Friday, August 19, 2016

ဓါတ်လှေခါးထဲက ခြင်

မနက်က ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်နဲ့ တွေ့တယ်။ 
ဓါတ်လှေခါးထဲမှာ ခြင်တွေ့တာ ဘာများ ထူးဆန်းသလဲ။ အဲဒီ “ခြင်” ဆိုတဲ့ သေးသေးကွေးကွေး ငတိအကြောင်းကို လူတိုင်းသိကြတယ်။ ခြင်ဆိုတာ နေရာအတော်များများမှာ လွယ်လွယ်ကူကူ တွေ့နိုင်တဲ့ သတ္တဝါတစ်ကောင်ပဲ၊ သူ့မှာ အတောင်ပံတွေ ပါတယ်၊ လိုရာခရီးကို အချိန်မဆိုင်း ပျံသန်းနိုင်တယ်။ ခြင်တစ်ကောင်ဟာ တဝီဝီ အသံပေး အော်မြည်ပျံသန်းရင်း တွေ့တဲ့သူကို ကိုက်တတ်တယ်။ သူက သွားချင်ရာ ရောက်ရာပေါက်ရာ လျှောက်သွားနိုင်တဲ့ အကောင်ဆိုတော့ နေရာအနှံ့မှာ တွေ့နိုင်တာပေါ့။ လူသူတိတ်ဆိတ်နေတဲ့ အိမ်ဟောင်းဟောင်းထဲမှာ၊ အိပ်ခန်းထဲက ဇာခြင်ထောင်အစပ်မှာ၊ အလှစိုက် ပန်းအိုးတွေနားမှာ၊ ပန်းနုရောင် သစ်ခွပွင့်ပေါ်မှာ၊ ငါးကန်တစ်ခုရဲ့ မှန်ဘောင်ပေါ်မှာ၊ ကလေးငယ်လေးတစ်ယောက်ရဲ့ ပြောင်တင်းတင်း ခြေသလုံးလေးပေါ်မှာ၊ ဂါဝန်လက်ပြတ်ဝတ်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်မောင်းရင်းမှာ၊ မီးဖိုခန်းက စိုထိုင်းထိုင်း လက်သုတ်ပုဝါစပေါ်မှာ၊ ရေချိုးခန်းထဲက သွားပွတ်တံနဲ့ သွားတိုက်ဆေးဗူးနားမှာ၊ ရေကူးကန်ဘေးမှချထားတဲ့ ဆေးဖြူသုတ်ပက်လက်ကုလားထိုင်တွေနားမှာ၊ သစ်ပင်ပန်းပင်တွေ ခြုံနွယ်ပိတ်ပေါင်းတွေ အုပ်နေတဲ့ ခြံစည်းရိုးတဝိုက်မှာ၊ ဒါမှမဟုတ် အိမ်ထောင့်က ဇွန်ပန်းရုံအနားမှာ... ခြင်တစ်ကောင် ရောက်နေနိုင်တဲ့နေရာတွေက ရေတွက်လို့မရအောင် အများကြီး။ ဒီလိုဆိုတော့ ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်ကို တွေ့ရတာဟာလည်း ဘာမှ မဆန်းဘူး။ ဒါပေမဲ့ ဆန်းနေတာတွေက ရှိသေးတယ်။  

ခြင်အကြောင်း အသေးစိတ် မပြောခင် ဓါတ်လှေခါးအကြောင်း (နည်းနည်း) အရင်ပြောတာ ကောင်းမယ်လို့ ယူဆတယ်။ ဓါတ်လှေခါးဟာ အတော်လေး ကျယ်ဝန်းတယ်။ အခင်းက အစိမ်းရောင် ရင့်ရင့်နဲ့။ ဓါတ်လှေခါးရဲ့ တံခါးမှာ ဆနွင်းမကင်းပုံ အကွက်ဖေါ်ထားတဲ့ သံတိုင်တွေနဲ့ ရှည်မျောမျော မှန်ချပ်တွေ ပါတယ်။ အတွင်းနံရံ သုံးဖက်မှာကတော့ ကြည်လင် လင်းလက်နေတဲ့ ကြည့်မှန်ချပ်တွေ ပါတယ်။ နံရံတစ်ဖက်မှာတော့ အင်္ဂလိပ်စာလုံး တစ်ကနေ လေးဆယ် အထိ ရေးထားတဲ့ လေးထောင့်အကွက်လေးတွေ ပါတယ်။ အရေးပေါ်ခေါ်ချင်ရင် နှိပ်စရာ ခလုပ်၊ တံခါး အဖွင့်အပိတ် ခလုပ်တွေလည်း ပါနေတဲ့ သာမာန်ဓါတ်လှေခါးတစ်စင်းပါပဲ။ ဒါပေမဲ့ အဲဒီဓါတ်လှေခါးထဲမှာရှိနေတဲ့ မှန်ချပ်တွေကတော့ အင်မတန်ဆွဲဆောင်မှုရှိတဲ့ မှန်ချပ်တွေလို့ ဆိုရမယ်။ ဓါတ်လှေခါးထဲရောက်ရင် အဲဒီမှန်တွေကို မကြည့်မိတဲ့သူ မရှိသလောက် (မရှိသလောက်) ရှားတယ်။ ကြီးကြီး ငယ်ငယ် ရွယ်ရွယ်၊ မိန်းမ ယောက်ျား ကလေး... အားလုံး တစ်ချက်ကလေးဖြစ်ဖြစ်တော့ မှန်ကို ကြည့်လိုက်ကြတာပဲ။ သိသိသာသာ ကြည့်တာနဲ့ မသိမသာ ကြည့်တာနဲ့ပဲ ကွာတယ်။ 

အများအားဖြင့် လူလတ်ပိုင်း အမျိုးသမီးတွေဟာ ဓါတ်လှေခါးထဲမှာ တခြားလူတွေ ရှိနေရင်တောင် နည်းနည်းလေးမှ ဂရုမစိုက်ပဲ မှန်ကို သိသိသာသာ ကြည့်တတ်ကြတယ်။ မှန်ကြည့်ပြီး ဆံပင်သပ်တင်လိုက်ကြတာမျိုး၊ ကိုယ်ပေါ်က အဝတ်အစားကို ဆွဲဆန့်လိုက်ကြတာမျိုး၊ လည်ပင်းက ဆွဲကြိုး အနေအထားလေး နည်းနည်း ပြင်လိုက်တာမျိုး၊ ပုခုံးမှာချိတ်ထားတဲ့ ပိုက်ဆံအိတ်ကို အရှေ့ဖက်ကို ဆွဲလှည့်လိုက်တာမျိုးတွေ ရှိတယ်။ တချို့ဆို ခါးကို မသိမသာလှည့်လို့ ကိုယ်လုံးပေါ်မှန်ကြည့်နည်းနဲ့ သူတို့ရဲ့ ခန္ဒာကိုယ်ကို ရှေ့ နောက် စောင်းငဲ့ပြီး ကြည့်တတ်သေးတာ။ အထက်တန်း ကျောင်းသူလေးတွေနဲ့ အမျိုးသမီးငယ်လေးတွေကတော့ ရှက်ကိုးရှက်ကန်း အမူအယာမျိုးနဲ့ မှန်ကို ဖြတ်ကနဲ မရဲတရဲ (မသိမသာ) ခိုးကြည့်တတ်ကြတယ်။ အမျိုးသားတွေလည်း အဲဒီလိုပဲ၊ မှန်ချပ်တွေပေါ်မှာ မြင်နေရတဲ့ သူတို့ပုံရိပ်ကို မသိမသာပဲ ကြည့်လေ့ရှိကြတယ်။ ကလေးငယ်တွေကတော့ မှန်နားကို မျက်နှာကပ်ပြီး ဝှူးကနဲ လေနဲ့ မှုတ်သူက မှုတ်၊ မှန်ထဲမှာ မြင်နေရတဲ့ သူတို့မျက်နှာကို သဘောကျပြီး မျက်လုံးပြူးလိုက်၊ လျှာထုတ်လိုက်၊ ပါးစပ်ကို လေဖေါင်းလိုက်နဲ့ နောက်ပြောင်သူက နောက်ပြောင်၊ မှန်ချပ်တွေကို လက်နဲ့ တဖြတ်ဖြတ်ရိုက်သူက ရိုက်နဲ့ပေါ့။ ဓါတ်လှေခါးထဲက မှန်ချပ်ကြည်ကြည်တွေဟာ လူတိုင်းကို အဲဒီလို ဆွဲဆောင်တယ်။ 

ဟုတ်ပြီ အခုလောက်ဆို ဓါတ်လှေခါးကို မျက်စိထဲ ကွက်ကွက်ကွင်းကွင်း မြင်ရောပေါ့။ အဲဒီဓါတ်လှေခါးထဲမှာ ဒီမနက် ကျွန်မတစ်ယောက်တည်း။ ရုံးချိန်မရောက်သေးပဲ အချိန်အတော် စောနေသေးတာက တစ်ကြောင်း၊ ကလေးတွေ ကျောင်းပိတ်ရက်ဖြစ်တာက တစ်ကြောင်း ဓါတ်လှေခါးထဲမှာ တခြား ဘယ်သူမှ မပါဘူး။ ဓါတ်လှေခါးထဲရောက်တော့ ခုနကပြောတဲ့ အင်မတန်ဆွဲဆောင်နိုင်အားကောင်းတဲ့ မှန်ချပ်ကြီးတွေပေါ်မှာ တွဲခိုနေတဲ့ ခြင်ကို အထင်အရှား တွေ့လိုက်ရတာပဲ။ ပြောခဲ့သလိုပါပဲ... ဓါတ်လှေခါးထဲမှာ ခြင်တစ်ကောင်ကို တွေ့ရတာ ဘာမှ မဆန်းဘူး။ ဆန်းနေတာက ခြင်ရဲ့ မျက်နှာပဲ။ ခြင်ဟာ သူ့မျက်နှာသေးသေးလေးပေါ်မှာ မထီတရီအပြုံးကို ဆင်မြန်းထားခဲ့တယ်။ ပြီးတော့ မှန်ချပ်ကို မျက်နှာမလွှဲတမ်း စူးစူးစိုက်စိုက်ကြည့်နေခဲ့တယ်။ ခြင်ဟာ အနောက်ဖက်ကို လှည့်ကြည့်စရာမလိုပဲ မျက်တောင်တစ်ခတ်အတွင်းမှာ ကျွန်မကို တွေ့မြင်သွားခဲ့တယ်။ ကျွန်မ သူ့ကို စူးစူးစိုက်စိုက် လှမ်းကြည့်နေတယ် ဆိုတာကိုလည်း မှန်ချပ်တွေကနေတဆင့်  ခြင် သိသွားခဲ့တယ်။ ခြင်ဟာ နေရာမှာ ကျောက်ရုပ်တစ်ရုပ်လို ငြိမ်သက်နေရင်း ကျွန်မကို သူ့ရဲ့ ရန်သူလား မိတ်ဆွေလား ဆိုတာ အကဲခတ်နေပုံပဲ။ 

ကျွန်မကလည်း အခုလို အထပ်လေးဆယ်အမြင့်အထိ ရောက်လာတဲ့ ခြင်ကိုကြည့်ရင်း  ဖြစ်နိုင်ခြေတွေကို ခန့်မှန်း စဉ်းစားနေခဲ့တယ်။ ခြင်ဟာ ဒီလောက် အမြင့်ကို ရောက်လာဖို့ သူ့ရဲ့ အတောင်ပံတွေကို ညောင်းညာကိုက်ခဲသွားတဲ့အထိ အသုံးပြုပြီး ခဲရာခဲဆစ် တက်လာခဲ့ရတာလား။ ဒါမှမဟုတ် ဓါတ်လှေခါးရဲ့ အကူအညီနဲ့ အတောင်တွေကို အနားပေးလို့ သက်တောင့်သက်သာ - မပင်မပန်း - ရောက်လာခဲ့တာလား။ ကျွန်မ အတွေးမဆုံးခင်မှာ ခြင်ဟာ တဖက်နဲ့တဖက် ထိုးထွင်းမြင်နိုင်အောင် ပါးလွှာပြီး ကြည်လင်တဲ့ အတောင်တွေကို တစ်ချက်ခတ်ပြီး သူ့ခန္ဓာကိုယ် အနေအထားကို နည်းနည်းပြင်လိုက်တယ်။ အတောင်ညောင်းလို့ အတောင်တွေကို ဆန့်လိုက်တာမျိုးလား၊ ဒါမှမဟုတ် - ဖြစ်ချင်ရာဖြစ် - အင်အားချင်းမမျှတဲ့ ရန်သူကို ရင်ဆိုင်တော့မယ်လို့ အားတင်းရင်း လက်သီးကို ကျစ်ကျစ်ပါအောင် ဆုတ်လိုက်တာမျိုးလားဆိုတာ ကျွန်မ မသေချာဘူး။ စိတ်ထဲက အလိုလို သိနေတာတစ်ခုကတော့ ခြင်ဟာ ကျွန်မကို သူ့ရဲ့ ရန်သူလို့ပဲ သဘောထားတယ်ဆိုတာပဲ။ ဒါနဲ့နေပါဦး... ကျွန်မတို့ လူသားတွေကရော အရွယ်အစားအားဖြင့် အင်မတန်သေးငယ်တဲ့ ခြင်တွေကို ဘယ်လောက်တောင် ရန်မူခဲ့ / ရန်ပြုခဲ့ / အသက်နဲ့ ခန္ဓာ အိုးစားကွဲပြီး တစ်စစီ သေကြေပျက်စီးအောင် ဖျက်ဆီးခဲ့ကြပြီးပြီလဲ။ 

တွေးကြည့်လိုက်တော့ အဖြေက သိပ်ရှင်းနေတယ်။ ငှက်ဖျားပိုး၊ အဝါရောင် အဖျားပိုး၊ သွေးလွန်တုတ်ကွေးနဲ့ တခြားရောဂါပိုးတွေကို သယ်ဆောင်ဖြစ်ပွားစေတဲ့ ခြင်တွေ။ သူတို့ကို မြင်လိုက်ရင် လူတိုင်း (လိုလို) က အားကြိုးမာန်တက် ရိုက်နှက် နှိမ်နင်းလိုက်ဖို့ အဆင်သင့် ဖြစ်နေကြတာ မဟုတ်လား။ ကိုယ့်ကိုယ်ပေါ်မှာ လာနား / လာကိုက်ရင်တောင် အဲဒီခြင် မြန်မြန်ကိစ္စတုံးဖို့သာ အဓိကထားပြီး ကိုယ့်အသား ဘယ်လောက်နာသွားတယ်ဆိုတာ ဂရုမထားပဲ ခပ်ပြင်းပြင်းလေး (မညှာမတာ) ရိုက်ပစ်လိုက်ကြတာမျိုး မဟုတ်လား။ ခြင်တွေကို နှိမ်နင်းပုံ နှိမ်နင်းနည်းနဲ့ ကာကွယ်နည်းတွေကလည်း ပြောရရင် အမျိုးပေါင်း များစွာပါ။ ခြင်ဇကာ၊ ခြင်ထောင် က အစ... ခြင်ဆေးခွေ၊ ခြင်ဆေးရည်၊ ခြင်မကိုက်စေတဲ့ လိမ်းဆေး၊ လိမ်းဆေးပါတဲ့ ကပ်ခွာ၊ လက်ကောက်တွေ အလယ်... လျှပ်စစ်ဓါတ်အားသုံး ဘက်တံ၊ ယပ်တောင်၊ ထောင်ခြောက်တွေအဆုံး အမျိုးကို စုံလို့။ ဒီကြားထဲ ဒန်အိုးအဖုံးမှာ ဆီသုတ်ပြီး ခြင်တွေကို ကပ်စေပြီး အမိဖမ်းတဲ့နည်းတောင် ရှိသေးတယ်။ ဘုရားရေ... မှုန်တီမှုန်မွှား သေးကွေးလှတဲ့ သတ္တဝါတစ်ကောင်အတွက် အကာအကွယ်တွေနဲ့ အားထုတ်မှုတွေက များလှချည်လား။ ဒါတွေကြောင့်ပဲ ဓါတ်လှေခါးထဲက ခြင်ဟာ ကျွန်မကို ရန်သူတစ်ယောက်လို ကြည့်နေတာဖြစ်မယ်။ ကျွန်မရဲ့ စိတ်အတွေးကို ခြင် သိနေသလား မဆိုနိုင်ဘူး။ ခြင်ဟာ သူ့ခြေထောက် ခြောက်ချောင်းကို တစ်ချောင်းချင်း ဆန့်ထုတ်လိုက်တယ်။ ခေါင်းပေါ်က အင်တီနာ အတံနှစ်ခုကလည်း နည်းနည်း လှုပ်ရှားသွားတယ်။ ဒါ ကျွန်မရဲ့ အနံ့ကို သူ စူးစမ်းလိုက်တာပဲ။ ဖြစ်ချင်တော့ သစ်သီးနံ့သင်းမွှေးတဲ့ ရေမွှေးကို ကျွန်မ နည်းနည်းဆွတ်လာခဲ့မိတယ်။ 

ခြင်တွေဟာ တကယ်ပဲ အဲဒီလောက်တောင် ဆိုးရွားကြသလား။ သူတို့မှာ ကောင်းတဲ့အချက်ကလေး တစ်ချက်တလေတောင် မရှိတော့ကြဘူးလား။ ကျွန်မ ပြန်စဉ်းစားကြည့်တယ်။ ကျွန်မဖတ်ဖူးတဲ့ ဆောင်းပါးတစ်ပုဒ်မှာ ခြင်တွေရဲ့ အကြောင်း ကောင်းတာလေးတွေ ရွေးပြောထားတာ ပြန်သတိရတယ်။ လူတွေကို ကိုက်တတ်တာက ခြင် အမ တွေသာ ဖြစ်တယ်၊ ခြင်အထီးတွေဟာ မကိုက်တတ်ကြဘူးတဲ့။ ဒါဆိုရင် ဓါတ်လှေခါးထဲက မှန်ချပ်ပေါ်မှာ ခိုတွယ်နေတဲ့ ခြင်ကရော အထီးလား အမလား။ တကယ်လို့များ သူဟာ ခြင်အထီးဆို ကျွန်မကို ဒုက္ခပေးမယ့် ခြင်တစ်ကောင် မဟုတ်နိုင်ဘူးပေါ့။ ကိုယ့်ကို ရန်မူမှာမဟုတ်တဲ့ ခြင်တစ်ကောင်ကို ကျွန်မက - အသားလွတ် - ရိုက်ပုတ် နှိမ်နင်းမယ်ဆိုရင် တရားပါ့မလား။ ခက်ပုံခက်နည်းက ကျွန်မဟာ ခြင်တစ်ကောင်ရဲ့ ပြင်ပလက္ခဏာတွေကို ကြည့်ရုံနဲ့ အထီးလား အမလား မခွဲခြားတတ်တာပဲ။ လောကကြီးမှာ သင်ယူလို့ မဆုံးနိုင်တဲ့ သင်ခန်းစာတွေ အများကြီး ရှိနေသေးတယ် ဆိုတာ နားလည်လိုက်တယ်။ 

ခြင်အထီးတွေဟာ လူတွေကို ကိုက်တတ်တဲ့အထဲ မပါဘူး၊ လူတွေကို ဒုက္ခပေးတတ်ကြသူတွေမဟုတ်လို့ ခြင်တော် ခြင်ကောင်းတွေဆိုရင် ခြင်အမ တွေမှာရော တော်တာ ကောင်းတာလေးများ မရှိဘူးလား။ အဲဒီဆောင်းပါးမှာ ရေးထားတာကတော့ ခြင်အမတွေဟာ သူတို့ရဲ့ ကလေးတွေအတွက် လိုအပ်နေတဲ့ အစာအဟာရအတွက် လူတွေဆီက သွေးကို လာယူတာဖြစ်တယ်။ ဒါကို မိခင်မေတ္တာလို့ တွေးမြင်ယူဆလိုက်နိုင်ရင် အနည်းဆုံးတော့ သူတို့ကို ခွင့်လွှတ်နိုင်စိတ်ကလေး ပေါ်လာတန်ကောင်းပါရဲ့ တဲ့။ ကျွန်မ တခဏတော့ ငြိမ်တွေသွားမိတယ်။ ပြီးတော့ ကျွန်မရဲ့ သားလေးအတွက် သူကြိုက်နှစ်သက်တဲ့ စားသောက်ဖွယ်ရာတွေကို ပြင်ဆင် ချက်ပြုတ်ပြီး တယုတယ (စိတ်ရှည်လက်ရှည်) ခွံ့ကျွေးဖြစ်တဲ့ အချိန်တွေကို သတိရသွားတယ်။ ကျွန်မမျက်စိရှေ့ မှန်ချပ်ပေါ်မှာက ခြင်ကရော  ခြင်အမတစ်ကောင် (သားတွေ သမီးတွေအများကြီးနဲ့ ခြင် အမေတစ်ကောင်) များ ဖြစ်နေမလား။ သူ့ရဲ့ ရင်သွေးတွေ လိုအပ်တဲ့ အစာရေစာတွေ ဖြည့်ဆည်းပေးဖို့အတွက် ဒီလို အထပ်ပေါင်းများစွာ မြင့်မားခေါင်သီတဲ့ နေရာဒေသကို စွန့်စွန့်စားစား အစာရှာထွက်လာခဲ့သူလား။ သားသမီးတွေဆီ အပြန်လမ်းပျောက်နေလို့ နားမိနားရာ နေရာတစ်ခုမှာ နားနေခဲ့သူလား။

ခြင်ကို ကြည့်ရင်းနဲ့ ကျွန်မ ဝမ်းနည်းလာတယ်။ ခြင်ကတော့ ကျွန်မရဲ့အဖြစ်ကို သိဟန်မတူဘူး။ မှန်ထဲမှာ မြင်နေရတဲ့ ကျွန်မကများ သူ့ကို ရန်မူလာခဲ့ရင်ဆိုတဲ့ စိတ်အတွေးနဲ့၊ တစ်ခုခုဆို အချိန်ကိုက်လှုပ်ရှားနိုင်အောင် အဆင်သင့် ပြင်ထားတဲ့ အနေအထားမျိုးနဲ့ သေသေချာချာ စိုက်ငေးကြည့်နေဆဲပဲ။ အခုနက သူ့မျက်နှာ သေးသေးလေးပေါ်မှာ မြင်ခဲ့ရတဲ့ မထီတရီ - မခိုးမခန့် - အကြည့်တွေလည်း ပျောက်ဆုံးလို့။ စိုးရိမ်ထိတ်လန့်တဲ့ အရိပ်တွေသာ ကြီးစိုးနေခဲ့တယ်။

အဲဒီအချိန်မှာပဲ ဓါတ်လှေခါးတံခါးဟာ ရုတ်ချည်းပွင့်လာပြီး မှန်းခြေ အသက်ငါးနှစ်ကျော်ကျော် ခြောက်နှစ်၊ ဒါမှမဟုတ် ခုနှစ်နှစ်လောက်ရှိမယ်ထင်ရတဲ့ ကလေးနှစ်ယောက် ကျောပိုးအိတ်ကိုယ်စီနဲ့ ဝရုန်းသုန်းကား ပြေးဝင်လာခဲ့တယ်။ ဒီနေရာမှာ ကျွန်မဟာ ကလေးတွေရဲ့ အသက်ကို ခန့်မှန်းရာမှာ သိပ်ညံ့တယ်ဆိုတာ ဝန်ခံချင်သေးတယ်။ ပြောရရင် အဲဒီကလေးနှစ်ယောက်ဟာ ဓါတ်လှေခါးထဲရောက်ပြီး စက္ကန့်သုံးဆယ်လောက်အကြာမှာ ခြင်ကို တွေ့သွားတယ်။ ဟုတ်တယ် ခြင်ကလည်း တွေ့ချင်မြင်ချင် သတိထားမိချင်စရာပဲ။ မှန်ချပ်ကြည်ကြည်ပေါ်မှာ တစ်ကောင်တည်း ထင်ထင်ရှားရှား ရှိနေတာကိုး။ ခြင်ကို ကြည့်နေရင်းမှာ ကလေးနှစ်ယောက်ထဲက နည်းနည်းပိုပိန်တဲ့တစ်ယောက်က ခြင်ကို သူ့လက်ဝါး ပိန်ပိန်သေးသေးလေးနဲ့ လှမ်းရိုက်ဖို့ ကြိုးစားတာကို ရိပ်ကနဲ မြင်လိုက်ရတယ်။ အဲဒီလို မြင်လိုက်တယ်ဆိုရင်ပဲ ကျွန်မရဲ့ ညာဖက်လက်ကို သူတို့ထက် မြန်အောင် လှုပ်ရှားလိုက်တယ်။ ပြီးတော့ မျက်စိကို စုံမှိတ်ထားလိုက်မိတယ်။ တကယ်တော့ ကျွန်မ ဘာလုပ်လိုက်တယ်ဆိုတာ ကိုယ့်ကိုကိုယ် သတိမထားလိုက်မိဘူး။ သတိဝင်လာတဲ့အချိန်မှာ ကျွန်မ မျက်လုံးဖွင့် ကြည့်လိုက်တော့ ဓါတ်လှေခါး မှန်ပေါ်မှာ အခုနက ခြင် မရှိတော့ဘူး။ ကျောပိုးအိတ်ကိုယ်စီနဲ့ ကလေးငယ်နှစ်ယောက်ကတော့ ကျွန်မကို မျက်လုံးအကြောင်သားနဲ့ မော့ကြည့်နေကြတယ်။ ကျွန်မဟာ ဓါတ်လှေခါးထဲရောက်ပြီး အမှတ်မထင်မြင်တွေ့လိုက်ရတဲ့ ခြင်တစ်ကောင်ကိုကြည့်ရင်း အချိန်တော်တော်ကြာကြာ အတွေးနယ်ချဲ့နေမိတာကြောင့် ဓါတ်လှေခါးကို အောက်ဆင်းဖို့ ခလုပ်တွေ နှိပ်မထားမိဘူး။ ဒါပေမဲ့ ကလေးငယ်တွေရဲ့ ကောင်းမှုကြောင့် ဓါတ်လှေခါးဟာ အထပ်လေးဆယ်ကနေ အောက်ဆုံးမြေညီထပ်ကို ဒုတ်ဒုတ်ထိ ရောက်သွားခဲ့ပြီ။ တံခါးပွင့်လာတော့ ကလေးနှစ်ယောက်က ကျွန်မကို လှည့်ကြည့် လှည့်ကြည့်နဲ့ ထွက်သွားကြတယ်။ ကျွန်မကတော့ ရုတ်တရက် အပြင်ကို မထွက်နိုင်သေးဘူး။ ကြိုးစားပြီး ခပ်ဖွဖွဖြစ်အောင် ဆုတ်ထားတဲ့ ကျွန်မရဲ့ လက်သီးဆုတ်ကို အဓိပ္ပါယ်မဲ့ ပြန်ငုံ့ကြည့်နေခဲ့မိတယ်။ ပြီးတော့ နည်းနည်းလည်း တုန်လှုပ်နေခဲ့တယ်။ အဲဒီအချိန်မှာ ဓါတ်လှေခါးထဲကို လူတွေဝင်လာဖို့ ပြင်နေပြီ။ ကျွန်မ ဓါတ်လှေခါးထဲက ထွက်ခဲ့လိုက်တယ်။

ဓါတ်လှေခါးအပြင်ကိုရောက်တော့ လူသွားစင်္ကြန်အမိုးလေးအောက်ကို ခြေလှမ်းနည်းနည်း လျှောက်သွားလိုက်တယ်။ ပြီးတော့ ဘေးဘီဝဲယာကို ကြည့်လိုက်တယ်။ အနီးအနားမှာ ဘယ်သူမှ မရှိဘူးဆိုတာ သေချာပြီဆိုမှ အသက်ကို တဝရှူသွင်းရင်း ဆုပ်ထားတဲ့လက်ကို ဖြည်းဖြည်းခြင်း ဖြေလိုက်မလို့။ အဲဒီလို ဖြေနေတဲ့အချိန်မှာ မျက်စိကို မှိတ်ထားရမလား၊ ဖွင့်ကြည့်နေရမလားဆိုတာ ချီတုံချတုံဖြစ်နေသေးတယ်။ မျက်စိကို မှိတ်ထားရင်ကောင်းမယ်လို့ တွေးပြီး ဖျတ်ကနဲ မှိတ်လိုက်တဲ့အချိန်မှာ နီနီရဲရဲ သွေးအိုင်ထဲမှာ ခွေခွေလေး လဲနေတဲ့ ခြင်တစ်ကောင်ပေါ်လာတော့ ကြောက်လန့်တကြားနဲ့ မျက်စိကို ပြန်ဖွင့်လိုက်တယ်။ ခုနက ဆုတ်ထားတဲ့ လက်သီးကိုလည်း လန့်ပြီး ဖြည်လိုက်မိတယ်။ လက်ထဲမှာ.... 

လမ်းဆက်လျှောက်ရင်း စဉ်းစားလာတာ... ကျွန်မရဲ့လက်သီးထဲမှာ ခြင်ဟာ အစထဲက ပါမလာခဲ့တာလား။ ဒါမှမဟုတ် လက်သီးဆုတ်ကို ဖြည်လိုက်တဲ့အချိန်မှာ ပျော်ပျော်ပါးပါး ပျံထွက်သွားတာလား ဆိုတာပဲ။
သက်ဝေ
(၅ မေ ၂၀၁၆)


 - ၂၀၁၆ စက်တင်ဘာလ - Idea မဂ္ဂဇင်းတွင် ဖေါ်ပြပြီးဖြစ်သည်။