Tuesday, November 13, 2012

အိမ်နီးချင်းအကြောင်း သိကောင်းစရာ

မပြောချင်ဘူး… မပြောချင်ဘူး… ပြောကို မပြောချင်ဘူး… ဆိုတာ တကယ်တော့ ပြောကို ပြောချင်လွန်းလို့ အစပြုလာတဲ့ စကားပဲ…။ ခက်တာက မပြောပဲ နေလို့ရရင် ဘယ်သူက လေအကုန်ခံပြီး ပြောချင်မလဲ… ဒါပေမယ့် အခုလို မပြောလိုက်ရ မချင်း စိတ်ထဲ တနုံ့နုံ့နဲ့… နေလို့လည်း တယ်မကောင်းလှဘူး…။ ဒါကြောင့် ပြောမှပဲ ဖြစ်တော့မယ်ဗျာ…

ဒီလိုဗျ…
ကျွန်တော်တို့မှာ အိမ်နီးချင်း မိတ်ဆွေ မိသားစုတစုရှိတယ်…။ မိသားစုချင်း အတော်အတန် ခင်မင်ကြတယ် ဆိုပါတော့…။ အဓိကကတော့ အမျိုးသမီးချင်း ခင်မင်နေကြတာပါ…။ အိမ်ချင်းကလည်း နီးတော့ အမျိုးသမီးချင်းသာမက… ကလေးတွေ အချင်းချင်းလည်း အဖေါ် အလှော်တွေရလို့… ဒီတော့ အမျိုးသမီးနှစ်ယောက်ကလည်း နေ့လည်နေ့ခင်း ကလေး ကျောင်းကြို ကျောင်းပို့၊ ကျူရှင် ကြို ပို့… ဈေးသွား စသည်ဖြင့် တနေ့ တနေ့ တတွဲတွဲနဲ့…။ ဘယ်နေရာမှာ ဘာတွေ ဈေးလျှော့နေပဟ… ဆိုလည်း သူတို့နှစ်ယောက်ပဲ အပြေးကလေး သွားကြတယ်…။ ဒီမှာရှိတဲ့ ဘုန်းကြီးကျောင်းက ကထိန်တို့ ၀ါဆိုတို့ ဘာညာတွေ တရားပွဲတွေလည်း အတူတူ သွားကြတယ်။ ကလေးတွေ ကစားကွင်းပို့ရင်းလည်း မိုးတိုးမတ်တပ် စကားတွေ တဖေါင်ဖေါင်နဲ့ အဆင်ပြေနေတာ သူတို့ နှစ်ယောက်ပဲ…။ ဟိုတလောက ဒီမှာ လာသွားတဲ့ အိုင်စီရှိုးတောင် သူတို့နှစ်ယောက် အတူတူ သွားကြပါသေးရော…။ ကျွန်တော်လည်း ကိုယ်တိုင်က ၀ါသနာမပါလေတော့ ကလေးထိန်းရင်း စာတအုပ်နဲ့ အိမ်မှာ နေကျန်ခဲ့တယ်…။ အဆင်ပြေပြေပါပဲ….

အဲ… သူ့ အမျိုးသားကတော့ ခပ်ရိုးရိုး ခပ်အေးအေးထဲကပါ… ကျွန်တော်နဲ့ တခါတလေတွေ့လည်း ဟိုအကြောင်း ဒီအကြောင်း အလ္လာပ သလ္လာပ အနည်းငယ်ကလွဲလို့ ပြောစရာ တယ်မရှိလှဘူး…။

ကျွန်တော့ မိန်းမကတော့ ပြောပြလေ့ရှိတယ်…။ အိမ်နီးချင်း အမျိုးသမီး စိတ်ကောင်းရှိကြောင်း၊ ကူညီတတ်ကြောင်း၊ ငွေကြေး ပြည့်စုံကြောင်း၊ အလှူအတန်း ရက်ရောကြောင်း၊ အသုံးအစွဲ လက်ဖွာကြောင်း… စသည်ဖြင့်ပါ…။ တခါတခါ သူများဝယ်တိုင်း လိုက်ဝယ်ချင်တဲ့ အိမ်က မိန်းမကို နည်းနည်းတောင် ဘရိတ်အုပ်ရသေးတယ်…။ ဘယ့်နှယ့်ဗျာ… ဟိုမိန်းမက ပိုက်ဆံအိပ်တလုံးကို ဒေါ်လာ ထောင့်ခြောက်ရာနဲ့ အွန်လိုင်းက မှာပြီး ၀ယ်သတဲ့… ကြည့်ရတာ အားကျနေပုံပဲ… ဒါမျိုးတော့ အားမကျနဲ့ မိန်းမရေ… ကိုယ့်မှာ မွေးထားတဲ့ ကလေးတွေ ရှေ့ရေးက ရှိသေးတယ် မဟုတ်လား… ဒီခေတ်ကြီးထဲ စစ်စစ်စီစီနေနိုင်မှ တော်ရုံကျတာနော်… လို့ မသိမသာ စကားသွင်းရသေးတယ်…။

ဒီလိုနဲ့ တနေ့မှာ အိမ်က မိန်းမက စကားစ လာတယ်…။ လေသံက တမျိုးပဲ… တခုခုကို မကျေမနပ် ဖြစ်နေသလိုမျိုး…။ သူ့စကားအရ သူ့မွေးနေ့မှာ ဟိုအိမ်နီးချင်း အမျိုးသမီးက ရန်ကုန်က ပါတိတ်ဝမ်းဆက်ကို မှာပြီး လက်ဆောင်ပေးသတဲ့… ပြီးတော့ ပြောသေးတာတဲ့… မွေးနေ့အမှီ လူကြုံမရ ရအောင်ရှာပြီး တကူးတက မှာထားရတာ ဆိုပဲ…။ ဒါ ဘာဖြစ်သလဲ… မွေးနေ့လက်ဆောင်ပေးတာပဲ ဘာ ပေးပေးပေါ့… ဆိုတော့ သူက မဟုတ်ပြန်ဘူး။ ဒီမှာ အတူတူ ၀ယ် ချမ်းသွားလာနေတာပဲ လက်ဆောင်ပေးချင်းပေး ဒီက ပစ္စည်းတခုခုသာ ၀ယ်ပေးသင့်တာပေါ့တဲ့… ဒီပါတိတ်ဝမ်းဆက်ကို သူ ဒီမှာ ဘယ်လိုဝတ်မလဲ တဲ့… မိန်းမများ ခက်ပုံ…။ အိုကွာ… မင်းမ၀တ်ချင်လည်း သူများပေးချင်ပေး သိမ်းချင်လည်း သိမ်းထားလိုက်ပေါ့… လို့ စကားတိုတိုပဲ ပြန်ပြောလိုက်တယ်…။ မိန်းမလည်း မကျေမနပ်နဲ့ ဆောင့်ဆောင့် ဆို လှည့်ထွက်သွားတယ်…။ မိန်းမနှယ့်… ခက်လိုက်တာ… သူများတကာကို မကောင်းမြင်တတ်တာ လွန်ရော ဆိုတဲ့ အပြစ်တင်စကားကိုတော့ လည်ချောင်းဝမှာတင် ထားလိုက်ပါတယ်… မဟုတ်ရင် ကျွန်တော်တို့ချင်း စကားများကြရမှာလေ…။

အဲ… ဒီလိုနဲ့ နေလာလိုက်တာ တနေ့ကျတော့ မြန်မာပြည်က စာသင်ကျောင်းတကျောင်း ပြန်လည် မွမ်းမံ ပြင်ဆင်ရေးအတွက် ကုသိုလ်ပြုစရာ အလှူခံပေးဖို့ ကိစ္စပေါ်လာတယ်…။ ရန်ကုန်က လှမ်းပို့လိုက်တဲ့ အလှူခံ ဖြတ်ပိုင်းတွေ လက်ထဲရောက်လာတော့ လင်မယား နှစ်ယောက် နီးစပ်ရာ မိတ်ဆွေ သူငယ်ချင်းတွေဆီကို အလှူခံ ထွက်ကြတယ်…။ လှူကြပါတယ်… တတ်အားသရွေ့ လှူကြပါတယ်… ရေကြည်ရာ မြက်နုရာမှာ ရောက်နေကြတဲ့သူတွေအဖို့မှာက အခုလိုလေး အလှူခံမှ အဆင်တပြေနဲ့ လှူဖြစ်ကြတာ မဟုတ်လား…။ အလှူငွေတွေဟာ ထင်ထားတာထက် တော်တော်လေး ရလို့ မိန်းမကလည်း ၀မ်းတွေသာနေတယ်။ ထည့်ဝင်လှူတန်းကြသူတွေကလည်း အခုလို အချိန်ကုန်ခံ လူအပင်ပန်းခံပြီး အိမ်တိုင်ရာရောက် အလှူခံ ဖြတ်ပိုင်းတအုပ်နဲ့ အလှူလိုက်ခံပေးတဲ့ ကျွန်တော်တို့ ဇနီးမောင်နှံကို တပြုံးပြုံးနဲ့ သဘောတွေ ကျလို့ပေါ့…။

ဒီလိုနဲ့ ဟို အိမ်နီးချင်း မိသားစုဆီ အလှူခံဖို့ ရောက်တော့… အကျိုးအကြောင်း ပြောပြအပြီးမှာ အမျိုးသမီးက အင်း အဲ နဲ့… အိမ်ခန်းထဲ ၀င်သွားပြီး အတော်လေးကြာမှ ပြန်ထွက်လာတယ်…။ သူ့လက်ထဲမတော့ မြန်မာငွေစက္ကူ တထပ်နဲ့…။ ကျွန်တော်တို့လည်း ရုတ်တရက်တော့ အံ့သြသွားတာဗျာ…။ ဒါပေမယ်လည်း ဟန်မပျက်ပဲ အလှူငွေတွေ လက်ခံပါတယ်…။ ဗျာ… ဘယ်လောက်လှူလိုက်တာလဲ… ဟုတ်လား… ဟုတ်ကဲ့ခင်ဗျာ… မြန်မာငွေ ကျပ် ငါးထောင်တိတိပါ…။ တထောင်တန် လေးရွက်ရယ် ကျန်တာတွေကတော့ ရာတန်တချို့နဲ့ ငါးဆယ်တန် ခပ်နွမ်းနွမ်းလေးတွေတောင် ပါသေးသဗျ…။ ငွေလက်ခံဖြတ်ပိုင်း ရေးမယ့်ဟန်ပြင်နေတဲ့ မိန်းမ လက် နည်းနည်း တွန့်သွားတာ မြင်လိုက်တယ်…။ သူ့ကြည့်ပြီး ကျွန်တော်လည်း နည်းနည်း ရယ်ချင်သွားတယ်… ဒါပေမယ့် သူ ရေးနေတာကို ကျွန်တော် သေသေချာချာ ကြည့်နေလိုက်တယ်… တော်ကြာ ရေးရင်းနဲ့ လက်က အရင် ရေးနေကျအတိုင်း စကာင်္ပူဒေါ်လာ ငါးထောင် တိတိ ဆိုမှဖြင့် ကျွန်တော်တို့ အကျိုးနည်းရချည်ရဲ့ဗျာ…။

အခုတလော ကျွန်တော်လည်း ရုံးမှာ အလုပ်များနေလို့ ကျန်တဲ့ အိမ်ကိစ္စ ကလေး ကိစ္စတွေ လှည့်မကြည့်ဖြစ်ဘူး။ မိန်းမကလည်း အလိုက်တသိနဲ့ အနှောက်အယှက် မပေးဘူး… ပြောရရင် ပူညံပူညံ သိပ်မလုပ်ဖူးပေါ့ဗျာ…။ ဒါပေမယ့် တနေ့မှာ ကလေးတွေကို ကျူရှင်သင်ပေးတဲ့ ဆရာမ ကို သီတင်းကျွတ် ကန်တော့စရာ လက်ဆောင်ဝယ်ချင်လို့ အားတဲ့ တနေ့ Shopping Center တခုကို လိုက်ပို့ပေးပါလားလို့ မိန်းမက စကားစလာတယ်…။ အဲ… စကားကြုံလို့ ပြောရရင် အဲဒီဆရာမက မြန်မာပြည်မှာ တကယ် ဆရာမလုပ်လာတဲ့ ကျောင်းဆရာမအစစ်ဗျ… ကလေးတွေအပေါ် စေတနာလည်းရှိတယ် စာသင်လည်း သိပ်ကောင်းတယ်… ဒီတော့လည်း မြန်မာ့ရိုးရာ ထုံးထမ်းစဉ်လာနဲ့ အညီ သီတင်းကျွတ်မှာ ကန်တော့တယ်ဆိုတာ ဖြစ်သင့်တဲ့ ကိစ္စတခုပေပဲ…။ ခါတိုင်းတော့ ဒီကိစ္စတွေ ကျွန်တော်တောင် မသိလိုက်ရပဲ သူရယ် ဟို အိမ်နီးချင်း မိန်းမရယ် အတူတူ ဆောင်ရွက်နေကျဗျ…။ အခုမှ ထူးထူးဆန်းဆန်း… ဒါပေမယ့် ကျွန်တော် ဘာမှ မမေးလိုက်ပါဘူး… သောကြာနေ့ ညနေ ရုံးဆင်းရင် လိုက်ပို့မယ်လို့ ပြောလိုက်တယ်…။

ဆရာမအတွက် မိန်းမက ပုဝါ တထည် ၀ယ်တာတွေ့တယ်။ ပြီးတော့ လက်ပွေ့အိပ် ကြီးကြီးတလုံး ၀ယ်တယ်…။ နောက်တော့ ထုံးစံအတိုင်း ကော်ဖီမှုန့် ဘီစကစ် စတဲ့ စားဖွယ်သောက်ရာ အချို့…။ ဈေးဝယ်ပြီး အပြန်လမ်းမှာ မိန်းမက ပြောတယ်… ဟိုအမျိုးသမီးက သူ့ကို မွေးနေ့လက်ဆောင်ပေးသလိုပဲ ကလေးတွေ ဆရာမကို သီတင်းကျွတ်မှာ ကန်တော့ဖို့ ရန်ကုန်ကနေ ပါတိတ် လှမ်းမှာ ထားပြီးသားတဲ့…။ အဲဒီ ပါတိတ်အပြင် သူ့အိမ်မှာရှိတဲ့ မုန့်ဟင်းခါးထုပ်တို့ လဖက် နဲ့ အကြော်စုံတို့ပါ ပါမှာတဲ့…။ ဒီကိစ္စနဲ့ ပတ်သက်လို့ ကျွန်တော့အနေနဲ့ ဘာမှ ပြောစရာ မရှိပါဘူး… ဒါပေမယ့် ဟိုတခါ အလှူခံတုန်းက ထည့်လွှတ်လိုက်တဲ့ မြန်မာငွေ ကျပ် ငါးထောင်ကို သတိရသွားတော့ စိတ်ထဲ နည်းနည်း တမျိုးဖြစ်သွားတယ်…။

ကလေးတွေ ကျောင်းပိတ်ရက်ရောက်ခါနီးပြီ…။ ဒီနှစ်တော့ ကျွန်တော်တို့ မြန်မာပြည် မပြန်ပဲ ကလေးတွေကို နီးနီးနားနား ယိုးဒယားဖြစ်ဖြစ် မလေးရှုားဖြစ်ဖြစ် အလည်အပတ် ပို့မလား တွေးထားတယ်။ အဲ… တမနက် ရုံးသွားခါနီး အ၀တ်လဲနေတုံးမှာ မိန်းမက လာပြောတယ်…။ ဒီကျောင်းပိတ်ရက်မှာ ဟို အိမ်နီးချင်း မိသားစု မြန်မာပြည် ပြန်ကြလိမ့်မယ်တဲ့…။ မပြန်ခင် အိမ်မှာ ထမင်းလာစားပါလို့လည်း ဖိတ်ကြားသတဲ့…။ အေးလေ… ဒါဆိုလည်း သွားစားကြတာပေါ့… မင်းတို့ အဆင်ပြေမယ့်ရက်သာ ချိန်းလိုက်ပါလို့ ပြောပြီး ရုံးကို ထွက်လာခဲ့တယ်…။

ထမင်းစားဖိတ်တဲ့နေ့မှာ မိန်းမက အဲဒီအိမ်ကို ယူသွားစရာ မုန့်ပဲ သွားရည်စာတွေ အချိုရည်တွေကို ပြင်ဆင်လို့…။ တိုတိုပြောရရင် စနေနေ့ တညနေမှာ သူတို့အိမ်က ဖိတ်တဲ့ ထမင်းဝိုင်းကို ရောက်သွားရော ဆိုကြပါစို့ဗျာ…။

ဟား… ထမင်းဝိုင်းမှာ ဟင်းခွက်တွေက အများကြီးပါပဲ…။ ဒါနဲ့ တခုချင်းစီကို အသာ စေ့ငုကြည့်လိုက်တယ်…။ ကုလားပဲနဲ့ ကြာဆံဟင်း၊ ငါးရံ့ခြောက်ဖုတ် ဆီဆမ်း၊ ဆတ်သားခြောက်ဖုတ် ဆီဆမ်း၊ သရက်သီး သနပ်က အစိမ်းသနပ် တမျိုး အချိုသနပ်က တမျိုး နှစ်မျိုးဗျ…။ ပြီးတော့ ဘာလချောင်ကြော်လို့ ခေါ်ကြတဲ့ ငါးပိကြော်… နောက်ဗူးသေးသေးလေးတခုထဲကဟာက ငါးပိထောင်း ထင်တယ်…။ နောက်ပြီး ၀က်အူချောင်းကြော်… ဟင်းတွေကြည့်ပြီး ကျွန်တော့စိတ်ထဲ တမျိုးဖြစ်လာလို့ မိန်းမကို လှမ်းကြည့်လိုက်တော့ မိန်းမမျက်နှာလည်း သိပ်မကောင်းဘူးဗျ…။ အိမ်ရှင်အမျိုးသမီးကတော့ ပါးစပ်ကလည်း ရွှန်းရွှန်းတွေ ဝေလို့… လက်ကလည်း ဟင်းတွေကို ကျွန်တော်တို့ ပန်းကန်တွေထဲ ခပ်ထည့်ပေးနေတယ်။

ထမင်းပန်းကန်ထဲ ဆမ်းထည့်ထားတဲ့ ပဲဟင်းနဲ့ ထမင်းကို နယ်လိုက်တော့ နှာခေါင်းထဲ အောက်သိုးသိုးအနံ့လို အနံ့တမျိုး ရလာတယ်…။ စိတ်ထင်လို့ ဖြစ်မှာပါလေ ဆိုပြီး ဆက်စားတယ်… ၀က်အူချောင်းတဖတ်ကို ကိုက်လိုက်တဲ့အခါ ဆီချေးနံ့က ထောင်းကနဲပဲ…။ မျိုမချနိုင်လို့ အသာ ပြန်ထုတ်ပြီး အိမ်ရှင် အမျိုးသမီး အလစ်မှာ ထမင်းတချို့နဲ့ ဖုံးပြီး ပန်းကန်ဘေးမှာ ပုံထားလိုက်ရတယ်…။ ဒါဆိုလည်း ငါးပိကြာ်လေးနဲ့ပဲ ထမင်း တလုပ် နှစ်လုပ်ဝင်အောင် ဆက်စားလိုက်ပါမယ်လေ လို့ အားနာနာနဲ့ ငါးပိကြော် တဇွန်း ခပ်ယူလိုက်တယ်…။ ကြက်သွန်ဖြူကြော် အ၀ိုင်းလေးတွေနဲ့ ငါးပိကြော်ကတော့ အဆင်ပြေလောက်မှာပါ လို့ တွေးပြီး ပါးစပ်ထဲ အထည့်… အခုနကလိုပဲ ဆီချေးနံ့လိုလို ဟောင်းနေတဲ့ အောက်သိုးသိုး အနံ့မျိုး ရလာပြန်တယ်…။ ပြီးတော့ ကြက်သွန်ဖြူကြော်တွေရဲ့ ပျဉ်းတွဲတွဲ စေးကပ်ကပ် အထိအတွေ့…။ အဲဒါတွေကို ဘယ်လိုမှ မျိုချလို့ မရပဲ ဒုက္ခနဲ့ လှလှနဲ့ တွေ့နေတုန်း အိမ်ရှင်အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းက အသံမြည်လာလို့ ဖုန်းသွားပြောချိန်နဲ့ အံကိုက်မှာ တိုင်ပင်ထားသလိုပဲ… ကျွန်တော်တို့ လင်မယားနှစ်ယောက်စလုံး ထမင်းပန်းကန် ကိုယ်စီကိုင်ပြီး ထမင်းဝိုင်းကနေ ပြိုင်တူ ဆတ်ကနဲ ထလိုက်ကြတယ်…။ အဲ… အိမ်ရှင်အမျိုးသားကတော့ ခပ်အေးအေးပဲ ဘာမှ မဖြစ်သလိုပဲ ထမင်းတွေ ဆက်စားနေတာတွေ့တော့ ကျွန်တော်ဖြင့် အံ့သြလို့ကို မဆုံးဘူး…။

သွန်စရာရှိတာတွေကို တွေ့တဲ့ အမှိုက်ပုံးထဲ ကဗျာကရာ သွန်ထည့်ပြီး အိမ်ရှင် အမျိုးသမီး ထမင်းဝိုင်းနား ပြန်မ၀င်လာခင်မှာပဲ ထမင်းစားခြင်းအမှုကို ခပ်မြန်မြန် လက်စသတ်လိုက်ကြတယ်။

ပြောလက်စနဲ့ ဆက်ပြောရရင် ထမင်းစားအပြီး ရေနွေးကြမ်းဝိုင်းမှာကလည်း မာဆတ်ဆတ် အေးစက်စက် ကောက်ညှင်းရွှေကြည်၊ ပြီးတော့ ပျော့တွဲတွဲ အကြော်စုံရယ် ညစ်ထပ်ထပ် အရောင်အဆင်းရှိတဲ့ ပုဇွန်ခြောက်ရယ်နဲ့ ရောနှောထားတဲ့ လဖက်သုပ်… ဒါတောင် အိမ်ရှင် အမျိုးသမီးက ပြောသေးသဗျာ… ဒါ ရွှေပုဇွန်ခြောက်တဲ့… အရသာက သိပ်ချို သိပ်ကောင်း ဆိုပဲ…။ ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း ရေနွေးကြမ်းပူပူတွေပဲ ဖိသောက်ပြီး ပြန်မယ်အလုပ်မှာ အိမ်ရှင် အမျိုးသမီးက စကားစလာတယ်…။

တခြားတော့ မဟုတ်ပါဘူး…. သူတို့ ခရီးသွားနေတဲ့ အချိန် တလခွဲအတွင်းမှာ သူတို့ အိမ်က အလှမွေးငါးတွေကို အစာကျွေးပေးဖို့ ငါးကန်ကို ကျွန်တော်တို့အိမ်ကို ရွှေ့ထားချင်ပါသတဲ့ ခင်ဗျ…။ ပြီးတော့ ငါးတွေဟာ အဖိုးတန် ငါးတွေ ဖြစ်တဲ့အတွက် ငါးကန်အတွက် မီးချောင်းကို နှစ်ဆယ့်လေးနာရီ ထွန်းထားပေးရပါမယ် တဲ့… အဲ… ငါးစာကိုတော့ သူတို့ အသင့်ဝယ်ထားပါသတဲ့… အကယ်၍များ ငါးစာ ကုန်သွားခဲ့သည်ရှိသော် တိုက်နံပါတ် --- အောက်က ငါးဆိုင်မှာ စေတနာလျောက် ၀ယ်ယူ ကျွေးမွေးထားနိုင်ပါတယ်တဲ့ ခင်ဗျ…

ကိုင်း… ကောင်းကြသေးရဲ့လားဗျာ…
လက်စသတ်တော့ ကျွန်တော်တို့ကို ညစာ ထမင်းဖိတ်ကျွေးတာ အဲဒါကြောင့်ကိုး လို့ အခုမှ သဘောပေါက်သွားတယ်…။ ကျွန်တော်တို့လည်း မကြာသေးခင်လေးကမှ ကြိတ်မှိတ်မျိုချထားခဲ့ရတဲ့ အောက်သိုးသိုး ထမင်းလုပ်တချို့ရယ် လက်ထဲကိုင်ထားတဲ့ သောက်လက်စ ရေနွေးကြမ်းခွက်ရယ်နဲ့ ငြင်းရတခက် ယူရတခက်နဲ့ လက်ပူးလက်ကြပ်ကြီးတွေကို ဖြစ်လို့ဗျာ…။

အိမ်ရှင်အမျိုးသမီးကတော့ ကျွန်တော်တို့ မငြင်းလောက်ဖူးဆိုတာ အပိုင်တွက်ထားပုံပဲ…။ သူ့ယောက်ျားကို "မောင်ရေ… ကို--- နဲ့ မ--- တို့က ခင်တို့ ငါးလေးတွေကို မွေးပေးထားမယ်တဲ့… ငါးကန် ရွှေ့ဖို့ ပြင်ပါအုံး… လောလောဆယ် ငါးလေးတွေကိုတော့ ရေပုံးတခုနဲ့ သပ်သပ်ထည့်ထားကြတာပေါ့…" လို့ အသံချိုလွင်လွင်လေးနဲ့ လှမ်းပြောနေသဗျ…။ ကျွန်တော့ မိန်းမကတော့ မျက်နှာတော်တော်ပျက်နေပြီး ကျွန်တော့ကို ကုလားထိုင်အောက်ကနေ ခြေထောက်ချင်းတို့ပြီး မသိမသာ အချက်ပြတယ်…။ ကျွန်တော်လည်း ဘာပြန်ပြောရမလဲ စဉ်းစားနေတုန်းမှာ အိမ်ရှင်အမျိုးသမီးက မီးဖိုခန်းထဲကနေ ကျွတ်ကျွတ်အိတ် အထုတ်ကြီးတထုပ်ကိုင်ပြီး ထွက်လာပြန်တယ်…။ ပြီးတော့ ကျွန်တော်တို့အနားကို လာချပေးရင်း ပါးစပ်ကလည်း ဒါတွေဟာ စားသောက်ဖွယ်ရာတွေဖြစ်ပြီး ကျွန်တော်တို့အိမ်အတွက် လက်ဆောင်လို့ ရှင်းလင်း ပြောပြနေသေးတယ်…။

အိတ်ထဲကို တစွန်းတစ လှမ်းမြင်ရသလောက်ကတော့ ဖေါက်လက်စ မကြော်ရသေးတဲ့ ငါးမုန့်ကြော်ထုပ်၊ ပုန်းရည်ကြီးထုပ်၊ မြောင်းမြဒေါ်ချို မုန့်ဟင်းခါးထုပ်၊ သုံးလက်စ ငြုတ်သီးမှုန့်ထုပ်၊ ပဲကြာဆံ ဆန်ကြာဆံထုပ်တွေ၊ တ၀က်တပျက် သုံးထားတဲ့ ကုလားပဲ၊ မွှေး ပဲမှုန့်အကျက်…။ ဒါတင်မကသေးဘူးဗျ… ရေခဲသေတ္တာထဲက အခုမှ ထုတ်ယူလာဟန်တူတဲ့ စိုစိစိ ပန်းသီး လေး ငါးလုံး၊ လိမ်မော်သီး သုံးလုံး၊ ကီဝီသီး တဗူးနဲ့ စပျစ်သီး ဗူးတ၀က်ခန့်တွေလည်း ပါလာသေးတယ်…။ ဒါတွေကို အိမ်မှာ တလခွဲ ဒီတိုင်းထားပစ်ခဲ့မယ့်အစား အမှန်တကယ် စားသုံးမယ့်သူတွေရဲ့ လက်ထဲ ပေးထားခဲ့တာ ကုသိုလ်ရတာမို့ အခုလို စီစဉ်ရတာ ဖြစ်ကြောင်း… မဟုတ်လဲ အပြင်က ၀ယ်စားနေရမယ့် အတူတူ သူပေးတာကို ယူလိုက်စေချင်ကြောင်း… သူဟာ အကျွေးအမွေး အပေးအကန်းမှာ လွန်စွာ ရက်ရောသူ တယောက်ဖြစ်ကြောင်း၊ လူတဖက်သားအပေါ်မှာ အန်မတိ အင်မတန် စေတနာ သဒ္ဒါတရား ကြွယ်ဝတတ်သူတယောက်ဖြစ်ကြောင်း… စကားလုံးလှလှတွေ စီကာပတ်ကုံး ပြောနေသေးတာ…။

ကျွန်တော်တို့ လင်မယားနှစ်ယောက်လည်း တယောက်မျက်နှာ တယောက်ကြည့်ရင်း၊ ကျွန်တော်တို့ရှေ့မှာ ရောက်နေတဲ့ နည်းနည်းနောနောမဟုတ်တဲ့ လက်ဆောင်ထုပ် ဆိုတာကြီးကို ကြည့်ရင်း ငြင်းစရာ စကားလုံး ရှာမရဖြစ်နေတယ်… ခက်ပုံ ခက်နည်းက ဟင်းပွဲပေါင်းများစွာနဲ့ ထမင်းဝိုင်းကြီးကလည်း ကျွန်တော်တို့ရှေ့မှာ လောလောလတ်လတ်ကြီး ရှိနေသေး… ပြီးတော့ လက်ထဲမှာ ကိုင်ထားတဲ့ သောက်လက်စ ရေနွေးကြမ်းပန်းကန်… တလုပ်စားဖူး သူ့ကျေးဇူးဆိုတဲ့ မြန်မာစကားပုံ… ဘယ်ကစလို့ ဘာစကား ပြန်ပြောရမှန်းမသိပဲ မျက်နှာတွေ ခပ်ပျက်ပျက်နဲ့ အိုးတိုး အမ်းတမ်းကြီးတွေကို ဖြစ်ရော….

အေးဗျာ… ဒီလိုနဲ့ နောက်ဆုံးမှာတော့ တပေခွဲလောက်ရှိတဲ့ မီးချောင်း နှစ်ချောင်းပါဝင်တဲ့ ငါးကန်ကြီး… ဟိုလက်ဆောင်ထုပ်ကြီးနဲ့ အတူ ကျွန်တော်တို့ အိမ်ရောက်လာပါလေရော…။ သူတို့လင်မယားက ငါးကန်ကြီးနဲ့ စင်ကို တကြိမ်၊ ငါးတွေ ထည့်ထားတဲ့ ရေပုံးနဲ့ ငါးစာတွေ၊ ငါးကန်မှာ ဆင်ရတဲ့ Filter တွေနဲ့အတူ အစောက ပြောခဲ့တဲ့ လက်ဆောင်ထုပ်ကြီးရယ်ကို တကြိမ် အိမ်အရောက် လိုက်ပို့ပေးသွားသဗျ…။



သူတို့လင်မယား ပြန်သွားကြပြီး ကလေးတွေကတော့ အဖေ အမေတွေရဲ့ အရိပ်အကဲကို နည်းနည်းမှ သတိထားမိကြပုံ မပေါ်ဘူး၊ ကစားစရာ အသစ်တခုရသလိုပဲ… ငါးကန်ဘေးမှာ ၀ိုင်းနေကြရင်း ငါးစာကျွေးဖို့ သူ့အလှည့် ကိုယ့်အလှည့် ငြင်းခုံ လုယက်ပြီး အချိန်ခွဲနေကြလေရဲ့…။ ကျွန်တော်ကတော့ ငါးကန်က မီးချောင်းတွေ ၀ပ်ဘယ်လောက်ရှိလဲ… ရေသန့်တဲ့ Filter ကရော ၀ပ်ဘယ်လောက်ရှိမလဲ… တနာရီကို မီတာ ဘယ်လောက် စားမလဲ… နှစ်ဆယ့်လေးနာရီဆို ဘယ်လောက်… တလခွဲဆိုရင် ဘယ်လောက်ဖြစ်သွားမလဲ… စသည်ဖြင့် စိတ်တွက်နဲ့ အလုပ်များနေတုန်းမှာ မိန်းမကတော့ မီးဖိုခန်းထဲမှာ အခုနက လက်ဆောင်ထုပ်ထဲက ပစ္စည်းတွေကို တခုချင်း အမှိုက်ပစ်တဲ့ အပေါက်ကနေ (စိတ်ဆိုး မာန်ဆိုးနဲ့) တဒုန်းဒုန်း တဒိုင်းဒိုင်း အသံတွေ မမြည် မြည်အောင် ကြိုးစားပမ်းစားလုပ်ပြီး ပစ်ချနေလေရဲ့….

အဲ့လိုပါ…
မပြောချင်ဘူး မပြောချင်ဘူး… ပြောကို မပြောချင်ဘူး ဆိုတာ တကယ်တော့ ပြောကို ပြောချင်လွန်းလို့ အစပြုတဲ့ စကားပါဗျာ…။




မှတ်ချက် - ၂၀၁၃ ဧပြီလ - စတိုင်သစ် (New Style) Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Saturday, November 10, 2012

ဟင်းချက်သောနေ့ (၂)

ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ…
ခရီးတိုလေးတခု သွားဖို့ နားရက်အနည်းငယ် ယူထားလို့ လူက အလိုလိုနေရင်း အပျော်ကြီး ပျော်နေပါတယ်…
ဘယ်သွားမှာလဲ ဆိုရင်တော့ တိမ်တိုက်တွေ၊ တောင်တန်းတွေ၊ ပင်လယ်ပြာပြာတွေနဲ့ နီးစပ်ခွင့်ရနိုင်မယ့် နေရာတခု ဆိုပါစို့….

နားရက်တွေထဲက ဒီနေ့ Day (1) အနေနဲ့ အိမ်ရှင်းပါတယ်… ပြီးတော့ ဈေးမသွားပဲ ရေခဲသေတ္တာထဲမှာ ရှိသမျှတွေကို စုစည်းပြီး ဟင်းဖြစ်အောင် ကြံဖန် စီမံပါတယ်။ ပြောရရင် မိဘနှစ်ပါး ရန်ကုန်ပြန်သွားပြီးထဲက အိမ်မှာ ခေါက်ဆွဲပြုတ် တလှည့် ကြက်ဆီထမင်း တလှည့် အပြင်ထွက်စားတာ တလှည့်နဲ့ ဖြစ်သလို စီစဉ် စားသောက်နေရာကနေ ဒီနေ့ မနက်မှာ ဖဘက ဟင်းလျာတွေ ကြည့်၊ ဗစ်ရဲ့ အုန်းနို့ခေါက်ဆွဲကို ကြည့်၊ တီတီဆွိရဲ့ ရခိုင်မုန့်တီတွေ ကျောက်ကျောတွေ ကြည့်အပြီးမှာ လူက အလိုလိုနေရင်း ချက်ချင် ပြုတ်ချင်စိတ်တွေ ပေါ်ပေါက်လာပါတယ်…။

ဒီလိုနဲ့ ရေခဲသေတ္တာထဲ မွှေလိုက်တဲ့ အခါမှာ ပထမဆုံး ကြိတ်ထားပြီးသား ၀က်သားအကြေတွေ တွေ့ပါတယ်။ ပြီးတော့ မေမေယူလာတဲ့ သေးသေးလှီးထားပြီးသား မျှစ်ချဉ်တချို့ကို တွေ့တော့ အိမ်မှာ အနံ့ နံချင်လည်း နံပါစေတော့လေ ဆိုပြီး ၀က်သားအကြေနဲ့ ခုနက မျှစ်ချဉ်လေးတွေကို ငရုတ်သီး စပ်စပ်နဲ့ ကြော်ပါတယ်…

ကျန်တဲ့ ၀က်သားအကြေတွေကို ကြက်သွန်ုဖြူ ဂျင်းနဲနဲ ကြက်ဥတလုံး Tempura မှုန့်တို့ ရောနယ်ပြီး ၀က်သားလုံး (ပြား) ကြော် ကြော်လိုက်ပါတယ်…။ ပုံထဲမှာ ၀က်သားလုံးကြော်တွေနားမှာ တွေ့ရတဲ့ စိမ်းစိမ်းတွေက ဆလတ်ရွက် တချို့ပါ။ ဓါတ်ပုံထဲမှာ လှအောင် တမင်သက်သက် လှီးထည့်ထားတာပါ...

အသီးအရွက် တခုခု ချက်ဖို့ စဉ်းစားတော့ ဘူးသီးတလုံး တွေ့ပါတယ်…။ ဒါနဲ့ ဘူးသီးကို ကလေး လူကြီးမရွေး သုံးဆောင်နိုင်ဖို့ အဖြူထည် အချိုချက်ကို အိမ်က ပို့ပေးထားတဲ့ ငါးခူမွှေနဲ့ ချက်ပါတယ်။ မျှစ်ချဉ်နံ့ လွှမ်းမိုးနေတဲ့ မီးဖိုချောင်ကို စပါးလင်နံ့နဲ့ ရောနှောသွားစေခြင်း အလို့ငှာ ဘူးသီးဟင်းထဲကို စပါးလင် တချောင်း ထုထည့်လိုက်ပါတယ်…။


ဒီလိုလေး ဆိုတော့ ဟင်းစပ်တည့်တယ်လို့ ထင်ရပါတယ်…။

ဒါတွေတင်ပဲလားဆိုတော့ မဟုတ်ပါဘူး…
မချက်ရင် အရှင်း ချက်ရင် ရပ်လို့မရတော့တဲ့ အန်တီသက်ဝေဟာ ရေခဲသေတ္တာထဲမှာ ထောပတ်အသစ် တခဲရယ် အုန်းနို့ တထုပ်ရယ် စားပွဲပေါ်မှာ အမှည့်ခံထားတဲ့ ငှက်ပျောသီးတဖီးရယ်ကို တွေ့လိုက်တဲ့အတွက် ခေါင်းထဲမှာ မီးသီးလေး တလုံး လက်ကနဲ လင်းသွားပါတယ်။ အုန်းနို့က အမှန်ဆို အုန်းနို့ကျောက်ကျော လုပ်စားချင်လို့ ၀ယ်ထားတာပါ… အဲဒီအတွက် ကျောက်ကျောအမှုန့်ထုပ်လေးတွေလည်း အဆင်သင့်ရှိနေပါတယ်။ ဒါပေမယ့် ကျောက်ကျောထုပ်က အထားခံသေးတယ်… ငှက်ပျောသီးက အထားမခံဘုးလို့ တွေးပြီး ငှက်ပျောသီး ဆနွင်းမကင်း လုပ်ဖို့ ပြင်ပါတော့တယ်…


ပါဝင်တဲ့ပစ္စည်းတွေကတော့ တွေ့တဲ့အတိုင်းပါပဲ... လုပ်ရတာလည်း အရမ်းလွယ်ပါတယ်... အားလုံး ရောနယ်ပြီး ဗန်းကို ထောပတ်သုပ်ပြီး အာဗင်ထဲ ၁၅၀ ဒီကရီနဲ့ တနာရီ ထည့်လိုက်တာပါပဲ...။ ဒီတခါတော့ အိမ်မှာ အဆင်သင့်ရှိနေတဲ့ မွှေး ရွှေကြည်မှုန့် အနည်းငယ်လည်း ထည့်လိုက်ပါတယ်… ဘိန်းစေ့ကတော့ ထည့်ဖို့ မေ့သွားတယ်... ဒါပေမယ့်လည်း စားလို့ တော်တော်လေး ကောင်းပါတယ်…

ဒီလောက်နဲ့တင် အရှိန်သတ်လို့ မရနိုင်သေးတဲ့အတွက် ကျန်နေတဲ့ ထောပတ် တ၀က်နဲ့ Short Bread လို့ ခေါ်တဲ့ နံကထိုင် ဆက်လုပ်ပါတယ်… အာဗင်သုံးတာ မီတာ အတော်တက်တတ်တာမို့ မျက်စောင်းထိုးနေတဲ့ သူ့ကို ရဲရဲဝံ့ဝံကြီး မသိချင်ယောင် ဆောင်ရင်း Short Bread အတွက် ဆက်လက်ပြင်ဆင်ပါတယ်… လုပ်နည်းကတော့ Youtube မှာကြည့်ပါတယ်… Evy ဆီကလည်း ကြည့်ပါတယ်… လှလှပပတွေ ပြင်ဖို့ ဆင်ဖို့ စိတ်မရှည်တတ်တဲ့၊ သပ်သပ်ရပ်ရပ်မရှိပဲ ပြီးစလွယ်လုပ်တတ်တဲ့ ထုံးစံအတိုင်း Short Bread လေးတွေဟာ အတို အရှည် အထူ အပါး မညီကြပါဘူး… တွေ့တဲ့အတိုင်းပါပဲ… အမြင်မလှပေမယ့် အရသာကတော့ ထူးထူးခြားခြား ကောင်းမွန်ပါတယ်...


အားလုံး ချက်ပြုတ် ပြီးစီးတော့ ရေချိုး ထမင်းစား လုပ်ထားတဲ့ မုန့်တွေ ဆက်စား…. ပြီးတော့ Download ချစရာ မလိုပဲ တိုက်ရိုက်ကြည့်လို့ရတဲ့ Watch32 ကနေ မကြည့်စဖူး ရုပ်ရှင် တကား တိတိ ကို လဖက်တဗူး ဘေးချလို့ ပြီးဆုံးအောင် ကြည့်လိုက်ပါတယ်…။ ရုပ်ရှင်နာမည်က Last Night ပါ… ပေါ့ပေါ့ပါးပါး အချစ်ဇာတ်လမ်းလေးတခုပါပဲ…။ အိမ်ထောင်ရေးမှာ အရေးကြီးတဲ့ သစ္စာတရား နဲ့ ထိန်းချုပ်နိုင်စွမ်းအားကို လှလှပပလေး ပြသွားတဲ့ ဇာတ်ကားလေးပါ…။ ကြည့်ရတာ ချစ်စရာ ကောင်းပါတယ်…။

ရုပ်ရှင်ကြည့်ပြီးတော့ ဒီပိုစ့်ကို ရေးပါတယ်…
ယနေ့ကြွလာ မိတ်သဟာ ချမ်းသာ ကိုယ်စိတ်မြဲပါစေ… (အလဲ့)




Thursday, November 8, 2012

ညနေ သုံးနာရီ


အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ…။ ညနေ သုံးနာရီသည် တခုခုကို ပြုလုပ်ရန် အနည်းငယ် နောက်ကျ နေပြီဟု တွေး၍ ရနိုင်သလို အနည်းငယ် စောနေသေးသည် ဟု တွေး၍ ရနိုင်သော အချိန်လည်း ဖြစ်သည်။ ထို့အပြင် ညနေ သုံးနာရီသည် ရှေ့တိုးရမလို နောက်ဆုတ်ရမလိုနှင့် မတင်မကျဖြစ်နေသော ခံစားမှုတခုကို ပေးစွမ်းနိုင်သည့် အချိန်ဟုလည်း ကိုယ်ပိုင် ခံစားချက်တခုအနေဖြင့် ကောက်ချက်ချ ကြည့်ချင်ပါသည်။

ညနေ သုံးနာရီ…
အလုပ်နားရက်များတွင် နေ့လည်စာ စားအပြီး အိပ်ရာပေါ်တွင် စာအုပ်တအုပ်နှင့် လှဲခွေနေရာမှ မျက်လုံးများ မှေးစင်းကာ အိပ်ချင်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အလုပ်တက်ရသော နေ့ရက်တိုင်းတွင် အလွန်တရာ ပျင်းရိစွာဖြင့် အိပ်ငိုက်ချင်နေသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အစည်းအဝေးတခုတွင် ကြားဖြတ် အနားယူပြီး ကော်ဖီသောက်ရန် အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ကောင်မလေးတယောက်က ကောင်လေးတယောက်ကို ချစ်အဖြေပေးရန် သာယာလှပသော ပန်းခြံတခု (သို့မဟုတ်) တနေရာရာသို့ ချိန်းဆို ခေါ်ယူသောအချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ မျက်မမြင် လူမည်း အဆိုတော် Stevie Wonders ၏ I just called to say I love you သီချင်း ရေဒီယိုမှာ လာလေ့ရှိသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ အိမ်အနီးရှိ မူလတန်းကြို ကျောင်းတကျောင်းမှ ကလေးများ ပတ်ဝန်းကျင် လေ့လာရေးအတွက် နှစ်ယောက်တတွဲ လက်ချင်း ချိတ်ကာ လျှောက်သွားကြသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။

တိုက်တိုက်ဆိုင်ဆိုင် အိမ်ရှေ့မှ ဖြတ်သွားသော ကောင်မလေးတယောက် ၀တ်ဆင်ထားသော တီရှပ် နောက်ကျောမှာ ရေးဆွဲထားသော နာရီပုံတွင် ညွှန်ပြနေသော လက်တံသည် ညနေ သုံးနာရီ ဖြစ်သည်။ နှစ်ပေါင်းများစွာ ဝေးကွာနေခဲ့သော ရပ်ဝေးမှ သူငယ်ချင်းတယောက် ဖုန်းဆက်လာသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေပြီး သူနှင့် တွေ့ဆုံကာ စကားပြောရန် ချိန်းဆိုသော အချိန်မှာလည်း လာမည့် သောကြာနေ့ ညနေ သုံးနာရီပင် ဖြစ်နေခဲ့သည်။ စိတ်လှုပ်ရှားဖွယ် အိမ်ပြန်ခရီးတခုတွင် လေယာဉ်ပြေးလမ်းပေါ်သို့ လေယာဉ်ပျံ ဘီးချသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို အိမ်ရှေ့မှ အနီရောင် စာတိုက်ပုံးထဲသို့ (မျှော်နေသော) စာများ ရောက်လာတတ်သော အချိန်မှာလည်း ညနေ သုံးနာရီ ပင်ဖြစ်သည်။ မွေးနေ့တွင် ချစ်သူ ခင်သူများဆီမှ လက်ဆောင်များ ပန်းစည်းများ လက်ခံရရှိသော အချိန်၊ အလုပ်နှင့်ပတ်သက်သော ကောင်းသတင်းများ၊ မိသားစုနှင့်ပတ်သက်သော ၀မ်းမြောက်ဖွယ်သတင်းများ ကြားရသော အချိန်တွေသည်လည်း အံ့သြဖွယ်ကောင်းလောက်အောင် တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီတွေမှာ ဖြစ်နေလေသည်။

ထိုမျှသာမက အချစ်ဆုံးသူငယ်ချင်းတယောက်၏ မိခင်ဖြစ်သူ ကွယ်လွန်ကြောင်း သတင်းကို သိရသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ စီးနင်းလာသော အငှားကား လမ်းခုလတ်တွင် ဘီးပေါက်ကာ ရပ်တန့်သွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်နေသေးသည်။ သုံးလက်စ ကွန်ပျူတာလေး အမည်းရောင် စကရင်ကြီး ဖြစ်ပြီး ရုတ်တရက် ပျက်စီးသွားသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သည်။ ရေးလက်စ ဘောပင် မှင်ကုန်သွားသော အချိန်၊ စိတ်ပါလက်ပါ ဟင်းချက်သောနေ့က ဟင်းအိုး ရေခန်းကာ တူးကပ်သွားသော အချိန်၊ ရေချိုးခန်းထဲမှာ ရေပိုက် ပိတ်ပြီး ရေတွေ လျှံကျလာသောအချိန်… စသည့် သေးသေးမွှားမွှား ဖြစ်ရပ်များကို ကြုံတွေ့ခဲ့ရသော အချိန်သည်လည်း ပြောရရင် ညနေ သုံးနာရီသာ…။

ပြောခဲ့သလိုပင်…
ဘ၀မှာ ကောင်းခြင်း ဆိုးခြင်းများ ရောနှောနေသော ညနေ သုံးနာရီပေါင်း များစွာကို လက်ခံ ကြုံဆုံခဲ့ရဖူးသည်။ ထို ညနေ သုံးနာရီများကို ချစ်သည်လည်း မဟုတ်… မုန်းသည်လည်း မဟုတ်… သို့သော်လည်း စိတ်ထဲတွင် မှတ်မှတ်ရရ သတိတော့ ထားဖြစ်နေသည်မှာ အသေအချာ…။ နေ့ရက်တွေတိုင်းမှာ ညနေ သုံးနာရီနားနီးလာလျှင် လက်မှာ ပတ်ထားသော နာရီကို အလိုလိုနေရင်း ငုံ့ကြည့်ဖြစ်သည်။ အနည်းဆုံး မော်နီတာ ညာဖက် အပေါ်ထောင့်မှ ဂဏန်းလေးများဖြင့် ပြသော နာရီကို ကြည့်မိတတ်သည်။ မည်မျှပင် အလုပ်များနေစေကာမူ ညနေ သုံးနာရီတ၀ိုက်တွင် စိတ်က အလိုလိုနေရင်း နာရီကို သတိထားကာ ကြည့်မိနေတတ်သည်။ စကားဝိုင်းတခုတွင် ထိုအကြောင်းကို စကားစပ်၍ ပြောပြဖြစ်သောအခါ ညနေ သုံးနာရီများကို စွဲလမ်းသော ပြဿနာ… ဟု မိတ်ဆွေတယောက်က ကောက်ချက်ချဖူးသည်။ သူ ပြောတာ ဟုတ်ပါလိမ့်မည်…။

ညနေ သုံးနာရီကို သည်မျှ စွဲလမ်းသူ တယောက်ကို မျှော်လင့်မထားသော အဖြစ်အပျက်တခုနှင့် တိုက်ဆိုင် ကြုံတွေ့ခဲ့စေသော အချိန်သည် ညနေ သုံးနာရီ ဖြစ်သလို ထိုအဖြစ်အပျက်၏ နောက်ဆက်တွဲ ဟု ဆိုနိုင်သော အဖြေ ရလာဒ်တခုအတွက် စိတ်နှလုံး ပင်ပန်း မောဟိုက်စွာ စောင့်မျှော်ရန် ချိန်းဆိုခံလိုက်ရသော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီသာ ဖြစ်လို့ နေခဲ့လေသည်။

ဘုရားရေ… အခု ညနေ သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့သည်…။
လက်ထဲမှ လက်ပတ်နာရီ၊ နံရံပေါ်မှ တိုင်ကပ်နာရီ၊ လက်ကိုင်ဖုန်းမှာ ပေါ်နေသော နာရီ… ထိုနာရီများ အားလုံးသည် သုံးနာရီထိုးရန် မိနစ်အနည်းငယ်သာ လိုတော့ကြောင်း တညီတညွတ်တည်း ပြသနေကြသည်။ မကြာခင်မှာ တခုခုကို သေသေချာချာ သိရတော့မည်…။ အဖြူ အမည်း သဲကွဲတော့မည်…။ စိတ်လှုပ်ရှားစွာဖြင့် လက်ဖ၀ါး အချင်းချင်း မသိမသာ ပွတ်တိုက် နေမိသည်။ လက်ချောင်းများ၏ အေးစက်သော အထိအတွေ့ကို လျှစ်လှူရှုကာ မသိလိုက် မသိဖာသာ ထားချင်သော်လည်း မရ…။ လေအေးပေးစက်ကြောင့် လက်ဖျားတွေ လိုသည်ထက် ပိုအေးနေသည်ဟု တဖက်သတ် ကောက်ချက်ဆွဲလိုက်သည်။

အခန်းကျယ်ကြီး တခုထဲမှာ ဟိုလျှောက် ဒီလျှောက် လျှောက်နေကြသူများ၊ မိုးတိုးမတ်တပ် ရပ်နေကြသူများ၊ ကောင်တာတွင် ငွေရှင်းရန် စောင့်နေကြသူများ၊ ကော်ဖီဖျော်စက်မှာ ကော်ဖီယူသောက်ရန် တန်းစီနေသူများ၊ စကားစမြည် ပြောဆိုနေကြသူများ၊ တိတ်ဆိတ်ငြိမ်သက်စွာ ထိုင်နေကြသူများ များစွာ ရှိနေသည်။ ထိုလူများ အကြားမှာ မိမိနာမည်ကို ခေါ်လျှင် မကြားလိုက်မည်စိုးသောကြောင့် နားကို အတတ်နိုင်ဆုံး စွင့်ရင်း အသံတွေတိုင်းကို အာရုံစိုက်နေမိသည်။ ကိုယ့်နာမည်ခေါ်လျှင် ချက်ချင်း ထသွားနိုင်ရန်လည်း ခါးကို မတ်ကာ ခန္ဒာကိုယ်ကို အသင့် အနေအထားဖြင့် ပြင်ထိုင်လိုက်မိသည်။ မတည်ငြိမ်သော စိတ်အတွေးတို့ဖြင့် နာရီကို နောက်တခါ ထပ်ကြည့်လိုက်သောအခါ နာရီလက်တံများသည် သုံးနာရီထိုးရန် နှစ်မိနစ်သာ လိုတော့သည်ဟု ညွှန်ပြနေကြသည်။ သက်ပြင်းတချက်ကို ဖြေးညှင်းစွာ ချနေချိန်မှာ နာမည်ခေါ်သံကို ပီပီသသ ကြားလိုက်ရသည်…။ လာပါပြီ… လာပါပြီ… ဟု ပါးစပ်က ရေရွတ်ရင်း တချိန်တည်းမှာ လူကလည်း မိမိသွားရမည့် အခန်းဝသို့ သွက်လက်စွာ ရောက်သွားခဲ့သည်။

အခန်းတံခါးကို တွန်းဖွင့်ကာ ၀င်သွားလိုက်ပြီး သူတို့ ညွှန်ပြရာ စားပွဲဘေးမှ ထိုင်ခုံတွင် အသာအယာ ၀င်ထိုင်လိုက်သည်။ စားပွဲတဖက်မှာ ထိုင်နေသော ရုပ်ရည် သန့်ပြန့်ကာ အထင်ကြီး လေးစားချင်စရာ၊ အားကိုးချင်စရာ တည်ငြိမ် အေးချမ်းသော အသွင်အပြင်ရှိသူ ဆရာဝန်ကြီးက နှစ်လိုဖွယ် အပြုံးနှင့် အတူ နှုတ်ဆက်လေသည်။ နှစ်သိမ့်ပြုံးလေလား… အားပေးပြုံးလေလား… မ၀ံ့မရဲတွေးမိစဉ်မှာ အာရုံတွေ မှောင်မိုက် ထွေပြားစွာ အေးခဲနေခဲ့သည်။ မြန်မြန်ပြောလိုက်ပါတော့လား…. အဖြေက ဘာလဲဟင်… ဟု သိချင်ဆန္ဒ ပြင်းပြစွာဖြင့် တဲ့တိုးကြီး မေးချလိုက်ချင်သော်လည်း လည်ချောင်းဝတွင် တစုံတခုက လာရောက် ပိတ်ဆို့နေသလို… အသံက အပြင်သို့ ထွက်မလာ…။

ထိုစဉ် ပရင်တာသံ တဂျစ်ဂျစ်ကို ကြားလိုက်ရသည်။ ဟော… ဒါဆို သိရတော့မည်… တခုခုကို ပြတ်ပြတ်သားသား သဲသဲကွဲကွဲ သိရတော့မည်…။ စားပွဲအောက်မှ အေးစက်နေသော လက်ဖ၀ါးနှစ်ဖက်ကို အချင်းချင်း တင်းကြပ်စွာ ဆုတ်ကိုင်ထားမိသည်။ အကောင်းဆုံးကို မျှော်လင့်ထားသလို အဆိုးဆုံးအတွက်လည်း တွက်ဆ ပြင်ဆင်ထားခဲ့ပြီး ဖြစ်သည်။ သို့သော်လည်း အခုအချိန်မှာတော့ ကြိုးစားပမ်းစား တင်းထားရသော အားအင်များ အကုန် ပျောက်ဆုံးနေကြသည်။ ရင်ထဲမှာ တထိတ်ထိတ် တုန်ခါလျှက် ကိုယ့်ရင်ခုန်သံကို ကိုယ် ပြန်ကြားမိနေသလို…။ ထိုအချိန်မှာပဲ မျက်စိရှေ့မှောက်ကို စာရွက်ဖြူ တစ ရောက်လာခဲ့တာ ဖြစ်သည်…။

ေ၀၀ါးသော မျက်လုံးအစုံက ရုတ်တရက် ဘာကိုမှ မမြင်မတွေ့နိုင် ဖြစ်နေသေးသည်။ မျက်တောင်များကို အနည်းငယ် ပုတ်ခတ် ပုတ်ခတ် လုပ်ရင်း အမြင်အာရုံကို ကြည်လင်စေလိုက်သည်။ မျက်စိအောက်မှ စာရွက်ပေါ်တွင် ရေးထားသော စာလုံးများထဲမှ အရေးကြီးသော စာလုံးတလုံးကိုသာ ကျီးကန်းတောင်းမှောက် ရှာဖွေနေမိသည်…။

“ဟာ…”

ထိုင်နေရာမှ ထမခုန်မိအောင် သတိကြီးစွာ ထားလိုက်ရသည်…။ သို့သော် နှုတ်ဖျားမှ အလိုအလျောက် ထွက်ကျသွားသော ၀မ်းသာ အံ့သြသော အာမေဋိတ်သံ ခပ်ကျယ်ကျယ်ကိုမူ မည်သို့မျှ မထိန်းချုပ်လိုက်နိုင်တော့ချေ။ သူ့ကို ကြည့်ရင်း ကြည်လင်စွာ ပြုံးနေသော ဆရာဝန်ကြီးနှင့် ဘေးနားမှ သူနာပြုဆရာမလေး နှစ်ယောက်ကို တယောက်တလှည့်စီ လိုက်ပြုံးပြရင်း ဘာပြောရမှန်းမသိအောင် ထူးထူးခြားခြား ၀မ်းသာနေခဲ့တာ ဖြစ်သည်။

ရက်ပေါင်း အတန်ကြာ ကြောင့်ကြ စိုးထိတ်ခဲ့ရသော ပူပန်ခဲ့ရသော သောကများစွာ၊ တွေးလိုက်မိသော အချိန်တွေတိုင်းမှာ အရှင်လတ်လတ် အေးခဲ သေဆုံးသွားခဲ့ရသော အကြောက်တရားများစွာ၊ သိလိုသည်များကို ရှာဖွေဖတ်ရှုရင်း စိုးရိမ်စိတ်ဖြင့် တုန်ခါနေသော လက်ထဲမှ လွတ်ကျခဲ့ရသော စာအုပ်ပေါင်း များစွာ၊ လူအများနှင့် မတွေ့မဆုံချင်ပဲ တကိုယ်တည်း အခန်းအောင်းနေခဲ့သော နေ့ပေါင်းများစွာ၊ စားမ၀င်သော နေ့များနှင့် အိပ်မပျော်သော ညပေါင်းများစွာ၊ တရိပ်ရိပ် ကျဆင်းနေသော ကိုယ်အလေးချိန်၊ ပုံမှန်မဟုတ်သော သွေးတိုးနှုန်းများနှင့် သွေးခုန်နှုန်းများ၊ သေချာသလောက် ရှိနေပြီဟု ယူဆပြီး တိတ်တိတ်ကလေး ငိုကြွေးခဲ့ရသော အချိန်များ၊ ဘယ်သူ့ကိုမှ အပြစ်တင်၍ မရ… ဆိုးလှသော ကံကြမ္မာကိုသာ အဖန်တလဲလဲ ပုံချရင်း မောပန်းနွမ်းနယ်ခဲ့ရသော အချိန်များ၊ ပြုခဲ့သော ကုသိုလ် ကောင်းမှုများကို လက်ချိုးရေတွက်ရင်း ဘုရားကိုသာ အာရုံပြုနေခဲ့ရသော အချိန်များ...

အို… အခုအခါမှာတော့ ထိုအရာတွေအားလုံးသည် စာရွက်ဖြူဖြူပေါ်မှ စာလုံးလေးတလုံးအောက်တွင် အငွေ့ပျံကာ ကွယ်ပျောက်သွားကြပြီ ဖြစ်သည်။

ကြည့်ပါအုံး…
ဖေါ်မပြတတ်အောင် နက်ရှိုင်း သိပ်သည်းလှသော အပျော်များ အတွေးများဖြင့် ငြိမ်သက်နစ်မျောသွားသည်မှာ အချိန်ဘယ်လောက်ကြာသွားသည် မသိ…။ ထပ်တူ ၀မ်းသာသော၊ နားလည် စာနာသော အပြုံးများဖြင့် ၀ိုင်းကြည့်နေကြသူများကို တွေ့လိုက်ရတော့မှ လက်ရှိအခြေအနေကို ပြန်လည် သတိရသွားတာဖြစ်သည်။ အပြုံးချိုချိုဖြင့် သူနာပြုဆရာမလေးက ရှေ့မှာ ချထားသော စာရွက်ဖြူလေးကို လေးခေါက် ခေါက်ကာ စာအိပ်ဖြင့် ထည့်ပေးသည်။ ထိုစာအိပ်လေးကို တယုတယ လှမ်းယူလိုက်ရင်း သူတို့အားလုံးကို ကျေးဇူးတင်စကားဆိုရင်း ၀မ်းသာအပြုံးဖြင့် နှုတ်ဆက်ကာ ထိုအခန်းထဲမှ ထွက်လာခဲ့သည်။

တိုက်ဆိုင်မှု ဟု ဆိုရမည်လား… မတော်တဆမှု ဟု ဆိုရမည်လား…
ကူးစက်ဆေးရုံတခုတွင် ၀န်ထမ်းတဦး၏ ပေါ့ဆမှုကြောင့် ဝေဒနာရှင်တဦး၏ လက်ဖျံကြောအတွင်းမှ ထုတ်ယူလိုက်သော သွေးစက်လက်နှင့် ဆေးထိုးအပ်တချောင်း မတော်တဆ လွတ်ကျ လွင့်စင်ပြီး ဘေးနားမှာ ဖြတ်လျှောက်လာသော ကိုယ့်ခြေခုံပေါ်သို့ တည့်တည့်မတ်မတ် စိုက်ဝင် စူးနစ် သွားခဲ့သော အချိန်သည် နွေရာသီတခု၏ ပူစပ်ပူလောင် ညနေခင်း သုံးနာရီ အချိန်မှာ ဖြစ်သည်။ စိုးရိမ် ထိတ်လန့်မှု၊ ကြောက်ရွံ့ တုန်လှုပ်မှု၊ မရေရာ မသေချာမှုတို့ဖြင့် စိတ်ဆင်းရဲ ကိုယ်ဆင်းရဲဖြစ်နေရသော ရက်ပေါင်းများစွာကို ကျော်လွန်လာခဲ့ပြီးနောက် အဖြေမှန်ကို စစ်ဆေးပြီး အစစ အရာရာ သန့်စင် ကင်းရှင်းကြောင်း စာတမ်းပါ စာရွက်ဖြူလေးတရွက်ကို လက်ဝယ်ပိုင်ဆိုင်ခွင့်ရခဲ့သော အချိန်သည်လည်း တိုက်တိုက်ဆိုင်ဆိုင် ညနေ သုံးနာရီ တိတိမှာပင် ဖြစ်နေလေတော့သည်။

အမှန်ဆိုရလျှင် ညနေ သုံးနာရီဟူသော အချိန်သည် တဆိတ်တော့ ကိုးလိုး ကန့်လန့်နိုင်လှသော အချိန်တခုသာ… သို့သော် ညနေ သုံးနာရီတွေတိုင်းမှာ တိုက်တိုက်ဆိုင်ဆိုင် ဖြစ်ပေါ်လာတတ်သော ထူးခြား ဖြစ်စဉ်များကြောင့် ထို ညနေ သုံးနာရီတွေကို အရင်ကထက် ပို၍ စွဲစွဲလမ်းလမ်း သတိပြုမိနေဦးမည်မှာ အသေအချာပင်…



နှစ်နှစ်ပြည့် မျက်ရှု အွန်လိုင်း မဂ္ဂဇင်းအတွက် ရေးဖြစ်တဲ့ အက်ဆေးလေးပါ
ဒီနေရာ မှာလည်း ဖတ်လို့ရပါတယ်…

၂၀၁၃ ဧပြီလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။


Monday, November 5, 2012

အသည်း အသက်နဲ့ ထပ်တူ


မနေ့က ညကိုးနာရီခွဲ သတင်းကြေငြာချိန်မှာ ဖြစ်ပါတယ်။
အမှတ်တမဲ့ နားထဲဝင်လာတဲ့ သတင်းကြေငြာသံတခုကြောင့် တီဗီကို လှမ်းကြည့်လိုက်မိပါတယ်…။ တမိနစ်လောက် ရှိတဲ့ သတင်းကြေငြာချက်ကို နားထောင်အပြီးမှာ စိတ်ထဲ ၀မ်းသာ ကြည်နူးသလိုလို၊ ၀မ်းနည်းမိသလိုလို ဝေခွဲမရတဲ့ ခံစားမှုတခုကြောင့် အဲဒီသတင်းနဲ့ ပတ်သက်တဲ့ စာမျက်နှာတချို့ကို လိုက်ရှာပြီး ဖတ်ဖြစ်ပါတယ်…။ အခု အဲဒီသတင်းလေးကို ကြည်နူးစရာ ဇာတ်လမ်းလေးတခုအနေနဲ့ “အသဲ အသက်နဲ့ ထပ်တူ” လို့ ခေါင်းစဉ်တပ်ပြီး ဝေမျှလိုက်ပါတယ်…။ ဇာတ်လမ်းလေးက ဒီလိုပါ…

Su Dan ဟာ အသက် ၃၂ နှစ်အရွယ် အမျိုးသမီးတယောက်ဖြစ်ပြီး ဘေဂျင်းမြို့မှာ နေထိုင်ပါတယ်။ ၂၀၀၂ ခုနှစ်မှာ Tian ဆိုသူနဲ့ အိမ်ထောင်ပြုခဲ့ပြီး ကွန်ပျူတာနဲ့ ပတ်သက်တဲ့ Company တခုကို တည်ထောင်ပြီး အသက်မွေးဝမ်းကျောင်းခဲ့ပါတယ်…။ သူတို့ ဇနီးမောင်နှံမှာ ခြောက်နှစ်အရွယ် သမီးလေးတယောက် ရှိပါတယ်…။ သို့သော် Su Dan တို့ ဇနီးမောင်နှံဟာ သူတို့ Company ရဲ့ စီမံခန့်ခွဲမှုရေးရာကိစ္စတွေနဲ့ ပတ်သက်ပြီး အကြီးအကျယ် စကားများကြရာက စိတ်မြန်လက်မြန်နဲ့ ၂၀၁၂ ဂျူလိုင်လမှာ ကွာရှင်းပြတ်စဲခဲ့ကြပါတယ်…။


အဲဒီလို ကွာရှင်းပြတ်စဲပြီး နှစ်လအကြာမှာ Tian ဟာ အသဲကင်ဆာ (Liver Cirrhosis) ဝေဒနာ ခံစားနေရပြီလို့ သိလိုက်ရပါတယ်…။ ဒီရောဂါအတွက် အသဲအစားထိုးပြီး ကုသဖို့ အသဲ အလှူရှင်တယောက် အရေးတကြီး လိုအပ်နေပါပြီ…။ သို့သော် Tian အရှေ့မှာ အဲဒီလို အသဲအစားထိုး ကုသဖို့ အသဲအလှူရှင်ကို တန်းစီပြီး စောင့်နေကြတဲ့ လူနာ ဆယ်ယောက် ရှိနေပါတယ်…။


အဲဒီသတင်းကို ကြားရတဲ့ Su Dan ဟာ သူမရဲ့ ခင်ပွန်းဟောင်းဖြစ်သူ Tian ရဲ့ အသက်ကို ကယ်တင်နိုင်ဖို့အတွက် သူမရဲ့ အသဲ တစိတ်တပိုင်းကို ခွဲဝေမျှပေးဖို့ ဆေးရုံက Ethics Review Committee ကို ခွင့်တောင်းပါတယ်…။ ကံကောင်းချင်တော့ သူမရဲ့ သွေးအုပ်စု၊ Tissue Type အစရှိတာတွေကလည်း လူနာဖြစ်သူ Tian ရဲ့လိုအပ်ချက်နဲ့ ထပ်တူ ကိုက်ညီနေပါတယ်…။


ဒီနေရာမှာ ပြောစရာရှိတာက တရုတ်နိုင်ငံရဲ့ ဥပဒေ စည်းကမ်း စည်းမျဉ်းအရ အခုလို ကိုယ်ခန္ဒာ အစားထိုး ကုသတဲ့နေရာမှာ အသက်ရှင်လျက်ရှိတဲ့ အလှူရှင်ဟာ လူနာရဲ့ ဆွေမျိုးသားချင်း (သို့မဟုတ်) ဇနီး ခင်ပွန်း တော်စပ်သူ တယောက်ယောက် ဖြစ်ရပါမယ်…။ အဲဒါကြောင့် Su Dan ဟာ သူ ချစ်တဲ့ သူ့ ခင်ပွန်းရဲ့ အသက်ကို ကယ်တင်ဖို့အတွက် ဥပဒေနဲ့ ကိုက်ညီအောင် Tian နဲ့ ပြန်လည် လက်ခံပြီး လက်ထပ် ထိမ်းမြားခဲ့ပါတယ်။


သို့သော်လည်း Ethics Review Committee အဖွဲ့ဝင်များက Su Dan ရဲ့ တောင်းဆိုမှု နောက်ကွယ်မှာ ငွေကြေးနဲ့ ဆက်စပ် ပတ်သက်မှု တစုံတရာ ရှိနေနိုင်တယ်လို့ ယူဆတာကြောင့် Su Dan ရဲ့ တောင်းဆိုမှုကို ပယ်ချလိုက်ပါတယ်။


ကံကောင်းချင်တော့ အဲဒီ အသဲအစားထိုးကုသဖို့ တာဝန်ရှိတဲ့ ဆရာဝန်ကြီးက Su Dan ဟာ သူ့ ခင်ပွန်းဖြစ်သူကို တကယ် စစ်စစ်မှန်မှန် ချစ်မြတ်နိုးလို့ အခုလို သူ့အသဲကို အစားထိုးစေပြီး Tian အသက်ကို ကယ်တင်လိုတယ်ဆိုတာ နားလည်စွာနဲ့ လက်ခံတဲ့အတွက် Su Dan ကို ဒုတိယ အခွင့်အရေးပေးခဲ့ပါတယ်…။ အဲဒါကြောင့် ပြီးခဲ့တဲ့ ဗုဒ္ဗဟူးနေ့က Su Dan ရဲ့ အသဲ တချို့ တ၀က်ကို Tian ဆီကို အစားထိုးပြီးတော့ ကုသပေးခဲ့ပါတယ်။ စုစုပေါင်း ၁၅ နာရီကြာမြင့်အပြီးမှာ နှစ်ယောက်စလုံးကို အောင်မြင်စွာ ခွဲစိတ်နိုင်ခဲ့ပါတယ်…။


အခုလို ခွဲစိတ်ကုသမှုအပြီးမှာ Tian ဟာ ဆေးရုံမှာ တပတ်ခန့် အနားယူ နေထိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ သောက်ဆေးတချို့ကို ပုံမှန် သောက်နေရမှာကလွဲလို့ သာမန်လူကောင်း တယောက်လိုပဲ ကျန်းမာတဲ့သူ ဖြစ်သွားပါပြီ။ Su Dan ကလည်း ခွဲစိတ်ပြီး သုံးရက်အကြာမှာ ICU လို့ ခေါ်တဲ့ Intensive Care Unit ထဲမှာ ပုံမှန် လမ်းပြန်လျှောက်နိုင်ပါပြီ။ သူ့ဆီက ဖြတ်တောက်ပေးလိုက်လို့ ရော့ပါးသွားတဲ့ အသဲဟာ နောက် ခြောက်လအတွင်းမှာ ပုံမှန်အရွယ်အစားကို ပြန်လည် ပြည့်ဝလာမှာ ဖြစ်ပါတယ်။


သူတို့နှစ်ယောက်အကြောင်းကို သိကြတဲ့ သူတို့ပတ်ဝန်းကျင်က ဆွေမျိုး မိတ်ဆွေတွေ၊ ဆေးရုံအသိုင်းအ၀ိုင်းက ဆရာဝန်တွေ သူနာပြု ဆရာမတွေ အားလုံးက Su Dan ရဲ့ ချစ်ခြင်းမေတ္တာ နဲ့ အနစ်နာခံ စွန့်လွှတ်နိုင်မှုတို့ကို တသသနဲ့ ပြောမဆုံး ချီးကျူးမဆုံး ဖြစ်နေကြပါတယ်။


ဇာတ်လမ်းလေးကတော့ အဲဒါပါပဲ…။

အဲဒီဇာတ်လမ်းလေးကို အခုလို ဝေမျှအပြီးမှာ ကျွန်မ စိတ်ထဲမှာ တွေးမိတာ နှစ်ခု ရှိပါတယ်…။

ပထမတခုက ကိုယ်တိုင် ထူထောင်ထားတဲ့ အိမ်ထောင်တခုကို တော်ရုံတန်ရုံ စိတ်ဆိုးရုံ ဒေါသဖြစ်ရုံနဲ့ လွယ်လင့်တကူ ပြီးတော့ အလျင်စလို စိတ်လိုက်မာန်ပါ ကွာရှင်း ပြတ်စဲတာမျိုး မလုပ်ကြပဲ ဘာပဲဖြစ်ဖြစ် တယောက်ကို တယောက် ချစ်ခင်မြတ်နိုးတဲ့ စိတ်ကလေးနဲ့ နားလည်မှုရှိရှိ ညှိနှိုင်းယူကြရင် ကောင်းမှာပဲ လို့ တွေးမိပါတယ်။ လောလောဆယ်ကို ကျွန်မ ပါတ်ဝန်းကျင်မှာ အဲဒီလို အလျင်စလို ကွဲကြ ကွာကြတဲ့ ဇနီးမောင်နှံတွေနဲ့ ထစ်ကနဲရှိ ကွဲမယ် ကွာမယ် တကဲကဲဖြစ်နေတဲ့ ဇနီးမောင်နှံတွေ တော်တော်များများ ရှိနေလို့ပါ။


နောက်တခုကတော့ အမျိုးသမီးတွေမှာ ရှိကြတဲ့ မိခင်စိတ် ရောယှက်နေတဲ့ ကြီးမားတဲ့ မေတ္တာအကြောင်းပါ။ Su Dan ဟာ သူ့ ခင်ပွန်း Tian ကို တော်ရုံတန်ရုံ မေတ္တာစိတ်မျိုးနဲ့ အခုလို ဆုံးဖြတ်နိုင်ဖို့ မလွယ်လှပါဘူး။ တကယ်ကို လေးနက်တဲ့ မေတ္တာစိတ်နဲ့ ချစ်ခင် စာနာတဲ့စိတ်မျိုးရှိနေလို့သာ အခုလို ဆုံးဖြတ်နိုင်တာပါ။ ပြောရရင် ကျွန်မဟာ ပြင်းထန်တဲ့ Feminist တယောက် မဟုတ်ပါဘူး။ ဒါပေမယ့် Su Dan နေရာမှာ Tian သာ ဆို သူနဲ့ ကွာရှင်း ပြတ်စဲပြီးသား ဇနီးဟောင်းတယောက်ကို ခင်ပွန်းဟောင်းတယောက် အနေနဲ့ အခုလို မေတ္တာစိတ် အပြည့်ထားပြီး စွန့်စွန့်စားစား အသက်ကယ်နိုင်ပါ့မလား လို့ တွေးနေမိတာပါပဲ…။




မှတ်ချက် - ၂၀၁၂ ဒီဇင်ဘာလ - Look Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Reference က ဒီနေရာ မှာပါ


Sunday, November 4, 2012

တိုးတိတ်တမ်းတ

ခိုင်စိုးလင်း စီစဉ်တဲ့ သရဲမှတ်တမ်း (Ghost Record) E Book ဒီနေ့ ထွက်ပါပြီ…။
ပါဝင်ရေးသားကြသူများကတော့ ကိုကိုသက်၊ ကိုမျိုး၊ ချစ်ကြည်အေး၊ ခိုင်စိုးလင်း၊ ချိုပိန်းနောင်၊ စစ်ငြိမ်းဒီရေ၊ ဆူးခက်မင်း၊ ညီဇံလှ၊ နှင်းနဲ့မာယာ၊ ပန်ဒိုရာ၊ ဖိုးခွား၊ ဖိုးစိန်၊ မိုးလှိုင်ည၊ မြသွေးနီ၊ မှိုင်း (ဆေး - ၂)၊ သူရဿဝါ၊ သက်ဝေ၊ အော်ဂဲနီ၊ အောင်ဖြိုး သြမြိုင် နဲ့ အမည်မဖေါ်လိုသူ တဦး တို့ ဖြစ်ကြပါတယ်…။

ဒီနေရာ မှာ Download ချပြီး ဖတ်နိုင်ပါတယ်…။ ကိုယ်တိုင်က သရဲနဲ့ ရင်းနှီး ကျွမ်းဝင်မှုမရှိတဲ့ အတွက် သရဲအကြောင်း မပါ ပါအောင် အတော်ကို ကြိုးကြိုးစားစားနဲ့ ရေးထားခဲ့တဲ့ ဝတ္ထုတိုလေးကို ဖတ်ကြည့်ကြပါအုံး…


တိုးတိတ်တမ်းတ



အခန်းတံခါးက အခါများစွာကလိုပင် အလူမီနီယံ အကွက်စိပ်စိပ် တံခါးတထပ်၊ ကျွန်းရောင်လက်နေသော သစ်သားတံခါး တထပ်ဖြင့် တင်းတင်းစေ့ကာ ပိတ်ထားဆဲ…။ အယောင်ယောင် အမှားမှားဖြင့် တံခါးကို ခေါက်လိုက်မိသည်။ သို့သော် မည်သည့်အသံ တစုံတရာမျှ မထွက်လာချေ။ အကျင့်ပါနေသော လက်တို့က စလွယ်သိုင်းလွယ်နေကျ ပိုက်ဆံအိပ် အဖြူရောင်လေး၏ အရှေ့ဖက်ခြမ်းမှာ ထည့်ထားလေ့ရှိသော အိမ်သော့ကို လိုက်စမ်းကာ ရှာနေမိသည်။ သို့သော်လည်း ကိုယ်ပေါ်မှာ မည်သည့် ပိုက်ဆံအိပ် တစုံတရာမျှ ရှိမနေ။ ထိုအခါမှ သူမကိုယ်သူမ သတိတရ ငုံ့ကြည့်မိခဲ့တာ ဖြစ်သည်။ သူမကိုယ်ပေါ်မှာ အဖြူညစ်ညစ် (သို့) မီးခိုးရောင်ဖျော့ဖျော့ဟု ခေါ်ဆိုနိုင်သော ဇာနားတပ် ဂါဝန်ရှည်ရှည်ကို တွေ့ရသည်။ ခြေထောက်မှာတော့ မည်သည့်ဖိနပ် တစုံတရာမျှ မရှိ။ ထူးဆန်းသည်နော်…။ ပိုက်ဆံအိပ်များ၊ ဖိနပ်များကို အလွန်အမင်း နှစ်သက်တတ်သူ သူမဆီမှာ မည်သည့် ပိုက်ဆံအိပ် မည်သည့်ဖိနပ် တစုံတရာမျှ ရှိမနေပါလား…

ထိုစဉ်အချိန်မှာပင် တံခါးနှစ်ထပ်ကို လွန်မြောက်ကာ တဖက်ခြမ်းကို သိမ်မွေ့ညင်သာစွာဖြင့် သူမ ရောက်ရှိသွားခဲ့တာဖြစ်သည်။ အိမ်ထဲကို ရောက်သွားသောအခါ အရာရာသည် မပြောင်းမလဲ… သူ့နေရာနှင့်သူ စနစ်တကျ စီစီရီရီ ရှိနေသည်ကို အံ့သြဖွယ် တွေ့ရသည်။ ဧည့်ခန်းထဲမှ အနက်ရောင် မှန်စားပွဲငယ်ကလေးကို သူမ လက်ဖြင့် အသာအယာ တို့ထိကြည့်လိုက်သည်။ ခါတိုင်း သူမ တရက်တခါ သုတ်သင်နေကျ ဖုနမှုန့်နုနုလေးတွေ တစက်ကလေးမျှ ရှိမနေ…။ တီဗီဖန်သားပြင်… ထို့နောက် အရောင်ထွက်နေသော လယ်သာဆိုဖာ နက်နက်မှောင်မှောင်တွေ… ထူးဆန်းလိုက်တာ… သူမ နေ့စဉ် ရှင်းလင်း သုတ်သင်နေကျ နေရာများမှာ ဖုန်ဆို၍ တစက်ကလေးမျှ ရှိမနေပါလား…။ ဧည့်ခန်းပတ်ပတ်လည်ကို မျက်စိကစားလိုက်ရာ သူမ နေ့စဉ် ထိတွေ့နေကျ ကြည်လင် စိုလက်နေသော ကွန်ပျူတာ မော်နီတာ မှန်သားပြင်၊ ရွှေငါးကလေးများ လူးလာခေါက်တုန့် ပြေးလွှားနေသော အလှမွေး ငါးကန်မှ အမှုန်အမှိုက်ကင်းစင်ကာ တည်ငြိမ်ပြာလဲ့နေသော ရေပြင်ညီ၊ လောလောလတ်လတ် ရေဖျန်းထားပုံရသော ရေစက် ရေမှုန်လေးများ ခိုတွယ်နေဆဲ အိမ်တွင်း အလှစိုက်သစ်ပင်များမှ သစ်ရွက်စိမ်းလဲ့လဲ့တွေ… အိုး… မယုံနိုင်စရာ…။
ထိုအချိန်မှာပဲ သူမ တစုံတခုကို တွေးမိသွားတာဖြစ်သည်။

ကိုကို… အသံတိုးတိုးလေးဖြင့် သူမ ရေရွတ်လိုက်မိသည်…။ တုန့်ပြန်သံ တစုံတရာ ထွက်ပေါ်မလာ…။ ကိုကိုဟာ သည်လိုလူစားတော့ မဟုတ်တန်ရာဟု သူမ ပိုင်ပိုင်နိုင်နိုင်တွေးမိသော အခိုက်အတံ့လေးမှာ အသက်ကို တဝကြီး ရှုသွင်းလိုက်မိသည်။ ထို့နောက် ခြေလှမ်း ခပ်စိတ်စိတ်တို့ဖြင့် မီးဖိုခန်းထဲ ဝင်သွားလိုက်သည်။ သည်အချိန်ဆို ကိုကို ရုံးက ပြန်ရောက်လို့ ရိုက်စ်ကွတ်ကာဖြင့် နှစ်ယောက်စာ ထမင်းချက်နေပြီ ထင်၏။ လတ်လတ်ဆတ်ဆတ် ဟင်းသီးဟင်းရွက်ကြော်တပန်းကန်၊ ကြက်သား (သို့) ငါးအသားလွှာများကို သံလွင်ဆီအနည်းငယ် ကြက်သွန်ဖြူ ငြုတ်ကောင်းများများဖြင့် မီးပူပူမှာ ဟိုဖက် သည်ဖက်လှန်ကာ ကင်သလို ကြော်သလို လုပ်ထားသော ဟင်းတပန်းကန်ကို ထမင်းစားပွဲပေါ် အချိန်မီရောက်စေဖို့ စီစဉ် ချက်ပြုတ်နေပြီ ထင်၏။ ပြီးလျှင်တော့ အဆင်သင့် သုံးဆောင်ပါ ခင်ဗျာ… ဟူသော ရယ်သံတဝက်ဖြင့် သူမကို ထမင်းစား ခေါ်တော့မည် ထင်၏။
ထိုအတွေးတို့ဖြင့် သူမ ရဲတင်းသွားခဲ့တာ…။

မီးဖိုခန်းအဝမှနေ၍ ကိုကို ဟု ခပ်ကျယ်ကျယ်လေး အော်ခေါ်လိုက်မိသည်။ သို့သော် မီးဖိုခန်းမှာလည်း ဘယ်သူမှ ရှိမနေ။ မီးဖိုချောင်သုံးပစ္စည်းများကလည်း သူ့နေရာနှင့်သူ နေသားတကျ၊ သန့်ရှင်းကာ ပြောင်လက် တောက်ပစွာ…။ မနက်စောစော ဘုရားဆွမ်းတော်ကပ်သည့် ဖန်ပန်းကန်ငယ်ကလေးသည်ပင် ဆွမ်းတော်စွန့်ပြီး ဆေးကြောကာ မှောက်ထားဟန်မှာ သူမလက်ရာအတိုင်း ချွတ်စွတ်။ ကိုကိုကြော်နေကျ ကြက်ဥကြော်သည့် ဒယ်အိုးငယ်ကလေးမှာလည်း ကြော်ပြီးလျှင် အသည်းပုံထွက်သော ပုံစံခွက်ကလေးနှင့် အတူ တွဲလျက်သား…။ ကိုကို… ကိုကို… ကိုကို ဘယ်မှာလဲ…။ သူမ မရှိသည့်နောက်မှာ သူမ၏ ခြေရာ လက်ရာများအတိုင်း အိမ်ကို သန့်ရှင်း စင်ကြယ်ကာ တောက်ပနေအောင် ကိုကို့ကို ဘယ်သူကများ လာကူညီနေသလဲကွယ်…။ အတွေးနှင့်အတူ သူမ ခြေထောက်များ ယိုင်နဲ့လာတာ…

သို့သော် ကိုကိုသုံးနေကျ ရေချိုးဆပ်ပြာနံ့နှင့်အတူ ဆေးနံ့ပါသော ခေါင်းလျှော်ရည်နံ့ကို ရလိုက်သော အချိန်လေးမှာ သူမ ခြေလှမ်းများ တည့်မတ် သေချာသွားခဲ့ပြန်သည်။ ကိုကို ရေချိုးနေတာလားဟင်… ရေကျသံများ ကြားယောင်လာသလိုလို… သေချာတယ်… ဒါ ကိုကို ရေချိုးနေတာပဲ…။ အိပ်ခန်းနှင့် တွဲလျက် ရေချိုးခန်းကို သူမ၏ အမိန့်အတိုင်း ခြောက်ခြောက်သွေ့သွေ့ထားကာ အပြင်ရေချိုးခန်းမှာပင် ရေချိုး ခေါင်းလျှော် ကိုယ်လက် သုတ်သင်ရသည့် အခါတိုင်း ရေတောင် ကိုယ်ချိုးချင်တဲ့ဆီမှာ မချိုးရပါလားကွာ ဟု ငြူစူခြင်းကင်းသော ငြီးတွားမှုမျိုးဖြင့် ကိုကို ပြောလေ့ရှိသည်ကို သတိရသွားသောအခါ သူမ အသံထွက် ရယ်မောမိပါသည်။ သို့သော် ရယ်သံအက်အက်ကွဲကွဲက အပြင်ကိုရောက်မလာ… လည်ချောင်းဝမှာပင် ရပ်တန့်သွားသည် ထင်၏။

စေ့ပိတ်ထားသော ရေချိုးခန်းတံခါးကို သူမ အသာဖွဖွ ခေါက်မိသည်။ သို့သော် ဘာသံမှထွက်မလာ… ပိုမိုသေချာစေရန် သူမ ပါးစပ်ကလည်း အသံပြုကာ တံခါးကို ထပ်ခေါက်မိသည်။ သို့သော် သူမနားထဲမှာ ဘာသံမျှ မကြားရ။ စိတ်မရှည်နိုင်တော့သည့်အဆုံး ရေချိုးခန်းတံခါးကို တွန်းဖွင့်လိုက်သည်။ ဟင်… သူမ တွန်းဖွင့်သော်လည်း မပွင့်လာ… သို့သော် သူမကတော့ဖြင့် ရေချိုးခန်းထဲကို ရောက်နေပေပြီ။ သွားတိုက်ဆေး၊ သွားပွတ်တံ၊ မျက်နှာသစ်ဆပ်ပြာ၊ မုတ်ဆိတ်ရိတ်သော ပစ္စည်းကိရိယာစုံ၊ ရေချိုးဆပ်ပြာ၊ ခေါင်းလျှော်ရည် အစစ အရာရာသည် သူ့နေရာနှင့်သူ အံဝင်ခွင်ကျ။ ဘယ်အရာမှ ဖရိုဖရဲဖြစ်မနေ…။
ကိုကိုရေ… ဘယ်ရောက်နေတာလဲ…။

တအိမ်လုံး ဘယ်နားမှာမှ ကိုကိုရှိမနေ။ နောက်ဆုံးမတော့ ကိုကိုရှိနိုင်မည့်နေရာ တနေရာသာ ကျန်တော့သည်…။ ထိုနေရာကတော့ သူမတို့၏ အိပ်ခန်းသာ…

ကိုယ်ကို အသာဖေါ့ ခြေဖျားထောက် လျှောက်လှမ်းရင်း အိပ်ခန်းဆီသို့ ဦးတည်မိသည်။ ဤခြေလှမ်းမျိုးဖြင့် လှမ်းလျှောက်လိုက်တိုင်း သူမကို အနောက်ဖက်မှနေ၍ ဟိတ် ငတက်ပြားကလေး… ဟု ချစ်စနိုး ကျီစယ် နောက်ပြောင်ပြီး လာရောက် ဖက်တွယ် နမ်းရှိုက်တတ်သော ကိုကို့ကို အလွန်တရာ လွမ်းဆွတ်သွားပါသည်။ ယခုလည်း အခါများစွာကလိုပင် အနောက်ကနေ ကိုကို ရောက်လာမလား ဟု သူမ တိတ်တခိုး မျှော်နေမိပါသေးသည်။ သို့သော် ကိုကို ရောက်မလာပါ…။ သည်အချိန်မှာ ကိုကို အိမ်မှာ ရှိကို ရှိနေရမည်… သူမ သေချာသိနေပါသည်။ ညနေစောင်း အချိန်မတော်ကြီး ကိုကို အိပ်များနေသလား… သူမ ပြန်အလာကို စောင့်ရင်း ကိုကို အိပ်ပျော်နေလေပြီလား…။

အတွေးနှင့်အတူ အိပ်ခန်းဝကို အရောက်မှာ အိပ်ခန်းတံခါး ပိတ်ထားသည်ကို တွေ့ရသည်။ ဘုရား… ဘုရား… သူမ အသက်ရှုမှားကာ ရင်တွေ အဆမတန် ခုန်လာခဲ့သည်။ ကိုကို... ဘာဖြစ်လို့ အခန်းတံခါးကို ပိတ်ထားတာပါလိမ့်…။ အရင်ကဆို နှစ်ယောက်တည်းနေသော အိမ်ခန်းလေးပင် ဖြစ်လင့်ကစား သူမက အခန်းတံခါးကို မပိတ်တောင် စေ့ရုံ စေ့ထားမှ နှစ်သက်တတ်သူ… ကိုကိုက ဒါမှ လေဝင်လေထွက် ကောင်းတော့မပေါ့… ဟု ဆိုကာ အခန်းတံခါးကို တဆုံး ဖွင့်ထားတတ်သူ…။ အခုမူ အခန်းတံခါးက ပိတ်လျက်သား… ထူးဆန်းလိုက်တာ…

ကိုကိုရေ…
မောပန်းလှစွာသော မရေမရာ သံသယ အတွေးတချို့နှင့်အတူ သူမ ခြေလှမ်းတွေ ယိမ်းယိုင်ကာ လူက ကတုန်ကယင် ဖြစ်လာလေသည်။ သူမဝတ်ထားသော ဂါဝန်လက်ဖျားမှ နှင်းဆီပွင့်ပုံ ပန်းဇာ ဖြူဖြူလေးကို အကြောင်းမရှိ အကြောင်းရှာ ကိုင်တွယ် ပွတ်သပ်ကြည့်နေရင်း အိပ်ခန်းဝတွင် သူမ ခြေစုံရပ်လျက်သား…။ ထိုစဉ် အကြည့်တချက်က ပြူတင်းပေါက်နှင့် ကပ်လျက်မှ ဘုရားစင်ပေါ်ရှိ သပြေပန်းအိုးကလေးဆီသို့ မထင်မှတ်ပဲ ရောက်သွားခဲ့သည်။

ကြည့်ပါအုံး… စိမ်းစိုလက်နေသော အရွက်နုလေးများဖြင့် ဝေဆာ တင့်တယ်နေသော သပြေပင်ကလေးတွေ… သူမ နောက်ဆုံးတွေ့ခဲ့စဉ်က အရွက်နုကလေးများက ထွက်လု ထွက်ခင်… သို့သော် သူမ မရှိသော ရက်ပိုင်းအတွင်းမှာ အရွက်နုလေးတွေ တော်တော်ကြီးလာပါပေါ့လား…။ ကုန်လွန်ခဲ့သော ရက်တွေကို လက်ချိုးကာ ရေတွက်ကြည့်ချင်သော်လည်း သူမ ရေရေရာရာ မမှတ်မိတော့ချေ။

သူမ အကြည့်တို့ကို ဘုရားစင်မှ လွှဲဖယ်ကာ အိပ်ခန်းတံခါးဆီသို့ ပြန်လည် ဆွဲခေါ်လိုက်သည်။ တံခါးကို အသံမြည်အောင် ခေါက်လိုက်ရမည်လား… အဘယ်သို့ အသံပြုရပေမည်နည်း… သူမ ဝေခွဲမရ…။ အခန်းထဲမှာ ကိုကိုတယောက်တည်းရော ဟုတ်ပါ့မလား။ တခြားသူစိမ်းတယောက်ရော ရှိမနေနိုင်ဘူးလား…။ ထိုအတွေးတို့ နောက်မှာ ခြေထောက်များကို ကောင်းကောင်းထောက်၍ မရချင်တော့… ထို့ကြောင့် အခန်းတံခါးကို ကျောမှီကာ သူမ ထိုင်ချလိုက်ရသည်။

ကိုကိုရေ…
ကိုကိုရေ… ဟူသော ရေရွတ်သံ နောက်တကြိမ်မှာ ရှိုက်ငင်သံတွေအတူကပ်လျက် ပါလာခဲ့သည်။ အို… ကိုကိုများ ကြားသွားလေမည်လား…။ ထိုအသံတွေကို ကိုကိုကြားသွားလျှင် အနှောက်အယှက်များ ဖြစ်သွားလေမည်လား…။ တွေးနေရင်းမှာပင် သူမ ရှိုက်ကြီးတငင် ငိုနေမိကြောင်း သတိပြုမိသည်။ အင်း… အင်း… ကိုကိုက ငိုတာ မကြိုက်ဖူး… ချက်ချင်းပင် သူမ အငိုတိတ်လိုက်သည်။ ကြည်လင်သော စိတ်ထားလေးနှင့် မျက်နှာလေး ပြန်ရအောင် မိနစ်အနည်းငယ် အချိန်ယူလိုက်ရသည်။ ငိုထားသော မျက်နှာနီနီကို ကိုကို တွေ့မသွားစေချင်ပါ။ သို့သော် မျက်နှာကို ကြည့်ကောင်းအောင် ပြုပြင်စရာ ပေါင်ဒါဘူးလေး နှုတ်ခမ်းနီလေးမျှပင် သူမမှာ မပါလာခဲ့…။

ကဲပါလေ… ကိုကိုမေးတော့လည်း ပြောပြလိုက်ရုံပေါ့… ကိုကို့အနားမှာ တခြားမိန်းမ တယောက်ယောက်များ ရောက်နေမလားလို့ တွေးပူရင်း ငိုရသည်ပေါ့… သည်လိုဆိုလျှင်တော့ ကိုကိုက ပူစရာမရှိ ရှာကြံပြီး ပူနေသော အရူးမလေး ဟု ချီးကျူး ထောပနာ ပြုမည်မှာ အသေအချာ။

အခန်းတံခါး လက်ကိုင်ဘုကို အသာလှည့်လိုက်စဉ် အခိုက်အတံ့လေးမှာ ခုနက တည်ငြိမ်သွားသော စိုးရိမ်စိတ်များက တဖန် ပြန်လည်ကြီးစိုး နေရာယူလာကြပြန်သည်။ ဘာပဲ တွေ့တွေ့ ရင်ဆိုင်ရမှာနော်… ပြီးတော့ ကိုယ့်နေရာကို အစားထိုးရက်သူရယ်လို့ မစွတ်စွဲပဲ ကြည်ဖြူပေးရမှာနော်… ကိုကိုစိတ်ချမ်းသာဖို့က ကိုယ့်အတ္တထက် ပိုအရေးကြီးတယ်နော်… ကိုယ့်ကိုယ်ကို တဖွဖွ ဆိုဆုံးမရင်း ဘာမဆို ရင်ဆိုင်မည် ဟူသော ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချကာ တံခါး လက်ကိုင်ဘုကို လှည့်ဖွင့်လိုက်သည်။ အို… တံခါးက ပေါ့ပေါ့လေးပဲ…

ဂါဝန်စကလေး လွင့်ကနဲ တချက်အဝှေ့မှာ သူမ အခန်းထဲကို ရောက်သွားသည်…။ အခန်းထဲမှာ မြင်လိုက်ရသော မြင်ကွင်းက သူမရင်ထဲကို စူးစူးရှရှ ဝင်ရောက်ကာ မူးဝေနောက်ကျိလျှက် နေရာမှာ ပုံလျက်သား လဲကျသွားခဲ့သည်။ သို့သော် သူမ၏ ဝိညာဉ်ကတော့ ရုပ်ရှင် အနှေးပြကွက်များထဲကလို လှလှပပ နိုးထကာ ဂါဝန်စလေး တလွင့်လွင့်ဖြင့် ကိုကိုရှိရာဆီကို တလှမ်းချင်း လှမ်းသွားပြီး ကိုကို့ နောက်ကျောကို ညင်သာစွာ ဖက်တွယ်လိုက်မိသည်။

ကိုကိုလား… ကိုကိုကတော့ သူမရဲ့ အထိအတွေ့ကို ဘာမှ မခံစားရသူတယောက်လို…။ အိပ်ရာဘေးမှ စာကြည့်စားပွဲတွင် ထိုင်ကာ စားပွဲပေါ်တွင် ထောင်ထားသော သူမတို့ ချစ်သူဖြစ်ကာစနေ့ရက်တွေက တယောက်နဲ့တယောက် မျက်နှာချင်းဆိုင် ခပ်ခွာခွာ ရပ်ရင်း၊ တယောက်ရဲ့ လက်ချောင်းတွေကို တယောက်က လှမ်းယူ ဆုတ်ကိုင်လို့၊ တယောက်ရဲ့ မျက်ဝန်းတွေထဲမှာ တယောက်က တယောက်ကို ဖွေရှာလို့၊ ကြည်ရွှင် ရယ်မောနေကြသော အနည်းငယ် ဟောင်းနွမ်းနေပြီဖြစ်သော မှန်ဘောင်လေးထဲမှ ဓါတ်ပုံကို မျက်တောင်မခတ် ငေးကြည့်နေခဲ့သည်လေ…။ ကိုကို့ နောက်ကျောကို ပါးဖြင့်မှီအပ်ကာ အသံမထွက်ပဲ သူမ ကြိတ်ရှိုက်ငင်နေခဲ့မိသည်။ ကိုကို့ကို အထင်လွဲချင်ချင် သံသယများဖြင့် ပူလောင်ခဲ့ရသော အချိန်များအတွက် သူမ အထပ်ထပ် တောင်းပန်ရင်း ငိုပြီးရင်း ငို… ငိုရတာကိုပဲ အရသာ တွေ့နေခဲ့သည်…။

သူမတို့ ဓါတ်ပုံကို စူးစူးစိုက်စိုက် ငေးကြည့်နေသော ကိုကို့ မျက်လုံးတွေ နီရဲနေမည်လား… ကိုကို မျက်ရည်ကျနေမည်လား… ကိုကို ပြုံးနေမည်လား… ကိုကို မဲ့နေမည်လား… စသော ကိုကို့မျက်နှာပေါ်မှ ခံစားချက်များကို သူမ ဖွေရှာကြည့်ရန် စိုးစဉ်းမျှ မလိုအပ်တော့ကြောင်းကို တချက်တချက် စည်းချက် မညီညာစွာ လှုပ်ခါသွားသော ကိုကို့ကျောပြင်မှ တဆင့်သော်လည်းကောင်း၊ လည်ပင်းတလျှောက် တင်းမာလာသော သွေးပြန်ကြောများ၏ လှုပ်ရှားမှုများမှ သော်လည်းကောင်း သူမ အသေအချာ ခံစားသိရှိနေခဲ့ပြီဖြစ်သည်။

ကိုကို…
သူမ မရှိသော နေ့ရက်တွေအတွက် ကိုကို့ကို သူမ စိတ်ချလိုက်တော့မည်…။
ကိုကို စိတ်ချမ်းသာဖို့… ကိုကို့ ဘဝမှာ ဆက်လက် နေပျော်ဖို့ သူမ အဝေးမှသာ ဆုတောင်းပေးတော့မည်။ သံသယ စူးစူးများ၊ မယုံသင်္ကာ စိုးရိမ်စိတ်များဖြင့် ကိုကို့အပါးကို သူမ နောက်တကြိမ် ချဉ်းကပ်ရန် ကြိုးစားတော့မည် မဟုတ်ပါ။ ကိုကို့ကျောပြင်ကို နောက်ဆုံးအကြိမ်အဖြစ် အသာအယာ ရှိုက်နမ်းအပြီးမှာ ဘာကိုမှ မချည်နှောင် မတွယ်တာနေတော့ပဲ ဝါဂွမ်းလေးတစလို တိုးတိတ်စွာ သူမ လွင့်မျောသွားခဲ့သည်…
နှုတ်ဆက်ခဲ့တယ် နော်… … ကိုကို…