Wednesday, December 21, 2011

အမှတ်တရ ဒီဇင်ဘာ


ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသခဲ့သည်။
ဒီဇင်ဘာ၏ နေ့ရက်များထဲမှာမှ အေးမြစွာ ချမ်းစိမ့်နေပြီး မှုန်လက်နေသော နှင်းစက်များ အကြားတွင် အလှကြီး လှနေခဲ့သော နေ့စွဲတခု ရှိခဲ့ဖူးပါသည်။ ထိုနေ့စွဲမှာ ဒီဇင်ဘာ ၂၄ ရက်... ခရစ်စမတ်နေ့ မတိုင်ခင် အကြိုနေ့ ဖြစ်ပါသည်။

* * * * * *

ကျောင်းပိတ်ရက် မဟုတ်သောကြောင့် ကျောင်းသွားရန် ပြင်ဆင်နေချိန်တွင် သူက ဖုန်းဆက်ပြီး သူ့ကျောင်းကို လိုက်လည်ပါ ဟု (ထူးထူးဆန်းဆန်း) ဖိတ်ခေါ်လေသည်။ ကျောင်းဖွင့်ကာစ နေ့ရက်များ ဖြစ်သောကြောင့် တကြောင်း၊ နောက်တနေ့မှာ ခရစ်စမတ် ကျောင်းပိတ်ရက်များ ရောက်တော့မည်က တကြောင်းတို့ကြောင့် ကျောင်းမှာ စာသိပ် မသင်မှာ သေချာနေခဲ့သည်။ ထို့ကြောင့် ကျောင်းမသွားချင်လျှင် မသွားပဲ နေနိုင်သော အနေအထားမှာ ရှိသည်။ သို့သော်လည်း သူ့ကျောင်းကို တခါမှ အလည်အပတ် မသွားဖူးသောကြောင့် စိတ်ထဲမှာ အနည်းငယ် တွန့်ဆုတ်နေမိပြန်သည်။ ကိုယ့်စိတ်ကို သိနေသော သူက ထပ်ပြောသည်… သူတို့ကျောင်းမှာ စာမေးပွဲနီးနေပြီမို့ ကျောင်းသား ကျောင်းသူ အနည်းငယ်သာ ရှိသည်… အေးအေးဆေးဆေး မုန့်စားရင်း စကားပြော ကြတာပေါ့… တဲ့…။ သူက ခဏ ခဏ ထပ်ခေါ်နေသောကြောင့် အိုကေလေ… ဒါဆိုလည်း လိုက်လည်မယ် ဟု ပြန်ပြောလိုက်သည်။

တကယ်ဆို ယခုကဲ့သို့ ဟိုမရောက် သည်မရောက် အခြေအနေမျိုးမှာ သူ့ဆန္ဒကို လိုက်လျောခြင်းသည် သူ့ကို ခေါင်းညိတ် လက်ခံတော့မည် ဟူသော အဓိပ္ပါယ်မျိုးများ သက်ရောက်သွားလေမလားဟု စိုးစဉ်းမျှ မတွေးတတ်ခဲ့ပါ။ ထို့နောက် သာမန်နေ့ရက်များမှာလိုပင် ရိုးရှင်းသော အဝတ်အစားများ ဝတ်ဆင်ပြီး ပြင်ဆင် ခြယ်သမှု ကင်းကင်းဖြင့် တနည်းအားဖြင့်ဆိုသော် ခါတိုင်း ကျောင်းသွားသလို မျက်နှာပြောင်တလင်းဖြင့် သူ့ကျောင်းကို အလည် လိုက်ဖြစ်ခဲ့ပါသည်။

သူ ပြောထားသလိုပင်… သူ့ကျောင်းက ကင်တင်းတွေမှာရော အတန်းတွေမှာပါ တော်တော်လေး လူရှင်းနေသည်ကို တွေ့ရသောကြောင့် အနည်းငယ်တော့ အသက်ရှူချောင်သွားခဲ့သည်။ ထိုအခါ သူ မသိအောင် သက်ပြင်းတချက်ကို တိတ်တိတ် ခိုးချလိုက်မိသည်။ သို့သော်လည်း သူက သိဖြစ်အောင် သိကာ အနေရ မခက်စေရန် ကင်တင်းထဲမှ လူသိပ်မများသော ဆိုင်တခုမှာ ထိုင်စေခဲ့သည်။ သိပ်မကြာခင်မှာ ကျောင်းသူတစု မလှမ်းမကမ်းမှ ဖြတ်သွားပြီး ကွက်ကြည့် ကွက်ကြည့်ဖြင့် လှမ်းကြည့်သွားကြသည်ကို တွေ့ရသည်။ သူ ပြောပြသောကြောင့် သူ့ အတန်းဖေါ်များဟု သိရသည်၊ ရှက်စိတ်ကြောင့် လူက အငွေ့ပျံချင်နေပြီ။ မိန်းကလေး တန်မဲ့ ရှည်ရှည်ရှောရှော လိုက်လာမိခြင်းအပေါ် နောင်တလည်း ကြီးစွာ ရမိသည်…။ သူတို့တတွေ အဝေးမှ ကြည့်ရုံသာ ကြည့်သွားကြပြီး အနားကိုလာ နှုတ်မဆက်ကြသည်ကိုပင် ကျေးဇူးကြီးစွာ တင်ရမလို…။ ထို့နောက်တော့ လူက ထူပူနေပြီး နေ့လည်စာကို ခေါက်ဆွဲကြော် စားမိခဲ့လေသလား ဆီချက်ခေါက်ဆွဲ စားမိခဲ့လေသလား ဘာတွေ စားလို့ ဘာတွေ သောက်ဖြစ်ခဲ့သလဲ သေသေချာချာ မမှတ်မိတော့ပါ…။

နေ့လည်စာ စားပြီးတော့ သူက စကားတွေ အများကြီး ပြောပါသည်။ အရင် ကိုယ့်အိမ်ကိုလာလည်တတ်သော အချိန်တွေက အလွန် စကားနည်းသော သူသည် တကယ့် တကယ်မှာ စကားအလွန်များကြောင်း ထိုနေ့ကမှ သိလိုက်ရသည်။ သူ ပြောပြနေသမျှ အကြောင်းအရာများသည် သိပ်စိတ်ဝင်စားစရာ မကောင်းလှသောကြောင့် တချို့တလေကိုသာ မှတ်မိပါသည်။ တချိန်လုံး နားထောင်သူ သက်သက်ဖြစ်နေသောကြောင့် ပျင်းရိ ငြီးငွေ့လာသည်က တကြောင်း၊ ကင်တင်းထဲမှာ လူ ကျဲပါးသွားသောကြောင့် နေရတာ အနည်းငယ် သက်တောင့်သက်သာ ဖြစ်လာကာ မူလ ဗီဇစိတ်တွေ ပြန်ပေါ်လာပြီး သူ့ကို ရစ်ချင်လာပါသည်။ ထို့ကြောင့် နေကြာစေ့ စားချင်သည် ဟု ဆိုင်းမဆင့် ဗုံမဆင့် ပြောချလိုက်ပါသည်။

သူက ချက်ချင်းပင် နီးရာဆိုင်တဆိုင်မှ နေကြာစေ့ သုံးထုပ်ဝယ်ပြီး ပြန်လာပါသည်။ ထိုအချိန်က မိုးပုလဲ နေကြာစေ့တထုပ်၏ တန်ဖိုးမှာ တကျပ် ဖြစ်ပါသည်။ ရစ်လက်စနှင့် ဆက်ရစ်ချင်သောကြောင့် နေကြာစေ့များကို အခွံ ခွာကျွေးပါလား ဟု တောင်းဆိုလိုက်ပါသည်။ ဘာမဆို သဘောကောင်းစွာဖြင့် လိုက်လျောချင်နေသော အချိန်ကာလမျိုး ဖြစ်သောကြောင့် နေကြာစေ့များကို စိတ်ရှည်လက်ရှည် ခွာကျွေးပါသည်။ နေကြာစေ့များအနက်က ဝဝလေးများကိုသာ ရွေးခွာရန်နှင့် အသားမရှိအောင် ပိန်ခြောက်နေသော နေကြာစေ့များကို မခွာရန်လည်း ဆရာလုပ်လိုက်သေးသည်။ သူခွာကျွေးသော နေကြာစေ့အဆံများကို ခွာလို့ လက်မလည် အလျင်မမှီလောက်အောင်ပင် တခုပြီးတခု တလစပ် ကောက်စားနေသော ကိုယ့်ကို သူက သဘောတကျနှင့် ပြုံးရယ်နေပါသည်။ နေကြာစေ့ကို အတော်ကြိုက်သလား... ဟုလည်း မေးပါသည်။ ခွာပြီးသား စားရလျှင် ကြိုက်သည်ဟု ပြန်ဖြေလိုက်သောအခါ သူ နောက်တကြိမ် အားရပါးရ ပြုံးရယ်ပြန်ပါသည်။ နေကြာစေ့များကို မနားတမ်းခွာနေရသောကြောင့် အခုနကလောက် စကားများများ မပြောနိုင်တော့သော သူ့ကို စိတ်ထဲမှာ ကြိတ်ပြီး ရယ်မောနေမိပါသည်။ ထိုအကြောင်းကို စကားစပ်မိတိုင်း ကိုယ့်ကို အလွန်တရာ ညစ်ကျယ်ကျယ်နိုင်သော မိန်းကလေး ဟု မှတ်ချက်ချပါသည်။

နေကြာစေ့ သုံးထုပ်ကုန်သွားသောအခါ သူက လမ်းလျှောက်ချင်လား.. ဟု မေးပါသည်။ ထိုင်နေရသည်မှာ ညောင်းလှပြီ ဖြစ်သောကြောင့် လမ်းလျှောက်ရန် သဘောတူလိုက်ပါသည်။ ထိုအချိန်မှာပင် သူ့ သူငယ်ချင်းတစု အနားကိုရောက်လာကာ ကိုယ့်ကို အကဲခတ်သော မျက်လုံးတချို့နှင့် ကြည့်ပြီး သူတို့ အချင်းချင်း စကား အနည်းငယ်ပြောကာ ထွက်သွားကြပါသည်။ သူ ပြန်ပြောပြသောကြောင့် ထိုနေ့က သူတို့ကျောင်းမှ ကျောင်းသား ကျောင်းသူများ အားလုံး ရွှေတိဂုံဘုရားမှာ ဆီမီးသုံးထောင် ပူဇော်ကြမည်ဟု သိရပါသည်။ သူက ဘုရားကို လိုက်သွားချင်သလားဟု မေးရာ လူများများကြားထဲ မသွားချင်သောကြောင့် ခေါင်းခါ ငြင်းဆန်လိုက်ပါသည်။

သိပ်မကြာခင် အချိန်အတွင်းမှာ ကျောင်းဝင်းထဲ လူမရှိတော့သလောက် ခြောက်သွေ့ တိတ်ဆိတ်သွားပါသည်။ ကိုယ့်ကို စူးစမ်းသော၊ အကဲခတ်သော မျက်လုံးများဖြင့် ကြည့်ကြမည့်သူများ မရှိတော့သောကြောင့် စိတ် ပေါ့ပါး သက်သာသွားကာ ကျောင်းဝင်းထဲ ဟိုကြည့် ဒီကြည့်နှင့် လမ်းလျှောက်လာခဲ့ကြပါသည်။

တနေရာအရောက်တွင် သူက အမှတ်တမဲ့နှင့် ဒါ လူသေတွေ ခွဲတဲ့ နေရာလေ… ဟု ညွှန်ပြပါသည်။ ထိုစကားအဆုံးမှာ သွေးဆုတ် ဖြူဖျော့သွားသော ကိုယ့်မျက်နှာကို တွေ့သောအခါမှ သူ့စကား အကြီးအကျယ် မှားယွင်းသွားကြောင်း သူ သိသွားခဲ့သည်။ ထို့နောက် ကိုယ့်လက်ကို ဆွဲကာ ထိုအဆောက်အဦးနှင့် ဝေးရာဖက်ကို ခပ်သွက်သွက် ခေါ်ဆောင်သွားခဲ့ပါသည်။ သေလုအောင် ကြောက်နေသောကြောင့် လူက ထူပူနေရာ လက်ဆွဲထားတာတွေ ဘာတွေလည်း ဘာမှ သတိမထားမိခဲ့ချေ…။ မိနစ်အနည်းငယ် လျှောက်လာပြီး ထိုအဆောက်အဦးနှင့် ခပ်ဝေးဝေးကို ရောက်မှ အမောဖြေရင်း တယောက်ကို တယောက် သတိထားမိကြပါသည်။ ထိုစဉ်မှာပင် ဆွဲထားသောလက်ကို မလွှတ်သေးပဲ သူက မေးခွန်းတခုကို ကောက်ခါ ငင်ကာ မေးလိုက်တာ ဖြစ်သည်။

ထိုမေးခွန်းမှာ အသက် ၁၈ နှစ်ပြည့်အောင် စောင့်ရအုံးမှာလား… ဟူ၍ပင်…။
ရုတ်တရက်မို့ ထိုမေးခွန်းကို ကြားလိုက်ရသောအခါ ထုံးစံအတိုင်း လူက ကြောင်သွားသေးသည်။ ပြီးမှ သတိရသွားသည်။ လွန်ခဲ့သော တနှစ်ကျော်လောက်က သူ အဖြေတောင်းစဉ်အခါက အသက်ငယ်သေးတယ် ၁၈ နှစ်ပြည့်မှ စဉ်းစားနိုင်မယ်... ဟူသော အူတိ အူကြောင် ဆင်ခြေမျိုး ပေးခဲ့ဖူးကြောင်း ပြန်သတိရသွားသည်။ ထိုအခါ ကြောက်နေသည့်ကြားမှ အလွန်အမင်း ရယ်ချင်သွားသေးသည်။ တဆက်တည်းမှာပင် ငါတော့ လိုက်လာမိတာ မှားပါပေါ့လား… ဟု နောင်တတွေ အကြီးအကျယ်ရကာ ဘုရားရေ ပေါင်းလည်း အခါတသိန်း တ မိသည်။

သို့သော်လည်း အစစ အရာရာ ပြေလည်နေပါလျက်နှင့် တမင် ညစ်တွန်း တွန်းပြီး အချိန်ဆွဲထားသော ကိုယ့်အကြောင်းကို ကောင်းကောင်းကြီး သိနေသော သူက အဖြေကို ကိုယ်ပြန်ဖြေစရာမလိုတော့အောင် လိမ်မာပါးနပ်စွာ အရ ယူသွားခဲ့လေသည်။

* * * * * *

ထိုနှစ်က ဒီဇင်ဘာသည် ဒီဇင်ဘာ ပီသစွာ ထူးထူးခြားခြား အစွမ်းကုန် လှပလို့ နေခဲ့သည်။ ထိုနှစ်မှ အစပြု၍ ဒီဇင်ဘာတိုင်းတွင် လှပသော နှင်းပွင့်ဖြူဖြူများ ထူထဲ သိပ်သည်းစွာ ကျနေရန် မလိုပါ။ ခရစ်စမတ် သစ်ပင်များမှာ အလှအပများ ပြင်ဆင် ချိတ်ဆွဲစရာ မလိုပါ။ လှပသေသပ်စွာ ထုတ်ပိုးထားသော လက်ဆောင်ပစ္စည်းများကို အပြန်အလှန် ပေးအပ်ရန် မလိုအပ်ခဲ့ပါ။ အိမ်နံရံပေါ်တွင် ခြေအိပ်နီနီလေးများ တန်းစီ ချိတ်ဆွဲပြီး ခရစ်စမတ်ဖိုးဖိုးကြီး အလာကို မျှော်နေစရာလည်း တကယ် မလိုအပ်ခဲ့ပါ။

ထို့အပြင် ခရစ်စမတ် အချိန်မှာ စိတ်လှုပ်ရှား ပျော်ရွှင်နေခဲ့သလား… ခရစ်စမတ်အချိန်မှာ အမှတ်တရတွေ ရှိခဲ့ဖူးသလား… ခရစ်စမတ် အကြိုညချမ်းမှာ ဘယ်သူတွေနဲ့ အတူတူ ရှိနေချင်သလဲ… အစရှိသော မေးခွန်းများအတွက် တိကျသေချာသော အဖြေတခုကလည်း ခိုင်ခိုင်မာမာ ရှိနှင့်နေခဲ့ပြီးဖြစ်သည်။ တမင် အမှတ်တရ သတိရနေစေရန် တကူးတက သတိထား မှတ်သားနေစရာ မလိုအပ်ခဲ့သော တသက် မမေ့စရာ အမှတ်တရများက ဒီဇင်ဘာနှင့် ခရစ်စမတ်ကို အလိုလိုနေရင်း လှသည်ထက် လှပအောင် စွမ်းဆောင်နိုင်ခဲ့သည်သာ…။


ညီမ ရိုစ့် (ကျွန်မဘဝ၏ အမှတ်တရ နေရာလေးတခု) ရဲ့ ခရစ်စမတ် အတွက် အမှတ်တရ Tag Post ပါ။ ဒီဇင်ဘာနဲ့ ခရစ်စမတ်ကို စွဲလန်း ချစ်ခင်တဲ့သူတယောက်အနေနဲ့ အတတ်နိုင်ဆုံး လှပအောင် ရေးသား ပုံဖေါ်ပေးထားပါတယ်…။ ညီမ ရိုစ့် ကျေနပ်မယ် ထင်ပါရဲ့…

Sunday, December 18, 2011

မျက်ဝန်းညို

ခိုင်စိုးလင်း စီစဉ်တဲ့ ကျောင်းအကြောင်း E Book ထွက်ပါပြီ…။
ဒီစာအုပ်မှာ ပါဝင်ရေးသားကြတဲ့သူတွေကတော့ ကိုကိုသက်၊ ကျော်ညိုသွေး၊ ကြည်သက်ဟန်၊ ခိုင်စိုးလင်း၊ ချစ်ကြည်အေး၊ ညီဇံလှ၊ ညိုမင်းခ၊ နေဦး၊ ပန်ဒိုရာ၊ မိုးလှိုင်ည မှိုင်း ဆေး(၂)၊ Louise Jane Cher ၊ သက်ဝေ၊ ဟန်သစ်ငြိမ်၊ ဟယ်ရီလွင် နဲ့ သြမြိုင် တို့ ဖြစ်ပါတယ်။ စာအုပ်အတွက် ပုံတွေကို မလေးမေက ရေးခြယ်ပြီး ခိုင်စိုးလင်းက စာပြင်ပါတယ်။

ဒီနေရာ မှာ Download ချပြီး ဖတ်လို့ရပါပြီ။

ဒီ E Book မှာ ကိုယ့်လက်ရာ ဝတ္ထုတိုတပုဒ်နဲ့ အက်ဆေးတပုဒ် ပါ ပါတယ်။ ဝတ္ထုတိုလေးက အသစ်ရေးထားတာဖြစ်ပြီး အက်ဆေးကတော့ ဟိုးခပ်စောစောက ဘလော့ဂ်မှာ တင်ဖူးတဲ့ အဟောင်းတပုဒ်ကို နည်းနည်း ပြန်ပြင်ထားတာပါ။ ဝတ္ထုတိုလေးကို အရင်ဖတ်ကြည့်ပါနော်…

မျက်ဝန်းညို


ဖုန်းသံနှင့်အတူ ပေါ်လာသော နံပါတ်များကို ကြည့်လိုက်သောအခါ ကိုယ်နှင့် ရင်းနှီး ကျွမ်းဝင်မှုမရှိသော ဂဏန်းများကို တွေ့လိုက်ရသည်။ ထိုဖုန်းကို ဖြေရကောင်းနိုး မဖြေရ ကောင်းနိုး ချီတုံချတုံရှိနေဆဲမှာ ဖုန်းခေါ်သံက ရပ်သွားခဲ့သည်။ သို့သော် ချက်ချင်းဆိုသလိုပင် ဖုန်းက နောက်တကြိမ် ထပ်မြည်လာခဲ့သည်။ ဟဲလို ဟူသော ကျွန်မအသံ အဆုံးမှာ တဖက်မှ အမျိုးသားတဦး၏ ဟဲလို ဟူသော အသံ ခပ်တိုးတိုးကို ပြန်ကြားလိုက်ရသည်။ ထိုအသံမှာ တိုးဖွသော်လည်း ကြည်လင် ပီသသည်။ ထို့အပြင် ထိုအသံထဲမှာ အဓိပ္ပါယ်ဖေါ်မပြတတ်သော အရာတခုခု ပါဝင် စီးမျောနေသယောင်၊ တခုခု ထူးခြားဆန်းကြယ်နေသယောင်…။ အတွေးမဆုံးခင်မှာပင် တဖက်မှ… ကျွန်မနာမည်ကို ရေရွတ်ရင်း ကျွန်တော် ဘယ်သူပါ… ဟု ဆိုလာလေသောအခါ…

* * * * * * *

ကျောင်းနောက်ဆုံးနှစ်မှာ သူ့ကို စတင် တွေ့မြင်ဖူးခဲ့တာဖြစ်သည်။ အတန်းသားများထက် အသက်ပိုကြီးပုံရပြီး ကြည်လင်သော အသားအရေနှင့် ခပ်ပိန်ပိန် အရပ်မြင့်မြင့် သာမာန် ယောက်ျားတယောက်ဖြစ်သော်လည်း ထူးခြားနေသည်က သူ့မျက်ဝန်းတွေဖြစ်သည်။ ရီဝေသော မျက်ဝန်းမျိုးကို တွေ့ဖူးသည်၊ ထို့အတူ တောက်ပသော မျက်ဝန်းများကိုလည်း တွေ့ဖူးပါသည်။ သို့သော် ရီဝေပြီး တောက်ပ စူးလက်နေသော မျက်ဆံညိုညိုများနှင့် လှပသော ယောက်ျားလေးတယောက်၏ မျက်ဝန်းမျိုးကိုမူ သည်တခါသာ တွေ့ဖူးခြင်း ဖြစ်သည်။ ကျွန်မသူငယ်ချင်းကတော့ သူ့မျက်ဝန်းများကို ကြည့်ရင်း ရုပ်ရှင်မင်းသား James Dean နှင့် တူသည်ဟု ကောက်ချက်ချပါသည်။

နောက်ရက်များမှာတော့ စာသင်ချိန်တွေမှာ စာကို ကောင်းကောင်း စိတ်မဝင်စားနိုင်ပဲ သူ့အကြောင်းတွေကိုသာ စပ်စပ်စုစု လုပ်နေခဲ့မိပါသည်။ ကျောင်းနှစ်ရှည် ပိတ်ထားချိန်များမှာ နိုင်ငံခြားမှာ အလုပ်သွားလုပ်ပြီး အခုမှ ကျောင်းပြန်တက်ခြင်းဖြစ်သည်ဟု သိရပါသည်။ ထို့ကြောင့် အတန်းထဲမှာ သူနှင့် သက်တူ ရွယ်တူ ခင်ခင်မင်မင် သူငယ်ချင်းအပေါင်းအသင်း ရှိမနေခြင်းဖြစ်သည်။ စတွေ့ဖူးသည့်နေ့မှ နေ့စဉ်နေ့တိုင်း အတန်းတွေတိုင်းကို တချိန်မှ မပျက်အောင် ကျောင်းတက်မှန်သော၊ အေးဆေးသော မျက်နှာထား၊ တည်ငြိမ်သော အမူအရာတို့နှင့် သူသည် ဘေးဘီကိုလည်း သတိထား ဂရုပြု ကြည့်ရှုလေ့မရှိပါ။ အတန်းမစခင် ငါးမိနစ်ခန့်အလိုတွင် ကျွန်မတို့ တက်ရသော အဆောက်အဦးနှင့် မလှမ်းမကမ်းမှာ ကားရပ်ထားခဲ့ပြီး အတန်းပြီးလျှင်ပြီးခြင်း ကားလေးမောင်းကာ ပြန်သွားတတ်သည်။ သူ မောင်းသော ရွှေအိုရောင် ဆလွန်းကားလေး၏ နံပါတ်ကို ယခုချိန်အထိ ကျွန်မ အလွတ်ရနေဆဲ…။ သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

တမနက်မှာတော့ သူ ကားရပ်ပြီး အတန်းဆီသို့အသွား လှေခါးထစ်တွေနားမှာ ကျွန်မနှင့် ဆုံမိပါသည်။ သူ့အကြောင်းတွေကို သိလိုစိတ်ဖြင့် စိတ်ဝင်တစား စုံစမ်းခဲ့မိသော ကျွန်မ ရုတ်တရက် ဘာလုပ်ရမှန်းမသိ၊ မလုံမလဲနှင့် ခြေလှမ်းတွေ အမှားမှား အယွင်းယွင်း ဖြစ်သွားသော်လည်း သူက အေးအေးသက်သာပင် ကျွန်မကို ကျော်ဖြတ်ကာ အတန်းရှိရာကို ဦးတည်၍ သွားနေခဲ့သည်။ သူ့ပုခုံးတွင် လွယ်ထားသော ကချင်လွယ်အိပ် အနီရဲရဲလေးကို ငေးကြည့်နေရင်း ထိုလှေခါးထစ်တွေမှာ ကျွန်မ ခြေစုံရပ် ကျန်နေခဲ့ပါသည်။ ထိုအကြောင်းကို သူငယ်ချင်းကို ပြောပြမိရင်း နောက်တခါ သူနှင့်တွေ့လျှင် ပြုံးရယ်ပြကာ နှုတ်ဆက်လိုက်မည်ဟု တီးတိုး တိုင်ပင်ခဲ့ပါသည်။ သို့သော် ဝမ်းနည်းစရာ… သူနှင့် ကျွန်မ နောက်တခါ တေ့တေ့ဆိုင်ဆိုင် မကြုံကြိုက်ခဲ့ပါ။

နောက် နှစ်ရက်ကြာသောအခါ သူနှင့်ဆင်တူ ကချင်လွယ်အိပ် အနီရောင်လေးကို ကျွန်မ ဝယ်ယူခဲ့မိပါသည်။ လွယ်အိပ်အသစ်နှင့် ကျွန်မကို သူငယ်ချင်းက သရော် လှောင်ပြောင်ရိပ်ကင်းသော အပြုံးစစဖြင့် ကြည့်ရင်း ခေါင်းတညိတ်ညိတ် လုပ်နေပါသည်။ ထိုအခါ ကျွန်မက အို… ကျောင်းမှာ ကချင်လွယ်အိပ် အနီရောင် လွယ်တဲ့သူတွေ တပုံကြီးမှ တပုံကြီး… ဟု ရှက်ရှက်နှင့် ဆင်ခြေပေးမိပါသည်။

Mid Term ပိတ်ပြီး ကျောင်းပြန်ဖွင့်သောအခါ မေဂျာအလိုက် အားကစားပြိုင်ပွဲများ ကျင်းပပါသည်။ ထိုအခါ ကျွန်မတို့လည်း ယှဉ်ပြိုင်သမျှ ပွဲတိုင်းမှာ ကိုယ့်မေဂျာမှ ကိုယ့်မေဂျာ သည်းသည်းလှုပ်အောင် အားပေးခဲ့ကြပါသည်။ တညနေ ဘတ်စကက်ဘောပြိုင်ပွဲနားကို ရောက်သွားသောအခါ ကျွန်မတို့ လုံးဝ မျှော်လင့်မထားသော ကစားသမားတယောက်မှာ သူ ဖြစ်နေလေသည်။ လှပ သပ်ရပ်သော သူ၏ ကစားကွက်များကို မင်သက်စွာ ငေးကြည့် အံ့ကြနေမိသူမှာ ကျွန်မသာ…။ ထိုနေ့ကပွဲမှာ ကျွန်မတို့ မေဂျာက အနိုင်ရခဲ့ပြီး အိမ်ပြန်ရောက်သောအခါ ကြိမ်းစပ် နီရဲနေသော လက်ဖဝါးများကို ဆေးလိမ်းရပါသည်။ ပြီးတော့ နောက်ထပ် နှစ်ရက် သုံးရက်လောက်အထိ အသံတွေလည်း ဝင်နေခဲ့ပါသေးသည်။

သည်လိုနှင့် နှစ်ကုန်ခါနီး စာမေးပွဲကြီး ဖြေဆိုရန် နီးကပ်လာပါသည်။ ထိုအချိန်မှာတော့ ရီဝေပြီး တောက်ပသော မျက်ဝန်းညိုများကို အသာ မေ့ဖျောက်ကာ အိမ်ကျယ်သော သူငယ်ချင်းတယောက်ဆီမှာ ကျွန်မတို့ တဖွဲ့လုံး စာစုကျက်ကြရပါသည်။ တချို့သော ဘာသာရပ်များမှာ အုပ်စုလိုက် တယောက်ကို တယောက် ကူညီ ရှင်းလင်းပေးလျှင် စာကျက်ရ အလွန်လွယ်ပါသည်။ ထိုအချိန်မျိုးတွင် ရှင်းပြနေသော စာများကို နားမဝင်နိုင်ပဲ သူငယ်ချင်း အပေါင်းအသင်းမရှိသော သူ ဒီလောက် ခဲရာခဲဆစ် စာတွေကို တယောက်တည်း ဘယ်လိုများ ကျက်နေပါလိမ့်ဟု ပူပူပင်ပင် အတွေးနယ်ချဲ့နေသူမှာ ကျွန်မဖြစ်ပါသည်။ ကျွန်မကသာ စိတ်တွေပူနေတာ… သူကတော့ ဘာမှ သိလိမ့်မည် မဟုတ်ပါ။

သည်လိုနှင့် နောက်ဆုံးနှစ် စာမေးပွဲရက်များကို ရောက်လာခဲ့သည်။ ဒီစာမေးပွဲများ ပြီးသွားလျှင် နောက်ကို သူနှင့် တွေ့ဆုံရန် အခွင့်အရေး မရှိနိုင်တော့ ဟု ကျွန်မကိုယ်တိုင် သေချာနေခဲ့သည်။ ထို့ကြောင့် စာမေးပွဲ နောက်ဆုံးနေ့မှာတော့ ကြိုတင်ကြံစည်ထားခဲ့သည့်အတိုင်း ကျွန်မ သူ့ကို အရဲစွန့်ပြီး နှုတ်ဆက်ရန် (သို့မဟုတ်) အနည်းဆုံးတော့ ပြုံးပြခွင့်ရရန် သူနှင့် မျက်နှာချင်းဆိုင်ခွင့်ရရန် ကြိုးစားခဲ့မိပါသည်။ သို့သော် ထိုနေ့က ကျွန်မ ကံမကောင်းပါ…။ ကျွန်မ စာမေးပွဲခန်းထဲမှ ၁၅ မိနစ်ခန့် စောထွက်ပြီး သူ ထွက်အလာကို စောင့်နေခဲ့သော်လည်း ဘယ်လိုက ဘယ်လိုဖြစ်သွားသည်မသိ၊ သူနှင့်ကျွန်မ လွဲသွားကြသည်။ အတန်းထဲမှာ လူအားလုံးကုန်သည့်အထိ သူ့ကို မတွေ့ရသောအခါ သူ့ကားလေး ရပ်နေကျနေရာကို သွားကြည့်မိသည်။ သူရပ်နေကျ နေရာမှာ ကားလေး မရှိတော့ပါ။ ဒါဆို သူ ပြန်သွားပြီပေါ့…။ ထိုအချိန်လေးမှာ ကျွန်မ အလွန်အမင်း ဝမ်းနည်းနေခဲ့ပါသည်။

ထို့နောက်မှာတော့ ကျွန်မကိုယ် ကျွန်မ မသိလိုက်ခင်မှာပင် ခြေလှမ်းများက ကျောင်းသားရေးရာဌာနဆီသို့ ဦးတည်နေမိလျက်သား…။ ဘာအတွက်ဟု မရေရာ မသေချာသော်လည်း ကျောင်းသားရေးရာဌာနမှ ကျွန်မနှင့် သိနေသော အန်တီကြီးတယောက်ထံမှ တဆင့် သူ့အိမ်လိပ်စာကို ရလာခဲ့ပါသည်။ သည်လိုနှင့် ကျောင်းပိတ်ပြီး နှစ်ပတ်ခန့်အကြာတွင် အိမ်ကလူကြီးများ မသိအောင် ကားခိုးမောင်းကာ သူ နေထိုင်ရာ လမ်းထိပ်ကို မယောင်မလည်နှင့် ရောက်သွားခဲမိ့ပါသည်။ သို့သော်လည်း ကားမောင်းတတ်ခါစ ဖြစ်နေသည်က တကြောင်း၊ အိမ်ကမသိအောင် တိတ်တိတ်လေး ခိုးမောင်းလာသည်က တကြောင်း၊ လမ်းမှာ အသိမိတ်ဆွေများနှင့် တိုးမည်ကို ကြောက်သောစိတ်၊ သူ နေထိုင်ရာ အနီးအနားကို မဆီမဆိုင် ကျူးကျော် ရောက်ရှိလာသော ကျွန်မကို သူ တွေ့မြင်သွားလေမလားဟု စိုးရွံ့သောစိတ်တို့ဖြင့် လူတကိုယ်လုံး ထူပူကာ ဘေးဘီဝဲယာကို အနည်းငယ်မျှ စောင်းငဲ့မကြည့်ရဲပဲ အိမ်သို့ ပြန်ရောက်လာပါသည်။ ထိုနေ့ညမှ စတင်ကာ တပတ်တိတိ ကျွန်မ အပြင်းဖျားပါသည်။ သေချာပါသည်… သူကတော့ ဘာဆို ဘာမှ သိလိမ့်မည် မဟုတ်ပါ။

ဘယ်သူမှ မသိလိုက်သော၊ သိဖို့လည်း မကြိုးစားခဲ့မိသော သံယောဇဉ်အပိုင်းအစလေး တခုသည် ဘယ်သူမှ မသိလိုက်ခင် အချိန်မှာပင် အလိုအလျောက် ပျက်ပြယ်သွားခဲ့ပြီပဲ ဟု တွေးရင်း တချို့သော အချိန်တွေမှာ သူ့ကို သတိတရရှိလိုက်၊ တချို့အချိန်တွေမှာ မေ့မေ့ပျောက်ပျောက်ဖြစ်လိုက်နှင့်...။ ထို့နောက်မှာတော့ လှပပြီး သာယာသော ဘဝတခုမှာ အလိုက်သင့် အလျားသင့် စီးမျော ပျော်ဝင်ရင်း... သူ ဘယ်များရောက်နေပါလိမ့်ဟု ရံဖန်ရံခါမှသာ သတိရဖြစ်တော့သည်။ သည်လိုနှင့် ဆယ်စုနှစ်တခုမက ဖြတ်သန်း လွန်မြောက်လာခဲ့ပြီ ဖြစ်သည်။

* * * * * * *

တအံ့တသြမျက်နှာဖြင့် ဖုန်းပြောနေသော ကျွန်မကို အမျိုးသားက အထူးတဆန်း ဖြစ်လို့နေခဲ့သည်။ ဖုန်းပြောအပြီးမှာ ဖုန်းခေါ်လာသောသူသည် နှစ်ပေါင်းများစွာ ကွဲကွာနေသော ကျောင်းနေဘက် ယောက်ျားလေး သူငယ်ချင်းတယောက် ဖြစ်ကြောင်းနှင့် အဆင်ပြေလျှင် တကြိမ်တခါမျှ တွေ့ဆုံလိုကြောင်း ပြောပြသောအခါ အမျိုးသားက ကြည်ဖြူစွာပင် အိမ်ကို ထမင်းစားဖိတ်ခွင့် ပေးခဲ့သည်။

အိမ်ကို လာလည်သောနေ့မှာ သူ၏ ဟန်ဆောင်မှုကင်းပြီး ရိုးသားသန့်စင်သော မျက်ဝန်းညိုများနှင့် ပျူငှာစကား သွက်လက်စွာ ဆိုတတ်မှုတို့ကြောင့် တခဏအတွင်းမှာပင် ကျွန်မအမျိုးသားနှင့် သူ ငယ်ပေါင်းကြီးဖေါ်များပမာ အကျွမ်းတဝင် ရင်းနှီးကာ စကားလက်ဆုံ ကျသွားလေတော့သည်။ ထမင်းဝိုင်းတွင် ဘေးနားမှနေ၍ လိုအပ်သည်များကို ဖြည့်စွက်ပေးရင်း ကျွန်မက နားထောင်သူ သက်သက်သာ…။ သူတို့ပြောနေကြသော အကြောင်းအရာတွေက ကျွန်မ နားမလည်သော နိုင်ငံရေးတွေလည်း ပါသည်… သူ လက်ရှိ အလုပ်လုပ်နေသော ဓါတ်ငွေ့တွေအကြောင်း၊ ရေနံချက်စက်ရုံတွေအကြောင်းလည်း ပါသည်၊ ပြီးတော့ သစ်တော ပြုန်းတီးမှုတွေနှင့် အတူ မြန်မာ့ ကျွန်းသစ်တွေအကြောင်းလည်း ပါသေးသည်။

သူတို့ပြောသမျှကို တိတ်ဆိတ်စွာ ငေးမောနေသော ကျွန်မကို သူက သားလေးနှစ်ယောက်ရှိသော သူ့မိသားစုလေးအကြောင်း ပြောပြရင်း စကားဝိုင်းအတွင်း ခေါ်သွင်းခဲ့တာဖြစ်သည်။ သားကြီးက ငါးနှစ်၊ သားငယ်လေးက နှစ်နှစ် တဲ့…။ မိန်းမပီပီ သူ အိမ်ထောင်ကျသောခုနှစ်ကို စိတ်ထဲမှာ အပြေးအလွှား ခန့်မှန်းကြည့်မိသေးသည်။ ထိုနေ့က စကားတွေကောင်းပြီး ည ၁၁ နာရီလောက်မှ သူ ပြန်သွားသည်။ မကြာခင် သူ့မိသားစု လိုက်လာကြတော့မှာဖြစ်ပြီး ထိုအခါကျမှ တခေါက် လာလည်အုံးမည်ဟုလည်း ပြောသွားသေးသည်။ စကားနည်း အေးဆေးကာ မိတ်ဆွေအပေါင်းအသင်းလည်း နည်းပါးသော ကျွန်မအမျိုးသားက သူ့ကို နှစ်လိုစွာ ရင်းနှီး ခင်မင်သည်ကို တွေ့ရတော့ ကျွန်မ ဝမ်းသာမိပါသည်။

ပြီးတော့… သူ…
ကျောင်းတုန်းက ကျွန်မကို စိုးစဉ်းမျှ သတိထားမိလိမ့်မည် မဟုတ်ဟု ထင်ထားသော်လည်း ဆယ်စုနှစ်တခု လွန်မြောက်လာသည်အထိ ကျွန်မကို မှတ်မှတ်ထင်ထင် ရှိနေခြင်းနှင့် ကျွန်မကို သတိတရ ရှာဖွေ ဆက်သွယ်လာခြင်းများအပေါ်မှာ မယုံကြည်နိုင်လောက်အောင် မှင်သက် အံ့သြမိနေဆဲ…။ နောက်တနေ့မှာ ထို့ထက် ပိုမိုအံ့သြစရာတခုကို သူ ပြုမူခဲ့တာဖြစ်သည်။ ကျွန်မ၏ ဖုန်းထဲကို သူ့သား ဓါတ်ပုံလေးတွေ ပို့လာပြီး သားလေးတွေ၏ အမည်ကိုပါ ရေးပြ မိတ်ဆက်လာခဲ့တာ ဖြစ်သည်။ အံ့သြစရာမှာ သူ့ သားလေးနှစ်ယောက်၏ နာမည်စာလုံး သုံးလုံးအနက်မှ နောက်ဆုံးစာလုံးသည် ကျွန်မနာမည်၏ နောက်ဆုံးစာလုံးနှင့် တထပ်တည်း တူညီနေခြင်းပင် ဖြစ်သည်။

အရာရာကို သေချာချင်သော ကျွန်မသည် အလကားနေရင်း လောဘကလည်း ပုတ်လောက်ကြီး ကြီးချင်နေသေးသည်…။ ထိုဓါတ်ပုံလေးနှင့် နာမည်များကို လက်ခံရရှိပြီးချိန်မှာ ကျေးဇူးတင်စကားပင် ပြန်မဆိုနိုင်ပဲ သိချင်လှသော မေးခွန်းတခုကို ဒရောသောပါးနိုင်လှစွာ မေးခဲ့မိသည်။ ကျွန်မသိလိုသောအရာကို သူကလည်း ချက်ချင်းပင် မဆိုင်းမတွ အဖြေပေးခဲ့ပါသည်။ ထိုအချိန်မှာ သူ ပြုံးကောင်း ပြုံးနေပါလိမ့်မည်။ ကျွန်မ၏ မေးခွန်းမှာ “ကျေးဇူးပြုပြီး ရှင့် အမျိုးသမီးနာမည်လေးများ ပြောပြနိုင်မလား” ဟု ဖြစ်ပြီး သူပြန်ဖြေလာသော အဖြေထဲမှာ ကလေးတွေနာမည်နှင့် ဆင်ဆင်တူသော စာလုံး တလုံးတပါဒမှ မပါဝင်ပါ။

လုံးဝ မျှော်လင့်မထားခဲ့ပါ…။
ကျောင်းတက်ရက်များထဲမှာ တယောက်ကိုတယောက် မသိလိုက် မသိဖာသာ နေခဲ့ကြရင်း အကြည့်တချက်၊ အပြုံးတစ ဖလှယ်ရန် ဝေးစွ… မျက်နှာချင်းပင် တည့်တည့် မဆိုင်ခဲ့ဖူးသော၊ ကျွန်မ၏ တိတ်တခိုး ချစ်ခင် နှစ်လိုမှုကို သူသိသာ မြင်သာအောင် မည်သည့်နည်းနှင့်မျှ မဖေါ်ပြခဲ့ဖူးသော၊ အတန်းဖေါ်တွေထဲမှာ ဘာမှ မထူးခြားသော ကျွန်မလိုလူတယောက်ကို ယခုကဲ့သို့ မှတ်မှတ်သားသား သတိထားမိလိမ့်မည်ဟု လုံးဝ လုံးဝ မျှော်လင့်မထားခဲ့ပါ။

အံ့သြစရာကောင်းလောက်အောင် တိတ်ဆိတ် လျှို့ဝှက်နိုင်ခဲ့သော သူ့ထံမှ သံယောဇဉ် တစွန်းတစကို နှစ်ပေါင်း များစွာကြာမြင့်မှ သိခွင့်ရခဲ့ခြင်းအတွက် ကျွန်မ ဝမ်းနည်း ဝမ်းသာ ဖြစ်ရပါသည်။ သို့သော်လည်း ကျွန်မ ကျေနပ်ပါသည်။ လေးနက် လှပသော… ပြီးတော့ ဖြူစင် သန့်ရှင်းသော သံယောဇဉ်ကြိုးစများနှင့်အတူ ငယ်ငယ်က နှစ်သက်ခဲ့ဖူးသော သူ့ မျက်ဝန်းညိုများကို ကျွန်မ တသက်စာ အမှတ်တရ သိမ်းဆည်းသွားမည်သာ…။

သက်ဝေ
၇ နိုဝင်ဘာ ၂၀၁၁

Wednesday, December 14, 2011

ကာရန်မဲ့ညနေ


ဒီဇင်ဘာရဲ့အိပ်မက်ဟောင်းတွေဟာ မနေ့ တနေ့ကလို နွေးထွေး လတ်ဆတ်ဆဲ အဲဒီ အိပ်မက်ဟောင်းတွေကို ပွေ့ပိုက် သယ်ဆောင်ရင်း ပြာမှိုင်းမှိုင်းညနေတခုမှာ တယောက်တည်း လမ်းလျှောက်လာခဲ့တယ် အောချတ် လမ်းမကြီးပေါ်မှာ ဒီဇင်ဘာညနေခင်းတွေရဲ့ သင်္ကေတ အရောင်စုံ မီးပွင့် မီးခိုင်တွေက မျက်စိကျိန်းစရာ ပျိုးပျိုးပြက်ပြက် လင်းလက်လို့ ပြုပြင်မှုလွန်ကဲပြီး သဘာဝရဲ့ အနှစ်သာရ ကွယ်ပျောက်နေတဲ့ ထင်းရှုးပင်အတုတွေကလည်း နေရာတကာမှာ စူးစူးရှရှ ထိုးထိုးထောင်ထောင်နဲ့ ဖြူပွပွ ဆပ်ပြာမြှုပ်တွေဟာ အတုအယောင် နှင်းမှုန်တွေအဖြစ် ဟန်ဆောင်ပန်ဆောင် အပြုံးတုတွေ ဝေလို့ လမ်းဘေးပလက်ဖေါင်း တဖက်တချက်မှာ နိုင်ငံတကာက လူမျိုးခြားတွေရဲ့ ဘာသာစကားပေါင်းစုံကို ကာရန် မညီမညွတ်နဲ့ အတိုင်းသား ကြားနိုင်တယ် အဲဒီ ပလက်ဖေါင်းပေါ်မှာပဲ ကဗျာလွတ် ကပြ အသုံးတော်ခံနေတဲ့သူ အပြည်ပြည်ဆိုင်ရာ တေးဂီတသံစဉ်တွေ သီဆို ဖြေဖျော်နေတဲ့သူ ကြိမ်ပုတီးလုံးတွေကို ခါးမှာပတ် တပတ်ပြီး တပတ် လှည့်ပြနေတဲ့သူ သူတို့တွေနဲ့အတူ ရေခဲမုန့်လှည်းတွေကလည်း ကြိုးကြား ကြိုးကြား ရှိနေတယ် ကြော်ငြာဆိုင်းဘုတ်တွေ အလှဆင် မီးရောင်တွေနဲ့ ကုန်တိုက်ကြီးတွေပေါ်မှာ သူ့ထက်ငါ တိုးဝှေ့ ပြေးလွှား အမျိုးအမည် စုံလင်လှတဲ့ ပစ္စည်းတွေ လျှော့ဈေးချတဲ့ အချိန် နေရာတိုင်းမှာ တန်းစီ ယဉ်ကျေးမှု ထွန်းကားတယ် အရာရာမှာ သုတ်သီးသုတ်ပြာနဲ့ အလိုလိုနေရင်း အရေးတွေကြီးနေတတ်တဲ့ ခွင့်ပြုပါ ငါ့ကို ခွင့်ပြုပါ လို့ တစာစာ ရွတ်ရင်း အပြေးတပိုင်းနဲ့ တွန်းတွန်းတိုက်တိုက် သွားလာနေတတ်တဲ့ ကျွန်းသူ ကျွန်းသားတွေရဲ့ စိတ်ရှည် သည်းခံနိုင်စွမ်းကို ဒီနေရာမှာ အထင်းသား တွေ့နိုင်တယ် အများသူငါလို တိုးဝှေ့ တမေ့တမော တန်းစီပြီး မစောင့်ဆိုင်းနိုင်တဲ့သူတယောက်အတွက် နေရာက အလွဲ အချိန်က အလွဲ အရာရာဟာ လွဲချော် မှားယွင်းနေတော့တာ လူရေစီးကြောင်းကြီးနဲ့ ဆေးလိပ်မီးခိုးတွေကို အတတ်နိုင်ဆုံး ရှောင်ရှားရင်း လူဦးရေ ထူထပ်မှု နည်းမယ်လို့ ထင်ရတဲ့နေရာကို လျှောက်လာခဲ့တယ် တကယ်တော့ ဒါဟာ အပြန်လမ်းပဲလို့ ရုတ်တရက် သိလိုက်တယ် မပြောင်းလဲနိုင်တဲ့ သတိရခြင်းတွေကတော့ ကိုယ်နဲ့အတူတူ ထပ်ချပ်မကွာ တပါတည်း လိုက်ပါ လျှောက်လှမ်းလို့ အမှတ်တရ မှာဖြစ်လိုက်တဲ့ မိုခါးတခွက်ဟာ သတိရခြင်းတွေကို နှစ်ဆမက တိုးပွားစေခဲ့တယ် အဲဒီသတိရခြင်းတွေကို အရည်ပျော်လို ပျော်ငြား မိုခါးပူပူထဲ စိမ်လိုက်တယ် အဲဒီနောက် စားပွဲပေါ် မေးထောက်လို့ လမ်းတလျှောက်ကို အေးအေးသက်သာပဲ ငေးကြည့်နေလိုက်တော့တယ် လှမ်းမြင်နေရတဲ့ စိန့်မာတင်လမ်းကြားမှာ သစ်ရွက်ဟောင်းတချို့ မိုးရေတွေ စိုစိုစွတ်စွတ်နဲ့ ချမ်းချမ်းစီးစီး လှဲလျောင်းနေကြတယ် သူတို့ကို ကြည့်နေမိတဲ့ အကြည့်တွေမှာလည်း မိုးရေတွေ စိုစွတ်လာသလို ခံစားရတယ် ခေါင်းလောင်းတီးပြီး အလှူခံနေတဲ့သူတွေကို တွေ့တော့ ဆူနာမီ နှစ်ပတ်လည်ကို ရောက်တော့မယ်ဆိုတာ သတိရသွားတယ် မကြာခင်မှာ ခရစ်စမတ်ကို ရောက်တော့မယ် နှစ်သစ် တနှစ် ကူးတော့မယ် ပြီးတော့ အသက်တနှစ် ပိုကြီးလာတော့မယ် ကြည့်ပါအုံး… တဖြည်းဖြည်းနဲ့ ညက မှောင်လာတယ် လမ်းပေါ်မှာ မီးရောင်တွေ ပိုလင်းလာတယ် ကားတွေ အသွားအလာ ကျဲပါးစ ပြုလာပြီ ခုနက ကြိတ်ကြိတ်တိုးနေတဲ့ လမ်းသွားလမ်းလာတွေ စဲ စ ပြုလာပြီ ထိုင်နေတဲ့ ကော်ဖီဆိုင် မှောင်မှောင်လေးမှာလည်း လူရှင်း စ ပြုလာပြီ စားပွဲပေါ်က မိုခါးတခွက် တဝက်တပျက်နဲ့ အေးစက်ခဲ့ပေမယ့် အတွေးထဲက သတိရခြင်းတွေကတော့ နွေးထွေးဆဲ ဘယ်အချိန်ရောက်ရောက် ဘယ်နေရာရောက်ရောက် ဘယ်တော့မှ ဖယ်ခွာ မေ့ဖျောက် ချန်လှပ်ထားလို့ မရနိုင်တဲ့ သတိရခြင်းတွေကို နှုတ်တိုက် ရေရွတ်ပြနေစရာ မလိုပဲ နေရာမှန်ကို ရောက်သွားစေဖို့ မမေ့မလျော့ လှမ်းပို့လိုက်ပါတယ် တကယ်တော့ ဒါဟာ တနှစ်စာ…



Thursday, December 1, 2011

F-R-A-U-D

Credit Card သုံးကြသူတွေအတွက် ကိုယ်တိုင် ကြုံခဲ့ရတဲ့ အကြောင်းလေး ဝေမျှလိုက်ပါတယ်…။

မကြာသေးတဲ့ ရက်ပိုင်းအတွင်းက ကိုယ့် DBS Credit Card Bill ထဲမှာ စကာင်္ပူဒေါ်လာ ၃၀၀ ကျော် အပိုပါနေတာ တွေ့လိုက်တယ်။ သုံးထားတဲ့နေရာက Orchid Country Club မှာပါ။ အဲဒီနေရာဟာ ကိုယ်နဲ့ရော ကိုယ့်မိသားစုနဲ့ပါ ဘယ်လိုမှ အဆက်အစပ်မရှိတဲ့ နေရာတခုဖြစ်ပြီး သုံးထားတဲ့ အချိန်ကလည်း စနေနေ့ နေ့လည် ၁၂ နာရီကျော်မှာပါ…။ အဲဒီနေ့ အဲဒီအချိန်မှာ ကိုယ်က မိသားစုနဲ့ အပြင်မှာ ထမင်းစားနေတဲ့ အချိန် ပြီးတော့ အဲဒီ Credit Card ကလည်း ကိုယ်နဲ့ မကွာ ရှိနေတယ်။ အဲဒီကိစ္စကို တနင်္လာနေ့ညမှာ သိပြီး သိသိချင်း ဘဏ်ကို ဖုန်းဆက် အကျိုးအကြောင်း ပြောပြပြီး ကဒ်ကို ပိတ်ခိုင်းလိုက်ပါတယ်။ ဘဏ်က အဲဒီ Orchid Country Club ကို ဆက်သွယ်ပြီး ဘယ်လို ဖြစ်သလဲ အရင်စုံစမ်းပါလို့ ပြောတယ်။

ဒါနဲ့ နောက်တနေ့ မနက်မှာ အဲဒီ Orchid Country Club ကို ဆက်သွယ်ပါတယ်။ Orchid Country Club ရဲ့ Reception ကနေ တဆင့် Account Dept. ကို လွှဲပေးတယ်။ Account Dept. က ဒီစုံစမ်းမှုကို Official ဖြစ်စေဖို့ Email ပို့ ခိုင်းပါတယ်။ နှစ်ရက်အကြာမှာ သူတို့ဆီက စာပြန်လာပါတယ်။ သူတို့ဆီက ပြန်လာတဲ့ မှတ်တမ်း မှတ်ရာတွေအရ J နဲ့စတဲ့ နာမည်၊ စကာင်္ပူ နေရပ်လိပ်စာ အပြည့်အစုံနဲ့ အမျိုးသမီးတယောက် အဲဒီ Orchid Country Club မှာ တညတာ လာရောက် တည်းခိုအပြီးမှာ ကျသင့်ငွေကို ပေးသွားတာပါ။ Hotel တွေရဲ့ ထုံးစံအတိုင်း Check-in လုပ်တဲ့ အချိန်မှာ အဲဒီအမျိုးသမီးရဲ့ ကဒ်ကို Online Transaction နဲ့ Verify လုပ်ထားပါတယ်။ ပြီးတော့ သူ Check-out လုပ်တဲ့ အချိန်မှာမှ ကိုယ့်ကဒ်နံပါတ်နဲ့ ကျသင့်တဲ့ ပိုက်ဆံ ဒေါ်လာ ၃၀၀ ကျော်ကို ယူထားတာပါ။

ဂဏန်း ၁၆ လုံးစီပါတဲ့ Credit Card မှာ တိုက်တိုက်ဆိုင်ဆိုင် သူ့ရဲ့ ကဒ်နံပါတ်နဲ့ ကိုယ့်နံပါတ်နဲ့က နောက်ဆုံး ဂဏန်း သုံးလုံးပဲ ကွာပါတယ်။ ပြဿနာက ဘာလဲဆိုတော့ အဲဒီ ပိုက်ဆံယူတဲ့နေရာက Credit Card ကို Offline Transactions နဲ့ ကဒ်နံပါတ် ၁၆ လုံးကို တလုံးချင်းစီ နှိပ်ပြီး ပိုက်ဆံယူလိုက်တဲ့ ကိစ္စပါပဲ။ အဲဒီလို နံပါတ်တွေ နှိပ်တဲ့အချိန်မှာ နောက်ဆုံးနံပါတ် သုံးလုံး မှားနှိပ်မိတာ လို့ Orchid Country Club ရဲ့ တာဝန်ရှိပုဂ္ဂိုလ်က ရှင်းပြပါတယ်။

ကိုယ့်အတွက်တော့ Credit Card ကို Offline ကနေ နံပါတ်နှိပ်ပြီး ပိုက်ဆံယူတဲ့အဖြစ်ကို ဒါ ပထမဆုံးအကြိမ် ကြားဖူးတာပါ။ ဟိုအမျိုးသမီးကတော့ သူ့ရှေ့ Bill လာချရင် လက်မှတ်ထိုးလိုက်မှာပဲ၊ ကိုယ်တိုင်လည်း ဈေးဝယ်ပြီးရင် ကိုယ့်ရှေ့ကို Bill ရောက်လာရင် နံပါတ်တွေ ဘာတွေ ဘယ်ကြည့်ဖြစ်မှာလဲ၊ ဒီလိုပဲ လက်မှတ်ထိုးပေးလိုက်ကြတာပဲ မဟုတ်လား။ ဒါပေမယ့် ကိုယ့်ကဒ်နံပါတ်နဲ့ သူများလက်မှတ်ကြီးနဲ့ ဖြစ်နေတဲ့ ဒီကိစ္စမှာ Cashier က Payment ကို Offline Transactions နဲ့ ယူတာ ဘာကြောင့်လဲ… ဒါ ရိုးရိုးသားသား ဟုတ်ရဲ့လား လို့ တွေးစရာရှိတယ်။ အဲဒီအချိန်မှာ တာဝန်ကျ Cashier ဘယ်သူလဲ လို့ မေးတော့ အဲဒီပုဂ္ဂိုလ်က နာမည် မပြောပြပါဘူး ပြီးတော့ အဲဒီလို Offline က ယူတာ ထုံးစံပါပဲလို့ ပြောတယ်…။ သူ အဲဒီလို ပြောပေမယ့် စိတ်ထဲမှာ သူတို့ဝန်ထမ်းတွေဖက်က ကာကွယ်ပြီး ပြောတယ်လို့ပဲ ထင်နေမိတယ်။ (Hotel လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့သူများ Check-Out လုပ်ရင် ဒီလို Offline နဲ့ ပိုက်ဆံယူကြတယ်များ ကြားဖူးပါသလား… သိရင် ပြောပြပေးစေချင်ပါတယ်)

ဒီကိစ္စဟာ Fraud Transaction မို့ ရဲတိုင်ပြီး အမှုဖွင့်ချင် ဖွင့်ပါ လို့ Bank က ပြောတယ်။ ရဲတိုင်မယ်ဆို Orchid Country Club က တာဝန်ရှိတဲ့သူတွေ၊ အဲဒီအချိန်မှာ တာဝန်ကျနေတဲ့ Cashier... ပြီးတော့ အဲဒီ J နဲ့ စတဲ့ အမျိုးသမီး... Hotel Reception က CCTV... စာရွက်စာတမ်း အထောက်အထားတွေ… စတာတွေနဲ့အတူ တိုင်လို့ရနိုင်ပါတယ်။ ဒါပေမယ့် ကိုယ်လည်း ဒီအမှုမှာ တချိန်လုံး ကန့်လန့် ကန့်လန့် နဲ့ ပါနေမှာလေ။ Orchid Country Club က သူတို့ အမှားမို့ ဒီ ပိုက်ဆံကို ပြန်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် Banking တို့ရဲ့ ထုံးစံအတိုင်း ဒီ Bill ကိုတော့ ဆောင်လိုက်ရမယ် သူတို့ ပြန်ပေးမယ့် ပိုက်ဆံကတော့ ရက်ပေါင်း ၆၀ ကျော် ကြာမှ ဝင်မယ်။ ဒီတော့ ကိုယ်တိုင်က ရုံးရောက် ဂါတ်ရောက်နဲ့ အလုပ်ရှုပ် မခံနိုင်တော့တဲ့အတွက် ရဲတိုင်ဖို့ကိစ္စကို လက်လျှော့လိုက်ပါတယ်…။

ဒီနေရာမှာ ပြောချင်တဲ့ အရေးအကြီးဆုံး အချက်ကတော့ Credit Card တခုရဲ့ လုံခြုံမှုပါ။ Credit Card တွေကို ထပ်မပွားနိုင်အောင် Chip တွေ ထည့်လိုက်တာလည်း အားလုံး အသိပဲ။ Credit Card ကို သုံးပြီး Online မှာ တခုခု ဝယ်တော့မယ် ဆိုရင် (၅ ဒေါ်လာ ၁၀ ဒေါ်လာ ကစလို့) ကဒ်နံပါတ် ရိုက်ထည့်ပြီးရင် CCV ဆိုတဲ့ နံပါတ် ၃ လုံးကို ထည့်ကြရတယ်။ ဒီကမှတခါ ပိုပြီး လုံခြုံအောင် Hand Phone ထဲကိုလာတဲ့ OTP (One Time Password) ဒါမှမဟုတ် Bank တွေက ပေးထားတဲ့ IB Message Token လေးတွေကို နှိပ်… ဒီလို အဆင့်ဆင့် ဖြတ်ကျော်ပြီးမှ အသုံးပြုလို့ ရတယ် မဟုတ်လား။ အခုအတိုင်းဆို အဲဒါတွေအားလုံး Rubbish ပဲပေါ့…။

Credit Card တခုကို နံပါတ် ၁၆ လုံး သိရုံနဲ့ ဘယ်နေရာကမဆို Offline ကနေ သုံးလို့ရသလို ဖြစ်မနေပေဘူးလား။ ပြီးတော့ နံပါတ် ၁၆ လုံးကို ရိုက်ချင်သလို (Random) ရိုက်ပြီး ကျရာ နံပါတ်မှာ Offline နဲ့ အလွယ်တကူ ပိုက်ဆံသုံးလိုက်လို့ ရသလို ဖြစ်မနေပေဘူးလား။ တခါ Credit Card နံပါတ် ၁၆ လုံးမှာ ရှေ့ဆုံး ၄ လုံးက Bank Code မို့ ဆင်တူတယ်ထား… ကျန်တဲ့ နံပါတ် ၁၂ လုံးမှာ ၉ လုံး တူပြီး နောက်ဆုံး ၃ လုံးပဲ လွဲတယ်ဆိုတာရော ဖြစ်သင့်သလား...။ မေးခွန်းတွေ အများကြီးပါ။

အခု အဖြစ်အပျက်မှာ သုံးထားတဲ့ ပိုက်ဆံက စင်္ကာပူဒေါ်လာ ၃၀၀ ကျော်ဆိုတော့ သိပ်မနည်းပေမယ့် သိပ်များလှတယ်လို့လည်း မဆိုနိုင်ဘူး။ မပေးမဖြစ် ပေးရတော့မယ်ဆို ပေးနိုင်တဲ့ အခြေအနေမှာ ရှိသေးတယ်…။ ဒါပေမယ့် ဒီ့ထက်များတဲ့ Amount ဆို ဘယ်လိုလုပ်ကြမလဲ။ ပြီးတော့ အခု သုံးတဲ့နေရာက ဒီစင်္ကာပူမှာ… ချက်ချင်း ဖုန်းဆက်လို့ ရတဲ့နေရာ၊ မတတ်သာလို့ လူကိုယ်တိုင် သွားရစေဦးတော့ နာရီဝက်အတွင်း အရောက် သွားနိုင်တဲ့ နေရာ…။ တကယ်လို့များ တခြား တနိုင်ငံ ကိုယ်လက်လှမ်းမမှီတဲ့ နေရာကနေ တကြိမ်ထဲနဲ့ Credit Limit ကုန်အောင် သုံးသွားရင် ဘယ်လိုရှင်းရပါ့မလဲ…။

ပြီးတော့ ဒီပုံအတိုင်းဆိုရင် ကိုယ့် Credit Card က နံပါတ်တွေကို လူမမြင်အောင် သေသေချာချာ သိမ်းထားရတော့မလို ဖြစ်နေပြီပေါ့။ စားသောက်ဆိုင်တွေမှာ ထိုင်ရာက မထပဲ စားပွဲထိုးကို Credit Card လေး လှမ်းပေးပြီး ပိုက်ဆံရှင်းတဲ့ အချိန်တွေမှာရော စိတ်ချရပါတော့မလား။ ဒီခေတ်ကြီးမှာ ဖုန်းတွေတိုင်းမှာ ကင်မရာတွေ ပါနေကြတာ… ကိုယ့် ကဒ်ကို ယူသွားတုန်းမှာ ရှေ့ရော နောက်ပါ ဓါတ်ပုံရိုက်လိုက်ရင် အင်ဖေါ်မေးရှင်း အကုန်ပါသွားပြီ… တပျော်တပါး သုံးပါလေ့ပဲ…။

ပြီးတော့ Bank တွေနဲ့ ပတ်သက်လို့ ပြဿနာတခုခု ဖြစ်ပြီးရင် ပိုက်ဆံ ပြန်ရဖို့က ဟိုးနောက်ဆုံး အဆင့်မှာ… လောလောဆယ်မှာတော့ ဘာညာ မပြောနဲ့ Bill ထဲ ပါလာသမျှ အကုန်ရှင်းပေတော့ပဲ…သူတို့ ဖက်က လုံးဝ လျှော့ပေးတာ မဟုတ်ဘူး…။ (မရှင်းပြန်ရင် အတိုးက တက်လာအုံးမှာ…)

ပြီးခဲ့တဲ့ တပတ်ကတော့ ကိုယ့်အမျိုးသားက အဲဒီ DBS Bank က တာဝန်ရှိသူတယောက်ကို သူတို့ရဲ့ Credit Card လုံခြုံမှုစနစ်အကြောင်း Complaint လုပ်တဲ့ E mail တစောင် ရေးလိုက်တယ်။ ဒီကိစ္စအတွက် ကျိုးကြောင်း ညီညွတ်ပြီး ဆီလျော်တဲ့ ရှင်းလင်းချက်ပေးပါ… မင်း မရှင်းနိုင်ရင် ဒီစာကို ရှင်းပေးနိုင်တဲ့ အထက် လူကြီး (သို့) CEO အထိ တင်ပေးပါလို့ ပြောထားတယ်။ ခုထိတော့ Bill ကလွဲလို့ ဘာမှ ပြန်မလာသေးဘူး။

လောလောဆယ်မှာ ကိုယ့်မှာ ရှိနေတဲ့ အဲဒီ DBS Bank က Credit Card လေးခုကို ပြီးခဲ့တဲ့အပတ်က စလို့ တခုချင်း ဖျက်ပစ်နေပါပြီ။ ဘာလို့ဖျက်တာလဲ ဆိုတဲ့ အမေးကို လုံခြုံရေး စိတ်မချရလို့ လို့ ဖြေလိုက်ပါတယ်။ အားရလောက်စရာ ပါပဲ… သူတို့ဆီက ဘာမှ ရေရာတဲ့ တုန့်ပြန်မှု မရပါဘူး။ စင်္ကာပူနိုင်ငံရဲ့ အထင်ကရ ဘဏ်ကြီးတခုဖြစ်တဲ့ အဲဒီ DBS Bank ဟာ တဆိတ်တော့ တာဝန်မဲ့လွန်းတယ် လို့ ထင်မိတယ်။ ဘယ်မှာလဲ သူတို့ ပြောပြောနေတဲ့ လုံခြုံရေး… ဘာဆို ဘာတခုမှ မလုံခြုံဘူး…။

ကိုယ် ပေါ့ဆလို့၊ ကိုယ့်ကဒ်ပျောက်သွားလို့ မဟုတ်ပဲ အခုလို အသားလွတ်ကြီး ခံလိုက်ရတဲ့ ပြဿနာအတွက် အတော် စိတ်အနှောက်အယှက် ဖြစ်ရပါတယ်…။ ဘာ Credit Card မှ ကိုင်ချင်စိတ် မရှိတော့အောင်ပါပဲ…။ ဒါကြောင့် မိတ်ဆွေ သူငယ်ချင်းတွေကိုလည်း Credit Card နဲ့ ပတ်သက်ရင် သတိထားကြဖို့ အသိပေးချင်လို့ ဒီစာကို ရေးပါတယ်…။




Friday, November 25, 2011

ဆောင်းအိပ်မက်


ဒီနေ့ အိမ်ပြန်နောက်ကျတယ် အပြန်လမ်းတလျှောက်မှာ စောစောမှောင်တတ်တဲ့ ဆောင်းညနေတွေကို သတိရလာတာ အိမ်အဝင်ဝမှာ ယုယစရာ မလိုပဲ အရွက်စိမ်းတွေ ဝေနေတဲ့ သစ်ပင် စိမ်းစိမ်းနှစ်ပင်က ဆီးကြို နှုတ်ဆက်တယ် ဘေးနားက ဖိနပ်စင်မှာတော့ ပန်ဆယ်လ်ဟီးလ် ချွန်မြမြ နဲ့ လေဒီရှုး နက်ပြောင်ပြောင်တွေ အဲဒီ ဖိနပ်စင်ဟာ အိမ်မှာနေတဲ့ လူရဲ့အမျိုးအစားနဲ့ အသက်အရွယ် အဆင့်အတန်းကို ကိုယ်စားပြုတယ် သံဗန်းတံခါးတချပ်နဲ့ သစ်သားတံခါး တချပ်ရဲ့ အတွင်းဖက်မှာ လူးလာခေါက်ပြန် ပြေးလွှားနေကြတဲ့ ရွှေငါးတွေကို လေးထောင့်စပ်စပ် မှန်ကန်နဲ့ ထည့်ထားတယ် အနေကျဉ်းကျပ်ပေမယ့် အချိန်မှန်မှန် အစာစားနေရတဲ့ သူတို့ဘဝဟာ ဝမ်းသာစရာ မကောင်းပေဘူးလား ငါးကန်အပေါ်က နံရံမှာ အင်းလေးရေပြင် အပြာရောင်နဲ့ တိမ်လိပ်ဖြူဖြူတွေပါတဲ့ မှန်ဘောင်သွင်း ဓါတ်ပုံခပ်ကြီးကြီးတခု ချိတ်ဆွဲလို့ တချက်ကလေးမှ မငြိမ်ပဲ အစဉ်ရွေ့လျားနေပြီး လှပသလောက် အပြောင်းအလဲ မြန်တတ်တဲ့ တိမ်တိုက်တွေကို အခုလို မှန်ဘောင်ထဲ ထည့်ပြီး ထိန်းချုပ်ထားနိုင်တာ ကျေနပ်စရာပဲ ဧည့်ခန်းမှာ ချထားတဲ့ အညိုရောင် သားရေ ဆိုဖါ ခပ်ကြီးကြီးတွေဟာ ဈေးကြီးသလောက် အသုံးမကျတာ သေချာတယ် သူတို့ အသုံးမကျလို့သာ သူတို့ရှေ့မှာ ချခင်းထားတဲ့ နက်ပြာရောင် ကြမ်းခင်း ကော်ဇောတွေ တဖြည်းဖြည်းနဲ့ အမွေးတုံး အရောင်လွင့်လာခဲ့တာ တကယ်ဆိုရင် အခုလို ညအချိန်မျိုးမှာ ဧည့်ခန်းထဲက ရုပ်မြင်အသံလွှင့်စက်မှာ ဟေမာနေဝင်းရဲ့ စပါယ်တွေ ပွင့်ပြီ မောင် ဒါမှမဟုတ် Micheal Buble ရဲ့ Home လိုမျိုး သာယာငြိမ့်ညောင်းတဲ့ သီချင်းသံ ခပ်တိုးတိုးလေး ထွက်နေသင့်တယ်လို့ မထင်ဘူးလား အခုတော့ ကမ္ဘာအရပ်ရပ်က အနိဌာရုံမြင်ကွင်းတွေက စက္ကန့် မိနစ်တိုင်းကို လွှမ်းမိုးလို့ တော်ပါတော့ လို့ တီးတိုးရေရွတ်ရင်း အဝေးထိန်းခလုတ်ကို နှိပ်လိုက်တယ် သွေးစက်တွေနဲ့ လွတ်ရာ လွတ်ကြောင်းကို ရှာနေကာမှ ထမင်းစားခန်းက စားပွဲပေါ်မှာ မီးမညှိရသေးတဲ့ အနီရဲရဲ ဖယောင်းတိုင် သုံးတိုင် တွေ့တယ် အရည်ပျော် လောင်ကျွမ်းစေချင်တဲ့ တနေ့မှာ အားလုံးကို မီးပုံရှို့ပစ်မိမှာပဲ ထမင်းစားပွဲပေါ်မှာ မနက်က သောက်လက်စ အနက်ရောင် ကော်ဖီတခွက် အေးစက်နေတယ် ထမင်းစားခန်း နံရံ မှန်ချပ်တွေကြားကနေ အိမ်မြှောင်တကောင် ခေါင်းပြူပြီး ထွက် နှုတ်ဆက်တာ တွေ့လိုက်ရတယ် အသည်း အေးကနဲ ဖြစ်သွားတယ် သူ့ကို ကျွေးထားတဲ့ ထမင်းလုံးနည်းနည်းပါတဲ့ ပန်းကန်ပြားလေးကို သူ့ဖက်ကို တိုးပေးလိုက်တယ် ကျေနပ်ပါနော် ထမင်းစားခန်းက မီးရောင်တချို့ဟာ ထမင်းချက်တဲ့ မီးဖိုအနားကို မသပ်မရပ် ဖြာကျလို့ ဖြစ်သလို ခေါက်ပြီး တင်ထားတဲ့ လက်သုပ်ပုဝါအနားမှာ အိမ်မြှောင် ဒါမှမဟုတ် ပိုးဟပ်တကောင် ရှိမနေနိုင်တာ သေချာလား အမှောင်ကို ကြောက်တတ်လို့ မီးဖိုခန်းကို ချက်ချင်း မျက်နှာလွှဲလိုက်တယ် ပြူတင်းပေါက်ကတဆင့် အိမ်အပြင်ဖက်ကို လှမ်းကြည့်လိုက်တော့ မလှမ်းမကမ်းက သစ်တောအုပ်တွေအဆုံးမှာ မီးပွင့်တချို့က လင်းတခါ မှိန်တလှည့်နဲ့ ကြယ်မစုံတဲ့ လမိုက်ညရဲ့ ကောင်းကင်ကတော့ မှိုင်းမှောင်လို့ ဘုရားစင်မှာ ပူဇော်ထားတဲ့ ဆီမီးတောက်တွေက လေအဝှေ့မှာ ဘယ် ညာ ယိမ်းထိုး ကခုန်နေကြတယ် သူတို့နဲ့ထပ်တူ စည်းချက်ညီညီ လိုက်ပါ ကခုန်နေကြတဲ့သူတွေကတော့ ဘုရားပန်းအိုးထဲက အဖြူရောင် နှင်းဆီပွင့်ချပ်တွေ ဒါဟာ ကဗျာတပုဒ်ပေါ့ ဘယ်သူငြင်းမလဲလို့ တိုးတိုးလေး ညည်းမိသွားတယ် ငရဲတော့ မကြီးတန်ကောင်းပါဘူးလေ တွေးရင်းနဲ့ စိတ်ထဲကနေ ဦးသုံးကြိမ် ချလိုက်တယ် မှောင်မိုက်ပြီး တိတ်ဆိတ်နေတဲ့ ညအချိန်မှာ တချက်ချက်မြည်နေတဲ့ နာရီဟာ မနက် သုံးနာရီကို ညွှန်ပြနေတယ် မနက် သုံးနာရီဆိုတာ ည အိပ်ရာဝင်ဖို့ နောက်ကျနေသလောက် မနက် နိုးထဖို့ဆိုရင် တဆိတ်တော့ စောနေသေးပြန်တယ် အမှန်ကတော့ အိပ်ဖို့ကောင်းပြီ အိပ်ခန်းထဲကို လှမ်းအဝင်မှာ လေအေးပေးစက်ရဲ့ အငွေ့တွေက အေးစက်စွာ ကြိုဆိုတယ် ဆောင်းရာသီမှာ အေးတဲ့ အေးပုံအေးနည်းနဲ့ ဆင်ဆင်တူတယ် ဒါကတော့ ဆောင်းအတုပေါ့ လေငွေ့အေးအေးနဲ့ အတူတူ နှင်းပွင့် နှင်းစက်တွေ ကျလာရင် သိပ်ကောင်းမှာပဲလို့ တောင့်တရင်း အိပ်ရာထဲ ဝင်ခဲ့တယ် စောင်ကို တကိုယ်လုံး လုံအောင် ဆွဲခြုံလိုက်တယ် ဂွမ်းစောင်ထူထူရဲ့ အနွေးဓါတ်ကို ကျေကျေနပ်နပ်ခံစားရင်း မျက်ခွံတွေ လေးလာပြီး ခဏအကြာမှာ အိပ်မက်မက်တယ် ကန်ထဲမှာ လှောင်ထားတဲ့ ရွှေငါးတွေက မှန်ချပ်နောက်မှာနေတဲ့ အိမ်မြှောင်တကောင်နဲ့အတူတူ ထမင်းစားပွဲပေါ်မှာ တပျော်တပါး သီဆို ကခုန်နေကြ မှန်ဘောင်သွင်းပြီး ထိန်းချုပ်ထားတဲ့ တိမ်တိုက်တွေက ရုန်းရင်းဆန်ခတ်နဲ့ အပြင်ဖက်ကို သူ့ထက်ငါ အလုအယက် တိုးထွက်လာပြီး နှင်းတွေအဖြစ်နဲ့ တဖွဲဖွဲရွာချ အဲဒီနှင်းမိုးတွေ အောက်မှာ သိုးမွေးခေါင်းစွပ်ကို နားရွက်လုံအောင် ဆောင်းပြီး လမ်းပေါ်မှာ ခပ်သုတ်သုတ် လျှောက်အသွား လက်ထဲမှာ ကိုင်ထားတဲ့ နှင်းဆီဖြူတွေဆီက နီစွေးစွေး ဖယောင်းစက်တွေဟာ ဖြူဖွေးနေတဲ့ နှင်းတွေပေါ်ကို အဆက်မပြတ်ကျလို့…



Tuesday, November 22, 2011

အမွေပြတ် စွန့်လွှတ်ခြင်း


ပေးစရာ အမွေမရှိပေမယ့်လည်း အများသူငါတွေ ကြော်ငြာသလို အမွေပြတ်စွန့်လွှတ်ခြင်း လို့ပဲ ကြော်ငြာပါရစေ အနည်းဆုံးတော့ လူရှိန်တာပေါ့ ဒီအခါမှာ ကြော်ငြာကို ဖတ်မိတဲ့သူတွေက သို့လော သို့လော တွေးကြလိမ့်မယ် မှတ်ချက်တွေ အမျိုးမျိုး မရိုးအောင် ပေးကြလိမ့်မယ် တယောက်စကား တယောက်နားနဲ့ အားအားယားယား မကြားတကြားတွေလည်း ပြောကြလိမ့်ဦးမယ် ဒီကြော်ငြာဟာ လူသိများအောင်လုပ်တာ မဟုတ်ပါဘူး နာမည်ကျော်ဖို့ မလိုအပ်ပါဘူး စာလုံးအမည်းနဲ့ ပါဖို့ မရည်ရွယ်ပါဘူး တစုံတယောက်ကို တစုံတခုသော ဆက်သွယ် ပတ်သက်နေမှုကနေ အကြောင်းတစုံတရာကြောင့် နောက်နောင်ကို ဆက်လက် ပတ်သက်လိုစိတ် အလျင်း မရှိတော့ဘူး ဆိုတဲ့အကြောင်း သိသာထင်ရှားစေတဲ့ ကြော်ငြာပါ ဒီနေရာမှာ တစုံတယောက်နဲ့ အကြောင်းတစုံတရာ ဆိုတာကို အများက စိတ်ဝင်စားကြမယ် တယောက်ကို တယောက် တီးတိုး မေးနေကြလိမ့်မယ် ဘယ်သူကလဲ ဘယ်သူ့ကိုလဲ ဘာလို့လဲ ဘာဖြစ်ကြတာလဲနဲ့ - လဲ ပေါင်းများစွာ မေးကြလိမ့်မယ် အဲဒီအမေးတွေအတွက် ဖြစ်နိုင်ချေ တချို့ ရှိပါတယ် အမွေပြတ် စွန့်လွှတ်ခြင်းခံရတဲ့သူဟာ အင်္ကျီအနက်ရောင် ဝတ်ထားတဲ့သူ ဖြစ်မယ် မျက်မှန် အစိမ်းရောင် တပ်ထားတဲ့သူ ဖြစ်မယ် နောက်မြီးပြတ်နေတဲ့ ဖိနပ်အစုတ်နဲ့ ကက်တလီယာ ခရမ်းရောင်တပွင့်ကို နင်းခြေချင်တဲ့သူ ဖြစ်မယ် အနေအစား ချောင်ဖို့အတွက် အမှန်တရားကို လက်ခုတ်မတီးချင်တဲ့သူ ဖြစ်မယ် ယုံကြည်မှုကို အလွဲသုံးစားလုပ်တဲ့သူ ဖြစ်မယ် ကတိသစ္စာ မတည်တဲ့သူ ဖြစ်မယ် မီးပွိုင့်နီနေတုံး စည်းကမ်းမဲ့ လမ်းဖြတ်ကူးတဲ့သူ ဖြစ်မယ် ပိုင်ဆိုင်သမျှထဲက စက္ကူစွန်တကောင်ကို လေထဲမှာ မစွန့်လွှတ်နိုင်တဲ့သူ ဖြစ်မယ် လေးလံတဲ့ ဝန်ကိုထမ်းရင်း မမှီမကမ်းကနေ အတင်း ပြေးလိုက်နေတဲ့သူ ဖြစ်မယ် နီးနီးလေးကနေ ကပ်ကြည့်မှ မြင်ရတဲ့ အဝေးမှုန် ဖြစ်မယ် သံသယတွေ မတင်မကျနဲ့ အရွယ်ကျနေတဲ့သူ ဖြစ်မယ် နေရာတကာမှာ အသံကျယ်ချင်တဲ့သူ ဖြစ်မယ် အရာရာကို အကြောင်းပြချက်မရှိပဲ ကျောခိုင်းနေတဲ့သူ ဖြစ်မယ် ဒီလိုအုပ်စုထဲမှာ ပါဝင်တဲ့သူတိုင်းကို အမွေပြတ် စွန့်လွှတ်တယ် ဒီကြော်ငြာကို ထည့်ပြီးမှ ကိုယ့်ကိုကိုယ် ပြန်ငုံ့ကြည့်တော့ ကိုယ်ပေါ်မှာ အင်္ကျီအနက်ရောင် ပြီးတော့ တစုံတရာကို ကျောခိုင်း လှည့်ထွက်လာခဲ့တယ် ဟုတ်ကဲ့ ကျုပ် တိုက်ဆိုင်တာကတော့ ဒီ နှစ်ခုထဲပါပဲ ခင်ဗျားတို့ရော ဘယ်နေရာတွေမှာ တိုက်ဆိုင်နေကြပါသလဲ…


Friday, November 11, 2011

ခိုင်မြဲသောကြိုး


ဒီညနေ ရုံးက ပြန်ရောက်တော့ သူက အိမ်မှာ အရင် ရောက်နှင့်နေပြီ။
အခန်းထဲဝင်လာရင်း မျက်စိက သူ့စားပွဲဆီသို့ ရောက်သွားသည်။ ပထမတော့ အမှတ်တမဲ့… နောက်မှ သေသေချာချာ ကြည့်လိုက်တော့ သူ့ စားပွဲပေါ်မှာ…
လက်ပတ်နာရီက နှစ်လုံး…
မျက်မှန်က နှစ်လက်…
Sound Box က နှစ်လုံး…
ဘောပင်က နှစ်ချောင်း…
ဖုန်းက နှစ်လုံး…
အေအေအရွယ် ဓါတ်ခဲက နှစ်လုံး…
တကျပ်စေ့တွေကို ဆယ်စေ့စီ ထပ်ထားသော အပုံက နှစ်ပုံ…
လက်ပတော့က နှစ်လုံး…
ရီမုတ်ကွန်ထရိုး လေယာဉ်ပျံက နှစ်စင်း…
ထိုလေယာဉ်ပျံများကို ထိန်းကျောင်း မောင်းနှင်စရာ ရီမုတ်ကွန်ထရိုးက နှစ်ခု…

စိတ်ထဲမှာ တမျိုးဖြစ်သွားသည်…။
ကိုယ့်အမြင်တွေများ မှားနေလေသလားဟု တွေးကာ မျက်စိတွေကို လက်နှင့်ပွတ်၊ မျက်တောင်တွေကို ပုတ်ခတ် ပုတ်ခတ် လုပ်ပြီး နောက်တခါ ပြန်ကြည့်မိသည်…။ မမှားပါ… လုံးဝ မမှားပါ… အားလုံး နှစ်ခုစီ ရှိနေကြသည်…။ ထိုပစ္စည်းများအနက် တချို့က တခုနှင့်တခု ချွတ်စွတ် တူကြပြီး တချို့ကတော့ ချွတ်စွတ်နီးပါး ဆင်တူကြလေသည်။

ခဏကြာတော့ သူ အခန်းထဲကို လိုက်ဝင်လာသည်…။ သူ့စားပွဲကို မကြည့်စဖူး အကြည့်ထူးကာ အကြည့်စူးစူးတို့ဖြင့် မျက်စိမလွှဲတမ်း ကြည့်နေသော ကိုယ့်ကို “ဘာဖြစ်နေတာလဲ…” ဟု မေးလာသည်…။

“ဘာဖြစ်ရမလဲ… ဒီမှာ ကြည့်ပါအုံး… အားလုံး နှစ်ခုစီ… နှစ်ခုစီ… တွေ့နေလို့ စဉ်းစားနေတာ…” ဟု မာဆတ်ဆတ် လေသံဖြင့် ပြောလိုက်သည်။ တယောက်အကြောင်း တယောက် သိ… ပေါင်းသင်းလာတာ နှစ်ပေါင်းများစွာ ကြာနေပြီဖြစ်သောကြောင့် ကိုယ် ဘာကို ဆိုချင်ပြီး ဘာကို ရစ်တော့မည် ဆိုသည်ကို သေသေချာချာ သိနေသော သူက ကိုယ့်စကားအဆုံးမှာ တဟားဟားဖြင့် ရယ်ပါတော့သည်…။ ပြီးတော့ ပြောသည်… “စိတ်ချ… စိတ်ချ… ဘာမှ တွေးပူမနေနဲ့… ဒီတယောက်ထဲနဲ့တင် More than enough ပါ…” တဲ့..။

ကိုယ်… နည်းနည်းရှက်သွားပြီး အဟီး ဟု ရယ်လိုက်သည်…။
ထိုအခိုက်အတန့်လေးမှာ “အင်း… ဒါ အကွက်ပဲ…” ဟု တွေးလိုက်မိသည်။ ခဏကြာမှ… “ဒါဆို မနက်ဖြန်အတွက် လက်ဆောင်က ဘာလဲ…” ဟု ခပ်တိုးတိုး မေးလိုက်သည်။ သူ ရုတ်တရက် ကြောင်သွားပြီးမှ တဟားဟား ဆက်ရယ်ပြန်သည်…။ စွတ်ရယ်နေတာပဲ… နည်းနည်းတော့ လွန်လွန်းနေပြီ…။

ပြောရရင် ပြီးခဲ့သောလက ကိုယ်သုံးလက်စ ကင်မရာကို upgrade လုပ်ခဲ့သည်။ မလဲမဖြစ် မဝယ်မဖြစ် မရှိမဖြစ် မဟုတ်သော်လည်း အလကားနေရင်း ရောဂါသည်းကာ ဘယ်လိုမှ မနေနိုင် အသည်းအသန် လိုချင်လှပြီဖြစ်သည်က တကြောင်း၊ အချိန်တွေ မဆွဲနေပဲ အမြန်ဆုံး လိုက်ဝယ်ပေးစေလိုသည်က တကြောင်းတို့ကြောင့် ကင်မရာဖိုးကို ကိုယ် တဝက် ပေးပါမည် ဟု အလွယ်တကူ ပြောခဲ့မိသည်။

သည်လိုနှင့် လိုချင်သော ကင်မရာ လက်ထဲ ရောက်လာခဲ့သည်။ အဲ… ပိုက်ပိုက်တဝက် ပြန်ပေးဖို့ကိုတော့ (ထုံးစံအတိုင်း) နေ့ရွှေ့ ညရွှေ့နှင့် အချိန်တွေ ဆွဲလာရင်း လခထုတ်ပြီးရင် ပေးမည်ဟု ပြောထားခဲ့သည်။ အခု လကုန်လို့ နောက်တလပင် ၁၀ ရက် ကျော်လာခဲ့ပြီ…။ သို့သော် ခပ်တည်တည်နှင့် မသိချင်ယောင် ဆောင်ထားဆဲ… …

ဒီနေ့မှာ ကုသိုလ်ကံများက ကောင်းချင်တော့ ရစ်စရာ အမှုတွဲကြီးက ကိုယ့်ရှေ့တည့်တည့်ကို ဆိုက်ဆိုက်မြိုက်မြိုက်ကြီး ရောက်လို့ လာခဲ့သည်…။ ကြည့်ပါအုံး… ဒီလို နှစ်ခုတွဲ… နှစ်ခုတွဲတွေ စားပွဲပေါ်မှာ တွေ့နေရခြင်းဟာ ရစ်ချင်စရာ အမှုတွဲ အကြီးကြီး မဟုတ်ပေဘူးလား…။

ကိုယ့်ကို ကြည့်ပြီး ပြုံးစေ့စေ့လုပ်နေသော သူ့ကို မျက်မှောင်ကြုတ်ကာ ခပ်တည်တည် ကြည့်လိုက်ရင်း… “ရပါတယ်… မနက်ဖြန်အတွက် လက်ဆောင်ကို ဘာမှ ရှည်ရှည်ဝေးဝေးတွေ စဉ်းစားမနေပါနဲ့တော့… ဟိုကင်မရာကိုပဲ ယူလိုက်ပါတော့မယ်…” ဟု အင်မတန်မှ သဘောထားကြီးလိုက်ရသော မျက်နှာပေး၊ တော်တော်လေး အနစ်နာခံလိုက်ရသော လေသံမျိုးဖြင့် ပြောအပြီး ရယ်ချင်စိတ်ကို ကျိတ်မှိတ်မျိုသိပ်ရင်း နှုတ်ခမ်းကို နာနာ ကိုက်ကာ သူ့ကို လုံးဝ လှည့်မကြည့်ပဲ မှင်သေသေ မျက်နှာဖြင့် အခန်းထဲမှ ထွက်လာခဲ့လိုက်သည်။

အခန်းထဲမှ သူ့ရယ်သံကတော့ ခုနကထက် ပိုမိုကျယ်လောင်ကာ ကိုယ့်အနောက်မှ ထပ်ချပ်မကွာ လိုက်ပါ ပျံ့လွင့်နေဆဲ…




ခိုင်မြဲသောကြိုး (2008)
Love Each Other (2009)
လွင့်မျော မြစ်တစင်း (2010)

Wednesday, November 2, 2011

အလှူမှတ်တမ်း

သဘာဝဘေးအန္တရာယ်ကြောင့် ရေကြီးပြီး အပျက်အစီး အဆုံးအရှုံးများလှတဲ့ ပခုက္ကူ၊ ဆင်ဖြူကျွန်းနဲ့ ဆိပ်ဖြူ ဒေသတဝိုက်က အမှန်တကယ် အကူအညီလိုနေတဲ့ နေရာတွေအတွက် အလှူလေးတခုလုပ်ကြဖို့ကို မျက်နှာစာအုပ်ပေါ်မှာရှိတဲ့ ဘလော့ဂါများ စကားဝိုင်း (AaB) မှာ စကားပြောဖြစ်ကြရင်းက အဲဒီစိတ်ကူးလေးကို လက်တွေ့အကောင်အထည်ဖေါ်ဖြစ်အောင် ကြိုးစားခဲ့ကြပါတယ်…။

အဲဒီအတွက် အလှူငွေတွေကို အောက်တိုဘာလ ၂၄ ရက်နေ့ကနေ စပြီး ကောက်ခံခဲ့ပါတယ်။ စင်္ကာပူက အလှူရှင်တွေကတော့ Bank to Bank အလွယ်တကူ ငွေလွှဲနိုင်ခဲ့ကြပြီး အခြားနိုင်ငံတွေက အလှူရှင်တွေကတော့ သက်ဆိုင်ရာ သူငယ်ချင်းမိတ်ဆွေများကနေ တဆင့်သော်လည်းကောင်း၊ Western Union နဲ့ PayPal Account တွေက တဆင့်သော်လည်းကောင်း အလှူငွေတွေကို စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ ပေးပို့လှူဒါန်းခဲ့ကြပါတယ်။

အောက်တိုဘာလ ၃၁ ရက်နေ့ နေ့လည် ၁၂ နာရီမှာ အလှူငွေကောက်ခံမှုကို ရပ်နားပြီး စာရင်းပိတ်ပါမယ်လို့ ကြေငြာခဲ့ပေမယ့် တကယ်တမ်းမှာ အလှူငွေတွေက ဆက်တိုက် ဝင်လာနေဆဲဖြစ်တာကြောင့် အဲဒီနေ့က ည ၁၁ နာရီကျော်မှ စာရင်း ပိတ်ခဲ့ရပါတယ်။

စာရင်းပိတ်အပြီးမှာ လက်ခံရရှိတဲ့ စုစုပေါင်း အလှူငွေက စင်္ကာပူဒေါ်လာ ၅၁၅၀.၂၁ ဖြစ်ပါတယ်။ အခုလို လက်ခံရရှိတဲ့ အလှူငွေတွေကို မနေ့က နိုဝင်ဘာလ ၁ ရက်နေ့ မနက်ပိုင်းမှာ စင်္ကာပူ တဒေါ်လာကို မြန်မာကျပ်ငွေ ၆၃၅ ကျပ်နှုန်းနဲ့ ဆရာမ မြသွေးနီဆီကို ပို့လိုက်ပါတယ်။ အလှူငွေ စုစုပေါင်း ၃၃ သိန်းအတိ ဖြစ်သွားအောင် သက်ဝေနဲ့ ချစ်ကြည်အေးက ထပ်ဖြည့်ပြီး လှူလိုက်ပါတယ်။ မနေ့ညနေက ဆရာမ မြသွေးနီက အလှူငွေတွေကို ကောင်းမွန်စွာ လက်ခံရရှိတဲ့အကြောင်း အီးမေးလ်ပို့လာပါတယ်။

ပခုက္ကူမြို့နယ် အပါအဝင် အမှန်တကယ် လိုအပ်နေတဲ့ နေရာတွေအတွက် ဆရာမ မြသွေးနီ လှူဒါန်းတဲ့ အလှူငွေ ကျပ် ၅ သောင်း အပါအဝင် စုစုပေါင်း အလှူငွေ ၃၃ သိန်း ၅ သောင်းတိတိကို ဆရာအော်ပီကျယ်ရဲ့ စီစဉ်ညွှန်ကြားမှုနဲ့အတူ ရနံ့သစ် မဂ္ဂဇင်းက တာဝန်ခံ အယ်ဒီတာ ဆရာပြည်သွေးနိုင်ထံမှာ ဒီနေ့ နိုဝင်ဘာလ ၂ ရက်နေ့ ညနေ ၃ နာရီအချိန်က သွားရောက် လှူဒါန်းပြီး ဖြစ်ပါတယ်။


ဒီအလှူမှာ ပါဝင်လှူဒါန်းကြတဲ့ အလှူရှင်တွေနဲ့ အလှူငွေ စာရင်း အပြည့်အစုံက ဒီမှာပါ။

1. Oversea Burmese Youth Group - $S 200.00
2. ဦးထွန်းထွန်းဇော် + ဒေါ်နုနုဝင်း - $S 60.00
3. No name - $S10.00
4. No name - $S10.00
5. ဦးမြင့်ဦး မိသားစု -S$30.00
6. ကိုငြိမ်းချမ်း+မရွှေရည်-S$20.00
7. ကိုစိုးခိုင် + မဝင်းမင်းသန်း - S$ 100.00
8. Trilobite Myanmar နှင့် ဇနီး - S$10.00
9. ဆွေဆွေ - S$ 50.00
10. ကိုဝင်းထွန်းနိုင် + မဟန်အေးစိုး - S$ 30.00
11. Creative Ant Team - S$100.00
12. Everlearner - S$ 30.00
13. Theingi Myint - S$ 50.00
14. ကိုသက် မိသားစု - S$ 50.00
15. Serene Cheong - S$ 10.00
16. လွင်ထူးကို + ခင်စန္ဒာကို - S$ 40.00
17. ဦးလှမြင့် + ဒေါ်ညိုညို - S$ 20.00
18. ကိုဇော်ဝင်းထွတ် + မနှင်းယုယုဝင်း သမီး အေးချမ်းပွင့်ဖြူ - S$ 50.00
19. ဖြူမေဇင် - S$ 33.00
20. ကိုတင်မောင်အေး - S$ 10.00
21. ကိုမောင်မောင်တာ + မမေသူဆွေ - S$ 30.00
22. TOI's friend - S$ 50.00
23. Donation fr Reader - S$ 10.00
24. သန့်ဆွေ - S$ 50.00
25. ZYLKPS - S$ 50.00
26. ကိုပြည်သင်း + မမြနှင်းအေး - S$ 50.00
27. Pink Lover - S$ 110.00
28. Erna (Indonesia) - S$ 150.00
29. မျိုးမြင့်ဟန် - S$ 20.00
30. အောင်ကိုဝင်း - S$ 20.00
31. အောင်မျိုး - S$ 20.00
32. အောင်သူကျော် - S$ 20.00
33. မြတ်ကိုနောင် - S$ 20.00
34. ဆုမွန်သွင် - S$ 20.00
35. ချမ်းငြိမ်းအေး - S$ 20.00
36. ဥမ္မာထွေး - S$ 50.00
37. မိုးစန္ဒာမြင့် - S$ 50.00
38. TDW - S$ 50.00
39. သန်းဇော်မျိုး - S$ 10.00
40. ခရေဖြူ - S$ 30.00
41. အေးအေးစန်း - S$ 50.00
42. ကိုဝဏ္ဏဝင်း + မမေဇော်ဦး သား ညီညာဇော် - S$ 50.00
43. စောစုမြတ် - S$ 30.00
44. လှမျိုးအောင် - S$ 20.00
45. ကိုစိုးဝင်း + မဖြူ - S$ 50.00
46. မကျော့ကျော့ရွှေ - S$ 100.00
47. Mya TheinGi - S$ 20.00
48. ဦးဇော်မြင့် + ဒေါ်စန်းစန်းကြည် - S$ 30.00
49. ခိုင်စုလတ် - S$50.00
50. ချစ်ကြည်အေး (http://www.chitkyiaye.com/) - S$73.40
51. မေဇင်အေး (http://monethu.blogspot.com) -S$30.00
52. Noble Moe (www.noblemoe.blogspot.com) -S$50.00
53. သက်ဝေ (http://www.thet-wai-blog.blogspot.com/) - S$73.40
54. ကိုလူသစ် (http://luthit.blogspot.com/) - S$50.00
55. အမေ့သား (http://amaythar1976.blogspot.com/) - S$50.00
56. ညိုလေးနေ (http://nyolaynay.blogspot.com/) -S$30.00
57. အန်တီတင့် (http://www.auntytint21183.net/) - S$100.00
58. မှုံနံ့သာ (http://nyeinsuaye.blogspot.com/) -S$30.00
59. TZA (http://www.degolar.info/) - $S 30.00
60. TOI (http://turnonideas.blogspot.com/) - $S 50.00
61. ပေါက် (http://ah-pauk.blogspot.com/) - S$ 50.00
62. အင်ကြင်းသန့် (http://ingjinthant.blogspot.com/) - S$ 30.00
63. ပီတိ (http://www.pti31.com/) - S$ 50.00
64. မယ်ကိုး (http://www.maecoe.net/) - S$50.00
65. July Dream (http://july-dream.blogspot.com/) - S$ 150.00
66. ကိုအောင်(ပျူ) မိသားစု (http://www.pyustate.com/) - S$ 50.00
67. ကိုဇော်သက်အောင် (http://www.phoonuthit.com/) - S$ 50.00
68. လင်းလင်းဇော် (http://www.mymps.blogspot.com/) - S$ 50.00
69. ကိုတင်မောင်ဌေး + မနွေးနေခြည် (http://www.nwaynaychi.blogspot.com/) - S$ 50.00
70. Vista Aung (http://vistazplanet.blogspot.com/) - S$ 40.00
71. ညီရဲသစ် (www.nyiyethit.blogspot.com) - S$ 30.00
72. ကိုဧရာ + မသီတာ သား ရေချမ်း နှင့် ရေစင် (http://sonata-cantata.blogspot.com/) - S$ 50.00
73. မောင်သန့် (www.mgthant.me) နှင့် သူငယ်ချင်း - S$ 50.00
74. ကိုဌေးအောင် (http://luula18.blogspot.com/) - S$ 680.72
75. ဖြိုးဖြိုးလှိုင် (http://www.phyophyohlaing.com) - S$ 86.48
76. နန်းဝါဝါမောင် (http://warwarkhaingmin.blogspot.com/) - S$ 40.00
77. ကောင်းထက်မြင့် (http://khetyintyint.wordpress.com/) – S$ 20.00
78. တေးမွန် (http://ahnai.blogspot.com/) – S$ 100.00
79. ချိုကျ (http://xdeadxromanticx.blogspot.com) - S$ 30.00
80. ဖိုးသင်္ကြန် (www.phothagyan.blogspot.com ) - S$ - 50.00
81. Libra Tun (http://libratun.blogspot.com/) - S$ 20.00
82. ကိုဂျေ (http://xdeadxromanticx.blogspot.com) - S$ 20.00
83. ဘိုဘို နှင့် ဖိုးစိန် (http://phoesein.blogspot.com/ & http://www.mogokthar.com/) - S$ 50.00
84. ပိုးပိုး (http://33poepoe.blogspot.com/) - S$ 30.00
85. နော်ဖော (http://rose-sharon.blogspot.com/) - S$400.00
86. ကေသွယ် (http://kthwe.blogspot.com/) - S$ 50.00
87. KMSL + KOM (http://khinoomay77.blogspot.com) - S$ 30.00
88. အိန္ဒြာ (http://eaindrar.blogspot.com/) - S$ 50.00
89. မိုးပန်းချီ (http://moepanchi.blogspot.com/) - S$ 20.00
90. မေသိမ့်သိမ့်ကျော် (http://www.maytheint2kyaw.com/) - S$ 80.00
91. ကိုခင်မောင်ဦး + မသန္တာလွင် (http://thandarlwin.blogspot.com/) - S$ 30.00
92. မြသွေးနီ (http://www.myathwayni.com/) - ကျပ် ၅ သောင်း

စုစုပေါင်း စကာင်္ပူဒေါ်လာ ၅၁၉၇.၀၀ နဲ့ မြန်မာကျပ်ငွေ ၅ သောင်း ဖြစ်ပါတယ်…။

ဒီစုပေါင်းအလှူလေး အောင်မြင်ဖို့အတွက်…
AaB (All about Bloggers) ဆိုတဲ့ ဘလော့ဂါများ စကားဝိုင်းလေးတခု ဖြစ်လာအောင် မျက်နှာစာအုပ်မှာ စပြီး အကြံပြုခဲ့တဲ့ ကိုအောင် (ပျူနိုင်ငံ)၊ အဲဒီ ဘလော့ဂါတွေ စကားဝိုင်းမှာ တို့တွေ စုပေါင်းအလှူလေးတခုလောက် လုပ်ကြရင် ကောင်းမှာ… လို့ စကားစခဲ့တဲ့ ဘော်ဒါကြီး ကလူသစ်၊ ဒါဆိုရင် ပခုက္ကူရေဘေးမှာ သွားလှူကြရအောင်လေ လို့ ပြောဆိုလှုံ့ဆော်ခဲ့တဲ့ ကိုဂျူလိုင်၊ Personal Bank Account ကို အသုံးပြုခွင့်ပေးပြီး ဝင်သမျှ အလှူငွေစာရင်းတွေကို စိတ်ရှည်လက်ရှည် update လုပ်ပေး၊ ဆရာမ မြသွေးနီ နဲ့ ဆရာ အော်ပီကျယ်တို့ကို ကိုယ်တိုင်ကိုယ်ကျ ဆက်သွယ်ပြီး အလှူဖြစ်မြောက် အောင်မြင်အောင် စနစ်တကျ စီစဉ်ဆောင်ရွက်ပေးခဲ့တဲ့ သူငယ်ချင်း ချစ်ကြည်၊ အဖွဲ့ရဲ့ လိုဂိုလေးကို အမနှစ်ယောက် ပြင်ချင်သမျှ အကြိမ်ကြိမ် ပြန်ပြင်ပေးခဲ့တဲ့ မောင်လေး ဆောင်းချမ်းမိုး အပါအဝင်… တယောက်နဲ့ တယောက် အပြင်မှာ တခါမှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း ချစ်စရာ မြန်မာလူမျိုးတွေပီပီ အလှူလို့ ကြားလိုက်ရင် စေတနာ သဒ္ဓါတရား ထက်သန်စွာနဲ့ ထည့်ဝင်လှူဒါန်းကြတဲ့ ရပ်နီး ရပ်ဝေးမှ အလှူရှင် ဘလော့ဂါ ညီအကို မောင်နှမများ နဲ့ စိတ်စေတနာချင်းရော ယုံကြည်ချက်ချင်းပါ ထပ်တူညီကြတဲ့ အွန်လိုင်းပေါ်က မိတ်ဆွေ သူငယ်ချင်းတွေ အားလုံးကို အထူးကျေးဇူးတင်ရှိပါကြောင်း ဝမ်းမြောက် ဝမ်းသာစွာနဲ့ မှတ်တမ်းတင်အပ်ပါတယ်…။

ဒါကတော့ ဒီနေ့ နိုဝင်ဘာလ ၃ ရက်နေ့ မနက်မှာ ဆရာ အော်ပီကျယ်ဆီက ရောက်လာတဲ့ မေးလ်ပါ...။ စေတနာရှင် အလှူရှင်များ အားလုံး ဝမ်းမြောက်ဝမ်းသာ ဖြစ်ကြစေဖို့ မျှဝေလိုက်ပါတယ်...။


စေတနာရှေ့ထားပြီး လှူဒါန်းကြတဲ့ အလှူရှင်များအားလုံး မိမိတို့ လိုရာဆန္ဒများ တလုံးတဝတည်း ပြည့်ဝကြပါစေ… နောက်နောင်ကိုလည်း အခုထက် ပိုတိုးပြီး လှူနိုင် တန်းနိုင်သူများ ဖြစ်ကြပါစေ… စိတ်ရော ကိုယ်ပါ ကျန်းမာ ချမ်းသာစွာနဲ့ လောကီ လောကုတ္တရာ နှစ်ဖြာသော အကျိုးကို သယ်ပိုးဆောင်ရွက်နိုင်သူများ ဖြစ်ကြပါစေလို့ အားလုံးရဲ့ကိုယ်စား ဆုတောင်းမေတ္တာ ပို့သအပ်ပါတယ်…။




Thursday, October 27, 2011

ပခုက္ကူ ရေဘေး အလှူ နောက်ဆက်တွဲ သတင်း

ပခုက္ကူ ရေဘေး အလှူအတွက် နောက်ဆက်တွဲ သတင်းပါ။
မနေ့က မချစ်ကြည်အေးက ဧရာဝတီ စာပေဟောပြောပွဲလာတဲ့ ဆရာ အော်ပီကျယ်နဲ့ စကားပြောဖြစ်ပါတယ်။ ဆရာက ပြောပြပါတယ်… လှူဖို့လိုနေတဲ့ နေရာက ပခုက္ကူ တနေရာထဲမဟုတ်… သူ့ထက်အခြေအနေပိုဆိုးတဲ့ ဆင်ဖြူကျွန်းတို့ ဆိပ်ဖြူတို့ အဲဒီနေရာတွေအတွက်လည်း အလှူရှင်တွေ လိုအပ်နေပါသေးတယ် တဲ့…။ အခု ကျွန်မတို့ လက်ခံရရှိတဲ့ အလှူငွေတွေကို ဆရာအော်ပီကျယ့်ဆီ လွှဲမှာဖြစ်ပြီး ဆရာကနေမှတဆင့် သင့်တော်တဲ့ အဖွဲ့အစည်းတခုကို ဆက်သွယ်ပြီး လိုအပ်တဲ့နေရာကို ရောက်အောင် ပို့ဆောင် လှူဒါန်းပေးမှာ ဖြစ်ပါတယ်။

ဆရာက အခုလောလောဆယ် စင်္ကာပူမှာ ရှိနေပါတယ်…။ ဒီလ ၃၀ ရက်နေ့မှာ မြန်မာပြည်ကို ပြန်မှာပါ… ဆရာ ပြန်ရောက်ပြီးမှ ဒီကနေ ငွေလွှဲရမှာဖြစ်တာကြောင့် ကျွန်မတို့ အလှူငွေလက်ခံတဲ့ နောက်ဆုံးပိတ်ရက်ကို အောက်တိုဘာလ ၃၁ ရက် (တနင်္လာနေ့) နေ့လည် ၁၂ နာရီအထိ လို့ ပြောင်းလဲ သတ်မှတ်လိုက်ပါတယ်…။ စုစုပေါင်းကောက်ခံရရှိငွေများကို နိုဝင်ဘာလ ၁ ရက်နေ့မှာ ဆရာ့ဆီကို ပို့မှာဖြစ်ပါတယ်…။

ဒီနေ့ အောက်တိုဘာလ ၂၇ ရက် မနက် ၁၁ နာရီအထိ လက်ခံရရှိသော အလှူငွေ စုစုပေါင်းမှာ စကာင်္ပူဒေါ်လာ ၂၀၄၀ တိတိ ဖြစ်ပါတယ်…။

Overseas က အလှူရှင်တွေအတွက် နည်းနည်းတော့ ခက်ခဲနေပါသေးတယ်…။ Western Union က တဆင့်ပို့တဲ့သူတွေ ကိုယ်ပို့ထားတဲ့ Receipt လက်ခံလေးကို ဓါတ်ပုံရိုက်လို့ဖြစ်စေ၊ Scan ဖတ်ပြီး ဖြစ်စေ ကျွန်မတို့ရဲ့ မျက်နှာစာအုပ်က Message Box ထဲ (သို့) အီးမေးလ်ထဲကို ပို့ပေးစေချင်ပါတယ်…။

နောက်ထပ် ပြောချင်တာတခုက အလှူငွေကောက်တဲ့ကိစ္စကို အရင်က ပထမအသုတ် နဲ့ ဒုတိယအသုတ် နှစ်သုတ်ခွဲဖို့ စဉ်းစားထားခဲ့ပါတယ်... ဒါပေမယ့် အခုတော့ အလှူငွေကောက်ခံတဲ့ရက်ကို နောက်ထပ် ၃ ရက် ထပ်တိုးလိုက်တဲ့အတွက် နောက်တသုတ် မရှိနိုင်တော့ပါဘူး။ ဒီတသုတ်ထဲမှာ ကောက်ခံလို့ရသ၍ အကုန် တခါတည်း လှူလိုက်မှာ ဖြစ်ပါတယ်။

အခုလို လိုအပ်တဲ့အချိန်မှာ လိုအပ်နေသူတွေကို အကောင်းဆုံး ပံ့ပိုးကူညီနိုင်ဖို့အတွက် စေတနာ သဒ္ဗါတရား ပြည့်ဝစွာနဲ့ အလှူပါဝင်ကြတဲ့ ဘလော့ဂါ အုပ်စုနဲ့ ကျန်တဲ့ ညီအကို မောင်နှမတွေကို အထူးကျေးဇူးတင်ရှိကြောင်း မှတ်တမ်းတင်အပ်ပါတယ်…။



Tuesday, October 25, 2011

ပခုက္ကူ ရေဘေး အလှူခံ

ကြားဖြတ် ပိုစ့်လေး တခု တင်ပါရစေ…။
အဲဒါကတော့ ပခုက္ကူ နဲ့ အနီးပါတ်ဝန်းကျင်က မြို့တွေရဲ့ ရေဘေးအတွက် အလှူခံပါ…။ မျက်နှာစာအုပ်မှာ ဘလော့ဂါတွေ စကားဝိုင်းမှာ စကားပြောဖြစ်ရင်း ဒီအကြံအစည်ကို စတင်ဖြစ်ခဲ့ပါတယ်…။

ရေကြီးပြီး အပျက်အစီး အဆုံးအရှုံးများလှတဲ့ ပခုက္ကူဒေသတဝိုက်က သတင်းတွေကိုတော့ စာမျက်နှာတွေ အတော်များများမှာ တွေ့ မြင် ဖတ်ရှုနိုင်ကြတာမို့ အကျယ်ချဲ့ပြီး မရေးတော့ပါဘူး။ အဲဒီရေဘေးအတွက် တတ်နိုင်သလောက် လှူဒါန်းကြဖို့ အလှူခံနေပါတယ်။ အစကတော့ Blogger တွေ စုထားတဲ့ All About Bloggers (AAB) ဆိုတဲ့ အဖွဲ့လေးကပဲ တတ်နိုင်သလောက် စုပြီး လှူလိုက်ကြဖို့ပါ။ ဒါပေမယ့် အဲဒီ ဘလော့ဂါတွေနဲ့ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေတွေကပါ လှူချင်ကြ၊ လှူလည်း လှူနေကြတဲ့ အတွက် ခေါင်းစဉ်ကို “AAB - All about Bloggers နှင့် စေတနာရှင် မိတ်ဆွေများ” လို့ ပြောင်းဖို့ တိုင်ပင်လိုက်ပါတယ်…။ (တခြား တွေးမိတဲ့ နာမည်များရှိရင်လည်း ပြောပြသွားကြပါ)

ဒီပိုစ့်ကို လာဖတ်မိတဲ့ စေတနာရှင် အလှူရှင်များ အလှူငွေထည့်ဝင်လိုပါက…
မချစ်ကြည်အေး - DBS Saving Plus - 029-8-030146 ကို ပေးပို့ လှူဒါန်းနိုင်ပါတယ်…။ ပထမအသုတ်အဖြစ် အလှူငွေများကို အောက်တိုဘာလ ၂၇ ရက် - ကြာသာပတေးနေ့ ညနေ ၆ နာရီအထိ လက်ခံပါမယ်…။

အကောင့်ထဲကို လွှဲပြီးရင် အောက်က ကော်မန့်ထဲမှာပဲဖြစ်ဖြစ်၊ မချစ်ကြည်ရဲ့ဘလော့ဂ်မှာပဲ ဖြစ်ဖြစ် နာမည်နဲ့ ငွေ amount နဲ့ကို ရေးပေးခဲ့ပါ။ စုစုပေါင်း လက်ခံရရှိတဲ့ အလှူငွေစာရင်းကို ၂၇ ရက်နေ့ ညမှာ ဒီဘလော့ဂ်မှာ တိတိကျကျ update လုပ်ပါ့မယ်။

အခုလောလောဆယ်မှာတော့ စကာင်္ပူက အလှူရှင်တွေအတွက်ပဲ အဆင်ပြေပါသေးတယ်…။ တခြားနိုင်ငံက အလှူရှင်တွေအတွက်ကတော့ ဘယ်လိုလုပ်ရမလဲ တိုင်ပင်နေကြဆဲပါ။ ဘာလို့လဲဆိုတော့ ဘဏ်တွေက တဆင့် ငွေလွှဲတဲ့အခါမှာ Bank Charges ကို နှစ်ဖက်စလုံးက ပေးရမှာ ဖြစ်တာမို့ တဦးချင်း အလှူရှင်တွေအနေနဲ့ အဆင်မပြေပါဘူး။ နီးစပ်ရာ စုပြီး နည်းနည်းများများရလာမှ ပို့မယ်ဆိုရင်တော့ တမျိုးပေါ့။

နောက်တခုက ကောက်ခံရရှိတဲ့ အလှူငွေတွေကို ဘယ်ကို ဘယ်လိုပို့ပြီး ဘယ်လို လှူကြမလဲ၊ ဘာတွေ လှူကြမလဲ ဆိုတဲ့ ကိစ္စပါ။ အတော်များများကလည်း မေးကြပါတယ်… ဒါဟာလည်း မေးသင့် မေးထိုက်တဲ့ ကိစ္စပါ။ အလှူငွေတွေကို လိုအပ်တဲ့ နေရာတွေကို ရောက်အောင် စီစဉ် ပို့ဆောင်လှူဒါန်းပေးနေတဲ့ လူမှုရေး အဖွဲ့အစည်းတွေ အများကြီး တွေ့ရပါတယ်။

အခုလောလောဆယ်မှာ ပထမ Option အနေနဲ့ မနက်ဖြန် ၂၆ ရက်နေ့ ဧရာဝတီ စာပေဟောပြောပွဲကိုလာမယ့် ဆရာ အော်ပီကျယ်နဲ့ တိုင်ပင်ပြီး ဆရာက လက်ခံပြီး လိုအပ်သလို စီစဉ်လှူဒါန်းပေးမယ်လို့ ဆိုခဲ့ရင် ဆရာ့ကနေ တဆင့် လှူလိုက်ကြဖို့ ဖြစ်ပါတယ်။

ဒုတိယ Option ကတော့ Blogger တဦးဖြစ်တဲ့ ညီမ မိုးငွေ့က (OVDR 4MM) အဖွဲ့က ရန်ကုန်တာဝန်ခံ ကိုမျိုးသက်ပိုင် (09- 5275239) နဲ့ အဆက်အသွယ်ရပြီလို့ သိရတဲ့ အတွက် သူကနေ တဆင့် အလှူငွေ ပို့ပေးဖို့ အစီအစဉ်ပါ။ ကိုမျိုးသက်ပိုင်နဲ့ အဖွဲ့က အောက်တိုဘာလ ၂၆ ရက်နေ့ မနက် ၁၀ နာရီကနေ ၁၂ နာရီမှာ ယုဇနပလာဇာက J’Donut မုန့်ဆိုင်မှာ တကြိမ်၊ အောက်တိုဘာလ ၂၈ ရက်နေ့ သောကြာနေ့ ညနေ ၆ နာရီကနေ ၈ နာရီမှာ လှည်းတန်း ဝိုင်ကေကေအို နဲ့ မျက်နှာချင်းဆိုင်က Bisou ကော်ဖီဆိုင်မှာ တကြိမ် အလှူငွေ လက်ခံမယ်လို့လည်း သတင်းရထားပါတယ်။

တတိယ Option ကတော့ ချစ်ကြည်အေးရဲ့ သူငယ်ချင်း ပခုက္ကူသား က ပခုက္ကူက သူ့မိသားစုကို ဆက်သွယ်ပြီး အဲဒီကမှတဆင့် ပခုက္ကူ စာသင်တိုက်က ဘုန်းဘုန်းတွေက အလှူငွေတွေကို လက်ခံပေးပြီး လိုအပ်သလို စီစဉ်ပေးဖို့ပါ။

စေတနာရှင် အလှူရှင်တွေအနေနဲ့ မိမိတို့ သဒ္ဗါကြည်လင်စွာ ထည့်ဝင်လှူဒါန်းတဲ့ အလှူငွေတွေအတွက် စိတ်လက် ကြည်လင် ချမ်းသာစွာ ရှိစေချင်ပါတယ်…။ ဒါကြောင့် အလှူငွေတွေကို လိုအပ်တဲ့နေရာကို ထိထိရောက်ရောက် (မရောက် ရောက်အောင်) ပေးပို့လှူဒါန်းပေးမယ် ဆိုတဲ့အကြောင်း လေးစားစွာ အသိပေးလိုပါတယ်။

အလှူဆိုတာ ကိုယ်ကိုယ်တိုင် လှူနေရုံနဲ့ မပြီး… ကိုယ့်အနီးအနား ကိုယ့်ပတ်ဝန်းကျင်က ချစ်သူ ခင်သူ သူငယ်ချင်း မိတ်ဆွတွေကိုလည်း လှူဖြစ်အောင် နှိုးဆော် တိုက်တွန်းရတယ်… ဒါဟာလည်း ကုသိုလ်တမျိုးဖြစ်လို့ ဒီအလှူဖြစ်မြောက်ရေးအတွက် စေတနာ ရှေ့ထားကာ နှိုးဆော် တိုက်တွန်းရင်း ဒီပိုစ့်ကို ရေးပါတယ်…။




နောက်ဆက်တွဲသတင်း - ပခုက္ကူ ရေဘေးအတွက် ယနေ့ အောက်တိုဘာလ ၂၅ ရက် ည ၁၁ နာရီ အထိ လက်ခံရရှိသော အလှူငွေ စုစုပေါင်းမှာ စင်္ကာပူဒေါ်လာ ၁၄၅၀ တိတိ ဖြစ်ပါသည်။ တဦးကို တဦး တကြိမ်တခါမျှ မတွေ့ဖူး မမြင်ဖူးကြသော်လည်း အလှူဟု ဆိုလိုက်လျှင် အလိုလို သဒ္ဗါပေါက်ကာ နည်းများမဆို လှူဒါန်းလာကြသော ညီအကို မောင်နှမများကို ဝမ်းသာစွာဖြင့် ကျေးဇူးတင်ပါသည်။ နီးစပ်ရာ သူငယ်ချင်း မိတ်ဆွေများထံမှ ကောက်ခံပေးလာသော မောင်ငယ် ညီမငယ်များကိုလည်း ကျေးဇူးတင်ပါသည်။ အားလုံးပဲ ကောင်းသောညပါ...

F-R-E-E-D-O-M

မိတ်ဆွေတယောက်က မိတ်ဆက်ပေးသောကြောင့် Norman Rockwell ဟူသော အမေရိကန်နိုင်ငံသား ပန်းချီဆရာတယောက်အကြောင်းကို သိခွင့် ဖတ်ခွင့်ရခဲ့သည်။ ထို့အပြင် Normal Rockwell ၏ ပြတိုက်ကလေးကိုလည်း ဓါတ်ပုံတွေမှ တဆင့် အလည်အပတ် သွားရောက်ခွင့် ရခဲ့သေးသည်။

ထိုပြတိုက်ကလေးကို အလည်မသွားခင်မှာ ပြတိုက်ပိုင်ရှင် Normal Rockwell အကြောင်းကို အတိုချုပ် ပြောပြချင်ပါသည်။

Normal Rockwell (၁၈၉၄-၁၉၇၈) မှာ သရုပ်ဖေါ် ပန်းချီများ ရေးဆွဲရာတွင် အောင်မြင် ကျော်ကြားသူတဦး…။ Rockwell အသက် ၁၄ နှစ်တွင် New York Art School တွင် ပညာသင်ကြားခဲ့သည်။ အသက် ၁၆နှစ်မပြည့်ခင်မှာပင် သူ ရေးဆွဲခဲ့သော ခရစ်စမတ်ကဒ် လေးခုကို ပုံနှိပ်ထုတ်ဝေခွင့် ရခဲ့သည်။ ထိုအချိန်အတွင်းမှာပင် သူသည် အမေရိကန်နိုင်ငံ၏ Boy Scouts မဂ္ဂဇင်းအတွက် Art Director အဖြစ် တာဝန်ထမ်းဆောင်ရန် ငှားရမ်းခြင်း ခံခဲ့ရသည်။ နောက်ပိုင်းနှစ်များတွင် လူငယ်များထုတ်ဝေသော စာစောင်များ၊ မဂ္ဂဇင်းများတွင် သရုပ်ဖေါ်ပုံ (Illustration) များကို လက်မလည်အောင် ရေးဆွဲခဲ့ရသည်။

Rockwell အသက် ၂၁ နှစ်တွင် New York မြို့သို့ ပြောင်းရွှေ့နေထိုင်ရင်း Life, Literary Digest, Country Gentleman စသော မဂ္ဂဇင်းများအတွက် သရုပ်ဖေါ်ပုံများ ရေးဆွဲခဲ့သည်။ ၁၉၁၆ ခုနှစ်၊ အသက် ၂၂ နှစ်အရွယ်တွင် အမေရိကန်နိုင်ငံမှ တလလျှင် နှစ်ကြိမ် ထုတ်ဝေသော The Saturday Evening Post မဂ္ဂဇင်းတွင် သူ၏ ပထမဆုံး မျက်နှာဖုံး သရုပ်ဖေါ်ပုံကို ရွေးချယ် ပုံနှိပ်ခြင်းခံရသည်။ ထိုမှ အစပြုကာ နောက်နှစ်ပေါင်း ၄၇ နှစ် အထိ The Saturday Evening Post အတွက် သရုပ်ဖေါ်ပုံ စုစုပေါင်း ၃၂၁ ပုံ ရေးဆွဲခဲ့ရသည်။

၁၉၅၃ ခုနှစ်တွင် Stockbridge, Massachusetts သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ၁၉၆၃ ခုနှစ် တွင် နှစ်ပေါင်း ၄၇ နှစ်တိုင်တိုင် အလုပ်လုပ်ခဲ့သော Saturday Post မှ နှုတ်ထွက်ကာ Look မဂ္ဂဇင်းတွင် ပြောင်းလဲ လုပ်ကိုင်ခဲ့သည်။

Look မဂ္ဂဇင်းတွင် တာဝန်ယူခဲ့သော ဆယ်နှစ်တာ ကာလအတွင်း အောင်မြင်ထင်ရှားသော သရုပ်ဖေါ်ပုံများစွာကို ရေးဆွဲခဲ့သည်။ ၁၉၇၃ ခုနှစ်တွင် သူနေထိုင်သော Stockbridge နေအိမ်ကို ပြတိုက်ကလေးတခုအဖြစ် ပြောင်းလဲ ဖန်တီးခဲ့သည်။ ၁၉၇၇ ခုနှစ်တွင် Presidential Medal of Freedom ဆုကို ချီးမြှင့်ခြင်းခံခဲ့ရသည်…။ ၁၉၇၈ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ သူ ကွယ်လွန်ပြီးနောက် ၂၀၀၈ ခုနှစ်တွင် Commonwealth of Massachusetts ၏ အောင်မြင်သော အနုပညာရှင် တဦးအဖြစ် တရားဝင် အသိအမှတ်ပြုခြင်းခံခဲ့ရသည်။

ဓါတ်ပုံတွေမှ တဆင့် အလည်အပတ်ရောက်ခဲ့ရသော Stockbridge မှ သူ့နေအိမ်ကို အသွင်ပြောင်းထားသော ပြတိုက်ကလေး၏ အဝင်လမ်း…


ဒီပန်းလေးတွေက ပြတိုက်အရှေ့ဖက် ခပ်လှမ်းလှမ်းမှာ ပွင့်နေကြတာ…


ဒါက ပြတိုက်အပြင်ဖက်က ပန်းပုရုပ်ထုတွေ…



ဒါတွေကတော့ Norman Rockwell ရဲ့ အလုပ်ခန်းတွေ…



Norman Rockwell ၏ များပြားလှသော ဆီဆေးပန်းချီကားများအနက် ၁၉၄၃ ခုနှစ်တွင် ရေးဆွဲခဲ့သော Four Freedoms (သို့မဟုတ်) Four Essential Human Freedoms စီးရီးစ်မှာ နာမည်ကျော်ကြား လူကြိုက်များခဲ့သည်။

Four Freedoms ဆိုသည်မှာ လူသားများအတွက် မရှိမဖြစ်လိုအပ်သော လူ့အခွင့်အရေး နှင့် လွတ်လပ်ခွင့်တို့ကို ကိုယ်စားပြုသော...
- Freedom of Speech (လွတ်လပ်စွာ ပြောဆိုခွင့်)
- Freedom of Worship (လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့်)
- Freedom from Want (လိုချင်တပ်မက်မှုမှ လွတ်မြောက်ခြင်း) နှင့်
- Freedom from Fear (ထိတ်လန့် ကြောက်ရွံ့ခြင်းမှ လွတ်မြောက်ခြင်း) တို့ ဖြစ်ကြသည်။ ထိုအချက် လေးချက်ကို သူက ဤကဲ့သို့ သရုပ်ဖေါ်ရေးဆွဲခဲ့သည်။


Norman Rockwell အကြောင်းကို ဖတ်အပြီး၊ သူ့ ပြတိုက်ကို အလည်ရောက်အပြီးမှာ စိတ်ထဲ နှစ်သက်စွာ စွဲစွဲမြဲမြဲ ကျန်ရစ်နေသော ပန်းချီကားမှာ Four Freedoms ဖြစ်ပြီး ဆက်ကာ ဆက်ကာ တွေးနေမိသော အကြောင်းအရာမှာ Freedom ဟူသော စကားလုံး၏ အနက်အဓိပ္ပါယ်ပင် ဖြစ်ပါတော့သည်။




မှတ်ချက် - ကျန်ရှိနေသေးသော နိုင်ငံရေး အကျဉ်းသားများ အမြန်ဆုံး လွတ်မြောက်စေရန် ဆုတောင်းရင်း ဤပိုစ့်ကို ရေးပါသည်။ Norman Rockwell နှင့် မိတ်ဆက်ပေးခဲ့ပြီး ဓါတ်ပုံများ အသုံးပြုခွင့်ပေးသူ မိတ်ဆွေ ကဗျာဆရာကို အထူး ကျေးဇူးတင်ပါသည်...။

Sunday, October 9, 2011

အသွင်ပြောင်း ပုံရိပ်

ပြီးခဲ့တဲ့ တပတ်က ရွှေဒေါင်းတောင် အွန်လိုင်း ဂျာနယ်အတွက် ရေးဖြစ်ခဲ့တဲ့ ပိုစ့် အသစ်တပုဒ်ပါ။ ကိုယ်တိုင်ဖန်တီးလိုက်တဲ့ အရာတခု (သို့) ကိုယ်တိုင် ဆုံးဖြတ်လိုက်တဲ့ ဆုံးဖြတ်ချက်တခုကို ကိုယ်တိုင် ကျေနပ် နှစ်သက်စွာ လက်ခံတတ်ဖို့ လိုအပ်တယ်လို့ အသေအချာ နားလည် ခံစားလိုက်ရတဲ့ အခိုက်အတံ့လေးမှာ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်…။

အသွင်ပြောင်း ပုံရိပ်


မြင်ကွင်းထဲမှာ ဝေဝါးနေသေးသော အရာများကို ကြည်လင်ပြတ်သားလာစေရန် မှန်ပြောင်းငယ်ကို တဖြည်းဖြည်းချင်း လှည့်ကာ ချိန်ယူလိုက်မိသည်။ လိုအပ်သော ကြည်လင်ပြတ်သားမှုကို ရသွားသောအချိန်မှာ ခလုပ်ကို နှိပ်ချလိုက်သည်။ စူးရှသော မီးပွင့်တချက်လင်းလက်သွားပြီး ပုံရိပ်တခုကို အမိအရ ဖမ်းဆုပ်လိုက်နိုင်သည့်အတွက် ကျေနပ်သွားသော အပြုံးကို ပြုံးလိုက်သည်။ ကိုယ်တိုင် ရိုက်ကူးလိုက်သော ပုံကို ကင်မရာမှာပါသော ပြန်ကြည့်လို့ရသည့် မှန်ကွက်လေးမှတဆင့် ပြန်ကြည့်ရင်း သဘောတကျ ကျေနပ်နေဆဲ…

ထိုအခိုက်အတံ့လေးမှာပဲ ကိုယ့်ရဲ့ မြင်ကွင်းထဲကို လူတယောက် တည့်တည့်မတ်မတ် ဝင်ရောက်လာခဲ့တာ…။

“ကျေးဇူးပြုပြီး ကျွန်တော့ကို ဓါတ်ပုံ တပုံလောက် ရိုက်ပေးနိုင်မလား…”

-----
----------
---------------
--------------------


အပြည့်အစုံကို ဒီနေရာ မှာ ဖတ်ပေးပါနော်...။ ကျေးဇူး အကြီးကြီး တင်ပါတယ်…။



Friday, October 7, 2011

ညနေခင်း စကားဝိုင်း

ထိုနေ့က သောကြာနေ့ ဖြစ်သည်…။
ထိုသောကြာနေ့ ညနေခင်းမှာ သူငယ်ချင်း သုံးယောက် ညစာ အတူစားရန် စိတ်တူကိုယ်တူ ချိန်းဆိုခဲ့ကြသည်။ တမြို့ထဲ အတူနေပြီး မတွေ့ဖြစ်ကြတာ နှစ်လ ကျော်ခဲ့ပြီ။ သူငယ်ချင်း သုံးယောက်အနက် တယောက်က တယောက် နှစ်ယောက် ရေလို့ကြည့် အိမ်သား သုံးယောက် ရှိ ဆိုသော မိသားစု သေးသေးလေးနှင့်… နောက်တယောက်က သူရယ် ကိုယ်ရယ် တယောက် မျက်နှာ တယောက်ကြည့်ကာ တူနှစ်ကိုယ်တိုင်းပြည်လေးထဲမှာ… နောက်တယောက်က တကိုယ်ရေ တကာယ အပူအပင်မဲ့ နေထိုင်ရင်း ဘဝကို အေးချမ်းစွာ ဖြတ်သန်းနေသူ…။ အခုလို နောက်ခံ အခြေအနေတွေ မတူညီကြသော်လည်း သူတို့သုံးယောက်မှာ မူလတန်းထဲက နီးကပ်စွာ ချစ်ခင်ခဲ့ကြသော သူငယ်ချင်းတွေ၊ ပြီးတော့ အရေးကြီးရင် သွေးနီးကြသော၊ ရင်ထဲက စကားတွေကို အရင်းအတိုင်း မချွင်းမချန် ပြောပြလို့ရသော၊ အချင်းချင်း ဟန်ဆောင်ကြွားဝါစရာမလိုသော ငယ်သူငယ်ချင်း အရင်းခေါက်ခေါက်တွေ ဖြစ်ကြသည်။

သူငယ်ချင်း သုံးယောက် စကားတပြောပြောနှင့် ည ရှစ်နာရီ ခွဲခန့်မှာ ညစာစားပြီးကြသည်။ ဆိုင်ထဲက အထွက်… သုံးယောက်သား (မတိုင်ပင်ပါပဲနှင့်) မိုးကောင်းကင်ပေါ်သို့ ပြိုင်တူ မော့ကြည့်မိကြသည်။ ပြီးတော့ အတူတူ ရယ်မောရင်း… ဘာကြည့်တာလဲ… ဟု အချင်းချင်း ပြန်မေးမိကြသည်။ သေချာတာကတော့ အိမ်မပြန်ချင်ကြသေး… စကားတွေ ဆက်ပြောချင်ကြသေးသည်… ထို့ကြောင့် မိုးရိပ် လေရိပ်ကို စနည်းနာကြခြင်းပင်…။ ညကောင်းကင်ကတော့ နီကျင်ကျင်… လဆုတ်ရက်မို့ ကြယ် လ ကင်းစင်၊ မိုးရွာနိုင်ချေရှိသော်လည်း သုံးယောက်သား သဘောတူညီစွာဖြင့် လမ်းလျှောက်ရင်း စကားပြောဖို့ မနီးမဝေးရှိ ရေကန်စပ်မှ လျှောက်လမ်းလေးဆီသို့ ဦးတည်ခဲ့ကြသည်။

မိသားစု သေးသေးလေး ရှိသော သား မေမေက လူပျိုပေါက်အရွယ် သားလေးအကြောင်းဖြင့် စကားဝိုင်းကို စတင်ခဲ့သည်။ မိန်းကလေး အရွယ်ရောက်သောအခါ သမီးတကောင် နွားတထောင် ဟု ပြောကြသည်။ တကယ်တော့ မိန်းကလေးတင် မဟုတ် ယောင်္ကျားလေးတွေမှာလဲ သားတကောင် နွားတထောင်ဟူသော စကားပုံမျိုး ရှိသင့်ကြောင်း ပြောသည်။ ကျန်နှစ်ယောက်က “နင့် သားက လိမ်မာတာပဲ… သိပ်စိတ်ပူစရာ မရှိပါဘူးလေ… “ ဟု နှစ်သိမ့်သည်။ ပြီးတော့ အခုတက်နေတဲ့ ကျောင်းက ယောင်္ကျားလေး သီးသန့်ကျောင်းမို့ လောလောဆယ်တော့ မိန်းကလေးတွေနှင့် ဘာညာ ဘာညာ ကိစ္စများ မရှိနိုင်သေးဟု ပြောပြ ဖြောင်းဖြကြသည်။

“ဟဲ့… နင်တို့ ဘာသိလို့လဲ.. မိန်းကလေးသာ မရှိတာ ခပ်နွဲ့နွဲ့ ယောင်္ကျားလေးတွေ ရှိတယ်တဲ့… သူတို့က တခါတခါ မိန်းကလေးတွေထက်တောင် ပိုပြီး စိတ်ပူစရာ ကောင်းသေးတာ…” ဟု မျက်စောင်းတခဲခဲနှင့် ပြောလိုက်သောအခါ ကျန်နှစ်ယောက်က ဘုရား တ ကာ ရင်ဘတ်ကိုယ်စီဖိပြီး ရယ်မောကြလေသည်။ ထိုအခါ သားမေမေလည်း သူတို့နှင့်အတူ လိုက်ပါ ရယ်မောရင်း အနည်းငယ်တော့ ရင်ချောင်သွားရတာ အမှန်…။

သားသမီးအပူ မရှိသော တူနှစ်ကိုယ်တိုင်းပြည်မှ မမကို နင်ကတော့ ဒီလိုအပူတွေ မရှိ၊ နှစ်ယောက် တဘဝ အေးချမ်းပေစွဟု ပြောလိုက်သောအခါ “အမလေး… သားသမီးသာ မရှိတာ… တူတွေ တူမတွေ ညီမတွေ မောင်တွေကို ကြည့်ရှု စောင့်ရှောက်ရပါသတော်…” ဟု ခပ်သွက်သွက် ပြန်ပြော၏။ ထိုအခါ ကျန်နှစ်ယောက်က သဘောပေါက်ဟန်ဖြင့် ခေါင်းကို အသာအယာ ညိတ်ကြလေသည်…။ သူက ကုန်ခဲ့သော လအနည်းငယ်က သူမ၏ ခင်ပွန်း နေမကောင်းဖြစ်သောကြောင့် ပူပန်သောက ရောက်ရကြောင်းကို ပြောပြသေးသည်။ ယောင်္ကျားတွေ နေမကောင်းဖြစ်ရင် မိန်းမတွေထက် ပိုပြီး ထိတ်လန့်တုန်လှုပ်တတ်ကြကြောင်း၊ နည်းနည်းလေးမှ သည်းညည်းမခံနိုင်တတ်ကြကြောင်း ပြောသောအခါ သားမေမေက “အဟုတ်ပဲ… အဟုတ်ပဲ…” ဟု အကြီးအကျယ် ထောက်ခံလေသည်။

“အို… သူတို့က အိမ်ထောင်ဦးစီးတွေ မဟုတ်လား… တခုခုဆို သူတို့က ရှေ့ရေးတွေ ဘာတွေ တွေးရင်း ပိုပြီး ပူပင် ကြောင့်ကြတတ်ကြပေမပေါ့…” ဟု တွေးတွေးဆဆ ဝင်ပြောလိုက်သူက အေးချမ်းသော တကိုယ်ရေ တကာယ ဘဝပိုင်ရှင်လေး ဖြစ်နေတာကို တွေ့ရသောအခါ နှစ်ယောက်သား တယောက်မျက်နှာ တယောက်ကြည့်ရင်း သဘောတကျ ပြုံးရယ်မိကြလေသည်။

အေးဆေးလှသော ထိုသူငယ်ချင်းကပင် “ဒါတွေကို သိလို့ ငါ အခုလို အေးရာအေးကြောင်း နေနေတာ… သိလား…” ဟု ရယ်မောရင်း ပြော၏။ အင်း.. ဒါလဲ ဟုတ်တာပဲ ဟု တွေးနေစဉ်မှာပင် သူက မိဘတွေရဲ့ ယိုယွင်းစပြုလာသော ကျန်းမာရေး အခြေအနေတွေကို မီးမောင်းထိုးပြလာခဲ့သည်။ သူ ဒီမှာ အလုပ်လုပ်ရင်း ရသမျှကို အဝေးမှ မိဘနှစ်ပါး၏ နေရေး ထိုင်ရေး ကျန်းမာရေး အစစအရာရာအတွက် လိုလေသေး မရှိ ပြည့်စုံအောင် ဖြည့်ဆီးပေးနိုင်တာ သူကိုယ်တိုင် ကြည်နူး ကျေနပ်မိသည် ဟု ပြောပြလာသောအခါမှာတော့ သားမေမေနှင့် နှစ်ယောက်တဘဝ ပိုင်ရှင်တို့က ပီတိဖြစ်ကာ သာဓု သုံးကြိမ် ခေါ်မိကြတော့သည်။

ဒါတွေအပြင် နောက်ထပ် ရောက်တတ်ရာရာတွေ များစွာ ပြောဖြစ်ကြသေးသည်။ သုံးယောက်စလုံး အတူတူ သတိတရ ပြောဖြစ်သော အကြောင်းအရာမှာ ဟိုးလွန်ခဲ့သော ၁၀ နှစ်ကျော်အချိန်က သူငယ်ချင်းတစု၏ ချောင်းသာ ခရီးစဉ်အကြောင်းပင်ဖြစ်သည်။ ချောင်းသာကို ရောက်ရောက်ချင်း ညမှာ ၁၃ ယောက်စာ တည်းစရာ ဟိုတယ်အခန်း အလုံအလောက်မရသဖြင့် မကျေမချမ်းဖြင့် အနားက ရွာထဲမှာ ခွဲ အိပ်ကြရပုံ၊ နောက်ညတွေမှာ ဟိုတယ် တခုတည်းမှာ အခန်းပြန်ရကြသော်လည်း တညလုံး ဘယ်သူမှ မအိပ်ကြပဲ ဟိုတယ်ခန်းထဲက အိပ်ရာခင်း အဖြူဆွတ်ဆွတ်တွေကို ကမ်းခြေက သဲတွေပေါ်မှာ ချခင်းပြီး ပျော်ပါး သောင်းကျန်းခဲ့ကြပုံများ၊ အပြန်ခရီးမှာ တဖက်ကမ်းကူးစရာ ဇက်မမှီလိုက်သောကြောင့် ကြုံရာ မြေသယ်ကားကြီး တစီးပေါ်မှာ မတ်တပ်ရပ်စီးရင်း ပုသိမ်ကားဂိတ်ကို အမှီသွားရပုံတွေအပြင် ည မှောင်မှောင်မဲမဲမှာ အိပ်ရာခင်း အဖြူရောင်ကို တကိုယ်လုံး မံမီတွေလို ပတ်စည်း၊ လက်နှိပ်ဓါတ်မီးကို မေးစေ့မှ ပင့်ထိုးကာ ခုန်ဆွ ခုန်ဆွ နှင့် သရဲခြောက်သလို လုပ်ပြတတ်သော သူငယ်ချင်း သေးသေးလေး တယောက်အကြောင်းနှင့် ကြက်သားဟင်းဆို အသည်းအမြစ်ကို အရင်ဦးဆုံး ရွေးယူတတ်သော သူငယ်ချင်းဆိုးဆိုးလေးတယောက် အကြောင်းလည်း မမေ့မလျော့ ပါဝင်သေးသည်…။

နောက် ဘယ်နှစ်နှစ်ကြာမှာ သူငယ်ချင်းစုံစုံညီညီဖြင့် သည်လို ခရီးမျိုးပြန်သွားနိုင်ကြမှာလဲ ဟူသော မေးခွန်းတခုကို အတူတူ တွေးမိပြီး တခဏ ငြိမ်သက်သွားကြသည်…။ အဖြေကား မရေရာ…။ သူငယ်ချင်းတွေ အားလုံး အခုအချိန်မှာ တယောက် တနေရာစီ တစစီ ပျံ့ကျဲကာ… အမျိုးမျိုးသော ဘဝ အခြေအနေတွေမှာ ကိုယ်စီ လှုပ်ရှား ရုန်းကန်နေကြရသည်လေ…။

အတွေးကိုယ်စီ တွေးနေကြရင်းမှာပင် မိုးငွေ့များများပါသော လေအေးအေးတွေ စတင်တိုက်ခတ်လာပြီး မိုးပေါက်လေးတွေ ကျလာသောကြောင့် အိမ်ပြန်ချိန်တန်ပြီဟု သတိပေးခံလိုက်ရသလို ဖြစ်သွားသည်။

“တခါတခါတော့ အဆွယ်အပွားတွေ၊ နောက်တွဲတွေ ချန်ထားပြီး အခုလို တွေ့ကြရတာ ပျော်စရာ ကောင်းတယ်နော်… တွေ့ဖို့လည်း လိုအပ်တယ်.. နောက်ကို တို့တွေ တလ တခါ ဒါမှမဟုတ် နှစ်လ တခါလောက် တွေ့ကြရအောင်…” ဟု ပြောသောအခါ တယောက်တည်းသမား သူငယ်ချင်းလေးက ပါးကို လိုအပ်သည်ထက် ပိုဖေါင်းကာ နှုတ်ခမ်းစူပြရင်း “ငါက အမြဲ အားပါတယ် နင်တို့နှစ်ယောက်သာ… ဟွန်း…” ဟု ဆူပွပွ ဆိုလေသည်…။ ထိုအခါ သုံးယောက်သား စိတ်လက် ပေါ့ပါးစွာ ရယ်မောလိုက်ကြရင်း တဖွဲဖွဲကျလာသော မိုးစက်တွေကြားထဲမှာပင် တယောက်တလမ်း ခွဲခွာ လျှောက်လှမ်းခဲ့ကြလေတော့သည်။



Friday, September 23, 2011

ချစ်သော ဧရာဝတီသို့...

မြို့ပြမှာ ကြီးပြင်းခဲ့ရသော ကျွန်မ၏ ငယ်ဘဝမှာ ထူးခြားမှု တစုံတရာမရှိ… ရိုးစင်း၏။ အိမ်မှာ အစိုးရဝန်ထမ်း မိဘနှစ်ပါးနှင့် ကျောင်းဆရာဟောင်းတဦး ဖြစ်ခဲ့ဖူးသော အဖိုးရှိသည်။ ကူဖေါ်လောင်ဖက် ခေါ်ထားသော အဒေါ်ကြီးတယောက်ရှိသည်။ မိုးလင်း မိုးချုပ် မိဘနှစ်ပါးက အလုပ်သွားသည်။ ကျွန်မက ပုံမှန်လာကြိုသော ကျောင်းကားဖြင့် ကျောင်းသွားသည်။ အိမ်ပြန်ရောက်လျှင် ရေမိုးချိုး၊ ကကြီး ခခွေးတွေ ရေးပြီး ဖေဖေ မေမေတို့ ပြန်ရောက်လာချိန်တွင် ညစာစားကြသည်။ ပြီးတော့ အိပ်ရာဝင်သည်။ နောက်တနေ့ မနက် နိုးလာလျှင် အဒေါ်ကြီး ပြင်ဆင်ထားသော နံနက်ခင်းစာကို စား၍ ကျောင်းသွားသည်…။ အားလပ်ချိန်တွေမှာ အဖိုးနှင့်အတူ ရွှေသွေး တေဇ မိုးသောက်ပန်း အစရှိသော စာအုပ်လေးတွေကို ဖတ်တတ်သလောက် ဖတ်သည်။ သည်လိုနှင့် သမရိုးကျ နေ့ရက်များကို ပုံမှန် ဖြတ်သန်းလာခဲ့သည်။ တိုက်တာ အိမ်ခြေ အဆောက်အဦးများဖြင့် အတိပြီးသော၊ ရုပ်ဝတ္ထုဆန်သော မြို့ပြလူနေမှုပတ်ဝန်းကျင်တွင် ကြီးပြင်းလာခဲ့ရသူ ကျွန်မကို တခုသော ကျောင်းပိတ်ရက်မှာ အဖိုးက မြို့နှင့် ခပ်လှမ်းလှမ်းတနေရာသို့ ခေါ်ဆောင်သွားခဲ့သည်။ ကျွန်မ တသက် မေ့မရနိုင်စရာ ခရီးတခုဖြစ်ပြီး ထိုအချိန်က ကျွန်မအသက် ၅ နှစ်ခန့်ရှိပြီဟု မှတ်မိပါသည်။

ထိုနေရာကိုရောက်အောင် ရထားကြီး စီးသွားရတာ မှတ်မိသည်။ ရထားကြီးက တိုက်တာ အိမ်ခြေများနှင့် ကင်းလွတ်ရာကို တဂျုံးဂျုံးနှင့် ခုတ်မောင်းလာလေသည်။ တခါမှ ရထားမစီးဖူးသော ကျွန်မအတွက်တော့ မြင်ရသမျှ တွေ့ရသမျှ အရာရာသည် ဆန်းကြယ်နေခဲ့လေသည်။ ရထားလမ်း ဘေးတဖက် တချက်မှာ စိမ်းစိမ်းစိုစို စိုက်ခင်းများကို တွေ့ရပြီး လူနေအိမ်ဟု ယူဆရသော တဲအိမ်ငယ်လေးများကို တွေ့ရသည်။ ကျွန်မနှင့်ရွယ်တူ ကလေးငယ်များက ထိုစိုက်ခင်းများအကြားတွင် လွတ်လပ်စွာ ပြေးလွှား ခုန်ပေါက် ဆော့ကစားနေကြသည်ကို တွေ့ရသောအခါ ကျောင်းက ကစားကွင်း ကျဉ်းကျဉ်းလေးထဲမှ ကစားဖေါ် စိုးစိုးတို့ကို သတိရသွားသည်။ အတူတူ ကစားကြရရင် ပျော်စရာကောင်းမှာပဲ…။

လမ်းဘေး ဝဲယာကို ကြည်ငေးပြီး ရထားစီးရခြင်းကို ပျော်မွေ့နေသောကြောင့် အချိန်ဘယ်လောက်ကြာလို့ ကြာမှန်း ကျွန်မ မသိလိုက်ခင်မှာ ရထားကြီးက ခပ်ဟောင်းဟောင်း ဘူတာရုံလေးတခုမှာ ရပ်သွားခဲ့သည်။ ပါလာသော ကျောပိုးအိပ်လေးကို လွယ်ကာ ထိုရထားဘူတာမှာ ဆင်းရသည်။ ပြီးတော့ လမ်းအနည်းငယ် လျှောက်ရသည်။ လမ်းပေါ်မှာ လူတွေ အများကြီးကို တွေ့ရသည်။ ဒါတင်မက ဈေးသည် ဈေးဝယ်တွေနှင့် စည်ကားနေသော လမ်းဘေးဈေးလေးကိုလည်း တဆက်တည်း တွေ့ရသည်။ မြင်နေမကျသော မြင်ကွင်းသစ်များကြားမှာ ကျွန်မ စိတ်လှုပ်ရှားစွာ ပျော်ရွှင်နေခဲ့ပါသည်။ အဖိုးလက်ကို ဆွဲကာ ဈေးလမ်းလေးအတိုင်း လျှောက်လာခဲ့ကြသည်။ ကြံတွေ ဖရဲသီးတွေ ခရမ်းချဉ်သီးတွေ စိမ်းစားဥတွေကို အဖိုးက ညွှန်ပြသည်။ သည်အသီးအနှံတွေကိုတော့ ကျောင်းမှာ ဆရာမက သင်ပြထားသောကြောင့် အနည်းငယ် သိနေပေပြီ။ မကြာခင်မှာ ချူသံလိုလို အသံတမျိုးပေးပြီး ကိုယ်ထည် အကောင်ခပ်ဝဝနှင့် ညိုတိုတို အကောင်နှစ်ကောင် ကျွန်မဘေးက ဖြတ်သွားသည်…။

“အဖိုးရေ.. ဟိုမှာကြည့်ပါအုံး ဝက်ကြီးတွေ ဝက်ကြီးတွေ… အကြီးကြီးပဲနော်…” ဟု ဝမ်းသာအားရ ကျွန်မ အော်လိုက်မိသည်…။ ကျွန်မစကားအဆုံးမှာ ဘေးနားက လမ်းသွားလမ်းလာများ ကျွန်မကို လှည့်ကြည့်ပြီး ပြုံးရယ်ကြသည်။ အဖိုးကလည်း ရယ်မောလေသည်…။ အမှန်ကတော့ ကျွန်မ လက်ညှိုးညွှန်လိုက်သော အကောင်များမှာ ဝက်များ မဟုတ်ပါ။ ကျန်းမာ သန်စွမ်းကာ ဝဖီးနေသော ကျွဲများ ဖြစ်ကြပေသည်။

ပြီးတော့ ကျွန်မတို့ လျှောက်လာရာလမ်းဘေး တဖက်တွင် သစ်ပင်စိမ်းစိမ်းများရှိနေသည်။ သေသေချာချာ နားထောင်ကြည့်လျှင် သူတို့က လေအဝှေ့မှာ တေးသံတမျိုးကို သီဆိုနေသယောင်…။ ထိုအခါ ကျွန်မက အဖိုးကို… “ဟိုနားက ချိုးချိုးချွတ်ချွတ်နဲ့ဟာ ဘာပင်တွေလဲ ဖိုးဖိုးရဲ့…” ဟု မေးလိုက်လေသည်။ ၅ နှစ်သမီး ကျွန်မ၏ ထိုမေးခွန်းကို အဖိုးက နှစ်သက်မဆုံး… သတိရတိုင်း၊ စကားကြုံတိုင်းလည်း ပြန်ပြောမဆုံး…။ ကျွန်မ၏ အမေးကို “အဲဒါ လေတိုးတိုင်း သီချင်းဆိုတတ်တဲ့ ဝါးရုံတွေ…” ဟု အဖိုးက အဖြေပေးပါသည်။ မေမေတို့ အဒေါ်ကြီးတို့ ဟင်းချက်စားလေ့ရှိသော မျှစ်မှာ ထိုဝါးပင်က ရကြောင်းကိုပါ အဖိုးက တဆက်တည်း ရှင်းပြသေးသည်။ ဝါးကို ဟင်းချက်စားကြပြီး မျှစ်ဟု ခေါ်ကြပုံကို ကျွန်မ နားမလည်နိုင်အောင် ဖြစ်နေခဲ့ရသည်… တကယ်ဆို ဝါးက ဝါးပဲ မဟုတ်လား..။ ဝါးရုံတွေ၏ တေးသံကို ချစ်သော ကျွန်မက ထိုအချိန်မှစပြီး မျှစ်ကို မျှစ်ဟု လုံးဝ မခေါ်တော့ချေ။ အိမ်မှာ မျှစ်ဟင်း ချက်သောနေ့များတွင် တစုံတယောက်က “သမီး အိမ်မှာ ဘာဟင်းချက်သလဲ…” ဟု မေးလာလျှင် ငါးနဲ့ ဝါးနဲ့ (သို့) ဝက်သားနဲ့ ဝါးနဲ့… ဟုသာ အစဉ် ဖြေဆိုတတ်ပါသည်။

သည်လိုနှင့် မကြာခင်မှာ ကျွန်မတို့ မြေးအဖိုးနှစ်ယောက် သစ်ရိပ်ဝါးရိပ်တို့ဖြင့် အေးမြနေသော ခြံဝိုင်းလေးထဲမှ သစ်သား မြေစိုက်အိမ်ကလေး တလုံးဆီကို ရောက်လာခဲ့ကြသည်။ ကျွန်မတခါမှ မတွေ့ဖူးသော အဖိုး၏ မိတ်ဆွေများက အိမ်လေးထဲမှ အပြေးအလွှား ထွက်လာပြီး ကျွန်မတို့ကို ကြိုဆိုကြသည်။ ထိုခြံဝင်းထဲမှာ အခုနက ကျွန်မ တွေ့ခဲ့ရသော အကောင် ဝဝမျိုးတွေကို ထပ်တွေ့ရပြန်ရာ သည်တခါတော့ ကျွန်မက ဂုဏ်ယူဝင့်ကြွားသော မျက်နှာပေးဖြင့် “အဖိုးရေ… ဒီမှာ ကြည့်ပါအုံး… ကျွဲကြီးတွေနော်…” ဟု ပြောလိုက်ရာ ရယ်သံတွေ စီစီညံသွားခဲ့သည်။ “ဒါ ကျွဲတွေ မဟုတ်ဖူး ကလေးရဲ့ သူတို့က နွားတွေ… ကလေး စားနေတဲ့ ထမင်းတွေရအောင် သူတို့က ကူညီတယ်… ကျေးဇူးရှင်တွေ…” ဟု အိမ်ရှင် ဦးကြီးက ရယ်သံတဝက်နှင့် ပြောပါသည်။

ထို ဦးကြီးကပင် “ကဲ… ကဲ… မြေးအဖိုးနှစ်ယောက် ခရီးပန်းလာကြတယ်… နားရအောင် အိမ်ပေါ်တက်ကြပါ…” ဟု ဖိတ်ခေါ်သောအခါ အဖိုးက “သမီး မမောသေးရင် အဖိုးတို့ တနေရာကို သွားကြရအောင်…” ဟု ပြောပါသည်။ အစစ အရာရာကို အဆန်းတကြယ်ဖြစ်နေသော ကျွန်မကလည်း မောရမှန်း ပန်းရမှန်း တကယ်ကို မသိခဲ့ပါချေ။ ထို့ကြောင့် ခြံထောင့်တနေရာက ရေအိုးစင်လေးထဲမှ အဖိုးခပ်ပေးသော ရေအေးအေးကို လက်ကိုင်ရိုးရှည်တပ် အုန်းမှုတ်ခွက်ဖြင့် တဝ သောက်လိုက်ပြီး ကျောပိုးအိပ်လေးကို အသာချကာ အဖိုးခေါ်ရာကို လိုက်လာခဲ့ပါသည်။

လမ်းတလျှောက် ခလောက်သံ ချူသံ တချွင်ချွင်နှင့် နွားလှည်းများ၊ ခွာသံ တခွပ်ခွပ်နှင့် မြင်းလှည်းများ၊ ဝဲယာ တဖက်တချက်ဆီမှ ဝါးရုံတို့ကို လေတိုးသော ချိုးချိုးချွတ်ချွတ်အသံများ နှင့်အတူ မြေနံ့တသင်းသင်းတို့တွင် ကျွန်မအလွန်တရာ ယစ်မူးပျော်ရွှင်လှသည်။ ကလေးတယောက်ဖြစ်သော်လည်း သဘာဝကို အမြတ်တနိုး နှစ်သက်လှသော စိတ်ကလေး ကျွန်မရင်ထဲမှာ ရှိနေခဲ့သည်ကို နောင် အသက်အရွယ်ရလာသောအခါမှာ ကောင်းစွာ နားလည် သဘောပေါက်လာခဲ့သည်။

“အိုး… ဟိုးမှာ ရေတွေ… ရေတွေ… ရေတွေ အများကြီးပဲ…”
အလန့်တကြား၊ ပြီးတော့ တအံ့တသြနှင့် ကျွန်မ အော်လိုက်မိပါသည်။ ကျွန်မ မျက်စိ မမှားပါ…။ ကျွန်မ မျက်နှာတူရှုမှာ ပြာလဲ့နေသော ရေပြင်ကြီးတခု ရောက်နေပါသည်။ ထိုမျှလောက် ကြီးမားသော ရေပြင်ကို ကျွန်မဘဝတွင် ပထမဆုံးအကြိမ်အဖြစ် တွေ့ဖူးခြင်း ဖြစ်ပါသည်။ အဖိုးက ကျွန်မလက်ကို ဆွဲထားရာမှ ဖြေလွှတ်ပေးလိုက်သည်…။ ကျွန်မကလည်း အဖိုးလက်မှ လွတ်လျှင် လွတ်ချင်း ရေတွေရှိရာကို တဟုန်ထိုး ပြေးသွားမိတော့သည်…။

ပြာလဲ့နေသော ရေပြင်ကြီး၊ မြစ်ကမ်းပါးမှာ တလျှောက်ဆီမှ တဲအိမ်ငယ်လေးတွေ၊ ထိုရေစပ်မှာ အဝတ်လျှော် ရေချိုးနေကြသူတွေ၊ ငါးမျှားတံတွေ လက်ဆွဲပုံးငယ်လေးတွေ ကိုယ်စီဖြင့် ငါးမျှားနေကြသူတွေ၊ ငါးဖမ်း ပိုက်ကွန်တွေဖြင့် အလုပ်များနေကြသူတွေ၊ မြစ်ပြင်ကျယ်မှာ အစုန်အဆန် ကူးလူး သွားလာနေကြသော အရွယ်စုံ အရောင်စုံ ငါးဖမ်းလှေ ကြီးကြီး ငယ်ငယ်တွေ၊ မြစ်ဆိပ်မှ ကုန်းပေါ်သို့ ပစ္စည်းတွေ သယ်ပိုးလာသော သူတွေ၊ သောက်ရေ သုံးရေ ခပ်နေကြသူတွေ၊ တလုံးပေါ် တလုံးဆင့်ကာ အစီအရီ ထပ်တင်ထားသော အမျိုးအမည်စုံလင်လှသော အရွယ်အစား စုံလင်သော စဥ့်အိုးတွေ၊ ညီညီညာညာ စုပုံထားသော ထင်းခြောက်တွေကို သယ်ယူရန် ပြင်ဆင်နေကြသော ဝါးဖေါင်တွေ၊ အဲဒါတွေအပြင် ကျွဲ၊ နွား၊ ဘဲ၊ ကြက် အစရှိသော သတ္တဝါလေးတွေကလည်း အစုလိုက် အစုလိုက် အေးအေးလူလူ ဟိုမှသည် ကူးလူးသွားလာနေကြသော မြင်ကွင်းတွေက ကျွန်မလို ကလေးတယောက်၏ ရင်ကို ပြင်းထန်စွာ လာရောက် တိုးဝှေ့ ထိမှန်ခဲ့သည်။


အဖိုးက ပြောသည်…။ သမီး… ဒါ ဧရာဝတီ တဲ့…။
အဖိုးက ထိုစကားကို တကြိမ်ထဲ တခွန်းထဲ ပြောသော်လည်း ကျွန်မနားထဲတွင် ဧရာဝတီ… ဧရာဝတီ… ဧရာဝတီ… ဟု အခွန်းပေါင်းများစွာ ပဲ့တင်ထပ်သွားခဲ့သည်…။ သည်အမည်နာမကို ကြားလိုက်ရသောအခါ လူက အလိုလိုနေရင်း ခွန်အားတွေ တိုးလာပြီး စွမ်းအင်တွေ ပြည့်ဝကာ မောပန်းနေတာတွေ အားလုံးကို လွင့်စင်သွားစေခဲ့သည်။ ကြည့်ပါအုံး… ဧရာဝတီ တဲ့…။ ထို့နောက်မှာတော့ အဖိုးက ဧရာဝတီ အကြောင်းကို ကျွန်မမျှော်လင့်ထားသလို စကားလုံးတွေ အများကြီးနှင့် ရှင်းလင်းပြောဆိုခြင်း အလျဉ်းမရှိ…။ အသက်မဲ့ ဧရာဝတီကို အသက်ဝင် လှုပ်ရှားနေသော မြင်ကွင်းနှင့်အတူ မိတ်ဆက်ပေးခဲ့သည်။ အသက် ၅ နှစ်အရွယ် မြေးမလေးကို အဖိုးက ဧရာဝတီနှင့် မိတ်ဆက်ပေးပုံမှာ တသက် မမေ့နိုင်စရာ သိမ်မွေ့နူးညံ့ပြီး အဓိပ္ပါယ် ပြည့်ဝလှသည်။

ထိုအချိန်မှ စတင်ကာ ကျွန်မ၏ ရင်ထဲ ဧရာဝတီက စွဲမြဲခဲ့တာ ဖြစ်သည်…။ ထိုရက်တွေမှာ စားချိန် အိပ်ချိန်မှလွဲ၍ အချိန်တိုင်း ကျွန်မ ဧရာဝတီနားကို ရောက်နေခဲ့သည်။ သစ်ပင်ခြေရင်းမှ အမြစ်ဆုံ တခုခုပေါ်မှာ ထိုင်၍သော်လည်းကောင်း၊ ရေစပ်က ကျောက်တုံးခပ်သေးသေးတခုပေါ်မှာ ထိုင်၍သော်လည်းကောင်း အချိန်ရှိသ၍ ဧရာဝတီကို တမေ့တမော ငေးကြည့်နေခဲ့မိသည်။ သစ်လုံးအကြီးကြီးတွေကို တရွတ်တိုက် ဆွဲယူသွားနိုင်အောင် ခွန်အားဗလ ကြီးမားလှသော ဆင်ကြီးတွေ၊ ပြီးတော့ သူတို့ အနောက်မှ လိုက်ပါလာသော ဆင်ပေါက်စလေးတွေကို ကြည့်ကာ တယောက်တည်း သဘောတကျ ရယ်မောနေခဲ့မိသေးသည်။ ဖေဖေနဲ့ မေမေတို့ သွားလေရာကို နောက်က တကောက်ကောက်လိုက်နေတတ်သော ကိုယ့်ကိုကိုယ် ပြန်မြင်ရသလိုပါပဲ။ ပြီးတော့ ဖရဲသီးတွေ တင်လာသော လှေထဲမှ လတ်လတ်ဆတ်ဆတ် ဖရဲသီးစိတ်တွေကို ကျွန်မ စားခဲ့ရသည်။ အိုးပုတ် ချိုးရုပ်လေးတွေ တင်လာသော လှေထဲမှ အရုပ်ကလေးတွေကိုလည်း ကျွန်မ ပိုင်ဆိုင်ခဲ့ရသည်။ ညိုညစ်ညစ် ရွှံ့တွေဖြင့် လောက်စာလုံးလေးတွေကိုလည်း ဝိုင်းနေအောင် လုံးဖြစ်ခဲ့သေးသည်။

ထိုမြို့လေးမှ ပြန်ခါနီး ညနေမှာတော့ အဖိုးက ကျွန်မကို ဧရာဝတီနှင့် အသေအချာ ထိတွေ့ နှုတ်ဆက်စေခဲ့သည်။ ကမ်းစပ်က ရေတွေထဲကို သွက်သွက်လက်လက်… ပြီးတော့ မကြောက်မရွံ့ ဆင်းချသွားသော ကျွန်မကို အဖိုးက အခါများစွာကလို စိတ်ပူမနေသည့်အပြင် လက်ခုတ်တီးကာ အားပေးနေခဲ့သေးသည်။ သေချာသည်လေ… ဧရာဝတီက သူ့ချစ်သူများကို ဘယ်နည်းနှင့်မျှ အန္တရာယ် မဖြစ်စေနိုင်ပါ။ နေဝင်ချိန်မှာ နေလုံးနီနီကြီးက ဧရာဝတီထဲသို့ နစ်ဝင် ကွယ်ပျောက်သွားချိန်မှာမှ ကျွန်မ ဧရာဝတီကို နှုတ်ဆက်လက်ပြကာ ခွဲခွာခဲ့ရသည်။ ထိုအခိုက်အတံ့လေးမှာတော့ ကလေးအတွေးနှင့် နေလုံးကြီး… ကျွန်မ ဖြစ်ချင်ခဲ့မိသည်။ သို့မှသာ ဧရာဝတီထဲကို နေ့စဉ်နေ့တိုင်း တိုးဝင်ခိုလှုံကာ နီးစပ်ခွင့်ရနိုင်မည် မဟုတ်ပါလား…။

ထိုခရီးတိုလေးက အပြန်မှာ ဧရာဝတီ၏ မြင်ကွင်းပုံရိပ်တွေ ကျွန်မ မျက်စိထဲမှာသာမက ရင်ထဲသို့ အပြီးတိုင်အောင် ခိုင်မြဲစွာ စူးနစ် ဝင်ရောက်ခဲ့ပြီး ဖြစ်လေသည်။ ကျွန်မ နားလည်တတ်သိသော အသက်အရွယ်ကို ရောက်လာသောအခါတွင် စကားမဆိုတတ်သော ဧရာဝတီ၏ ညင်သာသော ရေစီးသံနှင့်အတူ လျှို့ဝှက်စကားသံများ (သို့မဟုတ်) တီးတိုး ညည်းဆိုသံများကို အချိန်တိုင်းလိုလို ကြားချင်နေမိသည်။ ဧရာဝတီမှာလည်း ရင်ထဲက စကားသံတွေ ရှိနေနိုင်တာပဲ မဟုတ်လား…။ ဧရာဝတီကို လွမ်းသော တချို့ ညတွေမှာ ကွယ်လွန်သွားပြီဖြစ်သော အဖိုးနှင့် ဧရာဝတီကို တွဲဖက်ကာ အိပ်မက် မက်မြင်တတ်ခဲ့သည်။

အဆိုးဆုံးကတော့ အခု လောလောဆယ်မှာပဲ ဖြစ်သည်။ တိမ်ညိုညစ်တို့လို မှိုင်းမှောင်သော အကြံအစည်တွေကြောင့် ကျွန်မချစ်သော ဧရာဝတီ တကိုယ်တည်း ငိုညည်းနေမည်လော… ဒါဏ်ရာ အနာတရတွေအတွက် နာကျင်ခံခက်စွာ ညည်းတွားနေမည်လော… အံကြိတ်ကာ အသံတိတ် လှဲလျောင်းနေမည်လော… သို့တည်းမဟုတ် ရှိသမျှ အားအင်တို့ကို စုစည်းပြီး ခုခံတွန်းလှန်ရန် ပြင်ဆင်ကြိုးစားနေမည်လော…။ ဖြစ်နိုင်လျှင် အခုချက်ချင်း ဧရာဝတီဆီကို အပြေးကလေး ပြန်သွားလိုက်ချင်ပါသည်။ သူ့စကားသံများ ညည်းတွားရှိုက်သံများကို ကျွန်မ စာနာစွာ ကြားနာလိုလှပါသည်။ သို့သော်လည်း ဧရာဝတီဆီကို တခုတ်တရ လိုက်ပို့မည့် အဖိုးကဖြင့် မရှိတော့ပြီ။ ပြီးတော့ ကျွန်မကိုယ်တိုင်ကလည်း ရေကြည်ရာ မြက်နုရာ… ဧရာဝတီနှင့် ခပ်ဝေးဝေးတနေရာမှာ…။

ဧရာဝတီနှင့် ဝေးနေရသော်လည်း ဧရာဝတီကို သိသူတိုင်း သူ့ကို ချစ်ခင် တွယ်တာလှသည်။ ကြီးမား ခန့်ငြားသော ဧရာဝတီကို အစဉ် တွေ့မြင်မနေရသော်လည်း ဧရာဝတီအကြောင်းကို လေသံမျှ ကြားရရုံနှင့် ခံစားချက်တို့ လေးနက်ခဲ့သည်။ နှလုံးသွေးတို့ ဆူဝေခဲ့သည်။ အတွေးစတို့ ဝဲလွင့်ခဲ့သည်…။ ဧရာဝတီသည် မြန်မာတို့၏ သမိုင်းဖြစ်သည်။ ဘိုးဘွားဘီဘင်များနှင့် မျိုးဆက် ဘယ်နှစ်ခုက သည် ဧရာဝတီပေါ် မှီတင်း နေထိုင် ရှင်သန်ခွင့် ရရှိခဲ့သည်လဲ… မြန်မာဟူသော တိုင်းပြည်တခု ဖြစ်ပေါ်လာစေရန် နိုင်ငံ တနံတလျား အလယ်ဗဟိုတည့်တည့်မှ ဖြတ်သန်း စီးဆင်း ဆက်သွယ်ပေးခဲ့သော ဧရာဝတီသည် တိုင်းသူ ပြည်သား မည်၍ မည်မျှကို ကျေးဇူးပြုခဲ့သည်လဲ…။ သည် ဧရာဝတီကြီး မရှိခဲ့လျှင် ဆိုသော အတွေးကိုဖြင့် အနည်းငယ်မျှပင် မတွေးရဲပါချေ။ ထို့ကြောင့်လည်း မြန်မာပြည်သားတိုင်း ဧရာဝတီကို ကာကွယ်ဖို့ စွမ်းအားရှိသ၍ အားထုတ် ကြိုးစားနေခဲ့ကြသည်…။

ကျွန်မချစ်သော ဧရာဝတီနှင့် ပတ်သက်၍ အစဉ်တွေးဖြစ်နေသော အတွေးနှင့် အစဉ်မေးဖြစ်နေသော အမေးတခု ရှိပါသည်…။ ဧရာဝတီကို ချစ်မြတ်နိုးကြသူတိုင်း သည်အတွေးကို တွေးကာ သည် အမေးကို ကိုယ်တိုင်ကိုယ်ကျ ပြန်မေးကြည့်ကြစေချင်ပါသည်။ ထိုအတွေးနှင့် အမေးကတော့… ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ အသုံးပြုခဲ့ကြ၊ အသုံးချခဲ့ကြ ပြီးပြီလဲ… ပြီးတော့ ကျွန်မတို့တတွေ ဧရာဝတီကို မည်၍ မည်မျှ ထိန်းသိမ်း စောင့်ရှောက်ခဲ့ကြသလဲ ဟူ၍ပင်…။




*** Photo credit to Poet & Digital Graphic Designer Khant Min Htet.

Tuesday, September 13, 2011

Cheese Cake

ကြံစည်နေတာတော့ ကြာပါပြီ...။ ပြီးခဲ့တဲ့ သောကြာနေ့ညကတော့ အကြံအစည် အောင်မြင်သွားပါတယ်...။ အဲဒါကတော့ အလွန်နှစ်သက်တဲ့ အစားအစာတွေထဲမှာ တခုအပါအဝင်ဖြစ်တဲ့ Cheese Cake တလုံး ပြုလုပ်ရေးပါ။ ဒီ Cheese Cake ဖြစ်ပေါ်လာရေးအတွက် အဓိက မှီငြမ်း ကိုးကားခဲ့ရတာကတော့ Evy Foodlover ဆီမှာ ပါ...။ ဒီအတွက် ညီမ Evy ကို ကျေးဇူးအများကြီး တင်ပါတယ်...။

Cheese Cake တခုအတွက် ပါဝင်သော ပစ္စည်းများ... (အတိအကျကိုတော့ ဒီမှာ ကြည့်လို့ရပါတယ်...) Cream Cheese, Sour Cream, Butter, Eggs, Whipped Cream, Digestive Biscui & Sugar


ခုနက ပစ္စည်းတွေ ဓါတ်ပုံရိုက်တုံးက Lemon Juice မေ့ကျန်နေခဲ့လို့...


175 gm of Digestive Biscuits


Cheese Cake အတွက် ဗန်း (Pan with Removable Base)


Digestive Biscuit ကို အိပ်တလုံးထဲထည့်... Rolling Pin နဲ့ ချေ...)


ထောပတ်ကို အပူပေး အရည်ပျော်အောင်လုပ်ပြီး ခုနက ချေထားတဲ့ ဘီစကစ်တွေနဲ့ ရောပြီး သမအောင် မွှေ... ပြီးတော့ ဗန်းထဲထည့်...


ဗန်းရဲ့အောက်ခြေမှာ ခင်းပြီး သေသေချာချာဖိ... ရေခဲသေတ္တာထဲမှာ နာရီဝက် အအေးခံ...


သကြားနဲ့ Cream Cheese ကို အရင်မွှေ... ပြီးတော့ ကြက်ဥ ထည့်မွှေ... နောက်တော့ Sour Cream ရယ် Lemon Juice တဇွန်းရယ်နဲ့ Whipping Cream နဲ့ ရောမွှေ... (အမှန်ကတော့ တခုပြီး တခု ထည့်ပြီး အားလုံး ရော သ မ မွှေ တာပါပဲ...)


မွှေပြီးရင် ခုနက ဘီစကစ် အခင်းပေါ်ကို လောင်းထည့်... မုန့်ဖုတ်ရန် အသင့်... Preheat Oven ထဲမှာ 180 Deg C နဲ့ မိနစ် ၇၀ ကြာအောင်ထားလိုက်...


အခုလို Cheese Cake ရလာတယ်... အချိန်စေ့ခါနီးအထိ အရောင်က ဖြူနေသေးတာမို့ မီးထပ်တင်လိုက်တာ အပေါ်ယံ အရောင်ရင့်သွားတယ်...


လုပ်ချင်တာသာသိပြီး အိုးနဲ့ မုန့်နဲ့ အချိုးအစားကို ထည့်မတွက်လိုက်မိလို့ အိုးက ကြီး၊ မုန့်က နည်း ဖြစ်သွားတယ်... ဒီတော့ ပိန်ပိန်ပါးပါး Model Cheese Cake လေး ရလာတယ်... (ခေတ်နဲ့ အညီပေါ့...)


ဘာပဲပြောပြော ကြိုးစားရ ကျိုးနပ်တယ် ဆိုရမယ်...။ Oven ထဲက ထုတ်ပြီးခါစကတော့ ကြည့်ရတာ ပျော့နေသလိုမို့ တခုခုတော့ မှားနေပြီလို့ ထင်နေတာ... ဒါပေမယ့် ရေခဲသေတ္တာထဲမှာ ၄ နာရီလောက် အအေးခံလိုက်ပြီးမှ ပြန်ကြည့်လိုက်တော့ အတော်လေး အဆင်ပြေသွားတာ တွေ့ရတယ်...။ ဒီတော့မှ သက်ပြင်းချနိုင်တယ်... အရသာကတော့ ပြောစရာမလို... Starbucks က New York Cheese Cake နဲ့ တကယ့်ကို နင်လား ငါလားပါပဲ...။

အမှန်ကတော့ ဓါတ်ပုံတွေရော စာတွေရောကို Facebook မှာ တင်ပြီးသားပါ...။ ဒါပေမယ့် ဘလော့ဂ်မှာ စာအသစ်မရေးဖြစ်လို့ ဆားချက်တဲ့ အနေနဲ့ ဒီမှာ ပြန်တင်လိုက်ပါတယ်...။




Saturday, September 10, 2011

အမှတ်တရဒါဏ်ရာ


အသုံးမပြုသည်မှာ လပေါင်းများစွာ ကြာမြင့်ခဲ့ပြီဖြစ်သောကြောင့် အတော်လေး စဉ်းစားယူရလိမ့်မည်ဟု တွေးထင်ထားသော လျှို့ဝှက်ဂဏန်း ခြောက်လုံးသည် လက်ဖျားမှ အစီအစဉ်တကျ အလိုအလျောက် ထွက်ကျလာသည်ကို အံ့သြဖွယ် တွေ့လိုက်ရသည်။ နှစ်ယောက်စလုံး လွယ်လင့်တကူ ဝင်ရောက်အသုံးပြုနိုင်အောင် သဘောတူ သတ်မှတ်ထားသော ထိုလျှို့ဝှက်နံပါတ်များကို သူရော မှတ်မိနေဦးမလားဟု ဖျတ်ကနဲ တွေးလိုက်မိသည်။ ထိုတခဏမှာ အမည်မဖေါ်နိုင်သော ခံစားချက် တခုနှင့်အတူ အမြင်အာရုံတွေ ဝေဝါးသွားသည်ကို ဖာသာ သိလိုက်သည်။ ဖြစ်နိုင်လျှင်တော့ ကိုယ် မငိုချင်ပါ…

တကယ်ဆိုလျှင် ထိုနေရာကလေးသည် နှစ်ဦးသား အတူတူပိုင်ဆိုင်သော်လည်း အတူတူ မနေဖြစ်ပဲ တယောက်တလှည့်စီသာ လာနေဖြစ်ကြသော အိမ်ကလေးတလုံးနှင့် ဆင်ဆင်တူပါသည်။ ထိုနေရာလေးသို့ ရောက်သွားချိန်တွင် သူ လာသွားသော ခြေရာ လက်ရာကလေးများ တွေ့နိုင် မြင်နိုင်ဦးမည်လား… အပြေးအလွှား ရှာဖွေမိပါသည်။ သို့သော် သူ ရောက်မလာခဲ့သည်ကို လပေါင်းအတော်ကြာနေသော နေ့စွဲများနှင့် အေးစက်ရပ်တံ့လျှက်ရှိသော စာများက သက်သေပြနေပါသည်။ ထိုနေရာ… ဟုတ်ပါသည်… တိတိကျကျ ပြောပြရလျှင်တော့ ထိုနေရာဆိုသည်မှာ ဘယ်သူ့အတွက်မှ မထူးဆန်းလှသော သာမာန် အီးမေးလ်အကောင့်လေး တခုမျှသာ ဖြစ်ပါသည်။

သို့သော် ထိုနေရာလေးမှာ နှစ်ဦးသား အပြန်အလှန် ရေးသား ပြောဆိုခဲ့ဖူးသော၊ ပျော်ရွှင် နောက်ပြောင် ရယ်မောခဲ့ကြဖူးသော၊ စိတ်ကောက်၍ ပြန်ချော့ခဲ့ကြဖူးသော စာ အစောင်စောင် ရှိနေသည်။ ပြီးတော့ အနေဝေးချိန်တွေ၊ သတိရ လွမ်းဆွတ်ချိန်တွေမှာ ကြည့်ရန် အမှတ်တရ ရိုက်ကူးထားဖြစ်သော ဓါတ်ပုံတချို့လည်း ရှိနေသည်။ အဲဒါတွေအပြင် တယောက်ကို တယောက် သတိတရ လိုအပ်လာသော အချိန်များတွင် နားထောင်ရန် အပြန်အလှန် ပေးပို့ထားသော သီချင်းတွေ… အားလုံး ခြေရာလက်ရာ မပျက်မယွင်း ရှိနေပါသေးသည်။

ထိုနေရာလေးမှာ အတူတူ ရှိနေခဲ့ချိန်များကို ပြန်ပြောင်းသတိရစရာ ကောင်း မကောင်း၊ သင့် မသင့် မတွေးဆ မချင့်ချိန်နိုင်ခဲ့ပါ။ စာတွေထဲမှ စကားလုံးများ၏ နာကျင်ခံခက် ထိုးနှက်မှုတို့နှင့် တပြိုင်နက်မှာပင် ထိုစကားလုံးများ၏ သိမ်မွေ့သော ဆွဲဆောင်မှုတို့ကို အနည်းငယ်မှ မတွန်းလှန်နိုင်ပဲ ထိုနေရာလေးမှာ စာအဟောင်းတွေကို ပြန်ဖတ်ရင်း နာရီပေါင်း အတော်ကြာ ငြိမ်သက်နေခဲ့မိပါသည်။ လက်သင့်ရာ သီချင်းတပုဒ်ကို ဖွင့်လိုက်မိချိန်မှာ ကြားလိုက်ရသည်က လေးဖြူ၏ အလွမ်းများ ဖြစ်လို့နေခဲ့သည်။ အတူတူ လျှောက်ဖူးတဲ့ နေရာများ... မင်းရယ်... တို့ရယ်... ရင်မျာ ရူးသွပ်တဲ့ ညတိုင်း... တဲ့... တို့ ဝေးမယ့် အကြောင်းတွေ မရှိခဲ့... တဲ့...။ ခေါင်းကိုသာ တွင်တွင် ခါယမ်းနေမိတော့သည်...။ သီချင်းမဆုံးခင်မှာ ပိတ်လိုက်ရသည်။ နှုတ်ခမ်းပါးတွေကို တင်းတင်းစေ့ပိတ်ပြီး မျက်ဝန်းနက်နက်များနှင့် တည်ငြိမ်စွာ စိုက်ကြည့်နေသော သူ့ဓါတ်ပုံကို တွေ့လိုက်တော့ သူ့ကို ခေါ်နေကျ စကားလုံးတလုံးကို တီးတိုး ရေရွတ်လိုက်မိပါသည်။

သူရေးခဲ့သော စာတွေတိုင်းမှာ I miss you… ဆိုသော စကားလုံး သုံးလုံးဖြင့် စတင်ခဲ့ပြီး တဖွဲ့တနွဲ့မဟုတ်ပဲ ရိုးစင်းလှသော စကားလုံးများဖြင့် Report ဆန်ဆန် ဖြစ်သော်လည်း စာတစောင်ကို ဖတ်လိုက်တိုင်း ထူးဆန်းသော ခံစားမှုတခုခုကို အစဉ် ပေးစွမ်းနိုင်ခဲ့သည်။ လိမ်ညာ ဟန်ဆောင်ခြင်းကင်းသော၊ ရိုးသားဖြောင့်မတ်သော စာတွေဟု အကြိမ်ကြိမ် ယုံကြည်ခဲ့မိသည်…။ ယခုချိန်အထိလည်း ယုံကြည်နေချင်ဆဲ ဖြစ်သည်။ သို့သော်… မျှော်လင့်မထားသော အချိန်တွင် ထောင့်တထောင့်မှနေ၍ သူ ကိုယ့်ကို အလဲထိုးခဲ့လေသည်။

ဘာကြောင့်လဲ… ဘာကြောင့်လဲ… ဟု အကြိမ်ပေါင်း မရေမတွက်နိုင်အောင် ရေရွတ်နေမိပါသည်။ ကိုယ် ဟန်ဆောင် မကောင်းပါ။ သည်နေရာမှာ သည်ထက်ပိုပြီး အချိန်ကြာကြာနေနေလျှင် အမှန်တကယ်ကို ရူးသွပ်သွားနိုင်ပါသည်။ ထို့ကြောင့် ကိုယ် ထိုနေရာလေးမှ ဖယ်ခွာလာခဲ့သည်။

တကယ်ဆိုရင် သူသည် အချိန်ကာလတခုအထိ ဟန်ဆောင်ကောင်းစွာဖြင့် ပိပိရိရိ လှည့်ဖျား လိမ်ညာနေခဲ့သူ တယောက်မျှသာ…။ သည်လို တွေးလိုက်မိသောအခါ သူနှင့် ရင်းနှီးခဲ့ဖူးသော အချိန်များစွာက တွေ့ မြင် သိကျွမ်းခဲ့ရသော သူ့ဓလေ့ စရိုက်များ၊ သူ့ အမူ အကျင့်များ၊ သူ့ အယူအဆ အတွေးအခေါ်များကို ပြန်လည်သတိရမိပြီး တိတ်တဆိတ် အားနာနေပါသေးသည်။ သူ ဒီလိုလူစားမျိုး လုံးဝ မဟုတ်နိုင်ပါ ဟု ရဲရဲဝံ့ဝံ့ ခုခံ ငြင်းဆိုလိုက်ချင်သော်လည်း အခုအချိန်မှာတော့ အရာရာ နောက်ကျသွားခဲ့ပြီဖြစ်သည်။ နာကျည်းပစ်လိုက်ဖို့ ကောင်းသည် နော်…

သူ့အကြောင်းကို ကြားရကာစက နေ့ပေါင်း ညပေါင်းများစွာ ကိုယ် အရူးတပိုင်း ဖြစ်သွားခဲ့သည်…။ တန်ခိုးရှင်တယောက်သာ ဖြစ်ခဲ့လျှင်တော့ သူ့ဆီကို မရောက် ရောက်အောင်သွားကာ ဘာကြောင့်လဲ… ဘာကြောင့် ဒီလိုဖြစ်ရတာလဲ ဟု အေးအေးသက်သာပင် မေးမြန်းချင်မိပါသည်။ သို့သော်… ကိုယ် သူ့ဆီ မရောက်နိုင်ခဲ့သလို သူကလည်း ကိုယ့်ကို မဆက်သွယ်ခဲ့ပါ။ ကိုယ်တို့နှစ်ယောက်အကြားမှ သတိရစရာ အမှတ်တရ ရက်စွဲများ၊ အကြောင်းအရာများကို အချိန်နာရီနှင့်တကွ မှတ်သားထားတတ်သော၊ ယုတ်စွအဆုံး ရှပ်အဖြူလေး ဝတ်လာတဲ့နေ့က ကိုယ် မင်းကို ဘယ်နှစ်ခါ နမ်းခဲ့တာနော်… ဆိုသော အကြောင်းအရာမျိုးအထိ မှတ်မှတ်သားသားရှိနေတတ်သော သူတယောက်… အခုတော့ ထိုအမှတ်တရများ သူ့ထံမှာ စိုးစဉ်းမျှ မရှိတော့ပြီလား..။

သူ… ကိုယ့်ဘဝထဲမှ တိုးတိတ် ညင်သာစွာ ထွက်ခွာသွားခဲ့ပြီ ဖြစ်သည်။ ကိုယ့်ထက်ပိုပြီး တွယ်တာ ချစ်ခင်ရမည့်သူ သူ့မှာ ရှိနေခဲ့ပြီလေ…။ အနေဝေးလျှင် အချစ်တို့ အေးစက်သွားတတ်ပြီး အနေနီးစပ်ခြင်းသည် ရင်ခုန်သံ အသစ်အဆန်းတခု (သို့မဟုတ်) အချစ်အသစ်တခုကို လွယ်လင့်တကူ မွေးဖွားနိုင်စေသည်လား… ကိုယ် နားမလည်ခဲ့ပါ။

သူချန်ထားခဲ့သော နေ့ရက်တွေတိုင်းသည် ပိုးကောင်များ ဖျက်ဆီးခြင်းခံလိုက်ရသော သစ်ရွက်စိမ်းလေး တရွက်လို… အပင်ပေါ်မှ ကြွေမကျသေးသော်လည်း ဒါဏ်ရာ ဒါဏ်ချက်တို့ဖြင့် မတင့်တယ် မလှပတော့သော ပိုးပေါက်များစွာဖြင့် ထိုသစ်ရွက်စိမ်းလေးလို…။ ရေစင်မည်သို့ ပက်ဖြန်းစေကာမူ မလန်းဆန်းနိုင်တော့သော ထိုသစ်ရွက်စိမ်းလေးလို…။

လက်ရှိအခြေအနေမှာ သူ ဘယ်ကိုရောက်နေသလဲ ကိုယ် မသိပါ။ သိအောင်လည်း မကြိုးစားချင်ပါ။ တနေ့နေ့ တချိန်ချိန်မှာ သူ့ကို မထင်မှတ်ပဲ ဖြစ်စေ၊ တမင် ရည်ရွယ်၍ဖြစ်စေ တွေ့ဆုံစရာအကြောင်း တခုခု ဖန်လာခဲ့သည်ရှိသော် ပိုးပေါက်ကလေးများစွာနှင့် ဒါဏ်ရာရနေသော သစ်ရွက်ကလေး တရွက်ကိုသာ ကိုယ့် ကိုယ်စား အမှတ်တရ ချန်ထားပေးခဲ့ရန် တွေးနေမိပါတော့သည်။



မှတ်ချက် - အထက်ပါ သစ်ရွက်ပုံ ဓါတ်ပုံလေးကို LIBRATUN က ဘလော့ဂါ မောင်နှမများထံ မျှဝေပြီး မိမိတို့ ခံစားရသလို ရေးပေးရန်နှင့် သည်ည ၁၁ နာရီမှာ အတူတူ တပြိုင်နက်ထဲ တင်ကြရန် ပြောလာသောကြောင့် ကျေးဇူးတင် ခင်မင်စွာဖြင့် ဤပိုစ့်ကို ရေးသားပါသည်။