Wednesday, December 18, 2013

ဖြစ်စဉ်များ

ဖြစ်စဉ် (၁)

ကျောက်ကပ်မကောင်းလို့ ဆီးမသွားနိုင်ဖြစ်ပြီး ခြေထောက်ကြီး ယောင်နေတဲ့ လူနာကို ကုသတဲ့ ဆရာဝန်က ဆင်ခြေထောက်ရောဂါပါ ဆိုပြီး ဆင်ခြေထောက်ဆေး ငါးသောင်းခွဲဖိုး တိုက်ပါတယ်…။ လူနာကလည်း ဆရာဝန်ပေးတဲ့ ဆေးဆိုတော့ သောက်ရတာပေါ့နော်…။

ဟုတ်ကဲ့... အဲဒါ မြန်မာပြည်က မြို့ကြီးတစ်မြို့မှာ ဖြစ်သွားတာပါ...။ အခုတော့ အဲဒီ လူနာက ဆုံးသွားပါပြီ... သူ့မှာ အသည်းမကောင်းတဲ့ရောဂါအခံလည်း ရှိပါတယ်... ဒါပေမဲ့ အခုလောက် မြန်မြန်ဆန်ဆန်ကြီး ဖြစ်သွားလိမ့်မယ်လို့ မျှော်လင့်မထားပါဘူး... လို့ လူနာရှင်က ဆိုပါတယ်။ အကြောင်းရင်းအမှန်ကို သေသေချာချာ မစစ်ဆေးပဲ အခုလို ကုသမှုမျိုးကြောင့် လူနာတွေ ဘယ်လောက် အသက်ဆုံးရှုံးခဲ့ရပြီလဲ ဆိုတာ မတွေးရဲပါဘူး။

အဲဒီအကြောင်းကို ဖဘက ညီမတစ်ယောက်နဲ့ စကားစပ်လို့ ပြောမိတော့ သူ့မိဘ ညီအကို မောင်နှမတွေ နေတဲ့ မြို့နယ် ကျေးရွာတွေမှာ ဆင်ခြေထောက်ကာကွယ်ဆေးကို လူတိုင်း မသောက်မနေရနဲ့ အစိုးရ စီမံချက်နဲ့ သောက်ရတယ် လို့လည်း သိရပါတယ်…။ တကယ်ကိုပဲ ကောင်းသည် ဆိုးသည် ပြောရခက်လှပါတယ်။

ဖြစ်စဉ် (၂)

လည်ပင်းမှာ အကြိတ်သေးသေးတစ်ခုတွေ့ပါတယ်… ရန်ကုန်မြို့က နာမည်ကြီး Physician ကို သွားပြတော့ ခွဲရမယ်ဆိုပြီး နာမည်ကြီး Surgeon ကို လွှဲပေးပါတယ်…။ Surgeon က လူနာကို ကြည့်ပြီး ခွဲချင်သလား မခွဲချင်ရင် ဆေးသောက် လို့ ပြောပါတယ်…။ ဒီတော့ ရုတ်တရက် ခွဲရမှာ ကြောက်တဲ့ လူနာကလည်း ဆေးသောက်တဲ့ option ကို ရွေးလိုက်ပါတယ်။ ဒီလိုနဲ့ နှစ်ပတ် တစ်ခါ ချိန်းပါတယ်။ တွေ့ရတိုင်းမှာလည်း Surgeon က အလုံးကို လက်နဲ့သေချာတောင် မထိပဲ လူနာရဲ့ နာမည်ကို ခေါ်… နေကောင်လား… ဆေးးယူသွားနော် ဆိုပြီး ဆေးစာလေးရေးပေးလိုက်… လူနာကလည်း ပျောက်နိုး ပျောက်နိုးနဲ့ ဆေးယူလာပြီး သောက်နေလိုက်တာ လေးလနီးပါး ကြာသွားပါတယ်။

အဲဒီလူနာ စကာင်္ပူကို အလည်လာရင်း အဲဒီအကြိတ်လေး ပြသွားမယ် ဆိုပြီး NUH ကို သွားပါတယ်…။ တွေ့ရတဲ့ ဆရာဝန်က အကြိတ်ကို စမ်းပြီး အဆီ (သို့) အရည်ကြိတ် ဖြစ်နိုင်တယ် ဆိုပြီး အပ်နဲ့ စုတ်ထုတ်ပါတယ်။ အရည်တွေ ထွက်လာပါတယ်။ ဓါတ်ခွဲခန်းပို့ပါတယ်။ ဘာမှ မတွေ့ပါဘူး…။ သာမာန် အရည်ကြိတ်ပါ။ ဒီလိုနဲ့ စုစုပေါင်း အချိန် မိနစ် နှစ်ဆယ်အတွင်းမှာ လူနာရဲ့ စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာပါ လုံးဝ ကောင်းမွန် ချမ်းသာသွားရပါတယ်။ အခုချိန်အထိလည်း အကြိတ်ပြန်ဖြစ်လာခြင်း၊ အရည်ပြန်စုလာခြင်းမျိုး လုံးဝ မရှိပါဘူး…။

လေးလတာ ကုန်ကျခဲ့တဲ့ ငွေကြေး၊ ဆရာဝန်နဲ့ တွေ့ဖို့ ဆေးခန်းသွားရ တိုကင်ယူရ အချိန်စောင့်ရတဲ့ ကရိကထတွေကို လုံးဝ ထည့်မတွက်ဖူးပဲ ထား… လူနာရဲ့ စိတ်ပိုင်းဆိုင်ရာ နဲ့ မိသားစုတွေရဲ့ ပူပန်ကြောင့်ကြမှုတွေ ကို ဒီ မိနစ် နှစ်ဆယ် ဆိုတဲ့ အချိန်က ရှင်းပေးသွားလိုက်တာ…။

ဒီဖြစ်စဉ်မှာ မြန်မာပြည်က အကောင်းဆုံး နာမည်အကြီးဆုံးနဲ့ အကျော်ကြားဆုံး သမားတော်ကြီးတွေရဲ့ ဆေးကုသပုံ ကုသနည်းတွေ ဘာကြောင့်များ အခုလို လွဲချော် မှားယွင်းနေတာပါလိမ့်… လို့ ကျွန်မ သိချင်နေမိပါတယ်။

ဖြစ်စဉ် (၃)

ည ရှစ်နာရီလောက်မှာ သွေးတွေတက် ခေါင်းမူး ဇောချွေးတွေပြန်ပြီး မောနေတဲ့ လူနာ… အနားက နာမည်ကြီး ဆေးတိုက်တစ်ခုက ဆရာဝန်ကို အိမ်ကို ပင့်ပါတယ်။ စက်ကရိယာ စုံစုံလင်လင်နဲ့ လာကြည့်ပါတယ်.. သို့သော် လူနာရှင်ကို ဘာမှ ဆွေးနွေးပြောဆိုခြင်း မရှိပါဘူး။ ဆေးရုံတင်ရင် ကောင်းမယ်လို့ တစ်ခွန်းပဲ ပြောပါတယ်။ ရုတ်တရက်မို့ လူနာကလည်း ကြောက်၊ လူနာရှင်ကလည်း ဘာလုပ်ရမယ် ဆိုတာ မဝေခွဲနိုင်၊ သားသမီးတွေကလည်း အနားမရှိဆိုတော့ အိမ်မှာပဲ တစ်ည ကုန်သွားပါတယ်။ နောက်တနေ့မနက် လူနာကြည့်ရတာလည်း သက်သာဟန်မတူတော့ ညက ဆရာဝန်ပြောသွားတဲ့အတိုင်း နာမည်ကြီး ပုဂ္ဂလိက ဆေးရုံတစ်ခုကို တင်ပါတယ်။ ဆေးရုံရောက် အကျိုးအကြောင်း ပြောပြတော့ ဆုံးအောင်လည်း နားမထောင်၊ ဘာညာ မပြောပဲနဲ့ ICU (အထူး ကြပ်မတ် ကုသဆောင်) ထဲ တန်းထည့်ပါတယ်။ ခဏနေတော့ သူနာပြုတစ်ယောက် ထွက်လာပြီး သား သမီးတွေကို အကြောင်းကြားချင် ကြားတော့လို့ ပြောပါတယ်။ သားသမီးတွေကို အကြောင်းကြားတော့ ဆိုတဲ့ စကားကို လူနာရှင်တစ်ယောက် ဘယ်လိုနှလုံးသားမျိုးနဲ့ ခံယူနာကြားရမယ်ဆိုတာ တွေးသာကြည့်ပါတော့...။ အဲဒီစကားတစ်ခွန်းသာ ပြောပြီး လူနာရဲ့ ရောဂါနဲ့ ပတ်သက်တာ၊ လူနာရဲ့ အခြေအနေ၊ ဘယ်လို ကုသရမယ်၊ ဘယ်လိုကုသရင် သက်သာမယ်၊ ဘယ်လောက် အတိုင်းအတာအထိ စိုးရိမ်ရတယ် မစိုးရိမ်ရဘူး… ဘာဆို ဘာမှ တစ်ခွန်းမှ ရှင်းမပြ ပြောမပြပါဘူး။ တွေ့ရာ ၀န်ထမ်းတွေ ဆရာဝန်တွေ သူနာပြုတွေကို အတင်း (အတင်း) လိုက်မေးတော့ နှလုံးသွေးကြောကျဉ်းနေတာ လို့ တိုတိုပဲ ပြောပါတယ်။

ICU ရဲ့ အရေးပေါ် ကုသမှုကြောင့်ရော၊ လူနာရဲ့ ကုသိုလ်ကံကြောင့်ရော အဲဒီနေ့မှာပဲ သက်သာလာပါတယ်…။ ဆေးရုံရောက်တာ နောက်ထပ် ခြောက်နာရီ နောက်ကျရင် အသက်ဆုံးရှုံးနိုင်တယ်လို့ သိရပါတယ်။ အဲဒီလိုနဲ့ လူနာ လေယာဉ်ပျံ စီးနိုင်တဲ့ အခြေအနေထိ ကောင်းလာအောင် စောင့်ပြီး သားသမီးတွေက စကာင်္ပူမှာ (Stent ထည့်) သွေးကြောချဲ့တဲ့ နည်းနဲ့ လာကုသွားပါတယ်…။ အခုဆို ကျန်းမာလိုက်သမှ ဒေါင်ဒေါင် မြည်နေပါပြီ…။

ဒီဖြစ်စဉ်မှာ ကျွန်မ သိချင်တာတစ်ခုပဲ ရှိပါတယ်။
အဲဒါကတော့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ တာဝန်ရှိသူတွေဟာ လူနာ (သို့) လူနာရှင်တွေကို ဘာဖြစ်လို့များ လူလူသူသူ သဘောထားပြီး ရောဂါအကြောင်းနဲ့ ဖြစ်နိုင်တဲ့ အနေအထားတွေ၊ ကောင်းခြင်း ဆိုးခြင်းတွေကို ရှင်းပြခြင်း၊ ပြောဆို ဆွေးနွေးခြင်း၊ တိုင်ပင် ညှိနှိုင်းခြင်း မလုပ်ကြတာလဲ ဆိုတာကိုပါ…။

******* 

ဒီလို အကြောင်းတွေကို သိနေ ကြားနေရတာတော့ ကြာပါပြီ…။ အမှားအယွင်းဆိုတာ လူတိုင်းမှာ ရှိကြတာချည်းပါ။  ကျွန်မ လက်ရှိ ရောက်နေတဲ့ စကာင်္ပူနိုင်ငံမှာရော၊ တခြားနိုင်ငံတွေမှာလည်း အခုလို အမှားအယွင်းတွေ၊ မရည်ရွယ်ပဲ မတော်တဆ မှာယွင်းတာတွေ ရှိကြတာချည်းပါပဲ…။ ဒါပေမဲ့ အခု ကျွန်မ ကြားရသမျှတွေကတော့ မတော်တဆ ဆိုတာထက် ကျော်လွန်နေပါတယ်။ ဒါတောင် စက်ကရိယာ ချို့ယွင်းလို့၊ ဆေးစစ်ချက် အမှန်မရလို့ ဖြစ်တဲ့ ပြဿနာတွေ မပါသေးပါဘူး။ 

ဒီကိစ္စတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သဘောထား ကွဲလွဲစရာတွေ မဟုတ်ပေမဲ့ အသိမိတ်ဆွေတွေ၊ သူငယ်ချင်း အရင်းအချာတွေထဲမှာ မြန်မာပြည်မှာ ဆရာဝန်လုပ်နေတဲ့သူတွေ အများကြီး ရှိတဲ့အပြင် ကျွန်မ အမျိုးသားကိုယ်တိုင်က ဆရာဝန်တစ်ယောက် ဖြစ်နေလေတော့ သူတို့ရဲ့ Professional နဲ့ သူတို့ရဲ့ ဂုဏ်သိက္ခာကို ထောက်ထား အားနာသောအားဖြင့် မရေးပဲ အတန်တန် ထိန်းထားခဲ့တာပါ။ ဒါပေမဲ့ ဖြစ်စဉ် (၁) ကို သိရတဲ့ အချိန်မှာတော့ ကျန်တာတွေလည်း မီးခိုးကြွက်လျှောက် ပြန်သတိရလာပါတယ်။ ဒါကြောင့် ကိုယ့်လူတွေ ကျန်းမာရေးအသိလေး ရှိထားကြဖို့၊ တခုခုဆို second opinion ယူဖြစ်ကြဖို့ နဲ့ လူနာတွေကို ဆက်ဆံနေရတဲ့ ဆရာဝန်တွေ ဒီ့ထက် နည်းနည်းလေး ပိုပြီး ကြင်နာနိုင်ကြစေဖို့ ရည်ရွယ် မျှော်လင့်ရင်း ဒီပိုစ့်ကို ရေးပါတယ်။

Friday, December 13, 2013

အိမ်

အိမ် ဆိုတဲ့ စကားလုံးရဲ့ အဓိပ္ပါယ်ဖွင့်ဆိုချက်က “The place where one lives permanently, especially as a member of a family or household.” လို့ ဆိုတယ်။ သို့သော်လည်း အခုအချိန်မှာ လူတိုင်း လူတိုင်းဟာ ကိုယ့်ဘ၀အတွက် တိုးတက်ရာ တိုးတက်ကြောင်း၊ ကိုယ့်မိသားစု အတွက် ကောင်းရာ ကောင်းကြောင်းတွေကို ရှာဖွေရင်း ရေကြည်ရာ မြက်နုရာ နေရာဒေသအနှံ့အပြားကို အလျဉ်းသင့်သလို ရွှေ့ပြောင်းပြီး နေထိုင်ကြရတယ်…။ မိသားစုဝင်တွေအားလုံး တစ်နေရာထဲမှာ၊ တစ်မိုးထဲအောက်မှာ တစုတစည်းထဲ အတူတကွ နေထိုင်ကြရတဲ့အချိန်တွေ နည်းပါးသည်ထက် နည်းပါးလာတယ်။ အဲဒီလိုနဲ့ တခါတရံမှာ အိမ်ဆိုတဲ့ စကားလုံးရဲ့ အနှစ်သာရ ပျောက်ဆုံးနေသလို ခံစားကြရတယ်…။ ဘယ်လိုပဲဖြစ်ပစေ… ကိုယ်လက်ရှိနေထိုင်နေတဲ့ နေရာလေးကို လှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်… လို့ ဆိုရမှာ မဟုတ်လား…။

ဘာရယ်မဟုတ် "အိမ်" အကြောင်းကို အဲဒီလို စဉ်းစားမိရင်း ကျွန်မ နေထိုင်ခဲ့ဖူးတဲ့ အိမ်တွေကို လက်ချိုးပြီး ရေတွက်ကြည့်မိတော့ လောလောဆယ် နေနေတဲ့ အိမ်အပါအ၀င် လက် ငါးချောင်းထက် မပိုတာ တွေ့ရတယ်။ အဲဒီ အိမ်လေးတွေကို အမှတ်ရ ချစ်ခင် သတိရစိတ်နဲ့ ဒီပိုစ့်လေးကို ရေးပါတယ်။

ပထမဆုံး အိမ်လေးကို ကလေးဘ၀မို့ ၀ိုးတ၀ါးသာ မှတ်မိခဲ့တယ်။ ကြိုးစားပြီး ပုံဖေါ်ကြည့်လိုက်ရင်တော့ သံဇကာကွက် အစိမ်းရောင်၊ အိမ်ရှေ့က မြေကျယ်ကျယ်၊ ခြံထောင့်တစ်နေရာက ရေတွင်းဟောင်းတစ်လုံး… အဲဒီလောက်ပဲ အမှတ်ရတော့တယ်…။

ဒုတိယ အိမ်ကလေးကိုတော့ အဲဒီအိမ်လေးမှာ နေရင်း အရွယ်ရောက် ကြီးပြင်းလာခဲ့ရတာမို့ တော်တော်လေး မှတ်မိတယ်။ အဲဒီ အိမ်လေးမှာ နေရင်း ကျောင်းတက်လိုက် စာကျက်လိုက်နဲ့ အချိန်တွေ တစ်နှစ်ပြီး တစ်နှစ် ကုန်လာခဲ့တယ်။ အချိန်တွေ ကြာလာတာနဲ့ အမျှ အိမ်ကလေးဟာလည်း တဖြည်းဖြည်းနဲ့ အိုဟောင်းလာတယ်။ ဒါကြောင့် အိမ်ကလေးကို အသစ်ပြန်ဆောက်ဖို့ စိတ်ကူး တိုင်ပင်ကြတယ်။ ဖေဖေက အဝေးမှာ အလုပ်လုပ်နေတာမို့ မေမေရယ် ကျွန်မတို့ မောင်နှမ နှစ်ယောက်ရယ်၊ အဖိုးရယ် အိမ်ပြန်ဆောက်ဖို့ ဖြစ်ပါ့မလားရယ်လို့ ဖေဖေက စိတ်ပူနေပါသေးတယ်။ ဒါပေမဲ့ အဆင်ပြေခဲ့ပါတယ်။ အိမ်ကလေးကို ပြန်ဆောက်တဲ့အခါမှာ အစစ အရာရာ စီမံ ခန့်ခွဲပြီး တာဝန်ယူပေးသူက ကျွန်မ Other Half ရဲ့ မိဘတွေပါ။ ဒုတိယနှစ် စက်မှုတက္ကသိုလ်ကျောင်းသူ ကျွန်မကတော့ မတတ် တတတ်နဲ့ အိမ်ပုံစံလေးတွေ အခန်းဖွဲ့လေးတွေ ဆွဲခဲ့ပါတယ်… ရိုးရိုး ရှင်းရှင်းပါပဲ…။ အဲဒီ အိမ်ကလေး ပြန်ဆောက်နေတဲ့ အချိန်မှာ ကျွန်မတို့ မိသားစုက မျက်နှာချင်းဆိုင် အိမ် အောက်ထပ်လေးမှာ ခဏ ငှားပြီး နေခဲ့ကြတယ်။ ဖြစ်ချင်တော့ အဲဒီအချိန်က ကျွန်မတို့ ကျောင်းတွေ ပိတ်ထားတဲ့ အချိန်ဆိုတော့ အိမ်ဆောက်တဲ့နေရာမှာ အချိန်ပြည့် နေနိုင်ခဲ့တယ်။ အုတ်ကား သဲကား ဘိလပ်မြေကားတွေနဲ့ သစ်ပုံတွေ အုတ်ပုံတွေ အလုပ်သမားတွေကြားမှာ လူးလာ ခေါက်ပြန် ကူးသန်းပြီး အိမ်အသစ်ကလေးအတွက် မမောနိုင် မပန်းနိုင်။

အိမ်ဆောက်တဲ့ အချိန်မှာ အလုပ်တွေကတော့ တော်တော်လေး ရှုပ်ပါတယ်…။ အိမ်အဟောင်းကို ဖျက်တာ၊ မြေပြန်တိုင်းတာ၊ မြေသန့်တာ၊ ပြီးတော့ အန္တရာယ်ကင်း ဘေးကင်း ပရိတ်ရွတ်တာ၊ နေ့ကောင်းရက်သာ ရွေးပြီး ပန္နက်ရိုက်တာ၊ အ၀ီစိရေတွင်း တူးတာ၊ အိမ်တိုင်ထူတာ… စသည်ဖြင့်…။ အဲဒီအထဲမှာမှ ထူးထူးဆန်းဆန်း လုပ်ရတဲ့ ကိစ္စတစ်ခုကတော့ အိမ်အ၀င်ပေါက် ခြံစည်းရိုးနားမှာ ရှိနေတဲ့ ဓါတ်တိုင်ကို ကားဝင်စရာ တံခါးပေါက် အတွက် မလွတ်တော့လို့ တဖက်ဘေးကို ပြန်ရွှေ့ရတာပါ။ အဲဒီနေ့မှာ ပတ်ဝန်းကျင်က အိမ်တွေကိုပါ မီးတွေ အရင် ဖြတ်၊ ဓါတ်တိုင် ရွှေ့မယ့် အကွာအဝေးတလျောက်ကို မြောင်းတူးပြီး ကရိန်းကားနဲ့ ဓါတ်တိုင်ကို ဆွဲပြီး ရွှေ့ရတာ…။ အဲဒီနေ့က အိမ်ရှေ့မှာ သူ့အလိုလို ပေါက်လာတဲ့ လူတရပ်ကျော်ကျော် မြင့်နေတဲ့ တမာပင်လေးကို ခုတ်လိုက်ရလို့ စိတ်မကောင်းဖြစ်ရတာ ခုထိ မမေ့ဘူး။ အိမ်ရှေ့ တမာ နောက်ဖေး ခံတက် စီးပွားတက် ဆိုတဲ့စကားကို ကြားဖူးပြီး အဲဒီ သူ့အလိုလို ပေါက်လာတဲ့ တမာပင်လေးကို လောဘစိတ်နဲ့ သဘောကျနေတာလေ…။

အဲဒီအချိန်က အိမ်မိုးစရာ သွပ်တွေ ဖေဖေက (ဘယ်ကလဲ ဆိုတာ မမှတ်မိ) လှမ်းမှာပြီး ပို့ပေးတယ်။ ကားသွင်းသလိုပဲ ပါမစ်တွေ လုပ်ပြီး သွင်းရတာ…။ ရန်ကုန်ကို ရောက်လာတော့လည်း ကား ထုတ်သလိုပဲ ဆိပ်ကမ်းထဲမှာ သွားထုတ်ရတာ…။ ဖေဖေက အများကြီး ပို့လိုက်တော့ အိမ်အတွက် သုံးဖို့ လိုသလောက် ချန်ပြီး ပိုနေတဲ့ သွပ်တွေကို ဆိုင်မှာ သွားပြန်သွင်းကြတယ်။ အိမ်ဆောက်ပစ္စည်းဆိုင်တွေက အဲဒီအချိန်က ၂၇ လမ်း ၂၈ လမ်း ၂၉ လမ်း အဲလိုလမ်းတွေထဲမှာ…။ ဆိုင်တွေ အားလုံးက သွပ်တွေ ကားပေါ်တင်ပြီး လာရောင်းတဲ့ ကလေးသာသာ ကျွန်မတို့ မောင်နှမနှစ်ယောက်ကို မအူမလည်လေးတွေ မောင်အချဉ်လေး မအချဉ်လေးတွေလို့ မှတ်ယူကြပုံရပါတယ်။ သူတို့ အခေါ် ဂိတ် အကောင်းစား၊ အထူစား သွပ်တွေကို သူ့ထက် ငါ ဈေးနှိမ်ပြီး ပေးကြတယ်။ ကျွန်မတို့ကလည်း တန်ရာ တန်ကြေး ပေါက်ဈေးအတိုင်းပဲ တောင်းတာပါ။ တစ်ဆိုင်ကတော့ ပစ္စည်းကို တအား သဘောကျနေတော့ ကျွန်မတို့ တောင်းတဲ့ ဈေးနဲ့ ယူမလိုလို ပြောပြီး အလုပ်သမားတွေကို သွပ်တွေ ကားပေါ်က ချခိုင်းတယ်။ တကယ်တန်း တေ့တေ့ဆိုင်ဆိုင်ပြောလည်း ပြောရော ဈေးတွေ နှိမ်ပါလေရော… ကျွန်မရော မောင်လေးရော စိတ်တွေ ဆိုးပြီး သွပ်တွေ အခု ကားပေါ် ပြန်တင် လို့ ခိုင်းပြီး ပစ်ကပ်ကား နောက်ဖုံးကို ပိတ်ပလိုက်ကြတယ်။ တော်ပြီ မရောင်းတော့ဘူး ဆိုပြီး ကား ထွက်မယ် အလုပ်ကျမှ တခြားဆိုင်တွေက လူတွေပါ ရောက်လာပြီး ပြောတဲ့ဈေးနဲ့ ယူပါ့မယ် သူ့ ရောင်းပါ ငါ့ ရောင်းပါနဲ့ ဖြစ်လာကြတယ်။ နောက်ဆုံး ကျွန်မတို့ လိုချင်တဲ့ ဈေးနဲ့ပဲ အရောင်းအ၀ယ်ဖြစ်သွားတယ်။ နောက်တော့ သူတို့ အတင်းပြောတာ ပြန်ကြားရတာ… သွပ်လာရောင်းတဲ့ မျက်မှန် မောင်နှမ နှစ်ယောက် အတော်လည်တာပဲ တဲ့…။

အိမ်တစ်လုံးမှာ လှေခါးတစ်စင်းဟာ အတော်ကို အရေးပါတယ် ဆိုတာ ကိုယ် တကယ် အိမ်ဆောက်တော့မှ သိခွင့်ရတယ်။ အပေါ်ထက်အတွက် လှေခါးထစ်တွေ၊ လှေခါး လက်ရန်းတွေ ရုပ်လုံးပေါ်လာတော့ အိမ်တက် လိုမျိုး… လှေခါး တက် အခန်းအနား လုပ်ရမယ်တဲ့…။ ဒီတော့ နေ့ကောင်းရက်သာ ရွေးရပြန်တယ်။ ပြီးတော့ အုန်းပွဲ ငှက်ပျောပွဲနဲ့ ဖယောင်းတိုင် အမွှေးတိုင်တွေ ထွန်းပြီး လက်သမားအဖွဲ့ခေါင်းဆောင်က ရှေ့က တက်… ပြီးတော့ မိသားစုတွေ အလုပ်သမားတွေ အားလုံး တထစ်ချင်း လှေခါးတက် အခန်းအနားကို ကျင်းပကြရတယ်…။ နောက်တော့ အိမ်သားတွေရယ် ဖိတ်ထားတဲ့ မိတ်ဆွေတွေရယ် အလုပ်သမားတွေရော အားလုံး အသင့်ဝယ်ထားတဲ့ ဒန်ပေါက်တွေ စားကြတယ်။ ပျော်စရာ အတွေ့အကြုံတစ်ခုပါပဲ…။

အိမ်တစ်လုံးရဲ့ အကြမ်းထည်ပြီးတော့ အတွင်းပိုင်း အလှဆင်တဲ့ အချိန်ဟာ ပျော်စရာအကောင်းဆုံးလို့ ကျွန်မ ထင်မိတယ်။ အိမ်လေးနဲ့ လိုက်ဖက်ပြီး ကိုယ်လည်း စိတ်တိုင်းကျတဲ့ ပစ္စည်းတွေ လိုက်ဝယ်ရတာ တကယ်ပဲ ပျော်စရာကောင်းလှတယ်။ ကြမ်းခင်း ကြွေပြား၊ နံရံကပ် ကြွေပြား၊ မီးခလုပ် မီးလုံး မီးဆိုင်း နံရံကပ် မီးလေးတွေ၊ တံခါးရွက် အမျိုးမျိုး ပြူတင်းပေါက်နဲ့ ခြင်ဇကာတွေအတွက် တံခါးလက်ကိုင်ဘုလေးတွေ၊ မီးဖိုခန်း ရေချိုးခန်း တွေအတွက် ရေပိုက် ရေပန်း စတဲ့ ပစ္စည်းတွေ အမျိုးအမည် ပေါင်းများစွာကို ရွေးချယ် ၀ယ်ယူရင်း တဖြည်းဖြည်းနဲ့ ရုပ်လုံးပေါ်လာတဲ့ အိမ်ကလေးကို သိပ်ချစ်လို့ ည တရေးနိုးချိန်မှာတောင် ထကြည့်ခဲ့ဖူးတယ်။

အဲဒီအိမ်လေး အပြီးသတ်သွားတော့ ချစ်စရာ အိမ်လှလှလေးမှာ နေရတဲ့အတွက် သိပ်ပျော်တာပေါ့…။ ဒါပေမဲ့ နောက်နှစ်အနည်းငယ် ကြာတော့ ယောင်နောက် ဆံထုံးပါ… ကျွန်မ ချစ်တဲ့ အိမ်ကလေးကနေပြီး ခပ်ဝေးဝေးတစ်နေရာကို ပြောင်းရွှေ့ခဲ့ရပါတယ်။ မီးရောင်တွေ တလက်လက်၊ တုတ်တုတ်လို့ ခေါ်တဲ့ သုံးဘီကားသံ တညံညံ၊ ကျွန်မ နားမလည်တဲ့ ဘာသာစကားတွေ ကလောက် ကလောက်နဲ့ ပြောနေကြတဲ့ ဘန်ကောက်မြို့ဟာ ကျွန်မကို နွေးနွေးထွေးထွေး ကြိုဆိုခဲ့ပါတယ်။ အိမ်လို့ ခေါ်လို့မရတဲ့ Service Apartment အခန်းရှည်လေးတစ်ခုမှာ နေရတဲ့အခါ အနည်းငယ် စိတ်ကျဉ်းကြပ်စရာကောင်းပေမဲ့ ပျော်ခဲ့ပါတယ်။ လျှပ်စစ် ထမင်းချက်အိုးရယ်၊ ရေနွေးအိုးရယ်၊ မိုက်ခရိုဝေ့ဖ်ရယ်သာ အသုံးပြုခွင့်ရှိတာမို့ အစပိုင်းမှာ အနည်းငယ် အခက်အခဲတွေ့ရပါတယ်။ နောက်တော့လည်း အဲဒီပစ္စည်းတွေနဲ့ပဲ ကြက်ဥလည်း ကြော်လို့ ဖြစ်သွားသလို မုန့်ဟင်းခါး၊ အုန်းနို့ခေါက်ဆွဲတွေလည်း စားဖြစ်အောင် ချက်တတ်သွားပါတယ်။ အိမ် ဆိုတဲ့ ခံစားချက်ကတော့ သိသိသာသာ ပျောက်ကွယ်နေတာ သတိထားမိတဲ့ ကျွန်မ အမျိုးသားက နောက်တော့ အိမ်ခန်း ကျယ်ကျယ်လေး ရှာပြီး ပြောင်းကြတာပေါ့… လို့ အားပေးတတ်ပါတယ်။ အခုကတော့ ကလေးကလည်း ငယ်နေသေးတော့ အလုပ်နဲ့ နီးတဲ့ နေရာမှာ နေတာက အဆင်ပြေမှာမို့ပါ လို့လည်း ပြောတတ်ပါတယ်။

အဲဒီ ဘန်ကောက်က အိမ်ခန်းကလေးမှာ သုံးနှစ်ကျော် လေးနှစ်နီးပါး နေခဲ့ပြီး ရေကြည်ရာ မြက်နုရာကို ပြောင်းရွှေ့လာလိုက်တာ… အခုဆိုရင် Second Home လို့ ခေါ်လို့ရပြီ ဖြစ်တဲ့ ကျွန်းပိစိလေးကို ရောက်လာပါတယ်။ ရောက်ရောက်ချင်း နေရတဲ့ အခန်းလေးက ကျဉ်းပေမဲ့ အိမ်နဲ့ တူတူတန်တန် နွေးထွေးခဲ့ပါတယ်။ ဧည့်ခန်း အိပ်ခန်း မီးဖိုခန်း ထမင်းစားခန်း စတဲ့ မကျဉ်းမကျယ် အခန်းလေးတွေ ပါဝင်တဲ့ အိမ်ခန်းလေး… ခဏ ငှားနေရတဲ့ အိမ်လေး ဖြစ်ပေမဲ့ စိတ်ထဲမှာ ကိုယ့်အိမ်လို သဘောထားပြီး လှလှပပ သပ်သပ်ရပ်ရပ် နေဖြစ်ခဲ့ပါတယ်…။

အဲဒီနောက်မှာတော့ ကျွန်မတို့ မိသားစုလေး သုံးယောက် နေလောက်ရုံ အိမ်ခန်း သေးသေးတစ်ခန်းကို ဖေဖေ မေမေတို့ရဲ့ ကျေးဇူးနဲ့ ၀ယ်ဖြစ်ခဲ့ပါတယ်…။ အိပ်ခန်း နှစ်ခန်းနဲ့ ဧည့်ခန်း မီးဖိုခန်း ရှည်မျောမျောလေးတွေပါဝင်တဲ့ အိမ်ကလေးကို ကိုယ့်အိမ်ဆိုတဲ့ အသိစိတ်နဲ့ ကျွန်မ အင်မတန် နှစ်သက်မိပြန်ရော…။ အိမ်ကလေးအတွက် သော့ရပြီးတော့ ကျွန်မတို့ နှစ်ယောက်သား အိမ်နံရံတွေကို အတူတူ ဆေးသုတ်ခဲ့ကြတယ်။ ပရိဘောဂ ပစ္စည်းတွေ စိတ်တိုင်းကျ ၀ယ်ပြီး နေရာချခဲ့ကြတယ်။ ပန်းချီကားတွေ မီးလုံး မီးဆိုင်းလေးတွေကိုလည်း အိမ်နဲ့ သင့်တော်သလို ပြင်ဆင် ချိတ်ဆွဲခဲ့ကြသေးတယ်…။ ကိုယ့်အိမ်လေးကို နေချင့်စဖွယ်ဖြစ်အောင် ကိုယ်တိုင် ပြုပြင်လိုစိတ်က ကျွန်မတို့ နှစ်ယောက်စလုံးမှာ စိတ်တူ ကိုယ်တူ ရှိနေခဲ့ကြတာ…။ အိပ်ခန်း ပြူတင်းပေါက်က လှမ်းကြည့်လိုက်ရင် အုန်းပင်ပုလေးတွေ စီတန်းနေတဲ့ အမိုးနိမ့်နိမ့်နဲ့ လူသွားလမ်းလေး… သူ့နဲ့ တဖက်ခြမ်းမှာရှိတဲ့ ကလေးကစားကွင်း… ကားရပ်တဲ့ နေရာ ဘေးနားက ကုက္ကိုပင်အကြီးကြီးတစ်ပင်… အားလုံးဟာ မြင်နေကျ မြင်ကွင်းပေမဲ့ အချိန်တိုင်း မရိုးနိုင်အောင် ကြည့်နေဖြစ်တဲ့ မြင်ကွင်းတွေပါပဲ..။ အဲဒီအိမ်ကလေးမှာ လေးနှစ်ကျော် နေခဲ့ပါတယ်…။ သားလေး ကြီးလာတာက တစ်ကြောင်း၊ မိဘတွေ လာရင် ကျယ်ကျယ်ဝန်းဝန်း ချောင်ချောင်ချိချိ နေရအောင် တစ်ကြောင်းတို့နဲ့ ဒီ့ထက် ကျယ်ဝန်းတဲ့ အိမ်တစ်ခန်း ရှာဖြစ်ခဲ့ပါတယ်…။

ကံကောင်းထောက်မစွာနဲ့ ကျွန်မ လိုချင်တဲ့ ပတ်ဝန်းကျင်မှာ ကျွန်မ စိတ်တိုင်းကျ အိမ်ကလေးကို သာမန်ထက် သက်သာတဲ့ဈေးနှုန်းနဲ့ ရခဲ့ပြန်ပါတယ်…။ အိမ်လေးရဲ့ နေရာ၊ အကျယ်အ၀န်းနဲ့ ပေးရတဲ့ တန်ဖိုးကို ကြားတဲ့သူတိုင်းက ကျွန်မတို့ကို သိပ်ကံကောင်းတာပဲ လို့ ပြောကြတယ်။ ရတနာသုံးပါး ကျေးဇူး၊ မိဘတွေကို ကိုယ်နဲ့ အတူတူ ထားပြီး ပြုစုစောင့်ရှောက်လိုတဲ့ စိတ်စေတနာတွေက ကျွန်မတို့ကို ကံကောင်းစေတယ်လို့ အမြဲ ယုံကြည်နေမိတာပါပဲ…။ ပြောင်းလာခါစက အရင် အိမ်ကလေးကို မကြာခဏ သတိရနေတတ်ပေမဲ့ ကိုယ့်စိတ်ကြိုက် အပြင်အဆင်၊ လုံလောက်တဲ့ အကျယ်အ၀န်း၊ အလင်းရောင်နဲ့ လေကောင်းလေသန့်၊ ရင်းနှီး နှစ်လိုဖွယ်ကောင်းတဲ့ အိမ်နီးချင်းတွေ၊ စိမ်းစို လှပပြီး တိတ်ဆိတ်တဲ့ ပတ်ဝန်းကျင်၊ လိုအပ်သမျှ နီးနီးနားနားမှာ အလွယ်တကူ ရနိုင်တဲ့ သက်တောင့်သက်သာ အနေအထား… အစစ အဆင်ပြေတဲ့ ဒီအိမ်လေးကိုလည်း ကျွန်မ တော်တော်လေး သဘောတကျ နှစ်သက်မိပါတယ်။ ဘာလိုလိုနဲ့ ဒီအိမ်လေးကို ရောက်လာတာ အခုဆို လေးနှစ်ကျော် ငါးနှစ်နီးပါး ရှိခဲ့ပြီ။ နောက်တစ်အိမ်ပြောင်းဖို့ မစဉ်းစားနိုင်၊ မစဉ်းစားချင်အောင်ကို ကျွန်မ အိမ်လေးကို ကျွန်မ ချစ်မက်လှပါတယ်။

ဒီအိမ်ကို ပြောင်းလာတုန်းက မီးဖိုခန်းက ကျွန်မတို့ စိတ်တိုင်းကျ မဟုတ်ပေမဲ့ အရင်အိမ်ရှင် ပြင်ထားတာ ခြောက်လပဲ ရှိသေးတယ် ဆိုတော့ အကုန်ပြန်ဖျက်ချပြီး အသစ်လုပ်ဖို့ကို စိတ်ထဲ အားနာသလိုလို၊ နှမြောသလိုလို ဖြစ်ပြီး ဒီတိုင်းပဲ နေခဲ့တာ။ တဖြည်းဖြည်း နေကြည့်ရင်းနဲ့မှ အဲဒီမီးဖိုခန်းက ဈေးသက်သက်သာသာနဲ့ ခပ်ပေါပေါပစ္စည်းတွေကို သုံးပြီး ပြင်ထားတာမှန်းလည်း သိသာလာတယ်။ ကြမ်းခင်းကျောက်ပြားတွေဆိုလည်း တိုက်လို့ကို လွယ်လွယ်ကူကူ မစင်နိုင်ဘူး။ အဲဒီလို အဲဒီလိုတွေနဲ့ စိတ်တိုင်းမကျဖြစ်ရတာတွေ များလာတော့ ဒီမီးဖိုခန်းကို ပြင်ကြမယ်လို့ ဆုံးဖြတ်လိုက်ပါတယ်။ ထုံးစံအတိုင်း အိမ်ပြင်ရမယ်ဆို သိပ်တက်ကြွတဲ့ ကျွန်မတို့ နှစ်ယောက် အလုပ်တစ်ဖက်နဲ့ မအားတဲ့ကြားထဲက ရုံးအဆင်း ညနေတွေမှာ လိုအပ်တဲ့ ပစ္စည်းတွေ လိုက်ကြည့်၊ တွက်ချက်၊ ရွေးချယ် ၀ယ်ယူနဲ့ ပျော်နေပြန်ပါတယ်…။

ဆိုတော့ကာ… နောက်တပတ် တနင်္လာနေ့ကနေ စပြီး ပြင်ဆင်ခြင်းအမှု စတင်မှာဖြစ်ပါတယ်..။ ဒီဇင်ဘာရဲ့ ပွဲတော်ရက်တွေနဲ့ ပိတ်ရက်တွေကို အနားယူအပန်းဖြေခရီး တစ်ခုခု သွားရမဲ့အစား အိမ်ပြင်မယ်လို့ တွေးလိုက် ဆုံးဖြတ်လိုက်သော်လည်း တကယ်လုပ်ရတော့မယ် ဆိုတော့ နည်းနည်းတော့ မအီမလည်ပေါ့…။ ဒါပေမဲ့လည်း မီးဖိုခန်းလေး ကိုယ့်စိတ်ကြိုက် ပြင်ဆင်လိုက်ရလို့ လှသွားမှာတွေးပြီး စိတ်ကို လျှော့လိုက်ပါတယ်…။ မီးဖိုခန်းအတွက် ကျွန်မစိတ်ကြိုက်ရွေးထားတဲ့ အရောင်ကတော့ မီးခိုးရောင်ပါ…။ ကြမ်းခင်းကို အနက်ရောင် ခင်းချင်သော်လည်း သိပ်မှောင်သွားမှာစိုးလို့ အရောင်ဖျော့လိုက်ရပါတယ်…။ ပြင်လို့ မပြီးခင်စပ်ကြားမှာတော့ တအိမ်လုံး ဖုန်တလုံးလုံးနဲ့ လူလည်း ပေတူးနေမှာ အသေအချာ… ပြင်လို့ပြီးသွားရင်တော့ မီးဖိုခန်းအသစ်လေးကို ဓါတ်ပုံရိုက်ပြီး ပြပါအုံးမယ်…။ 

ကိုယ်လက်ရှိနေထိုင်နေတဲ့ နေရာလေးကို လှပသပ်ရပ်ပြီး နေချင်စဖွယ်ဖြစ်အောင် ဖန်တီးနိုင်ရင်၊ နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်… ပဲ မဟုတ်လား…။

“ကမ္ဘာမြေမှာ ခိုလှုံရာခေါ်ဆိုခဲ့ အိမ်... ရံရွေလယ်ထည်ဝါစွာ ဆင်စွယ်နန်း အိမ်...
ကျူထရံတွေကာရံကာ ဓနိမိုးအိမ်... နှလုံးသားတွေ နွေးထွေးရင် ဒါဟာလည်း အိမ်...
အိမ်တစ်အိမ်မှာ မှီတည်ရာ ဘာသာတရားတွေ ကမ္ဘာမြေကို ဖြူစင်စွာ အကြင်နာမျှဝေ
ပိုင်ဆိုင်ရာ တွယ်တာရာ ဒီရင်သွေးတွေ... ဆည်းလည်းသံ လှိုက်ခတ်စေ ဒီချစ်ခြင်းတွေ...”

Tuesday, December 3, 2013

စကားဝါ ဒိုင်ယာရီ

စာအုပ်လေး တစ်အုပ်နဲ့ မိတ်ဆက်ပေးချင်လို့ပါ…။ စကားဝါပန်းတို့ရဲ့ ဒိုင်ယာရီ စာမျက်နှာများ လို့ အမည်ရပါတယ်...။ ကိုကိုးအိမ် (မန္တလေး) စီစဉ်တဲ့ ဒီစာအုပ်လေးမှာ မဂ္ဂဇင်းစာမျက်နှာတွေပေါ်မှာ ရေးသားနေကြတဲ့ စာရေးဆရာ ဆရာမများနဲ့ အတူ Blog စာမျက်နှာပေါ်က Blogger များ… စုစုပေါင်း ၃၁ ယောက် ပါဝင်ရေးသားထားကြပါတယ်…။

အချစ် အလွမ်း အမုန်း ဘဝရသ… စတဲ့ ရသ စာပေပေါင်း များစွာရှိပါတယ်… ။ အဲဒီ ရသစာပေတွေကို ပန်းကလေးနဲ့ တင်စားရမယ် ဆိုရင် စကားဝါပန်းကလေးတွေနဲ့သာ တင်စားပါရစေ… စကားဝါပန်းကလေးတွေဟာ ဖူးစဉ်ကာလမှာလည်း လတ်ဆတ်စွာ မွှေးမြသလို ပွင့်စဉ်ကာလမှာလည်း အစွမ်းကုန် မွှေးကြပါတယ်…။ ရင့်စဉ်ကာလမှာ တည်ငြိမ်စွာ မွှေးမြပြီး ကြွေစဉ်အခါမှာလည်း နွမ်းလျစွာ မွှေးမြကြပါတယ်…။ ဒိုင်ယာရီစာအုပ်ကြားထဲမှာ ညှပ်ထားပြီး ခြောက်သွေ့သွားတဲ့အခါမှာလည်း ခြောက်သွေ့ခြင်းကို အံတုပြီး မွှေးမြနေကြပါသေးတယ်…။ ဝေလည်း မွှေး ကြွေလည်းမွှေး ခြောက်သွေ့သွားလည်း မွှေးမြနေဆဲ စကားဝါပန်းလေးတွေဟာ ရသစာပေပန်းကလေးတွေနဲ့ အလားသဏ္ဌာန် တူလှပါတယ်…။ ရသစာပေတွေဟာ ဖန်တီးသူသာ ပြောင်းသွားမယ်… ခေတ်တွေသာ ပြောင်းသွားမယ် ရသရဲ့ သရုပ်ကတော့ ဘယ်တော့မှ မပြောင်းလဲနိုင်တာမို့ အခြေအနေ ဘယ်လိုဖန်ဖန် မွှေးရနံ့ကျန် တဲ့ စကားဝါပန်းနဲ့ တူလှတယ် လို့ ဒီစာအုပ်လေးကို စီစဉ်သူ ကိုကိုးအိမ်က တင်စား ဖွဲ့ဆိုထားပါတယ်…။



အဲဒီလို စကားဝါပန်းလေးတွေနဲ့ တူတဲ့ ရသဝတ္ထုတို စုစည်းမှု စာအုပ်လေးကို ကိုကိုးအိမ် စာပေက ထုတ်ဝေပြီး စာပေလောက (၅) က နေ တပြည်လုံးကို ဖြန့်ချီပါတယ်…။

ဒီစာအုပ်လေးမှာ ကျွန်မရဲ့ ဝတ္ထုတိုလေး တစ်ပုဒ် ပါပါတယ်…။ ဝတ္ထုလေးရဲ့ နာမည်က ကျွန်မရဲ့ ကမ္ဘာ ပါ…။ ကျွန်မ ဘဝမှာ အရေးအကြီးဆုံး နဲ့ အရေးအပါဆုံး လူသားလေးတစ်ယောက်အကြောင်းကို ရိုးရိုးရှင်းရှင်း ပုံဖေါ်ပြထားတဲ့ စာစုလေးတစ်ခုပါ။

ချစ်ခင်ရတဲ့ သူငယ်ချင်း မိတ်ဆွေများနဲ့ စာဖတ်ပရိသတ်များ လှိုက်လှိုက်လှဲလှဲ အားပေးကြလိမ့်မယ်လို့ မျှော်လင့်ပါတယ်…။

Sunday, December 1, 2013

အချိန်မှန် ဒီဇင်ဘာ

ဘယ်တုန်းကမှ မရောက်စေချင်ခဲ့တဲ့ ချိုရှရှ ဒီဇင်ဘာဟာ သူ့အလုပ် သူလုပ်ရင်း အချိန်မှန်မှန် - မပျက်မကွက် ရောက်လာခဲ့တယ်…။ ဆောင်းရယ်လို့ မပီပြင်ပေမဲ့ မနက်ခင်းတွေတိုင်းကတော့ အေးစိမ့်စိမ့်နဲ့ပါ…။ အဲဒီ မနက်ခင်းတွေထဲက ရုတ်သိမ်းမဲ့သူမရှိတဲ့ အဖြူရောင် တီရှပ်တစ်ထည်နဲ့ အရောင်လွင့် နေတဲ့ ဂျင်းဘောင်းဘီ ဟောင်းဖျော့ဖျော့ဟာ ဟိုးခပ်ဝေးဝေးက တန်းပေါ်မှာ အလှမ်းခံထားရဆဲ… နက်ပြောင်ပြောင် လယ်သာရှူးတစ်စုံ နဲ့ အညိုရောင် ကျောပိုးအိတ် တစ်လုံးဟာ အရိပ်ကောင်းကောင်းနဲ့ လမ်းမကျယ်ပေါ်မှာ ပိုင်ရှင်မဲ့စွာနဲ့ တစ်လှမ်းချင်း မှန်မှန် လျှောက်နေခဲ့တယ်။ အဲဒီလိုလျှောက်နေရင်း စိမ်းညို့နေတဲ့ ကုက္ကိုပင်အောက်ကို ရောက်တဲ့အခါမှာတော့ သူ့ချစ်သူ မိန်းကလေးနဲ့ တွေ့ဖို့ ခဏရပ်စောင့်ခဲ့တာပေါ့…။ မိန်းကလေးရဲ့ နှုတ်ခမ်းပါးက အရယ်အပြုံး နဲ့ မျက်ဝန်းနက်နက်တွေက အကြည့်တွေဟာ ဒီဇင်ဘာရဲ့ အမှတ်အသားတစ်ခုအဖြစ် အဲဒီ အပင်ကြီးအောက်မှာ နောင်နှစ်ပေါင်းများစွာ အထိ (သို့မဟုတ်) ဒီအပင်ကြီး အသက်ရှိနေသ၍ တည်နေအုံးမှာ။ လူစည်ကားတဲ့ ကားမှတ်တိုင်တစ်ခုမှာ ယှဉ်တွဲရယ်နေရင်းက အနီနဲ့ အစိမ်းကွက် ရှပ်အင်္ကျီဝတ် ချစ်သူမိန်းကလေးရဲ့ နှုတ်ခမ်းပေါ်က နှုတ်ခမ်းနီကို ဒါ ဘာအမျိုးအစားလဲ… အရောင်နံပါတ် ဘယ်လောက်လဲ လို့ ခပ်တိုးတိုး မေးခဲ့ဖူးတာ ဘယ်သူသိတာလိုက်လို့…။ ဒါပေမဲ့လည်း "လာလေ… အိမ်ပြန်ကြရအောင်..." လို့ ပြောလိုက်တဲ့အချိန်မှာပဲ လမ်းဘေးက ဓါတ်မီးတိုင်တွေ ရုတ်တရက် လင်းလက်လာခဲ့တာ… မှတ်မိတယ် မဟုတ်လား…။ အဲဒါ ဟိုတုန်းက ဒီဇင်ဘာပဲ…

သတိမရချင်တဲ့ ဒီဇင်ဘာဟာ တရွေ့ရွေ့နဲ့ ခြေလှမ်းရင်း မျက်စိရှေ့မှောက်ကို ဆိုက်ဆိုက်မြိုက်မြိုက် - မပျက်မကွက် ရောက်လာခဲ့တယ်…။ နှင်းရယ်လို့ မဝေနေပေမဲ့ မြူတွေကတော့ ဟိုနား ဒီနားမှာ မသဲမကွဲ အုံ့ဆိုင်းလို့…။ စားမဲ့သူမရှိတဲ့ ချောကလက်ကိတ်တစ်လုံးနဲ့ ပြောင်းဖူးကြော်တစ်ပန်းကန်ဟာ သီချင်းဖွင့်လက်စ ကွန်ပျူတာတစ်လုံးနဲ့အတူ စားပွဲပေါ်မှာ ခြောက်သွေ့ အေးစက်နေဆဲ…။ မီးရောင်လဲ့လဲ့နဲ့ တစ်လမ်းမောင်း ဥမင်လှိုင်ခေါင်းတွေထဲ ဖြတ်သွားမိချိန်တွေမှာ အရာရာအတွက် စိတ်ရောကိုယ်ပါ လုံခြုံလိုက်တာ ဆိုတာလေ…။ အပြင်ဖက်က အလင်းရောင် ပြပြကို မမြင်ရခင်အချိန်အထိ ဆိုပါတော့…။ အဲဒီအချိန်မှာ အင်္ဂလန်နိုင်ငံက ဝေလ မင်းသမီး ကားမတော်တဆမှုဟာ ဒီလို ဥမင်လှိုင်ခေါင်းထဲမှာ ဖြစ်ခဲ့တယ်ဆိုတာကိုတော့ နှစ်ဦးသား စိတ်တူ ကိုယ်တူ မေ့ထားခဲ့ကြတာပေါ့။ အစိမ်းရောင် လည်ပတ်လေးတွေ တပ်ထားတဲ့ နွားရုပ်လေးတွေရှိတဲ့နေရာကို ရောက်တဲ့အချိန်မှာ အာလူးတွေ၊ လိမ်မော်သီး အပုံလိုက်တွေကြားက မုန်လာဥအနီနဲ့ အစိမ်းရောင် ဆလပ်ရွက်တွေကိုသာ အရင်ဆုံး သတိထားမိခဲ့ကြတာ... အဲဒါကိုအတွေ့မှာ ဒါ ဒီဇင်ဘာပဲဆိုတာ အမှတ်တရနဲ့ ပိုလို့သေချာသွားခဲ့တာ…။ အဲဒီအချိန်က နှစ်ဦးသားရဲ့ ကြည်စင် ရယ်မောသံတွေဟာ ဘုရားကျောင်းက ခေါင်းလောင်းထိုးသံကိုတောင် တိုးဖျော့သွားစေခဲ့တာ…။ ဒီဇင်ဘာကို ကြိုကြတဲ့ လူအုပ်ကြီးထဲ လက်ချင်းတွဲလို့ အလိုက်သင့် အလျားသင့် ရွေ့လျားသွားခဲ့ကြ… သီချင်းတွေ အတူဆိုခဲ့ကြ… ပုံပြင်တွေ တစ်ယောက်တစ်လှည့် ပြောပြခဲ့ကြ… အိပ်မက်မက်ဖို့ အတွေးတွေ စိတ်ကူးတွေ ဆင်တူတွေးမောခဲ့ကြတာ… မှတ်မိတယ် မဟုတ်လား…။ အဲဒါ ဟိုတုန်းက ဒီဇင်ဘာပဲ…

ဖိတ်ခေါ်စရာမလိုပါပဲ လောလောလတ်လတ် ရောက်လာတဲ့ ဒီနေ့ ဒီဇင်ဘာရဲ့ မြင်ကွင်းထဲကို အလိုက်တသင့် စီးမျောလာတဲ့ ပထမဦးဆုံး ပုံရိပ်ကတော့ စူပါမားကက်တစ်ခုထဲမှာ ခင်းထားတဲ့ အရောင်လှလှ ငရုတ်သီးဗန်း နှစ်ခု…။ အရသာ ပျောက်ဆုံးပြီး လေးလံ ထူထိုင်း အညောင်းမိနေတဲ့ ဆင်တူ နေ့ရက်တွေအတွက် ပူလောင်လောင် စပ်ရှရှ ခံစားမှု တစုံတရာကို လိုချင်သလားလို့ စဉ်းစားမိတဲ့အချိန်မှာ အဲဒီဲငရုတ်သီးတွေကို ခြင်းထဲ ကောက်ထည့်မိလျက်သား ဖြစ်နေခဲ့တယ်။ အိမ်ရောက်လို့ စားကြည့်လိုက်တော့ အဲဒီငရုတ်သီးတွေက ထင်ထားသလို မစပ်ကြဘူး… ခပ်သင်းသင်းအနံ့တစ်ချို့ကိုသာ မပီမသ ရခဲ့တယ်။ အယောင်ဆောင် ငရုတ်သီးတွေရယ်လို့ မတိုးမကျယ် မြည်တွန်တောက်တီးလိုက်ရင်း ၀ယ်လာတဲ့ အဲဒီငရုတ်သီးနှစ်ထုပ်ကို  အမှတ်တမဲ့ ပြန်ကြည့်လိုက်တော့ မျက်စိထဲ ၀င်လာတာက ဒီဇင်ဘာရဲ့ အရောင်တွေ… ပြီးတော့ ဒီဇင်ဘာရဲ့ အမှတ်အသားတွေ…။
ဟုတ်တယ်.. အစိမ်းနဲ့ အနီ… သို့မဟုတ် အနီနဲ့ အစိမ်း… ဒါ ဒီဇင်ဘာရဲ့ အမှတ်အသားပဲ…။ ဒီဇင်ဘာရဲ့ အိမ်ခန်း အဝင်တံခါးဝမှာ ချထားတဲ့ ပန်းအိုးကို ကြည့်လိုက်မိတော့လည်း မယုံကြည်နိုင်စရာ… အစိမ်းနဲ့ အနီ ရောယှက်နေတဲ့ Christmas Plant တွေ…။ ပြီးတော့ ဒီဇင်ဘာ လျှောက်လာတဲ့ လမ်းမကျယ် တလျှောက်မှာ အစိမ်းနဲ့ အနီတွဲနေတဲ့ ကြယ်မီးပုံးတွေ… ဒီဇင်ဘာရပ်နားနေတဲ့ ကော်ဖီဆိုင်က ထိုင်ခုံ အနက်ရောင်တွေနားမှာ စိမ်းတစ်ခါ နီတစ်လှည့်လင်းနေတဲ့ မီးလုံးသေးသေးလေးတွေ… ဒါတင် ဘယ်ကမလဲ… အစိမ်းတွေ အနီတွေဟာ ဒီဇင်ဘာ တိုးဝင်သွားတဲ့ သစ်တောအုပ်အုပ်လေးထဲမှာ… မတိုးမကျယ်ကြားနေရတဲ့ ဒီဇင်ဘာ တေးသွားတွေထဲမှာ… ရယ်မောသံတွေကြားမှာ… ငိုရှိုက်သံတွေကြားမှာ… သက်ပြင်းချသံတွေကြားမှာ… ညနက်နက်တွေကြားမှာ…  အနီရောင်တွေ… အစိမ်းရောင်တွေ… အိုး… ဒီဇင်ဘာ…

ပြေးထွက်လို့၊ ရှောင်တိမ်းလို့ ဘယ်နည်းနဲ့မှ မလွတ်နိုင်တော့တဲ့ ဒီဇင်ဘာ…
စိတ်ကြိုက်သာ ချယ်လှယ်ပါတော့…