Friday, June 13, 2008

တစ်ခါထဲပါ...


ဒီတပါတ် သောကြာနေ့ အတွက်...
သူငယ်ချင်းတစ်ယောက် E mail ကတဆင့် ပို့ ပေးလိုက်တဲ့
ချစ်စရာ ကလေးငယ်လေးနှစ်ယောက်ရဲ့  ဓါတ်ပုံလေးတွေ တင်ပေးထားပါတယ်။
ဓါတ်ပုံများက ပြောသော ဇာတ်လမ်းပေါ့…။
ပြုံးပျော်နိုင်ကြပါစေ။


ငှဲ.. ငှဲ.. ငှဲ... မှန်မှန်ပြော… ဒီနေ့ လခ ထုတ်လာတယ်မဟုတ်လား…


ပြလေ.. ပြလေ.. ပိုက်ဆံအိပ် ဘယ်မလဲ…???


အိုး… ဘာလို့ ပေးရမှာလဲ.. မပေးပါဘူး…
ဟာ.. အတင်းကို အနိုင်ကျင့်နေပါ့လား… ငိုပြီနော် ၀ါး.. ၀ါး.. ၀ါး..



အဟဲ.. ရပြီ.. ရပြီ… ခဏလေး Shopping သွားလိုက်အုံးမယ်နော်..


ကျေးဇူးဘဲ အချစ်ရေ… One Kiss…!!!

မှတ်ချက် ။ ။ ဓါတ်ပုံများ မျှဝေပေးသော သူငယ်ချင်းလေးကို ကျေးဇူး အကြီးကြီးတင်ပါတယ် နော်။

Tuesday, June 10, 2008

အိပ်မက်ထဲက ဘလော့ဂ်လေး

မွန်းကြပ်လှသော လူ့ ဘ၀ကြီးထဲတွင်နေ့ စဉ်နှင့်အမျှ ရှင်သန် ကျင်လည်နေကြရသော သူများထဲမှ အချို့ အချို့ သောသူများသည် နေ့ စဉ် နေ့ တိုင်း အသက်၀၀ရှုနိုင်ရန် ထွက်ပေါက်တစ်ခုရစေခြင်း အလို့ ငှာ သော်လည်းကောင်း၊ ငယ်စဉ်တောင်ကျေး ကလေးဘ၀ကထဲက စာရေး စာဖတ်ခြင်းတွင် အလွန်တရာ ၀ါသနာ ထုံလွှမ်း၍ သော်လည်းကောင်း၊ ခေတ်ကာလ အလျောက် ထင်ပေါ် ကြော်ကြားမှုကို အလိုရှိ၍ သော်လည်းကောင်း၊ အခြားသူများနှင့် ယှဉ်ပြိုင်၍ သူနိုင် ကိုယ်နိုင် မျက်နှာမမြင်ရဘဲ လျှို့ ဝှက် နာမည်များဖြင့် စကားစစ်ထိုးနိုင်ရန် အလို့ ငှာ သော်လည်းကောင်း၊ မိမိကိုယ်တိုင် သိရှိလေ့လာထားသော အကြောင်းအခြင်းအရာများကို အခြားသောသူများ ဗဟုသုတရရှိစေခြင်း အလို့ ငှာသော်လည်းကောင်း၊ မိမိ၏ ကိုယ်ပိုင်ခံစားချက်များကို ဒိုင်ယာရီ တစ်ခုသဖွယ် လွပ်လွပ်လပ်လပ် ဖွင့်ဟရေးသားနိုင်စေခြင်း ကြောင့်လည်းကောင်း၊ အဖက်ဖက်က တိုးတက်နေသော ကမ္ဘာ့ ကွန်ယက် အင်တာနက် လောကသစ်ကြီးတွင် “ခေတ်မှီသူတိုင်း ဘလော့ဂ်ရေးကြ၏” ဟူသော ဆောင်ပုဒ်နှင့် အညီ လူတမ်းစေ့ လူဝင်ဆံ့ ခေတ်မှီ အောင်သော်လည်းကောင်း လူသား အတော်များများသည် ဘလော့ဂ်ရေးခြင်း နှင့် ဘလော့ဂ်လည်ခြင်း ဟူသော အမှုကို ပြုကြကုန်၏။

ထိုအခါတွင် ၄င်းဘလော့ဂ်ကာများသည် အောက်ဖေါ်ပြပါ ပြဿနာများနှင့် မလွဲမသွေ တွေ့ ကြုံ ရင်ဆိုင်ကြရပေ၏။ ရှုကြကုန်လော့...။

- ဘလော့ဂ်တစ်ခု စတင်ရန်၊ ဘလော့ဂ် တစ်ခုမှ တစ်ခုသို့ သွားလာ ကူးသန်း လည်ပတ်နိုင်ရန်အတွက် ဘလော့ဂ်ကူးလက်မှတ် တစ်ခု မရှိမဖြစ် ရှိကြရ၏။ (အချို့ က လွယ်လွယ်ကူကူနှင့် ရတတ်ကြသော်လည်း အချို့ ကမူ အလွန် ခဲရာခဲဆစ် ငွေကုန်ကြေးကျခံကာ ရယူကြရ၏။ ထိုလက်မှတ်ကလေးတစ်ခု ရပါမည့်အရေး ဟိုလူ့ အကူအညီတောင်းရ ဒီလူ့ အကူအညီတောင်းရနှင့် အတော်လေးကို ဗျာများတတ်ကြရ၏။ တခါတရံ မိမိ၏ဘလော့ဂ်တွင် မြန်မာစာလုံး မြင်ရအောင်လည်း အချိန်တော်တော်များများ စောင့်ဆိုင်းရတတ်၏။)

- ထိုလက်မှတ်ကလေး ပိုင်ဆိုင်ခွင့်ရပြီးပါက စတင်၍ ဘလော့ဂ်ကြပါပြီ။ ထိုအခါ ဘလော့ဂ်ကာ တစ်ယောက်သည် ဘလော့ဂ်ရေးနေသမျှ ကာလပတ်လုံး မိမိ၏ဘလော့ဂ်လေး အဓွန့် ရှည် တည်တံ့အောင် သက်ဆိုင်ရာသို့  တစ်လလျှင် ဒေါ်လာ ၄၀ မှ ဒေါ်လာ ၁၅၀၊ ၂၀၀ အစရှိသည်ဖြင့် မိမိဘလော့ဂ်၏ အဆင့်အတန်းအလိုက် ပေးဆောင်ကြရ၏။ (နာမည်ကြီး ဘလော့ဂ်ကာများ များများ ပေးကြရ၏။ သို့ သော် ကျွမ်းကျင်ရာ လိမ္မာ ဆိုသလို.. ညှိနှိုင်းတတ်သူများ လျှော့ဈေးဖြင့် ပေးဆောင်ရတတ်၏။ ဤကား စကားချပ်။)

- မိမိ၏ ဘလော့ဂ်တွင် စတင်ရေးသားပြီး ဘလော့ဂ်သက်တမ်း ၂ နှစ် (သို့ မဟုတ်) ၃ နှစ် ပြည့်သွားပါက ဘလော့ဂ် သက်တမ်းတိုးခြင်း ဟူသောအမှုကို ပြုကြရလေ၏။ တစ်ကြိမ် သက်တမ်းတိုးပါက ဒေါ်လာ ၃၀၀ ပေးဆောင်ကြရ၏။ ထိုအခါ နောက်ထပ် ၃ နှစ် တိတိ ဆက်လက် ရေးသားခွင့် ရကြလေသည်။ (ဘလော့ဂ် နှစ်ပါတ်လည် အထိမ်းအမှတ်တို့  ဘလော့ဂ်မွေးနေ့ တို့အကျယ်တ၀င့် ကျင်းပတတ်သူများ သတိထားဖွယ်ရာ…)

- ထို့ အပြင် မိမိ၏ ဘလော့ဂ်တွင် စတင်ရေးသားပြီး ပိုစ့် ၅၀ ပြည့်သွားပါက ဘလော့ဂ် စာမျက်နှာ (Web Page များ) ကုန်သွားပြီဟု ယူဆသဖြင့် ဘလော့ဂ် စာမျက်နှာ အသစ်များ ရယူရန် စာမျက်နှာ သက်တမ်းတဖန် တိုးကြရပြန်၏။ တစ်ကြိမ် သက်တမ်းတိုးပါက ဒေါ်လာ ၃၀၀ ပေးဆောင်ကြရ၏။ ထိုအခါ နောက်ထပ် ပိုစ့် ၅၀ တိတိ ဆက်လက် ရေးသားခွင့် ရကြလေသည်။ (ပိုစ့် ၅၀ မြောက်၊ ပိုစ့် ၁၀၀ မြောက် အထိမ်းအမှတ် ကျင်းပတတ်သော ဘလော့ဂ်ကာများ သတိထားဖွယ်ရာ…)

- ထူးခြားချက် အခွင့်အရေးတစ်ခုမှာ (တနည်းအားဖြင့် ဆိုရသော် အဆိုးထဲမှ အကောင်း) အခွန်ထမ်း ဘလော့ဂ်ကာမှာ အမျိုးသားဖြစ်ပါက ၄င်း၏ အမျိုးသမီးကို မှီခို ဘလော့ဂ်ကာ အဖြစ်လျှောက်ထားပါက အနှီ အမျိုးသမီးမှာ မှီခိုဘလော့ဂ်ကာဟု သတ်မှတ်ခြင်းခံရကာ ကိုယ်ပိုင် ဘလော့ဂ် တစ်ခု အခွန်အခမဲ့စွာ တည်ထောင်ခွင့်ရလေ၏။ (အမျိုးသား ဘလော့ဂ်ကာများ အဖို့ ဝမ်းမြောက်ဖွယ်...)

- ထိုနည်းနှင်နှင်ဖြင့် နှစ်ပေါင်း အတော်အတန်ကြာမြင့်လာသောအခါ အချို့ သော ဘလော့ဂ်ကာများက အခွန်မပေးဆောင်ရရေး အတွက် တမျိုးတဖုံ အကြံဥာဏ်များ ထုတ်ကြပြန်လေ၏။ ထိုသူတို့ သည် ကိုယ်ပိုင် အမည်ဖြင့် Domain ၀ယ်ကြ၏။ သို့ သော် အလွယ်တကူ ၀ယ်၍ ရသည်တော့ မဟုတ်ပါပြီ။ ကိုယ်ပိုင် Domain ၀ယ်ယူလိုသူသည် လစဉ်ပေးဆောင်နေကျ ဘလော့ဂ် အခွန်များ အကြေအလည် ပေးဆောင်ပြီးဖြစ်ရမည်။ မိမိတို့  လက်ဝယ်ကိုင်ဆောင်ထားသော ဘလော့ဂ်ကူးလက်မှတ်ကိုလဲ သက်ဆိုင်ရာသို့ ပြန်လည်အပ်နှံရမည် ဖြစ်သည်။
သို့ သော် မှီခို ဘလော့ဂ်ကာ တစ်ဥိးမှ မိမိကိုယ်ပိုင် Domain ၀ယ်ယူလိုပါကမူ ဤသို့ အလွယ်တကူ မရချေ၊ တစ်လ ပျမ်းမျှ ဒေါ်လာ ၉၀ နှုန်းဖြင့် ၂-နှစ်စာ ဒေါ်လာ ၂၁၆၀ ကို နောက်ဆုံးပေးဆောင်ခြင်း အနေဖြင့် ပေးကြရလေသည်။ ထိုအခါကျမှသာလျှင် ကိုယ်ပိုင် Domain Name ဖြင့် လျောလျောလျှူလျှူ နေထိုင်ရပ်တည်ခွင့် ရကြလေသည်။ မှတ်သားစရာပါပင်...။

ဤသည်တို့ ကား ဘလော့ဂ်ကာတို့ ကြုံတွေ့ နိုင်ဖွယ်ရှိသော အကြောင်းအခြင်းအရာ များထဲမှ ကောင်းနိုးရာရာ သိမှတ်ဖွယ် အချို့ ကိုကောက်နှုတ် ရွေးချယ် တင်ပြထားခြင်း ပင်ဖြစ်၏။ ထို့ ထက် အသေးစိတ် နှိုက်နှိုက်ချွတ်ချွတ်ကိုမူကား ရေးပြရန် မသင့်တော် ဟု ထင်မြင် ယူဆမိသောကြောင့် သည်၍သည်မျှနှင့်သာ ရပ်နားခွင့်ပြုစေလိုပါသည်။


* * * * * * * * * * * * * * * *

မနေ့ ညက အိမ်မက်ထဲမှာ (ကြံကြံဖန်ဖန်...) ကိုယ့်ဘလော့ဂ်လေးရဲ့ Web Page စာမျက်နှာတွေ အကုန်လုံး ကုန်ကုန်လို့ ဘလော့ဂ် ဆက်ရေးလို့ မရတော့ဘူး ဟု မောမောပန်းပန်း ရောရောထွေးထွေး မက်ခဲ့ရသော အိမ်မက်ကလေးကို အခြေခံ၍ ဤပိုစ့်ကို ဖန်တီးမိပါသည်။

တဆက်တည်းမှာ သက်ဝေရဲ့ မိတ်ဆွေ ဘလော့ဂ်ကာ ညီအစ်ကို မောင်နှမများ အားလုံး စိတ်ချမ်းသာ ကိုယ်ချမ်းသာ မတောင့်မတ မကြောင့်မကြ လွတ်လွတ်လပ်လပ် အနှောင့်အယှက်ကင်းကင်း ဖြင့် ပျော်ပျော်ပါးပါး ဆက်လက် ဘလော့ဂ်နိုင်ကြစေကြောင်း ဆုမွန်ကောင်း တောင်းလိုက်ပါတယ်။

Friday, June 6, 2008

လွဲမှားခြင်း


အခုတလော လူတိုင်းကိုယ်စီ ရင်ထဲမှာ စိတ်ရှုပ် စိတ်ညစ်စရာတွေနဲ့ ပြည့်နေကြမယ် ဆိုတာ ဘလော့ဂ်တွေကို လိုက်လည်ကြည့်လိုက်ရင် တွေ့ နိုင်ပါတယ်။
ဘယ်လိုဘဲဖြစ်ဖြစ် ဒီနေ့  သောကြာနေ့ ဆိုတော့ အရင်နေ့ တွေကထက်စာရင် အားလုံး အနည်းငယ်တော့ အသက်ရှုချောင်ပြီး နေသာထိုင်သာ ရှိနေကြမယ်လို့ မျှော်လင့်ပြီး ပြုံးစရာလေးတစ်ခု မျှဝေပေးလိုက်ပါတယ်။
ချမ်းမြေ့ ပျော်ရွှင်ကြပါစေ။

* * * * * * * * *

အများသုံးအိမ်သာတစ်ခုထဲဝင်ပြီး ကမုတ်ပေါ် ထိုင်ရုံသာ ရှိသေးသည်။
ဟိုဖက်အိမ်သာထဲက လူက လှမ်းနှုတ်ဆက်သည်။

"နေကောင်းတယ် မဟုတ်လား..."

ဤနေရာမျိုးမှာ အလာပ သလာပ စကားပြောရတာ အတော်ပင် စိတ်မသက်မသာ ရှိလှသည်။ ဒါပေမယ့်လဲ မကောင်းတတ်တော့ “နေကောင်းပါတယ်” ဟုသာပြန်ပြောလိုက်သည်။ ဘာဘဲဖြစ်ဖြစ်လေ…

ထို့ နောက် ကိုယ့်ကိစ္စ ကိုယ်ရှင်းမည်ကြံကာရှိသေး… ထပ်မေးလာပြန်သည်။

“ခင်ဗျား ဘာတွေ အလုပ်ရှုပ်နေသလဲဗျ…”

ဘယ်လိုလဲဟ… ဒီလိုနေရာမျိုးမှာ ဒီလို ဂွကျကျ မေးခွန်းမျိုးကို ဘယ်လိုဖြေရပါ့မလဲ…။
မတတ်နိုင်ပြီ…

“ခင်ဗျား လိုဘဲပေါ့ဗျာ…”

ဘာဘဲဖြစ်ဖြစ် မြန်မြန်လက်စသပ်ပြီး မြန်မြန်ပြန်ထွက်သွားဖို့ စိတ်ကူးလိုက်သည်။
ဒါပေမယ့် နောက်ထပ်မေးခွန်းတစ်ခု ထပ်ထွက်လာပြန်သည်။

“ကျွန်တော် လာခဲ့မယ်… ရမလား…”

ဘာတွေလာမေးနေတာပါလိမ့် ဟု စိတ်ထဲ အံ့သြ စိတ်ညစ်သွားသည်။
ဒါပေမယ့် အလိုက်သင့်ဘဲ ပြန်ပြောမိသည်။

“မလုပ်နဲ့ လေဗျာ… ကျွန်တော်လဲ ဒီမှာ အလုပ်ရှုပ်နေတာ…”

ဟိုဖက်က ပြန်ပြောသည်။

“ဒါဘဲနော်... နောက်မှဘဲ ပြန်ဆက်လိုက်တော့မယ်။ ဟိုဖက်အခန်းထဲက ငပြောင်က ရူးသလို ပေါသလိုနဲ့ ငါမေးသမျှ ပြန်လိုက်ဖြေနေလို့ …”


* * * * * * *

(နေရာတိုင်းတွင် Mobile ဖုန်းတစ်လုံးဖြင့် မရပ်မနားတမ်း စကားပြောတတ်သူများအား ရည်ရွယ်ပါသည်။)