Thursday, August 30, 2012

အချဉ်ပေါက်သူတယောက်၏ အစာအိမ်ကို အဆင့်ဆင့် သရုပ်ခွဲ ကုသခြင်း

ဖြစ်စဉ် (၁) - စတင်ခြင်း

အေ့ - အေ့ - အနီးအနားမှ လူများ သည်းမခံနိုင်လောက်အောင် တအေ့အေ့ အသံဆိုးဆိုးဖြင့် လေချဉ်များ အဆက်မပြတ် တက်နေ - အေ့ - အစာအိမ် လမ်းကြောင်းတလျောက်မှ အက်ဆစ်များ တစိမ့်စိမ့် စီးဆင်း ထွက်ကျလာ သကဲ့သို့ သိ ရှိ ခံ စား နေရ - လည်ချောင်းဝမှ တဆင့် ပါးစပ်ထဲသို့ ရောက်လာသော အရည်တချို့မှ ချဉ်စုတ်စုတ် အရသာများ လျာဖျားကို တွန်း တိုက် ရောက် ရှိ ထိတွေ့ ခံ စား - ဝမ်းဗိုက်တခုလုံး စူးစူးဝါးဝါး နာ ကျင် ခံ ခက် - ဗိုက်ထဲမှာ အစာရှိလည်း နာ - အစာ မရှိလည်း နာ - ဒါဆိုရင် အစာအိမ်နာဖြစ်ဖို့ သေ ချာ နေ ပြီ - ကြော်အောင် - ငြာ - တဲ့ ကြော်ငြာလား - ကြော်အောင် - ညာ - တဲ့ ကြော်ညာလား - မသဲကွဲ - တကယ်ဆို အချဉ်ပေါက်နေတာ အစာအိမ် တနေရာထဲဆိုတာ ဟုတ် နိုင် ပါ့ မ လား - မျက်စိနှစ်ကွင်းမှ အမြင် အာရုံများ - နားရွက်ဖျားမှ အကြား အာရုံများ - နှာခေါင်းထိပ်မှ ကောင်း ဆိုး မွှေး နံ အနံ့ စုံ အာရုံများ - လျာဖျားမှ ချို ချဉ် ငန် ခါး ရသာစုံ အာရုံများ - ခန္ဒာကိုယ် တခုလုံးရှိ သွေးကြောပေါင်းစုံမှ အာရုံများ - မာခေါက်ခေါက် ခေါင်းခွံအောက်က ဖြူ ပျော့ပျော့ ဦးနှောက်များမှ စိမ့်ယို စီးဆင်းနေသော အတွေး အာရုံများ - ထိုထိုသော အာရုံ ခြောက်ပါးတို့မှ အချဉ်ပေါက်မှု အသီးသီး အတွက် အစာအိမ်တခုတည်းကို တရားခံရှာကာ အပြစ်များ အားလုံး စု ပုံ လွှဲ ချ - ဒါ တရားသလား - သို့သော် - ထို့ကြောင့် - အချဉ်ပေါက်နေသော အစာအိမ်ကို ဓါတ်ခွဲခန်းသို့ မီး နီ ပြာ လင်းလင်း - အဆက်မပြတ် ဥသြသံ ဆူဆူ - အဖြူရောင် အနီကြား -
ယာဉ်ကြော ပိတ်ဆို့မှု မရှိစေရန် - အမြန်ယာဉ်ဖြင့် သယ်ယူ ပို့ဆောင် -

ဖြစ်စဉ် (၂) - ပြင်ဆင်ခြင်း

စီတန်းနေသော အခန်းတံခါးချပ်များပေါ်မှ သုံးမြှောင့်ပုံသဏ္ဍာန် အနီရောင် မီးလုံးငယ်များ လင်းတခါ မှိန်တလှည့် - ဆံကေသာ အလှပြုပြင်ရေး ဆိုင်များမှာ တပ်ဆင်ထားသော မီးအိမ်များနှင့် သဘောတရားခြင်း ဆင်ဆင်တူ - မီးလင်း = အလုပ်ရှိ - အပေါ် အောက် တဆက်တည်း အပြာရောင် ဝတ်ရုံရှည်ကို ပြောင်းလဲ ဝတ်ဆင်ရင်း စိတ်ကြီးဝင်ချင်သလို ဖြစ်လာ - လင်းနို့ လူသားလေလား - ပင့်ကူ လူသားလေလား - မဟာ လူသားလေလား - ဖြစ်မှ ဖြစ်ရလေ - ကုတင်ဖြူဖြူပေါ်ရောက် - ဦးခေါင်းအထက်ဆီမှ စီးမိုးထားသော ထိန်ထိန်ညီး မီးလုံး ကြီးနှစ်လုံး၏ အရှိန်ကြောင့် အာရုံ ခြောက်ပါးအနက် အချို့သော အာရုံများ တမဟုတ်ချင်း ငြိမ်သက်သွားစဉ် - ရင်ညွန့်တနေရာမှ နှလုံးခုန်နှုန်းများ အဆတိုး၍ ခုန် ပေါက် မြန် ဆန် လှုပ် ရှားလာ - ခွင့်ပြုပါ - ဟူသော အသံ တစ ကြားရ - ဘယ်ဖက် လက်မောင်းမှ တစထက် တစ တင်းကျပ်လာသော စည်းနှောင်/ ချည်နှောင်မှု တခု - ညာဖက် လက်ဖျံမှ သွေးကြောထဲသို့ စူးစူး ချွန်ချွန် အရာတခု တိုးဝင် ထိုးဆွ - ကိုယ်တွင်းရှိ သွေးကြောများ တောက်လျောက် မီးစဖြင့် ထိုးသလို ပူလောင် - ခွင့် ပြု ပါ - အေးစက်စက် ကမ္ဘာငယ်မှာ အပြာလဲ့လဲ့ ဝတ်ရုံရှည် ဝတ်ဆင်ရင်း - မြစိမ်းရောင် မျက်နှာဖုံး တပ်ဆင်ရင်း - သွေးဆုတ် ဖြူဖျော့ နှုတ်ခမ်းကို တင်းတင်းစေ့ရင်း - လက်နှစ်ဖက်ကို ကိုယ့်ဘေးမှာ အလျားလိုက် ဖြောင့်တန်းစွာ ကပ်ထားရင်း - တခဏတာ ငြိမ်သက်စွာ အိပ် စက် နားခို - အာရုံ ခြောက်ပါးမှာ အချဉ်ပေါက်နေခြင်းမှ - တင်းပြည့် ကြပ်ပြည့် - ချုပ်ငြိမ်း - အ နား ရ သွား ခိုက် -

ဖြစ်စဉ် (၃) - စစ်ဆေးခြင်း

ခွင့်ပြုပါ - သေးငယ်သော မှန်ဘီလူးတပ် - ချွန်မြသော ကပ်ကြေးငယ် တပ် - ပိုက်တချောင်း အစာအိမ်အတွင်းသို့ လမ်းကျယ် လမ်းသွယ် များမှတဆင့် တွား သွား ဝင် ရောက် - အသေးစိတ် စပ်စု လေ့ လာ - လေးထောင့် ဖန်သားပြင်ပေါ်တွင် အစာအိမ် အတွင်းလွှာ နံရံ တလျောက် နီစပ်စပ် သွေးစို့စို့ ဒါဏ်ရာ အနာတရ များစွာကို အနှေးပြကွက်ဖြင့် ထင်ထင်ရှားရှား ရှာဖွေ တွေ့ရှိ - - စိမ်းဖန့်ဖန့် အက်ဆစ်ရည်များက နေရာအနှံ့ စိုစိုစွတ်စွတ် - ကြေညက်စွာ ဝါးမျိုထားခြင်း မရှိသော - သို့မဟုတ် - ကြေညက်အောင် ဝါး၍ မရနိုင်သော - သို့မဟုတ် - ကြေညက်အောင် ခြေနိုင်ခြင်းငှာ မစွမ်းသော - ငစိန်ဆန်ကြမ်း - ငြုတ်သီးမှုန့် မှိုတက် - ချဉ်ပေါင်ရွက် ကြမ်းကြမ်း - ဆိုးဆေးပါ အနီရောင် မျှစ် ရင့်ရင့် - အပေါစား ပြည်တွင်းဖြစ် ချက်အရက် ပြင်းပြင်း - အားလုံး ညိုညစ်စွာ လုံးထွေး ပေါင်းစည်း - ပုတ်အဲ့အဲ့ ချဉ်စူးစူး အနံ့ဆိုး - နှလုံး တချက်တိုး အခုန်မှာ ကိုယ်တွင်းမှ ပစ္စည်းများ နေရာ အရွေ့ - အကြမ်းစား ပစ္စည်းတို့က အနာများကို ရှတစွာ တိုက်ခိုက် ထိုးနှက် - အနာပေါ် တုတ်ကျ - အား -

ဖြစ်စဉ် (၄) - ကုသခြင်း

အရည်ကြည် သက်သက် နှစ်ရက် - ပျော့ပျောင်းသော အရည်စွက် အစာများ နှစ်ရက် - အပ်စူးစူးမှ တဆင့်လာသော ထိုးဆေးများ - ၂၄/၇ - သုံးရက် - ပိုးသတ်ဆေး အလုံး အခဲ အတောင့်များ ငါးရက် - နွားနို့ကဲ့သို့ ဖြူရော်ရော် ပျစ်ချွဲချွဲ ဆေး အရည်များ တခွက်ပြီး တခွက် ဆယ်ရက် - အိပ်ယာခင်း အဖြူ ခေါင်းအုံးအဖြူ စောင်အဖြူ - လူခေါ် အဝေးထိန်း စက်ခလုပ်ခုံ - ခွင့်ပြုပါ အစချီ သုံးနာရီခြား တခါ စစ်ဆေး တိုင်းထွာသော သက်ရှိ နှင့် သက်မဲ့ ကရိယာ - ရုပ်မြင်သံကြားပြစက် နှင့် အဝေးထိန်း စက်ခလုပ်ခုံ - လုပ်ဖေါ် ကိုင်ဖက်များထံမှ နှစ်သိမ့် သစ်သီး - ကဒ် - ပန်းစည်းများ - အားလုံးနှင့် အတူတူ - စုစုပေါင်း ဆယ်ရက် - စာရွက်ဖြူပေါ်ရှိ ဇယားကွက်မှာ ထိပ်စည်း ဂဏန်း တလုံး + နောက်ဆက်တွဲ သုည လေးလုံး - အစာအိမ် မဟုတ်သော ရင်တွင်း တနေရာမှ ဝေဒနာတချို့ ရုတ်ချည်း ပေါ်လာ - အား - ဟု ပင် အသံ မထွက်နိုင်တော့ -

ဖြစ်စဉ် (၅) - မှာကြားခြင်း (သို့) လိုက်နာ ဆောင်ရွက်ရန်

အစာအိမ် အချဉ်ပေါက်ရခြင်းမှာ သုံးဆောင်မိသော အရာများ အလွယ်တကူ အခဲမကြေခြင်း - သို့မဟုတ် - မကြေညက်ခြင်းတို့မှ စ တင် မြစ် ဖျား ခံ - ထို့ကြောင့် သုံးဆောင်ရန်ရှိသော အရာများကို ကြေညက်အောင် ကြိမ်ဖန်များစွာ ဝါး ပြီး မှ မျို ချ ရန် - မာကျော ကြမ်းတမ်းသော - အစာ ခြေရန် / ကြေရန် ခက်ခဲသော - ပူစပ်မှု / ပူလောင်မှု ရာခိုင်နှုန်း များသော - အဝင်လမ်းတလျောက် ထိ ခိုက် ကြမ်း ရှ စေသော - အရာများကို တတ်အားသ၍ ရှောင် ကြဉ် ရန် - ပြီးလွယ် စီးလွယ် ဝါးကာ အဆောတလျင် မျိုချခြင်းမျိုးမှလည်း ရှောင် ကြဉ် ရန် - ဖြစ်နိုင်လျင် ငစိန်ဆန် အစား ပေါ်ဆန်းမွှေး - ချဉ်ပေါင်ရွက် အစား ကြက်သား - မျှစ် အစား ပေါင်မုန့် - ငြုတ်သီးမှုန့် အစား ကြက်ဥ - ချက်အရက်ပြင်းများ အစား နိုင်ငံခြားဖြစ် နှစ်ချို့ဝိုင် တို့ကို အစားထိုး သုံးဆောင်ရန် - မသင့်တော်သော (သို့မဟုတ်) မတော်တဆ တွေ့မြင် ကြုံဆုံရသော အရာများ - မြင်မြင်ကရာ အလွယ်တကူ ရရှိနိုင်သော အရာများ ကို သတိကြီးစွာထားပြီး သုံး ဆောင် ရန် - သင့် - မ သင့် - စဉ်း စား ရန် - မလွှဲသာ မရှောင်သာ သုံးဆောင်မိပါက သေသေချာချာ ကြေကြေညက်ညက် ဖြစ်အောင် ကြိမ်ဖန်များစွာ ဝါးပြီးမှ လက် ခံ မျို ချ ရန် - ဗလုံး ဗထွေး လုံးချ မျိုချခြင်းမှ လုံးဝ ရှောင် ကြဉ် ရန် - မှားယွင်း သုံးဆောင်မိပါက အသင့်ဆောင်ထားသော အစာကြေ ဆေးလုံး ဆေးရည်များကို ကြို ကြို တင် တင် - အချိန်မီ - မှီ ဝဲ ထားရန် - တစုံတရာ အဆင်မပြေဖြစ်ခဲ့သည်ရှိသော် / ဖြစ်ခဲ့ပါက အထက်ပါ ဖြစ်စဉ် အဆင့်ဆင့်ကို အ စ မှ အ ဆုံး - အ စ မှ အ ဆုံး - တပတ်လည်အောင် ပြန်လည် ဆောင်ရွက်ရန် -

- အစာအိမ် အချဉ်ပေါက်ရခြင်းမှာ သုံးဆောင်မိသော အရာများ အလွယ်တကူ အခဲမကြေခြင်း - သို့မဟုတ် - မကြေညက်ခြင်းတို့မှ စတင် မြစ်ဖျားခံ -



Monday, August 27, 2012

မင်းသမီးရဲ့ အနှေးရုပ်ရှင်

- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -

ပြကွက် (၁)

မင်းသမီးဟာ ဝဲ - ယာ တဖက်တချက်မှာ တာဝန်ရှိသူတွေ - ကိုယ်ရံတော်တွေ ခြံရံပြီး ခန်းမထဲက ထွက်အလာ - မင်းသမီးဟာ ပါးလွှာသော်လည်း အရှေ့ပိုင်းတပိုင်းလုံး လည်ပင်းအထိ လုံခြုံတဲ့ အဖြူရောင် တန်ဖိုးကြီး ပိုးဂါဝန်ရှည်ကို သေးသွယ်တဲ့ ခန္ဒာကိုယ်မှာ အချိုးတကျ ဝတ်ဆင်ထား - ကျောဖက်မှာ သိုင်းထားတဲ့ ကြိုးသေးသေးလေး နှစ်ချောင်းကလွဲလို့ ခါးဆစ်ထိအောင် ဝတ်လစ်စလစ် - မင်းသမီးဟာ ချွန်မြလှပတဲ့ လေးလက်မ ဒေါက်သေးသေးလေးနဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကိုစီးလို့ အနီရင့်ရင့် အမွေးပွ ကော်ဇောပေါ်ကို - တလှမ်းချင်း တလှမ်းချင်း - ကနွဲ့ကလျ လှပစွာ လျှောက်အလာ ရှည်လျားစွာ ဝဲနေတဲ့ ဂါဝန်စဟာ အနီရောင် ကော်ဇောနဲ့ တင့်တယ်စွာ မဟာမိတ်ဖြစ် - အရောင်စုံ မီးပွင့်တွေအကြား ကင်မရာမင်းတွေရဲ့ ဖျိုးဖျိုးဖြတ်ဖြတ် မီးရောင်တွေကြားမှာ လိမ်မော်နီရောင် ပြေပြေ သုတ်လိမ်းထားတဲ့ ပိပိရိရိ သေသပ်ပြီး ပုံကျ လှပတဲ့ နှုတ်ခမ်းပါးကနေ - ပန်းရင့်ရောင် ပါးပြင် - မို့ - တက်လာသည်အထိ - အပြုံးလဲ့လဲ့ကို အဆက်မပြတ် ချွေချ - တချက် တချက်မှာ ရှေ့တူရှူကို လှမ်းနေရင်းကနေ အနောက်ဖက်ကို ခေါင်းလေး စောင်းငဲ့လို့ မခို့တရို့ - လည်ပြန် ပြုံးပြ - မင်းသမီး ဖြတ်သွားတဲ့လမ်းတလျှောက်မှာ အကောင်းစား နာမည်ကြီး ရေမွှေးနံ့တွေ ဝေ့ဝဲ သင်းပျံ့ - အလှပြင်ထားတဲ့ ကိုးနှစ် ဆယ်နှစ်အရွယ် ကလေးမလေးတယောက်က ခရမ်းရောင် သစ်ခွတွေပါတဲ့ ပန်းစည်းခပ်ကြီးကြီးတစည်း မင်းသမီးကို လှမ်းပေးပြီး နှုတ်အဆက် မင်းသမီးရဲ့ အပြုံးတွေ ပိုပြီး လင်းလက်သွား ကင်မရာက မီးပွင့်တွေလည်း ပို လက်သွား - မင်းသမီးဟာ အနီရောင် ကော်ဇောတလျှောက် လှလှပပ ကြွကြွရွရွ လှမ်းလျှောက်အပြီးမှာ တံခါးလက်ကိုင် အသင့်ဖွင့်ပေးထားတဲ့ အနက်ရောင် ကားကြီးထဲကို ညင်သာစွာ ဝင်ထိုင် - ညာလက်ကလေး ကို အသာအယာ မြောက်ပြီး လက်ပြ နှုတ်ဆက် - စဉ်မှာ - ရာ ထောင် သောင်းမက ကြိတ်ကြိတ်တိုးနေတဲ့ ပရိသတ်က မင်းသမီးရဲ့ မျက်နှာတခြမ်းနဲ့ အပြုံးတစကို မြင်ရဖို့အရေး သူ့ထက်ငါ အရှေ့ကိုရောက်အောင် အလု အယက် တိုးဝှေ့ကြ - မင်းသမီးရဲ့ အမည်နာမကို ရေရွတ်ရင်း လက်တွေ ဝှေ့ယမ်းလို့ မင်းသမီးကို အားပါးတရ နှုတ် ဆက် ကြ -

ပြကွက် (၂)

မင်းသမီး စီးလာတဲ့ အနက်ရောင် ကားကြီးဟာ ခြံဝင်းကျယ်တခုထဲ ဝင်သွားအပြီး နန်းတော်တမျှ ကြီးကျယ် ခန်းနားတဲ့ အဆောက်အဦးတခုရှေ့မှာ ရပ် - ကားရပ်လိုက်တယ်ဆိုရင်ပဲ မင်းသမီးဟာ ကားတံခါးကို ဝုန်းကနဲ - လာဖွင့်ပေးတဲ့သူကို မစောင့် - သူ့ဟာသူ - ကြမ်းတမ်းစွာ တွန်းဖွင့်ပလိုက် - တံခါး အပွင့်မှာ ဂါဝန်ရှည်ကို လုံးထွေးပြီး မ - ကိုင်ရင်း ဆိုးဆိုးဆတ်ဆတ် ခြေလှမ်းနဲ့ အတူ ကားပေါ်က အဆင်း - ပါးစပ်ကလည်း အိမ်အကူ - လို့ ယူဆရတဲ့ - မိန်းကလေးတယောက်ရဲ့ နာမည်ကို ခပ်ကျယ်ကျယ် အော်ခေါ်ရင်း - လက်က ကိုင်ထားတဲ့ ပန်းစည်းကို လှေခါးရင်းတနေရာကို လွှင့်ပစ်လိုက်ရင်း - ခြေထောက်မှာ စီးထားတဲ့ ရွှေအိုရောင် ကြိုးသိုင်းဖိနပ်ကို ခပ်ရမ်းရမ်း ကန်ချွတ်လိုက်ရင်း - ဂါဝန် ဖြူလွလွကို - မညှာမတာ - လုံးထွေး ပင့်ကိုင်ရင်း လှေခါးထစ်တွေကို ခြေသံ ပြင်းပြင်း နဲ့ လှမ်းတက်အသွား စောင့်ကြိုနေကြတဲ့ အခြွေအရံတွေ အိမ်အကူတွေကို ခပ်ကြမ်းကြမ်း အမိန့်ပေး စေခိုင်းသံတွေနဲ့ အတူ ဆဲရေး တိုင်းထွာတဲ့ စကားလုံးတွေနဲ့ ပစ်ပေါက် - ကြားကြားသမျှ လူအကုန်က ဦးခေါင်းကို ကြမ်းပြင်နဲ့ ထိလုနီးပါး ညွတ်ပြီး မင်းသမီးရဲ့ အမိန့်ကို နာခံကြ - မင်းသမီးရဲ့ ချောမွေ့ လှပတဲ့ မျက်နှာဟာ မျက်နှာဖုံးအတုကို ခွာချလိုက်သကဲ့သို့ - မျက်လုံးနီနီ - နှာယောင် ကောက်ကောက် - ရှည်လျား ချွန်မြ သွားစွယ်များ - သွေးစွန်းနေသော နှုတ်ခမ်းရဲရဲများဖြင့် - တမဟုတ်ချင်း အရုပ်ဆိုးကာ အ ကျည်း တန် သွား -

ပြကွက် (၃)

အဖြူရောင် လင်းလင်း အိပ်ခန်းတခု နံရံတွေ ပြူတင်းပေါက် ဘောင်တွေကလည်း အဖြူရောင် - ပန်းနုရောင် လွှမ်းတဲ့ ချည်သားစစ်စစ် အိပ်ယာဖုံး နဲ့ ပန်းနုရောင် ဇာခန်းဆီးရှည် - ကနုတ်ပန်းတွေ စီခြယ်ထားတဲ့ ပရိဘောဂအစုံ နှင်းဆီဖြူတွေ ထိုးစိုက်ထားတဲ့ ပန်းအိုးတွေက နေရာ အတော်များများမှာ နေရာယူ - ခရစ်စတယ် စီခြယ်တဲ့ မီးဆိုင်း - ဂီတသံ တိုးညင်းစွာ ပျံ့လွင့် - မင်းသမီးရဲ့ အိပ်ခန်း - မင်းသမီးဟာ ခေါင်းက ဆံပင်တွေကို ဖြေလျော့ ကိုယ်ပေါ်မှာ ရှိနေတဲ့ ဂါဝန်ရှည်ကို ဖြေလျော့ အိပ်ရာဘေး စားပွဲပေါ်က ဆေးလိပ်ဘူးနဲ့ မီးခြစ်ကို လှမ်းယူ ဆေးလိပ်မီးခိုးတွေကြားထဲ အချိန်အတော်ကြာ နစ်မျောအပြီးမှာ အိပ်မက်ယောင်သူတယောက်လို တစုံတခုကို အရူးအမူး လိုက်လံ ရှာဖွေ ပါးစပ်ကလည်း ဆဲရေး တိုင်းထွာသံ တစွန်းတစနဲ့အတူ မျက်စိနား လက်နား နီးစပ်သမျှ ပစ္စည်းတွေကို တခုမကျန် တွန်းထုတ် - ပစ်ပေါက် - ကန်ကျောက် - နောက်ဆုံးမှာ သူလိုချင်တာကို ရှာ ဖွေ တွေ့ ရှိ သွား - အဖြူရောင် ဆေးပြား သေးသေးလေး နှစ်ပြား - ကို - ခရစ်စတယ် ဖန်ခွက် လှလှလေးထဲက ရေနဲ့အတူ မော့ချလိုက် - ပြီးတော့ ဖန်ခွက်ကို အခန်းထောင့် တနေရာကို ပစ်ပေါက်လိုက် - ခွမ်း - ဖန်ခွက် အစိတ်စိတ် အမွှာမွှာ ကွဲကြေသွား - ပြီးတာနဲ့ အိပ်ယာပေါ်ကို အရုပ်ကြိုးပြတ် ခွေ ခေါက် လှဲ ချ - လဲ ကျ - တိမ်တွေလား - နဂါးငွေ့လား -

ပြကွက် (၄)

မင်းသမီး ဝတ်ဆင်ခဲ့တဲ့ ညနေခင်း ပွဲတက် ပိုးဂါဝန်ရှည်ဟာ ကုတင်ခြေရင်း ဆေးလိပ်ပြာခွက်ထဲက မီးမငြိမ်းသေးတဲ့ သောက်လက်စ ဆေးလိပ်တိုနဲ့ ထိ တွေ့ မိတ် ဆက် ရင်း တငွေ့ငွေ့ လှိုက်စား - တ မြည့် မြည့် နဲ့ - တ တိ တ တိ - လူ မ သိ သူ မ သိ - လောင် ကျွမ်း နေ -

- အဲဒီ အမျိုးသမီးကို လူအများက မင်းသမီး ဟု ခေါ်ကြ -


Sunday, August 19, 2012

White Cane


စာဖတ်သူများ မိတ်ဆွေများနဲ့ သူငယ်ချင်း ညီအကို မောင်နှမများကို White Cane ဆိုတဲ့ Online Library လေးတခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်…။ ဒီ Library လေးကို မျက်မမြင် ကိုအေးချမ်းသူနဲ့ အတူ သူ့ရဲ့ အွန်လိုင်းသူငယ်ချင်း မဖူးပြည့်စုံတို့က စတင် တည်ထောင်ထားပါတယ်…။ ဒီ Library လေးကို အမြင်အာရုံချို့ယွင်းနေကြတဲ့ လူငယ် လူရွယ်တွေအတွက် ရည်ရွယ်ပါတယ်။ အဲဒီ Library လေးနဲ့ ပတ်သက်လို့ White Cane Online Library ကို စတင် ဖန်တီးသူ မဖူးပြည့်စုံက အခုလို ပြောပြခဲ့ပါတယ်…။

“တချို့ မြို့နဲ့ နီးတဲ့ မျက်မမြင်ကျောင်းတွေမှာ စာဖတ်ပေးတဲ့ volunteer တွေ ရှိပေမယ့် တချို့ အလှမ်းဝေးတဲ့ နေရာတွေမှာ Volunteer က မရှိသလောက်ဘဲဆိုတော့ ကလေးတွေကို စာဖတ်ပေးမယ့်သူ မရှိပါဘူး။ အမြင်အာရုံ ချို့ယွင်းနေတယ်ဆိုတာ့ တဖက်မှာ အသိဥာဏ်ကလည်း တော်တော်လေး နိမ့်နေပါတယ်။ ဆယ်တန်းလို့သာ ဆိုတယ်… တချို့ ကိစ္စတွေမှာ သာမန် ငါးတန်း ခြောက်တန်း ကလေးလောက်တောင် မသိတာမျိုးတွေလည်း ဖြစ်နေပါတယ်။ အဓိက ကတော့ စာဖတ်နည်းလို့ လို့ ယူဆပါတယ်…။

နောက်ပြီး စိတ်မကောင်းစရာက သူတို့ရဲ့ အသက်မွေးဝမ်းကျောင်းပါ။ ဆရာတွေ ဆရာမတွေကတော့ စေတနာအပြည့်နဲ့အကောင်းဆုံးဖြစ်အောင် လုပ်ပေးနေကြပါတယ်။ သို့ပေမယ့် ကိုယ့်နိုင်ငံရဲ့အခြေအနေကြောင့် သာမန်လူတွေတောင် အလုပ်ရဖို့ခက်ခဲနေတဲ့အတွက် မျက်မမြင်တွေအတွက် အလုပ်အကိုင်လမ်းက မရှိသလောက်ပါပဲ။ သူတို့ကို ကျောင်းတွေမှာ အနှိပ်နဲ့ ကြိမ်ထိုး သင်ပေးပါတယ်။ မျက်မမြင် အနှိပ်ဆိုတာက ဘယ်မှာများ တွင်ကျယ်ပါသလဲ။ နောက် ကြိမ်ထိုးဆိုတာကလဲ ခေတ်ကုန်သွားပြီ။ တော်တော်ကြိုးစားတဲ့သူမှ ဂျပန်မှာ သုံးလ လေးလ စသည်ဖြင့် အနှိပ်ပညာတို့၊ ကွန်ပျူတာပညာတို့ သင်ကြရပါတယ်။ နောက် ကျောင်းမှာ ဆရာ (သို့မဟုတ်) ဝန်ထမ်းပြန်လုပ်ကြရပါတယ်…။ ဒီလိုအခွင့်အရေးတွေကလည်း တကယ်တော့ ကျေင်းသား တရာမှာ ခြောက်ယောက် ခုနှစ်ယောက်ပဲ ရရှိနိုင်တာပါ။ သာမန် ကျောင်းသားကတော့ အလုပ်ရရင်ရ မရရင်တော့ ဒီလိုပဲ ဝေဝေဝါးဝါးနဲ့ ပြီးသွားကြတာပါ။ တချို့ဆို ဒီထက် ဆိုးတဲ့ အခြေအနေတွေ ရောက်သွားတတ်ကြပါတယ်…။ တကယ်ကို ဝမ်းနည်းစရာပါ…။


အဲဒီလိုအခြေအနေမျိုးမှာ ကိုယ်က အများကြီး လုပ်ပေးနိုင်သေးတာ မဟုတ်ပေမယ့်လည်း သူတို့လေးတွေ အသိဥာဏ်လေး ပိုမိုပွင့်လင်း လာစေဖို့အတွက် ကိုယ့်ဖက်က ကူညီနိုင်တာကတော့ စာဖတ်ခြင်း တမျိုးသာ ဖြစ်ပါတယ်… အဲဒီလို ရည်ရွယ်ချက်နဲ့ White Cane ကို အစပြုထားပါတယ်…”


ပြည့်ပြည့်စုံစုံကို ဒီနေရာ မှာ ဆက်လက် ဖတ်ရှုနိုင်ပါတယ်...။

ဒါကြောင့် အခု ဒီပိုစ့်ကို လာဖတ်ကြတဲ့ စာဖတ်သူမိတ်ဆွေ သူငယ်ချင်းတွေထဲမှာ စာကူဖတ်ပေးနိုင်မယ့် စေတနာရှင်တွေကို ဖိတ်ခေါ်ချင်ပါတယ်။ အပန်းမကြီးဘူးဆိုရင် တနေ့ တနေ့ ကိုယ့်ရဲ့ ကိုယ်ပိုင်အချိန်တွေထဲက မိနစ်အနည်းငယ်လေး သူတို့အတွက် စာဖတ်ပေးနိုင်ကြဖို့ မျှော်လင့်ပါတယ်။ နေ့စဉ် ကိုယ်ဖတ်နေကျ စာတွေထဲက သတင်းတပုဒ်ဖြစ်ဖြစ်၊ ဆောင်းပါး တပုဒ် ဖြစ်ဖြစ်၊ ဝတ္ထုတပုဒ်ပဲဖြစ်ဖြစ် မိမိနှစ်သက်ရာ (သို့) ကောင်းနိုးရာရာ တခုခုကို အသံထွက် ဖတ်ပေးကြမယ်ဆိုရင် White Cane Library ကနေ ဝမ်းမြောက်ဝမ်းသာစွာနဲ့ လက်ခံ ကြိုဆိုချင်ပါတယ်…။

ဒီနေရာ မှာ အသံဖိုင်လ်အတွက် အကူအညီပေးနိုင်မယ့် အချက်တချို့ကို ရေးထားပါတယ်…။

ကိုယ်ဖတ်ပြီးတဲ့ အသံဖိုင်တွေကို
မဖူးပြည့်စုံရဲ့ အီးမေးလ် asonepyezone2@gmail.com ကို ဖြစ်စေ၊ ကျွန်မရဲ့ အီးမေးလ် thetwai.blog@gmail.com ကို ဖြစ်စေ…  ပို့ပေးကြပါလို့ White Cane Admin များရဲ့ ကိုယ်စား ကျေးဇူးတင်စွာနဲ့ တောင်းခံလိုက်ပါတယ်…။

Breaking News - အခုလောလောဆယ်မှာ တွေ့ရတဲ့ပြဿနာကတော့ အသံဖိုင်လ်တွေဟာ File Size သိပ်ကြီးနေတဲ့အတွက် Email နဲ့ ပို့ရတာ အဆင်မပြေတဲ့ ပြဿနာပါ… ဒီအတွက် Media Fire, Drop Box, File Den စတဲ့ Online Storage တခုခုမှာ Upload လုပ်ပြီးမှ Link ပေးလာခဲ့ရင် ပိုအဆင်ပြေမယ်လို့ ထင်ပါတယ်…။



Thursday, August 16, 2012

ပြိုင်တူကတဲ့ပွဲ

ပြိုင်တူကတဲ့ပွဲဟာ ကောင်းခန်းကို ရောက်နေတယ် သူတို့ဟာ ဆန်းပြားလှပတဲ့ ကကြိုးအသစ်တွေကို ဖန်တီး တီထွင်ကြတယ် ပြီးတော့ ကကြိုးတွေ တကြိုးပြီး တကြိုး မမောနိုင် မပန်းနိုင် ကပြ အသုံးတော်ခံကြတယ် တဖက်ရဲ့ ကကြိုးကို တဖက်က ကြည့်တယ် တဖက်ရဲ့ ကကြိုးကို တဖက်က ညှိတယ် ဒါပေမယ့် ကကြိုးတွေကတော့ ရှေ့ နောက် မညီညာဘူး သူတို့ဟာ သံစဉ်တွေကို အပြိုင်အဆိုင် ရှာကြတယ် ပြီးတော့ သံတူ ကြောင်းကွဲ သီချင်းတွေကို တလှည့်စီ သီဆိုကြတယ် တဖက်ရဲ့ အသံက မာန်ပါတယ် တဖက်ရဲ့အသံက ထန်လာတယ် ဒါပေမယ့် အသံတွေကတော့ နရီ စည်းဝါး မညီညာဘူး သူတို့ဟာ တဖက်နဲ့တဖက် အကဲခတ်ကြတယ် တဖက်ရဲ့ ခြေလှမ်းကို တဖက်က ကြည့်နေတယ် တဖက်ရဲ့ စိတ်မှန်းကို တဖက်က သိနေတယ် တဖက်ရဲ့ အမူအကျင့်ကို တဖက်က မွေးစားတယ် တခါတရံမှာ တဖက်က ပညာသားပါတယ် တဖက်က လူအင်အားသာတယ် တဖက်ရဲ့အမှားကို ထောက်ဖို့ တဖက်က ကြိုးစားတယ် တဖက်ရဲ့ ဟာကွက်ကို တဖက်က အသာ နှက်တယ် တဖက်က ခပ်ကျဲကျဲ လှမ်းရင် တဖက်က ခပ်စိတ်စိတ် လိုက်တယ် တခါတရံမှာ တဖက်နဲ့ တဖက် ချိန်ညှိပြီး ပြိုင်တူလှမ်းတဲ့အခါလည်း လှမ်းကြတယ် မျက်နှာဖုံးစွပ် ကိုယ်စီနဲ့ ခြေကို အသာ ဖေါ့လို့ ခပ်ဖွဖွ လှမ်းတဲ့အခါလည်း လှမ်းကြတယ် တဖက်က အတိတ်ကို ဖွက်တယ် တဖက်က အရိပ်ကို ရှက်တယ် တဖက်က ပရိယာယ်ပါးတယ် တဖက်က မာယာများတယ် တဖက်က သိက္ခာကို တန်ဖိုးထားတယ် တဖက်က စိတ်နာသလို ပြန်ကြိုးစားတယ် သာတဲ့ဖက်က နှလုံးလှတယ် နာတဲ့ဖက်က အပြုံးမြတယ် ပွဲက စတော့မယ် သေချာတာကတော့ တကယ် ကြည့်ကောင်းမယ့် ပွဲပဲ သူတို့ဟာ မြွေ မြွေခြင်းမို့ ခြေမြင်ကြတယ် - တကယ်တော့ မြွေမှာ ခြေရှိလား မရှိလားဆိုတာ သူတို့ မစဉ်းစားနိုင်ကြဘူး - သူတို့ဟာ ကိုယ့်ကိုယ်ကိုယ် ဆွဲတင်လိုစိတ်ရှိတယ် တဖက်ကို ထိုးချလိုစိတ်တော့ မရှိကြဘူးလို့ (ထင်ရတယ်) သူတို့ဟာ တဖက်နဲ့တဖက် မခန့်လေးစား မထီမဲ့မြင် သရော်လှောင်ပြောင် စော်ကား မော်ကား မနာလို ဝန်တိုစိတ်တွေ မရှိကြဘူးလို့ (ထင်ရတယ်) သူတို့ဟာ ပွဲမစခင် စင်နောက်မှာ တယောက်ကိုတယောက် လှိုက်လှဲ ဖေါ်ရွေစွာ လက်ဆွဲ နှုတ်ဆက်ကြတယ် ဝိုင်ခွက်တွေရဲ့ နှုတ်ခမ်းချင်း ထိတိုက်သံကို ကြားလိုက်ရတယ် ပြီးတော့ ခပ်အုပ်အုပ် ဆဲရေးသံ တချို့ နဲ့ တောက်ခေါက်သံ တချို့ အဲဒီအချိန်မှာပဲ ပွဲကြည့်ပရိတ်သတ်တွေဟာ ပွဲခင်းထဲကို ဖိတ်စာမပါပဲ တဖွဲဖွဲ ရောက်လာကြတယ် အခုဆိုရင် ပြိုင်တူကတဲ့ပွဲဟာ သေချာပေါက် ကောင်းခန်းကို ရောက်နေပြီ…



Thursday, August 9, 2012

ချစ်သူ ဖတ်ဖို့ စာ


အချိန်များ တရက်ပြီးတရက် ကုန်လွန်လာခဲ့ပြီ။
ကုန်လွန်သွားခဲ့သော နေ့ရက်တွေတိုင်းမှာ အချိန်စေ့သွားလျှင် သူ့အလိုလို ထပေါက်ကွဲတော့မည့် ချိန်ကိုက်ဗုံးတလုံးကို ရှေ့တွင်ချကာ သည်အတိုင်း ထိုင်ကြည့်နေရသူတယောက်၏ ခံစားချက်နှင့် ဆင်ဆင်တူသော ခံစားချက်မျိုး ကျွန်မထံမှာ ရှိနေခဲ့သည်။

အနီးကပ်ဆုံး လူနှစ်ယောက်အကြားမှာ မသိမသာ တိုးဝှေ့ဝင်ရောက်လာသော တိတ်ဆိတ်ခြင်း၊ အေးစက်ခြင်း၊ သွေ့ခြောက်ခြင်း၊ သူစိမ်းဆန်ခြင်း စသည့် အခြင်းအရာများကို ပုံမှန်အခြေအနေသို့ ပြန်လည် ရောက်ရှိလာစေရန် ကျွန်မတို့ စကားပြောကြရလိမ့်မည်…။ အရင်အချိန်တွေတုန်းကလို လွတ်လပ်သော လှိုက်လှဲ နွေးထွေးမှုမျိုး ကျွန်မတို့အကြားကို ပြန်လည် ခေါ်ဆောင်လာဖို့ရာ ကျွန်မတို့ စကားပြောကြရလိမ့်မည်။ တအုံနွေးနွေးနှင့် မပွင့်မလင်းဖြစ်နေသော အရာများကို ရှင်းရှင်းလင်းလင်းဖြစ်သွားစေရန် ကျွန်မတို့ စကားပြောကြရလိမ့်မည်။ အနိုင် အရှုံး တွက်ချက်ရန်မလို… သို့သော် ပွင့်လင်းဖို့ လိုအပ်သည်။ သာသည် နာသည် သဘောထားရန် မလိုသော ဆွေးနွေးမှုမျိုး၊ အထင်သေး နှိမ့်ချခြင်းမဟုတ်သော ထောက်ပြ ပြောဆိုခြင်းမျိုးများအပြင် တဖက်သတ် အပြစ်တင် စွတ်စွဲ ထိုးနှက် ဝေဖန်ခြင်းမျိုး မဟုတ်သော အကြံပြု အကြံပေးမှုများလည်း လိုကောင်း လိုနိုင်သည်။ သူ့စိတ်ထဲမှာ ဘာတွေရှိနေသည်လဲ ဆိုသည်ကို မြင်သာလာအောင် စကားလမ်းကြောင်း ဖွင့်ပေးရန်၊ သူ့စကားများမှတဆင့် သူ့သဘောထားကို သေသေချာချာ စေ့ငုမိစေရန် ကျွန်မ သူနှင့် စကားပြောဖို့ အမှန်တကယ်ကို လိုအပ်နေပေပြီ…။ ဘဝတလျှောက်လုံးမှာ သူနှင့် ပတ်သက်သမျှ အရာရာကို အလိုက်သင့် အလျားသင့် လက်ခံတတ်၊ အစဉ် နားလည်ပေးနေတတ် သူတယောက် ဖြစ်သော်လည်း သည်တကြိမ်မှာတော့ ကျွန်မ ငြိမ်သက်စွာ ခြေစုံရပ်၍ မနေနိုင်ပြီ…။

ဟုတ်ပါပြီ… ကျွန်မတို့ စကားပြောကြရမည်…။
သူနှင့် ကျွန်မ မျက်နှာချင်းဆိုင် စကားပြောဆိုဖို့ရာ မည်သည့်အချိန်က အကောင်းဆုံးဖြစ်မည်လဲ…။ သေချာသည်ကတော့ နှစ်ဦးသား တူညီစွာ အားလပ်မည့် ညနေခင်းအချိန်တွေမှာပဲ ဖြစ်ဖို့များမည်…။ သို့ဆိုလျှင်… သာယာသော လေညှင်း နော့နော့ တိုက်ခတ်သည့် ညနေခင်းများမှာ စိမ်းမြမြ မြက်ခင်းပြင်ကျယ်ကို မျက်နှာမူ၍ လက်ချင်း ချိတ်တွဲကာ လမ်းလျှောက်နေစဉ် အချိန်မျိုးမှာလား… ပင်လယ်ကို ဖြတ်တိုက်လာသော လေကို မျက်နှာမော့ကာ တဝကြီးရှိုက်သွင်းလိုက်သော အချိန်မျိုးမှာလား… လမ်းလျှောက်ရာမှ အပြန် မီးရောင် ညိုဝါဝါအောက်မှ ညစာ ထမင်းဝိုင်းမှာ ဝိုင်နီတခွက်ကို သူ့လက်ထဲ ကမ်းပေးရင်း စကား စရမှာလား… ညစာ စားပြီးချိန်များမှာ ထုံးစံအတိုင်း သူ့ပုခုံးမှာ နွဲ့မှီရင်း ရုပ်ရှင်တကားကို အတူတူကြည့်နေစဉ် အချိန်မျိုးမှာ စကားစလိုက်ရမှာလား…။ ဒါမှမဟုတ်… မီးရောင် ပြာလဲ့လဲ့ဖြင့် လှပနေသော အိပ်ခန်း… ဟင့်အင်း… သည်လိုတော့လည်း မဖြစ်နိုင်ပြန်…။ ကျွန်မ သူ့ကို စကားပြောချိန်များမှာ သူ ပျော်ရွှင်နေသလား… သူ စိတ်ညစ်ညူးနေသလား… သူ လက်ခံချင်ရဲ့လား… သူ နားထောင်ချင်ရဲ့လား… သူ တုံ့ပြန်ချင်ရဲ့လား… စသည့် သူ့ စိတ်အစဉ်ကို သူ့မျက်နှာပေါ်မှာ၊ သူ့ မျက်လုံးများထဲမှာ ကျွန်မ ဖတ်ရှုရန် မလွဲမသွေ လိုအပ်နေဦးမည်လေ…။

နောက်တခုက သူ့ ထံမှ တုံ့ပြန်စကားကိုလည်း ကျွန်မ မေ့ထား၍ မဖြစ်ပြန်ချေ။ ပြောရလျှင် သူက သွေးအေးတတ်သူ၊ ရေငုံနှုတ်ပိတ်တတ်သူ၊ ခွန်းတုန့်ပြန်ဖို့ နှုတ်နှေးတတ်သူ၊ ထိပ်တိုက်မတိုးပဲ တိတ်တဆိတ် ရှောင်ဖယ်တတ်သူ…။ ကျွန်မက သွေးပူတတ်သူ၊ ဟောဟောဒိုင်းဒိုင်း ပြောဆိုတတ်သူ၊ မကျေနပ်လျှင် မကျေနပ်သလို ခပ်ရမ်းရမ်း မြည်တွန် တောက်တီးတတ်သူ၊ စိတ်ရင်း စေတနာမှန်သော်လည်း နှုတ်ထွက် မချိုသာတတ်သူ၊ စကားလုံး လှလှ မရွေးတတ်သူ…။ သို့သော်လည်း အခုကိစ္စမှာတော့ သည်လိုကိုင်တွယ်ဖို့ရာ မလွယ်ကူလှမှန်း ဖာသာ သိနေခဲ့သည်။

ကျွန်မ စဉ်းစားနေရသည်...။ သည်အတိုင်းတော့ မဖြစ်... မပြောလို့ လုံးဝ မရ…။ တနည်းနည်းနှင့် ပြောတော့ ပြောမှ ဖြစ်မည်။ စကားဖြင့်ပြောလျှင် အလိုမကျသံ၊ အားမလို အားမရသံ၊ အပြစ်တင်ချင်သောအသံ၊ စိတ်လက် မရှည်သောအသံ၊ စိတ်ထိခိုက် ဝမ်းနည်းသံ… နောက်ဆုံးမှာ စိတ်ဆိုး ဒေါသသံ... စသောအသံများ ဘယ်လိုနည်းနှင့်မျှ မပါဝင်ပါ ဟု အာမခံနိုင်ပါမည်လော။ မသေချာပါ... တကယ်ကြီးကို မသေချာပါ...။

ချာချာလည်နေသော အတွေးများအဆုံးမှာ ပြောစရာရှိသည်များကို စာဖြင့်သာ ရေးသားပြောဆိုရန် ဆုံးဖြတ်လိုက်တော့သည်။ နှုတ်တရာ စာတလုံး ဟူသော စကားကို ကျွန်မ သတိရတော့ နောက်ကျိနေသော စိတ်အစဉ်ကြားမှာပင် ပြုံးမိသေးသည်…။ စကားကျွံလျှင် နှုတ်မရ ဟုသော စကားကို သတိရမိပြန်တော့ စာရေးဖို့ ပိုပို သေချာခဲ့ရသည်…။ မည်သို့ပင် ဖြစ်စေ ကျွန်မ စာ စ ရေးတော့မည်…။

ကျွန်မ ရေးသားထားသော စာထဲတွင် ကျွန်မ၏ ရင်ထဲမှ ထုထည်ကြီးမားသော ချစ်ခြင်းမေတ္တာနှင့် စေတနာတို့ကို မြင်နိုင်စေရမည်…။ ကျွန်မ၏ နှလုံးသားထဲမှ ဂရုဏာစိတ်လွှမ်းသော ကြင်နာခြင်းများကို မြင်နိုင်စေရမည်…။ ကျွန်မ၏ အတွေးများထဲမှ သင့်တင့်မျှတ၍ မှန်ကန်ကောင်းမွန်သော ဝေဖန်ချက်များကို မြင်နိုင်စေရမည်…။ ကျွန်မ၏ စကားလုံးများထဲမှ သာယာနာပျော်ပြီး နားခံသာသော အပြစ်တင်စကားများကို မြင်နိုင်စေရမည်…။ ကျွန်မ၏ အပြောများထဲမှ ငြင်းဆန်နိုင်စရာ မရှိသော အကြံပြုချက်များကို မြင်နိုင်စေရမည်…။

စကားဖြင့် ပြောလျှင် ပြင်မရ နှုတ်မရသော အမှားအယွင်းများ ပါသွားနိုင်သော်လည်း စာဖြင့် ရေးရသည့်အခါ မှာတော့ အဆင်ပြေလှသည်။ စကားလုံး အသုံးအနှုန်းများကို သင့်တော်အောင်၊ ချောမွေ့အောင် စိတ်တိုင်းမကျမချင်း ပြင်ဆင် စစ်ဆေးနိုင်သည်မှာ စာဖြင့် ရေးသား ပြောဆိုရခြင်း၏ အားသာချက်ဖြစ်သည်။ ထိုစာကို ကျွန်မ ရေးသားနေစဉ်အချိန်မှာရော၊ ရေးသားပြီးသွားသောအခါမှာပါ အထပ်ထပ် အပြန်ပြန် အလှန်လှန် ဖတ်ရှုကာ စကားလုံးတို့ သိုသိုသိပ်သိပ်ဖြစ်စေရန်၊ မလိုအပ်သော ဇာတ်ဆန်ခြင်းတို့ ပါမသွားစေရန်၊ ချွန်မြသော ထိုးနှက်ချက်များ ပါမသွားစေရန်၊ သူစိမ်းဆန်သော ခါးသီးခြင်းများ ပါမသွားစေရန်၊ စာဖတ်ရသူ၏ ကိုယ် စိတ် နှလုံး သုံးပါးစလုံး စိုးစဉ်းမျှ နာကျင်ထိခိုက်ခြင်း အလျဉ်းမရှိစေရန် အကြိမ်ကြိမ် ဂရုတစိုက် တည်းဖြတ် ပြင်ဆင်ခဲ့သည်…။

ရက်အတန်ကြာ ရေးသား ပြင်ဆင် ဖြတ်တောက် ဖြည့်စွက်အပြီးမှာတော့ ထိုစာကို ကျွန်မ စာတိုက်မှတဆင့် သူ့ထံ လှမ်းပို့လိုက်သည်…။ နောက်ထပ် ရက်အနည်းငယ်အတွင်းမှာ သူ့လက်ထဲကို ထိုစာ မလွဲမသွေ ရောက်သွားပေလိမ့်မည်။ ထိုစာကို သူဖတ်ပြီးလျှင် ကျွန်မအပေါ် မည်သို့ တုံ့ပြန်လာမည်ဆိုသည်ကို နှစ်ဦးသား အတူရှိနေနိုင်မည့် ညနေခင်းအချိန်တွေမှာ ကျွန်မ ရင်ခုန်လှိုက်မောစွာ စောင့်မျှော်နေဆဲ….