Sunday, August 29, 2010

ဘလော့ဂ် မှတ်တမ်း - အပိုင်း (၂)

ဘလော့ဂ် မှတ်တမ်း - အပိုင်း (၁) မှ အဆက်

မှတ်ချက် (သို့) ဘလော့ဂ်ရဲ့ အနှစ်သာရ

မှတ်ချက် ဆိုတာကို ဘလော့ဂ်ရဲ့ အနှစ်သာရ တခုလို့ ကိုယ် ခေါင်းစဉ်တပ်လိုက်တာ မှန်ချင်မှ မှန်မယ်… ဒီလိုပြောလို့ ရချင်မှလဲ ရမယ်။ ဒါပေမယ့် မှတ်ချက်ရေးတာနဲ့ ပတ်သက်ပြီး ကိုယ်မြင်တာကို နဲနဲပြောပြချင်တယ်။ မှတ်ချက်ရေးခြင်းဆိုတာက စာတပုဒ်ကို ဖတ်ပြီး စာရေးသူကို ချစ်ခင်စွာနဲ့ နှစ်သက်စကား ဆိုခွင့်ရတာ၊ တူညီတဲ့ ရှုထောင့်က ဖြစ်စေ၊ မတူညီတဲ့ ရှုထောင့်က ဖြစ်စေ ကိုယ့်ရဲ့ ထင်မြင်ယူဆချက်လေးကို စာရေးသူ သိအောင် ချပြလို့ရတာ၊ တခြား စာရေးဖေါ်တွေ စာဖတ်သူတွေရဲ့ ထင်မြင်ယူဆချက်လေးတွေကို တွေ့မြင်ရတာ… အဲဒါလေးတွေဟာ စာတပုဒ်ကို ဖန်တီးမှုနဲ့ စာရေးသူရဲ့ အားထုတ်မှု၊ ဘလော့ဂ်တခုရဲ့ ဖြစ်တည်မှု တို့အပြင် စာရေးသူနဲ့ စာဖတ်သူကို တိုက်ရိုက် ဆက်သွယ်ပေးနိုင်တဲ့အတွက် ကြည်နူးစရာ ပျော်စရာ ဖြစ်ရပ်တခုလို့ မြင်ပါတယ်။ ရှိသင့် ရှိထိုက်တဲ့ ပေါင်းကူးတံတားတခုလို့လဲ မြင်ပါတယ်။

ရေးထားတဲ့ စာကို သဘောကျလို့ အကြောင်းအကျိုး တိုက်ဆိုင်လို့ မှတ်ချက်ရေးတယ်။ ခံစားချက်တွေ ထပ်တူညီလို့ မှတ်ချက်ရေးတယ်။ သဘောထားချင်း မတိုက်ဆိုင်လို့ မှတ်ချက်ရေးတယ်။ စာရေးတဲ့သူကို မတွေ့ဖူး မမြင်ဖူးသော်လည်း စာတွေကတဆင့် ခင်နေလို့ မှတ်ချက်ရေးတယ်။ စာရေးသူနဲ့ သူငယ်ချင်းတွေမို့ မှတ်ချက်ရေးတယ်။ သံတမန်ရေးရာအရ မှတ်ချက်ရေးတယ်။ ကိုယ့်ဆီလာရေးသွားလို့ ကိုယ်ကလဲ တလှည့် ပြန်သွားရေးတယ်… စသည်ဖြင့် အမျိုးမျိုး ဖြစ်နိုင်ပါတယ်…။

ဘယ်လိုပဲ ဖြစ်ဖြစ် စာတပုဒ်ဖြစ်လာဖို့ စာရေးသူတယောက်ဟာ အချိန်ရော အတွေးရော အရေးရောအတွက် အားထုတ်ရသလို မှတ်ချက်တခုအတွက်လဲ မှတ်ချက်ရေးသူဟာ အတိုင်းအတာ တခုတော့ အားထုတ်ရတယ်လို့ မြင်ပါတယ်။ စာကို စစ ဆုံးဆုံး သေသေချာချာ ဖတ်ရတယ်…။ နောက် ခံစားကြည့်တယ်… တွေးကြည့်တယ်… ပြီးတော့ ကိုယ့်စိတ်ထဲမှာ ထင်မြင်တဲ့ သဘောထားကို မှတ်ချက်အဖြစ် ချရေးတယ်…။ ယုတ်စွအဆုံး အပျော် အပျက် နောက်နောက်ပြောင်ပြောင် မှတ်ချက်မျိုး ရေးရင်တောင် မှတ်ချက်ရေးရန်ဆိုတဲ့ အကွက်မှာ စာလုံးတွေ တသီတတန်း ရိုက်ထည့်ရသေးတယ် မဟုတ်လား…။ ဒီတော့ စာရေးသူတယောက်အနေနဲ့ ကောင်းသည်ဖြစ်စေ၊ ဆိုးသည်ဖြစ်စေ မှတ်ချက်ဆိုတာ တန်ဖိုးထားသင့်တဲ့ အရာတခုလို့ မြင်ပါတယ်။ ကိုယ် ကိုယ်တိုင်လဲ မှတ်ချက်တွေအပေါ်မှာ အလွန် လေးလေးစားစား မြတ်မြတ်နိုးနိုး တန်ဖိုးထားတယ်ဆိုတာ ကိုယ့်ရဲ့ စာဖတ်သူတွေကို ဒီနေရာကနေ အသိပေးလိုက်ပါရစေ။

တခါတခါမှာ တချို့စာမျက်နှာတွေမှာ ပိုစ့်နဲ့ မပတ်သက်တဲ့၊ မယဉ်ကျေး မဖွယ်ရာတဲ့၊ အပြုသဘောမဆောင်တဲ့ မှတ်ချက်တွေကိုလဲ မြင်ဖူး တွေ့ဖူး ဖတ်ဖူးပါတယ်။ ဒါတွေနဲ့ပတ်သက်လို့ ကိုယ်တိုင် မကြုံဖူးသေးတာမို့ အများကြီး မပြောတတ်ပါဘူး။ ရေးထားတဲ့စာကို မနှစ်သက်ရင် မနှစ်သက်တဲ့ အလျောက် စာဖတ်သူက သူ့ရဲ့သဘောထားကို သူကြိုက်တဲ့ နည်းနဲ့ ချပြသွားတာ ဖြစ်နိုင်ပါတယ်။ ဒါ စာဖတ်သူတွေရဲ့ လွတ်လပ်ခွင့်ပါပဲ…။

ဘလော့ဂါဆိုတာ


ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါဖြစ်ရောလား… ဘလော့ဂ်ပေါ်မှာ စာတွေရေးတိုင်း ဘလော့ဂါ ဖြစ်ရောလားဆိုတဲ့ မေးခွန်းတွေနဲ့ ပတ်သက်လို့တော့ အကျယ် အကျယ် မပြောလိုတော့ပါ…။ ကိုယ့် ခံယူချက်၊ ကိုယ်ပိုင် ရပ်တည်ချက်တွေနဲ့ အတူ စိတ်တိုင်းကျပဲ အကဲဖြတ်ပြီး ယူဆ တွေးတောကြပါတော့။ ကိုယ်တိုင်ကတော့ အဲဒီမေးခွန်းနဲ့ ပတ်သက်လို့ ဘလော့ဂ်နဲ့ ဆိုင်တဲ့ မကေ ရဲ့ ပိုစ့်တခုမှာ အခုလို ကော်မန့် ပေးခဲ့ဖူးတာ ပြန်သတိရနေပါတယ်။

ဘလော့ဂ်တစ်ခုရှိတိုင်း ဘလော့ဂါဖြစ်ရောလား ဆိုတာကို သေသေချာချာ တွေးမကြည့်ခဲ့ဖူးပါ...။
စိတ်ထဲရှိသလို စိတ်ချမ်းသာသလို ချရေးလို့ ရတဲ့ နေရာလေးတစ်ခု..
သူငယ်ချင်း မိတ်ဆွေတွေ တိုးပွားလာစေတဲ့ နေရာလေးတစ်ခု...
အသိပညာ ဗဟုသုတတွေ ဖလှယ်နိုင်တဲ့ နေရာလေးတစ်ခု...
စိတ်တွေ ပင်ပန်းတင်းကျပ်နေတဲ့ အခါမျိုးတွေမှာ ထွက်ပေါက်လေးပေးနိုင်တဲ့ နေရာလေးတစ်ခု...
အဲဒါလေးတွေကြောင့် ဘလော့ဂ်နေဖြစ်တယ် ဆိုပါတော့...
ဘလော့ဂ်ရေးတိုင်း ဘလော့ဂ်ဂါဖြစ်မဖြစ် ဆိုတဲ့ အချက်ကတော့ နားလည်တဲ့သူတွေ ဆုံးဖြတ်ကြပါလိမ့်မယ်...


ပတ်ဝန်းကျင် အခြေအနေ

အသက်အရွယ် အပိုင်းအခြား နဲ့ ကိစ္စများမြောင် လူတို့ဘောင် ဆိုတဲ့ စကားအတိုင်း ဒီနှစ် ၂၀၁၀ မှာ စာရေးဖေါ် သူငယ်ချင်းတချို့လဲ စာအရေးကျဲကုန်ကြတာ သတိထားမိတယ်။ တချို့ဆို အရှင်းကို ပျောက်သွားတယ်။ တချို့ကတော့ ခပ်ကျဲကျဲနဲ့ မှန်မှန်လေးရေးနေတယ်။ တချို့ကတော့ တလ နှစ်လ လောက်နေမှ ပိုစ့်တခုလောက် တက်လာကြတယ်။ ပိုစ့်တွေ အဆက်မပြတ် တင်နေနိုင်တဲ့သူတွေရဲ့ ဝါသနာနဲ့ အချိန်ပေး အားထုတ်မှုကိုတော့ တကယ် လေးစားစွာနဲ့ ချီးကျူးမိပါတယ်။ အများစုက ဘလော့ဂ်ဂင်းဆိုတာကို ခေတ်မှီအောင်၊ နာမည်ကြီးအောင် ပေါ်ပင်သက်သက် မဟုတ်ပဲ ဝါသနာပါလို့ အချိန်ပေးပြီး လုပ်နေကြတဲ့သူတွေမို့ ပျောက်နေလဲ အခိုက်အတန့်ပဲ… အချိန်ရတာနဲ့ ဒီနေရာကို ပြန်ရောက်လာကြလိမ့်မယ်လို့ ယုံကြည်မျှော်လင့်နေဆဲပါ…။

ဒီလို ပျောက်နေတဲ့ စာရေးဖေါ်အဟောင်းတွေ နေရာမှာ စာရေးဖေါ် အသစ် အသစ်တွေလဲ အများကြီး ရောက်လာကြတယ်…။ အများစုကတော့ ကိုယ်တို့ထက် ဆယ်စုနှစ်တခုစာလောက် ငယ်ရွယ်တဲ့ လူငယ်တွေ ဖြစ်ကြပါတယ်။ သူတို့တွေရေးတဲ့ စာ ကဗျာတွေကိုလဲ အချိန်ရရင် ရသလို လေးလေးစားစား လိုက်ဖတ်ပါတယ်။ ကိုယ်မသိသေးတာတွေရှိရင်လဲ မှတ်သားပါတယ်။ ဖတ်ဖြစ်သမျှ စာတိုင်းမှာ မှတ်ချက်တွေကို အတတ်နိုင်ဆုံး ရေးဖြစ်အောင် ကြိုးစားပါတယ်…။ သို့သော် အချိန်မရလိုက်လို့ မှတ်ချက် မရေးဖြစ်တဲ့ အခါတွေအတွက်တော့ စိတ်မရှိကြစေဖို့ တောင်းပန်ချင်ပါတယ်…။

လက်ရှိ အခြေအနေ နဲ့ ချင့်ချိန်နိုင်တဲ့ အသိ

အခုတလောမှာ လူက ဘာဖြစ်နေသလဲ မသိ… စာရေးရတာ တအား ဘောင်ကျဉ်းလာတယ်လို့ ခံစားမိတယ်။ ရေးချင်တာတွေကို စိတ်ရှိသလို မရေးရတော့ လူက ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု နည်းပါးလာတယ်။ တခုခုရေးလိုက်ရင် အမှားတွေပဲ ပါသွားတော့မလိုလို၊ ပြဿနာပဲ ဖြစ်တော့မလိုနဲ့ အလိုလိုနေရင်း ခြောက်ခြားတတ်လာတယ်။

တဖက်ကလဲ လေး ငါး ရက်လောက်ခြားလို့မှ စာအသစ်လေး မတင်ဖြစ်ရင် စာလာဖတ်သူတွေအပေါ် တာဝန်ပဲ မကြေသလိုလို၊ ဝတ္တရားတွေပဲ ပျက်ကွက်မိနေသလို (မလိုအပ်တဲ့ ကြီးကြီးကျယ်ကျယ် အတွေးမျိုးတွေနဲ့) အားတုံ့အားနာတွေ ခံစားနေရပြန်တယ်… သိပ်ခက်ပါတယ်။ တကယ်တော့ အဲဒီလို တာဝန်ကြီး တရပ်လို ခံစားနေရတာ မကောင်းဘူး… ဝါသနာပါတာကို Relax ဖြစ်ချင်လို့ လုပ်ပါတယ်… Relax မဖြစ်ပဲ Stress ဖြစ်နေရတာ ဘယ်ကောင်းမှာလဲ… သို့သော် အခုအချိန်အထိတော့ ဘလော့ဂ်ရေးတာကို Stress ဖြစ်နေလို့ ရပ်မယ်လို့ တခါမှ မတွေးမိတာ အမှန်ပါ…။ တတ်နိုင်သလောက်တော့ ရေးနေမိမယ် ထင်ပါတယ်…။

ဘာလုပ်လုပ် (ကျောင်းစာကလွဲလို့) အားထုတ်ကြိုးပမ်း စွမ်းစွမ်းတမံ မအိပ်မနေ လုပ်တတ်တဲ့ အကျင့်ကြောင့် ဒီဘလော့ဂ်နဲ့ ပတ်သက်လို့ တခါတခါမှာ တော်တော်လေး စိတ်ပင်ပန်း လူပင်ပန်း ဖြစ်ရတယ်။ အဓိက ကတော့ ချင့်ချိန်နိုင်တဲ့ အသိ အောက်က လွတ်လွတ်သွားလို့ပါပဲ…။ အခု လောလောဆယ်မှာတော့ ဘဝမှာ အဓိကနဲ့ သာမညကို ခွဲခြားသိတတ်ဖို့ ကိုယ့်ကိုယ်ကိုယ် ပြန်သတိပေးနေရတယ်။

လူ့ဘဝဆိုတာ တိုတိုလေးလို့ အားလုံးက ဆိုကြတယ်.. အဲဒီ အချိန်တိုလေးအတွင်းမှာ ကိုယ့်ဘဝအတွက် ဘယ်အရာက အရေးကြီးသလဲ… ဘယ်အရာကို အဓိကထား ဦးစားပေးသင့်သလဲ၊ ဘယ်အရာကို လျှစ်လျှူရှုထားလို့ ရသလဲ ဆိုတာတွေကို သေသေချာချာ တွေးကြည့်လိုက်မိရင် တခုခုဆို အလွန်အကျွံ မဖြစ်ရလေအောင် ဆင်ခြင် တွေးတော ချင့်ချိန်နိုင်စွမ်း ရှိလာဖို့ မျှော်လင့်တယ်။ မလိုအပ်ပဲ အတင်း ခေါင်းမာနေပြီး ကိုယ်စိတ်ပျော်ရာတွေကို ဆန္ဒအလျောက် အချိန်ကုန်ခံပြီး ဇွတ်တရွတ်လုပ်နေရလောက်အောင် ဘဝက ခွင့်မပြုတော့ဘူး။ အသက်ကလဲ တော်တော်ကြီးနေပြီ…။ ဒီတော့ မော်နီတာကို မျက်နှာအပ်နေချိန်တွေ လျှော့ပြီး တခြား ကုသိုလ်ရေး လုပ်ငန်းလေးတွေ၊ လူမှုရေး လုပ်ငန်းလေးတွေမှာ တတ်နိုင်သလောက် ပါဝင်ဖို့ စဉ်းစားထားတယ်။ ဘာပဲလုပ်လုပ် တန်ဆေး လွန်ဘေးဆိုတဲ့အတိုင်း အရာရာမှာ အသင့်အတင့်ပဲ ရှိအောင် ကြိုးစားတော့မယ်။

ကုန်ခဲ့တဲ့ အချိန်တွေကို ပြန်ကြည့်လိုက်ရင် လုပ်ချင်တာကို မချင့်မချိန် ပေတေပြီး လုပ်နေတဲ့ ကိုယ့်ရဲ့ လုပ်ရပ်တွေကို အထင်းသား ပြန်မြင်လာရတယ်။ အအိပ်ပျက်တာတွေရယ် တနေ့တနေ့ မလှုပ်မရှားနဲ့ မော်နီတာနဲ့ မျက်နှာအပ်နေတဲ့ အချိန်တွေများတာရယ်ကလဲ ကျန်းမာရေး ရှုထောင့်ကကြည့်ရင် မကောင်းဘူး။ မကြာ မကြာကိုက်နေတတ်တဲ့ ကိုယ့်ရဲ့ ခေါင်း နဲ့ တဖြည်းဖြည်း ဝေဝါးလာတဲ့ ကိုယ့်ရဲ့ အမြင်အာရုံအကြောင်းကို ကိုယ်သာသိတယ်…။ နောင်တ ဆိုတာ နောင်မှ တ ကြရတာမှန်ပေမယ့် ဒီဘလော့ဂ်နဲ့ ပတ်သက်လို့တော့ ခုချိန်အထိ တခါမှ နောင်တ မရဖူးသေးပါဘူး။

မှတ်တမ်း

ကိုယ်ရေးတဲ့စာကို ဒီစာမျက်နှာတွေပေါ်မှာ တင်ပြီဆိုမှတော့ စာဖတ်သူ ရှိစေချင်တာ ရိုးသား မှန်ကန်တဲ့ ဆန္ဒပါပဲ…။ စာဖတ်သူ မရှိစေချင်ရင်၊ ကိုယ်ရေးတဲ့ စာကို သူများတွေ မဖတ်စေချင်ရင် ဒီနေရာမှာ ဘယ်သူက လာ ချပြပါ့မလဲ… ကိုယ့်ဟာကိုယ် သိမ်းထားမှာပေါ့… ဟုတ်ဖူးလား..။ ဒီတော့ ကိုယ်ရေးတဲ့ စာတွေကို အချိန်ပေးပြီး လာဖတ်ကြတဲ့ စာဖတ်သူ အားလုံးကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းတင်ချင်ပါတယ်။

ဒီဘလော့ဂ်လေးနဲ့ ပတ်သက်လို့ အမြဲ အမှတ်တရရှိနေတဲ့သူ နှစ်ယောက်ကတော့ ကိုယ့်စီဘောက်စ်မှာ ပထမဆုံး နှုတ်ဆက်စကားဆိုခဲ့သူ မောင်မျိုး နဲ့ ပထမဆုံး မှတ်ချက်ရေးခဲ့တဲ့ လေးမ တို့ပါ။ မောင်မျိုးကတော့ ဟိုအရင်တလောက ပေါ်လိုက် ပျောက်လိုက်ဖြစ်နေပေမယ့် အခုတော့ စာတွေမှန်မှန်ဆက်ရေးနေတယ်…။ လေးမကတော့ မြန်မာလိုရေးတဲ့ ဘလော့ဂ်မှာ ပျောက်နေပြီး အင်္ဂလိပ်လိုရေးနေတဲ့ ဘလော့ဂ်မှာ ပိုစ့်အသစ်တချို့ တွေ့ရတယ်။ ကိုယ့်အတွက် ပထမဦးဆုံး လက်ခံရရှိခဲ့တဲ့ နှုတ်ဆက်စကားနဲ့ မှတ်ချက်လေးအတွက် သူတို့နှစ်ယောက်ကို အမြဲ အမှတ်တရ ရှိနေမှာပါ။

ပြီးတော့ ချစ်ခင်ရတဲ့ စာရေးဖေါ် အကို အမ မောင် ညီမများ၊ စီဘောက်စ်မှာ နှုတ်ဆက်စကားဆိုကြသူများ၊ မှတ်ချက်ရေးသွားကြသူများ၊ မျက်နှာစာအုပ်မှာ သိကျွမ်းခင်မင်ခွင့်ရတဲ့ မိတ်ဆွေများ နဲ့အတူ အားပေးကြတဲ့ သူငယ်ချင်း မိတ်ဆွေတွေ အားလုံးကို ကျေးဇူးတင်စွာနဲ့ မှတ်တမ်းတင်ထားပါရစေ…။

ဒီ ဘလော့ဂ် မှတ်တမ်း ပိုစ့်ကို မတင်ခင်မှာ စာအကြမ်းကို ကူဖတ်ပေးခဲ့တဲ့ ကိုရွာသားလေး နဲ့ စာကူဖတ်ပေးရုံသာမက အပြင်မှာထက် ပိုလှတဲ့ ချစ်စရာပုံလေးကို (အလဲ့… ကိုယ့်ပုံကိုယ် ချစ်စရာ ဆိုပဲ) ဆွဲပေးခဲ့တဲ့ ညီမ ပန်ပန် ကိုလဲ ကျေးဇူးတင်ကြောင်း မှတ်တမ်းတင်ပါတယ်။

အခုရေးခဲ့တာတွေ အားလုံးဟာ ကိုယ်တိုင် ပါဝင် စီးဆင်းရင်း သိမြင် တွေ့ထိ ခံစားလာခဲ့ရတဲ့ ကိုယ့်ရဲ့ ဘလော့ဂ်မှတ်တမ်း ပါပဲ…။



Thursday, August 26, 2010

ဘလော့ဂ် မှတ်တမ်း - အပိုင်း (၁)


ဘလော့ဂ်သက်တမ်း ၃ နှစ်နီးပါးရှိလာပြီဖြစ်တဲ့အချိန်မှာ Blog, Blogger နဲ့ Blogging ဆိုတာတွေ အပေါ် ကိုယ် ခံစား နားလည်မိတာတွေနဲ့အတူ ကိုယ် ကြုံတွေ့ခဲ့ရတာတွေရယ်၊ ကိုယ် မြင်နေ တွေ့နေတာတွေရယ်ကို ပေါင်းစပ်ပြီး ဒီပိုစ့်ကို ဖန်တီးပါတယ်။ ဘာမှ ကြီးကြီးကျယ်ကျယ်တွေ မဟုတ်ပါဘူး။ အမှန်က ပိုစ့် ၂၀၀ ပြည့်သွားတဲ့ အချိန်က အမှတ်တရအနေနဲ့ ရေးမလို့ပါ။ အဲဒီအချိန်က မရေးလိုက်နိုင်လို့ အခုမှ ရေးရတာ။

ပထမ စဉ်းစားထားတာက ဒီပိုစ့်ကို Personal မပါပဲ Review ဆန်ဆန် ရေးဖို့ပါ။ သို့သော်လည်း ဒီနေရာဟာ ကိုယ် နေ့စဉ် အချိန် အများကြီး ပေးပြီး ကျင်လည်နေတဲ့ နေရာတခုဖြစ်တဲ့အတွက် ရေးရင်း ရေးရင်းနဲ့ Personal တွေပါ ရောပါကုန်တယ်။ ပြန်ခွဲထုတ်ဖို့ ကြိုးစားကြည့်ပါသေးတယ်။ ဒါပေမယ့် မအောင်မြင်ဘူး။ ဒါကြောင့် ဒီအတိုင်းပဲ ထားလိုက်တယ်…။

ရေးရင်းနဲ့ တော်တော်လေး ရှည်သွားတဲ့အတွက် ဖတ်ရတာ ငြီးငွေ့စရာဖြစ်နေမှာစိုးလို့ အပိုင်း နှစ်ပိုင်း ခွဲလိုက်ပါတယ်။ တရက်ခြားရင် နောက်တပိုင်းကို ဆက်တင်ပါ့မယ်။ စာရေးဖေါ် စာရေးဖက်များ၊ စာဖတ်သူများနဲ့ စိတ်သဘောချင်းတိုက်ဆိုင်တဲ့ ပိုစ့်တခုဖြစ်ဖို့ မျှော်လင့်ပါတယ်။


ဘလော့ဂ်သက်တမ်း

ဒီဘလော့ဂ်တခုအတွက် အချိန်တွေပေးခဲ့တာ (စာ စမရေးခင် ပြင်ဆင်ခဲ့ရတဲ့ အချိန် ၂ လ လောက်ကို ထည့်မတွက်ပဲ) တိတိကျကျ ပြောရရင် ၂ နှစ်နဲ့ ၈ လ ရှိခဲ့ပြီ… ပိုစ့်ပေါင်းက ၂၀၀ ကျော် ရှိခဲ့ပြီ။ ကိုယ့်အနေနဲ့ ဒီဘလော့ဂ်အတွက် အချိန်ပေးခဲ့ရတာတွေကို ပြန်တွက်ကြည့်လိုက်ရင် တော်တော်လွန်တယ်လို့ ပြောရမယ်… ဒီအတွက် အချိန်ပေးရင်း ကျန်တဲ့ ရုံးအလုပ်၊ အိမ်အလုပ်၊ မိသားစုအရေး ဆွေရေးမျိုးရေး လူမှုရေး တာဝန်တွေ ဝတ္တရားတွေ အားလုံးကိုလဲ မျှတအောင် ကျေပွန်အောင် စွမ်းဆောင်ခဲ့ရတာ ဆိုတော့ အတော်လေး ပင်ပန်းတယ်လို့ ကိုယ့်ဟာကိုယ် သိနေတယ်။ ဒါပေမယ့် ကိုယ်တိုင် ဝါသနာပါပြီး နှစ်သက်တဲ့ အရာတခုကို လုပ်ရဖို့ အချိန်ပေးရတာ အပင်ပန်းခံရတာ အိပ်ရေးပျက်ခံရတာ ခေါင်းကိုက်ရတာတွေကို တန်တယ်လို့ ယူဆခဲ့ပါတယ်။ ညည်းလဲ မညည်းခဲ့ဖူး။ ဒီလိုနဲ့ ရှေ့ကို တိုး၍သာ လျှောက်လာခဲ့တယ်။

အစပိုင်းနေ့ရက်များ

ဒီဘလော့ဂ်လေး စလုပ်ခါစက တကယ့်ကို မျက်စေ့သူငယ် နားသူငယ်နဲ့ပါ။ နည်းပညာပိုင်းအတွက်လဲ ကိုယ့်ဟာကိုယ် စာတွေလိုက်ဖတ်ပြီး ကိုယ့်စာမျက်နှာလေး ကြည့်ကောင်းအောင် မတတ် တတတ်နဲ့ အချိန်တွေ အများကြီးပေးပြီး ပြင်ဆင်ခဲ့ရပါတယ်။ ပြီးတော့လဲ မိတ်ဆွေ နဲနဲ၊ လာလည်တဲ့သူ နဲနဲ၊ မှတ်ချက်ရေးသူ နဲနဲလေးနဲ့ စခဲ့ရတာပါ။ ကိုယ်တိုင်လဲ နေရာတော်တော်များများကို လျှောက်လည်ပြီး စာဖတ်ဖြစ်ပေမယ့် ကြိုက်မှ ကြိုက်ကြပါ့မလားဆိုတဲ့ အတွေးမျိုးနဲ့ ရောက်တဲ့နေရာတွေမှာ မှတ်ချက်ရေးဖို့ကို မရဲခဲ့ဘူး။ ဒီလိုနဲ့ အချိန်အားဖြင့် တနှစ်ကျော်ကြာမှ အရင်ကထက်စာရင် မိတ်ဆွေ နဲနဲပါးပါး စ ရလာခဲ့တယ်။ ပြီးတော့ စာတွေဖတ်လာရင်းက စာရေးနေကြသူတွေထဲမှာ ရှိနေတဲ့ ကျောင်းနေဖက် သူငယ်ချင်း အရင်းတွေကိုလဲ တယောက်နဲ့ တယောက် ရိပ်မိလာကြတယ်… ပြီးတော့ စာတွေထဲကပဲ သူကတော့ ဘယ်သူ ဖြစ်နိုင်တယ်၊ သူကတော့ ဘယ်ဝါ ဖြစ်နိုင်တယ် နဲ့ ခန့်မှန်းရင်း အချင်းချင်း ပိုသိလာခဲ့ကြတယ်။ မသိသေးတဲ့သူတွေကိုလဲ စာထဲကနေတဆင့် ရင်းနှီးချစ်ခင်လာခဲ့ရတယ်။ တချို့ကတော့ မျက်နှာစာအုပ်က တဆင့် ခင်မင်လာခဲ့ကြတယ်။ တချို့ကို အပြင်မှာပါ သိကျွမ်းခင်မင်ခွင့်ရခဲ့တယ်…။ တဖြည်းဖြည်းနဲ့ ပိုပျော်စရာကောင်းလာတယ်…။ ဒီလိုနဲ့ပဲ… ဒီလိုနဲ့ပဲ…

ဘလော့ဂ်ဆိုတာ

ဒီလိုနဲ့ပဲ… ဘလော့ဂ်ဆိုတဲ့ ပတ်ဝန်းကျင်တခုမှာ ပျော်ဝင်ကျင်လည်ရင်း စိတ်ထဲမှာ နှစ်သက်တာတွေ အများကြီး တွေ့ခဲ့ရသလို တခါတခါမှာ အဲဒီ ပတ်ဝန်းကျင်ကြောင့်ပဲ စိတ်အနှောက်အယှက် ဖြစ်စရာတချို့နဲ့ တိုက်ရိုက်ကြီး မဟုတ်ဖူးလို့ ဆိုနိုင်တဲ့ ဝေဖန်မှု နဲနဲပါးပါးကို ကြုံခဲ့ရဖူးတယ်။ သို့သော် ကြီးကြီးမားမားကိစ္စတွေ မဟုတ်လို့ အများကြီး မခံစားခဲ့ရပါ။ ဘလော့ဂ်တွေမှာ စာကောင်းပေမွန်လေးတွေ ဖတ်ရရင် ဝမ်းသာပြီး ရေးတဲ့သူကို ကျေးဇူးတင်၊ မျှဝေပေးတာတွေကို ဖတ်ရရင်လဲ အချိန်ပေးပြီး မျှဝေပေးသူတွေကို ကျေးဇူးတင်ရပြန်တယ်။ ကိုယ်မသိသေးတဲ့ အကြောင်းအရာ အသစ်အဆန်းတွေကို ဖတ်ရရင်၊ ကိုယ်မစားဖူးသေးတဲ့ စားစရာ အသစ်အဆန်းလေးတွေ တွေ့ရရင်၊ ကိုယ် မရောက်ဖူးသေးတဲ့ နေရာဒေသ အသစ်အဆန်းလေးတွေကို တွေ့ရရင် ဗဟုသုတ တိုးပြီး အားရဝမ်းသာ ဖတ်ရှုမှတ်သားရတယ်။ ပျော်စရာ ရွှင်စရာ စာတွေ ဖတ်ရတဲ့အခါ ကိုယ်ပါရောပြီး ပျော်ရွှင်ရသလို ဝမ်းနည်းစရာတွေဆိုရင်လဲ ကိုယ်ပါ ရောပြီး ဝမ်းနည်းခံစားမိတယ်။ ခံစားမှု ရသတွေ အမျိုးအစား စုံစုံလင်လင် ပေးနိုင်တဲ့ ပတ်ဝန်းကျင်တခုလို့ ပြောချင်တယ်…။

သဘောထား

တခါတခါ ပြဿနာလေးတွေ အငြင်းပွားနေကြတာလေးတွေ တွေ့ရတဲ့ အခါမှာ ဘယ်သူ့ဖက်မှ မလိုက်ပဲ ဘေးကနေ ပွဲကြည့်ပရိသတ် တယောက်အနေနဲ့ပဲ အတတ်နိုင်ဆုံး တိတ်တိတ်ဆိတ်ဆိတ် နေခဲ့တယ်…။ သတ္တိမရှိဘူးလို့ ပြောချင် ပြောပါစေ… အဲဒီလို ကိစ္စတွေမှာ မလိုအပ်ပဲနဲ့ ဝင်မပါချင်ဘူး။ ကိုယ်နဲ့ စိတ်သဘောထားခြင်း မတိုက်ဆိုင်တိုင်းသာ လိုက်ပြီး အငြင်းပွားနေရရင် ကိုယ် နဲ့ ကိုယ့်စိတ်နဲ့ နေ့တိုင်းကို အတိုက်အခံပြုပြီး ငြင်းနေရပါလိမ့်မယ်။ ဒါပေမယ့် အသက်အရွယ်နဲ့ အတွေ့အကြုံတွေအရ အမှန်အမှားကို ဝေဖန်ပိုင်းခြားတတ်တဲ့ သင့်တင့်မျှတတဲ့ အသိဥာဏ်ကတော့ ရှိနေပါတယ်။ မှားတာကို မြင်တတ်သလို မှန်တာကိုလဲ တွေ့တတ်ပါတယ်။ ကောင်းတာကို သိသလို ဆိုးတာကိုလဲ သေသေချာချာ သိနေပါတယ်။ ယဉ်ကျေးတာကို ဂရုပြုမိသလို မယဉ်ကျေးတာတွေ မဖွယ်ရာတာတွေကိုလဲ သတိထားမိနေတာပါပဲ။

သို့သော်လည်း ကိုယ်တန်ဖိုးထား နှစ်သက်ရတဲ့ ဒီပတ်ဝန်းကျင်လေးမှာ စာရေးဖေါ် စာရေးဖက်တွေ အားလုံးနဲ့ သဟဇာတဖြစ်အောင် ချစ်ချစ်ခင်ခင်ဖြစ်အောင် မလိုလားအပ်တဲ့ ပြဿနာတွေ မဖြစ်ရအောင် မုဒိတာပွားစရာတွေကို မုဒိတာပွား၊ လျှစ်လျူရှုသင့်တာတွေကို လျှစ်လျူရှု၊ ဥပက္ခာပြုသင့်တာတွေကို ဥပက္ခာပြုရင်း ဒီလမ်းပေါ်ကို ဖြေးဖြေးနဲ့ မှန်မှန်လေး လျှောက်လာခဲ့တယ်။ သေချာတာကတော့ ကိုယ်ဟာ ဒီပတ်ဝန်းကျင်မှာ တော်တော်လေး နေတတ်လာခဲ့တယ် ဆိုတာပါပဲ။

သာမန်လူတယောက်မို့ တခါတခါမှာ ကိုယ့် စိတ်နဲ့ မတိုက်ဆိုင်ရင်၊ အမြင်မတော်ရင် ပြောချင် ဆိုချင်စရာ စကားလုံးတွေကတော့ ပါးစပ်ဖျားမှာ တန်းစီနေတာပေါ့… ကိုယ်လဲ ဆူးရှိတတ်တဲ့ လူစားမျိုးပဲ။ ဒါပေမယ့် ပြောသင့် မပြောသင့်… ကိုယ် ဝင်ပြောလိုက်လို့ အကျိုး ရှိ မရှိ ဒါတွေ အားလုံးကို အမြဲတမ်း ချိန်ထိုးပြီး သတိထားခဲ့တယ်။ ကိုယ့်ကို တိုက်ရိုက်ကြီး ထိပါးလာတာမျိုး မဟုတ်ရင် အသာပဲ ကြည့်နေလိုက်တယ်။ အဲ… ကိုယ့်ကို တိုက်ရိုက်ထိပါး တိုက်ခိုက်လာခဲ့ရင်တောင် ခဏတဖြုတ်တော့ သွေးပူသွားမှာဖြစ်ပေမယ့် အရေခွံထူပြီး အပြုံးမပျက် နေတတ်ဖို့ ချက်ချင်း ကိုယ့်ကိုယ်ကိုယ် ပြန်ထိန်းတတ်လာခဲ့တယ်။ ဒါတွေဟာ ဘလော့ဂ်သက်တမ်း နှစ် နှစ်ကျော် သုံးနှစ်အတွင်းမှာ ရခဲ့တဲ့ အတွေ့အကြုံတွေပေါ့…။

သေချာတာကတော့ ကိုယ့်ကိုယ်ကိုယ်တောင် တရာ ရာခိုင်နှုန်း အပြည့် စိတ်တိုင်းမကျတတ်တာ ကိုယ်မဟုတ်တဲ့ တခြားသူတယောက်ကို ဘယ်နှစ်ရာခိုင်နှုန်းများ စိတ်တိုင်းကျဖို့ မျှော်လင့်ထားပါသလဲ ဆိုတဲ့ မေးခွန်းကို ကိုယ်တိုင် ပြန်မေးကြည့်လိုက်တော့ အမြင်မတော်တဲ့နေရာတွေမှာ ဝင်ပါချင်စိတ်တွေ၊ နှုတ်လှန်ထိုးချင်စိတ်တွေ၊ အငြင်းပွားချင်စိတ်တွေ တော်တော်လျော့ပါးသွားတယ်။

ဒီနေရာမှာ မထူးဆန်းပေမယ့် ဖြစ်တတ်တဲ့ ဖြစ်နေကျ ကိစ္စတခုကို ပြောချင်တယ်။ စာရေးနေကြတဲ့သူတွေ အားလုံးကို ကိုယ်စားပြုမယ်လို့ ထင်ပါတယ်။ အဲဒါက ဘာလဲဆိုတော့ ရေးတဲ့စာတွေနဲ့ စာရေးသူနဲ့ အတူတူ ရောနှောပြီး မဖတ်ကြဖို့ပါပဲ…။ ကိုယ်ရေးတဲ့ ပါစင်နယ်ပိုစ့်တွေက ပါစင်နယ်မှန်း တော်တော်လေး သိသာ ထင်ရှားပါတယ်။ ဒါပေမယ့် တချို့ စာစုတွေ၊ အက်ဆေးတွေကိုတော့ ကိုယ့်ဘေးပတ်ဝန်းကျင်မှာ မြင်နေ ကြားနေရတာတွေ၊ သူငယ်ချင်း မိတ်ဆွေတွေနဲ့ ပြောဖြစ် ဆိုဖြစ်ခဲ့တာတွေ၊ စာတအုပ်ကို ဖတ်နေရင်းက ကိုယ့်စိတ်ကို လွှမ်းမိုးလာတဲ့ ဇာတ်ကောင်တွေ၊ ရုပ်ရှင်တကားကို ကြည့်ရင်းက ကိုယ့်အတွေးကို ဆွဲဆောင်လာတဲ့ ဇာတ်လမ်း ဇာတ်ကွက်တွေ၊ မြင်လိုက်ရတဲ့ မြင်ကွင်းတခု၊ နားထောင်မိတဲ့ သီချင်းတပုဒ်၊ ဖတ်လိုက်မိတဲ့ ကဗျာတပုဒ်ကနေပေးတဲ့ ခံစားမှုတွေ… အားလုံးကို ရောနှော တွေးတော ခံစားပြီးတော့ ဖန်တီးပါတယ်။ ဒါကြောင့် စာရေးသူတယောက်ကို သူရေးတဲ့စာတွေနဲ့ ချိန်ထိုးပြီး သူ လက်ရှိရပ်တည်နေတဲ့ ဘဝကို အဓိပ္ပါယ်ကောက် မလွဲကြစေချင်ပါဘူး…။

စေတနာ

လူပေါင်းမြောက်များစွာ မြင်နိုင်တွေ့နိုင်တဲ့ စာမျက်နှာပေါ်မှာ စာရေးတဲ့အခါ ရေးချင်တိုင်း မရေးပဲ အတတ်နိုင်ဆုံး သတိထားပြီး ဆင်ဆင်ခြင်ခြင်ရေးခဲ့တယ်… သုတ ရသဆိုတဲ့ ကြီးကြီးကျယ်ကျယ် လေးလေးနက်နက် စာမျိုးတွေ အကျိုးပြုစာ ဆိုတာမျိုးတွေ မရေးတတ်ခဲ့ပေမယ့် ဘာလေးပဲ ရေးရေး စေတနာအပြည့်နဲ့ ရိုးရိုးသားသား ရေးခဲ့တယ်။ ပျော်စရာတွေ ရေးလဲ စေတနာနဲ့ ရေးခဲ့တယ်။ သူတပါးကို ထိခိုက်စေတဲ့စကားလုံးမျိုး၊ ထေ့တဲ့ ငေါ့တဲ့ စကားလုံးမျိုး တွေကို ရိပ်ဖမ်း သံဖမ်းလေးတောင် မပါရလေအောင် သေသေချာချာ စီစစ်ခဲ့တယ်။ တချို့ ကိုယ်မှန်တယ်ထင်တဲ့ အရာတွေကို စိတ်ထဲရှိသလို ရေးချင်တိုင်း ရေးချလိုက်ပြီးရင် ဘလော့ဂ်ပေါ်ကို တင်ခါနီးမှာ အထပ်ထပ် အခါခါ စဉ်းစားတယ်… (အရာရာမှာ မှန်တိုင်းလဲ မကောင်းဘူး မဟုတ်လား) ကိုယ်တယောက်တည်း စဉ်းစားလို့ မရရင် ရင်းနှီးတဲ့ စာရေးဖေါ်သူငယ်ချင်း တယောက်ယောက်ကို ပေးဖတ်ပြီး စဉ်းစားပေးဖို့ အကူအညီတောင်းမိတယ်။

ဒီလိုနဲ့ အခုအချိန်မှာ ပိုစ့်ပေါင်း ၂၀၀ ကျော် တင်ခဲ့ပြီး ဖြစ်တယ်။ ရေးပြီး မတင်ဖြစ်တဲ့ စာတွေလဲ တော်တော်များများရှိနေတယ်။ အဲဒါတွေကတော့ ထားပါတော့လေ… အခုအတိုင်းကတော့ ကိုယ်တင်ထားသမျှ ပိုစ့်တွေထဲမှာ ပြဿနာကြီးတဲ့ ပိုစ့် နည်းပါတယ်။ ဒီလိုပြောရတာ ကိုယ်ရေးသမျှက သိပ်ကို စဉ်းစဉ်းစားစား ဆင်ဆင်ခြင်ခြင် ဖြစ်နေတယ်လို့ မဆိုလိုပါဘူး။ လူဆိုတာ အမှုမဲ့ အမှတ်မဲ့နဲ့ ဖြစ်တတ်တဲ့ အမှားတွေ လိုအပ်ချက်တွေကတော့ တနေရာမဟုတ် တနေရာမှာ ရှိနေကြမှာပါပဲ။

ဒီအချက်မှာတော့ စာဖတ်သူတွေရဲ့ စိတ်စေတနာနဲ့ အများကြီး သက်ဆိုင်တယ်လို့ ထင်မိပါတယ်။ ကိုယ်ရေးထားတာကို ချစ်ခင်တဲ့ စိတ်၊ ကောင်းမွန်သော စေတနာ မေတ္တာတွေနဲ့ အကောင်းဖက်ကသာ ကြည့်မြင် ဖတ်ရှုသွားကြတာမို့ ကိုယ့်ဆီ အလည်လာကြတဲ့သူ၊ စာဖတ်သူများနဲ့ မှတ်ချက်ရေးသွားကြသူများကို ပြောမပြတတ်အောင် ကျေးဇူးတင်မိတယ်။ တကယ်တော့ မှတ်ချက်တခုကို ဖတ်ကြည့်လိုက်ရင် အဲဒီမှတ်ချက်ကို ရေးခဲ့တဲ့သူရဲ့ အတွင်း စိတ်စေတနာနဲ့ သူ့ရဲ့ သဘောထားကို အထင်အရှား တွေ့မြင်နေရတာ မဟုတ်လား…။ တဦးရဲ့ စေတနာကို တဦးက တွေ့နိုင် မြင်နိုင်တဲ့ နေရာတခု ဆိုရင်လဲ မမှားပါဘူး…။

(ဆက်ရန်)



Saturday, August 21, 2010

လက်ကောက်

ချစ်ရတဲ့ ပေါက် ရဲ့ တက်ဂ်ပါ… သူရေးထားတဲ့ လက်ကောက် အကြောင်းကို သွားဖတ်ရင်း ကိုယ်လဲ လက်ကောက်တွေ ကြိုက်တယ်လို့ ပြောမိရာက တက်ဂ်လာတဲ့ ပိုစ့်လေးပေါ့…။

ငယ်ငယ်က လက်ကောက်ဆိုရင် မျက်စေ့ထဲ ပြေးမြင်တာက လူကြီးတွေဝတ်တဲ့ ရွှေလက်ကောက် ထူထူမာမာကြီးတွေပဲ… အဲလိုဟာတွေတော့ လုံးဝ မကြိုက်ခဲ့ဘူး…။ ဒါကြောင့် လက်ကောက်ဆိုတဲ့ အခေါ်အဝေါ်ထက် လက်မှာဝတ်ရတဲ့ Accessories လို့ပဲ ခေါ်ချင်တယ်… (ဇွတ်…)

လက်ကောက် မကြိုက်၊ လက်စွပ် မကြိုက်၊ ဆွဲကြိုး မကြိုက်၊ နားပေါက် မရှိ နဲ့ နဲနဲမှ မိန်းမ မဆန်တဲ့ ကိုယ်နဲ့ တက်ခဲ့ရတဲ့ ကျောင်းနဲ့ကတော့ တကယ့်ကို အံကိုက်ပါပဲ…။ ကျောင်းသူသက်တမ်းတလျောက် ဘာလက်ဝတ်လက်စားမှ မဝတ်ပဲ ရှပ်အင်္ကျီနဲ့ ကျောပိုးအိပ်၊ T Square နဲ့ ပုံဆွဲစက္ကူလိပ်တွေ ထိုးထိုးထောင်ထောင်နဲ့ ကိုယ်ဟာ သူများတွေ အမြင်မှာ ကန့်လန့်ဖြစ်နေနိုင်သော်လည်း ကိုယ့်ကိုယ်ကိုယ်တော့ အတော်လေး အဆင်ပြေတယ်လို့ မှတ်ယူခဲ့ဖူးပါတယ်။ (အဟဲ... အတင်းကြီးပါလားနော်...)

အဲဒီအချိန်မှာ လက်ကောက်အမာတွေ အစား Hand Chain လို့ ခေါ်တဲ့ ကြိုးအပျော့လေးတွေ ခေတ်စားလာတယ်။ ဒီတော့ ကိုယ့်ကို မိန်းကလေးဆန်စေချင်တဲ့ မေမေက Hand Chain အပျော့လေးတွေ ဝယ်ပေးပါတယ်…။ တခါမှ မဝတ်ဖူးတော့ ဝတ်လိုက်ရင် သိပ်သိသာ ထင်ရှားနေမှာစိုးပြီး အစပိုင်းမှာတော့ အဲဒီ Chain အပျော့လေးတွေကို နာရီနဲ့ တဖက်တည်း ရောဝတ်ပါတယ်။ နောက်ပိုင်းမှ ညာဖက်လက်မှာ သူ့ချည်း ဝတ်ဖြစ်တာ...။ အဲဒီလို ဝတ်ရင်းနဲ့ Chain လေးတွေကို မထင်မှတ်ပဲ နှစ်သက်လာပါတယ်…။ အဲဒီလို နှစ်သက် သဘောကျလာရာကနေ စွဲစွဲမြဲမြဲ ဆက်ဝတ်ဖြစ်သွားတာ အခုချိန်အထိပဲ ဆိုပါစို့…။

အခုတော့ ရတနာ အစစ်နဲ့ လုပ်ထားတဲ့ဟာတွေကို ပွဲလမ်းတခုခုသွားတဲ့အချိန်နဲ့ ရုံးတက်ရက် Formal ဝတ်ရတဲ့ ရက်တွေမှာသာ ဝတ်ဖြစ်ပြီး ကျန်တဲ့ အချိန်တွေမှာတော့ Fancy တွေကို ဝတ်ဖြစ်ပါတယ်။ ကိုယ်ကြိုက်တာလေးတွေကို တွေ့တဲ့ နေရာတိုင်းမှာ ဈေးအသင့်အတင့်ဆိုရင် ဝယ်ဖြစ်ပါတယ်။ အထူးသဖြင့်တော့ Accessorize ဆိုတဲ့ ဆိုင်က ပစ္စည်းလေးတွေနဲ့ Evita Peroni က ပစ္စည်းလေးတွေကို ကြိုက်ပါတယ်...။ သိပ်ကြီးပြီး အဆင် အသွေး အရောင်ဆန်းဆန်းတွေ၊ ကိုယ့်လက်မှာ ထင်ထင်ရှားရှားဖြစ်နေမယ့်ဟာတွေနဲ့ သိပ်ဈေးကြီးတာတွေကိုတော့ မဝယ်ပါဘူး…။

နေ့စဉ်နဲ့အမျှ မတူအောင်၊ ဝတ်ထားတဲ့ အဝတ်အစားနဲ့ လိုက်ဖက်အောင် လဲလှယ်ဝတ်ဖြစ်တဲ့ ကိုယ့်ရဲ့ တခုတည်းသော Accessory ဟာ လက်ကောက်ပါပဲ…။ ဒီပိုစ့်အတွက် ကိုယ်ကြိုက်တဲ့ ကိုယ့်အတွက် အမှတ်တရ ဖြစ်စေတဲ့ တချို့လက်ကောက်လေးတွေနဲ့ Hand Chain လေးတွေကို ရွေးပြီး ဓါတ်ပုံရိုက်ထားတယ်… ကြည့်ပါအုံး…။



ဒါလေးတွေက ကြိုက်လို့ မကြာခဏဝတ်ဖြစ်တဲ့ ဟာလေးတွေ...


ဒါလေးတွေက လက်ဆောင်ရထားတာလေးတွေ… ပေးတဲ့သူတွေကို ရေးမပြတော့ဘူးနော်… တော်ကြာ အချင်းချင်း ရန်တိုက်ပေးသလို ဖြစ်နေမှာစိုးလို့… (ဟမ်…)


နားပေါက်မရှိလို့ နားကပ်လဲ မရှိ… တခြား လက်ဝတ်လက်စားဆိုလဲ ဘယ်ဟာကိုမှ မက်မက်မောမော မရှိလေတော့ ဝတ်နေကျဟာ တခု နှစ်ခုအပြင် ပိုပြစရာမရှိပါ… လက်ကောက်ဆိုလို့သာ အခုလိုလေး ဖွယ်ဖွယ်ရာရာ ပြစရာရှိနေတာ… ပေါက် ကျေနပ်မယ် ထင်ပါတယ်…။



Sunday, August 15, 2010

အချစ်တော်လေး နှစ်ကောင် (၄)

အချစ်တော်လေး နှစ်ကောင် (၃)

သူကလေးဟာ နဲနဲကြီးလာတော့ လူလည်ကျလာတယ်၊ သူ့နေရာမှာ သူ မအိပ်တော့ဘူး ကိုယ့်အိပ်ယာပေါ် တက်အိပ်တယ်… အစကတော့ ခြေရင်းလေးမှာ… နောက်တော့ အလယ်လောက်မှာ… နောက်ဆုံးမှာတော့ ကိုယ့်လက်မောင်းပေါ် ခေါင်းအုံးပြီး အိပ်တဲ့အဆင့်ကို ရောက်သွားပါတော့တယ်…။ မသိချင်ယောင်ဆောင်ပြီး စောင်ကို ဖယ်မပေးရင် သူ့ လက်ကလေးနဲ့ ပုတ်ပြီးနှိုးတတ်ပါတယ်။ အဲဒါမှ မဖယ်ပေးပဲ ထားလိုက်ရင် နောက်နည်းတမျိုးကို ပြောင်းသုံးပြီး နှိုးပါတယ်။ အဲဒါက ဘာလဲ ဆိုတော့ အမြဲတမ်းလိုလို အေးစက်နေတတ်တဲ့ သူ့နှာခေါင်းထိပ်လေးနဲ့ ကိုယ့်မျက်နှာကို လာလာတို့ပြီး နှိုးတတ်တာပါ။ အဲလိုနှိုးရင် ချစ်စရာကောင်းလွန်းလို့ မဖယ်ပေးပဲ လုံးဝမနေနိုင်ဘူးဆိုတာ သူ သေသေချာချာ သိနေတယ်လေ…။

မောင်လေးကိုဆိုရင်တော့ ပိုနိုင်စားတတ်တယ်… မောင်လေး ဆံပင်တွေကို မနာအောင် ကိုက်ဆွဲပြီး နှိုးတတ်တယ်… သူနဲ့ဆော့ပြီးတိုင်း မောင်လေးက ခေါင်းလျှော်ပစ်ရတာချည်းပဲ။ ဒီလိုနဲ့ အကောင်လည်လေးဟာ ကိုယ့်အနားမှာတလှည့် မောင်လေးနားမှာ တလှည့် မေမေ့နားမှာ တလှည့် တညကို တခန်းစီ လှည့်ပြီး အိပ်တတ်ပါတယ်။

ကြောင်ကလေးနဲ့ တူတဲ့ တချက်က သူလဲ မေမေ့စိတ်ပုတီးကို ဆော့တတ်တယ်။ မေမေ ခဏ ခဏ စိတ်မကောင်းဖြစ်ရတဲ့ အချိန်လေးပေါ့။ ပြီးတော့ သူ့ရဲ့ရယ်စရာကောင်းလှတဲ့ အချက်တွေက ကိုယ်တို့ ကိုကာကိုလာသောက်ရင် သူလဲ အတင်းတောင်း သောက်တယ်၊ ပြီးရင် လူတွေထက် အရင် လေတက်တတ်တယ်။ ကိုယ်တို့ လိမ်မော်သီးစားလဲ အတင်း လိုက်စားတယ်၊ ပြီးရင် ဝမ်းပျက်တယ်။ ဖေဖေ ဖုန်းဆက်လို့ ကိုယ်တို့ ဖုန်းပြောရင် သူလဲ အနားကိုရောက်လာပြီး တအီအီနဲ့ အသံပေးတတ်လို့ ဖေဖေနဲ့ ဖုန်းပြောချိန်ထဲက တချို့ကို သူ့ကိုလဲ ခွဲပေးရတတ်သေးတယ်။ လူတွေ အပြင်သွားတိုင်းလဲ လိုက်ချင်တယ် ကားစီးချင်တယ်… ကားမှန်ကို ချပြီး သူ့မျက်နှာကို လေတဖြူးဖြူးတိုးတဲ့ အရသာကို သိပ်ကြိုက်တတ်တယ်။ သူ့ကြည့်ရတာ လူတွေနဲ့ တအားအနေနီးတော့ လူတွေလုပ်သမျှ အကုန်လိုက်လုပ်ချင် လူတွေစားသမျှ အကုန်လိုက်စားချင်တဲ့ သဘောရှိတယ်။ သိပ်ရယ်စရာကောင်းတဲ့ အကောင်လေး…။

ပြီးတော့ အိမ်သိပ်လုံတယ်… ချွတ်ကနဲ အသံလေးကြားတာနဲ့ ဟောင်ပြီးသားပဲ…။ မဂိုလမ်းတို့လို လူရှုပ်ရှုပ်လမ်းတွေမှာ ကားကို ခဏတဖြုတ် ရပ်ထားခဲ့လို့ကတော့ မှန်ပိတ်စရာ မလိုဘူး… တယောက်ယောက် အနားကပ်လာတာနဲ့ ဟောင်တာပဲ…။ အမှန်ကတော့ ဒါတွေအားလုံးဟာ ခွေးတိုင်းလိုလိုမှာ ရှိတတ်ကြမဲ့ အမူအကျင့် သွင်ပြင် လက္ခဏာတွေပါ၊ ဒါပေမယ့် ကိုယ်တို့မှာတော့ သူတကောင်တည်းကပဲ ထူးချွန်ပြောင်မြောက်ပြီး တတ်သိနေသလိုလို တခုခုဆို ပြောလို့ မဆုံး အကျေနပ်ကြီး ကျေနပ်နေကြရပါတယ်။

နောက်ဆုံးမှာတော့ ယောင်နောက် ဆံထုံးပါ ဆိုတဲ့အတိုင်း ကိုယ် ဒီကိုရောက်လာတော့ သူကလေးတကောင်ထဲ အတူတူ ဆော့စရာ အဖေါ်မရှိတော့ မှိုင်တွေပြီး ပျင်းပျင်းလေး ဖြစ်ကျန်ခဲ့တယ်လို့ ကောင်မလေးတွေက ပြောပြကြတယ်။ မေမေကတော့ တခုခုဆို ကိုယ် စိတ်မကောင်းမှာစိုးလို့ ပြောပြလေ့မရှိဘူး။ လူကြုံရှိတိုင်း ဓါတ်ပုံလေးတွေသာ ပို့ပေးတတ်တယ်။ ကိုယ်လဲ သူ့ကိုလွမ်းတဲ့အခါတိုင်း သူ့ဓါတ်ပုံလေးတွေကြည့်ရင်း ဖုန်းထဲက သူ့အသံ တအီအီလေးကို နားထောင်ရင်းနဲ့ပဲ နေခဲ့ရတယ်ပေါ့။

နောက်တခု ကြုံလို့ ပြောပြချင်တာက ခွေးတွေနဲ့ နီးနီးကပ်ကပ် လုံးလုံးထွေးထွေးနေတဲ့ ကိုယ်တို့ နှစ်ယောက်စလုံးကို တွေ့တဲ့ ခွေးတိုင်း အမြီးလေး တနှံ့နှံ့နဲ့ ချစ်ခင်ကြပါတယ်။ ခွေး ကြီးကြီး သေးသေး ဘယ်လို အမျိုးအစားပဲ ဖြစ်ဖြစ် ဘယ်တော့မှ ရန်မမူပါဘူး… အဲဒါကို ပြောပြတော့ ကိုယ်တို့လိုပဲ ခွေးချစ်သူ သူငယ်ချင်းရဲ့ အဖေ ဆရာကြီးက ပြောတယ်.. ခွေးတွေနဲ့ ရင်းနှီးလွယ်တာ မင်းတို့ကိုယ်က ခွေးနံ့တွေ ရလို့ နေမှာပေါ့ တဲ့…။ အဲဒါ ရယ်စရာမဟုတ်ဖူး တကယ်မှန်ပါတယ်… ကိုယ်တို့ဆီမှာ ခွေးတွေ ရင်းနှီးလွယ်တဲ့ အနံ့တခုခု ရှိနေပုံပဲ။ အခုလဲ သွားရင်း လာရင်း ဓါတ်လှေခါးထဲမှာ ခွေးလေးတွေတွေ့ရင် သူများတွေက နှာခေါင်းရှုံ့ကြ ရွံသလို ကြောက်သလို လုပ်တတ်ကြပေမယ့် ကိုယ်တို့ကတော့ အေးဆေးပါပဲ…။ လေလေးချွန်လိုက်ရင် သူတို့လေးတွေက အနားတိုးလာပြီး အမြီးလေး ခါပြီး နှုတ်ဆက်တတ်ကြပါတယ်…။ အမျိုးသိတယ် ခေါ်ရမှာပေါ့…။ ဒါပေမယ့် ခက်နေတာက ခွေးလေးတွေက friendly ဖြစ်ပေမယ့် ခွေးပိုင်ရှင်တွေရဲ့ မျက်နှာကြောတွေက တမျိုးမို့ နောက်ကို ခွေးတွေ့တိုင်း အရမ်းကာရော နှုတ်မဆက်ဖြစ်ကြတော့ပါဘူး။

ဒီလိုနဲ့ ကိုယ် ဒီကိုရောက်ပြီး နှစ် နှစ်လောက်အကြာမှာ သူကလေး ဆုံးပါးသွားပါတယ်။ အဲဒီအကြောင်းကို ဖေဖေက အီးမေးလ် ပို့လာလို့ သိရပါတယ်။ နေမကောင်းပြီး အစား ကောင်းကောင်းမစားလို့ နေ့တိုင်းဆေးခန်းပြ နေတဲ့ကြားထဲက ဆုံးသွားတာပါပဲ လို့ မေမေက ပြောပြပါတယ်။ အင်းလေ… သူတို့လေးတွေရဲ့ သက်တမ်းကလဲ ဒီလောက်ပဲ ရှိနိုင်တာကိုး..။ ဒီတခါလဲ ကိုယ်တိုင်က လိုလိုချင်ချင် မွေးခဲ့ပြီး သေသေချာချာ အစ အဆုံး ဂရုမစိုက်နိုင်ခဲ့တဲ့ အတွက် တော်တော်လေး စိတ်ထိခိုက်ရပြန်ပါတယ်။ မျက်နှာလိုက်တယ်ပဲ ပြောပြော ကြောင်လေးသေတုန်းက မျက်ရည်မကျခဲ့ပေမယ့် ခွေးလေးကျတော့ တပတ်လောက် ထမင်းစားလို့မရပဲ ဝမ်းနည်းပြီး တွေးလိုက်တိုင်း မျက်ရည် ကျနေခဲ့ရပါတယ်။

ခွေးလေး သေသွားပြီး သိပ်မကြာခင်မှာ ဖေဖေနဲ့ မေမေ ဒီကိုလာတော့ ခွေးကလေး အလွမ်းပြေ လူတယောက်စာမက ကြီးမားတဲ့ အမွေးပွ ခွေးရုပ်ကြီး တခု ဝယ်ပေးပါတယ်။ အရုပ်ကြီးက သိပ်ချစ်စရာကောင်းသော်လည်း သက်ရှိနဲ့ သက်မဲ့ ဘယ်တူနိုင်မှာလဲလေ…။ အဲဒီနောက်မှာတော့ နေရာထိုင်ခင်း ကျယ်ကျယ်ဝန်းဝန်းမရှိလှတဲ့ ဒီကျွန်းပေါ်မှာ နှစ်ပေါင်းများစွာ ဆက်လက် သောင်တင်နေရင်းက သံယောဇဉ်ဖြစ်စရာ ဘာအကောင်ဆို ဘာအကောင်မှ ထပ်မမွေးလိုတော့ပဲ Pet မွေးတဲ့ ဇာတ်လမ်းကို တစခန်း ရပ်လိုက်ရပါတော့တယ်။

သံယောဇဉ်ဆိုတာ ဘာလေးကိုပဲ တွယ်လိုက် တွယ်လိုက် အနည်းနဲ့ အများတော့ ပူလောင် သောက ရောက်ရတာချည်းပဲမို့ ဖြစ်နိုင်ရင် ရှေ့လျှောက် ဘာကိုမှ အလွန်အကျွံ မတွယ်တာဖြစ်အောင် သတိထားတော့မယ်လို့သာ မကြာခဏ တွေးနေမိပါတော့တယ်…။


နောက်ဆက်တွဲ…

အခုတလောမှာ ညနေဖက်တွေ လမ်းလျှောက်ရင်း ခွေးလှလှလေးတွေနဲ့ လမ်းလျှောက်ထွက်ကြတဲ့သူတွေကို တွေ့တွေ့နေတော့ စိတ်က နဲနဲ ပြန်လည်လာတယ်။ သူ့ကို ပြောပြတော့ ငယ်ငယ်တုန်းကလို ရှောရှောရှူရှူ လိုက်လျောလိုတဲ့ ပုံမျိုးမတွေ့ရဘူး… အချိန်တွေ နဲရတဲ့အထဲ ကွန်ပျူတာရှေ့ တချိန်လုံး မျက်နှာအပ်ထားတဲ့သူက ဒီခွေးတကောင် တာဝန်ကို ဘယ်လိုယူမှာလဲ လို့ ရက်ရက်စက်စက် ပြောလာတယ်…။ (ဟင့်… ပြောမိတာ မှားပါတယ်)

အဲဒါနဲ့ ပတ်သက်လို့ ဟိုတနေ့က သတင်းမှာ ကြည့်လိုက်ရတာ တခုပြောပြမယ်… သတင်းက ဂျပန်က လာတယ် လို့ မှတ်မိတယ်။ ဂျပန်မှာ Pet ရောင်းတဲ့ ဆိုင်တွေက သူတို့ဆီမှာရှိနေတဲ့ ခွေးလေးတွေကို နေ့တိုင်း ခွေးအကောင်စေ့ကို အပြင်ထွက်ပြီး ကျောင်းမပေးနိုင်လို့ နာရီပိုင်းနဲ့ ခွေးအငှားကျောင်းကြတဲ့ အကြောင်းပါ။ ဒီလိုဆိုတော့ ခွေးကလေးတွေကို အပိုင်မွေးထား ကျွေးထားစရာမလိုပဲ ကြိုးနဲ့ဆွဲပြီး အပျော် လမ်းလျှောက်ချင်တဲ့သူတွေ အတွက်လဲ အဆင်ပြေ၊ ဆိုင်အတွက်လဲ အဆင်ပြေပေါ့…။ ပေါ့သေးသေးတော့ ဟုတ်ဖူးနော်… ခွေးအမျိုးအစားနဲ့ လှပခြင်း ချစ်စရာကောင်းခြင်း အပေါ်မှာ မူတည်လို့ ဈေးက အစားစားပဲ…။ မှတ်မိသလောက်ကတော့ တနာရီကို ယူအက်စ် ၂၅ ကနေ ၄၀၊ ၅၀ အထိ ဈေးရှိပါတယ်။ ဆိုင်ရှေ့မှာ ပြထားတဲ့ ခွေးအလှ ဓါတ်ပုံလေးတွေကို ကြည့်ပြီး ရွေးကြရတယ်။ ချီဝါးဝါးလေးတွေကို LV အိပ်တွေနဲ့ လာခေါ်ကြတဲ့ ဂျပန်မ လှလှလေးတွေကိုလဲ ဖျတ်ကနဲ တွေ့လိုက်ပါသေးတယ်..။

အပေါင်းအသင်းတွေကိုလဲ မှာထားချင်ပါတယ်။ ဘာလဲဆိုတော့ စင်္ကာပူမှာ အဲဒီလို ခွေးလေးတွေ အငှားကျောင်းလို့ရတဲ့ ဆိုင်လေးများတွေ့မိကြရင် ကိုယ့်ကို ချက်ချင်း အကြောင်းကြားပေးပါလို့… အချိန်ပြည့် မမွေးထားနိုင်ပေမယ့် ခုလိုမျိုး ခဏတဖြုတ် အငှားမွေးလို့ရရင် အငှားဆော့လို့ရရင် ခွေးလေးတွေနဲ့ ခဏတော့ ဆော့ချင်ပါသေးတယ်…။

ကိုယ်ချစ်ခဲ့ရတဲ့ အချစ်တော်လေး နှစ်ကောင်အကြောင်း တရှည်တလျား ပိုစ့်တွေကို လာဖတ်ပေးကြတဲ့ စာဖတ်သူများအားလုံးနဲ့ မှတ်ချက်ရေးခဲ့ကြတဲ့သူများ အားလုံးကို တကယ် ကျေးဇူးတင်ပါတယ်...


Friday, August 13, 2010

အချစ်တော်လေး နှစ်ကောင် (၃)

(Photo from Google)


ကျောင်းပိတ်ရက် တရက်မှာ သူနဲ့ အတူတူ အသိတယောက်အိမ်ကို သွားလည်ရင်း အဲဒီအိမ်မှာ တယ်ရီယာ ခွေးပုပုလေး တကောင်ကို တွေ့ခဲ့တယ်…။ ခွေးလေးက ဖြူ လုံးပုပြီး ချစ်စရာ အတော် ကောင်းလွန်းတော့ အမှတ်မရှိတဲ့ ကိုယ်က ထုံးစံအတိုင်း ခွေးလေး လိုချင်တယ်၊ ခွေးလေး မွေးချင်တယ် ဖြစ်ပြန်တယ်…။ ဒီတခါတော့ သူက အရင်တခါ ကြောင်လေးတုန်းကလို အလွယ်တကူ ဘာမှ မပြောဘူး…။ ခင်ဗျားလေးနဲ့ ခွေးနဲ့ မဖြစ်ပါဘူး လို့ ပြောတယ်။ ဒါနဲ့ ကိုယ်လဲ မေ့မေ့ပျောက်ပျောက် ထားလိုက်ရာက….

အိမ်မှာ အလှမွေးတဲ့ ခွေးလေးတွေရဲ့ သဘာဝက အချိန်တန် အရွယ်ရောက်ရင် ပတ်သက်ရာ ပတ်သက်ရာ အသိ မိတ်ဆွေတွေက တဆင့်၊ ဒါမှ မဟုတ် ဆေးခန်းတွေ ဆရာဝန်တွေက တဆင့် ဆွေမျိုးစပ်စရာ ရှာရတယ်။ လျှောက်ပတ် တင့်တယ် ရွေးချယ်… မျိုးနွယ်တူ ဆွေ… ဆိုတာလိုပေါ့…။ ပြီးတော့ ခွေးသားလေးတွေ ပေါက်လာရင် အထီးလေးဖက်က လှပေ့ဆိုတဲ့ တကောင် စိတ်ကြိုက် ရွေးယူလို့ရသတဲ့…။ အဲဒီအသိအိမ်က တခါက ခွေးလေး လိုချင်တယ်လို့ ကိုယ်ပြောခဲ့တာ မှတ်မိနေတော့ သူတို့ ခွေးလေး သားစပ်ပြီး ကြိုက်ရာ တကောင်ရွေးယူလို့ ရတဲ့ အချိန်မှာ ခွေးပေါက်စလေး တကောင်ကို ကိုယ့်အတွက်ဆိုပြီး သတိတရနဲ့ သူ့ဆီကို လာပို့သွားလေတယ်…။

ကိုယ်တို့အိမ်သားတွေကလဲ ကြောင်လေး သေသွားတဲ့ နောက်ပိုင်း ဘာမှ မမွေးတော့ဘူးလို့ ပြောထားပေမယ့် သူ့အိမ်မှာက ဂျာမန်ခွေး အကြီးကြီးတွေနဲ့ဆိုတော့ ဒီခွေးပိစိကို မွေးထားဖို့ကလဲ မဖြစ်၊ ဒီလိုနဲ့ပဲ နောက်ဆုံးတော့ သူလဲ အဲဒီခွေးလေးချီပြီး အိမ်ကို ရောက်လာရတာပေါ့…။ ကြောင်ကလေး မရှိတော့တဲ့ နောက်ပိုင်းမှာ ဘာအကောင်မှ မမွေးတော့ဘူးလို့ ယတိပြတ် တွေးထားကြတဲ့ အိမ်သားတွေဟာ ခွေးနဲ့ မတူ ဝက်ဝံလေးနဲ့သာ တူနေတဲ့ အမွှေးပွအကောင် လုံးလုံးလေးကို တွေ့တော့ မြင်မြင်ချင်း အသည်းတယားယားနဲ့ တယောက် တလှည့် ချီကြည့်ကြပြီး ချက်ချင်းကို ထိန်းမရာ သိမ်းမရ ချစ်မိကြပြန်တယ်။ တကိုယ်လုံး ဖြူဖွေးပြီး နုအိနေတဲ့ အမွှေးလေးတွေနဲ့ အရည်လည်နေတဲ့ မျက်လုံး ဝိုင်းဝိုင်း နက်နက်လေး နှစ်လုံးရဲ့ဘေး ပတ်ပတ်လည်မှာ အမည်းရောင်လေးတွေ နဲနဲပါတော့ ပန်ဒါလေးနဲ့လဲ တူနေပြန်သေးတယ်။ မျက်နှာလေးက သိပ်ချောပြီး သိပ်ချစ်စရာကောင်းတဲ့ တယ်ရီယာ ခွေးအမလေးပါ… (ပုံထဲက ခွေးလေးထက် အများကြီး ပိုချစ်စရာ ကောင်းပါတယ်…)

သူလေး အိမ်ကိုရောက်လာတော့ မှတ်မှတ်ရရ ၂၄ ရက် သမီး…။ လာပေးတဲ့ အသိ အန်ကယ်ကြီးက နို့မခွဲသေးတဲ့ အကောင်လေးအတွက် နို့ဗူးနဲ့ နို့မှုန့်လဲ တခါတည်း ယူလာပေးပါတယ်… ဒီထက် အသက်ကြီးမှ ခွဲရရင် လူတွေကို မယဉ်မှာ စိုးလို့ စောစောခွဲလာခဲ့တာလို့ ပြောပါတယ်။ ဘုရားရေ… ဒီလိုဆိုတော့ ဒါလေးကိုလဲ နို့ဗူးနဲ့ မွေးရချေအုံးတော့ မပေါ့ လို့ တွေးရင်း မေမေနဲ့ တယောက်မျက်နှာ တယောက် ကြည့်မိကြတယ်…။ ဒါပေမယ့် ဒီကောင်လေးက နို့ဗူးကို ကလေးငယ်တယောက်လို ကောင်းကောင်းစို့တတ်တော့ အတော် အဆင်ပြေပါတယ်။

အဲ… ပြဿနာက ည အိပ်ခါနီးမှာ စတယ်…။
သူ အိပ်ဖို့ မေမေက ကိုယ့်အခန်းထဲမှာ ခြင်းကလေးချပြီး စောင်ထူထူလေး ခင်းပေးတယ်… အစကတော့ ဟုတ်မလိုလိုနဲ့ သူလေးက အဲဒီခြင်းထဲမှာ မျက်လုံးလေးစင်းပြီး ငြိမ်လို့…။ ခဏနေတော့ အားလုံး မီးတွေ ပိတ်ပြီး အိပ်ကြတော့မှ တစခန်းထတော့တာပါပဲ…။ သူလေးက မအိပ်ဖဲ တအီအီနဲ့ အဆက်မပြတ် အော်နေတော့တာလေ… သူ့အနားသွားပြီး သူ့ကို အသာလေး ပွတ်ပေးလိုက်ရင် အသံ တိတ်သွားတယ်… သူ့အနားက ထပြီး ကိုယ့်အိပ်ယာကို ကိုယ်ပြန်သွားလိုက်ရင် ပြန်အီနေပြန်တယ်… ဒီလိုနဲ့ ကိုယ်လဲ သူ့ခြင်းလေးနဲ့ ကိုယ့်အိပ်ယာနဲ့ကို အခေါက်ခေါက် လူးလာ ခေါက်ပြန်နဲ့ သန်းခေါင်ကျော်သွားတယ်…။ ဟင်… မွေးချင်အုံးဟဲ့… ခွေးလှလှလေး လို့တောင် ရေရွတ်မိတဲ့ အထိပါပဲ…။

တဖက်က တွေးကြည့်တော့လဲ ၂၄ ရက်သားကလေး အမေနဲ့ ခွဲလာရတာလေ လို့ သနား ဂရုဏာဖြစ်မိတယ်… သူ့အသံကြောင့် အိမ်သားတွေ နိုးမှာစိုးတော့ မနက် ၄ နာရီလောက်အထိ သူ့အနားမှာ မျက်လုံးအကြောင်သားနဲ့ ထိုင်နေပေးရင်းက စိတ်ထဲ အကြံတခုရပြီး ကိုယ့်အိပ်ယာပေါ်က အမွှေးပွ ဝက်ဝံရုပ်နှစ်ခုကို သူ့အနား ချပေးလိုက်တယ်… အဲဒီမှာပဲ ဝမ်းသာ ဝမ်းနည်း ဖြစ်ရပ်နှစ်ခု တွေ့ရတယ်…။ ဝမ်းသာစရာက သူလေးက အရုပ်တွေချပေးလိုက်တော့ အဲဒီအရုပ်တွေကြား တိုးဝင်ရင်း အော်တာ ရပ်သွားတယ်။ ဝမ်းနည်းစရာလေးက သူက သူ့အမေ ရင်ခွင်မှာ အမွှေးပွ မွေးချင်းတွေနဲ့ အတူတူ လုယက် တိုးဝှေ့ပြီး နေနေရာကနေ အခုလို တကောင်တည်း လွတ်လွတ်ကြီး နေရတော့ မွှေးပွ ဝက်ဝံရုပ်တွေကို သူ့အမေတို့ သူ့ ညီအကို မောင်နှမတွေတို့ အနေနဲ့ တိုးခွေ့လူးလှိမ့်ပြီး ပျော်သွားတာကို တွေ့ရလို့ပါပဲ…။ သနားပါတယ်နော်…

နောက်နေ့တွေမှာလဲ ကိုယ့်ရဲ့ ဖေးဖရိတ် ဝက်ဝံရုပ်တွေကို သူ အိပ်ဖို့ အတွက် အပိုင်ပေးလိုက်ရတော့တယ်…။ အဲတော့မှ သူလေးလဲ အိပ်ကောင်းခြင်းအိပ်ရ ကိုယ်လဲ အိပ်ကောင်းခြင်း အိပ်ရလေတော့တယ်…။ နို့တိုက်ပြီး မွေးရင်းနဲနဲကြာလာတော့ မေမေက ထမင်းနဲ့ ငါးတို့ ပုဇွန်တို့ရောပြီး ဝါးကျွေးတယ်… ဘယ်လောက် အကဲပိုလိုက်မိသလဲ ဆိုရင် သူလေးဟာ ငါးကို အရိုးပါရင် မစားတတ်ပါဘူး ကြက်ရိုးတွေ ဘာတွေတွေ့လဲ မကိုက်တတ်ပါဘူး။ လူကြီးတွေ အလိုလိုက်ရင် ကလေးတွေတင် အကျင့်ပျက်တတ်တာ မဟုတ် ခွေးကလေးတွေလဲ အကျင့်ပျက်တတ်ကြတာပါပဲလား လို့တောင် တွေးမိသေးတယ်။

လူတွေနဲ့ သိပ်ယဉ်ပါးတဲ့ ဒီအကောင်လေးဟာ နားလည်မှု နဲ့ အသိဥာဏ်မှာ ကြောင်ထက် သိသိသာသာကြီးကို ကွာခြား မြင့်မားပါတယ်…။ အိမ်နီးချင်းတွေက အဲဒီအကောင်လေးကို ခွေးလို့ကို မထင်ကြဘူး၊ ဝက်ဝံလေးလား ပန်ဒါလေးလားလို့ပဲ မကြာခဏ အမေးခံရပါတယ်။ ကိုယ်တို့ တအိမ်လုံးကလဲ ဘယ်လောက်ချစ်သလဲဆို ခွေးကို ခွေး လို့ တောင် အမည်တပ်ပြီး အသံထွက် မခေါ်ရက်တဲ့ အထိ ချစ်ပါတယ်။ သူများတွေက ခွေးလေးက လှလိုက်တာ တို့၊ ခွေးလေးက ချစ်စရာကောင်းလိုက်တာ တို့ လာပြောရင်တောင် ဝမ်းသာစရာဖြစ်ပေမယ့် ခွေး ဆိုတဲ့ အသုံးအနှုန်းကြောင့် မျက်စေ့ မျက်နှာပျက်မိတဲ့ အထိ အကဲပိုကြပါတယ်။

(ဆက်ရန်)

Thursday, August 12, 2010

ရစ်ခြင်း၏ အနုပညာ

(Photo from Google)


ရစ်တယ် ဆိုတာ လွယ် မှတ်လို့….
ဘယ်လိုပဲ ရစ် ရစ်… ရစ်ပြီဆိုရင် ချက်ကျ လက်ကျ ရစ်တတ်ဖို့ လိုတယ်…။

ပြီးတော့ ရစ်တယ်ဆိုတဲ့ နေရာမှာ ချစ်လို့ရစ်တာလား… အမြင်ကပ်လို့ ရစ်တာလားဆိုတာလဲ ရှိသေးတယ်… ချစ်လို့ရစ်နေတာဆိုရင်တော့ အရစ်ခံရတဲ့သူကလဲ သိတယ်… အင်း.. သူ တော့ ငါ့ကို ရစ်နေပြီ… ဆိုပြီး တဟဲဟဲနဲ့ ပျော်ပျော်ပါးပါး အရစ်ခံလိုက်တာပါပဲ…။ အဲ… အမြင်ကပ်ပြီး မဆိုင်တာတွေ တွေ့ကရာ လျှောက်လာရစ်နေပြီဆိုရင်တော့ ရစ်အုံးဟာ… ရစ်အုံးဟာ… ဆိုပြီး အနားမှာရှိတဲ့ ပစ္စည်း တခုခုနဲ့ အသေသာ ထုသတ်ပစ်ချင်တာပါပဲ။

ဒီလိုတွေပြောလို့ ကိုယ်က မရစ်တတ်ဖူးလား လို့ မထင်ပါနဲ့… ရစ်ခြင်း ဆိုတဲ့ ပညာကို တဖက်ကမ်းခတ် တတ်ကျွမ်းပါတယ်။ ဘယ်လောက်တောင် ရစ်တတ်သလဲဆိုရင် ရစ်စရာမရှိရင် ကိုယ့်ဆံပင်ကိုယ် လက်မှာ ပြန်ရစ်နေတယ် လို့ အပြောခံရတဲ့ အထိ ရစ်တတ်တဲ့ အမျိုးအစားပါ…။

ရစ်စရာမရှိ ရှိတာရှာ ရစ်လွန်းအားကြီးလို့ နာမည်တောင် ရနေတယ်… ဂျင်ကြိုးတဲ့… နာမည်ပေး သိပ်တော်တဲ့သူတယောက်က ပေးထားတာပါ...။ Ms. Gyin Gyoe ဆိုပါတော့…။ လှတယ်နော်… ကြားခါစက ကိုရီးယား နာမည်လေးလိုလို ဘာလိုလိုနဲ့ပေါ့… နောက်မှ သေချာ တွေးမိတယ်… ဂျင်ကြိုးဆိုတာ ဂျင်မှာ ကြိုးကို ရစ်လိုက်… ပေါက်လိုက်… ပြီး ပြေသွားရင် ပြန်ရစ်လိုက်… ပြန်ပေါက်လိုက်နဲ့ မဆုံးနိုင်ဘူး မဟုတ်လား… ။ အဲဒါကို ဆိုလိုတာပါ… (ဟုတ်နေတာပဲနော်…)

ဒါကတော့ အမည်ပေး ကင်မွန်းတပ်နဲ့ အတူ အမှတ်တရ ပါလာတဲ့ ကဗျာလေးပါ…။

ဂျင်ကြိုးရေ
မြှောက်ခနဲ အားနဲ့ပေါက်ဖို့
ခပ်ကျစ်ကျစ် ရစ်ရမယ်တဲ့လား…

များများရစ်မှ
အပတ်ရေများသလို
တအားတွေ လည်စေမတဲ့လား

အပေါ်က သံမှို ကျွတ်ထွက်မတတ်
စွတ်စက်လည်အောင်
ရစ်သည်ထက်ရစ် ကျစ်သည်ထက်ကျစ်
ဂျင်ကြိုးရေ
မင်း ရစ် နိုင် လွန်း . . . . .

(ခက်ဆစ် သံမှို = ဦးနှောက်)

အဟဲ… ရစ်ဖို့သာဆို အကြီး တလုံး၊ အသေး တလုံးတွေ ကမ္ဘာကြီး မူးအောင် သောက်နေစရာ မလိုပါဘူး… ဒီတိုင်းကို မမူးပဲ ရစ်တတ်ပါတယ်…။ ကော်ဖီသောက်ရင်းလဲ ရစ်တတ်ပါတယ်။ ဂရင်းတီး သောက်ရင်းနဲ့လဲ ရစ်တတ်ပါတယ်။ ကဗျာလွတ် ရစ်တတ်တဲ့ ပညာရှိတယ် ခေါ်ရမှာပေါ့…

ပြောရရင် ကိုယ်တိုင်က ဘလော့ဂ်ကြီး တခုတိတိ လက်ဝယ် ပိုင်ဆိုင်ထားတဲ့သူ ဆိုတော့ကာ တခါတခါမှာ အရစ်ကြီး ရစ်ရုံနဲ့ အားမရ... သူ့ကို ခြိမ်းလဲ ခြိမ်းခြောက်လို့ ရပါသေးတယ်။ တခုခုဆို ရုတ်ရုတ် ရုတ်ရုတ်မလုပ်နဲ့နော်... စာထဲ ထည့်ရေးလိုက်ရမလား တို့... မုန့်ဖိုး ပေးမလား မပေးဘူးလား... မပေးရင် မပေးတဲ့အကြောင်း ပိုစ့်တခု တင်လိုက်မှာနော် တို့ ဘာတို့ ပေါ့...။ ဒါလဲ ရစ်နည်း တမျိုးပဲလေ... ဟုတ်ဖူးလား...။

တခါတခါမှာ ရစ်ချင်တိုင်း ရစ်ပြီး နဲနဲလွန်သွားရင် အနိုင်နဲ့ ပိုင်းတတ်တဲ့ စကားတခွန်း ရှိသေးတယ်… အဲဒါက ဘာလဲ ဆိုတော့ ချစ်လို့ ရစ်တယ် မှတ်ပါ တဲ့…. အဲလိုပြောလိုက်ရင် အရစ်ခံရတဲ့သူခမျာ ဘာပြန်ပြောရမှန်းမသိ… အော်… သူ ငါ့ကို ရစ်နေတာ ချစ်လို့ပဲလေ ဆိုပြီး ကိုယ် ရစ်သမျှ ခံနေရတော့တာပါပဲ…။

ဟိုရက်တွေက နေမကောင်းလို့ ပတ်ပတ်လည်က ရှိသမျှ လူတွေ အားလုံးကို ရစ်မျိုးစုံလင် ရစ်လိုက်ချင် ဆိုတဲ့ အတိုင်း ရစ်ပြီးပြီ…။ စားချင်တာတွေက မတည့်… တည့်တာတွေကျ မကြိုက်၊ အဲဒီ မကြိုက်တာတွေကျ အတင်း ကျွေးကြနဲ့ တပတ်လုံး တော်တော်လေး ခံစားလိုက်ရတယ်။ နောက်ဆုံး အစားမစားနိုင်လို့ ထမင်းစားပွဲမှာ ရှိသမျှ လူတွေကို ရစ်လိုက်တာ အားလုံး ထသွားကြပြီး ကိုယ်တယောက်တည်း ကျန်ခဲ့တော့ ထိုင်နေရင်း အလကားနေ အလကားပဲ ဆိုပြီး ဘေးနားက တူ နှစ်ချောင်းကို လက်သုတ်ပုဝါနဲ့ ပတ် ရစ်လိုက်သေးတယ်…။ ကဲ… မှတ်ကရော…

ဟိုတနေ့က West Coast ရောက်တော့ စွန်လွှတ်နေတဲ့သူတွေ တွေ့ပြီး စိတ်ထဲ စွန်လွှတ်ချင်သလိုလို ဖြစ်လာတယ်။ သူတို့လွှတ်နေတဲ့ စွန်တွေက အကြီးကြီးတွေ၊ ပြီးတော့ သိပ်လှတာ... ညဖက်ဆို မီးလုံးလေးတွေ တလက်လက်နဲ့...။ အဲဒါ အမျိုးသားကို ပြောပြတော့ ကောင်းသားပဲတဲ့... စွန်လွှတ်ရင် လက်က ရစ်လုံးကို ရစ်နေရတော့ တခြားနေရာမှာ အရစ်သက်သာမယ်လို့ သူ ယူဆပုံပေါ်တယ်...။ နေကောင်းရင် စွန်ပေးလွှတ်မယ် ပြောတာပဲ... စောင့်ကြည့်ရအုံးမယ်...

အခုလဲ ဘာကိုမှန်းမသိ ရစ်ချင်နေတယ်… ရစ်စရာ လူ လိုက်ရှာနေတယ်…။ အွန်လိုင်းမှာ မျက်နှာစာအုပ်မှာ အနီးအနားမှာ ဘယ်သူတွေ ရှိနေလဲ… ဘယ်သူ့ကို ရစ်ရရင်ကောင်းမလဲ စဉ်းစားနေတယ်… ရစ်စရာလူ လှည့်ပတ် ရှာနေတယ်…။ သတိတော့ ထားကြပေါ့လေ… မျက်စေ့ရှေ့ ရောက်လာလို့ကတော့ ရစ်ပြီးသားပဲ…

အမှန်က ဒီနေ့ ခွေးလေးအကြောင်း ရေးထားတဲ့ပိုစ့်ကို တင်မလို့… သို့သော်လည်း မြင်မြင်ကရာ ရစ်ချင်ချင်ဖြစ်နေတဲ့ စိတ်နဲ့ ဒီပိုစ့်ကို ဖြတ်တင်လိုက်တယ်… ဘာလို့လဲ လို့ လာမမေးကြနဲ့နော်… လာမေးရင် မေးတဲ့သူကို အရင်ဆုံး ရစ်ပစ်အုံးမှာ… ဟွန်း….

ပုံ/
ဂျင်ကြိုး




Monday, August 9, 2010

အချစ်တော်လေး နှစ်ကောင် (၂)

အချစ်တော်လေး နှစ်ကောင် (၁)

တရက် မောင်လေးက အခန်းထဲက မထွက်ပဲ မေမေ့ကို ဂျစ်နေတဲ့ အချိန်၊ ကိုယ်က ဘာရယ်မဟုတ် ပြေရာ ပြေကြောင်းလေးပြောမလို့ သူ့ကို သွားချောင်းတာ… သူကလေ ပေါင်ပေါ်မှာ ကြောင်လေးကိုတင်ပြီး သူ သီချင်းနားထောင်နေတဲ့ နားကြပ်ကို သူ့နားထဲမှာ တဖက် ကြောင်ကလေးနားထဲမှာ တဖက် နှစ်ကောင်သား… အဲ… နှစ်ယောက်သား သီချင်း နားထောင်နေကြတာ တွေ့လိုက်ရတယ်။ ဟိုကြောင်ကောင်လေးကလဲ နဲနဲမှ နားမငြီးတဲ့ အတိုင်း ငြိမ်သက်လို့… ကြည့်ရတာ မောင်လေးဟာ အိမ်သားတွေ သည်းသည်းလှုပ်နေတဲ့ ကြောင်လေးကို လူတွေရှေ့မှာ ချစ်ခင် ယုယပြရမှာ နဲနဲခက်နေတဲ့ပုံပဲ…။ ဒါပေမယ့် ကိုယ် အဲဒီလို သူ့ကိုတွေ့လိုက်ပြီး နောက်ပိုင်းမှာတော့ မောင်လေးဟာ အိမ်သားတွေရှေ့မှာ ကြောင်ကလေးနဲ့ အတွဲတွဲ ချစ်ချစ်ခင်ခင်နေပြရမှာ ဝန်လေးတော့ဟန် မတူဘူး။ ပြီးတော့ သူ့ရဲ့ ကြွပ်ဆတ်ဆတ် မာကျောကျော စိတ်တွေ တဖြည်းဖြည်းလျော့ပြီး မိသားစုထဲမှာ ပြေပြေလည်လည် လိုက်လိုက်လျောလျောနဲ့ ပုံမှန် ပြန်ဖြစ်လာတာကို အံ့သြစရာ တွေ့ကြရတယ်။ အချိန်ရရင် ရသလို ကြောင်ကလေးနဲ့ လုံးထွေးပြီး သိုးမွေးချည်လုံးလေးတွေ၊ စက္ကူ အပိုင်းအစလေးတွေ၊ ဘောလုံးလေးတွေနဲ့ ဆော့နေတော့တာပဲ။

အသက်အရွယ်ကြောင့် ထိန်းရ သိမ်းရခက်နေတဲ့ အချိန်ပိုင်းလေးမှာ ဒီကြောင်လေးကြောင့် သူ့စိတ်တွေ ပြန်ပြီး နူးညံ့ပျော့ပျောင်းသွားတယ်လို့ အိမ်သား အားလုံးက မြင်ကြတယ်… ဒီအတွက် ကြောင်ပေါက်စလေးကိုလဲ ကျေးဇူးတင်ကြတယ်။

နောက်တခုက တိရိစ္ဆာန်လေးတွေ သနားစရာကောင်းတဲ့ အကြောင်းပါ။ မေမေ ဘုရားရှိခိုး ပုတီးစိတ်တဲ့ အချိန်ဆို ကြောင်ကလေးဟာ မေမေ့အနားမှာ ငြိမ်ငြိမ်လေး ဝပ်နေတတ်တယ်။ အဲ… သူ ဆော့ချင်နေတဲ့ အခါမျိုးမှာတော့ မေမေစိတ်နေတဲ့ ပုတီးလုံးလေးတွေကို သူ့လက်ကလေးနဲ့ သွားသွားပုတ်ပြီး ဆော့လေ့ရှိတယ်…။ ဘာမှမသိတဲ့ တိရိစ္ဆာန်လေးဆိုတော့ ကုသိုက်တွေ၊ အကုသိုလ်တွေ၊ ငရဲကြီးမှာတွေ ဘာတွေလဲ ဘယ်သိတတ်မှာလဲ…။ မေမေက ဘုရားရှိခိုး ပုတီးစိတ်ပြီးလို့ အမျှဝေရင် အနားမှာ ပုတီးကိုသာ လာဆော့တတ်ပြီး သာဓု မခေါ်တတ်တဲ့ ကြောင်ပေါက်စလေးကို သူ သိပ်သနားတယ်လို့ ပြောလေ့ရှိတယ်…။ ဒီလို တိရိစ္ဆာန်ကလေးဘဝကနေ ကောင်းရာ မွန်ရာ ဘဝလေး တခုခုကို ကူးဖို့ ဘယ်လောက်ခက်တယ်ဆိုတာ မေမေက ကြောင်လေးကို ကြည့်ရင်း ပြောပြပြီး စိတ်မကောင်းဖြစ်နေတတ်တယ်။ အရင်ဘဝက ကုသိုလ်ကံ ကောင်းခဲ့လို့ တိရိစ္ဆာန်ဖြစ်ရတဲ့ အခုဘဝလေးမှာ နွေးနွေးထွေးထွေး လုံလုံခြုံခြုံ နေရပေမယ့် သူတို့နောက်ဘဝကို ကူးလဲ ဘယ်လိုမှ ကောင်းတဲ့ နေရာကို လွတ်လွတ် ကျွတ်ကျွတ်မရောက်နိုင်ပဲ သံသရာမှာ အကြိမ်ကြိမ် ကျင်လည်နေရမှာကို တွေးမိတော့ သနားစရာ ကောင်းလှတယ်…။

အဲဒီကြောင်ကလေးဟာ ကိုယ်တို့မိသားစုနဲ့ အတူတူ ၆ နှစ်ကျော်နေသွားခဲ့တယ်။ သူ အစားကောင်းကောင်းမစားပဲ အခန်းထောင့်လေးမှာ နေမကောင်းဖြစ်ပြီး ခွေနေတဲ့ အချိန်က ကိုယ်ရော မောင်လေးရော စာမေးပွဲကြီး ဖြေနေတဲ့ အချိန်… ခါတိုင်း ဖုန်းဆက်လိုက်ရင် အိမ်လာပြီး ဆေးထိုးပေးနေကျ ဆရာဝန်ကလဲ ခရီးသွားနေတယ်။ ဒီတော့ ကြောင်ကလေးကို ခေါ်ပြီး အိမ်နဲ့ နဲနဲလှမ်းတဲ့နေရာက ဆေးခန်းကို သွားရမှာ… ကိုယ် တွေးထားတာက စာမေးပွဲပြီးတဲ့နေ့ကျရင် ဆေးခန်းသွားကြဖို့ပါ…။

ဒီလိုနဲ့ စာမေးပွဲနောက်ဆုံးနေ့မှာ သူငယ်ချင်းတွေ ဟိုဟိုဒီဒီ လျှောက်လည်ကြတာကို လိုက်မသွားပဲ မောင်နှမနှစ်ယောက် အိမ်ကို တန်းပြန်လာခဲ့ကြတယ်။ အိမ်ရောက်တော့ သူ အိပ်နေကျနေရာလေးမှာ ရှိမနေဘူး… ဒါနဲ့ အသံပြုကြည့်တော့လဲ တအိမ်လုံး တုတ်တုတ်မှ မလှုပ်ဖူး…။ ခဏနေတော့မှ အဖိုးက အိပ်နေရာက ထလာပြီး မျက်စေ့ မျက်နှာပျက်ပျက်နဲ့ တို့ ကြောင်ပေါက်လေးတော့ မရှိရှာတော့ဘူးကွာ… လို့ ပြောပြီး အခန်းထဲ ပြန်ဝင်သွားလေရဲ့…။ မောင်လေးက အခု သူ ဘယ်မှာလဲ ဘယ်မှာလဲ လို့ ပျာပျာသလဲ မေးတာတောင် မဖြေဘူး။ ပြီးတော့မှ အိမ်မှာ အလုပ်လုပ်တဲ့ ကောင်မလေး နှစ်ယောက်က မျက်ရည်တွေနဲ့ အနားကို ရောက်လာကြတယ်…။ အဖိုးက မမတို့ ပြန်မလာခင် ရှင်းထားလိုက်ဆိုလို့ ခြံထောင့်လေးမှာ မြှုပ်လိုက်ပြီတဲ့…။ မောင်လေးလဲ ဘာမှ ဆက်မပြောတော့ပဲ သူ့အခန်းထဲ တိုးတိုးတိတ်တိတ်ပဲ ဝင်သွားတယ်။

ကိုယ်လဲ တော်တော်စိတ်ထိခိုက်သွားတယ်… ဒါပေမယ့် ငိုတော့ မငိုမိဘူး။ နေမကောင်းတာ သိရက်သားနဲ့ စောစောစီးစီး ဆေးခန်းမပို့ပေးလိုက်ရတဲ့ အဖြစ်ကိုပဲ တွေးတွေးပြီး နောင်တ ရနေမိတယ်…။ လူဆိုတာ ကိုယ်ကျိုးနဲ့ ကိုယ့်အတ္တနဲ့ ယှဉ်လာရင် ကျန်တာတွေကို လွယ်လွယ်နဲ့ ဦးစားမပေးချင်တတ်ကြတဲ့ အမျိုးပါလား ရယ်လို့လဲ သတိထားမိသွားတယ်။ ညနေ မေမေပြန်လာတော့ ကောင်မလေးနှစ်ယောက်က အိမ်ဝကနေ ငိုပြီး ကြောင်ကလေးအကြောင်း ပြောပြနေကြတာ ကြားလိုက်တယ်… မေမေ မျက်ရည်ကျမှာ သေသေချာချာ သိနေလို့ မကြည့်ချင်တာကြောင့် ကွယ်ရာမှာပဲ နေ နေလိုက်တယ်…။

နောက်ပိုင်းရက်တွေ တော်တော်ကြာကြာအထိ ကြောင်ကလေးကို စားချိန်လဲ သတိရ အိပ်ချိန်လဲ သတိရ၊ အပြင်ဖက်က ကြောင်သံတွေကြားလဲ သတိရနဲ့… တအိမ်လုံး တိတ်ဆိတ် ငြိမ်သက် ခြောက်သွေ့နေ၊ စိတ်မကောင်းဖြစ်နေကြရတယ်။ ကြောင်လေး လက်ဆောင် ပေးခဲ့တဲ့သူလဲ ကိုယ်တို့ တအိမ်လုံး တော်တော်ကြီး စိတ်မကောင်းဖြစ်နေကြတာ တွေ့တော့ အိမ်ကို လာအလည်တောင် နဲနဲ တန့်သွားတယ်… နောက်ထပ် ကြောင်လေးတကောင် အစားပြန်ရှာပေးပါ့မယ် လို့ ပြောပါတယ်။ ဒါပေမယ့် မလိုချင်တော့ဘူး၊ သံယောဇဉ်တွေ မထားချင်တော့ဘူးလို့ တအိမ်လုံး တညီတညွတ်တည်း ဆိုကြတာနဲ့ သူလဲ လက်လျှော့သွားလေတယ်…။

ဒါကတော့ ကိုယ့်အချစ်တော် ကြောင် ပေါက်စလေး အကြောင်းပါ။ နောက်တပိုင်းမှာ ခွေးကလေး အကြောင်း ပြောပြမယ်နော်…။ စိတ်ရှည်လက်ရှည် ဖတ်ပေးကြတာ ကျေးဇူးတင်ပါတယ်…။


Sunday, August 8, 2010

ယုံကြည်သူ အားလုံးအတွက်

နံရံရေး ကဗျာ

ဖျာတချပ် ရေအိုးတလုံး
ဒီအခန်းကို ငါ မုန်းတယ်......


သူငယ်ချင်းတယောက်က သူ နှစ်ရှည် ယုံကြည်ချက် လေ့ကျင့်ခန်း စခန်းဝင်နေတုံး
သူ့ရဲ့ကိုယ်ပေါ်က အဝတ်စပေါ်မှာ ပုံလေးနဲ့ ဒီကဗျာစာလုံးလေးတွေကို အပ်ချည်နဲ့ထိုးပြီး ရေးထားခဲ့တဲ့ ကဗျာလေးလို့ ပြောပြပါတယ်… ကဗျာဆရာရဲ့ နာမည်နဲ့ ရာဇဝင်တွေကို မပြောပြနိုင်လို့ ကဗျာကို နံရံရေး ကဗျာ လို့ဘဲ သူ ပေးထားခဲ့ပါတယ်။


ဒီနေ့တွေဆို သူ အဲဒီကဗျာလေးကို နာနာကျင်ကျင် ရွတ်နေမယ်မှန်း ရင်နဲ့ စာနာရင်း...

သူ နဲ့ကိုယ်တို့ချစ်တဲ့ ယုံကြည်သူ၊ ယုံကြည်ချက် တူညီသူများ အားလုံးအတွက်…


Saturday, August 7, 2010

အချစ်တော်လေး နှစ်ကောင် (၁)

ပန်ပန်က သူ့အိမ်မှာ ငယ်ငယ်က မွေးခဲ့ဖူးတဲ့ ဘဲငန်းလေးတွေ အကြောင်းရေးတော့ ကိုယ်လဲ ကိုယ်အိမ်မှာ မွေးခဲ့ဖူးတဲ့ ကြောင်ကလေး နဲ့ ခွေးကလေး အကြောင်းကို ရေးချင်လာပါတယ်… တနည်းအားဖြင့်တော့ ဓါတ်ကူးသွားတယ်လို့ ခေါ်ရမှာပေါ့နော်… ဒီရက်တွေမှာ နေကလဲ မကောင်း၊ အကြည်ဓါတ်ကလဲ နည်းပါးပြီး စာရေးချင်စိတ်က ဟိုး အောက်ဆုံးအထိ ချွတ်ချုံကျနေတဲ့ အချိန်မှာ စိတ်လွတ် လက်လွတ် ဟိုဟာလွတ် ဒီဟာလွတ် အစစ အရာရာ လွတ်တဲ့ ကိုယ့် အချစ်တော် အကောင်လေးတွေ အကြောင်း ရေးတာကမှ ကောင်းအုံးမယ်လို့ သဘောပိုက်ပြီး ဒီပိုစ့်ကို ရေးပါတယ်…။ ဖတ်ကြည့်ပါအုံးနော်…

(Photo from Google)


အရေးအခင်းနဲ့ ကိုယ်တို့ ကျောင်းတွေပိတ်နေတဲ့ အချိန်မှာ သူတို့ ဆေးကျောင်းက မပိတ်ပါဘူး။ ပြီးတော့ သူက ကျောင်းပိတ်ရက်တွေမှာ မိဘတွေနဲ့အတူ အိမ်အလုပ်တွေလဲ ကူလုပ်နေသေးတာဆိုတော့ ကိုယ့်အနားမှာ အချိန်တော်တော်များများ ရှိမနေနိုင်ဘူး။ ဒီတော့ ကိုယ်က တနေ့ တနေ့ သိပ်ပျင်းတာပဲ လို့ နေ့ရှိသ၍ ဂျစ်တိုက်နေတဲ့အတွက် အဖေါ်ရအောင် ကြောင်လေး တကောင်ပေးမယ် လို့ ဆိုလာပါတယ်။ ပထမတော့ ကိုယ်လဲ အင်တင်တင်ပေါ့… (စဉ်းစားပဲကြည့်အုံးလေ… ကိုယ်က သူ့ကို အနားမှာ ရှိစေချင်တာကို သူက ကြောင်ပေးမယ်ဆိုတော့…) ပြီးတော့ အိမ်က လူကြီးတွေကလဲ ကြောင်က နံတယ်၊ အညစ်အကြေးလဲ ကရိကထ များတယ် ဘာ ညာ ပေါ့လေ…။ အဲဒီလိုနဲ့ သိပ်မကြာခင်မှာ သူ့အိမ်က ကြောင်မကြီးက ကြောင်သားလေးတွေ ပေါက်လာပါတယ်။ စုစုပေါင်း ၄ ကောင် လို့ မှတ်မိတယ်။ အဲဒီတော့ သူက သူ့ညီမတွေကို ပြောပြီး တကိုယ်လုံး အဖြူဆွတ်ဆွတ် ကြောင်အထီးကလေးတကောင် ကိုယ့်အတွက် ယူလာပေးပါတယ်။ ကြောင်လေးက ချစ်စရာကောင်းလွန်းလို့ စ တွေ့တွေ့ချင်းမှာပဲ တအားချစ်သွားမိပါတယ်။ ပေးတဲ့သူကလဲ ချစ်လို့ ပေးတာ ဆိုတာ့ ကိုယ်ကလဲ ချစ်ရတာပေါ့လေ… ဟုတ်ဖူးလား... အဟဲ…

ကြောင်လေးဟာ ၁၄ ရက်သားလေးမို့ ရောက်ခါစနေ့တွေမှာ နို့ဖျော်ပြီး ကလေးတွေကို ဆေးတိုက်တဲ့ Tube မျိုးလေးနဲ့ ပါးစပ်ထဲ အစက်ချပြီး တိုက်ကြရပါတယ်။ နောက်ပိုင်းမှာ ထမင်းကို ဝါးကျွေးရပါတယ်… တလခွဲလောက်မှ သူ ပုံမှန်လေး စားတတ်လာတယ်လို့ မှတ်မိပါတယ်။

ဒီလိုနဲ့ အင်မတိ အင်မတန် ချစ်စရာကောင်းတဲ့ အဖြူရောင် ဖွေးဆွတ်နေတဲ့ အမွှေးနုနုလေးတွေနဲ့ တလက်လက်တောက်နေတဲ့ မျက်လုံး ပြာပြာလေးတွေနဲ့ ကြောင်ပေါက်စလေးဟာ တအိမ်လုံးရဲ့ အသည်းစွဲလေး ဖြစ်လာခဲ့ပါတယ်။ (အပေါ်က ပုံထဲကနဲ့ ၉၉ ရာခိုင်နှုန်းလောက်ကို တူပါတယ်၊ Digital ခေတ် မဟုတ်သေးတော့ ဓါတ်ပုံတွေက HardCopy တွေမို့ အဆင်မပြေဘူး တချို့တွေလဲ ပျက်ကုန်ပြီ) သူကလေးကို စားရင်လဲ စားလို့ ချစ်ရ၊ အိပ်ရင်လဲ အိပ်လို့ ချစ်ရ၊ အညောင်းဆန့်ရင်လဲ ချစ်ရ၊ အော်ရင်လဲ ချစ်ရ၊ ဘာလုပ်လုပ် အရိပ်တကြည့်ကြည့်နဲ့ ချစ်နေကြရတာပေါ့…။ သူက ည အိပ်ရင် ကိုယ့် အခန်းထဲမှာ အိပ်ပြီး အပြင်ထွက်ချင်ရင် အသံလေး သေးသေးလေးနဲ့ အော်ပါတယ်။ အခန်းတံခါးကို တော်တော်နဲ့ ဖွင့်မပေးရင် စိတ်မရှည်တော့ဘူး ဆိုတဲ့သဘောနဲ့ အသံက တဖြည်းဖြည်း ကျယ်လာတယ်…။ အညစ်အကြေးတွေအတွက်လဲ ခြံထောင့် တနေရာလေးမှာ သပ်သပ်ရပ်ရပ် သန့်သန့်ရှင်းရှင်း ပြုမူပါတယ်။

ကြောင်နဲ့ အတူတူနီးနီးကပ်ကပ်နေရင် ရောဂါရတယ်တို့ အမွှေးတွေ ပါးစပ်ထဲဝင်ရင် ရင်ကြပ်တယ်တို့ သူများတွေပြောကြတာလဲ နဲနဲမှ အလေးမထားခဲ့ပါဘူး။ အဲဒီ ကောင်ပေါက်စလေးဟာ လူတွေနဲ့ နီးစပ် ယဉ်ပါးလွန်းတော့ လူစကားတွေလဲ တော်တော်လေး နားလည်ပါတယ်။ အဖိုးကို ထမင်းစားဖို့ လှမ်းခေါ်ရင် သူက ရှေ့က… တယောက်ယောက် အပြင်က ပြန်လာရင်လဲ သူ အရင်ဆုံး ထွက်ကြိုရမှ… ကားစက်သံလေး သဲ့သဲ့ကြားရင်ကို သူ သိနေပြီ… နောက်ဆုံး ဖုန်းလာရင်တောင် သူကိုယ်တိုင် သွားကိုင်တော့မယ့်အလား ရှေ့ကနေ အပြေးကလေးသွားတတ်ပါတယ်။

ကိုယ်ကလဲ တနေ့တနေ့ အဲဒီအကောင်လေးကို အလွန်အကျွံကို ချစ်နေမိတော့ နေ့တိုင်း သူနဲ့ ဖုန်းပြောတိုင်း ကြောင်ကလေး အကြောင်းပဲ ပြောပြနေမိတယ်။ ကြာလာတော့ သူက ကိုယ့်ကို အမြင်တွေကပ်ပြီး ပေးမိတာတောင် မှားပြီလားလို့ ပြန်တွေးနေမိတယ် ဆိုပဲ… (ဆိုပဲ… ဆိုပဲ…)

ဒီနေရာမှာ နောက်တခုပြောပြချင်တာက တိရိစ္ဆာန်လေးတွေကို ချစ်ခင် ကြင်နာစိတ်ရှိတဲ့ သူတွေဟာ အပြင်ပန်းမှာ မာရေကျောရေ ဖြစ်နေပေမယ့် သူတို့ရဲ့ ပင်ကို စိတ်နေ သဘောထားတွေဟာ သိမ်မွေ့နူးညံ့ကြတယ် ဆိုတာပါပဲ…။ အဲဒီကြောင်ကလေး အိမ်ကိုရောက်လာတဲ့ အချိန်က ကိုယ့်မောင်လေးက အသက် ၁၆ နှစ် ၁၇ နှစ်… ကျောင်းတွေကလဲ ပိတ်ထားလေတော့ လုပ်စရာက မယ်မယ်ရရမရှိ…။ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ အိမ်မှာ ငြိမ်ငြိမ်မနေနိုင်ပဲ အချိန်ရတာနဲ့ သူငယ်ချင်းတွေနဲ့ မိုးချုပ် ညဥ့်နက် လဖက်ရည်ဆိုင် ထိုင်ချင်၊ ဆေးလိပ်လေး ဘီယာလေး စမ်းသောက်ချင်၊ လူကြီးတွေ လစ်ရင် ကား ခိုးမောင်းချင်နေတဲ့ အချိန်မျိုးပေါ့။ အိမ်မှာ အဖိုးကလဲ စည်းကမ်းက ခပ်ကြီးကြီး၊ ဖေဖေကလဲ အနားမှာ အချိန်ပြည့် ရှိမနေနိုင်၊ မေမေကလဲ သူ့ကို ပျက်စီးမှာစိုးလေတော့ ဟိုဟာ မလုပ်ရ ဒီဟာ မလုပ်ရနဲ့ ချုပ်ချယ်… ဟိုမသွားရ ဒီမလာရနဲ့ စည်းကမ်းတွေထုတ်ပြီး ဆူဆူပူပူလုပ်တတ်တဲ့ အခါတွေလဲ ရှိတယ်။

အဲဒီလို အပြင်မသွားရဘူးလို့ မေမေဆူထားတဲ့ အချိန်တွေမှာ မောင်လေးက Walkman ကက်ဆက်လေးနဲ့ နားနှစ်ဖက်ထဲ နားကြပ်ထည့်ပြီး တနေ့လုံး တညလုံး အခန်းထဲက အပြင်မထွက်တမ်း အိပ်နေတတ်တယ်။ အဲဒီ ကြွပ်ဆတ်ဆတ် မာကျောကျောနဲ့ တအိမ်လုံးမှာ အငယ်ဆုံး မောင်လေးဟာ သူ့ထက် ပိုငယ်နေပြီး အိမ်သားတွေ အကုန်လုံး အရေးတယူရှိလှတဲ့၊ နောက်ပြီး မတော်ရသေးတဲ့ အမျိုးက သူ့အမကို အီစီကလီလုပ်ပြီး လက်ဆောင်ပေးထားတဲ့ ကြောင်ကလေးကို သိပ်မချစ်သလို ခပ်စိမ်းစိမ်းနဲ့ ရှောင်ဖယ်ဖယ် နေ နေတတ်တာမို့ ကိုယ်က စိတ်မကောင်းဘူး။ ဒါပေမယ့် အကင်းပါးလှတဲ့ ကြောင်လေးကတော့ မောင်လေးကို မေမေဆူရင် မောင်လေးအနားမှာ မျက်နှာလေး ငယ်ငယ်နဲ့ သွားကပ်ပြီး ပွတ်သီး ပွတ်သပ် လုပ်နေတတ်တယ်။ ပထမတော့ မောင်လေးက သူ စိတ်အလိုမကျရင် ကြောင်လေးကို မဲပြီး ရိုက်ချင် ပုတ်ချင်တတ်တယ် လို့ ကိုယ်တွေ အားလုံးက ထင်နေကြတယ်။ ဒါပေမယ့် ကိုယ်တို့ ထင်တာ မှားတယ်။

(ဆက်ရန်)




Thursday, August 5, 2010

Passport သက်တမ်းတိုး နောက်ဆက်တွဲ

မနေနေနိုင် ရေးထားပြီးဖြစ်တဲ့ တွေ့ကြုံလေသမျှ... ရဲ့ နောက်ဆက်တွဲ ဖြည့်စွက်ချက် အသစ်လေးတွေပါ။

ပြီးခဲ့တဲ့ တနင်္လာနေ့က စပြီး သံရုံးမှာ ဓါတ်ပုံ ထပ်ရိုက်ရပါတယ်။ ပုံတွေပေးပြီးသားလေလို့ မငြင်းပါနဲ့… အခုက စာအုပ်ထဲမှာ တိုက်ရိုက်ထည့်ဖို့ Digital System နဲ့ဖြစ်ပြီး Print Out ထုတ်ပေးမှာ မဟုတ်ပါဘူး။ ဓါတ်ပုံရိုက်ထားပြီး စလစ်လေးကို သုံးကျပ်ပေးပြီး ဝယ်ရမှာဖြစ်ပါတယ်။ မနက်ပိုင်း အခွန်ဆောင်ဖို့ နေ့လည်ပြန်လာရင် သံရုံးထဲမှာ အတန်း သုံးတန်း ဖြစ်နေမှာ ဖြစ်ပါတယ်။ ဝင်ဝင်ချင်း တန်းစီနေတာကတော့ ဓါတ်ပုံရိုက်မယ့် အတန်းပါ။ စောစောများရောက်နေခဲ့ရင် ဓါတ်ပုံကြိုရိုက်ထားနှင့်တာ အဆင်ပြေပါတယ်။ အလယ်တန်းက အခွန်ဆောင်ဖို့ပါပဲ။ အခွန် ပြေစာရရင် ပြေစာကို မိတ္တူ ဆွဲဖို့ မမေ့ပါနဲ့ဦး။ အခွန်ဆောင်တုန်းက IC ကဒ် ကော်ပီ၊ စာအုပ်ကော်ပီ ပေးပြီးသားဖြစ်ပေမယ့် ပတ်စပို့ သက်တမ်းတိုးဖို့ နောက်ထပ် ကော်ပီတစ်စုံစီ ပါရမှာဖြစ်ပါတယ်။ အခွန်ကို အခုလောလောဆယ် ၂၀၁၀ မတ်လအထိ မဖြစ်မနေဆောင်ပေးရမှာမို့ ငွေသား အလုံအလောက် ယူလာဖို့လည်း လိုအပ်ပါတယ်။

တလတိတိ သို့မဟုတ် ထို့ထက်ပို၍ ခွင့်ပြန်သူများ ပတ်စပို့ အဝင်အထွက် တုံးများ ပြ၍ အဆိုပါလအတွက် အခွန်လျှော့ဆောင်၍ ရကြောင်းလည်း သိစေလိုပါသည်။ သို့သော် တလပြည့်ရန် တရက်လိုပါကလည်း ထည့်သွင်းစဉ်းစားမည် မဟုတ်ပါ။

အားလုံးစုံပြီဆိုရင် အတွင်းဘက် အကျဆုံး အတန်းမှာ လက်ဗွေ နှိပ်ဖို့ တန်းစီရမှာပါ။ လက်ဗွေ မနှိပ်ခင် စာရွက်စာတမ်းတွေ စုံလင်မှု ရှိမရှိကို သက်ဆိုင်ရာ အရာရှိက စစ်ဆေးမှာ ဖြစ်ပြီး သူတို့လိုအပ်ရင် လိုအပ်တာကို ထပ်မံတောင်းယူပါလိမ့်မယ်။ ပြီးရင် စာအုပ်အသစ်ထုတ်ဖို့ မလန ဖြတ်ပိုင်းလေးတခုမှာ လာထုတ်နိုင်တဲ့ နေ့ရက် ရက်ချိန်း ရေးပေးလိုက်မှာဖြစ်ပါတယ်။ အရေးတကြီး လိုအပ်သူများ မိမိ၏ရုံး အထောက်အထား ပူးတွဲပြပြီး စောစောထုတ်ပေးစေဖို့ အရေးဆိုနိုင်ပါတယ်။

သို့သော် တခါတရံတွင် Passport စာအုပ်များ ကုန်သွားတတ်သည့် အတွက် စာအုပ်ထုတ်ပေးသည့်ရက်မှာ ထုတ်လို့မရရှိတတ်ပါ။ ယခုအပတ်အတွင်း ထုတ်ပေးရန် ချိန်းဆိုထားသော စာအုပ်များထုတ်မပေးနိုင်သည်မှာ သုံးရက်ရှိသွားပြီဖြစ်ပြီး စာအုပ်မရသဖြင့် အလုပ်လုပ်ခွင့် ကဒ်ပြား သက်တမ်းတိုးရန် အဆင်မပြေဖြစ်သူများအပြင် ထို့အတွက်အလုပ်မှ ရပ်စဲခြင်းခံလိုက်ရသူများလည်း ရှိလာပါတယ်။ အဆိုပါလူများအတွက် IC ကဒ် မိတ္တူပေးပြီး သံရုံးမှ Passport Extension Processing Letter များ လာရောက် တောင်းဆိုနိုင်ပါတယ်။ သို့ရာတွင် မည်သည့် အလုပ်လုပ်ခွင့်ကဒ်ပြား ကိုင်ဆောင်သူမဆို ကဒ်သက်တမ်းဖြစ်စေ၊ Passport သက်တမ်းဖြစ်စေ ကုန်ခါနီးမှ ကပ်ပြီး မတိုးပဲ ကြိုတင်တိုးထားကြဖို့ သတိချပ်စေလိုပါတယ်။

ထို့အပြင် ပြည်တွင်း မှ လာရောက် အလုပ်ရှာသူများ Passport သက်တမ်းကို အပြင်မှာ တိုးရတာ လွယ်တယ်ဆိုပြီး ထွက်မလာစေလိုပါ။ ယခင်လို Short Visit သမားများ ကြိုတင် ဝင်ခွန်ဆောင်သော်လည်း Passport သက်တမ်း တိုးပေးမည် မဟုတ်တော့ပါ။ ပြည်တွင်းတွင်သာ တိုးရန် သတ်မှတ်ထားပါသဖြင့် ဒီရောက်မှ ပြန်ရခြင်းမျိုး မဖြစ်စေရန် ထွက်မလာခင် Passport သက်တမ်း တစ်နှစ်အထက်ရှိဖို့ လိုအပ်ကြောင်းများ စသည် စသည်…..

မှတ်ချက် ။ ။ မကြာသေးတဲ့ ရက်ပိုင်းအတွင်းက သူငယ်ချင်းတယောက် Passport သက်တမ်းတိုး အပြီးမှာ သူ့အတွေ့အကြုံကို ရေးပြီး ပို့လာတာပါ။ Passport သက်တမ်းတိုးမယ့်သူများ ဗဟုသုတ အဖြစ် ဖတ်ကြည့်ဖို့ မျှဝေလိုက်ပါတယ်…။