Sunday, July 27, 2014

သီရိလင်္ကာ ခရီးစဉ် (၇)

ဒီနေ့အတွက် အစီအစဉ်ကတော့ အခုရောက်နေတဲ့ ကန္ဒီမြို့လေးကနေ မြို့တော် ကိုလံဘိုက ဟိုတယ်ကို ပြန်ကြဖို့ ဖြစ်ပါတယ်။ အဲဒီမှာ တစ်ည အိပ်ပြီး နောက်တစ်နေ့မနက်မှာ လူကြီးတွေက ရန်ကုန်ကိုပြန်၊ ကျွန်မက စကာင်္ပူကို ပြန်ပေါ့။ ဒီနေ့ အပြန်လမ်းမှာ ၀င်စရာရှိတဲ့နေရာတွေက တစ်နေရာနဲ့ တစ်နေရာ အတော်ဝေးတော့ ကားပေါ်မှာ အချိန်ကုန်ရတာ များပါတယ်။ အစက စီစဉ်ထားသလို ကိုလံဘိုက ကမ်းခြေမှာ လမ်းလျှောက်ဖို့ ဓါတ်ပုံရိုက်ဖို့ အစီအစဉ်တစ်ခုကို ဖျက်လိုက်ပါတယ်။ ခြောက်ရက် ဆက်တိုက်ဆိုတော့ ဒီနေ့မှာ လူကြီးတွေကြည့်ရတာလည်း နည်းနည်းပင်ပန်းနေကြပြီ။

ဘရိတ်ဖတ်စား ကော်ဖီသောက်ပြီးတော့ ကန္ဒီမြို့လေးကနေ ထွက်လာခဲ့ကြတယ်။ အပြန်လမ်းတို့ရဲ့ ထုံးစံအတိုင်း လွမ်းစရာ။

သားရေအစစ်တွေနဲ့ လုပ်ထားတဲ့ ပစ္စည်းအရောင်းဆိုင်။ တွက်ကြည့်လိုက်တော့ ဈေးတွေက မသေးဘူး သားရေကတော့ ကောင်းမှာပါ။
ဒါပေမဲ့ ပုံတွေက ကျွန်မ မျက်စိနဲ့ မတိုးလှဘူး။ ဒါကြောင့် ဘာမှ မဝယ်ဖြစ်ခဲ့ဘူး။


ဒါကတော့ သီရိလင်္ကာနိုင်ငံရဲ့ တတိယအကြီးဆုံးမြို့ဖြစ်တဲ့ Kalutara မြို့မှာရှိတဲ့ မဟာဗောဓိ စေတီတော်ပါ။
ခရီးစဉ် (၂) မှာ ရေးခဲ့တဲ့ အနုရဓပူရမြို့ မဟာဗောဓိစေတီ တည်ထားတဲ့ ဗောဓိညောင်ပင်ကနေ ပွားယူထားတယ် လို့ နားလည်ပါတယ်။


အချိုးအစားကျနပြီး သိပ်လှတဲ့ ဗေဓိညောင်ရွက်တွေပါ။


ဘုရားမှာ ဆွမ်းနဲ့ ပန်း ဆီမီး ကပ်လှူ ပူဇော်ထားကြပုံပါ။ ဆွမ်းကို သပိတ်ကလေးနဲ့ကပ်ပါတယ်။ ပန်းကိုတော့ ကျွန်မတို့လို ပန်းအိုးနဲ့ ကပ်တာမျိုး မဟုတ်ပဲ အပွင့်လိုက် ခြွေပြီး ကပ်ထားတာ နှစ်သက်စရာပါ။ ဆီမီးပူဇော်စရာလည်း နေရာလေး သပ်သပ်ထားပြီး ပူဇော်ကြတာ တွေ့ရပါတယ်။


ဒါကတော့ ဘုရားဝင်း အပြင်ဖက် ကားလမ်းလေးတစ်လျှောက် စီတန်းနေတဲ့ အလှူခံပုံးကလေးတွေပါ။ ဒီလမ်းပေါ်ဖြတ်ပြီး ကားမောင်းသွားသူတွေ အတော်များများဟာ ဒီနားရောက်ရင် ကားခဏရပ်ပြီး အလှူထည့်၊ လက်အုပ်ကလေး ချီလို့ ဘုရားဖူးကြတာ တွေ့ရပါတယ်။
ပုံထဲမှာ ကြည့်ပါ။ ချစ်စရာ ကြည်နူးစရာ နှစ်သက်စရာ အလေ့အထလေးမို့ သဘောကျမိပါတယ်။


ဘုရားဖူးပြီး မလှမ်းမကမ်းက ဆိုင်ကလေးတစ်ခုမှာ နေ့လည်စာ စားကြပါတယ်။ ပြီးတော့ ကိုလံဘိုမြို့က မကုဋာရာမ မြန်မာကျောင်းတိုက်ကို ခရီးဆက်ကြပါတယ်။ ခရီးက ဝေးပြီး အချိန်က နည်းနေတာကြောင့် သူတို့ဆီက နာမည်ကျော် ကိုလံဘို ကမ်းခြေကို ကားပေါ်ကပဲ လှမ်းကြည့်လိုက်ပါတယ်။ ကမ်းခြေဆိုမှတော့ ရေတွေပဲ ရှိမှာပေါ့ အဆန်းမှ မဟုတ်တာပဲ လို့ ကျွန်မက ပြောတော့ လူကြီးတွေက ရယ်ကြတယ်။ သူတို့စိတ်ထဲမှာတော့ ဒီသမီး တယ်တော်ပါလား လို့ တွေးနေကြမှာပေါ့လေ…။

လှပ ခမ်းနားတဲ့ 
 မကုဋာရာမ  မြန်မာကျောင်းတိုက်ပါ။

ကျောင်းရဲ့ နာယကအဖွဲ့ဝင် ဆရာတော် လေးပါးထဲက ဦးကိတ္တသာရ ဆိုတဲ့ ဦးဇင်းလေးတစ်ပါးကို တွေ့ဆုံ ဖူးမျှော်ခွင့်၊ စကားပြောခွင့်၊ လှူဖွယ်ဝတ္ထု ကပ်လှူခွင့် ရခဲ့ပါတယ်။ ဦးဇင်း ပြောသမျှကို ကျွန်မ မှတ်မိသလောက် အတိုချုံးပြီး ပြန်ပြောပြရရင် ဒီကျောင်းမှာ စာသင်သား သံဃာ အပါး ခြောက်ဆယ်ကနေ ရှစ်ဆယ်အထိ သီတင်းသုံးပါတယ်။ အများစုက အဲဒီက သာသနာ့တက္ကသိုလ် အသီးသီးမှာ Master နဲ့ Ph.D တက်နေတဲ့ စာသင်သံဃာတွေပါ။ သံဃာအပါးအရေအတွက်များတော့ နေ့စဉ်အတွက် ဆွမ်း ကွမ်း ဝေယျာဝစ္စ သိပ်မပြည့်စုံပါဘူး။ အလှူရှင်မရှိတဲ့နေ့တွေမှာဆို အသားဟင်း မပါပဲ သက်သက်သာသာနဲ့ ဝယ်လို့ရတဲ့ ခရမ်းသီးလို အသီးမျိုးတွေသာ ချက်နိုင်တယ်လို့ သိရပါတယ်။

နောက်တစ်ခုက အခြားနိုင်ငံတွေက ကြွလာတဲ့ နိုင်ငံခြားသား စာသင်သား သံဃာတော်တွေအတွက် နေရေးထိုင်ရေးနဲ့ ဆွမ်းဝေယျာဝစ္စဟာ စားရိတ်ငြိမ်းဖြစ်ပေမဲ့ မြန်မာပြည်ကကြွလာတဲ့ စာသင်သံဃာတော်တွေအတွက်တော့ ကျောင်းဆောင်လည်း မရ၊ ဆွမ်း ဝေယျာဝစ္စလည်း ကိုယ့်ဟာကိုယ်ပဲ ရောင့်ရဲချို့တဲ့စွာ ဖြေရှင်းကြရတယ် လို့ သိရပါတယ်။ ဘယ်သူမှ တာဝန်ယူ ဖြေရှင်းမပေးနိုင်သေးတဲ့ အဲဒီ ခွဲခြားမှုကတော့ စိတ်မကောင်းစရာပါ။ ကျွန်မတို့နဲ့ အတူတူပါလာတဲ့ အန်ကယ်ကတော့ အဲဒီကိစ္စကို နိုင်ငံတော် သံဃာ့မဟာနာယကအဖွဲ့နဲ့ သီတဂူဆရာတော်ကြီးကို လျှောက်တင်ကြည့်ပါ့မယ်လို့ ပြောခဲ့ပါတယ်။

အဲဒီမှာ ပညာဆည်းပူးပြီးတဲ့ သံဃာတော်တွေ ကိုယ့်ရပ်ကိုယ့်ရွာကို ပြန်ကြွပြီး သာသနာပြုကြတဲ့အခါမှာ တွေ့ရတဲ့ အခက်အခဲတွေကိုလည်း ဦးဇင်းလေးက ပြောပြပါသေးတယ်။ ဝေးလံခေါင်ဖျားဒေသ မဟုတ်၊ မြို့နဲ့ မနီးမဝေးက ကျေးရွာတွေမှာတောင်မှ သံဃာဦးရေ တဖြည်းဖြည်း နည်းပါးကုန်တဲ့အကြောင်း၊ ရွာသားတွေကို သာသနာ့ဘောင်ကို ဝင်ဖို့ လွယ်လွယ်ကူကူ ဆွယ်တရားဟောလို့ မရတော့တဲ့အကြောင်း၊ တချို့ရွာတွေမှာဆို သာသနာတော် ကွယ်ပျောက်ပြီး ရွာလုံးကျွတ် တခြားဘာသာဝင်တွေ ဖြစ်ကုန်ကြတဲ့အကြောင်း၊ ဘာအကူအညီ၊ ဘာအထောက်အပံ့မှ မရှိပဲ ကိုယ့်စားရိတ်နဲ့ကိုယ် သာသနာပြုကြရတာမို့ ထင်သလောက် မတွင်ကျယ်လှကြောင်း တွေကြားရတော့ ကျွန်မတို့လည်း ဘာမှ ပြန်မပြောနိုင်ပဲ နှုတ်ဆိတ်ပြီး စိတ်မကောင်းဖြစ်ရပါတယ်။ ဦးဇင်းလေးနဲ့ စကားတွေ အကြာကြီး ပြောပြီး ကျောင်းရှိ သံဃာကုန်အတွက် ပြည့်စုံတဲ့ ဆွမ်းအလှူ (အာရုံ + နေ့ဆွမ်း) သုံးရက်စာ လှူခဲ့ပါတယ်။ စိတ်ထဲမှာတွေးမိတာကတော့ စကာင်္ပူ ပြန်ရောက်ရင် သူငယ်ချင်း မိတ်ဆွေတွေဆီက အလှူခံပြီး စုပေါင်းအလှူ ထပ်လှူအုံးမယ်လို့ပါ။ ခုထိတော့ အကောင်အထည် မဖေါ်ဖြစ်သေးပါဘူး။

အဲဒီကနေ အပြန်မှာ ကလျာဏီသိမ်ကို ဝင်ပါတယ်။ အင်မတန် လှပတဲ့ ဗိသုကာလက်ရာတွေနဲ့ ဆောက်လုပ်ထားတဲ့ ကလျာဏီသိမ်ပါ။


ဒါက ကလျာဏီသိမ်ရဲ့ အဝင် မျက်နှာစာပါ။

ဒီနေရာလေးကတော့ ရေသိမ် လို့ သိရပါတယ်။

ဒါကတော့ ဘုရားစောင်းတန်းက ပန်းဆိုင်လေးပေါ့။ သိပ်လှတဲ့ ကြာတွေ။ ဈေးကလည်း ပေါလိုက်တာ။
ပုံးကလေး တစ်ပုံးမှ စလုံး တစ်ဒေါ်လာလောက်ပဲ ပေးရတယ်။ အဲဒီ အဝင်လမ်းတစ်လျောက်မှာ အဲလိုကြာပန်းဆိုင်တွေချည်းပဲ တန်းစီလို့။


အပေါ် အောက် အဖြူရောင်ဝတ်စုံတွေနဲ့ ဘုရားဖူးတွေကလည်း ကျောင်းဝင်းတစ်ခုလုံး ပြည့်လို့။

ဒီပုံမှာတွေ့ရတာက စတုဒီသာ အဖြစ် ကော်ဖီနဲ့ ကွတ်ကီးစ်လေးတွေ ကျွေးနေတာပါ။ ကျွန်မလည်း သူတို့ကြားထဲတိုးပြီး ကော်ဖီတစ်ခွက်နဲ့ အုန်းသီးနံ့မွှေးနေတဲ့ ကွတ်ကီးစ် နှစ်ခု စားခဲ့ပါသေးတယ်။

တစ်ကျောင်းတစ်ဂါထာလို့ ဆိုရမှာပဲ။ သူတို့ဆီက ဘုရားရှိခိုး ဝတ်ပြုပုံက ဘုရားဖက်ကို ခြေထောက်တွေ ဆင်းလို့၊ တစ်ချို့က လက်အုပ်လေးတွေချီလို့ ဘုရားရှိခိုး၊ တချို့ကလည်း စာအုပ်ကလေးတွေဖွင့်ပြီး တစ်ခုခုကို ရွတ်ဖတ်ပူဇော်နေကြဟန်တူရဲ့။ အနောက်က အပင်တွေအားလုံးကတော့ အပွင့်တွေ အဖူးတွေ ဝေနေတဲ့ ကံ့ကော်ပင်တွေပါ။


အဲဒီမှာ ဘုရားဝတ်ပြုပြီးတော့ နေတော်တော်စောင်းနေပြီ။ အပြန်လမ်းမှာ ဟိုတယ်နဲ့ နီးတဲ့ ဆိုင်လေးတစ်ဆိုင်မှာ ညစာဝင်စားပြီး ည ရှစ်နာရီလောက်မှာ ဟိုတယ်ကို ပြန်ရောက်ပါတယ်။ အမှန်ဆို ကျွန်မတို့ အစီအစဉ်ဆွဲတာ တစ်ရက် လိုသွားတယ်လို့ လူကြီးတွေက ပြောပါတယ်။ ဘာလို့ဆို မြို့တော် ကိုလံဘိုမြို့မှာ သေသေချာချာ လည်ချိန် မရှိလိုက်လို့ပါ။ တတ်နိုင်ဘူးပေါ့… နောက်နှစ်ကျ နောက်တစ်ခေါက် ထပ်လာကြအုံးမယ်လေ လို့ ရယ်စရာ ပြောဖြစ်ကြပါသေးတယ်။ နောက်တစ်နေ့မနက်မှာ စကာင်္ပူပြန်မဲ့လေယာဉ်ရော ရန်ကုန်ပြန်မဲ့လေယာဉ်ပါ မနက် ၇ နာရီခွဲ Check-in မို့ သိမ်းစရာရှိတဲ့ ပစ္စည်းတွေ သိမ်း၊ ကားခ နဲ့ Tour Guide အတွက် ကျသင့်ငွေ ၊ ပြီးတော့ ဟိုတယ်ခတွေပါ တစ်ခါထဲ ရှင်း၊ ရေမိုးချိုးပြီး အိပ်ရာဝင်ကြပါတယ်။

သီရိလင်္ကာ ဘုရားဖူးခရီးစဉ်ကို ဒီမှာ အဆုံးသတ်လိုက်ပါပြီ။ ခရီးစဉ်တစ်လျောက်လုံးမှာ အသက်ခုနှစ်ဆယ်ကျော်၊ ရှစ်ဆယ်ကျော် လူကြီးလေးယောက်စလုံး ကျန်းကျန်းမာမာရှိကြတာမို့ ဘုရားဖူးရတာ စိတ်အေးလက်အေးနဲ့ ပျော်စရာကောင်းပါတယ်။ နောက်တစ်ပိုစ့်မှာတော့ ကျွန်မတို့ စားခဲ့ရတဲ့ အစားအစာတစ်ချို့နဲ့ သိခဲ့ မြင်ခဲ့ရတဲ့ ဟိုဟာ ဒီဟာ ဗဟုသုတ အတိုအထွာလေးတွေ ပြောပြပါဦးမယ်။

Friday, July 25, 2014

သီရိလင်္ကာ ခရီးစဉ် (၆)

ဒီနေ့ မနက်တော့ လဖက်ခင်းတွေအများကြီးရှိတဲ့ တောင်ပေါ်မြို့လေး နောက်တစ်မြို့ကို သွားလည်ဖြစ်ပါတယ်။ မြို့နာမည်က Nuwara Eliya လို့ ခေါ်ပါတယ်။ အဲဒီ တောင်ပေါ်ဒေသ တစ်ခုလုံးဟာ လဖက်စိုက်ခင်းတွေနဲ့ စိမ်းစို လှပပြီး သိပ်သာယာပါတယ်။
အဲဒီလို လဖက်စိုက်ခင်းတွေနဲ့အတူ လဖက်ခြောက်စက်ရုံပါ တွဲရက် တည်ရှိတဲ့ Labookellie Estate က Mackwoods ဆိုတဲ့ နေရာကို ရောက်ခဲ့ပါတယ်။ ဒီနေရာက ခရီးသွားတွေ တစ်ထောက်နားပြီး သူတို့ရဲ့ နာမည်ကြီး Ceylon လဖက်ခြောက်ဝယ်လို့ရအောင် သေသေချာချာ စီစဉ်ပေးထားတဲ့နေရာလေး တခုပါ။
လာသမျှ ခရီးသည်တိုင်းကို လှိုက်လှဲပျူငှာစွာ ကြိုဆိုတဲ့အပြင် ပန်းရောင်စုံတွေ လှလှပပ ဝေဝေဆာဆာ ပွင့်ဖူးနေတဲ့ ပန်းခြံထဲမှာ ရောင်စုံထီးတွေ မိုးထားတဲ့ စားပွဲ ကုလားထိုင်တွေ အများကြီး ချထားပြီး အေးအေးဆေးဆေး အနားယူစေပါတယ်။ ပြီးတော့ အခုလို Ceylon Tea တစ်ခွက်စီ နဲ့ ဧည့်ခံပါတယ်။ ကိတ်မုန့်စားချင်ရင်တော့ ကိုယ့်ဟာကိုယ် ၀ယ်စားရပါတယ်။
ဆိုင်အတွင်းဖက်မှာ လဖက်ခြောက် ဝယ်လို့ရတဲ့နေရာ၊ သီရိလင်္ကာ အထိမ်းအမှတ် တီရှပ်တို့ ကီးချိန်းတို့ စတဲ့ အမှတ်တရ ပစ္စည်း အရောင်းဆိုင်လေး ရှိပါတယ်။ ကျွန်မကတော့ လက်ဆောင်ပေးစရာ လဖက်ခြောက် နည်းနည်းနဲ့ အမှတ်တရ တီရှပ် တစ်ထည် ဝယ်လာခဲ့ပါတယ်။ တီရှပ်လေးမှာ ရေးထာတာက… The 3 essential things in life (Peace / Love & Tea) တဲ့။ ကျွန်မအတွက်ဆို Tea မဟုတ်ပဲ ကော်ဖီသာ ဖြစ်သင့်တယ်လို့ ကိုယ်တိုင် စဉ်းစားမိသလို ကျွန်မ ကော်ဖီသိပ်ကြိုက်မှန်းသိတဲ့ လူကြီးတွေကလည်း ဒီတီရှပ်မှာ Tea အစား Coffee ဆိုမှ သမီးနဲ့ ပိုလိုက်မှာ လို့ ပြောကြပါတယ်။

အဲဒီမှာ Ceylon Tea တခွက်စီသောက်၊ ကိတ်မုန့်ဝယ်စား၊ အေးအေးဆေးဆေး အနားယူပြီး Little England ဆိုတဲ့နေရာလေးကို ဆက်သွားကြပါတယ်။ စိတ်ထဲကတော့ Little England ဆိုတာ ဘယ်လိုနေရာမျိုးပါလိမ့်လို့ တွေးရင်း ဓါတ်ပုံရိုက်ဖို့ ဟန်ရေးတပြင်ပြင်နဲ့ပေါ့။ ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ခဲ့ပါဘူး။ တောင်စောင်းမှာ အစီအရီ ဆောက်ထားတဲ့ အိမ်ကလေးတွေသာ ရှိတဲ့ နေရာက Little England တဲ့။ ဘာမှလည်း ဆင်းကြည့်စရာ မရှိသလို ဓါတ်ပုံရိုက်ဖို့လည်း ဘာမှ ထူးထူးခြားခြား မတွေ့ခဲ့ပါဘူး။ ကမ်းခြေခပ်သေးသေးတခု၊ ဂေါက်ကွင်း နဲ့ လှေစီးလို့ရတဲ့ ဆိပ်ကမ်းတခုတော့ တွေ့ခဲ့ပါတယ်။ တောင်ပေါ်မြို့ရဲ့ နေလို့ကောင်းတဲ့ ရာသီဥတုနဲ့ အေးဆေး ဆိပ်ငြိမ်ရာ နေရာလေးမို့ ညအိပ် ညနေ လာရောက် အနားယူသူတွေများပုံတော့ ရပါတယ်။ ရေဗူးတဗူးစီ ကိုင်ပြီး ကျန်းမာရေးအတွက် လေ့ကျင့်ခန်းယူ လမ်းလျှောက်နေသူတွေ၊ နေရောင်ခြည်အောက်မှာ စာတစ်အုပ်နဲ့ အေချမ်းနေသူတွေ၊ မြက်ခင်းစိမ်းပေါ်မှာ ကလေးငယ်တွေနဲ့ ဆော့ကစားနေသူတွေကို တွေ့ရပါတယ်။ အများစုကတော့ နိုင်ငံခြားသား လူဖြူတွေပါ။ ဒါကြောင့်များ ဒီနေရာကို Little England ခေါ်လေသလားလို့ တွေးနေမိပါတယ်။
အဲဒီ Little England ကနေ ဆယ်မိနစ်လောက် ဆက်မောင်းလိုက်တော့ မယ်သီတာကို ဒဿဂီရိက ခိုးယူလာပြီး ဖွက်ထားတဲ့ နေရာကို ရောက်ပါတယ်။ လမ်းမျက်နှာပြင်ထက် အောက်ကို ပေနှစ်ဆယ်လောက် နိမ့်တဲ့ နေရာလေးပါ။ ထူးခြားတာတခုကတော့ အဲဒီနေရာလေးက အရမ်းကို စိမ့်နေအောင် အေးပါတယ်။ အထဲကို ဝင်မယ်ဆို ဖိနပ်စီးလို့ မရတာမို့ အေးစက်နေတဲ့ ကျောက်ပြားခင်းတွေမှာ ခြေထောက်ကို မနည်း နင်းရပါတယ်။ အထဲမှာ ကြာကြာမရပ်နိုင်အောင် အေးတဲ့အပြင် လေကလည်း တိုက်လိုက်တာ အေးစက်နေတာပဲ။ ဒီတော့ ဓါတ်ပုံ မြန်မြန်ရိုက်ပြီး မြန်မြန် အပေါ်ပြန်တက်ရပါတယ်။ ဒီပုံလေးတွေကတော့ အပြင်ဖက်က လမ်းမက လှမ်းရိုက်ထားတာပါ။
ဒါကတော့ သုချိတ်နဲ့ ဘာလီ လို့ သိရပါတယ်။
ဒါတွေကလည်း အဲဒီထဲမှာ တွေ့ခဲ့ရတဲ့ ပုဂ္ဂိုလ်တွေပါ။ တချိန်ကတော့ လူကြီးလူကောင်းများ ဖြစ်ဟန်တူပါတယ်။ တခန်းတနားကို ပြင်ဆင်ထားတာပါ။ ပါဠိစာလုံးတွေကို အင်္ဂလိပ်လိုရေးထားတဲ့ အမည်နာမ တချို့ကို မသဲမကွဲ တွေ့ရပါတယ်။ ကျွန်မ မဖတ်တတ်တာကြောင့် ဘယ်သူ ဘယ်ဝါရယ်လို့ ပြန်ရေးပြစရာ မရှိပါဘူး။
ဒီပုံမှာတွေ့ရတဲ့ အချိုင့်အခွက်တွေကတော့ သုချိတ်တို့ ဘာလီတို့ရဲ့ ခြေရာတွေ လို့ သိရပါတယ်။ တချို့ကလည်း ဟာနုမာန်ရဲ့ ခြေရာလို့ ပြောတယ်။ အကြီးကြီးတွေပဲနော်… ဟိ
အပြန်လမ်း တောင်အဆင်း လမ်းတလျောက်က နေပူပေမဲ့ အင်မတန် သာယာပါတယ်။ တောင်တွေ ရေတွေ ပတ်လည်ဝိုင်းနေတဲ့ နေရာလေးတခုမှာ နေ့လည်စာ ၀င်စားကြတော့ အချိန်က တော်တော်လေး နောက်ကျနေပါပြီ။ ဒီပုံလေး နှစ်ပုံကတော့ ကျွန်မတို့ စားတဲ့ ဘူဖေးဆိုင်ကနေ လှမ်းမြင်နေရတဲ့ မြင်ကွင်းပါ။ မြုတွေရှိနေတာမို့ ဓါတ်ပုံက ကြည်ကြည်လင်လင် မရှိလှဘူး။
ကျွန်မတို့ တည်းတဲ့နေရာကို ပြန်ရောက်တော့ လူကြီးတွေက ပင်ပန်းနေကြပြီ။ ညနေပိုင်းကို အနားယူပြီး ညစာ မစားခင်မှာ ကန္ဒီမြို့က စာသင်တိုက်နဲ့ တွဲရက်ရှိတဲ့ မြန်မာဘုန်းကြီးကျောင်းကို သွားပြီး န၀ကမ္မ လှူခဲ့ပါသေးတယ်။ နောက်တန့မှာ သီရိလင်္ကာရဲ့ မြို့တော် ကိုလံဘိုကို ပြန်ရတော့မှာပါ။ အပြန်လမ်းမှာ ဘုရားတချို့ ၀င်ဖူးပြီး ကိုလံဘို မြန်မာဘုန်းကြီးကျောင်းနဲ့ ကလျာဏီသိမ်ကိုလည်း သွားရမယ်လို့ သိရပါတယ်။ ဆဌမမြောက်နေ့ အဖြစ် ကျွန်မနဲ့ ဘုရားဖူး လိုက်ခဲ့ကြပါအုံးနော်။


- ၂၀၁၅ နိုဝင်ဘာလထုတ် Living Fashion Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်

Thursday, July 24, 2014

မြူတွေလား ချစ်သူလား...

ဖြောင့်ဖြူး ပြေပြစ်တဲ့ အနက်ရောင် ကတ္တရာလမ်းလေးပေါ်မှာ ဖြေးဖြေး နဲ့ မှန်မှန် လျှောက်လာခဲ့တယ်။ မြူတွေနဲ့ ပိတ်ဆည်းနေတဲ့ ဒီလျှောက်လမ်းကလေးက သာသာယာယာ။ ကိုယ့်အာရုံနဲ့ ကိုယ်မို့ ဘေးဘီဝဲယာကိုလည်း လှည့်မကြည့်မိဘူး။ သေချာတာကတော့ လမ်းကလေးရဲ့ ဘယ်ဖက်မှာ ရေစီး သိပ်မသန်တဲ့ စမ်းချောင်းကလေး ရှိမယ်။ လမ်းကလေးရဲ့ ညာဖက်မှာကတော့ မြက်ခင်းစိမ်းစိမ်းတွေနဲ့ သစ်ပင်အုပ်ကလေးတွေ၊ သစ်သားမီးတိုင်လေးတွေနဲ့ အမောပြေ နားနေစရာ သစ်သားခုံတန်းလျား ခပ်ဟောင်းဟောင်းလေးတွေ။ ဒါတွေဟာ ဒီလမ်းလေးကိုရောက်တိုင်း မလွဲမသွေ မြင်နေကျ ရိုးအီနေတဲ့၊ ပြီးတော့ အလွတ်ရနေတဲ့ မြင်ကွင်းတွေပဲ။


အဲဒီအချိန်မှာ ရွှေညိုရောင် မြင်းပုပုလေးတစ်ကောင်ကို ကြိုးနဲ့ဆွဲရင်း လမ်းလျှောက်လာသူ တစ်ယောက်နဲ့ ရုတ်တရက် မျက်နှာချင်းဆိုင် တွေ့လိုက်တယ်။ မြင်ကွင်းဟာ မြူတွေနဲ့ေ၀၀ါးနေတာ၊ အနားရောက်မှ ဗြုန်းကနဲ တွေ့လိုက်ရသလို ဖြစ်သွားတာဆိုတော့ ရှောင်ချိန် တိမ်းချိန် မရလိုက်ဘူး။ သူနဲ့ ကျွန်မ ခန္ဓာကိုယ်ချင်း ထိတော့မတတ်ကို ဖြစ်သွားတယ်။ တကယ်ဆို မြင်းကလေးရဲ့ ခွာသံလောက်တော့ ကျွန်မ ကြားသင့်တာပေါ့။ ရှက်စိတ်နဲ့အတူ အားနာပြီး တောင်းပန်စကားဆိုဖို့ မော့ကြည့်လိုက်တော့ သူ့မျက်နှာက ကိုယ်နဲ့ သိပ်ရင်းနှီးနေတဲ့မျက်နှာမျိုး။ ထူးဆန်းလိုက်တာ၊ တကယ်ကိုပဲ အနှစ်နှစ် အလလက အကျွမ်းတ၀င် ရင်းနှီးခဲ့ဖူးသူ မိတ်ဟောင်းဆွေဟောင်း တစ်ယောက်လို။

“ဆောရီးနော်… ကျွန်မ မမြင်လိုက်လို့ပါ…”

ကျွန်မ သူ့ကို မော့ကြည့်ပြီး ခပ်တိုးတိုး တောင်းပန်လိုက်မိတယ်။ 

“ရပါတယ်၊ ကိစ္စမရှိပါဘူး… ဒါပေမဲ့ ကိုယ် မင်းကို ဒီမြင်းကလေးနဲ့ မိတ်ဆက်ပေးချင်တယ်…”
 
“ရှင်… ဟုတ်ကဲ့…”

အယောင်ယောင် အမှားမှားနဲ့ ဟုတ်ကဲ့ လို့ ပြောလိုက်ပြီးကာမှ တွေးမိတယ်။ ဘုရား ဘုရား… သူ့မြင်းနဲ့ ကျွန်မကို မိတ်ဆက်ပေးချင်တာတဲ့၊ ဘယ်လိုလူပါလိမ့်။ တကယ်ဆို သူ့ကိုယ်သူ ကျွန်တော်ဘယ်သူ ဘယ်ဝါ ပါလို့ အရင် မိတ်ဆက်သင့်တယ် မဟုတ်လား။ အံ့သြစိတ်တစ်ဝက်၊ ရယ်ချင်စိတ်တစ်ဝက်နဲ့ ကျွန်မ သူ့ကို နောက်တစ်ကြိမ် မော့ကြည့်မိပြန်တယ်။

“ရှင်က တော်တော်အရပ်ရှည်တာပဲနော်…”

ဘာကြောင့်မှန်းမသိ၊ မဆီမဆိုင် လွှတ်ကနဲ ကျွန်မ ပါးစပ်က ထွက်သွားတာ။ ပြောပြီးမှ ရှက်စိတ်နဲ့အတူ ဒီစကားကို ကျွန်မ မပြောဖြစ်လိုက်သလို ထားပေးပါနော် လို့ ပြန်နှုတ်ယူလို့ရရင် ဘယ်လောက်ကောင်းမလဲ တွေးနေမိတယ်။ သူကတော့ ခုချိန်ထိ ကျွန်မကို ပြုံးကြည့်နေတာပဲ…

“ကိုယ့်မြင်းကလေးနာမည်က ရွှေညိုတဲ့… မင်းနာမည်ကရော…”

“ကျွန်မ… ကျွန်မနာမည် မြူ လို့ ခေါ်ပါတယ်…”

မျက်စိရှေ့မှာ တွေ့နေရတဲ့ မြူတွေကို အလွယ်တကူ၊ ပြီးတော့ မှင်သေသေနဲ့ နာမည်တစ်ခု ချက်ချင်း ကောက်ရသလို လုပ်ပလိုက်တယ်။ ဒါပေမဲ့ သူက နည်းနည်းမှ အံ့သြဟန် မပြပါဘူး။ သူ ပြောလက်စ စကားကို ဆက်ပြောနေတယ်။ သူ့ကိုကြည့်ရတာ သိပ် သက်တောင့်သက်သာ ရှိတာပဲ။

“ရွှေညိုက သိပ်လိမ်မာတဲ့ မြင်းကလေး တစ်ကောင်ကွ၊ ကိုယ်နဲ့ အဖေါ်လုပ်လာတာ အခုဆိုရင် နှစ်ပေါင်း မနည်းတော့ဘူး… မင်း အချိန်ရတယ် မဟုတ်လား… ကိုယ်တို့ ဟိုနားက ခုံတန်းကလေးမှာထိုင်ရင်း စကားပြောကြရအောင်လေ… လာ…”

ပြောပြောဆိုဆိုနဲ့ သူက မြင်းကလေး ရွှေညိုကို ဆွဲရင်း အရှေ့က လျှောက်သွားတယ်။ ကျွန်မကတော့ အိပ်မက်ယောင်နေသူတစ်ယောက် ဒါမှမဟုတ် စိတ်အညှို့ခံထားရသူ တစ်ယောက်လို အနောက်ကနေ တစ်လှမ်းချင်း လိုက်လျှောက်သွားမိတယ်။ သူက ရွှေညိုကို ခပ်လှမ်းလှမ်းက သစ်ပင်တစ်ပင်မှာ အသာ ချည်ထားပြီး ခုံတန်းလေးရဲ့ဘယ်ဖက်အစွန်မှာ ၀င်ထိုင်လိုက်တယ်။ ပြီးတော့ ထိုင်လေ ဆိုတဲ့ ပုံစံမျိုးနဲ့ ကျွန်မကို မေးဆတ်ပြတယ်။ ခပ်ဟောင်းဟောင်း သစ်သားခုံတန်း ကျဉ်းကျဉ်းလေးမှာ သူနဲ့ ကျွန်မတစ်ယောက်နဲ့ တစ်ယောက် မထိမိအောင် သတိထားရင်း ခပ်ကျုံ့ကျုံ့နဲ့ ကိုယ်ကို ယို့ပြီး ဝင်ထိုင်လိုက်ကြတယ်။ ခုချိန်ထိ ကျွန်မစိတ်ထဲ အိပ်မက်ယောင်နေတယ်လို့ ခံစားနေရတုန်းပဲ။

“မင်း နာမည် မြူ နော်…”

“ဟုတ်ပါတယ်… ကျွန်မ နာမည် မြူ ပါ…”

ဒီတစ်ကြိမ်မှာတော့ ကျွန်မနာမည်ကို အထစ်အငေါ့မရှိ ရဲရဲတင်းတင်း ပြောဝံ့သွားပြီ။ ကျွန်မ စကားအဆုံးမှာ သူက ဆက်ပြောတယ်။

“ချစ်ခြင်းမေတ္တာအကြောင်းကို မင်း… အဲ… မြူ ဘယ်လောက်သိသလဲ…”

ကျွန်မ ယောင်အအနဲ့ ခေါင်းယမ်းပြလိုက်မိတယ်။ ဒီတော့ သူက ကျေနပ်သွားတဲ့ဟန်နဲ့ ချစ်ခြင်းမေတ္တာဆိုတဲ့ ခေါင်းစဉ်ကို အကျယ်တ၀ံ့ ရှင်းပြတော့မလို၊ စကားတွေ ပြောဖို့ လည်ချောင်းတစ်ချက် ရှင်းတယ်။ အဲဒီအချိန်မှာပဲ ကျွန်မက…

“ချစ်ခြင်းမေတ္တာ ဟုတ်လား… ချစ်ခြင်းမေတ္တာ ဆိုတာ ဘာလဲ၊ ဘယ်လိုဟာမျိုးလဲ… ရေခဲမုန့်လို ချိုသလား၊ စတော်ဘယ်ရီသီးလို လှသလား၊ နှင်းဆီပန်းလို မွှေးသလား၊ အက်စပရက်စိုလို ခါးသလား၊ မီးတောက်တစ်ခုလို ပူလောင်စွာ လောင်ကျွမ်းစေနိုင်တာလား၊ တိမ်တစ်စလို ဖမ်းဆုပ်မရအောင် မျောလွင့်နေတတ်တာလား၊ ကမ်းစပ်က အုန်းပင်တွေလို ရှည်ရှည်မျောမျောလား၊ မိုးပေါ်က လမင်းကြီးလို ဖြူဖြူဝိုင်းဝိုင်းလား၊ ပိုးပုဝါ တစ်ထည်လို နူးညံ့ပျော့ပြောင်းသလား၊ အဆိပ်ငွေ့တွေ သင့်သလို လူတစ်ယောက်ကို ချက်ချင်း သေစေနိုင်သလား…” 

အဲဒီလို ရုတ်တရက် ပြီးတော့ အဆောတလျင်နိုင်လှစွာနဲ့ ဖြတ်မေးလိုက်မိတယ်။ အမှန်က ချစ်ခြင်းမေတ္တာဆိုတာ ဟိုမှာတွေ့နေရတဲ့ မြူတွေလို မှုန်ရီပြီး ဝေေ၀၀ါးဝါး နိုင်သလား လို့ပါ ထည့်မေးလိုက်ချင်တာ။ ခက်တာက ကျွန်မက ကိုယ့်နာမည်ကို မြူ လို့ ပြောထားမိရက်သားဖြစ်နေတော့ အဲဒီမေးခွန်းကို အားနာနာနဲ့ ချန်ထားလိုက်ရတယ်။ ကျွန်မရဲ့ အမေးစကားအဆုံးမှာ သူက ကျွန်မ မေးခွန်းထုတ်လိုက်တာ သူ့ကို မဟုတ်သလိုနဲ့…

“ဒီမှာ မြူ…. မင်း မြစ် ကို သိတယ် မဟုတ်လား…”  လို့ အဆက်မရှိ၊ မစပ်မရှိ မေးခွန်းပြန်ထုတ်တယ်။

ခုနက ကျွန်မ မေးထားတဲ့ မေးခွန်းတွေကို ရှင် မဖြေရသေးဘူးနော် လို့ စောဒက တက်ချင်စိတ်ကို အသာဖျောက်ပြီး ဟုတ်ကဲ့… လို့ တိုးတိုးပြောရင်း ကျွန်မ ခေါင်းညိတ်ပြလိုက်တယ်။ ဟုတ်တယ်လေ… မြစ် ဆိုတာကို ကျွန်မ ကောင်းကောင်းကြီး သိတာပေါ့။ မျက်စိတစ်ဆုံး ရေတွေပြည့်လျှံကျလုမတတ် ဖွေးနေတဲ့ အလျားရှည်ရှည် မြစ်တစ်စင်းကို အတွေးစိတ်ကူးထဲမှာ ချက်ခြင်း မြင်ယောင်လာတယ်။ ရုတ်တရက် ကျွန်မ ပျော်သွားတယ်။ ကမ်းစပ်တွေနဲ့ ရေတွေကို ကျွန်မ သိပ်သဘောကျတယ်လေ။

တဆက်တည်းမှာ ကျွန်မ တွေးမိတယ်။ သူ့ဆီမှာ လူတစ်ဖက်သားကို ညှို့ယူ ဆွဲဆောင်နိုင်တဲ့ တန်ခိုးအာနိသင် တစ်စုံတစ်ရာများ ရှိနေရော့လား လို့။ ဘာလို့ဆို သူက လာ လို့ ခေါ်တော့သူ့ နောက် လိုက်သွားမိပြီး သူက ထိုင် ဆိုတော့လည်း ထိုင်လိုက်မိတာကိုး။ သူနာမည်မေးတော့လည်း ဟုတ်တာ မဟုတ်တာ အသာထား၊ ဖြေတော့ ဖြေလိုက်မိတာပဲလေ။ သူကဖြင့် အခုချိန်အထိ သူ့နာမည်၊ သူ့အကြောင်း တစ်ခွန်းမှ မပြောပဲ သူ့ မြင်းကလေးနာမည်သာ ပြောပြခဲ့တာ မဟုတ်လား။ အဲဒီလို တွေးနေတုန်းမှာ သူ့စကားသံကို ကြားလိုက်ရတာ။

“ဟုတ်တယ် မြူ… ချစ်ခြင်းမေတ္တာဆိုတာ အစဉ် စီးဆင်းနေတဲ့ မြစ်တစ်စင်းလိုပဲ… ဖြေးဖြေးမှန်မှန်နဲ့ တစိမ့်စိမ့် စီးဆင်းတယ်၊ တစ်ခါတစ်ရံမှာတော့ ရေစီးသန်သန် စီးဆင်းတတ်တယ်၊ ဒါပေမဲ့ အချိန် တော်တော်များများမှာတော့ အိနြေ္ဒရပြီး တည်ငြိမ်တယ်၊ အေးချမ်း သိမ်မွေ့တယ်၊ နူးညံ့ လှပတယ်၊ မြစ်ထဲမှာ ရေနည်းနည်းပဲ ရှိနေရင်တောင် မြစ်ဟာ လှနေတုန်းပဲ၊ မြစ်ရေ စီးနေတဲ့အသံကိုရော မင်း နားထောင်ဖူးသလား မြူ… သိပ်ကို သာယာ ငြိမ့်ငြောင်းတာကွ…”

ဒီနေရာမှာ ကျွန်မ တစ်ခု ၀န်ခံချင်တာက သူ့ရဲ့ စကားသံဟာ သူပြောနေတဲ့ မြစ်ရေစီးသံလိုပဲ တော်တော်နားထောင်လို့ ကောင်းတယ် ဆိုတာကိုပါ။ ပြီးတော့ သူ့စကားသံတွေဟာ ဟိုး ဝေးဝေး ဘုရားကျောင်းတစ်ခုက မျောလွင့်လာတဲ့ ခေါင်းလောင်းသံလို သာယာနာပျော်စွာ နှစ်လိုဖွယ်အတိ။ သူက ဆက်ပြောတယ်။

“မြစ်တစ်စင်းနဲ့တူတဲ့ ချစ်ခြင်းမေတ္တာအကြောင်း မင်းနားလည်အောင် ပြောပြဖို့ဆို အချိန်တော်တော်လိုမယ် မှတ်တယ်။ နောက်ပြီး မင်း ကိုကြည့်ရတာ ချစ်တတ်ပုံ မရဘူး… ဟုတ်သလား မြူ…”

“ဟုတ်ကဲ့ ကျွန်မ မချစ်တတ်ဘူး ရှင့်”

ကျွန်မနှုတ်က ထွက်ရတဲ့ စကားအခွန်းပေါင်း များစွာထဲမှာ ဒီစကားကို ပြောထွက်ရတာ အားအရဆုံးနဲ့ အရသာ အတွေ့ဆုံးပဲ။ သေချာချင်တဲ့စိတ်နဲ့ နောက်တစ်ခွန်းတောင် ထပ်ပြောလိုက်သေးတယ်။

“သေချာပါတယ် ကျွန်မ မချစ်တတ်ဘူး…”

စကားအဆုံးမှာ သူ့ကို မော့ကြည့်လိုက်တော့ ခေါင်းကို ခပ်ဖြေးဖြေး ခါနေတာ တွေ့ရတယ်။ ကျွန်မအတွက်တော့ အဲဒီအပြုအမူမျိုးဟာ အထူးအဆန်း မဟုတ်ပေဘူး။ အဲဒီစကားကို ကြားတဲ့သူတိုင်းဟာ ကျွန်မကို ခေါင်းခါလို့ တစ်မျိုး၊ စိတ်ပျက်လက်ပျက် အကြည့်တွေ ဒါမှမဟုတ် သနားစရာ သတ္တ၀ါတစ်ကောင်ကို ကြည့်သလို အကြည့်တွေနဲ့ တစ်ဖုံ၊ ဟုတ်မှ ဟုတ်ရဲ့လား လို့ ဇဝေဇ၀ါနဲ့ ကြည့်သူက ကြည့်၊ သေချာရဲ့လားလို့ ပြန်မေးသူက မေး… အဲဒီလို လှောင်ပြောင်ရိပ်ပါတဲ့ ခါးသက်သက် တုန့်ပြန်မှုတွေကို ကျွန်မ နေသားတကျ ဖြစ်နေခဲ့တာ အတော်ကြာပါပြီ။

“ကိုယ် နည်းနည်းပြောပြမယ်... မှတ်ထား မြူ… တစ်နေ့နေ့ တစ်ချိန်ချိန်ကြရင် မင်းမှာ ချစ်ရမဲ့သူ တစ်ယောက် တွေ့လာမှာ အမှန်ပဲ။ အဲဒီအခါမှာ ချစ်ခြင်းမေတ္တာဆိုတာကို မင်း နားလည်လာလိမ့်မယ်။ လောလောဆယ် မင်း နားလည်လွယ်အောင် ပြောပြရမယ်ဆိုရင် ချစ်ခြင်းမေတ္တာဆိုတာ တစ်ယောက်ကို တစ်ယောက်က အစဉ်အမြဲ စိတ်ချမ်းသာမှု ပေးစွမ်းနိုင်ရမယ်၊ 

တစ်ယောက်ရဲ့ လိုအင်ကို တစ်ယောက်က အတတ်နိုင်ဆုံး ဖြည့်စွမ်းနိုင်ရမယ်၊ နီးခြင်း ဝေးခြင်းဆိုတဲ့ အကွာအဝေးတွေကို ဖယ်ခွာ ချန်လှပ်လို့ ယုံကြည်မှုတစ်ခုကို စိတ်တူကိုယ်တူ တည်ဆောက်နိုင်ရမယ်၊ အချိန်တိုင်းမှာ တစ်ယောက်ကြောင့် တစ်ယောက်က ပျော်ရွှင်လှိုက်လှဲစွာ ရယ်မောနိုင်ရမယ်၊ မနာလိုဝန်တိုခြင်း၊ ငြူစူ အပြစ်ဆိုခြင်း၊ အလိုမကျစွာ အမျက်ဒေါသသင့်ခြင်း၊ စိတ်နှလုံး မချမ်းမြေ့စေခြင်း၊ စိတ်အနှောက်အယှက် ဖြစ်စေခြင်း တွေ ကင်းစင်ရမယ်၊ 

အချစ်ဆိုတာ အတ္တတစ်ခုလို့ ဆိုကြရင်တောင် ကိုယ့်အတ္တဟာ ကိုယ်ချစ်တဲ့သူအတွက်၊ သူ့စိတ် ချမ်းမြေ့စေဖို့အတွက် ကိုယ်ကျိုးမပါတဲ့ စေတနာသက်သက်ပဲ… ပြီးတော့ ကိုယ့်အချစ်ကြောင့် တဖက်သားမှာ အမြဲ ပျော်ရွှင်ချမ်းမြေ့နေစေဖို့က အရေးအကြီးဆုံး… သိလား မြူ...”

သူ့ဆီက အဆုံးသတ် အမေးစကား ခပ်ဆတ်ဆတ်ကို ကြားလိုက်တော့မှ သူ့စကားတွေထဲမှာ ကျွန်မ ဘယ်လောက်တောင် စီးဝင် နစ်မျောနေခဲ့သလဲဆိုတာ သတိထားမိသွားတယ်။ သူပြောသလိုသာဆို ချစ်ခြင်းမေတ္တာဟာ တကယ်ကိုပဲ ကြည်နူးချမ်းမြေ့စရာကောင်းလှပါလား လို့ တွေးရင်း သူ့ကို ကဗျာကသီ ခေါင်းညိတ်ပြလိုက်တော့ သူက ဆက်ပြောပြန်တယ်။

“နောက်ပြီးတော့ ချစ်ခြင်းမှာ နာကျင်စရာတွေနဲ့ ပျော်ရွှင်စရာတွေက အမြဲတမ်း အတူတူ တွဲပါနေတတ်တယ် ဆိုတာလည်း မင်း မှတ်ထားအုံး မြူ… ဒါပေမဲ့ အဲဒီလို နာကျင်စရာကောင်းတဲ့ အခိုက်အတံ့တွေကိုလည်း ချစ်ခြင်းမေတ္တာအစွမ်းနဲ့ အောင်မြင်စွာ ကျော်ဖြတ်နိုင်လိမ့်မယ်၊ မင်း လူတစ်ယောက်ကို တကယ် ချစ်မိတဲ့အခါမှာ အဲဒါတွေ အားလုံး ခံစားတတ်သွားမှာပါ”

“နောက်ဆုံးကွာ… မင်းရဲ့ ဆံပင်အရှည်တွေကို မင်းရဲ့ချစ်သူက မညှပ်နဲ့ဦးနော်လို့ သတိပေးစကားပြောခဲ့ရင် မနက်စောစော အိပ်ရာကထ ခေါင်းဖြီးရတဲ့ အချိန်တွေကအစ မင်းအတွက် အံ့သြစရာကောင်းလောက်အောင် ချိုမြိန်နေလိမ့်မယ်…”

စကားအရှည်ကြီးကို တောက်လျှောက်ပြောပြီး သူ ငြိမ်သွားတယ်။ အဲဒီအချိန်မှာ ကျွန်မ မေးခွန်းတစ်ခုကို ကောက်ခါ ငင်ကာ မေးလိုက်တယ်။

“ရှင့်မှာ အခုလောလောဆယ် အဲဒီလို ချစ်ရမဲ့သူ တစ်ယောက်ယောက် ရှိနေသလား...”

ကျွန်မရဲ့အမေးကို သူက ဘာမှ ပြန်မဖြေပဲ ဟိုး သစ်ပင်မှာချည်ထားတဲ့ မြင်းကလေး ရွှေညိုကို ကြည့်နေတယ်။ ရွှေညိုကို ကြည့်ရတာ ကြိုးနဲ့ ချည်ထားတာ ကြာတော့ နည်းနည်းတော့ ပျင်းနေပုံပဲ။ ခရီးဆန့်ဖို့ ဟန်ရေးတပြင်ပြင်နဲ့… ပြီးတော့ ဘာသံရယ်လို့ သဲသဲကွဲကွဲ ပြောမပြနိုင်တဲ့ အသံတစ်ခု ခပ်တိုးတိုး ပြုလို့။ အဲဒီအချိန်လေးမှာပဲ သူက ကိုယ်ကို မတ်မတ် ပြင်ထိုင်လိုက်တယ်။ ပြီးတော့ ကျွန်မကို ကြည့်ပြီး…

“မြူ… ခုနက ကိုယ်ပြောတဲ့ နာကျင်စရာတွေပါဝင်တဲ့ ချစ်ခြင်းဆိုတာ လောလောဆယ် ကိုယ့်ဆီမှာ အလည်အပတ် ရောက်နေကြတာ၊ အဲဒီနာကျင်စရာတွေကို ချစ်ခြင်းနဲ့ ကျော်ဖြတ်နိုင်ဖို့ ကိုယ် အားမွေးနေတုန်း၊ သေချာတာတစ်ခုကတော့ ကိုယ် ဘယ်လိုပဲ နာကျင်ခံခက်ရသည်ဖြစ်စေ ကိုယ်အချစ်တွေဟာ သူ့အတွက် ဘယ်တော့မှ မရပ်နားပဲ တသွင်သွင် စီးဆင်းနေမဲ့ မြစ်တစ်စင်းဆိုတာပဲ…”

စကားအဆုံးမှာ သူက ထိုင်နေရာက ထရပ်လိုက်တယ်။ သူ့မျက်နှာက ကျွန်မအတွက် အနှစ်နှစ် အလလက ရင်းနှီးကျွမ်းဝင်ခဲ့ဖူးတယ်လို့ ထင်မှတ်ရလောက်အောင် စွဲမြဲနေတာ သိပ်အံ့သြစရာကောင်းတာပဲ။ ရှင် ဘယ်သူလဲ လို့ မေးအံ့ဆဲဆဲမှာ….

“ကဲ… စကားပြောခွင့်ရတာ ကျေးဇူးတင်တယ် မြူ… မင်းအချိန်တွေ တော်တော်ကုန်သွားပြီ၊ ရွှေညိုလည်း ညောင်းနေလောက်ပြီ… ကိုယ် ဒီနေရာကို မကြာခဏ ရောက်တတ်ပါတယ်၊ အဆင်ပြေရင် ကိုယ်တို့ ထပ်တွေ့ကြအုံးမှာပါ၊ ချစ်ခြင်းမေတ္တာဆိုတာကို နားလည်လာတဲ့ တစ်နေ့မှာ မင်းဘဝအတွက် ချစ်ရမဲ့ လက်တွဲဖေါ် တစ်ယောက် မလွဲမသွေ ရှိလာမှာပါ အဲဒီအခါကျရင်သာ ကိုယ်ပြောပြတာတွေကို မင်း မမေ့မလျော့ လိုက်နာဖို့ ကြိုးစား နော်… ဟုတ်ပြီလား”

စကားအဆုံးမှာ သူက ရွှေညိုကို ချည်ထားတဲ့ ကြိုးကို ဖြုတ်ပြီး ကျွန်မကို ကျောခိုင်းရင်း တရွေ့ရွေ့နဲ့ မြူတွေကြားထဲကို တိုးဝင်သွားတော့တယ်။ ကျွန်မ ခုံတန်းကလေးမှ မလှုပ်မယှက် ကြောင်ငေးပြီး ကျန်ရစ်ရာကနေ သတိဝင်လာချိန်မှာ ဖြတ်ကနဲ ထပြီး သူ့နောက်ကို အပြေးတပိုင်းနဲ့ အမှီလိုက်ဖို့ ကြိုးစားတယ်။ ကြည့်ပါအုံး… သူက သူ ပြောချင်တာတွေ တောက်လျောက် ပြောပြီး ကျွန်မကို ချန်ထားရစ်ခဲ့တာ။ သူ့ နာမည် ဘယ်သူဆိုတာနဲ့ သူ ဘယ်မှာနေတယ်ဆိုတာလောက်တော့ ကျွန်မ သိချင်သေးတာပေါ့။

အမောတကော ပြေးလိုက်နေရင်းမှာပဲ ကတ္တရာလမ်းကလေးတလျောက်မှာ မြူတွေက တဖြည်းဖြည်းနဲ့ ပိုထူထည်း သိပ်သည်းလာတယ်။ အရှေ့ တစ်မီတာလောက်ကိုတောင်မှ သဲသဲကွဲကွဲ မတွေ့ရတော့ဘူး။ ကျွန်မ ဘယ်လောက်ပဲ ပြေးပြေး သူ့ကို ဘယ်လိုမှ မှီနိုင်မယ် မထင်တော့ဘူး။ ရွှေညိုလေးရဲ့ ခွာသံ တချပ်ချပ်ကို နားစွင့်ပေမဲ့လည်း အနီးအနားမှာ ဘာသံမှ မကြားရတော့ဘူး။ ကျွန်မ ဘာလုပ်ရမလဲ…။ မောဟိုက်အောင် ပြေးလိုက်လို့ မမှီတဲ့အဆုံး လမ်းကလေးပေါ်မှာ တစ်ယောက်တည်း ခြေစုံရပ်နေလိုက်မိတယ်။

 ပြီးတော့ ကျွန်မ နာမည် မြူ လို့ ခေါ်ပါတယ် လို့ အမှတ်မထင် ပြောလိုက်မိတာက အစ၊ မြူတွေကြားထဲ တိုးဝင် ကွယ်ပျောက်သွားတဲ့ လူတစ်ယောက်၊ မြင်းညိုလေးတစ်ကောင်နဲ့ ချစ်ခြင်းမေတ္တာအကြောင်းတွေကို အစကနေ စပြီး တစ်ခုချင်းစီ အစဉ်လိုက် ပြန်တွေးနေမိတော့တာပါပဲ။



- Look Magazine - August 2014 တွင် ဖေါ်ပြပြီး ဖြစ်သည်။

Tuesday, July 8, 2014

မူရာကာမီနှင့် အင်္ဂါနေ့ အတွေးစများ

ဒီနေ့မနက် စောစော အတွေးထဲကို ရောက်လာတာကတော့ မူရာကာမီ အကြောင်းပါ။ အဲဒီအတွေးစကို ဆရာ ခင်အောင်အေးရဲ့ Facebook Status ကနေ ရပါတယ်။ ရိုးသားစွာဖြင့် လို့ အဆုံးသတ်ထားတဲ့ ဆရာရဲ့ Status က ဒီမှာပါ။
မူရာကာမိသည် ကမ္ဘာကျော် စာရေးဆရာတစ်ယောက်ဟု ဆိုကြပါသည်။ ဗမာပြည်တွင် မဆိုထားနှင့် ကမ္ဘာ့အကျော်အမော်စာဆို တစ်ယောက် ဟူသတတ်။ သိပ်မသိပါ။ 'မူရာကာမိကို သိပ်မသိပါ' ဟု မကြာမတင်ကလေးတွင်ပင်လျင် ချစ်ခင်ရပါသော ကဗျာရေးတဲ့ လူငယ်တစ်ဦးရဲ့ သူထင်တာ (သို့မဟုတ်) သူယုံကြည်တာကို ရေးတင်သည့်ပို့စ်မှာ ကွန်မင့်ရေးမိ (ရေးဖြစ်) ပါသေးသည်။ ဘာကြောင့် မူရာကာမိ ရပါသလဲ။ သူ့ ဘယ်သို့သော အရေးအသားတွေကများ ကိုယ့်ဘ၀အရှိ (အခြား မည်သူမဆိုရဲ့) ဘ၀အရှိရဲ့ ကတုန်ကရင်ဖြစ်မှုနဲ့ မထုံတက်တေးအသိကို လှုပ်ခါပစ်သလို မူရာကာမိ ရပါသလဲ။ မိုးဝေးဆီမှ လက်ဆောင်ရသဖြင့် မြင့်သန်း မြန်မာဘာသာဖြင့် ပြန်လည်ရေးသားသည့် မူရာကာမိ အရေးအသားများကို ဒီရက်ပိုင်းအတွင်းမှာ ဖတ်နေဖြစ်ပါသည်။ ဘာကြောင့် မူရာကာမိရဲ့ အရေးအသားများဟာ ဗမာစာပေလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်ရပါသလဲ ဟူသော ခေါင်းစဉ်အောက်မှာ မည်သူမဆိုနဲ့ ဆွေးနွေးလိုပါသည်။
အဲဒါကို ဖတ်ရတော့ ကိုယ်နဲ့ မူရာကာမီ ဘယ်ကနေ ဘယ်လို စတင်ရင်းနှီးလာခဲ့သလဲ ဆိုတာကို ပြန်တွေးမိသွားပါတယ်။ အဲဒီအကြောင်းကို ပြောမယ်ဆိုရင် Murakami ထက် အရင် ရင်းနှီးခဲ့တဲ့ ဂျပန်စာရေးဆရာ Kazuo Ishiguro အကြောင်းက ပြန် စရပါလိမ့်မယ်။ Ishiguro ဟာ ဂျပန်မှာမွေးပြီး အင်္ဂလန်မှာ ကြီးပြင်းခဲ့တဲ့ နာမည်ကြီး ဂျပန်စာရေးဆရာ တစ်ယောက်ပါ။ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က အိမ်ကိုလာလည်တဲ့ မိတ်ဆွေတစ်ယောက် လက်ထဲမှာကိုင်ထားတဲ့ Ishiguro ရဲ့ The Remains of the Day စာအုပ်ကို တွေ့ပြီး သူက ဖတ်ကြည့်ပါလား လို့ ညွှန်းတာကြောင့် Library မှာ သွားရှာပြီး ငှားဖတ်ခဲ့ပါတယ်။ ကမ္ဘာစစ်ကို နောက်ခံပြုပြီး ရေးတဲ့စာမို့ အမှန်အတိုင်း ပြောရရင် ဖတ်ရတာ ပျင်းပါတယ်။ ဒါပေမဲ့ သူ့လက်ရာ နောက်ထပ် နှစ်အုပ်ဖြစ်တဲ့ Never let me go နဲ့ Nocturnes ကိုတော့ စိတ်လိုလက်ရ ၀ယ်ဖြစ်၊ ဖတ်ဖြစ်ပါတယ်။ ဖတ်တုန်းကတော့ Review ရေးမလို့ပါ။ ဒါပေမဲ့ မရေးဖြစ်ခဲ့ပါဘူး။ Review မရေးဖြစ်ခဲ့ပေမဲ့လည်း အဲဒီ ဂျပန်စာရေးဆရာနဲ့ ဂျပန်တွေရဲ့ ယဉ်ကျေးမှု ဓလေ့စရိုက်တွေ၊ ဂျပန်နိုင်ငံရဲ့ လှပတဲ့ ရေမြေ တောတောင် သဘာဝတွေ၊ ဂျပန်နိုင်ငံအကြောင်းကို နောက်ခံပြုတဲ့ ဇာတ်လမ်းတွေ ကိုတော့ စိတ်ဝင်စားခဲ့ပါတယ်။

အဲဒီနောက်မှာ မှတ်မှတ်ရရ ဂျပန်နိုင်ငံနောက်ခံ စာအုပ်တစ်ချို့ ဖြစ်တဲ့ Memoirsof a Geisha / Totto-Chan – The Little Girl at the Window / Momose Shinobu ရဲ့ Okuribito (Departures) နဲ့ Tomiko Higa ရဲ့ The Girl with the White Flag ဆိုတဲ့ စာအုပ်လေးအုပ် ဖတ်ဖြစ်ခဲ့ပါတယ်။

တစ်ခြားစာအုပ်ဆိုင်တွေတော့ မသိ၊ Kinokuniya ဆိုတဲ့ စာအုပ်ဆိုင်မှာတော့ အဲဒီလို ဂျပန်စာရေးဆရာတွေရဲ့ ၀တ္ထုတွေကို Fiction ဒါမှမဟုတ် Literature လို့ Category ခွဲထားတဲ့နေရာမှာ ရောနှောထားတာ မတွေ့ရပါဘူး။ Asian Literature ဆိုပြီး ကောင်တာလေးတစ်ခုနဲ့ သပ်သပ်ထားပါတယ်။ ပြောရရင် အဲဒါကိုလည်း အကြောင်းမဲ့ နှစ်သက် စွဲမက်မိပါတယ်။ အမှန်တော့ ကိုယ်တိုင်က Asian ဆိုတဲ့ စိတ်ကြောင့် ဖြစ်မယ်လို့ ထင်ပါတယ်။ ဒီလိုနဲ့ Kinokuniya ကို ရောက်တိုင်း အဲဒီကောင်တာလေးရှေ့မှာ ရပ်ရင်း စာအုပ်တွေ ကြည့်ရင်းမှာ "မူရာကာမီ" ကို တွေ့ဖူးခဲ့ပါတယ်။ မူရာကာမီ ဆိုတာ ဘာမှန်းညာမှန်း မသိခင်၊ မူရာကာမီရဲ့ စာအုပ်တွေကို တစ်လုံးမှ မဖတ်ဖူးသေးခင်မှာ သူ့စာအုပ် မျက်နှာဖုံးတွေကို မြင်တွေ့ပြီး သဘောကျစိတ် ဖြစ်မိတယ် ဆိုတာ ၀န်ခံပါတယ်။ အဖြူ၊ အမည်း နဲ့ အနီရောင်တွေကို အဓိကထား သုံးစွဲဖွဲ့စည်းထားတဲ့ သူများနဲ့ မတူ၊ တမူထူးတဲ့ သူ့စာအုပ် အဖုံးတွေကို အမြဲတမ်း သဘောတကျ ကြည့်မိပါတယ်။


ဒီလိုနဲ့ တစ်ရက်မှာ (၂၀၀၈ ခုနှစ် နှစ်စပိုင်း လောက်လို့ ထင်ပါတယ်) အင်တာနက်မှာ ဟိုရှာဒီရှာ ရှာရင်း မူရာကာမီရဲ့ On Seeing the 100% Perfect Girl ဆိုတဲ့ PDF လေး သွားတွေ့တယ်။ ဖတ်ကြည့်တော့ ရေးထားတာလေးနဲ့ အတွေးကို သဘောကျမိတယ်... ချစ်စရာလေး။ စာဖတ်ပြီးတော့ သူပေးချင်တဲ့ message ကို မစဉ်းစားနိုင်ပဲ ဘ၀မှာ ကိုယ့်အတွက် ၁၀၀ ရာခိုင်နှုန်း ပြည့်စုံတဲ့သူတစ်ယောက် ဆိုတာ… အင်း မဖြစ်နိုင်ဘူးပဲ လို့ တွေးနေမိတယ်။ ပြီးတော့ အဲဒီ ၁၀၀ ရာခိုင်နှုန်းဆိုတာ ကိုယ်တိုင် သတ်မှတ်ချက်၊ ကိုယ့်ရဲ့ မျက်နှာသာပေးမှု၊ ကိုယ့်ရဲ့ လိုတိုး ပိုလျှော့ Discount ပမာဏနဲ့ ကိုယ့်စိတ် တစ်ခုတည်း အပေါ်မှာသာ မူတည်မှာပါလားလို့လည်း တွေးမိတာပါ။ ဒါ ကိုယ့်ရဲ့ ပထမဆုံး အကြိမ် မူရာကာမီနဲ့ မိတ်ဆွေဖြစ်ရခြင်းပါပဲ။ ပြီးတော့ သိပ်မကြာခင်မှာပဲ ပန်ဒိုရာ ဘလော့ဂ်မှာ အဲဒီ ၀တ္ထုတိုလေးကို ညီသစ် ဘာသာပြန်ထားတာ ဖတ်ရတယ်။ ချောမွေ့လှပတဲ့ ဘာသာပြန် အရေးအသားမှာ မူရာကာမီ နဲ့ ဒုတိယအကြိမ် ပြန်တွေ့ရတာပါ။

အဲဒီနောက်မှာ ၂၀၁၁ ခုနှစ် ကိုယ့်မွေးနေ့မတိုင်ခင် တစ်ရက်မှာ မူရာကာမီ ရဲ့ Birthday Stories ဆိုတဲ့ စာအုပ်လေး အမှတ်တရ ၀ယ်လာမိပါတယ်။ ၀တ္ထုရှည်လုံးချင်းတွေထက် (အပျင်းဓါတ်ခံနဲ့) ၀တ္ထုတိုလေးတွေကို ပိုဖတ်ချင်စိတ်ကြောင့် ၀ယ်လာပေမဲ့ အဲဒါက မူရာကာမီရဲ့ စာတွေ မဟုတ်ပဲ တခြားစာရေးဆရာတွေရဲ့ လက်ရာတွေကို သူက စီစဉ်ပြီး ထုတ်ထားတဲ့ စာအုပ်တစ်အုပ် ဖြစ်နေပါတယ်။ ဘာပဲဖြစ်ဖြစ် ၀တ္ထုတိုလေးတွေမို့ရယ်၊ မျက်နှာဖုံးက ဖဲကြိုးအနီရောင်လေးရယ်ကို နှစ်သက် ချစ်ခင်ရင်း မူရာကာမီကို တတိယအကြိမ် အဖြစ် ခပ်ဝေးဝေးက လှမ်းတွေ့ဖြစ်ပြန်ပါတယ်။ အဲဒီဝတ္ထုတိုလေးတွေထဲက Russell Banks ရဲ့ The Moor တစ်ပုဒ်ကို ဘာသာပြန်လိုလို၊ ရီဗျူးလိုလို ဟိုမရောက် ဒီမရောက် စာလေး တစ်ပုဒ်တောင် ရေးဖြစ်ပါသေးတယ်။ ပိုစ့်ခေါင်းစဉ်က ရှယ်ရီရဲ့ မွေးနေ့ည ပါ။

နောက်ပိုင်းမှာတော့ မျက်နှာစာအုပ်၊ ဘလော့ဂ်တွေနဲ့ ရံဖန်ရံခါ ကော်ဖီဝိုင်းတစ်ချို့က စကားတွေထဲမှာ မူရာကာမီ ဆိုတဲ့ အမည်နာမဟာ အင်မတိ အင်မတန် တွင်ကျယ်လာတယ်လို့ ခံစားရပါတယ်။ နာမည်ကြီး Norwegian Wood ကို (ထုံးစံအတိုင်း) ဟိုကျော် ဒီကျော်နဲ့ ဖတ်ဖြစ်ပါတယ်။ ပြီးတော့ 1Q84 နဲ့ After Dark… (တိုက်တိုက်ဆိုင်ဆိုင် ညကတောင် After Dark ကို ပြန်ကိုင်နေမိသေးတယ်)။ လုံးချင်းဝတ္ထု အရှည်တွေထက် ၀တ္ထုတိုလေးတွေကိုတော့ ပိုနှစ်သက်တာမို့ တော်တော်များများ ဖတ်ဖြစ်ပါတယ်။ မူရာကာမီ စာအုပ်တွေကို စာအုပ်အဖြစ်နဲ့သာ ၀ယ်သိမ်းချင်မိတယ်လို့ မယ်ကိုးနဲ့ စကားစပ်မိတဲ့ တစ်ရက်မှာ သူက စာအုပ်တွေ ၀ယ်ရတာ ဈေးကြီးပါတယ် သူ့မှာ မူရာကာမီ PDF တွေရှိတယ် ဆိုပြီး မေးလ်ကနေတစ်ဆင့် ပို့ပေးလာတာကို ကျေးဇူးတင်စွာနဲ့ လက်ခံရရှိခဲ့ပါတယ်။ သူပို့ပေးတဲ့ PDF တွေ တော်တော်များပါတယ်။ ဖတ်လည်း ဖတ်ခဲ့ပါတယ်။ အထူးသဖြင့်တော့ ၀တ္ထုတိုတွေပေါ့။ စိတ်ထဲ မှတ်မှတ်သိသိ ရှိတာကတော့ Birthday Girl / Honey Pie / A Poor-Aunt Story နဲ့ Man-eating-Cats ဆိုတဲ့ ၀တ္ထုတိုလေးတွေပါ။

မူရာကာမီတွေကို ဖတ်ရသလောက်/ ဖတ်မိသလောက် သူ့ အတွေးတွေ၊ ကြွယ်ဝတဲ့ စကားလုံး သုံးနှုန်းပုံတွေနဲ့ သူထည့်ရေးတဲ့ လှည့်ကွက်တစ်ချို့တွေကို နှစ်သက်မိတာလည်းရှိ၊ တချို့နေရာတွေမှာ သူ ပေးချင်တဲ့ message ကို သိပ်နားမလည်လို့ ပျင်းပြီး ရပ်ပလိုက်တာမျိုးတွေလည်း ရှိခဲ့ပါတယ်။ ထူးထူးခြားခြားနဲ့ ထိထိခိုက်ခိုက် ခံစားရတာမျိုးတော့ မရှိခဲ့ဘူးလို့ပဲ ပြောရမယ်။ (ကိုယ်တိုင်က ညံ့တာလည်း ဖြစ်မှာပါ)။ ပြီးတော့ မူရာကာမီကို မြန်မာဘာသာပြန်တာတွေ ရှိမှန်းလည်း လုံးဝ မသိခဲ့ပါ။ ဆရာ ခင်အောင်အေး ရေးမှ မြင့်သန်း ဘာသာပြန်တယ် ဆိုတာ သိရတာမို့ အိမ်ကို လှမ်းမှာရအုံးမယ်လို့တော့ မှတ်ထားလိုက်တယ်။

အစကို ပြန်ကောက်ရရင် Status မှာ ဆရာ ပြောခဲ့ မေးခဲ့သလို ဘာကြောင့် မူရာကာမိရဲ့ အရေးအသားများဟာ ဗမာစာပေလောကမှာ ရုတ်ရုတ်သဲသဲ ဖြစ်ရပါသလဲ ဆိုတဲ့ မေးခွန်းအတွက် ကိုယ် တစ်ယောက်တည်းရဲ့ ထင်မြင်ယူဆချက်ကို ဘာမှ မကွယ်ဝှက်စတမ်း၊ ဘယ်သူ့မှ မထောက်ညှာစတမ်း ဖြေရမယ် ဆိုရင်တော့ - ကိုယ် အပါအ၀င် မြန်မာ အများစု (အများစုလို့ ယေဘုယျ ပြောလိုက်တာပါ... တကယ်ကို ရင်ထဲ အသည်းထဲက အူလှိုက် အသည်းလှိုက် နှစ်သက်တဲ့သူ တွေလည်း ရှိနိုင်ပါတယ်) ရဲ့ ထုံးစံအရ ဘာရယ်ညာရယ် မဟုတ်၊ သူတို့ပြောနေတဲ့ မူရာကာမီ ဆိုတာ ဘယ်လိုများပါလိမ့်၊ မူရာကာမီဟာ ဘာတွေများ ထူးထူခြားခြား ဖြစ်နေပါလိမ့် ဆိုတဲ့ အတွေးတွေနဲ့ တစ်ယောက်က မူရာကာမီ ဆို ကျန်တဲ့သူတွေကလည်း လိုက်ပြီး မူရာကာမီ ကြတယ် - လို့သာ ထင်မြင်မိပါကြောင်း။

ဆရာက ကိုယ့်ကို တိုက်ရိုက် မမေးသော်လည်း မေးသလိုသဘောထားပြီး အလုပ်မရှိ အလုပ်ရှာရင်း ရှည်ရှည်ရှောရှော ၀င်ရောက် ဖြေဆိုလိုက်ပါတယ်။ ရှေ့တင်ရော ကွယ်ရာမှာပါ စကားတင်းဆို၊ ကဲ့ရဲ့ အပြစ်တင်၊ ရှုံ့ချ အမြင်ကပ်၊ အခန့်မသင့်ရင် မူရာကာမီချစ်သူများရဲ့ ချောင်းရိုက်တာပါ ခံရမဲ့ အရေးကို သိသိကြီးနဲ့ မနေနိုင် မထိုင်နိုင် ပြောမိ ရေးမိတဲ့ သက်ဝေရဲ့ အင်္ဂါနေ့ အတွေးစာစုပါ။
သက်သက်သာသာ ရှိကြပါစေ။

သက်ဝေ
(၀၈ ဇူလိုင် ၂၀၁၄)

ပန်ဒိုရာ - ၁၀၀% ပြည့်စုံတဲ့ မိန်းကလေးတစ်ယောက်ကို တွေ့လိုက်ရခြင်း
သက်ဝေ - ရှယ်ရီနဲ့ မွေးနေ့ည

Thursday, July 3, 2014

ၾက ာ သ ပ ေ တ း ေ န့ သ ည် ခ ရ မ်းေ ရာ င်

ယနေ့ ကြာသပတေးနေ့ ဖြစ်သည်။ ကြာသပတေးနေ့ကို ကိုယ်စားပြုသော အရောင်မှာ ခရမ်းရောင် ဖြစ်သည်ဟု တိတိကျကျ ဆိုကြသည်။ ခက်နေသည်က သိစိတ်ထဲမှာရော မသိစိတ်ထဲမှာပါ ကြာသပတေးနေ့ကို ချစ်ခင်နှစ်သက်သလောက် ခရမ်းရောင်ကို အနည်းငယ်မျှ နှစ်သက်၍ မရခြင်းပင် ဖြစ်သည်။ ထိုအချိန်လေး အတွင်းတွင် တစ်စုံတစ်ယောက်က ကြာသပတေးနေ့နှင့် ခရမ်းရောင်တို့ အစစ အရာရာမှာ လိုက်ဖက်ညီသည်၊ ကြာသပတေးကို ချစ်လျှင် ခရမ်းရောင်ကိုပါ တတွဲတည်း ချစ်ခင်သင့်သည်ဟု ဆိုလာခဲ့တာ ဖြစ်သည်။ ထိုအဆိုကို မှန်၏ မမှန်၏ ငြင်းချက်မထုတ်သေးမီ ခရမ်းရောင်ကို အနီးကပ်လေ့လာဖို့ လိုသည်ပဲ ဟု ဆုံးဖြတ်လိုက်သည်။
ဆိုခဲ့သည့်အတိုင်း ခရမ်းရောင်ကို အရင် လေ့လာခဲ့သည်။ ခရမ်းရောင်အကြောင်းကို ဖတ်ရှုလေ့လာမိသလောက် ပြောပြရသော် ခရမ်းရောင်သည် အနီနှင့် အပြာတို့၏ ပေါင်းစပ်မှု ရလာဒ်တစ်ခု ဖြစ်သည်။ ခရမ်းရောင်သည် တရားမျှတခြင်းကို ဖေါ်ဆောင်သည်။ ခရမ်းရောင်သည် စိတ်နှလုံး အေးချမ်းငြိမ်သက်မှုကို ကိုယ်စားပြုသည်။ ခရမ်းရောင်သည် သစ္စာတရား၏ ပြယုဒ်တစ်ခု ဖြစ်သည်။ ခရမ်းရောင်ကို ကလေးသူငယ်များကလည်း ချစ်ခင်ကြသည်။ ကလေးတို့ချစ်သော ဝဝဖိုင့်ဖိုင့် ဘာနီအရုပ်သည် ခရမ်းရောင် ဖြစ်သည်။ ထိုအချက်အလက်များအပြင် နာမည်ကျော် လာဗင်ဒါများသည် ခရမ်းရောင်၊ မကြာသေးမီက ကိုယ်တိုင်ကိုယ်ကျမြင်တွေ့ခဲ့ရသော ကျူးလစ်ပန်းတစ်ချို့သည် - အံ့သြဖွယ်ရာ - ခရမ်းရောင်၊ မျက်နှာချင်းဆိုင် အိမ်ခန်းရှေ့တွင် ချိတ်ဆွဲထားသော အောခစ်ပန်းအိုးထဲတွင် ပွင့်အာနေသော ပန်းများသည် ခရမ်းရောင်၊ တိုက်တိုက်ဆိုင်ဆိုင်၊ အနားမှ လှစ်ကနဲ ဖြတ်ပြေးသွားသော ကလေးမလေးတစ်ယောက်၏ ဂါဝန်သည် ခရမ်းရောင်၊ ခေါင်းတစ်ခြမ်းကိုက် ဝေဒနာခံစားရတိုင်း မလွှဲမရှောင်သာ သောက်သုံးနေရသော အကိုက်အခဲပျောက်ဆေးကဒ်မှ ဆေးလုံးများသည် ခရမ်းရောင်၊ ဆိုးနေမကျသောကြောင့် မှန်တင်ခုံအံဆွဲအောက်ခြေ ထောင့်တစ်နေရာမှာ ကပ်နေသော နှုတ်ခမ်းနီဗူးသည် ခရမ်းရောင်၊ လက်ဆောင်ရထားပြီး မဖေါက်ရသေးသော Bvlgari Omnia ရေမွှေးဗူးနှင့် Coach တံဆိပ် မျက်မှန်ကိုင်းကလေးသည် ခရမ်းရောင်၊ သူငယ်ချင်း ၀ယ်လာပေးသော ဂျက်ကက်ကလေးသည် ခရမ်းရောင်၊ ဘာကြောင့် ရွေးချယ် ၀ယ်ယူခဲ့မှန်းမသိ၊ ၀ယ်ထားပြီး မရေးဖြစ်သေးသော အသစ်စက်စက် ဘောပင်တစ်ချောင်း၏ ကိုယ်ထည်သည် ခရမ်းရောင်…
ဤသို့ဖြင့် ခရမ်းရောင်ကို ကိုယ်နှင့်အနီးအနား နေရာအနှံ့အပြားတွင် အမှတ်မထင် ရှာဖွေတွေ့ရှိခဲ့သည်။ ထိုမျှသာမက အဆိုတော် မင်းသား၏ ခရမ်းရောင်မိုး၊ ခရမ်းပြာ အိပ်မက်၊ ဝေးခဲ့ပြီ ပန်းးခရမ်းပြာရေ… တစ်ခါတရံမှာ အိပ်မက်လို…ဟူသော သီချင်းစာသား၊ ကာကွယ်ရန်လိုအပ်သော ခရမ်းလွန်ရောင်ခြည်၊ ယုတ်စွအဆုံး ရေခဲသေတ္တာထဲမှ ဟင်းသီးဟင်းရွက်များထားသော အကန့်ငယ်ထဲမှနေ၍ ကိုယ့်ကို လှောင်ပြောင်ဟန်အပြည့်ဖြင့် လှဲလျောင်းနေသော ခရမ်းသီးတစ်လုံး… ဘုရားရေ… မယုံနိုင်စရာ၊ ကိုယ် မနှစ်သက်လှသော ခရမ်းရောင်က သည်မျှ ထင်ရှားနေတာပါလား။ ထို့အပြင် ၀ီကီပီးဒိယ အဆိုအရ အနုပညာမြတ်နိုးသူ အများစု၏ အလေးထား အရေးပေးမှုကို ခံရသောအရောင်မှာလည်း ခရမ်းရောင်ပင် ဖြစ်သည်ဟု သိလိုက်ရသောအခါ ဦးခေါင်းတစ်ခုလုံး အဆမတန်ကြီးသွားသလို ခံစားလိုက်ရသည်။ အတော်အစွမ်းရှိကာ ထင်ပေါ်ကျော်ကြားသော ခရမ်းရောင်ပါပေ။ အဆိုးဆုံးကတော့ ထိုခရမ်းရောင်သည် ကိုယ်ချစ်လှစွာသော ကြာသပတေးနေ့ကို ကိုယ်စားပြုနေခြင်းပင် ဖြစ်တော့သည်။

ကိုယ်ချစ်သော ကြာသပတေးနေ့မှာမူ ခရမ်းရောင်ကဲ့သို့မဟုတ်။ ပကတိ ဖြူစင် ရိုးသားကာ ရှင်းလင်းလှသည်။ ကိုယ်ထင် ကုတင်ရွှေနန်း မဟုတ်ပါလား။ ပြောရလျှင် သောကြာနေ့ မရောက်မချင်းသည် ကြာသပတေးနေ့ပင် ဖြစ်သည်။ (သည်စကားကို - ဟမ် - လိုသူများ- ဟမ် - နိုင်ပါသည်)။ ကြာသပတေးနေ့သည် တနင်္ဂနွေမှ စတင်ရေတွက်လျှင် စတုတ္ထမြောက်နေ့ ဖြစ်သော်လည်း စနေနေ့မှ စတင် ရေတွက်ပါမူ ပဉ္စမမြောက်နေ့သာ ဖြစ်သည်။ ပြက္ခဒိန်ပေါ်တွင် အကွက်ချ ရေတွက်သည့်နေ့အပေါ် မူတည်၍ ပြောင်းလဲရွေ့လျားတတ်သောနေ့ ဖြစ်သည်။ ကိုယ့်အတွက်တော့ ကြာသပတေးနေ့သည် ပါးနီပြေပြေလေး ခြယ်သထားသော မိန်းမပျိုကလေးတစ်ယောက်ကဲ့သို့ လှပလန်းဆန်းနေတတ်သော နေ့တစ်နေ့၊ ထို့အတူ ကြည်နူးဖွယ်ရာများဖြင့် အစဉ် ပြည့်နှက်နေတတ်သော နေ့တစ်နေ့လည်း ဖြစ်သည်။ ကြာသပတေးနေ့သသည် နို့ဆီများများထည့်ကာ ဇွန်းတစ်ချောင်းတပ်ထားသော ကော်ဖီခွက်တစ်ခွက်၏ မမွှေရသေးသော သစ်လွင်မှုနှင့် ဆင်တူသလို အနှစ်မပေါက်သေးသော ကြက်ဥကြော် ၀ိုင်းဝိုင်းကလေးနှင့်လည်း တူသေးသည်။ ဆရာကြီး ဂျွန်စတိန်းဘက်ခ် ရေးသားခဲ့သော စာအုပ်များအနက် ချိုသော ကြသပတေးနေ့ဟူသော စာအုပ်မှာ အလွန်နာမည်ကျော်ခဲ့သည်ကို ပြန်သတိရမိသည်။
ထို့အပြင် လှပအေးချမ်းသော ကြာသပတေးနေ့ နံနက်ခင်းတွင် ပါးဖေါင်းဖေါင်းနှင့် ချစ်စဖွယ်ကောင်းလှသော သားကလေးတစ်ယောက်ကို လူ့လောကထဲသို့ခေါ်ဆောင်လာခွင့် ရရှိခဲ့သည်။ ကိုယ့်ဘ၀အတွက် အရေးအပါဆုံး တစ်ဦးတည်းသောသားကလေးသည် ကြာသပတေးသား၊ အဓိပတိဖွား ဖြစ်သည်ဟူသော အချက်တစ်ချက်နှင့်ပင် ကိုယ် ကြာသပတေးကို အပြည့်အ၀ ချစ်ခင်စွဲလမ်းရန် မလုံလောက်သေးဘူးလား။ ခရမ်းရောင်ကို မချစ်သော်လည်း ကြာသပတေးနေ့ကို စိတ်လွတ်လက်လွတ် ချစ်ခင်စုံမက်ခွင့်တော့ဖြင့် ရှိနိုင်သည် မဟုတ်ဘူးလား။

ပြောရလျှင် ကြာသပတေးနေ့အတွက် ရေးထားခဲ့သော သည်မှတ်စုကို ကြာသပတေးနေ့တွင် အပြီးသတ်မည်ဟု မှန်းထားခဲ့သည်မှာ ဟိုးလွန်ခဲ့သော ကြာသပတေးနေ့ပေါင်း များစွာကတည်းက ဖြစ်သည်။ သို့သော်လည်း ကြာသပတေးနေ့နှင့်အတူ ခရမ်းရောင်အကြောင်းက တတွဲတွဲ(သို့မဟုတ်) ကန့်လန့် ကန့်လန့် ဖြစ်နေခဲ့သောကြောင့် စာမှာ အဆုံးသတ်၍ မရနိုင်ခဲ့ချေ။ ဖြတ်သန်း ကုန်လွန်ခဲ့သော ကြာသပတေးနေ့ပေါင်းများစွာမှာ သည်မှတ်စုကို ဆက်ရေး၍လည်း မရ၊အဆုံးသတ်ဖို့ ဆိုတာ ဝေးလှသည်။ သည်လိုနှင့် တစ်ပတ်ပြီး တစ်ပတ် အချိန်တွေ ကြာလာခဲ့သည်။ အသစ် အသစ်သော နေ့စွဲများ၏ နောက်တွင် များစွာသော ကြာသပတေးနေ့တို့ ဟောင်းနွမ်းဆွေးမြေ့စွာ ကျန်နေရစ်ခဲ့သည်။ ထိုအကြောင်းကို မိတ်ဆွေတစ်ဦးကို ပြောပြမိသောအခါ သူက ပြန်ပြောသည်။ ဘာမှ စိတ်မပူ့ပါနဲ့ မင်းဘ၀မှာ နောက်ထပ် ကြာသပတေးနေ့တွေ အများကြီး ရှိနေသေးတာပဲ… တဲ့။ ကြည့်ပါအုံး… ကျေးဇူးတင်စရာ ကောင်းလိုက်တာ။ သိပ်ဟုတ်တာပဲ… ဘ၀မှာ ကိုယ့်ထံကို ရောက်လာဦးမည့် ကြာသပတေးနေ့ပေါင်း များစွာ ကျန်နေ / ရှိနေလိမ့်ဦးမည် ဆိုသည်ကို အစက ဘာကြောင့်များ မတွေးမိတာပါလိမ့်။
ပြီးတော့ သူက ပြောသေးသည်။ ကြာသပတေးနေ့ကို ချစ်သလို မင်း မနှစ်သက်တဲ့ ခရမ်းရောင်အပေါ်မှာလည်း ကြည်ကြည်လင်လင်၊ သက်တောင့်သက်သာ သဘောထားကြည့်လိုက်ပါ၊ မကြာခင် ခရမ်းရောင်နဲ့ အဆင်တပြေ ဖြစ်လာပါလိမ့်မယ်… တဲ့။ သူ့ပြောစကားကိုသဘောကျ၊ မျက်စိစုံမှိတ်ကာ ကျေကျေနပ်နပ်ကြီး လိုက်နာ ယုံကြည်ပစ်လိုက်သည်။
ထိုယုံကြည်မှုနှင့်အတူ သက်တောင့်သက်သာဖြစ်မှုများတွင် ပျော်ဝင်လာရင်း ကြာသပတေးနေ့နှင့် သူ၏ သင်္ကေတ ခရမ်းရောင်ကိုပါ တဖြည်းဖြည်း နှစ်လို ချစ်ခင်စိတ်တို့ ၀င်လာခဲ့သည်။ တချိန်တည်းမှာပင် ခရမ်းရောင်အဆင်းရှိ အသုံးအဆောင် ပစ္စည်းများကို နှစ်ခြိုက်ခုံမင်စ ပြုလာခဲ့တာ ဖြစ်သည်။ ခရမ်းရောင် အ၀တ်များကို တကူးတက ရှာဖွေဝယ်ယူစ ပြုလာသည်။ မေမေ ယူလာပေးသောခရမ်းဆွဲ ရင်ထိုးကလေးကို ရှပ်ကော်လာ အဖျားလေးတွင် မရဲတရဲ ချိတ်တွယ်စ ပြုလာသည်။ ထို့အပြင်ခရမ်းရောင် လာဗင်ဒါခင်းများ ရှိရာဆီသို့ ခရီးဆန့်ဖြစ်ခဲ့သည်။ ခရမ်းရောင် ကျူးလစ်ပန်းများကို နှစ်လိုစွာ ဓါတ်ပုံရိုက်ကာ မကြာခဏလည်း ပြန်ကြည့်ဖြစ်ခဲ့သည်။ ခရမ်းရောင် Bvlgari Omnia ရေမွှေးဗူးကို ဖေါက်ကာ ဆွတ်ဖြန်းစ ပြုလာသည်။ ပန်းခရမ်းပြာ ဗေဒါလည်း ကမ်းစပ်နားမှာ ငြိတွယ်… နန်းတံတားဖြူ နေရာလေး တေးသံလွှမ်းစေကွယ်… ဟူသော သီချင်းစာသားကို မကြာခဏ တီးတိုး သီဆိုတတ်လာသည်။ ကျေနပ်စရာ။ ချစ်ခြင်းမေတ္တာတွင် သက်တောင့်သက်သာ ဖြစ်မှုသည် မျှော်လင့်ထားသည်ထက် အဆပေါင်းများစွာ ပို၍ အရေးပါသည်ပဲ။
အချုပ်ဆိုရသော် သည်လို ကြာသပတေးနေ့မျိုးတွင် ရှပ်လက်တို/လက်ရှည် ခရမ်းရောင်များကို ဂျင်းဘောင်းဘီ အရောင်ရင့်ရင့်နှင့် တွဲဖက် ၀တ်ဆင်ထားပြီး၊ ခရမ်းရောင် အသုံးအဆောင်များ ဟိုနားတစ်စ ဒီနားတစ်စ တပ်ဆင် ကိုင်ဆောင်ကာ ပြုံးရယ်ချိုမြ၊ သက်တောင့်သက်သာ ခြေလှမ်းများနှင့် လမ်းလျှောက်နေသူတစ်ယောက်ကို တွေ့ပါက အများကြီး မတွေးပါနှင့်၊ စိတ်ကူးမလွဲပါနှင့်။ သက်ဝေ ဟု သာ ခပ်ကျယ်ကျယ်လေး လှမ်းခေါ်လိုက်ပါ။ ကိုယ့်အိတ်ကလေးထဲမှာ အသင့်ယူဆောင်လာသော ခရမ်းရောင် ကျူးလစ်ပန်းတစ်ပွင့် (သို့မဟုတ်) ခရမ်းရောင် လာဗင်းဒါးပန်းခြောက်တစ်ခက်နှင့်အတူ ခရမ်းရောင်စက္ကူဖြင့် ထုတ်ပိုးထားသာ ကက်ဗျူရီ ချောကလက်တစ်ပြားကို လက်ဆောင်အဖြစ် သင် ရရှိနိုင်မည်ဖြစ်ပါသည်။



(၃ ဇူလိုင် ၂၀၁၄)

ချစ်သော ချစ်သူများ သက်တောင့်သက်သာဖြစ်မှုတွင် အချိန်ပြည့် ပျော်ဝင်စီးမျောနိုင်ပါစေ။