Wednesday, April 28, 2010

ဆူး နဲ့ အဆိပ်


ဆူးတွေက ချွန်မြ ထက်ရှ
အဆိပ်တွေက မူးဝေ ပြင်းပြ…
သူတို့ဆီမှာ တူညီတာ တခုက မာန…

ဆူး နဲ့ အဆိပ်
အားပြိုင်တဲ့ပွဲ
ဘယ်သူမှ မတားနိုင် ဒိုင်သူကြီးလဲ မရှိ
အားလုံးက ရပ်ပြီး ကြည့်နေရုံ…

ချွန်မြတဲ့ ဆူးထက်ထက်တွေ အဆိပ်ရည်နဲ့အတွေ့…
အဆိပ်ကပဲ စွမ်းတယ်လား
ဆူးကပဲ နွမ်းလွယ်လား…

ပြင်းပြတဲ့ အဆိပ်ရည် ဆူးချွန်နဲ့ အတွေ့…
ဆူးကပဲ ထက်သလား
အဆိပ်ကပဲ ပျက်သလား…

ဆူး နဲ့ အဆိပ်
သူနိုင် ကိုယ်နိုင် ယှဉ်ပြိုင်တဲ့ပွဲမှာ
အဆိပ်တွေက ဆူးတွေ စူးပြီး…
ဆူးတွေက အဆိပ်တွေ လူးလို့…
နှစ်ဦးစလုံး သဲသဲမဲမဲ အလဲအကွဲ….

ပြိုင်ပွဲအဆုံး
မာနအပြုံးတွေ ကိုယ်စီနဲ့
ကျောခိုင်းကာ အလှည့်
မိမိသာလျှင် အနိုင်ရ
အပိုင် ယူဆကြတဲ့ ဒီပွဲမှာ
ဆူးချက်တွေ အထပ်ထပ်နစ်
အဆိပ်ခိုးတွေ မှိုင်းဝေ
ကျိန်စာတွေ သင့်ခဲ့ရတာကတော့
သူတို့ အားပြိုင်ကွင်းထဲက အပြစ်မဲ့တဲ့ မြေဇာပင်…။



မြေဇာပင်လေး တပင်သို့....
(11:30 PM - 28 April 2010)

Monday, April 26, 2010

အချဉ်ထည့်ခြင်း

အချဉ်ထည့်ခြင်း လို့ ခေါင်းစဉ်တပ်လိုက်လို့ သက်ဝေ ဘယ်သူ့ကို ဘယ်လိုများ အချဉ် ထည့်တော့မှာပါလိမ့်လို့ မတွေးကြပါနဲ့…။ ပြီးတော့ ကြောက်လဲ မကြောက်ကြပါနဲ့… စိတ်တွေ အချဉ်ပေါက်နေတာလဲ မဟုတ်ရပါဘူး…။ ညနေက အပြင်မှာ ညစာသွားစားရင်း ဆိုင်က ပေးတဲ့ အချဉ်ရည်ကို သဘောကျပြီး ကိုယ်ကြိုက်တဲ့ အချဉ်လေးတွေ အကြောင်း ဆက်တွေးမိလို့ပါ။

ကိုယ်က အချဉ် အရမ်းကြိုက်ပါတယ်…။ ငယ်ငယ်ထဲက ကြိုက်တာပါ။ ဘာပဲစားစား အချဉ်လေးပါမှ စားလို့ကောင်းသွားတယ်လို့ ထင်မိတယ်…။ ဘယ်လောက်တောင် အချဉ်ကြိုက်သလဲဆို အချဉ်ရည်တွေ့ရင် ဇွန်းနဲ့တောင် ခပ်ပြီး သောက်ချင်လောက်အောင်ကို ကြိုက်ပါတယ်။ တကယ်ပြောတာပါ။ ကျောင်းသူဘဝတုန်းက သူငယ်ချင်းတွေနဲ့ အတူတူ အင်းလျားကန်စောင်းက ဘူးသီးကြော်ဆိုင်တွေမှာ သွားစားဖြစ်တုန်းက လောင်းကြေး စားကြေးနဲ့ အချဉ်ရည်တွေကို သစ်သီးဖျော်ရည်လို တခွက်ပြီး တခွက် မော့သောက်ခဲ့ကြဖူးတာ ဘယ်တော့မှ မမေ့နိုင်စရာပါ။

ပြီးတော့ အဲဒီအချိန်တုံးက ပြည်လမ်းမကြီးပေါ်မှာရှိတဲ့ Hi တို့၊ အင်းလျားလမ်းမှာရှိတဲ့ Smile တို့ Full moon တို့တွေမှာ ရတဲ့ ကော်ပြန့်ကြော်သုပ်မှာ ဆမ်းပေးတဲ့ အချဉ်ရည်… ကော်ပြန့်ရဲ့ အရသာ ကောင်းမကောင်း သိစရာမလို၊ သိလဲ မသိခဲ့…။ အချဉ်ရည်က ကောင်းလွန်းလို့ အဲဒီဆိုင်တွေရောက်တိုင်း ကော်ပြန့်ကြော်သုပ် တမျိုးထဲကိုပဲ အမြဲမှာစားဖြစ်ခဲ့တာ…။ စပြီး မှာကထဲက အချဉ်ရည် များများ ထည့်ပေးပါနော် လို့ မှာတတ်တာ..။

အခု ဒီမှာကတော့ ပုလင်းထဲက အသင့်ပြုလုပ်ထားတဲ့ အချဉ်တွေကို ကြိုက်လဲစား မကြိုက်လဲစား စားနေရတာကို…။ အဲဒါတွေကို စားရတာ အားမရတိုင်း ရန်ကုန်မှာ စားရတဲ့ တရုတ်တန်းက ဝက်သားဒုတ်ထိုး အချဉ်ရည် နီနီတွေကို သိပ်သတိရပါတယ်…။ ဒီမှာ အဲဒီလို ဆေးဆိုးနဲ့ အချဉ်နီနီတွေ မရဘူးလေ…။ အဲဒီလို အချဉ်နဲ့ ခပ်ဆင်ဆင်တူတဲ့ အချဉ်မျိုး အလွယ်တကူ စားချင်ရင်တော့ ဒီမှာဝယ်လို့ရတဲ့ Maggie က ထုတ်တဲ့ အချဉ်ပုလင်းတွေထဲကမှ Hot Chili ဒါမှမဟုတ် Extra Hot ကို ဝယ်စားပါတယ်။ အဲဒီ အချဉ်ကို ကြေးအိုး၊ ခေါက်ဆွဲပြုတ်၊ ကြာဆံပြုတ် တွေနဲ့ အတူတူစားဖြစ်တယ်။ တခါတခါ ကြက်ကင်တို့ ငါးကြော်တို့နဲ့လဲ အတူတူ စားပါတယ်။

အလုပ်အားလို့ အချိန်ရတဲ့နေ့တွေမှာ ဘူးသီးကြော်တို့ ကြက်သွန်ကြော်တို့ ကော်ပြန့်ကြော်တို့ ကြော်စားဖြစ်ရင်တော့ မန်ကျည်းသီးနဲ့ အချဉ်ရည် လုပ်စားတာပေါ့။ မန်ကျည်းသီးကို အရည်ဖျော်ထားတာထဲကို ငြုတ်သီးစိမ်းနဲ့ ကြက်သွန်ဖြူကို သကြားလေးနဲနဲနဲ့ ရောပြီးထောင်းထားတာကို ထည့်… ပြီးရင် အချိုမှုန့်၊ ငန်ပြာရည် နဲ့ ငြုတ်သီး အလှော်မှုန့်လေး ထည့်တယ်။ နောက်ဆုံးမှာ နံနံပင်လေး ပါးပါးလှီးထည့်…။ တခြား ဘာဟင်းမှမပါလဲ အကြော်နဲ့ အချဉ်နဲ့ဆိုရင်တောင် ထမင်းစားလို့ ကောင်းနေပြီ…။

အဲဒီလို အချဉ်ရည်ဆိုရင် ခေါက်ဆွဲကြော်၊ ကြာဆံကြော်၊ ကပ်ကြေးကိုက် စတာတွေနဲ့လဲ တွဲစားလို့ရတာမို့ အိမ်မှာတော့ ခဏ ခဏ လုပ်ဖြစ်ပါတယ်။ တခါတလေ အချိန်နဲနေတဲ့ နေ့တွေမှာတော့ ကြက်သွန်နီ နဲ့ ငြုတ်သီးစိမ်းလေး ပါးပါးလှီးပြီး သံပုရာရည်ညှစ်ထားတဲ့ အချဉ်မျိုးနဲ့ စားလိုက်ရတာပါပဲ။

အခုတလောမှာ ရန်ကုန်က အိမ်ကလူတွေ လာရင်ပဲ ဖြစ်ဖြစ်၊ သူငယ်ချင်း မိတ်ဆွေ ရင်းချာတွေ လာရင်ပဲ ဖြစ်ဖြစ် Lucky Seven က ပေါက်ဆီတို့ ဝက်သားပေါင်းတို့ ဝယ်လာတတ်ကြတယ်။ အဲဒါတွေနဲ့ အတူတူ ကိုယ်ကြိုက်မှန်းသိလို့ မပျက်မကွက် ဆက်ဆက် ပါလာတတ်တာကတော့ အချဉ်ရည် နီနီတွေ…။ တခါက သွားဝယ်တဲ့သူက အဲဒီ ပေါက်ဆီနဲ့ ဝက်သားပေါင်းကို စင်္ကာပူကို ယူသွားချင်လို့ ဗူးနဲ့ သေသေချာချာ လုံအောင် ထည့်ပေးပါ အချဉ်ရည်လဲ များများ ထည့်ပေးပါလို့ အမှာ… ရောင်းတဲ့သူတွေရဲ့ စိတ်ထဲမှာ နိုင်ငံခြားကို ယူမှာဆိုတော့ ဒီအချဉ်နီနီတွေတော့ မလိုချင်လောက်ဖူး၊ မထည့်ပေးပါနဲ့လို့ ပြောတာပဲ ထင်ပြီး လုံးဝ ထည့်မပေးလိုက်…။ အချဉ်မပါပဲ အဲဒါတွေ ရတဲ့နေ့က ကိုယ် စိတ်အဆိုးဆုံးနေ့ပါပဲ…။

နောက် ကိုယ်ကြိုက်တဲ့ အချဉ်တခုကတော့ Coca Suki မှာ ပေးတဲ့ Suki Sauce ပါ။ ဘယ်လိုလေးမှန်းမသိ အရမ်းစားလို့ ကောင်းပါတယ်…။ နံနံပင်လေးတွေ စဉ်းထားတာပါတယ်… နှမ်းလေးတွေလဲ ပါတယ်… ငယ်ငယ်တုန်းကလိုသာဆို သူငယ်ချင်းတွေနဲ့ အတူတူ မော့သောက်လို့ သိပ်ကောင်းမယ့် အချဉ်မျိုးပေါ့…။

ကြေးအိုးနဲ့စားရတဲ့ အချဉ်ရည် နီနီကိုလဲ ကိုယ်အရမ်းကြိုက်တယ်…။ ဟိုတလောက Marina Square က အင်းလေးမှာ ကြေးအိုးစားတာ အဲဒီ ဆိုးဆေးနဲ့ အချဉ်မျိုးမရဘူး ပုလင်းထဲက အချဉ်မျိုးပဲရလို့ ကြေးအိုးအရသာ ပျောက်သွားတာ…။ ဘာရမလဲ နောက်တနေ့မှာ ပင်နီစူးလားက အင်းလေးမှာ နောက်တခေါက်သွားစားတာပေါ့…။ အဲဒီမှာတော့ အချဉ်ရည် နီနီတွေရတယ်… ကောင်းမှ ကောင်း…။

နောက် အချဉ်တမျိုးကတော့ ဂျပန်စာ ဆူရှီတို့ ဆာရှိမိတို့နဲ့ အတူတူတွဲစားရတဲ့ ဂျင်းချဉ်ပါ။ ဂျင်းနုနုလေးတွေကို အချဉ်ထည့်ထားတာ… အရသာက ပူရှိန်းရှိန်း၊ ချိုချို ချဉ်ချဉ်နဲ့ စားလို့သိပ်ကောင်းပါတယ်…။ ဂျပန်ဆိုင်ရောက်ရင် ဆူရှီစားတာက နဲနဲ... အဲဒီ ဂျင်းအချဉ်ကို စားတာက များများဖြစ်နေလို့ ဘယ်နေ့ ဆိုင်က ရိုက်ထုတ်မယ် မသိဘူးလို့ စားတိုင်း တွေးမိပါတယ်…။ ရိုက်မထုတ်ခင်တော့ စားထားအုံးပေါ့လေ… ရိုက်ထုတ်တော့လဲ ပြေးရုံပေါ့… ဟုတ်ဖူးလား…။

ပြီးတော့ အခုတလော မကြာခဏ ရောက်နေတဲ့ Seafood ဆိုင်က ပေးတဲ့ အချဉ်လေးကို ကြိုက်နေပြန်တယ်…။ ကြက်သွန်နီလေးတွေ ပါးပါးလှီးထားတာကို ငြုတ်သီးအချဉ်ရည် နီနီ ချိုချိုချဉ်ချဉ် လေး ဆမ်းထားတာ။ အဲဒီဆိုင်ရဲ့ Home-made Specialty Sauce လို့ ဆိုတယ်…။ ထမင်းကြော်၊ ကြက်သားကြော်၊ ငါးပေါင်း ဘာနဲ့ပဲဖြစ်ဖြစ် တွဲစားလို့ အရမ်းကောင်းတဲ့ အချဉ်လေးပါ။ အဲဒီဆိုင်မှာ ရတဲ့ နာမည်ကြီး အစားအသောက်တွေထက် အချဉ်ကိုကြိုက်လို့ မကြာခဏ လာစားပါတယ် ဆိုရင် အဲဒီ ဆိုင်ရှင် စိတ်လေသွားမှာ သေချာတယ်…။

နေရာ အသစ် တခုခုမှာ သွားစားဖြစ်တိုင်း ဆိုင်တွေကပေးတဲ့ တကျောင်း တဂါထာ တရွာ တပုဒ်ဆန်းတဲ့ အချဉ်ရည်တွေကို စိတ်ဝင်တစား လေ့လာကြည့်တတ်ပါတယ်။ တန်ဆေး လွန်ဘေး ဆိုပေမယ့် အချဉ်ရည်တွေ တွေ့ရင် ဘယ်လိုမှ ဘရိတ်အုပ်လို့ မရတတ်တဲ့ ကိုယ့်ကိုယ်ကိုယ် အားပေး အားမြှောက်ပြုတဲ့ အနေနဲ့ရော… ကိုယ်ကြိုက်တဲ့ အချဉ်ရည်တွေကို ဂုဏ်ပြုတဲ့ အနေနဲ့ပါ ဒီပိုစ့်လေးကို အမှတ်တရ ရေးဖြစ်ပါတယ်…။

အဆင်ပြေရင် အချဉ်ကြိုက်သူများ အသင်းဖွဲ့ချင်ပါတယ်…။ အချဉ် တကယ်ကြိုက်ပြီး အသင်းဝင်ဖို့ စိတ်ဝင်စားသူများ ကြိုတင် စာရင်းပေးခဲ့နိုင်ပါတယ်…။ ပြီးတော့ အသင်းဝင်များ အနေနဲ့ ကိုယ်သိဖူး စားဖူးခဲ့တဲ့ ကမ္ဘာတလွှားမှ ထူးထူးခြားခြား အချဉ်ရည်များနှင့် လုပ်ကိုင်ပုံ အဆင့်ဆင့်တို့ကိုလဲ ဗဟုသုတအဖြစ် မျှဝေ ပေးခဲ့စေချင်ပါတယ်။ အသင်း ဝင်ဝင်ချင်းမှာ ကြိုဆိုခြင်း အထိမ်းအမှတ် လက်ဆောင်အဖြစ် သံပုရာသီး တလုံးစီ ပို့ပေးပါ့မယ်…။ ပျော်ပျော် ပါးပါးပေါ့...။


Friday, April 23, 2010

ကျွန်တော့် အကြောင်း

ကျွန်တော်ဟာ သာမန် ကပ်ကြေးလေး တချောင်းပါ…
တကယ်တော့ ဟိုး ရှေးရှေး ဘိုးစဉ် ဘောင်ဆက် ကာလတွေထဲက ကပ်ကြေး ဆိုတဲ့ပစ္စည်း ရှိခဲ့တာပါ။ အဲဒီတုန်းကတော့ အသွားက ခပ်တုံးတုံး၊ ထူထူ ထဲထဲ လေးလေး ပင်ပင်နဲ့ သံကပ်ကြေးကြီးတွေပေါ့။ လက်ကိုင်နေရာကလဲ သံနဲ့ပဲ လုပ်ထားတာဆိုတော့ ကိုင်ရ ညှပ်ရတာ လက်တော့ နဲနဲ နာသပေါ့လေ…။ တချို့ကလဲ ကိုင်ရတာ လက်မနာအောင် လက်ကိုင်ကို အဝတ်စတွေနဲ့ ပတ်ပြီး သုံးတတ်ကြသေးတယ်။ သို့သော် သူ့ကို အိမ်သုံး ပစ္စည်း တခုအဖြစ် အိမ်မှာ ဆောင်ထားပြီး အသုံးချတာမျိုးကတော့ သိပ်ကို နည်းပါးခဲ့ပါတယ်…။ သံနဲ့ လုပ်ထားတာဆိုတော့ မသုံးတာ ကြာရင် သံချေးတွေ ဘာတွေလဲ တက်တတ်သေးတာကိုး…။ ဒီတော့ အိမ်တိုင်းမှာ မရှိတတ်ကြဘူး။

ရွာတွေမှာတော့ လွယ်တယ်လေ…။ ကပ်ကြေးကို အသုံးလိုလာတဲ့ အခါကျရင် ကပ်ကြေးရှိတတ်တဲ့ နီးရာ အိမ် သို့မဟုတ် ပန်းတိမ်ဆိုင်၊ အင်္ကျီချုပ်ဆိုင်၊ ဆံပင်ညှပ်ဆိုင်တွေမှာ ခဏတဖြုတ် သွားငှားပြီး သုံးလိုက်ကြတာပါပဲ။ တခါတခါ ရွာထဲက သက်ကြီးရွယ်ဆိုတွေ အိမ်မှာ သံကပ်ကြေး ဟောင်းဟောင်းကြီးတွေ ရှိတတ်တယ်။ သူတို့တွေ သောက်ဖို့ ဆေးလိပ်လိပ်တဲ့ အခါ ဆေးလိပ်ရဲ့ နောက်ပိတ် အစီခံနားမှာ ပိုထွက်နေတဲ့ ဆေးရွက်တွေကို ဖြတ်တောက်တဲ့ အခါမျိုးမှာ သုံးတတ်ကြတယ်လို့ ကျွန်တော့ အဖိုးက ပြောခဲ့ဖူးတယ်။ အော်… ကျွန်တော့ အဖိုး ဆိုတာက ခပ်တုံးတုံး ခပ်လေးလေး သံကပ်ကြေးကြီး တလက်ပေါ့…။

အဲဒီကနေ ကာလ အတော်ကြာလာတော့ ကပ်ကြေးဆိုတာကို တချို့အိမ်တွေမှာ စတင် အသုံးပြုတတ်လာကြတယ်။ ကျွန်တော့် အဖေတို့ ခေတ်လို့ ဆိုရမှာပေါ့။ စတိန်းလက်စ် စတီးလ် ခေါ်တဲ့ သံချေးမတက်တတ်တဲ့ စတီးလ်တမျိုးနဲ့ ပြုလုပ်ထားတဲ့ ကပ်ကြေးတွေလေ… လက်ကိုင်နေရာမှာလဲ မနာကျင်အောင် ပလတ်စတစ်သား ကောင်းကောင်းနဲ့ ကွပ်လို့ ဗျား…။ အဲဒီလို ကပ်ကြေးတွေကို အိမ်တွေမှာ သစ်ပင် ပန်းပင်တွေကို ကိုက်ဖြတ်တဲ့ အခါမျိုး၊ စက္ကူ စာရွက်တွေကို ဖြတ်တဲ့ အခါမျိုး၊ ကြိုးခွေတို့ ရေပိုက်တို့ ဘာတို့တွေ ဖြတ်တဲ့ တောက်တဲ့ အခါမျိုးတွေမှာ သုံးတတ်လာကြတယ်။ ကပ်ကြေးကို အိမ်မှာ ဆောင်ထားတတ်ကြတဲ့ ကာလ ဆိုပေမယ့် အိမ်တိုင်းမှာ မရှိမဖြစ် ဆောင်ထားတတ်ကြတာမျိုးတော့ မဟုတ်သေးဘူးပေါ့။

အခု ကျွန်တော်တို့ခေတ်မှာတော့ ပုံစံစုံ အရွယ်စုံ အရောင်စုံ ကပ်ကြေးလှလှလေးတွေ တအား များလာတယ်၊ အိမ်သုံးပစ္စည်းတွေ ထုတ်တဲ့ ကုမ္မဏီကြီးတွေကလဲ သူ့ထက်ငါ အပြိုင်အဆိုင် ကပ်ကြေးကောင်းကောင်းတွေ၊ ကပ်ကြေးလှလှလေးတွေကို တီထွင်လာကြတယ်။ လက်ကိုင်နေရာမှာ မနာအောင်၊ ညှပ်တဲ့အခါမှာ အသွားထက်ထက်လေး နဲ့ ချောချောမွေ့မွေ့လေး ဖြစ်နေအောင် အရည်အသွေးကောင်းမွန်တဲ့ ကပ်ကြေးလေးတွေ၊ ဒါတင်မက အသွားနေရာမှာ အတွန့်လေးတွေပါပြီး ညှပ်လိုက်တဲ့အခါ စာရွက်လေးတွေမှာ တခါတည်း အတွန့်လေးတွေ ပေါ်လာတဲ့ ကပ်ကြေးမျိုးတောင် ရှိနေသေးတယ်။ ပြီးတော့ ကလေးငယ်တွေအတွက်လဲ အန္တရာယ် မရှိစေတဲ့ စက္ကူကိုသာ ညှပ်လို့ရတဲ့ ပလတ်စတစ် အသွားနဲ့ ရောင်စုံ ကပ်ကြေး သေးသေးလေးတွေဆိုရင်လဲ သိပ်ချစ်စရာကောင်းတာ ဗျ။

အခု ကျွန်တော်ပြောချင်တာက ကျွန်တော်တို့ ခေတ်မှာ အိမ်တိုင်း အိမ်တိုင်းမှာ အနည်းဆုံး ကပ်ကြေး တချောင်းတော့ ရှိနေကြပြီ ဆိုတာပါပဲ။ စဉ်းစားကြည့်လေဗျာ… အခုခေတ်မှာ စားစရာ သောက်စရာ ပစ္စည်း ပစ္စယ တွေကို ထုတ်ပိုးတဲ့အခါ အရင်ကလို အင်ဖက်တွေ စက္ကူတွေနဲ့မှ မထုတ်ပိုးတော့တာ။ ပလတ်စတစ်အိပ်တွေ ကြွပ်ကြွပ်အိပ်တွေနဲ့ ထည့်ယူ ထုတ်ပိုးကြတယ် မဟုတ်လား။ ဒီတော့ အဲဒီ အထုတ်တွေကို ဖြေဖို့ လက်နဲ့ ဒါမှမဟုတ် သွားနဲ့ အလွယ်တကူ ကိုက်ဖြတ်လို့မှ မရတာ။ ဒီတော့ ကပ်ကြေးလေးတလက် မရှိမဖြစ် လိုလာတော့တာပေါ့။ ပြီးတော့ အာလူးကြော် သကြားလုံး ဘီစကစ် အချဉ် အချိုတွေ ဘာညာ ဘာညာတွေကိုလဲ ပလတ်စတစ်နဲ့ပဲ ထုပ်ပိုးကြတာ တွေ့မှာပေါ့။ စားသောက်စရာတွေ တာရှည်ခံအောင်၊ လေမသလပ်အောင် ပလတ်စတစ် ကောင်းကောင်းတွေနဲ့ ထုတ်ပိုးလာကြတော့ တော်ရုံတန်ရုံ လက်နဲ့ အလွယ်တကူ ဖွင့်လို့ ဖေါက်လို့ မရတာမို့ ကပ်ကြေးလေးနဲ့မှ အဆင်ပြေ… အဝတ်အစား အသစ်တွေ ဝယ်လာတဲ့အခါ တပ်ထားတဲ့ တံဆိပ်တွေကို ဖြုတ်တဲ့ အခါမှာလဲ ကပ်ကြေးလေးနဲ့မှ ဟန်ကျတော့တာကလား...။ ဒါတင်မက ကျွန်တော်တို့ အသုံးဝင်တဲ့ နေရာတွေ အများကြီး ရှိပါသေးတယ်။ အိမ်မှာ ဟိုဟာ ဒီဟာ ဘာလေးမဆို ဖြတ်စရာ ဖေါက်စရာ တခုခု ရှိလာရင် ဟေ့.. ပေးကြပါအုံး… ကပ်ကြေးလေး… ယူခဲ့ပါအုံး… ကပ်ကြေးလေး နဲ့… ။ ကျွန်တော်တို့ ကပ်ကြေးမျိုးနွယ်တွေ ဒီလို ဒီလိုကို တွင်ကျယ်လာတာ ခင်ဗျ…။

နောက်ဆုံး… တချို့အိမ်ရှင်မတွေဆို သူတို့လက်တွေ ညစ်ပတ်မှာ စိုးလို့လား၊ အစေးပေမှာစိုးလို့လား မပြောတတ်ပေါင်ဗျာ… ကန်ဇွန်းရွက် ချဉ်ပေါင်ရွက်တွေကိုတောင် ကပ်ကြေးလေးနဲ့ စိတ်ရှည်လက်ရှည် ညှပ်တတ်ကြတာ တွေ့ရတယ်…။ အိမ်ရှင်မတွေရဲ့ မီးဖိုချောင်မှာ ရှိနေကျ ဓါးတွေအပြင် ကပ်ကြေးတလက် တွင်ကျယ်လာပုံ ဆိုပါတော့။

အရင်တုန်းက အိမ်သုံး လက်နက်ကရိယာ တခုအဖြစ် လူ သိပ်မသိ၊ အသုံးသိပ်မဝင်၊ သိပ်မတွင်ကျယ်ခဲ့တဲ့ ကပ်ကြေးတလက်… အခုတော့ဖြင့် ဟိုနေရာလဲ သူ ပါရ… ဒီနေရာလဲ သူလေးနဲ့မှ… အဲဒီလိုကို ဖြစ်နေတော့တာလေ။ အသုံးလိုနေတဲ့ အချိန်မှာ ကပ်ကြေးလေး တချောင်း တနေရာမှာ အထားမှားပြီးများ ပျောက်နေခဲ့ရင် တအိမ်လုံး သူသူ ငါငါ ဘယ်သူမှ မနေရ… ရှာလိုက်ကြရတာ ဒေါင်းကို တောက်ရော…။

ကျွန်တော်ဟာ သာမန် ကပ်ကြေးလေး တချောင်းပါ…
ဒါပေမယ့် အခုအချိန်မှာတော့ သာမန် ကပ်ကြေးလေး တချောင်း ဆိုတာထက် ခေတ်မီ တိုးတက်လာတဲ့ ကာလကြီးမှာ ကျွန်တော့်ရဲ့ အခန်းကဏ္ဍတွေ၊ အသုံးဝင်မှုတွေ တဖြည်းဖြည်း ကျယ်ပြန့် များပြားလာတာကို တွေးပြီး ပီတိ ဖြစ်နေတဲ့ ကပ်ကြေးလေး တချောင်း ဆိုရင် ပိုမှန်မယ် ထင်ပါရဲ့…။



မှတ်ချက် ။ ။ ရုံးမှာ စားပွဲရှင်းရင်း မျက်စေ့ထဲကို ရောက်လာတဲ့ အစိမ်းရောင် ကပ်ကြေးလေး တချောင်းကို ကြည့်ရင်း တွေးမိတာလေးကို ရေးထားတာပါ။

Monday, April 19, 2010

ရောက်တတ်ရာရာ (၁)

အခုတလော နဲနဲ အားနေတယ် လို့ ဆိုရမယ်။ တကယ်ကြီး အားတာတော့ မဖြစ်နိုင်လောက်ဘူး။ (ညာနေတာ...) လုပ်စရာတွေကို နောက်ကို ပို့ထားပြီး အတင်း အားနေတာ လို့ပြောရင် ပိုမှန်လိမ့်မယ်။ အဲဒီလို အချိန်အားတွေ ရှိနေရင်လဲ တခုခုလေး ရေးပါတော့လား လို့ ကိုယ့်ကိုယ်ကိုယ် တိုက်တွန်းနေမိတယ်…။ အရင်နေ့တွေက စိတ် အတွေးနဲ့ ရေးထားတာတွေ စာလုံးအဖြစ် ပြန်စီကြည့်တော့ စာလုံးတွေက အသက်မပါဘူး…။ ဒီလိုနဲ့ ပစ်ထားလိုက်တဲ့ စာကြောင်းတွေ အတော်များများ…။ နှမြောစရာ…။

အမှန်ကတော့ ရုပ်ရှင်ကြည့်နေရင်းလဲ ရေးစရာ အကြောင်းအရာလေး စဉ်းစားမိတယ်…။ စာတအုပ် ဖတ်နေရင်းလဲ ရေးစရာ စာလုံးတွေ စီကြည့်နေမိတယ်…။ သီချင်း ဖွင့်ထားရင်းနဲ့ ကဗျာစပ်စရာ ကာရန်တွေ ရှာကြည့်မိတယ်…။ သူငယ်ချင်းတွေနဲ့ စကားပြောနေရင်း သူတို့ ပြောတာတွေ နားထောင်ရင်း ဇာတ်လမ်းတပုဒ် ရေးနေမိတယ်…။ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ပြီး အက်ဆေး တပုဒ်ရေးဖို့ လဲ တွေးနေမိသေးတယ်။ ဒါပေမယ့် အားလုံးကို အတွေး စိတ်ကူးထဲကနေ ရည်ရွယ်နေတာမို့ လက်တွေ့မှာ ဘာမှ ထွက်မလာဘူး။ ကိုယ်ဟာ လူဆိုးပါ…။

ဒီရက်ပိုင်းမှာ Lost in Translation ကို ပြန်ကြည့်ဖြစ်တယ်…။
နေ့စဉ် ဘဝကို ငြီးငွေ့နေတဲ့ ခံစားချက်တွေဟာ လူတိုင်း လူတိုင်းမှာ ရှိနေနိုင်ကြတာပဲ… နည်းတာနဲ့ များတာပဲ ကွာမယ်…။ ပြီးတော့ အဲဒီလို ငြီးငွေ့နေတဲ့ အချိန်တွေမှာ စိတ်သက်သာရာ တခုခုကို ဒါမှမဟုတ် ကိုယ်ဝါသနာပါတာ တခုခုကို ရှာဖွေလုပ်ကိုင်ဖြစ်ရင် အကောင်းဆုံးပဲ..။ မဟုတ်ရင်တော့ သိပ်မနိပ်လှဘူး…။ အခုတလော စကာင်္ပူမှာ တိုက်ပေါ်က ခုန်ချတဲ့ သတင်းတွေ မကြာခဏ ကြားနေရတယ်…။ အဆင်မပြေခြင်းနဲ့ ဘဝကို ငြီးငွေ့နေခြင်းရဲ့ ပြယုဒ်တွေပေါ့…။

နောက်ကြည့်ဖြစ်တာ တခုကတော့ Confessions of a Shopaholic …။ ပေါ့ပေါ့ပါးပါး ဇာတ်ကားလေးပါ။ မင်းသမီး လှလှ… ပြီးတော့ လှပ ဆန်းပြားတဲ့ ခေတ်မီ အသုံးအဆောင် အဝတ်အစားတွေ တွေ့ရတယ်။ ဈေးဝယ်တာ ဝါသနာပါပြီး တလ တလ Credit Card Bill လာတိုင်း မျက်ကလူး ဆန်ပြာဖြစ်နေရတဲ့ ကိုယ့်အတွက် သင်ခန်းစာ ယူရမလိုလိုပဲ…။ ထားပါလေ ကိုယ်နဲ့ ဘာဆိုင်တာ လိုက်လို့... အဲဒါက ရုပ်ရှင်ပဲ…။ (ကိုယ် လက်မခံချင်ရင် ဒီလိုပဲ မသိချင်ယောင်တွေ ဇွတ် အတင်း ဆောင်နေတတ်တာ ကိုယ့်အကျင့်ဆိုး…)

ဒီရက်တွေမှာ စာအုပ် အကြီးကြီး နှစ်အုပ် ဖတ်နေတယ်…။ တအုပ်က မေမေဝယ်ပေးတဲ့ ဆရာကြီး ရွှေဥဒေါင်းရဲ့ ဘဝ တသက်တာ မှတ်တမ်းနှင့် အတွေးအခေါ်များ၊ နောက်တအုပ်က မွေးနေ့လက်ဆောင်ရထားတဲ့ ဆရာမ မကြည်အေးရဲ့ ဝတ္ထုတိုပေါင်းချုပ်...။ မညာပါဘူး… စာအုပ်တွေက တကယ် အကြီးကြီးနဲ့ အထူကြီး အလေးကြီးတွေ…။ အရင်က ဖတ်ဖူးပြီးသားတွေ ဖြစ်ပေမယ့် အခု တခါလည်း တကယ့်ကို လေးလေးစားစား ပြန်ဖတ်နေတာပါ။ ပြီးတော့ အဲဒီစာအုပ်တွေက အိပ်ရာထဲ လှဲပြီး ဖတ်လို့မရဘူး၊ လက်နဲ့ ကိုင်လို့ မနိုင်ဘူး၊ စားပွဲမှာ သေသေချာချာ ထိုင်ဖတ်မှရတယ်…။

နောက် အိပ်ခါနီးတိုင်း လက်က ရောက်ရောက်သွားပြီး ကိုယ်နှစ်သက်ရာ အခန်းလေးတွေ၊ စာမျက်နှာလေးတွေ ရှာပြီး ဖတ်ဖြစ်တဲ့ စာအုပ်နှစ်အုပ်လဲ ရှိသေးတယ်။ အဲဒါတွေက ဂျူးရဲ့ ချစ်သူရေးတဲ့ ကျွန်မရဲ့ ညတွေ ရယ်… ဝင်းဝင်းလတ်ရဲ့ အချစ်၏ နောက်ဆက်တွဲ စာမျက်နှာများရယ်…။ ဘယ်အချိန်မှာ ဖြစ်ဖြစ် ဘယ် စာမျက်နှာလေးပဲ ဖြစ်ဖြစ် ဖတ်လိုက်တိုင်း နှစ်သက်နေမိတယ်…။ အဲဒီစာနှစ်အုပ် ဖတ်ရင်း Frida Kahlol ရေးခဲ့တဲ့ ပန်းချီကားတွေ အင်တာနက်မှာ လိုက်ရှာကြည့်နေမိသလို ဒေါက်တာ ခင်ဦးနွယ်လို မိန်းမမျိုး အပြင်မှာ တကယ် ရှိနိုင်သလားလို့လဲ တွေးနေမိပြန်တယ်…။ ယောင်္ကျားချင်း ရင်းနှီး နားလည်မှု ဆိုတဲ့ စကားလုံးနဲ့ အတူ ဒေါက်တာ အောင်သူရ၊ ဆရာယစ်နဲ့ သက်ဇော်နိုင်ကိုလဲ ပုံဖေါ်ကြည့်နေမိတယ်။ ဇာတ်ကောင်တွေကို သရုပ်ဖေါ်မှုဟာ ကောင်းလွန်း ပီပြင်လွန်းလို့ စာရေးသူရဲ့ ကလောင်စွမ်းကို အားကျမိတယ်…။ အသက်ငယ်ငယ်နဲ့ ဆုံးပါးသွားတာ နှမြောစရာ…။

သီချင်းဖွင့်ဖို့ ရှာလိုက်တိုင်း နားထောင်ချင်တာက တခြား ဖွင့်မိတာက တခြား… အဲဒီလို ဖြစ်နေတာ တော်တော်ကြာပြီ လို့ ဆိုရမယ်။ ဘာလို့လဲတော့ မစဉ်းစားကြည့်လို့ အဖြေမရှိပါ။ ကွန်ပျူတာမှာ အဆိုတော်ကြီး ပြည်လှဖေရဲ့ နတ်သျှင်နောင် ကို နားထောင်ဖြစ်နေသလို အိပ်ခန်းထဲရောက်ရင် ဖွင့်ဖို့ ရွေးထားမိတာက အိုင်စီရဲ့ ဆူဆူညံညံ သီချင်းတွေ…။ ပြီးတော့ ရန်အောင် ပြန်ဆိုထားတဲ့ ဝင်းဦးရဲ့ အလွမ်းအိပ်မက်ရှည်လို သီချင်းအေးအေးလေး နားထောင်နေရင်း မျက်လုံးက မှေးမှေး မှေးမှေး ဖြစ်ပြီး အိပ်ချင်လာတဲ့ အခါ ချက်ချင်းထပြီး ပြောင်းပစ်လိုက်တဲ့ သီချင်းက မျိုးကြီးရဲ့ သူစိမ်းတယောက် ဖြစ်နေပြန်တယ်…။ စိတ် ဆိုတာ မျက်တောင် တခတ် မျက်စေ့ တမှိတ် အချိန်လေးမှာတင် ပြောင်းလဲတတ်တာမျိုး မဟုတ်လား…။ အဲဒီလို မြန်မြန်ဆန်ဆန် ပြောင်းလဲသွားတဲ့ ကိုယ့်စိတ်ကို ကိုယ်တိုင်ပြန် သတိထားမိတိုင်း ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့တယ်…။ အများကြီး လိုသေးတယ်…။

သတိထားမိတာ တခု...။ လူအများ ဝိုင်းဖွဲ့ ပြောဆိုနေကြတဲ့ စကားဝိုင်းတွေမှာ နားထောင်သူသက်သက် အဖြစ် နေနေခဲ့တာ ကြာပြီ။ ကိုယ့်မှာ သူတို့လို ပြောစရာ စကားတွေပဲ ရှိမနေတာလား… ရှိနေရဲ့သားနဲ့ စကား ပြောချင်စိတ် ကုန်နေတာလား… ဆိုတာတော့ တွေးနေတုန်းပဲ။ ကိုယ် အရင်က စကားများများ ပြောတတ်တဲ့သူ တယောက်ဆိုတာ ဟုတ်မှ ဟုတ်ပါလေစ လို့ လဲ တွေးနေမိတာ အကြိမ်ကြိမ်…။ နောက် တဆက်တည်း တွေးနေမိတာက လူတွေ ဘာလို့ အဲဒီလောက် စကားပြောကြတာလဲ လို့…။ သူတို့တတွေ ပြောဆိုနေကြတဲ့ အကြောင်းအရာတွေကို နားထောင်ရင်း စိတ်ထဲမှာ စာစီကြည့်တာ… လိုက်မမှီဘူး ဆရာ…။ သူတို့က မြန်နေတာ မဟုတ်… ကိုယ်က နှေးနေတာ ဖြစ်မှာပါ။

နေ့စဉ် ရှင်သန် လှုပ်ရှားနေကြရတဲ့ ပတ်ဝန်းကျင်တွေ ကွာခြားလာတာနဲ့ အမျှ ပြောနေကြတဲ့ စကားလုံးတွေ ဘယ်နည်းနဲ့မှ မတူညီနိုင်ကြတာကို သေသေချာချာ မြင်လာရတယ်။ ဒါဟာလဲ လူတွေ တဦးနဲ့ တဦး ရင်းနှီးမှုတွေ ပါးလျားပြီး တဖြေးဖြေး ဝေးကွာသွားစေတဲ့ အကြောင်းရင်းထဲမှာ တချက် အပါအဝင်ဖြစ်နိုင်တယ်။ တန်ဖိုးထားတဲ့ အရာချင်း (သို့မဟုတ်) လျှောက်နေကြတဲ့ လမ်းချင်း မတူမှတော့ ရင်ထဲက၊ နှုတ်ဖျားက စကားလုံးတွေလဲ ဘယ်တူနိုင်ပါတော့မလဲ လို့ လေးလေးနက်နက် သုံးသပ်မိတဲ့ အချိန်ပါပဲ…။ စိတ်မကောင်းစရာပေမယ့် ကိုယ်လဲ မတတ်နိုင်ဘူး၊ လုပ်ယူတာမှ မဟုတ်တာ… သူ့အလိုလို ဖြစ်သွားတာပဲလေ…။

Flickr မှာ သူများတွေ ရိုက်ထားတဲ့ ဓါတ်ပုံတွေကို ကြည့်ရင် ကိုယ့်လက်ရာတွေကို ဘယ်လိုမှ စိတ်တိုင်းမကျနိုင် ဖြစ်ရတယ်။ အိမ်မှာလဲ ချီးကျူးခံရပါတယ်… တကွက် တကွက်ကို ရိုက်ရင် မပြီးနိုင်တော့ဘူး... ၄ ပုံ ၅ ပုံလောက် ရိုက်နေလို့။ နာမည်တောင် ရနေပြီ… ပုံ တထောင် သက်ဝေ တဲ့…။ ပုံ တထောင်လောက်ရိုက်မှ ကောင်းတာလေး အသုံးတည့်တာလေး တပုံ နှစ်ပုံ လောက် ပါတာလေ..။ အရင် ဖလင်လိပ်တွေ ထည့်ရိုက်ရတဲ့ ခေတ်ဆို ဒုက္ခပဲနော်…။ အင်းလေ… အဲဒီခေတ်တုန်းက ဆိုရင်တော့ ဓါတ်ပုံပညာကို သေသေချာချာ လေ့လာလိုက်စားပြီးမှ ရိုက်မှာပေါ့လို့… အခုတော့ ရိုက်လိုက် မကြိုက်လိုက် ပြန်ဖျက်လိုက်နဲ့… ဟုတ်တော့ ဟုတ်နေတာပဲ…။

ဒီလိုနဲ့ နိဂုံးချုပ်လိုက်တော့ ဒီရက်ပိုင်းမှာ ကိုယ် အချိန်တွေ အလဟဿ ဖြုန်းတီးနေတာ၊ ဟိုဟို ဒီဒီ ရောက်တတ်ရာရာတွေ တွေးနေတာ၊ ကိုယ် အသုံးမကျတာတွေကို စုပြုံပြီး ရေးထားတဲ့ ပိုစ့်တပုဒ် ဖြစ်နေပါရောလား…။ အိုး… ရှိစေတော့လေ… တည်းဖြတ် ကန့်ကွက် ဖြတ်တောက်မယ့် အယ်ဒီတာမှ မရှိတာ…။ ကိစ္စမရှိပါဘူး… အရင်းအတိုင်းပဲ တင်လိုက်တော့မယ်…။ လာဖတ်မယ့်သူတွေကလဲ လူရင်းတွေချည်းပဲ မဟုတ်လား…။


Sunday, April 18, 2010

လှသော နှစ်သစ်


မြန်မာနှစ်သစ်ကူး နေ့ရက်တွေမှာ လာလည် နှုတ်ဆက် ဆုတောင်းသွားကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်ပါတယ်။ တယောက်ချင်းဆီကို သွားရောက် လည်ပတ်ပြီး ဆုတောင်း နှုတ်ဆက် စကားဆိုဖို့ ပျက်ကွက်ခဲ့တာကြောင့် အခု ဒီနေရာကနေ အားလုံးကို ပြန်နှုတ်ဆက်ပါတယ်။

မြန်မာ နှစ်သစ် ၁၃၇၂ ခုနှစ်မှာ...
လိုရာ ဆန္ဒပြည့်ဝပြီး ပျော်စရာကောင်းသော နှစ်သစ် ဖြစ်ပါစေ...
လှပသော အနာဂတ် နေ့သစ်များကိုလည်း ကိုယ်စီ ပိုင်ဆိုင်နိုင်ကြပါစေ...။



Monday, April 12, 2010

သင်္ကြန် ဖိတ်စာ


မနက်ဖြန်ဆို သင်္ကြန် အကြိုနေ့ ဖြစ်ပြီ…
ငယ်ငယ်ကထဲက သင်္ကြန်နားနီးလာရင် သင်္ကြန်ကို မပျော်တတ်ပေမယ့် မျှော်တော့ မျှော်တတ်တယ်... ကိုယ်တိုင် ရေမကစားပေမယ့် သူများတွေ ကစားတာ ကြည့်ရင်း တူးပို့ တူးပို့ သီချင်းသံတွေအောက်မှာ ပျော်နေတတ်တယ်... သို့သော် အသက်ဝင် ပျော်ရွှင်စရာ သင်္ကြန်နဲ့ ဝေးဝေးမှာရောက်နေတာ ကြာလာတော့ သင်္ကြန်နဲ့ နီးတာတွေ ဝေးတာတွေ ဘာမှ ခံစားလို့ မရတော့ပါဘူး... လို့ မနှစ်က ပန်ဒိုရာ စီစဉ်တဲ့
ဘလော့ဂါတွေ ရင်ထဲက သင်္ကြန် (အထူး အစီအစဉ်) မှာ အိုက်တင်အပြည့်နဲ့ သွားပြောခဲ့ဖူးတယ်…။ (ခပ်တည်တည်ပဲ...)

အဲလို ပြောခဲ့ပြီး ဘယ်လောက်မှ မကြာလိုက်ဖူး…။
B L U E S K Y F O R E S T ဘလော့ဂ်မှာ
သံချပ်ထိုးကြစို့ ဆိုတဲ့ အစီအစဉ်လေးကို မထင်မှတ်ပဲ တွေ့လိုက်ရတယ်။ ပြဿနာက အဲဒီမှာ စ တာပါပဲ…။ ကိုယ့် ရှေ့က နောင်တော်တွေ မိတ်ဆွေ အပေါင်းအသင်းတွေ ရေးထားကြတဲ့ သံချပ်တွေကို ဖတ်ရင်း ကိုယ်တိုင်လဲ တကယ်ကို ပျော်ရွှင်လာလို့ ဟိုမရောက် ဒီမရောက် သံချပ်လေး တခု မနေနိုင် မထိုင်နိုင် ဝင်ရေးဖြစ်သွားတယ်။ (ရှေ့စကား နောက်စကား မညီလိုက်ပုံများ…)

ဖြစ်ချင်တော့ အဲဒီအချိန်တုံးက ကိုယ့်ဘလော့ဂ်ရဲ့ သတင်းစကားမှာ “ခေါင်းတွေ အရမ်းကိုက်နေလို့ စာမရေးနိုင်သေးပါ…” ဆိုပြီး ဝက်ဝံလေး ကတ်ကြေးနဲ့ ခေါင်းကို ဖြတ်နေတဲ့ ပုံလေး တင်ထားမိတဲ့ အချိန်ပေါ့…။ အော… သက်ဝေက ခေါင်းသာ ကိုက်တယ် သံချပ်တော့ ထိုးနိုင်သလား… လို့ အမေးခံခဲ့ရတာ ခုထိ မှတ်မိနေသေးတယ်…။ လူက နေပေမယ့် သင်္ကြန်ပိုးက မနေတဲ့ သဘောပေါ့လေ…။

အဲဒီ သံချပ်လေး ကောင်းမှုကြောင့် ဒီနှစ်မှာလဲ သူတို့ မဏ္ဍပ်မှာ သံချပ်ထိုးဖို့ လာခေါ်ကြတယ်။ ဝါသနာက မပါဘူး ဆိုတော့ နှစ်ခါ မခေါ်ရပဲ သံချပ်တွေနဲ့ အတူ သူတို့ဆီ ရောက်သွားဖြစ်ပါတယ်…။ ဒီမှာလေ... မဏ္ဍပ်နာမည်က
ရွှေပြည်ဝေး တဲ့…။ အမိမြေနဲ့ ဝေးနေကြတဲ့ ပြည်ပရောက် မြန်မာများအတွက် ပျော်စရာ သင်္ကြန်လေးတခု ဖြစ်ဖို့ ရည်ရွယ်ပါတယ်...။ အခုချိန်လောက်ဆို လူတွေလဲ တော်တော်စုံ၊ သံချပ်တွေလဲ တော်တော်များများ ရောက်နေလောက်ပါပြီ…။

ပြီးတော့ ရွေပြည်ဝေး မဏ္ဍပ် ပိုင်ရှင်တွေက ကိုယ့်ဆီကို လာလည်ကြတဲ့ ကိုယ့်ရဲ့ မိတ်ဆွေ အပေါင်းအသင်း ရောင်းရင်းတွေကိုလဲ သူတို့ရဲ့ မဏ္ဍပ်ကို လာပြီး အတူတူ သံချပ်ထိုးရင်း သင်္ကြန်လာကျဖို့ ဖိတ်ပေးပါ လို့ ပြောလာတာကြောင့် ဒီနေရာကနေ ဖိတ်စာဝေ လိုက်ပါတယ်…။

မုန့်လုံးရေပေါ် အပါအဝင် မြန်မာမုန့်၊ သင်္ကြန်မုန့် မျိုးစုံ တွေနဲ့ တနေ့တမျိုး မရိုးရလေအောင် ဧည့်ခံမှာဖြစ်ပြီး အချမ်းပြေ ဘာညာ ဘာညာ တွေလဲ အဝ တိုက်မယ်လို့ ဆိုနေပါတယ်…။ ပြီးတော့ ဒီနှစ်မှာ အတော် နာမည် ကျော်ကြား လူကြိုက်များနေတဲ့ (ကိုကိုတို့ အကြိုက်) ဟို အတိုတော် အဲလေ… အဆိုတော် မမလေး တယောက်လဲ လာမယ် ဆိုလား…။ ဒီတခါတော့ သူလေးက ဘယ်လိုလေးများ တိုမလဲ… (ဟာ… မှားပြန်ပြီ…) ဘယ်လိုလေးများ ဆိုမလဲ ဆိုတာလဲ သွားကြည့်ကြရအောင်လေ… နော်…။

လှပတဲ့ ကောင်းကင်ပြာပြာ အောက်က သစ်တောရနံ့လေး သင်းမွှေးနေတဲ့ ရွှေပြည်ဝေး သင်္ကြန်မဏ္ဍပ်မှာ ရိုးရာ အတာ သင်္ကြန်ပွဲကို ပျော်ပျော်ပါးပါး ဆင်နွှဲကြရအောင်… သံချပ်ထိုးရင်း၊ သီချင်းဆိုရင်း၊ မုန့်စားရင်း၊ ရေလောင်းရင်း၊ စကားလက်ဆုံ ပြောကြရအောင် သူငယ်ချင်း မိတ်ဆွေတွေ အားလုံး မပျက်မကွက် ဆက်ဆက် အရောက် လာခဲ့ကြစေချင်ပါတယ်…။

See you there…

Thursday, April 8, 2010

Home Sweet Home


Home Sweet Home လား
လေး ထောင့် ပုံး လား...

အကြံကုန်တော့ ဟိုအကောင် ဟိုဟာ ချက် ဆိုသလိုပါပဲ...
အချိန်ရှိရဲ့သားနဲ့ ရေးစရာ ဘာမှ ရှာမရ... ဘာမှလဲ မရေးဖြစ်လို့ ...း))

မှတ်ချက် ။ ။
ဟိုအကောင် = ဂဠုန်
ဟိုဟာ = ဆား



Monday, April 5, 2010

တိမ်များနှင့် တညနေ

မိုးကောင်းကင်ပေါ်ကို မော့ကြည့်လျှင် ဝါဂွမ်းများသဖွယ် ဖြူဖွေး၍ အလိပ်လိုက် အလိပ်လိုက် လှပသော တိမ်များကို တွေ့နိုင်သည်။ သို့သော် နေ့တိုင်းတော့ မဟုတ်…။ တချို့နေ့များတွင် အဝေးမှကြည့်လျှင်ပင် သူတို့၏ နူးညံ့မှုကို မိမိထံသို့ ကူးစက် ခံစား စေနိုင်သော လှပသော တိမ် များကို ကောင်းကင်ကြီး တခုလုံးနှင့် အပြည့် တွေ့နိုင်သော်လည်း တချို့သောနေ့ရက်များတွင် ကောင်းကင် တခုလုံး တိမ်သား တိမ်လိပ်များ ကင်းစင်ကာ ပြာလွင် ကြည်လင်နေသည်ကိုလည်း တွေ့နိုင်ပါသည်။ ထို့အပြင် တချို့သော နေ့ရက်များတွင်မူ မှောင်မိုက်ကာ မိုးသားများပါဝင်သော တိမ်ညိုများဖြင့် ဖုံးလွှမ်းနေသော မိုးရွာချတော့မည့် ကောင်းကင်မျိုးကိုလဲ တွေ့နိုင်ပါသေးသည်။

မည်သို့ပင်ဖြစ်စေ ကိုယ်တိုင်က တိမ်များကို ချစ်တတ်သူ၊ သူတို့၏ နူးညံ့မှုတွင် စိတ်တိုင်းကျကာ ကျေနပ်နေတတ်သူ၊ သူတို့၏ လှပစွာ ဖမ်းစားတတ်မှုတွင် စီးမျောကာ ပျော်ဝင်နေတတ်သူ တယောက် ဖြစ်သောကြောင့် တိမ်ကင်းစင်နေသော နေ့များကို မနှစ်သက်တတ်ခဲ့ပါ…။ ကိုယ့်နေ့တွေတိုင်းမှာ တိမ်အကြောင်း မတွေး၊ တိမ်များကို မငေးမောဖြစ်သည့်နေ့ဟူ၍ မရှိခဲ့ပါ။ ကောင်းကင်ပေါ်တွင် တိမ်ကင်းစင်သည့်နေ့များ၊ မိုးများ သည်းထန်စွာ ရွာသွန်းသော မိုးနေ့များတွင်မူ ကိုယ့် ကွန်ပျူတာ Desktop ပေါ်မှာ ရှိနေသော တိမ်လိပ်များ၊ Screen Saver မှ တိမ်များကို ကြည့်ရင်း ကျေနပ်နေခဲ့ရပါသည်။

တိမ်တွေနှင့် ပတ်သက်၍ ကိုယ်တိုင်က ရူးသွပ်နေသည်လား… တိမ်တွေက ကိုယ့်ကို ရူးသွပ်အောင် ပြုစားနေတတ်ကြသည်လား… ကိုယ် သေသေချာချာ အဖြေရှာမရပါ…။ ရှာလည်း မရှာကြည့်ချင်ပါ။ သို့သော် ဘယ်သူတွေ ဘာပြောပြော တိမ်တွေကို ကိုယ် သိပ်ချစ်ပါသည်။


ကုန်လွန်ခဲ့သော နေ့ရက်တခုမှာ မမျှော်လင့်ပဲ ချစ်စရာတိမ်များနှင့် ကိုယ် နေ့တဝက်နီးပါးမျှ နီးကပ်စွာ ရှိနေခဲ့ဖူးသည်။ သိပ်ချစ်စရာကောင်းသော ဖြူလွလွ တိမ်လိပ်များသည် အခါများစွာကလိုပင် ကိုယ့်ကို နူးညံ့ပြီး လှပသော ကျေနပ် နှစ်သိမ့်မှုတွေ ပေးစွမ်းနိုင်သည်သာ။ ထိုတိမ်လိပ်တွေသည် ကိုယ် ကြိုတင် မျှော်လင့်ထားသလိုပင် သိပ်လှ၍ လွန်စွာမှ စွဲမက်ဖွယ်ကောင်းကြသည်။ သည်လိုနှင့် တိမ်တွေကြားထဲသို့ ကိုယ် ဖြေးဖြေးညင်သာ တိုးဝင်သွားခဲ့မိသည်။ နီးလွန်းလျှင် မမြင်နိုင် ဟူသော စကားအတိုင်း အရာဝတ္ထုတွေတိုင်းသည် သိပ်နီးကပ်လာသောအခါ အမြင်အာရုံတွေ ဝေဝါးသွားတတ်ကြသည်။ ထို့အတူပင် ကိုယ် ချစ်ရသော တိမ်တွေသည် သူတို့နှင့် လွန်စွာ နီးကပ်လာပြီး သူတို့တွေနှင့် တသားထဲ ဖြစ်သွားချိန်မှာ မှုန်မှိုင်းကာ ဝေဝါးသွားကြသည်။ သို့သော် အေးမြမြ အထိအတွေ့နှင့် ဝေဝါးဝါး တိမ်မှုန်တို့သည်လည်း ကိုယ့်စိတ်ကို တနည်းတဖုံ ချမ်းမြေ့စေခဲ့ပြန်သည်။


ထိုညနေက ကိုယ် သူတို့နှင့် စကားများစွာ ပြောဖြစ်ခဲ့သည်။ ချစ်စရာကောင်းသော တိမ်တွေသည် ကိုယ်ပြောသမျှ စကားလုံးတိုင်းကို မညီးမညူ စိတ်ရှည် လက်ရှည် နားထောင်ကြသည်။ ကိုယ် ပြုံးလျှင် လိုက်ပြုံး၊ ကိုယ် ရယ်လျှင် ကိုယ်နှင့် အတူတူ လိုက်ပါ ရယ်မောကာ ကိုယ် ငိုလျှင် ဝမ်းနည်းစွာ လိုက်၍ ငိုတတ်ကြသည်။ ကိုယ် တခုခုကို မကျေမနပ် ဖြစ်နေသောအချိန်များတွင်မူ ကိုယ့်ကို စာနာ နားလည်စွာ အားပေး နှစ်သိမ့်တတ်ကြသည်။ ထိုမျှသာမက ချစ်စရာကောင်းသော သူတို့သည် ကိုယ်သွားလေရာ လမ်းတလျှောက် ဘေးမှနေ၍ ထပ်ချပ်မကွာ လိုက်ပါ အဖေါ်ပြုပေးခဲ့ကြသည်။

ကိုယ်ချစ်သော တိမ်များနှင့် ရှားပါးစွာသော အနီးကပ် တွေ့ရချိန်လေးမှာ ကိုယ့် စိတ်အတွေးထဲမှာ စာတွေ ကဗျာတွေ များစွာ ရေးဖြစ်ခဲ့သည်။ တိမ်စိုင် အစုသေးသေးလေးတွေပေါ်မှာ သုံးကြောင်းစပ် ကဗျာတိုလေးတွေ ရေးခဲ့သလို တိမ်စိုင် ခပ်ရွယ်ရွယ်လေးတွေပေါ်မှာ အက်ဆေးတွေ… ပြီးတော့ သိပ်လှတဲ့ တိမ်လိပ် အကြီးကြီးတွေအပေါ်မှာ ကဗျာရှည်တွေ… စာစုရှည်တွေ… မမောနိုင် မပန်းနိုင် ကိုယ် ရေးဖွဲ့ခွင့် ရခဲ့သည်။ ကိုယ့်အတွက် သာယာ ပျော်ရွှင်ဖွယ်ရာ စိတ်ချမ်းမြေ့ စရာကောင်းသော အချိန်များကို သူတို့ ဖန်ဆင်းပေးခဲ့သည်။ ကိုယ့် ညနေခင်းသည် သူတို့ကြောင့် ထင်ထားသည်ထက် ပို၍ လှပခဲ့သည်။

သို့သော်… အချိန်တန်ရင် အိမ်ပြန်ရစမြဲ…
ညသည် အမှောင်ဖက်ကို သိသိသာသာ ရောက်လာခဲ့သည်။ နောက်ဆုံးမှာ ကိုယ်ချစ်သော တိမ်တွေကို ထားခဲ့ရတော့မည်…။ သူတို့တွေ ကိုယ့်အနီးကို ရောက်လာခဲ့သောကြောင့် ကျေးဇူးတင်စကားနှင့် နှုတ်ဆက်စကား ပြောရန် စဉ်းစားနေစဉ်မှာပင် သူတို့တွေသည် ကိုယ့်အပါးက တိတ်တဆိတ် ပျောက်ကွယ် ဖယ်ခွာသွားကြသည်။ ညက လုံးဝကို မှောင်မိုက်သွားလေပြီ…။ သို့သော် ကိုယ် ကျေနပ်ပါသည်။ ကျေးဇူးလဲ တင်ပါသည်။ ကိုယ်ချစ်သော တိမ်များက ကိုယ့်ကို အချိန်ပေးပြီး အနားမှာ နီးကပ်စွာ ရှိနေပေးခဲ့သော ထိုညနေခင်းတခုကို ကိုယ် ဘယ်တော့မှ မေ့နိုင်တော့မည် မဟုတ်ပါ။


Thursday, April 1, 2010

ကိုယ့်အကြောင်း

ဟိုတလောက သူ အိမ်မှာ ပစ္စည်းတွေ လွှင့်ပစ်တဲ့ အကြောင်း ရေးထားတဲ့ ပိုစ့်ရှိပါကောလား..။ အဲဒါကို ဖတ်ပြီး သူက Complain တက်လာတယ်…။ ခင်ဗျားလေးက ကျုပ် ပစ္စည်းတွေ လွှင့်ပစ်တဲ့ အကြောင်းသာ တဖက်သတ်ကြီး ရေးထားတာကိုး တဲ့…။ ကိုယ်တိုင်က အိမ်မှာ ဘာပစ္စည်းတွေဝယ်ပြီး ဘာတွေ သိမ်းသလဲ၊ လိုတာတွေရော မလိုတာတွေရော ဘယ်လောက် အရှုပ် အပွတွေ လုပ်သလဲ၊ ဘာတွေ စုဆောင်းသလဲ ဆိုတာကျတော့ မပြောပဲ ချန်ထားတယ် တဲ့…။ ဒါတော့ မကောင်းပါဘူး… ဘယ်တရားမလဲ တဲ့…။ ဘုရားရေ… သည်လိုတော့ဖြင့် ကိုယ့်အကြောင်းလေးလဲ နဲနဲတော့ ရေးအုံးမှ မျှမျှတတ ဖြစ်တော့ပေမပေါ့ လို့ တွေးမိတယ်။

ကဲ... ဒီတော့ လာပြီ… ကိုယ့်အကြောင်း…။
ဒီလိုလေ… ကိုယ်က အိတ်တွေ သိပ်ကြိုက်တယ် မဟုတ်လား။ ဘယ်လောက်တောင် အိတ်တွေ ကြိုက်သလဲ ဆိုတော့ကာ ကိုယ်တိုင် နေ့စဉ်သုံးနေတဲ့ ပိုက်ဆံအိတ်တွေ ကြီးကြီး ငယ်ငယ် အရွယ်ရွယ်က အစ၊ မိတ်ကပ်တို့ နှတ်ခမ်းနီတို့ ဝယ်ရင်ရတတ်တဲ့ Cosmetic Pouch လို့ ခေါ်တဲ့ အိတ်လေးတွေအလယ်၊ ဟိုနား ဒီနားသွားရင် ကဒ်လေး တခု နှစ်ခုနဲ့ ပိုက်ဆံ နဲနဲ ထည့်ပြီး ပေါ့ပေါ့ပါးပါး ကိုင်လို့ရတဲ့ အိတ်လေးတွေ အဆုံး… လယ်သာအိတ်တွေရော၊ အဝတ်စနဲ့ ချုပ်ထားတဲ့ အိတ်တွေရော၊ ပြီးတော့ လက်ဆောင်ပစ္စည်းလေးတွေ ထည့်ပေးလို့ရတဲ့ စက္ကူအိတ်လှလှလေးတွေရော... အိတ်ဆိုရင် ဘာအိတ်မဆို အကုန်ကြိုက်တာ…။ ဒါတွေပဲလားဆိုတော့ မဟုတ်သေးပါဘူး…။ ဘယ်လောက်တောင် ဆိုးသလဲဆို Shopping လုပ်ရင် ဆိုင်တကာ့ ဆိုင်တွေက ရလာတဲ့ အရွယ်စုံ ဆိုဒ်စုံ အရောင်စုံ Shopping Bag လှလှတွေ အားလုံးကိုပါ ကြိုက်တာပါ။ အားလုံးကိုလဲ စုံစုံမက်မက် သိမ်းထားတတ်တာမျိုးပါ…။ (မရယ်ကြပါနဲ့… NTUC, Giant နဲ့ Cold Storage က အိတ်တွေ မသိမ်းပါဘူး…)

နေ့စဉ်သုံးနေတဲ့ ပိုက်ဆံအိတ်တွေကို နဲနဲဟောင်းသွားလဲ မပစ်ချင်ဘူး… ကိုယ်က ချစ်တာကိုး။ တနေ့ကို တအိတ်သာ ကိုင်နိုင်တယ် ဆိုပေမယ့် မကိုင်ဖြစ်တဲ့ အိတ်လေးတွေကိုလဲ မြင်နေရရုံနဲ့တင် ချစ်နေတာ…။ ထားတော့… အဲဒီတော့ ပိုက်ဆံအိတ်တွေ သိမ်းတာ ဘာမှ မဖြစ်ပေမယ့် Shopping Bag တွေ သိမ်းတာက တော်တော်ဆိုးတဲ့ အကျင့်ပဲလား မသိ…။ ပြောရမယ်ဆို လောလောဆယ် ကိုယ့်ဆီမှာ သိမ်းထားတဲ့ Shopping Bag အမျိုးစုံတွေက အလျား အနံ နှစ်ပေ ပတ်လည်၊ အမြင့် တပေခွဲလောက်ရှိတဲ့ စက္ကူပုံးနဲ့ နှစ်ပုံး အပြည့်ရှိတယ်…။ အိမ်ပြောင်းတုန်းက သူက လွှင့်ပစ်မလို့ကို မနဲ ပြောပြီး ယူလာခဲ့ရတာ။ အဲဒီအိတ်တွေကိုလဲ ကိုယ်က ချစ်နေပြန်တာကိုး… ပြန်ကြည့်ရင်လဲ ဒီအိတ်လေးက ဘယ်တုံးက ဘာဝယ်လို့ ရတာ… ဟို အိတ်လေးက ဘယ်ဆိုင်က စသည်ဖြင့် သူ့ရာဇဝင်နဲ့သူ ရှိနေကြတာမျိုး…။

နောက်တခုက ပုလင်းတွေ ဗူးတွေ သိမ်းတတ်တာ…။ ဆယ်စုနှစ် တခုစာလောက် စုထားမိတဲ့ ကုန်သွားတဲ့ ရေမွှေးပုလင်းအလွတ်တွေ သိမ်းထားတာ အခုထိ ရှိနေသေးတယ်။ ရောဂါတမျိုးလို့ ဆိုရမှာပေါ့နော်… (ရေးသာ ရေးနေရတယ် ကြောက်တော့ ကြောက်သား… တော်ကြာ ကိုယ့်ဘလော့ဂ်ကို အရူးဘလော့ဂ် ဆိုပြီး နောက်လာ မဖတ်ကြတော့ရင် ဒုက္ခ…)။ ပြီးတော့ သကြားလုံးဗူး၊ ချောကလက်ဗူး လှလှတွေ၊ နောက် နေရာတိုင်းမှာ ဝယ်လို့ရတဲ့၊ ဒီမှာ Container လို့ ခေါ်ကြတဲ့ ပုံပန်းသဏ္ဍါန် အမျိုးမျိုးနဲ့ ပလတ်စတစ်ဘူး အကြီး အသေး လေးထောင့် အဝိုင်း အရောင်စုံ အရွယ်စုံတွေ။ (အရင်ကတော့ Container ဆို မျက်စေ့ထဲ ကမ်းနားက ပစ္စည်းသယ်တဲ့ လေးထောင့်ဗူး အကြီးကြီးတွေသာ မြင်မိတာလေ…)

အဲဒီလို ဗူးတွေက ကိုယ့်မျက်စေ့ကို ကိုယ့်စိတ်ကို သိပ်ဆွဲဆောင်နိုင်ကြတာမို့ ဘယ်မှာ တွေ့တွေ့ တွေ့တိုင်း ဝယ်တယ်…။ ဈေးကလဲ သိပ်မှ မကြီးပဲကိုး…။ ပြီးတော့ စားစရာ သောက်စရာ အခြောက်အခြမ်း တိုလီမိုလီ ဘာကိုမဆို အကုန်လုံး ဗူးတွေထဲ ထည့်သိမ်းလိုက်ရမှ ကျေနပ်တယ်။ အဲလိုမှ သပ်ရပ်သွားတယ်လို့ ထင်တာ…။ ဒီတော့ အိမ်မှာ အဲဒီလို ဗူးအလွတ် ပုလင်းအလွတ်တွေလဲ အများကြီးပဲ…။ ဟောင်းရင်တော့ လွှင့်ပစ်ပါတယ် ဒါပေမယ့် တွေ့တိုင်းဝယ်နေတော့ ဘယ်တော့မှ ရော့သွားတယ် မရှိ… တိုး၍ တိုး၍သာ လာနေသည်ပေါ့။ ဟိုတလောက အိမ်မပြောင်းခင်ကဆို ကော်ဖီမှုန့်ပုလင်း အလွတ်တွေ အလုံး ငါးဆယ် မက ရှိတယ်။ မသယ်နိုင်လို့ အကုန်ပစ်ခဲ့ရတယ်။ ဒါတောင် အခု လပိုင်းလေးမှာတင် ကိုယ့်ရဲ့ အလွန်ဆိုးဝါးလှတဲ့ ကော်ဖီသောက်အားကြောင့် ပုလင်းတွေ အများကြီး ပြန်ဖြစ်နေပြန်ပြီလေ။ အခုတော့ သူ ပြောလွန်း ဆိုလွန်း ပူညံလွန်းလို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု စုဆောင်းမှုတွေထဲက တချို့ တချို့တွေကို သံယောဇဉ်ဖြတ်ပြီး သိမ်းတန်တာ သိမ်း၊ ပစ်တန်တာ ပစ် လုပ်ရတော့မယ်။

ဒါတွေအပြင် ကိုယ့်ဆီမှာ နေ့ရွှေ့ ညရွှေ့တွေ လုပ်ထားတဲ့ တခြား ရှင်းစရာ လင်းစရာတွေကလဲ အများကြီး ရှိနေသေးတယ်။ အဲဒါတွေကတော့ တအိမ်လုံးမှာ အနှံ့အပြား နေရာယူ မင်းမူကြီးစိုးနေကြတဲ့ စာအုပ်တွေ ပါပဲ။ သတင်းစာနဲ့ လစဉ်ထုတ် မဂ္ဂဇင်းတွေ အပါအဝင် ဝတ္ထုစာအုပ်တွေ ဖတ်လက်စတွေ မဖတ်ရသေးတာတွေ ဟိုနားတပုံ ဒီနားတပုံနဲ့ အများကြီးပဲ။ မဖတ်ရသေးတာတွေ အများကြီး ရှိနေပြီး ဖတ်စရာ အချိန်က မရှိသေးပေမယ်လို့ စာအုပ်တွေမြင်ရင် ဝယ်နေမိတုန်းပဲ။ ဒါတွေကိုလဲ သူက တော်တော်လေး မျက်စေ့နောက်နေပုံရတယ်။ ရှင်းပါအုံး... ရှင်းပါအုံး... လို့ ပြောနေတယ်။ တကယ်တော့ စာအုပ်စာပေ လူ့မိတ်ဆွေပဲ မဟုတ်လား… ရှင်းလင်းနေလဲ မိတ်ဆွေပဲ ရှုပ်ပွနေလဲ ဒါတွေဟာ မိတ်ဆွေတွေပဲ မဟုတ်ဖူးလား…။ ဒီလို သဘောထားလိုက်ရင် မျက်စေ့ထဲ ရှုပ်ပွနေတယ်လို့ ဘယ်ထင်ရပါတော့မလဲ နော်…။

ဒါတင်ပဲလား ဆိုတော့ မဟုတ်သေးပါဘူး…။ ဧည့်ခန်းထဲက တီဗွီနားမှာလဲ သီချင်းခွေတွေ ရုပ်ရှင်ခွေတွေ ထပ်ထားတာ… တနေ့ တနေ့ ရှင်းမယ် ရှင်းမယ်နဲ့ ကြာနေပြီ…။ တရုပ်နှစ်ကူး မတိုင်ခင် ရှင်းမယ်လို့ ကြံစဉ်ထားရာကနေ အခုတော့ အခါလွန်တဲ့ မိုး ဖြစ်သွားလို့ ဆုံးဖြတ်ချက် ပြောင်းပြီး မြန်မာ နှစ်ဆန်းတရက်နေ့ မတိုင်ခင်မှာတော့ ရှင်းကို ရှင်းမယ်လို့ ပြောထားတယ်။ CD တွေ သပ်သပ်၊ VCD တွေ သပ်သပ်၊ ရုပ်ရှင်ခွေတွေ သပ်သပ် A, B, C နာမည်စဉ်လိုက် ခွဲပြီး ရှင်းမလားလို့…။ အဲဒီလို တွေးထားရင်းကမှ မလုပ်ဖြစ်ပဲ ကာလ ရွေ့လျောသွားရင်တော့ နောက် အင်္ဂလိပ်လို နှစ်ဆန်း တရက်နေ့ပေါ့လေ…။

ကဲ… ဒီလောက်ဆို အိမ်မှာ ကိုယ်ဘယ်လောက် စိန်ဖွ လုပ်နေလဲဆိုတာ မှန်းကြည့်လို့ ရလောက်ပြီပေါ့…။ ဒီနေ့တော့ ကိုယ့်ကို အိမ်ရှင်းပါ ပစ္စည်းတွေ ရှင်းပါ ရှုပ်ပွနေတာတွေကို စီစစ်ပြီး လွှင့်ပစ်သင့်တာတွေကိုလဲ လွှင့်ပစ်ပါ… လို့ တဖွဖွ ပြောနေတဲ့ သူ့ကို သေသေချာချာ ပြောလိုက်တယ်…။ စိတ်ချပါ… သင်္ကြန် မတိုင်ခင် ခွင့်ယူပြီးတော့ကို အပီအပြင် ရှင်းပါ့မယ်… ပြီးတော့ ပစ်စရာ ရှိတာတွေကိုလဲ တကယ်ကြီးကို လွှင့်ပစ်ပါ့မယ်… လို့ ကတိတွေလဲ အထပ်ထပ် ပေးလိုက်ပါတယ်။

အဟဲ… အဲဒီ ကတိရဲ့ အနောက်မှာ ကပ်ရက်သား ပါလာတာကတော့ ဒီတပါတ် ပိတ်ရက်မှာ ကိုယ်လိုချင်တာတွေ ဝယ်ပေးဖို့ပါပဲ…။ အဓိက ကတော့ Wide Angle Zoom ရယ်၊ Tripod ရယ် ပေါ့။ ဒီအခါမှာ သူက ပြောပါတယ်… အားတဲ့ရက်မှာ အချိန်ယူပြီး ကိုယ့်ပစ္စည်းတွေ ရှင်းစရာ ရှိတာကိုသာ ရှင်းပါ… ကိုယ်ပြောထားတာတွေ လိုက်ဝယ်ပေးမယ်… တဲ့…။ (ဒန် တန့်တန်…. … …)

အိုကေ… ဝယ်တာက အရင်… ရှင်းရမှာက နောက်…။
ကျေကျေနပ်နပ်ကြီး သဘောတူ ခေါင်းညိတ်လိုက်တယ်… ။ အရင်ပိုစ့်မှာ မျှမျှတတ မရေးလို့ Complain တက်နေတဲ့သူကို ဒီပိုစ့်လေး ရေးပြီးပြီးချင်း ပေးဖတ်ပြီး စိတ်ကျေနပ်သွားစေချင်ပေမယ့် ခက်နေတာတခုက ကိုယ် သူ့ကို ခေါင်းတွေ စွတ် ညိတ်၊ ကတိတွေ တလှေကြီး ပေးလိုက်တဲ့နေ့ဟာ ဘာနေ့လဲ ဆိုတာ သူ သိမသွားစေချင်ဘူး…။ သူ့ရဲ့ စေတနာအလျောက် ဝယ်စရာရှိတာတွေကို ဝယ်ပေးပြီးမှသာ သိသွားပါစေတော့ လို့…။

ရှုး… တိုးတိုးနော်… တိုးတိုး… တိုးတိုး…။
စာလာဖတ်ကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေကို တိုးတိုး တိတ်တိတ် မှာထားလိုက်ပါရစေ… ကျေးဇူးပြု၍ ဒီနေ့ ဧပြီလ တရက်နေ့ဆိုတာ သူ နဲနဲလေးမှ မရိပ်မိပါစေနဲ့လေ… နော်…။

အားလုံးကို ကျေးဇူးတင် ချစ်ခင်လျှက် …



ဒီနေ့မှာ... (ဧပြီ ၁ ရက် ၂၀၀၉)