Saturday, August 31, 2013

Blog Day For Bloggers

ဒီနေ့ သြဂုတ်လ ၃၁ ရက်နေ့ဟာ ၈ နှစ်မြောက် Blog Day ပါ…
Happy Blog Day လို့ စာရေးဖေါ် ဘလော့ဂါ အားလုံးကို နှုတ်ဆက် ဆုတောင်းပါတယ်…။

Blog Day ရဲ့ အစဉ်အလာ မပျက်… ကြိုဆို မိတ်ဆက်ပေးစရာ ဘလော့ဂ် အသစ် ငါး ခု ရှိပါတယ်…။ ဒီမှာပါ…

၁) ရွှေအိမ်စည်

၂) ကြယ်ပြာရဲ့ အိမ်ကလေး

၃) Adora & etc.

၎) ရိုးမြေကျ

၅) ရင်လှိုင်းခတ်သံ

တော်တော်များများကတော့ သိပြီးသားတွေ ဖြစ်နိုင်ပါတယ်... မသိသေးဘူး... အလည် မရောက်ဖူးသေးဘူးဆိုရင်တော့ သွားလည်ပြီး စာဖတ်ကြဖို့ မိတ်ဆက်ပေးတာပါ...။

Blog တွေရဲ့ ရေစီးကြောင်းနဲ့ Blogger တွေရဲ့ သမိုင်းကြောင်းကို ဝါရင့် ဘလော့ဂါတွေ ဖြစ်ကြတဲ့ ကိုအောင်သာငယ်ကိုရန်အောင် ၊ ညီမ ပန်ဒိုရာ နဲ့ ညီမ ကေ တို့ ရေးထားပြီး ဖြစ်တဲ့အတွက် ကျွန်မ အချောင်ခိုလို့ ရသွားပါတယ်…။ သူတို့ရေးတာတွေ ဖတ်ပြီး ကုန်လွန်ခဲ့တဲ့ အချိန်တွေ… အရှိန်ကောင်းကောင်းနဲ့ စီးဆင်းခဲ့တဲ့ ဘလော့ဂ်ရေစီးကြောင်းနဲ့အတူ ပျောက်နေတဲ့ စာရေးဖေါ် ဘလော့ဂါတွေကိုလည်း သိပ်သတိရမိပါတယ်။

အခုလို Blog Day ဆိုတဲ့ အမှတ်တရ နေ့ကြီးမှာ အဆက်မရှိ အစပ်မရှိနဲ့ ဘာကိုမှ မငဲ့ပဲ ဖွင့်ပြောရမယ်ဆိုရင် လောလောဆယ်မှာ ကိုယ့်ကိုယ်ကိုယ် ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်…။ ကျန်တဲ့ ဘလော့ဂါတွေ ဘယ်လို ခံစားရတယ် ဆိုတာ ကျွန်မ မမှန်းတတ်ပါဘူး…။ ဒါပေမဲ့ ကျွန်မကိုယ် ကျွန်မတော့ တကယ်ပဲ ဟိုမရောက် ဒီမရောက် ဖြစ်နေတယ် လို့ ခံစားရပါတယ်။ ဝါသနာအရ စာရေးခြင်းနဲ့ အတူ ကန့်ကွက်မဲ့သူ မရှိ၊ တားမြစ်မဲ့သူ မရှိ၊ စီစစ်မဲ့သူမရှိ လွတ်လပ်စွာ ရေးသားပြောဆိုခွင့်ကို ဘလော့ဂ်က ပေးခဲ့တယ်။ ရေးတယ် ဖတ်တယ်… စိတ်ရှိသလို ရေးတယ်… လွတ်လွတ်လပ်လပ် ရေးတယ်… ရေးချင်သလို ရေးခဲ့ပါတယ်…။ ရေးပြီးတဲ့နောက် စာဖတ်သူ မျှော်တတ်တာလည်း ငြင်းစရာ အချက် မဟုတ်ပါဘူး…။ ဟုတ်ကဲ့… ကျွန်မ စာတစ်ပုဒ် ရေး တင် လိုက်တိုင်း စာဖတ်သူ မျှော်တတ်ပါတယ်…။

အဲဒီလိုနဲ့ ဘလောဂင်း ခဲ့တာ ၆ နှစ်ကျော်ခဲ့ပါပြီ…။ လွန်ခဲ့တဲ့ နှစ်ပိုင်းကစလို့ ဘလော့ဂ်မှာ စာဖတ်သူ သိသိသာသာ ကျသွားပါတယ်… ဆိုရှယ် နက်ဝတ်ကင်း လို့ ခေါ်ရမဲ့ Facebook ကြောင့်ပါ…။ (ကေ ကတော့ နတ်ဆိုးကြီး တဲ့…) ဒါပေမဲ့လည်း မတတ်နိုင်ဘူး… ကိုယ်တိုင်က အွန်လိုင်းမှာ ရပ်တည်နေတဲ့ ဘလော့ဂါတစ်ယောက် ဖြစ်တဲ့အတွက် ခေတ်ရေစီးကြောင်းအတိုင်း လိုက်ပါ စီးမျောရတာပါပဲ…။ ဘလော့ဂ်မှာလည်း စာရေး… FB မှာလည်း တချိန်ထဲ တင်… စာရေးသူ စာဖတ်သူ မိတ်ဆွေတွေ တိုးပွား… ချိုသာစကား ပျူပျူငှာငှာ ပြောဆို… ဒီလိုနေခဲ့ပါတယ်။ ပျော်စရာ ကောင်းသလောက်လည်း ကောင်းခဲ့ပါတယ်။ ဒါပေမဲ့ ဝမ်းနည်းစရာကောင်းတာကတော့ ဘလော့ဂ်တွေမှာ စာဖတ်သူ သိသိသာသာ လျော့နည်းသွားတယ် ဆိုတာပါပဲ…။

အခုနောက်ပိုင်းမှာ ဘလော့ဂ်ပေါ်မှာ စာရေးသူတွေရဲ့ စာတွေ မဂ္ဂဇင်းစာမျက်နှာတွေပေါ်ကို တစ တစ ရောက်ရှိဖို့ အကြောင်းဖန်လာပါတယ်…။ ကျွန်မ ကိုယ်တိုင်လည်း တချို့စာလေးတွေ မဂ္ဂဇင်းမှာ ပါ လာပါတယ်။ ဘယ်လိုခံစားရလဲ… ဟုတ်လား… ပျော်တာပေါ့… ကိုယ်စာလေးတွေ ပုံနှိပ်စာလုံးနဲ့ မြင်ရတော့ ပျော်တာပေါ့…။ ကြိုးစား ပမ်းစား ရေးချင်စိတ်လည်း ပေါ်လာတယ် ဆိုတာ အမှန်ပါ…။ ဒီလိုနဲ့ တဖြည်းဖြည်း ကိုယ့်စာတွေ စာမျက်နှာ တော်တော်များများမှာ ပါလာတယ်။ ဘလော့ဂါတွေ စုပြီး ထုတ်ကြတဲ့ စာအုပ်တွေလည်း ပေါ်လာတယ်…။ တကယ် ဝမ်းသာစရာပါ။

ဒါပေမဲ့ ဘာဖြစ်လာသလဲ ဆိုတော့ အရင်ကဆို ဘာအကြောင်းအရာလေးပဲ တွေ့တွေ့ စာလေးစီပြီး ဘလော့ပေါ် ချက်ချင်း ချက်ချင်း ပေါ့ပေါ့ပါးပါး တင်ပလိုက်တတ်ပါတယ်…။ အရင်ကဆို ဟင်းတခွက်နဲ့လည်း ပိုစ့် တစ်ပုဒ် ဖြစ်သလို ပန်းတပွင့်နဲ့လည်း ပိုစ့်တစ်ပုဒ် ဖြစ်ခဲ့ပါတယ်။ တခါ တခါဆို တစ်ရက်ထဲမှာ ပိုစ့် နှစ်ပုဒ် ဖြစ်သလား… ဖြစ်ခဲ့ဖူးပါတယ်…။ အခုတော့ ဒီလိုမဟုတ်တော့ဘူး။ တခုခုဆို ကုန်ကြမ်းတွေ စုထားသလို ရေးစရာရှိတာလေးတွေကို ဘလော့မှာ အကုန် ချမရေးလိုက်ပဲ တေးမှတ်ထားတတ်လာတယ်… တွေ့ရာ မြင်ရာတွေကို ဘလော့မှာ အကုန်ရေးမတင်ပဲ ထိန်းတတ်လာတယ်…။ တခုခုရေးမိပြီဆိုရင်လည်း အချက်အလက်တွေ မမှန်မှာလည်း စိုးရွံ့လာတယ်… ရေးသမျှကို ကောင်းအောင် မှန်အောင် အတင်းကြိုးစားလာတယ်…။ ပြောရရင် ဝါသနာအလျောက် ရေးသားဖန်တီးနေတဲ့ စာတွေကို အမျိုးအမည် နာမည်တပ်လို့မရတဲ့ တစုံတရာကြီးက ထိန်းချုပ်နေသလို ဖြစ်လာတာမျိုး… ဘလော့ဂါ တစ်ယောက် ဘဝကနေ မဂ္ဂဇင်းပေါ် ရေးနေသူ တစ်ယောက်လိုလို စိတ်ကြီးဝင်ချင်လာတာမျိုး… လို့ပဲ ဆိုကြပါတော့။

တခုခု ပေါတိ ပေါတောတွေ ရေးမိရင် ကိုယ့်သိက္ခာပဲ ကျသွားတော့မလို…။ ရောက်တတ်ရာရာတွေ ရေးမိရင်၊ ရယ်စရာတွေ ရေးမိရင် ရှက်ပဲ ရှက်ရတော့မလို… အဲဒီလိုတွေ ဖြစ်လာတယ်…။ တခါတခါမှာ စာတွေ ရေးတယ်… ဝတ္ထု အက်ဆေး စသည်ဖြင့်ပေါ့…။ ရေးပြီး ဘလော့မှာ တင်မယ် ကြံလိုက်တော့ စိတ်က ဒွိဟ ဖြစ်တယ်… ဟယ်… ဒါလေးကို ဟိုကို ပို့လိုက်ရ ကောင်းနိုး… ဒီကို ပို့လိုက်ရ ကောင်းနိုးနဲ့ ချီတုံချတုံဖြစ်လာတယ်… ရေးပြီးသား စာလေးတစ်ပုဒ်ကို ဘလော့ဂ်မှာ တင်လိုက်ရမှာ နှမြောသလိုလို… ဘလော့ဂ်နဲ့ပဲ မတန်သလိုလို စိတ်မျိုး ဝင်လာတယ် ဆိုတာ ကိုယ့်ဟာကိုယ် သတိထားလိုက်မိတယ်…။ တစ်ခါကနေ နှစ်ခါ… နှစ်ခါကနေ သုံးခါ… အဲဒီလိုတွေ သတိထားမိတဲ့ အကြိမ်ပေါင်း များလာတော့ ဘုရား တ မိတယ်…။ တစ်ခုခုတော့ မှားနေမှန်း သိလာတယ်…။

အဲဒီနောက်တော့ ကျွန်မ ကိုယ် ကျွန်မ သေသေချာချာ လေ့လာ သုံးသပ်ပါတယ်…။ အဖြေတစ်ခု ထွက်ပါတယ် အဲဒါကတော့ ကျွန်မ ဟိုမရောက် ဒီမရောက် ဖြစ်နေပြီ ဆိုတာပါပဲ…။ အဲဒီ ဟိုမရောက် ဒီမရောက် ဆိုတဲ့ အနေအထားကနေ ပြောင်းပစ်ပြီး လွတ်လပ်ပေါ့ပါးတဲ့ ရေးဟန်နဲ့ ရေးဖွဲ့ထားတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ ထိန်းချုပ် ချည်နှောင်ခြင်း ကင်းတဲ့ စာတစ်ပုဒ် ဖြစ်လာဖို့၊ သဘာဝကျကျ ရိုးသားပြီး လတ်ဆတ် သစ်လွင်တဲ့ စာတပုဒ် ရေးဖွဲ့ဖြစ်ဖို့ ကျွန်မ ပြန်ကြိုးစားတော့မယ်…။ စာရေးခြင်းရဲ့ အစဟာ ဘလော့ဂါ ဘဝကနေ စခဲ့တာမို့ အွန်လိုင်း ဒိုင်ယာရီလေးတစ်ခုနဲ့ တူတဲ့ ဘလော့ဂ်မှာ အတတ်နိုင်ဆုံး စာမှန်မှန် ပြန်ရေးတော့မယ်လို့ တွေးထားပါတယ်။

ကျွန်မ ဆက်လက် ဖန်တီးမယ့် စာတွေထဲက ဇာတ်ကောင်ဟာ ကိုကိုလည်း ဖြစ်နိုင်သလို မောင်လည်း ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျွန်မရဲ့ လက်ရှိဘဝနဲ့ ဘာမှ မသက်ဆိုင်တဲ့ ဇာတ်ကောင်စရိုက်မျိုးတွေလည်း ပါကောင်း လာပါလိမ့်မယ်…။ ဒီအခါမှာ စာတစ်ပုဒ်ကို ဖတ်ပြီး စာရေးသူနဲ့ ယှဉ်တွဲ ကြည့်မြင်တတ်တဲ့ အမြင်လေးတွေကို ဖျောက်ပေးဖို့ စာဖတ်သူတွေကို တောင်းဆိုရပါလိမ့်မယ်…။

နောက်တခုက ဘလော့ရေးကြတဲ့ အထဲမှာ ယနေ့ထိတိုင် ဘလော့ဂင်းရဲ့ သဘော သဘာဝအတိုင်း ဘာကိုမှ ဂရုမစိုက်ပဲ သူ့ ရပ်တည်ချက်နဲ့သူ၊ သူ့ ယုံကြည်ချက်နဲ့သူ ဘလော့ဂါတယောက် ပီသစွာ မပျက်မကွက် ရေးနေသူကတော့ ချစ်ရတဲ့ အမ မခင်ဦးမေ ပါ…။ မမကိုလည်း ဒီနေရာကနေ Happy Blog Day လို့ နှုတ်ဆက်ပါတယ်နော်…။

တနေ့က ကျွန်မ လက်ကိုက်တာကို အကြောင်းပြုပြီး အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ဆိုတဲ့ ပိုစ့်ရေးခဲ့ပါတယ်…။ ပြီးတော့ မနော် နဲ့ မချစ် က အစပြုလို့ စာရေးဖေါ် မောင်နှမတွေ အချင်းချင်း Tag လိုက်ကြတာ ပုံစံစုံ ဒီဇိုင်းစုံ အရောင်စုံ အသွေးစုံ အိတ်တွေ သွန်ကြ မှောက်ကြတာ တပျော်တပါးကြီး မြင်တွေ့ရပါတယ်။ အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန် ၊ အိတ်မှောက် သွန်ပစ် နှစ်ဆယ့် ရှစ် ၊ အိတ်မှောက် သွန်ထိုး နှစ်ဆယ့်ကိုး ၊ အိတ်ကလေး ပြင်တယ် ရက်သုံးဆယ် ၊ ရှားတား ပါးတား အိတ်မှောက်ထား (ညီမ ရွှေအိမ်စည် ရဲ့ စပါယ်ရှယ် ခေါင်းစဉ်) ၊ အိတ်ကို ထုတ်စစ် သုံးဆယ့်တစ်…. စတဲ့ ခေါင်းစဉ်တွေနဲ့ Tag Post လေးကို ချစ်ခင်စွာ ရေးသားကြတဲ့ စာရေးဖေါ် မူလလက်ဟောင်း ဘလော့ဂါ အဟောင်းများ နဲ့ မကြာသေးမီကမှ ခင်မင်သိကျွမ်းခဲ့ရတဲ့ ဘလော့ဂါ အသစ် ညီမငယ်များ အားလုံးကို အသိအမှတ်ပြု ကျေးဇူးတင်ကြောင်း ၂၀၁၃ ခုနှစ် Blog Day မှာ အမှတ်တရ မှတ်တမ်းတင်အပ်ပါတယ်။

ချစ်မိတ်ဆွေ ဘလော့ဂါများ အားလုံးအတွက် Happy Blog Day ဖြစ်ကြပါစေ…။



Tuesday, August 27, 2013

အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန်

တစ်ကြိမ်တစ်ခါမှ သည်လောက် စိတ်မတိုစဖူး…. ကျွန်မ အလွန် စိတ်တိုနေခဲ့သည်။ တဆစ်ဆစ် ကိုက်ခဲနေသော ဘယ်ဖက်ပုခုံးကို ဆေးပလာစတာတစ်ခု ကပ်ရင်း စိတ်တို့က ဆွဲဆန့်၍ မရလောက်အောင် တိုနေခဲ့တာ ဖြစ်သည်။ ထိုသို့ စိတ်တိုနေရင်းမှပင် အကောင်းကျန်နေသော ညာဖက်လက်ဖြင့် ထိုအရာကို ဆွဲယူလိုက်သည်။ အားပါးပါး… တော်တော်ကို လေးပါလား…။ စိတ်ထဲ အကြံတစ်ခုရသွားပြီး ထိုအရာကို ပေါင်ချိန်စက်ပေါ်သို့ မ တင် လိုက်သည်…။ ဘုရားရေ… ပေါင်ချိန်စက်မှ ကိန်ဂဏန်းများသည် သုံးကီလိုခွဲ တိတိကို ပြနေလေသည်။ ဒါကြောင့်ကိုး… ဟု စိတ်ထဲမှ ရေရွတ်ကာ ထိုအရာကို ပေါင်ချိန်စက်ပေါ်မှ ဖယ်လိုက်ကာ အိပ်ရာပေါ်သို့ ပြောင်း တင်လိုက်သည်…။ ထို အလှည့်အပြောင်းတွင် ဘာမှ မပါဝင်ရသော်လည်း နာနေသည့် ပုခုံးက တစ်ချက် စူးစူးဝါးဝါး နာကျင်သွားသေးသည်…။

ထို့နောက် အလေးချိန် သုံးကီလိုခွဲ ရှိသော အနှီပစ္စည်းကို မ ယူ ရင်း အိပ်ရာပေါ်သို့ အားပါးတရ (သို့မဟုတ်) စိတ်ဆိုး မာန်ဆိုးဖြင့် သွန်မှောက်ချလိုက်တော့သည်…။ တချွင်ချွင် အသံတချို့နှင့်အတူ စိတ်မှန်းဖြင့် အမျိုးအမည် မရေမတွက်နိုင်သောပစ္စည်းများ အိပ်ရာပေါ်သို့ ဒရောသောပါး ခုန်ပေါက် ကျဆင်း လာကြသည်…။ မုန်းစရာကြီးတွေ ဟု ခပ်တိုးတိုး ရေရွတ်ကာ ပစ္စည်းများကို တစ်ခုချင်းစီ ကောက်ယူ ရွေးထုတ်လိုက်သည်…။


သွန်ချလိုက်သောအခါ တွေ့ရသော ပစ္စည်းများမှာ အောက်ပါအတိုင်း ဖြစ်သည်။

- သုံးလက်မ ပတ်လည်၊ အထူ တစ်လက်မခန့် သားရေ Wallet တစ်ခု (အထဲတွင် မှတ်ပုံတင်၊ ကားလိုင်စင်၊ လိုင်ဘရီကဒ်၊ ဘဏ်ကဒ်၊ အကြွေးဝယ်ကဒ် များနှင့်အတူ ပိုက်ဆံ အရွက်က နည်းနည်း၊ ဈေးဝယ်ထားသော ပြေစာ ဖြတ်ပိုင်းစာရွက်များ၊ Mc Donald KFC အပါအဝင် ဟိုဆိုင် ဒီဆိုင်များတွင် လျှော့ဈေးဖြင့် ဝယ်နိုင်သော ကူပွန်စာရွက်များ၊ အမည်နာမနှင့် နေရပ်လိပ်စာများ ဖြည့်စွက်ထားခဲ့ပြီး မထွက်သေးသော မျှော်လင့်ချက်ရှိသေးသော ကံစမ်းမဲ ဖြတ်ပိုင်းများ ပါဝင်သည်)

- သော့တွဲ နှစ်ခု (တစ်ခုက သော့တံ ငါးခု ပါဝင်သော အိမ်သော့ ၊ နောက်တစ်ခုက ရုံးမှ ဘီဒိုသော့နှင့် အံဆွဲသော့)

- ရုံးတွင်းသို့ ဝင်ရန် ကဒ်ပြားနှင့် MC လွယ်လွယ်ပေးလေ့ရှိသော ဆေးခန်းမှ ကဒ်ပြားတို့ ပါသော ဇစ်ဆွဲ ပိုက်ဆံအိတ် ပါးပါးလေးနှင့် တွဲချိတ်ထားသော ကားသော့

- အဖြူရောင် နားကြပ်ကြိုးတန်းလန်းနှင့် လက်ကိုင်ဖုန်း

- iBanking လုပ်ရာတွင် အသုံးပြုသော တိုကင်ပြား နှစ်ချပ်

- အိုင်ပက် (သူ အလေးဆုံးပဲ…. သက်ပြင်း တိုးတိုးလေး ချမိသည်)

- ဖတ်လက်စ စာအုပ်တစ်အုပ် (စမ်းစမ်းနွဲ့ (သာယာဝတီ) ရေးသားသော မြမရှား စိန်မရှား အလွန်ပင် များပါရဲ့)

- မျက်နှာလိမ်း ပေါင်ဒါတစ်ဘူး၊ နှုတ်ခမ်းနီ နှစ်တောင့် နှင့် နှုတ်ခမ်း မခြောက်အောင် ဆိုးရသော အဆီတောင့် တစ်ခုတို့ပါဝင်သော အရှည် လေးလက်မ အကျယ် သုံးလက်မခန့် ရှိသော အနက်ရောင် အဝတ်အိတ် တစ်လုံး (အလှအပရေးရာ)

- လက်သည်းညှပ်၊ ကပ်ကြေးပေါက်စ၊ ချိတ်၊ ကလစ်၊ ပလာစတာ အစရှိသည်များ ပါဝင်သော သားရေအိတ် သေးသေးတစ်ခု (ဘာကြောင့် ထည့်ထားမိမှန်း မသိ)

- အကြွေစေ့များ ထည့်သော သားရေအိတ် တစ်ခု (အထဲတွင် အကြွေစေ့များ အပြင် အသေးစား Memory Stick သုံးခု နှင့် ကင်မရာထဲ ထည့်ရသော SD Card တစ်ခု ပါဝင်သည်)

- ကဒ်တကာ ကဒ်… ကဒ်ပေါင်းစုံ ထည့်ထားသော Card Holder တစ်ခု…
(ဆိုင်အတော်များများမှာ လျှော့ဈေးဖြင့် ဝယ်ယူနိုင်သော ကဒ်၊ အသင်းဝင် ကဒ်တို့အပြင် အလုပ်နှင့် သက်ဆိုင်သော အမည်နာမ ရာထူးများ ပါဝင်သော နာမည်ကဒ်ပြား အချို့ ပါဝင်သည်)

- တစ်ထွာကျော်ကျော် ရှည်သော ဝက်မှင်ဘီး တစ်ချောင်း (အလှအပ ရေးရာ)

- လက်တဝါး အရွယ် မရှိ တရှိ ကြည့်မှန် အဝိုင်းတချပ်(အလှအပ ရေးရာ)

- Crabtree & Evelyn မှ Gardeners Hand Therapy တံဆိပ် Hand Lotion (အလှအပ ရေးရာ)

- ချည်သား ပုဝါ အနက်ရောင်တစ်ထည် (အေးသောနေရာများတွင် ခြုံလွှားရန်)

- Panadol Extra တစ်ကဒ် (ဆယ်လုံးတွင် သုံးလုံး သောက်ပြီး)

- လက်ပတ်နာရီ တစ်လုံး (ဓါတ်ခဲ အား ကုန်နေသောကြောင့် လမ်းကြုံလျှင် ဝင်လဲရန် ထည့်ထားမိဟန်တူသည်)

- ဘောပင် သုံးချောင်း (အနက် အနီ အပြာ) နှင့် အတူ လက်တစ်လုံးခန့် ထူပြီး အရှည် ငါးလက်မ၊ အကျယ် သုံးလက်မခန့်ရှိသော မှတ်စုစာအုပ် တစ်အုပ်

- အစိမ်းရောင် Post-it Note တစ်ခု (ဟိုကပ် ဒီကပ် ကပ်ရန် ထည့်ထားမိဟန်တူသည်)

- အနက်ရောင် Angry Birds ပုံ ပါသော တစ်ရှူး အခြောက် တစ်ထုတ် ၊ ခရမ်းရောင် တစ်ရှူးအစို တစ်ထုတ်

- Evian ရေသန့်ဘူး အသေးတစ်ဘူး (ရေ လက်တစ်လုံးစာလောက်သာ ကျန်)

- မဖေါက်ရသေးသော စာအိပ် သုံးလုံး (ဖုန်းဘေလ်၊ အကြွေးဝယ်ကဒ် ဘေလ် နှင့် Dior မှ ကုန်ပစ္စည်း အသစ် ကြော်ငြာသော ဖိတ်စာ)

- အနက်ရောင် Fancy လက်ကောက် အမာ တစ်ကွင်း (ဘာကြောင့် လည့်ထားမိမှန်းမသိ၊ ဘယ်အချိန်ထဲက ရောက်နေမှန်းလည်း မသိ)

- တနေ့က ဝယ်လာပြီး မှန်တင်ခုံပေါ် မရောက်သေးသော အနက်ရောင် ရေမွှေး တစ်ပုလင်း (Nuit by Hugo Boss)

- ဖုန်းခေါ် ကဒ် သုံးကဒ် (တစ်ကဒ်က သုံးပြီးသား သို့သော် အနည်းငယ် ကျန်နေသေးသည်ဟု ယူဆကာ မလွှင့်ပစ်ရသေး)

- စားလက်စ လိမ်မော်ရောင် Peach Mint Ricola တစ်ဘူး နှင့် အစိမ်းရောင် Eclipse Mints တစ်ဘူး

- ကျောက်ရောင်စုံများဖြင့် ပြုလုပ်ထားသော တစ်လက်မ အရွယ်ရှိ Hair Claw တစ်ခု

- ဖတ်ရင်း စာရေးစရာ ကုန်ကြမ်းအဖြစ် သိမ်းဆည်းထားမိသော သတင်းစာ ဖြတ်ပိုင်း နှစ်ရွက်

- Go Natural မှ ထုတ်လုပ်သော Macadamia Dream အမည်ရ Chewy Bar တစ်ချောင်းနှင့် Nut Fantastic Bar တစ်ချောင်း (ဆာသောအချိန် စားရန် ထည့်ထားမိသည်)

- တနေ့က သွားကြည့်ခဲ့သော ရှိုးမှ လက်မှတ်တစ်စောင်နှင့် အမှတ်တရ ပိုစ့်ကဒ် တစ်ခု

- အကြွေစေ့ အလွတ် လေးစေ့ (ကျပ်စေ့ နှစ်စေ့၊ ငါးမူးစေ့ တစ်စေ့ နှင့် ဆယ်ပြားစေ့ တစ်စေ့)

- ဗူးထဲမှ ထွက်ကျနေဟန်တူသော Ricola သုံးလုံး

- လုံးထွေးနေသော တစ်ရှူးစ တစ်ခုနှင့် စာရွက်ပိုင်း နှစ်ခု

အိပ်ရာပေါ်တွင် ပျံ့ကျဲနေသော ထိုအရာများကို ကြည့်ပြီး စောစောက တိုနေသော စိတ်များ ပျောက်ဆုံးက ရယ်ချင်စိတ်တို့က ကြီးစိုးလာသည်။ ဟုတ်ပါသည်… ထိုပစ္စည်းများအားလုံးသည် ကျွန်မ နေ့စဉ် ကိုင်ဆောင် လွယ်ပိုးနေသော လေးထောင့်စပ်စပ် သားရေအိတ်ထဲတွင် မှီတင်း နေထိုင်လျက်ရှိကြသော ပစ္စည်းများသာ ဖြစ်ပါသည်။ ထိုပစ္စည်းများ၏ စုစုပေါင်း အလေးချိန်မှာ သုံးကီလိုခန့် ရှိပြီး အိတ်၏ အလေးချိန်မှာ ကီလိုဝက်ခန့်ရှိမည် ဆိုသည်မှာလည်း စိုးစဉ်းမျှ ယုံမှားသံသယ ရှိရန် မလို…။

အရင်အချိန်များက နေ့စဉ် ကိုင်ဆောင်နေသော ထိုအိတ်ကို တခါမှ စေ့စေ့စပ်စပ် မကြည့်ခဲ့စဖူး…။ ယခုမူ ဘယ်ဖက် ပုခုံးမှ နာကျင်မှုအတွက် ဖြစ်နိုင်ခြေရှာကြည့်ရင်း နောက်ဆုံးတွင် တရားခံကို အမိအရ ရှာဖွေ ဖမ်းဆီးနိုင်သော အောင်နိုင်သူကြီး တစ်ယောက်ပမာ သဘောကျ နေမိပါသည်။ ကျွန်မ ဆက်တွေးမိသည်မှာ ရှင်းစရာရှိသောအရာများကို မရှင်းလင်းပဲ စုပြုံထည့်သိုရင်း လေးလံစွာ သယ်ပိုးထားရသောကြောင့် ပုခုံးတွင် ဒါဏ်ဖြစ်ခဲ့ရသကဲ့သို့ စိတ်ထဲတွင် ကိုယ်နှင့် မသက်ဆိုင်သော၊ မလိုအပ်သော အကြောင်းအရာများကို မြန်မြန်ဆန်ဆန် ရှင်းမထုတ်ပစ်ပဲ ကာလကြာရှည်စွာ သိုမှီးထားပါက စိတ်နှလုံး လေးလံပြီး ဒုက္ခရောက်နိုင်မည် ဟူ၍ ဖြစ်သည်…။

ထို့နောက် ပိုက်ဆံအိတ်ထဲမှ မလိုအပ်သည်များကို ရှင်းလင်းလိုက်ပါသည်။ အဆုံးတွင် သိသိသာသာ ပေါ့ပါးသွားသောအိတ်ကို ကိုင် ဆ ကြည့်ရင်း တစ်ယောက်တည်း ပြုံးစိစိဖြင့် ကျေနပ်နေစဉ် ဘေးနားမှ စားပွဲပေါ်တွင် တင်ထားသော ပြက္ခဒိန်ကို မျက်စိရောက်သွားသောအခါ အသံထွက်အောင် ရယ်လိုက်မိပါသည်…။ အဘယ်ကြောင့်ဆိုသော် ယနေ့သည် သြဂုတ်လ ၂၇ ရက်နေ့ ဖြစ်ပြီး ငယ်ငယ်က နောက်ရင်း ပြောင်ရင်း ဆိုလေ့ရှိသော “အိတ်မှောက် ဖာသွန် နှစ်ဆယ့်ခွန်” ဟူသော ရယ်စရာ စကားတစ်စ ခေါင်းထဲသို့ ရောက်လာသောကြောင့်ပင်…။




ဒီပိုစ့်ကို စာရေးဖေါ်တွေ အားလုံး ပျော်ပျော်ပါးပါး ရေးပေးဖို့ ချစ်ခင်စွာနဲ့ Tag ပါတယ်...
တစ်ယောက်ချင်းတော့ နာမည်တွေ ခေါ်ပြီး မ Tag တော့ဘူးနော်... အိတ်သွန် ဖါမှောက် ရေးပေးကြပါ... :D


Tuesday, August 20, 2013

ဖိနပ်လေး တစ်ရံ

ညီမ ခွန်မြလှိုင်ရဲ့ တက်ဂ်ပိုစ့်ပါ…။
ဖိနပ်လေးတစ်ရံ ဆိုတဲ့ ခေါင်းစဉ်နဲ့ လိုက်ဖက်အောင် ကိုယ် စီးခဲ့ဖူးတဲ့ (သို့) လက်ရှိ စီးနေတဲ့… ဖိနပ် တစ်ရံနဲ့ ပတ်သက်တဲ့ အမှတ်ရစရာ အကြောင်းအရာတွေကို ပြန်စဉ်းစားသော်လည်း ဘာမှ ရေရေရာရာ စဉ်းစားလို့ မရခဲ့ဘူး… ဘဝမှာ ဖိနပ်နဲ့ ပတ်သက်လို့ ထူးထူးခြားခြား အမှတ်ရစရာ ရှိမနေဘူး လို့ပဲ ပြောရမယ် ထင်ပါတယ်။ ဒါကြောင့် ဖိနပ်နဲ့ ပတ်သက်တဲ့ ယေဘုယျ အကြောင်းလေးတွေပဲ ရေးလိုက်တယ်…။ ခေါင်းစဉ်နဲ့ လွဲနေတဲ့ စာတစ်ပုဒ် ဆိုပါတော့…။

ဒေါက်မြင့်မြင့်ပါတဲ့ ဖိနပ်တွေစီးပြီး လမ်းလျှောက်ရတာ စိတ်ထဲ အလိုလိုနေရင်း ပိုလှပြီး Confidence ပိုရှိသလို ခံစားရပေမဲ့ ကိုယ့်အရပ်က သာမန် မြန်မာမိန်းကလေး တစ်ယောက်ရဲ့ Above Average မှာ ရှိနေတာမို့ သိပ်မြင့်တဲ့ ဒေါက်တွေ မစီးဖြစ်ပါဘူး။ အနည်းဆုံး နှစ်လက်မခွဲ၊ အများဆုံး သုံးလက်မ ဒေါက်လောက်ဆို တော်ပြီလို့ ဘရိတ်အုပ်ထားရတယ်။ တကယ်တော့ ကိုယ်တိုင်က ဖိနပ်ဆို မြင့်မှ စီးချင်တာရယ်…။ သို့သော်လည်း ကလန်ကလား အရပ် ကို ညှာတာ… နေရာတကာ ရှပ်ပျာ ရှပ်ပျာ လုပ်တတ်လွန်းတဲ့ ကိုယ့်ကိုယ်ကိုယ် ဖိနပ်အမြင့်စီးပြီး ချော်လဲလိုက်ရင် မသက်သာဘူးလို့ သတိတွေ အတန်တန် ပေးပြီး ဖိနပ်အမြင့်ကြီးတွေနဲ့ ကားမောင်းတာကို စိတ်မချတဲ့ မေမေ့စကားကို နားထောင်တဲ့ အနေနဲ့ သုံးလက်မ ထက် ပိုမြင့်တဲ့ ဖိနပ်တွေ မဝယ်မိဖို့ ကြိုးစားခဲ့ပါတယ်။

ဒေါက် ဆိုလို့ ပြောရအုံးမယ်…။ ကိုယ်က ခြေလှမ်းလိုက်တိုင်း အသံ အုပ်အုပ်လေးတွေ ထွက်တဲ့ ဒေါက်မျိုးကို သိပ်ကြိုက်တယ်…။ ဒေါက် ဆိုမှတော့ တဒေါက်ဒေါက် အသံပဲ ထွက်မှာပေါ့လို့ ထင်ရင် မှားသွားမယ်။ တံဆိပ်ကောင်းကောင်းနဲ့ ဈေး အသင့်အတင့် ကြီးတဲ့ ဖိနပ်အမျိုးအစားတွေဟာ ဒေါက် နိမ့်နိမ့် မြင့်မြင့် ကြီးကြီး သေးသေး လမ်းလျှောက်လိုက်တဲ့အခါ အသံလေးက အုပ်အုပ်လေးသာ ထွက်တတ်တယ်။ လမ်းသွားလိုက်တိုင်း သူများ နားကြားပြင်းကပ်ပြီး အများသူငါ သတိထားမိချင်စရာကောင်းအောင် တခွပ်ခွပ်၊ တဗျတ်ဗျတ်နဲ့ ပေါ့ပျက်ပျက် အသံ ဆူဆူတွေ မထွက်တတ်ဘူး။ အဲဒါကြောင့် ဖိနပ်ဝယ်ရင် စတိုးဆိုင်တွေမှာ ခင်းထားတဲ့ ကော်ဇောတွေပေါ်မှာထက် ကျောက်ပြား ကြွေပြား ခင်းထားတဲ့ နေရာတွေပေါ်မှာ လမ်းလျှောက်ကြည့်ပြီး ဒေါက်ရဲ့ အသံကို နားထောင်ကြည့်ဖို့ အမြဲ သတိထားတယ်။

ဖိနပ်ဝယ်ရင်း ကြုံခဲ့ရတဲ့ မခံချိမခံသာ ဖြစ်စရာ အကြောင်းတစ်ခုတော့ မှတ်မိနေသေးတယ်။
ငယ်ငယ်က စကော့ဈေးက နာမည်ကြီး ဖိနပ်ဆိုင် တစ်ဆိုင်မှာ ဖိနပ်ဝယ်ဖို့ ရွေးကြတော့ ပိန်ပိန်ရှည်ရှည် ကိုယ့်ကိုကြည့်ပြီး ဆိုင်ရှင်က ကိုယ် တောင်းတဲ့ ဖိနပ် လေး ငါး ရံ ချပေးတယ်…။ ဒီ့ထက် ဆိုဒ်ကြီးတာ ပေးပါလို့ ပြောပေမဲ့ သူက ခပ်ငယ်ငယ် ဖိနပ်တွေကိုသာ တွင်တွင် ယူချပေးတယ်။ ကိုယ့်ခြေထောက်အကြောင်း ကိုယ်သာသိတဲ့အတွက် အဲဒီဖိနပ်ဆိုဒ်တွေနဲ့ ဘယ်လိုမှ မတော်ဘူးလို့ သေချာနေတော့ သူ့ထက်ကြီးတဲ့ နံပါတ်တွေတောင်းမိတယ်။ ဒါပေမဲ့ ဆိုင်ရှင်က သူ့စိတ်မှန်းနဲ့ ယူချလာတာတွေပဲ ကိုယ့်ကို အတင်း ထိုးပေးတယ်။ ခက်လိုက်တာဆိုတာ…

အရင်တုန်းက ဖိနပ်ဆိုင်တွေဆိုတာ အခုလို စတိုးဆိုင်ကြီးတွေမှာ မြင်ရတဲ့ အခင်းအကျင်းမျိုးနဲ့ မဟုတ်ဘူး။ ဒီဇိုင်း တူရာ တူရာ ဖိနပ်တွေကို ပလတ်စတစ်အိတ် ထူထူကြီးတွေထဲမှာ တဖက်နဲ့ တဖက် လျှိုပြီး ထပ်ထားတာ။ အိတ်တစ်လုံးဆို ဖိနပ်အရံပေါင်း များစွာနဲ့…။ သူက တအိတ်ထဲက ဖိနပ် တရံကို ထုတ်… ပြီးရင် အိတ်ကို ပြန်ချည်… စင်ပေါ်ကို ပြန်တင်… နောက်တအိတ်ကို ချ… နောက်တရံထုတ်… အိတ်ကို ပြန်ချည်… သိမ်း… အဲဒီလိုနဲ့ ကိုယ့်ရှေ့မှာ ဖိနပ်တွေ ဆယ်ရံလောက် ဖြစ်လာတယ်…။ ကိုယ်ကလည်းး ကိုယ်နဲ့ တစ်ရံမှ မတော်ဘူးဆိုတာ သိနေတယ်… ကိုယ့်ပုံစံ ပိန်ညောင်ညောင်ကိုကြည့်ပြီး အထင်စမောတဲ့ သဘောပေါ့…။ ကိုယ်ပြောနေတာကိုလည်း သေသေချာချာ နားမထောင်ပဲ ဖိနပ်တွေသာ တစ်ရံပြီး တစ်ရံ တွင်တွင် ထုတ်ပေးနေတော့တယ်။

နောက်ဆုံးမှာ ထုတ်ပေးစရာ ဒီဇိုင်းကုန်သွားလို့လား ဘာလို့လဲတော့ မသိဘူး… ဖိနပ်ဆိုင်ရှင်က ဖိနပ်ထုတ်ပေးတာ ရပ်သွားပြီး ကိုယ့်အနား လာရပ်တယ်…။ အဲဒီအခါမှာ ကိုယ်က ဒါတွေ တစ်ရံမှ ကိုယ်နဲ့ မတော်ဘူးလို့ ပြောလိုက်တော့ သူ တော်တော်စိတ်တိုသွားပုံရတယ်။ ကိုယ့်ကိုလည်း ဖိနပ်တွေကို အတင်း စွတ်ခိုင်းပြန်တယ်… ခြေချောင်းလေးတွေကို အတင်း ရှေ့တိုးခိုင်းပြီး အနောက်ဖက်က ဖနောင့် လွတ်အောင် စီးခိုင်းတယ်…။ ဘယ့်နှယ့်… တော်မှ မတော်တာကြီးကို… နောက်ဆုံးတော့ သူ စိတ်တိုတိုနဲ့ လက်လျှော့သွားတယ်… ဒါနဲ့ ကိုယ်က ကိုယ်ကြိုက်နေတဲ့ ဖိနပ်လေးတစ်ရံကို ရွေးထုတ်ပြီး ဒီဖိနပ်မျိုး ဒီထက် ကြီးတာ ပေးပါလား… လို့ မရဲတရဲ တောင်းမိတယ်။

ဒီအခါမှာ တော်တော်ကျွဲမြီးတိုနေပုံရတဲ့ ဦးလေးကြီးက ဘာပြန်ပြောလိုက်သလဲဆိုတော့ "လူစီးတဲ့ ဖိနပ်ထဲမှာ ဒီအရွယ်က အကြီးဆုံးပဲ..." တဲ့…. ကဲ… ကြည့်ပါအုံး ပြောပုံက… ကိုယ်ပြောတာတော့ သေသေချာချာ နားမထောင်ပဲနဲ့ သူကပဲ တပြန် စိတ်တိုရတယ် ရှိသေးလို့ စဉ်းစားပြီး စိတ်ဆိုး မာန်ဆိုးနဲ့ လက်ထဲ ကိုင်ထားမိတဲ့ ဖိနပ်ကို ဘုတ် ဆို ပစ်ချပြီး ဆိုင်ထဲက လှည့်ထွက်ခဲ့တယ်။ အဖြစ်က အဲဒီလိုပါ…

စက်မှုတက္ကသိုလ် ကျောင်းသူဘဝ တလျောက်လုံးမှာတော့ ရှားရောင် ကတ္တီပါဖိနပ် အပါးလေးတွေပဲ စီးဖြစ်တယ်…။ အဲဒီဖိနပ်လေးတွေဟာ ရှပ်ပွပွတွေ ယောလုံချည် တိုတိုတွေနဲ့ သိပ်လိုက်ဖက်တယ်လို့ ထင်မိတာပဲ…။ ပြီးတော့ စီးရတာလည်း ပေါ့ပေါ့ပါးပါး သွက်သွက်လက်လက် ရှိလှတယ်။ အဲဒီ ရှားရောင် ရင့်ရင့် ကတ္တီပါ ဖိနပ်အပါးလေးနဲ့အတူ ခြေထောက်တွေ ခြေချောင်းတွေ ခြေသည်းတွေကိုလည်း အမြဲတမ်း သန့်ရှင်းနေအောင် ဂရုစိုက်ခဲ့တယ်။ ခြေသည်းနီလည်း မှန်မှန်ဆိုးခဲ့တယ်။ ကိုယ့်ခြေထောက်လေးတွေကို ကိုယ်ပြန်ကြည့်မိတိုင်း သဘောတကျ ရှိလှတယ်။

ဆိုက်ကိုလို့ ဆိုရမလားပဲ…။ လူတွေ့ရင် ခြေထောက်ကို အရင် ကြည့်တတ်တဲ့ လူစားထဲမှာ ကိုယ်တစ်ယောက်လည်း အပါအဝင်ပါ။ ခြေထောက်တွေကို ကြည့်ချင်လို့ ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်တာလား… ခေါင်းငုံ့ပြီး လမ်းလျှောက်တတ်လို့ ခြေထောက်တွေကိုပဲ အရင်မြင်ပြီး ခြေထောက်တွေကိုပဲ သတိထားမိလာတာလား ဆိုတာကတော့ ခုထိ အဖြေမရှိတဲ့ ပုစ္ဆာပါပဲ…။

အရေးထဲမှာ မဆီမဆိုင် ကြော်ငြာဝင်ရရင် ကိုယ့်ရဲ့ other half ကို တွေ့တုန်းကတော့ သူ့ ခြေထောက်တွေကို လုံးဝဆို လုံးဝမှ သတိမထားဖြစ်တာပါ…။ ဘာတွေကို သတိထားမိပြီး ဘာတွေက ဆွဲဆောင်သွားသလဲဆိုတာတော့ လာမမေးနဲ့… ပြောမပြဘူး… သတ်ချင် သတ်သွားလိုက်…။ နောက် တော်တော်ကြီးကြာမှ သတိထားမိတော့ သူ့ခြေထောက်တွေဟာ ကိုယ် သတ်မှတ်ထားတဲ့ စံချိန် စံညွှန်းနဲ့ အကိုက်ညီကြီး မဟုတ်တာ တွေ့ရတယ်။ ဒါပေမဲ့ မတတ်နိုင်တော့ဘူး… လွန်ကုန်ပြီ… (((ဟမ်))) ဒါနဲ့ သူ့ကိုပဲ ကိုယ့်အကြိုက်တွေ ပြောပြပြီး စည်းရုံးရေး ဆင်းရတော့တာပေါ့…။ အဖြစ်က အဲဒီလိုပါ…

ဒီရောက်တော့ ဖိနပ်ဝယ်ရတာ အတော်ကြီး အဆင်တပြေရှိလှတာ တွေ့ရတယ်။ လူစီးတဲ့ဖိနပ်ထဲမှာ ဒါ အကြီးဆုံးပဲ လို့ ပြောစရာမလိုလောက်အောင် အရွယ်အစား အစုံ ဝယ်လို့ရတယ်။ လက်မဝက် စီသာ ကွာတဲ့ ဆိုဒ်စုံစုံကို စင်ပေါ်ကနေ ကိုယ်တိုင် ယူချပြီး စိတ်ရှည်လက်ရှည် ရွေးချယ်နိုင်တယ်။ ဒီလိုနဲ့ ကိုယ့်ဆီမှာ ဖိနပ်ဗူးတွေ တပုံကြီး ဖြစ်လာပြန်တယ်။

ဖိနပ်တွေကို ပုံစံလေး ကြိုက်လို့ ဝယ်… ပါးတာလေး လိုချင်လို့ ဝယ်… ဒေါက်ကလေး လှလို့ ဝယ်… ထိပ်ပိတ်လေး လိုချင်လို့ ဝယ်… ခြေသည်းနီလေးတွေပေါ်ချင်ပြန်တော့ ထိပ်ပွင့်ကလေး ဝယ်… ရုံးစီးဖို့ Formal ဖြစ်တာလေး ဝယ်… ပိတ်ရက်စီးစရာ ပေါ့ပေါ့ပါးပါး ဖြစ်တာလေး ဝယ်… ဟိုနား ဒီနား ဆင်းရင် စီးစရာ Flip Flop လေးတွေ... Slipper လေးတွေ…. လမ်းလျှောက်ရင် စီးစရာ Walking Shoes တွေက တမျိုး… အဲဒီလို အမျိုးမျိုး စိတ်တိုင်းကျ ဝယ်လို့ရတိုင်း ဝယ်မိပြန်တယ်။ အဲဒီလို ဝယ်မိခြင်းရဲ့ အကျိုးဆက်ကတော့ ဖိနပ်တွေကို မြင်ရအောင် စင်ပေါ်မှာ လှလှပပ တင်ထားတော့လည်း ဖုန်တက်တယ်… အပြင်ထွက်ခါနီး စီးမယ်ဆိုရင် အဆင်သင့်မဖြစ် ဖုန်သုတ်ရသေးတယ်...။ ဖုန်မတက်အောင် ဗူးတွေထဲ ထည့်ထားပြန်တော့လည်း အလွယ်တကူ မမြင်ရတော့ တကူးတက ယူပြီး မစီးဖြစ်ပြန်ဘူး...။ အဲဒီလို မစီးတာ ကြာတော့ ဖိနပ်တွေက ဟိုကွာ ဒီကွာလေးတွေ ဖြစ်လာတယ်…။ တလောကပဲ Leather Shoes သုံးရံ အဲလိုဖြစ်သွားလို့ စိတ်နာနာနဲ့ ပစ်လိုက်ရတယ်။ ဒါကြောင့် အခု နောက်ပိုင်းမှာ ဖိနပ်တွေကို စည်းနဲ့ ကမ်းနဲ့ပဲ ဝယ်တော့တယ်။ အဖြစ်က အဲဒီလိုပါ…

Bonus အနေနဲ့ ရှူးဖိနပ်တွေနဲ့ ပတ်သက်တဲ့ Tips လေး တစ်ခုတော့ ဝေမျှချင်ပါတယ်…။ အများသူငါ သိနေပြီးသားလည်း ဖြစ်နိုင်ပါတယ်…။ အဲဒါကတော့ ရှူးဖိနပ်တွေ စီးရင် ဖြစ်လေ့ဖြစ်ထရှိတဲ့ ဖနောင့်နေရာမှာ ပွန်းတာ… ခြေချောင်းအပေါ်လေးတွေမှာ ပွန်းတာ.. ဖိနပ်ပေါက်တာမျိုးတွေ မဖြစ်ရအောင် ကာကွယ်တဲ့နည်းပါ…။ ငယ်ငယ်က ကြားဖူးသလို မစီးခင်မှာ ဖိနပ် တဖက်ကို ခုနှစ်ချက်စီ ကိုက်ရတဲ့ နည်း မဟုတ်ပါဘူး...။ ရှူးဖိနပ်အသစ်တွေ မစီးခင်မှာ ဖနောင့် (နောက်ပိတ်) နေရာတွေ… အရှေ့ဖက်က ခြေချောင်းလေးတွေနဲ့ ထိနေတဲ့ နေရာတွေကို Lotion တခုခုကို တရက် နှစ်ကြိမ်နှုန်းနဲ့ သုံးရက်လောက် လိမ်းထားပြီးမှ စီးကြည့်ပါ…။ တကယ်ပဲ သိသိသာသာ ဘာအနာတရမှ မဖြစ်တာကို တွေ့ရပါလိမ့်မယ်…။ Lotion ကတော့ Body Lotion / Hand Lotion ဘာ Lotion မဆို လိမ်းလို့ ရပါတယ်…။ ဖိနပ်မှာ လိမ်းရမှာနော်… မှားပြီး ခြေထောက်မှာ မလိမ်းကြနဲ့အုံး…း-)

ဒါလေးတွေကတော့ ကိုယ် လောလောဆယ် စီးနေတဲ့ ဖိနပ်လေးတွေပါ…း-)


ရေးကောင်းကောင်းနဲ့ ရေးလာလိုက်တာ စာကို ဘယ်လို အဆုံးသတ်ရမယ်မှန်း မသိတော့လို့ ဒီနေရာမှာပဲ တုံးတိတိနဲ့ ရပ်ထားလိုက်ပါရစီ… Tag Post ဖြစ်တဲ့အတွက် စာရေးဖေါ် အားလုံးကို Tag ပါတယ်... စိတ်ဝင်စားရင် ရေးပေးကြပါနော်... တော်သေးပြီ…။



Sunday, August 18, 2013

မြင်တွေ့သမျှ ပြောပြပါမည် (၃)

မနေ့ညနေက ခရီတာဧရာ ခန်းမမှာ ကျင်းပတဲ့ စွယ်တော်ရိပ် သုခုမည ပွဲကို သွားခဲ့ပါတယ်…။
စွယ်တော်ရိပ်ပွဲကို နှစ်စဉ်လုပ်နေကျ ဖြစ်သော်လည်း မနှစ်က ၂၀၁၂ မှာ မလုပ်ဖြစ်တဲ့အတွက် ဒီနှစ် ပွဲ ကြော်ငြာတွေ့တော့ ဝမ်းသာသွားပါတယ်။ ညနေ ငါးနာရီ တိတိမှာ ထူးခြားတဲ့ အစီအစဉ်တခုနဲ့အတူ အခန်းအနားကို စတင်မယ်လို့ Facebook မှာ ရေးထားတာ တွေ့ရတာမို့ အချိန်မီ အရောက် သွားခဲ့ပါတယ်။ ငါးနာရီ တိတိ မဟုတ်သော်လည်း ငါးနာရီ နဲ့ ဆယ့်ငါးမိနစ် မှာ ပွဲကို စပါတယ်။

အဲဒီ ခန်းမကို ဟိုးတနှစ်က စာပေဟောပြောပွဲတုန်းက တစ်ခေါက် ရောက်ဖူးပါတယ်…။ ဒီတစ်ခေါက် ခန်းမထဲရောက်တော့ သတိထားမိတာကတော့ အရင်နဲ့ မတူ ထူးခြား သပ်ရပ်တဲ့ အဆင်အပြင်ပါ။ ကျွန်မထင်တာ မမှားဘူးဆိုရင် ထိုင်ခုံတွေရော၊ အောက်က ကြမ်းခင်း ကော်ဇောတွေရော အသစ်တွေ လို့ ထင်ပါတယ်။ ပြီးတော့ တတန်းနဲ့ တတန်းလည်း ထိုင်ခုံတွေ ခြားထားတာ အရင်ကလို ဒူးတိုက်မနေပဲ အနည်းငယ် ပိုကျယ်ဝန်းလာပါတယ်….။ သန့်စင်ခန်းကတော့ အရင်လိုပဲ ခန်းမရဲ့ အရှေ့ညာဖက်မှာ ရှိနေတုန်းပါ။ ဒါပေမဲ့ အသစ် ပြန်လည် ပြုပြင်ထားတဲ့အတွက် သန့်ရှင်း သပ်ရပ်နေတာ တွေ့ရပါတယ်။

ပွဲစစချင်းမှာ ပုပ္ပါးမယ်တော်ကို ပူဇော်ပသတဲ့ ကကွက်၊ ပွဲကြိုက်ခင် သီချင်း အဆိုနဲ့ အက၊ ခေတ် လေးခေတ် ရခိုင်လူမျိုးတို့ရဲ့ ဝတ်စား ဆင်ယင်မှု ရိုးရာကို ဖေါ်ပြတဲ့ ကကွက် တွေနဲ့ စပါတယ်။ ရိုးရာအက လှလှပပတွေ မမြင်ရတာ ကြာနေပြီဆိုတော့ စိတ်ထဲမှာ တော်တော် ကြည်ကြည်နူးနူးနဲ့ နှစ်သက် သဘောကျမိပါတယ်။ အဲဒီနောက်မှာ ကပြတာကတော့ မောရ မာယာ ဆိုတဲ့ အစီအစဉ်ပါ… အဲဒီ ကိန္ဒရီ ကိန္ဒရာ ကကွက်မှာ ကတဲ့ မင်းသား မင်းသမီး နှစ်ယောက်စလုံး တကယ် အက ကောင်းကြတာ တွေ့ရတယ်။ ပြီးတော့ သူတို့ရဲ့ ဝတ်စုံတွေ သိပ်လှတယ်လို့ သိသိမှတ်မှတ် သတိပြုမိပါတယ်…။

အဲဒီနောက်မှာတော့ ဂီတပဒေသာလို့ ခေါ်တဲ့ တခန်းရပ် ပြဇာတ်ဆန်ဆန် ကကွက်… အဲဒါပြီးတော့ ပန်းကောက်တေး သီချင်းနဲ့ တေးသရုပ်ဖေါ် အစီအစဉ်ပါ။ ပန်းကောက်တေး သီချင်းကို ငယ်ငယ်တုန်းကသာ ကြားဖူးပြီး နောက်ပိုင်းမှာ မကြားရတာ ကြာလှပြီ ဖြစ်လို့ အခုလို မမျှော်လင့်ပဲ ပြန်ကြားရတော့ တော်တော် သဘောကျမိပါတယ်။ အဲဒီလိုချစ်စရာသီချင်းလေးကို လိုက်လိုက်ဖက်ဖက် ရွေးချယ် ကပြတဲ့ စိတ်ကူး အတွေးလေးကိုလည်း တကယ် သဘောကျမိပါတယ်။ ပန်းကောက်တေး တေးသရုပ်ဖေါ် ပြီးတော့ မင်းသား မင်းသမီး စုံတွဲ သုံးတွဲရဲ့ စန်းနွေဦး ခေတ်ဆန်း နှစ်ပါးသွား အစီအစဉ်ပါ။ အကတွေ များနေလို့ ပျင်းသလိုလို ဖြစ်လာတဲ့ အချိန်မှာ မေဓါဝီနဲ့ ဗေဒါရီ တခန်းရပ် ပြဇာတ်ကို ကပါတယ်။ ရယ်လည်း ရယ်ရ ကြည့်လို့လည်း ကောင်းတဲ့ ပြဇာတ်လေးပါ။ အဲဒါပြီးတော့ သင်္ကြန်အမှတ်တရအဖြစ် ရေတွေ စိုကုန်ပြီ သီချင်းနဲ့ အဆို အက… သီချင်းလိုက်ဆိုရင်း လက်ခုတ်တီးရင်းမှာပဲ တွေးမိကြတာက ဒါပြီးရင် ပထမပိုင်းတော့ ပြီးလောက်ပြီ.. ညနေစာ စားရတော့မယ်လို့ပါ…။

ဒါပေမဲ့ ချစ်သော ငွေတောင်သူ လို့ အမည်ရတဲ့ ကကွက်တခု လာပြန်ပါတယ်…။ ဗိုက်တွေလည်း ဆာနေကြပြီမို့ အဲဒီကကွက်မှာ လူတွေ လှုပ်လှုပ်ရွရွနဲ့ မငြိမ်လှတော့ပါဘူး..။ အချိန်ကလည်း အတော်လင့်နေပြီမို့ ညနေစာ စားဖို့ ကြေငြာတဲ့အသံကို မျှော်နေကြပါတယ်။ အဲဒါပြီးတော့ စားရပြီဟဲ့လို့ ထင်ထားရာကနေ နောက်ထပ် အစီအစဉ်တခုအတွက် ဆက်ကြေငြာတော့ အပြင်ထွက်တော့မလို စားရတော့မလို ဖြစ်နေကြတဲ့ ပရိတ်သတ်ကြီးလည်း နေရာမှာ ပြန်ထိုင်လိုက်ကြတာ တွေ့ရပါတယ်။ ပြဇာတ်ကတော့ အထေ့ အငေါ့လေးတွေနဲ့ ပေါ့ပေါ့ပါးပါး ရယ်ရပါတယ်…။ ဝ.ဝ.က ဆိုတာ ဝိညာဉ် ဝင်မှု ကြီးကြပ်ရေး ဆိုလို့ ရယ်လိုက်ရတာ…။ နာရီကြည့်လိုက်တော့ အချိန်ကလည်း ရှစ်နာရီခွဲကျော်ကျော်ဆိုတော့ နာရီဝက်နီးပါး ကပြနေတဲ့ ဒီပြဇာတ်ပြီးရင်တော့ ညစာ စားရတန်ကောင်းရဲ့ လို့ ထင်ထားမိတာပေါ့…။

ပြဇာတ်လည်း ပြီးရော အစီအစဉ်ကြေငြာသူတွေ တခေါက် ပြန်ထွက်လာပြီး Hip Hop တေးသရုပ်ဖေါ်လို့ ကြေငြာပြန်ပါတယ်…။ သူငယ်ချင်းအချို့ကတော့ အပြင်ထွက်လာခဲ့… စားလို့ရနေပြီလို့ Message လှမ်းပို့ပါတယ်။ ဒါပေမဲ့လည်း စင်ပေါ်မှာ ကပြနေတဲ့ ကလေးတွေကို အားနာတာကတကြောင်း၊ စားလို့ရပြီလို့ တရားဝင် မကြေငြာသေးတာက တကြောင်းမို့ ထွက်မသွားဖြစ်ပါဘူး…။ အဲဒီ Hip Hop အကတွေ ပြီးမှ ညစာ စားလို့ရပြီ ဆိုတဲ့အကြောင်း ကြေငြာပါတယ်။

ညစာအနေနဲ့ ကျွေးတာတော့ ဖေါ့ဗူးအဖြူရောင်တွေနဲ့ ထည့်ထားတဲ့ ထမင်းကြော်နဲ့ ရေသန့်ဗူး တဗူးစီပါ။ မြန်မာပိုင် ဟိုတယ်တစ်ခုက စပွန်ဆာပေးတယ်လို့ သိရပါတယ်။ အားနာနာနဲ့ ပြောရရင် စားရတာ တော်တော်လေးကို အဆင်မပြေတဲ့ ထမင်းကြော်ပါ။ အရသာ မကောင်းရုံတင်မက တချို့ဗူးတွေမှာဆို ထမင်းကြော်က တဝက်လောက်ပဲ ပါတာ တွေ့ရပါတယ်။ အသားစ တချို့ကို တွေ့လို့ ကြက်သားနဲ့ ကြော်ထားတယ်လို့ ယူဆပါတယ်… ဒါပေမဲ့ ကြက်သားဖတ်ကို ဝါးကြည့်တော့ ဆီနံ့လိုလို အနံ့တမျိုးရပါတယ်…။ တိုတိုပြောရရင်တော့ အရင်ပွဲတွေမှာ စားရတဲ့ ဒန်ပေါက်ထမင်းတို့… ဆီထမင်းနဲ့ ငါးခြောက်ကြော်တို့လောက်ကို ခံတွင်းမတွေ့တဲ့ ညစာပါ…။ စားသောက်ပြီး အထဲပြန်ဝင်ချိန်မှာ ရေသန့်ဗူးတွေ ရုံထဲကို ပြန်မယူသွားရဘူး ဆိုတဲ့ စည်းကမ်းအတိုင်း သောက်လက်စ ရေဗူးတွေကို အပြင်မှာပဲ ထားခဲ့ရပါတယ်... (နည်းနည်းတော့ wasted ဖြစ်တယ်လို့ ခံစားရပါတယ်) အဲဒီလောက် ပြောနေ တားနေတဲ့ကြားထဲကတောင် ရေဗူးတွေကို ဖွက်ပြီး ရုံထဲ ယူလာတဲ့သူတွေကိုလည်း ရယ်ချင်စဖွယ် တွေ့ရပြန်ပါသေးတယ်...။

ညစာစားချိန် ၁၅ မိနစ် ပြီးရင် ပွဲပြန်စမယ်လို့ ကြေငြာထားတဲ့အတိုင်း တကယ် ပြန်စပါတယ်…။ ပရိတ်သတ်ကလည်း စားမကောင်းကြလို့လား… ဆာဆာနဲ့ မြန်မြန် သွက်သွက် စားလိုက်ကြလို့လား… ဗူးတွေမှာ ထမင်းကြော်က တဝက်လောက်ပဲ ပါလို့လား… မသိ… အရင်ပွဲတွေလိုမဟုတ်ပဲ ရုံထဲကို ၁၅ မိနစ်အတွင်းမှာ ပြန်ရောက်လာကြပါတယ်…။

ဒုတိယပိုင်းအနေနဲ့ ကပြတာကတော့ ပရိတ်သတ်ကြီး မျှော်လင့် စောင့်စားနေတဲ့ စွယ်တော်ရိပ်ရဲ့ အငြိမ့်ခန်းပါ။ မင်းသမီးချောလေး နှစ်လက်နဲ့ အတူ လူရွှင်တော် သြဘာ၊ ချိန်သီး၊ ဓါတ်ကြိုးနဲ့ ပူလီ တို့ပါဝင်ပါတယ်…။ တော်တော်လေး ရယ်ရပါတယ်…။ ဒါပေမဲ့ ဒီနှစ်မှာ ပြက်စရာ ပြက်လုံး နည်းသွားသလိုပဲ… လို့ အနားက သူငယ်ချင်းနဲ့ ပြောဖြစ်ပါတယ်…။ အရင်တုန်းကတော့ မြန်မာပြည်က အဆီအငေါ် မတည့်မှုတွေ၊ အစိုးရအပေါ် မကျေနပ်ချက်တွေ၊ ဒီက သံရုံးရဲ့ ဆက်ဆံရေး အဆင်မပြေမှုတွေနဲ့ အတူ ထေ့စရာ ငေါ့စရာ ပြက်လုံးတွေများပြီး ပြက်ရတာလည်း ပိုပြီး ထိထိမိမိနဲ့ ချက်ကျ လက်ကျ ရှိလှတယ်လို့ ထင်မိပါတယ်။ အခုတော့ ၁၅၀၀ တန် တယ်လီဖုန်း မဲနှိုက်ရတာလောက်… ရန်ကုန်မှာ ကားလမ်းတွေ ကျပ်တာလောက်… သစ်ပင်တွေ ခုတ်တာလောက်သာ ပြောဖြစ်တာကို တွေ့ရပါတယ်။ တဖက်က တွေးတော့လည်း သရော်စရာ ကလော်စရာ နည်းပါးသွားတာဟာ ကောင်းလာတဲ့ လက္ခဏာပဲ မဟုတ်လား… လို့ သူငယ်ချင်းကို ပြောရင်း ကြံဖန် ကျေနပ်ရပါသေးတယ်။ အဲဒီနောက်မှာတော့ အချိန်ကန့်သတ်ချက်အရ လူရွှင်တော်တွေ ပြက်လုံး တကွက် ကျန်နေသေးသော်လည်း ည ၁၁ နာရီမှာ ရွှေမိုး ငွေမိုး သီချင်းနဲ့အတူ ပွဲကို သိမ်းလိုက်ရပါတယ်…။



ဒီပွဲမှာ အရင်နှစ်တွေ အရင်ပွဲတွေကလို မိတ်ဆွေ ဘလော့ကာတွေ များများစားစား မတွေ့ခဲ့ရပါဘူး…။ ကျွန်မတွေ့သလောက်ကတော့ ပွဲအစကနေ အဆုံး ဓါတ်ပုံရိုက်ပေးနေတဲ့ ဂျစ်တူး (မုံရွာ) ရယ်၊ သူငယ်ချင်း ချစ်ကြည်၊ တန်ခူး၊ စင်စင်၊ TOI နဲ့ ခမမ တို့ပါပဲ…။ ပွဲရှိတာကို မသိလို့ပဲလား… အလုပ်တွေပဲ မအားကြလို့လား… လို့ တွေးနေမိပါတယ်။ နောက်တခုက ဒီပွဲကို Sky Net ကလည်း လာရောက် ရိုက်ကူးတယ်လို့ သိရပါတယ်…။ ဒီတော့ နောက်ရက် အနည်းငယ်ကျရင် မြန်မာပြည်က Sky Net ပရိသတ်တွေ ကြည့်ကြရမယ်လို့ ထင်ပါတယ်။

ခြုံကြည့်ရရင် မနေ့ညက ပွဲဟာ အလွန် ကောင်းမွန်ပြီး လှပ သေသပ်တဲ့ ပွဲတစ်ပွဲ ဖြစ်ပါတယ်။ ဒီလို ပွဲတစ်ပွဲဖြစ်ဖို့ စီစဉ်ရတာ လွယ်တဲ့ ကိစ္စတစ်ခု မဟုတ်ပါဘူး။ ပွဲစီစဉ်သူတွေ၊ ဇာတ်ညွှန်း ဇာတ်ကွက် စီစဉ်သူတွေ၊ ကိုယ်တိုင် ကိုယ်ကျ ပါဝင်ကပြသူတွေဟာ အလုပ်တာဝန်တွေ ကိုယ်စီ၊ မိသားစုတာဝန်တွေ ကိုယ်စီနဲ့ မအားမလပ်တဲ့ကြားက အချိန်ပေးပြီး ဒီပွဲကို ဖြစ်မြောက်အောင် ကြိုးစားခဲ့ကြရလို့ စွယ်တော်ရိပ်အဖွဲ့သူ အဖွဲ့သား တယောက်ချင်းစီရဲ့ ဝါသနာနဲ့ အားထုတ်မှုကို တကယ်ပဲ လှိုက်လှိုက်လှဲလှဲ ချီးကျူးမိပါတယ်…။ နောင်နှစ်များမှာလည်း အခုလိုပဲ စွယ်တော်ရိပ်ပွဲကို လှလှပပ စည်စည်ကားကား ကျင်းပနိုင်ဖို့ မျှော်လင့် ဆုတောင်းပါတယ်…။



မြင်တွေ့သမျှ ပြောပြပါမည် (၁)
မြင်တွေ့သမျှ ပြောပြပါမည် (၂)

Saturday, August 10, 2013

ဆယ်ပြားတန် ချောကလက်နှင့် ဆက်စပ်၍...

တနေ့က တီဗွီမှာ လာသွားတဲ့ အစီအစဉ်တစ်ခုထဲက အစိတ်အပိုင်းတစ်ချို့ ဆိုပါတော့…။


ချောကလက်ဆိုင် တစ်ဆိုင်မှာပါ…။
နာမည်ကြီး တံဆိပ်နဲ့ ချောကလက်… တစ်ခုကို သုံးကျပ် တန်ပါတယ်…။ အဲဒါကို ဆိုင်က တစ်ကျပ် လျှော့ပြီး တစ်ခု နှစ်ကျပ်နှုံးနဲ့ ရောင်းပါတယ်…။ တချိန်ထဲမှာပဲ နောက် နာမည်သိပ်မကြီးတဲ့ ဆယ်ပြားတန် ချောကလက်တစ်မျိုးကိုလည်း ကြော်ငြာတဲ့ သဘောမျိုးနဲ့ ရောင်းနေပါတယ်။ ဈေးဝယ်သူတွေဟာ ဆယ်ပြားတန် ချောကလက်ကို ယောင်လို့တောင်မှ လှည့်မကြည့်ကြပဲ ဈေးချထားတဲ့ နာမည်ကြီး ချောကလက်တွေကိုသာ ဝယ်ယူနေကြတာ တွေ့ရပါတယ်…။

နောက်တနေ့မှာ အရင်နေ့ကရောင်းခဲ့သလိုပဲ သုံးကျပ်တန် နာမည်ကြီး ချောကလက်ကို နှစ်ကျပ်နဲ့ ဆက်ရောင်းပါတယ်…။ ဒါပေမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုတော့ တစ်ယောက် တစ်လုံး အမြည်းသဘောမျိုးနဲ့ အလကား ပေးပါတယ်…။ အဲဒီနေ့မှာ ဆိုင်ကို လာသမျှလူတွေဟာ သုံးကျပ်တန် အကောင်းစား ချောကလက်ကို တစ်ကျပ်တိတိ လျှော့ပြီး နှစ်ကျပ်နဲ့ ဈေးချရောင်းနေတာကို ဘယ်သူမှ ခေါင်းထဲ မရောက်ကြတော့ပါဘူး။ အလကားရမဲ့ ဆယ်ပြားတန် ချောကလက်တွေကိုသာ အချိန်ပေး တန်းစီ စောင့်ဆိုင်းရင်း အရယူနေကြပါတယ်။

အကောင်းစား ချောကလက်ကို ဈေးချချိန်မှာ နှစ်ကျပ်နဲ့ ပျော်ပျော်ကြီး ဝယ်စားရမဲ့အစား ဆယ်ပြားတန် အလကားပေးတဲ့ ချောကလက်နဲ့ တင်းတိမ်လိုက်ရတာ….။ အလကား (Free of Charge) ဆိုတဲ့ စကားလုံးရဲ့ လှည့်စားမှုအောက်ကို ဆယ်ပြားတန် ချောကလက်စားရင်း တည့်တည့်ကြီး ဝင်သွားရတာပါ။

အဲဒါနဲ့ ဆက်စပ်ပြီး ပြန်စဉ်းစားကြည့်တော့ မနက်ပိုင်း ရုံးချိန် Peak Hour မှာ ရထားခ ပြားဂဏန်းလောက် လျှော့ပေးတာကို လူတွေ အလုအယက် တက်သုတ်ရိုက်ပြီး သွားစီးနေကြတာ သူတို့ရဲ့ Quality of Life တွေ အင်မတန် ကျဆင်းတယ်လို့ ယူဆမိပါတယ်။ အလကားရတဲ့ ဆယ်ပြားတန် ချောကလက်ကို စားကြတဲ့သူတွေလိုပါပဲ…။ ရထားနဲ့ သက်ဆိုင်တဲ့ အဖွဲ့အစည်းကလည်း ရုံးချိန်မှာ ရထားကြပ်တဲ့ ကိစ္စကို ထိထိရောက်ရောက် မဖြေရှင်းပေးပဲ ရုံးချိန်ထက် စောတဲ့ ဒီအချိန်ကနေ ဒီအချိန် စီးရင် လျှော့ပေးတယ်ဆိုပြီး ဘူတာရုံ တချို့ အထွက်မှာ ရထားခကို မဖြစ်စလောက် ပြားဂဏန်းလေး လျှော့ပေးရင်း လေကျယ်နေတာပါ။

အမှန်ဆို အဲဒီ ပြားစွန်းလောက် သက်သာဖို့အရေး အိပ်ရာကလည်း စောစောထရတယ်… အလုပ်ကိုလည်း မလိုအပ်ပါပဲနဲ့ အချိန် စောပြီးရောက်နေရတယ်…။ မနက်စောစောလာလို့ ညနေ စောပြန်ရတဲ့ ရုံးဆို တော်သေးရဲ့… မဟုတ်လို့ကတော့ ကိုယ့်ရဲ့ အချိန်တွေ အပိုကုန်သွားတာသာ အဖတ်တင်မယ်။ မနက် ရုံးမလာခင် နာရီဝက်ဆိုတဲ့ အချိန်ဟာ ညနေစာအတွက် ဟင်းတစ်အိုးလည်း ချက်လို့ ပြီးနိုင်တယ်။ စာဖတ်နေရင် အနည်းဆုံး စာမျက်နှာ နှစ်ဆယ် အစိတ်လောက် ပြီးနိုင်တယ်။ စိတ်အေး လက်အေး ဘုရား ရှိခိုးလို့ရတယ်။ အိမ်သန့်ရှင်းရေး လုပ်အုံးမလား… ရသေးတယ်…။ မိန်းကလေးတစ်ယောက်အတွက် အေးအေးဆေးဆေး အလှပြင်လို့ ရသေးတယ်…။ အဲဒီလို အချိန်ကို ဘာမဟုတ်တဲ့ ပိုက်ဆံ ပြားဂဏန်းနဲ့ လဲလှယ်လိုက်ရတာ တော်တော်ကို မတန်တဲ့ ကိစ္စတစ်ခု လို့ ယူဆပါတယ်။ ပိုက်ဆံဟာ ပြန်ရှာလို့ရပေမဲ့ ကုန်သွားတဲ့ အချိန်တွေဟာ ဘာနဲ့မှ ပြန်အစားထိုးလို့ မရဘူးဆိုတာလည်း သတိပြုသင့်တယ်။

သေသေချာချာ ပြန်စဉ်းစားကြည့်ပါ…။ အလကားရတယ် ဆိုပြီး စားရရင် ဆယ်ပြားတန် ချောကလက်ပဲ ဖြစ်တော့မှာပေါ့…။ ဆယ်ပြားတန် ချောကလက်ရဲ့ အရသာဟာလည်း ဆယ်ပြားပဲ တန်မှာပေါ့…။ အဲဒီလိုပဲ ရထားခ ပြားဂဏန်း သက်သာတာကို ကြည့်လိုက်ရင် ကိုယ့်ရဲ့ အချိန်တွေ ဆုံးရှုံးမှုကိုလည်း မမေ့စေချင်ဘူး…။

လည်ဝယ်ပါးနပ်တဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လူတို့ရဲ့ သည်းခြေကြိုက်ဖြစ်တဲ့ Discount ဆိုတဲ့စကားကို ထည်လဲ သုံးပြီး လူတွေကို လှည့်ဖျားနေကြတာ…။ ရှိသေးတယ်… Buy 1 Get 1 Free တို့… Minimum 3 Pieces တို့… 2nd Piece 50% Off တို့…. အများကြီး…။ အဲဒီလို သူတို့ရဲ့ လှည့်ကွက်တွေထဲကို အလွယ်တကူ ရောက်မသွားအောင်… ဘဝမှာ ဆယ်ပြားတန် ချောကလက်ကို တန်းစီ စားရုံနဲ့တင် ကိစ္စ ပြီးမသွားအောင်… သက်သာတယ် သက်သာတယ် ဆိုတိုင်း မျောပါမသွားအောင်... သတိထားဖို့ အများကြီးလိုသေးတယ်လို့ ကိုယ့်ကိုယ်ကိုယ် ဆင်ခြင်မိရင်း ဒီစာကို ရေးပါတယ်….။