစ်ခဲ့ဖူးသော ဆူးများစွာအနက် ထို ဆူးသည် အချွန်မြဆုံးနှင့် အနက်ရှိုင်းဆုံး ဆူးတချောင်းပင်လေလား ဟု မရဲတရဲ တွေးကြည့်နေမိပါသည်။

* * * * * *

တခါတခါမှာ သူမ၏ ငယ်ဘဝ တလျှောက်မှာ ကိုယ် ဝါသနာပါရာကို လုပ်နိုင်ခွင့် အလွန်နဲပါးခဲ့သည် ဟု ခံစားခဲ့မိသည်။ ထို့ကြောင့် ကိုယ်ဝါသနာပါရာကို ဖန်တီးနိုင်ရန် အနည်းငယ် အခွင့်သာလာချိန်တွင် သူမကိုယ် သူမ ငါ ဘာကိုများ ဝါသနာ ပါနေပါလိမ့်၊ အားလပ်သော အချိန်နဲနဲလေးထဲမှာ ငါ ဘာများလုပ်ရင် ကောင်းမှာပါလိမ့် ဟု မေးခွန်းတွေ ထုတ်ရင်း ရေရာ သေချာသော အဖြေမရပဲ အချိန်တွေသာ ကုန်သွားခဲ့သည်။ အများသူငါတွေ ပြောနေကြသလို ကိုယ် ဝါသနာပါရာကိုသာ လုပ်ခွင့်ရခဲ့ရင် အခုအချိန်မှာ ဘာကြီး ဖြစ်နေလောက်ပြီ၊ ညာကြီး ဖြစ်နေလောက်ပြီလို့ ဆိုနိုင်စရာလဲ နဲနဲမှ ရှာဖွေ တွေးတောလို့မရခဲ့ပါ။ သို့သော် တခါတခါ စိတ်ထဲမှာ တခုခုကို စိတ်တိုင်းမကျ၊ မကျေမနပ်ဖြစ်လာတိုင်း ငယ်ငယ်က အကြောင်းတွေကို ရောက်တတ်ရာရာ တွေးမိပြီး ရင်ထဲမှာ စူးခဲ့ဖူးသော ဆူးလေးများကို မဆီမဆိုင် သတိရလာတတ်လေသည်။



(ဝါသနာ ဆိုတဲ့ ပိုစ့်လေး ရေးရင်းနဲ့ နောက်ဆက်တွဲ စဉ်းစားမိတာတွေကို စိတ်အတွေးနဲ့ ပုံဖေါ်ထားပါတယ်။ နှစ်သစ်မှာ ဆူးများကင်းစင်ပြီး ပျော်ရွှင်ချမ်းမြေ့ကြပါစေ။)

Wednesday, April 1, 2009

ဒီနေ့မှာ...


ဒီနေ့မှာ... စာမေးပွဲနီးလို့ စာကျက်နေတဲ့ သူငယ်ချင်းတယောက်ကို နောက်သူငယ်ချင်း တယောက်ဆီ အရမ်း အရေးကြီးနေလို့ အခုချက်ချင်း ဖုန်းဆက်ပါလို့ ညာပြီး ဖုန်းခေါ်ခိုင်းဖူးတယ်။

ဒီနေ့မှာ... အဲဒီသူငယ်ချင်းကိုပဲ ကိုယ်နဲ့အတူ အထူးဧည့်သည်တစ်ယောက် ပါလာပါတယ်။ ခဏလောက် တွေ့ချင်လို့ပါ… တိုက်အောက်ကို ဆင်းခဲ့ပါလို့ ဖုန်းဆက်ပြီး ခေါ်ခဲ့ဖူးတယ်…။ သူ ဆင်းလာပြီး ဟိုကြည့် ဒီကြည့် ဟိုရှာ ဒီရှာပေါ့...။ တော်တော်ကြာတဲ့အထိ ဘယ်သူ့ကိုမှ မတွေ့တော့ ကိုယ့်ရဲ့ ဒုတိယအကြိမ်မြောက် ထောင်ချောက်ထဲ ရောက်သွားမှန်းသိပြီး စိတ်တွေဆိုး ဒေါသတွေပွပြီး အိမ်ပေါ် ပြန်တက်သွားတာပေါ့။ စာမေးပွဲနီးလို့ ဂေါက်ရတဲ့အထဲ ဒီလိုကြီး နှောက်ယှက်ရကောင်းလား ဆိုပြီး ကိုယ့်ကို တပတ်လောက် စကား ကောင်းကောင်းမပြောဘူး။ ခုထက်ထိ ဒီနေ့နားနီးလာတိုင်း ကိုယ့်ကို စိတ်ဆိုးလက်စ မကုန်နိုင်သေးတဲ့ အရိပ်အရောင်တွေ ပြတတ်တယ်။

ဒီနေ့မှာ... ကျောင်းက ဆရာကန်တော့ပွဲအတွက် အအေးကဒ်တွေ ဒဂုံ ဘိလပ်ရေစက်က မှာထားတာ.. မှာတာက ကဒ် ၃၀… ရောက်လာတာက ၁၀ ကဒ်ထဲ ဆိုပြီး ကန်တော့ပွဲတာဝန်ခံ သူငယ်ချင်းတစ်ယောက်ကို ပြောလိုက်တယ်။ သူက ကန်တော့ပွဲ အချိန်က နီးလှပြီ ဒီလူတွေ ဒီလောက်တောင် ပေါ့ဆရသလားလို့ အဲဒီ ဒဂုံ ဘိလပ်ရေစက် ကို သူကိုယ်တိုင် သွားတော့မယ့်ဆဲဆဲမှာ ကိုယ့်ရဲ့ အကြောင်းသိ ဆရာမတယောက်က ကိုယ့်မျက်နှာကို ဖျတ်ကနဲ လှမ်းကြည့်တယ်…။ ပြီးတော့ ဆရာမက ကားစက်နှိုးနေပြီဖြစ်တဲ့ သူငယ်ချင်းဆီကို အပြေးသွားပြီး မသွားဖို့ လိုက်တားရတယ်။ ကိုယ်ကလား… ဟဲဟဲ.. ဆရာမရဲ့ ချီးကျူးထောပနာ ပြုသံတွေကို မကြားရတဲ့နေရာမှာ သွားပုန်းနေတာပေါ့။

ဒီနေ့မှာ... သူငယ်ချင်းတစ်ယောက်ကို နင့်အသံက ကြည်လင်ပြီး ချိုသာလို့ FM က ကြော်ငြာတစ်ခုအတွက် အသံနဲ့ ကူညီပေးပါ လို့ ညောင်နာနာ အသံလေးနဲ့ ဖုန်းဆက်ပြီး အကူအညီ တောင်းဖူးတယ်။ သူက ပျော်လဲပျော် ပြီးတော့ ကြောက်ကြောက်လန့်လန့်နဲ့ ငါတခါမှ မလုပ်ဖူးဘူး ကြောက်တယ် လို့ ငြင်းတာပေါ့။ ဒီတော့ ကိုယ်က စကားလေး တခွန်း နှစ်ခွန်းပြောရတာ ဘာမှ ကြောက်စရာမရှိဘူး။ ဒါရိုက်တာက ငါ့အသိ၊ ငါလဲ နင်နဲ့ အတူတူ အသံသွင်းမှာ... ဒီတော့ ညနေ ၃ နာရီမှာ နင် လမ်းထိပ်က စောင့်နေ၊ ငါလာခေါ်မယ် ဆိုပြီး ပြောခဲ့တယ်။ ညနေ ၄ နာရီနီးနီးမှာ အိမ်မှာ မကိုင်မချင်း တရစပ် ဆူဆူညံညံ မြည်နေတဲ့ ဖုန်းသံကြားရပြီး အစုတ်ပလုပ်လေး… အစချီတဲ့ သူငယ်ချင်းရဲ့ မေတ္တာတွေ တလှေကြီး ခံယူဘူးတယ်။

ဒီနေ့မှာ... ညနေ ၃ နာရီလောက်မှာ သူငယ်ချင်း --- အိမ်မှာ အန္တရာယ်ကင်း ပရိတ်ရွတ်မှာမို့ ပရိတ်တရားလဲနာရင်း သွားကူလုပ်ပေးဖူးတယ်။ ဘုန်းဘုန်းတွေကို ကပ်ဖို့အတွက် အအေးပုလင်းတွေ ရေခဲစိမ်နေရင်း အကြံရပြီး အခုပဲ အိမ်ကထွက်လာပြီ ဆိုတဲ့ သူငယ်ချင်းတယောက်ကို ရေခဲတွေ မြန်မြန် အရည်ပျော်ကုန်မှာစိုးလို့ ရေခဲထဲ ထည့်ဖို့ ဆား ၂ ပိဿာလောက် ၀ယ်ခဲ့ပါလို့ လှမ်းပြောလိုက်တယ်။ အမှန်က အအေးတွေက အေးနေပြီးသားတွေ။ ဘုန်းဘုန်းကလဲ စုစုပေါင်းမှ ၅ ပါးထဲရယ်။ လူကလဲ အိမ်သားတွေ အပါအ၀င်မှ အားလုံး ၂၀ မပြည့်တတ်ဖူး။ ဒီလိုနဲ့ တော်တော်ကြာတော့ ဆားထုပ်ကြီး ၂ ထုပ်ကို မနိုင်မနင်း ဆွဲပြီး မောကြီးပန်းကြီးနဲ့ ရောက်လာတဲ့ သူငယ်ချင်းကို အားလုံးက ၀ိုင်းရယ်ကြတော့… (ဘာကြောင့်မှန်းမသိ) သူ့ရဲ့ မျက်စောင်းက ကိုယ့်ဆီတည့်တည့်…။

ဒီနေ့မှာ... မနက်စောစောစီးစီးကြီး ကိုယ့်ရဲ့ အချစ်ဆုံး သူငယ်ချင်းကို (ကိုယ်ရော သူပါ အရမ်းကြိုက်တဲ့) ရုပ်ရှင်မင်းသမီး --- ကားမတော်တဆမှုနဲ့ ဆုံးသွားတဲ့ သတင်းသိရလို့ အရမ်းကို စိတ်မကောင်းဖြစ်နေတယ်။ ကျောင်းတောင်တက်နိုင်မှာ မဟုတ်ဖူး လို့ ၀မ်းနည်းပက်လက် အသံလေးနဲ့ ပြောပြီး အိမ်မှာ အိပ်နေခဲ့တယ်။ သူက စိုးရိမ်တကြီးနဲ့ တခြားသူငယ်ချင်းတွေဆီကို သတင်းတွေဖြန့်ပြီး ကျောင်းတောင်မသွားတော့ပဲ ကိုယ့်ကို လာတွေ့တာပေါ့။ ကျောင်းမှာ၊ အတန်းထဲမှာ အဲဒီ ရုပ်ရှင်မင်းသမီးအကြောင်းကို သူငယ်ချင်းတဖွဲ့ အားရပါးရ (စုတ်တသပ်သပ်နဲ့) ဖွနေချိန်မှာ အိပ်ရာထဲမှာ စောင်ခြုံပြီး ကွေးနေတဲ့ ကိုယ့်ဆီကို ၀ုန်းဒိုင်းကျဲ ရောက်လာတဲ့ အချစ်ဆုံး သူငယ်ချင်းလေး… ကိုယ့်ရဲ့ ရယ်ချင်ပက်ကျိ မျက်နှာကို တွေ့သွားတော့ ချက်ချင်း သဘောပေါက်သွားပြီး လက်ထဲက ပါလာတဲ့ ထမင်းဘူးနဲ့ ထုတော့တာပေါ့။ ကံကောင်းလို့ ကိုယ့်ခေါင်း မကွဲတာ…။

ဒီနေ့မှာ… သူငယ်ချင်းတွေ အချင်းချင်း ထမင်းစားဖိတ်တယ်လို့ ချောက်တွန်းခဲ့တာတွေ...
ဒီနေ့မှာ…. ရုပ်ရှင်လိုက်ပြမယ် ဆိုပြီး အိမ်ကိုခေါ်၊ ကိုယ်က တနေရာမှာ သွားပုန်းနေခဲ့တာတွေ...
ဒီနေ့မှာ... သူငယ်ချင်းအတွဲတွေကို ကြားသုံးကြား ၀င်ပြီး နည်းမျိုးစုံနဲ့ နှောက်ယှက်ခဲ့တာတွေ...

ဒီနေ့တွေတိုင်းမှာ တနေ့နဲ့ တနေ့၊ တမျိုးနဲ့ တမျိုး၊ တယောက်နဲ့ တယောက် မထပ်စေရတဲ့ အကြောင်းအရာတွေနဲ့ ကိုယ်….
ဒီနေ့တော့ ကိုယ့်အလှည့်ကို ပြန်ရောက်မလာရလေအောင် တနေ့လုံး အစစ အရာရာမှာ သတိ အနေအထားနဲ့ နေ နေတယ်လေ… (ဟင်း… ဘယ်သူမှ လာ Fool မယ်မကြံကြနဲ့… မရဘူး သာမှတ်…။)

ပြီးတော့ နောက်တခုက ဒီနေ့မှာ ကိုယ့်ရဲ့ သူငယ်ချင်းတွေ အားလုံးလဲ ခံရပေါင်းများလို့ ဖုနေပြီ ဆိုတဲ့ စကားလိုမျိုး ကိုယ့်ကို တော်တော် သတိထားနေကြတာ တွေ့ရတယ်။ သူတို့ အားလုံး ဒီနေ့ည သန်းခေါင် မကျော်မချင်းတော့ ဒီလို သတိအနေအထားနဲ့ပဲ ရှိနေကြအုံးမယ် ဆိုတာ သေချာပါတယ်လေ…။



(အဝေးမှ ချစ်သူငယ်ချင်းများကို သတိရ လွမ်းဆွတ်ခြင်းများစွာဖြင့် အမှတ်တရ)