Friday, July 31, 2009

စွယ်တော်ရိပ်မှ အမှန်တရားများ

တနေ့က အိမ်ရှင်းရင်းနဲ့ ထွက်လာတဲ့ ကဗျာလေးပါ။
စက်မှုတက္ကသိုလ် ကျောင်းသူ ဘဝတုန်းက သူငယ်ချင်းတစု ခေါင်းချင်းဆိုင် ဖတ်ခဲ့ကြ… “မှန်လိုက်လေခြင်း… မှန်လိုက်လေခြင်း” ဆိုပြီး တဖွဖွ ရေရွတ်ခဲ့ကြရင်း အမှတ်တရ ကူးယူ သိမ်းဆည်းထားတဲ့ ကဗျာလေးပေါ့။ ဒီလိုပဲ တယောက် တယောက် လက်ဆင့်ကမ်းလာခဲ့တာမို့ ရေးသူနာမည်ကို မသိခဲ့ပါဘူး။ အဆောင်နေ ကျောင်းသားတစုက ရေးခဲ့တာလို့တော့ ကြားဖူးပါတယ်။ သိရင်လဲ ပြောပြသွားကြပါ။ အခု နောက်ပိုင်းခေတ်က ကလေးတွေ ဖတ်ဖူးမယ် မထင်လို့ မျှဝေပေးလိုက်ပါတယ်…။
ဖတ်ကြည့်ကြပါနော်…။


စွယ်တော်ရိပ်မှ အမှန်တရားများ


Limit နဲ့ Excess
Assume နဲ့ Neglect လုပ်
Efficiency တွက်ထုတ်…

Integral, Differential
Calculator သုံး
Error တွေနဲ့လုံးထွေး…

Force နဲ့ Moment
Resultant တွက်
Static, Dynamic
Equilibrium ဖြစ် မဖြစ်
Graphic တွေဆွဲ…

Iso နဲ့ Projection
Sectional ပုံထုတ်
ခုံကလှုပ် T က စုတ်
မဟုတ်ရင် သိပ်လှမှာ
ယုံလားတော့ မသိ…

C.G. နဲ့ Inertia
Sheer နဲ့ Stress
Stiffness နဲ့ Strength
Bending နဲ့ Torsion
Tension လား Compression လား
ခွဲခြားရင်း သက်ပြင်းတွေချ…

Fluid နဲ့ Thermo
Formula ကို တောင်းနဲ့ကောက်
ကြောက်စရာ လိုလို့လား
အလကားပြောတာ…

Mesh နဲ့ Nodal
KVL လား KCL လား
ယောင်ဝါးဝါးဖြစ်
Circuit ဖွင့် ပိတ်
Voltage နဲ့ Current
လန့်လို့မှ မပြီး
Zero One, One Zero
ဘယ်အညှိုးတွေလဲ…

Practical ကျကျ
လွှနဲ့ တံစဉ်း
တူကြီးကြီးနဲ့ထု
အခုမှ မဟုတ်
Workshop အလုပ်ဆိုတာ
Theory ပါ သိတယ်…

တလ နဲ့ တရက်
အအိပ်ပျက် အစားပျက်
Project ဆိုတာ
မှီအောင်သာ တင်ခဲ့ရ
ယဲ့ယဲ့သာကျန်
မှန်တာက မရှိ…

ဒီလိုနဲ့
ဘဝရဲ့ သုံးပုံ တပုံ
စာသင်ရင်း ကုန်ခဲ့
ဘွဲ့ရရင်….။


Monday, July 27, 2009

သံလွင်အိပ်မက် အတွဲ (၃) အမှတ် (၃)

သံလွင်အိပ်မက် အင်တာနက် မဂ္ဂဇင်း ၅နှစ်ပြည့် အထူးထုတ်
အတွဲ (၃) အမှတ် (၃) ထွက်ပါပြီ။
အဲဒီမှာ ကိုယ့်ရဲ့ ဝတ္ထုလေး တပုဒ် ပါပါတယ်။
ဝတ္ထုလေးရဲ့ နာမည်က "တောင်တန်းတွေရဲ့ တဖက်မှာ" တဲ့...။
ဖတ်ကြည့်ပါ။ ဝေဖန်ပါ။ အကြံပြုပါ။ ကျေးဇူးတင်ပါတယ်။
ပြီးတော့ သံလွင်အိပ်မက်မှာ တခုခုရေးဖြစ်အောင် အားပေး တိုက်တွန်းခဲ့တဲ့
ချစ်ညီမလေး ပန်ဒိုရာ ကို ကျေးဇူး အထူး အထူးပါ။
အဲဒီ ဝတ္ထုလေးကို ဒီမှာ သွားဖတ်လို့လဲ ရပါတယ်…။

----------

--------------------

-----------------------------

တောင်တန်းတွေရဲ့ တဖက်မှာ




ဟိုးအဝေးကြီးအထိ မျက်စေ့တဆုံး မြင်နေရသော ပင်လယ် ရေပြင်ကျယ်ကြီးကို ကမ်းစပ်တနေရာမှာ ထိုင်ရင်း တွေငေးစွာကြည့်နေမိသည်။ ထိုရေပြင်ကျယ်၏ အနားသတ်မှာ ချစ်စရာ တိမ်လိပ်ဖြူဖြူတွေ စီးမိုးထားသော တောင်တန်းများကို မြူတွေကြားမှတဆင့် မှုန်မှုန်လေး မြင်နေရသည်။ ပင်လယ်ပြင်ကျယ်မှာ တည်ငြိမ်နေသော အသွင်ကို ဆောင်ကာ ပြာလဲ့နေသည်။ တောင်တန်းများမှာ ခိုင်မာသော အသွင်ကိုဆောင်ကာ မှိုင်းညို့နေကြသည်။ ကိုယ်ကြည့်နေသော ပင်လယ်ကြီးက လှပစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေကတော့ ဆန့်ကျင်ဖက်… ကိုယ်ကြည့်နေသော တောင်တန်းများက ခိုင်မာစွာ တည်ငြိမ်နေသော်လည်း ကိုယ့်စိတ်တွေက ဆန့်ကျင်ဖက်… အတွေးပေါင်းစုံ တွေးရင်း တယောက်တည်း ယောက်ယက်ခတ်စွာ..။

ကမ်းစပ်တလျှောက်လုံး ကိုယ် လှမ်းကြည့်မိသည်။ ဘယ်သူမှမရှိ… ကိုယ်တယောက်ထဲပါလား ဟူသော အသိကြောင့် နဲနဲတော့ ကြောက်စိတ်ကလေး ဝင်လာမိသည်။ တချိန်ထဲမှာပင် ကိုယ့်အနားကို တယောက်ယောက် ရောက်လာသလို ခံစားလိုက်ရသည်။ ကိုယ် ဘေးဘီ ဝဲယာကို ကြည့်မိသည်…။ သို့သော် ဘာဆို ဘာမှ မတွေ့…။ မင်းအနားမှာ ကိုယ် အမြဲရှိနေမည် ဟူသော စကားသံကို ကြားယောင်လာသည်…။ သူ.. ဘယ်မှာလဲ…။

သူ… တောင်တန်းတွေကို ချစ်မြတ်နိုးတတ်သူ… ကိုယ့်ကိုလဲ ပင်လယ်တွေနဲ့ တောင်တန်းတွေ ဘယ်ဟာကို ပိုချစ်သလဲ ဟူသော ပေါက်ပေါက်ရှာရှာ မေးခွန်းမျိုးကို မေးတတ်သူ တစ်ယောက်…။ တကယ်လဲ ကိုယ်က တောင်တန်းညိုညိုတွေကို ပင်လယ်ပြာပြာတွေထက် ပိုချစ်တတ်သူ…။ တောင်တန်းတွေကို တူညီစွာ ချစ်တတ်သူနှစ်ယောက်… ထိုချစ်သူနှစ်ယောက်ကို တချိန်မှာ သူတို့ ချစ်သော တောင်တန်းတွေက မတွေ့ရအောင် ကာဆီးထားကြလိမ့်မည်ဟု တခါမှ မတွေးမိခဲ့ကြချေ…။

ဟော… ညနေစောင်းလာသည်နှင့်အမျှ လေတွေပိုပြင်းလာသလို ပင်လယ်ပြင်ကျယ်မှာလဲ ရေလှိုင်းတွေ တွေ့နေရပြီ…။ ရေတက်ချိန် ဟုထင်ပါသည်။ ကိုယ် ထိုင်နေသော နေရာနားကို ရေလှိုင်းတွေ ခပ်ဖြေးဖြေးချင်း စတင်ရိုက်ခတ်လာကြသည်။ အလွမ်းတွေဖြင့် ပူလောင်နေသော ကိုယ့်ရင်ကို ဘယ်အရာကများ ငြိမ်းအေးစေမှာလဲ…။ ရေလှိုင်းတွေရဲ့ အအေးဓါတ်တွေက ကိုယ့်ရင်ကို အေးမြစေနိုင်မှာလား…။ အပူသက်သာလို သက်သာငြား ရေတွေထဲ ဆင်းပြီး အစိုခံကြည့်အုံးမည်…။

လှိုင်းလုံးတွေ တဖြည်းဖြည်းပို၍ ပို၍ကြီးမားစွာ ကမ်းစပ်ကို ရိုက်ခတ်လာကြသည်။ ကိုယ့်တကိုယ်လုံး ရေတွေစိုနေပြီ။ လေခပ်ပြင်းပြင်းတချက်အဝှေ့မှာ စိမ့်ကနဲ အေးသွားသော အအေးဓါတ်ကြောင့် ကိုယ် ကျေနပ်စွာ ပြုံးမိသည်..။ ရင်ထဲက ပူလောင်မှုတွေ နဲနဲတော့ သက်သာသွားသလိုပါပဲ…။ တဆက်တည်းမှာ ကိုယ့်အနားကို တယောက်ယောက် ရောက်လာသလို ခံစားမှုမျိုးကို နောက်တကြိမ် ခံစားလိုက်ရပြန်သည်။ လိုက်ရှာကြည့်တော့လဲ ဘယ်သူ့ကိုမှမတွေ့။ နေဝင်ကာစ မှောင်ရီနေသော ညနေခင်းသည် လူတွေရဲ့ စိတ်နှလုံးကို လှပသော လှည့်ဖျားခြင်းများ ယူဆောင်လာသည်လား… ချမ်းမြေ့သော သာယာ ကြည်နူးမှုများကို ပေးစွမ်းနိုင်သည်လား.. စိတ်ထိခိုက်စရာ ဝမ်းနည်း ကြေကွဲမှုများကို ပေးစွမ်းနိုင်သည်လား…။ ဘယ်အရာမှ သိပ်မသေချာလှပါ…။ သေချာတာတခုကတော့ ဒီအချိန်မှာ ကိုယ် သူ့ကို လွမ်းနေသည်… ကိုယ် သူ့ကို တွေ့ချင်သည်… ကိုယ် သူ့ကို စကားတွေ ပြောချင်နေသည်…။

ပင်လယ်ပြာပြာနှင့် တောင်တန်းများကို ချစ်တတ်သူ… ကိုယ့်အတွက် ပင်လယ်ကြီးတခုလို ကြည်လင် ကျယ်ပြန့်သော၊ တောင်တန်းတွေလို ခိုင်မာ တည်တံ့သော ချစ်ခြင်းမေတ္တာများကို ယူဆောင်လာသူ… ချစ်စဖွယ် သီချင်းအေးအေးလေးတွေမှာ စီးမျော ပျော်ဝင်တတ်သူ… ခရီးသွားခြင်းကို နှစ်သက်တတ်သူ… ရောက်လေရာ နေရာတွေမှာ ရှုခင်းလှလှတွေတွေ့တိုင်း မမေ့မလျော့ ဓါတ်ပုံရိုက်တတ်သူ… စာတွေရေးတတ်သူ… ကဗျာတွေကို ချစ်တတ်သူ… မိုးကောင်းကင်ကို မော့ကြည့်ရင်း ကြယ်တွေကို ရေတွက်တတ်သူ… နံနက်စောစော နေထွက်ချိန်တွေမှာ ချစ်သူကို သတိတရ လွမ်းတမ်းတတတ်သူ… စိတ်နှလုံး နူးညံ့ပျော့ပျောင်းကာ ကြင်နာတတ်သူ… ကိုယ့်ကို အရာရာမှာ လိုက်လျော ကြင်နာ နားလည်တတ်သူ… စိတ်ထဲကနေ သူ့ကို ကိုယ့် အနားသို့ ခေါ်ယူကာ စကားများစွာ ပြောနေမိသည်။

"ဒီနေ့လား… ဘာမှ မထူးခြားပါဘူး... နေကောင်းပါတယ် ကိုကို…
ထမင်းလား.. ဟင့်အင်း.. မစားဖြစ်ဖူး.. ကော်ဖီသောက်တယ်… မုန့်စားတယ်လေ…
ပြီးတော့ အားဆေးလဲ မှန်မှန်သောက်ပါတယ် ကိုကိုရဲ့…"

"စိတ်မပူပါနဲ့လေ… ညက အိပ်ရေးဝအောင် ကြိုးစားပြီး စောစောအိပ်ပါတယ်..
အိပ်ရင်းနဲ့ အိပ်မက်တွေမက်တယ်... မနက် နိုးတော့ အိပ်မက်တွေကို ပြန်စဉ်းစားနေမိတယ်... ဟင့်အင်း… အိပ်မက်ထဲမှာ ကိုကို့ကို မတွေ့ပါဘူး… အဖြူရောင် နှင်းဆီပန်းတွေပဲ ပါတာ… ပြီးတော့ အိပ်မက်ထဲမှာလဲ အခုလိုပဲ ရေတွေနဲ့ နီးနီးမှာ ထိုင်နေတာလေ… အင်းပေါ့... တယောက်တည်းပဲပေါ့… "

"အမှန်ကတော့ စိတ် ကြည်ကြည်လင်လင်ရှိရင် ကိုကို့ဆီကို စာတွေရေးချင်နေတာ...
အိမ်မက်ထဲမှာ တွေ့ခဲ့တာတွေကို ပြန်ရေးပြချင်တာပေါ့… နှုတ်တရာ စာတလုံးတဲ့… ဒီတော့ စာနဲ့ရေးထားနိုင်ရင် အမှတ်တရ ပိုဖြစ်မှာပေါ့ ဟုတ်ဖူးလား…"

"ပြီးတော့… စိတ်ထဲမှာ ဟိုတွေး ဒီတွေးနဲ့ ဝမ်းနည်းနေပြန်တယ်..
ကိုယ့်ကြောင့် တစုံတယောက်ကို စိတ်အနှောက်အယှက်ပေးမိသလို ဖြစ်မှာ ကြောက်တယ်... ကိုယ်ပေးနိုင်တာနဲ့ ကိုယ်ပြန်လိုချင်တာ မျှတရဲ့လားလို့လဲ စဉ်းစားမိတယ်... တခါတလေကျရင်တော့ ကိုယ်ဘာတွေ လိုချင်နေတာလဲ လို့ ကိုယ့်ကိုယ်ကိုယ် ထပ်ခါတလဲလဲ မေးမိပြန်တယ်... အဖြေရပြန်တော့ ရင်ထဲကနေ အပြင်ကို ရောက်မလာနိုင်အောင် တခုခုက ပိတ်ပင် တားဆီးထားတယ်... ဖြစ်နိုင်ရင် လူတွေနဲ့ ဝေးဝေးမှာ တယောက်ထဲ တိတ်တိတ်ကလေး နေချင်တယ်... ကိုကို့ကိုလား… အင်း.. ရှိနေနိုင်ရင်တော့ အကောင်းဆုံးပေါ့… ဒါပေမယ့် မမျှော်လင့်ချင်ပါဘူး... မောတယ် ကိုကို…”


ညသည် တဖြည်းဖြည်း အမှောင်တွေ သိပ်သည်းလာပြီ။ ညမှောင်မှောင်မှာ ရေတွေစိုစိုနှင့် နေရာမှမရွှေ့ပဲ ပေတေကာ ထိုင်နေမိသော ကိုယ့်ကိုယ်ကိုယ် တော်တော်အံ့သြမိသည်။ ထိုင်နေရတာ အချိန်တွေ တော်တော်ကြာနေပြီဟု သတိထားလိုက်မိကာမှ ခြေထောက်တွေက ညောင်းညာနေကြသလို… ဒီလိုနှင့် တရိပ်ရိပ်တက်လာနေကြသော ရေလှိုင်းတွေကြားမှာ မတ်တပ်ရပ်ဖို့ ကြိုးစားမိသည်။ ကိုယ်ကို မတ်မတ်ရပ်နိုင်သွားသောအခါ ရှေ့ကို တလှမ်း နှစ်လှမ်း လှမ်းကြည့်မိသည်။ အို… ရေတွေက ကိုယ့် ခါးလောက်နီးနီး ရောက်နေပါပြီလား… ကိုယ် အံ့အားသင့်သွားသည်။ စက္ကန့်အနည်းငယ်မျှ ထိုရေတွေထဲမှာ ငြိမ်ပြီး ရပ်နေမိသည်… သို့သော် နောက်တကြိမ် လှိုင်းပုတ်လိုက်သောအခါ ဟန်ချက် အနည်းငယ် ပျက်သွားသည်။ လဲကျတော့ မလိုပဲ…။

ထိုစဉ် တယောက်ယောက်က ဟန်နီ.. ဟု စိုးရိမ်တကြီး လှမ်းခေါ်သံ ကြားလိုက်ရသည်။ အသံက တိုးသော်လည်း ဘယ်သူ့အသံဆိုသည်ကို ကိုယ့်ဖာသာ သေချာနေပြန်သည်။ ထိုအသံသည် ကိုယ့် အနောက်ဖက်မှ ရောက်လာသလို ခံစားရသဖြင့် ရေတွေထဲ ရပ်နေရင်းမှပင် အနောက်ဖက်သို့ လှည့်ကြည့်မိသည်။ ဘာမှ မတွေ့ရ…။ မှောင်ရီနေသော ညထဲတွင် ခပ်ဝေးဝေးမှ အုန်းပင် အုပ်အုပ်တွေနှင့် ဘန်ဂလို ပုပုလေးတွေကိုသာ အစီအရီ လှမ်းမြင်ရသည်။ တခဏကြာတော့ ထို ခေါ်သံသည် ရေတွေ တဝုန်းဝုန်းကြားမှ ဖြစ်နေပြန်သည်။ ထိုအခါ မျက်နှာကို အသံလာရာဖက်သို့ လှည့်မိပြန်သည်။ ရေတွေထဲမှာလဲ ဘယ်သူမှ ရှိမနေ။ နောက်တကြိမ်မှာ ခေါ်သံသည် ဟိုးအဝေးကြီးမှ လာနေသလို… တောင်တန်းတွေဆီမှ ပဲ့တင်ထပ်ကာ လာနေသလိုလို… အသံလာရာကို လှည့်ရှာရင်း ကိုယ် တော်တော်လေး မောဟိုက်လာသည်လေ…။ ဘာဖြစ်လို့ခေါ်နေတာလဲ... ဒီကို လာခဲ့လိုက်လေ...။

ပီပီသသ ခေါ်နေသော အသံကို ထပ်ခါ ထပ်ခါကြားနေရပြန်သည်။ အာရုံကို စူးစူးစိုက်စိုက်ပြုပြီး ငြိမ်၍ သေသေချာချာ နားထောင်ကြည့်မိတော့ ထိုအသံသည် ဟိုး… တောင်တန်းတွေဆီမှ ဖြစ်နေသည်…။ သေချာပြီ… သူသည် တောင်တန်းတွေကို မြတ်နိုးစွာ ချစ်ခင်တွယ်တာတတ်သူ တယောက်မဟုတ်လား…။ အခု လောလောဆယ်မှာ ကိုယ်လုပ်သင့်သည်က ခေါ်နေသူထံ အရောက်သွားရန်သာ…။ ပြီးတော့ ဤပင်လယ်ပြင်ကျယ်ကြီးက ကိုယ့်ကို ခေါ်နေသူထံ မရောက် ရောက်အောင် ပို့ဆောင်နိုင်မည်ကို နဲနဲမှ ယုံမှားသံသယ ရှိစရာမလိုပါ…။ ရေလှိုင်းတွေကလဲ ကိုယ့်ကို ချစ်ခင်စွာ ကူညီကြအုံးမည်လေ…။ ကိုယ် သွားရတော့မည်... ခေါ်နေသူထံ သွားမှ ဖြစ်တော့မည်... သူခေါ်နေရတာ မောလှရောပေါ့...။

ကိုယ်... ရေတွေထဲကို တလှမ်းချင်း တလှမ်းချင်း ဆက်လျှောက်သွားမိသည်...။ ဟုတ်တာပဲ... ရေလှိုင်းတွေက ကိုယ့်ကို စက္ကန့်အနည်းငယ်အတွင်းမှာ ခပ်ဝေးဝေးသို့ရောက်အောင် ပို့ပေးနိုင်သည်လေ...။ မကြာခင်မှာ သူနှင့်တွေ့ရတော့မည်…။ ကိုယ် ပျော်ရွှင်လှသည်...။ သည်လိုနှင့် တောင်တန်းကြီးတွေနားကို ကိုယ် တခဏအတွင်း ရောက်သွားတော့မည်လေ... ထိုတောင်တန်းကြီးတွေနားမှာ ကိုယ့်ကို နွေးထွေးနှစ်လိုဖွယ် အပြုံးတွေနှင့် ဆီးကြိုနေမည့် ကိုယ့်ကို သိပ်ချစ်သော၊ ကိုယ်ကလဲ သိပ်ချစ်ရသောသူ တယောက် ရှိနေသည်...။ ဘယ်လောက်ပျော်စရာ ကောင်းလိုက်သလဲ...။ မျက်စေ့ကို စုံမှိတ်၍ ထိုကြည်နူးမှုတွေကို ခံစားလိုက်မိသေးသည် ဟုထင်ပါသည်...။ ပြီးတော့ ကိုယ်… လေဟာနယ်ထဲမှာ ရောက်နေသလို… တိမ်လေး တစလို ပေါ့ပေါ့ပါးပါးလေး လွင့်သွားသလိုပဲ…။ ထို့နောက်မှာတော့ ကိုယ်.. ဘာမှ မသိတော့.. ဘာမှ မမြင်ရတော့... ဘာမှ မကြားရတော့ချေ...။

ထိုအခိုက်အတန့်လေးတွင် ပိန်းပိတ်အောင် မှောင်ရီနေသော ကောင်းကင်ကြီးပေါ်ကို မော့ငေးကြည့်နေသူတယောက်သာ ရှိပါက ကောင်းကင်ပေါ်မှ ကြယ်လင်းလင်းလေးတပွင့် ဟိုးအဝေးက တောင်တန်းမှိုင်းညိုညိုများဆီသို့ လွင့်ကြွေကျသွားသည်ကို ထင်ထင်ရှားရှား တွေ့လိုက်ရမည် ဖြစ်ပါသည်...။


သက်ဝေ
၂၂-၀၆-၀၉

Sunday, July 19, 2009

နေရာ

နေရာလေး တခုရှိခဲ့သည်။
ထိုနေရာလေးသည် အများသူငါအတွက် မည်သို့မျှ မထူးဆန်းသည့် သာမာန် နေရာလေးတခုသာ ဖြစ်၏။ ခက်သည်က ထိုနေရာလေးကို မည်သည့်အရာနှင့်မျှ မတူအောင် ကြီးစွာသော သံယောဇဉ်
တွယ်နေမိသည်။ ထိုနေရာလေးနှင့် ပတ်သက်လျှင် ဖြတ်မရသော ကြိုးထူထူ ခိုင်ခိုင်တချောင်း နှင့် ထပ်တူညီသော၊ အမျိုးအမည် ဖေါ်ပြ၍ မရနိုင်သော သံယောဇဉ်ကြိုးတချောင်းက ခိုင်ခိုင် မြဲမြဲ ငြိတွယ်နေလေသည်။

သို့သော် သာမာန်ကြိုးတချောင်းသည် သက်မဲ့အရာတခု ဖြစ်သောကြောင့် တစုံတယောက်၏ လက်ချက်ကြောင့်သော်လည်းကောင်း၊ အချိန်တန်လျှင် သူ့အလိုလို ဆွေးမြေ့ ဟောင်းနွမ်း၍ သော်လည်းကောင်း ပြတ်တောက်သွားနိုင်သည်ပဲ။ သို့ဆိုလျှင် ထိုနေရာလေးတခုနှင့် ပတ်သက်သော သံယောဇဉ် ကြိုးတချောင်းကရော… တစုံတယောက်ကြောင့် ပြတ်ရမှာလား၊ အချိန်တန်လျှင် သူ့ အလိုလို ဆွေးမြေ့ပြီး ပြတ်တောက်သွားနိုင်ပါသလား၊ သို့တည်းမဟုတ် နောက်ဆုံးမှာ ကိုယ်တိုင်က ဖြတ်မှ ပြတ်ရတော့မှာလား….။ သေသေချာချာ မတွေးတတ်ခဲ့ပါ။

သေချာသည်ကတော့…
ထိုနေရာလေးတွင် နေရောင်ခြည်နုနုတို့ အစဉ်ဖြာကျနေသော နွေးထွေးလှပသော နံနက်ခင်းပေါင်း များစွာ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် မိုးစက် မိုးပေါက်တို့ လွင့်စင်ကျလာတတ်သော အေးချမ်းသော ညနေခင်းပေါင်း များစွာ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် လေပြည်နုနုတို့ ခပ်သော့သော့ ဆော့ကစားတတ်သော ညချမ်းဆည်းဆာချိန်များ ရှိနေခဲ့ဖူးသည်။ ထိုနေရာလေးတွင် မမှိန်လွန်း မလင်းလွန်းသော လရောင်လွှမ်းသည့် ညများစွာ တွေ့ကြုံခဲ့ရဖူးသည်။ တခါတခါမှာတော့ ထိုနေရာလေးတွင် လေနီကြမ်းကြမ်းနှင့် မိုးပေါက်ကြီးကြီးများ ရွာစွေတတ်သော ညမှောင်နက်နက် များလည်း ရှိခဲ့ဖူးပါသည်။

ထိုနေရာလေးတွင် မိသားတစု၏ ကြည်နူးသာယာသော ဘဝလေးတစ်ခု စတင် မွေးဖွားခဲ့ပြီး နွေးထွေးသော နေ့ရက် အချိန်ပေါင်း များစွာ ဖြစ်တည်နေခဲ့သည်။ ထိုနေရာလေးတွင် မိဘ ညီအကို မောင်နှမများနှင့်အတူတူ ပျော်စရာ နေ့ရက်ပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် ချစ်သူငယ်ချင်း မိတ်ဆွေ အပေါင်းအသင်းတစုနှင့်အတူ ဝိုင်းဖွဲ့စားသောက်ရင်း ပျော်စရာအတိပြီးသော အမှတ်ရစရာ အချိန်ပေါင်း များစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် သူငယ်ချင်းတစုတို့၏ ပျော်ရွှင်ရယ်မော ငြင်းခုန်သံများ ဖိတ်ကျနေသော ညခင်းပေါင်းများစွာ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် မှတ်မှတ်ရရ ချစ်သူ ခင်သူ တို့နှင့်အတူတူ တညလုံး မအိပ်ပဲ ဘောလုံးပွဲကြည့်ရင်း စကားတွေ ထိုင်ပြောခဲ့ကြဖူးသည်။

ဒါတွေသာမက…
ထိုနေရာလေးတွင် နှစ်ကိုယ်တူ ရယ်မော ပျော်ရွှင်ခဲ့ရသော ကြည်နူးဖွယ်ရာ အချိန်များဖြင့် အစဉ် ပြည့်နှက်နေခဲ့သည်။ ထိုနေရာလေးတွင် မေ့မရနိုင်စရာ ကောင်းလှသော စကားသံ ချိုမြမြတွေ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် သီချင်းသံတွေ လွှမ်းနေသော ရင်ခုန်ဖွယ် ညနေခင်း ဆည်းဆာချိန်မျာလဲ ရှိခဲ့ဖူးသည်။ ထိုနေရာလေးတွင် ငါးကန်လှလှလေးတခုထဲမှာ ပျော်ရွှင်မြူးတူးစွာ လူးလာခေါက်ပြန် ကူးခပ် ဆော့ကစားနေတတ်ကြသော အလှမွေး ရွှေငါးငယ်လေးများလဲ ရှိနေသေးသည်။ ထိုနေရာလေးတွင် ကော်ဖီကျကျ တခွက်စီသောက်ရင်း အနာဂတ်နေ့ရက်တို့ကို အတူတူ မျှော်မှန်း ပုံဖေါ်ကြည့်ခဲ့ကြဖူးသည်။ တခါတခါ အလုပ်တွေအလွန်များပြီး ပင်ပန်းနွမ်းနယ်နေသော အခါမျိုးမှာတော့ ထိုနေရာလေးတွင် ဆူဆူညံ စကားသံတို့ တိုးဝင်ပြီး ငြိမ်သက် တိတ်ဆိတ်နေသော ညနေခင်းအချို့လဲ ရှိခဲ့ဖူးပါသည်။ နောက်ပြီး တခါတရံမှာတော့ ထိုနေရာလေးတွင် စိတ်နောက်ကျိ ငြီးငြူစရာများ၊ စိတ်အခန့်မသင့်စရာများ၊ ပူပင်သောကများကိုလည်း နှစ်ဦးသား ကြုံတွေ့ခဲ့ကြဖူးသည်ပေါ့…။ သို့သော်လည်း ထိုနေရာလေး၏ ငြိမ်းချမ်း အေးမြခြင်းတို့ကြောင့်ပင် ထိုပင်ပန်း နွမ်းနယ်မှုတို့နှင့် သောကတို့သည် အံ့သြဖွယ်ရာ တခဏနှင့် ဝေးလွင့် ပြေပျောက် သွားတတ်ကြသည်ချည်းသာ…။

သို့သော်လည်း လူ ဆိုသည်မှာ အချိန်တန်လျှင် ရေကြည်ရာ မြက်နုရာသို့ ရွှေ့ပြောင်းကြရသည်မှာ ဓမ္မတာပင် မဟုတ်ပါလား။ ဤသို့ဖြင့် အချိန်ကာလ တခုသို့ အရောက်မှာတော့ ထိုနေရာလေးကို ချန်ထားရစ်ခဲ့ပြီး နေရာသစ်တခုကို ရွှေ့ပြောင်းရန် အကြောင်းဖန်လာခဲ့သည်။ ထိုနေရာလေးကို မည်၍ မည်မျှပင် သံယောဇဉ်ကြိုး ရစ်နှောင် တွယ်တာနေပါစေ အချိန်ကျလျှင်တော့ တွယ်မိသမျှ သံယောဇဉ်တို့ကို ရအောင်ဖြတ်ကာ နေရာသစ်တခုဆီသို့ ရွှေ့ပြောင်းရန် စဉ်းစားရတော့မည်လေ။ ထိုနေရာလေးကို နှစ်သက်သော်လည်း မကြာခင် အချိန်အတွင်းမှာ ချန်ထားရစ်ဖို့ ပြင်ဆင်ရတော့မည်။ ထိုနေရာလေးကို မြတ်နိုးသော်လည်း နေရာသစ်တခုတွင် ခြေလှမ်းသစ်တို့ဖြင့် စတင်လျှောက်လှမ်းနိုင်ရန် အားထုတ်ရတော့မည်။ ထိုနေရာလေးကို တွယ်တာသော်လည်း နေရာအသစ်တခုတွင် အခြေတကျဖြစ်အောင် ကြိုးစားရတော့မည်။

အချိန်နှင့် ဒီရေသည် လူကို မစောင့် ဆိုသည့်အတိုင်း အချိန်သည် ကိုယ့်ကို စောင့်မနေခဲ့ပါ။ သည်လိုနှင့် ရက်ပေါင်း လပေါင်းအတော်ကြာ အချိန်ဆွဲ စဉ်းစား တွေဝေနေခဲ့ပြီး နောက်ဆုံးမှာတော့ ကိုယ် မျှော်လင့်ထားသည့်အတိုင်း နေရာနှင့် ပတ်သက်၍ ဆုံးဖြတ်ချက်ကို ပြတ်ပြတ်သားသား ချရတော့မည့် အချိန်တခုကို ရောက်လာခဲ့တော့သည်။ ထိုအခါတွင် နေရာဟောင်းလေးကို တွယ်တာနေသည့် ခိုင်မာသော သံယောဇဉ်ကြိုးတချောင်းကို နာကျင်စွာ ဖြတ်တောက်ပစ်ရန် ဆုံးဖြတ်ချက်ချခဲ့သောသူမှာ ထိုနေရာလေးကို မြတ်နိုးလှစွာသော ကိုယ် ကိုယ်တိုင်ပင် ဖြစ်နေကြောင်း အံ့သြဖွယ် တွေ့လိုက်ရပါတော့သည်။

၆၂ နှစ်မြောက် အာဇာနည်နေ့

ဤပုံကို ဆရာမ မမေငြိမ်း ၏ အာဇာနည်နေ့ အမှတ်တရ ပိုစ့်မှ ရယူပါသည်။

အာဇာနည်နေ့ တို့မမေ့
ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ
ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများအား
လေးစားစွာ ဦးညွှတ် အလေးပြုပါသည်။

Monday, July 13, 2009

ကံ ကံ၏ အကျိုး

ကံ ဟူသော စကားလုံး နှင့် သူ၏ နောက်ဆက်တွဲ အကြောင်းအရာများစွာကို လူအများ အားလုံး သိဖူးကြားဖူးပြီး ဖြစ်ကြပါလိမ့်မည်။ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင်တဦး ဖြစ်သည့်အလျောက် ကံ ကံ၏ အကျိုးကို အကြွင်းမဲ့ ယုံကြည်ပါသည်။ ယေဘုယျအားဖြင့် ကံ ဆိုသည်မှာ ကိုယ်က ပြုသော အမှု ဟု ဆိုလေ့ရှိကြသည်။ ကောင်းတာလုပ်လျှင် ကောင်းတာ ဖြစ်မည်၊ မကောင်းတာ လုပ်လျှင် မကောင်းတာ ဖြစ်မည်၊ စိတ်ထားကောင်းလျှင် ကံကောင်းမည်၊ စိတ်ထားဆိုးလျှင် ကံဆိုးမည်၊ စေတနာသည် ကံ မည်၏ အစရှိသော ကံနှင့်ပတ်သက်သည့် စကားပေါင်း များစွာမှာလဲ လူ့ ပတ်ဝန်းကျင်တွင် နေ့စဉ်လိုလို ပြောဆို သုံးနှုန်းလေ့ရှိကြသော စကားစုများ ဖြစ်ပါသည်။

ယခု လက်ရှိဘဝတွင် ကံဆိုးခြင်း၊ ကံကောင်းခြင်း တို့ဟူသည် ယခင် ရှေးအတိတ်ဘဝက ပြုခဲ့ကြသော ကုသိုလ် အကုသိုလ် တို့ကြောင့် ဆိုသည်မှာ တစိတ်တပိုင်းတော့ မှန်ပါလိမ့်မည်။ သို့သော် လက်ရှိပစ္စုပ္ပန် အခြေအနေတွင် မိမိတို့ ပြုလုပ်နေသော လုပ်ရပ်များ၏ ကောင်းခြင်း ဆိုးခြင်းများသည်လည်း နောင်ဘဝအထိ မရောက်၊ ယခု လက်ရှိဘဝတွင်ပင် တူညီသော အကျိုးပေးတတ်သည်ကိုလည်း မမေ့မလျော့ သတိပြုသင့်ပါသည်။ ထို့အပြင် မည်သူ့အပေါ်တွင်မဆို သင့်တင့်လျောက်ပတ်သော စိတ်ကောင်း စေတနာကောင်းများ အတတ်နိုင်ဆုံး ထားရှိခြင်း သည်လည်း ကိုယ့်ကို ကောင်းသော အကျိုးများ မလွဲမသွေ ပေးတတ်ပါသည်။

ပါတ်ဝန်းကျင်တွင် သာမန်လူသားတယောက်အနေဖြင့် ပုံမှန် ရှိသင့်ရှိထိုက်သော စိတ်ကောင်း စေတနာကောင်းများ မရှိတတ်သောသူများ၊ လူတဦးတယောက်အပေါ်တွင် ထားသင့် ထားထိုက်သော ကျေးဇူးတရားကို သေးသေးလေးမျှပင် မထားနိုင်ကြသောသူများ၊ သူ့ထက်ငါ နိုင်လိုမင်းထက် ပြိုင်ဆိုင်လိုစိတ် ကြီးမားလှသောသူများ အများအပြားကို ကြုံတွေ့ဖူးပါသည်။ ထိုသို့သော လူမျိုးကို ကံ ကံ၏ အကျိုးတရား အကြောင်းနှင့် နှိုင်းယှဉ်တွဲကာ စဉ်းစားမိလိုက်တိုင်း သူတို့အစား အတော်ပင် ရင်လေးပြီး ထိတ်လန့် တုန်လှုပ် ကြောက်ရွံ့မိပါသည်။ ထို့ထက်ပိုဆိုးသည်က သူတို့သည် သူတို့၏ မကောင်းသော စိတ်စေတနာ၊ မနာလို မရှုစိမ့်နိုင်သော နှလုံးသား တို့ကို လုံခြုံအောင် မဖုံးကွယ်နိုင်၊ မမျိုသိပ်နိုင်၊ မတားဆီးနိုင် ကြသောကြောင့် ဘေးလူက အထင်းသား မြင်သာ တွေ့သာနေခြင်းပင်။

လူတဖက်သား၏ ကောင်းသော ဖြစ်ရပ်များ၊ အဆင်ပြေသော ဖြစ်ရပ် အကြောင်း အခြင်းအရာများကို မြင်ရ တွေ့ရ ကြားရ သိရသောအခါများတွင် ထိုသူတို့သည် စိတ်နှလုံး မချမ်းမသာနှင့် မနာလိုခြင်း၊ မရှုစိမ့်နိုင်ခြင်း တို့ကို ပင်ပန်း ဆင်းရဲစွာ ခံစားကြပြီး ထို စိတ်ခံစားချက်တို့အလျှောက် ပြောဆို ပြုမူ ကြလေသည်။ ထိုနည်းလည်းကောင်းပင် ထိုသူတို့သည် လူတဖက်သား၏ အဆင်မပြေသော၊ မကောင်းသော အခြေအနေများကို တွေ့ရသောအခါတွင် စာနာ ထောက်ထားသော၊ ကြင်နာ ငဲ့ညှာသော ဂရုဏာ စိတ်မျိုးမထားနိုင်ပဲ လှေနစ်သူ ဝါးကူထိုး၊ အလိုလိုနေရင်း အားရ ဝမ်းသာ ဖြစ်ကြကုန်လေ၏။ ထိုအချိန်မျိုးတွင် သူတို့သည် ကိုယ့်ကိုယ်ကိုယ် သတိမထားမိလိုက်ခင်မှာပင် မနှစ်လိုဖွယ်ရာ မျက်နှာအမူအရာများဖြင့် မကောင်းသော စကားတင်းများကို တိုးတိုးတမျိုး ကျယ်ကျယ်တဖုံ ဆိုတတ်ကြလေသည်။ ကိုယ့် အတွင်းစိတ်ကို မဖုံးဖိနိုင်ပဲ မကောင်းသော စိတ်စေတနာတို့ဖြင့် မကောင်းသော လုပ်ရပ်များကို ဆက်ကာ ဆက်ကာ ပြုမူတတ်ကြလေသည်။ ဤကဲ့သို့ စိတ်ထား စေတနာ မကောင်းမှုများကြောင့်ပင် ထိုသူတို့၏ အခြေအနေတွေသည် ကောင်းသည့်ဖက်သို့ မည်သည့်နည်းနှင့်မျှ ရောက်မလာနိုင်တော့ပဲ မကောင်းပြီးရင်း မကောင်းရင်း၊ အရာရာတိုင်းသည် မကောင်းသောဖက်သို့သာ ဦးတည်နေလေတော့သည်။

ထိုအခါ စက်ဝိုင်း တပါတ်လည်ကာ သူတို့တတွေသည် ကံ ဟူသော စကားလုံးကို တွင်တွင်အသုံးပြုကြပြီး ကံ က မကောင်းလို့… ကံ နိမ့်နေလို့… အခုတလော ကံ ကိုက ဆိုးနေပါတယ်… အစရှိသည်ဖြင့် ကံ အကြောင်းတရားကို လှိုက်လှိုက်လှဲလှဲ အပြစ်ဖို့တတ်ကြပြန်ပါသည်။ အမှန်ဆိုရပါမူ လူတယောက်သည် မိမိ၏ လက်ရှိ အခြေအနေတွင် ကံကောင်းနေသလား ကံဆိုးနေသလား၊ ဘာကြောင့် ကံကောင်းနေသလဲ၊ ဘာကြောင့် ကံဆိုးနေသလဲ ဆိုသည်ကို ကိုယ်တိုင် သုံးသပ် ဆင်ခြင်ကြည့်၍ ရနိုင်ပါသည်။

အကယ်၍ ကိုယ်တိုင်သည် ကုသိုလ်ကံ ကောင်းမွန်၍ အစစ အရာရာ လုပ်ကိုင်ကြံစည်သမျှ အဆင်ပြေ ချောမွေ့ အောင်မြင်နေပါက ထိုကောင်းသော အနေအထားလေးကို မပျက်မစီးရအောင် ဆက်လက် ထိန်းသိမ်းထားသင့်ပါသည်။ ထို့ထက်ပို၍ မိမိ၏ စိတ်နှလုံးသားလေးကို ပိုမို သန့်ရှင်းအောင်၊ ကြည်လင်ဖြူစင်အောင် ထားနိုင်ပါက တွေ့ကြုံရသမျှ အရာရာတိုင်းသည် အဆင်ပြေပြေ စိတ်ချမ်းသာ ကိုယ်ချမ်းသာနှင့် ကံကောင်းခြင်းဖက်သို့သာ ဦးတည်နေမည် ဖြစ်ပါသည်။

ထိုသို့မဟုတ်ပဲ အခုတလောတွင် မည်သည့် အကြောင်းကိစ္စတွင်မဆို အထစ်အငေါ့များ၊ အဆင်မပြေမှုကလေးများနှင့် ကြုံတွေ့နေရပါက ကံ တခုတည်းကို အပြစ်ပုံချ မနေသင့်ပဲ လတ်တလောတွင် မိမိပြုခဲ့သမျှ အကြောင်းအရာလေးများ၏ အကောင်း အဆိုး အကျိုး အပြစ်များကို ပြန်လည်သုံးသပ် ကြည့်ကြစေချင်ပါသည်။ လူဆိုသည်မှာ မိမိ၏စိတ်ကို မိမိသာလျှင် အသိဆုံး ဖြစ်ပါသည်။ မိမိ၏ စိတ်နေ စိတ်ထားတို့တွင် ချို့ယွင်းချက်များ၊ လိုအပ်ချက်များကို ရှာဖွေတွေ့ရှိပါက နောင်တချိန်တွင် ထိုအမှားမျိုး ထပ်မမှားအောင်၊ ထို မကောင်းသော စိတ်ထားမျိုး ထပ်မထားဖြစ်အောင် ကြိုတင် တားဆီးခြင်း၊ ဆင်ခြင် သတိထားခြင်းတို့ ဖြင့် အစစ အရာရာတွင် ကံကောင်းခြင်းဖက်သို့ ဦးတည်လာစေနိုင်ပါသည်။

အချုပ်အားဖြင့် ဆိုရသော် မိမိ ဘဝ၏ လက်ရှိ အခြေအနေ ကံကောင်းခြင်း၊ ကံဆိုးခြင်း တို့ဟူသည် မည်သူနှင့်မှ သက်ဆိုင်ခြင်း အလျဉ်းမရှိ၊ အရာရာတိုင်းသည် မိမိ၏ စိတ်နေစိတ်ထား နှင့် မိမိမှ ပြုသော အကောင်း အဆိုး အကြောင်းအရာများတို့နှင့်သာ ရာခိုင်နှုန်းပြည့် သက်ဆိုင်မှုရှိပါသည်။ ထို့ကြောင့် အရာရာတိုင်းတွင် အစဉ်သဖြင့် ကံ တခုတည်းကိုသာ အပြစ်မဖို့ ကြပဲ ကိုယ် ပြုသမျှ လုပ်ရပ်များ၏ နောက်ကွယ်မှ ကောင်းခြင်း ဆိုးခြင်းတို့နှင့်အတူ ကံ ကံ၏ အကျိုးတရား ကိုလဲ အလေးအနက်ထား၍ စဉ်းစားကြည့်ကြပါရန် တိုက်တွန်းလိုက်ပါသည်။



Friday, July 10, 2009

အယူသည်းသူတယောက်အကြောင်း

တရက်တွင် အိမ်ဝယ်ချင်သော မိတ်ဆွေတယောက်က အကူအညီတောင်းသဖြင့် သူ့ကို ကိုယ့် Agent နှင့် တွေ့ပေးမည်ဟု ကတိပေးခဲ့ပါသည်။ ကိုယ်က လူတွေကို ကြုံရင် ကြုံသလို သိပ်ကူညီချင်သူတယောက် မဟုတ်လား။ ဒီကိစ္စမှာလဲ ကိုယ် သူတို့နှစ်ယောက်ကို တွေ့ပေးလိုက်လျှင် သူလဲ အိမ်ဝယ်ဖို့ အဆင်ပြေ၊ ကိုယ့် Agent လဲ အကျိုးရှိ… ဘယ်လောက် ကောင်းသလဲ…။ ကိုယ့်အတွေးနှင့်ကိုယ် ဟုတ်လို့...။

သည်လိုနှင့် တခုသော ညနေခင်းမှာ သူ့ကို Agent ဆီ ခေါ်သွားခဲ့ပါသည်။ သူတို့ချင်း တွေ့ဆုံ မိတ်ဆက်ပေးပြီး ကိုယ့်အကြံက ယူလာသော စာအုပ်တအုပ်နှင့် ခပ်လှမ်းလှမ်းမှာ စာဖတ်နေမည် ပေါ့လေ။ သို့သော်လည်း နေရာ အနေအထားက မနီးမဝေးမို့ နားမစွင့်သော်လည်း အားလုံးကြားနေရပါသည်။ သူတို့သည် ကုန်ကျနိုင်မည့် ငွေကြေး ပမာဏများကို ဦးစွာ တွက်ချက်ကြပါသည်။ ထို့နောက်တွင် မည်သည့် နေရာဒေသ (Location) ကို ကြည့်မည်နည်း ဟု ဆွေးနွေးကြပါသည်။ သူက သူနှစ်သက်သော၊ သူ့အလုပ်နှင့်လဲ နီးသော နေရာတခုကို ရွေးချယ်ပါသည်။ အားလုံး အဆင်ပြေပြေ…။ သို့သော် မိတ်ဆွေက သူအလိုရှိသော အထပ် (Level) အကြောင်းပြောလေသောအခါ….။ ဒုက္ခက အဲဒီမှာ စ တွေ့တော့သည်။ ကိုယ်လဲ လက်က စာအုပ်တခြား ကိုယ်တခြား ဖြစ်သွားရပါသည်။

သူက အိမ်ခန်းကို အထပ် မြင့်မြင့်မှာသာ ဝယ်လိုပါသည် တဲ့…။
အထပ်နိမ့်များ ဖြစ်ကြသော နှစ်ထပ်၊ သုံးထပ်၊ လေးထပ် နှင့် ငါးထပ် တို့ကို ထည့်သွင်း စဉ်းစားလိုခြင်းမရှိပါ ဟု ပြောပါသည်။ အလွန် ယေဘူယျကျသော၊ လူတိုင်းလိုလို တွေးတတ်ကြသော အတွေးဖြစ်သောကြောင့် စိုးစဉ်းမျှ ကန့်ကွက်စရာမရှိပါ။ သို့သော် ခြောက်ထပ်သို့ ရောက်သောအခါ ခြောက်ခြောက်သွေ့သွေ့ ဖြစ်မည်စိုး၍ အလိုမရှိပါ ဟု ဆိုပါသည်…။ အိုကေ… ခုနှစ်ထပ် ရှစ်ထပ် နှင့် ကိုးထပ်… ထိုအထပ်များကိုတော့ဖြင့် ထည့်သွင်း စဉ်းစားနိုင်သည် ဟု ဆိုပါသည်။ ပုံစံက သိပ်တော့ နှစ်နှစ်သက်သက်ကြီး မဟုတ်လှ။ ထိုအထဲတွင်မှ ရှစ်ဂဏန်းက သူနှင့် သိပ် အကျိုးမပေးတတ်ဟု ဗေဒင်က ဟောထားသောကြောင့် ဖြစ်နိုင်လျှင် ရှစ်ထပ်ကို ရှောင်ချင်ပါသည် တဲ့…။

သည်လိုနှင့် ဆယ်ထပ်ကို ရောက်လာပါသည်။ တဆယ်ဂဏန်းကို အလိုလိုနေရင်း မကြိုက်သောကြောင့် ပယ်ပါသည်တဲ့…။ ဆယ့်တစ်ထပ် ကျတော့ လုပ်ငန်းဆောင်တာတွေမှာ မချောမွေ့ပဲ ဆက်ကာ ဆက်ကာ တစ်နေမှာ စိုးသောကြောင့် မလိုချင်ပါ တဲ့။ ဆယ့်နှစ်ထပ် ကတော့ ဂဏန်းကိုတော့ ဖြင့် နှစ်သက်ပါသည် သို့သော် တခါတခါမှာ ဆက်နစ် နေမှာစိုးသဖြင့် ပယ်ပါသည်တဲ့…။

ဘုရားရေ… သူ့ရဲ့ အကြောင်းပြချက်တွေနှင့် အယူအဆတွေကြောင့် ကိုယ် သူ့ကို တခါမှ မမြင်ဘူးသူတယောက်လို အံ့သြတကြီး ကြည့်နေမိရာမှ ဖျတ်ကနဲ သတိရ၍ ကိုယ့် Agent မျက်နှာကို လှမ်းကြည့်လိုက်သောအခါ စိတ်ကို အတော်လေး ရှည်လျားအောင် ကြိုးစား ဆွဲဆန့်ထားရသူ တယောက်လို ဖြစ်နေသည်ကို တွေ့လိုက်ရပါသည်။ တကယ်တော့ ထို Agent သည် အလွန်စိတ်ရှည်ပြီး အလွန် သဘောကောင်းသော သူတယောက် ဖြစ်ပါသည်။ ထားတော့…။

ကဲ… သည်လိုဖြင့်ရင်တော့ ဆယ့်သုံးထပ် ကျတော့ရော ဆိုတော့… လား လား… သူက ဆယ့်သုံးဂဏန်းသည် အင်္ဂလိပ်လို Thirteen မို့ မကောင်းပါသဖြင့် ပယ်ပါသည် တဲ့…။ (ဒီတခါမှာတော့ ဆယ့်သုံး ဆိုသည်မှာ ဆက်သုံးလို့ ရသည် ဟု အဓိပ္ပါယ် မကောက်တော့ပါလား… ထူးဆန်းပေစွ)။ သည်လိုနှင့် ရှေ့ဆက်ပြောကြသော အခါ ဆယ့်လေး ကျတော့ ဆက်၍ ဆက်၍ လေးနေမည်တဲ့…။ တဆယ့်ငါးထပ် ဆိုလျှင်တော့ဖြင့် ယူလို့ရသည်တဲ့။ တဆယ့်ခြောက်ကတော့ ဆက်လက် ခြောက်သွေ့မည် စိုးသောကြောင့် ပယ်ပါသတဲ့။ ထို အထပ်မှာနေရင် ယောင်္ကျားတွေ အခြောက်ဖြစ်မှာ ကြောက်လို့ လို့ မပြောတာ တော်သေးတာပေါ့ ဟု စိတ်ထဲမှ ချဉ်တူးစွာ တွေးလိုက်မိသေးသည်။ တဆယ့်ခွန်၊ တဆယ့်ရှစ်၊ တဆယ့်ကိုး တွေကတော့ အေးဆေးပါ၊ အိုကေတယ် ဟု ပြောလာပါသည်။

သူ့စကားများအဆုံးတွင် Agent က ပုံမှန် HDB (အစိုးရ အိမ်ခန်းများ) အခန်းများမှာ အများအားဖြင့် ဆယ့်တစ်ထပ်၊ ဆယ့်နှစ်ထပ် သည် အမြင့်ဆုံး ဖြစ်ပါသည်၊ ယခု နောက်ပိုင်း ဆောက်လုပ်သော မြို့နှင့် ခပ်လှမ်းလှမ်းမှ တိုက်ခန်းများတွင်သာ အထပ် နှစ်ဆယ်၊ အစိတ်ရှိနိုင်ပါသည်။ မိတ်ဆွေလိုချင်သော နေရာတွင် ထိုသို့သော အထပ်မြင့်မြင့်များ မရှိနိုင်ပါ ဟု အတိအကျ ပြောလိုက်ပါသည်။

နောက်ဆုံးမှာတော့ နှစ်နာရီကျော်ကြာ တွေ့ဆုံခန်းတခု မသေချာ မရေရာစွာဖြင့် ပြီးဆုံးခဲ့ပါသည်။ ကိုယ့် Agent ကို ခပ်မြန်မြန် နှုတ်ဆက်ပြီး ကိုယ်တိုင်က စိတ်တွေ တော်တော် အချဉ်ပေါက်နေသော်လည်း ပို့မယ့်ပို့ ကူးတို့ ရောက်အောင်ပို့ ဆိုသလို သူ့ကို အိမ်တိုင်ရာရောက် လိုက်ပို့ကာ ကိုယ် အိမ်သို့ ပြန်ခဲ့ပါသည်။ သူနှင့်အတူ ပြန်လာရာ လမ်းတလျှောက်တွင်လည်း “ဒီလောက်တောင် အယူသည်းနေမှတော့ စင်ကာပူမှာလဲ မနေသင့်တော့ပြီ၊ အစစအရာရာ စီကာ စဉ်ကာ ပူရတတ်သောကြောင့် စင်ကာပူ ဟု ခေါ်ကြောင်း မသိလေသလော” ဟု ပြောချလိုက်ချင်စိတ်နှင့်အတူ ပါးစပ်ဖျားမှ စကားလုံး ခပ်ဆိုဆိုးများကိုလဲ မသင့်တော်ဘူးလေ… မပြောသင့်ဘူးလေ… ဟု အကြိမ်ကြိမ် မျိုချ နှိပ်ကွပ်ခဲ့ရပါသည်။

အိမ်ပေါက်ဝရောက်သောအခါ ကိုယ့်ကို အမျိုးသားက ရယ်ချင်စိတ်ကို အတင်း ထိန်းချုပ် ထားရသော မျက်နှာမျိုးဖြင့် အိမ်တံခါး လာဖွင့်ပေးပါသည်။ ကိုယ် သိလိုက်ပါပြီ၊ နှစ်ကြိမ်ထပ် စဉ်းစားစရာလဲ မလိုပါ။ သူနှင့်ရော ကိုယ်နှင့်ပါ နှစ်ယောက်စလုံးနှင့် အလွန် ရင်းနှီးသော Agent က ကိုယ် အိမ်ပြန်မရောက်ခင် သူ့ဆီ ဖုန်းဆက်ပြီး အကျိုးအကြောင်း ပြောထားနှင့်ပြီးသား ဖြစ်ပါလိမ့်မည်။ သူ၏ ရယ်ချင်စိတ်ကို အလွန်အမင်း ထိန်းသိမ်းထားရသော မျက်နှာထား နှင့်အတူ လူမှုရေးတွေ၊ သူတပါး ဝေယျာဝစ္စတွေ အားကြိုးမန်တက် ကူညီ လုပ်ကိုင်လေတိုင်း ကိုယ့်ကို ခေါ်နေကျ “A To Z အထွေထွေ အကျိုးတော်ဆောင်ကြီး... ဘယ့်နှယ့်ရှိစ..." ဟူသော စကားကို ကြားရသောအခါ ကိုယ့်ဒေါသတွေသည် ဟိုး အထွတ်အထိပ်သို့ မြင့်တက်လာကာ သူ့ကို ကိုယ်ထိလက်ရောက် တခု တခု ပြန်မလုပ်မိခင်မှာ ချက်ချင်း ကွန်ပျူတာသွားဖွင့်ပြီး ဤပိုစ့်ကို ခပ်မြန်မြန် ချရေးလိုက်မိပါတော့သည်။


Monday, July 6, 2009

ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့

ဘုရားအလောင်းတော်မြတ်သည် မာရ်နတ်မင်း၏ ရန်ကိုအောင်တော်မူပြီး၍ ဗောဓိပင်ရင်း၌ ထက်ဝယ်ဖွဲ့ခွေ နေတော်မူကာ သဗ္ဗညု ဗုဒ္ဗ အဖြစ်သို့ မရောက်သမျှ ဤနေရာမှ မထ ဟု ကြီးစွာသော လုံ့လတော်ဖြင့် ဆင်ခြင်သုံးသပ်တော်မူသောအခါ သက္ကရာဇ် ၁၀၃ ခု၊ ကဆုန်ကပြည့် ဗုဒ္ဗဟူးနေ့ နံနက် အာရုံတက်ချိန်တွင် လောကသုံးပါး၏ အထွတ်အထိပ် သဗ္ဗညုတ ဗုဒ္ဗ အဖြစ်သို့ ရောက်တော်မူလေသည်။

ဘုရားအလောင်း ဖွားမြင်စ၌ ရုပ်လက္ခဏာ ကြည့်ရှုရသော ပုဏ္ဏားရှစ်ယောက်တို့တွင် ငါးယောက်သော ပုဏ္ဏားတို့သည် မုချ ဘုရားဖြစ်လိမ့်မည်ဟု ယုံကြည်ကြသောကြောင့် ရသေ့ ရဟန်း ပြုနှင့်ကြ၍ ဘုရားအလောင်း တောထွက်သောအခါ ရေပူ ရေချမ်း ကမ်းလှမ်းပြုစုနေကြလေသည်။ ထို့နောက် ဆွမ်း အဟာရ ဘုန်းပေးသည်ကို မြင်၍ ဘုရားဖြစ်တော့မည် မထင်သောကြောင့် ဘုရားအလောင်းထံမှ ခွဲခွာ၍ ဗာရာဏသီအနီး မိဂဒါဝုန်တော၌ နေကြလေသည်။



ဘုရားဖြစ်တော်မူ၍ တရားဦးဟောထိုက်သူများကို ရှုစားတော်မူသောအခါ ထိုရသေ့ငါးဦး၏ ရင့်သန်သော ဉာဏ်ကို မြင်တော်မူရကား ဗောဓိပင်မှ တစ်ဆယ့်ရှစ်ယူဇနာ ဝေးကွာသော ဣသိပတန မိဂဒါဝုန်တောသို့ ကြွတော်မူပြီးလျှင် ဝါဆိုလပြည့်နေ့ နေမဝင်မီအချိန်တွင် ထိုပဉ္စဝဂ္ဂီ ရသေ့ငါးဦးအား ဓမ္မစကြာ တရားဦးကို ဟောတော်မူလေရာ တစ်ဆယ့်ရှစ်ကဋေသော နတ်ဗြဟ္မာတို့နှင့်အတူ အရှင်ကောဏ္ဍည သောတပန် တည်လေသည်။


(ဝါဆိုလပြည့် ဓမ္မစကြာ အခါတော်နေ့ အတွက် ရည်မှန်း ပူဇော်ပါသည်)



Ref : The Illustrated History of Buddhism


Wednesday, July 1, 2009

နားအလှူ နှင့် မျက်စေ့အလှူ

နားအလှူ ဆိုတဲ့စကားကို ဟိုးလွန်ခဲ့တဲ့ ဆယ်နှစ်နီးပါးလောက်က ဘန်ကောက်မှာရှိတုန်းက သူငယ်ချင်းတယောက်ရဲ့ အိမ်မှာ ဆုံခဲ့ရတဲ့ အန်ကယ်ကြီး တယောက်ဆီက ကြားဖူးခဲ့တာပါ။ စ စ ကြားချင်းတော့ ဘာကို ဆိုလိုမှန်းမသိဘူး။ ဒါနဲ့ သူပြောနေတဲ့ စကားဝိုင်းထဲကို အသာဝင်ပြီးတော့ နားထောင်ခဲ့ပါတယ်။

သူက အမေရိကားမှာ မိသားစုနဲ့အတူတူနေပါတယ်။ ဘန်ကောက်ကို ခဏအလည် ပြန်လာတာပါ။ သူ့စကားတွေကို အတိုချုံးပြီး ပြောပြရရင် သူဟာ စားဝတ်နေရေးအတွက် တပတ်ကို ၄ ရက် အလုပ်လုပ်ပါတယ် တဲ့။ ကျန်တဲ့ သုံးရက်ထဲက တရက်ကို ဘာသာရေးနဲ့ပတ်သက်တဲ့ စာတွေဖတ်တာ၊ မိတ်ဆွေတွေနဲ့အတူတူ ဆွေးနွေးပွဲတွေ၊ အသိ အမြင်ချင်း ဖလှယ်တာတွေ၊ အလိုရှိတဲ့ လူငယ်တွေကို သင်တန်းတွေ ပို့ချတာတွေနဲ့ အချိန်ကုန်စေပါတယ် တဲ့။ နောက်တရက်က အိမ်မှာနေ၊ အေးအေးဆေးဆေး အနားယူ၊ ချက်ပြုတ် စားသောက်ပြီး မိသားစုကို အချိန်ပေးပါတယ် တဲ့။ အဲ… ကျန်တဲ့ တရက်ကိုတော့ နားအလှူ ပေးပါတယ်တဲ့။

သူပြောပြတဲ့ နားအလှူ အကြောင်းကတော့ ဒီလိုပါ။
နိုင်ငံခြားဆိုတဲ့ မိဝေးဖဝေး ဆွေဝေး မျိုးဝေး နေရာတခုမှာ အကြောင်းအမျိုးမျိုးကြောင့် ရောက်လာ နေထိုင် အလုပ်လုပ်နေကြရတဲ့ လူတွေ အများကြီး ရှိကြတယ်မဟုတ်လား။ အဲဒီအထဲမှာမှ သူ့ပတ်ဝန်းကျင်မှာ စကားပြောဖို့ အဖေါ်မရှိလို့ တယောက်တည်း အိမ်မှာ စိတ်ဓါတ်တွေကျနေတဲ့ သက်ကြီးရွယ်အိုတွေ၊ ကျန်းမာရေးမကောင်းတဲ့ သူမျိုးတွေ၊ တမိသားစုလုံး အလုပ်သွားနေကြတုန်း အိမ်မှာ တယောက်တည်း ကျန်နေခဲ့တဲ့ လူကြီးတွေ၊ ဘဝမှာ လိုချင်တာတွေနဲ့ ရလာတာတွေနဲ့ တထပ်တည်းမကျလို့ ဘဝကို စိတ်ညစ် စိတ်ပျက်နေတဲ့၊ လေလွင့်ချင်ချင်ဖြစ်နေတဲ့ လူငယ်လေးတွေ၊ အိမ်ထောင်ရေး အဆင်မပြေလို့ တကွဲတပြားစီ ဖြစ်နေကြတဲ့ သူတွေ၊ အဆင်မပြေတဲ့ မိသားစုမှာ ကြီးပြင်းလာကြတဲ့၊ မိဘတွေကို မကျေနပ်ဖြစ်ပြီး အရာရာကို ပေါက်ကွဲချင်နေတဲ့ ဆယ်ကျော်သက်အရွယ် ကလေးတွေ…. အစရှိတဲ့သူတွေရဲ့ ခံစားချက်တွေ၊ သူတို့ ပြောလိုတဲ့စကားတွေကို သူတို့ အလိုရှိတဲ့ အချိန်မှာ သူတို့ဆီကို အလည်အပတ်သွားလို့ ဖြစ်စေ၊ တနေရာမှာ ချိန်းပြီး တခုခုစားကြရင်းနဲ့ပဲ ဖြစ်စေ၊ ကိုယ့်အိမ်ကို အလည်အပတ်ခေါ်လို့ပဲဖြစ်စေ သူတို့ပြောချင်သမျှကို စစ ဆုံးဆုံး စိတ်ရှည် လက်ရှည် နားထောင်ပေးပါတယ်တဲ့…။ ကိုယ့်မြေ ကိုယ့်ရေ ကိုယ့်ဘာသာတရားနဲ့ ဝေးနေရတဲ့အချိန်၊ အလှူရေစက် လက်နဲ့မကွာ ဆိုတဲ့ စကားကို သေသေချာချာ အကောင်အထည်မဖေါ်နိုင်တဲ့ အချိန်တွေမှာ ဒီလို နားအလှူကို တတ်အားသ၍ သူ ပြုပါတယ်တဲ့။

ကိုယ်လေ... နားထောင်ရင်း စိတ်ထဲမှာ ကြည်နူးလိုက်တာ မပြောပါနဲ့တော့။ သူ့ရဲ့ စိတ်အတွေးနဲ့ သူ့ရဲ့ လုပ်ရပ်လေးကိုလဲ တော်တော် ကြည်ညိုသွားတယ်။ ကုသိုလ်ရဖို့အတွက် အလှူဒါနပြုကြတယ် ဆိုတဲ့နေရာမှာ ငွေကြေးတွေ အစုလိုက် အပုံလိုက် လှူဒါန်းနေမှ မဟုတ်၊ ဒီလိုလေးလဲ လုပ်လို့ရပါလား ဆိုတဲ့ အသိလေးကို မှတ်မှတ်သားသား ရှိခဲ့ပါတယ်။ ဒီလိုနဲ့ ကိုယ်လဲ အခြေအနေပေးတိုင်း အတတ်နိုင်ဆုံး နားအလှူပေးမယ်လို့ တွေးထားပါတယ်။ သို့သော်လည်း အဲဒီအချိန်တုန်းက ကိုယ်က ဘန်ကောက်မှာဆိုတော့ ဒီမှာလို မိတ်ဆွေ သူငယ်ချင်း များများစားစား မရှိတဲ့အတွက် စိတ်ထဲမှာတွေးထားသလို ဆောင်ရွက်ခွင့် မကြုံခဲ့ပါဘူး။ ကိုယ့်ကို စကားပြောမယ့်သူမှ မရှိတာကိုး...။ (အဲဒီအချိန်မှာတော့ ကိုယ်ကချည်း ပြော ပြောနေလို့ အမျိုးသားက ကိုယ့်အတွက် နားအလှူ ပေးနေရတာပါ...)

ဒီလိုနဲ့ ဘန်ကောက်မှာ ၄ နှစ်နီးပါးနေခဲ့ပြီး စလုံးကို ရောက်လာတယ်ပေါ့။ တရွာမပြောင်း သူကောင်းမဖြစ် ဆိုတာတွေ၊ ကိုယ့် တိုးတက်ရာ တိုးတက်ကြောင်း ဆိုတာတွေထက် ကိုယ့် အတ္တတွေကို ရှေ့တန်းတင်ပြီး လောဘစိတ်တွေနဲ့ ရောက်လာခဲ့တယ်ဆိုရင်လဲ မမှားပါဘူး။ ဒီရောက်ပြီး နဲနဲ အခြေတကျဖြစ်လာတဲ့အခါမှာ ကိုယ်ပထမဆုံး ကြိုးစားမိတာကတော့ နားလှူဖို့ပါ။ တကယ်လဲ သူငယ်ချင်း မိတ်ဆွေတွေရဲ့ ခံစားချက်တွေ၊ မကျေနပ်ချက်တွေ၊ ပေါက်ကွဲသံစဉ်တွေ စတဲ့ အမျိုးမျိုးသော အကြောင်းအရာတွေကို အချိန်ပေးပြီး သူတို့တွေနဲ့အတူတူ စီးမျော ခံစား နားထောင်ရင်း၊ ကူညီလို့ရတာကို ကူညီ၊ အကြံပေးလို့ ရတာကို အကြံပေးရင်းနဲ့ နားအလှူ ပေးခဲ့ပါတယ်။

ဟိုးအရင် အလုပ်မလုပ်တဲ့ အချိန်တွေကဆို နေ့စဉ် အလုပ်သွားနေကြတဲ့ မိတ်ဆွေ သူငယ်ချင်းတွေရဲ့ မိဘတွေ၊ ကိုယ့်မိဘတွေရဲ့ မိတ်ဆွေတွေ ဒီကို လာလည်ကြတဲ့အခါ နေ့လည်နေ့ခင်း အိမ်သားတွေ မရှိတဲ့အချိန်၊ မအားတဲ့ အချိန်တွေမှာ သူတို့ဆီကိုသွားပြီး စကားသွားပြောရင်း အဖေါ်ပြုပေးခဲ့ပါတယ်။ အဓိက ကတော့ သူတို့ပြောချင်တာတွေကို အချိန်ပေးပြီး နားထောင်ရတာပေါ့လေ…။ ကိုယ် မသွားနိုင်တဲ့ နေ့မျိုးတွေမှာတော့ သူတို့တွေ ပျင်းမနေရအောင် နေကောင်းလား၊ စားပြီးပြီလား၊ ညက အိပ်ပျော်ရဲ့လား.. ဘာညာနဲ့ ဖုန်းဆက်ပြီး စကားပြောပေးတယ်။ အပြင်တွေဘာတွေ သွားချင်ရင်လဲ လိုက်ပို့ပေးဖြစ်တယ်။ လူကြီးတွေဆိုတော့ စိတ်ရှည်လက်ရှည်တော့ ရှိရတယ်…။

တခါတခါတော့လဲ ပျင်းတာပေါ့လေ…။ အိမ်မှာပဲ စာအုပ်လေးဖတ်ရင်း ဇိမ်လုပ်နေလို့ ရတဲ့ အချိန်တွေကို သူတို့ကို ပေးရတာ မဟုတ်လား။ ဒါပေမယ့်လဲ ဒါဟာ ကိုယ်တတ်နိုင်တဲ့ ကုသိုလ်တမျိုးပဲလို့ တွေးပြီး အတတ်နိုင်ဆုံး ကြိုးစားပြီး အချိန်တွေပေးခဲ့ပါတယ်။ သူတို့တွေကလဲ ကိုယ်မရောက်ဖြစ်တာ ရက်နဲနဲကြာရင် မျှော်တတ်လာကြတယ်။ လူကြီးတွေဆိုတော့ သူတို့ဆီကို လာလည်တယ်၊ စကားလာပြောတယ်၊ အချိန်ပေးတယ်၊ သူတို့ကို ဂရုစိုက်တယ်ဆိုရင် ကျေနပ်နေကြတာလေ။ သူတို့ရဲ့ ကျေနပ်နေတဲ့ အပြုံးတွေကို တွေ့ရရင် ရင်ထဲမှာ အမျိုးအမည် ဖေါ်ပြလို့မရတဲ့ ကြည်နူးမှုမျိုး ပီတိမျိုးကို ခံစားရပါတယ်။ အခုအချိန်မှာတော့ အလုပ်တဖက်နဲ့မို့ အရင်ကလောက်တော့ ဝတ္တရားတွေ မကျေနိုင်တော့ပါဘူး၊ ဒါပေမယ့်လဲ အတတ်နိုင်ဆုံးတော့ ကြိုးစားပါတယ်၊ မတတ်သာလို့ ပျက်ကွက်ခဲ့တာတွေလဲ ရှိပေါ့…။

ဒီနေ့မှာ ဘလော့ဂ်တွေ လိုက်ဖတ်ရင်း၊ ကိုယ့်ဘလော့ဂ်အတွက် စာတွေ ဟိုတစ ဒီတစ ရေးရင်းနဲ့ စဉ်းစားမိတယ်။ ဘလော့ဂ်ရေးတဲ့အချိန်ကစလို့ ကိုယ် အိမ်မှာ စကားနည်းသွားတာတော့ အမှန်ပဲ၊ ပုံမှန်က ကိုယ်က သောကြာသမီး မဟုတ်သော်လည်း သိပ်စကားများတာ…။ အခုတော့ အရင်ကလောက် စကားတွေ ဖေါင်ဖေါင်ကြဲအောင် မပြောဖြစ်တော့ဘူး၊ သူ့ကိုလဲ အရင်လို သိပ် နားမပူဖြစ်တော့ဘူး။ တနေ့တနေ့ အိမ်ပြန်ရောက်ရင် စာဖတ်ရင်ဖတ်၊ မဟုတ်ရင် ဘလော့ဂ်တွေ လိုက်ဖတ်၊ မဟုတ်ရင် တိတ်တိတ်ဆိတ်ဆိတ်လေးနေပြီး ပိုစ့်အသစ်မှာ ဘာအကြောင်း ရေးရရင် ကောင်းမလဲပဲ စဉ်းစားနေမိတာ။ သေချာတာတခုကတော့ ကိုယ့်အမျိုးသား နားအလှူရ သက်သာသွားတာပါပဲ။

ဒီလိုနဲ့ ဆက်စပ်စဉ်းစားရင်း အတွေးတခု ရသွားတယ်။ အဲဒါက ဘာလဲဆိုတော့ အခုအချိန်မှာ ကိုယ့်ဘလော့ဂ်လေးကို လာဖတ်တဲ့သူတွေဟာ ကိုယ့်ကို မျက်စေ့လာလှူနေသူတွေပါလား ဆိုတဲ့ အတွေးပါ။ ဟုတ်တယ်လေ… သေသေချာချာ စဉ်းစားကြည့်တော့ စာလာဖတ်နေကြတဲ့ သူတွေအားလုံးဟာ ကိုယ့်ကို သူတို့ရဲ့ အချိန်တွေကိုပေးပြီး မျက်စေ့လာလှူနေကြသူတွေ မဟုတ်လား…။

အဲဒီလို တွေးမိတဲ့အတွက်ကြောင့် ကိုယ့်ရဲ့ဘလော့ဂ်လေးကို လာလည်ကြ၊ စာလာဖတ်ရင်း မျက်စေ့အလှူပြုကြတဲ့ သူငယ်ချင်း၊ မိတ်ဆွေ ညီအကို မောင်နှမတွေကို ကျေးဇူးတင်စကား ဆိုချင်လို့ ဒီပိုစ့်လေးကို ရေးပါတယ်။

ပျော်ရွှင်ချမ်းမြေ့စွာနဲ့ နားတွေ မျက်စေ့တွေ အလှူပေးနိုင်ကြပါစေ။