Monday, March 29, 2010

ရပ်ကွက်ထဲမှာ ဒီလိုပဲ (၃)

ယခုတလော ရပ်ကွက်ထဲတွင် အပေါင်းအသင်း ရောင်းရင်းတွေ ဘာဖြစ်နေကြသည် မသိ။ ထိုဇာတ်လမ်းကိုလည်း မည်သူက မည်သို့မည်ပုံ စတင် လိုက်သည် မသိ…။ သည်လို အဖြစ်မျိုး လောကမှာ ရှိသလား ဟု မေးယူရလောက်အောင်ပင် ထူးဆန်းသော အခြင်းအရာတခု ဖြစ်ပွားနေလေသည်။

အကြောင်းရင်းကား ဤသို့…။
ရပ်ကွက်ထဲတွင် လတ်တလော ရေးသားကြသမျှ ပိုစ့်အသစ်တွေမှာ ထို ထိုသော နာမည် တခု ပါမှ ခေတ်မီတော့မည် ဟု ဆိုနေကြသည်။ ထိုအခါ ဘလော့ဂ်ဂါ အများ အပြားတို့သည် ၄င်းတို့၏ ပိုစ့်များတွင် ထိုနာမည် ပါအောင် ထည့်သွင်း ရေးသားကြလေသည်…။ အဲ… မရေးကြရသေးသော သူများကလဲ ၄င်းတို့၏ ပိုစ့်အသစ်များတွင် အနှီ အမည် နာမကို မပါ ပါအောင် မည်သို့မည်ပုံ ဆွဲယူ ဆက်စပ်ကာ ထည့်သွင်း ရေးသားသွားကြရမည်နည်း ဟု တွေးသူက တွေး… မည်သည့်နည်းနှင့်မဆို ထိုအမည်ကို မပါ ပါအောင် (ဇွတ်) ထည့်ကို ထည့်ရေးမည်ဟု ဆုံးဖြတ်ချက် ခိုင်ခိုင်မာမာ ချသူတွေက ချ…။ ထူးဆန်းပေစွ…။

ထိုကာယကံရှင်ကမူ သူ၏ အမည် နာမကို ပိုစ့်များထဲတွင် ထည့်သွင်း ရေးသားနေကြခြင်းနှင့် စပ်လျဉ်း​၍ ဘလော့ဂ် သတင်းဌာနသို့ ဤသို့ အတိအလင်း ပြောကြားသွာသည်။

“အရမ်းထည့်ရင် ဈေးပေါသွားမယ်… နား နားပြီး ထည့်ပါရန်…” ဟူ၏။

ထိုမျှသာမက နာမည်ကြီး အနှီလူသား သည် ယခု လက်ရှိ အခြေအနေတွင်
“ဟာ ဟ... မနေတတ်တော့ဘူး… မနေတတ်တော့ဘူး... မနေတတ်တော့ဘူး…”
ဟူ၍လည်း တကိုယ်တည်း မရပ်မနား ရေရွတ်နေသေးသည်…။ အခြေအနေ မကောင်းလှ…။ ထင်ပေါ် ကျော်ကြားမှု ဒါဏ်ကို မခံနိုင်ခြင်းပေလော…။ သို့တည်းမဟုတ် တံတား တခုခုနှင့် နီးနေခြင်းကို ပြသနေခြင်းပေလော…။

ကာယကံရှင်၏ နောက်ဆုံး အခြေအနေနှင့် သူပြောသွားသော စက်ရပ် သတင်းစကား မှာမူ “နာတော့ ရူးပြီကွာ…” ဟူ၏။

အလို… ကာယကံရှင်ကား စကားသော်မှ သေသေချာချာ မပီသ သေးချေ။ အဘယ်ကြောင့် နာမည်သတင်း ကျော်ကြားနေခြင်းပါလိမ့်…။

ခိုင်လုံသော သတင်းရပ်ကွက်မှ ကြားသိရသော သတင်းအရ သူ နာမည်ကြီးရခြင်း အကြောင်းရင်းမှာ နံပါတ်စဉ် များစွာထိုးကာ မရှည် ရှည်အောင် အတင်း ဆွဲဆန့်ရေးသားထားသော သူ၏ ခရီးသွားပိုစ့်များ… စာ တလုံး နှစ်လုံး နှင့် ဓါတ်ပုံများ ရောစပ်ထားသော အမည်တပ်ရခက်သော ဟိုအကြောင်း ဒီအကြောင်း ပိုစ့်များ… စားဖွယ်သောက်ရာများကို လက်သည်းနီ၊ ပိုက်ဆံအိပ် စသည်တို့နှင့် တွဲဖက်ကာ လူအများ စိတ်ဝင်စားစေသော ပိုစ့်များ... ငယ်စဉ် တောင်ကျေး ကလေးဘဝက မှတ်တမ်းတင်ထားသော ဓါတ်ပုံများကို လူမြင် သူမြင် ထုတ်ပြထားသော ပိုစ့်များကြောင့် ဟူ၏။ နာမည်ကြီးချင်သူများအဖို့ သူ့အလိုလိုနေရင်း ကြံဖန်ပြီး နာမည်ကြီးခြင်းပင်…။ အတုယူချင်စရာ…။

သို့သော် လူအများသည် ကာယကံရှင်၏ လက်ရှိ အခြေအနေကို နည်းနည်းမှ စိတ်မဝင်စားနိုင်ပဲ မိမိတို့၏ ပိုစ့်များတွင် ထို အမည်နာမ ပါဝင်နိုင်ရေး နှင့် ဘလော့ဂ်ဘောင်ကြီးတွင် အများနည်းတူ ခေတ်မီသော လူသားတယောက် အဖြစ် တပြေးညီ ရပ်တည် ရင်ဘောင်တန်းနိုင်ရေးကိုသာ သူ့ထက်ငါ ရှေးရှုနေကြလေသည်။

ထိုအခါ ကျွန်ုပ်သည်လည်း အများနည်းတူ ခေတ်မီချင်လှသူပီပီ ထိုပုဂ္ဂိုလ်၏ အမည်နာမ ပါဝင်သော ပိုစ့်အသစ်တပုဒ် ဖြစ်ပေါ်ရေးကို ဦးတည်၍ ပိတ်ရက်နှစ်ရက်တွင် နေ့နေ့ ညည အိပ်၍ နားနား နေနေ စဉ်းစား တွေးတောကာ ကြိုးစား အားထုတ်လိုက်ရာ ယခုကဲ့သို့ ပိုစ့်အသစ် တပုဒ် အောင်မြင်စွာ ဖန်တီးလိုက်နိုင်ချေပြီ…။ ထိုအတွက်လည်း ငါတော့ဖြင့် ခေတ်မီသူတယောက် ဖြစ်သွားချေပြီ… ဟု ကိုယ့်ကိုယ်ကိုယ် အတိုင်းမသိ ဂုဏ်ယူ ဝမ်းမြောက်မိနေလေတော့သည်…။

ပုံ/
ခေတ်မီသွားသူ



မှတ်ချက် ။
ပိုစ့်တပုဒ်လုံး ဆုံးသွားမှ သတိထားမိတယ်… ခေတ်မီချင်လွန်းလို့ ရေးပြီး သူ့နာမည် တလုံးမှ ပါမသွားဘူး… အခုမှ ရေးရမယ်... လာ လေ ရော့ . . .
ကြံဖန် နာမည်ကြီးနေသူ TZA ... TZA TZA TZA


(ဘုရား… ဘုရား… တော်သေးပါရဲ့… လက်မတင်လေး… အချိန်မီ ရေးထည့်လိုက်နိုင်ပေလို့… ခွိ ခွိ… … …)

Saturday, March 27, 2010

လျှို့ဝှက်ခြင်း၏ အသံ

ထိုတံခါးချပ်တို့ကို ပိတ်ထားသည်မှာ နှစ်ကာလအားဖြင့် အတော်ကြီး ကြာမြင့်နေခဲ့ပြီ။ ထိုသို့ ကာလတာရှည်ကြာအောင် ပိတ်ထားခဲ့ခြင်းကြောင့် သော်လည်းကောင်း၊ ရာသီဥတုဒါဏ် မိုးဒါဏ် လေဒါဏ်များကြောင့် သော်လည်းကောင်း၊ အတန်ငယ်ဟောင်းနေသော ထိုတံခါးရွက်များသည် မည်သည့်နည်းနှင့်မျှ အလွယ်တကူ ဖွင့်၍ မရနိုင်ဟု သေသေချာချာ ယုံကြည်ထားမိသည်…။ ထိုယုံကြည်ချက်တို့ကြောင့်ပင် ထိုတံခါးချပ်တို့ကို ဖွင့်ကြည့်ရန်လည်း တခါမျှ မကြိုးစားမိချေ။ ဖွင့်စရာ အကြောင်းကြီးငယ်လဲ မရှိခဲ့ဖူးပါ…။ သို့သော်…

*****

တနေ့…
ထိုနေ့က တမနက်လုံး သာယာကြည်လင်သော ရာသီဥတုနှင့် ကောင်းကင်ကြီး တခုလုံး တိမ်သား မိုးသားများ ကင်းစင်ကာ ပြာလွင် ကြည်စင် လှပနေပါသည်။ ထိုသို့ ကြည်လင်လှပသော ကောင်းကင်ကြီးသည် ရုတ်ချည်း မှိုင်းမှုန်ပြီး မိုးများ သည်းသည်း ထန်ထန် ရွာချလာလိမ့်မည်ဟု မည်သူကမှ မခန့်မှန်းနိုင်ခဲ့ပါ။ သို့သော် ထိုနေ့က မိုးတွေ သည်းကြီး မည်းကြီး ရွာသွန်းခဲ့ပါသည်။

မိုးသံတွေဖြင့် ဆူညံနေသော အချိန်မှာ ကာလအတန်ကြာ တင်းတင်းစေ့ပိတ်ထားသော တံခါးချပ်တို့ကို အပြင်မှနေ၍ ခပ်ဖွဖွ ရိုက်ပုတ်သံ တခုကို ကြားလိုက်ရသည်။ ဘယ်လိုပါလိမ့်… သည်လိုအချိန်မျိုးမှာ သည်တံခါးကို ခေါက်မည့်သူ၊ သည်တံခါးကို လာဖွင့်ခိုင်းမည့်သူ တဦးတယောက်မှ မရှိနိုင်ပါဟု စိတ်ဒုံးဒုံးချ ယုံကြည်ထားခဲ့သည်ပဲ…။ သည်းထန်နေသော မိုးရေစက်တွေကြားမှာ ရောနှောကာ ကြားလိုက်ရသော တံခါးခေါက်သံတွေ…။ စိတ်ထဲကပဲ ထင်နေတာလား… သစ်ကိုင်း သစ်ရွက် တခုခုကများ လေတိုက်ရင်း မတော်တဆ လာရောက် ရိုက်ခတ်မိသည်လား… သို့မဟုတ် တကယ်ပဲ တံခါးကို တစုံတယောက်က လာခေါက်နေတာလား…။ မဖွင့်တာ ကြာပြီမို့ ဖွင့်ရခက်နေမှာ သေချာလှသော တံခါးရွက်တို့ကို ဘယ်သူက လာဖွင့်ခိုင်းသည်လဲ…။ အံ့သြစရာ ပြီးတော့ မယုံနိုင်စရာ… အသံလာရာကို သေသေချာချာ စူးစိုက်၍ နားထောင်ကြည့်မိသည်။ ဟော… ကြားရပြန်ပြီ… သည်တကြိမ်တွင်မတော့ ထိုအသံသည် ဟိုးခပ်ဝေးဝေးမှ လာနေသလို…။ အာရုံများကို စုစည်း၍ နောက်တကြိမ် ပြန်နားထောင်မိသည်။ တံခါးခေါက်သံတွေသည် နီးနီးလေးမှ လာလိုက်၊ ခပ်ဝေးဝေးမှ လာလိုက်နှင့် ခပ်စိတ်စိတ် ဆက်တိုက် ဆက်တိုက် ဆိုသလို ကြားနေရသည်…။

မိုးတွေ လေတွေထဲမှာ ထိုတံခါးကို သွားဖွင့်ရန် သင့် မသင့် စဉ်းစားရင်း တွေဝေနေမိသည်။ သေချာသည်ကတော့ ထိုတံခါးသည် မည်သည့်နည်းနှင့်မျှ အလွယ်တကူ မပွင့်နိုင်…။ တကယ်ဖွင့်ရန် လိုအပ်လာပြီ ဆိုလျှင်တော့ ကြိုးစားပမ်းစား ဖွင့်ရပေမည် ဟု တွေးနေမိသည်။ တံခါးရွက်မှာ ချောင်းကြည့်ပေါက်လေး မထည့်ထားမိသည်ကို မဆီမဆိုင် တွေးရင်း နောင်တ ရချင်သလိုလို။ ထိုသို့ တွေးနေရင်းမှာပင် မိုးသံတွေ နည်းနည်းစဲသွားသည်။ တံခါးခေါက်သံတွေသည်လဲ ကျဲပြီး လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ တချိန်လုံးခေါက်နေတာကို လာမဖွင့်လို့ လက်လျှော့သွားပြီ ထင်ပါရဲ့…။

နောက်တနေ့ မနက်မှာ အပြင်ဖက်မှာ ရာသီဥတု သာယာကြည်လင်နေပြီ။ ကြပ်ပြီး အဖွင့်ရခက်နေမှာ သေချာနေသော ထိုတံခါးကို အပြင်ဖက်မှ သွားကြည့်မိသည်…။ အနီးအနားမှာ လေဝှေ့လျှင် အသံပြုတတ်သော သစ်ရွက်ခြောက်များ၊ သစ်ကိုင်းခြောက်များ ရှိနေပါက ဖယ်ရှားထားမည် ဟူသော အတွေးတို့ဖြင့် ကြည့်မိခြင်းပင်။ သို့သော် တကယ်တမ်းမှာ တံခါးချပ်တွေ၏ အပြင်ဖက်မှာ ဘာ အနှောက်အယှက်မျိုးမှ ရှိမနေ။ အားလုံး ရှင်းရှင်းလင်းလင်း သပ်သပ်ရပ်ရပ်…။ ရှိစေတော့လေ…

သည်လိုနှင့် ရက်ပေါင်းများစွာ ကျော်လွန် ဖြတ်သန်းလာခဲ့သည်။ လူ့လောက၏ များပြားလှသော တာဝန် ဝတ္တရားများကြားမှာ ရှင်သန် ကျင်လည်နေရသော်လည်း မိုးသည်း ညနေက ကြားခဲ့ရသော တံခါးခေါက်သံတို့ကိုကား တနေ့မှ မေ့မရခဲ့…။ သည်တခါ တံခါးခေါက်သံ ကြားလာရလျှင်တော့ဖြင့် မဆိုင်းမတွ ဖွင့်နိုင်ရန် စိတ်ထဲမှာ ကြိုတင် ပြင်ဆင်ထားခဲ့မိသည်။ ထိုမျှသာမက တံခါးသံတို့ကိုလည်း အချိန်တိုင်းလိုလို သတိထား နားစွင့်နေမိသည်။ မတော်တဆ အိပ်နေချိန်မှာများ တံခါးခေါက်လာခဲ့သော် မကြားလိုက်မှာ စိုးထိတ်သော စိတ်အစဉ်တို့ဖြင့် နိုးတဝက် အိပ်တဝက် ညပေါင်းများစွာကို ဖြတ်ကျော်ခဲ့ရသည်။ အိပ်ပျက်ညများ ဆက်တိုက်ဖြစ်လာသောအခါ ကျန်းမာရေးလဲ ချို့ယွင်းလာသည်။ သို့သော်လည်း မိုးညနေက ကြားခဲ့ရသော တံခါးခေါက်သံမျိုးကိုမူ တခါမှ ထပ်မကြားရတော့ချေ…။ စိတ်ထဲမှာ ယူကျုံးမရ နောင်တတွေဖြင့်…

*****

သည်နေ့မနက် အိပ်ရာအနိုး အပြင်မှာ နှင်းတွေကျနေသည်ကို တွေ့ရသည်…။ မြူတွေ နှင်းတွေနှင့်မို့ မနက်ခင်းက စိုစွတ်စွတ် အေးစက်စက်…။ အေးချမ်းမှုကို အန်တုရန် စောင်ထဲ အသာပြန်ဝင်ပြီး နွေးစေခဲ့သည်။ ထိုအချိန်မှာပဲ… ထိုအချိန်မှာပဲ… တံခါးရွက်တို့ကို လက်ဖြင့် ခပ်ဖွဖွ ရိုက်ပုတ်သံလေးကို ဒုတိယအကြိမ်အဖြစ် ကြားခဲ့ရတာ…။ အိုး… သူ ပျော်ရွှင်လှသည်လေ…။

စိတ်ထဲတွင် အတော်ကြီး ခက်ခက်ခဲခဲ ဖွင့်ရမည်ဟု တွေးထင်ထားသော တံခါးချပ်တို့ဆီသို့ အပြေးကလေး သွားမိသည်။ ပြီးတော့ စိတ်လှုပ်ရှား ပျော်ရွှင်မှုတို့ကြောင့် အေးစက်နေသော လက်ချောင်းလေးများသည် တံခါးချက်ဆီသို့…။ အို… တံခါးချက်တွေက ထင်ထားသလို ကြပ်မနေကြပါလား…။ ပြီးတော့ တံခါးရွက်တွေကိုလည်း ထင်ထားသည်ထက် လွယ်ကူ ချောမောစွာ သက်တောင့်သက်သာပင် တွန်းထုတ် ဖွင့်လှစ်လိုက်နိုင်သည်။ ထို့နောက် တံခါးပွင့်သွားသောအခါ တံခါးခေါက်သံများ၏ ပိုင်ရှင်ကို ရှာမိသည်။ သို့သော် ဘာမျှ မတွေ့…။ နောက်တကြိမ် သေသေချာချာ ထပ်ရှာကြည့်မိပြန်သည်။ နှင်းတွေ မြူတွေ ပိတ်ဆည်းနေသောကြောင့် မတွေ့ မမြင်ရတာများလား…။ ထိုအခါ သိပ်ချစ်ခဲ့ဖူးသော ဖြူလွလွ နှင်းပွင့်များကို ပထမဆုံးအကြိမ်အဖြစ် မုန်းတီး ရန်လိုမိတော့သည်။

တံခါးခေါက်သံသာ ကြားရပြီး တံခါးကို ဖွင့်လိုက်ချိန်တွင် ဘာမှ မတွေ့ရသောကြောင့် စိတ်ထဲတွင် ကသိကအောက် ဖြစ်မိသည်မှာ ဆိုဖွယ်ရာ မရှိ။ တကယ်ဆို တံခါးကို ခေါက်ပြီးပါက တံခါးဖွင့်လာမည့် တခဏတာ အချိန်လေးကို စိတ်ရှည်လက်ရှည်များ စောင့်ပါအုံးတော့လား ဟု မချင့်မရဲ ဖြစ်မိသည်။ သို့တည်းမဟုတ် အုံ့ဆိုင်း ဝေမှိုင်းနေကြသော နှင်းထု၏ သိပ်သည်းဆကြောင့်ပဲ တံခါးခေါက်သူကို မမြင်ရလေသလား… တံခါးကို ခေါက်ရုံသာ ခေါက်ပြီး အဘယ်ကြောင့် ကိုယ်ရောင်ဖျောက် သွားရပါသနည်း… မည်သို့မှ စဉ်းစား၍ မရနိုင်သော အတွေးများဖြင့် နေ့ရက်များစွာ ချာချာလည်နေတော့သည်။

အမှန်ဆိုရပါလျှင် ဤတံခါးကို ချက်ထိုး သော့ခတ်ပြီး အသေပိတ်ချလိုက်နိုင်သော်လည်း မသိစိတ်မှာ ဖြစ်တည်နေသော သံယောဇဉ်တို့ကြောင့် နောက်တကြိမ် ကြားလာရမည့် တံခါးခေါက်သံ တိုးဖွဖွကို (မသေချာ မရေရာမှုများစွာကြားမှပင်) စောင့်ကြည့် မျှော်လင့်၍ နေချင်ပါသေးသည်။ ထို့အပြင် တံခါးရွက်များ၏ နောက်ကွယ်တွင် တတိယအကြိမ် တံခါးခေါက်သံကို ကြားလာရလေနိုးဟု စိတ်ရှည်စွာ မျှော်လင့် စောင့်ဆိုင်းနေသူ တယောက် ရှိနေကြောင်းကိုလည်း တံခါးလာခေါက်သော သူ သိစေချင်လှပါသည်။

Thursday, March 25, 2010

ကျောင်းတော်သာ

ဒီနေ့ Facebook က Status မှာ "ဘာရေးရရင် ကောင်းမလဲ..." လို့ ရေးလိုက်တော့ ချစ်စရာကောင်းတဲ့ ဘလော့ဂ် ရောင်းရင်းတွေက ရေးချင်တာ ရေးပါတဲ့… အားပေးမယ် တဲ့…။ တယောက်ကတော့ ပေါ့ပေါ့ပါးပါးလေးတွေ ရေးပါ… အလုပ်ပိနေလို့ တဲ့… ။ နောက်တယောက်ကတော့ ပေါက်ကရ ရေးပါတဲ့... နာမည်ကိုတောင် ပေါက်ကရ သက်ဝေလို့ ပြောင်းပေးသွားသေးတယ်...။ နောက် ညီမလေး တယောက်ကတော့ အထက်တန်းကျောင်းတုန်းက အကြောင်းတွေ ရေးပါတဲ့…။ ကျောင်းကို လွမ်းနေလို့ တဲ့…။ ဘုရားရေ… အထက်တန်းကျောင်းတုန်းက အကြောင်းတွေသာ ရေးရရင်တော့ ကိုယ်ငယ်ငယ်က ဆိုးတာတွေ ပေါ်ကုန်မှာပေါ့ လို့ ဘုရား တရင်း ပြောမိတယ်…။ ဒီတော့ သူက ဖုံးတန်တာ ဖုံး… ဖိတန်တာ ဖိ ပေါ့တဲ့…။

အိုကေလေ… ကိုယ်လဲ ကျောင်းကို လွမ်းတာပါပဲ…။ ဒီတော့ ကျောင်းနဲ့ ပတ်သက်လို့ စဉ်းစားလို့ရသလောက် ရေးကြည့်မယ် စိတ်ကူးတယ်…။ ပေါ့ပေါ့ပါးပါးလေးလဲ ဖြစ်တန်ကောင်းရဲ့ လို့ ယူဆရတာပဲ…။

ကိုယ် အထက်တန်းကျောင်း သက်တမ်းတလျှောက် မေမေက ဆရာမ ဆိုတော့… အဟဲ… ကျောင်းမှာ လိမ်လိမ်မာမာ နေရပါတယ်…။ စာတွေဘာတွေလဲ တော်... ဆုတွေဘာတွေလဲ ရပေါ့…။ ဆရာမ သမီးဆိုတော့ ဟိုနေရာ ပါရ ဒီနေရာ ပါရ နဲ့ တော်တော်တော့ လူအမြင်ကပ်ကြမှာ.. ကိုယ်က ငယ်သေးတော့ မသိဘူးရယ်…။ အခုမှ ပြန်တွေးကြည့်မိတာ… ဆိုးလိုက်တာ လို့…။

အသက် ၄ နှစ်မှာ မေမေ့ကျောင်းမှာ သူငယ်တန်းလိုက်တက်ပြီး စာမေးပွဲကို အပျော်ဖြေပြီး အောင်သွားတဲ့အခါ ၅ နှစ်နဲ့ ပထမတန်း ရောက်သွားတယ်…။ ပထမတန်းမှာ နေ နေရင်းနဲ့ အသက် ၁၆ နှစ်မပြည့်ရင် ဆယ်တန်း မဖြေရဘူးဆိုတဲ့ ကန့်သတ်ချက်ကြောင့် အဲဒီနှစ်မှာ သူငယ်တန်းကို တရားဝင် ပြန်ဖြေရတယ်…။ ပထမတန်းမှာလဲ စာမေးပွဲဖြေတယ်…။ (ဖြစ်ချင်တိုင်း ဖြစ်နေတဲ့ ကိုယ်ပေါ့…) အဲဒီ နှစ်မှာ သူငယ်တန်းကို တရားဝင် အောင်ပြီး ပထမတန်းကိုလဲ အောင်တယ်...။ ဒါပေမယ့် ဆယ်တန်းမှာ အသက်ပြည့်ဖို့အတွက် အဲဒီ ပထမတန်းမှာပဲ နောက်တနှစ် ပြန်နေခဲ့ရတယ်…။ အတန်းဖေါ်တွေက ဒုတိယတန်းကို တက်သွားတဲ့အခါ ကိုယ့်ကို ဆရာမသမီး စာမေးပွဲကျတယ် လို့ လာ လာပြောင်ကြတယ်…။ စိတ်မဆိုးပေမယ့် တမျိုးတော့ ဖြစ်တာပေါ့…။

ငါးတန်းမှာ ချစ်ရတဲ့ သူငယ်ချင်း (မိန်းကလေး) က ယောင်္ကျားလေးတွေနဲ့ ရောပြီး ဘောလုံးကန်နေတာကို ကွင်းစပ်ကနေ ရေဗူးလေး ကိုင်ပြီး စောင့်နေခဲ့ဖူးတယ်…။ ပထမအကြိမ် ကျောင်းတက် ခေါင်းလောင်း တီးတော့ သူ့ကို လာတော့ လို့ ခေါ်တာ မရဘူး..။ နောက် ၅ မိနစ်မှာ တခါ ထပ်တီးပြန်တော့လဲ သူက မရပ်နိုင်သေးဘူး…။ နောက်ဆုံး အတန်းထဲကို နောက်ကျပြီး ချွေးတွေ သံတွေနဲ့ ယောင်္ကျားလေးတွေနဲ့ အတူတူ ဝင်မိတော့ ကိုယ်တို့နှစ်ယောက်ထဲကို ဆရာမ ဆူတာ အမှတ်တရပါပဲ…။ အတန်းချိန် နောက်ကျတာချင်းအတူတူ ဟိုကောင်လေးတွေကျ အဆူမခံရဘူး လို့ ဆရာမကို စိတ်ထဲက ပြန်ပြောနေမိတဲ့ အခိုက်အတန့်လေးပေါ့…။ ယောင်္ကျားလေးနဲ့ မိန်းကလေး အခွင့်အရေး ကွာဟနေတာကို သတိပြုမိတဲ့ အချိန်လေး ဆိုလဲ မမှားပါဘူး…။

ပြီးတော့ အဲဒီ ငါးတန်းနှစ်မှာပဲ မြန်မာစာ ဖတ်စာအုပ် မပါလို့ ဆရာမ ရိုက်တာ ခံရဖူးတယ်…။ ကျောင်းသူဘဝမှာ ပထမဆုံး အရိုက်ခံရတာမို့ မေ့မရဘူး…။ ညာဖက် လက်ဖဝါးမှာ နီရဲသွားပြီး သိပ်နာတယ် လို့ ခုထိ ခံစားလို့ရနေတယ်…။

နောက် ရှစ်တန်းနှစ်မှာ တခါ အရိုက်ခံရသေးတယ်…။ ပထဝီ အချိန်မှာ ကမ္ဘာ့ ပထဝီနဲ့ မြန်မာ့ ပထဝီ ဖတ်စာအုပ် မှားယူလာမိလို့…။ လက်ဖြန့် ဆိုတော့ ဘယ်ဖက်လက်ကို ဖြန့်ပေးလိုက်တယ်။ ညာဖက်ဆို ပိုနာတယ်လို့ ဘာလို့ တွေးနေမိမှန်း မသိဘူး…။ ကိုးတန်းနှစ်ကတော့ ကျောင်းမှာ အပျော်ဆုံးနှစ်ပဲ…။ Stress သိပ်မများလို့ လို့ ထင်တာပဲ…။ ဘာတွေ ပျော်နေမှန်းကို မသိဘူး… ပျော်တာတော့ အလွန်ပျော်ပဲ…။ ဆယ်တန်းရောက်တော့ နဲနဲတော့ စိတ်ညစ်ရတယ်… ကျူရှင်တွေ တက်ရလို့…။

ဒီလိုနဲ့ ဆယ်တန်းရောက်တဲ့အထိ တခါမှ ကျောင်းမပြေးဖူးတာမို့ နေအုပ်မှာ ကျူရှင်တက်ရင်း ငါတို့ ကျောင်းပြေးရအောင်လို့ သူငယ်ချင်း (ငါးတန်းမှာ ဘောလုံးကန်တဲ့ သူငယ်ချင်းပဲ) နဲ့ တိုင်ပင်ပြီး နေအုပ်ကျူရှင်အပြီး မနက် ၉ နာရီမှာ ကျောင်းကို ပြန်မသွားပဲ အဲဒီ အနီး အနားတဝိုက် လျှောက်ကြည့်ကြတယ်…။ မေမေ့ကိုတော့ နေအုပ်က အချိန်ပို ခေါ်တယ်လို့ ပြောထားခဲ့တယ်…။ အဲဒီ သူငယ်ချင်းနဲ့က ဘယ်သွားသွား အတူတူ၊ ကျူရှင်တွေလဲ အားလုံး အတူတူဆိုတော့ သူနဲ့ဆို မေမေတို့က အိုကေ ပြီးသား…။ ဒီလိုနဲ့ ကုန်ဈေးတန်းတို့ ဘာတို့ တဝိုက် တွေ့တာတွေ ဝယ်စားပြီး အဖြူ အစိမ်းဝတ်ပြီး လွယ်အိပ် တယမ်းယမ်းနဲ့ တမနက်လုံး လျှောက်သွားကြတယ်…။ မှတ်မိသလောက်ကတော့ မုန့်ဟင်းခါး ဝယ်စားတယ်။ ပြီးတော့ ဘယာကြော် ဝယ်စားကြတယ်…။

ပြဿနာက အဲဒီသူငယ်ချင်းက ကွမ်းစားချင်တယ်တဲ့…။ အင်းလေ.. စားချင်ရင် စားပေါ့ လို့ ပြောပြီး လူလည်လုပ်ပြီး ကွမ်းယာ အချိုတွေ ဝယ်ကြတယ်…။ ဝယ်ပြီးမှ သတိရတာက ကွမ်းစားရင် ပါးစပ်တွေ နီကုန်ရင် ကျောင်းပြန်ရောက်တော့ ဆရာမတွေ ချက်ချင်း ရိပ်မိမှာပေါ့ လို့…။ အမလေး.. တော်သေးရဲ့.. တော်သေးရဲ့… လို့ အခါတသိန်းရွတ်ပြီး ဝယ်လာတဲ့ ကွမ်းယာတွေကို အင်္ကျီအိပ်ထဲ ကိုယ်စီ ထည့်လိုက်ကြတယ်…။ ဒီလိုနဲ့ နေ့လည် မုန့်စားကျောင်းဆင်းချိန်မှာ ဟန်မပျက် ကျောင်းကို ချောချောမောမော ပြန်ရောက် လာခဲ့ကြတယ်…။ အတန်းထဲမှာ အိနြေ္ဒရရလေးတွေ ဝင်ထိုင်နေကြပြီး ကိုယ်တိုင်လဲ ငါတို့ကျောင်းပြေးဖူးသွားလေပြီ… ဘယ်သူမှ မရိပ်မိပါ… လို့ အကျေနပ်ကြီး ကျေနပ်နေကြလေရဲ့…။

ကျောင်းတက်ခေါင်းလောင်းထိုး အတန်းထဲကို ဆရာမ ဝင်လာပြီးတော့ လေ့ကျင့်ခန်း စာအုပ်တွေ လာထပ်ကြလို့ ပြောတော့ အတန်းရှေ့ ဆရာမရှေ့သွားပြီး စာအုပ်ထပ်ရတယ်…။ အဲဒီမှာ…. အဲဒီမှာ… လား.. လား… ကိုယ်တို့ နှစ်ယောက်စလုံးရဲ့ အင်္ကျီအိပ်တွေမှာ ကွမ်းယာအထုပ်ထဲက အနီရောင်တွေက စိမ့်ပြီး စွန်းနေကြတာလေ…။ ဒီလိုနဲ့… ဒီလိုနဲ့… ကိုယ်တို့နှစ်ယောက် ကျောင်းပြေးပြီး မြို့ထဲမှာ ယောင်နေကြတာရော၊ မိန်းကလေးတန်မဲ့ ကွမ်းယာတွေ စားမလို့ ဝယ်လာကြတာရော ပေါ်သွားပြီး အဆူတွေ တပုံကြီး ခံရပါရောလား…။

ကျောင်းမှာက ဆယ်တန်းဆိုရင် ဝိုင်းကျူရှင်တွေတက်ကြ၊ အိမ်မှာပဲ စာတွေ ကျက်ကြနဲ့ အောက်တိုဘာလ လောက်ဆို အတန်းထဲမှာ လူတော်တော်ပါးနေပြီ။ ကိုယ်တို့တဖွဲ့ကတော့ ကျောင်းမှာ၊ ဆရာ၊ ဆရာမတွေ အနားမှာပဲ စာကျက်ရင်း၊ မသိတာ နားမလည်တာတွေ မေးရင်း စာမေးပွဲဖြေဖို့ ကဒ်ပြားထုတ်တဲ့ နေ့အထိ ကျောင်းတက် မပျက်ဖူး…။ စာတွေကျက်ရင်း အချစ်တော်တွေကလဲ ဖွဲ့ကြရသေး၊ စာတွေလဲ အပြန်အလှန် ရေးကြရသေးတာ။ ပြီးတော့ ကျောင်းပိတ်ခါနီးမို့ ရေးလိုက်ကြတဲ့ အော်တိုတွေဆိုတာလဲ ပလူပျံနေတာပဲ…။ အဲဒီတုန်းက ကိုယ့်ရဲ့ အော်တိုစာအုပ်ထဲမှာ ကိုယ့်အမျိုးသား ရေးထားခဲ့တာတွေကို အခုချိန်မှာ သူ့ကို ပြန်ရွတ်ပြရင် သူက "ပေါက်ကရတွေ လာရွတ်ပြနေတယ်… သွား.. သွား.." လို့ နှင်ထုတ်တတ်တယ်…။ (သူပဲ ရေးတုန်းကတော့ ရေးပြီးတော့လေ… နော်…) အော်… အဲဒီတုန်းကတော့ ရိုးရိုးသားသား သူငယ်ချင်းတွေပါ… ယုံကြပါလေ…။

ဒီလိုနဲ့ ဆယ်တန်းစာမေးပွဲကြီး ပြီးသွားတော့ အမြဲ တတွဲတွဲနဲ့ သိပ်ချစ်ခင်ခဲ့ကြတဲ့ သူငယ်ချင်းတစုဟာ ကျောင်းကြီးနဲ့ ဆရာ ဆရာမတွေကိုလဲ သိပ်ချစ်ကြတော့ အကြောင်းအမျိုးမျိုးရှာပြီး ကျောင်းမှာပဲ ဆုံဖို့ ချိန်းဖြစ်ကြတယ်။ တချို့ကလဲ ကျောင်းမှာ အငယ်တန်းလေးတွေမှာ လုပ်အားပေး ဆရာမလေးတွေ ပြန်လုပ်ကြတယ်။ မိဘနဲ့ အတူမဟုတ်ရင် ဘယ်နေရာကိုမှ သွားရလေ့မရှိတဲ့ ကိုယ့်အတွက်လဲ ကျောင်းမှာ ချိန်းတော့ ဟန်ကျတာပေါ့...။ မေမေ ကျောင်းသွားရင် လိုက်သွားရုံပဲ…။ ခဏ ခဏ ချိန်းတော့ ခဏ ခဏ တွေ့ရတာပေါ့လေ… (အဟဲ... သူငယ်ချင်းတွေနဲ့ ပြောတာပါ…)

ဒီလိုနဲ့ သူငယ်ချင်းတွေ မကြာခဏ ဆုံကြပြီး ဆရာကန်တော့ပွဲလေးတခု လုပ်ကြဖို့ တိုင်ပင်ကြတယ်…။ အဲဒီနှစ်က ကိုယ်တို့ စလိုက်တဲ့ ဆရာကန်တော့ပွဲလေးဟာ အဆင်ပြေ အောင်မြင်ပြီး ပျော်စရာကောင်းလွန်းလို့ နောင်နှစ်တွေတိုင်း ကျောင်းမှာ ကျောင်းသားဟောင်းများ ဆရာကန်တော့ပွဲလုပ်ခဲ့တာ ၂၀၀၉ မှာ ၂၁ ကြိမ် တောင် ရှိသွားပြီ…။ ဆရာ ဆရာမ တရာ့ ငါးဆယ်ကျော် နဲ့ ကျောင်းသားဟောင်း သူငယ်ချင်းဟောင်းတွေ လေး ငါးရာလောက်နဲ့… သိပ်ပျော်စရာ ကောင်းတာပဲ…။ ခေတ်ကောင်းတုန်းကဆို ကျောင်းသားဟောင်းတွေပါတဲ့ နာမည်ကြီး တီးဝိုင်းတခုက လာတီးပေးပြီး အဆိုတော်တွေကို ဖိတ်လို့… သိပ်စည်ကား သိပ်ခန်းနားတာပဲ…။ (အရေးအခင်းနောက်ပိုင်းမှာ အဲလို တီးဝိုင်းထည့်တာ ခွင့်မပြုတော့ဘူး)

ကိုယ်တို့တွေလဲ အခမ်းအနား မလုပ်ခင်ကထဲက အစည်းအဝေးတွေ အပတ်တိုင်းခေါ်ပြီး တိုင်ပင်ကြ စီစဉ်ကြ၊ ကန်တော့ပွဲနီးနေတဲ့ ရက်တွေမှာဆို နေ့တိုင်းလိုလို ကျောင်းကိုရောက်နေပြီး လိုအပ်တာတွေ ပြင်ဆင်ကြ၊ အကျွေးအမွေးအတွက် စီစဉ်ကြ၊ ကန်တော့ပွဲ ပြီးသွားပြန်တော့လဲ ငွေစာရင်း ရှင်းဖို့တို့၊ မလာဖြစ်တဲ့ ဆရာ ဆရာမတွေဆီ ကန်တော့ ပစ္စည်း လိုက်ပို့ဖို့တို့တွေအတွက် တချိန်းချိန်း တွေ့ကြ…။ သိပ်ပျော်စရာ ကောင်းခဲ့တာ ဘယ်တော့မှ မမေ့ဘူး။ အခုတော့ အဲဒီ ဆရာကန်တော့ပွဲတွေကို အလှူငွေသာ လှမ်းထည့်နိုင်ပြီး ကိုယ်တိုင် ကိုယ်ကျ လုပ်အားပေး ပါဝင်ဖို့ ပျက်ကွက်နေခဲ့တာ ၁၀ နှစ် ရှိပြီပေါ့…။

ကိုယ်တို့ သူငယ်ချင်းတတွေ ကျောင်းကြီးနဲ့ ဆရာ ဆရာမတွေကို တွယ်တာတဲ့ သံယောဇဉ်က တော်တော်ကို ကြီးပါတယ်။ ခုချိန်ထိလဲ စွဲစွဲလမ်းလမ်း ရှိနေဆဲပါ…။ အဲဒီကျောင်းအပေါ် ရှိနေတဲ့ သံယောဇဉ်တွေနဲ့ အတူတူပဲ ကျောင်းက တကျောင်းတည်းထွက် သူငယ်ချင်းတွေ၊ အတန်းကြီးက အကို အမတွေ၊ အတန်းငယ်က မောင် ညီမတွေ အပေါ်မှာလဲ တော်တော်ကို ချစ်ခင်မှု ရှိကြတယ်…။ အစွဲအလမ်းကြီးတယ်ပဲ ပြောပြော ကျောင်းကလို့ ဆိုလိုက်တာနဲ့ ဘယ်နှစ်ကပဲ ဖြစ်ဖြစ် အချင်းချင်း ရင်းနှီးဖို့၊ ချစ်ခင်ဖို့၊ လိုအပ်ရင် ကူညီဖို့ ဘယ်သူမှ ဝန်မလေးကြဘူး…။ အဲဒါတွေဟာ ကိုယ်တယောက်တည်းလား ဆိုတော့ မဟုတ်ပါဘူး…။ ကိုယ်သိသလောက် အားလုံးဟာ အဲဒီလို အတူတူတွေချည်းပဲ…။

လောလောဆယ် ဒီမှာ ရှိနေတဲ့ သူငယ်ချင်း စာရင်းကို ပြန်တွက်ကြည့်ရင် အခု ကိုယ်နဲ့ အရင်းနှီးဆုံး၊ အနီးကပ်ဆုံး နေရာမှာ ရှိနေတဲ့ ငယ်သူငယ်ချင်း စာရင်းဝင် ချစ်ရတဲ့ သူ အပါအဝင် ငါးတန်းတုန်းက ဘောလုံးကန်ခဲ့ပြီး ဆယ်တန်းတုန်းက ကွမ်းစားချင်ခဲ့တဲ့ သူငယ်ချင်းရယ်၊ စာရေးကောင်းတဲ့ သူငယ်ချင်း ချစ်ကြည်ရယ်… ဒေါ်ချစ်ကြည်နဲ့ အတူတူနေတဲ့ သူငယ်ချင်းလေး ခိုင်ရယ်… ပြီးတော့ နောက် ယောင်္ကျားလေး သူငယ်ချင်း ၃ ယောက်လောက်ရယ် ရှိနေတယ်…။ နောက်တယောက်ကတော့ ကိုယ့်ကို ဒီပိုစ့်လေးရေးဖို့ အကြံပေးခဲ့တဲ့… ညီမလေး မွန် (သုနှင်းဆီ)... လူချင်း အနေဝေးပေမယ့် ကျောင်းကြီးကို ချစ်တဲ့ သံယောဇဉ်တွေကြောင့် စိတ်ချင်း အမြဲနီးနေတဲ့ ညီမလေးပေါ့…။ တချို့ သူငယ်ချင်းတွေကတော့ ရေကြည်ရာ မြက်နုရာတွေမှာ ကိုယ်စီဘဝတွေကို တည်ဆောက်နေကြရင်း တကွဲတပြား ပျံ့နှံ့လို့… သူတို့တွေ ဒီကို အဝင် အထွက် အလည် အပတ် လာရင်တော့ တွေ့ဖြစ်ကြတယ်။ ကျန်တဲ့ သူငယ်ချင်းတွေကတော့ ရန်ကုန်မှာ…

ကျောင်းနဲ့ပတ်သက်တဲ့ အမှတ်ရစရာတွေ ရေးရမယ်ဆိုရင် များလွန်းလို့ တော်တော်နဲ့ ပြီးနိုင်မယ် မထင်ပါဘူး…။ အခုလိုလေး ရေးလိုက်ရတော့ ကျောင်းကို လွမ်းနေတာ၊ ဆရာမတွေကို လွမ်းနေတာ၊ သူငယ်ချင်းတွေကို လွမ်းနေတာ တွေ နဲနဲတော့ သက်သာသလိုလိုပဲ…။ အရင်ကတော့ ကျောင်းကို သတိရရင် ဝိုင်းစုခိုင်သိန်း ကျောင်းထဲမှာ သွားရိုက်ထားတဲ့ သီချင်း MTV ကို ကြည့်ဖြစ်တယ်…။ ခုတော့ မကြည့်တော့ဘူး… ကြည့်လိုက်ရင် ပိုလွမ်းလာလို့…။

ကဲ… ကျောင်းနဲ့ ပတ်သက်တဲ့ အမှတ်ရစရာတွေကို ပေါ့ပေါ့ပါးပါးဆိုပြီး ရေးလိုက်တာ အဆုံးသတ်မှာ လေးလံတဲ့ ပိုစ့်တခု ဖြစ်သွားပြီ ထင်ပါရဲ့…။ ဘာပဲပြောပြော ကျောင်းနဲ့ ပတ်သက်တာ တခုခုရေးပါ လို့ အကြံပေးခဲ့တဲ့ ညီမလေး မွန် ကို ကျေးဇူး အများကြီး တင်ပါတယ်…။ ညီမလဲ အချိန်ရရင် ကျောင်းနဲ့ ပတ်သက်တာ တခုခု ရေးပါအုံး…။ Tag တယ်လို့ မဆိုသာပေမယ့် သူငယ်ချင်း ချစ်ကြည်ကိုလဲ ရေးစေချင်ပါသေးတယ်… မွေးနေ့မှာ အမှတ်တရပေါ့…။


Saturday, March 20, 2010

ကိုယ့်အတွေး

သူငယ်ချင်း ချစ်ကြည်အေးရဲ့ တက်ဂ်ပိုစ့်ပါ…
ဒီရက်တွေမှာ တွေးနေမိတာတွေကတော့ အများကြီးပဲ…
စိတ်လက်ကြည်သာတဲ့ အခါတွေမှာ ပျော်စရာတွေကို တက်တက်ကြွကြွ တွေးနေမိသလို စကားတွေလဲ အများကြီး ပြောဖြစ်တယ်…။ စိတ်ထဲမှာ သိပ်မကြည်လင်တဲ့ အချိန်မျိုးတွေ၊ ကိုယ်ရော စိတ်ပါ နောက်ကျိ နေတဲ့ အခါမျိုးတွေမှာတော့ လူတွေနဲ့ ဝေးဝေးမှာ တယောက်ထဲ အေးအေးဆေးဆေး ရောက်တတ်ရာရာ တွေးနေမိတာ…။ စာအုပ်ကို မျက်နှာရှေ့မှာ ဖွင့်ထားရက်နဲ့ စာတွေမမြင်ပဲ တွေးနေမိတာ… မော်နီတာရှေ့ မျက်နှာတည့်တည့်ကြည့်ရင်း မော်နီတာပေါ်က အရာတွေကို ဘာမှ မမြင်တော့ပဲ တွေးနေမိတာ…. အတွေးတွေ အကြောင်း ပြောရရင် ဘယ်ဆုံးမှာလဲ…။

ဒါပေမယ့် စိတ်ဆိုတာ တချိန်မှာ တခုကိုပဲ ဖြစ်တည်လို့ရတဲ့ အတွက် အတွေးဟာလဲ တချိန်မှာ တခုသာ တွေးလို့ရတယ်… မျက်စေ့တမှိတ် မျက်တောင်တခတ် အချိန်လေးအတွင်းမှာ အတွေးတခုကနေ နောက်တခုကို ကူးပြောင်းသွားချိန်မှာ အရှေ့ကတွေးခဲ့တာတွေ ပျောက်သွားပြီ…။ စိတ်ထဲမှာ ထင်နေတာကတော့ အချိန်တချိန်ထဲမှာ ငါ အများကြီး တွေးနေမိတာပါလား ရယ်လို့…။ တကယ်တော့ မဟုတ်ဖူး.. လူတယောက်ဟာ တချိန်မှာ အကြောင်းအရာ တခုတိတိကိုသာ တွေးဖြစ်တယ် တွေးနိုင်တယ် တွေးနေတယ်…။

ဒါကြောင့် အခုတလော တွေးနေမိတာတွေ အများကြီးထဲက အချိန်တော်တော်များများမှာ တွေးဖြစ်တာ တခုကို ပြောပြချင်တယ်…။ အဲဒီအတွေးကို တရက်ထက် တရက် အသက်ကြီးလာကြတဲ့ နှစ်ဖက်မိဘတွေ ကိုကြည့်ရင်း ရလာပါတယ်…။ သူတို့တွေ ဒီကို တနှစ်ကို တစ်ခေါက် (သို့) နှစ်ခေါက် ရောက်လာကြတိုင်း တခါ နဲ့ တခါ မတူတော့ပဲ သိသိသာသာကြီး ကွာခြားလာကြတဲ့ သူတို့ရဲ့ လှုပ်ရှားမှုတွေ၊ စွမ်းဆောင်နိုင်မှုတွေ၊ ပြီးတော့ ပြောင်းလဲလာတဲ့ သူတို့ရဲ့ စိတ်ဆန္ဒတွေ၊ သူတို့ရဲ့ အာရုံဝင်စားမှုတွေနဲ့ စိတ်ဝင်စားမှုတွေကိုကြည့်ရင်း ကိုယ်တွေးမိတာတွေကို ပြောပြမယ်...။

ကိုယ့် အဖိုး (မေမေရဲ့ အဖေ) ဟာ လွန်ခဲ့တဲ့ ၁၀ နှစ်၊ ကိုယ်ဒီကို မလာခင်လေးကပဲ ဆုံးပါးခဲ့ပါတယ်။ သူဆုံးတော့ အသက်က ၉၅ နှစ်…။ ဘာရောဂါမှ မရှိပဲ မဆုံးခင် နှစ်လ လောက်မှာ အစားကောင်းကောင်း မစားတော့ရာက စပါတယ်…။ အသက်ကြောင့် ဖြစ်လာတဲ့ လူကြီးရောဂါလို့ ဆိုကြပါစို့…။ သူလဲ သူ့ကိုယ်သူ သိနေပြီး ကျေကျေနပ်နပ်လက်ခံခဲ့ သလို ကိုယ်တို့ တမိသားစုလုံးလဲ ဝမ်းနည်းတာကလွဲလို့ ကျေနပ်ခဲ့ကြပါတယ်…။ သူ နေမကောင်းတော့ ကိုယ်တို့တွေ လောဘတကြီးနဲ့ သူ့ကို ဆေးတွေတိုက်ကြတိုင်း၊ ဆေးတွေသွင်းကြတိုင်း သူကပြောတယ်… “အဖိုး အသက် ၉၅ နှစ်ပါ… သတင်းစာထဲ ပါရင် ကြည့်ကောင်းတဲ့ အသက်အရွယ် ရောက်နေပါပြီ… ဖြေးဖြေး ဖြေးဖြေး လုပ်ကြပါ တဲ့…”

ကျောင်းအုပ်ဆရာကြီးတယောက် ဖြစ်ခဲ့တဲ့ အဖိုးအကြောင်း နဲနဲ ပြောပြချင်တယ်...။ သူ အသက် ၄၀ မှာ ကိုယ်တို့ မမှီလိုက်တဲ့ အဖွား ဆုံးပြီး မုဆိုးဖို ဖြစ်သွားတယ်။ အဲဒီအချိန်မှာ ကိုယ့်မေမေက ၁၄ နှစ် နဲ့ မေမေ့ထက် အငယ် မောင်လေးတယောက် ၁၂ နှစ်တို့ ကျန်ခဲ့ပါတယ်။ အဖိုးက အရပ် ၆ ပေ နီးပါးနဲ့ ရုပ်ရည်လဲ အလွန်သန့်ပြန့် ချောမောပါတယ်။ သူ့ရာထူး သူ့ဂုဏ်သတင်းနဲ့ သူ့ရုပ်ရည်တို့ကြောင့် ဆွေထဲ မျိုးထဲကရော၊ ပတ်ဝန်းကျင်ကပါ သူ့ကို လာစပ်ကြတဲ့ လူတွေ ဝိုင်းဝိုင်းလည်ပဲ လို့ ကြားသိရပါတယ်…။ ချစ်စရာကောင်းတဲ့ အဖိုးဟာ အဲဒါတွေအားလုံးကို လျှစ်လျှူရှု… သမီးနဲ့သား မျက်နှာကိုသာ အရိပ်လိုကြည့်ပြီး သူတို့နှစ်ယောက် အရွယ်ရောက်အောင်၊ လောကအလယ်မှာ တင့်တယ်အောင်၊ ပညာကိုယ်စီနဲ့ အသက်မွေးနိုင်အောင် ဂရုတစိုက် ပျိုးထောင်ရင်း ဒီသမီး ဒီသားတွေနဲ့ အတူတူ အသက် ၄၀ ကနေ ၉၅ နှစ်အထိ အိမ်ထောင်မပြုပဲ အေးချမ်းစွာ နေထိုင်ခဲ့ပါတယ်…။ ငါးပါးသီလကို အချိန်တိုင်း လုံခြုံအောင် ထိန်းပြီး အပျော်အပါး အသောက်အစား ကင်းကင်းနဲ့ သီလ သမာဓိနဲ့ နေခဲ့တဲ့ အဖိုးပါ…။ ဆုံးတဲ့ အချိန်အထိ ဘာရောဂါမှ မရှိခဲ့ပါဘူး…။ အမြင်အာရုံ အကြားအာရုံ၊ အာရုံငါးပါးတွေလဲ သူ့အသက်အရွယ် အလျှောက် ပြည့်စုံပါတယ်။ ဘုရားတရားအလုပ်ကို ရိုသေ ကိုင်းရှိုင်းစွာ ဆောင်ရွက်သလို တဖက်ကလဲ မြေးတွေနဲ့ အတူတူ တီဗွီကြည့်ရင်း သီချင်းနားထောင်ရင်း ဂျာနယ်တွေဖတ်ရင်း သူ့အချိန်တွေကို မျှတခဲ့ပါတယ်…။

သူ့တသက်လုံး၊ အဓိက ကတော့ သူ အသက် ၈၀ ကျော် ၉၀ နားနီးလာတဲ့ အချိန်ကစလို့ သူ့ရဲ့ နောက်ဆုံးအချိန်အထိ သူ့နံဘေးမှာ သား သမီး၊ မြေး မြစ် မိသားစု အစုံအလင်၊ သူ့ကို ချစ်ခင် လေးစားကြတဲ့ မိတ်ဆွေ သင်္ဂဟ အစုံအလင်နဲ့ ၊ ပြီးတော့ မိတ်ဆွေ ဆရာဝန်တွေ ကိုယ်တို့နဲ့ ညီအကို မောင်နှမလို ရင်းချာတဲ့ ဆရာဝန်တွေ ရဲ့ နာရီမပြတ် ဂရုစိုက် ပြုစု စောင့်ရှောက်မှုတွေကြားမှာ ဘာဆိုဘာမှ လိုလေသေး မရှိအောင် နေခဲ့ရပါတယ်…။ ငွေနဲ့ပေး ဝယ်ယူလို့ရတဲ့ ရုပ်ဝတ္ထုပစ္စည်းတွေ ပြည့်စုံတဲ့ အကြောင်းကို ကိုယ် မတွေးပါဘူး…။ အခုဟာက ဘာနဲ့မှ အစားထိုးလို့မရ၊ ငွေနဲ့ ပေး ဝယ်လို့မရတဲ့… ကိုယ့်ရှိသမျှ စည်းစိမ်ဥစ္စာတွေ အကုန်ပုံပေးပြီး လဲလို့တောင် မရနိုင်တဲ့ နွေးထွေးလှပတဲ့ မေတ္တာတွေ အကြောင်းပါ…။

သိတဲ့သူတိုင်းက သူ့ကို သိပ်ကံကောင်းတယ်လို့ ပြောကြပါတယ်…။ ဟုတ်ပါတယ်… အဖိုးဟာ သိပ်ကံကောင်းခဲ့ပါတယ်…။ ကိုယ်လဲ အဲဒီအချိန်တွေကို ပြန်တွေးမိတိုင်း ဝမ်းနည်းပေမယ့် ကြည်နူးနေခဲ့ပါတယ်။

အခု ဆက်တွေးနေမိတာက ကိုယ့်ရဲ့ နှစ်ဖက်မိဘတွေ အကြောင်းပါ…။ အပေါ်မှာပြောခဲ့သလို သူတို့ရဲ့ ပြောင်းလဲမှုတွေကြားမှာ ဇရာ ဆိုတာကို တွေ့နေ မြင်နေရပြီ…။ သူတို့ကလဲ ကိုယ့်ဆီမှာ အချိန်ပြည့် မနေနိုင် ကိုယ်ကလဲ လက်ရှိ အခြေအနေတွေကို ပစ်ပြီး သူတို့ရှိရာကို အချိန်ပြည့် သွားမနေနိုင်နဲ့… အဲဒါတွေ တွေးမိတိုင်း ဝမ်းနည်းတယ်…။ သူတို့မှာ အတိုင်းအတာတခုအထိ ပြည့်စုံတဲ့ ရုပ်ဝတ္ထု ပစ္စည်းနဲ့ ငွေကြေးပမာဏတွေ ကိုယ်စီ ရှိနေကြပေမယ့် အဖိုးတုန်းကလို လုံလောက်တဲ့ နွေးထွေးတဲ့ မေတ္တာတွေ ပြုစုယုယမှုတွေ သူတို့အတွက် ရှိနိုင်ပါ့မလား၊ ကိုယ်ကရော ရာနှုန်းပြည့် ပေးနိုင်ပါ့မလားလို့ ကိုယ့်ကိုယ်ကိုယ် ခဏ ခဏ ပြန်မေးမိတယ်…။ ကိုယ်တို့နှစ်ယောက်စလုံးက မောင်နှမတွေထဲမှာ အကြီးဆုံးတွေဖြစ်နေကြတာမို့ မိဘတွေနဲ့ ပတ်သက်ရင် အစစ အရာရာကို တာဝန်ယူနိုင်အောင် အတတ်နိုင်ဆုံး ကြိုးစားပါတယ်…။ အသက်အရွယ်ရလာတဲ့ မိဘတွေကို ကိုယ်က သူတို့အနားမှာ မနေနိုင်သော်လည်း သူတို့ကို ကိုယ်နဲ့ အနီးဆုံးမှာ ထားနိုင်အောင် ကြိုးစားနေတုန်းပါ…။ ထင်သလောက်တော့ မလွယ်လှဘူးပေါ့…။

နောက်ဆက်တွဲ အတွေးကတော့ နီးတယ် ဝေးတယ်လို့ ကြိုပြောလို့မရတဲ့ ခရီး၊ ကိုယ်တို့ရဲ့ မငယ်တော့တဲ့ အသက်အရွယ်တွေနဲ့ ပြီးတော့… ဇရာ…။ နောက် မီးဇာကုန် ဆီခမ်း ဖြစ်လာမယ့် အချိန်တွေ…။ ပြီးတော့ လက်ရှိ ကျင်လည် နေထိုင်နေရတဲ့ ရေမြေ အနေအထားနဲ့ ဆွေဝေး မျိုးဝေး ပတ်ဝန်းကျင်...။ မေမေကတော့ ကံ ကံ၏ အကျိုးကို ယုံကြည်ဖို့ပဲ ပြောပါတယ်…။ သမီးတို့ လုပ်ခဲ့တာတွေက သမီးတို့ကို အကျိုးပေးမှာမို့ မစိုးရိမ်ဖို့ နှစ်သိမ့်ပါတယ်…။ စိုးရိမ်တယ်တော့လဲ မဟုတ်ပါဘူး… စိတ်ထဲမှာ ဆက်တွေးမိတာလေးကို ပြောပြတာပါ…။ (ကိုယ်တွေးတာ သိပ်လွန်သွားပြီ…)

ကိုယ့်အတွေးဟာ အဆုံးသတ်လို့မရတဲ့… အဖြေပေါ်အောင် တွေးလို့မရတဲ့… နိဂုံးချုပ်လို့မရတဲ့ အတွေးစ ဖြစ်နေတာမို့ ဒီအတိုင်းပဲ ရပ်ထားလိုက်ပါရစေတော့…။ ကိုယ်နဲ့ အတူတူ လိုက်တွေးချင်ရင်လဲ တွေးကြည့်ကြပါ…။

မိုးတွေ စွေနေတဲ့ စနေနေ့ မနက် စောစောစီးစီးမှာ တင်လိုက်တဲ့ ကိုယ့်ရဲ့ အတွေး ပိုစ့်ဟာ စာဖတ်သူတွေရဲ့ စိတ်ကို နောက်ကျိသွားစေတယ်ဆိုရင်လဲ နားလည် ခွင့်လွှတ်ပြီးသာ ဖတ်သွားကြပါတော့…။ ကိုယ်ကတော့ ဆက်တွေးနေမိအုံးမှာ…


Thursday, March 11, 2010

မငြိမ်းသောမီး


မျှော်ကာလွမ်းမိတဲ့ ညဘက်ဆို တေး ရေးချင်ရေး... ဆိုချင်ဆို...
ဒါပေမယ့် စပ်ခဲ့တဲ့ တေးသွားပိုဒ်တွေ မချို...
ရင်ခွင်ကြား မှေးစက် ခွဲထွက်ဖို့ အဆုံး မုန်းချင်မုန်း... စိမ်းချင်စိမ်း...
ဒါပေမယ့် ညှိခဲ့တဲ့ မီးစ အချစ်ဟာ မငြိမ်း...
.......
.....


Friday, March 5, 2010

တိမ်တွေ လှသောနေ့

ဘယ်က စရေးရမှန်း မသိဘူး…
နိဒါန်းတွေ ဘာတွေလဲ ဘယ်လို ပျိုးပြီး ရေးရမှန်းမသိဘူး…
ကိုယ် ပြောပြချင်တာက သူ့ရဲ့ ဝါသနာ (သို့) သူ့ အကျင့်လေး အကြောင်းရယ်…
တိမ်တွေ သိပ်လှတဲ့ ကောင်းသော သောကြာနေ့လေး အကြောင်းရယ်…

သူက လွှင့်ပစ်တာ သိပ်ဝါသနာပါတယ်…
အိမ်မှာ တခုခု ရှာမတွေ့တော့ရင် စဉ်းစားမနေနဲ့ လိုက်ရှာမနေနဲ့ ဟိုဟို ဒီဒီ လိုက်မေးမနေနဲ့... အချိန်ကုန်တယ် လူပင်ပန်းတယ်…။ သေချာတယ်... သူ လွှင့်ပစ်လိုက်ပြီ…။

သူက ပိတ်ရက်တွေမှာ အိမ်ကူရှင်းပေးတယ်…
ပွနေတဲ့ အရာတွေကို အကုန်ရှင်းသွားတယ်…
အရင်နေ့တွေက သတင်းစာတွေ၊ တလကျော်ကြာသွားတဲ့ ဖတ်ပြီးသား မဂ္ဂဇင်းတွေ၊ စာတိုက်ကလာတဲ့ ကြော်ငြာတွေ ကအစ မီးဖိုထဲက လက်သုတ်ပုဝါ ခပ်ဟောင်းဟောင်းတွေပါမကျန် အစ အနတောင် မတွေ့ရတော့ဘူး… သေချာတယ်… အားလုံး အမှိုက်ပုံးထဲကို ရောက်သွားပြီ…။ သူ့ မျက်စေ့ထဲမှာ ရှုပ်ရှုပ်ပွပွတွေ တွေ့ရသ၍ အားလုံး ကောက်ပြီး လွှင့်ပစ်လိုက်တော့တာပဲ…။ စားပွဲပေါ်မှာ စာရွက်စာတမ်းတွေ ဘေလ်တွေ ဘာညာ ဘာညာတွေ ချထားရင် အသုံးလိုသေးလား မလိုသေးလား ဘာမှ မမေး… အကုန် ကောက် လွှင့်ပစ်တာပဲ…။ ဒါ သူ့ရဲ့ အိမ်ရှင်းနည်း…

အရင်က သူငယ်ချင်းတွေနဲ့ စုနေတဲ့ အချိန်မှာ ကွမ်းကြိုက်တဲ့ သူငယ်ချင်းတစုက သူ့ဒါဏ်ကို အခံရဆုံး…။ လွန်ခဲ့တဲ့ ၇ နှစ် ၈ နှစ်ဆိုတော့ မြန်မာဆိုင်လေးတွေ အခုလို နေရာအနှံ့အပြားမှာ မရှိသေး… ကွမ်းယာကို ပင်နီစူးလားကလွဲလို့ တခြားနေရာမှာ ဝယ်လို့ မရသေးတဲ့ အချိန်။ အတူနေ သူငယ်ချင်းတွေက တပတ်တခါ အလုပ်နားရက်တွေမှာ ပင်နီစူးလားကို တကူးတကသွားပြီး လဘက်ရည်သောက် စကား ဘာညာပြော... ပြီးရင် ကွမ်းယာလေးတွေ ဝယ်ပြီး အိမ်ပြန်လာကြတယ်။ အိမ်ရောက်တော့ မြန်မာသတင်းစာလေးတွေနဲ့ လုံးပြီး ထုပ်ထားတဲ့ ကွမ်းထုပ်လေးတွေကို စားပွဲပေါ်မှာ၊ ဟိုနား ဒီနားမှာ ချထားမိကြတယ်။ အဲဒါကို သူက စားပွဲပေါ်မှာ သတင်းစာအဟောင်းတွေ လုံးပွနေတယ်ဆိုပြီး ယူ ယူလွှင့်ပစ်လို့ သူငယ်ချင်းတွေ ရင်ကွဲရပေါင်း များလှပေါ့…။

နောက်တခုက သူက အိမ်သုံးပစ္စည်းတွေ ဝယ်ရတာ ဝါသနာပါတယ်…
ဈေးဝယ်ထွက်တိုင်း အဝတ်အစားဝယ်ဖို့ကို အတော် ပြောရခက်သလောက် အိမ်သုံးပစ္စည်းတွေ ဝယ်ဖို့ဆို ရှေ့ဆုံးက… တခါတခါဆို ကိုယ်တောင် မသိလိုက်ရဘူး။ လိုလဲ ဝယ်… မလိုလဲ ဝယ်… တွေ့တိုင်း ဝယ်…။
တခုခုဆို ဝယ်ပြီးမှပဲ အမြဲ သိရတယ်…။ (ဘာလို့လဲ ဆိုတော့ ဈေးဝယ်ထွက်တိုင်း သူက အိမ်သုံးပစ္စည်းတွေ ရောင်းတဲ့ နေရာကို ဦးတည်နေတဲ့ အချိန်မှာ ကိုယ်က ဖိနပ်တွေ အိတ်တွေ အဝတ်အစားတွေရောင်းတဲ့ နေရာနားမှာ ရစ်သီ ရစ်သီနဲ့ ကျန်နေခဲ့တာချည်းပဲလေ…)

တကယ်တော့ မဝယ်ခင်မှာ အရင်ကြိုသိရင်လဲ တားလို့မရပါ…
နာမည်ကြီးတံဆိပ်တွေနဲ့ ဓါး၊ ကပ်ကြေး၊ ဇွန်း ခက်ရင်း အစုံတွေ၊ ဟင်းချက်ရင် မကပ်တဲ့ ဒယ်အိုး ဒန်အိုးတွေ အရွယ်စုံ ဆိုက်စုံတွေ၊ သစ်သားစဉ်းနီတုံး လှလှတွေ၊ ဟိုဟာ ဒီဟာ ဘာညာ ဘာညာ ဘာလာလာ အကုန်ကြိတ်လို့ရတဲ့ စက်ပစ္စည်းတွေ၊ လက်နဲ့လှည့်ပြီး ငြုတ်ကောင်းမှုန့်ကြိတ်တဲ့ ဖန်ဘူး လှလှလေးတွေ၊ ကော်ဖီပန်းကန် လှလှတွေ၊ မီးပူတိုက်ရင် မကပ်တဲ့ မီးပူ၊ ရေဖြန်းတဲ့ မီးပူ၊ မီးပူစင်ပေါ်မှာ ခင်းတဲ့ အခင်းတွေ၊ ကြိုးမပါတဲ့ တယ်လီဖုန်းတွေ… အဲဒါမျိုးတွေကို တွေ့တိုင်း ဝယ်တတ်တယ်။ အိုကေ… သူ့ဘတ်ဂျက်နဲ့သူ ဝယ်တာ ဘာမှ ပြဿနာ မရှိပါဘူး…။ ပြဿနာက ဘာလဲဆိုတော့ အဲလို အသစ်တခုခုဝယ်လာတိုင်း အိမ်မှာရှိနေတဲ့ အဟောင်းတွေကို မမေး မစမ်း မပြော မဆိုနဲ့ တခါတည်း လွှင့်ပစ်တတ်တာပါပဲ…။ ဆက်သုံးလို့ရနေသေးတဲ့ ပစ္စည်းတွေကို လွှင့်ပစ်တာ… လွှင့်ပစ်တာမှ ကိုယ် သံယောဇဉ်တွေ တွယ်မနေအောင် တခါတည်း ဟိုး Rubbish Chute ထဲကို ရောက်အောင် အပြီး ပစ်ချလိုက်တာ…။ မှတ်ကရော…

ပြီးတော့ အဝတ်အစား၊ အင်္ကျီ ဘောင်းဘီတွေ… သူ ဝယ်ဖို့ လိုအပ်ပြီလို့ ယူဆရင် ဝယ်တယ်။ တခါတခါ ကိုယ် ပြောလွန်း ဆိုလွန်း တိုက်တွန်းလွန်းလို့ နားပူမခံနိုင်ရင် ဝယ်တယ်။ သူလိုချင်လို့ ဝယ်မယ်ဆို ကိုယ်တွေလို Discount ရှိတာ မရှိတာ ဘာမှ စိတ်မဝင်စားဘူး။ တပြားမှ မလျှော့လဲ စင်ပေါ်မှာ ချိတ်ထားတဲ့ ဈေးအတိုင်း ဝယ်တယ်။ အဲဒီအထိလဲ ကိစ္စမရှိသေးဘူး…။ ကိစ္စက ဘာလဲဆိုတော့ အင်္ကျီအသစ် နှစ်ထည်ဝယ်လာခဲ့ရင် အိမ်ရောက်တာနဲ့ ဘီဒိုထဲက အင်္ကျီတွေထဲက အဟောင်း နှစ်ထည်ကို ချိတ်ကနေ ဖြုတ်ပြီး လွှင့်ပစ်လိုက်တယ်…။ ဘောင်းဘီ အသစ် နှစ်ထည်ဝယ်လာရင် ရှိနေတဲ့ အဟောင်း နှစ်ထည်ကို လွှင့်ပစ်လိုက်တယ်…။ အလားတူပဲ ဖိနပ် အသစ်ဝယ်လာရင် စီးလက်စ အဟောင်း (အမှန်က မဟောင်း တဟောင်း) ကို ချက်ချင်း မိနစ်မဆိုင်း လွှင့်ပစ်တယ်။

သူ့အပြောအရဆိုရင် ဒီလို အိမ်ကျဉ်းကျဉ်းလေးထဲမှာ အသစ်တွေရောက်လာတိုင်း အဟောင်းတွေကို မလွှင့်ပစ်ရင် လူနေစရာ နေရာ ဘယ်ရှိပါတော့မလဲ တဲ့…။ ဘီဒိုထဲမှာလဲ အဝတ်အသစ်တွေ ရောက်လာတိုင်း အဟောင်းတွေကို လွှင့်မပစ်ရင် နေရာ ဘယ်ဆန့်ပါတော့မလဲ တဲ့…။ သူ့ဟာသူ လွှင့်ပစ်တာ အကြောင်းမဟုတ်ပေမယ့် အခုတလောတော့ ကိုယ့်ကိုပါ ထိခိုက်လာတယ်။

တနေ့က ဘီဒိုထဲမှာ ကိုယ့်အဝတ်တွေ နေရာမဆန့်တော့လို့ ပိုက်ဆံအိတ်တွေ ထည့်တဲ့ နေရာကို ရှင်းပြီး အဝတ်တွေထည့်ဖို့ စီစဉ်မိတယ်။ ဒီအခါမှာ နေစရာ နေရာမဲ့သွားတဲ့ အိတ်တွေကို သူ့ဖက်အခြမ်းမှာ သွားထည့်မိတယ်။ သူ့ဆီမှာ နေရာတွေ ချောင်နေတယ်လေ။ ဒီတော့ သူက ကိုယ့်ရဲ့ အိတ်တွေကို တွေ့သွားတယ်။ ရာဇသံကတော့ နောက်ကို အိတ်အသစ် တလုံး ဝယ်ရင် အဟောင်း နှစ်လုံးကို လွှင့်ပစ်ရမယ် တဲ့…။ အခုလဲ ဘယ်ဟာတွေ ဟောင်းနေပြီလဲ ထုတ်ပါ… ထုတ်ပါ… နေရာကုန်တယ် အခါတည်း လွှင့်ပစ်လိုက် တဲ့…။

ဘုရား… ဘုရား… ကိုယ့်ရဲ့ရင်ခုန်သံတွေ အတိုင်းမသိ ကျယ်လောင်လာတယ်…။ မျက်လုံးတွေလဲ ပြာဝေလာတယ်…။ ချက်ချင်းပဲ သူ့ဘီဒိုထဲကို ထည့်မိတဲ့ ကိုယ့်ရဲ့အိတ်တွေကို ပြန်ဆွဲထုတ်ပြီး ကိုယ့်ဘီဒိုထဲကို ဝင်သလောက် အတင်းကာရော ပြန်ထည့်ဖို့ ကြိုးစားနေတုန်းမှာ ကိုယ့်ရဲ့ များပြားလှစွာသော အဝတ်တွေကို သူ မြင်သွားပြန်တယ်။ မဝတ်တော့တာတွေကို အခုချက်ချင်း လွှင့်ပစ်ခိုင်းနေပြန်တယ်။ အား………………

တရုပ်နှစ်ကူးဆိုရင်လဲ ကိုယ်တိုင်က တရုပ်တွေ မဟုတ်ပါပဲနဲ့ သူ ပစ္စည်းအသစ်တွေ ထပ်ဝယ်ချင်တိုင်း အဟောင်းတွေကို ဘာဖြစ်လို့ ညာဖြစ်လို့၊ နှစ်ဟောင်းက မကောင်းတာတွေ ကုန်သွားအောင် ဘာညာနဲ့ အမျိုးမျိုး အကြောင်းရှာပြီး လွှင့်ပစ်တတ်သေးတယ်…။ ဒါကြောင့် ဟိုတလောက နှစ်ကူးခါနီး ရက်တွေမှာ ကိုယ် သူ့ကို မျက်ခြေမပြတ် ကြည့်နေရတယ်… ဘာတွေများ လွှင့်ပစ်အုံးမလဲ လို့…။ ဒီနှစ်တော့ ဖိနပ်အဟောင်း တချို့ရယ်၊ အဝတ်ဟောင်း တချို့ရယ်၊ မဟောင်း တဟောင်း ဒယ်အိုးတလုံးရယ်၊ ပြီးတော့ ကိုယ့်ကိုလဲ အတင်းပူညံလွန်းလို့ Leather နဲနဲ ကွာချင်နေတဲ့ အိတ်နှစ်လုံးရယ် ပစ်လိုက်ရသေးတယ်…။ အဟောင်းတွေ ထွက်သွားမှ အကောင်းတွေ ဝင်လာမယ် ဆိုပဲ…

သူ့ရဲ့ ဘယ်အရာကို မဆို၊ ဘယ်အချိန်မှာ မဆို လွှင့်ပစ်တတ်တဲ့ ဝါသနာကို ရင်းနှီးတဲ့ သူငယ်ချင်းတွေ တော်တော်များများက သိကြတယ်…။ ကိုယ်ကလဲ အခုတလော သူ ကိုယ့်အဝတ်တွေ ကိုယ့်အိတ်တွေကို မျက်စောင်းထိုးနေကြောင်း၊ အတင်း လွှင့်ပစ်ခိုင်းနေကြောင်း သူငယ်ချင်းတွေကို ပြောပြမိတော့…. သူတို့က ကိုယ့်ကို လှိုက်လှိုက်လှဲလှဲ ဝမ်းပမ်းတသာ အားပေးကြတယ်…။ နင်တောင် ကံကောင်းလို့ ၊ ဒါမှမဟုတ် အိမ်နောက်ဖေးက Rubbish Chute နဲ့ မဆံ့လို့ အလွှင့်ပစ် မခံရတာ တဲ့…။ ပြီးတော့ ပြောကြသေးတယ်… အသစ်တွေ ဝယ်လာ၊ ရလာတိုင်း အဟောင်းတွေကို လွှင့်ပစ်တတ်တယ်ဆိုတော့ သူ နောက်တယောက် အသစ်မတွေ့သေးလို့ နင့်ကို မလွှင့်ပစ်သေးတာ နေမှာပါ တဲ့…။ တချို့ကလဲ ပြောကြတယ်… နင့်ကို ပစ်လို့မရတိုင်း စိတ်နာနာနဲ့ တခြားပစ္စည်းတွေကို မဲပြီး ပစ်နေတာ နေမှာ တဲ့…။ ကိုယ့်မှာ ကိုယ့်စကားနဲ့ ကိုယ် ဘာဆက်လုပ်ရမှန်းတောင် မသိတော့ဘူး…။ အဲဒါတွေ တွေးရင်း ညက အိပ်မပျော်ဘူး…

ဒါနဲ့ မနက် အိပ်ရာနိုးတော့ သူ့ကို မေးကြည့်မိတယ်…။
သူတို့တွေ ပြောသလို တကယ် ဟုတ်သလား လို့…။
ဒီအခါမှာ သူက ကိုယ့်ကို ပြုံးစစနဲ့ ကြည့်ရင်း ပြန်ပြောတယ်…။
ကြားစကားတွေကို မယုံပါနဲ့တဲ့… တခြားပစ္စည်းတွေသာ လွှင့်ပစ်ရင် ပစ်မယ်…
ကိုယ့်ကိုတော့ ဘယ် တော့ မှ (ဘယ် တော့ မှ . . .) လွှင့်မပစ်ပါဘူး တဲ့…။

ဒီလိုနဲ့ ဒီနေ့ဟာ ကိုယ့်အတွက် ကောင်းသော သောကြာနေ့ ဖြစ်သွားတယ်…
ဒီနေ့မနက် သူဖျော်ပေးတဲ့ ကော်ဖီက အရင်နေ့တွေကထက် ပိုကောင်းနေတယ်…
ပြီးတော့ ဒီနေ့ မနက် ကောင်းကင်ပေါ်က တိမ်တွေ… တိမ်တွေ… သိပ်လှတာပဲ….

Wednesday, March 3, 2010

စင်္ကာပူည

ပထမပုံက စင်္ကာပူမြို့ရဲ့ စီးပွားရေး အချက်အချာကျတဲ့ နေရာကို ညအချိန်မှာ မြင်တွေ့ရတဲ့ မြင်ကွင်းပါ။ နောက်တပုံကတော့ အတွင်းရော အပြင်ရော သိပ်လှတဲ့ Fullerton Hotel ရဲ့ မီးရောင်အောက်က အလှပါ။ အဲဒီပုံ နှစ်ပုံစလုံးကို Esplanade ဖက်က လှမ်းရိုက်ထားပါတယ်။




ဓါတ်ပုံရိုက်တဲ့နေရာမှာ Tripod ဆိုတာ မရှိမဖြစ် လိုအပ်လိမ့်မယ်လို့ စိတ်ထဲမှာ ထင်မထားမိတာကြောင့် ကင်မရာဝယ်တုန်းက အတူတူ မဝယ်လိုက်မိဘူး။ ဒါပေမယ့် တကယ်တမ်း ညဖက် ရိုက်တဲ့အချိန်မှာ Tripod ဆိုတာ တော်တော်လေးကို အရေးပါပြီး မရှိမဖြစ် ရှိသင့်တဲ့ ပစ္စည်းတခု ဆိုတာ သိလာပါတယ်…။ ဒီပုံတွေကတော့ Tripod မပါပဲ ရိုက်ထားတာမို့ ကောင်းသင့်သလောက် မကောင်းပါဘူး…။ Tripod နဲ့ ရိုက်တဲ့ပုံနဲ့ ဒီတိုင်းရိုက်ထားတဲ့ ပုံတွေနဲ့ ဘာကွာခြားသလဲ သိရအောင် နောက်ရက်တွေမှာ Tripod တခု ဝယ်ပြီး သွားထပ်ရိုက်ကြည့်ပါအုံးမယ်။

အမှန်က ကိုယ့်အမျိုးသားက ဓါတ်ပုံတွေကို ဓါတ်ပုံနေရာမှာ သပ်သပ်တင်ပြီး ဘလော့ဂ်မှာတော့ စာတွေပဲ ရေးစေချင်ပုံရတယ်။ စာကို စိတ်ရှည်လက်ရှည် အချိန်ပေးပြီး မရေးနိုင်တိုင်း ဓါတ်ပုံတွေကို အလွယ်တကူ (မကြာခဏ) တင်နေတာ သိပ်နှစ်သက်ပုံ မရဘူး။ ဒါပေမယ့်လဲ ဒီတခါတော့ ကိုယ့်ရဲ့ ပထမဆုံး Night Shot လေးတွေမို့ အမှတ်တရ တင်လိုက်ပါတယ်။ ဓါတ်ပုံပေါ်ကို နှိပ်ပြီး အကြီးချဲ့ ကြည့်လို့လဲ ရပါတယ်...။ နှစ်ကျပ်ခွဲလေး ဝယ်ထားရတာ တန်သွားအောင် အားပေးကြပါနော်…