Thursday, May 28, 2015

သာတဲ့ ပုဂံမြေ (၅)

 ရွှေဆံတော် ဘုရားကနေ ပြန်တော့ ကန်တော့ပလ္လင် (ဂေါတော့ပလ္လင်) ဘုရားကို သွားဖူးဖြစ်ပါတယ်။ အလောင်းစည်သူမင်းလက်ထက်က မိဘ ဘိုးဘွားတွေကို ကန်တော့ရာနေရာမှာ တည်ထားကိုးကွယ်ခဲ့တာဖြစ်လို့ ကန်တော့ပလ္လင် လို့ဆိုကြရာက နောင် ကာလရွေ့လျောလာတဲ့အခါမှာ ဂေါတော့ပလ္လင်လို့ ခေါ်တွင်ကြကြောင်း သိရပါတယ်။
ထုထည်ကြီးမားပြီး ဥာဏ်တော် ပေတရာ့ရှစ်ဆယ်ခန့် အမြင့်ရှိတဲ့ ဂေါတော့ပလ္လင် လှိုဏ်ဂူတော်ဘုရားကြီးဟာ နရပတိစည်သူမင်းကြီးရဲ့ ကောင်းမှုတော်ဖြစ်ပြီး စေတီတော် တည်ထားကိုးကွယ်စဉ်အတွင်း နရပတိစည်သူမင်း ကံတော်ကုန်သွားတဲ့အခါမှာ သားတော် နားတောင်းများမင်းက ဆက်လက်တည်ထား ကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။
ဘုရားဖူး ဓါတ်ပုံရိုက်ပြီးမှာ မှောင်ရီပျိုးလာပါတယ်။ ဟိုတယ်ကို ပြန်နား၊ ရေချိုး အ၀တ်အစားလဲ ပြီး ညစာစားဖို့ ပြင်ဆင်ကြပါတယ်။ ဒီည ညစာကိုတော့ အပြင်မထွက်ပဲ ဟိုတယ်မှာပဲ စားမယ်လို့ စီစဉ်ထားပါတယ်။ အကြောင်းကတော့ ပုဂံသံတဲဟိုတယ်ရဲ့ ညစာစားချိန်မှာ ဖျော်ဖြေရေးအစီအစဉ်တွေထဲက တခုဖြစ်တဲ့ ရုပ်သေးအကကို သားကို ပြချင်လို့ပါ။ ဖျော်ဖြေရေးအစီအစဉ် ပထမပိုင်းမှာ တေးသံရှင်တဦးက သာယာငြိမ့်ငြောင်းတဲ့ စောင်းလက်သံနဲ့အတူ တေးသီချင်းများ သီဆိုဖျော်ဖြေပါတယ်။
ဒါကတော့ ရုပ်သေးအကပါ။ စားရင်းသောက်ရင်း ဖုန်းနဲ့ ရိုက်လာတာမို့ ပုံက သိပ်မကောင်းပေမဲ့ အမှတ်တရပေါ့။
နောက်တနေ့ မနက်ပိုင်းမှာ ထန်းရည်သောက်ချင်တယ်၊ ထန်းတောတွေကို ဓါတ်ပုံရိုက်ချင်တယ် ဆိုလို့ ထန်းတောတွေဆီကို သွားကြပါတယ်။ စီတန်း ညီညာပြီး သိပ်လှတဲ့ ထန်းတောတွေရဲ့ အလှကို ကင်မရာနဲ့ ဘောင်ခတ်လိုက်တဲ့အခါမှာ အကန့်အသတ်နဲ့ လှရတာမို့ ပုံတွေကို စိတ်တိုင်းမကျသလို ခံစားရပါတယ်။ ဒါနဲ့ ဓါတ်ပုံ သိပ်များများ မရိုက်တော့ပဲ ကင်မရာ ဘေးချပြီး သဘာဝအလှတွေကို တမေ့တမောသာ ငေးကြည့်နေမိတော့တယ်။
လမ်းမတလျှောက်မှာ အညာလက်ဆောင် လို့ ရေးထားတဲ့ ဆိုင်းဘုတ်အတော်များများနဲ့ အိမ်ဆိုင်လေးတွေ တန်းစီနေတာ တွေ့ရပါတယ်။
ဒီဆိုင်လေးမှာ ထန်းရည်အချိုကိုသောက်ရင်း ခဏထိုင်ဖြစ်တော့ အချိန်တိုင်း လူပြည့်နေတဲ့၊ တခုခုစားဖို့ဆို ထိုင်စရာနေရာ တနေရာ အရင်ရှာရတဲ့၊ တိုကင်နံပါတ်ယူပြီး နာရီနဲ့ချီအောင် တန်းစီစောင့်ဆိုင်းရတဲ့ စင်္ကာပူက အလွန်နာမည်ကြီးသော၊ တော်ရုံ နာမည်ကြီးသော၊ နာမည်မကြီးသော၊ အဆင့်အတန်း အမျိုးမျိုးသော စားသောက်ဆိုင်တွေကို ချက်ချင်း သတိရမြင်ယောင်မိပါတယ်။ အင်း……
ထန်းတောတွေ တဖက်တချက် ကာရံနေတဲ့ အဲ့ဒီလမ်းမတလျှောက်မှာ အခုလို လက်တွေ့ ဆီကြိတ်ပြနေတဲ့ ဆီဆုံတွေကိုလည်း တော်တော်များများ တွေ့ခဲ့ရပါတယ်။ ထန်းရည်၊ ထန်းလျက်၊ ထန်းရည်ကနေ ချက်တဲ့ မီးတောက်အရက် တွေအပြင် အဲဒီဆီဆုံတွေကလည်း ခရီးသွားတွေကို စိတ်ဝင်စားစရာတခုအနေနဲ့ ဆွဲဆောင်ပါတယ်။ မြေပဲဆန် ငါးပြည်ကို လေးနာရီလောက် ကြိတ်မှ ဆီ နှစ်ပိဿာလောက်ပဲ ရတယ်လို့ သိရပါတယ်။ အခုလိုဆိုတော့လည်း ဒီခေတ်ကြီးထဲမှာ ကျွန်မတို့တွေ မြေပဲဆီစစ်စစ် မစားရတာ ဘာများဆန်းသလဲလို့ ငေါ့တော့တော့ တွေးမိပါတယ်။ စားအုန်းဆီတွေနဲ့ ရောရိရောရာ ဆီတွေကို ပေါပေါများများ စားသုံးပြီး လူတွေ ရောဂါပေါင်းစုံ ရနေကြတာတွေကို ဆက်တွေးမိတော့ အတွေးစကို အဲဒီနေရာမှာပဲ မြန်မြန်ဖြတ်ရပါတယ်။ အားလပ်ရက် အပန်းဖြေခရီးမှာ မေ့ထားသင့်တာတွေကို မေ့ထားတာ အကောင်းဆုံး မဟုတ်လား။
ဒါကတော့ ထန်းလက်နဲ့ လုပ်ထားတဲ့ ဗူးကလေးတွေပါ။ ထန်းလျက်ခဲ ၀ယ်ရင် အဲဒါလေးတွေနဲ့ ထည့်ပေးပါတယ်။ ချစ်စရာလေးတွေနော်… နာမည်ကျော် LV အိတ်အဆင် လေးထောင့်ကွက်လေးတွေဟာ ဒီ အိတ်ကို တွေ့ပြီး အတုယူထားသလားလို့ ပေါက်ပေါက်ရှာရှာ တွေးမိတော့ ကိုယ့်အတွေးကို ကိုယ့်ဟာကိုယ် ရယ်လိုက်ရတာ။
အပြန်ခရီးတို့ရဲ့ ထုံးစံအတိုင်း အလာတုန်းကရှိနေခဲ့တဲ့ ပေါ့ပါးတက်ကြွမှုနဲ့ လန်းဆန်းပျော်ရွှင်မှုတွေ နည်းနည်း ရော့သွားပါတယ်။ မိုင်တိုင်တွေ တတိုင်ပြီး တတိုင် ဖြတ်ကျော်လာခဲ့တာ… လမ်းဘေးက မြင်ကွင်းတွေ တရိပ်ရိပ်နဲ့ ကျန်ခဲ့တာ… အတွေးထဲမှာတော့ သိပ်မကြာခင် နောက်တခေါက် ရောက်အုံးမှာပေါ့လေ လို့ တွေးရင်း သာတဲ့ ပုဂံမြေဟာ တဖြေးဖြေးနဲ့ ဟိုးဝေးဝေးမှာ ကျန်နေရစ်ခဲ့ပါတော့တယ်။

အခု Bonus အနေနဲ့ နေပြည်တော်မှာ ဖူးခဲ့ရတဲ့ ဘုရား နှစ်ဆူနဲ့ နေပြည်တော်တ၀ိုက်က မြင်ကွင်း ဓါတ်ပုံတွေ တင်လိုက်ပါတယ်။

ဥပ္ပါတသန္တိစေတီတော်ကို ညနေ နေ၀င်ရီတရောမှာ ဖူးတွေ့ရတဲ့ပုံပါ။
အဲဒီစေတီရဲ့ အတွင်းနံရံတွေမှာ ပန်းချီဦးဘကြည်ရဲ့ လက်ရာ ရုပ်စုံဗုဒ္ဓ၀င်တွေကို စကျင်ကျောက်နဲ့ ထွင်းထုထားတာ တွေ့ခဲ့ရပါတယ်။ အင်မတန်မှ လက်ရာမြောက်ပါတယ်။ ဒါကတော့ သားတော် ရာဟုလာ ဘုရားရှင်ဆီက အမွေတောင်းနေတဲ့ ပုံလေးပါ။
ဒါကတော့ မဟာဗောဓိစေတီတော်ပါ။ ဗုဒ္ဓဂယာက မဟာဗောဓိစေတီတော်ပုံကို ကူးယူပြီး တည်ထားကိုးကွယ်တယ်လို့ သိရပါတယ်။ နေပြည်တော်ရဲ့ ဗုဒ္ဓဂယာ လို့လည်း ခေါ်ကြပါတယ်။
ဒါကတော့ မဟာဗောဓိစေတီတော်ရဲ့ ရင်ပြင်တနေရာပါ။ ဒီဘုရားကို သွားရောက်ဖူးမျှော်မယ်ဆိုရင် ယောက်ျားလေး မိန်းကလေး လူကြီး လူငယ်မှန်သမျှ ဘောင်းဘီတွေ စကပ်တွေ ဝတ်လို့မရပါဘူး။ မဖြစ်မနေ လုံချည်ဝတ်ရပါတယ်။ လုံချည်မပါသွားရင် ငှားဝတ်လို့ရတဲ့ နေရာလေးလည်း ရှိပါတယ်။
နေပြည်တော် ဘူတာရုံ
ပြည်သူလူထုရဲ့ မေတ္တာခံယူတဲ့ နာမည်ကျော် ဗိုလ်ရှုခံ
မြန်မာနိုင်ငံရဲ့ အကျယ်ဆုံး ဆယ်လမ်းသွား လမ်းမကြီး...
နေပြည်တော်မှာရှိတဲ့ ဟိုတယ်တွေထဲက အကြီးဆုံး ဟိုတယ်လို့ ပြောကြတယ်။ နာမည် မမှတ်မိတော့ပါ။
ဒါကတော့ တနေ့ကမှ နေပြည်တော် လမ်းညွှန်မြေပုံကို ကြည့်ရင်း အမှတ်မထင် တွေ့မိတာလေးပါ။ National Landmark Garden တဲ့။ မြန်မာနိုင်ငံ မြေပုံလေး လုပ်ထားတာ ကြည့်ပြီး စိတ်ထဲ သဘောကျနေတယ်။
ဘလော့ခေတ် အလွန်မှေးမှိန်နေတဲ့ အချိန်မှာ ပုဂံပိုစ့်ကို လာဖတ်တဲ့၊ ဓါတ်ပုံတွေ လာကြည့်တဲ့ မိတ်ဆွေတွေ တယောက်ချင်းစီတိုင်းကို ကျေးဇူးအများကြီးတင်ပါတယ်။

သက်ဝေ
(၂၈ မေ ၂၀၁၅)

Tuesday, May 26, 2015

သာတဲ့ ပုဂံမြေ (၄)

နေ့လည်စာ ထမင်းစားပြီး ပထမတော့ ဟိုတယ်ကို ပြန်နားကြမလို့ပဲ နောက်တော့ သိပ်လည်း မပင်ပန်းကြတာမို့ ဘုရားတွေ ဆက်ဖူးကြဖို့ စိတ်ကူးတယ်။
သရပါတံခါးကနေ နည်းနည်း ဆက်သွားတော့ Golden Palace လို့ ခေါ်လို့ရတဲ့ နန်းတော်ရာ ကို ရောက်တယ်။ နန်းတော်ရာ ဆိုပေမဲ့ မြို့တော်ရဲ့ အလယ်တည့်တည့်မှာ မရှိပဲ နန်းမြို့ရိုးနဲ့ ကျုံးအနားမှာ ဖြစ်နေပါတယ်။ ဘာမှ ထင်ထင်ရှားရှား များများစားစားတော့ မတွေ့ခဲ့ရပါဘူး။ သစ်ပင်ပေါင်းပင်တွေ ထူထပ်စွာ ပေါက်ရောက်နေပြီး ပျက်စီးနေတဲ့ အုတ်ပုံတွေကိုသာ အခုလို တွေ့ရပါတယ်။ 
နန်းတော်ရာကနေ ရွှေဂူကြီးဘုရားကို ဆက်သွားကြပါတယ်။ ရွှေဂူကြီးဘုရားကတော့ ပုဂံမြို့အ၀င် သရပါတံခါးရဲ့ အတွင်းပိုင်း အနောက်ဘက်မှာ တည်ရှိပါတယ်။ အမြင့် ဆယ့်နှစ်ပေရှိတဲ့ အုတ်ခုံထက်မှာ တည်ထားပါတယ်။ အဲဒီရွှေဂူကြီးဘုရားကို အလောင်းစည်သူမင်းက သာဝတ္ထိပြည်၊ ဇေတ၀န်ကျောင်းတော်မှာရှိတဲ့ ကန္ဓကုဋိတိုက် ပုံစံကို အတုယူပြီး တည်ဆောက်ထားတာဖြစ်တယ် လို့ သိရပါတယ်။
ရွှေဂူကြီးဘုရားမှာ လှေခါးသေးသေး ကျဉ်းကျဉ်းလေးတွေကတဆင့် အပေါ်ပစ္စယံတွေကို တက်လို့ရတာမို့ ခဏတက်ပြီး ဓါတ်ပုံရိုက်ပါတယ်။ ဒါကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ ရှေးဟောင်းသုတေသန ယဉ်ကျေးမှုသမိုင်းပြတိုက်ပါ။
ဒီပုံတွေကတော့ ရွှေဂူကြီးဘုရားကနေ လှမ်းတွေ့ရတဲ့ ပုဂံ မြင်ကွင်းပါ။
ဒါကတော့ (ကျွန်မ မှတ်လာတာ မမှားဘူးဆိုရင်) ရွှေဂူကြီးဘုရားကနေ လှမ်းဖူးတွေ့ရတဲ့ သဗ္ဗညုပါ။
ရွှေဂူကြီးဘုရားကနေ အပြန်မှာ အခုနက အဝေးကနေ လှမ်းဖူးမျှော်ခဲ့ရတဲ့ သဗ္ဗညုဘုရားကို ဆက်သွားကြပါတယ်။ သဗ္ဗညုဘုရားဟာ အလောင်းစည်သူမင်းရဲ့ ကောင်းမှုတော်ဖြစ်ပါတယ်။ ပုဂံတ၀ိုက်မှာ ထုထည်ကြီးမားပြီး ဥာဏ်တော်အမြင့်ဆုံး ဂူဘုရားကြီးဖြစ်လို့ အဝေးကနေ လှမ်းကြည့်ရင်တောင် ထင်ရှားစွာ ပေါ်လွင်နေတာကို တွေ့နိုင်ကြပါတယ်။ သဗ္ဗညုဘုရားဟာ ဥာဏ်တော် ပေနှစ်ရာခန့် အမြင့်ရှိပြီး ရှေးခေတ်က ရဟန်းသံဃာတော်တွေ ပရိယတ္တိစာပေလေ့လာဖို့ ပိဋကတ်တိုက်သဖွယ် အသုံးပြုခဲ့ကြတာလို့ သိရှိရပါတယ်။ သဗ္ဗညုဘုရားကြီးဟာ ဘေးတက် လှိုဏ်ဂူဘုရားကြီးဖြစ်ပြီး ဆင်းတုတော်ထားရှိတဲ့ ကန္ဓကုဋိတိုက် ခေါင်မိုးပေါ်မှာ အုတ်တွေနဲ့ပဲ တည်ဆောက်ထားတာမို့ ထူးခြားတဲ့ ဗိသုကာလက်ရာလည်း ဖြစ်ပါတယ်။
သဗ္ဗညုဘုရားဖူးပြီးတော့ ဘုရားလည်း ဖူး၊ နေ၀င်ချိန် သိပ်လှတဲ့ ပုဂံရှူခင်းကို ကြည့်ဖို့ ရွှေဆံတော်ဘုရားကို ဆက်သွားကြပါတယ်။ ရွှေဆံတော်ဘုရားကို အနော်ရထာမင်းကြီးက တည်ထားကိုးကွယ်ခဲ့တယ်လို့ သိရပါတယ်။ အနော်ရထာမင်းမြတ် ဥသာပဲခူးမှာ ခမာလူမျိုးတွေ တိုက်ခိုက်ဝင်ရောက်ခဲ့စဉ်က စစ်ကူပေးခဲ့အတွက် ဥသာမင်းဆက်သတဲ့ ဆံတော်ကို ဌာပနာပြုပြီး ရွှေဆံတော်ဘုရားကို တည်ထားကိုးကွယ်ခဲ့တာလို့လည်း မှတ်သားရပါတယ်။ ရွှေဆံတော်ဘုရားဟာ ကျဉ်းမြောင်းမက်စောက်တဲ့ လှေကားထစ်တွေကနေ တက်ရတာဖြစ်ပြီး ပုဂံပတ်ဝန်းကျင်တခုလုံးက ဘုရားတွေကို အပေါ်စီးကနေ လှပစွာ မြင်တွေ့ ဖူးမျှော်နိုင်တာရယ်၊ ဧရာဝတီမြစ်ထဲကို နေလုံးကြီး ငုတ်လျှိုးသွားတဲ့ နေ၀င်ချိန်မြင်ကွင်းရယ်တို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသွား ဧည့်သည်များ အလွန်သဘောကျ နှစ်သက်တဲ့ နာမည်ကျော် ဘုရားတဆူပါ။
အဲဒီအချိန်လေးမှာပဲ ပုဂံနဲ့ အကျွမ်းတ၀င်ရှိလှတဲ့ သူငယ်ချင်းက တကူးတက ဖုန်းဆက်ပြီး လှမ်းပြောပါတယ်၊ ဒီနေ့ ညနေ ငါးနာရီ မိနစ်လေးဆယ်မှာ နေ၀င်မယ်တဲ့။ နေ၀င်ချိန်ဓါတ်ပုံ လှလှရအောင် ရိုက်ခဲ့နော်တဲ့။ ရွှေဆံတော်ဘုရား အောက်ခြေကို ကျွန်မတို့ ရောက်သွားတဲ့အချိန်မှာ ဘုရားပစ္စယံတွေမှာ နေ၀င်ချိန်ကို စောင့်ကြည့်၊ ဓါတ်ပုံရိုက်မဲ့ ခရီးသွားတွေနဲ့ ပြည့်နေပါပြီ။ ကျဉ်းမြောင်း မတ်စောက်တဲ့ လှေခါးသေးသေးလေးကို ကြည့်ပြီး အပေါ်တက်ရင် ကောင်းမလား၊ မတက်ရင် ကောင်းမလား တွေးနေရင်းနဲ့ ရောက်ပြီးမှတော့ တက်တာပေါ့လေ လို့ အားတင်းလိုက်ပါတယ်။ ဒါနဲ့ အများသူငါတွေနဲ့ ရောနှောပြီး လက်ရန်းကို မြဲမြဲကိုင်လို့ ကြောက်ကြောက်နဲ့ တက်သွားလိုက်ပါတယ်။ ပစ္စယံ ဒုတိယအဆင့်ကို ရောက်တော့ ဆက်မတက်ချင်တော့ဘူး။ ဒီလောက်ကနေ ရိုက်ရင်လည်း ရတာပါပဲလေ လို့ တွေးပြီး ဟိုဟိုဒီဒီ ကြည့်ပြီး ရှာလိုက်တော့ နေ၀င်ချိန် ဓါတ်ပုံရိုက်စရာ တကိုယ်စာ နေရာလေး ရပါတယ်။ ထရိုက်ပေါ့ထ် မပါသော်လည်း အုတ်ဘောင်ကလေးတခုပေါ်ကို ကင်မရာ ငြိမ်အောင် ထားလို့ရတဲ့ နေရာလေးမို့ အဆင်ပြေပါတယ်။ ပြီးတော့ ကင်မရာကို ဆက်တင်တွေ ဘာတွေ ချိန်၊ ဟိုကြည့်ဒီကြည့် ဟိုရိုက်ဒီရိုက်နဲ့ပေါ့။

အဲဒီအချိန်မှာ အပေါ်က လက်ခုပ်တီးပြီး လှမ်းခေါ်သံကြားလို့ မော့ကြည့်တော့ ဖေဖေ ဖြစ်နေပါတယ်။ သူက အပေါ်ဆုံးပစ္စယံကနေ အောက်ကို ငုံ့ကြည့်ပြီး အပေါ်ကို တက်ခဲ့ဖို့ လှမ်းခေါ်နေတာပါ။ ကျွန်မစိတ်ထဲ ဖေဖေ လိုက်တက်မလာဘူး၊ မေမေတို့နဲ့ အောက်မှာပဲ နေကျန်ခဲ့တယ်လို့ ထင်ထားတာ။ ဘယ်လိုလုပ်များ အပေါ်ဆုံးထိအောင် ရောက်သွားပါလိမ့်လို့ တွေးလည်းတွေး ဒီလိုအတက် အဆင်းတွေမှာ မတော်တဆ မူးမိုက်သွားမှဖြင့်လို့ စိတ်လည်းပူနဲ့ ကျွန်မလည်း အပေါ်ကို လိုက်တက်ရပါတော့တယ်။ အပေါ်ကို ရောက်တော့ ဓါတ်ပုံရိုက်စရာ နေရာမရှိတော့ပါဘူး။ နေရာကောင်းတွေမှန်သမျှ လူတွေ ပြည့်လို့။ နေကလည်း ၀င်တော့မယ်… နေလုံးကြီးကို အလုံးလိုက် အ၀ိုင်းလိုက်ရအောင် ဘယ်လိုများ ရိုက်ရပါ့မလဲ တွေးပြီး ဟိုကြည့်ဒီကြည့်နဲ့ ကြည့်နေရင်းမှာ နိုင်ငံခြားသူတယောက်က ကျွန်မကို တကိုယ်စာလေး နေရာကျုံ့ပေးပါတယ်။ ကင်မရာတင်စရာ နေရာလေးရအောင်လည်း ကြိုးစားပြီး ဖယ်ပေးပါတယ်။ အဲဒီအမျိုးသမီးကို ကျေးဇူးတင်စကား ပြောပြီး နေ၀င်ချိန်ကို စောင့်ပါတယ်။ ဒါကတော့ နေမ၀င်ခင် ကင်မရာ မျက်နှာမူရာကို ရိုက်ထားတဲ့ ပုံလေးတွေပါ။ 
ဒါပေမဲ့ မှန်းချက်နဲ့ နှမ်းထွက် မကိုက်ပါဘူး။ တိမ်ထူထပ်တဲ့ ညနေခင်းတခုဖြစ်တာကြောင့် နေဝင်တဲ့အခါ နေလုံးကြီးကို တိမ်တွေက ကွယ်ထားပါတယ်။ နောက်ဆုံးမှာ နေလုံးကြီးဟာ တိမ်တွေကို အကွယ်အကာယူပြီး တောင်တန်းတွေရဲ့ အနောက်ကို တစ တစနဲ့ ငုတ်သျှိုး ပျောက်ကွယ်သွားပါတော့တယ်။
နေဝင်ချိန်ကို ဓါတ်ပုံရိုက်ဖို့ စောင့်နေကြသူများလည်း အားမလို အားမရဖြစ်နေတဲ့ မျက်နှာလေးတွေနဲ့ အောက်ကို ပြန်ဆင်းကြရပါတယ်။ တကယ်ကျတော့ အဆင်းဟာ အတက်ထက် ပိုပြီး ကြောက်စရာကောင်းတာကို တွေ့ရပါတယ်။ လက်ရမ်းတွေကို ကိုင်ပြီး ခပ်ဝေးဝေးကို ငုံ့မကြည့်ပဲ ဘေးတိုက်အနေအထားနဲ့ တထစ်ချင်း အသက်ပြင်းပြင်းမရှူရဲပဲ ဆင်းရပါတယ်။ တချို့အမျိုးသမီးတွေ တကယ်ပဲ ကြောက်ရွံ့တုန်လှုပ်ပြီး ချွေးသီးချွေးပေါက်တွေကျလို့ အဆင်းခက်နေတာကိုလည်း တွေ့ခဲ့ရပါတယ်။ ကျွန်မစိတ်ပူနေတဲ့ ဖေဖေကတော့ ကျွန်မတို့ရော သူများတွေပါ နေ၀င်ချိန်စောင့်နေတုန်း၊ လှေခါးမှာ လူရှင်းနေတုန်း အောက်ကို ဆင်းသွားခဲ့ပါပြီ။
အောက်ကို ချောချောမောမော ရောက်တော့မှ ကိုယ် တက်ခဲ့တဲ့ လှေခါးနဲ့ ကိုယ် ရောက်သွားခဲ့တဲ့ နေရာကို ပြန်မော့ကြည့်မိပါတယ်။ အတော်တော့ မြင့်သား… ချစ်စရာ ပုဂံရဲ့ မြင်ကွင်းလှလှ ရှူခင်းလှလှတွေကို မှတ်တမ်းတင် ဓါတ်ပုံရိုက်ချင်တဲ့ ဇောက များနေတော့ ကြောက်ရမှန်းမသိခဲ့တာ။ ဒါပေမဲ့ အဲဒီလှေခါးကနေ မတော်တဆ လိမ့်ကျ ပြုတ်ကျခဲ့ဖူးသူ တဦးတယောက်မှ မရှိတဲ့အကြောင်း သိရတော့ ရွှေဆံတော်ဘုရားရဲ့ ဘုန်းတန်ခိုး ကြီးမားပုံကို သတိပြု ဆင်ခြင်မိပါတယ်။
ပထမတော့ ဒီပိုစ့်မှာ ပုဂံခရီးစဉ်ကို အပြီးသတ်မလားလို့… ဒါပေမဲ့ နောက် ဂေါတော့ပလ္လင်ဘုရားတဆူ ကျန်သေးတာရယ်၊ နောက်တနေ့မှာ ရိုက်လာတဲ့ ဓါတ်ပုံတွေ တင်ချင်သေးတာရယ်ကြောင့် စာနည်းနည်း ဓါတ်ပုံများများနဲ့ နောက်တပိုစ့် ဆက်ပါအုံးမယ်။ လာကြည့်ကြပါအုံးနော်။

သက်ဝေ
(၂၆ မေ ၂၀၁၅)

Saturday, May 2, 2015

သာတဲ့ ပုဂံမြေ (၃)

နေမြင့်လာတော့ နည်းနည်းပူသလို ထင်ရတယ်။ ဒါပေမဲ့ ညင်ညင်သာသာ တိုက်နေတဲ့ လေလေးကတော့ အေးနေတာပဲ။ ဒီမှာ ကြည့်ပါအုံး ခြောက်သွေ့မှုနဲ့ စိန်းလမ်းမှု  နှစ်မျိုး ရောယှက်နေတဲ့ကြားမှာ လှပနေတဲ့ ပုဂံ...
မြစေတီဘုရားပြီးတော့ ဖူးရတဲ့ဘုရားကတော့ ထုမှာ ဓမ္မရံ လို့ ဆိုကြတဲ့ ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးပါ။ ပုဂံမှာ ရှိတဲ့ ထုထည်အကြီးမားဆုံး ဘုရားတွေထဲမှာ တခုအပါအဝင်လို့ သိရပါတယ်။
ဒီလှိုဏ်ဂူတော်ကြီးရဲ့ ထူးခြားချက်ကတော့ အုတ် အင်္ဂတေ ပန်းရန် ဗိသုကာ လက်ရာပါ။ အုတ်စီပုံစီနည်းက ဓါးစီခုတ် လို့ခေါ်တဲ့ ဓါးနဲ့ ရွေခုတ်ပြီးမှ အင်္ဂတေ ညှပ်ပြီး စီတာဖြစ်လို့ အပ်တောင် ထိုးလို့ မဝင်အောင် စေ့စပ်တယ်၊ ပေါင်းကူးနဲ့ နံရံတွေလည်း အင်မတန် ခိုင်ခံ့တယ်လို့ သိရပါတယ်။ ကြည့်ပါအုံး ဟိုးရှေးရှေးက ခန်းနားလှပတဲ့ လက်ရာ...
ဓမ္မရံကြီးလှိုဏ်ဂူတော်ကြီးက အပြန်မှာ တုရင်တောင် စွယ်တော်ရှင်စေတီကို သွားဖူးရမယ်လို့ သိရပါတယ်။ တုရင်တောင်ကို အသွားလမ်းမှာ ဝင်ရောက်ဖူးမျှော်ခဲ့ရတာကတော့ စူဠာမဏိ စေတီပါ။ မှန်နန်းမဟာရာဇဝင်တော်ကြီးမှာ ပြည်သူ လူတကာတို့ စီးပွားကို ဆောင်တော်မူ၍ နိဗ္ဗာန်မဂ်ဖိုလ် အလို့ငှာ လိုဏ်နှစ်ဆင့်ရှိသော ကြီးစွာသော ကောင်းမှုတော်ကို တည်တော်မူ၍ စူုဠာမဏိဟူသော အမည်ကို သမုတ်တော်မူ၏ လို့ ရေးထားကြောင်း မှတ်သားခဲ့ရပါတယ်။
ဒါကတော့ စုဠာမဏိစေတီ အဝင် လမ်းကလေးပါ။
စူဠာမဏိ စေတီက အထွက်မှာ ကြေးစည်လေးတွေနဲ့ ခေါင်းလောင်းတွေ ရောင်းတဲ့ ဆိုင်လေး တွေ့ခဲ့ရတယ်။ အင်မတန်မှ အသံသာတဲ့ ကြေးခေါင်းလောင်း ညိုဝါဝါလေးတွေ။
ချစ်စရာ ခေါင်းလောင်းလေးတွေကို ဓါတ်ပုံရိုက်ပြီးတော့ စွယ်တော်ရှင်စေတီကို ဖူးမျှော်ဖို့အတွက် တုရင်တောင်ကို ဆက်သွားကြပါတယ်။ တုရင်တောင်ကိုရောက်ဖို့ တော်တော်လေးတော့ မောင်းသွားရတယ်။ တောင်ပေါ်ရောက်တော့ စွယ်တော်ရှင် အလိုတော်ပြည့် စေတီကို သာယာကြည်လင်တဲ့ ကောင်းကင်ကြီးအောက်မှာ အခုလို သပ္ဗါယ်စွာ ဖူးတွေ့ရပါတယ်။ 
ပြီးတော့ မြကန်သာ… တုရင်တောင်ပေါ်က တွေ့ရတဲ့ မြကန်သာပါ။ မြကန်သာ တောင်ကျ ချောင်းတေး ရေဝင်ပြေးလှည့် ရေအေးကြည်စွာ လို့ ဖတ် မှတ်ခဲ့ရဖူးတယ်။ အခုတော့ ဒီလိုပဲ ခြောက်ခြောက်သွေ့သွေ့ မြင်ခဲ့ရပါတယ်။
တုရင်တောင် အပြန်လမ်းတနေရာမှာ တွေ့ခဲ့ရတဲ့ ထန်းတောတွေပါ။
တုရင်တောင်ကနေ ပြန်လာတော့ မဟာငှက်ပစ်တောင် မြတ်စွာဘုရားကို ဝင်ဖူးပါတယ်။ အဲဒီဘုရားအတွင်းဖက်မှာ တနေရာနဲ့ တနေရာကို ဥမင်လိုဏ်ခေါင်း နိမ့်နိမ့်လေးတွေနဲ့ ဆက်သွယ်ထားပါတယ်။ အရင်ကတော့ ငှက်တွေ ရှိတယ် လို့ ပြောတယ်။ အခုတော့ ဘာငှက်မှ မတွေ့ခဲ့ရပါဘူး။ ပုံထဲမှာ တွေ့တဲ့ ငှက်ကြီးသို့ ဆိုတဲ့ စာပဲ တွေ့ခဲ့ရပါတယ်။
အဲဒီကအပြန်မှာ ရှင်အရဟံ အုတ်ကျောင်းကို ရောက်တော့ ငြမ်းတွေနဲ့ အဆောက်အဦးကို ပြန်လည်ပြင်ဆင်နေတာမို့ အထဲကို မဝင်နိုင်ခဲ့ပါဘူး။
အဲဒီကနေ ဆက်သွားဖြစ်တာကတော့ မင်းကျန်စစ်ရဲ့ ကောင်းမှုတော် အာနန္ဒာလိုဏ်ဂူ ဘုရားပါ။
ဘဒ္ဒကမ္ဘာမှာ ပွင့်တော်မူခဲ့ပြီးဖြစ်တဲ့ ကကုသန်၊ ကောဏာဂုံ၊ ကဿပ၊ နဲ့ ဂေါတမ ဘုရားလေးဆူကို ရည်မှန်းထုလုပ်ထားတဲ့ ပေသုံးဆယ်ခန့် အမြင့်ရှိတဲ့ မတ်ရပ်ရုပ်ပွားတော်ကြီး လေးဆူကို ဖူးတွေ့နိုင်ပါတယ်။ (အလင်းအမှောင်ကြောင့် ရုပ်ပွားတော်တွေရဲ့ အရောင်ကို တညီတညာထဲ တူအောင် ညှိလို့မရ ဖြစ်သွားပါတယ်။)
ပျဉ်ပြားမင်းဟာ ပုဂံမြို့ကို ကျုံး မြို့ရိုး အပြည့်အစုံနဲ့ တည်ထားခဲ့ရာမှာ ပုဂံမြို့ရိုးမှာ စုစုပေါင်း တံခါးပေါက် တဆယ့်နှစ်ခု ရှိခဲ့ဖူးပါတယ်။ ဧရာဝတီမြစ်ရဲ့ တိုက်စားမှုကြောင့် အခုအခါမှာ အရှေ့ဖက် တံခါးပေါက် တခုသာ ထင်ထင်ရှားရှား ကျန်ပါတယ်။ အဲဒီတံခါးပေါက်ကို သရပါ လို့ အမည်တွင်စေပါတယ်။ သရပါ ဆိုတာ မြားကို ဆီးကာသော တံခါး လို့ အနက်ရှိကြောင်း မှတ်သားခဲ့ရပါတယ်။

ဘယ်နေရာကို ရောက်ရောက် ပြတင်းပေါက်တွေနဲ့ တံခါးတွေကို အမြဲသဘောကျလေ့ရှိတဲ့သူမို့ သရပါတံခါးကို ဓါတ်ပုံတွေ အများကြီး ရိုက်ဖြစ်ပါတယ်။ ကားတွေ၊ လူတွေ၊ စက်ဘီးတွေ၊ မြင်းလှည်းတွေ ဥဒဟို ဖြတ်သန်းသွားလာနေတာမို့ ဓါတ်ပုံရိုက်ဖို့ အချိန်တော်တော် စောင့်ရပါတယ်။ သရပါနားမှာ ရိုက်ဖြစ်တဲ့ပုံတွေထဲမှာတော့ အခုလို မြင်းလှည်းလေးတစီးထဲ ရှင်းရှင်းလင်းလင်း ပါအောင် စောင့်ရိုက်ထားတဲ့ ဒီပုံလေးကို အကြိုက်ဆုံးပါပဲ။
သရပါကနေ ပြန်တော့ နေ့လည်စာ စားဖို့ အချိန်တောင် အတော် လွန်နေပြီ။ ဒါနဲ့ အပြန်လမ်းမှာ ရှိတဲ့၊ ဟင်းအမည်စုံုံစုံလင်လင်ရတယ်လို့ နာမည်ကြီးတဲ့ မျိုးမျိုး ထမင်းဆိုင်လေးမှာ ဝင်စားကြပါတယ်။ ဟင်းတွေကို တယောက်စာ ပန်းကန်သေးသေးလေးတွေမှာ ထည့်ထားပြီး ကိုယ်ကြိုက်တာ ကိုယ်စား၊ ပန်းကန်အရေအတွက်နဲ့ ပိုက်ဆံရှင်းရတဲ့ ဆိုင်လေးပါ။ ကိုယ်ကသာ တချို့ဟင်းတွေ သိပ်မစားတတ်ပေမဲ့ လူကြီးတွေကတော့ ချဉ်ပေါင်ဖူးထောင်းတို့ နှမ်းဖတ်ချဉ်တို့ တွေနဲ့ စားပြီး မြိန်တယ်လို့ ပြောကြတယ်။
ထမင်းစားပြီးရင် ခဏနားမယ်နော်… နေကလည်း အတော်လေး ပူနေပြီ။ ညနေစောင်းမှ ဘုရားဖူးပြန်ထွက်ကြတာပေါ့။

သက်ဝေ
(၂ မေ ၂၀၁၅)