Tuesday, July 22, 2008

ရောက်မလာတော့မယ့်ချစ်ခြင်းကို စောင့်နေတဲ့ချစ်ခြင်း

သက်ဝေရဲ့ တံခါး နဲ့  ပတ်သက်တဲ့ ပိုစ့်တွေတိုင်းမှာ အမြဲတမ်း လာဖတ်ပြီး စိတ်ဝင်စားစွာ Comment တွေ ရေးခဲ့ကြတဲ့ သူငယ်ချင်းများကို ကျေးဇူး အထူးပါ။ အဲဒီ Comment တွေထဲက မုတ်သုန်လေ ရဲ့  Comment ရှည်ကြီးနဲ့  တကွ လက်ဆောင်ပေးခဲ့တဲ့ ကဗျာလေးကို ပိုစ့်တစ်ခု အဖြစ် ပြန်တင်ပေးလိုက်ပါတယ်။

မုတ်သုန်ရဲ့  Comment..

စာကအဆုံးသတ်သွားပြီလား... ဆက်ရှိနေသေးလား... ဆက်ရေးဖို့ကျန်နေသေးလား...
အဲဒါကိုသိချင်ပါတယ်အစ်မ။

ပြီးသွားပြီဆိုရင်တော့ သုံးခုလုံးပေါင်းပြီး တစ်ပုဒ်အနေနဲ့ပြန်တင်ပေးပါလား...
မချစ်တာ၊ မချစ်နိုင်တာ အဲတာတွေက အပြစ်မှ မဟုတ်တာပဲလေ။
အချစ်ဆိုတာမျိုးက ငါပေးတယ် နင်လည်း ငါ့ပြန်ပေးလို့ပြောလို့မရသလို ကလေးတွေရန်ဖြစ်လို့ငါကျွေးထားတဲ့မုန့် တွေ ပြန်ပေးလို့ ပြောလို့ရနိုင်တာလည်းမဟုတ်ဘူး။
ချစ်တာတွေအတွက် ချစ်တဲ့သူရော၊ ပြန်မချစ်နိုင်လို့ မချစ်ခဲ့လေတဲ့ အချစ်ခံရသူရော၊ ဘယ်သူမှာမှ အပြစ်မရှိပါဘူး..။

နောက်ဆုံး မတွေ့ကြရတော့လို့အမှတ်ရစရာတွေ ပြန်လွမ်းဆွတ်မိတယ်ဆိုရုံနဲ့ပဲ အချစ်ဟာ လိုချင်တက်မက်မှု၊ ဖြည့်ဆည်းလိုက်မှုတွေထက် ပိုသော သံယောဇဉ်တစ်ခု အသွင်ပြောင်းသွားတာ ဘယ်လောက်လှလဲအစ်မ။

ဇာတ်လမ်းထဲက မိန်းကလေးအနေနဲ့လည်း အပြစ်တင်နေစရာ မလိုသလို ဇာတ်လမ်းထဲက ကောင်လေးအနေနဲ့ကလည်း အပြစ်တင်နေစရာ မလိုပါဘူး။
အဲဒါက အပြစ်ကင်းတဲ့ချစ်ခြင်းလေ...။ ဘယ်သူ့မှာမှအပြစ်မရှိပါဘူး။
လှတဲ့ချစ်ခြင်းကို ပိုလှသွားအောင် အရောင်တင်ပေးလိုက်တာကိုက အရမ်းကို လှသွားပါတယ်။ ကောင်လေးနေရာကလို့ဆိုနိုင်မလား...
ကျွန်တော် ကဗျာတစ်ပုဒ် ရေးခဲ့ဖူးတယ်။
အစ်မအတွက် လက်ဆောင်ပေးလိုက်ပါတယ်...။


ရောက်မလာတော့မယ့် ချစ်ခြင်းကို စောင့်နေတဲ့ ချစ်ခြင်း

(၁)
မသေဆုံးတဲ့ ပင်လယ်မှာ
အဆုံးမသတ်တဲ့ လှိုင်းတွေရှိသလို
မသေဆုံးသေးတဲ့ လူတွေမှာလည်း
အဆုံးမရှိတဲ့ အချစ်တွေရှိနေမယ်။

(၂)
ဖြူစင်တဲ့ ချစ်ခြင်းတရား
ရှင်းသန့်တဲ့ ချစ်ခြင်းတရား
လှပတဲ့ ချစ်ခြင်းတရား
ရိုးသားတဲ့ ချစ်ခြင်းတရား
ချစ်ခြင်းတရားတွေ အဖြေရှာ
အားလုံး သေဆုံးသွားတောင်
ရှင်သန်နေဦးမယ့် ချစ်ခြင်းတရား
အမြဲလှပ နေမှာလား။

(၃)
ချစ်ခြင်းတရားကို ပိုင်ဆိုင်သူများနဲ့
ချစ်ခြင်းတရားကို မွတ်သိပ်သူတို့ရဲ့
နေသားအကျ မရှိခဲ့ခြင်းများ
အလွမ်းရောင် ထင်ဟပ်
ပြည့်စုံခဲ့ပါသလား... ချစ်ခြင်း။

(၄)
ရင့်နေတဲ့ အလွမ်းတွေနဲ့
မဆုံးနိုင်သော အချစ်တွေနောက်က
မရပ်တန့်သော အတွေးစက်ဝန်းများ
အဆွေးရောင်တို့လွန်ခဲ့ပြီ။

(၅)
တစ်ရံတခါ
မလှပခဲ့ရတဲ့ ချစ်ခြင်းတရား
ဘယ်လိုကြုံတွေ့ကြပါစေ
ဖြစ်သူတွေသာ ဟောင်းခဲ့ရပေါ့။
အလွမ်းတွေနောက်ပြန်လှည့်
ချစ်ခြင်းပြန်လာမယ်။

(၆)
မွတ်သိပ်ဆန္ဒတွေ
မွန်းကျပ် စိတ်အနေတွေနဲ့
လွဲချော် ဆုံမှတ်တို့အတွက်
မဆုံးသေးတဲ့ ချစ်ခြင်းတရား
တစ်နေ့ ပြန်လာခဲ့မယ်တဲ့....။
ရောက်မလာသေးတဲ့ အချစ်အတွက်
မျှော်စောင့်နေရင်း
ခါးသီးနေ့ရက်တွေဆန်တက်
အပြန်ခရီးအလှည့်မှာ
ကမ်းလင့်နေမယ့် အချစ်များ
တလက်လက်တောက်ပလို့။ ။

မုတ်သုန်လေ [25-Oct-2007]

စာကြွင်း ။ ။ မုတ်သုန်ရေးထားခဲ့တဲ့ Comment ကို သေသေချာချာဖတ်ပြီး.. စဉ်းစားနေတုန်းဘဲ..။
တံခါး ၃ ပုဒ်ကို ကျစ်ကျစ်လစ်လစ် ပေါင်းစည်းဖို့  ကိုလဲ ကြိုးစားကြည့်ပါအုံးမယ်။
စိတ်ထဲမှာတော့ နောက်ထပ် တံခါးတွေအကြောင်းလဲ ဆက်ရေးချင်နေသေးတယ်လေ..။
တကယ်တော့ စိတ်ဆိုတာ တံခါးရွက်တွေနဲ့  ပိတ်ဆီး ကာရံလို့ မရတဲ့ အရာတစ်ခု ဖြစ်တာမို့  စိတ်ထဲမှာ အတွေးစိတ်ကူးတွေ ရှိလာတဲ့ အချိန်တိုင်းမှာ တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ရေးမိနေအုံးမယ် လို့ ထင်ပါတယ်။

ဒီအတိုင်းပါဘဲ… အချစ်ဆိုတာလဲ ဘယ်လိုမှ တားဆီးပိတ်ပင်ထားလို့  မရတဲ့ သဘာဝ ရှိတာမို့  နှလုံးသား တံခါးတွေ ပိတ်ထားသည်ဖြစ်စေ၊ ဖွင့်ထားသည်ဖြစ်စေ.. ပွင့်ပွင့်လင်းလင်း ချစ်ဖို့  အခွင့်အရေးရှိသူတွေက လူသိရှင်ကြား ချစ်ကြပြီး.. ဒီအခွင့်အရေးနဲ့  ဝေးဝေးရောက်နေတဲ့ သူတွေကတော့ ရင်ထဲကနေဘဲ သိုသို သိပ်သိပ် ချစ်ကြရတယ်ပေါ့..။
အဲဒါတွေကို တွေးတောခံစားကြည့်ရင်း အဲဒီ တံခါးတွေ အကြောင်းကို ရေးဖြစ်နေတာပါ..။


Tuesday, July 15, 2008

တံခါးဖွင့်ချိန်

သူမကိုယ်တိုင် အချိန်ကာလ အတော်ကြာကြာ စေ့ပိတ်ထားခဲ့သော တံခါးတချပ်ကို မိုးမှုန်မိုးစက်များ အဆက်မပြတ် ရွာသွန်းနေသော ထိုမိုးတညက သူမ ကိုယ်တိုင် ဖွင့်ဟခဲ့ပါသည်။ တကယ်တော့ ထိုတံခါးကို သူမ ဖွင့်ဟရန် ကြိုးစားခဲ့သည်မှာ ရက်ပေါင်း လပေါင်း များစွာ ကြာမြင့်ခဲ့ပါပြီ။ သို့ သော်…

*****


ကမာကောင်လေးတို့ သည် ၄င်းတို့ ၏ မျက်ရည်စက်များကို ရင်ထဲမှာ ကာလကြာရှည်စွာ သိမ်းဆည်းထားရာမှ ချစ်စဖွယ် ပုလဲလုံးကလေးများ ဖြစ်ပေါ်လာကြသည် တဲ့..။ ထိုသို့ ဆိုလျှင် သူမ၏ ရင်ထဲမှာ မျက်ရည်စက်များနှင့်အတူ နှစ်ကာလ ကြာရှည်စွာ သိမ်းဆည်းထားရသော အရာသည်ကား ထို ချစ်စဖွယ် ပုလဲလုံးကလေးများလို တန်ဖိုးအနဂ္ဂ ကြီးမားလှစွာသော ချစ်ခြင်းတရားပင် ဖြစ်ပေလိမ့်မည်..။

ထိုပုလဲလုံးကလေးများကို ကမာကောင်လေးများ၏ ရင်ကိုခွဲပြီးမှ ခက်ခက်ခဲခဲ ရယူနိုင်သလိုမျိုး သူမ၏ ချစ်ခြင်းမေတ္တာများကို ဖွင့်ဟ ထုတ်ဖေါ်ပြသဖို့ ရာ ရင်ကိုခွဲရမတတ် ခက်ခဲနေရခြင်းမှာ ဘာကြောင့်ပါလိမ့်ဟု သူမ သေသေချာချာ အဖြေရှာမရပေ။

လူ့ သဘာဝ ဆိုသည်မှာ တစ်ခါတစ်ရံတွင် အင်မတန်မှပင် ဆန်းကြယ်လေ၏။
သူ့ အချစ်ကို ငြင်းပယ် တိမ်းရှောင် စိမ်းကားနေရခြင်းမှာ မချစ် မနှစ်သက်သောကြောင့် မဟုတ်ဘဲ သူမဖက်မှ မဖြစ်နိုင်သော၊ လက်မခံနိုင်သော အနေအထားလေး တစ်ခုကြောင့် ဆိုသည်ကို သူ နားလည် သဘောပေါက် လာစေရန် ဘုရားမှာ အကြိမ်ကြိမ် ဆုတောင်းခဲ့ဖူးပါသည်။ သူမ၏ ဆုတောင်းတို့  ပြည့်ခဲ့လေသလား၊ မပြည့်ခဲ့လေသလား သူမ မသိခဲ့ပါ။ မဖြစ်နိုင်သော အနေအထားဟု ဆိုရသော်လည်း အမှန်က မာကျောကျောနိုင်လှသော သူမ၏စိတ်ကို သူမ အနည်းငယ်ကလေးမျှ မလျှော့ချနိုင်ဘဲ လိုအပ်သည်ထက် ပိုပြီး ခေါင်းမာလွန်းသောကြောင့်သာ ဟု ရင်းနှီးသော သူငယ်ချင်းများက မညှာမတာ ဝေဖန်ခဲ့ကြဖူးသည်။ ခေါင်းမာသလို အသဲလည်း မာသည်တဲ့...။ သူမသည် စနေသမီး တယောက်ဖြစ်သောကြောင့် ထိုဝေဖန်မှုများ အပေါ်တွင်လည်း ခေါင်းမာစွာ ပြုံးပျော် ရယ်မောခဲ့ဖူးပါသည်။

ကုန်လွန်ခဲ့ပြီးသော အချိန်တော်တော်များများမှာ သူသည် သူမနှင့် နီးတစ်လှည့် ဝေးတစ်ခါ တည်ရှိနေတတ်သည်။ သူနှင့် ဝေးကွာနေချိန်တွင် သူ့ကို တိုးတိတ် ညင်သာစွာ လွမ်းဆွတ်မိသလို သူနှင့် မနီးမဝေးမှာ ရှိနေရချိန်များတွင် ကျယ်လောင် ပြင်းထန်စွာ မြည်ဟီးနေတတ်သော သူမ၏ နှလုံးခုန်သံများကို သူ ကြားသွားလေမလားဟု စိုးကြောက်လှပါသည်။

တခါတရံတွင် တွေဝေတတ်သူ တယောက်ဟု သူမကိုယ် သူမ အကြိမ်ကြိမ် စွပ်စွဲကြည့်မိပါသည်။ ကိုယ့်စိတ်ကိုယ်ကို တားဆီးပိတ်ပင်ရင်း တင်းထားမိသော မာနတရားတစ်ခုကို အဆုံးစွန်အထိ လျှော့ချ ဖျောက်ဖျက်ပစ်ရန်လဲ အကြိမ်ကြိမ် ကြိုးစားခဲ့မိကြောင်း သူမ တယောက်တည်းသာလျှင် အသိဆုံးဖြစ်ပါသည်။ သို့သော် ဝမ်းနည်းစရာတစ်ခုက နောင်တ ဆိုသည်မှာ နောင်အခါမှ တ ရတတ်ကြသော အရာတစ်ခု ဖြစ်နေခြင်းပင်။

တယောက်ထဲ မာနတရားကို ရှေ့တန်းတင်ပြီး (အထီးကျန်စွာဖြင့်) နေ့ ပေါင်း၊ ညပေါင်း မြောက်များစွာကို ဖြတ်သန်းနေရချိန်များတွင် သော်လည်းကောင်း၊ တခါတရံ နေထိုင်မကောင်း ဖြစ်ပြီး ဆေးသောက်ကာ အိပ်ရာထဲတွင် ခွေနေရချိန်များတွင် သော်လည်းကောင်း၊ သည်းသည်း ထန်ထန် ရွာသွန်းတတ်သော မိုးစက် မိုးပေါက်များကို ငေးကြည့်နေရချိန်များတွင် လည်းကောင်း၊ နှစ်ယောက်အတူတူ ကြိုက်နှစ်သက်သော ကော်ဖီခါးခါးလေးတစ်ခွက်ကို သူမ တစ်ယောက်တည်း သောက်နေဖြစ်သော အချိန်မျိုးတွင်သော်လည်းကောင်း၊ တခါက (သူအကြိမ်ကြိမ် တောင်းဆိုလွန်းသဖြင့် ရှားရှားပါးပါး) သူနှင့် အတူတူ သွားစားခဲ့ဖူးသော ထူးဆန်းသော၊ ကျေးရွာစုလေးပမာ တည်ဆောက်ထားသော အီတလီ စားသောက်ဆိုင်ကလေး တခု၏ အနီးအနားမှ ဖြတ်သန်းသွားလာမိသည့် အခါမျိုးတွင်သော်လည်းကောင်း၊ (သူမ တယောက်ထဲ ထိုဆိုင်ကို နောက်တခါ သွားရောက် စားသောက်ဖို့တော့ဖြင့် လုံးဝ မကြိုးစားရဲပါ။) မျှော်လင့်မထားသော အချိန်မျိုးတွင် ရောက်လာတတ်သော သူ့ ထံမှ E Mail တိုတိုလေးများကို ဖတ်ရသော အခါများတွင် သော်လည်းကောင်း၊ ဖုန်းထဲတွင် သူ့ ထံမှ Missed Call များ တွေ့ ရသည့် အခါများတွင်သော်လည်းကောင်း၊ တခါတရံ လူစုံစုံ စကားဝိုင်းများတွင် သူနှင့် ပတ်သက် ဆက်နွယ်နေသောသူများထံမှ သူ့ အကြောင်း တစွန်းတစ ကြားသိရသည့် အခါများတွင် သော်လည်းကောင်း၊ သူ ကြိုက်နှစ်သက်တတ်သော အဆိုတော်များ၏ သီချင်းသံများကို ကြားရသည့် အခါများတွင် သော်လည်းကောင်း ရင်ထဲတွင် ဘာကိုမှန်း ဝေခွဲလို့ မရ၊ အရာရာကို အလိုမကျ ဖြစ်နေပြီး တခုတခုကို ပစ်ပေါက် ရိုက်ခွဲချင်သောစိတ်များ ဖြစ်လာတတ်ကာ ဆုံးဖြတ်ချက်တခုကို ချက်ချင်းလက်ငင်း အကောင်အထည်ဖေါ် ပစ်လိုက်ချင်သော စိတ်များဖြင့် သူမ ပူလောင်စွာ၊ နာကျင် ကြေကွဲ ဝမ်းနည်းစွာ ဆင်းရဲ ပင်ပန်းခဲ့ရပါသည်။

*****

ထိုတနေ့ ..
ထိုတနေ့ က နံနက်စောစောကတည်းက မိုးတွေ သည်းသည်းမဲမဲ ရွာနေခဲ့ပါသည်။
ထိုတနေ့ က သူမ သူ့ ကို ရင်နှင့်မမျှအောင် ထူးထူးခြားခြား တမ်းတ လွမ်းဆွတ်နေခဲ့ပါသည်။
ထိုတနေ့ က သူမ၏ ထိန်းချုပ်နိုင်သော စွမ်းအားကို သူမ ကိုယ်တိုင် ပြန်လည်သုံးသပ်ရင်း ပထမဦးဆုံး အကြိမ်အဖြစ် သံသယကြီးစွာ ဝင်ခဲ့မိပါသည်။ သူမကိုယ် သူမ တော်တော် အထင်ကြီးခဲ့သော ထိန်းချုပ် မြိုသိပ်နိုင်စွမ်းအားတို့ သည် ထိုနေ့ က (ဘာကြောင့်မှန်း မသိ) လုံးဝ စုန်းစုန်းမြုပ်အောင် ပျောက်ကွယ်နေကြသည်။

ထိုတနေ့ သည်…
သူမ ယုယစွာ စိုက်ပျိုးထားခဲ့သော နှင်းဆီပန်းအိုးမှ ပန်းနုရောင် နှင်းဆီငုံကလေး ပွင့်အာလာသောနေ့ …
သူမ၏အိမ်သို့  ချစ်စဖွယ် မျက်လုံးဝိုင်းကလေးများနှင့် ဆွတ်ဆွတ်ဖြူသော ကြောင်ကလေးတကောင် လက်ဆောင် အဖြစ် ရောက်ရှိလာသောနေ့ …
နှလုံးသားမှ ဖြစ်ပေါ်လာသော အဖိုးတန် ပုလဲလုံးကလေး သူ့ အလိုလို ကြွေကျလာသောနေ့…
သူမ၏ နှလုံးခုန်သံကို သူမ ကောင်းမွန်စွာ နားလည် ဘာသာပြန်နိုင်ခဲ့သောနေ့ …
သူမ၏ မာနတရားတို့ ကို ချစ်ခြင်းတရားက လွှမ်းမိုး အနိုင်ယူသွားခဲ့သောနေ့ ဖြစ်ပါသည်။

တနေ့ လုံး မရပ်မနား သည်းထန်စွာ ရွာစွေနေသော မိုးကြောင့်လား၊ တရွေ့ ရွေ့  ကုန်လွန်လာသော နာရီလက်တံများကြောင့်လား သူမ တိတိကျကျ မဝေခွဲနိုင်ခင်မှာပင် ည က ထင်ထားသည်ထက် ပိုမို စောစီးစွာ မှောင်မိုက်ခဲ့လေသည်။

သူမ ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာ ချလိုက်ပါသည်။

*****

တကယ်တော့ ထိုတံခါးကို သူမ ဖွင့်ဟရန် ကြိုးစားခဲ့သည်မှာ ရက်ပေါင်း လပေါင်း များစွာကြာခဲ့ပါပြီ။ သူမကိုယ်တိုင် အချိန်ကာလ အတော်ကြာကြာ စေ့ပိတ်ထားခဲ့သော တံခါးတစ်ချပ်ကို မိုးမှုန်မိုးစက်များ အဆက်မပြတ်ရွာသွန်းနေသော ထိုမိုးတညက သူမ ကိုယ်တိုင်ပင် ရင်ခုန်လှိုက်မောစွာ ဖွင့်ဟ ခဲ့ပါသည်။
သို့ သော်…

သို့ သော်...
ထိုတံခါး၏ တဖက်တွင် သူ ရှိမနေတော့သည်ကို တုန်လှုပ် ခြောက်ခြားစွာ လက်မခံချင်ဘဲ လက်ခံခဲ့ရပါသည်။ ပြင်ဆင်ခွင့် မရှိတော့သော သူမ၏ တွေဝေမှု နှင့် နောင်တတို့ အတွက် ထိုညက တညလုံး သည်းသည်းမဲမဲ ရွာစွေနေသော မိုးနှင့်အပြိုင် ဆို့ နင့် ကြေကွဲ ဝမ်းနည်းစွာ ငိုကြွေးနေမိပါတော့သည်။



ထိုတံခါး
တံခါး၏နောက်ကွယ်

Saturday, July 12, 2008

နမော်နမဲ့

အခုတလော သက်ဝေတစ်ယောက် အတော်ကို နမော်နမဲ့ နိုင်နေတာကို ကိုယ့်ကိုယ်ကိုယ် သတိထားလိုက်မိတဲ့ အချိန်မှာ…

ပြီးခဲ့တဲ့ ရက်အနည်းငယ်က
မယုဝရီ (မရီရီဝင်း) ရဲ့  ဘလော့ဂ်မှာ တင်ထားတဲ့ ထိုတစ်ည (That Night) ပိုစ့်ကိုဖတ်ပြီး အတူတကွ တင်ထားတဲ့ ဓါတ်ပုံကိုလဲ သေသေချာချာ ကြည့်မိပါတယ်။ ဒါတွေတင်မက သူများတွေရေးသွားကြတဲ့ Comments တွေကိုလဲ ဖတ်ကြည့်လိုက်ပါသေးတယ်။ Comments တွေထဲက အမေးအဖြေတွေ အရ အဲဒီပုံလေးက Bangkok က နေရာတစ်ခု လို့ သိရပါတယ်။ အဲဒီပုံလေးထဲက နေရာရှုခင်းလေးက သက်ဝေတို့  စလုံးက တစ်ချို့ နေရာမျိုးလေးတွေနဲ့  ခပ်ဆင်ဆင်တူသား လို့ လဲ စိတ်ထဲမှာ တွေးမိပါတယ်။ ကိုယ်တိုင် Comment ရေးမယ်လုပ်တော့ Web Page မှာ Error တက်နေတာနဲ့ ဘဲ C Box မှာဘဲ ရေးခဲ့တော့မယ်လေ လို့ စဉ်းစားရင်း ရေးခဲ့ပါတယ်။

အဲဒီမှာ စ တော့တာဘဲ…။
တင်ထားတဲ့ ဓါတ်ပုံလေးကို သေသေချာချာ တစ်ခေါက်ပြန်ကြည့်ပြီး C Box မှာ ရေးခဲ့တာက “Ma Ma.. Visited. I read "That Night" post. Where is that place? In the picture, it is quite similar to some place fr S'pore. “ တဲ့..။ ကဲ.. ကောင်းကြသေးရဲ့ လား..။

* * * * * * * * * * * *

ဟိုတစ်နေ့ က သက်ဝေရဲ့  ချစ်လှစွာသော ဘလော့ဂ်ကလေးမှာ
စကားဝါမြေ ဆိုတဲ့ ပိုစ့်ကလေးတစ်ခု တင်ဖြစ်ပါတယ်။ တေးသံရှင် နှင်းဧကရီ ရဲ့  ရွှေဌာနေ နဲ့  စကားဝါမြေ ဆိုတဲ့ အခွေထဲက သီချင်းလေး နှစ်ပုဒ် တင်ထားတာပါ။ အခွေထဲက ကျန်နေသေးတဲ့ သီချင်းတွေကိုလဲ နောက်ဆက်တွဲ အနေနဲ့  စကားဝါမြေ သို့  နောက်တစ်ခေါက် ဆိုပြီး တင်ထားလိုက်ပါသေးတယ်။

ကိုယ့်ကိုယ်ကိုယ်တော့ ဟုတ်လှပြီပေါ့..။ သီချင်းတွေကို CD ထဲကနေ ကွန်ပြူတာ ထဲကိုထည့်၊ Mediafire ကိုသွားပြီး Upload လုပ်.. ပြီးတော့ Blog ထဲကိုတင်.. ဟန်ကိုကျလို့ ..။ ပထမဦးဆုံး အကြိမ်အဖြစ် သီချင်းလေးတွေတင်ပြီး ကိုယ့်ဖာသာကိုယ် အကျေနပ်ကြီး ကျေနပ် ပီတိတွေဖြာနေတာ.. အဟဲ..။
အဲဒါ နောက်တစ်နေ့ မှာ မိတ်ဆွေကြီး ကိုဇနိ လာရောက် အကြောင်းကြားတော့မှဘဲ အဲဒီမြန်မာသံ သီချင်းတွေကြားထဲ ထူးအိမ်သင် သီချင်းတစ်ပုဒ်က ကိုးလိုးကန့် လန့်  ၀င်ပါနေမှန်း သိတော့တယ်လေ…။ ဖြစ်ပုံ… ဖြစ်ပုံ...။


* * * * * * * * * * * *

ဒီနေ့ လဲ ရုံးမှာ အရေးကြီးတဲ့ Email တစ်ခု ပို့ လိုက်တာ Attachment ထဲ့ဖို့ မေ့သွားလို့  ကိုယ့်အထက်က လူကြီးကို (သူမဆူခင်) လျှာတစ်လစ်ထုတ် ပြောင်ဖြဲဖြဲ လုပ်ပြလိုက်ရတာက တစ်မျိုး..။

ဒါတင်ဘဲလားဆိုတော့.. မဟုတ်သေးပါဘူး။
Project တစ်ခုရဲ့  Deadline ကို အမေ့ကြီး မေ့နေတာ.. ဒီမနက်မှ သတိရ..။ အဲဒါနဲ့  မမှီမှာစိုးလို့ ထုံးစံအတိုင်း.. ဟိုကူး ဒီကူး၊ ဟိုလူ ကူကြပါ ဒီလူ ကယ်ကြပါနဲ့  ယောက်ယက်ခတ်စွာ အပြေးအလွှား အလုပ်..။ ကြမ်းပေါ်မှာ ကန့် လန့် ဖြတ် တည်ရှိနေတဲ့ တယ်လီဖုန်းကြိုးကို ခလုတ်တိုက်မိတာ.. ကံကောင်းလွန်းလို့ သာပေါ့။
မဟုတ်လို့ ကတော့လား… ဘာပြောကောင်းမလဲ… ချော်လဲလို့  အနာတရ ဖြစ်ရုံသာမက ဘေးနားကလူတွေ တစ်ပျော်တပါး ၀ိုင်းဝန်း ရယ်မောကြတာပါ ခံရမှာ မလွဲ…။

* * * * * * * * * * *

ကိုယ့်ကိုယ်ကိုယ်လဲ “မဖြစ်သေးပါဘူးလေ… ဆင်ခြင်မှ… ဆင်ခြင်မှ..” လို့  တဖွဖွရေရွတ်ရင်း၊ သတိတွေ အထပ်ထပ်ပေးရင်း အိမ်ကိုအပြန်..။

လမ်းတစ်ဝက်လောက်မှာ သြော်.. ကိုယ့်ဆံပင်တွေ အတော်ရှည်နေတာ သတိရသွားပြီး ဆံပင်ဝင်ညှပ်ရရင် ကောင်းမှာဘဲလို့  စဉ်းစားရင်း ရထားပေါ်ကဆင်းပြီး ဆံပင်ညှပ်ဆိုင်ကို ချီတက်လာခဲ့ပါတယ်။ ဒီလို ကြားရက် ညနေစောင်းဆိုရင်တော့ ဆိုင်မှာလဲ လူရှင်းလောက်ပါတယ် လို့  ကိုယ့်အတွေးနဲ့  ကိုယ် ကျေနပ်နေမိတယ်။

ဒါနဲ့ ဘဲ ဆိုင်ထဲကိုရောက်တော့.. ပိုပြီးကျေနပ်သွားမိတယ်။ ဆိုင်ထဲမှာ ဆံပင်ညှပ်နေတဲ့သူ တစ်ယောက်မှမရှိ.. အဟိ။ အိုကေပေါ့.. ဒီလိုနဲ့  ခပ်ခြောက်ခြောက် ကောင်လေးတစ်ယောက် သက်ဝေရဲ့ ဆံပင်ကို စ အညှပ်မှာ မျက်စေ့ထဲ ဒီကောင်လေးကို တစ်ခါမှ မတွေ့ ဖူးပါဘူး၊ အသစ်ထင်တယ်လို့  စိတ်ထဲက တွေးလိုက်ရင်း ခါတိုင်း သက်ဝေညှပ်နေကျ ၀၀တုတ်တုတ် ကောင်လေးကို ဟိုဟိုဒီဒီ မျက်စေ့ကစားရင်း ရှာဖွေနေမိသေး..။ အင်းလေ.. ဘာမှထူးထူးခြားခြား ပုံစံမျိုးမဟုတ်ဘဲ သာမန်ဆံပင်ပုံမျိုး၊ ရှည်ရာက တိုရုံသက်သက်သာ ဖြစ်တာက တစ်ကြောင်း၊ ကြိုတင် ချိန်းဆိုမထားမိတာက တစ်ကြောင်း ဆိုတော့ ဒီလိုဘဲ ကြုံရာလူနဲ့ ညှပ်လဲ ရတာပါဘဲ လို့  စိတ်အေးလက်အေး နေလိုက်တော့တယ်။ အားလုံး အဆင်ကိုပြေလို့ …။

အဲ.. ဆံပင်ကတော့ ပြောတာနဲ့ စာရင် အတော်လေး ပို တို သွားတယ်။
ထားပါတော့လေ.. ဒီလိုဘဲပေါ့.. ပူညံပူညံ မလုပ်ချင်တော့ပါဘူး..။
တိုသွားတော့လဲ နောက်တစ်ခါ တော်တော်နဲ့ လာမညှပ်ရဘူးပေါ့ လို့  အကောင်းဖက်က လှည့်တွေးရင်း…။

ပိုက်ဆံပေးဖို့  ကောင်တာကိုရောက်တော့ ကောင်တာမှာ ထိုင်နေတဲ့ ကောင်မလေးကလဲ ကိုယ်တစ်ခါမှ မမြင်ဖူးတဲ့ အသစ်..။ ဒီဆိုင်မှာ လူအသစ်တွေ တယ်လဲများနေပါကလား.. စီးပွားရေးကောင်းလာတယ် ထင်ပ လို့  အတွေးနက်နေတဲ့ ကိုယ့်ရဲ့  အူကြောင်ကြောင်ပုံစံကို ခပ်ငေးငေးကြည့်နေလေရဲ့ ။
ပိုက်ဆံရှင်းပြီးလို့  ဆိုင်ပြင်ကိုလှည့်အထွက်မှာ ကောင်မလေးက အင်္ဂလိပ်လို “နောက်လဲ အမြဲလာပါနော် ဒီမှာ ဆိုင်က Name Card ပါ” လို့ ပြောပြီး ကိုယ့်လက်ထဲကို Card လေးတစ်ခု လာထည့်ပါတယ်။ တစ်လခွဲ တစ်ခါလောက် လာနေကျ ကိုယ့်ကိုများ အထူးအဆန်းလုပ်လို့  Card များ လာပေးနေရသေးတယ်လို့  မလိုတမာ တွေးပြီး လမ်းမပေါ်ကိုရောက်တော့ တော်တော်လေးတောင် မှောင်နေပြီ…။ မိုးချုပ်မှ အိမ်ပြန်တိုင်း မိန်းကလေးများ အိမ်ပြန်ချိန် လို့  နောက်တတ်တဲ့ သူငယ်ချင်းတစ်ယောက်ကိုတောင် စိတ်ထဲက လှမ်းသတိရမိသွားသေး။ (လူ့ စိတ်များ.. သိပ်မြန်တယ်နော်…။)

ဒါနဲ့  အိမ်ပြန်ဖို့  လမ်းအလျှောက်မှာ နှစ်လှမ်း သုံးလှမ်းလောက် အရောက်မှာ.. ဆိုင်တစ်ဆိုင်ရှေ့ မှာ ရပ်နေတဲ့ ခါတိုင်းသက်ဝေကို ဆံပင်ညှပ်ပေးနေကျ ၀၀တုတ်တုတ် ကောင်ကလေးကို တွေ့ တယ်။
သူ့ ကိုလှမ်း တွေ့ လိုက်ရတော့ သက်ဝေ စိတ်ထဲမှာ တစ်မျိုးလေးတော့ ဖြစ်သွားတယ်။ ဒါပေမယ့်လဲ တောင်တောင်အီအီတွေ သိပ်ကြာကြာ ဆက်တွေးမနေတော့ဘဲ အိမ်ပြန်ဖို့ ခြေလှမ်း ဆက်ခဲ့တယ်။

အိမ်ရောက်တော့ ရေချိုး၊ ခေါင်းလျှော် အပြီး မှန်ကြည့်တော့ ကိုယ့်ဆံပင်ကိုယ်ကြည့်ရတာ "ဒီတစ်ခါညှပ်တာ တစ်ခုခုတော့ လိုနေသလိုပါဘဲ… သိပ်မလှဘူးနော်" လို့  ရေရွတ်နေတော့ အမျိုးသားက "နဂိုရှိမှ နဂိုင်းထွက်မှာပေါ့" လို့  မခံချင်အောင် လာ စ နေသေးတယ်။
ကဲ.. ခုမှတော့ ဘာမှ မတတ်နိုင်ပြီ.. ဒီအတိုင်းသာ ထားလိုက်ပါတော့..။ ခဏနေတော့ စိတ်ထဲမှာ တစ်စုံတစ်ရာကို ဖြတ်ကနဲ တွေးမိပြီး (ရုပ်ရှင် သို့ မဟုတ် ကာတွန်းတွေထဲမှာ ဆိုရင်တော့ ခေါင်းနားမှာ မီးသီးလေး လင်းနေတဲ့ ပုံမျိုးလေးပေါ့... ) ပိုက်ဆံအိပ်ထဲမှာ ရှိနေတဲ့ ဆိုင်ကပေးလိုက်တဲ့ Name Card ကို ယူကြည့်လိုက်တော့.. မျှော်လင့်ထားတဲ့ အတိုင်းပါဘဲ။

သက်ဝေတစ်ယောက် ခါတိုင်းညှပ်နေကျဆိုင်နဲ့  ဘေးချင်းကပ်ရက်မှာ လာဖွင့်ထားတဲ့ ဆိုင်အသစ် တစ်ခုထဲကို ဘေးဘီမကြည့် နမော်နမဲ့ နိုင်လှစွာနဲ့  စွတ်ရွတ် ၀င်သွားခဲ့မိတဲ့အဖြစ်…။ ဒါကြောင်မို့  ဆိုင်အခင်းအကျင်း ကအစ၊ လူတွေအဆုံးး အရင်ကနဲ့  မတူ တစ်မူ ထူးခြားနေပေတာကိုး လို့  ကောင်းကောင်းကြီး သဘောပေါက်သွားပါတော့တယ်။ ဟို ၀၀တုတ်တုတ် ကောင်လေးရပ်နေတဲ့ ဆိုင်က သက်ဝေအမြဲတမ်း ညှပ်နေကျ ဆိုင်ဘဲ ဖြစ်ပေတော့မပေါ့။
ငါ့နှယ့်နော်… ဒီလောက်သတိထားပြီး ကိုယ့်ကိုကိုယ် သတိပေးနေတဲ့ကြားထဲက.. ဖြစ်မှဖြစ်ရလေ လို့ …။

တကယ်တမ်း သေသေချာချာ ပြန်စဉ်းစားကြည့်ရင် နောက်ထပ် အသေးအဖွဲ နမော်နမဲ့နိုင်မှုတွေ တော်တော်များများ ရှိနေသေးတယ်။ ဒါပေမယ့် ဆက်ရေးလိုက်ရင် လွန်ကုန်တော့မယ်။ သိပ်မကောင်းဘူးလေ... ဟဲဟဲ..။ ဒီလောက်နဲ့ ဘဲ ရပ်ထားတာ ကောင်းပါလိမ့်မယ်။

* * * * * * * * * * * *
ဒီရက်ပိုင်းအတွင်း ဘာတွေရေးလို့  ရေးရမှန်းမသိ.. ခေါင်းထဲက စဉ်းစားလို့  ဘာမှမထွက်တဲ့အဆုံး မကြာသေးခင်ကမှ ဖြစ်ခဲ့တဲ့ သက်ဝေရဲ့  နမော်နမဲ့ ဖြစ်ရပ်တွေကို ရေးလိုက်မိပါတယ်။
ရယ်မော အပျင်းပြေနိုင်ကြပါစေ။

Tuesday, July 8, 2008

စကားဝါမြေ သို့  နောက်တစ်ခေါက်

အရင်တပါတ်က တင်ပေးထားတဲ့ စကားဝါမြေ ပိုစ့်လေးမှာပါတဲ့ သီချင်းတွေကို နားထောင်ပြီး မှတ်ချက်လေးတွေ ချန်ခဲ့တဲ့ သူငယ်ချင်းလေးတွေကို ကျေးဇူးအကြီးကြီး တင်ပါတယ်နော်။
အဲဒီ မှတ်ချက်တွေထဲမှာ သီချင်းတွေကို မနှစ်သက်တဲ့သူတွေရှိသလို အရသာတစ်မျိုးနဲ့  နားထောင်လို့ ကောင်းပါတယ်လို့  ပြောသူတွေလဲရှိတာကြောင့် ကျန်နေတဲ့ သီချင်းတွေကို အခု ထပ်တင်ပေးလိုက်ပါတယ်။
ဘာဘဲဖြစ်ဖြစ် အပျင်းပြေ နားထောင်ကြည့်ကြပေါ့နော်…။

ရွှေညာသူ ရွှေညာသား


မမ မန်းကေသီ

ပန်းကမ္ဘာ မျှော်စင်

မမ ပုသိမ်သူ

တောင်ပြာတန်းက ချစ်ရက်တွေ

မောမြေ မောအလှ မောနှမ

သီချင်းဆက် (၁)

သီချင်းဆက် (၂)

အခု ဒီသီချင်းတွေ အားလုံးရဲ့  (စကားဝါမြေ တစ်ပုဒ် ကလွဲလို့ ) တေးရေးဆရာကတော့ ကိုလေးလွင် ဖြစ်ပါတယ်။

သက်ဝေရဲ့  ဘလော့ဂ်မှာ သီချင်းတွေတင်တာ ဒါ ပထမဆုံး အကြိမ်ပါဘဲ။ အမှန်အတိုင်းပြောရရင် အခုလို သီချင်းတွေကို ဘလော့ဂ်မှာတင်ရတာ နဲနဲတော့လန့်တယ်။ မူပိုင်ခွင့်တို့  Copy Right တို့  ကို လန့် တာပါ။

ဒါပေမယ့်လဲ ကိုယ်တိုင်နားထောင်ဖြစ်ခဲ့တဲ့ သီချင်းတွေထဲက အနည်းငယ် ထူးခြားမှု၊ ဆန်းသစ်မှု ရှိတဲ့ သီချင်းလေးတွေကို (ကောင်းသည်ဖြစ်စေ.. ဆိုးသည်ဖြစ်စေ…) သူငယ်ချင်းတွေနဲ့  မျှဝေခံစားလိုတဲ့ စိတ်ဆန္ဒကလေးနဲ့  တင်ပေးထားတာပါ။ အခုလို သီချင်းတွေတင်ထားတာဟာ ဘယ်သူ့ ဘယ်သူမှ မထိခိုက်၊ ဘာမှလဲ ဆိုးဆိုးရွားရွား အပြစ်တင်ပြောဆိုစရာ မရှိလောက်ဘူး လို့ တော့ မျှော်လင့်ပါတယ်...။ အကယ်၍ အဆင်မပြေတာများ ရှိခဲ့ရင်လဲ ထောက်ပြ ပြောဆို ဝေဖန် အကြံပြုကြစေလိုပါတယ်။
အားလုံးကို ကျေးဇူးတင်ပါတယ်။

Friday, July 4, 2008

စကားဝါမြေ

ပြီးခဲ့တဲ့ ရက်အနည်းငယ်က မြန်မာ သီချင်းတစ်ခွေ နားထောင်ဖြစ်ပါတယ်။
အခွေရဲ့  Title ကတော့ ရွှေဌာနေ နဲ့  စကားဝါမြေ တဲ့။
သီဆိုထားတဲ့ တေးသံရှင် အမည်ကတော့ နှင်းဧကရီ ပါ။
တစ်ခွေလုံး မြန်မာသီချင်းစစ်စစ်တွေပါ။ ဒါပေမယ့် အဲဒီ မြန်မာသီချင်းစစ်စစ်တွေကို ခေတ်ပေါ်စတိုင် (ဘာစတိုင် ရယ်လို့  အမည်မတတ် တတ်လို့ ပါ) နဲ့  အတော်လေးကို မြူးမြူးကြွကြွ သီဆိုထားပါတယ်။ မူရင်းသီချင်းတွေကိုက ပြောစရာမလိုအောင် ကောင်းပြီးသား ဖြစ်နေတဲ့အတွက် နားထောင်လို့ တော့ တော်တော်လေး ကောင်းပါတယ်။

ပြီးတော့ သီချင်းတွေကလဲ အခု ဒီဘက်ခေတ် လူငယ်တိုင်းမဟုတ်ရင်တောင် တော်တော်များများ ကြားဖူးနိုင်တဲ့ သီချင်းတွေပါ။ သက်ဝေတို့ လို လူလတ်ပိုင်းတွေ အတွက်ကတော့ ကောင်းကောင်းကြီး ရင်းနှီး ကျွမ်းဝင်ပြီးသားတွေ ဖြစ်နေမှာ သေချာပါတယ်။ အဲဒီ သီချင်းတွေထဲက သီချင်းနှစ်ပုဒ်ကို အမြည်းအဖြစ်နဲ့  နားထောင်ရအောင် တင်ပေးလိုက်ပါတယ်။

အဲဒီသီချင်းတွေကို MediaFire ကနေတစ်ဆင့် Download ချပြီး နားထောင်နိုင်ပါတယ်။ File Size ကတော့ နဲနဲကြီးနေပါတယ်။ ဒါပေမယ့် နားထောင်ဖို့  အဆင်ပြေကြလိမ့်မယ်လို့ ထင်ပါတယ်။ နားထောင်လို့ မရရင်လဲ ပြန်ပြောကြပါနော်။ မလုပ်တတ် လုပ်တတ်နဲ့  လုပ်ထားတာမို့ ပါ။ တစ်ခွေလုံးတင်ပေးချင်ပေမယ့် Upload လုပ်ရတဲ့ အချိန်အခက်အခဲကြောင့် အခုလောလောဆယ်တော့ နှစ်ပုဒ်ပဲ အရင်နားထောင်ကြည့်ပါအုံးနော်။ နောက်တော့ ထပ်တင်ပေးပါ့မယ်။

ပထမ တစ်ပုဒ်က မမေ့သော အညာ (မွေးဌာနီ) ပါ။
တေးရေးဆရာ က ကိုလေးလွင်၊ မူရင်း အဆိုတော်က (ဦး) သန်းထွန်းလေး ပါ။
နောက်ပိုင်းမှာ ဒီသီချင်းကို လူတော်တော်များများ ပြန်ဆိုကြတဲ့အထဲမှာ သန်းထွန်းလေးရဲ့  သမီး ပိုးအိစံ ပြန်ဆိုတဲ့ အခါမှာ ပိုပြီး လူသိများ လူကြိုက်များ လာပါတယ်။

ဒုတိယတစ်ပုဒ်ကတော့ စကားဝါမြေ ပါ။
တေးရေးဆရာက ဂီတလုလင် မောင်ကိုကို၊ မူရင်း အဆိုတော်က (ဒေါ်) ရီရီသန့် လို့ မှတ်ထားမိပါတယ်။ (မဟုတ်ဖူးဆိုရင်လဲ ပြင်ပေးကြပါ) ပုပ္ပါးတောင်အကြောင်း ဖွဲ့ဆိုထားတဲ့ သပ်ရပ် လှပ မြူးကြွ တဲ့ အလွန်ကောင်းတဲ့ သီချင်းလေးတစ်ပုဒ် ပါ။

သက်ဝေလဲ အဲဒီသီချင်းတွေကို နားထောင်ပြီး ဘယ်လို Comment ပေးရမှန်းမသိ… တော်တော် အူလည်လည်ဖြစ်သွားတယ်။ သီချင်းတွေက ရေဒီယိုမှာ အမြဲတမ်းလာနေကျ၊ ဟိုး ငယ်ငယ်ထဲက ကိုယ့်နားထဲမှာ အမြဲတမ်းကြားဖူးပြီးသား၊ တအားရင်းနှီးပြီးသား၊ ကုန်ကုန်ပြောရရင် သီချင်းစာသား အားလုံးနီးနီး အလွတ်ရနေပြီးသား…။
အဲဒါတွေကို အခုလို ကြားလိုက်ရတော့ တက်တက်ကြွကြွ ရွှင်ရွှင်လန်းလန်း လိုက်ဆိုရင်း နှစ်သက်သလို ဖြစ်နေတာက တစ်ပိုင်း…
နောက်တစ်ပိုင်းက တကယ့် မြန်မာသီချင်း မြန်မာသံစဉ် စစ်စစ်ကြီးတွေ ကို အခုလို တောင်ရောက် မြောက်ရောက်နဲ့  ကြားလိုက်ရတဲ့ အခါမှာ မူရင်း တေးရေးဆရာတွေ၊ မူရင်း တေးသံရှင်တွေကို တိတ်တဆိတ် အားနာမိသလို ဖြစ်နေတာက တစ်ပိုင်း… ရင်ထဲမှာ တစ်မျိုးကြီးဖြစ်နေပြီး အတွေးတွေ တော်တော်လေး ရှုတ်ထွေးသွားပါတယ်။

သူငယ်ချင်းတို့ လဲ နားထောင်ကြည့်ပါနော်။
နားထောင်ပြီးရင် အဲဒီသီချင်းတွေအပေါ် ဘယ်လို သဘောထားတယ် ဘယ်လို ထင်မြင်တယ် ဆိုတာ သိပါရစေ..။
ကြိုက်တယ် ကောင်းပါတယ် လို့ ထင်ကြတယ် ဆိုရင်လဲ ဘာကြောင့် ကောင်းတယ် လို့  ထင်တာလဲ ဆိုတာ ပြောပြပေးစေချင်ပါတယ်။
မကြိုက်ဖူး မနှစ်သက်ဖူးဆိုရင်လဲ.. ဘာကြောင့် ဆိုတာလေးကို ပြောပြပေးပါလား…။
သက်ဝေရဲ့ဘလော့ဂ် ကို အလည်လာကြတဲ့ သူငယ်ချင်းတွေကို အလုပ်ပေးတယ် လို့တော့ မထင်စေချင်ပါဘူး။
သီချင်းနားထောင်ရင်း ပျော်ရွှင်နိုင်ကြပါစေ။


မမေ့သော အညာ (မွေးဌာနီ)
စကားဝါမြေ

Thursday, July 3, 2008

သက်ဝေ

ဒီပုံကတော့ Special ပေါ့...
သက်ဝေ နှင့် သူ၏ သူငယ်ချင်းများ တဲ့...။
လှတယ် ဟုတ်...။


* * * * * * * * * * * * * * * * *

Wednesday, July 2, 2008

တူတူညီညီ ရယ်ရယ်ပြုံးပြုံး


ဒီတပါတ်အလုပ်တွေ တအားကြီးကို ရှုတ်နေလို့  ရေးလက်စ တွေလဲ အဆုံးမသတ်နိုင်တာကြောင့်
အသစ်လဲ မတင်နိုင်ဘူး။
ဒီရက်တွေမှာ သက်ဝေဆီ လာလည်ပြီး C Box မှာ နှုတ်ဆက်သွားတဲ့သူငယ်ချင်းတွေ…
ပိုစ့်အဟောင်းလေးတွေမှာဘဲ Comment ရေးသွားတဲ့ သူငယ်ချင်းတွေ…
အားလုံးကို အားနာစွာနဲ့  ကျေးဇူးတင်ကြောင်းပြောပါရစေ…။

အခုတော့ E Mail ထဲက ရထားတဲ့ ချစ်စဖွယ် ကလေးငယ်လေးတွေနဲ့  ခွေးကလေးတွေရဲ့ 
ဓါတ်ပုံလေးတွေဘဲ တင်ပေးလိုက်ပါတယ်။






မီးမီးတို့ ရဲ့ သိပ်လှတဲ့ ဆံပင်ပုံစံကို သူတို့ တွေက အတုခိုးထားကြတာလေ…။


သားသားမျက်လုံးနဲ့  သူ့ မျက်လုံး.. ဘယ်သူက ပိုလှသလဲ.. မှန်မှန်ပြောကြနော်…။


ဤကလေး တစ်တစ်ရစ်ရစ် ၀ သည်။ အလွန်ချစ်ဖို့ ကောင်းသည်။


ကွန်ဖူး ချရင်း ရလာတဲ့ ဒါဏ်ရာတွေပေါ့…။


အိုကေ… အိုကေ… ပြီးရင် ရေသွားချိုးပါတော့မယ်… နော်။

ပျော်ရွင် ချမ်းမြေ့ကြပါစေ။