Wednesday, July 18, 2012

ကျွန်မ၏ ကမ္ဘာ


ကျွန်မမှာ ကိုယ်ဝန်ရှိနေပြီဟု သိလျှင် သိချင်း စိတ်ကူးအတွေးထဲမှာ မြင်ယောင်လိုက်မိသည်က အသားဖြူဖြူ အရပ်ရှည်ရှည် မျက်လုံး နက်နက် ဆံပင် နက်နက်နှင့် အချောစားကြီး မဟုတ်သော်လည်း ဥာဏ်ရည် ထက်မြက်ကာ သွက်သွက်လက်လက် ချက်ချက်ချာချာနှင့် ချစ်စဖွယ်ကောင်းသော သမီးကလေး တယောက်သာ ဖြစ်သည်။ ကျွန်မနှင့် အတူတူ ဈေးတကာ ဈေး လှည့်ပတ်ပြီး shopping ထွက်ရန်၊ ကျွန်မနှင့် အဝတ် ဆင်တူတွေ ဝယ်ယူ ဝတ်ဆင်ရန်၊ မိန်းကလေးတို့ ကြိုက်တတ်သော လမ်းဘေးစာ ချဉ်ချဉ်စပ်စပ်များကို အိမ်က လူကြီးများ မသိအောင် တိတ်တိတ်ကလေး သွားစားရန်၊ ကျွန်မနှင့် တိုးတိုးဖေါ် တိုင်ပင်ဖေါ် သမီးကလေး တယောက်အဖြစ် နေ့စဉ်နေ့တိုင်း စိတ်ကူး မြင်ယောင်ကာ ကြည်နူး ပျော်ရွှင်နေခဲ့မိသည်။ ကျွန်မ၏ အတွေးကို အမျိုးသားအား ပြောပြမိတော့ “ခင်ဗျားလို သမီးဆိုးဆိုးလေးဆို ကျွန်တော် သမီးနှစ်ယောက် ထိန်းရတော့မှာပေါ့…” ဟု မချိသွားဖြဲ ပြောရှာသည်။

သည်လိုနှင့် သားလေးလား သမီးလေးလား သိရန် အာထရာဆောင်း ရိုက်ရမည့်နေ့ကို ရောက်လာခဲ့သည်။ ထိုနေ့မနက် အိပ်ရာမှ နိုးနိုးချင်း စိတ်ထဲမှာ တမျိုးဖြစ်နေခဲ့သည်။ ဘာဖြစ်နေမှန်း ကိုယ့်ကိုကိုယ် သေသေချာချာ ဆန်းစစ်ကြည့်လိုက်သောအခါ အရင်ကလို သမီးလေးလိုချင်တာ မဟုတ်တော့ပဲ သားလေးသာ လိုချင် တောင့်တသောစိတ် ဖြစ်နေသည်ကို တွေ့ရသည်။ တချိန်လုံး သမီးလေးသာ လိုချင်နေခဲ့သော ကျွန်မ၏ စိတ်များ ထိုနေ့ မနက်မှာပင် ရုတ်ချည်း ပြောင်းလဲသွားခဲ့တာ အံ့သြစရာ… ထိုနေ့ မနက်က ဆေးခန်းမသွားခင် မရှိမဲ့ ရှိမဲ့ အချိန်လေးမှာ ဘုရားရှိခိုးရင်း သားလေးဖြစ်ပါစေ ဟု တတွတ်တွတ် ဆုတောင်းနေခဲ့မိတော့သည်။

ကျွန်မ ဆုတောင်း ပြည့်ခဲ့ပါသည်။ အာထရာဆောင်း ရိုက်ပေးသော ဆရာဝန်မက ယောင်္ကျားလေး… ဟု ပြောလိုက်သောအခါ ကျွန်မ တသက်မှာ တခါမှ မပျော်ဖူးသော အပျော်မျိုး၊ တခါမှ မခံစားဖူးသော ကြည်နူး ပီတိမျိုးဖြင့် ပြောမပြတတ်အောင် ဝမ်းသာ ပျော်ရွှင်ခဲ့ရပါသည်။ ကျွန်မဗိုက်ထဲမှာ ရှိနေသော ကလေး သေးသေးလေးဟာ သားကလေး တဲ့ ဟူသော ကြည်နူး ပီတိကို တစိမ့်စိမ့် ခံစားရင်း ကျွန်မ မျက်နှာမှာ တချိန်လုံး ပြုံးရွှင်နေခဲ့ပါသည်။ အမျိုးသားကတော့ ဘာလေးဖြစ်ဖြစ် ချစ်မည်ဟု ပြောထားပြီးသားမို့ ထူးထူးခြားခြား ပျော်ရွှင်မှုမျိုးကို မပြပါ။ အရာရာကို ထိန်းသိမ်း မျိုသိပ်တတ်ပြီး ခံစားချက်ကို လူမြင်အောင် မပြတတ်သော သူ့အကျင့်ကြောင့် ဖြစ်ပါလိမ့်မည်။ အပျော်လွန်ကာ ခုန်ဆွ ခုန်ဆွ ဖြစ်နေသော ကျွန်မကို ကြည့်ကာ “ထ တော့ မခုန်လိုက်ပါနဲ့ ငြိမ်ငြိမ်နေပါ ကြီးတော်လေး…” ဟု ပြောသော သူ့စကားသံမှ အပျော်များကိုတော့ ကျွန်မ ကူးစက်ခံစား၍ ရခဲ့ပါသည်။

*****

သားကလေး မွေးလာသောအခါ အားလုံးက တညီတညွတ်တည်း အဖေနှင့် တူသည်ဟု ပြောကြသည်။ ဒီလောက် မွေးပေါက်စ နီတာရဲလေး… ဘာမှ ရေရေရာရာ ခွဲခြား မရခင်မှာ အဖေနဲ့တူသည်ဟူသော အပြောကို ကျွန်မ နည်းနည်းမှ ခံစား၍ မရပါ…။ ကျွန်မ၏ ဝမ်းဗိုက်အတွင်းမှာ ကိုးလ ဆယ်လ ရှင်သန် နေထိုင်ခဲ့သော၊ နေ့တဒူဝ ကျွန်မ စားသောက် နေထိုင် လှုပ်ရှား ဆောင်ရွက်သမျှ အကောင်း အဆိုး အားလုံးကို ကျွန်မနှင့်အတူတူ မျှဝေ ခံစားကာ သွေးတူ သားတူ ကြီးပြင်းလာခဲ့သော၊ ကျွန်မ၏ ဗိုက်ကို ခွဲစိတ်၍ မွေးဖွားခဲ့ရသော ဤသားကလေးသည် တူချင်းတူ ကျွန်မနှင့်သာ တူသင့်သည် မဟုတ်ပါလော။ သားကလေး ရက်သားမှာပင် ကလေးက အဖေနဲ့ တူတာတော့… ဟူသည့် အပြောတွေကို ကျွန်မ တိတ်တဆိတ် မုန်းတီး နာကျင်နေခဲ့မိပါသည်။

သို့သော်လည်း သူများတွေ ဘယ်လိုပြောပြော အပြစ်ကင်းစင်လှသော သားကလေးက ကျွန်မအတွက် ကမ္ဘာပေါ်တွင် ချစ်စရာအကောင်းဆုံး လူသားလေးတယောက်သာ ဖြစ်တော့သည်။ သားလေးသာ ကျွန်မ၏ ဘဝ ကျွန်မ၏ ကမ္ဘာ ဖြစ်လာခဲ့သည့်အပြင် ကမ္ဘာကြီးလောက်ကို ချစ်ရသောကြောင့် သားလေးကို ကမ္ဘာလုံး ဟုပင် ခေါ်မိသည်…။ အေးဆေးပြီး အငိုအရယ် နည်းလှသော သားလေးကို မျက်တောင်မခတ် ကြည့်နေရင်း အသက်ရှုရန်ပင် မေ့နေခဲ့ကြောင်း ကျွန်မကိုယ် ကျွန်မ ကြိမ်ဖန်များစွာ သတိထားမိလာသောအခါ ဆရာမ ဂျူး ရေးသားသော တဦးတည်းသော သား ဝတ္ထုကို အခေါက်ခေါက် အခါခါ ပြန်ဖတ်ရင်း သက်ပြင်းရှည်ကြီးများကို မကြာခဏ ချဖြစ်ခဲ့ပါသည်။

ကျွန်မ၏ ကမ္ဘာလုံးလေး တဖြည်းဖြည်း ကြီးလာပြီ… အများသူငါတွေ ပြောကြသလို ကလေးက အဖေနဲ့ တူတာတော့.. ဟူသော အသံတချို့ ပျောက်သွားပြီး ကလေးက အဖေနဲ့ အမေ ရောပြီး တူတာပဲ… ဟု ပြောတတ်လာကြပါသည်။ ထိုစကားကို စ ပြောသူ ကျွန်မ အချစ်ဆုံးသူငယ်ချင်း၏ လက်ကို ဆုတ်ကိုင်၍ သားလေးက ငါနဲ့လဲ တူလာတာ သေချာပါတယ်နော်… ဟု တဖွဖွ မေးနေခဲ့မိပါသည်။ သားကို သူ့အဖေနဲ့ တူတာ မနာလို တိုရှည်ဖြစ်ပြီး အမေနဲ့ မတူမှာ စိုးရိမ်နေသော ကျွန်မကို အမျိုးသားက မကြာခဏ ရယ်မော နောက်ပြောင်နေတတ်ပါသည်။

*****

သားလေးသည် အရွယ်နှင့်မလိုက်အောင် ထက်မြက် ထူးချွန်ပြီး အစစ အရာရာမှာ တည်ငြိမ် ရင့်ကျက် နားလည်နေခဲ့သည်။ သားကို မျက်စိအောက်က အပျောက်မခံနိုင်အောင် အကဲပိုခဲ့သော ကျွန်မ… သားလေး ပထမဆုံး ကျောင်းစတက်သည့်နေ့က မျက်ရည် တွေတွေကျကာ ရူးချင်သလိုလို ဖြစ်သွားခဲ့ပါသည်။ ကျောင်းမသွားခင် တပတ်လောက်ကတည်းက သားကို ကျောင်းအကြောင်း ပြောပြပြီး တူညီဝတ်စုံလေးများ ဝတ်ဆင်ကာ ကျောင်းတက်ကြသော ကလေးများကို လိုက်ပြခဲ့ပါသည်။ ကျောင်း မကြောက်အောင် ပုံပြင်စာအုပ်များ အရုပ်ကလေးများပါသော စာအုပ်များမှတဆင့် သားကို ကျောင်းနှင့် မိတ်ဆက်ပေးထားပြီးသား ဖြစ်သော်လည်း စိတ်ထဲမတော့ တထင့်ထင့်နှင့်…။ ထိုနေ့က ကျွန်မကိုယ်တိုင် သားကို ကျောင်းလိုက်ပို့ပါသည်။ ကျောင်းရှေ့မှာ ကားရပ်ပေးလိုက်သောအခါ လာကြိုသော ဆရာမကလေး၏ လက်ကိုဆွဲကာ အမေလုပ်သူကို တချက်ကလေးမျှ လှည့်မကြည့်ပဲ ကျောင်းထဲသို့ ဝင်သွားသော သားကို ကျွန်မ အံ့သြတကြီး ကြည့်နေမိပါသည်။ ဘုရားရေ… သံယောဇဉ်ကတော့ ခပ်ပြတ်ပြတ်ထဲကပါလား…။ တဆက်တည်းမှာပင် ကျွန်မ၏ ချစ်လှစွာသော ခင်ပွန်း၊ သား၏ ဖခင်ဖြစ်သူကလည်း ၃ နှစ်သားထဲက သူ့ မိဘများနှင့် ခွဲကာ ကြီးတော်များ ဘကြီးများနှင့် တနယ်တကျေးမှာ နှစ်အတန်ကြာ လိုက်ပါ နေထိုင်ခဲ့ဖူးသည်ကို ပြန်အမှတ်ရမိတော့ ကျွန်မ တယောက်တည်း ပြုံးရယ်မိပါတော့သည်။

တစ တစ ကြီးပြင်းကာ လူလားမြောက်လာသော သားကလေးသည် ရုပ်ရည်အားဖြင့် အဖေနှင့်သာ တူသည် ဟု ပြော၍ မရတော့ချေ။ အဖေရော အမေပါ နှစ်ယောက်စလုံးနှင့် တူသည်ဟု ပြောကြတော့ အကျေနပ်ကြီး ကျေနပ်နေရသူမှာ ကျွန်မဖြစ်သည်။ သို့သော် သားကလေး၏ အမူအယာ အကျင့်စရိုက် အပြုအမူ အပြောအဆို အနေအထိုင်များ ကြိုက်နှစ်သက်သောအရာများ အားလုံးမှာ သူ့အဖေနှင့် ချွတ်စွပ်တူနေသည်ကို အခြားသူများက အလွယ်တကူ မသိနိုင်သော်လည်း သားနှင့်အတူ အချိန်ပြည့် ရှိနေသော ကျွန်မကတော့ ကောင်းကောင်းကြီး သိနေခဲ့ပါသည်။

သားကလေး လေးဖက်သွားတတ်သောအချိန်က ဖြစ်ပါသည်။ တညနေ ကျွန်မ ခေါင်းလျှော်ပြီး ဆံပင်များကို ခြောက်လွယ်အောင် မစည်းပဲ သူ့အတိုင်း ချထားချိန်မှာ သားကလေးက လေးဖက်တွားကာ ကျွန်မအနားကို ရောက်လာပါသည်။ သားလေး လက်ထဲတွင်မူ ဆံပင်စည်းသော သိုးမွေးကွင်း အနီရောင်လေးကို သူ့လက်ချောင်း ဖေါင်းဖေါင်းကလေးနှင့် ကိုင်လျက်… ကျွန်မမှာ သားကလေးကိုတလှည့် ခေါင်းစည်းသော ကွင်းကလေးကို တလှည့် ကြည့်ရင်း အံ့သြစိတ်ကို ထိန်းမရအောင် ဖြစ်ခဲ့ရပါသည်။ သားကလေး၏ ဖေဖေက ကျွန်မ၏ ခါးကျော်သော ဆံပင်ရှည်များကို နှစ်သက် မြတ်နိုးသော်လည်း ဆံပင်များကို မစည်းပဲ သည်အတိုင်း ချထားလျှင် မကြိုက်ချေ။ ဆံပင်ရှည်များကို မဖြတ်နိုင်သော ကျွန်မကလည်း သူ့စကားကို နားထောင်၊ သူ့အကြိုက်ကို လိုက်ကာ အမြဲ စည်းနှောင်ထားသည်သာ။ ယခုလည်း ငါးလကျော် ခြောက်လနီးနီး ရှိပြီး စကားပင် မပြောတတ်သေးသော သားကလေးက ကျွန်မ ဆံပင် ချထားသည်ကို နှစ်သက်ပုံမရ…။ ဆံပင်များကို စည်းနှောင်ရန် ခေါင်းစည်းကွင်းကလေးကို လေးဖက်တွားကာ လာပေးသည်လေ…။ သူတို့ သားအဖ နှစ်ယောက် တူညီပုံများကို ရေးပြနေရလျှင်ဖြင့် ကျွန်မစာမှာ ဆုံးနိုင်မည် မထင်။

*****

သားကလေး အသက် ၈ နှစ် အထိ ကျွန်မ အလုပ်မလုပ်ပဲ သားကို အရိပ်တကြည့်ကြည့်နှင့် အချိန်များအားလုံး သားကို ပေးခဲ့သည်။ သားကလေးနှင့် ကျွန်မသည် သားလေး ကျောင်းသွားနေသော အချိန်မှလွဲ၍ တခြားအချိန်များမှာ လုံးဝ မခွဲခွာဖူးပါ။ ကျွန်မ ချစ်ရသော သားကလေးသည် အေးဆေးသည်။ စကားနည်းသည်။ ပြောစရာရှိလျှင်တော့ ချက်ကျ လက်ကျ ပြောတတ်သည်။ ဘာမှ မပူဆာတတ်၊ ကွန်ပလိန်း မတက်တတ်၊ မလိမ်ညာတတ်၊ ဟန်မဆောင်တတ်၊ အချိန်တော်တော်များများမှာ စာဖတ်နေတတ်တာ များသည်။ မှတ်ဥာဏ်ကောင်းသည်။ အတန်းထဲမှာ စာတော်သောကလေး၊ ကိုယ့်ကိုကိုယ် ယုံကြည်မှု အပြည့်ရှိသော၊ စည်းကမ်းရှိပြီး မပျင်းတတ်သော စံပြ ကျောင်းသားလေး တယောက် ဖြစ်သည်။ ကျွန်မက စကားများသည် အပေါင်းအသင်းများသည် ပူညံပူညံ ပွစိပွစိ လုပ်တတ်သည် ဥာဏ်ကောင်းသော်လည်း ဝီရိယမရှိ၊ ကိုယ့်ကိုကိုယ်လည်း ယုံကြည်မှု မရှိ၊ တခုခုဆို ပျင်းရိကာ အတတ်နိုင်ဆုံး အချိန်ဆွဲတတ်သည်။ ထိုသို့သော ယေဘုယျ အကြောင်းအရာလေးတွေမှာ သားကလေးသည် ကျွန်မနှင့် တူမနေသည့်အတွက်မူ ကျွန်မ များစွာ ဝမ်းသာ ခဲ့ရသည်။

ကျွန်မက ခရက်ဒစ်ကဒ် အေတီအမ်ကဒ်တွေ ဘယ်လောက်ပင် ပါပါ၊ အိပ်ထဲ ပိုက်ဆံအရွက်မပါလျှင် မနေတတ်သူတယောက်ဖြစ်သောကြောင့် အမြဲလိုလို စိုးရိမ်တကြီးဖြင့် သားကို မုန့်ဖိုး ပိုပိုလျံလျံ ပေးတတ်သည်။ သားကတော့ ထိုမုန့်ဖိုးတို့ကို လိုအပ်သလောက်သာ သုံးပြီး ပိုသမျှကို စုဆောင်းတတ်သည်။ အကြွေစေ့တွေ များလာလျှင် ပိုက်ဆံ အရွက်များနှင့် လဲလှယ်ကာ စုသည်။ ထို့ထက် ပို များလာလျှင် ဒေါ်လာ ဝယ်စုသည်။ ဘုရားရေ… ကျွန်မဘဝမှာ ပိုက်ဆံစုသည့်အလုပ်ကို တခါမှ မလုပ်စဖူး…။

သားလေးတို့ ကျောင်းတွေသည် မနက် ၇ နာရီ ကျော်မှာ အရောက်သွားရသည်။ ထိုအခါ သားလေး အိပ်ရာမှ ထသည့် အချိန်မှာ ၆ နာရီ ၁၅ မိနစ် ဖြစ်သည်။ ယခုအချိန်အထိ သားလေးကို ကျောင်းသွားဖို့ တခါမှ ခက်ခက်ခဲခဲ မနှိုးခဲ့ရချေ။ သည်နေရာမှာတော့ စောစောအိပ်ပြီး စောစောထတတ်သော အဖေတူ သားကလေးသည် မနက် ထရန် Alarm ပေးထားပြီး အိပ်ရာထ ရေချိုး အဝတ်လဲ မနက်စာ စား စသည်ဖြင့် အစီအစဉ်အတိုင်း စနစ်တကျ လှုပ်ရှားသူ ဖြစ်သည်။ သူတို့ သားအဖနှစ်ယောက် ၆ နာရီ ၄၅ လောက် အိမ်က ထွက်ကြချိန်မှာ ကျွန်မက နိုးတဝက် အိပ်တဝက်ဖြင့်သာ အိပ်ယာထဲမှာ ကျန်ခဲ့စမြဲ…။

သားကလေး အသက် ၁၂ နှစ်မှာ နှစ်ဖက်သော မိဘ ဖိုးဖွား ညီအကို မောင်နှမတွေ စုံလင်စွာဖြင့် ရှင်ပြုပေးလိုက်သည်။ ခေါင်းပြောင်ပြောင် လုံးလုံးလေးနှင့် ကိုရင် ဝဝကလေးကို ကြည့်ရင်း ကြည်နူးစွာဖြင့် ချစ်ခင်စိတ်များ တိုးပွားရသည်။ တခါမှ အိမ်နဲ့ အဝေးမှာ ခွဲမအိပ်ဖူးသော သားကလေးအတွက် တကြောင့်ကြကြ ဖြစ်နေရသည်။ သားဖေဖေကလည်း အလုပ်မအားသောကြောင့် သားနှင့်အတူ ရဟန်း မဝတ်နိုင်။ သို့သော်လည်း သားကလေးသည် သာသနာ့ဘောင်တွင် ကိုးရက် တိုင်တိုင် ပျော်မွေ့ခဲ့သည်။ သူ့ကို စိတ်မချသောကြောင့် မနက်တခေါက် ညတခေါက် သွားကြည့်ခြင်းကို သူက မနှစ်သက်။ တတိယမြောက်နေ့တွင်မူ နောက်နေ့တွေမှာ လာကြည့်ရန်မလိုတော့ကြောင်း၊ သူ အစစ အဆင်ပြေကြောင်း စိတ်ပူရန် မလိုကြောင်းနှင့် သူ ကိုရင်ထွက်မည့်နေ့ မှသာ လာတော့ရန် အတိအလင်းပင် ဖွင့်ပြောခဲ့သည်။ အမေနှင့် အနီးကပ် လက်ပွန်းတတီးနေခဲ့သော သားမို့ အမေကို လိုအပ်သည်ထက် ပို၍ တွယ်တာနေလေမည်လား ဟူသော ကျွန်မ၏ ပူပူပန်ပန် အတွေးများသည် သား၏ ပြတ်သားသော စကားအောက်တွင် ကွယ်ပျောက်သွားခဲ့သည်။ သံယောဇဉ်နည်းတာ ကောင်းတာပေါ့လေ မခံစားရဘူးပေါ့… ဟု ဖြေသိမ့်ကာ တွေးနေမိသည်။ ပြောရလျှင် ကျွန်မက စိတ်နှလုံး ပျော့ပျောင်းပြီး အရာရာကို ချစ်ခင်တွယ်တာတတ် သံယောဇဉ်ကြီးတတ်သူတယောက်…။ ချစ်တတ်သော သူများသည် မချစ်တတ်သော သူများထက် ပို၍ ထိခိုက်နာကျင် ခံစားရတတ်စမြဲ မဟုတ်လား… သားပိစိလေး ကြီးလာရင် အချစ်ကြောင့် ထိထိခိုက်ခိုက် မခံစားရဖို့အရေး ကြိုတင် တွေးဆ ပူပန်နေတတ်သော အမေတယောက်၏ အတ္တများမှာ တဆိတ်တော့ အံ့သြစရာပင်…

ဖိနပ် အဝတ်အစား အသုံးအဆောင် ဘယ်အရာကိုမှ မပူဆာတတ်သော၊ ဗိုက်ဆာနေချိန်များမှာ ဗိုက်ဆာတယ် ဟု မပြောတတ်ပဲ ရေခဲသေတ္တာကို ဖွင့်ပြီး စားစရာ ရှာနေတတ်သော၊ အဝတ်ဆိုလျှင် အရောင်မှိန်မှိန်များကိုသာ နှစ်သက်တတ်သော၊ ကြိုက်နှစ်သက်သော တီရှပ်များ ဘောင်းဘီများကို ဘယ်အချိန်မှာ မဆို ဘယ်လိုလမ်းမျိုးကို မဆို ထပ်ခါတလဲလဲ ဝတ်တတ်သော၊ ဆီများများနှင့် ကြော်ထားသော အစားအစာများ၊ ပေါင်မုန့် ကြက်ဥ ချိစ် ဝက်ပေါင်ခြောက် ဝက်အူချောင်း စသော အနောက်တိုင်း အစားအစာများကို ကြိုက်နှစ်သက်သော၊ အရာရာမှာ စည်းစနစ်ကျသော၊ ပိုက်ဆံ စုတတ်သော၊ သံယောဇဉ် အတွယ်အတာ နည်းပါးပုံရသော၊ လက်ချိုးရေတွက်၍ ရနိုင်လောက်အောင် နည်းပါးသော သူငယ်ချင်းမိတ်ဆွေများကို ခပ်မှန်မှန်သာ ဆက်ဆံ ခင်မင်တတ်သော၊ မလိုအပ်ပဲ အလွန်အကျွံ အားမနာတတ်သော၊ စိတ်ခံစားမှုများကို လွယ်လင့်တကူ ထုတ်မပြတတ်သော… စသည့် သားလေး၏ အကျင့်စရိုက်များမှာ တနေ့ထက် တနေ့ အဖေနှင့်သာ တူလာသည်ကို ကျွန်မ ဘယ်လိုမျှ မငြင်းနိုင်ပါချေ။ ကျွန်မနှင့်ကတော့ ထိုအချက်တွေအားလုံးမှာ ဆန့်ကျင်ဖက်… မွေးထားရသော အမေနှင့် အနည်းငယ်ကလေးမျှပင် မတူရကောင်းလားဟု သားကို ငြူစူလျှင်လည်း သားအဖနှစ်ယောက်စလုံးက ကျွန်မကို ချစ်စနိုး လှောင်ပြောင်ကာ အသံထွက်အောင် ရယ်မောနေကြသည်သာ။

*****

သို့သော် သားကလေးသည် အိမ်အောက်တွေမှာ ပုံစံအမျိုးမျိုးဖြင့် တွေ့ရတတ်သော ကြောင်ကလေးများကို ချစ်ခင်နှစ်သက်စွာဖြင့် မီမီ မီမီ ဟု လိုက်ခေါ်တတ်သည်။ တခါတရံ ကြိုးကလေး တန်းလန်းဖြင့် သခင်တွေနောက် ကောက်ကောက် ကောက်ကောက် လိုက်နေတတ်သော ခွေးပုလေးများကို လိုချင်သည်ဟု ပြောတတ်သည်။ ပလတ်စတစ်ဗုံးလေးများထဲမှာ တလှုပ်လှုပ်ဖြင့် ဆော့ကစားနေတတ်သော Hamster လေးများကို ဝယ်ပေးမလားဟု မေးတတ်သည်။ အင်း… သည်လိုဆိုပြန်တော့ သားကလေးသည် ကျွန်မထင်သလောက် နှလုံးသားအေးစက်ကာ သံယောဇဉ်နည်းပါးသောသူတယောက်တော့ဖြင့် မဟုတ်တန်ရာ…

တခါ သားတို့ ကျောင်းက Art Lesson အတွက် ပန်းချီဆွဲစရာ ဆေးတွေ စုတ်တံတွေ ဝယ်ပေးရပြန်သည်။ သူဆွဲသော ပန်းချီကားများမှာ အများအားဖြင့်တော့ ကျွန်မသိပ်မသိသော ကာတွန်းဇာတ်ကောင် ပုံများဖြစ်သည်။ သားကလေး ဆွဲသော ပုံများမှာ အသက်ပါကာ တူလွန်းသဖြင့် သူငယ်ချင်းများက ပိုက်ဆံပေးကာ ဝယ်ယူကြသည် ဟု သားကပြန်ပြောသောအခါ ကျွန်မ ရင်ဘတ်ကို ဖိရသည်။ သားရယ်… သူငယ်ချင်းတွေကို ပိုက်ဆံနဲ့ ရောင်းရတာ အားနာစရာကြီး… အလကားပေးလိုက်ရောပေါ့… ဟု ပြောမိသောအခါ သားက သူရင်းနှီးထားရသည်များ နှင့် ပေးလိုက်ရသော အချိန်တို့ကို တွက်ပြကာ သူ့ လက်ရာအတွက် ဤမျှသော ငွေကြေးကို ယူရန် သင့်တော်ကြောင်း စီးပွားရေးပညာရှင်ကြီး တယောက်နှယ် စနစ်တကျ ကျွန်မကို ရှင်းလင်း ပြောဆိုပြလေသည်။

သားကလေး အသက် ၁၀ နှစ်ကျော်ကျော်တွင် သီချင်းနားထောင်ရန် iPod ဝယ်ပေးပါ ဟု ပြောလာသောအခါ အူလှိုက် အသည်းလှိုက် ပျော်ရွှင်စွာ လိုက်ဝယ်ပေးသူမှာ ကျွန်မဖြစ်သည်။ ကျွန်မ၏ သားကလေးသည် သီချင်း ဂီတနှင့် ပျော်မွေ့တတ်ပြီကော…။ သားဖေဖေသည် ဂီတနှင့် ပတ်သက်လျှင် တီးလုံးသံ သက်သက်ကိုပင် တခါတရံမှ နားထောင်တတ်သူလေ…။ သိပ်မကြာခင်မှာ သားကလေးက iPod နှင့် တွဲနားထောင်ရန် သူစုထားသော မုန့်ဖိုးဖြင့် Beats Headphone တခု ဝယ်လာပြန်သည်။ သူ့အတန်းဖေါ် သူငယ်ချင်းများနှင့် ဆင်တူ ဝယ်ကြသည် ဟု ဆိုသည်။ ထိုပစ္စည်းမှာ ဈေးမသေးလှချေ။ ပိုက်ဆံနှင့် ပတ်သက်လာလျှင် စည်းကမ်းတကျ သုံးစွဲတတ်သော်လည်း သူတို့ လိုချင်သောအရာဆိုလျှင် ဘယ်လောက်ပင်ဈေးကြီးကြီး နည်းနည်းမှ အနှမျော အတွန့်တိုမရှိပဲ ဝယ်တတ်သော အကျင့်မှာ သူ့ အဖေနှင့် ချွတ်စွတ်။ ထိုကျသင့်ငွေကို ကျွန်မ ပြန်ပေးချင်လိုက်သည်မှာ လက်ကို ယားနေသည်။ သို့သော် သားဖေဖေက ထားလိုက် သူ့ဟာသူ ကြိုက်တာ သုံးပစေ… နေရာတိုင်း လိုက်ပြန်မပေးနေနဲ့… ဟု တိုးတိုးပြောကာ တားမြစ်သောကြောင့် ကျွန်မမှာ မအီမလည်နှင့် ငြိမ်နေလိုက်ရသည်။ သောကြာည စနေည လို ညမျိုးမှာ နားမှာ Headphone တပ်ရင်း အိပ်ယာထဲမှာ သီချင်းနားထောင်ကာ ဇိမ်လုပ်နေတတ်သော သားကိုကြည့်ပြီး ကျွန်မ ဝမ်းသာရသည်။ အင်း.. ဒီလိုဆိုတော့လည်း ကျွန်မသားကလေးသည် သည်အဖေ သည်အမေ နှစ်ယောက်စလုံးနှင့် မျှမျှတတ တူညီနေတာပါပဲလား ဟု ကျွန်မ ကျေကျေနပ်နပ်ကြီး လက်ခံမိပါသည်။

သားတယောက်တည်း ပျင်းစရာကြီး ညီမလေး တယောက်လောက် မလိုချင်ဘူးလား ဟူသော အမေးကို ခါးခါးသီးသီး ငြင်းဆန်သော သားကလေးသည် သူ၏ တဝမ်းကွဲ ညီလေး ညီမလေးများအကြားမှာ လူကြီးဆန်ဆန် မျှမျှတတ အလိုက်သင့် အလျားသင့် ပေါင်းသင်း ဆက်ဆံတတ်သည်ကို တွေ့မှ ကျွန်မ စိတ်အေးရတော့သည်။ သားကလေးကို ကိုယ့်အတွက်သာသိပြီး တကိုယ်ကောင်းဆန်ဆန် နေတတ်သော အတ္တကြီးသည့် လူကလေးတယောက် မဖြစ်စေချင်ပါ။

သားကလေး ကြီးလာရင် အိမ်ထောင်မပြုပဲ မေမေတို့နဲ့ပဲ နေမလား ဟူသော အတ္တကြီးမားလှသော မေးခွန်းမျိုးကို ကျွန်မ နှစ်ကြိမ် သုံးကြိမ် မေးခဲ့ဖူးပါသည်။ မလိမ်ညာတတ်သော ဟန်မဆောင်တတ်သော သားကလေးက ကျွန်မ စိတ်ချမ်းသာစရာ အဖြေမျိုး မပေးခဲ့ပါ။ Generation ပျောက်သွားမှာပေါ့ ဟူသော လူကြီးဆန်ဆန် သူ့အပြောမှာ ကျွန်မ ငိုရအခက် ရယ်ရ အခက်။ နောက်ကို ဤသို့သော မေးခွန်းမျိုးကို ဘယ်တော့မှ ထပ်မမေးမိရန်သာ ကိုယ့်ကိုကိုယ် ဆုံးမရသည်။ အလားတူပင်… နောက်ကို မမေးရန် ဆုံးဖြတ်ထားသော မေးခွန်းတခုမှာ ဖေဖေနဲ့ မေမေ ဘယ်သူ့ကို ပိုချစ်သလဲ ဟူသော မေးခွန်းဖြစ်သည်။ စကားစပြောတတ်သော အချိန်မှစကာ ယခုအချိန်အထိ ထိုမေးခွန်း၏ အဖြေမှာ တသမတ်တည်း… နှစ်ယောက်စလုံးကို အတူတူ ချစ်တယ် ၅၀ - ၅၀ ပဲ ဟူ၍သာ ဖြစ်သည်။ ကျွန်မ လိုချင်သော မေမေ့ကို ပိုချစ်တယ် ဟူသော အဖြေမျိုး မရသော်လည်း သားကလေး၏ ရိုးသား ဖြောင့်မှန်သော အဖြေလေးကို ကျွန်မ မက်မောပါသည်။ တခါတရံတွင်မူ ကျွန်မက သားရယ် သားလေးကို မေမေက မေမေ့ဗိုက်ထဲမှာ အကြာကြီး ခေါ်ထားရတာလေ… မေမေ့ကို နည်းနည်းတော့ ပိုချစ်သင့်တာပေါ့… ဟု အထွန့်တက်ကာ ကျီစယ်မိပါသည်။ ထိုအခါ သားလေးက မေမေကလည်း မေမေတယောက်တည်း သားကို မွေးလို့မှ မရတာ… ပါပါ မရှိရင် သားသား မရှိ၊ မေမေ မရှိရင် သားသား မရှိလေ… ဒါကြောင့် အတူတူပဲ ချစ်တာပေါ့… ဟူသော စကားကို ဒိုးဒိုးဒေါက်ဒေါက် ပြန်ပြောပါသည်။ ထိုမျှသာမက သူတို့ ကျောင်းမှာ သင်ရသော Human Fertilization နှင့် သက်ဆိုင်သော အကြောင်းအရာများကိုပါ ရှင်းလင်းပြောပြရန် စကားစတတ်ပါသေးသည်။ ထိုအချိန်မျိုးတွင် ဘုရားရေ ဟု အကြိမ်ပေါင်းများစွာ ရေရွတ်ရင်း စားစရာ တခုခု ရှာပေးပြီး သူတို့ သားအဖကို ပါးစပ်မြန်မြန်ပိတ်ခိုင်းရသူမှာ ကျွန်မသာ…။

သားကလေးသည် ကျွန်မလိုပင် ကြောင်ကလေး ခွေးကလေးတွေကို ချစ်တတ်သည်၊ သီချင်းတွေ နားထောင်တတ်သည် စာဖတ်တတ်သည်။ အင်္ဂလိပ်လိုသာမက တရုတ်လိုပါ အက်ဆေး လှလှတွေ ရေးတတ်သောကြောင့် မကြာခဏ ပြိုင်ပွဲတွေ ဝင်ရသည်။ ဆုတွေ ရသည်။ English Literature ကို အတန်းထဲမှာ အမှတ်အများဆုံး ရတတ်သည်။ တခါတရံမှာ ကျွန်မ မတတ်သော ပန်းချီဆွဲခြင်း အမှုကို ပြုတတ်သည်။ ကျန်တာတွေမှာ ကျွန်မနှင့် မတူသော်လည်း ထိုအချက်များမှာ ကျွန်မနှင့်တူနေသည်ကို ကျွန်မ အလွန် ကျေနပ်ရသည်။ တနေ့ တနေ့ ထိုကမ္ဘာလုံးလေး ဘယ်နေရာမှာများ ကျွန်မနှင့် တူလာလေမည်ကို ကြည့်ရသည်မှာ အမော…။

တရက်ကတော့ သားလေး၏ ရေချိုးခန်းအဝင်ဝရှိ စင်ကလေးပေါ်တွင် စာအုပ် တအုပ်တွေ့ရသည်။ နောက် တရက် နှစ်ရက် သုံးလေးရက် ကျွန်မ ဆက်တိုက် သတိထားကြည့်မိသောအခါ သားလေးသည် ရေချိုးခန်းဝင်လျှင် စာအုပ်ဖတ်နေတတ်ကြောင်း သေချာသွားသည်။ ထိုအခါ သားဖေဖေကို သားဆီမှာ ကျွန်မနှင့်တူသော အချက် တချက် ထပ်တိုးလာပြီဟု အကျိုးအကြောင်း ပြောပြရင်း ဝမ်းပမ်းတသာ သတင်းပေးမိသောအခါ သားဖေဖေက ကျွန်မကို အရူးမ ဟု နာမည်ပေးလေတော့သည်။

သို့သော် သားကလေးသည် သင်္ချာတွက်လျှင် အလွန် ရှမ်းတတ်သည်ကို တဖြေးဖြေးနှင့် ကျွန်မ သိလာခဲ့သည်။ မြတ်စွာဘုရား… တချိန်လုံး အဖေနဲ့ တူနေခဲ့သမျှ ဒီနေရာမှာတော့ အလွဲကြီး လွဲပါပေါ့လားဟု တွေးရင်း စိတ်မသက်မသာ ဖြစ်ရသည်။ ဟုတ်သည်… ကျွန်မ ငယ်ငယ်က သချာင်္မှာ ရှမ်းတတ်လွန်းသောကြောင့် ဆရာမများက ရှမ်းမ ဟု ခေါ်ကြသည်။ အခုတော့ သားကလေးက သည်လို မကောင်းတဲ့ အချက်မှာ ကျွန်မနှင့် ချွတ်စွတ် တူနေလေပြီကော…။ သားကလေးသည် သချာင်္ပုစ္ဆာများတွင် အပေါ်တကြောင်းမှာ 7 ဟု ရေးထားသော်လည်း နောက်တကြောင်းတွင် 9 ဖြစ်သွားတတ်သည်။ အပေါ်တဆင့်မှာ ရေးထားသော အနှုတ်လက္ခဏာက အောက်တဆင့် ရောက်သောအခါ အပေါင်း ဖြစ်သွားသည်။ မေးခွန်းထဲက ဂဏန်းများကို အဖြေလွှာထဲ ကူးရေးရာမှာ တလွဲကူးရေးတတ်သည်။ အဖြေမှန် ရပြီးသည့်တိုင် အောက်ဆုံးမှာ Answer = ဟု အဖြေထိုးသောအခါ တလွဲကူးရေးတတ်ပြန်သည်။ သချာင်္ဆို ဘယ်တော့မှ ၁၀၀ ပြည့်သည်မရှိ၊ အမှတ်များမှာ ဟိုက ဒီက ဆီလို အပေါက်ရှာပြီး ရော့နေလေတော့သည်။ ထိုအခါ တအိမ်လုံးက Like Mother, Like Son ဟု ဝမ်းမြောက်ဝမ်းသာ ထောပနာ ပြုကြလေသည်။ တူမယ့် တူတော့လည်း တလွဲ… သားရယ်…

*****

အခုဆိုလျှင် ချစ်ရသော ကျွန်မ၏ သား ကမ္ဘာလုံးလေး အသက် ၁၄ နှစ် ပြည့်ပြီးသွားပြီ။ ဖေဖေ မေမေတို့ထက်လည်း အရပ် ပိုရှည်သွားပြီ။ လူကြီးလေးတယောက်နှင့်လည်း အတော်ကို တူလာပြီ။ ငယ်ငယ်က ကျွန်မနှင့် မတူသောကြောင့် အလိုမကျခဲ့ရသမျှ အခုအချိန်မှာတော့ ဘာမှ ထူးထူးခြားခြား မခံစားနေတော့ပြီ။ သားလေး သူ့ဖေဖေဆီက ကောင်းတဲ့ အကျင့်လေးတွေ ရတာကိုလည်း ကြည်ဖြူပေးလိုက်မည်။ ကျွန်မနှင့် မကောင်းတဲ့ အကျင့်လေးတွေ လာတူနေတာကိုလည်း ဒီတိုင်း ရယ်ကာ မောကာ ကြည့်နေလိုက်မည်။ ဖေဖေ မေမေတို့ရဲ့သားဟာ ဖေဖေ မေမေ နှစ်ယောက်စလုံးနဲ့ မျှမျှတတ တူရပေမပေါ့…။

ရှေ့လျှောက် သားကလေးကို သူ ဝါသနာပါသော လမ်းကို ဖြောင့်ဖြောင့်ဖြူးဖြူး လျှောက်နိုင်ရန်၊ သူ ဖြစ်ချင်သော ဆန္ဒများ မတိမ်းမစောင်းပဲ ဖြစ်မြောက်စေရန် ကျွန်မ လိုအပ်သလို ကူညီ ပံ့ပိုးပေးမည်။ ကိုယ်က မိဘပဲ ဟုဆိုကာ ကလေးကို အနိုင်ယူပြီး ကိုယ်လိုချင်သလို ပုံစံခွက်ထဲ အတင်း ထိုးသွင်းထည့်တတ်သော မိဘမျိုး ကျွန်မ မဖြစ်ချင်ပါ။ စုန်ရေသာ ရှိပြီး ဆန်ရေ မရှိသော မိဘမေတ္တာအကြောင်း ပါးစပ်မှ ထုတ်ဖေါ် ပြောပြစရာမလိုပဲ သားကလေး သိနေအောင် ကျွန်မ အစဉ်အမြဲ ကြိုးစားနေမည်သာ…။

သက်ဝေ
(၂၂ မေ ၂၀၁၂)

July 2012 - International Look Magazine

Tuesday, July 17, 2012

H-A-L-L-U-C-I-N-A-T-I-O-N

ထိုနေ့က ဆရာဝန်ဆီရောက်သွားခဲ့သည်။
ဆရာဝန်နှင့် တွေ့ချိန်တွင် ဆရာဝန်က ဘာဖြစ်သလဲ ဟု မေးပါသည်။
နားကြပ်ဖြင့် ရင်ဘတ်ကို ထောက်ကာ စမ်းသပ်တော့အံ့ဆဲဆဲ ဆရာဝန်ကို ဟိုး… ဟိုး… ဆရာ… ခဏနေပါအုံး… ကျွန်တော် ပြောပြပါရစေ… ဟု တောင်းပန်ကာ ဖြစ်ကြောင်း ကုန်စင်ကို ပြောပြရန် လည်ချောင်းကို အနည်းငယ် ရှင်း… အသက်ကို ဝအောင် ရှုသွင်းကာ ဒီလိုပါ ဆရာ… ဟု စကား စ လိုက်သည်။

-          ကျွန်တော် မြင်နေရတယ်
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့ဆီကို လာနေကြတယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ကြားနေရတယ်
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့ကို လာပြောနေကြတယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ထွက်ပြေးရတော့မယ်…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          သူတို့ ကျွန်တော့နောက်ကနေ လိုက်လာနေကြပြီ…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော့ကို ဆေးကုပေးပါ ဆရာ…
-          - - - - - - - - - - - -
-          - - - - - - - - - - - -
-          ကျွန်တော် ဆရာ့ကျေးဇူးကို ဘယ်တော့မှ မမေ့ပါဘူး…
-          - - - - - - - - - - - -
-          - - - - - - - - - - - -


စကားအဆုံးတွင် ဆရာဝန်က ခေါင်းကို ဖြေးညှင်းစွာ ယမ်းလိုက်သည် (ဟု ထင်သည်)

ပါးစပ်မှ တစုံတခုကို ရေရွတ်လိုက်သည် (ဟု ထင်သည်)

နားထဲမှာ အသံတခု ကြားလိုက်သည် (ဟု ထင်သည်)

ထိုအသံသည် အင်္ဂလိပ်စာလုံး တခုဖြစ်သည် (ဟု ထင်သည်)

ထိုစကားလုံးသည်  H-A-L-L-U-C-I-N-A-T-I-O-N  ဖြစ်လိမ့်မည် (ဟု ထင်သည်)



Saturday, July 7, 2012

စနေ မနက်ခင်း

စနေနေ့ မနက်ခင်းသည် အခါများစွာကလိုပင် နှစ်လိုဖွယ်ရာ ကြည်ကြည်လင်လင်…။
သို့သော် စိတ်ထဲမှာတော့ အိမ် ဆိုတာ ရှင်းစရာ လင်းစရာ လုပ်စရာ ကိုင်စရာ ဝေယျာဝစ္စ အလွန်များသော နေရာတခုသာ ဖြစ်ပေတော့သကိုး ဟု မကျေမချမ်းဖြင့် ကောက်ချက်ချနေမိသည်။ ဒီတပတ် အိမ်ရှင်းမည် ဟု ကြိုတင်တွေးတောထားသည့်အတိုင်း အိပ်ရာနိုးနိုးချင်း မျက်နှာသစ် သွားတိုက်၊ ကော်ဖီတခွက် သောက်ပြီး တအိမ်လုံးကို လှည့်ပတ် ကြည့်ရင်း ဘယ်နားက စရှင်းရပါ့မလဲဟု စဉ်းစားနေမိသည်။ သည်လိုအချိန်မှာ လက်ပတော့၊ အိုင်ပက် အိုင်ဖုန်းနှင့် ဖတ်လက်စ ဝတ္ထုများ မဂ္ဂဇင်းများကို မျက်စောင်းပင် ထိုးမကြည့်ရဲ…။ ထိုအရာများကို တို့ ထိ လိုက်မိပါက အိမ်ရှင်းသောအလုပ် ပြီးမြောက်အောင်မြင်တော့မည် မဟုတ်ချေ။

ပထမဦးစွာ ဘုရားပန်း နှင့် သောက်တော်ရေ လဲရင်း ဘုရားစင်ကို အရင် သန့်ရှင်းလိုက်သည်။ ထို့နောက် အိပ်ခန်းဝမှာ ရပ်ကြည့်ရင်း ဒီတပတ် အိပ်ရာခင်းလဲရမှာ သတိရသွားပြီး အိပ်ရာခင်း အသစ်တစုံ သွားယူကာ အိပ်ရာခင်း လဲသည်။ ဘယ်လောက် ပူပူအိုက်အိုက် Quilt ဆိုသော အရာ (ဂွမ်းကပ်) မပါလျှင် မအိပ်တတ်သူမို့ အိပ်ရာခင်းလဲတိုင်း သူများထက် ပိုပင်ပန်းရသည်။ အိပ်ရာခင်း အသစ်မစွတ်မီ မွေ့ယာကို ဖုန်ခါ ခေါင်းအုံးတွေကို လုံးလုံးလေး ဖြစ်အောင်ဖွ… ပြီးမှ အိပ်ရာခင်း Quilt Cover ခေါင်းအုံးစွတ် အားလုံး သေသေသပ်သပ်ဖြစ်အောင် စွတ်လိုက်သည်…။ အရင်ကတော့ အားအားယားယား တပတ်တခါ အိပ်ရာခင်းလဲသည်။ Aussino ကို အကြီးအကျယ် အလုပ်အကျွေးပြုသူများထဲတွင် တယောက် အပါအဝင် ဖြစ်သည်။ အခုတော့ အဲလောက် အကဲမပါတော့ချေ။ ဆယ်ရက် တခါ (သို့) နှစ်ပတ် တခါလောက်မှ အိပ်ရာခင်း လဲဖြစ်တော့သည်။ တကယ်တော့ သိပ်လည်း အချိန်များများမှ မအိပ်တာလေ ဟု သက်သာသလို ဖြေတွေး တွေးတတ်သူမှာ ကျွန်မဖြစ်သည်။

တလက်စထဲမှာ အိပ်ခန်းထဲရှိ မှန်တင်ခုံ၊ စားပွဲ စသည့်အရာများပေါ်တွင် ရှိနေသော မှန်တံခါးတွေ အလုံ ပိတ်ထားသည့်ကြားမှ ဘယ်ကနေ ဘယ်လိုရောက် ရောက်လာကြမှန်း မသိသော ဖုန်မှုန့်နုနုလေးများကို အဝတ်ဖြင့် လိုက်သုတ်သည်။ အိပ်ခန်းထဲ အားလုံးရှင်းပြီးသွားသောအခါ အသစ်ခင်းထားသော အိပ်ရာခင်း လှလှပေါ် လှဲ အိပ်ချလိုက်ချင်သော စိတ်ကို အသာဖယ်ရင်း ဖုန်စုတ်စက်ဖြင့် တအိမ်လုံး ဖုန်စုတ်ဖို့ ပြင်ဆင်သည်။ ဖုန်စုတ်ရာတွင် အများဆုံးပါဝင်သော ပစ္စည်းများမှ ဆံပင်ချည်များသာ ဖြစ်ပေလိမ့်မည်။ တခန်းဝင် တခန်းထွက်နှင့် တအိမ်လုံး ဖုန်စုတ်ပြီး သကာလမှာ လူက အတော်လေး ခြေကုန်လက်ပမ်း ကျချင်နေပြီ…။ သို့သော် တဝက်တပျက်မှာ နားလိုက်လျှင် ပျင်းသွားပြီး ဘာမှ ဆက်မလုပ်ချင်လျှင် ဘာအလုပ်မှ ပြီးမြောက်လိမ့်မည် မဟုတ်ချေ။ ထို့ကြောင့် မနားရဲ…။

လျှော်စရာ အဝတ်ဟောင်းခြင်းကို ယူကာ အဝတ်များကို ရုံးဝတ် တပုံ၊ အိမ်နေရင်း အဝတ်များ တပုံ နှစ်ပုံခွဲလိုက်ပြီး အဝတ်လျှော်သည်။ စက်မှ ထွက်လာသော အဝတ်များကို အခြောက်ခံစက်ထဲထည့် ပြီးတော့ နောက်တပုံ ဆက်လျှော်… ပြီးသွားတော့ အခြောက်ခံ.. ထိုအဝတ်တွေကုန်တော့ ခုနက လဲထားသော အိပ်ရာခင်းအဟောင်းတွေကို လျှော်ရပြန်သည်။ အခြောက်ခံစက်မှ ထွက်လာသော အဝတ်များကို ချိတ်ဖြင့် ချိတ်တန်တာ ချိတ်… ခေါက်တန်တာ ခေါက်… ထိုစဉ်မှာပင် ဒီတပတ် အကူကောင်မလေး မအားသောကြောင့် မလာနိုင်ပါဟု ပြောထားတာ သတိရသွားသည်။ သို့ဆိုလျှင်ဖြင့် ကိုယ့်ဟာကိုယ် မီးပူတိုက်ရတော့မည်ပဲ… ဝှူးးးးးးးးးးးးးးးးးး

တွေးနေရင်း တလက်စထဲမှာ ဒါဆို ဒီတပတ် ဆိုင်မှာ လက်သည်းနီ သွားဆိုးလို့ ရသည်ဟု တွေးမိကာ ဆိုင်ကို ဘွတ်ကင်လုပ်ဖို့ သတိရသွားသည်။ ဘာဆိုင်လို့လဲ… ဟုတ်လား… ပြောပြပါမည်…။ ကျွန်မသည် နေရာတကာ မိန်းမ မဆန်တတ်သော်လည်း တခါ တခါမှာ မိန်းမဆန်ဆန် တွက်ချက်တတ်ပါသည်။ ဖြုန်းတီးချင်သော နေရာများတွင် ဘာမှ လှည့်မကြည့်ပဲ ဖြုန်းတီးတတ်သော်လည်း တချို့နေရာတွေမှာ မလိုအပ်ပဲ အလကားနေရင်း စစ်စီနေတတ်သည်ကိုလည်း အံ့သြဖွယ် တွေ့ရသေးသည်။ အိမ်အကူ ကောင်မလေးကို တနာရီအလုပ်ချိန် ၁၀ နှုန်းဖြင့် ပေးရလေရာ တပတ်ကို မီးပူတိုက် ရေချိုးခန်း မီးဖိုခန်းဆေး ဆိုလျှင် အနည်းဆုံး ၃၀ - ၄၀ တော့ ပေးရစမြဲ…။ ထိုအခါ အိမ်အလုပ်လည်း သူများကို ပိုက်ပိုက်ပေးပြီး လုပ်ခိုင်းကာ ကိုယ်က ဆိုင်မှာ လက်သည်းနီ သွားဆိုးမည်ဆိုလျှင် ပိုက်ပိုက် နှစ်ခါ ကုန်တာကြောင့် နည်းနည်းတော့ အပြစ်မကင်းသလို ခံစားရသည်။ ဒီတပတ်တော့ အိမ်အလုပ်တွေ ကိုယ်တိုင်လုပ်ရမည်ဖြစ်သောကြောင့် သူ့အတွက် ပိုက်ပိုက်ပေးရန်မလို… ထိုပိုက်ပိုက်ကို လက်သည်းနီ သွားဆိုးလိုက်လျှင် အဆင်ပြေပေမည် ဟု ကြံစည် တွက်ချက် တွေးတောကာ မအားတဲ့ကြားက အချိန်လုပြီး ဆိုင်ကို ဖုန်းဆက်ကာ ဘွတ်ကင် လှမ်းလုပ်လိုက်သည်…။ မပိုင်လား…

အဝတ်တွေ ခေါက်ပြီးတော့ ရေချိုးခန်းနှစ်ခန်းကို ဆေးဖြန်းသည်။ တိုက်ရ ချွတ်ရ သက်သာစေရန် ဆေးကို တတ်နိုင်သမျှ များများ ဖြန်းသည်။ ရေချိုးခန်းတွေကို ဆေးဖြန်းထားစဉ်မှာ စာအုပ်စင် ထမင်းစားပွဲ ဧည့်ခန်းမှ စားပွဲ ကုလားထိုင် အားလုံးကို အဝတ်ဖြင့် ဖုန်သုတ်သည်။ အရင်ကတော့ ဧည့်ခန်းထဲမှာ ချစ်စရာကောင်းလှသော မွေးပွအရုပ်ကလေးများကို လှလှပပ စီစီရီရီ ထားခဲ့ဖူးသည်။ အခုတော့ ဖုန်များစုဝေးရာ အရုပ်ကမ္ဘာ ဖြစ်နေတတ်သောကြောင့် သူတို့ကို သေသေချာချာ လျှော်ဖွတ်ပြီး ပလတ်စတစ်ဗုံး အကြီးစားများဖြင့် ထည့်သိုကာ စတိုခန်းမှာ သိမ်းဆည်းထားလိုက်ပြီ ဖြစ်သည်။ ဧည့်ခန်းကြမ်းပြင်ပေါ်မှာ ရှိနေသော သတင်းစာအဟောင်းများ ကြော်ငြာများ စသည်တို့ကို လွှင့်ပစ်သည်…။

ထို့နောက် သစ်ပင်လေးများကို ရေဖြန်းသည်။ ငါးများကို အစားကျွေးသည်။ အစာဆိုမှ ကိုယ့်ကိုယ်ကိုယ် အစာကျွေးဖို့ သတိရကာ မနေ့က တွေးထားသည့်အတိုင်း ကြာဇံချက် ချက်ဖို့ ကြက်သားတွေ ပြုတ်သည်။ ကြာဇံနှင့် အပေါင်းအပါတစုကို ရေစိမ်သည်။ ဆီသတ်ရန် နှင့် ထောင်းထုထည့်ရန် ကြက်သွန်နီ ကြက်သွန်ဖြူ ငြုတ်ကောင်း စသည်တို့ကို အသင့်ပြင်သည်။

အဲဒါတွေ ပြင်ဆင်ပြီးသောအခါ ရေချိုးခန်းတွေကို လက်ကြောမတင်းစွာဖြင့် အမြန်ဆုံး ဆေးကြောလိုက်သည်။ အဖြူဆွတ်ဆွတ် ဘေစင်တွေကိုတော့ သေသေချာချာ တိုက်ချွတ်ပါသည်။ ပြီးတော့ ဘေစင်ပေါ်က မှန်တွေကို မှန်ဆေးသော အရည်ဖြင့် ဖြန်းကာ ကြည်ကြည်လင်လင်ဖြစ်အောင် အချိန်ယူ၍ ဆေးသည်။ ကြည့်မှန်တွေ မကြည်လင်လျှင် ရှိရင်းစွဲရုပ်ထက် ပိုပြီး အိုမင်း ရင့်ရော်ကာ ရုပ်ဆိုးသွားတတ်သည် မဟုတ်ပါလား…။

အဲဒါတွေ ပြီးတော့ ကြာဇံချက်ကို မီးပြင်းပြင်းဖြင့် သွက်သွက်လက်လက် ချက်လိုက်သည်။ ကြာဇံချက်နှင့် တွဲစားရန် ငုံးဥ မရှိသောကြောင့် ကြက်ဥ ပြုတ်သည်။ ဆာလာသည်နှင့် ချက်ချင်း စားနိုင်ရန် နံနံပင် ငြုတ်သီးမှုန့် သံပုရာသီးတို့ကို အမြန် ကောက်စုကာ ထမင်းစားပွဲပေါ် တင်ထားလိုက်သည်။ Hungry man is angry man…!!!

အားလုံး ချက်ပြုတ်အပြီးမှာ မီးဖိုခန်းကို ရှင်းလင်း သိမ်းဆည်းကာ ဆေးကြောဖို့ ပြင်သည်။ မီးဖိုနံရံမှ ဆီစက်အချို့နှင့် မီးဖို ဘေးပတ်ပတ်လည် နေရာများကို မသန့်ရှင်းခင် ဆေးအရင်ဖြန်းပြန်သည်။ လူအင်အား စိုက်ထုတ်မှု နည်းနိုင်သမျှ အနည်းဆုံး ဖြစ်စေရန် နေရာတကာကို ဆေးဖြန်းလိုက်ရမှ ကျေနပ်သူ ဖြစ်သည်…။ ပြီးတော့ ကြမ်းသုတ်သော အဝတ်စများ၊ မီးဖိုခန်း ကြမ်းမှာခင်းထားသော အခင်းများနှင့် ရေချိုးခန်းဝမှာ ခင်းသော အခင်းများကို တခါ လျှော်ရပြန်သည်…။ အခြောက်ခံရပြန်သည်။

အခုတော့ အားလုံး ရှင်းပြီးပြီ…။ အိမ်လည်း အတော်လေး ပြောင်ရောင်သွားပြီ…။ ရေချိုးပြီး ကြာဇံချက် စားလိုက်သည်။ လုပ်စရာဆိုလို့ မီးပူတိုက်စရာ တခု တိတိသာ ကျန်တော့သည်။ Mission accomplished…!!!

တမနက်လုံး မနားမနေ ဇယ်ဆက်သလို လုပ်ကိုင်ဆောင်ရွက်အပြီးမှာ အပြင်သွားနေသော သူ အိမ်ပြန်ရောက်လာလေသည်။ မျက်နှာသေလေးဖြင့် တံခါးဖွင့်ပေးပြီး တမနက်လုံး လုပ်ထားသော အိမ်အလုပ်များကို "မပြောလဲ သိ…" "ဒီလောက်ဆို သဘောပေါက်…" အစရှိသော အမူအရာဖြင့် ပြလိုက်သည်။ ထို့နောက် သည်စာကို ရေးနေရင်းတန်းလန်းမှာပင် “ညနေကျ ဘယ်သွားရမှာလဲ…” ဟု ဘာမှ မဖြစ်သလို ဘာမှ မသိသလို လေသံမျိုးဖြင့် မေးလိုက်ရာ သူက “ဒီနေ့ ဈေးဝယ်မယ်ဆို…” ဟု အလိုက်တသိ ပြောလာလေသည်။ ဝမ်းသာ ပျော်ရွှင်သွားပြီး တဟိဟိနှင့် ရယ်လိုက်ချင်သော်လည်း ဘာမှ ထူးထူးခြားခြား မဖြစ်လေဟန် ပုံမှန်ဖြစ်အောင် ကြိုးစားကာ “အင်းလေ သွားကြတာပေါ့…” ဟု ပြန်ပြောလိုက်သည်။

စိတ်ထဲမှာတော့ တမနက်လုံး အိမ်ရှင်းထားရသည်ကို အကြောင်းပြုကာ ဈေးပတ်ပြီး ထင်ရာတွေ ဝယ်ပလိုက်အုံးမည် ဟု ဝမ်းသာအားရ တွေးတောရင်း ရေးလက်စ စာကို အမြန်ဆုံး အဆုံးသတ်နေမိပါတော့သည်…။

Happy Weekend to you all…!!
See you at Orchard… :)))