Tuesday, January 29, 2008

အထီးကျန်ခြင်း


အထီးကျန်ခြင်းတဲ့. . . ။
တစ်ချို့  တစ်ချို့ သောသူတွေဆီက မကြာခဏဆိုသလို ကြားဘူးခဲ့တယ်။
ကိုယ်တိုင်ကတော့ အဲဒီစကားကို တော်တော်နဲ့  နားမလည်ခဲ့ဘူး။
ဒီတော့ တွေးတောတာ အလွန်ဝါသနာပါတဲ့ သက်ဝေတစ်ယောက် မီးခိုးမဆုံး မိုးမဆုံး တွေးတော့တာပါဘဲ။

အထီးကျန်တယ်ဆိုတာ ဘာကိုခေါ်တာလဲ . . .
ဘယ်လိုအချိန်မျိုးကို အထီးကျန်ချိန်လို့ ခေါ်တာလဲ . . .
ဘာကြောင့် အထီးကျန်ကြတာလဲ . . . ( ဒါများ . . . “အမ ပြန်သွားလို့ ပေါ့” လို့ ရီစရာတောင် လုပ်တတ် ကြသေး တယ်မဟုတ်လား ) အထီးကျန်ရင် ဘယ်လိုနေသလဲ . . .
စသည်ဖြင့် လဲ ပေါင်းများစွာ နဲ့ မေးခွန်းတွေ အများကြီး ပေါ်လာတော့ တာပါဘဲ။

ပြောကြတယ်။
အထီးကျန်တယ်ဆိုတာ ဝေဒနာ တစ်ခုလိုဘဲ တဲ့။
ဒီတော့ အထီးကျန်တယ်ဆိုတာ တကယ်ဘဲ ဝေဒနာ တစ်ခုလိုဘဲလား လို့  နားလည်တဲ့သူတစ်ယောက်ကို တိုးတိုးတိတ်တိတ် မေးကြည့်ခဲ့ဘူးတယ်။ ဒီတော့ အဲဒီ ပညာရှိက ဟုတ်တယ် လို့  (ဒ်ီလောက်လေးတောင် မသိရကောင်းလား ဆိုတဲ့ ပုံစံမျိုးနဲ့ ) ခပ်တိုတို အဖြေပေးပါတယ်။ အင်း . . . ဒါဆိုရင်တော့ အဲဒီ အထီးကျန်တယ် ဆိုတဲ့ ဟာကြီးက သိပ်ပေါ့ပေါ့ဆဆ တော့ဖြင့် မဟုတ်တန်ရာ . . .။
ရှေ့ ဆက်ပြီးတွေးရအောင်ကလည်း ဥာဏ်ကမမှီ။ မှီသလောက်နဲ့ ဘဲ ရှေ့ ဆက်လို့  ကို့ ယို့ကားယား တွေးနေမိတယ်။

အထီးကျန်တယ်ဆိုတာ ဝေဒနာတစ်ခု လိုဘဲဆိုရင် . . .
အဲဒါကြီးက . . .
ဗိုက်ထဲက နာသလိုလိုမျိုး ခံစားရတာလား . . .
ရင်ဘတ်ထဲက အောင့်နေတာမျိုးလား . . .
ခြေထောက်နာသလိုမျိုးနဲ့  ခပ်ဆင်ဆင်တူတတ်သလား . . .
ချောင်းဆိုးလို့  လည်ချောင်းတွေနာပြီး အသံမထွက်တဲ့ အချိန်မျိုးလိုလား . . .
နှာစေးလို့  နှာခေါင်းတွေပိတ်ပြီး အသက်ရှုရခက် နေသလိုမျိုးများလား . . .
အဖြေကတော့ မရ . . .။ ကဲ . . . ခက်ပြီကော . . .။

ပြီးတော့ . . .
ဘယ်လိုအချိန်မျိုးကို အထီးကျန်ချိန်လို့ ခေါ်တာလဲ . . .
စဉ်းစားကြည့်မယ်နော်. . . .
အထီးကျန်ချိန်တွေ ဆိုတာ . . .
ဖေဖေ မေမေတို့ နဲ့  ခွဲနေရတဲ့ အချိန်တွေမှာလား . . .
ညီအစ်ကို မောင်နှမတွေနဲ့  ခွဲနေရတဲ့ အချိန်တွေမှာလား . . .
ကျောင်းပိတ်လို့  သူငယ်ချင်းတွေနဲ့  မတွေ့ ရဘဲ တအားပျင်းစရာ ကောင်းတဲ့ အချိန်တွေကိုခေါ်တာလား . . .
အခန်းထဲမှာ တစ်ယောက်ထည်း အချိန်ကြာကြာနေရတဲ့ အခါမျိုးတွေမှာလား . . .
ချစ်သူ အဝေးကို ခဏသွားလို့  လွမ်းနေရတဲ့ အချိန်တွေကိုခေါ်တာလား . . .
ချစ်သူက ရက်စက်သွားလို့  အသဲကွဲနေရတဲ့ အချိန်တွေကိုခေါ်တာလား . . .
အား . . . လုပ်ကြပါအုံး . . .။ မစဉ်းစားတတ်တော့ဘူး . . .။

တကယ်တော့ လူတွေဆိုတာ မွေးတုံးက အားလုံး တစ်ယောက်စီ ဘဲမွေးလာခဲ့ကြတာ မဟုတ်ဘူးလား။
ကပ်ပြီးပြောမယ် မကြံနဲ့ အုံး . . . သိတယ်။ တစ်ချို့ ကတော့ အမွှာပူးမွေးကြတယ်။ ဒါပေမယ့် ရှားပါတယ်။
ဒီတော့ တစ်ယောက်ချင်းစီမွေးပြီး တစ်ယောက်ချင်းစီ လူလားမြောက်ခဲ့ကြ တဲ့နေရာမှာ ဘာကြောင့်များ အထီးကျန်ခြင်း ဆိုတဲ့ ဝေါဟာရ ပေါ်လာရတယ် ဆိုတာ မစဉ်းစားတတ်တော့ဘူး။

အခုလို တိုးတက်လာတဲ့ခေတ် တိုးတက်လာတဲ့ ကမ္ဘာကြီးထဲမှာ အခြေအနေ အချိန်အခါ အသက်အရွယ်တွေ အရ ပျော်ရာမှာ မနေရ တော်ရာမှာ နေရတဲ့ အဖြစ်တွေ အများကြီး အများကြီး ရှိလာခဲ့ကြပြီ။
အဲဒီအခါတွေမှာ လူအများစုဟာ ရေကြည်ရာ မြက်နုရာမှာ ဘ၀ကို တစ်ယောက်ထဲ နေရင်း ရုန်းကန်နေကြရပြီ။
အသက်အရွယ် အမျိုးမျိုး အနေအထား အမျိုးမျိုး . . .
တစ်ချို့ ကတော့ မိသားစုလိုက် . . .
တစ်ချို့ ကတော့ မိသားစုတွေနဲ့ ဝေးရာ အရပ်တွေမှာ တစ်ယောက်ထဲ . . .
ပညာရှာတဲ့ အရွယ်တွေ ရှိသလို စီးပွားရှာတဲ့ သူတွေကလဲ တစ်ပုံတစ်ပင်။
အဲဒီအခါတွေမှာ ကိုယ့်အိမ်ကိုလွမ်းတာ ကိုယ့်မိဘကိုလွမ်းတာ ကိုယ့်သားသမီးတွေကိုလွမ်းတာ ကိုယ့်ချစ်သူ ခင်သူတွေကို လွမ်းတာ ကိုယ့် ညီအစ်ကိုမောင်နှမတွေကို သတိရတာ သူငယ်ချင်းတွေကို တွေ့ ချင်တာ . . . အစရှိတဲ့ ခံစားချက်မျိုးတွေ လူတိုင်းလူတိုင်းမှာ မလွဲမသွေရှိကြမှာပါ။

အဲဒီလို ခံစားရတိုင်းသာ ကိုယ့်ကိုကိုယ် ငါတော့ဖြင့် အထီးကျန်လှချည်ရဲ့ ဆိုပြီး ၀မ်းပမ်းတနည်း ဖြစ်နေကြမယ်ဆိုရင် ဘ၀ကြီးဟာ ဘယ်သာယာပါတော့မလဲ။ ဖြစ်သင့်တာကတော့ ဘယ်နေရာ ဘယ်ဒေသကိုဘဲရောက်ရောက် ကိုယ်လုပ်ရမယ့် လုပ်ငန်းဆောင်တာတွေကို တာဝန်ကျေပွန်အောင်လုပ် . . . ။ ကျောင်းသားဆိုရင် စာမှန်မှန်ကျက် စာမေးပွဲကို မှန်မှန် အောင် အောင်ဖြေ။ စီးပွားရှာတဲ့သူဆိုရင်လဲ ပိုက်ဆံများများရအောင်စု။
ဘာရည်ရွယ်ချက်ကြောင့် ကိုယ်ဒီနေရာကို ရောက်လာတာလဲ. . .
အဲဒါဆိုရင် ကိုယ့်ရည်ရွယ်ချက်အတိုင်း အောင်မြင်အောင်လုပ်။
စိတ်ကို အတတ်နိုင်ဆုံး ကြည်လင်အောင်ထား . . .
စိတ်ညစ်စရာတွေကို အတတ်နိုင်ဆုံး ဖျောက်ပစ် . . .
စိတ်ချမ်းသာအောင်နေ . . . ပျော်ပျော်ပါးပါးနေ . . .
လူတိုင်းနဲ့ အဆင်ပြေ ချစ်ခင်အောင်နေ . . .
မိတ်ဆွေ သူငယ်ချင်း အချင်းချင်း တစ်ယောက်ကို တစ်ယောက် ကူညီနိုင်တာ ကူညီ စောင့်ရှောက် . . .
အရာရာကို အကောင်းဘက်ကနေ ရှုမြင်တွေးတော . . .
ဘာဘဲဖြစ်ဖြစ် စိတ်ဓါတ်မကျဘဲနဲ့  အကောင်းအဆိုးတိုင်းကို လက်ခံနိုင်အောင်ကြိုးစား . . .
ဒီလိုမှသာ ဘ၀ဆိုတာ အဓိပ္ပါယ်ရှိတော့မပေါ့။


* * * * * * * * * * * * * * * * * * * * * * * * * * * * * * * * * *

အိမ်နဲ့ ဝေးနေရတဲ့  အချိန်တွေတိုင်းမှာ သူငယ်ချင်းများအားလုံး အထီးကျန် ဝေဒနာ ခံစားရခြင်းမှ ကင်းဝေးကြပါစေ။


Saturday, January 26, 2008

မျှော်လင့်ခြင်း (ပုလဲသီ တစ်ကွဲစီ)

မရပ်မစဲ တစ်ဖွဲဖွဲရွာနေ
မိုးပေါက်တွေအောက်. . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီမိုးသည်းတွေ ငေးကာသာနေချင်။

မနေမနားေ၀၀ါးလှတဲ့
ငွေနှင်းဖြူတွေအောက်. . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီနှင်းဖွေးတွေ ငေးကာသာနေချင်။

မရပ်မနား ကြွေအားလှတဲ့
ရွက်ခြောက်ပင်အောက် . . .
အတိတ်လဲမလိုချင် အရိပ်လဲမခိုချင်
ဖြစ်နိုင်ရင်တော့
လူတွေအားလုံးနဲ့ ဝေးရာမှာ
တစ်ယောက်တည်း တိတ်တိတ်ကလေး
ဒီရွက်ကြွေတွေ ငေးကာသာနေချင်။

ဒါပေမယ့်လဲ . . .

မိုးပေါက် နှင်းပေါက် ရွက်ခြောက်တွေနား
သူလာလိမ့်နိုး လာလေနိုးဟု
တွေဝေ တွေးတော ရင်မောရသည်
မမျှော်ထင့်ထင့် မျှော်လင့်မိသည်
ချစ်သူရေ . . .
ရင်ထဲမှာတော့
ပုလဲသီ တစ်ကွဲစီ။


သက်ဝေ

မောင်မျိုး မွေးနေ့ အမှတ်တရ


ပျော်စရာကောင်းတဲ့ ၂၂ နှစ်မြောက် မွေးနေ့ ဖြစ်ပါစေ။
ပျော်စရာကောင်းတဲ့ ဘလော့ခ်ကလေးမှာ ပို၍ပို၍ ထူးခြားဆန်းသစ်သော
ရင်တွင်းဖြစ်များကို ဖန်တီးနိုင်ပါစေ။

* * * * * * * * * *


Tuesday, January 22, 2008

နေ့ လည်စာ

ဘယ်တော့မုန့် ကျွေးအုံးမှာလဲ လို့ မေးနေတဲ့ သူငယ်ချင်းများအတွက် ဒီနေ့နေ့လည်စာ စားဖို့  ဂျပန်အစားအစာ Sushi, Sashimi, Yakisoba နဲ့  Tempura တွေ ၀ယ်ထားပါတယ်။ အဲဒီ ဂျပန်စာတွေက သက်ဝေရဲ့  အကြိုက်ဆုံး အစားအစာ တွေထဲမှာ တစ်ခုအပါအ၀င်ပေါ့။ အားရပါးရစားကြပါနော်။ ဒါတွေက Sushi လေးတွေ . . . . အမျိုးစုံ အောင်ထည့်ထားပေးတယ်နော်။




ဒါတွေကတော့ Sashimi တွေပေါ့။ ငါးအစိမ်းမကြိုက်တဲ့သူတွေ ငါးအစိမ်း မစားရဲတဲ့သူတွေ ကတော့ အဲဒါတွေ မစားနဲ့ လေ . . .။ ဟို အောက်က ပုဇွန် Tempura ကိုစားကြလေ . . . နော်။




ဒါကတော့ ပုဇွန် Tempura . . .။ စားကြနော် ကြိုက်တယ်ဟုတ် . . .။




ဒါကတော့ Yakisoba တဲ့။ အမြင်အရကတော့ မြန်မာ ခေါက်ဆွဲကြော်နဲ့ တော့ တော်တော်ဆင်တူပါတယ်။ ဒါပေမယ့် Japanese Sauce တစ်ခု ထည့်ထားတော့ အရသာလေးက တစ်မျိုး ထူးခြားနေပါတယ်။



ကဲ . . . ဒီနေ့  Lunch အတွက်တော့ သက်ဝေ တာဝန်ယူထားလိုက်ပြီနော် . . .။ ညစာကို ဘယ်မှာ ဘာသွားစားရပါ့မလဲ လို့ တွေးနေမိပါတယ်။ သူငယ်ချင်းတို့ ရေ . . . သတင်းရရင် ပြောကြအုံးနော်။


*********


Monday, January 14, 2008

စားကြပါအုံးနော် . . ။

ဒီတစ်ပါတ်တော့ ဒိုင်စားတယ်ပြောရမလား ဒိုင်ရော်တယ်ပြောရမလား မသိ. . .။ ရုံးမှာ အသစ် အသစ်သော Project တွေနဲ့  ပင်ပန်းလိုက်တာ ဆိုတာ . . .။ ခေါင်းတွေလဲ ခပ်ချောင်ချောင် ဖြစ်နေပြီး ဘာ အိုင်ဒီယာ မှ မထွက်တော့တာ အမှန် . . .။ ဒါပေမယ့် အရင်တစ်နေ့ က သက်ဝေဆီကို လာလည်ကြတဲ့ မောင်လေး ညီမလေး တွေကို မုန့် ကျွေးမယ်လို့ ပြောထားတာကိုသတိရပြီး ရုံးကအပြန်Starbucks က Coffee နဲ့  Cheese Cake သွားဝယ်လာခဲ့ပါတယ်။ စားကြပါနော် . . .။








Wednesday, January 9, 2008

ရယ်မောခြင်း သည် အသက်ရှည်၏

သူငယ်ချင်းတို့ ရေ . . .
ဒီနေ့ တော့ ရယ်စရာ ဓါတ်ပုံလေးတွေ ကို ဝေမျှပေးချင်ပါတယ်။
ရယ်မောခြင်း သည် အသက်ရှည်၏ လို့ ဆိုထားတယ် မဟုတ်လား . . .။

အကြောင်းအရာကတော့ မော်တော်ကားကြော်ငြာတွေကို ယောင်္ကျားလေး မော်ဒယ်လ် တွေနဲ့  ကြော်ငြာရင် ဘာကြောင့် အဆင်မပြေတာလဲ တဲ့ . . .။
သူငယ်ချင်းတို့  နှိုင်းယှဉ်ကြည့် လို့ ရအောင် ယောင်္ကျားလေး မော်ဒယ်လ် နဲ့  မိန်းကလေး မော်ဒယ်လ်တွေရဲ့ ပုံ တွေကိုပါ တွဲပြီးတင်ပေးထားပါတယ်။
မောင်မျိုး တို့  သားဖြိုး တို့  ကိုသားငယ် တို့ လို ရုပ်ခပ်ချောချော လူငယ်လေးတွေ တွေးကြည့်ချင်စရာပါ။
အဟီး . . .




































ရယ်မောခြင်းဖြင့် ပျော်ရွှင်နိုင်ကြပါစေ . . ။

Monday, January 7, 2008

ကျေးဇူးတင်စကား

၂၀၀၈ နှစ်ဆန်း တစ်ရက်နေ့  က စပြီး အသက်ဝင်လာခဲ့တဲ့ သက်ဝေရဲ့  ဘလော့လေးကို ကြည်နူးစိတ် အပြည့်နဲ့  ကြည့်နေမိတယ်။ http://www.thet-wai-blog.blogspot.com/ ဆိုတဲ့ link ကလေး ကနေ တဆင့် သွားလိုက်ရင် ရောက်သွားတဲ့ သက်ဝေရဲ့ ဘလော့ ကလေး . . .။ ကိုယ်နိုင်နင်း ကျွမ်းကျင်တဲ့ အပိုင်းမဟုတ်ပေမယ့် တတ်နိုင်သလောက် အကောင်းဆုံး ဖြစ်အောင် အချိန်ပေး ကြိုးစားပြင်ဆင်ခဲ့ရတဲ့ သက်ဝေရဲ့  ဘလော့ကလေး . . .။ အခုတော့ ဒါဟာ သက်ဝေရဲ့  ဘလော့ကလေး ပါ လာလည်ကြပါနော် လို့ ဖိတ်ခေါ်လို့ ရတဲ့ အနေအထားကို ရောက်ခဲ့ပြီပေါ့။

စီဘောက်ကလေးလဲ သူငယ်ချင်း အသစ်ကလေးတွေရဲ့  ချစ်စဖွယ် နှုတ်ခွန်းဆက်စကားလေးတွေ နဲ့ ဝေဝေဆာဆာ ဖြစ်လာတယ်လေ။ ကိုယ့်ဟာကိုယ် အတွေးတွေနဲ့ ပျော်ရွှင်ကြည်နူး မဆုံးဖြစ်နေရင်းက သက်ဝေ ဘာကြောင့် ဘလော့ရေးဖြစ်တာလဲ လို့  ကိုယ့်ကိုကိုယ် ပြန်မေးကြည့်မိတယ်။

တကယ်တော့ သက်ဝေရဲ့ ပင်ကိုယ်စရိုက်က ကိုယ့်စိတ်ခံစားမှုတွေကို တိတ်တဆိတ် လျှို့ ဝှက်တတ်သူ. . . တစ်ယောက်ထဲ ငြိမ်သက်စွာ တွေးတောတတ်သူ . . . ဘာဘဲဖြစ်နေဖြစ်နေ ဖွင့်ဟပြောဖို့ ရာ အလွန် ဝန်လေးတတ်သူ . . . ဒါပေမယ့် အခုတော့ဖြင့် ဘာကြောင့် ဒီဘလော့ ကလေးကို ဖန်တီးမိပါလိမ့် လို့  သက်ဝေ တွေးကြည့်နေမိတာ . . .။
ဘာကြောင့်များပါလိမ့် . . .။

* * * * * * * * * *

ပြောရရင်တော့ ဟိုး ခပ်ငယ်ငယ် ကထဲက သက်ဝေမှာ ဒိုင်ယာရီရေးတဲ့ အကျင့် ရှိတယ်။
စရေးဖြစ် တာကတော့ ၄ ၅ တန်း အရွယ်လောက် ကထဲကပေါ့။
အဲဒီတုန်းကတော့ ဘာရယ်မဟုတ် တစ်နေ့ တစ်နေ့  ကျက်စရာရှိတဲ့ စာတွေ လုပ်စရာရှိတဲ့ အိမ်စာတွေ ကို နေ့ စဉ်နေ့ စဉ် ချရေးတတ်ရာက စခဲ့တယ်။ (အမှန်ကတော့ ခေါင်းကိုအားမကိုးတတ်တာလို့ မေမေ ကပြောခဲ့တယ်။)

အဲဒီ့နောက် ဆယ်တန်းအောင်ပြီးတဲ့ အချိန်ကစပြီး ဒိုင်ယာရီဆိုတာကို သေသေချာချာ ရေးဖြစ်ခဲ့တယ်။ ရေးပုံရေးနည်း တွေကတော့ အမျိုးမျိုးပေါ့။

အားရင်အားသလို စီကာပတ်ကုံး ရေးတတ်သလို အချိန်မရတဲ့ အခါမျိုးကျရင်တော့ စာမေးပွဲ အတွက် မှတ်စုထုတ်သလို လိုရင်းတိုရှင်းလေး ရေးတတ်တယ်။ အဲ . . ချစ်သူရှိလာတဲ့ အချိန်ကျတော့ တစ်မျိုးပြောင်းသွားပြန်တယ်။
သူ့ အကြောင်းတွေကို နေ့ စဉ် မမောနိုင် မပန်းနိုင် အသေးစိတ် ရေးဖြစ်ခဲ့ပြန်တယ်။
အဲဒါတွေအပြင် တစ်ခါတစ်ခါ ကျရင်တော့ ကိုယ့်တစ်ယောက်သာ နားလည်နိုင်တဲ့ လျှို့ ဝှက်စကား ဆန်ဆန် အတိုကောက်တွေလဲ ရေးတတ်သေးတယ်ပေါ့။ (မတော်တဆ အိမ်က အိမ်သား တစ်ယောက်ယောက်တွေ့ သွားခဲ့ရင် ဆိုတဲ့ စိတ်ကလေးကြောင့် . . .)

ဒါပေမယ့် အခုတော့ အသက်အရွယ် နဲ့  အချိန်အခါ အခြေအနေတွေ အရ ဘ၀မှာ ကိုယ့်ရဲ့ ကိုယ်ပိုင် အချိန်တွေကို မိသားစုအတွက် မဖြစ်မနေ ခွဲဝေပေးနေရပြီ။ ဒီတော့ ကိုယ့်အတွက် အချိန်တွေ အရမ်းရှားပါးခဲ့ရပြီဆိုပါတော့။ ဒိုင်ယာရီလဲ မှန်မှန်မရေးဖြစ်ခဲ့တာ ကြာလှပေါ့။ မမှတ်မဖြစ် စာရင်းအင်းအချို့ ရယ် အရေးတကြီးလုပ်စရာ အချို့ ရယ်ကလွဲလို့  ဘာဆိုဘာမှ မရေးဖြစ်တော့တာ . . .
ဒါပေမယ့် သီချင်းတွေ ကို အမြဲမပြတ် နားထောင်ပြီး စာတွေကိုလည်း အချိန်ရရင် ရသလို တော်တော်များများ ဖတ်ဖြစ်ခဲ့တယ်။

စာတွေဖတ်တိုင်း စာရေးချင်တဲ့စိတ်တွေ ခဏခဏ ဖြစ်လာတယ်။ အချိန်တော်တော်များများမှာ စိတ်ထဲမှာ ချရေးချင်တဲ့ စကားလုံးတွေ အများကြီး ရှိရှိနေတတ်တာ . . .။ စိတ်ကသာရှိ ပြီး လူကမလိုက်နိုင်တော့ အတွေးစိတ်ကူးတွေ ဆုံးရှုံးရပေါင်းလည်းများလှပေါ့။

အဲဒါနဲ့ လွန်ခဲ့တဲ့ ၃ လလောက်ကစပြီး အချိန်ရှိသ၍ မြန်မာဘလော့တွေထဲမှာ ပျော်ရွှင်စွာဖတ်ရှု လိုက်ရာကစလို့  စာရေးချင်တဲ့စိတ်တွေ တဖွားဖွားပေါ်လာတော့တာပါဘဲ။ ဒါကြောင့်လဲ ဘာဘဲဖြစ်ဖြစ် နဂိုကတည်းက ရှိရင်းစွဲ ၀ါသနာကလေး ကိုအခြေခံရင်း သက်ဝေ ဘလော့စရေးဖြစ်သွားပါတယ်။ တစ်ချိန်မှာ ဒါဟာ သက်ဝေရဲ့ နေ့ စဉ်မှတ်တမ်း မဟုတ်ရင်တောင် လစဉ်မှတ်တမ်း လေးတစ်ခုဖြစ်လာနိုင်ပါတယ်။

ရုံးအလုပ်တစ်ဖက် အိမ်အလုပ်တစ်ဖက်နဲ့  အားလပ်ချိန်နဲပါးရတဲ့ ကြားကနေ မရမက မကြိုးစားစဖူး ထူးထူးခြားခြား အားထုတ်ကြိုးစားရင်း ဒီဘလော့လေး ရခဲ့တာပါ။

ဒါပေမယ့် သေချာတာတစ်ခုကတော့ သက်ဝေရဲ့ ဘလော့ ထဲမှာ ဗဟုသုတဖြစ်စရာ မှတ်လောက်သားလောက်စရာတွေ ဘာမှရှိမယ် မဟုတ်ပါဘူး။ သက်ဝေ စိတ်ထဲမှာရှိသမျှ ရေးလိုရာကိုရေးထားတဲ့ အတွက် ဖတ်ရတာ သိပ်စိတ်ဝင်စားစရာ ကောင်းမယ်လို့ မထင်လို့  လာလည်ပြီး စာတွေလာဖတ်တဲ့ မိတ်ဆွေတွေကို ကျေးဇူးလည်းတင် အားနာလို့ လဲမဆုံးပါ. . .။ ဒါပေမယ့် ပိုပြီးကောင်းမွန်တဲ့ စာစု အသစ်အသစ် တွေကို ကြိုးစားပြီး ဖန်တီးသွားအုံးမှာပါ။

ဘာဘဲဖြစ်ဖြစ် သက်ဝေရဲ့ ဘလော့ ကလေး ဖြစ်လာဖို့  . . . .

- သက်ဝေ ကို ကိုယ်ပိုင် ဘလော့လေးတစ်ခု လုပ်ဖြစ်အောင် တိုက်တွန်းအားပေးခဲ့တဲ့
ချစ်စရာ ညီမလေး တစ်ယောက်။

- သက်ဝေ ရဲ့  ဘလော့လေး လူလူသူသူဖြစ်လာအောင် နေ့ စဉ် နေ့ တိုင်း ၀င်ရောက် လေ့လာခဲ့ရတဲ့ ဘလော့ကာ ညီအစ်ကို မောင်နှမတစ်စုရဲ့ ဘလော့ကောင်းကောင်းလေးတွေ။

- သက်ဝေ ရဲ့ ဘလော့လေး ကို ပထမဆုံး လာရောက်အားပေးကြတဲ့ မောင်မျိုး နဲ့  သားဖြိုး အပါအ၀င် သူငယ်ချင်းလေးများအားလုံးနဲ့ ကျေးဇူးတင်ထိုက် သူများအားလုံးကို ဒီနေရာကနေ ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားပါရစေ။


သက်ဝေ ရဲ့ ဘလော့လေး မှာ အမြင်မတော်တာ မှားယွင်းနေတာ လိုအပ်နေတာများ ရှိခဲ့ရင်လည်း ချက်ချင်း ထောက်ပြ ဝေဖန်ကြဖို့ လေးလေးစားစား ဖိတ်ခေါ်ပါတယ်နော်။ လာလည်ကြတဲ့ သူငယ်ချင်းများ အားလုံး ကို ကျေးဇူးတင်ပါတယ်။




Saturday, January 5, 2008

နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ 


ဒီနေ့  သက်ဝေတို့  အမိမြန်မာပြည်ရဲ့  နှစ် ၆၀ ပြည့် လွတ်လပ်ရေးနေ့ 
ကိုယ့်အိမ်ကနေ အဝေးတစ်နေရာကို ရောက်နေတဲ့ အချိန်မှာ
နှစ်စဉ် ဇန်န၀ါရီလ လေးရက်နေ့ ရောက်တိုင်း
အော် . . ဒီနေ့ လွတ်လပ်ရေးနေ့ ပါလား ဆိုပြီး
မှတ်မှတ်ရရ သတိရမိတာကလွဲလို့ 
ဘာမှ ထူးထူးခြားခြား မရှိခဲ့ပါ။

ဒီနှစ်တော့ နှစ် ၆၀ တိုင်ခဲ့တဲ့ လွတ်လပ်ရေးနေ့ လေးအတွက်
ကိုယ့်တိုင်း ကိုယ့်ပြည် ကိုယ့်မြေ ကိုယ့်ရေ နဲ့ အတူ
ကိုယ့်အိမ်ကလေးကို လွမ်းတဲ့စိတ်တွေကြောင့်
ဒီကဗျာလေး တစ်ပုဒ်ကို အမှတ်တရ တင်ပေးလိုက်ပါတယ်။

John Howard Payne ရဲ့  HOME, SWEET HOME တဲ့ . . .
ဖတ်ကြည့်ကြပါနော်။
____________________________
Home Sweet Home

Mid pleasures and palaces though we may roam,
Me it ever so humble, there's no place like home;
A charm from the sky seems to hallow us there,
Which, seek through the world, is ne'er met with elsewhere.
Home, Home, sweet, sweet Home!
There's no place like Home! There's no place like Home!

An exile from home, splendor dazzles in vain;
Oh, give me my lowly thatched cottage again!
The birds singing gaily, that came at my call,
Give me them, and the peace of mind, dearer than all!
Home, Home, sweet, sweet Home!
There's no place like Home! There's no place like Home!

How sweet 'tis to sit 'neath a fond father's smile,
And the cares of a mother to soothe and beguile!
Let others delight mid new pleasures to roam,
But give me, oh, give me, the pleasures of home!
Home, Home, sweet, sweet Home!
There's no place like Home! There's no place like Home!

To thee I'll return, overburdened with care;
The heart's dearest solace will smile on me there;
No more from that, cottage again will I roam;
Be it ever so humble, there's no place like home.
Home, Home, sweet, sweet Home!
There's no place like Home! There's no place like Home!

* * * * * * * * * * * * * * * * * * * * * * * * * * * * * *

Wednesday, January 2, 2008

မင်္ဂလာပါ


~ နှစ်သစ်မှာ မင်္ဂလာပါ ~

ဒီနေ့ သက်ဝေ ရဲ့ ဘလော့ ကို စပြီး မိတ်ဆက်လိုက်ပါတယ်။ သက်ဝေ ဘလော့ရေးတယ်ဆိုတာက စာတွေ ကဗျာတွေ သိပ်ပြီး ရေးတတ်လွန်းလို့တော့ မဟုတ်ပါဘူး။ ကျောင်းတက်တုန်းကတော့ ကျောင်းကထုတ်တဲ့ စာစောင်တွေ မဂ္ဂဇင်းတွေမှာ နဲနဲပါးပါး ရေးခဲ့ဘူးတယ်။ အဲဒီတုန်းကတော့ ထုံးစံအတိုင်း သက်ဝေ . . . အနောက်က ကွင်းစကွင်းပိတ်နဲ့ ဘာ တက္ကသိုလ် ညာ တက္ကသိုလ် ပေါ့လေ။ အခုတော့ဖြင့် ဒါတွေနဲ့လည်း အတော်ဝေးကွာခဲ့ပြီမို့ ရိုးရိုးသားသားဘဲ သက်ဝေ ဆိုတဲ့ နာမည်နဲ့ပဲ မိတ်ဆက်လိုက်ပါတယ်။

ကျောင်းပြီးသွားတဲ့ နောက်ပိုင်း စာရေးခြင်းနဲ့ အတော် ကင်းကွာသွားရာက ဟိုတလောလေးကမှ မြန်မာဘလော့ တွေကို လိုက်ဖတ်ပြီး ကိုယ်တိုင် ဘလော့လေးတစ်ခု လုပ်ချင်စိတ်ကလေး ဖြစ်လာပါတယ်။ စိတ်ကသာရှိပြီး လူက အားလပ်ချိန်နည်းပါးတာရယ် နည်းပညာပိုင်း မကျွမ်းကျင်တာရယ် ကြောင့် ဒီဘလော့လေး တစ်ခုရဖို့ အချိန်တွေ အတော်ကုန်သွားပါတယ်။ အခုတော့ အတော်အသင့်လေး ဟုတ်လာပြီလို့ ယူဆပြီး သက်ဝေရဲ့ ဘလော့လေးကို အခုလို မိတ်ဆက် လိုက်ပါတယ်။

အခု 2008 January က စပြီး Post အသစ်လေးတွေ အချိန်ရရင် ရသလိုရေးသွားမှာပါ။
ဖတ်ကြည့်ပါ။ ဝေဖန်ပါ။ အကြံပြုပါ လို့အလေးအနက် ဖိတ်ခေါ်ပါတယ် နော်။