Wednesday, February 24, 2010

ရပ်ကွက်ထဲမှာ ဒီလိုပဲ (၂)

တရုပ်လူမျိုးတွေရဲ့ နှစ်သစ်ကူးတဲ့ အချိန်ကာလမှာ ဒီက ရုံးတွေမှာ နှစ်သစ်ကူး နေ့လည်စာ စားပွဲတွေ၊ ညစာစားတဲ့ ပွဲတွေနဲ့ စည်ကားနေတာ…။ ဒီလို အချိန်မှာ တရုပ်လူမျိုးတွေ များတဲ့ ရုံးတရုံးက နှစ်သစ်ကူး အထိမ်းအမှတ် ညစာသွားစားကြတယ်…။

အဲဒီလို သွားစားကြတဲ့ အခါမှာ သူတို့ရုံးကို မကြာခင်ကမှ အသစ်ရောက်လာတဲ့ အင်္ဂလိပ် လူမျိုး လူမျိုးခြားတယောက်လဲ အတူတူ ပါလာတယ်…။ တရုပ်တွေကလဲ နှစ်သစ်ကူးချိန်နဲ့ ကြုံကြိုက်နေချိန်မှာ ရောက်လာတဲ့ အဲဒီလူအသစ်ကို သူတို့ရဲ့ ယဉ်ကျေးမှု ဓလေ့ထုံးစံတွေ၊ နှစ်သစ်ကူးချိန်မှာ လုပ်လေ့ လုပ်ထရှိတာတွေ၊ အထူးတလည် ပြင်ဆင် စားသောက်ကြတဲ့ အစားအသောက်တွေ စတာတွေကို မမောနိုင် မပန်းနိုင် ရှင်းလင်း ပြောပြကြတာပေါ့…။

ဒီလိုနဲ့ စားမယ့် ဆိုင်ကို ရောက်လာတယ်…။ စားစရာတွေ မှာကြတယ်…။ စားစရာတွေ ရောက်လာပြီး စ စားမယ်ကြံတော့ အားလုံး ဝိုင်ခွက်လေးတွေ ကိုယ်စီနဲ့ "ကမ်ပေ့" လုပ်ကြတာပေါ့…။ လူမျိုးခြားကလဲ တပြုံးပြုံးနဲ့ သူတို့ ပြောသမျှ၊ သူတို့ လုပ်သမျှကို သေသေချာချာ လေ့လာနေတာလေ…။ တရုပ်တွေကလဲ စားလိုက်ကြ… ပြီးရင် ခွက်တွေထဲ ထပ်ဖြည့်ကြပြီး အသံကျယ်ကြီးတွေနဲ့ ကမ်ပေ့ လုပ်လိုက်ကြနဲ့ပေါ့…။

သူတို့တွေ ဘယ်နှစ်ကြိမ် ဘယ်နှစ်ခါ မပြီးနိုင် မစီးနိုင် ကမ်ပေ့ နေကြတယ် မသိ… နောက်ဆုံးမှာ အဲဒီလူမျိုးခြားက စိတ်တိုတိုနဲ့ ခပ်ကျယ်ကျယ် ပြောလိုက်တယ်တဲ့…

Ok… Ok… Please stop it. I know, you can’t pay
Never mind… I will pay for you…!!!


မျက်လုံးထဲမှာ မြင်ယောင်၊ နားထဲမှာ ကြားယောင်ရင်း ရယ်မော ပျော်ရွှင်နိုင်ကြပါစေ…။



*** ရပ်ကွက်ထဲမှာ ဒီလိုပဲ (၁)

Thursday, February 18, 2010

ကန့် သတ် ချက် များ


မဝင်ရ
အပြင်လူ မဝင်ရ
သဘင်သည် မဝင်ရ
အခွင့် မရှိ မဝင်ရ (အချစ် မရှိ မဝင်ရ)
မည်သူမျှ မဝင်ရ
အနှေးယာဉ် မဝင်ရ
ကုန်တင်ယာဉ် မဝင်ရ
၃ တန် ယာဉ်များ မဝင်ရ
ငါးဖမ်းသဘောင်္များ မဝင်ရ

မရပ်ရ မဆိုင်းရ
မသွားရ မလာရ
ဝင်ခွင့် တောင်းပါ
ရေကို ချွေတာပါ
ခြေသံ ဖွဖွနင်းပါ
စကား တိုးတိုးပြောပါ

လက် မထုတ်ရ
ခေါင်း မပြူရ
ဆေးလိပ် မသောက်ရ
လက်မှတ် ဆုတ်ပါ

အမှိုက် မပစ်ရ
ကွမ်းတံတွေး မထွေးရ
စီတန်း လှည့်လည်ခြင်း မပြုရ
ရင်ပြင်တော်ပေါ်တွင် ဖိနပ် မစီးရ
သီဆို တီးမှုတ် ကခုန်ခြင်း မပြုရ

ဧည့်ချိန် ပြင်ပ မဝင်ရ
လူနာ လာတွေ့သူများမှ အပ မဝင်ရ

တားထားသော စည်း
ကာထားသော ဘောင်
ပိုင်းခြားထားသော နယ်နမိတ်
သတ်မှတ် နယ်မြေ
ကန့်သတ် နယ်မြေ
တားမြစ်ထားသော နေရာ
ဤနေရာများသို့ ဖြတ်သန်း သွားလာခြင်း မပြုရ

ပန်း မခူးရ
ငါး မမျှားရ
ရေ မကူးရ
ကား မရပ်ရ
ဤနေရာသို့ မကျူးကျော်ရ
ဤနေရာတွင် ဈေးမရောင်းရ

အချို မစားရ
အစပ် မစားရ
အဆီ လျှော့စားပါ
အငန် လျှော့စားပါ
ဆေး မှန်မှန်သောက်ပါ
လဘက်ရည် ကော်ဖီ မသောက်ရ

သတိ
နိုင်ငံတော်အလံကို အလေးပြု
သင့်ကြောင့် မီးမလောင်ပါစေနှင့်
ရုပ်ရှင်ရုံအတွင်းသို့ အစားအစာများ ယူဆောင်ခွင့်မပြု
ပြီးပါပြီ…။

အခု လောလောဆယ် ခေါင်းထဲရောက်နေ၊ တွေးနေမိသော အကြောင်းအရာ၏ ခေါင်းစဉ်မှာ "ကန့်သတ်ချက်များ" ဖြစ်ပါသည်။ အထက်ပါ စာကြောင်းများသည် မျက်စေ့ဖြင့် အလွယ်တကူ မြင်သာ ထင်သာရှိလှသော ကန့်သတ်ချက်များကို တွေးမိသမျှ၊ မှတ်မိသမျှ ရေးထားခြင်း ဖြစ်ပါသည်။ တဆက်တည်း တွေးနေမိသည်မှာ ကိုယ်စီ ကိုယ်ငှ နေ့စဉ် ရှင်သန်နေထိုင်ကြရသော ဘဝတွေတိုင်းတွင် အလွယ်တကူ မမြင်ရသော၊ အလွယ်တကူ မမြင်နိုင်သော အတားအဆီးများ နှင့်အတူ ကန့်သတ်ချက်ပေါင်း မြောက်များစွာ ရှိနေပါသေးသည် ဟူ၍ပင်...။

မပြီးဆုံးနိုင်သော အတွေးများဖြင့် . . .

Monday, February 15, 2010

အလုပ်မရှိ အလုပ်ရှာ

ဒေါ်သက်ဝေ တယောက် တော်တော်အားနေသလားလို့ ပြောရင်လဲ ခံရမှာပါပဲ…။ ဒီနေ့ တရုပ်နှစ်သစ်ကူး ရုံးပိတ်ရက်တွေရဲ့ စတုတ္ထမြောက်နေ့ပါ…။ လူ့အလို နတ်မလိုက်နိုင် ဆိုတဲ့အတိုင်း မနားရတော့လဲ နားချင်တယ်…။ နားရတာ ရက်နဲနဲကြာလာတော့လဲ နေမထိ ထိုင်မသာနဲ့ပါ…။ အပြင်ထွက်ရအောင်ကလဲ နေက တော်တော်ပူတယ်…။ မတော် နေပူထဲသွားလို့… အသားတွေ မဲသွားမှဖြင့်… ဟီဟိ။ အမျိုးသားက စာဖတ်စရာတွေ နဲ့ အလုပ်တွေရှိနေတော့ သူ့အလုပ် သူလုပ်၊ သူ့စာ သူ ဖတ်နေတုန်း ကိုယ် အလုပ်မရှိ အလုပ်ရှာထားတာလေးတွေ ကြည့်ပါအုံး…။

ပထမဆုံးအနေနဲ့ သူ နှစ် နှစ်နီးပါး စုထားတဲ့ ကျပ်စေ့တွေကို စားပွဲပေါ် သွန်ချပြီး ရေတွက်မလို့ လုပ်ပါတယ်။ ဆယ်ခုစီ တပုံ ပုံပြီး ရေမလို့အလုပ်… သူက အသံ တချွင်ချွင်တွေ ကြားသွားပြီး အနားကို ရောက်လာပါတယ်။ ကိုယ့်ကိုကြည့်ပြီးတော့ အဲဒါတွေကို နှစ်ကျပ်ခွဲနဲ့ ဓါတ်ပုံရိုက်ထားပါလား လို့ ရယ်ကျဲကျဲနဲ့ ပြောပါတယ်…။ ပြီးတော့ ဘလော့ဂ်မှာ တင်ရင်တင်၊ မတင်ရင် Facebook မှာ တင်ပေါ့တဲ့…။

တွေ့လား… တွေ့လား… ဒါ ကိုယ့်ကို သက်သက် အရွဲ့တိုက် လှောင်ပြောင်တာ…။ သွားလေရာမှာ နှစ်ကျပ်ခွဲကြီး တသယ်သယ်နဲ့ တွေ့သမျှ မြင်သမျှ မဲမဲမြင်တိုင်း အကုန်လျှောက်ရိုက်ပြီး အလုပ်တွေရှုပ် ဘလော့ဂ်မှာတင်ရ၊ Flickr မှာ တင်ရ၊ Facebook မှာ တင်ရ၊ မှတ်ချက်တွေ ရရင် ဝမ်းသာအားရ ဖတ်ပြရနဲ့ အစဉ် ရှုပ်ရှက်ခတ်နေတတ်တဲ့ ကိုယ့်ကို ဒါ သက်သက်မဲ့ လှောင်ပြောင်တာ…။

ဟင်း… ဘာရမလဲ… တွေ့ကြသေးတာပေါ့ကွာ လို့ ဆိုပေမယ့်… စိတ်ထဲ အဲဒီ ကျပ်စေ့ ညိုဝါဝါလေးတွေ အပုံလိုက် တွေ့ရတာ လှနေသလိုပဲ…။ ဒါနဲ့ပဲ တအိမ်လုံးရဲ့ ရယ်မော လှောင်ပြောင်မှုကို ခံယူပြီး ဓါတ်ပုံရိုက်လိုက်ပါတယ်…။ ပြီးတော့ Photoshop ထဲမှာ နဲနဲ အရောင်လေးတွေ လှအောင် ကစားပြီး ဘောင်ခတ်လိုက်တယ်…။ တော်တော်ကြည့်ပျော် ရှုပျော်ဖြစ်သွားသလိုပဲ…။ ဟဲဟဲ…


(တခါက မမခင်ဦးမေကို ရွာသားလေးရဲ့ ပိုစ့်တခုအောက်မှာ မှတ်ချက်ရေးရင်း အမျိုးသားက ကျပ်စေ့တွေ စုပါတယ်၊ အခုဆိုရင် တထောင်နားနီးနေပါပြီလို့ ပြောမိတာ အခု ပုံနဲ့တကွ ပြလိုက်တယ်နော် မမ…)

ဓါတ်ပုံရိုက်လို့ပြီးတော့ အဲဒါတွေကို ဆယ်စေ့စီ အပုံလေးတွေပုံပြီး ရေတွက်တဲ့ အလုပ်ကို လုပ်ပါတယ်…။ ဟုတ်တယ်… စုစုပေါင်း တထောင်ကို နဲနဲကျော်တယ်…။ ဒီမှာလေ…


ဓါတ်ပုံရိုက်ခါနီးမှာ တထောင်ထက်ကျော်နေတဲ့ အစွန်းထွက်တွေကို ဖယ်ထားလိုက်တယ်…။

သူက ကျပ်စေ့တွေလိုပဲ ငါးမူးစေ့တွေကိုလဲ စုထားပါသေးတယ်။ ဒါပေမယ့် ငါးမူးစေ့လေးတွေကတော့ ကျပ်မပြည့်တဲ့သူလိုပဲ မျက်နှာငယ်ရရှာတယ်…။ ရေတော့ ရေကြည့်လိုက်တယ်… သူလဲ သုံးရာနီးနီးပဲ…။ ဒါပေမယ့် အရောင်အဆင်းက မွဲခြောက်ခြောက်နဲ့မို့ ဓါတ်ပုံမရိုက်ချင်ဘူး…။ (ဒီကင်မရာ ဝူးမင်းက တော်တော် မျက်နှာလိုက်တတ်တယ်နော်…)

အဲါးတွေ အားလုံး ဘူးတွေထဲ ပြန်ထည့်၊ သိမ်းဆည်းလို့အပြီးမှာ လက်ကို သေသေချာချာ စင်အောင်ဆေးနော် လို့ ညွှန်ကြားချက်လာပါတယ်။ ဒါနဲ့ လက်ကို ဆပ်ပြာနဲ့ ဆယ်ခါလောက် ပွတ်ဆေးလိုက်တယ်…။ စိတ်ထဲတော့ စင်တယ် ထင်တာပါပဲ… ရောဂါပိုးမွှား ဆိုတာတွေက ကိုယ်တိုင် မြင်ကြည့်လို့မှ မရတာနော်…။

စိတ်ထဲမှာတွေးနေတာ... အခုလို စုထားတဲ့ ကျပ်စေ့တွေကို ဓါတ်ပုံရိုက်ပြီး ဘလော့ဂ်မှာ တင်ခွင့်ပေးတဲ့ ကိုဘယ်သူ ကို ကျေးဇူးတင်ပါတယ်... ဘာညာ ပြောင်ချော်ချော်နဲ့ ရေးမလို့...။ ဒါပေမယ့် စဉ်းစားကြည့်လိုက်တယ်... ကျပ်စေ့တွေရဲ့ ဓါတ်ပုံကို အသုံးပြုခွင့်ပေးလို့ ကျေးဇူးတင်တာထက်စာရင် အဲဒီကျပ်စေ့တွေကို အသုံးပြုခွင့်ပေးတာက ပိုပြီး ကျေးဇူးတင်စရာကောင်းမယ် လို့...။ ဒီတော့ အဲဒီကျပ်စေ့တွေ ကိုယ့်လက်ထဲရောက်လာအောင် ကြံစည်လိုက်အုံးမယ်... ဒါမှ ၂၂ ရက်နေ့ Robinson Sale အတွက် အဆင်ပြေလိမ့်မယ်... ဟဲဟဲ (အခြေအနေကောင်းရင် အကြောင်းပြန်မယ်နော်...)

အဲဒီလိုတွေ ကြီးကြီးကျယ်ကျယ် ကြံစည်တွေးတောပြီး သကာလမှာ ထမင်းစားတယ်…။ ထမင်းစားပြီးတော့ တခါ လုပ်စရာက မရှိတော့ပြန်ဘူး…။ ဒါနဲ့ ကွန်ပျူတာရှေ့ကိုပဲ ပြန်ရောက်လာတယ်…။ ပိုစ့်အသစ်တွေ လိုက်ဖတ်တယ်…။ ပြီးတော့ အရင်ကရိုက်ထားတဲ့ ပုံတွေ ပြန်ကြည့်ပြီး ဟိုဟိုဒီဒီ လျှောက်ကလိရင်း ဒီပုံလေးကို ရလာပြန်တယ်…။ (ဒီ view တခုပဲ ရိုက်စရာရှိလား ပြောရင်လဲ ခံရမှာပါပဲ... အခန်းထဲက ချိန်လိုက်တိုင်း အဲဒီ့ဖက်ကိုပဲ မျက်စေ့က ရောက်ရောက်သွားတယ်... ရောက်ဆို အဲဒီဖက်ကို ကြည့်လိုက်တိုင်း သိပ်လှတဲ့ တိမ်တွေကို အမြဲမြင်နေရတာကိုး...)


ဟင်… ဘယ်လိုလုပ်လိုက်တာလဲ… ဟုတ်လား… ဟာ... ဒီလိုတော့ မမေးကြနဲ့လေ... မဖြေတတ်ဘူး...။ ဒီလိုပဲ ဟိုနှိပ် ဒီနှိပ် လျှောက်နှိပ်လိုက်ရင်းက အခုလိုဖြစ်သွားတာပဲ…။ ဘာပဲဖြစ်ဖြစ် ကိုယ့်မျက်စေ့ထဲတော့ ကြည့်ကောင်းနေသလိုပဲ…။ (သိပ်တော့မလွယ်ဘူး… အခုတလော မြင်သမျှ တွေ့သမျှ အားလုံးလှ ဖြစ်နေတယ်…)

အဲဒါတွေပြီးတော့ ဘာလုပ်သေးလဲ… ဟုတ်လား…။ ကွန်ပျူတာနဲ့ မျက်နှာ မခွာတမ်းနေပြီး ဒီစာတွေကို ရေးနေတာပေါ့…။ ပြီးရင်တော့ Cold Storage ကို ခဏသွားအုံးမယ်…။ Jelita Cold Storage က ဒီနေ့အတွက် ည ဆယ်နာရီအထိ ဖွင့်မယ်တဲ့…။ ကော်ဖီသောက်မယ်… ဈေးနဲနဲဝယ်မယ်…။ လိုက်ခဲ့ကြပါအုံးလား…။

အဲဒီက ပြန်လာရင်တော့ ညဥ့်နက်နေလောက်ပြီ… အိပ်ရုံပဲ ရှိတော့တယ်…။
အခုထဲက ကြိုပြီး နှုတ်ဆက်ထားလိုက်မယ်နော်… ကောင်းသောညပါ လို့…။

Sunday, February 14, 2010

ချစ်ခွင့်


သည်နေ့ စိတ်ထဲမှာ သူမကို ထူးထူးခြားခြား သတိရနေမိသည်။
လွမ်းဆွတ် သတိရ တမ်းတမိချိန်တွေတိုင်းမှာ ကိုယ့်အနားမှ နွေးထွေးဖွယ်ရာ မီးခိုးရောင် မွေးပွ ဝက်ဝံလေးသည် သူမ ဖြစ်၏။ ကိုယ့်စာကြည့်စားပွဲပေါ်က ပန်းစိုက်အိုးထဲမှ ရိုးတံရှည်ရှည်နှင့် နှင်းဆီပွင့် အနီရဲရဲလေး တပွင့်သည် သူမ ဖြစ်၏။ ပန်းနုရောင် အသည်းပုံ ပိုစ့်ကဒ် လှလှလေးတခုသည် သူမ၏ လက်ချောင်းထိပ်မှ လက်သည်း ချွန်ချွန်ကလေးများ ဖြစ်၏။ ချောကလက် ညိုဝါဝါလေးများသည် သူမ ဆိုးနေကျ နှုတ်ခမ်းနီအရောင် ဖြစ်၏။ ထို့အတူ ကြယ်သီး ကြည်ကြည်လေးတလုံးသည် သူမ၏ ချစ်စဖွယ် မျက်ဝန်းကြည်လဲ့လဲ့များ ဖြစ်နေတတ်ပါသည်။

ပိုလိုရှပ် အနက်ရောင်ဝတ်ထားသော အရပ်ရှည်ရှည် မိန်းကလေးများကို တွေ့လိုက်တိုင်း၊ အရုပ်ပိစိလေးများ ကီးချိန်လေးများ များစွာ ချိတ်ဆွဲထားတတ်သော ကျောပိုးအိပ် အညိုရောင်လေးများကို တွေ့လိုက်တိုင်း၊ ဆံပင်ရှည် နက်နက်များနှင့် ခေါင်းကိုစောင်းငဲ့ကာ ချစ်စဖွယ် စကားဆိုတတ်သော မိန်းကလေး တချို့ကိုတွေ့တိုင်း၊ ပြီးတော့ သူမနှင့်သက်ဆိုင်သော အမှတ်ရစရာများကို တွေ့မြင် ကြားသိလိုက်တိုင်း ကိုယ့် ရင်ခုန်သံကို ကိုယ်တိုင် ပြန်ကြားရလောက်အောင် သူမကို လွမ်းဆွတ်မိပါသည်။

နောက်ဆုံးတခါ တွေ့ခဲ့စဉ်က သူမကို အချိန်တိုင်း လွမ်းဆွတ် သတိရနေကြောင်း စိတ်လိုလက်ရ ပြောပြလိုက်မိသောအခါ သူမ ပြန်ပြောခဲ့သော စကားများကို နားထဲမှာ ပဲ့တင်ထပ်လာခဲ့သည်။ ထိုနေ့က ပြောဖြစ်ခဲ့ကြသော စကားများထဲတွင် အခြေအနေတွေကြောင့် သူမကို အတွေးထဲမှ အတတ်နိုင်ဆုံး ဖယ်ထုတ်ထားစေချင်သည် ဟု ယူဆ၍ရသော စကားမျိုးကို သူမ ပြောခဲ့သည်။ ကိုယ့်ကို မငဲ့ညှာ မစာနာ၊ ပြောထွက်လေခြင်းဟု သူမကို မနာကျည်းနိုင်၊ အမှန်ကတော့ သူမ၏ ဆုံးဖြတ်ချက်များသည် အစဉ်သဖြင့် ကောင်းမွန် မှန်ကန်တတ်သည်သာ။ ခက်နေသည်က သူမကို ဘယ်လိုမှ မေ့မရနိုင်သော ကိုယ်သာ ဖြစ်သည်။

*****

သူမကို သတိရ လွမ်းဆွတ်မိတိုင်း ကိုယ့် စိတ်အတွေးတွေသည် ဟိုးအရင်က အချိန်များဆီသို့ လွင့်ပျံ့သွားတတ်သည်သာ။ အေးစက်စက် ပတ်ဝန်းကျင်ထဲသို့ နေသားတကျမရှိသေးခင်မှာ ချစ်ခင်စဖွယ် စကားပျူငှာ ချိုသာစွာဆိုတတ်သော သူမကို တွေ့ဆုံပြီး နေ့ရက် အနည်းငယ်အတွင်းမှာပင် သတိထားမိခဲ့သည်။ ကိုယ်လိုအပ်သမျှကို အတတ်နိုင်ဆုံး ကူညီ ဖြည့်ဆည်းပေးတတ်သော သူမ သည် ပတ်ဝန်းကျင်မှ လူအများကြားထဲတွင် ဘယ်သူနဲ့မှမတူသော နွေးထွေးသော၊ ကြင်နာတတ်သော နှစ်လိုဖွယ်ရာ စာနာ နားလည်ခြင်း ဟူသော ခံစားမှု တခုကို ကိုယ့်ထံသို့ သယ်ဆောင်လာခဲ့သည်။ တစထက်တစ ရင်းနှီး နီးကပ်လာသော သူမနှင့် ကိုယ်တို့ နှစ်ယောက်အကြား ဆက်ဆံရေးသည် ကောင်းသည့်ဖက်ကို ဦးတည်နေသည်လား၊ ဆိုးသည့်ဖက်ကို ဦးတည်နေသည်လား ကိုယ်တိုင် သေသေချာချာ မဆန်းစစ်မိခင်မှာပင် ကိုယ့်နှလုံးသားတွေသည် သူမနှင့် အနီးဆုံး တနေရာကို ရောက်နေခဲ့သည်။

အဲဒီ နောက်ပိုင်းမှာ ကိုယ်တို့နှစ်ယောက်၏ အနေအထားကို သူမ သတိပြုမိသွားသလို ကိုယ့်ရင်ထဲမှ စကားသံများကိုလည်း သူမ ကောင်းကောင်း ကြားနာတတ်သွားသည်။ ပြီးတော့ ဟန်မဆောင်တတ်သော ကိုယ့်မျက်နှာကို စာတအုပ်လို သူမ အလွယ်တကူ နားလည် ဖတ်ရှု ခံစားတတ် သွားတော့သည်။ ထိုအခါ ကိုယ့်ကို မသိမသာ တမျိုး၊ သိသိသာသာ တမျိုး ရှောင်ဖယ်တတ်လာခဲ့သည်။ ပြီးတော့ အရင်နဲ့မတူ… သူမ တိုးတိတ်စွာ ငြိမ်သက် စကားနည်းသွားသည်။

သို့သော် တွေ့လိုက်တိုင်းမှာ ကြည်လင်လှပသော မျက်ဝန်းများက အေးချမ်းသယောင်နှင့် အဓိပ္ပါယ်များစွာ ပါဝင်သော စကားများကို တိတ်တဆိတ် ဆိုနေလေ့ရှိသည်…။ နှုတ်မှ ဖွင့်ဟပြောကြား စကားဆိုလိုက်သည်ထက် ပို၍ သိမ်မွေ့သော၊ ပို၍ လေးနက်သော၊ ပို၍ နားလည်ရခက်သော၊ ကိုယ့်ရင်ကို ထိခိုက် လှုပ်ခါစေသော မျက်ဝန်း အကြည့်များပင်။ အဓိပ္ပါယ် ကျယ်ဝန်းသော စကားလုံးပေါင်းများစွာကို ကိုယ့် တယောက်တည်းအတွက် တီးတိုး ဖေါ်ပြတတ်သော ထိုမျက်လုံးနက်နက်လေးတွေကို တခါတရံမှာ ကိုယ် မှန်ကန်စွာ ဘာသာမပြန်တတ်ခဲ့ပါ။ သူမ၏ ပြုံးယောင်ယောင် မျက်လုံးလေးတွေကို ငေးမောကြည့်နေမိရင်း အချိန်များ ရွေ့လျားလာခဲ့သည်။

သည်လိုနှင့် သူမနှင့်ဝေးကွာရတော့မည့်အချိန်များ နီးကပ်လာခဲ့သည်။ အချိန်တန်လျှင် အိမ်ပြန်ရသည်ပဲ…။ သို့သော် ဒီအတိုင်းတော့ဖြင့် သူမကို ချန်မထားခဲ့ချင်... ချန်မထားခဲ့နိုင်...။ သူမကို တခုခုတော့ ပြောခဲ့ချင်သလို သူမဆီကလဲ တစုံတရာကို ကိုယ် လိုချင် တောင့်တနေမိသေးသည်။ ဘာလုပ်ရမလဲ….

ညနေခင်း တခု... ထိုညနေခင်းကို ကိုယ် ဘယ်တော့မှ မမေ့။ ထိုညနေဆီက သူမ၏ သိမ်မွေ့သော်လည်း နက်ရှိုင်းသော၊ လှပသော်လည်း တည်ငြိမ်သော၊ ရိုးသားသော်လည်း ထူးခြားသော အကြည့်တွေကို ယနေ့ထက်တိုင် ကိုယ် မမေ့…။ ဘယ်အချိန် ဘယ်ကာလကို ရောက်ရောက် ဘယ်တော့မှ မေ့ဖျောက်နိုင်လိမ့်မည် မဟုတ်သော မျက်ဝန်းအကြည့်များ။

ထိုနေ့က သူမ၏အကြည့်တွေကို ဘာသာပြန်ဖို့ ကြိုးစားသော်လည်း မအောင်မြင်၊ ထိုအကြည့်တွေအတွက် သူမကို မေးခွန်းများ မေးရန် ကြိုးစားသော်လည်း အခြေအနေက မပေး၊ ရင်ထဲတွင် တင်းကြပ်စွာ ခံစားပြီး သူမ၏ အကြည့်ဆန်းဆန်းတွေကို နှလုံးသားနှင့်အပြည့် သယ်ဆောင်ပြီး လာလမ်းအတိုင်း ကိုယ် လှည့်ပြန်လာခဲ့ရသည်။ ထိုနေ့က အပြန်လမ်းတလျှောက် မိုးတွေ သည်းကြီးမဲကြီး ရွာချသည်။ သေချာတာကတော့ ကိုယ် ကြေကွဲ ဝမ်းနည်းနေခဲ့သည်။ သည်လိုနှင့်ပဲ ကိုယ်တို့ နှစ်ယောက် အဝေးဆုံးကို ဝေးကွာသွားကြရတော့မည်လား…

တခါတရံမှာ ကံကြမ္မာသည် ဆန်းကြယ်သော အကြောင်းတရားများကို ဖန်တီးတတ်သည်။ ထိုနေ့က ကိုယ့်အခန်းငယ်လေးထဲမှာ ရပ်တန့်ထား၍ မရနိုင်သော နာရီလက်တံများ အကြောင်းကို တွေးရင်း သူမ၏ မျက်ဝန်းတစုံကို လွမ်းဆွတ်ရင်း တိုးတိတ်စွာ ငြိမ်သက်နေမိသည်။ နောက်ထပ် နာရီအနည်းငယ်ဆိုလျှင် ကိုယ်တို့ ဝေးကွာသွားကြရတော့မည်ပဲ…။ ထိုအချိန်လေးမှာ အံ့သြစရာကောင်းလှစွာ ကိုယ့် ရှေ့မှောက်ကို သူမရောက်လာခဲ့တာ…

ထုံးစံအတိုင်း ပိုလိုရှပ် နက်ပြာရောင်၊ အညိုရောင် ကျောပိုးအိပ်၊ ဆံပင် ရှည်ရှည် နက်နက်များနှင့် ကြည်လင်သော မျက်ဝန်းတစုံ…။ ကိုယ် ဘာစကားမှ မဆိုနိုင်အောင် အံ့သြတကြီး ဖြစ်နေဆဲ… ကိုယ့်လက်ထဲကို ပေါ့ပါး၍ နူးညံ့သော အရာလေးတခု ရောက်လာသည်ကို သိလိုက်သည်…။ ပြီးတော့ မျက်ဝန်းနက်နက်များဖြင့် ကိုယ့်ကို မော့ကြည့်ပြီး တိုးတိတ် ညင်သာသော စကားတခွန်းကို သူမ ဆိုခဲ့သည်။ ကိုယ်ဘယ်လိုမှ မျှော်လင့်မထားသော (အမှန်ကတော့ မမျှော်လင့်ရဲတာ ပိုဖြစ်နိုင်ပါသည်) သူမ၏ စကားကို မယုံကြည်နိုင်သလို ထူးဆန်း အံ့သြနေဆဲ… ပြီးတော့ ကိုယ်ဘာမှ ပြန်မပြောလိုက်နိုင်ခင်မှာပဲ လှစ်ကနဲဆို သူမ ကိုယ့်ရှေ့မှ ပြေးကွာ ပျောက်ကွယ်သွားတော့သည်။

*****

ထိုနေ့မှစလို့ သူမကို ကိုယ် တိုးတိတ်စွာ ချစ်ခွင့်ရခဲ့သည်။ တိတ်ဆိတ်စွာ လွမ်းခွင့်ရခဲ့သည်။ ကိုယ့်အတွက် နွေးထွေးနူးညံ့သော Me to You မီးခိုးရောင် မွေးပွ ဝက်ဝံလေးသည် သူမ ဖြစ်၏။ ရိုးတံရှည်ရှည်နှင့် နှင်းဆီပွင့် အနီရဲရဲလေး တပွင့်သည် သူမ ဖြစ်၏။ ပန်းနုရောင် အသည်းပုံ ပိုစ့်ကဒ်လှလှလေးတခုသည် သူမ၏ လက်သည်း ချွန်ချွန်ကလေးများ ဖြစ်၏။ ချောကလက် ညိုဝါဝါလေးများသည် သူမ ဆိုးနေကျ နှုတ်ခမ်းနီအရောင် ဖြစ်၏။ ထို့အတူ ကြယ်သီး ကြည်ကြည်လေးတလုံးသည်လည်း သူမ၏ ချစ်စဖွယ် မျက်ဝန်းကြည်လဲ့လဲ့များသာ ဖြစ်နေတတ်ပါသည်။

သူမသည်…
မျှော်လင့်မထားသော အချိန်မှာ မျှော်လင့်မထားသော ဆုံဆည်းခြင်းမျိုးဖြင့် တွေ့ဆုံခဲ့ရသူ… ကိုယ့် ဘဝအတွက် အတိုင်းအဆမဲ့သော လှပ ဆန်းကြယ်ခြင်းတွေကို ယူဆောင်လာခဲ့သူ… ကိုယ့် လိုအင်တွေကို အတတ်နိုင်ဆုံး နားလည်စွာ လိုက်လျော ဖြည့်ဆည်း ပေးခဲ့သူ… သူမထံမှ ရရှိခဲ့သော လေးနက်သော ချစ်ခြင်း နှင့် အဖိုးတန် လှပသော ချစ်ခွင့် တို့အတွက် သူမကို ကိုယ့် ဘဝ တစ်လျှောက်လုံး ကျေးဇူးတင် ချစ်ခင်ရင်း ထာဝစဉ် အမှတ်ရ လွမ်းဆွတ်လျက် ရှိနေမည်သာ…။


Friday, February 12, 2010

ရပ်ကွက်ထဲမှာ ဒီလိုပဲ (၁)

ဒီနေ့ တရုတ်နှစ်ကူးအတွက် ရုံးပိတ်ရက် ၅ ရက် အနက်က ပထမဆုံးနေ့ပါ…။ တမနက်လုံး အိမ်မှာ စာအုပ်တွေရယ် ဘလော့ဂ်တွေရယ် ဓါတ်ပုံတွေရယ်၊ ပြီးတော့ ကပ်ကြေးကိုက်ရယ် ကော်ဖီရယ်နဲ့ တအားကို ဇိမ်ကျနေတာ။ (မနာလို မရှိကြပါနဲ့…)

မျက်စေ့ထဲ စိတ်အတွေးထဲမှာ မြင်ယောင် တွေးတောနေမိတာတွေကတော့ ဟိုး အထက်တန်း ကျောင်းသူဘဝတုံးက ဆောင်းငွေ့ မကုန်တကုန် ဒီလိုမနက်ခင်းမျိုးမှာ အိပ်ရာက အစောကြီးထပြီး အလံလေးတွေကိုယ်စီနဲ့ “တို့ပြည်ထောင်စု အလံတော်သည် တလူလူလွင့်လို့ ချီလာပြီ… ပြည်သူအများတို့ ပျော်ရွှင်ကြည်… မနှေးယခု အလေးပြုကြပါမည်…” ဆိုတဲ့ တေးသံနဲ့အတူ ပြည်ထောင်စု အလံတော်ကို ကြိုခဲ့ရတာတွေ၊ ကျောင်းကို ပြန်ရောက်တော့ ကောက်ညှင်းပေါင်း ပူပူနွေးနွေးကို ဆရာမတွေ၊ သူငယ်ချင်းတွေနဲ့ တပျော်တပါး စားခဲ့ရတာတွေ၊ ညဖက်တွေမှာ မြန်မာ့ရုပ်မြင်သံကြားကလာတဲ့ ပြည်ထောင်စုနေ့ အထူးအစီအစဉ်တွေ ကြည့်ရတာတွေ၊ အဓိက ကတော့ ဇာဂနာ ဦးဆောင်တဲ့ မိုးနတ်သူဇာ အငြိမ့်ပေါ့…။ “ညီနောင်တစု တည်ထောင်ပြုလို့... ပြည်ထောင်စု ဆိုတာ ဖြစ်ပေါ်လာရတယ် မဟုတ်ပါလား ကိုဇာဂနာရဲ့…” အစချီတဲ့ ခွန်းထောက်တွေနဲ့… သိပ်ကောင်းတဲ့ အငြိမ့်တွေပါ။ အခုနေ ပြန်ကြည့်ချင်လို့ မရတော့ဘူးနော်…။ (ဤကား စကားချပ်။)

ဒီလိုနဲ့ ငယ်ငယ်က အကြောင်းတွေ ပြန်ပြောရင်း ဟိုတွေး ဒီတွေးနဲ့ နေ့လည် ၃ နာရီလောက်မှာ ဈေးလေးဘာလေး နဲနဲပါးပါး ဝယ်ရအောင်ဆိုပြီး အပြင်ကို ထွက်လာခဲ့ကြတယ်။ ညနေ ၇ နာရီမှာလဲ ညစာစားဖို့ ချိန်းထားတာရှိနေတော့ သိပ် ဝေးဝေးလံလံကို မသွားဖြစ်ပါဘူး။ အိမ်နားက Town Center ကိုပဲ ထွက်လာခဲ့တယ်။ အဲဒီနားမှာ ဟိုကြည့် ဒီကြည့်၊ ပြီးတော့ ကော်ဖီသောက်၊ သစ်သီးလေး မုန့်လေးဝယ်ပြီး ဓါတ်ဆီထည့်ဖို့ ဆီဆိုင်ဖက်ကို လာခဲ့တယ်။ အဲဒီမှာ ကားတွေ အများကြီးပဲ ဆီထည့်ဖို့ တန်းစီနေလိုက်ကြတာ… စင်္ကာပူမှာ ဓါတ်ဆီထည့်ဖို့ တန်းစီနေတဲ့ ကားတန်းရှည်ကြီးကို မြင်ဖူးတာ ကိုယ့်အတွက် ဒါဟာ ပထမဆုံးအကြိမ်လို့ ထင်ပါတယ်။

ကိုယ်တို့ ရွှေမြို့တော်ကြီးမှာကတော့ တနေ့ကို ထည့်လို့ရနိုင်မယ့် ဆီဂါလံ အကန့်အသတ်နဲ့ ပြီးတော့ ဆိုင်ကလဲ ကိုယ့်ဆိုင်နဲ့ကိုယ် သတ်မှတ် ကန့်သတ်ထားတာက တကြောင်း၊ ပိုတဲ့ဆီကို ပြန်ရောင်းလို့ ရတာက တကြောင်းတို့ကြောင့် အမြဲလိုလို ဓါတ်ဆီ တန်းစီခဲ့ရပေမယ့် စလုံးမှာတော့ တခါမှ စီစရာ မလိုခဲ့ပါဘူး။ ကြိုက်တဲ့ အချိန် ကြိုက်တဲ့နေရာမှာ ကြိုက်သလောက် အဆင်သင့် ဝင်ထည့်သွားရုံပဲလေ…။ အဲဒီလို အနေအထားမျိုးနဲ့ တွေ့လာရာက အခုလို တရှည်တလျား ကားတန်းရှည်ကိုတွေ့လိုက်ရတော့ အတော် အံ့သြနေမိတာ…။

အဲဒီမှာ အမျိုးသားက ဝင်ပြီး တန်းစီမယ်ကွာ လို့ ပြောတယ်။ အမှန်ကတော့ ကားထဲမှာ ဆီက တဝက်ကျော်ကျော်လောက် ကျန်နေပါသေးတယ်။ ဒီနေ့မထည့်ရလဲ ဘာမှမဖြစ်ဘူး… နောက်နေ့တွေလဲ သွားစရာ လာစရာက များများစားစားမှ ရှိမနေတာ… အေးဆေးပေါ့... လို့ပြောပေမယ့် သူကလဲ ဘာကြောင့် ဒီလို တန်းစီနေကြတာလဲ ဆိုတာ သိချင်တယ်။ ကိုယ်ကလဲ မိန်းမပီပီ (အဟဲ…) သိချင်တာပါပဲ။ ဘာတွေများ Bargain တွေ ရှိပြီး ဘယ်လိုတွေများ Discount တွေ ချနေတာလဲပေါ့။ အနေအထားကလဲ Festive Season ဆိုတော့ တခုခုတော့ တခုခုပဲပေါ့လေ…။ အကျိုးအမြတ် တခုခုကြောင့်သာ အခုလို နေပူကြီးထဲ ဇွဲနဲ့ စီတန်း စောင့်ဆိုင်းနေကြတာပေါ့ ဆိုတဲ့ အတွေးက ခေါင်းထဲမှာ တော်တော်လေး နေရာယူပါတယ်…။ (မကောင်းစားတာနော်…)

ဒါပေမယ့် အခုလို နေပူပူကြီးထဲ တန်းစီနေရမှာတော့ နဲနဲ တွန့်မိတယ်။ ဒါနဲ့ ကားကို နေအေးတဲ့ အနီးဆုံး တနေရာမှာ Parking လုပ်ထားခဲ့ပြီး အခြေအနေလေး စနည်းနာရအောင် ထွက်လာကြတယ်။ ကိုယ်တို့ လျှောက်လာတဲ့ လမ်းတလျှောက်မှာ တန်းစီနေတဲ့ ကားတွေရှိတယ်။ တချို့လူတွေက ကားထဲကနေ အပြင်ကိုထွက်ပြီး မိုးတိုး မတ်တပ် လုပ်နေကြတယ်။ ဆီဆိုင်ဖက်ကိုလဲ ခေါင်းလေးတွေ တမော့မော့နဲ့ လှမ်းမျှော်ပြီး ကြည့်နေကြသူတွေကိုလဲ တွေ့ရတယ်။

ဒါနဲ့ ကိုယ်က သဘောနဲနဲကောင်း ဖေါ်ရွေတဲ့ မျက်နှာပိုင်ရှင်တယောက်ကို ရွေးပြီး “ဘာလို့များ တန်းစီနေကြတာလဲ…” လို့ မေးတော့ သူက “ငါလဲ သိပ်မသေချာပါဘူး… သူများကားတွေ တန်းစီနေတာ တွေ့လိုက်လို့ ဝင်စီတာပါ… ဖြစ်နိုင်တာကတော့ အဲဒီမှာ ဈေးလျှော့တာ ဒါမှမဟုတ် လက်ဆောင်ပေးနေတာ တခုခုတော့ ရှိပါလိမ့်မယ်… ပြီးတော့ အခုက ပွဲတော်ရက်တွေ မဟုတ်လား…” လို့ စလုံး တရုပ်သံ ဝဲဝဲ နဲ့ တလားလားနဲ့ လား ချင်း ထပ်နေအောင် အဖြေပေးပါတယ်။ သူ့အနားမှာ ရှိနေတဲ့ နောက်ထပ် ကားမောင်းသူ တယောက်ကလဲ သဘောတူတဲ့ အနေနဲ့ ခေါင်းလေး တညိတ်ညိတ်နဲ့ ကိုယ့်ကို ပြုံးပြပါတယ်။ ကိုယ်လဲ သူတို့ကို ပြန်ပြုံးပြ၊ ကျေးဇူးတင်စကား ပြောပြီး ဆက်လျှောက်လာခဲ့တယ်။

အတွေးထဲမှာတော့ အင်း… ဒုက္ခပါလား… ဘာမှန်း ညာမှန်းမသိပဲ ရမ်းသမ်းပြီး တန်းစီနေကြသူတွေပါလား… လို့ ပွစိပွစိ ရေရွတ်ရင်းနဲ့ပေါ့။ အရာရာကို ရေဆုံးရေဖျားအထိ သိရမှ ကျေနပ်တတ်သူ ကိုယ့်အတွက် သူတို့တွေရဲ့ အဖြေက သိပ်မလုံလောက်သေးပါဘူး။ ဒီလိုနဲ့ ရှေ့ကို ဆက်လျှောက်လာခဲ့ပါတယ်။ လမ်းတလျှောက် တန်းစီနေသူတွေရဲ့ မျက်နှာ အမူအရာတွေကို လေ့လာ အကဲခတ် ကြည့်ရသလောက်ကတော့ ဘာမှန်း ညာမှန်း မသိပဲနဲ့ သူများတွေ စီနေကြတာတွေ့လို့ ဝင်စီနေတဲ့ ပုံမျိုးတွေသာ များပါတယ်။ သူတို့တွေကို ကြည့်ရတာ အူတိ အူကြောင် ဟိုကြည့် ဒီကြည့်တွေနဲ့မို့လို့ပါ။

ဒီလိုနဲ့ ဓါတ်ဆီဆိုင်ထဲရောက်လာတယ်။ အထဲမှာ တွေ့သမျှ မြင်သမျှ ဆိုင်းဘုတ်တွေ၊ ကြော်ငြာတွေကိုလဲ လျှောက်ဖတ်ကြည့်နေမိတယ်။ ဘာမှလဲ ထူးထူးခြားခြားမရှိ၊ ခါတိုင်းလိုပဲ OCBC Bank က Credit Card တွေနဲ့ဆို ၁၂% လျှော့တယ် ဆိုတာပဲ တွေ့ရတယ်။ အရင်က ဆီထည့်လို့ ဒေါ်လာ ၃၀ ဖိုးကျော်ရင် ကားရေဆေးခ ၄ ဒေါ်လာ လျှော့တယ် ဆိုတဲ့ ကြော်ငြာတောင် မတွေ့မိတော့ဘူး။ တမျိုးတော့ တမျိုးပဲလို့တွေးနေမိတယ်။ အဆင်ပြေတာတခုကတော့ အဲဒီဓါတ်ဆီဆိုင်မှာ အလွယ်တကူ စားစရာ သောက်စရာ အခြောက်အခြမ်းလေးတွေ ဝယ်လို့ရတဲ့ ဆိုင်ကလေး တဆိုင်ရှိနေတာပါပဲ။ ဒီတော့ နှစ်ယောက်သား စိတ်တူ ကိုယ်တူ အဲဒီဆိုင်လေးထဲကို ဝင်လာခဲ့ကြတယ်။

ဆိုင်ထဲရောက်တော့ ဟိုရှာ ဒီရှာ လှည့်ပတ်ကြည့်ပြီး ဘာမှ ထူးထူးခြားခြား မတွေ့ရတာနဲ့ မဂ္ဂဇင်းတအုပ်ရယ် အအေးတဗူးရယ် ယူပြီး ပိုက်ဆံပေးဖို့ ဝင်တန်းစီလိုက်ပါတယ်။ အကြံကတော့ ပိုက်ဆံပေးရင်း အကျိုးအကြောင်း မေးကြည့်မယ်ပေါ့။ ကိုယ့်ရှေ့မှာ ၃ ယောက်လောက် စောင့်လိုက်ရပြီးတော့ ကိုယ့်အလှည့်ကို ရောက်လာတယ်။ ပိုက်ဆံယူတဲ့ နေရာက ကောင်မလေးကို အပီပြုံးပြလိုက်ပြီး ကျသင့်တဲ့ ပိုက်ဆံပေးရင်း ကိုယ်လိုရာကို မေးလိုက်တယ်။

“ဘာကြောင့် အပြင်မှာ ကားတွေ အများကြီး တန်းစီနေတာလဲ၊ တခုခုများ ထူးခြားတာ ရှိပါသလား…”

ဒီတော့ သူက “နင်မေးချင်တာ ငါသိပါတယ်… ဟဲဟဲ… သိနေတယ်လေ” ဆိုတဲ့ အပြုံးမျိုး ပြုံးပြပြီး ဘာပြန်ပြောသလဲ ဆိုတော့...

“ဆိုင်က Pump တွေထဲမှာ Pump ၄ ခု က အလုပ်မလုပ်လို့ပါ…” တဲ့… ။

ကဲ… ကောင်းကြသေးရဲ့လား…။
တကယ်တော့ အဲဒါ တကယ့် Typical Singaporean တွေရဲ့ အမူအကျင့်လေးတွေပါ။ ကိုယ့်လူမျိုးတွေရဲ့ လုပ်ရပ်ကို ကိုယ် ယုံကြည်တတ်ကြတယ် လို့ ကောက်ချက်ချ ရမလားမသိဘူး...။ ရှေ့ကလူတွေ လုပ်သလိုသာ လိုက်လုပ်… အမှား မရှိဘူး၊ အကျိုး မယုတ်ဘူးလို့ သူတို့တွေ အချင်းချင်း သေသေချာချာ ယုံကြည်တတ်ကြတာ နေရာတော်တော်များများမှာ တွေ့ခဲ့ရဖူးတယ်။ ဒါပေမယ့် တခါတခါမှာ သူတို့ရဲ့ လုပ်ရပ်တွေ သူတို့ရဲ့ အတွေးအခေါ် အယူအဆတွေဟာ တော်တော်လေးကို ရယ်စရာကောင်းပါတယ်။

ဒီလိုရယ်စရာကောင်းလှတဲ့ အကြောင်းကို ပြန်ပြောရင်း၊ ဒီစာကိုရေးနေရင်း နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ပြီး ထပ်ရယ်မိပါတယ်...။ ဘာလို့လဲဆိုတော့ ကိုယ်တွေလဲ ဝင်သာ တန်းမစီတာ၊ သူတို့တွေ ဘာကြောင့်တန်းစီနေတယ် ဆိုတာကို တပင်တပန်း လမ်းလျှောက်ပြီး စပ်စပ်စုစု သွားလုပ်မိသေးတာပဲ မဟုတ်လား...။ အနေကြာလာတော့ စရိုက်တွေ ကူးစက်လာတယ်လို့သာ သဘောထားလိုက်ကြပါတော့လေ...။

ပျော်ရွှင်စရာ ပိတ်ရက်များ ဖြစ်ကြပါစေ…။


မှတ်ချက် ။ ။ ဤပိုစ့်ကို မြန်မာဘာသာမှ အင်္ဂလိပ်ဘာသာသို့ ဘာသာပြန်ဆိုခြင်း မပြုရ။

Wednesday, February 10, 2010

နှင်းနဲ့အတူ

သည်းလည်း သည်း မစဲ နိုင်တဲ့ နှင်းရယ်…
ဘယ်လိုစိတ်ကူး ဘယ်လိုအညှိုးနဲ့များ
မနား မရပ် တထပ်ပြီး တထပ်
ဟောဒီ ရင်ဘတ်ပေါ် မပြတ်တမ်း အေးခဲနေတာလဲကွယ်…

ဒီမှာ ငါက
အမေနဲ့ဝေး အိမ်နဲ့ဝေး
ချစ်သူနဲ့ဝေး ရင်ငွေ့ဝေး
အေးခြင်းမက အေး…
ဘဝ စကတည်းက အေးခဲပြီးသားပါ နှင်းရယ်…

စိတ်ထိန်းပါ…
တဖြေးဖြေးချင်းပေါ့ နှင်းရယ်…
ငါက ဒီလို အေးခြင်း ခဲခြင်းထက်
တဖွဲဖွဲ ကျဆင်း မစဲတဲ့ နှင်းတွေ ကုန်သွားမှာ စိုးလို့နေ…
တကယ်ဆို ငါအနား ချစ်သူရောက်လာချိန်မှာ
တပျော်တပါး ကြည်နူးဆော့ကစားဖို့
နှင်းကြွင်း လက်ကျန်…
နဲနဲလောက်တော့ ချန်ထားပေးပါအုံး နှင်းရယ်…

အခုတော့
သွားလို့မရ လာလို့မရ…
သယ်ယူလို့ မရ ဝယ်ယူလို့ မရ…
မြင်ကွင်းထဲက ဖျောက်မရ….
တောက်ပလိုက်တဲ့ နှင်းရယ်…
မင်းကလဲ သည်းနိုင်သလောက် သည်း…
ကဲ… ငါကလဲ စွမ်းနိုင်သလောက် လွမ်း…

ဒီအချိန်မှာ နှင်း…
မင်းမသိလိုက်တာ တခုက
ရင်ထဲက တချက်ကလေး တမ်းတလိုက်ရုံနဲ့
ကမ္ဘာ့တဖက် အဝေးက
ငါ့အတွက် နွေးထွေးစေမယ့်
မေတ္တာ ရင်ငွေ့
ချစ်သူက မမေ့တမ်း လှမ်းပို့နေသတဲ့…

ဒီလိုသာဖြင့်… ငါက သေချာ
နှင်းခါးတောင်ထဲ ကာလရက်တွေ
ကြာချင်သလောက်သာ ရှည်ကြာ
နှင်းနဲ့အတူ ချမ်း နှင်းနဲ့အတူ လွမ်းရင်း
ရင်ခုန် ကျေနပ်နေနိုင်တယ်…

နှင်းရယ်…
ငါရယ် မင်းရယ် ချစ်ခြင်းတွေရယ်က
ရင်ထဲက အပူပိုင်းကျွန်းသူလေးအတွက်
စတော်ဘယ်ရီတခွက်လို ချိုစေ အေးစေ ပြီး
ကော်ဖီတခွက်လို နွေးထွေးစေမယ် ဆိုရင်တော့ဖြင့်
တို့တတွေ…
မလျှော့တမ်းဇွဲနဲ့ မစဲတမ်း ကြဲဖြန့်…
ချစ်ရသူကို ရည်ရွယ်မှန်း ဝေးလျက်က လွမ်း
လွမ်းလိုက်ကြစို့ နှင်းရယ်…
လွမ်းလိုက်ကြစို့ နှင်းရယ်…
လွမ်းလိုက်ကြစို့ နှင်းရယ်…။



(အများသူငါတွေ နှင်းအကြောင်း ရေးကြသည်ကို အားကျသဖြင့် ကာလံ ဒေသံကိုလိုက်၍ အချိန်နှင့် တပြေးညီ ခေတ်မှီအောင် ဖွဲ့ဆိုထားသော ကဗျာတပုဒ် ဖြစ်ပါသည်။ နှင်းနှင့်အတူ ချမ်းနေသူ၊ နှင်းနှင့်အတူ လွမ်းနေသူ၊ နှင်းနှင့် အတူ သက်ဆိုင် ခံစားနေသူများအတွက် ရည်ရွယ်ပါသည်။ စိတ်ကူး အတွေးနှင့် စကားလုံး တချို့အတွက် နှင်းတောထဲမှ မိတ်ဆွေတယောက်ကို ကျေးဇူးတင်ပါသည်။)

Friday, February 5, 2010

(ခေါင်းစဉ်မရှိ...)

ထိုသတင်းကို ကြားကြားချင်း စိတ်ထဲမှာ တော်တော်လေးကို ကသိကအောက် ဖြစ်နေခဲ့သည်။ ကိုယ်လဲ ဘာမှ မလုပ်ပဲနဲ့...။ အလကားသက်သက် အထင်အမြင် လွဲမှားမှုတွေကို မလိုလား...။ ကိုယ် ဘာလုပ်ရမလဲ...။ လျှစ်လျှူရှုရန် စဉ်းစားကြည့်သေးသည်...။ သို့သော် ပါရမီ နည်းပါးပုံရသည်... လျှစ်လျှူရှုရန် မအောင်မြင်...။ ထိုအကြောင်းကို တွေးလိုက်မိတိုင်း... သတိရလိုက်တိုင်း... စိတ်ထဲမှာ မကျေမနပ်နဲ့ ဘာလုပ်ရမှန်း မသိ၊ ဘယ်လိုဆုံးဖြတ်ရမှန်း မသိ၊ တွေတွေဝေဝေနဲ့ အဖြေရှာမရ ဖြစ်နေရင်း ၄ ရက်တိတိ ကြာသွားသည်။

သည်အတိုင်းတော့ နေလို့မဖြစ်... ဆက်၍ သည်းမခံနိုင်တော့...။ တခုခုတော့ လုပ်မှဖြစ်မည်...။ ထို့ကြောင့် ဆုံးဖြတ်ချက်တခုကို ခိုင်ခိုင်မာမာချကာ လွန်ခဲ့သော မိနစ်အနည်းငယ်ကပင် မိမိ၏ ဆုံးဖြတ်ချက်အတိုင်း ဆောင်ရွက်လိုက်သည်။ အတော်လေး နေသာ ထိုင်သာရှိသွားသည်။



ဆိုင် မဆိုင်တော့မသိ... ငြုတ်သီးတောင့် နီနီလေးများကို ရိုက်ထားသော ဓါတ်ပုံ မှုန်ဝါးဝါးကိုပါ တွဲတင်လိုက်သည်။ ဓါတ်ပုံထဲမှာ ဝါးတားတားဖြစ်နေသော်လည်း ငြုတ်သီးမှန်လျှင် အနည်းနဲ့ အများတော့ စပ်ကြတာချည်းပဲ မဟုတ်လား...။ လိုရင်းက အဲဒါပါပဲ...။ အခုတော့ အိပ်တော့မည်။ အားလုံး ကောင်းသောညပါ...။

Wednesday, February 3, 2010

ကိုယ့်အကြိုက်

ချစ်ရတဲ့ ပေါက် ရဲ့ Tag ပါ။
သူက သူ့ဟာသူ အိမ်ရှင်းရင်းနဲ့ သူနှစ်သက်တဲ့ လုံချည်လေးတွေကို ဓါတ်ပုံရိုက်ပြီး အဲဒီလုံချည်လေးတွေရဲ့ ရာဇဝင်လေးတွေ ရေးထားတာပါ။ သူရေးထားတာ ဟုတ်လို့… စိတ်ဝင်စားမှုတွေ တူညီကြတဲ့ ချစ်စရာ ညီအမတွေကလဲ လှိုက်လှိုက်လှဲလှဲ အားပေးထားကြတာ တွေ့ရပါတယ်…။ အဲဒီမှာ ဒေါ်ချစ်ကြည်အေး တယောက်က သူ့ဟာသူ အားပေးရုံမက အချွန်နဲ့ပါ သွား မ သလေ…။
ပေါက် ရေးထားတဲ့ ပိုစ့် ကို Tag ပိုစ့်လေး လုပ်သင့်သတဲ့…။ (မကောင်းစားတဲ့ ချစ်ကြည်စုတ်…. သူ့မှာ ကြွားစရာ လုံချည်တွေ အများကြီးရှိတိုင်း…)

အဲဒီမှာ ဒေါ်ပေါက်တယောက်ကလဲ အကြံတွေရပြီး ညီအမတွေကို အမှတ်စဉ်ထိုးပြီး Tag ပါလေရော…။ ကိုယ်ကတော့ အဲဒီမှာ ဒုက္ခနဲ့ လှလှနဲ့တွေ့တော့တာပါပဲ…။ တခြားအကြောင်းရော တခုခုကိုများ Tag ပါတော့လား ပေါက်ရယ်… လို့သာ အော်လိုက်ချင်တာ…။

စိတ်တော့ မရှိပါနဲ့ ပေါက်ရေ…။ (ထားရင်လဲ နေရပါမယ်… သတ်ရင်လဲ သေရပါမယ်…)
ကိုယ့်မှာ သူများတွေလို ဓါတ်ပုံနဲ့တကွ ပြစရာ ချစ်စရာ လုံချည် လှလှလေးတွေ . . . . . တ က ယ် ကြီး ကို မ ရှိ ပါ ဘူး . . .။ ဒါပေမယ့် ကိုယ် လုံချည်တော့ ကောင်းကောင်း ဝတ်တတ်ပါတယ်… (ယုံကြပါ…) ဒီတော့ ကိုယ်ဝတ်ခဲ့ဖူးတဲ့၊ ပြီးတော့ ကိုယ် ကြိုက်နှစ်သက်ခဲ့တဲ့ လုံချည်လေးတွေ အကြောင်းကိုပဲ မှတ်မိသလောက် နဲနဲစီ ပြောပြမယ်လေ… နော်။

ကိုယ့်ကို ၅ တန်းထဲက လက်သည်း အရှည်ထားခိုင်းပြီး လက်သည်းကို ဝိုင်းဝိုင်းလေးတွေ ညှပ်ပေး၊ လက်သည်းနီကို ကိုယ်တိုင်ဆိုးပေးခဲ့တဲ့ မေမေက အပြင်သွားရင် စကပ်တွေ ဘောင်းဘီတွေဝတ်ဖို့ သာ အားပေးခဲ့ပါတယ်။ ဒီတော့ ကိုယ့်ရဲ့ ပထမဆုံး လုံချည်က ၉ တန်းနှစ်မှာ စဝတ်ရတဲ့ ကျောင်းစိမ်းလုံချည်ပါ။ မဝတ် မနေရ စည်းကမ်းကြီးနဲ့ မဝတ်တတ် ဝတ်တတ်နဲ့ ဝတ်ခဲ့ရလို့ ပြီးတော့ ကိုယ်နဲ့ လှလဲ မလှလို့ တကယ် စိတ်ညစ်ခဲ့ဖူးပါတယ်။

ပထမဆုံး အပြင်ကို လုံချည်နဲ့မှ သွားရဖို့အကြောင်းဖန်လာတဲ့အခါ ကိုယ်ရလာတဲ့ လုံချည်လေးက မီးခိုးပြာရောင်ပေါ်မှာ အဖြူရောင် အပွင့်လေးတွေပါတဲ့ နှစ်နံစပ် ယောလုံချည်လေးပါ။ (သိပ်လှတယ် လို့ မှတ်မိပါတယ်…)

ပြီးတော့ ကျောင်းရက်ရှည်ပိတ်နေချိန်မှာ ရိပ်သာဝင်ချင်တယ်လို့ မေမေ့ကိုပြောတော့ ယောဂီလုံချည်လေးတွေ ရခဲ့ပါတယ်။ (အဖြူရောင် အင်္ကျီလေးနဲ့ ယောဂီလုံချည် အညိုရောင်လေးနဲ့… သိပ်လှတာ… ယုံ…)

စကပ်တွေ ဘောင်းဘီတွေ ဝတ်ခွင့်မရှိတဲ့ စက်မှုတက္ကသိုလ် ကျောင်းသူသက်တမ်း တလျှောက် စွဲစွဲမြဲမြဲ နှစ်နှစ်သက်သက် ဝတ်ဖြစ်ခဲ့တာကတော့ ယောလုံချည်လေးတွေပါ။ ဂန့်ဂေါက နှစ်နံစပ် ယောလုံချည်၊ ချည် ယောလုံချည်၊ ပိုးနဲ့ ချည်နဲ့ ရောထားတဲ့ အရောင်ရင့်ရင့် ယောလုံချည်လေးတွေနဲ့ ရှပ်အင်္ကျီ ပွပွတွေနဲ့… ကျောပိုးအိပ်နဲ့… T Square နဲ့…။ Field ဆင်းတုန်းကဆို ဦးထုပ်တောင်ပါသေး…။ (ရှုပ်ပွနေတဲ့ လူမိုက်ပုံကို မြင်ယောင်ကြည့်လိုက်ပါ…)

ကျောင်းပြီးပြီး လူကြီးဖြစ်လာတော့ ပါတိတ်လုံချည် နဲနဲရှိဖူးတယ်။ ဒါပေမယ့် ကိုယ့်အရပ်နဲ့ဆို ပါတိတ်တွေက တော်တော်ကြီးကို တိုနေလို့ မကြိုက်ဖူး။ ဒီတော့ သိပ်မဝတ်ဖြစ်ဘူး။ အသားထူထူ ပျော့ပျော့နဲ့ စိန်မိုက်ကယ်လို့ခေါ်ကြတဲ့ လုံချည်တွေ ဝယ်ဖြစ်တယ်။ အများအားဖြင့်တော့ ချိတ် (Buckle) တပ်ပြီး ဝတ်ရတဲ့ စကပ်လုံချည်တွေ ချုပ်ပစ်လိုက်တာပါပဲ…။

အဲဒီလိုတွေထဲမှာ ကိုယ်အကြိုက်ဆုံးက ဘောလုံးပျောက်လို့ ကိုယ် ချစ်စနိုးခေါ်တတ်တဲ့ Polka Dots လုံချည်တွေပါ။ အနက်ခံမှာ အဖြူရောင် အလုံးလေးတွေနဲ့လေ…။ ကိုယ့်မှာ အဲဒီ ဘောလုံးလေးတွေ အရွယ် အကြီး အသေး၊ အစိတ် အကျဲ မတူညီကြတဲ့ လုံချည် ၅ ထည် ရှိခဲ့ဖူးပါတယ်။ အင်္ကျီအဖြူရောင်နဲ့ အဲဒီဘောလုံးပျောက် လုံချည်လေးတွေနဲ့ တွဲဝတ်ရတာကို ကိုယ် သိပ်ကြိုက်တာပဲ။ ခုတော့ ရှိတော့ဘူး၊ မေမေက ပြောတယ် နာဂစ်တုန်းက အကုန်ပေးပစ်လိုက်ပြီ တဲ့…။ (မေမေ ဆိုးဆိုးနော်… နောက်တခါလာရင် ပြန်ဝယ်ပေးရမှာပဲလို့ ပြောထားတယ်...)

ကြိုးကြီးချိတ်လုံချည် ၂ ထည်တိတိရှိပြီး ၂ ခါတိတိ ဝတ်ဖူးပါတယ်။ တထည်က မင်္ဂလာဆောင်တုန်းက ချိတ်အဖြူရောင်၊ အဲဒါက တထည်လုံး စီးကွင့်စ်တွေ အပြည့်ထိုးထားတာဆိုတော့ ဘာမှပြန်လုပ်လို့ မရပါဘူး... တခါဝတ်ပြီး ဒီအတိုင်း အလှပဲကြည့်နေရတာ...။ ဘွဲ့ယူတုန်းက နောက်တထည် ဒါလဲ အဖြူရောင်ပဲ... ဒါပေမယ့် ဒီချိတ်ကတော့ အဆင် သေးသေးလေးနဲ့ ချစ်စရာကောင်းတယ်…။ နောက်ပြီးတော့ ယောင်းမလေး မင်္ဂလာဆောင်မှာ ခပ်ပါးပါး ပိုးချိတ် အပြာရောင်လေးတထည် ဝယ်ဝတ်ခဲ့ဖူးတယ်… ဒါပဲ။ ခုတော့ အဲဒါလေးတွေလဲ အိမ်က ဘီဒိုထဲမှာ ဆွေးနေလောက်ပြီ… သနားပါတယ်…။

ဒီကို လာတော့မယ်ဆိုတော့ လိုလိုမယ်မယ် မြန်မာဝတ်စုံလေး တစုံ နှစ်စုံလောက် ချုပ်ပြီး ယူလာမယ်ဆိုပြီး စိတ်ကူးထားပေမယ့် တကယ်လာခါနီးကျတော့ အလုပ်တွေရှုပ်ပြီး စိတ်ကူးကို လက်တွေ့ အကောင်အထည် မဖေါ်နိုင်ခဲ့ပါဘူး။

လွန်ခဲ့တဲ့ ၅ နှစ်လောက်က မြန်မာပြည် တခေါက်ပြန်တော့ သူငယ်ချင်းတွေ တိုက်တွန်းလို့ မြန်မာဝတ်စုံလေး နှစ်စုံချုပ်ဖြစ်ပါတယ်။ သိင်္ဂီရွှေဝါက ပိုးချိတ်လေးတွေ… အင်္ကျီလေးတွေကလဲ ပိုးပြောင်လေးတွေ… သူငယ်ချင်းတွေရဲ့ မိန်းမပီသပြီး အကွက်စေ့ပုံက အဲဒီ လုံချည်လေးတွေနဲ့ လိုက်ဖက်တဲ့ ပုဝါလေးတွေတောင် ဝယ်ပေးလိုက်သေး…။

ဒါပေမယ့် ဝတ်ကြည့်တော့ ကိုယ်နဲ့ တော်တော်လေး Odd နေတာ တွေ့ရတယ်၊ ပြီးတော့ လူက တအားကို ဟာသမြောက်ပြီး ရယ်ချင်စရာ ကောင်းနေတာကိုလဲ တွေ့ရပါသေးတယ်။ ဒီလိုနဲ့ ယူသာလာတယ်… ဝတ်စရာ လမ်းမကြုံတာက တကြောင်း၊ ကိုယ်နဲ့လဲ နဲနဲလေးမှ မလိုက်ဖက်ဖူးဆိုတာ သေသေချာချာကြီးကို သိနေတာက တကြောင်းတို့ကြောင့် တခါမှ မဝတ်ဖြစ်ဘူး။ (ကိုယ့်ကို မြန်မာလိုဝတ်ထားတာ တွေ့ဖူးသူ၊ အကြောင်းသိများ ကျေးဇူးပြု၍ တိတ်တိတ်ကလေး နေပေးပါရန် အနူးအညွတ် မေတ္တာရပ်ခံပါတယ်…) ခုတော့ အိမ်အပြောင်းအရွှေ့နဲ့ အဲဒီဟာလေးတွေလဲ ဘယ်ဆီ ဘယ်ဝယ်ကို ရောက်နေကြမှန်းမသိလို့ ဓါတ်ပုံရိုက်ပြီး မပြနိုင်ပါဘူး။ (ခွင့်လွှတ်ကြပါ…)

လုံချည်နဲ့ ပတ်သက်လို့ ကိုယ်စဉ်းစားလို့ရသမျှကတော့ အဲဒါ အကုန်ပါပဲ…။ နောက်တခါများ အိမ်ပြန်ဖို့ အကြောင်းပေါ်လာရင် ကိုယ်နှစ်သက်တဲ့ လုံချည်လေးတွေ မဖြစ်မနေ ရှာဖွေပြီး ဝယ်ယူလာခဲ့ပါ့မယ်…။ အပြင်မှာ မဝတ်ဖြစ်ရင်လဲ ကိစ္စမရှိပါဘူး… အနည်းဆုံးတော့ ဓါတ်ပုံရိုက်ပြီး သူငယ်ချင်းတွေကို ပြလို့ရတာပေါ့နော်… ဟုတ်ဖူးလား…။

ကဲ…
ပေါက် ရေ… ကျေနပ်တယ်နော်…။
အော်… ဒါနဲ့ ကြုံလို့ တဆက်တည်း ပြောလိုက်ပါရစေ…။ ပေါက်က ဖြစ်နိုင်ရင် ဒီ Tag ကို ချစ်ရတဲ့ အပေါင်းအသင်းတွေဖြစ်ကြတဲ့၊ ပြီးတော့ ဘလော့ဂ်လဲ မရှိကြသေးတဲ့ မြိုး (မျိုး)၊ ဆင်ဆင် (SDL) နဲ့ မေ (Mae) တို့ကိုပါ ရေးပေးစေချင်တာတဲ့…။ ဒီတော့ တကယ်လို့များ မျိုးတို့ ဆင်ဆင်တို့ မေတို့ အနေနဲ့ စိတ်ဝင်စားလို့ ရေးချင်ခဲ့သည်ရှိသော် ကိုယ်က ကိုယ့်ဘလော့ဂ် စာမျက်နှာတွေမှာ ပိုစ့်တွေကို ဓါတ်ပုံနဲ့ တကွ တင်ပေးဖို့ အဆင်သင့်ပါပဲလို့…။

ပြီးတော့ ကျန်နေတဲ့ ညီအမတွေကို ဆက် Tag ပါရစေ... မြန်မာလုံချည်လေးတွေ နှစ်သက်တတ်တဲ့ ကေ၊ ညီမလေး ပန်ပန် နဲ့ အပြုံးပန်း၊ ပန်းခရမ်းပြာက မချို၊ သူငယ်ချင်း မဆွီတီနဲ့ စုချစ် တို့ ချစ်ခြင်းအားဖြင့် ရေးပေးကြပါ...။


Monday, February 1, 2010

I see you...

 
ပြီးခဲ့တဲ့ ပိတ်ရက်က လူပြောများပြီး အလွန် နာမည်ကြီးလှတဲ့ Avatar ရုပ်ရှင်ကို သွားကြည့်ခဲ့ပါတယ်။ သိပ်ကောင်းတာပဲ… လို့ပဲ ပြောချင်ပါတယ်။ ဒီရုပ်ရှင်ကို လူတိုင်းနီးနီးလဲ ကြည့်ပြီးကုန်ကြပြီ ဖြစ်မှာပါ။ ဘလော့ဂ်တွေမှာလဲ ဒီရုပ်ရှင်အကြောင်းကို တချို့တွေ ရေးပြီးကြပါပြီ။ မကြည့်ရသေးတဲ့သူများ ကြည့်ဖြစ်အောင် သွားကြည့်လိုက်ကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကြည့်ပြီးသားသူများလဲ နောက်တခေါက်လောက် ထပ်ကြည့်ကြပါအုံးလား လို့ပြောရင် ကိုယ့်ကို လာသတ်ချင်ကြမလားပဲ…။ ဘယ်သူ ကြည့်ကြည့် မကြည့်ကြည့် ကိုယ်ကတော့ ဒီသောကြာမှာ နောက်တခေါက် သွားထပ်ကြည့်ပါအုံးမယ်…။

ရုပ်ရှင်ကြည့်ပြီးတော့ သိပ်ကောင်းတာပဲ… သိပ်ကောင်းတာပဲ… လို့ တွေ့တဲ့သူတိုင်းကို တတွတ်တွတ် လိုက်ပြောနေမိတယ်။ သို့သော် ဘာကောင်းတာလဲ၊ ဘာလို့ နောက်တခေါက် ထပ်ကြည့်ချင်ရတာလဲ လို့ မေးလာခဲ့ရင် ကိုယ်ဘယ်လိုဖြေရမှန်း မသိပါဘူး။ ဒါပေမယ့် ရုပ်ရှင်အပြီးမှာ စိတ်ထဲမှာ ကျန်နေတာလေး တချို့ကို ထပ်ခါတလဲလဲ ပြန်တွေးနေရင်း နောက်တခါ ထပ်ကြည့်ချင်စိတ် ပေါ်လာတာပါပဲ။ ရုပ်ရှင်ရဲ့ ဇာတ်လမ်း ကျောရိုးတွေ၊ ရုပ်ရှင်ရဲ့ အကြောင်းအရာတွေ၊ သဘောတရားတွေ၊ ဆန်းသစ်တဲ့ နည်းပညာတွေ ကိုတော့ တခြားသူတွေ ရေးပြီးကြပြီမို့ ကိုယ် အထူးတလည် မပြောတော့ပါဘူး။ ရုပ်ရှင်အပြီးမှာ ကိုယ့်စိတ်ထဲမှာ ကျန်နေတဲ့ ကိုယ်တိုင်နှစ်သက်နေတဲ့ အရာလေးတွေကိုပဲ မှတ်မှတ်ရရ ရေးပြချင်တာပါ။

ကိုယ့် စိတ်ထဲမှာ ပထမဆုံး စွဲစွဲလမ်းလမ်း ရှိနေတာက မင်းသား Jake နဲ့ Na'vi မျိုးနွယ်စု အကြီးအကဲရဲ့ သမီး Neytiri တို့ တယောက်ကို တယောက် I see you… လို့ ပြောကြတဲ့ အခိုက်အတန့်လေးပါ… (နှစ်ကြိမ်ပါတယ်လို့ မှတ်မိပါတယ်)။ အဲဒီအခန်းလေးဟာ ရုပ်ရှင်တကားလုံးမှာ ကိုယ်အနှစ်သက်ဆုံးနဲ့ ကိုယ့်စိတ်ကို အထိခိုက်စေဆုံး အခန်းလေးပါပဲ။

နောက် Jake နဲ့ Neytiri တို့ရဲ့ အပြန်အလှန်ပြောတဲ့ တချို့စကားလေးတွေကိုလဲ သဘောကျပါတယ်။ Jake က Omaticaya (Blue Flute Clan) ဖြစ်သွားပြီဆိုတော့ မင်း နှစ်သက်ရာ အမျိုးသမီးကို ရွေးယူလို့ရပြီ၊ ငါတို့ဆီမှာ တော်တဲ့ အမျိုးသမီးတွေ အများကြီးရှိနေပါတယ် လို့ Neytiri က မပွင့်တပွင့် အပြောမှာ Jake က “But I've already chosen. But this woman must also choose me...” တဲ့..။
ဒီတော့ Neytiri က ပြုံးပြီး ပြန်ပြောတာက “She already has…” တဲ့..။
ကြည့်ပါအုံး… ဘယ်လောက် ရိုးစင်းပြီး ချစ်စရာကောင်းတဲ့ စကားလေးတွေလဲ လို့…။

နောက်တခုက Eywa လို့ ခေါ်တဲ့ (Guiding force) အကောင်လေးတွေ Jake ရဲ့ ကိုယ်ပေါ်မှာ တလက်လက်နဲ့ တကောင်ပြီး တကောင် ရောက်လာတဲ့အခန်းလေး… ကိုယ်တိုင် အဲဒီ Eywa လေးတွေကို အနားသွားပြီး ထိကြည့်ချင်စိတ်၊ တို့ကြည့်ချင်စိတ်တွေ ပေါ်လာအောင် သူတို့လေးတွေက ကိုယ့်ကို ဆွဲဆောင်တယ်။ အဲဒါလေးတွေ အပြင်မှာ တကယ်သာ ရှိလိုက်ပါတော့လို့ ဆုတောင်းမိတဲ့အထိပါပဲ။

ပြီးတော့ Touch me Not ဆန်ဆန် လိမ္မော်ရောင် အခွေအခွေနဲ့ အပင်တွေ.. Jake က သွားထိလိုက်တော့ ပိတ်ပြီး မြေကြီးထဲ ဝင်သွားကြတာတွေလေ…။ သူ တအံ့တသြနဲ့ ပျော်နေတာ တွေ့ရတော့ ကိုယ်လဲ သူနဲ့အတူ လိုက်ပြီး အံ့သြပျော်ရွှင်နေမိ…။ ပြီးတော့ ကိုယ်လဲ ထိကြည့်ချင်ပြန်ရော… (ဟင်း… ဘာရမလဲ… ညနေကျရင်တော့ အိမ်နားက Touch me Not တွေ အကုန် ကုန်ပြီသာမှတ်… အားလုံး လိုက်ထိပစ်မယ်..)

Na’vi တွေမှာ ကိုယ်စီရှိကြတဲ့ ကျစ်ဆံမြည်းလေးတွေမှာပါတဲ့ အာရုံကြောလို အဖြူရောင် အမျှင်လေးတွေကို သူတို့တွေ အသုံးပြု စီးနင်းတဲ့ အကောင်ကြီးတွေရဲ့ အာရုံကြောနဲ့ ဆက်သွယ်ပြီး သူတို့လိုရာကို စေညွှန်ကြတဲ့ အခန်းလေးကိုလဲ သဘောကျတယ်။ ရုပ်ရှင်အပြီး အိမ်ရောက်တော့ အဲဒီအကြောင်းကို ပြန်တွေးရင်း ယောင်တောင်တောင်နဲ့ ကိုယ့်ဆံပင် အဖျားလေးတွေကိုကိုင်ပြီး ဘာနဲ့ ဆက်ရင်ကောင်းမလဲ စဉ်းစားမိတဲ့ အထိပါပဲ။ (အဲဒီဆံပင် အဖျားတွေကို မီးပလပ်ပေါက်ထဲ ထည့်ပြီး မီးပူတိုက်ဖို့ စေညွှန်လိုက်ရ ကောင်းမလား… ဟင်)

တခါတခါ ကိုယ်က ခပ်ကြောင်ကြောင် ခပ်ကြောက်ကြောက်ရယ်...။ ပိုးဟပ်ဆိုလဲ အသေကြောက်၊ သေးသေးမွှားမွှား အကောင် ပလောင်တွေကိုလဲ ကြောက်၊ အထိတ်တလန့်တွေ အသံဆိုးဆိုးတွေ ကိုလဲ ကြောက်၊ Animation နဲ့ ဖန်တီးထားတဲ့ အရုပ်ဆိုးဆိုး အကောင်ကြီးတွေကိုလဲ ကြောက်၊ ပြီးတော့ ပြောရရင် လေယာဉ်ပျံစီးရတာကိုတောင် တထိတ်ထိတ်နဲ့ ကြောက်တတ်တဲ့ ကိုယ်က ဒီရုပ်ရှင်မှာပါတဲ့ Jake စီးတဲ့ ငှက်လို အနီရောင် အကောင် အကြီးကြီးကို မကြောက်မရွံ့ စီးချင်နေပြန်သတဲ့…။ Jake တို့တွေ လေထဲမှာ ဝေ့ဝဲပြီး စီးသွားလိုက်တာ တွေ့ရတော့ ကြောက်တတ်တဲ့စိတ်တွေ ဘယ်ကိုရောက်ကုန်မှန်း မသိတော့ပဲ သူတို့လို လိုက်စီးချင်တဲ့ စိတ်တခုသာ ရှိတော့တယ်။ လေထဲမှာ လွင့်မျောနေတဲ့ တောင်တွေထဲမှာ၊ တိမ်တွေထဲမှာ ကွေ့ကာ ဝိုက်ကာနဲ့…. အိုး… တကယ်ကို ပျော်စရာကောင်းမှာပဲ…။

ဒီတော့ ကိုယ်ဘာလုပ်သလဲ သိလား...။ မနက်က ရုံးအလာမှာ Jurong East နားက ကုန်းအဆင်း ခပ်မတ်မတ်လေးကို အရှိန်နဲ့မောင်းပြီး ဆင်းလာမိတယ်။ အဲဒီနေရာလေးကို အရင်ကထဲက သတိထားမိတယ် ဒါပေမယ့် ကားတွေရှုပ်နေတော့ သိပ်မြန်မြန်မောင်းဖို့ အခွင့်အသာခဲ့ဘူး။ ဒီနေ့တော့ အိမ်ကထွက်ထဲက နဲနဲလဲ နောက်ကျနေတော့ ကားရှင်းနေတယ်လေ…။ အဲဒီလို အရှိန်နဲ့ ဆင်းလာတဲ့အခါ ရင်ထဲမှာ အေးကနဲ ဖြစ်သွားတယ်။ တကယ်ပါ… လေထဲမှာ Jake တို့လို ငှက်ကြီးကိုစီးပြီး ဝဲပျံရတဲ့ ခံစားချက်မျိုးနဲ့ ခပ်ဆင်ဆင်တော့ တူမှာပဲဆိုပြီး ကိုယ့်ကိုယ်ကိုယ် (ဇွတ်) နှစ်သိမ့်လိုက်တယ်…။ (မဆူကြပါနဲ့…)

နောက် ဒီရုပ်ရှင်မှာ ကိုယ်နှစ်သက်တာတခုကို ပြောရရင် Sound Effect တွေပါ။ အဲဒီ Sound Effect တွေဟာ ရုပ်ရှင်ထဲက ပြကွက်တွေနဲ့ ကြည့်နေတဲ့သူတွေရဲ့ ရင်ထဲကို တသားထဲ အတူတူ စီးမျောပါဝင်သွားအောင် ဆွဲဆောင်နိုင်လွန်းတယ် လို့ ထင်ပါတယ်။ နောက်ခံ အသံအင်အားတွေ သိပ်ကောင်းပါတယ်။ Na’vi တွေအားလုံး ဝိုင်းဖွဲ့ထိုင်ပြီး လူခန္ဓာကိုယ်ထဲက ၀ိညာဉ်ကို စက်တွေ အကူအညီမပါပဲ သူတို့တွေရဲ့ စိတ်အာရုံကြိုးမျှင်တွေနဲ့ ဆက်ပြီး Eywa နတ်ဘုရားကို တိုင်တည်ပြီး ဆုတောင်းတဲ့ အခန်းတွေမှာ ကြားရတဲ့ အသံတွေကို တကယ် နှစ်သက်မိပါတယ်။

ဒီရုပ်ရှင်တခုလုံးမှာ နောက်ဆုံးအနေနဲ့ ကိုယ်အကြိုက်ဆုံးကတော့ Leona Lewis ရဲ့ I see you သီချင်းလေးပါပဲ…။ ဒီရက်တွေ အိမ်မှာ တချိန်လုံး နားထောင်နေဖြစ်တယ်…။ ဒီသီချင်းနဲ့ပတ်သက်လို့ အထူးတလည်တွေ မပြောတော့ဘူး။ သီချင်းစာသားကို အင်တာနက်ထဲက ရှာပြီး သီချင်းအသံကို You Tube က ယူထားပါတယ်။ စာသားလေးတွေနဲ့ တိုက်ကြည့် ခံစားပြီး နားထောင်ကြည့်ပါ…။

 

 I see you by Leona Lewis   

I see you… I see you… Walking through a dream, I see you… 
My light in darkness breathing hope of new life… 
Now I live through you and you through me, 
Enchanting I pray in my heart that this dream never ends… 
I see me through your eyes… Living through life flying high… 
Your life shines the way into paradise… So I offer my life as a sacrifice… 
I live through your love… You teach me how to see, 
All that’s beautiful My senses touch your word I never pictured… 
Now I give my hope to you, I surrender I pray in my heart that this world never ends… 
 I see me through your eyes Living through life flying high… 
Your love shines the way into paradise So I offer my life, I offer my love, for you… 
When my heart was never open (and my spirit never free) To the world that you have shown me…
But my eyes could not division All the colours of love and of life ever more… 
Evermore… (I see me through your eyes) 
I see me through your eyes… (Living through life flying high) Flying high….    

ကိုယ်နဲ့ ထပ်တူ မဟုတ်တောင် အနီးစပ်ဆုံး လိုက်ပါ ခံစားနိုင်ကြလိမ့်မည်ဟု မျှော်လင့်လျှက်...