Monday, February 23, 2009

ပန်းသီးပုံပြင်


ရုံးမှာ နေ့တိုင်း နေ့တိုင်း ပန်းသီးစားတတ်တဲ့ ကိုယ့်ကို ဘေးက လုပ်ဖေါ်ကိုင်ဖက်တွေက အမြဲ စကြတယ်။ An Apple A Day, Keeps A Doctor Away လားတဲ့။ သူတို့က ကိုယ့်အမျိုးသားကို ဆရာဝန်မှန်း သိနေကြတာကိုး…။

အခုတလောတော့ ခေါင်းကလဲ နေ့စဉ် နေ့တိုင်း ခပ်ကိုက်ကိုက်ဆိုတော့ ရင်ပြည့်လို့များ ခေါင်းကိုက်တာလား… ပန်းသီးစားတာသိပ်များရင် အစာမကြေဖြစ်တတ် ရင်ပြည့်တတ်သလား... ဆိုတာ သိချင်တာနဲ့ တပတ်လောက် ပန်းသီးမစားပဲ နေကြည့်နေတာ…။

ဒီတော့လဲ သူတို့က မေးကြပြန်ပါတယ်…။ ဘာလို့ ပန်းသီး မစားတော့တာလဲတဲ့…။
As A Doctor is Cute, Forget the Fruit လားတဲ့…။
ကိုယ်လဲ အရှည် အရှည်တွေ ပြန်ဖြေမနေချင်တာနဲ့ ပြုံးပြုံးလေးပဲ နေ နေလိုက်ပါတယ်…။

ဟင်… ဘာလဲ… ဘာလဲ…
ကိုယ့်ရဲ့ ဒေါက်တာက တကယ် Cute ဖြစ်သလား လို့ မေးလိုက်တာလား… ဟုတ်လား…။
ဟင့်အင်း.. ပြောပြနိုင်ပါဘူး… ဘာလို့ပြောပြရမှာလဲ....
မကျေနပ်ရင် အသေသာ သတ်လိုက်… ပြောဘူးဆို ပြောဘူးပဲ…။


(၂၃-၀၂-၂၀၀၉ အတွက် အမှတ်တရ)

Wednesday, February 18, 2009

အဖြေမထွက်သော ပုစ္ဆာ


ခေါင်းတွေ အုံခဲကာ တဆစ်ဆစ်ကိုက်လို့နေသည်။ ဇက်ကလဲ တော်တော်နာနေသည်။
လိမ်းဆေး လိမ်းရင် ကောင်းမလား…။ သောက်ဆေး သောက်ရရင် ကောင်းမလား…။ ဆေးထိုး ဆေးသောက်၊ ဆေးလိမ်း စသည့် ဝေါဟာရတွေ နှင့် (အတတ်နိုင်ဆုံး) ဝေးဝေးမှာ နေလေ့ရှိသူတစ်ယောက် အဖို့ ဆေး ရှာပုံတော်ဖွင့်နေမည့်အစား ဘာကြောင့် ဤသို့ နာနေရသည်ကို အဖြေရှာမည် ဟု တွေးမိကာ ကိုယ့်ရဲ့တစ်နေ့တာကို သေသေချာချာ လေ့လာဆန်းစစ်ပြီး ပြောင်းလဲ သင့်တာတွေကို ပြောင်းလဲကြည့်မည်။ လိုအပ်သော ပြောင်းလဲမှုများကို ပြုပြီး ကိုယ့်ကိုယ်ကိုယ် တပါတ် ဆယ်ရက်လောက် အခြေအနေ စောင့်ကြည့်မည်။ တိုးတက်မှု ရှိပါက ပိုစ့်အသစ်တစ်ခုတင်၍ အပေါင်းအသင်းများကို အသိပေးမည်။ ထူးခြားမှု မရှိပါက ဆေးခန်းသွားပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ရပေတော့မည် ဟု အရင်တစ်ပါတ်က ပြောခဲ့မိသည်။ အခုဆိုလျှင် တစ်ပါတ်ကျော်ခဲ့လေပြီ…။

ကုန်လွန်ခဲ့သော ထိုတစ်ပါတ်အတွင်းက “ဘယ်လိုပြောင်း ပြောင်း တို့မပြောင်း… အမြဲ ခေါင်းကိုက်မည်” ဟု ဆိုရမည့် ကိုယ့်ရဲ့ အခြေအနေတွေကို ပြောပြချင်ပါသည်။


*****

ပထမဆုံး စဉ်းစားမိသလို တနေ့တာ အချိန် ၂၄ နာရီတွင် ၁၀ နာရီနီးပါး မျက်နှာအပ်၍ အချိန်ကုန်ရသော ရုံးမှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကို စစ်ဆေးကြည့်သောအခါ မော်နီတာက နဲနဲမြင့်နေသည်ကို တွေ့ရသည်။ မျက်လုံး လယ်ဗယ်ထက် မော်နီတာက ပိုမြင့်နေသောကြောင့် ခေါင်းကို မော့ကြည့်နေရသလို ဖြစ်နေသည်။ ထို့ကြောင့် ဇက်က တောင့်ပြီး နာနေရသည်ဟု ကောက်ချက်ချကာ ရုံးမှ အပေါင်းအသင်းများ၏ အကူအညီဖြင့် မော်နီတာ တင်သည့် စားပွဲကို နှိမ့်ချလိုက်သည်။ ခေါင်းကို အရင်ကလောက် သိပ်မမော့ရတော့တာကို နဲနဲသတိထားမိသည်။ ဒီလိုနှင့် အလုပ်လုပ်ရက် တပါတ် (ငါးရက်) ကုန်သာသွားသည်။ ဘာမှ မထူးခြား၊ ခေါင်းက ကိုက်မြဲ… ဇက်က နာဆဲ နာမြဲပင်…။

ဒုတိယအနေဖြင့် စဉ်းစားခဲ့သလို တနေ့ အနည်းဆုံး ၈ နာရီခန့် အိပ်ရသော အိပ်ရာ နှင့် ခေါင်းအုံး အနေအထား။ ကျောခင်းရသော မွေ့ယာ၏ အနေအထားတို့ကို သတိထားရန် ကြိုးစားမိသည်။ သူတို့အားလုံးလဲ ဘာမှ မှားယွင်းနေပုံမရ...။ အားလုံး သူ့အတိုင်းအတာနှင့်သူ ကောင်းနေကြပါသည်။ ပြီးတော့လဲ ခေါင်းအုံးပေါ်တွင် ခေါင်းချလိုက်သည်နှင့် တစ်ခါတည်း အိပ်ပျော်သွားပြီး မနက်ကျရင် နှိုးစက်မြည်တာတောင်မှ လုံးလုံး မထချင်သောကြောင့် တစ်ခုခုတော့ မှားနေသည်ဟု မဆိုသာပြန်…။

အိမ်က ကွန်ပျုတာ မော်နီတာကို မျက်နှာအပ်ကာ ဘလော့ဂ်ဂင်းနေသည့် အချိန်၊ စာတို ပေစများ ရေးသားသည့် အချိန်၊ သူငယ်ချင်းများနှင့် တခါတရံ ချက်တင်း လုပ်သည့်အချိန်၊ မျက်နှာ စာအုပ် (Face Book) ကို ဖွင့်မိသောအချိန် တို့မှာ အနည်းဆုံး ၂ နာရီလောက် တော့ရှိပေလိမ့်မည်။ ထိုအခါ အိမ်မှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကို ပြန်လည်လေ့လာ ကြည့်ရမည်ဟု စကားကြီး စကားကျယ်ပြောလိုက်မိသဖြင့် ချစ်သူ၏ မကျေမနပ် အကြည့်တစ်ခုသာ အဖတ်တင်လိုက်သည်။

သူ့အဆိုအရ ဤစားပွဲနှင့် ကုလားထိုင်တို့မှာ အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် ကိုက်ညီအောင် ပြုလုပ်ထားသော အရာများဖြစ်သည်… ထို့ကြောင့် ပြဿနာ ရှိခြင်းရှိ လူမှာသာ ရှိနိုင်လိမ့်မည်။ ဤပစ္စည်းများကြောင့်တော့ လုံးလုံးမဖြစ်နိုင်၊ ပြီးတော့ မော်နီတာကို မျက်နှာအပ်သည့်အချိန် များလွန်းသည်၊ နဲနဲတော့ လျော့ချသင့်သည် ဟု အခိုင်အမာ ဆိုလာသောအခါ….။

(တနည်းအားဖြင့် လူကို အပြည်ပြည်ဆိုင်ရာ စံချိန်စံညွှန်းတို့နှင့် မကိုက်ညီ၊ လူက အချိုးအစား မကျနပဲ ခေါင်းကပဲ ကြီးနေသယောင်၊ လည်ပင်းကပဲ တိုနေသယောင်၊ မျက်လုံးကပဲ မှေးနေသယောင်… တစ်ခုခုတော့ မှားယွင်းနေသည်ဟု ပြောနေသလို ခံစားမိပါသည်။ တကယ်တော့ ဘာမှ အထူးတလည် မှားယွင်းမနေကြောင်းနှင့် ပုံမှန်အတိုင်း လှလှပပ ရှိနေကြောင်းကိုပါ တစ်ဆက်တည်း ဖြေရှင်းလိုပါသည်။ တောင်တောင်အီအီများ မတွေးကြစေချင်…။)

ရှိစေတော့လေ…။ ဘာဘဲဖြစ်ဖြစ် သူပြောသလို လျော့ကြည့်မည်ဟု စဉ်းစားကာ ကွန်ပျူတာကြည့်ချိန်ကို နဲ နဲ… (ခပ်ဖြေးဖြေးနဲ့ တိုးတိုးလေးပြော…) လျော့ကြည့်မိသည်…။ ဘာမှ သိသိသာသာကြီး မထူးခြားပါ။ လျော့လိုက်ရတာသာ အဖတ်တင်…။ (ဒါကြောင့် ဒီတပါတ်အတွက် တင်စရာ ပိုစ့်အသစ်မရှိ။ ဤကား ဆင်ခြေ...။)

အိပ်ရာလဲမှာ လှဲလျောင်းရင်း စာဖတ်သည့် အချိန် ၁ နာရီလောက်ကိုတော့ဖြင့် ဘယ်နည်းနဲ့မှ မလျှော့နိုင်။ အတတ်နိုင်ဆုံး အနေအထားမှန်အောင်၊ အလင်းရောင် လုံလောက်အောင် သတိထားပြီး ဖတ်ပါသည်။ သို့သော်လည်း… ထူးမခြားနား…။

ကျန်သောအချိန် ၃ နာရီမှာ ကိုယ်လက် သန့်စင်၊ ရေမိုးချိုး၊ ချက်ပြုတ်၊ စားသောက်၊ ဟိုလျှောက် ဒီလျှောက်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် နေ့တဒူဝ ကိစ္စ များကို ဆောင်ရွက် ခြင်းသည် ဘယ်နည်းနှင့်မှ ခေါင်းကို မကိုက်စေနိုင်၊ ဇက်ကို မနာစေနိုင် ဟု ကိုယ်ပိုင် မိသားစု ဆရာဝန်က တိတိကျကျ ပြောလာသောအခါ…. ကိုယ့်ကိုယ်ကိုယ် အရမ်းကို သနား ကြင်နာစိတ်များ ဖြစ်သွားရပါသည်။


*****

ခေါင်းကိုက်ရခြင်း နှင့် ဇက်နာရခြင်းတို့အတွက် အကြံကောင်းများကို ချစ်ခြင်းအားဖြင့် မျှဝေသွားကြသော၊ ခေါင်းကိုက်ဝေဒနာ မြန်မြန် ပျောက်အောင် ဆုတောင်းပေးသွားကြသော ကိုဝင်းဇော် နုစံ ကျော်ကြီး Hmoo နှင့် မျိုး တို့အပါအ၀င်
အချိန်လျှော့၍ နားနားပြီး ဘလော့ဂ်ခိုင်းသော ကိုအောင်သာငယ် သိင်္ဂီ ချိုသင်း နိနိ နှင့် အပြုံးပန်း...
အိပ်ယာပေါ်ကနေ မျက်နှာကျက်မှာ ဆလိုဒ် နဲ့ အင်တာနက်သုံးနည်း တီထွင်ပေးတော့မည့် မကေ...
အနှိပ်ခံလိုက်ရင် ကောင်းသွားမယ် ဟုဆိုလာသော ပန်ပန် Craton နှင့် ပုံရိပ်...
အဖြေရလျှင် ဝေမျှပါဟု ဆိုလာသော Mirror နှင့် Sin Dan Lar...
အိပ်ချိန်ကို လျှော့ခိုင်းသော မမခင်ဦးမေ...
သီချင်း ဆိုပြသွားသော သူငယ်ချင်း တန်ခူးတို့အပြင်
ပိုစ့်တစ်ခု သပ်သပ်တင်၍ အကြံပေးခဲ့သော ကိုသူကြီးတို့ကို ကျေးဇူး အထူး (အထူး) တင်ရှိပါကြောင်းနှင့် ထုံးစံအတိုင်း ဆေးခန်းသွားပြဖို့ကို နဲနဲလေးမှ ဆန္ဒမရှိသောကြောင့် နောက်တစ်လလောက်တော့ ဒီအတိုင်း (မတတ်သာတဲ့ အဆုံး Panadol Extra လေးကို အဖေါ်ပြုကာ) ပေပေတေတေ ဆက်နေသွားဦးမည် ဖြစ်ကြောင်း ချစ်ခင်စွာ အသိပေးအပ်ပါသည်။

Saturday, February 14, 2009

ထာဝစဉ်


ဒီရုံးပိတ်ရက်မှာတော့ စာကြည့်ခန်းကို ရှင်းမှဖြစ်တော့မည်ဟု စိတ်ဆုံးဖြတ်ကာ အခန်းထဲကို ၀င်လာခဲ့သည်။ အခန်းထဲ ရောက်ရောက်ချင်း အချိန်ဆွဲမနေတော့ပဲ ပထမဆုံး မြင်နေရသော စာကြည့်စားပွဲပေါ်မှ စာအုပ်တစ်ထပ်ကို ကြမ်းပြင်ပေါ်သို့  ဆွဲချကာ ဖတ်လက်စ စာအုပ်များကို သပ်သပ် ဖယ်ထုတ် စုပုံထားလိုက်သည်။ တဖန် အရွယ်အစား မတူညီကြသော သတင်းစာများ၊ ဂျာနယ်များ၊ မဂ္ဂဇင်းများကို ညီညီညာညာ ခွဲခြား စုပုံ ပြီး အချို့ ကို စားပွဲနံဘေးရှိ ကြိမ်ခြင်းလေးထဲကို လှမ်းထည့်လိုက်သည်။ ပြီးတော့ စားပွဲပေါ်မှာ ရှိနေသော စာရေးကရိယာများ ထည့်သော ခွက်ကလေး အပါအ၀င် ပိစိ ပိစိ အရာကလေးများကိုလဲ ဖုန်နဲနဲခါပြီး သူ့နေရာနှင့်သူ စနစ်တကျ ထားလိုက်သည်။ ဒီလိုဆိုတော့ စာကြည့်စားပွဲလေးက တော်တော်ကြည့်ကောင်း သပ်ရပ်သွားလေသည်။ အခန်းနံရံ တလျှောက်မှ စာအုပ်စင် နှင့် စာအုပ်ဘီဒိုများဆီကို မျက်လုံးတစ်ချက် ဝေ့ကြည့်လိုက်သည်။ သိပ်မဆိုးလှ၊ သူ့နေရာနှင့်သူ စနစ်တကျ ရှိနေသည်။

နောက်တော့ သူ့ စာကြည့်စားပွဲနှင့် တွဲလျက်ရှိနေသော အံဆွဲသုံးဆင့်ကို သြော့ဖင့် ဖွင့်လိုက်သည်။ အံဆွဲ၏ ပထမဆုံးအဆင့်တွင် နှစ်အလိုက်ရေးထားခဲ့သော ဒိုင်ယာရီ စာအုပ်များနှင့် မှတ်စုစာအုပ် အချို့ ၊ ဒုတိယအဆင့်တွင် ဘွဲ့လက်မှတ်များ အပါအဝင် အလုပ်နှင့် ပတ်သက်သော စာရွက်စာတမ်းများကို ဖိုင်တွဲများနှင့် စနစ်တကျတွေ့ရသည်။ အံဆွဲ၏ တတိယအဆင့်ကို ဆွဲထုတ်သင့် မသင့်ကို ခဏတော့ စဉ်းစားနေမိသေးသည်။ သို့သော် စိတ်က စဉ်းစား၍မှ မဆုံးခင် လက်က ထိုအံဆွဲကို အလိုလို ဆွဲထုတ်မိလျက်သား ဖြစ်နေပြီ။ ထို့နောက် ကိုယ့်ကိုယ်ကို သတိထားလိုက်မိချိန်မှာ သူသည် ထိုအံဆွဲထဲမှ သက်မဲ့ အရာဝတ္တုများကို စက္ကန့်တော်တော်များများ အသက်မရှုပဲ ကြည့်နေမိကြောင်း သိလိုက်ရသည်။ မျက်စေ့ရှေ့တွင် မြင်တွေ့ နေရသော အရာများ ဝေဝါးသွားသော်လည်း အားလုံးထဲမှ အပြာရောင် ကဒ်ထူဘူး ရှည်ရှည်လေး တစ်ခုကိုတော့ ကြည်လင်ပြတ်သားစွာ မြင်တွေ့နေရသည် …။

ပြီးတော့.. အသက်ရှုထုတ်လိုက်သည်လား သက်ပြင်းချလိုက်သည်လား.. မမှတ်မိတော့…။ ထို အပြာရောင် ဘူးကလေးကို ဆွဲယူကာ စားပွဲပေါ်တင်ပြီး အဖုံးကို ဖွင့်လိုက်သည်။ I Love You ဟု စာတမ်း ရေးထိုးထားသော အနီရောင် အသဲပုံကို ရင်ဝယ် ပိုက်ထားသော Me To You မီးခိုးရောင် အမွေးပွ Teddy Bear တစ်ကောင်၊ နောက်တော့ ရောင်စုံ စက္ကူငှက်ရုပ် သေးသေးလေးများ ပါဝင်သော ဖန်ပုလင်းပုကလေး တစ်လုံး၊ “အထဲမှာ ငှက်လေးတွေ ဘယ်နှစ်ကောင်ပါသလဲ… မှန်းကြည့်ပါလား” ဟူသော အသံချိုလွင်လွင်ကို ပြန်လည် ကြားယောင်လာသည်။ သူ ပြုံးလိုက်မိသည်။ ပြီးတော့ ဆိုနီ အီရစ်ဆင် မိုဘိုင်းဖုန်း အသုံးပြုသူများအတွက် လမ်းညွှန် စာအုပ်လေးတစ်အုပ်၊ “စာအုပ်ဖတ်ကြည့်မှ ဘာတွေ ဘယ်လိုလုပ်ရမလဲ၊ ဖုန်းကို ဘယ်လိုသုံးရမလဲ သိတော့မပေါ့” လူကြီးသူမသဖွယ် ပူညံညံ စကားသံတချို့ကို တဆက်တည်း ကြားယောင်လာပြန်သည်။ သူ နောက်တကြိမ် ပြုံးလိုက်မိသည်။ ထို့နောက် ဘူးထဲမှာ ရှိနေသေးသော ကီးချိန်းတချို့နှင့် သီချင်းစီဒီ၊ ဗွီစီဒီ တချို့ကို ခပ်ရှမ်းရှမ်း တချက်ကြည့်လိုက်ပြီးနောက် မြင်ကွင်းထဲကို တည့်တည့်မတ်မတ် ရောက်လာသော အရာလေးတစ်ခုက… ဖြုကြည်ကြည် ကြယ်သီး ဝိုင်းဝိုင်းလေး တစ်လုံး။

ထိုကြယ်သီးလေးကို တွေ့လိုက်ရတော့ ခုနတုန်းကလို သူ မပြုံးနိုင်တော့ပေ။ သက်ပြင်းကို အသာချရင်း ထိုကြယ်သီးလေး အကြောင်းကို တွေးလိုက်မိသည်။ သူကပဲ ကြယ်သီးလေးကို ကြည့်ရင်း အတွေးနယ်ချဲ့ မိလေသလား…။ ဒါမှမဟုတ် ကြယ်သီးလေးကပဲ သူ့ကို ဆွဲငင်ခေါ်ဆောင်သွားသည်လား…။ ကိုယ်တိုင် ရေရေရာရာ မဝေခွဲနိုင်ခင်မှာပင် သူ၏ စိတ်အစဉ်သည် ဟိုး အဝေးတစ်ချိန် ဆီသို့…။

*****


“လဘက်ရည် ဖျော်တိုက်မယ်ဆို စာအုပ် လာပေးလှည့်မယ်လေ… ဘယ်လိုလဲ…”

ဖုန်းထဲက သူမ အသံကိုကြားလိုက်ရတုန်းက ရင်ထဲမှာ လှိုက်ကနဲ ခုန်သွားပြီး စိတ်ထဲကတော့ မယုံရဲရဲ ဖြစ်ခဲ့ရသည်။ တခြားသူငယ်ချင်းများနှင့် စာအတူတူ စုကျက်နေကျမို့  ဒီအခန်းလေးကို သူမ ရင်းနှီးပြီးသား ဖြစ်သည်။ အရင်ရက်တွေက လက်ချာနှစ်ခုလောက် လွတ်သွားသဖြင့် စာအုပ်ငှားရန် မနက်က သူမဆီ ဖုန်းဆက်ကြည့်တော့ ဒီနားက သူငယ်ချင်းတစ်ယောက်ဆီ လာစရာရှိသည်မို့  သူ့  အခန်းလေးဆီကို တဆက်တည်း လာခဲ့မည် ဟု သူမက ပြောလာခဲ့သည်။ လဘက်ရည် ဖျော်တိုက်ရန်ပါ ပါလိုက်သေး…။

“ဒါဆိုလဲ အိုကေလေ…See you…” ဟု သူ ပြန်ပြောလိုက်သည်။

တော်တော်လေးကြာတော့ “အိမ်ရှင်တို့ … အိမ်ရှင်တို့ …” ဟူသော စီစီညံညံ အသံလေးနှင့်အတူ သူမ ရောက်လာခဲ့သည်။ ကျောပိုးအိပ် အနက်ရောင်ကလေးကို လွယ်ထားပြီး ပိုလို တီရှပ် အနက်ရောင်၊ ဘောင်းဘီရှည် အနက်ရောင် နှင့် မျက်လုံးနက်နက် ဆံပင်နက်နက်နှင့် ကြည်လင် လန်းဆန်းနေသော သူမကို တွေ့ လိုက်ရတော့ ကိုယ့်ရင်တွေ အဆပေါင်းများစွာ တိုးလို့ ခုန်လာခဲ့သည်။ သူမကတော့ အခါများစွာတုန်းကလို တည်တည်ငြိမ်ငြိမ်။

“ဒီမှာ စာအုပ်တွေ… ဘယ်မှာလဲ လဘက်ရည် က…”

သူမ က မေးလာတော့မှ အိပ်ရာကနိုးလာသူ တစ်ယောက်လို ကမန်းကတမ်း ထကာ အသင့် ဖျော်ထားသော လဘက်ရည် ပန်းကန်ကို ယူလာပေးလိုက်သည်။ သူမက သူ၏ ဝေဝေဝါးဝါး ပုံစံကို မျက်မှောင်ကြုတ်၍ ကြည့်နေသောကြောင့် စချင် နောက်ချင်စိတ် ပေါက်လာကာ “စိတ်ချလက်ချ သောက်ပါ… ဘာဆေးမှ ခပ်မထားပါဘူး...” ဟု လွှတ်ကနဲ ပြောလိုက်မိသည်။ ပြူးကျယ် ဝိုင်းစက်သွားသော သူမ၏ ချစ်စဖွယ် မျက်လုံးနက်နက်လေးများကို ကြည့်ကာ သူ ဟက်ဟက်ပက်ပက် ရယ်မော လိုက်ပါသည်။ ဒီလို မရယ်ရတာ တော်တော်ကြာနေပြီပဲ…။

ကိုယ်တို့နှစ်ယောက်ကြားက တစထက် တစ ငြိတွယ်လာသော သံယောဇဉ်ကြိုးတွေကို ကိုယ်စီ မသိချင်ယောင်ဆောင်ရင်း သူငယ်ချင်းဘဝနှင့် ရပ်တည်နေခဲ့ကြတာ လပေါင်းများစွာ ကြာခဲ့ပြီ။ မဖြစ်နိုင်တာတွေကို ဖြစ်လာအောင် မကြိုးစားချင်။ ရင်ခုန်သံတွေကို မသိချင်ယောင်ဆောင်၊ နှလုံးသားကို လိမ်ညာ၊ မျက်ဝန်းအကြည့်တွေကို ထိန်းသိမ်း၊ ရှေ့ကို ဆက်တိုးဖို့ကို ကိုယ်စီ မေ့ဖျောက်ထားကြပြီး လက်ရှိ အနေအထားလေးမှာ အကောင်းဆုံးဖြစ်အောင် နေခဲ့ကြသည်။ ဒါမှလဲ အားလုံးအတွက် အဆင်ပြေလိမ့်မည်။

ဆက်တီမှာ ငြိမ်ငြိမ်လေး ထိုင်ရင်း လဘက်ရည်သောက်နေသော သူမကို မျက်နှာချင်းဆိုင် စာကြည့်စားပွဲက ကုလားထိုင်မှာ ဝင်ထိုင်ရင်း ခပ်တွေတွေ စိုက်ကြည့်နေမိသည်။ အနည်းငယ် စိုနေသေးသော ဆံပင်များကြောင့် သူမ ခေါင်းလျှော်လာခဲ့သည်ဟု ယူဆမိပါသည်။ နုနယ်သော မျက်နှာကလေးက ဘဝမှာ ဘာမှ အပူအပင်မရှိခဲ့ရသော အနေအထားကို သိသိသာသာ ဖေါ်ပြနေကြသည်။ သူ သက်ပြင်းကို အသာချလိုက်မိသည်။ ရင်ထဲမှာ ပူလောင်နေသည်။ အသက်ရှုလို့ လဲ မဝ။ လည်ချောင်းတွေလဲ ခြောက်ကပ်နေကြသည်။ ရေသွားသောက်ရင် ကောင်းမည်။ သို့သော် နေရာမှ မရွေ့နိုင်သေး။

သူမကရော… အရင် အခါများစွာတုန်းကလို ဘာကြောင့် စကားတွေ ဖေါင်ဖေါင်ကြဲအောင် မဆိုပါသလဲ။ အကြည့်တွေကို သူမ၏ လက်ချောင်းလေးများဆီသို့ လွှဲဖယ်လိုက်မိသည်။ ပန်းနုရောင် လက်သည်းဆိုးဆေး ဆိုးထားသော လက်ချောင်းလေးများကို တွေ့တော့ သူ စကားစ ရှာလို့ ရသွားသည်။

“အလှတွေ ဘာတွေပြင်လို့ပါလား…”

အူကြောင်ကြောင် မျက်နှာနှင့် မော့ကြည့်လာသော သူမကို မျက်လုံးများနှင့် အဖြေပေးမိသည်။ ကိုယ့်မျက်လုံးများ ရွေ့လျားရာကို သူမ လိုက်ကြည့်နေရင်း “အော်… ဒါလား...” ဟု ခပ်တိုးတိုး ဆိုသည်။ ပြီးတော့ လက်ချောင်းလေးများကို ထောင်ကြည့်ရင်း “အလှမပြင်ပါဘူး… လက်သည်းနီနဲ့ နှုတ်ခမ်းနီပဲ ဆိုးတာပါ…” ဟု ဆိုလာသည်။ အခုမှ ကြည့်မိသည်။ ပန်းနုရောင် နှုတ်ခမ်းဆိုးဆေးသည် သူမကို ရှိရင်းစွဲ အသက်ထက် ပိုနုနယ် ငယ်ရွယ်စေသည်ပဲ။

ဆက်စရာ စကား ရှာမတွေ့သဖြင့် အိမ်အနောက်ဖက်သို့ လျှောက်ကာ ရေခဲရေ တစ်ပုလင်းကို ယူပြီး တရှိန်ထိုး မော့ချလိုက်မိသည်။ ပြီးတော့ အသိကင်းမဲ့နေသူ တစ်ယောက်ပမာ သူမ ဘေးတွင် ဝင်ထိုင်ကာ သူမ၏ လက်ချောင်းလေးများကို ရုတ်တရက် ဆွဲယူလိုက်မိသည်။ ကိုယ့်ကို အလန့် တကြား မော့ကြည့်လာသော သူမ၏ မျက်လုံးအိမ်ထဲမှာ ပြည့်နေသော မျက်ရည်တွေကို တွေ့လိုက်ရသောအခါမှာတော့ တင်းမာစွာ ထိန်းသိမ်းထားသော ကိုယ့်စိတ်တွေ အားလုံး တစ်စချင်းစီ ပြိုကွဲ ကုန်ကြသည်။

သူမ စိတ်တွေ ဘယ်လောက် မွန်းကြပ် ပင်ပန်းနေပြီလဲ ဆိုတာကို မှန်းကြည့်လို့ ရသွားသည်။ ကိုယ့်လက်ကို ပြန်လည်ဆုပ်ကိုင်လာသော သူမ၏ လက်ချောင်းသေးသေးလေးတွေကို ကြေကွဲ နာကျင်စွာ ငုံ့ ကြည့်နေမိသည်။ နှစ်ယောက်သား ဘာစကားမှ မဆိုနိုင်ကြပဲ တစ်ယောက်လက် တစ်ယောက် ဆုပ်ကိုင်ထားရင်း အချိန်တွေ အများကြီး ငြိမ်နေခဲ့ကြသည်။ တော်တော်ကြီးကြာတော့မှ သူမလေးက အက်ကွဲရှတသော အသံလေးဖြင့် စကားတချို့ကို စတင် ဆိုလာခဲ့သည်။ ထို စကားတချို့မှသည် စကားလုံးပေါင်းများစွာကို မနားတမ်း ပြောလာသော သူမကို ဟန့်တားရန် မကြိုးစားမိပဲ ဒီအတိုင်း ငေးမောကြည့်ရင်း နားထောင်နေခဲ့မိသည်။

သူမ ပြောသွားသော စကားတွေထဲမှာ ဖြူစင်သော သံယောဇဉ်တွေ အကြောင်းပါသည်။ သန့်ရှင်းသော အကြင်နာတွေ အကြောင်းပါသည်။ ပျော်စရာ မကောင်းသော ဘဝတွေ အကြောင်း ပါသည်။ ကြေကွဲဖွယ်ရာကောင်းသော ဟန်ဆောင်မှု အကြောင်းတွေပါသည်။ စိတ်ပင်ပန်း ဆင်းရဲရသော ညနေခင်းတွေ အကြောင်းလဲ ပါသေးသည်။ ပြီးတော့ နောက်ကျခြင်း အကြောင်းတွေ ပါသည်။ ကုန်လွယ်လွန်းသော အချိန်တွေအကြောင်းလဲ ပါသည်။ မဖြစ်နိုင်တာ တွေပါသည်။ မသင့်တော်တာ တွေလဲ ပါသေးသည်။ ရှေ့ဆက် မတိုးချင်တာတွေ ပါသည်။ စာနာ ထောက်ထားစရာ အကြောင်းတွေလဲ ပါသည်။ လိုက်လျောခြင်းနှင့် ထိန်းချုပ်ခြင်း အကြောင်းတွေလဲ ပါနေသေးသည်။ အဲဒါတွေအပြင် သူမ၏ လက်ရှိ အခြေအနေတွေ အကြောင်း သာမက သူ၏ ဘဝ အနေအထားကိုပါ သူမက အမှန်အတိုင်း စေ့စေ့စပ်စပ် ထည့်သွင်း သုံးသပ်ပြသွားသေးသည်။

အဆုံးမှာတော့ သူ၏ ဘဝအတွက် ရှေ့ဆက်ရမည့် လမ်းကြောင်းကို သူမက အတိအကျ ဆုံးဖြတ် ရေးဆွဲပေးခဲ့သည့်နှယ်…။ သူမကိုကြည့်ရင်း သူ ဘာမှ ပြန်မပြောလိုက်နိုင်…။ ဘာမှ ပြန်မငြင်းလိုက်နိုင်။ ကိုယ်တိုင် သိနှင့်နေပြီးဖြစ်သော်လည်း ထိုအကြောင်းတွေကို နားနှင့်ဆတ်ဆတ် ကြားရသောအခါ မျှော်လင့်ထားသည်ထက် ပို၍ စိတ်ထိခိုက်ရသည်။

စကားစပြတ်သွားပြီး ငေးငေးလေးထိုင်နေသော သူမကို ဖြူစင်သော အကြင်နာစိတ်ဖြင့် ပုခုံးလေးမှ ဆွဲယူ ပွေ့ဖက်လိုက်မိသည်။ ရုတ်တရက်မို့ သူမ အံ့သြသွားသော်လည်း မရုန်းဖယ်ပါ။ ကိုယ့် ပုခုံးစွန်းကို အသာအယာပင် ပြန်လည်တိုးဝင် မှီတွယ်လာခဲ့သည်။ မျှော်လင့်မထားသော သူမ၏ အပြုအမူလေးကြောင့် ကိုယ့်စိတ်တွေ နောက်တကြိမ် နာကျင် ထိခိုက်သွားပြန်သည်။

နှစ်ယောက်သား စကားတခွန်းမှ မဆိုဖြစ်ကြပဲ အချိန်တော်တော်ကြာ ငြိမ်သက်နေခဲ့ကြပြန်ပါသည်။ တိတ်ဆိတ်လွန်းသော ပတ်ဝန်းကျင် ကြောင့်လား၊ နီးကပ်လွန်းသော အနေအထား ကြောင့်လား မသိ… တစ်ယောက်၏ အသက်ရှုသံကို တစ်ယောက်က ပီပီသသ ကြားနေရသည်။ တစ်ယောက်၏ ရင်ခုန်သံကို တစ်ယောက်က ခံစား၍ ရနေသည်။ ထိုစဉ် ရုတ်တရက် မြည်လာသော တယ်လီဖုန်းသံကြောင့် သူမ၏ ပုခုံးပေါ်မှ လက်ကို အဖယ် သူမ၏ အင်္ကျီလက်မောင်းမှ ကြယ်သီးလေးနှင့် သူ့လက်ပတ်နာရီမှ လက်ပတ်ကြိုးနှင့် တွယ်ငြိနေလေတော့သည်။

“ခဏလေး ခဏလေး… ငြိမ်ငြိမ်နေ.. ကိုယ့်နာရီကို ဖြုတ်လိုက်မယ်”

နာရီကိုဖြုတ်လိုက်သောအခါ ထိုကြယ်သီးလေးက နာရီနှင့်အတူတူ ကပ်ပါလာခဲ့သည်။

“ဟာ… ကြယ်သီး ပြုတ်သွားပြီ…”

ထိုအခါ သူမက ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ တဒင်္ဂ အဖို့ တော့ သူမ၏ ရယ်မောသံသည် ကိုယ့်ကို ပျော်ရွှင်စေခဲ့တာ အမှန်ပင်။ သူမနှင့်အတူ လိုက် ရယ်မိသည်။ ပြီးတော့ နာရီနှင့်အတူ ပါလာသော ကြယ်သီးလေးကို သူမအား လှမ်းပေးလိုက်သည်။

“အိမ်ရောက်ရင် ပြန်တပ်လိုက်လေ… ဒီတိုင်းဆို ဘယ်လှပါတော့မလဲ”

“ရပါတယ် မတပ်တော့ဘူး.. ဒီအင်္ကျီကိုလဲ သိမ်းထားလိုက်တော့မယ်… နောက်တစ်ခါ ထပ်မဝတ်တော့ဘူး”

“ဘာလို့ လဲ…” ဟုပြန်မေးမည် ကြံရွယ်စဉ် သူမ၏ မျက်နှာ မချိုမချဉ်လေးကိုကြည့်ရင်း ကိုယ် အဖြေရသွားသည်။ ကိုယ့်စိတ်တွေ နောက်တကြိမ် နာကျင်ထိခိုက်သွားပြန်သည်။

“ဒါဖြင့်ရင် ဒီကြယ်သီးလေးက ဘယ်လိုလုပ်မလဲ… သနားစရာလေး”

ကိုယ်က နောက်ရွှတ်ရွှတ်ဖြင့်မေးတော့ “သနားရင် သိမ်းထားလိုက်ပေါ့” ဟု ခပ်စွာစွာ ပြန်ပြောလေသည်။

“ဒါဆို ကိုယ်သိမ်းထားလိုက်တော့မယ်… အိုကေနော်… နောက်မှလာ ပြန်မတောင်းကြေး”

ဒီလိုနဲ့ ဒီကြယ်သီးလေး ကိုယ့်ဆီမှာ ရှိနေခဲ့တာ အခုဆိုရင် လေးနှစ် ရှိခဲ့ပြီ။
တိတိကျကျ ပြောရရင် ဒီ ဖေဖေါ်ဝါရီလ ၁၄ ရက် နေ့မှာ လေးနှစ်တိတိ ရှိခဲ့ပြီ။

ကြေကွဲစရာကောင်းသော တိုက်ဆိုင်မှုတစ်ခုမှာ သူတို့နှစ်ယောက် မမျှော်လင့်ဘဲ တွေ့ဆုံဖြစ်ခဲ့သည့်နေ့၊ မရည်ရွယ်ပါပဲနှင့် စကားတွေ အများကြီး ပြောဖြစ်ခဲ့သောနေ့... ပြီးတော့ ထိုကြယ်သီးကလေး ပြုတ်သွားခဲ့သောနေ့သည် ချစ်သူများနေ့ဟု သတ်မှတ် ခေါ်ဆိုထားကြသော ဖေဖေါ်ဝါရီလ ၁၄ ရက်နေ့ ဖြစ်လို့နေခဲ့သည်။ နောက်တစ်နေ့ ကျောင်းမှာ ပြန်တွေ့ဖြစ်ကြတော့ သူမက မီးခိုးရောင် ဝက်ဝံရုပ်ကလေး တစ်ရုပ်ကို တိတ်တဆိတ် လာပေးသွားခဲ့သည်…။

*****

စာကြည့်စားပွဲတွင် ဘယ်နှစ်နာရီကြာအောင် ထိုင်နေမိသည်မသိ။
ပြူတင်းပေါက်မှတဆင့် အပြင်ကို လှမ်းကြည့်လိုက်သောအခါ နေရောင်ကွယ်ပျောက်၍ ညအမှောင်ကိုရောက် နေလေပြီ။ ထိုညအဖို့တော့ သက်မဲ့ ကြယ်သီးလေးတစ်လုံးက သူ နှင့် သူ့ ဘဝအတွက် ဘယ်တော့မှ မေ့ပျောက်၍ ရနိုင်မည်မဟုတ်သော စကားလုံးပေါင်းများစွာကို အသံတိတ်နည်းဖြင့် ဆိုခဲ့လေပြီ။

သူမသည်…
မျှော်လင့်မထားသော အချိန်မှာ မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ဆုံခဲ့ရသူ…
သူ့ဘဝအတွက် အံ့သြဖွယ်ရာ ထူးခြားသော လှပ ဆန်းကြယ်ခြင်းတွေကို ယူဆောင်လာခဲ့သူ…
စိတ်၏ လိုအင်ဆန္ဒနောက်သို့ လိုက်လျောခြင်းထက် ပို၍လေးနက်သော ထိန်းချုပ်နိုင်စွမ်းကို လက်တွေ့ ပြနိုင်ခဲ့သူ…
သူမထံမှ ရရှိခဲ့သော ဖြူစင်သော စေတနာ၊ မြင့်မြတ်သော နှလုံးသား၊ လေးနက်သော ချစ်ခြင်း နှင့် တိကျ မှန်ကန်၍ ပြတ်သားသော ဆုံးဖြတ်ချက်တို့အတွက် သူမကို ဘဝ တစ်လျှောက်လုံး ထာဝစဉ် အမှတ်ရ လွမ်းဆွတ်လျက် ရှိနေမည်သာ…။






Thursday, February 12, 2009

ဗိုလ်ချုပ်အောင်ဆန်း

ဖေဖေါ်ဝါရီလ ၁၂ ရက်နေ့ ၆၂ နှစ်မြောက် ပြည်ထောင်စုနေ့ နဲ့
ဖေဖေါ်ဝါရီလ ၁၃ ရက်နေ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ၉၄ နှစ်မြောက် မွေးနေ့အထိမ်းအမှတ် အဖြစ်
အမှတ်တရ ဓါတ်ပုံလေး တင်ပေးလိုက်ပါတယ်။




ဒီပုံလေးကို ညီမလေး တစ်ယောက် ရန်ကုန်ကို အလည်ပြန်တုန်းက ဗိုလ်ချုပ်ပန်းခြံကို မမေ့မလျော့ သွားပြီး ရိုက်ယူလာခဲ့တာပါ။

Monday, February 9, 2009

ပထမ တစ်ခွက်

ဒီနေ့ တနင်းလာနေ့မှာ ကိုယ့်လိုပဲ ပျင်းပျင်းနဲ့ အလုပ်သွားကြရမယ့် အပေါင်းအသင်းတွေအတွက် စိတ်ပျော်ရွှင်စရာ ပုံပြင်လေး တစ်ပုဒ်ကို မျှဝေလိုက်ပါတယ်…။
ဒီ ပုံပြင်လေးကို မေမေ့ဆီက ကြားခဲ့ရတာပါ။

ဟိုးရှေးရှေးတုန်းက မြို့ကြီးသားတစ်ယောက်ဟာ ဆောင်းရာသီ အားလပ်ရက် တချို့မှာ သူငယ်ချင်းများရှိရာ ရှမ်းပြည်က တောင်ပေါ်မြို့လေးတစ်ခုကို အလည်သွားသတဲ့။ အဲဒီ တောင်ပေါ်မြို့လေးဟာ နွေရာသီ အချိန်တွေမှာတောင် နေရောင်မမြင်ရပဲ အုံ့အုံ့ဆိုင်းဆိုင်းနဲ့ ရာသီဥတုက အလွန်ကို အေးတာတဲ့…။

မြို့လေးကိုရောက်တော့ ရာသီဥတုက ထင်ထားတာထက်တောင် ပိုပြီးအေးနေတာမို့ အနွေးထည်တွေ အထပ်ထပ်နဲ့ နေရတာတဲ့။ ဒီလိုနဲ့ ရောက်ပြီး သုံး ရက်လောက်အထိ သူငယ်ချင်းတွေနဲ့ တွေ့ဆုံ သွားလာ လည်ပတ်၊ ဒေသစာတွေ စားသောက်ရင်း အလွန် ပျော်ရွှင်နေတာပေါ့။ ဒါပေမယ့် ပြဿနာက သိပ်အေးလွန်းတဲ့ ရာသီဥတုကြောင့် သူ တစ်ရက်မှ ရေမချိုးဖြစ်သေးဖူးတဲ့လေ…။ သုံးရက်မြောက်နေ့မှာတော့ သူ့စိတ်ထဲမှာ ရေ ချိုးချင်စိတ် ဖြစ်လာတာပေါ့။ ဒါနဲ့ ဘာဘဲဖြစ်ဖြစ်၊ ဘယ်လောက်ပဲ အေး အေး.. နောက်တစ်နေ့ကျရင်တော့ ရေကို ချိုးဖြစ်အောင် ချိုးမယ်လို့ စိတ်ဆုံးဖြတ်လိုက်သတဲ့…။

နောက်နေ့ မနက်အိပ်ရာကနိုးတော့ ရေချိုးမယ်ဆိုပြီး အိမ်ရှေ့က ရေတိုင်ကီတွေရှိရာ နေရာကို လျှောက်လာခဲ့တယ်…။ အိမ်အောက်မှာ အိမ်ရှင် အဖွားအိုက သူ့ကိုတွေ့တော့ “အော်.. အော်.. သား ရေချိုးမလို့လား” လို့နှုတ်ဆက်တယ်တဲ့။ သူကလဲ “ဟုတ်ကဲ့ အဖွားရေ… ချမ်းတော့ချမ်းတယ် ဒါပေမယ့် ချိုးလိုက်မလားလို့” လို့ ပြန်ဖြေလိုက်တယ်။ ဒီအခါမှာ အဖွားအိုက “အေး… အေး… ပထမတစ်ခွက်ပဲ ချမ်းတာပ…” လို့ ရှမ်းသံခပ်ဝဲ၀ဲနဲ့ ပြောပြီး အိမ်ပေါ်ပြန်တက်သွားသတဲ့…။

ဒီတော့ကာ မြို့ကြီးသား ကိုလူလည်က အဖွားအိုရဲ့ “ပထမတစ်ခွက်ပဲ ချမ်းတာပ…” ဆိုတဲ့ စကားကို သေသေချာချာ ပြန်စဉ်းစား… ပြီးတော့ ဟုတ်ပြီ ဆိုပြီး ကိုယ်ပေါ်ကို ရေလောင်း မချိုးခင်မှာ ရေတိုင်ကီထဲက ပထမဆုံး ရေတစ်ခွက်ကို ခပ်ယူပြီး ခပ်လှမ်းလှမ်းကို သွန်ပစ်လိုက် သတဲ့ကွယ်…။

ကဲ… ပုံပြင်လေးကတော့ ဒါပါပဲ…။
ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။

Friday, February 6, 2009

အဖြေရှာခြင်း

ခေါင်းတွေ အုံခဲကာ တဆစ်ဆစ်ကိုက်လို့နေသည်။
ဇက်ကလဲ တော်တော်နာနေသည်။ ခေါင်းကို ဘယ် ညာ လှည့်စောင်းကြည့်မိသည်။ နာလိုက်တာ…။
ပြီးတော့ ခေါင်းကို မော့ကြည့်မိသည်… အား.. ပိုတောင်ဆိုးသွားပါလား…။ သေသေချာချာလဲ မော့လို့မရ…။ ဒုက္ခပါလား…။ ဘာလုပ်ရရင် ကောင်းမလဲ။
ဆေး လိုက်ရှာနေမိသည်။ လိမ်းဆေး လိမ်းရင် ကောင်းမလား…။ သောက်ဆေး သောက်ရရင် ကောင်းမလား…။ ဆေးထိုး ဆေးသောက်၊ ဆေးလိမ်း စသည့် ဝေါဟာရတွေ နှင့် တော်တော်ဝေးဝေးမှာ နေလေ့ရှိသူတစ်ယောက် အဖို့ ဆေး ရှာပုံတော်ဖွင့်နေမည့်အစား ဘာကြောင့် ဤသို့ နာနေရသည်ကို အဖြေရှာဖို့ အရင် ကြိုးစားသင့်သည်ပဲ…။
အိုကေ.. ဒါဆို ဖြစ်နိုင်ချေ အရပ်ရပ်ကို စဉ်းစား တွေးတောခန်း ၀င်တော့မည်…။

*****


ပထမဆုံး စဉ်းစားမိသည်က တနေ့တာ အချိန် ၂၄ နာရီတွင် ၁၀ နာရီနီးပါး မျက်နှာအပ်၍ အချိန်ကုန်ရသော ရုံးမှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထား။ မော်နီတာကများ မြင့်နေသလား။ လူကို ကုလားထိုင်မှာ မတ်မတ်ထိုင်လိုက်လျှင် မော်နီတာကို မော့ကြည့်ရသလို ဖြစ်နေသလား…။ ကိုယ့်မျက်လုံး လယ်ဗယ် ထက်စာလျှင် မော်နီတာ က နိမ့်နေသင့်သည်။ ကိုယ်က ငုံ့ကြည့်နေရသလိုမျိုးဖြစ်နေလျှင် ပိုကောင်းသည် ဟု ဖတ်ရှု မှတ်သားထားဖူးသည်။ အချိန်မဆွဲတော့…။ ညကျရင် အိမ်မှာ ပေကြိုးရှာမည်။ နောက်တပါတ် ရုံးရောက်လျှင် တိုင်းတာမှုတွေ ပြုတော့မည်…။ လိုအပ်ရင် စားပွဲ နှင့် ကုလားထိုင် အနေအထားများကို နဲနဲ ပြောင်းလဲရမည်။

ဒုတိယအနေဖြင့် စဉ်းစားစရာ ကတော့ အနည်းဆုံး ၈ နာရီခန့် အိပ်ရသော အိပ်ရာ နှင့် ခေါင်းအုံး အနေအထား။ ကျောခင်းရသော မွေ့ယာ၏ အနေအထား၊ ထို့ထက်ပို၍ အရေးကြီးသည်မှာ ခေါင်းအုံး… ခေါင်းအုံး၏ အနိမ့် အမြင့်၊ အပျော့ အမာ… အိပ်၍ သက်တောင့်သက်သာ ဖြစ်မဖြစ် တို့ကို သေသေချာချာ စစ်ဆေးကြည့်ရမည်။ လိုအပ်ပါက သုံးလက်စများကို စိတ်လျှော့လိုက်ပြီး အသစ်ဝယ်သင့်လျှင် ၀ယ်ရမည်။ (အိပ်ကပ်ထဲက အကြွေတွေ အပြင်ကို မျက်စပစ်လို့နေ….)

တနေ့တာတွင် အလုပ်ချိန်နှင့် အိပ်ချိန်ကို နှုတ်လိုက်လျှင် အချိန်အပိုဆို၍ ၆ နာရီသာ ကျန်တော့သည်။ စေ့စေ့တွေးကြည့်တော့ ဘ၀ကြီးက တော်တော်ဆိုးလှပါလား ဟု ကိုယ့်ကိုယ်ကိုယ် သနားစိတ်ဖြင့် ဂရုဏာတွေးလေး (မဆီမဆိုင်) တွေးနေမိသေးသည်။ ဒါဆိုရင် ထိုကျန်သောအချိန် ၆ နာရီမှာ အိမ်က ကွန်ပျုတာရှေ့ မှာ ဘလော့ဂ်ဂင်းနေသည့် အချိန်၊ စာတိုပေစများ ရေးသားသည့် အချိန်၊ သူငယ်ချင်းများနှင့် တခါတရံ ချက်တင်း လုပ်သည့်အချိန် တို့မှာ အနည်းဆုံး ၂ နာရီလောက် တော့ရှိပေလိမ့်မည်။ အရေးထဲ အရင်တစ်ပါတ်ကမှ သူငယ်ချင်းတစ်ယောက်၏ ကောင်းမှုကြောင့် မျက်နှာ စာအုပ် (Face Book) ကို ဖွင့်မိလေသည်။ (ရပ်နီး ရပ်ဝေးမှ သူငယ်ချင်းများကို မိမိ၏ လက်ရှိ ဓါတ်ပုံလေးများပြ၍ အဆက်အသွယ် ပြုနိုင်သည်။ ဓါတ်ပုံရိုက် ၀ါသနာထုံသူများ၊ ဓါတ်ပုံထဲတွင် ပြုံးပြုံးလေးနှင့် ထာဝစဉ် လှနေတတ်သူများ၊ သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်း ပေါများသောသူများ အတွက် ပျော်စရာတော့ အကောင်းသား။ ဤကား စကားချပ်။)

လိုရင်းကို ပြန်ဆက်ရသော် ထိုထိုသော အကြောင်းများကြောင့် အရင်ကထက်စာလျှင် အိမ်မှ မော်နီတာကို မျက်နှာအပ်သည့်အချိန် အနည်းငယ် ပိုလာလေသည်။ ထိုအခါ အိမ်မှ ကွန်ပျူတာ - မော်နီတာနှင့် ကုလားထိုင် တို့၏ အနေအထားကိုလဲ ထည့်သွင်းစဉ်းစားရန် လိုပေလိမ့်မည်။ ပေကြိုး… ပေကြိုး… ပေကြိုး ဘယ်မှာလဲ။

တဖန် ကျန်သောအချိန် ၄ နာရီလောက်မှာ မအိပ်ခင် အိပ်ရာထဲမှာ ခွေခွေခေါက်ခေါက် လှဲလျောင်းရင်း မဖြစ်မနေ စာဖတ်သည့် အချိန် တစ်နာရီလောက်ကိုလဲ သတိထားကြည့်ဖို့ လိုကောင်း လိုပေလိမ့်မည်။ အဘယ်သို့သော အနေအထားနှင့် လှဲလျောင်း၍ စာအုပ်ကို ဘယ်ပုံဘယ်နည်းနှင့်ကိုင်ကာ စာဖတ်သင့်ပါသနည်း ဟု သေသေချာချာ စဉ်းစားရမည်…။ အနေအထား မမှန်ပါက မျက်စေ့လဲပျက်နိုင်ပြီး ဇက်လဲ နာနိုင်သည် ဟု ကိုကိုက ပြောနေသည်။ (ကြည့်မရတာ ကြာပြီ ဖြစ်သောကြောင့် ဆူချင် ပူချင်နေသည်ကို ထိန်းချုပ်ထားရသော အသံမျိုးဖြင့်…)

ဒါဆိုရင် ကျန်သောအချိန် ၃ နာရီမှာ ဘာတွေလုပ်သေးသနည်း…။ ကိုယ်လက် သန့်စင်၊ ရေမိုးချိုး၊ ချက်ပြုတ်၊ စားသောက်၊ ဟိုလျှောက် ဒီလျှောက်၊ အိမ်ရှင်း၊ မီးပူတိုက် စသည့် နေ့တဒူဝ ကိစ္စ များ… အင်း.. ဒါတွေကတော့ဖြင့် ခေါင်းကို မကိုက်စေနိုင်၊ ဇက်ကို မနာစေနိုင် ဟု ယူဆမိသည်…။
ဒါဆို ၂၄ နာရီကုန်ပြီပဲ။

*****

ခေါင်းကိုက်ရခြင်း နှင့် ဇက်နာရခြင်းတို့၏ ဖြစ်နိုင်ချေရှိသော အကြောင်းရင်းများကိုတော့ဖြင့် ရှာဖွေ၍ ပြီးလေပြီ။ ဒီရုံးပိတ်ရက် နှစ်ရက်မှာ ထိုအရာတွေအားလုံးကို အသေးစိတ် လေ့လာ အဖြေရှာမည်။ ပြီးတော့ နောက်တပါတ် ရုံးဖွင့်ရင် ရုံးမှ အနေအထားကို လေ့လာမည်။ ပြောင်းလဲ သင့်တာတွေကို ပြောင်းလဲကြည့်မည်။ လိုအပ်သော ပြောင်းလဲမှုများကို ပြုပြီးသကာလမှာ ကိုယ့်ကိုယ်ကိုယ် တပါတ် ဆယ်ရက်လောက် အခြေအနေ စောင့်ကြည့်မည်။ တိုးတက်မှု ရှိပါက ပိုစ့်အသစ်တစ်ခုတင်၍ အပေါင်းအသင်းများကို အသိပေးမည်။ ထူးခြားမှု မရှိပါက… အင်း… ဆေးခန်းသွားပြီး လိုအပ်သော ကုသမှုများကို ပြုလုပ်ရပေတော့မည်။


Monday, February 2, 2009

ပျော်စရာ သီချင်းများ

အရင်ပိုစ့်မှာ မပျော်လို့ သီချင်းတွေဆိုခဲ့တာကို အားပေးပြီး အတူတူ သီချင်းလိုက်ဆိုသွားကြတဲ့သူတွေကို ကျေးဇူးတင်ပါတယ်..။ အဲဒီနေ့ က အချိန်မရလို့ သီချင်းလင့်ခ်တွေ မတင်လိုက်ရဘူး။ အခု အဲဒီသီချင်းတွေကို အပျင်းပြေ နားထောင်လို့ရအောင် တင်ပေးလိုက်ပါတယ်။

သီချင်းလင့်ခ်တွေတင်ဖို့  သီချင်းတွေကို Upload လုပ်မယ်လဲဆိုရော ပထမဆုံး ဆိုမိတဲ့ ဇော်ဝင်းထွတ် သီချင်းကို အိမ်မှာရှာတာ ရှာတာ... “ဘယ်လိုရှာရှာ မတွေ့ တော့ဘူး“ ဖြစ်သွားတယ်။ နောက်နေ့ တွေကျမှ သေသေချာချာ ထပ်ရှာကြည့်ပါအုံးမယ်…

ဒုတိယတစ်ပုဒ် ဖြစ်တဲ့ ထွန်းအိန္ဒြာဗိုလ် ရဲ့ ဓါတ်ပြားဟောင်းတစ်ချပ် ကတော့ ရှာလို့တော့ဖြင့် တွေ့ ပါရဲ့… သူ့ ရဲ့ CD က ခိုးကူးလို့ မရအောင် လုပ်ထားတဲ့ Protected CD ဖြစ်နေပြန်တယ်။ ဒါနဲ့ ပဲ Upload လုပ်လို့ မရ… စိတ်လျှော့လိုက်ရတယ်။

မေဆွိရဲ့ အတ္တ ကိုတော့ မေဆွိ ဗားရှင်းနဲ့  မတွေ့ သေးဘူး။ လောလောဆယ်မှာ အဆင်သင့်ရှိနေတဲ့ ချောစုခင် ရဲ့ အတ္တ ကိုပဲ တင်ပေးလိုက်ပါတယ်…။ နားထောင်ကြည့်နော်။


“ဒီတညတော့ မင်းရင်ခွင်မှာ အိပ်ဖို့ ရောက်လာပြီ… အချစ်ကလေးရယ်… တံခါးဖွင့်တော့ကွယ်… “
ဆိုတဲ့
ခင်မောင်တိုး ရဲ့ တံခါးဖွင့်ပါ သီချင်းလေးကတော့ ကိုယ်အမြဲတမ်း နှစ်နှစ်သက်သက် နားထောင်နေကျ သီချင်းလေးမို့  လွယ်လင့်တကူပဲ တင်လို့  ရခဲ့ပါတယ်…။ စိတ်တွေမပျော်တဲ့အချိန်မှာ လာလည်ဖို့  တံခါးဖွင့်ပေးကြမယ်လို့  ဆိုလာတဲ့ ညီမလေးတွေကိုလဲ ကျေးဇူးတင်ပါတယ်နော်…။

နောက်တစ်ပုဒ်က မေဆွိရဲ့
လူတွေသိလေ ပိုကောင်းလေ တဲ့…။ တေးရေးသူက ကိုင်ဇာပါ။ သေသေချာချာ ပြန်တွက်ကြည့်ရင် လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ ကျော် က သီချင်းလေး… ကလေးဆန်ပေမယ့် အလွန် ချစ်စရာကောင်းတဲ့ သီချင်းလေးပါ…။

နောက်တစ်ပုဒ်ကတော့ ဇော်ဝင်းထွတ်ရဲ့ ရှင်သန်ခြင်း ပါ။
လှပတဲ့ နေ့ သစ်တွေထဲမှာ အတူတူ ဆက်လက် ရှင်သန်ဖို့  အားအင်တွေပေးတဲ့ သီချင်းလေးတစ်ပုဒ်မို့ နားထောင်လို့ ကောင်းသလို လိုက်ဆိုလို့ လဲ အလွန်ကောင်းတဲ့ သီချင်းလေးပါ…။

ဒီသီချင်းလေးတွေအပြင် အခုတလော အိမ်မှာ နားထောင်ဖြစ်နေတဲ့ သီချင်းလေးတွေကိုလဲ တင်ပေးလိုက်ပါတယ်။ တူးတူး၊ စိုးလွင်လွင်၊ ဆောင်းဦးလှိုင်၊ မေဆွိ၊ မီမီဝင်းဖေ၊ အောင်ရင်၊ ခင်မောင်တိုး၊ ပိုးဒါလီသိန်းတန်၊ ဗဒင်၊ မိုးသက်တင် တို့ရဲ့ဟိုးတုန်းက သီချင်းဟောင်းလေးတွေပါ။


တူးတူး - မိဆိုး

တူးတူး - သူ

စိုးလွင်လွင် - ငယ်ငယ်တုန်းကထက် ပိုချစ်မယ်

စိုးလွင်လွင် - လွယ်အိပ်အနီလေး

စိုးလွင်လွင် - ရိုးမြေကျ (ကောင်မလေး)

ဆောင်းဦးလှိုင် စည်သူလွင် အဲလက်စ် - အချစ်ကိုဦးစားပေးခဲ့သူ

မေဆွိ - နှုတ်စကားကြားမှ ယုံလိုသူ

မေဆွိ - ဘီးနံပါတ် OK 0122L

မီမီဝင်းဖေ - တိတ်တခိုး အချစ်

မီမီဝင်းဖေ - အိမ်မက်ထဲက ရထားကြီး

ပိုးဒါလီသိန်းတန် - အင်းလျားမှ ဆုံစို့ ကွယ်

အောင်ရင် - ရင်ခုန်သံ

ခင်မောင်တိုး - ဝေးခဲ့ပြီ ပန်းခရမ်းပြာ

ခင်မောင်တိုး - ၀တ်မှုန်

ဗဒင် - နေရာ

မိုးသက်တင် - ၀ါဆို

ကိုယ်နဲ့  အသက်အရွယ် မတိမ်းမယိမ်း ရှိကြသူတွေကတော့ ကြားဖူးပြီးသား နှစ်သက်ပြီးသား သီချင်းလေးတွေဖြစ်မယ်လို့  မျှော်လင့်ပါတယ်။ အလုပ်တွေများပြီး စိတ်တွေ မပျော်တဲ့အချိန်တွေမှာ သီချင်းလေးတွေ နားထောင်ရင်း စိတ်ပျော်ရွှင်နိုင်ကြပါစေ လို့  ရည်ရွယ် ဆုတောင်းလိုက်ပါတယ်။

လင့်ခ်တွေကို Download လုပ်လို့ မရ၊ နားထောင်လို့ မရတဲ့ သီချင်းများရှိခဲ့ရင်လဲ ပြောပါနော်။ နားထောင်ချင်တယ်ဆိုရင် E Mail နဲ့ ပို့ ပေးပါ့မယ်...။