Thursday, July 21, 2016

လက်ကိုင်ဖုန်းထဲက မင်းသမီး

ကျွန်မ အိပ်ရာကနိုးလာတော့ အတော်နေမြင့်နေပြီ။ နေမြင့်ပြီသာ ပြောတာ နေလုံးဟာ ဘယ်နားရောက်လို့ ဘယ်လောက်အမြင့်ဆီ ရောက်နေတယ်ဆိုတာ ဘယ်သူကများ သေသေချာချာ သိမှာလဲ။ ဒီလိုပဲ ပြောရိုးပြောစဉ် စကားတစ်ခွန်းအနေနဲ့ နေမြင့်ပြီ နေမြင့်ပြီ ဆို ပြောနေကြတာ။ စဉ်းစားကြည့်ရင် အတော်တော့ ရယ်စရာ ကောင်းတယ်။ ထားပါလေ... အခု နေမြင့်ပြီ ဆိုပါစို့။ နေမြင့်တော့ တစ်နေ့တာ အလုပ်မစခင် မနက်စာ စားဖို့ လိုအပ်နေတယ်။ ဒါနဲ့ စားစရာ ဆိုင်တန်းတွေဖက်ကို လျှောက်လာခဲ့တယ်။ အဲဒီစားသောက်ဆိုင်တန်းမှာ ဆိုင်ခန်းပေါင်း ဆယ့်တစ်ခုရှိတယ်။ 

မနေ့ညက အလုပ်ကပြန်တော့ အတော်လေး မိုးချုပ်နေပြီ။ နာရီတော့ မကြည့်ဖြစ်ဘူး။ အလွယ်တကူ ကြည့်ရအောင်ကလည်း ကျွန်မ လက်ထဲမှာ နာရီမရှိဘူး။ နာရီဆိုတာ ကြည့်လည်း ဒီအချိန်ပဲ မကြည့်လဲ ဒီအချိန်ပဲ ဆိုတော့ နာရီကြည့်တဲ့အလုပ်ဟာ အပိုအလုပ်လို့ ခံယူထားတာကြာပြီ။ ဒါက စကားကြုံလို့ ပြောပြတာပါ။ ဒီလိုနဲ့ အိမ်အပြန်လမ်းမှာ မျက်စိရှေ့ တွေ့သမျှ ကားနံပါတ်က ဂဏန်းတွေကို လိုက်ပေါင်းတယ်။ အဲဒီအကျင့်က ကျောင်းအတူသွားဖေါ် ကျွန်မရဲ့ ငယ်သူငယ်ချင်းတစ်ယောက်ဆီက ရလာတာ။ ငယ်ငယ်က သူနဲ့အတူ ကျောင်းကို လမ်းလျှောက်သွားရင်း လမ်းပေါ်မှာ ဖြတ်သွားတဲ့ ကားတွေရဲ့ နံပါတ်တွေကို သူ့ထက်ငါ မြန်မြန်အဖြေရအောင် ပြိုင်ပေါင်းကြတယ်။ ပေါင်းတဲ့အခါမှာလည်း မြန်မြန်အဖြေထွက်အောင် ပေါင်းတတ်ဖို့ ပညာက လိုသေးတယ်။ အဲဒါကဘာလဲဆိုတော့ ကိုး တွေကို ဖယ်ထုတ်ပြီး ပေါင်းတဲ့ နည်းပဲ။ နံပါတ်မှာ ကိုး မပါရင်လည်း ရှိနေတဲ့ ဂဏန်းလုံးတွေထဲက ကိုး ဖြစ်နိုင်မယ့် ဂဏန်းတွေကို ရှာ၊ အဲဒါတွေကို ဖယ်ထုတ်ပြီး ကျန်တာတွေကို ပေါင်းတဲ့နည်း။ ဒီနေရာမှာ ကိုး ဆိုတဲ့ ဂဏန်းရဲ့ ဂုဏ်သတ္တိဟာ အင်မတန် ထူးဆန်းတယ်ဆိုတာလေးတော့ တဆိတ် မှတ်ထားကြစေချင်တယ်။ အဲဒီလို လမ်းသွားရင်း ကားနံပါတ်တွေ ပေါင်းတဲ့နည်းက ကလေးတွေကို စိတ်တွက် တွက်တတ်အောင် သင်ပေးတဲ့နေရာမှာ သိပ်အသုံးဝင်တယ် လို့ ကျွန်မသူငယ်ချင်းက ဆိုတယ်။ တကယ်လို့များ ရှင်တို့ အနီးအနားမှာ ကလေးတစ်ယောက်တလေ ရှိနေခဲ့ရင် ဒီနည်းကို စမ်းကြည့်ကြပါလို့ တိုက်တွန်းချင်တယ်။ 

အဲဒီလို ကားနံပါတ်တွေ ပေါင်းနေရင်း ညက တဖြည်းဖြည်း ပိုမှောင်မိုက်လာတယ်။ ညနက်တော့ လမ်းပေါ်မှာ ကား အသွားအလာ ကျဲသွားတာကနေ ကားတစီးတလေမှ မရှိတော့တဲ့အခါ လူက အလုပ်မရှိတော့သလို ဖြစ်သွားတယ်။ အဲဒီတော့ လမ်းဘေးက တိုက်တန်းလျားတွေရဲ့ ပြတင်းတံခါးတွေကို ရေတွက်တယ်။ ဖွင့်ထားတဲ့ ပြတင်းတံခါး ဘယ်နှစ်ခု၊ ပိတ်ထားတဲ့ ပြတင်းတံခါး ဘယ်နှစ်ခု သီးခြား မှတ်သားရေတွက်ရင်း ခဏကြာတော့ အကုန်ရောသွားတယ်။ ဒါနဲ့ မထူးဘူးဆိုပြီး ပိတ်ထားတဲ့ ပြတင်းတံခါးတွေနဲ့ ဖွင့်ထားတဲ့ ပြတင်းတံခါးတွေရဲ့ အရေအတွက်ကို ပေါင်းပစ်လိုက်တယ်။ တကယ်လည်း ထူးတော့ မထူးပါဘူး ပြတင်းတံခါးဟာ ပိတ်ထားထား ဖွင့်ထားထား ပြတင်းတံခါးတွေပဲ မဟုတ်လား။ ကိုယ့်အတွေးကို ကိုယ် သဘောကျရင်း ဟက် ဆို တချက် ရယ်လိုက်တယ်။ အဲဒီအချိန်မှာမီးရောင် လင်းလင်းနဲ့ ညလုံးပေါက်ဖွင့်တယ်လို့ ထင်ရတဲ့ စားသောက်ဆိုင်တန်းဟာ ကျွန်မရဲ့ မျက်စိရှေ့ကို ရွေ့လျားလာခဲ့တာပဲ။


ဒါနဲ့ ဆိုင်ခန်းတွေရဲ့ နာမည်ကို စာလုံးပေါင်း ဖတ်ရင်း တစ်ခန်း နှစ်ခန်း သုံးခန်း... ရေတွက်ကြည့်လိုက်မိတာပါ။ ဟော... ပြောရင်းဆိုရင်းမှာ ညကရေတွက်ခဲ့တဲ့ စားသောက်ဆိုင်တန်းတွေနားကို ရောက်လာခဲ့ပြီ။ ပြောခဲ့သလိုပဲ၊ အဲဒီစားသောက်ဆိုင်တန်းမှာ ဆိုင်ခန်းပေါင်း ဆယ့်တစ်ခုရှိတယ်။ ဒါပေမဲ့ အခု လောလောဆယ် (မနက်ပိုင်းမှာ) ဖွင့်နေတာက နှစ်ဆိုင်ထဲရယ်။ ကော်ဖီ လဖက်ရည် အအေး ရောင်းတဲ့ ဆိုင်ရယ်၊ ခေါက်ဆွဲကြော် ကြာဆံကြော်တွေကို ကြက်ဥကြော်၊ အသားပြားကြော်၊ ကြက်တောင်ပံကြော်တွေနဲ့ တွဲ ရောင်းတဲ့ ဆိုင်ရယ်... အဲဒီ နှစ်ဆိုင်ပဲ ဖွင့်ထားတယ်။ ခေါက်ဆွဲကြော်ဆိုင်မှာ တန်းစီနေကြတဲ့ လူတန်းရှည်ကြီးကို တချက် လှမ်းကြည့်လိုက်တယ်။ ပြီးတော့ သူတို့အားလုံးရဲ့ အနောက်မှာ ကျွန်မ ဝင်ရပ်လိုက်တယ်။ ရှေ့မှာ တန်းစီနေတဲ့လူ အားလုံးလိုလိုက လက်ကိုင်ဖုန်းတွေကို ငုံ့ကြည့်နေကြတယ်။ ဒါနဲ့ ကျွန်မလည်း ရောယောင်ပြီး အိတ်ထဲမှာ ပါလာတဲ့ လက်ကိုင်ဖုန်းကို ထုတ်လိုက်တယ်။

သူများနည်းတူ လက်ကိုင်ဖုန်းကိုသာ ထုတ်ယူလိုက်တာ၊ လက်ကိုင်ဖုန်းကိုသုံးပြီး ဘာလုပ်ရမယ်ဆိုတာ တကယ် မသိဘူး။ ပြောရရင် ကျွန်မအတွက် လက်ကိုင်ဖုန်းက အသုံးမတည့်တာ ကြာပြီ။ လက်ကိုင်ဖုန်းကနေ အချိန်မှန် (မပျက်မကွက်) ခေါ်ရ ပြောရမယ့်သူလည်း မရှိတာ ကြာပြီ ဆိုရင် ပိုမှန်မယ်။ အဲဒီကိစ္စကိုတော့ အကျယ်ချဲ့ပြီး မပြောချင်တော့ဘူး။ စိတ်သဘောထားချင်းမတိုက်ဆိုင်သောကြောင့် ဆိုတဲ့ စကားကို ရှင်တို့ ကြားဖူးကြမှာပေါ့။ အဲဒီစကားအတိုင်းပါပဲ။ သတင်းစာထဲမှာလည်း အဲဒီလိုပဲ ထည့်ရေးလိုက်ရတယ်။ တခြားလည်း ရှည်ရှည်ဝေးဝေး ရှင်းနေ ပြောနေစရာမှ မလိုတာ။ ပြီးတော့ ထုံးစံအရ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုတာကလည်း ထည့်ရေးလိုက်ရသေးတယ်။ လူတွေရဲ့သဘောကလည်း ခက်သားလား။ စုံစမ်းမေးမြန်းခြင်း သည်းခံပါ ဆိုကာမှ ပိုသိချင် မေးချင်မြန်းချင်ကြတာမျိုး။ ဒါပေမဲ့ အဲဒီကြော်ငြာ သတင်းစာထဲ ပါလာတဲ့နေ့က ကျွန်မ လက်ကိုင်ဖုန်းကို ပိတ်ပြီး မြစ်ကမ်းစပ်တစ်ခုမှာ သွားထိုင်နေခဲ့တယ်။ အဲဒီညနေက လေတွေကလည်း တိုက်လိုက်တာ လွန်ပါရော။ လည်ပင်းမှာ စီးလာတဲ့ လည်စည်းပုဝါတောင် လေထဲ လွင့်ပါပြီး ရေထဲ မျောသွားတဲ့ အထိပဲ။ ပုဝါ လွင့်သွားသွားချင်း ရေစပ်ကို ဆင်းပြီး ပြန်ကောက်ဖို့ ကျွန်မ မကြိုးစားခဲ့ဘူး၊ ရေထဲကို ဆင်းပြီးရင် ပြန်တက်လာချင်စိတ် ရှိ မရှိ ကျွန်မ မသေချာလို့။

ခဏနေတော့ ရှေ့မှာ တန်းစီနေတဲ့ လူတွေ နည်းနည်းရွေ့သွားတယ်။ ဒါနဲ့ သူတို့ရဲ့ လမ်းကြောင်းအတိုင်း အရှေ့ကို လိုက်ရွှေ့ရတယ်။ ပြီးတော့ လက်ထဲမှာကိုင်ထားတဲ့ လက်ကိုင်ဖုန်းရဲ့ အနက်ရောင်မျက်နှာပြင်ကို ငုံ့ကြည့်မိတယ်။ ဒီလိုနေလို့တော့ မဖြစ်သေးပါဘူး။ လူတန်းရှည်ကြီး နောက်တည့်တည့်မှာ ရပ်နေရာက ကိုယ်ကို ဘေးဖက်ကို နည်းနည်းထွက်ပြီး လက်ကိုင်ဖုန်းကို သူတို့ ဘယ်လို အသုံးချနေသလဲ အကဲခတ်ရတယ်။ တော်တော်များများက လက်ကိုင်ဖုန်းနဲ့ သူတို့ရဲ့ နားရွက်တွေကို ကြိုးတစ်ချောင်းနဲ့ သွယ်တန်းထားကြတယ်။ ကျွန်မမှာ အဲဒီကြိုး ပါမလာဘူး။ ပါမလာဘူးဆိုတာကလည်း အစတည်းက ရှိမနေလို့ပါ။ အမှန်အတိုင်းပြောရရင် ကျွန်မဆီမှာ ဘာကြိုးမှ မရှိပါဘူး။ တခါတခါတော့လည်း ကြိုးတစ်ချောင်းတလေ လိုချင်မိတယ်။ ပြီးတော့ ကျွန်မ စဉ်းစားတယ်။ တကယ်လို့များ ကျွန်မမှာ ကြိုး နှစ်ချောင်းရှိမယ်ဆို တစ်ချောင်းကို ပထမကြိုး နဲ့ နောက်တစ်ချောင်းကို ဒုတိယကြိုးလို့ အမည်ပေးဖို့ပါ။ ဒုတိယကြိုးဟာ ခိုးခိုးခစ်ခစ်ရယ်မောတတ်တဲ့ ပန်းနုရောင် ဂါဝန်ဝတ် သမီးလေးတစ်ယောက်ဖြစ်နိုင်သလို ပါဝါရိန်းဂျားဝတ်စုံနဲ့ ဒါးကိုင်ပြီး ဟန်ရေးပြင်နေတဲ့ သားကလေးတစ်ယောက်လည်း ဖြစ်နိုင်မယ် မဟုတ်လား။ ဒါပေမဲ့ ပထမကြိုးတစ်ချောင်းဟာ မထင်မှတ်ပဲ ပြတ်တောက်သွားခဲ့တယ်။ ဒီတော့ ကျွန်မအတွက် ဒုတိယကြိုးဆိုတာ လေထဲမှာဆောက်ခဲ့တဲ့ အိမ်ကလေးပါပဲ။ ဘယ်တော့မှ ရှိမလာနိုင်တော့မယ့် ဒုတိယကြိုးပါ။ အဲဒီလိုတွေ တွေးမိတဲ့အချိန်မျိုးမှာ ကျွန်မ (စိတ်ညစ်ညစ်နဲ့) ခေါက်ဆွဲကြော် စားလေ့ရှိတယ်။ ဝါဖန့်ဖန့် သို့မဟုတ် ညိုညစ်ညစ် ခေါက်ဆွဲမျှင်တွေဟာ ကြိုးတွေလို့ လှည့်စားလို့ အကောင်းဆုံးပစ္စည်း မဟုတ်လား။

ကျွန်မနဲ့ တစ်ယောက်ကျော်မှာ ရပ်နေတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်က အတော်လေး ကြီးတယ်။ ကြီးဆို ကျောင်းသုံးဗလာစာအုပ်တစ်အုပ်လောက်ကို ကြီးတာ။ ဒီတော့ သူ့ရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်ကို ကျွန်မ ကောင်းကောင်းမြင်လို့ရတယ်။ သူ ကြည့်နေတာ ရုပ်ရှင်လား၊ သီချင်းလား တစ်ခုခုပဲ။ အလှပြင်ထားတဲ့ အမျိုးသမီးတစ်ယောက်ရဲ့ မျက်နှာကို အကြီးကြီး မြင်ရတယ်။ အဲဒီမျက်နှာကို ကျွန်မ မြင်ဖူးတယ်။ ဒါပေမဲ့ နာမည်တော့ မမှတ်မိတော့ဘူး။ စိတ်သဘောထားခြင်း တိုက်ဆိုင်တဲ့ အချိန်တုန်းက တီဗီရှေ့မှာ ကျွန်မနဲ့ ကျွန်မရဲ့ ပထမကြိုးတို့ အတူတူ ထိုင်ဖူးခဲ့တယ်။ ပြီးတော့ တီဗီဖန်သားပြင်မှာ ပေါ်လာသမျှ အရုပ်တွေကို ကြည့်ရင်း နေ့နေ့ ညည (အကြောင်းမဲ့) ရယ်မောခဲ့ဖူးတယ်။ အဲဒီတုန်းက မြင်ဖူးခဲ့တဲ့ မျက်နှာတွေထဲက တစ်ခုပဲ။ လှတော့တော်တော်လှတဲ့ မျက်နှာ။ အဲဒီလက်ကိုင်ဖုန်းအကြီးစားကို လှမ်းအကဲခတ်ရင်း တန်းစီနေတဲ့ လူတန်းရဲ့ အရွေ့အတိုင်း ကျွန်မ လိုက်ရွှေ့ရသေးတယ်။

အခုဆိုရင် ကျွန်မရဲ့ အနောက်မှာ တန်းစီနေတဲ့သူတွေတောင် ရှိနေပြီ။ နောက်ကျော နည်းနည်း လုံသွားတာပေါ့လို့ တွေးရင်း အရှေ့က လက်ကိုင်ဖုန်းအကြီးစားကို ဆက်ပြီး အကဲခတ်ရတယ်။ အခုနက မင်းသမီးလား အဆိုတော်လား မသဲကွဲတဲ့ အမျိုးသမီးရဲ့ မျက်နှာလှလှကို နောက်တကြိမ် ထပ်တွေ့ရပြန်တယ်။ စိတ်ထဲမှာ နည်းနည်းတော့ စနိုးစနောင့်ဖြစ်နေတယ်။ ဘယ်သူ ဘယ်ဝါ ကွဲကွဲပြားပြား သိလိုစိတ်နဲ့အတူ လူက ရီဝေဝေ မူးရိပ်ရိပ်ဖြစ်လာတယ်။ ဟိုက်ပိုဂလိုက်ဆီးမီးယား ဆိုတဲ့ သွေးထဲမှာ အချိုဓါတ်နည်းနေတာမျိုး၊ အဲဒီလိုမျိုး ကျွန်မ မကြာခဏ ဖြစ်ဖူးတယ်။ အဲဒီအချိန်မှာ သကြားလုံးတစ်လုံးလောက် ဝါးစားလိုက်ရင် ကောင်းသွားတတ်တယ်။ ဖြစ်ချင်တော့ အိတ်ထဲမှာ သကြားလုံး တစ်လုံးမှ ရှိမနေဘူး။ နားထင်ကို လက်နဲ့ထောက်ထားရင်းမှာ ကျွန်မအရှေ့ ကပ်ရက်ကလူက ကျွတ် ဆို အသံပြုပြီး ထွက်သွားတယ်။ ကြည့်ရတာ စောင့်ရတာ ကြာလို့ စိတ်မရှည်ပုံမျိုး။ စောင့်ရတာ ကြာလို့ စိတ်မရှည်ရင် ရှင် ခေါက်ဆွဲ မစားရရုံပဲ ရှိမှာပေါ့ အတော်ညံ့တဲ့လူပဲ လို့ စိတ်ထဲက ပြောလိုက်တယ်။ သူ ဘယ်ကြားမလဲ။

အဲဒီလူထွက်သွားတော့ အခုနက လက်ကိုင်ဖုန်းအကြီးစားဟာ ကျွန်မနဲ့ လက်တကမ်းအကွာကို ရောက်လာတော့တာပေါ့။ အခန့်သင့်လိုက်လေ။ လူတန်းဟာ အရှေ့ကို နည်းနည်း ဆက်ရွေ့သွားတယ်။ နီးနေပါပြီ။ ခေါက်ဆွဲစားရဖို့ တနည်းအားဖြင့် ကြိုးမျှင်တွေ ပိုင်ဆိုင်ရဖို့ နီးလာနေပါပြီ။ နည်းနည်းတော့ စိတ်လှုပ်ရှားမိသားရှင့်။ စိတ်ထဲကသာ အတွေးပေါင်းစုံတွေးနေတာ မျက်လုံးကတော့ အရှေ့က အမျိုးသမီးရဲ့ လက်ကိုင်ဖုန်းမျက်နှာပြင်ကို မခွာမိဘူး။ ကြည့်နေရင်းမှာ အဲဒီမျက်နှာပြင်ဟာ တဖြည်းဖြည်း ကြီးလာတာ အိမ်ရှေ့ ဧည့်ခန်းက လက်မ လေးဆယ် တီဗီလောက်ကို ကြီးလာသလိုပဲ။ ဖန်သားပြင်ပေါ်က မိတ်ကပ်နှုတ်ခမ်းနီ ခြယ်သထားတဲ့ အမျိုးသမီးရဲ့ မျက်နှာလှလှဟာလည်း နီးလာလိုက် ဝေးသွားလိုက်၊ ကြီးလာလိုက် သေးသွားလိုက်၊ ပြုံးလာလိုက် မဲ့သွားလိုက်။ အတော်အတန် ရင်းနှီးနေတဲ့ မျက်နှာလိုပဲလို့ တွေးရင်း ကျွန်မလက်ထဲမှာ ခလုတ်မဖွင့်ရသေးတဲ့ လက်ကိုင်ဖုန်းကို ကျစ်ကျစ်ပါအောင် ဆုတ်ထားမိတယ်။ အဲဒီအချိန်မှာ ကျွန်မရဲ့ ခေါင်းထဲကို တစုံတရာ ဆောင့်တွန်းထည့်လိုက်တဲ့အသံ… ဒုန်း ကနဲ တချက် ကြားရတယ်။ စောစောက ချောင်ချောင်လည်လည်ဖြစ်နေတဲ့ ခေါင်းဟာ ပစ္စည်းတွေနဲ့ ရုတ်ချည်း ပြည့်သိပ်သွားသလို ခံစားရတယ်။ မနက်ခင်းရဲ့ လန်းဆန်းတဲ့ နေရောင်တွေနဲ့အတူ ဦးနှောက်တွေ နေသားတကျ ပြန်လည် နိုးထ ဖွံ့ဖြိုးလာတာ ထင်ရဲ့နော်။ တဆိတ်တော့ ဆန်းကြယ်သား။ ရှင်တို့လည်း တနေ့နေ့ တချိန်ချိန်မှာ အဲဒီလိုအဖြစ်မျိုး ကြုံဖူးကြမှာပါ။


တဆက်တည်းမှာပဲ ခေါင်းထဲကနေ မြင်ကွင်းတချို့ တဖျတ်ဖျတ်နဲ့ ခုန်ဆင်းလာကြတယ်။ မြို့လည်ခေါင်မှာရှိတဲ့ ပြဇာတ်ရုံအရှေ့က ရေပန်းနားမှာ ရုတ်တရက်တွေ့လိုက်ရတဲ့ ပူးပူးကပ်ကပ် ခန္ဓာကိုယ်နှစ်ခု၊ ကျွန်မတစ်ယောက်တည်းသာ မြင်နိုင်တဲ့ကြိုးမျှင်တွေက သူတို့ကိုယ်တွေကို ပူးချည်ထားသလိုပဲ။ ပြီးတော့ အရှေ့က လက်ကိုင်ဖုန်းထဲက မင်းသမီးရဲ့ မျက်နှာ၊ စိတ်သဘောထားချင်း မတိုက်ဆိုင်ပါသဖြင့် ဆိုတဲ့ သတင်းစာကြော်ငြာ၊ ရေစီးထဲမှာ လွင့်ကျ မျောပါသွားတဲ့ ပုဝါစ။ လူတန်းရှည်ဟာ နောက်တကြိမ် ရွေ့လျားသွားပြန်တယ်။ ခေါက်ဆွဲဆိုင်နားကို ရောက်ခါနီးနေပြီ။ ကျွန်မအရှေ့မှာ တန်းစီနေတဲ့သူ သုံးယောက်ပဲ ရှိတော့တယ်။ ခေါက်ဆွဲဝယ်ပြီးရင် ခေါက်ဆွဲဗန်းကို သယ်စရာ လက်နှစ်ဖက်စလုံး အားသွားအောင် ခုနက ဆုတ်ထားတဲ့ လက်ကိုင်ဖုန်းကို အိတ်ထဲ ပြန်ထည့်လိုက်တယ်။

ကျွန်မ နည်းနည်း ပိုမူးလာတယ်လို့ ထင်တယ်။ သကြားလုံး မရှိတာ ခက်တယ်။ မူးနေရက်က စဉ်းစားမိတာကတော့ ကြိုးတွေနဲ့တူတဲ့ ခေါက်ဆွဲကို ကျွန်မ တကယ် စားချင်သေးရဲ့လား ဆိုတာပဲ။ ကျွန်မအရှေ့က မိန်းမက သူ့လက်ကိုင်ဖုန်း ဖန်သားပြင်ကို သည်းသည်းမည်းမည်း ကြည့်နေဆဲ။ မင်းသမီး... မင်းသမီး... ပြဇာတ်ရုံရှေ့က မင်းသမီး...။ ဗြုန်းဆို ကျွန်မ အဲဒီမိန်းမရှေ့မှာ သွားရပ်ပြီး သူ့ကြည့်နေတဲ့ လက်ကိုင်ဖုန်းကို လူယူလိုက်တယ်။ ထင်မထားဘူး၊ အကြီးစားလက်ကိုင်ဖုန်းဟာ ကျွန်မလက်ထဲကို အဲဒီလောက် လွယ်လင့်တကူ ပါလာလိမ့်မယ်လို့ ကျွန်မ တကယ်ပဲ ထင်မထားဘူး။ ပြီးတော့ ခေါက်ဆွဲဆိုင်ဖက်ကို လျှောက်သွားပြီး အဲဒီလက်ကိုင်ဖုန်းကို ပွက်ပွက်ဆူနေတဲ့ ဟင်းချိုအိုးထဲကို ခပ်ဖြည်းဖြည်း ထည့်ချလိုက်တယ်။ လှလှလေး ပြုံးနေတဲ့ မင်းသမီးရဲ့ မျက်နှာ ဟင်းချိုပူပူထဲ တအိအိနဲ့ နစ်ဝင်သွားတာကို ကြည့်ရင်း တချက်ပြုံးပြီး ခေါက်ဆွဲဆိုင်ကို ကျောခိုင်းလိုက်တယ်။ အနောက်မှာ ဘာတွေဖြစ် ကျန်ခဲ့တယ်ဆိုတာ ကျွန်မ မသိချင်တော့ဘူး။ မသဲမကွဲ အော်ဟစ်သံ တချို့နဲ့ တဖျတ်ဖျတ်မြည်နေတဲ့ ဖိနပ်သံတချို့ကိုတော့ ကျွန်မ ကြားလိုက်ရတယ်။ ဒါပေမဲ့ လှည့်မကြည့်ဖြစ်တော့ဘူး။ မျက်စိရှေ့က ဖြတ်သွားတဲ့ ကားတစင်းရဲ့နံပါတ်ပြားထဲက ကိုး ဖြစ်စေမယ့် ဂဏန်းတွေကို စိတ်ထဲကနေ ရွေးချယ် ဖယ်ထုတ်နေလိုက်တယ်။

သက်ဝေ
(၂၉ ဧပြီ ၂၀၁၆)

နှင်းဆီဖြူ အတွဲ ၂ အမှတ် ၁၀ ၊ ဇူလိုင် ၂၀၁၆ တွင် ဖေါ်ပြပြီး ဖြစ်သည်။


Friday, July 15, 2016

ကို ကို နဲ့ ကျွ န် မ ရဲ့ ညေ န

ဒီစာကို ကိုကိုဖတ်ရတဲ့အချိန်ဟာ အနည်းငယ် အေးစက်စက်နိုင်ပြီး နေရောင် စောစော ပျောက်သွားတတ်တဲ့ ဆောင်းညနေခင်း မှောင်ရီပျိုးစအချိန်လေး ဖြစ်ကောင်းဖြစ်နိုင်သလို ကိုကို့အိမ် ဧည့်ခန်းထဲက မဟော်ဂနီရောင် တိုင်ကပ်နာရီကြီးဆီက မနက်ဆယ်နာရီ အတွက် သံစုံတီးလုံးမြည်နေချိန်လည်း ဖြစ်နိုင်ပါတယ်။ အဲဒီအချိန်မှာ ကျွန်မက မှန်ရှေ့မှာထိုင်ရင်း ကိုကိုချစ်တဲ့ ညိုဖျော့ဖျော့ဆံပင်ရှည်တွေကို ရှင်းလင်း ဖြီးသင်ပြီးစအချိန် ဖြစ်နေနိုင်သလို တဆစ်ဆစ် ကိုက်ခဲ နာကျင်နေတဲ့ ခေါင်းကိုက်ဝေဒနာကနေ သက်သာလို သက်သာငြား ရေနွေးပူပူရောထားတဲ့ ပျားရည်ထဲကို အဝါရောင်သံပုရာတစ်လုံး ညှစ်ထည့်နေတဲ့ အချိန်လည်း ဖြစ်ချင် ဖြစ်နေနိုင်တာပေါ့။ မနက်စောစော ကော်ဖီချိန် ကိုကို ဖတ်လက်စ စာတစ်အုပ်ရဲ့ စာမျက်နှာတွေမှာ ကျွန်မကို သတိရစရာ စာကြောင်းရေ အနည်းငယ် သို့မဟုတ် တစွန်းတစ ပါဝင်နိုင်ဖို့ သိပ်မသေချာလှပေမဲ့ ကျွန်မ စာအုပ်စင်ထဲက စာအုပ်အတော်များများရဲ့ စာမျက်နှာတိုင်းမှာတော့ ကိုကို ရှိနေခဲ့ပါတယ်။ ကိုကို့အိပ်ယာဘေးက စားပွဲတင်နာရီဟာ တစ်တောက် တစ်တောက်နဲ့ ကုန်လွန်သွားတဲ့ အချိန်တွေအကြောင်း ပြောပြနေခဲ့ပေမဲ့ ကျွန်မ ခေါင်းအုံးဘေးက လက်ကိုင်ဖုန်းကလေးကတော့ ခေါ်သူ မရှိ၊ အေးစက် တိတ်ဆိတ်စွာနဲ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျနေဆဲပါ။

အိပ်ခန်းထောင့်က စားပွဲအပုလေးပေါ်မှာ တင်ထားတဲ့ ဖယောင်းတိုင်တစ်ချောင်း တငွေ့ငွေ့နဲ့ ညင်ညင်သာသာ လောင်မြိုက်ပြီး အရည်ပျော်ကျနေချိန်မှာ ထွက်လာတဲ့ ဖယောင်းအညှော်နံ့နဲ့ လာဗင်းဒါးပန်းနံ့ ရောနေတဲ့ အနံ့ဆန်းဟာ ကိုကိုနဲ့ကျွန်မရဲ့ တစ်ခုတည်းသော ညနေခင်းဆီကို မသိမသာရော သိသိသာသာပါ ခေါ်ဆောင်သွားခဲ့တယ်။ အဲဒီညနေတုန်းကလည်း အခုလိုပဲ အဖြူရောင် ဖယောင်းတိုင်တွေ တစ်တိုင်ပြီးတစ်တိုင် လောင်ကျွမ်းပြီး အရည်ပျော်သွားခဲ့တာ ကိုကို မှတ်မိတယ် မဟုတ်လား။ ကိုကို ထပ်ထပ် ဖြည့်ပေးခဲ့တဲ့ ဝိုင်အနီတွေကတော့ ကိုကို့ ဆေးလိပ်မီးခိုးငွေ့တွေကြားထဲမှာ တစ်ခွက်ပြီးတစ်ခွက် ဝေဝါးကုန်ကြတယ်လေ။ အဲဒီဝိုင်အနီတွေ ဖြည့်ထားတဲ့ ရှည်မျောမျော ဝိုင်ခွက်နှစ်ခွက် နှုတ်ခမ်းချင်း တေ့ခတ်ပြီး နှုတ်ဆက် ဖြစ်ခဲ့လား၊ နှုတ်မဆက်ဖြစ်ခဲ့ဘူးလားဆိုတာ သေသေချာချာ မမှတ်မိတော့ပေမဲ့ ကိုကို ကျွန်မကိုတွေ့တွေ့ချင်း နှုတ်ဆက်ခဲ့ပုံလေးကတော့ ဘယ်တော့မှ မေ့ပျောက်နိုင်မှာ မဟုတ်၊ တသက်စာ အမှတ်တရပါ ကိုကို။ ရီဝေ ရှတ ဝိုင်အရသာနဲ့အတူ ကြည်သာချိုမြ အပြုံးတွေနဲ ပြည့်နှက်နေခဲ့တဲ့ အဲဒီညနေခင်းဟာ ရင်ခုန် ယစ်မူးစရာ… ဘယ်တော့မှ မမေ့နိုင်စရာ။ အဲဒီညနေကို “ကိုကိုနဲ့ ကျွန်မရဲ့ ညနေ” လို့ အမည်တပ်ပြီး စာတစ်ပုဒ် ရေးမယ် ဆိုတဲ့အကြောင်း ကိုကို့ကို ကျွန်မ ပြောဖြစ်ခဲ့ရဲ့လား။

ခေတ်မီဆက်သွယ်ရေးနည်းပညာတွေကြောင့် စာလုံးတွေ စကားသံတွေနဲ့ အများကြီး ရင်းနှီးခဲ့ဖူးပေမဲ့ အတူတူ မျက်နှာချင်းဆိုင် တွေ့ရတဲ့အခါမှာတော့ ပြောစရာစကားတွေဟာ ဟိုးကောင်းကင်ပြာပြာကြီးပေါ်မှာ လွင့်မျော ရွေ့လျားနေတဲ့ တိမ်လိပ်ဖြူဖြူတွေလိုပဲ ဖမ်းဆုပ်ရ ခက်ခဲနေပြန်တယ်။ ထိုင်နေရာကနေ လှမ်းမြင်နေရတဲ့ ဘာမှ မထူးဆန်းတဲ့ မြင်ကွင်းကို ကြံရွယ်ရာမဲ့ ငေးမောရင်း အဲဒီညနေခင်းမှာ အချိန်တွေဟာ ကုန်မှန်းမသိ ကုန်သွားခဲ့တာ။ အလင်းရောင် နည်းပါးသွားတဲ့ ညနေခင်းတွေတိုင်းကို အိမ်ပြန်ချိန်ရယ်လို့ ဘယ်သူကများ သတ်မှတ်ထားခဲ့တာပါလိမ့်။ တွေးနေရင်းမှာပဲ လမ်းမီးတိုင်တွေအားလုံး တပြိုင်နက်ထဲ လင်းလာကြတယ်။ အဲဒီတော့ ကျွန်မတို့ အိမ်ပြန်ကြရတယ်။ ပြန်ခါနီးနှုတ်ဆက်ကြတဲ့ အချိန်လေးမှာတော့ ဘယ်သူမှ မျက်ရည်မဝဲခဲ့တာ သေချာပါတယ်။ ဘာပဲဖြစ်ဖြစ် ရတောင့်ရခဲ ရှားပါးတဲ့ တွေ့ဆုံခွင့်လေးကို ဘုရားပေးတဲ့ ဆုလာဘ်တစ်ခုလို မက်မော တန်ဖိုးထားရင်း တစ်ယောက်ကို တစ်ယောက် ကျေနပ်ကြရပေမပေါ့။ ပတ်ဝန်းကျင်က လူတွေ အများကြီးရှေ့မှာ ကိုကို့လက်ကို တင်းတင်းဆုတ်ကိုင်ထားရင်း တစ်ခုခု ပြောချင် မှာချင်ပေမဲ့ ကိုယ်တိုင် ဘာပြောချင်မှန်း၊ ဘာမှာချင်မှန်းတွေးလို့ မရခဲ့ဘူး။ အဲဒီ့အခိုက်အတံ့လေးကို ခက်ခက်ခဲခဲ လွန်မြောက်အပြီးမှာတော့ ကိုကို့လက်မောင်းကို လက်သီးနဲ့ မနာအောင် ဖွဖွထိုးရင်း နေကောင်းအောင်နေကွ လို့ အပြုံးမပျက် အရယ်စွက်လို့ ပြောဖြစ်ခဲ့တာ ကိုကို မှတ်မိမယ် ထင်ပါရဲ့။ ဒါဟာ အဓိကအရေးအကြီးဆုံး မှာတမ်းပဲ… နေကောင်းနေမှ ကျန်းမာနေမှသာ ကျွန်မတို့ လျှောက်ချင်တဲ့လမ်းတွေ ဆက်လျှောက်နိုင်မှာ မဟုတ်လား။

ကိုကို့ကို သတိရလို့ အမှတ်တရစိုက်ထားခဲ့ဖူးတဲ့ စပယ်ပန်းပင်လေးမှာ အဖူးတွေ ဝေနေပြီဆိုတဲ့အကြောင်း၊ အပြန်လမ်းမှာ ဒီနေ့အတွက် အမှတ်တရအဖြစ် နှင်းဆီအနီလေး တစ်အိုး ဝယ်ဖြစ်လိမ့်မယ် ဆိုတဲ့အကြောင်း၊ တိမ်ကင်းစင်တဲ့ညတွေမှာ နက်ပြာရောင်ကောင်းကင်ပေါ်က ကြယ်ပွင့်လေးကို တွေ့တိုင်း ကိုကို့ကို လွမ်းဆွတ် သတိရနေမှာ ဖြစ်တဲ့အကြောင်း၊ အမှတ်တရ လက်ဆောင်အဖြစ် ကိုကိုယူလာပေးခဲ့တဲ့ စာအုပ်ကလေးသုံးအုပ်အတွက် ကျေးဇူးတင်တဲ့ အကြောင်း… အဲဒီလို ရောက်တတ်ရာရာတွေ ပြောရင်း လမ်းခွဲခဲ့ကြတဲ့နောက် ကျွန်မရဲ့ အပြန်လမ်းတလျောက်လုံး စပါယ်ပန်းနံ့တွေ လှိုင်လှိုင်ဝေနေခဲ့တယ် ကိုကို။ အိမ်ပြန်ရောက်တော့ အမှတ်မထင် လှမ်းဖွင့်လိုက်မိတဲ့ ရေဒီယိုလိုင်းတစ်ခုမှာ လာနေတဲ့ သီချင်းက ကိုကိုတခါက ခပ်တိုးတိုး ညည်းပြခဲ့ဖူးတဲ့၊ အဆိုတော် ဟဲလေး ဆိုထားတဲ့ သီချင်းတစ်ပုဒ်… သီချင်းနာမည်က ခိုနားရာ တဲ့။

… အို အချစ်လေးရာ နင်နဲ့ငါ မိုင်တွေအများကြီး ဝေးတဲ့အခါ
ရင်ထဲမှာ ဥာဏ်ထဲမှာ အချိန်မှန်သတိရနေပါ…
ကိုယ့်အနားကို လာဖို့ရာ ဘယ်အချိန်အတိအကျ မသိလို့ပါ…
ခိုနားရာ ဟိုအဝေးက စိတ်ချင်း ဆက်ပေးပါ… …

ချစ်စရာ သီချင်းလေးကို စိတ်ထဲကနေ ခပ်တိုးတိုး လိုက်ဆိုနေရင်း ခုလောက်ဆို ကိုကို ကျွန်မကိုလွမ်းနေရောပေါ့ လို့ တွေးမိတယ်။ ညက မှောင်မိုက်ပြီး တိတ်ဆိတ်နေတယ် ကိုကို။ ပြတင်းပေါက်ကနေ မော့ကြည့်တော့ ပိန်းပိတ်အောင် မှောင်နေတဲ့ ကောင်းကင်ကြီးက ကျွန်မကို ကြင်နာဟန် အပြည့်နဲ့ ငုံ့ကြည့်နေခဲ့တယ်။ ကြယ်ပွင့်လေး တစ်ပွင့်တစ်လေများ တွေ့လိမ့်နိုးနဲ့ လိုက်ရှာကြည့်ပေမဲ့ အဲ့ဒီညက ကြယ်လေးတွေ မရှိကြဘူး။ ကိုကို့ရဲ့ လှပတဲ့ ချစ်ခြင်းမေတ္တာထဲမှာ ကျွန်မ အကြိမ်ကြိမ် ကြွေကျခဲ့ဖူးသလို ကြယ်ကလေးတွေလည်း သူတို့ ချစ်တဲ့သူတွေနား ကြွေကျကုန်ကြပြီထင်ပါရဲ့။

* * * * * *

ဒီစာကိုရေးပြီး ရက်ပေါင်းများစွာ ကျွန်မ ဆက်မရေးနိုင်ပဲ တပိုင်းတစနဲ့ ရပ်ထားမိတယ်။ မနက်ကတော့ ကိုကို့ကို သတိရလွမ်းဆွတ်တဲ့စိတ်တွေနဲ့အတူ ရေးလက်စ စာကလေးကို ပြန်ဖတ်ဖြစ်တယ်။ မျှော်လင့်မထားတဲ့ ကြည်နူးဆွတ်ပျံ့မှုတချို့ကို ရလိုက်တဲ့အချိန်မှာ ကျွန်မ စာကို စိတ်လိုလက်ရ ဆက်ရေးနေမိတယ်။

ကိုကို့ကို ပြောပြရအုံးမယ်။ မမျှော်လင့်ပဲ ကျွန်မ အရင်တပတ်က ခရီးတိုလေးတစ်ခု သွားဖြစ်ခဲ့တယ်။ အဲဒီခရီးက အပြန်မှာ ကိုကို့အတွက် အမှတ်တရ လက်ဆောင် ပါလာခဲ့တယ်။ အဲဒါကတော့ ပုံသဏ္ဍာန်ရော အရွယ်အစားပါ တထပ်တည်း တူညီတဲ့ ကြည့်မှန်ကလေး နှစ်ချပ်ပါ။ အဲဒီ မှန်ကလေးတွေ ရောင်းတဲ့ဆိုင်မှာပြထားတဲ့ အကြီး အသေး၊ အ၀ိုင်း လေးထောင့်၊ ဘဲဥပုံ အစရှိတဲ့ မှန်ချပ်လေးတွေဟာ ထောင်ထားလို့ရတဲ့ ထောက် အမျိုးမျိုး၊ လက်ကိုင်ဒီဇိုင်း အမျိုးမျိုး၊ အရောင်စုံ ပုံသဏ္ဍာန်စုံ ဘောင်ကလေးတွေနဲ့ တချို့ဆို ကနုတ်ပန်းနွယ်လေးတွေ စီခြယ်လို့ အင်မတန်ကို ချစ်စရာကောင်းလှတယ်။ ကနုတ်ပန်းနွယ်ဆိုလို့ ကိုကို့ရဲ့ တချိန်က နွယ့်ကို တခါတလေ သတိရနေတုန်းပဲလားလို့ စိတ်ထဲကနေ ရန်လှမ်းတွေ့မိသေးတယ်။ ကျွန်မ အတော်လေး မိန်းမဆန်လာပြီနော် ကိုကို။ ကိုယ့်အတွေးနဲ့ကိုယ် သဘောကျလို့ ပြုံးရသေးတယ်။

အဲဒီဆိုင်မှာ မှန်ကလေးတစ်ခုချင်းစီကို ကျွန်မ အသေအချာ ကြည့်ပြီး အင်မတန် ကြည်လင်တဲ့၊ မှန်အ၀ိုင်းလေး နှစ်ချပ်ကို ရွေးချယ် ဝယ်ယူဖြစ်ခဲ့တယ်။ ကိုကိုနဲ့ ကျွန်မ နောက်တကြိမ် တွေ့ဖြစ်တဲ့အခါကျရင် အဲဒီ မှန်ကလေးကို အမှတ်တရ ပေးပါ့မယ်။ ကြည့်မှန်ချပ်တွေတိုင်းမှာ ပြင်းထန်တဲ့ အစွမ်းသတ္တိတွေကိုယ်စီ ရှိကြတယ် ကိုကို။ ပြီးတော့ သူတို့တွေကို မှန်မှန်ကန်ကန် နေရာချထားတတ်ဖို့လည်း လိုအပ်တယ်။ အဲဒီလို ထားတဲ့နေရာပေါ် မူတည်လို့ တန်ပြန်တတ်တဲ့ စွမ်းအားမျိုးတွေလည်း ရှိနေသေးတယ်။ အဲဒီ မှန်ချပ်လေးကို ကိုကို့ စာကြည့်စားပွဲပေါ်က ကျွန်မရဲ့ ဓါတ်ပုံဘေးမှာ ထောင်ထားလိုက်နော် ကိုကို။ ပြီးတော့ အဲဒီမှန်ကလေးကို နေ့စဉ် မပျက်မကွက် ကြည့်ရမယ်နော်။ ကိုကိုသိလား… လူတစ်ယောက်ဟာ အနည်းဆုံး တစ်နေ့ကို တစ်ကြိမ်တော့ မှန်ကြည့်ဖို့ လိုအပ်တယ်။ ကိုကို့စိတ်အတွေး ခံစားချက်၊ အကောင်း အဆိုးနဲ့ အနိမ့်အမြင့် အတက်အကျ၊ စိတ်အလိုကျခြင်း မကျခြင်း၊ စိတ်တိုခြင်း စိတ်ကြည်လင်ခြင်း စတာတွေကို အဲ့ဒီကြည့်မှန်ကလေးမှာ ပေါ်လာမဲ့ ကိုကို့မျက်နှာက အရှိကို အရှိအတိုင်း မကွယ်မဝှက်တမ်း ဖေါ်ပြပါလိမ့်မယ်။ နောက်ပြီး ကိုကို့အနားမှာ ကျွန်မ ရှိမနေနိုင်တဲ့အချိန်၊ ကိုကို ကျွန်မကို သတိရတဲ့အချိန်၊ အိပ်ရာက နိုးနိုးချင်း ဒါမှမဟုတ် ည အိပ်ရာဝင်ခါနီး... အဲဒီလို အချိန်မျိုးတွေမှာ မှန်ကလေးကို ကြည့်ဖြစ်အောင် ကြည့်ပါ။ ပြီးရင် ကျွန်မအကြောင်းကို နည်းနည်းလေးဖြစ်ဖြစ် တွေးပါ။ အနည်းဆုံးတော့ စိတ်ကြည်နူးချမ်းမြေ့မှု တစုံတရာကို ကိုကို ရနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ကိုကို… ကျွန်မနဲ့ဝေးနေတဲ့အချိန်တွေမှာ သီချင်းနားထောင်ပါ။ စာဖတ်ပါ။ ရုပ်ရှင်ကြည့်ပါ။ လေချွန်ပါ။ ၀ိုင်အနီ သောက်ပါ။ သဘာဝကို ငေးမောပါ။ ဝမ်းသာပျော်ရွှင်စရာတွေကို ချစ်သူ ခင်သူတွေနဲ့ မျှဝေခံစားပါ။ စိတ်ထိခိုက် နာကျင်စရာတွေကို တွေ့ခဲ့ရင်တော့ စာရွက်လွတ်တစ်ရွက်ပေါ်မှာ တန်းစီပြီး ချရေးလိုက်ပါ။ ပြီးတော့ အဲဒီစာရွက်ကို မီးနဲ့ရှို့ပစ်လိုက်ပါ။ ကျွန်မကို သတိရလာတဲ့အချိန်မျိုးမှာ ဟိုးအဝေးကြီးမှာ မှုန်ပြပြ မြင်နေရတဲ့ တောင်တန်းတွေကို လှမ်းကြည့်ပါ၊ တဖက်တချက်မှာ သစ်ပင်စိမ်းစိမ်းတွေနဲ့ ကာရံထားတဲ့ လမ်းကွေးလေးမှာ လမ်းလျှောက်ပါ။ နေသာတဲ့နေ့တွေမှာ ကောင်းကင်ပေါ်မှာ ရွေ့လျားနေတဲ့ တိမ်လိပ်တွေကို လှမ်းကြည့်ပါ။ သူတို့က ကိုကို့ကို ကျွန်မအနား ရောက်လာအောင် တနည်းနည်းနဲ့ လမ်းပြခေါ်ငင်သွားပါလိမ့်မယ်။ ဒီကြားထဲမှာတော့ ကျွန်မတို့ တစ်ယောက်ကို တစ်ယောက် သတိရ လွမ်းဆွတ်ရင်း၊ အိပ်မက်တွေမက်ရင်း၊ ဘယ်တုန်းကမှ ပုံမှန်မဟုတ်ခဲ့တာတွေကို ပုံမှန်ဖြစ်အောင် ကြိုးစားနေထိုင်ရင်း၊ သိပ်များများစားစား မကျန်တော့တဲ့ ဘဝရဲ့ ကန့်သတ်ရက်စွဲတွေထဲမှာ နောက်ထပ်တစ်ကြိမ်တွေ့ခွင့်ရဖို့ မျှော်လင့် စောင့်ဆိုင်းရင်း အရင်လိုပဲ လမ်းဆက်လျှောက်ကြတာပေါ့ နော် ကိုကို။

သက်ဝေ
(၈ မေ ၂၀၁၅)

~ ၂၀၁၆ ဇူလိုင်လထုတ် Look Magazine တွင် ဖေါ်ပြပြီးဖြစ်သည်။