Friday, January 31, 2014

စာအုပ်ပိုး

ကွယ်ဝှက်သိုသိပ်လိုသော စိတ်အစဉ်သည် ဟိုးရှေးကာလများစွာကပင် စိတ်နှင့် ကိုယ်တို့၌ ဖြစ်တည်၏။ လိုအပ်သောကွယ်ဝှက်ခြင်းနှင့် မလိုအပ်သော ကွယ်ဝှက်ခြင်းများအကြားတွင် လိုအပ်သည်ဖြစ်စေ မလိုအပ်သည်ဖြစ်စေ အစဉ်သဖြင့် ယောက်ယက်ခတ်တတ်၏။ ချစ်ခြင်း မုန်းခြင်းဟူသော စိတ်ခံစားမှုနှင့် သက်ဆိုင်သော ကိစ္စများအဖို့မှာမူ ဆိုဖွယ်ရာ မရှိတော့ချေ။ ချစ်ခြင်းကို မြင်အောင်မပြလို/ မပြတတ်/ မပြရဲလေရာ များစွာသောသူတို့၏ ကဲ့ရဲ့ အပြစ်တင် စကားတင်းဆို အထင်လွဲမှားမှုများကို ခံရဖူးလေ၏။ ထို့အတူ မုန်းခြင်း (ဝါ) မနှစ်မြို့ခြင်းကို သိသာအောင် မထုတ်ဖေါ်တတ်/ မထုတ်ဖေါ်ရဲလေရာ အခါများစွာ၌ ဖြစ်လာသော ပြဿနာများကို သည်းခံခြင်းနှင့် မြိုသိပ်ခြင်း ဟူသော စကားလုံးနှင့်သာ အဆုံးသတ်ရတတ်လေ၏။

မိမိ၏ စိတ်အစဉ်ကို သိုသိပ်စွာ သိမ်းဆည်းထားစရာ နေရာတနေရာကို ရှာမရနိုင်အောင် ရှားပါးလှချေပါတကား ဟု တွေးထင်မိသောနေ့တွင် နေထိုင်ရှင်သန်နေသော ကမ္ဘာမြေကြီး မည်ရွေ့မည်မျှ ကျယ်ဝန်းကြောင်း အတိအကျ  တွက်ချက်ပြတတ်သော ပညာရှင်နှင့် ရန်ပွဲဆင်ရ၏။ ခံစားမှု စိတ်အစဉ်တို့ကို မိမိသဘောဆန္ဒအရ ချပြချင် ပြမည်၊ ချမပြချင်လျှင် ဖာသာ သိုသိပ်နေခွင့်ကို မည်သူ့ထံတွင် တရားဝင် လက်မှတ်ရေးထိုး တောင်းခံရမည်နည်း ဟု မရဲတရဲ မေးခွန်းထုတ်လိုပါသည်။

တင်းတင်းစေ့ပိတ်ထားသော ကျွန်းတံခါးတချပ်၊ အဖြူရောင် ခန်းဆီးထူထူတပ်ထားသော မှန်ပြူတင်းပေါက်တခု၊ အုပ်ဆောင်းကလေးဖြင့် အုပ်ကာ သိမ်းဆည်းထားသော မုန့်ဟင်းခါးတပန်းကန်၊ လက်ကိုင်နှင့် အဖုံးကလေးပါ ပါဝင်သော အပြာနုရောင် မတ်ခွက်ကလေးထဲမှ သကြားမပါ၊ နို့မပါ ကော်ဖီခါး တငုံစာ၊ အိပ်ရာဖုံးအပြည့် ကာခင်းထားသော နီညိုရောင် အိပ်ရာတို့နှင့်အတူ မထူမပါး နံရံတချပ်ကို အကာအကွယ်ယူ၍ ပုန်းလျှိုး ကွယ်ဝှက်နေလိုသော စိတ်အစဉ် တို့ကို ဖတ်လက်စ စာအုပ်တအုပ်အကြားတွင် တိတ်တဆိတ် ခိုဝင်နေထိုင်လျက်ရှိသော ငွေမင်ရောင် တလက်လက်နှင့် စာအုပ်ပိုးကလေး တကောင်တလေကများ ချစ်ခင်စွာ နားလည်မှုပေးနိုင်မည်လားဟု (အကြောင်းမဲ့)  မျှော်လင့် တောင့်တနေမိပြန်သည်။

ငယ်စဉ်ကာလများက ထိုစာအုပ်ပိုးကလေးများကို တွေ့မြင်လေတိုင်း တွန့်လိန်နေအောင် (သို့) နေစရာမရှိအောင် အသည်းယားခြင်း၊ စာအုပ်ကို ပိတ်သိမ်းလိုက်လျှင် သူတို့၏ ပါးလှပ်လှပ် ကိုယ်ကလေးတွင် ဖြစ်တည်နေသော အသက်တချောင်း ကွယ်ပျောက်သွားမှာကို လွန်စွာ စိုးရွံ့ခြင်း၊ မတော်တဆ သူ့အသက်သတ်မိလျှင် ဆောက်တည်နေသော ငါးပါးသီလ ပျက်မည်စိုးခြင်း… အစရှိသော အတွေးများဖြင့် သူမတူအောင် တုန်လှုပ် ကြောက်ရွံ့ခဲ့ဖူးသည်။ ယခုမူ ထိုသို့ မဟုတ်တော့ချေ။ သူတို့ဘဝကို နှစ်ထောင်းအားရစွာ အားကျစိတ်များ ဝင်တတ်လာချေပြီ။

စာအုပ်ပိုးကလေးတကောင်သည် သူ၏ ဘဝလေးကို ပိတ်ထားသော စာတအုပ်၏ စာမျက်နှာများအကြားတွင် တိတ်ဆိတ် ငြိမ်သက်စွာ၊ အေးချမ်းသာယာစွာ ကုန်လွန်နိုင်စေခြင်းကို အားကျသည်။ တနည်းအားဖြင့် ပိတ်ထားသော စာမျက်နှာများ၏ လုံခြုံမှုကို သဘောကျ နှစ်သက်သည်။ ပြောရလျှင် စာမျက်နှာပေါင်း များစွာရှိသော စာတအုပ်တွင် သူ (ထိုပိုးကလေး) နေထိုင်ရာ စာမျက်နှာကို အချိန်တိုတိုအတွင်း (သို့) ရုတ်တရက် (သို့) တန်းတန်းမတ်မတ် ဖွင့်ဟကြည့်မြင်ခွင့်ဆိုသည်မှာ ဖြစ်တောင့်ဖြစ်ခဲ ကိစ္စတခုသာ။ ယနေ့ခေတ်တွင် စာအုပ်စင်ရှိသော အိမ်၊ စာတအုပ်ကို လက်ကကိုင်၍ စာဖတ်လိုသူ၊ ထို့အပြင် စာတအုပ်ကို လက်မှကိုင်၍ စစဆုံးဆုံး ဖတ်ရှုတတ်သူ နည်းပါးသွားခဲ့ခြင်းကို သေသေချာချာ သတိပြုမိလေရာ စာအုပ်ပိုးကလေးတကောင်၏ လုံခြုံမှုအတွက် များစွာ အားတက်ရချေ၏။ ဖြစ်နိုင်လျှင် ထိုစာအုပ်ပိုးကလေးများကို သာမန်ထက် ထူထဲသော အင်္ဂလိပ်-မြန်မာ အဘိဓါန် (သို့) လူသူအဖတ်နည်းသော ရှေးဟောင်းစာအုပ်ခပ်ထူထူများ၊ လက်ရှိနေ့ရက်များတွင် ခေတ်မမှီတော့ပြီဖြစ်သော ဘာသာရပ်ဆိုင်ရာ စာအုပ်အို စာအုပ်ဟောင်းများ အကြားတွင်သာ ရှင်သန် နေထိုင်စေလိုပါသည်။

အကယ်၍များ တစုံတယောက်က ထိုစာအုပ်ကို မတော်တဆ ဖွင့်ဟ ကြည့်ရှုမိလျှင်၊ ထိုမှတဖန် စာအုပ်ပိုးကလေးရှိနေသော စာမျက်နှာကိုမှ တည့်တည့် မတ်မတ် ဖွင့်ဟမိလျှင်ဆိုသည်ကတော့ ထိုသူ၏ လက်ရှိဖြစ်ပေါ်နေသော စိတ်အနေအထားသည်သာ စာအုပ်ပိုးကလေး၏ ကံကြမ္မာ ဖြစ်ချေ၏။ သို့ဆိုလျှင် ဆုတောင်းရုံသာ တတ်နိုင်တော့မည်ပဲ။

သိုသိပ်စွာ ကွယ်ဝှက်လိုသော၊ တနည်းအားဖြင့် ထုတ်ဖေါ်ပြသလိုခြင်း အလျဉ်းမရှိသော စကားလုံးများ၊ ကြိုးမဲ့စကားပြောစက်မှ တဆင့်ကြားနာနိုင်သော ထိန်းချုပ် ထိန်ချန် စကားသံများ၊ နေရာအနှံ့ တစစီ ပျံ့ကြဲနေသော (စာလုံးပေါင်း သတ်ပုံ သဒ္ဒါ အထားအသို အခေါ်အဝေါ် ဝါကျဖွဲတည်ပုံ မှားယွင်းကောင်း မှားယွင်းနေမည်ဖြစ်သော) မော်နီတာပေါ်မှ စကားလုံးများ၊ နေရာဒေသ အကွာအဝေး မိုင်တိုင်များအကြား မှန်းဆ တွေ့မြင်နိုင် / မမြင်နိုင် မသေချာသော အပြုံးအရယ်များ၊ ဖိတ်ခေါ် မထားသော်လည်း သူ့အလိုလို အချိန်မှန်မှန် ရောက်ရှိလာတတ်သော အလွမ်းအဆွေးများ၊ မျက်ကွယ်ပြုချင်စဖွယ် တီးတိုး ပင့်သက်ရှိုက်သံများ၊ မဝံ့မရဲ ရှေ့တိုးလာသော သံယောဇဉ်ကြိုးစများ၊ ဆံနွယ်မျှင်များဖြင့် ကွယ်ဝှက်ထားပြန်သော ရီဝေမျက်ဝန်းအစုံနှင့် ကျလုလု မျက်ရည်များတို့က ပေးအပ်သော ဝေဒနာများကြောင့် အေးခဲ ထုံကျင်နေသော ဘဝတွင် ငွေမင်ရောင် စာအုပ်ပိုးကလေး တကောင်သာ ဖြစ်လိုက်ချင်ပါသည်။

ကိုယ် မင်းကို ချစ်တယ် ဟူသော စကားတခွန်းကြားရတိုင်း နှစ်သက်ကြည်နူးစိတ် အတိုင်းအဆများစွာ ဖြစ်ပေါ်တတ်သော်လည်း ယခုအချိန်တွင်မူ အချစ်ခံရခြင်း ဟူသော အဖြစ်အပျက်ပေါ်တွင် ပထမဆုံးအကြိမ်အဖြစ် ကြောက်ရွံ့တုန်လှုပ်စိတ်များက မသိမသာ ခိုဝင်လာခဲ့ပြီဖြစ်သည်။ အခြေအနေအရ စာအုပ်ပိုးကလေးဘဝနှင့် ပုန်းကွယ်ကာ လိုအပ်သလို မြိုသိပ် ဖုံးကွယ်ထားခဲ့သော စိတ်အစဉ်ကို စာတအုပ်ကို တမျက်နှာပြီး တမျက်နှာ တဖျတ်ဖျတ် လှန်လှောကာ ရှာဖွေသကဲ့သို့ မတွေ့မချင်း ဇွတ် အတင်း လာရောက် လှစ်ဟ မကြည့်လိုပါနှင့် ဟု တိုးလျှိုး တောင်းဆိုလျှင် မတရားရာ မကျနိုင် ဟု ဖာသာ ယုံကြည်နေမိပါသည်။ ဖြစ်နိုင်လျှင်တော့ စာအုပ်ပိုးကလေးဘဝဖြင့် စာမျက်နှာများ အကြားတွင်သာ အေးချမ်းစွာ ရှင်သန် နေထိုင်လိုပါသည်။ နားလည်လိမ့်မည်ဟုလည်း ယုံကြည်နေပါသေးသည်။

* * * * *

ငွေမင်ရောင် စာအုပ်ပိုးကလေးတကောင်သည် လူသူ အသုံးမလိုတော့၍ ချောင်ထိုးထားသော၊ အဖိုးမတန်တော့သော၊ အဆင်းဝါကျင့်ကျင့်ရှိပြီး စာမျက်နှာငါးရာခန့် ပါဝင်သော စာအုပ်အဟောင်း တအုပ်အကြားတွင် အသက်ကို ဖြေးဖြေးချင်း ရှူသွင်း ရှူထုတ်လျက် ကြိုးစားပမ်းစား ရှင်သန်နေထိုင်လျက်ရှိပါသည်…။

- ၂၀၁၆ ဇူလိုင်လ ထုတ် မိုးမခ မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။

Thursday, January 23, 2014

ကျွန်မ ကြည့်မှန်တစ်ချပ်နှင့် သူ

နံရံများ မျက်နှာကြက်များကို အကြောင်းမဲ့ တငေးတမော ကြည့်ရှုတတ်သော အကျင့်ကို မည်သည့်အချိန်ထဲက ရခဲ့သည်ဟု မမှတ်မိပါ။ သို့သော် သတိထားမိသောအချိန်တွင်မူ ထိုအကျင့်သည် အတော်စွဲမြဲနေပြီဖြစ်ကြောင်း အံ့သြစွာ သိလိုက်ရပါသည်။ ဟုတ်ပါသည်… ကျွန်မသည် မျက်နှာကြက် ရှင်းရှင်းလင်းလင်းများ နှင့် နံရံကျယ်ကျယ်များကို အလွန် နှစ်သက် သဘောကျသူတစ်ယောက် ဖြစ်သည်။ အခြားသူများက သစ်ပင် ပန်းပင်များ ဝေေ၀ဆာဆာနှင့် စိမ်းစိုလှပသော ရှုခင်းများ၊ ကောင်းကင်ပြာပြာပေါ်မှ တိမ်စိုင် တိမ်လိပ်များ (သို့မဟုတ်) ရောင်စုံ သက်တန့်ကွေးများ၊ စိမ်းပြာလဲ့လဲ့ ရေပြင်ကျယ်များ… အစရှိသော သဘာဝအလှများကို တခုတ်တရ ငေးမော ခံစားနေသော အချိန်တွင် ကျွန်မက ရှင်းရှင်းလင်းလင်းရှိလှပြီး ဆေးရောင် ဖျော့ဖျော့ သုတ်လိမ်းထားသော နံရံများနှင့် ဆေးဖြူသုတ် ရိုးရှင်းသော မျက်နှာကြက်များကို နှစ်သက်သည်ဆိုခြင်းမှာ အတော်လေး ကြောင်တောင်တောင်နိုင်နေပေလိမ့်မည်။ ကျွန်မကို မလိုလား မနှစ်သက်သူ တဦးတလေကများ ထိုအကြောင်းကို သိသွားလျှင် လူထူထူကြားတွင် စကားတင်းဆိုကာ သရော် လှောင်ပြောင် ရယ်ပွဲဖွဲ့ခံရလိမ့်မည် ထင်သည်။ သူငယ်ချင်းတစ်ယောက်ကမူ ကျွန်မ၏ အကြိုက်သည် မည်သူ တဦးတယောက်ကိုမျှ မထိခိုက်စေသော်လည်း သိပ်တော့ သဘာဝ မကျလှကြောင်းနှင့် အနည်းငယ်လည်း အူကြောင်ကြောင်နိုင်လှကြောင်း မပြောသာ ပြောသာဖြင့် ပြောဆို ဝေဖန်ပါသည်။ ထားတော့လေ…

ကျွန်မကြိုက်နှစ်သက်သော နံရံ၏ အရောင်မှာ အဖြူရောင် ဖြစ်သည်။ သို့သော် ကျွန်မ ရောက်ဖူးသမျှ နေအိမ်တော်တော်များများတွင် ဆေးဖြူသုတ် နံရံများကို တွေ့ရခဲသည်။ အများဆုံးတွေ့နေကျ အရောင်မှာ ကြက်ဥခွံရောင် ဖျော့ဖျော့၊ သနပ်ခါးရောင် ဖျော့ဖျော့နှင့် နို့စိမ်းရောင်ဟု ခေါ်နိုင်သော အစိမ်းရောင် ဖျော့ဖျော့ တို့သာ ဖြစ်ကြသည်။ ပြောရလျှင် ကျွန်မ၏ အိမ်နံရံသည် သနပ်ခါးရောင် ဖျော့ဖျော့ဖြစ်နေပြီး အချစ် ဟု ကျွန်မ ခေါ်လေ့ရှိသော ကျွန်မ သူငယ်ချင်း ချစ်ကြည်အေး၏ အိမ်နံရံသည် အစိမ်းရောင် ဖျော့ဖျော့ ဖြစ်ပါသည်။ အဖြူဖွေးဖွေးနံရံများ မဟုတ်သော်လည်း ထိုအရောင်များကို ကျွန်မ လက်ခံ နှစ်သက်နိုင်ပါသည်။ အပြာရောင်၊ ခရမ်းရောင်၊ ပန်းရောင် အစရှိသော အရောင်သုတ် နံရံများကို ကျွန်မ မကြိုက်ဟု တထစ်ချ မပြောချင်ပါ။ လူတိုင်းတွင် သူ့အကြိုက် ကိုယ့်အကြိုက် ရှိကြစမြဲ မဟုတ်ပါလား။ နံရံများကို နှစ်သက်သည် ဆိုရာတွင် ဆေးသုတ်ထားသော နံရံများကိုသာ နှစ်သက်သည်ဖြစ်ပြီး ကြွေပြားကပ် နံရံများကို မနှစ်သက်တတ်ပါ။ ကျွန်မ ပို၍ လိုလားသည်က ထိုနံရံများပေါ်တွင် မည်သည့်အရာ တခုတလေမှ ချိတ်ဆွဲမထားပဲ ပကတိ ရှင်းလင်းနေသော နံရံတစ်ချပ်သာ ဖြစ်သည်။ နာရီ၊ ပန်းချီကား၊ ဓါတ်ပုံမှန်ဘောင်၊ ပြက္ခဒိန်၊ မြေပုံ အစရှိသော ပစ္စည်းတစ်စုံတစ်ရာ တပ်ဆင်ထားသောနံရံမျိုးကို ကျွန်မ နှစ်သက်လေ့ မရှိပါ။

ထိုကဲ့သို့ နံရံများ မျက်နှာကြက်များကို နှစ်သက်သော်လည်း နံရံတစ်ချပ်ကို အေးအေးဆေးဆေး ခံစားရန် (သို့မဟုတ်) မျက်နှာကြက်တစ်ခုကို တမေ့တမော ကြည့်ရှုရန် ကျွန်မတွင် အချိန် သိပ်များများစားစား မရှိလှပါ။ သို့သော်လည်း ရောက်လေရာ နေရာတွင် ရသမျှ အချိန်များမှာ နံရံများနှင့် မျက်နှာကြက်များကို သတိတရ… ပြီးတော့ တခုတ်တရ ကြည့်စမြဲ။ သို့သော် မကြာသေးသော ညတစ်ညမှ အစပြုကာ မျက်နှာကြက်များကို စိမ်ပြေနပြေ ကြည့်ရန် အနည်းငယ် ကြောက်ရွံ့စိတ်ဝင်မိသော အဖြစ်တစ်ခု ဖြစ်သွားခဲ့ပါသည်။ 


 
ထိုညက ခေါင်းကိုက်နေသောကြောင့် ဆေးသောက်ပြီး ကျွန်မ ခပ်စောစော အိပ်ရာဝင်ဖြစ်ခဲ့ပါသည်။ ရုတ်တရက် အိပ်မပျော်သေးသဖြင့် အခါများစွာကလိုပင် ကျွန်မ အခန်းထဲမှ မျက်နှာကြက် အဖြူရောင်ဆီသို့ အကြည့်များကို ပို့လွှတ်ကာ ငြိမ်သက်နေမိပါသည်။ ထိုအချိန်တွင် မျက်နှာကြက် အဖြူရောင်ပေါ်သို့ မျှော်လင့်မထားသော အရာတစ်ခု တလှုပ်လှုပ်ဖြင့် ရောက်ရှိလာပါသည်။ ထိုအရာမှာ အိမ်မြှောင်တစ်ကောင်ပင် ဖြစ်ပါသည်။ မျက်နှာကြက်များ၊ နံရံများကို ကြည့်နေကျဖြစ်သော ကျွန်မအတွက် မျက်နှာကြက်များ နံရံများပေါ်တွင်သာ ကျင်လည် ကျက်စားတတ်သော အိမ်မြှောင်များကို မကြာခဏဆိုသလို တွေ့နေမြင်နေကျ ဖြစ်ပါသည်။ ထို့ကြောင့် မျက်နှာကြက်တွင် အိမ်မြှောင်တွေ့သည် ဆိုသော အခြင်းအရာမှာ ကျွန်မအတွက် အထူးတဆန်း မဟုတ်ပါ။ ထို့အပြင် အိမ်မြှောင်နှင့်ပတ်သက်သော ကျွန်မ၏ အတွေးစ တချို့ကိုလည်း စကားကြုံသောကြောင့် ပြောပြပါအုံးမည်။ 

မျက်နှာကြက်များ နံရံများပေါ်တွင် လက်ရော ခြေပါ တွယ်ကပ်နေသော ညိုညစ်ညစ် မွဲခြောက်ခြောက် အိမ်မြောင်တစ်ကောင်၏ ခိုင်မာ မြဲမြံမှုမျိုး၊ ကိုယ့်ကိုယ်ကိုယ် ရာခိုင်နှုန်းပြည့် စိတ်ချ ယုံကြည်မှုမျိုး၊ ကမ္ဘာမြေကြီးကို သူနှင့် လားလားမှ မဆိုင်သကဲ့သို့ သွေးအေးအေးဖြင့် တကိုယ်လုံး ကျောခိုင်းထားနိုင်မှုမျိုးသည် တကယ့်ကို ချီးကျူး အားကျချင်စရာဟု ကျွန်မ (ကြောင်တောင်တောင်) တွေးမိပါသည်။ ခြေ လက်များကို အသာ ကြွကာ တရွေ့ရွေ့နှင့် လမ်းလျှောက်သော အချိန်တွင် ထိုအိမ်မြောင်၏ တည်ငြိမ်သော လှုပ်ရှားမှုကို သေသေချာချာ တွေ့နိုင်သည်။ အစာရှာထွက်သော အချိန်များတွင် လိုအပ်သော လျှင်မြန် သွက်လက်မှုမျိုး သူ့တွင် ရှိတတ်သည်။ ရန်သူနှင့် ရင်ဆိုင်တွေ့ချိန်တွင်မူ သတ္တိရှိရှိဖြင့် သူ့ အမြီးတစ်ပိုင်းကို မတွန့်မဆုတ် ရဲရဲဝံ့ဝံ့ ဖြတ်ချပစ်ခဲ့တတ်သူမှာလည်း ထို အိမ်မြောင်တစ်ကောင်ပင် မဟုတ်ပါလား။ 

ထိုအတွေးစတို့ဖြင့် ကျွန်မ မျက်နှာကြက်ပေါ်မှ အိမ်မြှောင်ကို သဘောတကျ ငေးကြည့်နေဆဲ ထိုအိမ်မြှောင်က အခန်းထောင့်နားမှသည် ကျွန်မ အိပ်ရာ အပေါ်တည့်တည့်သို့ တရွေ့ရွေ့ဖြင့် ရောက်လာပါသည်။ ထိုမှတဖန် ကျွန်မ၏ မျက်နှာ အပေါ်တည့်တည့်ဆီသို့ ရောက်လာပါသည်။ ခါတိုင်း တွေ့နေ မြင်နေကျ အိမ်မြှောင်များနှင့် ပုံပန်းသဏ္ဍာန်၊ အရွယ်အစား၊ အရောင်အသွေး စိုးစဉ်းမျှ မကွာခြားသော သူလို ကိုယ်လို အိမ်မြှောင်တစ်ကောင်ဖြစ်သော်လည်း သူ့ကိုကြည့်ရင်း ကျွန်မစိတ်ထဲတွင် အနည်းငယ်ထူးဆန်းသလို ခံစားလိုက်ရပါသည်။ တချိန်တည်းမှာပင် ကျောထဲမှာ စိမ့်အေးလာသလို… ခေါင်းထဲမှာ ထူပူလာသလို… လက်ဖျား ခြေဖျားများလည်း ရုတ်ချည်းအေးစက်လာပါသည်။ ကိုယ်ပေါ်တွင် ခြုံထားသော စောင်ကို ခပ်တင်းတင်း ဆုတ်ကိုင်ရင်း အနည်းငယ် တုန်လှုပ်နေသော စိတ်ကို ကြိုးစားပမ်းစား တည်ငြိမ်အောင် စုစည်းလိုက်ပါသည်။ ကြည့်နေစဉ်မှာပင် သူက ကိုယ်နေဟန်ထားကို အသာ ပြင်ဆင်က ခေါင်းကို ငဲ့စောင်းလျက် ကျွန်မကို ငုံ့ကြည့်လာတာ ဖြစ်သည်။ ထိုအခါ ဘယ်တုန်းကမှ မကြောက်ရွံ့ဖူးသော ထိုအိမ်မြှောင်ကို ပထမဆုံးအကြိမ်အဖြစ် ကျွန်မ ထိတ်လန့် ကြောက်ရွံ့စိတ် ၀င်လာခဲ့ပါသည်။ အကယ်၍များ ထိုအိမ်မြှောင် ခြေကားရား လက်ကားရားဖြင့် ကျွန်မ မျက်နှာပေါ်သို့ ခုန်ချလာခဲ့သော်… အကယ်၍များ ထိုအိမ်မြှောင် သူ့အမြီးကို ကျွန်မ မျက်နှာပေါ်သို့ ရုတ်တရက် ဖြတ်ချလာခဲ့သော်… အနည်းဆုံး အညစ်အကြေးတစ်စုံတရာ စွန့် ချလာခဲ့သော်… ဘုရား… ဘုရား… သည်အတိုင်းနေ၍တော့ မဖြစ်ချေ။ တစ်ခုခုတော့ လုပ်မှဖြစ်မည်။

သို့သော်လည်း မျက်နှာကြက်ပေါ်တွင် သူ့ဟာသူ အေးအေးချမ်းချမ်း နေနေသော ခပ်သေးသေး ပိန်ညောင်ညောင် ရှည်မျောမျော သတ္တ၀ါလေးတစ်ကောင်ကို ကျွန်မ မည်သည့်နည်းဖြင့် ခြောက်လှန့် မောင်းထုတ်နိုင်ပါမည်လဲ။ အောက်မှနေပြီး တုတ်တံ ရှည်ရှည် တစ်ခုခုဖြင့် လှမ်းထိုးလိုက်ရမည်လား… သားရည်ကွင်းတစ်ခုဖြင့် ချိန်ရွယ်ကာ လှမ်းပစ်လိုက်လျှင်ရော… သို့တည်းမဟုတ် လက်ခုတ် နှစ်ချက် သုံးချက် တီးရင်း ဟေ့… ဟု အသံကျယ်ကျယ်ထွက် အော်ဟစ်ကာ ခြောက်လှန့် လိုက်ရမည်လား… ကျွန်မကို ရန်ပြု မပြု မသေချာသော ထိုသတ္တ၀ါငယ်ကို တစ်ဖက်သတ် အနိုင်ယူ ခြောက်လှန့် မောင်းထုတ်ပစ်လိုက်ဖို့ရော အမှန်တကယ် သင့်တော်ပါရဲ့လား… အတွေးများစွာဖြင့် ကျွန်မ ယောက်ယက်ခတ်နေခဲ့သည်။ 
ထို့နောက် စောင်ကို တင်းတင်း ဆုတ်ထားသော လက်တစ်ဖက်ကို အိပ်ရာဘေးမှ မီးခလုပ်ဆီသို့ အသာ ရွှေ့ကာ ခပ်မှိန်မှိန် လင်းနေသော ညအိပ်မီးအစား အခန်းအလယ်ရှိ မီးချောင်းဝိုင်းကို တစ်ခန်းလုံး လင်းထိန်သွားအောင် ဖွင့်လိုက်ပါသည်။ မီးလင်းသွားချိန်တွင် တစုံတရာသော လှုပ်ရှားးမှုများ ရှိလေမလားဟု လှမ်းကြည့်လိုက်သော်လည်း ကျွန်မ မျက်နှာနှင့် အပေါ်တည့်တည့်နေရာမှ ကိုရွှေအိမ်မြှောင်ကား မတုန်မလှုပ် ကျောက်ရုပ်အတိုင်း ကျွန်မကို စီးမိုးကြည့်နေလျက်….။ အကြောင်းမဲ့ အသည်းငယ်တတ်သူမဟုတ်သော်လည်း အပေါ်စီးမှ ငုံ့ကြည့်လာသော သူ့ကို စိတ်ထဲတွင် ပို၍ ကြောက်ရွံ့လာသလို… ပြီးတော့ သူ့ကို ကျွန်မက ရင်တထိတ်ထိတ်ဖြင့် မော့ကြည့်နေရသည့် အဖြစ်ကို လက်မခံချင်သလို ဖြစ်လာပါသည်။ 

ကျွန်မ အိပ်ရာမှ ထလိုက်သည်။ အိပ်ရာခင်းနှင့် အိပ်ရာဖုံးများကို သပ်ရပ် ပြန့်တင်းသွားအောင် ဆွဲဖြန့်ပြီး ကျွန်မ ဘာဆက်လုပ်ရမည်ကို စဉ်းစားနေစဉ်… ကျွန်မ အကြည့်များက အိပ်ရာခြေရင်းဖက်တွင် ချထားသော မှန်တင်ခုံဆီသို့ ရောက်သွားခဲ့သည်။ စိတ်ဆိုသည်မှာ လေအလျင်ထက်ပင် လျှင်မြန်တတ်ရာ ကျွန်မ အတွေးစ တစ်ချို့က အိပ်ရာခြေရင်းတွင် မှန်တင်ခုံ ချထားခြင်းကို အပြင်းအထန် ကန့်ကွက်ခဲ့သော ကျွန်မ၏ ချစ်သူဟောင်းဆီ အပြေးကလေး ရောက်ရှိသွားပြန်ပါသည်။ ကျွန်မ ပိုင်ဆိုင်သော သည်အခန်းကျဉ်းလေးထဲတွင် ကုတင်တစ်လုံးနှင့် စာကြည့်စားပွဲတစ်လုံးကို အလင်းရောင်လာရာ ပြူတင်းပေါက်ဖက်ကို ဦးတည်၍ အလျားလိုက် ချထားပြီးသောအခါ သံပိုက်လုံးလေးများကို မူလီနှင့် တွယ်ကာ တစစီ တပ်ဆင်ရသော ယိုးဒယားနိုင်ငံလုပ် ဈေးပေါပေါ မှန်တင်ခုံတစ်လုံးအတွက် ထားစရာနေရာမှာ ရွေးချယ်စရာ များများစားစား မရှိခဲ့ပါချေ။ ထို့ကြောင့် မှန်တင်ခုံကို အိပ်ရာခြေရင်းတွင်သာ ကျဉ်းကျဉ်းကျပ်ကျပ် နေရာချခဲ့ရပါသည်။ ထိုအကြောင်းကို ကျွန်မ ချစ်သူအား ရယ်စရာ မောစရာအဖြစ် ပြောပြမိတော့ အရာရာကို အယူသည်းတတ်သော ချစ်သူက ကိုယ်အိပ်သော အိပ်ရာကို မှန်ထဲတွင် ပြန်မြင်နေရခြင်းသည် မိမိထံသို့ မကောင်းသော အဖြစ်အပျက်များ ဦးတည်နေတတ်သည်၊ ကြည့်မှန်များတွင် ကိုယ် မမြင်နိုင်သော ထူးခြားသော စွမ်းအင်များ၊ တန်ပြန်တတ်သော သဘောသဘာဝများ ရှိနေတတ်သည်၊ ထို့ကြောင့် မှန်တင်ခုံကို ရွှေ့စရာ နေရာရှိလျှင် ရွှေ့၊ ရွှေ့စရာ နေရာ မရှိပါက အနည်းဆုံးတော့ မှန်ချပ်ကို ဖြုတ်သိမ်းထားသင့်သည် ဟု တင်းတင်းမာမာ ပြောဆိုလာခဲ့တာဖြစ်သည်။ 

အရာရာကို ပေါ့ပေါ့ပါးပါး (သို့မဟုတ်) ပြီးလွယ်စီးလွယ် ကြည့်မြင်တတ်သော ကျွန်မက ထိုသို့သော အယူသည်းမှုများကို နည်းနည်းမှ လက်မခံလိုပါ။ ဘာမှ မဖြစ်ပါဘူး… အယူသည်းတတ်ရန်ကော… ဟု ခေါင်းမာမာနှင့် မှန်ချပ်ကို ဖြုတ်မသိမ်းခဲ့သလို မှန်တင်ခုံကိုလည်း တစ်လက်မမျှ နေရာရွှေ့ရန် မကြိုးစားခဲ့ချေ။ သို့သော် ထိုမှန်တင်ခုံပြဿနာ ဖြစ်ပြီး နောက်ပိုင်းတွင် သူနှင့် ကျွန်မ မကြာခဏ ဆိုသလို စကားများခြင်း၊ အငြင်းအခုန်ပြုရခြင်းများ ဖြစ်လာလျှင် သူက ကျွန်မ မှန်တင်ခုံကို နေရာ မရွှေ့သောကြောင့် ဟု အတိအကျ အခိုင်အမာ စွတ်စွဲလာတော့တာဖြစ်သည်။ ဘုရားရေ… ချစ်သူနှစ်ယောက်၏ အရေးကိစ္စမှာ အိပ်ရာခြေရင်း မှန်တင်ခုံမှ မှန်ချပ်က မည်သည့်အခန်းကဏ္ဍက ပါဝင်နေပါလိမ့်။ သည်လိုနှင့် အယူအဆ မတူညီမှု၊ သဘောထား ကွဲလွဲမှုများ ဆက်တိုက်ဆိုသလို ဖြစ်ပေါ်လာပြီး သူနှင့် ကျွန်မ လမ်းခွဲလိုက်ကြသည် အထိ ဖြစ်သွားခဲ့ပါသည်။ သူ့စကားကို စိုးစဉ်းမျှ မနာခံသော၊ ခေါင်းမာပြီး အငြင်းသန်လှသော ကျွန်မလို မိန်းမမျိုးကို အိမ်ထောင်ဖက်အဖြစ် လက်တွဲရလျှင် မည်သည့်နည်းနှင့်မျှ အိမ်ထောင်ရေး မသာယာနိုင်ဟု တထစ်ချ စွဲချက်တင်၊ ဆင်ခြေပေးပြီး သူ့စိတ်သူ့သဘောနှင့် ထားသွားခဲ့ချိန်တွင် အစွဲအလမ်း အယုံအကြည်ကင်းမဲ့ပြီး ခေါင်းမာလှသော ကျွန်မကလည်း မှန်တင်ခုံကို အိပ်ရာခြေရင်းတွင်သာ ချထားမြဲ ထားရင်း တစ်ယောက်ထဲ နေ့ရက်များကို အပူအပင် ကြောင့်ကြကင်းစွာဖြင့် လျှောက်လှမ်းနေဆဲ။

ရုတ်တရက် ပျံ့လွင့်သွားသော အတွေးများကို ပစ္စုပ္ပန်သို့ ပြန်လည် ခေါ်ယူရင်း မှန်တင်ခုံပေါ်တွင် ထောင်ထားသော ခြောက်လက်မ ပတ်လည် ကြည့်မှန်တစ်ချပ်ဆီသို့ အကြည့်ရောက်သွားမိပါသည်။ စိတ်ထဲ တစုံတခုကို တွေးမိပြီး ထိုကြည့်မှန်ချပ်ကို လှမ်းယူပြီး အိပ်ရာပေါ်တွင် ချကာ မျက်နှာကြက်ပေါ်မှ အနှီသတ္တ၀ါငယ်ကို မှန်ထဲမှ တဆင့် ကြည့်လိုက်ပါသည်။ မှန်ချပ်၏ အကူအညီကြောင့် သူ့ကို ကျွန်မ လှမ်း မော့ကြည့်စရာ မလိုအပ်ပဲ ပြတ်ပြတ်သားသား မြင်နေရပါသည်။ သူကလည်း ကျွန်မကို မမှိတ်မသုန် စောင်းငဲ့ကာ ငုံ့ ကြည့်နေသည်ကို မှန်ချပ်ပေါ်တွင် အထင်အရှား တွေ့မြင်နေရသည်။ ထိုစဉ် ဖွင့်ထားသော ပြူတင်းတံခါးမှ လေအေးအေးတစ်ချက် ဝှေ့အသွား… မီးချောင်းက မျက်တောင်တစ်ချက်ခတ်ကာ မှန်ချပ်ကို ရိုက်ပြီး အလင်းတန်းများ လက်ကနဲ ဖြာထွက်သွားပါသည်။ ထိုအချိန် စက္ကန့်ပိုင်းလေးအတွင်းတွင် ကျွန်မကို မမှိတ်မသုန် ငုံ့ကြည့်နေသော အိမ်မြှောင်သည် သွက်လက်မြန်ဆန်လှသော ရွေ့လျားမှုမျိုးဖြင့် အခန်းထောင့်မှ အ၀တ်ဘီရိုကြားသို့ ပြေးဝင် ပျောက်ကွယ်သွားပါတော့သည်။ 

အို… အိမ်မြှောင်များသည် စာကလေးများ ကျီးကန်းများလို မှန်ကို ကြောက်တတ်ကြပါသလား… ကျွန်မ တစ်ကြိမ်တစ်ခါမှ မကြားဖူးခဲ့ပါ။ မျက်နှာကြက်ကို တလှည့်၊ သူ ပြေးဝင်သွားသော အခန်းထောင့်နေရာကို တလှည့်၊ အိပ်ရာပေါ်တွင် ချထားသော ကြည့်မှန်ချပ်ကို တလှည့် ကြည့်ရင်း ရုတ်တရက် ကျွန်မ သူ့ကို သနားသလို၊ အားနာသလို၊ ၀မ်းနည်းသွားသလို ခံစားလိုက်ရပါသည်။ ခပ်သေးသေး ကြည့်မှန်တစ်ချပ်ကို အသုံးပြုကာ အိမ်မြှောင်တစ်ကောင်ကို အထိတ်တလန့်၊ အလျှင်အမြန် ထွက်ပြေးသွားအောင် ခြောက်လှန့်လိုက်နိုင်သည် ဟူသော အဖြစ်သည် အထူးအဆန်းတစ်ခု မဟုတ်သော်လည်း ကျွန်မအဖို့ရာမှာ အလွန်အမင်း အံ့သြဖွယ်ရာ ဖြစ်ရပ်တစ်ခုသာ။ ထို့အတူ ကြည့်မှန်များတွင် ထူးခြားသော စွမ်းအင်တစ်မျိုး ရှိနေသည်ဟူသော အစွဲအလမ်းကြီးလှသည့် ချစ်သူဟောင်း၏ စကားကိုလည်း ကျွန်မနားထဲ တွင် ပဲ့တင်ခတ်စွာ ပြန်လည် ကြားယောင်ရင်း အံ့သြစိတ်တို့က လူတစ်ကိုယ်လုံးကို ကြီးစိုးနေဆဲ။ ထိုအချိန်တွင် ကျွန်မ အလုပ်ချင်ဆုံးအရာမှာ ချစ်သူဟောင်း၏ အမည်ကို လွမ်းဆွတ်တမ်းတစွာ ခေါ်ဝေါ် ရေရွတ်လိုက်ခြင်း သို့တည်းမဟုတ် စိတ်လွတ်လက်လွတ် အော်ဟစ် ရယ်မောခြင်းလိုက်ခြင်းသာ ဖြစ်ပါသည်။ သို့သော် ကျွန်မ လုံးဝ အသံ ထွက်၍ မရခဲ့အောင် လည်ချောင်းတို့က ခြောက်သွေ့ကာ စေးကပ်နေကြဆဲ။ 

ညက အတော်နက်လှပြီ။ စာကြည့်စားပွဲပေါ်မှ ရေပုလင်းကို ယူကာ လက်ကျန်ရေအားလုံးကို တရှိန်ထိုး မော့သောက်ချလိုက်သည်။ ထို့နောက် အိပ်ရာပေါ်သို့ ပြန်လှဲချပြီး စောင်ကို လုံအောင်ခြုံ… လက်လှမ်းမှီနိုင်သော နေရာတွင် ကြည့်မှန်ချပ်ကို အသာမှောက်၍ ချထားပြီး အခန်းမီးကို မှိန်လိုက်သည်…။ မြင်နေရသော မျက်နှာကြက်ဖြူဖြူဆီသို့ မရဲတရဲ ငေးကြည့်ရင်း အတွေးတချို့ကိုလည်း မှိန်ဖျော့ချကာ အိပ်ပျော်အောင် ကြိုးစားနေခဲ့ဆဲ…။ သေချာသည်ကတော့ မနက်ဖြန် မနက် မိုးလင်းလျှင် လင်းချင်း ကျွန်မ ဦးစွာ လုပ်ရမည့် အလုပ်မှာ မှန်တင်ခုံမှ မှန်ချပ်ကို ဖြုတ်ကာ သတင်းစာစက္ကူတို့ဖြင့် ရစ်ပတ်ကာ ကုတင်အောက် (သို့) စာကြည့်စားပွဲအောက် တစ်နေရာရာတွင် နေရာချထားရန်ပင်။ ထို့အပြင် နှစ်ပေါင်းများစွာ စွဲမြဲခဲ့သော အကျင့်အရ ရောက်လေရာနေရာတွင် မျက်နှာကြက်များကို ငေးမောကြည့်မိတိုင်း မယုံကြည်နိုင်စရာ ထူးဆန်း အံ့သြဖွယ်ရာများ ယူဆောင်လာခဲ့သော ညတစ်ညကိုလည်း ကျွန်မ မမေ့မလျော့ သတိရနေမိမည်ပင်…

သက်ဝေ
၂၉ နိုဝင်ဘာ ၂၀၁၃

မှတ်ချက် - ၂၀၁၄ ဖေဖေါ်ဝါရီလထုတ် Idea Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်...။

Thursday, January 16, 2014

Candy Crush နှင့် ဦးနှောက်ကို အလုပ်ပေးခြင်း

အခု ပြောပြမှာကတော့ Candy Crush လို့ အမည်ရတဲ့ ရောင်စုံသကြားလုံးတွေ ခွဲတဲ့ ဂိမ်းအကြောင်းပါ။
ဒီဂိမ်းကို ၂၀၁၂ ခု နိုဝင်ဘာလမှာ စတင်ခဲ့တာဆိုတော့ အခုဆိုရင် တနှစ်ကျော်ကျော် ရှိနေပြီပေါ့။ ၀ီကီက စာရင်းအရ ဒီဂိမ်းကို ၂၀၁၂ ဒီဇင်ဘာလ တစ်လထဲမှာ ဒေါင်းလုဒ် လုပ်သူပေါင်း တစ်သန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို ကျော်ကြားတဲ့ ဂိမ်းရဲ့ အခြေခံ သဘောတရားကတော့ ရိုးစင်းပါတယ်…။ လွယ်လွယ်ပြောရင် တူရာ တူရာ သကြားလုံးတွေ စုပြီး ခွဲခြေရတာ လို့ပဲ ဆိုကြပါစို့…။ အဲဒီလို တူရာတွေ ခွဲဖို့အတွက် အနည်းဆုံး အရောင်တူ ပုံသဏ္ဍာန်တူ သကြားလုံး သုံးလုံး သို့မဟုတ် သုံးလုံးထက် များတဲ့ သကြားလုံးတွေကို တစ်တန်းတည်းဖြစ်အောင် တစ်လုံးနဲ့ တစ်လုံး လှည့်ပတ်ပြီး နေရာရွှေ့ရင်း ခွဲရတာဖြစ်တယ်..။

ဒီဂိမ်းဟာ အစပိုင်းမှာ လွယ်ကူသယောင်ရှိပေမဲ့ နောက်ပိုင်း အဆင့်တွေ မြင့်လာတော့ တဆင့်ပြီး တဆင့် နည်းအမျိုးမျိုးနဲ့ မရိုးရအောင်၊ ခက်ပုံ ခက်နည်း မျိုးစုံနဲ့ ခက်လာတော့တာပါပဲ…။ တဆင့်နဲ့ တဆင့် ကစားပုံချင်း မတူအောင် ဖန်တီးထားတာမို့ ကစားလိုက် ရှုံးလိုက်နဲ့ လုံးချာလည်နေရင်းက အဲဒီဂိမ်းတီထွင်သူတွေကို အမြင်လည်းကပ်… အံ့လည်း အံ့သြပြီး တကယ်လည်း ချီးကျူးမိပါတယ်။ လောလောဆယ်မှာ ကျွန်ပျူတာကနေ ဆော့လို့ရတဲ့ အဆင့်ပေါင်း ၄၇၀ အထိ ရှိနေပေမဲ့ အိုင်ဖုန်း အိုင်ပက် စတဲ့ ပစ္စည်းတွေကနေ ဆော့ရင်တော့ အဆင့် ၄၁၀ အထိ ပဲ ရှိပါသေးတယ်…။

ဂိမ်းတစ်ကြိမ် ကစားနိုင်ဖို့အတွက် Life လို့ ခေါ်တဲ့ ကစားခွင့် အနည်းဆုံး တစ်ခု ရှိရမှာဖြစ်ပြီး Life ကုန်သွားရင်တော့ အချိန် နာရီဝက်ကို Life တစ်ခုနှုန်းနဲ့ ပြန်ပြည့်လာပါတယ်…။ အဲဒါကို စောင့်နေရတာ စိတ်မရှည်တဲ့သူများကတော့ အိုင်ဖုန်း အိုင်ပက် စတဲ့ ပစ္စည်းတွေရဲ့ နာရီကို ရှေ့တိုးပြီး Life တွေ ပြန်ပြည့်အောင် လုပ်ယူတတ်ကြပါသေးတယ်။

အဲဒီလို ခွဲတဲ့နေရာမှာ သကြားလုံးတွေချည်းပဲ လွယ်လွယ်ကူကူ ရှိနေသလားဆိုတော့ မဟုတ်ပါဘူး။ သကြားလုံးရောင်စုံတွေကြားမှာ နှောင့်ယှက်နေတဲ့ အတားအဆီးတွေကလည်း အများကြီး ရှိနေပါသေးတယ်။ တစ်ခုပြီး တစ်ခု ဆင့်ကာ ဆင့်ကာ ပေါ်လာတဲ့ ချောကလက်ပြားတွေ၊ အပေါ်က ပြုတ်ပြုတ်ကျလာတဲ့ လက်ပစ်ဗုံးတွေ… အချိန်ကန့်သတ်ချက်တွေ… စတဲ့ အနှောင့်အယှက် အပိတ်အဆို့တွေကိုလည်း အချိန်နဲ့ အမျှ ရှင်းလင်း ချေမှုန်းရပါသေးတယ်။

ဒီဂိမ်းမှာ စပါယ်ရှယ် သကြားလုံးတွေလည်း ရှိပါတယ်။ သူတို့နဲ့ တွဲစပ်ပြီး ဖေါက်လိုက်ရင် တစ်ကြိမ်ထဲနဲ့ သကြားလုံးပေါင်းများစွာ၊ အတားအဆီးပေါင်း များစွာကို ရှင်းလင်းသွားစေတဲ့ အတွက် အဲဒီ စပါယ်ရှယ် သကြားလုံးလေးတွေရအောင်လည်း ကြိုးစားရပါသေးတယ်။

အဲဒီ Candy Crush ဂိမ်းကို ကျွန်မ ၂၀၁၃ ဖေဖေါ်ဝါရီလဆန်းမှာ စပြီး ကစားခဲ့ပါတယ်…။ အခုဆိုရင် အဆင့် ၃၆၇ ကို ရောက်နေပါပြီ…။ သာမန်ဂိမ်းတစ်ခုလိုပဲ ရိုးစင်းတယ်လို့ ယူဆရတဲ့ ဒီဂိမ်းကို ကစားရင်း တဖြည်းဖြည်းနဲ့ သတိထားမိလာတာတွေ ရှိပါတယ်။ အဲဒါတွေက ဘာလဲ ဆိုတော့… ဒီဂိမ်းကို တော်ရုံတန်ရုံ ဇွဲနဲ့ ကစားလို့မရပါဘူး။ တဆင့်ပြီး တဆင့် ခက်ခဲလာတာတွေကို ဖြတ်ကျော်နိုင်ဖို့ ဥာဏ်သုံးပြီး စိတ်ရှည်ရှည်နဲ့ တစ်ဆင့်ချင်း ဆော့ရတာပါ။ တချို့ အဆင့်တွေမှာဆို ကျွန်မ ရက်ပေါင်းများစွာ ကြာတဲ့အထိ ဘယ်လိုမှ မကျော်နိုင်တာ… ။ စိတ်ထဲ တော်ပြီ… ဒီဂိမ်းကို မကစားတော့ဘူးဟာ လို့ လက်လျှော့ချင်လောက်အောင်ကို ဖြစ်မိတာ။ သို့သော်လည်း ကိုယ့်ရှေ့မှာ ရောက်နေကြတဲ့ ကစားဖေါ်တွေကို ကြည့်ပြီး အို… သူတို့တောင် ကစားနိုင်တာ ကိုယ်ဘာလို့ မရရမှာလဲ လို့ တွေးပြီး ပြန်ကစားလိုက်… တစ်ဆင့်တက်သွားရင် ပျော်ရွှင် ၀မ်းသာလိုက်နဲ့…။

စဉ်းစား တွက်ချက်ရတာတွေဟာ လူတွေရဲ့ ဦးနှောက်ကို ဖွံ့ဖြိုးစေတာလည်း အမှန်ပါ။ ဦးနှောက်ဆိုတာလည်း မသုံးပဲ ပစ်ထားရင် တုံးသွားတဲ့ ဒါးတစ်ချောင်းလိုပါပဲ…။ အစဉ် အသုံးပြုနေကာမှ မှတ်ဥာဏ်တွေ ကောင်းမွန် တိုးတက်စေမှာမို့ ခေါက်ရိုးကျိုးနေတဲ့ ပျင်းစရာ နေ့ရက်တွေကြားမှာ ဒီဂိမ်းလေးကို စွဲစွဲမြဲမြဲ ကစားဖြစ်နေပါတယ်…။

ဂိမ်းအကြောင်း ပြောရင်း တလက်စထဲမှာ Dementia ဆိုတဲ့ ရောဂါ အကြောင်းလေး နည်းနည်း ပြောပြချင်ပါတယ်။ Dementia ဆိုတာ လက်တင်ဘာသာစကားက ဆင်းသက်လာတာ ဖြစ်ပါတယ်။ De ဆိုတာ without လို့ အဓိပ္ပါယ်ရပြီး ment ကတော့ the roots of mind လို့ အဓိပ္ပါယ်ရပါတယ်။ Dementia ကို လွယ်လွယ် ပြောရရင်တော့ သတိမေ့တတ်တဲ့ ရောဂါတစ်ခုလို့ ပြောနိုင်ပါတယ်…။ အစောပိုင်း လက္ခဏာတွေကို အကြမ်းဖျင်း ပြောပြရမယ်ဆိုရင် တခုခု ချိန်းထားပြီး မေ့နေတာမျိုး၊ ကိုယ့်အနီးအနားက တွေ့နေ မြင်နေကျ မိတ်ဆွေ အပေါင်းအသင်းတွေရဲ့ နာမည်တွေ အလွယ်တကူ ခေါ်လို့ မထွက်တာမျိုး၊ စကားပြောနေရင်း တ၀က်တပျက်နဲ့ ကိုယ်ဘာပြောနေမှန်း မေ့သွားတာမျိုး၊ မနေ့က ဘာလုပ်ခဲ့တယ် ဘယ်သွားခဲ့တယ် ဆိုတာကို နောက်တစ်နေ့မှာ သတိမရတတ်တာမျိုး၊ အိမ်မှာ ရှိပြီးသား ၀ယ်ပြီးသား ပစ္စည်းတွေကို ထပ်ထပ် ၀ယ်နေမိတာမျိုး၊ အကြောင်းမဲ့ စိတ်တိုလွယ် ဒေါသထွက်လွယ် ဖြစ်နေတာမျိုး၊ မကြာခဏ ဆာလောင်နေတာမျိုး… အဲဒါမျိုးတွေပါ။

အဲဒီလို Dementia ရောဂါကို ကာကွယ်နိုင်တဲ့ အခြေခံအချက်တချို့ကတော့ လေ့ကျင့်ခန်း ပုံမှန် ပြုလုပ်ခြင်၊ အစားအစာကို ကျန်းမာရေးနဲ့ ညီညွတ်အောင် စားသုံးခြင်း၊ လုံလောက်တဲ့ အိပ်ချိန်ကို ပုံမှန် အိပ်စက်ခြင်း၊ စိတ်ဖိစီးမှုများ နည်းပါးအောင် စနစ်တကျ စီမံခန့်ခွဲခြင်း၊ နေ့စဉ် လူမှုဘ၀ ပတ်ဝန်းကျင်မှာ အလိုက်သင့် ပျော်ရွှင်စွာ စီးမျော နေထိုင်ခြင်းတို့နဲ့အတူ ဦးနှောက်ကို အလုပ်ပေးခြင်း ဆိုတာလည်း တစ်ချက် ပါဝင်ပါတယ်…။

အဲဒီ ဦးနှောက်ကို အလုပ်ပေးခြင်း ဆိုတဲ့နေရာမှာ ဂိမ်းကစားတာလည်း တစ်ခု အပါအ၀င်ဖြစ်တယ် လို့ ခိုင်လုံတဲ့ သက်သေ အထောက်အထားများ၊ ဆေးပညာဆိုင်ရာ စာတမ်းများက ဆိုပါတယ်…။ အထိုက်အလျောက် စဉ်းစားတွေးတောရပြီး ဦးနှောက်ကို အသုံးပြုရတဲ့ Crossword Puzzle တွေ၊ Board Games တွေနဲ့ Scrabble တို့ Sudoku တို့လို ဂိမ်းမျိုးတွေကို ကစားပေးခြင်းဟာ Dementia ရောဂါကို တဖက်တလမ်းက ကာကွယ်ပေးနိုင်တယ် လို့ ဆိုပါတယ်။ အပေါ်မှာ ကျွန်မရေးခဲ့တဲ့ Candy Crush လို ဂိမ်းမျိုးဟာလည်း ဦးနှောက်ကို တွေးတော အလုပ်ပေးတဲ့ ဂိမ်းတစ်ခု ဖြစ်တာမို့ အချိန်အားများ ရှိခဲ့မယ်ဆိုရင် ကစားကြည့်ကြစေချင်ပါတယ်။

ဂိမ်းကစားတယ် ဆိုတာ ကလေးတွေအလုပ်လို့ ယေဘုယျ သတ်မှတ်ထားပြီး ကျွန်မတို့လို လူကြီးတစ်ယောက် ဂိမ်းကစားတယ်လို့ ဆိုလိုက်ရင် တော်တော်များများရဲ့ အမြင်မှာ အသက်အရွယ်နဲ့ မလိုက်ဖက်တာတွေ လုပ်နေတဲ့သူ ဒါမှမဟုတ် ကလေးကလားအလုပ်တွေ လုပ်နေတဲ့သူလို့ ဘေးကနေ ထင်မြင် ယူဆတတ်ကြပါတယ်…။ ဒါပေမဲ့လည်း လူကြီးတစ်ယောက်အတွက် တခါတခါမှာ အဲဒီလို အချိန်မျိုးတွေဟာ ရှိကို ရှိသင့်တယ်… တကယ်လည်း လိုအပ်ပါတယ်လို့ တွေးရင်း၊ ဂိမ်းတွေဆော့ရင်း ဒီစာကို ရေးပါတယ်…။



မှတ်ချက် - 2014 January - Gamer Magazine တွင် ဖေါ်ပြပြီး ဖြစ်သည်။

Saturday, January 11, 2014

အမှတ်စဉ် ၄၅



၄၅ ဆိုတာ နံပါတ်တွေထဲမှာ ကျွန်မ အလွန်နှစ်သက်တဲ့ နံပါတ်တစ်ခုပါ…။
၉/၁၈/၂၇/၃၆ အစရှိတဲ့ နံပါတ်လှလှတွေကို စီကာ စဉ်ကာ ကျော်ဖြတ်ပြီး အခု ၄၅ ကို ရောက်လာပါပြီ…။ အသက်တွေ တော်တော်ကြီးလာပြီပဲ လို့ စိတ်ထဲမှာ ခပ်တိုးတိုး ရေရွတ်နေမိပါတယ်။ အမှန်ပြောရရင် အသက်ကြီးလာရခြင်းအပေါ် ကျွန်မ ဘယ်လိုမှ မခံစားရပါဘူး… တကယ်ပါ… ဘဝတလျောက်လုံးမှာ အသက်ကြီးလာတာနဲ့ပတ်သက်ရင် ဘာမှ ထွေထွေထူးထူး ပြောစရာမလိုအောင်ကို သက်တောင့်သက်သာရှိလှပါတယ်။ အသက်အရွယ်နဲ့လိုက်ဖက်တဲ့ တာဝန်ဝတ္တရားတွေ လုပ်ငန်းဆောင်တာတွေကို သူ့အသက်အရွယ်နဲ့သူ… သူ့အချိန် အပိုင်းအခြားနဲ့သူ အတတ်နိုင်ဆုံး ကျေပွန်ခဲ့ပြီးပြီလို့ ကိုယ့်ကိုယ်ကိုယ် အမြဲ ကျေနပ်ပါတယ်။

အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်း ပြောင်းလဲလာတဲ့ အတွေးအခေါ်၊ ခံယူချက်၊ စိတ်နေစိတ်ထား၊ အကောင်း အဆိုးတွေကို မှန်မှန်ကန်ကန်နဲ့ မျှမျှတတ ဝေဖန်ပိုင်းခြားနိုင်မှု စတဲ့ စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲခြင်းတွေကို ကိုယ်တိုင် ကျေကျေနပ်နပ်ရှိသလို ရုပ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုတွေအပေါ်မှာလည်း ရာခိုင်နှုန်းအပြည့်မဟုတ်တောင် အတော်အတန် ကျေနပ်နိုင်ပါတယ်။ မအို မနာ မသေ တဲ့သူမှ မရှိတာပဲ…။

အခုပဲ ကြည့်လေ… ဒီနှစ် မွေးနေ့မှာ ဘာလိုချင်သလဲ ဆိုတဲ့ သူ့မေးခွန်းကို အေးအေးဆေးဆေးပေါ့ လို့ ရယ်ရင်း ပြုံးရင်း ပြန်ဖြေနေမိပြီ…။ အရင်ကလို မွေးနေ့နားနီးလာပြီဆိုထဲက ဟိုဟာ ပူဆာရမလို ဒီဟာ ၀ယ်ခိုင်းရမလိုတွေ၊ စီကာ စဉ်ကာ ရေးသားထားတဲ့ wish list တွေလည်း မရှိတော့ပါဘူး…။ ဘယ်သွားချင်လဲ… ဘာစားမလဲ… ဆိုတဲ့မေးခွန်းတွေကိုလည်း အဆင်ပြေသလို လုပ်ကြတာပေါ့ လို့ ဖြေလိုက်ပြန်တယ်…။ ဒါ့အပြင် တိုပါးရိုးကျောင်းကို ဘုရားသွားဖူးရအောင် လှူစရာရှိတာလေးလည်း လှူရအောင်လို့လည်း ပြောလိုက်သေးတယ်…။ ကြည့်ပါအုံး… ပြောင်းလဲလာတာတွေ…

ဖေဖေနဲ့ မေမေကတော့ မေမြို့ရောက်နေကြလို့ သမီးမွေးနေ့အတွက် ပန်းပုံတွေ ရိုက်ပြီး ပို့ပေးလိုက်တယ်…။ သဘာဝအလျောက် ပွင့်ဖူးနေကြတဲ့ ရောင်စုံပန်း လှလှတွေမြင်တော့ သမီးကို သတိရသတဲ့… အမှန်က သူတို့သမီးက မိန်မဆန်ဆန်နဲ့ ပန်းတွေကို ကြိုက်လှတာမဟုတ်… ဓါတ်ပုံရိုက်ဖို့ subject ရှားလွန်းတဲ့ စကာင်္ပူမှာ နေရတော့ တနေ့တနေ့ ပန်းတွေပဲ အလုပ်လုပ်ပြီး ရိုက်နေရတာ သူတို့ မသိရှာ… (ဟိဟိ)

သူငယ်ချင်း မိတ်ဆွေတချို့ကတော့ ဒီနေ့ထဲက မွေးနေ့ဆုတောင်းတွေ ပို့ကြတယ်…။ အဲဒါတွေကိုတွေ့တဲ့ သူငယ်ချင်းတစ်ယောက်က ဖုန်းဆက်တယ်… သူတို့တွေနဲ့ ရောပြီး ဒီနေ့ပဲ wish လုပ်လိုက်ရမှာလား တဲ့…။ (ဟဲ့… နေပါအုံး လို့ အော်ရတယ်…) နောက်အမတစ်ယောက်ကတော့ အများညီ ဤ ကို ကျွဲ ဖတ်ရမှာလား တဲ့… (ဟိုက်… ပလုတ်တုတ်…) နောက်တယောက်ကလည်း ဇဝေဇဝါနဲ့ သူများ ၁၀ ရက်နဲ့ ၁၁ ရက် ပြက္ခဒိန်အကြည့်မှားလေရော့သလား… ဆိုပြီး ဖုန်းဆက်တယ်… ဘာပဲဖြစ်ဖြစ်လေ… ဆုတောင်းဆိုတာ အချိန်တိုင်းအတွက် အလွန်တရာ ချိုမြိန်ပါတယ်…။ စောစောတောင်းတောင်း နောက်ကျ တောင်းတောင်း ဆုတောင်းတွေအတွက် ပျော်ရွှင်ရတဲ့ပီတိကတော့ အချိန်မရွေး အတူတူပါပဲ…။

အဲဒီလို မွေးနေ့အကြိုဆုတောင်းတွေတွေ့တော့ စိတ်ကူးပေါက်သွားပြီး ကျွန်မနဲ့ မွေးနေ့ တစ်ရက်ထဲ… ကျွန်မ အချစ်ဆုံး သူငယ်ချင်းလေး စပါယ့်ဆီ ဖုန်းဆက်ပြီး ဘယ်သူမှ မဦးခင် အချင်းချင်း အပြန်အလှန် မွေးနေ့ ဆုတောင်းလိုက်ပါသေးတယ်…။ ပြီးမှ နှစ်ယောက်စလုံး ကိုယ့်ဟာကိုယ် သဘောတွေကျပြီး ရယ်လိုက်ရတာ…။ နောက် ကျွန်မနဲ့ မွေးနေ့တူ ညီမလေး Vista ကိုလည်း ဒီနေရာကနေ ဆုတောင်းပေးတယ်နော်... Happy Birthday ညီမ...!!

ရုံးက ချစ်ရတဲ့ မြန်မာ မောင်နှမတွေကတော့ ကျွန်မ မွေးနေ့အတွက်ဆိုပြီး  ကြာသာပတေးနေ့က နေ့လည်စာ လိုက်ကျွေးပါတယ်…။ နေမကောင်းလို့ ခံတွင်းပျက်ပြီး ဘာမှမစားချင် မသောက်ချင်ဖြစ်နေတာ… သူတို့တွေရဲ့ စေတနာကြောင့် ထင်ပါရဲ့… ထူးထူးဆန်းဆန်း အဲဒီနေ့က ကျွန်မ ထမင်းကောင်းကောင်း စားနိုင်ခဲ့တယ်…။ ဒီအတွက်လည်း မောင်နှမတွေအားလုံးကို သိပ်ကျေးဇူးတင်ပါတယ်… ငွေကုန်ကြေးကျခံပြီး နေ့လည်စာလိုက်ကျွေးတယ် ဆိုတာတာထက် အဲဒီနောက်ကွယ်က လှပတဲ့ စေတနာလေးကို ကျေးဇူးတင် အသိအမှတ်ပြုလိုတာပါ…။

ဘာကျန်သေးလဲ… ဆိုတော့… ကျန်းမာရေး…
ဟုတ်ပါတယ်… ရှေ့လျှောက် ကျွန်မ လုပ်ချင်တာတွေ ဆက်လုပ်နိုင်ဖို့၊ ဖြစ်ချင်တာတွေ အကောင်အထည်ဖေါ်နိုင်ဖို့၊ သွားချင်တဲ့နေရာတွေ အရောက်သွားနိုင်ဖို့၊ ကိုယ်ဆန္ဒရှိသူတွေနဲ့ တွေ့ခွင့် မြင်ခွင့်ရဖို့… အဲဒါတွေအတွက် စိတ်သွားတိုင်း ကိုယ်ပါ ရာနှုန်းပြည့် ကျန်းမာတဲ့သူတစ်ယောက် ဖြစ်ချင်လှပါတယ်။

ကျန်တာတွေကတော့ ပုံမှန်အတိုင်း… စာဖတ်ရင်း… စာရေးရင်း… ဓါတ်ပုံရိုက်ရင်း… ဖဘပေါ် မိတ်ဆွေသူငယ်ချင်းတွေနဲ့ စကားတွေပြောရင်း… ဟင်းချက်ရင်း… သီချင်းနားထောင်ရင်း... အိမ်ရှင်းရင်း… ကိုယ်ချစ်ရတဲ့သူတွေနဲ့ ကိုယ့်ကို ချစ်တဲ့သူတွေကို ဆထက်တပိုး ပိုမိုနွေးထွေးစေရင်း… အေးအေးချမ်းချမ်းနဲ့ ပျော်ပျော်ပါးပါး ဆက်လက် စီးမျောသွားဖို့ပါပဲ…။ ဒီလောက်ပဲ မျှော်လင့်ထားပါတယ်…

ချစ်ခင်စွာဖြင့်

သက်ဝေ
၁၁ ဇန်နဝါရီ ၂၀၁၄