Monday, March 18, 2013

မနော် Tag တဲ့ ခုတလော...

ပြီးခဲ့တဲ့ ပိုစ့်နဲ့ ဒီပိုစ့်ကြားမှာ တလကျော် ခြားသွားတယ်… အချိန်တွေ ကုန်တာ မြန်လိုက်တာ…။
အဲလို စာရေးပျင်းနေကြတဲ့သူတွေကို မနော်ဟရီက ဒီပိုစ့်လေးနဲ့ တပ်လှန့်လိုက်ပါတယ်… ခေါင်းစဉ်က ခုတလော… တဲ့…။ ဖတ်ကြည့်ပါ… ပြီးတော့ ရေးပေးပါ… တယောက်ချင်းစီ နာမည်တွေနဲ့ မ Tag တော့ဘူးနော်… ဒါပေမယ့် ဘလော့ဂါတိုင်းအတွက် Tag Post ပါ… အိုကေ…း-)

ခုတလော...

တွေးနေမိတာက -
(၁) မိန်းမသားဆိုတဲ့ ဖြစ်တည်မှုနဲ့အတူ မိန်းမသားတို့ရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘာဝတွေကို လျှစ်လျှူရှု မေ့လျော့ထားတတ်ကြသူများရဲ့ အကြောင်း (အဲဒီအကြောင်းကို စာတပုဒ် ရေးနေမိတယ်)

(၂) ညနေတိုင်း အချိန်မှန်မှန် အဖျားတက်နေတဲ့သူတယောက်ကို ဘယ်လိုနည်းနဲ့ အဖျား ပျောက်စေနိုင်မလဲ ဆိုတာ… (အများကြီး မတွေးချင်ပါဘူးဆိုမှ ရောဂါဗေဒတွေရဲ့ နောက်ဆက်တွဲ အကြောင်းတွေဟာ ကိုယ့် အတွေးအာရုံကို အချိန်တိုင်း အနှောက်အယှက်ပေးနေကြတယ်…)

(၃) ဗေဒင်မယုံတဲ့သူတယောက်ကို ဗေဒင်ထဲမှာပါတဲ့ နေ့စွဲတွေက လှည့်ဖြား ဖမ်းစားနေတဲ့ အကြောင်း (နီးတော့ နီးနေပါပြီ… စနေဂြိုလ်ဟာ လှလှပပကို ထွက်ခတ် ခတ်နေတာပဲ)

ကိုယ့်ကိုယ်ကို ပြန်ဆင်ခြင်မိတာက -
အသက်ကြီးလာပြီ… ပြီးတော့ ထုံပေပေ အေးစက်စက်နဲ့…

ကျန်းမာရေး -
စိတ်ကျန်းမာရေး - တော်တော်လေး ချို့ယွင်းနေတယ်… ဆေးရှာနေတုန်းပဲ… (ကိုကို ကယ်ရင် လွတ်မြောက်ခွင့်ရမယ့် အချစ်ပါကွယ်… ဆိုတာ အသက် ၁၆ နှစ်လောက်က ဆိုခဲ့ဖူးတဲ့ သီချင်းတစပဲ…)

လူကျန်းမာရေး - ကောင်းတယ်ပဲ ဆိုကြပါစို့ရဲ့… (စက်တွေက သိတဲ့ အသိထက် ကိုယ့်ကိုယ်ကို သိတဲ့ အသိကို တန်ဖိုးထားတယ်… ဆေးလုံးတွေက ပေးနိုင်တဲ့ စွမ်းအားထက် နေ့စဉ် ပုံမှန် စားနေတဲ့ အစားအသောက်တွေက ပေးတဲ့ စွမ်းအားကို အလေးထားတယ်)

ဖတ်ဖြစ်တဲ့စာအုပ်တွေက -
ဝင်းဝင်းလတ် - နန်းထဲမှာပင် အိုလေ့… ပျော်မရွှင်
နုနုရည် (အင်းဝ) - နှစ်ဆယ့်ရှစ်နှစ်ရှိပြီဖြစ်တဲ့ မိန်းမတစ်ယောက် (ဖတ်လက်စ…)

ရောက်နေဖြစ်တာက -
ကြည့်မှန်တချပ်ရှေ့… (မှန်ထဲက သူ က ကိုယ် မဟုတ်ဘူး… ဒါပေမယ့် အဲဒီ သူ ပြုံးမှ ကိုယ် ပြုံးနိုင်တယ်… တမျိုးပဲနော်…)

နားထောင်ဖြစ်နေတာက -
I'm forever keeping my angel close… (What are words – Chris Medina)

ရွတ်နေမိတဲ့ကဗျာက -
ကဗျာဆိုတာ ကိုယ်နဲ့ ဝေးပါတယ်… (တကယ်… တကယ်…)

ဖြစ်ချင်နေတာက -
မိုးပေါ်က ကြယ်သေးသေး မှိန်မှိန်လေး တပွင့်… (အချိန်တန်ရင် လူမသိ သူမသိ တိတ်တိတ်လေး ကြွေလွင့်သွားဖို့…)

စားဖြစ်နေတတ်တာက -
စား - ပေါင်မုန့်၊ အသား နည်းနည်း၊ ငါး နည်းနည်း နဲ့ အရွက်စိမ်း ကြော် ချက်…
သောက် - ရေ၊ ကော်ဖီ နဲ့ အစိမ်းရောင် လဘက်ရည်ကြမ်း

သနားနေမိတာက -
ကိုယ့်အတ္တနဲ့ကိုယ် မောကြီး ပန်းကြီး လောင်ကျွမ်းနေကြသူတချို့ကို…. (တကယ် သနားတာပါ)

လွမ်းနေမိတာက -
ကုန်း အမြင့်ကလေး တခုဆီကို တက်သွားတဲ့ လမ်းကျဉ်းကလေး… ဘေးတဖက်တချက်မှာ သစ်ပင်လေးတွေ စီတန်းလို့…
(အဲဒီ ကုန်းကလေးရဲ့ ထိပ်မှာ သူ စောင့်နေတယ်… ကိုယ်တို့ တွေ့တော့ သူက ပြောတယ်… လာလေ… အိမ်ပြန်ကြရအောင် တဲ့… လွမ်းစရာ အတိ…)

မေ့လျော့ပစ်နေရတာက -
၁) လူတွေကို Jack in the Box အရုပ်ကလေးလို လေးထောင့်ဗူးလေးထဲက ၀ုန်း ကနဲ ဆို ထထွက်လာမှာစိုးပြီး ဗူးထဲကို အတင်း ပြန်ပြန် ဖိ သိပ် ထိုး ကြိတ် ထည့်ချင်နေကြတဲ့ အကြောင်းရယ်…

၂) ကိုယ် ဘေး ဘီ ၀ဲ ယာ မကြည့်တတ်ပဲ ခေါင်းငိုက်စိုက်နဲ့ လမ်းအလျှောက်ကောင်းလို့ အသားလွတ် ၀င်တိုက်ခံလိုက်ရတဲ့ အကြောင်းရယ်…

၃) ကိုယ်ဝတ်ထားတဲ့ အင်္ကျီတံဆိပ်ကို လည်ဂုတ်ကနေ လာ လာ လှန်ကြည့်တတ်၊ နံပါတ်ချင်းမတူတဲ့ လေဒီရှူးဖိနပ်ကို တော်လိမ့်နိုးနဲ့ လာလာ စွပ်ကြည့်တတ်ကြတဲ့ အကြောင်းရယ်…

(ခပ်သေးသေးတွေပါ… ဒါမယ့် ကြိုးစားပြီး မေ့ပစ်နေရတယ်…)

ခါးသက်နေမိတာက -
မရှိကို အရှိလုပ်ပြီး ဟန်ကိုယ့်ဖို့ လုပ်နေသူတွေ… ပြီးတော့ အဲလိုလူတွေနဲ့ အကြောင်းအရာတွေကို ခံစားဖို့ မထိုက်တန်ပါပဲနဲ့ ခံစားမိတဲ့ ကိုယ့်ကိုယ်ကို…. (မနော်ကတော့ ပြောတယ် လောကမှာ ကိုယ့်ကိုယ်ကို ခါးသက်ရတာ အခါးဆုံးပဲ တဲ့… မတတ်နိုင်ဘူး.. ကိုယ်တိုင်က ခါးသက်နေတာကိုး… ပြီးတော့ ပြောရရင် ကိုယ်က အခါး သိပ်ကြိုက်တာ…)

တမ်းတနေမိတာက -
ဘာအိပ်မက်မှ မမက်ပဲ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျသွားတဲ့ ညတွေ…
ပြီးတော့ ကြည်ကြည်လင်လင် နိုးထလာတဲ့ မနက်ခင်းတွေ…

ကြိတ်ပြီးချီးကျူးနေမိတာက -
ထုံဆေး ကူစရာမလိုပဲ တော်တော် ထုံပေပေဖြစ်လာတဲ့ ကိုယ့် ကိုယ် ကို… (တနေ့ တနေ့ ငါတော်တော် ထုံပေပေ ဖြစ်လာပါလား… ငါ တော်တော် ထုံပေပေ ဖြစ်လာပါလားလို့… အကြိမ်ပေါင်းများစွာ ကျေကျေနပ်နပ်ကြီး ရေရွတ်နေမိ…)

ကြိတ်ပြီးအထင်သေးနေမိတာက -
ကိုယ့်ကိုယ်ကိုပါပဲ… (ထုံပေပေဖြစ်တာကိုများ အကောင်းအောက်မေ့နေသလား… မပြောလိုက်ချင်ဘူး.. ဟင်းးး)

ဆန္ဒမရှိတဲ့နေရာ -
လူများများကြားထဲ… (လူတော မတိုးတတ်တာ သိပ်သိသာတာ…)

ဆန္ဒရှိနေတဲ့ကိစ္စ -
ကိုယ့်ဆီမှာ ရှိနေတဲ့ ဆန္ဒကို ထုတ်ဖေါ်ပြနိုင်ဖို့… ပြီးတော့ အကောင်အထည် ဖေါ်နိုင်ဖို့… (လိုအပ်နေတာက အချိန်… နေရာ… ကြည်လင်တဲ့ စိတ်အစဉ်… ပျော်ရွှင်မှု…)

မုန်းတီးနေမိတာက -
လင်းတခါ မှိန်တလှည့်ဖြစ်နေတဲ့ အစိုးမရတဲ့ လူ့ရောင်စဉ်တန်းတွေ… (အကျယ်ချဲ့ပြီး ရှည်ရှည်ဝေးဝေး ရှင်းမပြချင်တော့ဘူး…)

ချစ်နေတာက -
ဟိုတလောက သူ ၀ယ်ပေးထားတဲ့ Jack in the Box… (ဆေးရောင်စုံခြယ်ထားတဲ့ ပြောင်စပ်စပ် မျက်နှာပေးနဲ့ ၀ုန်းကနဲ ၀ုန်းကနဲ ခုန်ထွက်လာတာကို သိပ်ချစ်နေမိ...)


စိတ်ပျက်နေမိတာက -
၁) ဟန်ဆောင် ပန်ဆောင် စကားတွေကို ဟန်ဆောင် ပန်ဆောင် နားရွက်ကြီးနဲ့ နားထောင်၊ ပါးစပ်ဖျားကို မလှုပ်ချင် လှုပ်ချင်နဲ့ လှုပ်ပြီး ပြန်ပြောရတဲ့ အချိန်တွေ… (စိတ်ပျက်တာ…)

စွဲလန်းနေမိတာက -
ကိုယ်ထည် ၀၀နဲ့ လေယာဉ်ပျံကြီးတွေ ဟိုးးး မိုးသားတွေထဲကို တိုးဝင်သွားတဲ့ အခိုက်အတန့်ကလေးမှာ ရလိုက်တဲ့ လှိုက်ကနဲ ခံစားမှု… (အဲဒီလို လေယာဉ်ပျံတွေ ထိုးတက်သွားတဲ့ အချိန်ကို အနီးဆုံး မြင်ရတဲ့ နေရာရှိတယ်… အဲဒီနေရာက ခုံတန်းလေးပေါ်မှာ သက်တောင့်သက်သာ မှီ ထိုင်၊ ခေါင်းကို မော့ပြီး လေယာဉ်ပျံတွေ အတက်ကို စောင့်ကြည့်… ပြီးတော့ သူတို့နဲ့အတူ လိုက်ပါ ခံစားရင်း…)

လိုအပ်နေတာက -
အရာရာကို အလိုက်သင့် အလျားသင့် လူသားဆန်ဆန် ခံစားတတ်ဖို့… ၀မ်းနည်းစရာရှိရင် ၀မ်းနည်းတတ်.. မျက်ရည် ကျသင့်ရင် ကျတတ်… ပေါက်ကွဲဖို့ လိုရင် ပေါက်ကွဲတတ်ဖို့… (ခက်တော့ ခက်ပါတယ်)

ရောက်နေတဲ့ နေရာက -
ဒုတိယအိမ်… (နေတတ်ရင် ကျေနပ်စရာပါ…)

နက်နက်နဲနဲ ပြန်စဉ်းစားနေမိတာက -
တနေ့ တနေ့ အချိန်တွေကို ငါ ဘယ်လို ဖြုန်းပစ်နေတာပါလိမ့်….

နိဂုံးချုပ်လိုက်တော့ -
ပြန်မကြည့်ဖြစ်တာကြာတဲ့ ကိုယ့်ကိုယ်ကို မနော်ကျေးဇူးကြောင့် ပြန်ကြည့်ဖြစ်သွားတယ်…
သိပ် ကျေးဇူးတင်တယ် မနော်…

သက်ဝေ
၁၈ မတ် ၂၀၁၃