Saturday, November 27, 2010

အလွမ်းတွေရဲ့ အဝေး


ကိုယ်တွင်းမှာ လည်ပတ်နေသော သွေးတွေ အစဉ် လတ်ဆတ် နွေးထွေးနေဆဲ… အချိန်နာရီတွေ ရာသီတွေ ဘယ်လိုပြောင်းပါစေ ဘယ်သောအခါမှ အေးစက်သွားလိမ့်မည် မဟုတ်ပါ။ အရာရာတိုင်းမှာ အဆုံးသတ်တွေ ရှိနေသည်မှာ မှန်ကန်သော်လည်း အပြစ်ကင်းစင်သော ချစ်ခြင်းများကတော့ ဘယ်သောအခါမှ အဆုံးသတ်သွားလိမ့်မည် မဟုတ်ပါ။ ကိုယ်စီဘဝတွေ အဆုံးမသတ်သေးသ၍ စစ်မှန်သော ချစ်ခြင်းမေတ္တာတွေကလဲ အဆုံးသတ်လို့ ဘယ်လိုရနိုင်မှာလဲ...

အတူတူဆိုရင်… ဟု တွေးတောခဲ့ကြသော မျှော်လင့်ခဲ့ကြသော အချိန်တွေ ကြာသည်ထက် ကြာလာခဲ့ပြီ…။ မျှော်လင့်ရင်း ရင်ခုန်ရင်း အိပ်မက် မက်ရင်း၊ တွေငေး လွမ်းမောရင်း အချိန်တွေ တဖြေးဖြေး ကုန်လာခဲ့ပြီ။ အခုဆိုလျှင် ကိုယ့် ပတ်ဝန်းကျင်မှာ အအေးဓါတ်တွေ ကြီးစိုးလာခဲ့ပြီ…။ ရေခဲအောင် အေးသော၊ ကိုယ် မုန်းတီးလှသော ဆောင်းရာသီကို နောက်တကြိမ် ရောက်ခဲ့ပြန်ပြီ…။ ချစ်သူ အနားမှာ ရှိမနေနိုင်သောအချိန်တွေမှာ ကိုယ်အမုန်းဆုံးရာသီမှာ ဆောင်းရာသီဖြစ်သည်။ အရင်နှစ် ဆောင်းရာသီတုန်းက ချစ်သူရှိရာနေရာမှာ ဆောင်းခိုမည်ဟု တွေးစီစဉ်ခဲ့ဖူးသည်။ သို့သော် ကမ်းလင့်သော လက်တစုံကို ကိုယ် ထွေးပွေ့ခွင့် မကြုံခဲ့ပါ။ မေတ္တာစစ်မှန်လျှင် ဆုံဆည်းကြသည် ဆိုပဲ… ထိုသို့ဆိုလျှင် ကိုယ်တို့နှစ်ယောက် မေတ္တာတွေများ မစစ်မှန်ခဲ့ကြလေရော့သလားဟုပင် သံသယတွေ ဝင်ခဲ့ဖူးသည်။ ကိုယ်တို့နှစ်ယောက်စလုံး တကယ် ကံမကောင်းခဲ့ကြပါ…။

လွန်ခဲ့သော ရက်အနည်းငယ်က သူမနှင့် ဖုန်းပြောဖြစ်တော့ သည်မှာ ဆောင်းဝင်စပြုလာပြီဟု မှတ်မှတ်ရရ ပြောပြဖြစ်သေးသည်။ သူမအတွက် ဆောင်းဦးပေါက်မြင်ကွင်းတွေကို အရင်နှစ်တွေကလို ဓါတ်ပုံရိုက်ပြီး မပြရသေး… သည်ရက်တွေမှာ အလုပ်တွေ များလှသည်။ အလုပ်တွေပိ၍ ရက်အနည်းငယ် စကားမပြောဖြစ်ကြသောအခါ “ဆောင်းရာသီ၏ အအေးဓါတ်ကြောင့် ကိုကို့နှလုံးသားတွေ အေးစက်သွားပြီလား…” ဟု သူမက ခပ်တိုးတိုး မေးလာခဲ့သည်။ သူမ၏ အမေး အဆုံးမှာ ဖိစီးမှုမျိုးစုံဖြင့် ကြွေကျလုမတတ် ပါးလျနေသာ ကိုယ့်နှလုံးသားတွေ ဖျတ်ကနဲ ကွဲအက်သွားသလို ခံစားလိုက်ရသည်။ မေးရက်လေခြင်းဟု သူမကို စိတ်မခုရက်ပါ။ သူလဲ မေးချင်ပေမပေါ့…

သည်နေရာ၏ ရာသီဥတု အနေအထားအရ ဆောင်းဦးပေါက်မှာ သစ်ပင်တွေ သစ်ရွက်တွေ အရောင်ပြောင်းတတ်ကြသည်။ ဆောင်းဦးပေါက်မှာ သစ်ရွက်တချို့ ကြွေကျကြသည်။ မြင်မြင်လေရာမှာ အရောင်ပြောင်းနေသော သစ်ရွက်တွေကို တွေ့တော့ သူမလေးကိုပဲ သတိရမိသည်။ အနေဝေးနေချိန်တွေမှာ ဆောင်းဦးပေါက်က သစ်ပင်တွေလို သူမ၏ နှလုံးသားတွေ အရောင်ပြောင်းသွားလေမလား စိုးထိတ်မိပြန်သည်။ ဆောင်းဦးပေါက်က ရွက်ကြွေတွေကို တွေ့တော့လဲ အနေဝေးနေစဉ် သူမ၏ နှလုံးသားတွေ ခြောက်သွေ့ကာ ကြွေနွမ်းသွားကြမှာကို စိုးထိတ်မိပြန်သည်။ ထိုအကြောင်းကို သူကနှင့် စကားစပ်၍ ပြောဖြစ်တော့ “မစိုးရိမ်ပါနှင့် စိတ်ချလက်ချနေပါ…” ဟု ချစ်စဖွယ် အားပေးစကား ပြောခဲ့သေးသည်။

ချမ်းချမ်းစီးစီးမနက်ခင်းတခုမှာ သူမနှင့် စကားပြောဖြစ်တော့ "တွေ့ဖို့ အချိန်တွေကို စောင့်နေရသည်မှာ ကြာလှပြီ… ဆက်မစောင့်ချင်တော့ဘူး… ကိုယ့်အနားကို လာခဲ့ပါတော့…" ဟု မချင့်မရဲ ပြောလိုက်မိသည်။ စကားအဆုံးမှာ တဖက်မှ အသံတိတ်သွားပြန်တော့လဲ ဆန္ဒအလျောက် မဆင်မခြင် ပြောလိုက်မိသော ကိုယ့်စကားတခွန်းကြောင့် သူမ စိတ်ထိခိုက်သွားလေသလား တိတ်တိတ်ကလေး ရှိုက်ငင်နေလေသလားဟု သနား နောင်တ ကြီးစွာရ ရပြန်သည်။

တမိနစ် တစက္ကန့်လေးမျှ ရပ်တန့်မနေသော အချိန်နာရီတွေနှင့် ပြောင်းလဲလာသော အသက်အရွယ်တွေကြောင့် လက်ရှိအခြေအနေအပေါ်တွင် အားငယ်စိတ်တွေနှင့်အတူ စိတ်ဓါတ်တွေက ဟိုး အောက်ဆုံးနားအထိ ကျလု ကျခင်။ တချို့ရက်တွေမှာ အလွမ်းစိတ်တွေ စိတ်ပြေလို ပြေငြား ရီဝေရစ်မူးစေသောအရာတွေနှင့် မိတ်ဆွေဖွဲ့မိသလို တချို့ရက်သော နေ့ရက်တွေမှာတော့ အဝေးပြေးလမ်းမကြီးများပေါ်တွင် ကားကို အရှိန်ပြင်းပြင်းမောင်းကာ လူတွေနှင့် ဝေးရာကို ပြေးထွက်သွားမိသည်။ လမ်းဘေးတလျှောက် မျက်စေ့တဆုံး မြင်နေရသော သူမ နှစ်သက်သော တောင်တန်းညိုညိုတွေ သစ်တောစိမ်းစိမ်းတွေနှင့် တိမ်လိပ်ဖြူဖြူတွေကို တိုင်တည်ရင်း အလွမ်းတွေကို ဝေမျှရသည်။

တခါတခါမှာ ဝန်းကျင်တခုလုံး ဘာမှ မမြင်ရတော့လောက်အောင် ဆေးလိပ်မီးခိုးတွေ မှုတ်ထုတ်မိပြန်သည်။ ဆေးလိပ်တွေ အများကြီး မသောက်ပါနဲ့ ကိုကို… ဟု ပြောတတ်သော သူမအသံကို ကြားယောင်လာချိန်မှာတော့ နာကျင်ရစ်ဝဲလာသော မျက်ရည်များသည် ဆေးလိပ်မီးခိုးကြောင့်ပင် ဖြစ်သည်ဟု ကိုယ့်ကိုယ်ကိုယ် အားပေး လိမ်ညာမိပြန်သည်။ အနေဝေးသော ဘဝတွေသည် ခါးသီးလွန်းလှသည်ပဲ…။

ကောင်းကင်မှာ ကြယ်တွေစုံသော ညတညမှာ ချစ်သူကို သတိရရင်း မပီပြင်လှသော ကဗျာလေး တပုဒ် ရေးခြစ်ပြီး ချစ်သောသူဆီ အရောက်ပို့ခဲ့မိသေးသည်။ ခေါင်းစဉ်ကိုတော့ ဂျစ်ပစီရဲ့ ကြယ်ကြွေည ဟု အလွယ်တကူ ပေးလိုက်သည်။

အနားမှာ မင်းသာရှိခဲ့ရင်ပေါ့
ကမ္ဘာလွှမ်းတော့မယ့် မိုးသည်းတွေကိုလဲ
စိတ်ထဲ ကြည်ကြည်လင်လင်
မင်းရဲ့ ခင်မင်မေတ္တာတွေပဲ သွန်းနေသလိုလို…

မိုးထဲ တိုးဝင်နေတဲ့ တောင်တန်းတွေကိုလဲ
ငရဲလမ်းလို ငြိုငြင်နေရာက
တိမ်တွေထဲရောက်မှ
မင်းနဲ့ နမ်းကြမယ်လို့ တွေးလိုတွေး…

စူးရှရှ ဝံပုလွေ အူသံကြား
တခါတခါ လာပုတ်တတ်တဲ့ ဝက်ဝံစုံတွဲတို့နဲ့လည်း
ရိက္ခာတချို့ ခွဲဝေမျှ
ကိုယ်တို့အိမ် လာလည်ကြတဲ့ သူငယ်ချင်းတွေလိုလို…

ချစ်သူရယ်…
တယ်လီဖုန်းလေးသာ တချက် ဆက်လိုက်စမ်းပါ
ဒီမြောက်ကျွန်းမှာ လွင့်နေတဲ့ ခရီးသွားတယောက်က
လာသမျှ အန္တရာယ်တွေ အကုန်လုံး
ခေါင်းဖမ်းအုံးလိုက်ရင်း
မင်းအတွက် ရင်ခုန်တေးသွားမြမြ
ကြက်သီးတွေခအောင် ကိုယ်ဆိုပြလိုက်မယ်…။

ထိုကဗျာလေးကို သူမ ဖတ်နေချိန်နှင့် တချိန်တည်းမှာ ကိုယ်တိုင်လဲ ထိုကဗျာကို တခေါက် ပြန်ရွတ်မိသည်။ ကဗျာလေးကို ဖတ်နေချိန်မှာ သူမက မျက်ရည်ကျနေခဲ့သည်ဟု ပြောလာတော့ အတော်အံ့သြသွားသည်…။ ဘာကြောင့်ဆို ကိုယ်လဲ ထိုအချိန်က မျက်ရည်ကျနေခဲ့သည်လေ…။ အနေဝေးသော်လည်း ခံစားမှု တူညီနိုင်သော နှလုံးသားတွေကြောင့် ဝမ်းနည်းမှုတွေကြားမှ အတန်ငယ် စိတ်သက်သာရာရခဲ့ပြန်သည်။

အိပ်မရသော ညတွေမှာ အတွေးတွေက ဟိုရောက် သည်ရောက်…။ ကိုယ်ချစ်သောသူ ဆုံးပါးသွားတာရယ် အသက်ရှင်နေပါလျက်နဲ့ကိုယ်ချစ်တဲ့လူက တခြားသူနဲ့ပျော်နေတာကို တွေ့ရတာရယ် နှစ်ဦးသား စိတ်တူ ကိုယ်တူ ချစ်ပြီး နီးစပ်ခွင့်မရတာရယ် ဘယ်ဟာက ခံစားရတာ ပိုသက်သာမလဲ ဟု…။ အမှန်ကတော့ ဘယ်ဟာမှ မသက်သာလှပါ…။ သို့သော်လည်း ဝေးခြင်း နီးခြင်းတွေသည် ခိုင်မြဲသော ချစ်ခြင်းတခုအတွက် အထူးတလည် အရေးကြီးလှသည် မဟုတ်… နှလုံးသားခြင်း နီးကပ် နွေးထွေးနေဖို့သာ အရေးကြီးသည်ဟု တွေးလိုက်တော့ ရင်ထဲက အပူမီးတွေ အနည်းငယ် သက်သာသွားခဲ့သည်။ လက်ရှိ အနေအထားမှာ နှစ်ယောက်စလုံးက အတူတူဆုံနိုင်ချိန်တွေအတွက် ရင်ခုန်သံတွေ နွေးထွေးရင်း မျှော်လင့်နေခြင်းတွေ ရပ်တန့်မသွားသေးတာကိုက ခိုင်မြဲသော ချစ်ခြင်းတခု၏ ပြယုဒ်ပင်…။ လောကကြီးတွင် လှပသော ချစ်ခြင်းဖွဲ့ ဇာတ်လမ်းများအားလုံးသည် ရိုးရိုးစင်းစင်းလေးများ မဟုတ်ကြသည်မှာ သိပ်ကို သေချာပါသည်…။

တနေ့နေ့မှာတော့ အလွမ်းတွေရဲ့ အဝေးမှာ အတူတူဆုံနိုင်ကောင်းရဲ့ဟု မျှော်လင့်ရင်း ရင်ခုန်ရင်း မဆုံးသော အိပ်မက်ရှည်များကို အကြိမ်ကြိမ် အခါခါ မက်နေရင်း….



မှတ်ချက် ။ ။ လွန်ခဲ့တဲ့ တနှစ်ကျော်ကျော်လောက်က ရေးခဲ့ဖူးတဲ့ အတူတူဆိုရင် ပိုစ့်ရဲ့ နောက်ဆက်တွဲပါ…။ အတူတူ တဆက်တည်း ဖတ်လို့ရသလို သပ်သပ်စီ ခွဲဖတ်ရင်လဲ ရလောက်မယ်ထင်ပါရဲ့…။ အဲဒီ အတူတူဆိုရင် ပိုစ့်ထဲက သူငယ်ချင်းကို သတိတရ မေးပြီး သူတို့ရဲ့ လက်ရှိ အခြေအနေလေးကို ဆက်ရေးပေးဖို့ ပြောလာတဲ့ ညီမငယ် နှစ်ယောက်ရှိပါတယ်…။ သူတို့နှစ်ယောက်နဲ့ စကားပြောဖြစ်ပြီး သူတို့ရဲ့ တိုက်တွန်း အားပေးမှုနဲ့ ဒီပိုစ့်ကို ရေးဖြစ်ပါတယ်…။ စာထဲက တချို့စကားလုံးတွေအတွက် အဲဒီညီမနှစ်ယောက်ကို ကျေးဇူးတင်ပြီး ကဗျာလေးအတွက်တော့ မိတ်ဆွေ ကဗျာဆရာကို ကျေးဇူးတင်ပါတယ်…။ ပြီးတော့ သတိတရနဲ့ မေးလာတဲ့ ညီမ နှစ်ယောက်စလုံးကို သူငယ်ချင်းက ကျေးဇူးတင်ကြောင်း ပြောပေးပါ တဲ့…

Sunday, November 21, 2010

ကျီးမနိုးပွဲ…

ဒီရက်တွေမှာ ဘလော့ဂ်ဂါတွေ အတော်များများ ကိုယ့်ဘလော့ဂ်တွေကို ပစ်ပြီး မျက်နှာစာအုပ်ပေါ် ရောက်နေကြတယ်…။ မျက်နှာစာအုပ်က သတင်းပလင်းစုံတယ်… တခုခုဆို ချက်ချင်းသိကြတယ်… ချက်ချင်း မျှဝေလို့ရတယ်... အစည်းအဝေးခန်းမလို နေရာ တနေရာထဲမှာ အတူတူလာစုပြီး စကားပြောနေကြရသလို နီးကပ်နွေးထွေးတဲ့ ခံစားမှုမျိုးကို ပေးနိုင်တယ်လို့ ဘလော့ဂ်ရေးတဲ့ ညီမတယောက်က ပြောလာတယ်…။ ဒါကြောင့်မို့ ဖြစ်ပါလိမ့်မယ်… ဘလော့ဂ်ပေါ်မှာ လူတွေ ငြိမ်သက်နေပြီး မျက်နှာစာအုပ်မှာ အချိန်တိုင်း လူတွေ စည်ကားလို့နေတယ်…။


ဒီညက တန်ဆောင်မုန်း လပြည့်နေ့ည… ဟိုး ခပ်ဝေးဝေးမှာ လ က ဝိုင်းဝိုင်းစက်စက် သာ လို့...။ တန်ဆောင်မုန်း လပြည့်နေ့ညကို ဆေးပေါင်းခတဲ့ည လို့ သတ်မှတ်ခေါ်ဆိုကြတယ်… ချစ်စရာ ပျော်စရာ မြန်မာ့ရိုးရာ ဓလေ့အရ လူကြီးတွေက ဆေးပေါင်းခအောင် မယ်ဇလီဖူးသုပ်တွေစားကြချိန်မှာ လူငယ်တွေက ကျီးမနိုးပွဲကို တပျော်တပါး ဆင်နွှဲတတ်ကြတယ် မဟုတ်လား…။

အခုလဲ ဒီည ၁၁ နာရီ ၅၈ မိနစ်မှာ ဆေးပေါင်းခမယ်တဲ့...။ ဆေးပေါင်းခတဲ့ည အထိမ်းအမှတ်အဖြစ် လူကြီးတွေ မျက်နှာစာအုပ်မှာ မယ်ဇလီဖူးသုပ်တွေ စားရင်း မျက်မှောက်ရေးရာတွေကို ဆွေးနွေးပြောဆိုနေကြတုန်းမှာ အဲဒီ အခြေအနေကို အခွင့်ကောင်းယူပြီး သက်ဝေတယောက် အိမ်တွေလျှောက်လည်ရင်း အိမ်ရှင်တွေလစ်တုန်း သူတို့အိမ်တွေက အလွယ်တကူ ယူလို့ရတဲ့ ပစ္စည်းတွေကို တိတ်တိတ်လေး သွားပြီး အလစ်သုတ်လာပါတယ်…။ (လူကနေပေမယ့် ပညာက မနေတဲ့ သဘောပါ...)

ဘလော့ဂ်ပေါ်မှာဆိုတော့ စိတ်ထင်သလို အလစ်သုတ်လို့တော့ မရခဲ့ဘူးပေါ့… ဒါပေမယ့် ရသလောက်ကို စိတ်ရှည်လက်ရှည်နဲ့ သွားယူလာခဲ့တယ်…။ တချို့ဘလော့ဂ်တွေမှာ အလစ်သုတ်စရာ ဟိုဟို ဒီဒီ ကျီးကန်းတောင်းမှောက် လိုက်ရှာပေမယ့် ဘာပစ္စည်းမှ ရှာမရလို့ လှည့်ကြည့် လှည့်ကြည့်နဲ့ ပြန်လာခဲ့ရတာလဲ ရှိတယ်...။ ဘာပဲဖြစ်ဖြစ်လေ... တယောက်တည်း ကျီးမနိုးပွဲလုပ်ပြီး ရသလောက်တော့ ယူလာခဲ့တာပဲ...။ အဲဒီတော့ကာ ပိုင်ရှင်များ ကိုယ့်ပစ္စည်းကို ကိုယ်တိုင် လာရွေးယူကြစေချင်ပါတယ်။ ပြီးတော့ လာရောက် ရွေးယူသွားကြောင်းကိုလဲ မှတ်ချက်လေးများ ချန်ခဲ့စေချင်ပါတယ်…။ လာမရွေးယူတဲ့သူတွေကို သင်္ကြန်ကျရင် အိုးမည်းနဲ့ မဲတူးနေအောင် လိုက်သုတ်ပါ့မယ်…။

ကဲ… ဒီမှာ… ကျီးမနိုးပွဲအတွက် ပိုင်ရှင်မသိအောင် တိတ်တိတ်လေး သွားယူလာတဲ့ ပစ္စည်းတွေ... စုံလို့ စုံလို့ပါပဲ...။ ပြန်ရွေးရတာလွယ်အောင် နံပါတ်စဉ်ထိုးပြီး ပြထားတယ်နော်…။ ကြည့်ကြပါအုံး...


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)





(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)



(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)



(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)


(ရွေးပြီး)

ပိုင်ရှင်တွေအားလုံး ကိုယ့်ပစ္စည်း ကိုယ် လာရွေးယူရင်း ပျော်ရွှင်စရာ တန်ဆောင်မုန်းလ ကျီးမနိုးပွဲ ဖြစ်ကြပါစေ...။

Friday, November 12, 2010

လွင့်မျော မြစ်တစင်း

စာမရေးဖြစ်တာ ကြာပြီ…။ အလုပ်များတယ်လို့ ခဏခဏပြောရတာလဲ ရှက်စရာတောင်ကောင်းနေတယ်။ ဒါပေမယ့် အလုပ်ကတော့ တကယ်များနေတာပါ။ အချိန်တွေကလဲ ကုန်လွယ်လှတယ်…။ တရက်ပြီး တရက်၊ တလပြီး တလ၊ တနှစ်ပြီး တနှစ်… ဒီလိုနဲ့ အမှတ်ရစရာ နေ့စွဲတွေဆီကို ခဏလေးနဲ့ ပြန်ပြန်ရောက်လာတာ…။ တနေ့က သူငယ်ချင်း ချစ်ကြည်က သတိတရနဲ့ ဖုန်းဆက်ပြီး မေးလာတယ်… ၁၂ ရက်နေ့အတွက် ဘာရေးထားလဲတဲ့…။ တကယ်ပဲ… သူပြောကာမှ အဲဒီနေ့အတွက် ဘာမှ ရေးထားတာမရှိ၊ ရေးဖို့တောင် မစဉ်းစားထားမိတာ…။ အဲလိုပြောလိုက်ပြီး ညကျတော့ သူက ကဗျာလေးတပုဒ် ရေးပြီး ပို့ပေးလာတယ်…။ ကိုယ်တို့ Anniversary အတွက် လက်ဆောင် တဲ့…။

သူငယ်ချင်းရဲ့ မေတ္တာ၊ စေတနာတွေနဲ့အတူ ကဗျာလေးက တကယ်ချိုပါတယ်…။ ဒီအတွက်လဲ သူငယ်ချင်းကို ချစ်ခင်စွာနဲ့ ကျေးဇူးတင်ပါတယ်…။ ကဗျာလေးကို ဖတ်ကြည့်ကြပါအုံးနော်…။

လွင့်မျော မြစ်တစင်း



မြစ်တစ်စင်း...
ချစ်ခြင်းတွေ အပြည့်အတင်း
မင်းနဲ့ကိုယ် ကြည်မွေ့သာယာ
စုံ ဆန် တခါ စီးမျော
သမုဒယ ဝန်စည်စလှယ်တွေရော
နားလည်မှု နှောင်ကြိုးတွေပါ
ဖွယ်ဖွယ်ရာရာ တင်ဆောင်လာခဲ့.....။

လက်ချင်းမတွဲ... စိတ်ချင်း မြဲပြီးသား
ကျောချင်းမကပ်... စိတ်ချင်း ထပ်ပြီးထား
နှလုံးသားတွေနဲ့ အသက်ရှု
ကိုယ်တို့....
မြတ်နိုးခြင်းတွေနဲ့ လူ ဖြစ်ကြတယ်....။

တစ တစ တရက် တလ
တနှစ် နှစ်နှစ် နေ့အသစ်တွေ
ဒီရေလို ကျော်ဖြတ်ကုန်ဆုံး
နှောင်ထုံးတွေက ပိုရင့်
အတွယ်အတာ အပွင့်တွေက ပိုသန်
သံယောဇဉ် အညွန့်တွေက ဟိုမှာ ဒီမှာ ခေါင်းထောင်လို့ ထကြ...
သူနဲ့အတူ ဒီဘဝ ဒီတသက်
မလွတ်တမ်း ပွေ့ဖက် ရှိုင်းရှိုင်းနက်နက်
မက်မောမဆုံး... လွင့်မျောဦးမည်....။


ခိုင်မြဲသောကြိုး (2008)
Love Each Other (2009)

Friday, November 5, 2010

ပုံရိပ်ဟောင်းများ

ညီမ ကေ ရဲ့ တက်ဂ်ပါ…။ ပုံရိပ်ဟောင်းများတဲ့…
အမှန်က ကေ လိုချင်တဲ့
ပုံရိပ်ဟောင်း ဆိုတာက တက္ကသိုလ်တုန်းက... ဒါမှမဟုတ် ဘဝ တက္ကသိုလ်တုန်းက ပုံရိပ်ဟောင်းတွေကိုပါ။ သို့သော်လည်း လောလောဆယ်မှာ ကိုယ့်ဆီမှာ ကျောင်းနဲ့ပတ်သက်လို့ ပြစရာ ဓါတ်ပုံတွေ ဘာတွေ တခုမှ ရှိမနေတာမို့ ဟိုတွေး ဒီတွေး တွေးရင်း ရက်တွေသာ ကြာလာတယ်... ပုံရိပ်ဟောင်းကို ဘယ်လိုမှ အကောင်အထည် ဖေါ်လို့ မရခဲ့ပါဘူး။ တရက်ကတော့ ပုံရိပ်ဟောင်းကို စာနဲ့ချည်းပဲ ရေးကြည့်သေးတယ်… ဒါပေမယ့် အတော်လေး ပျင်းခြောက်ခြောက်နိုင်လှတယ်။ ဒီညတော့ You Tube မှာ သီချင်းတပုဒ်ရှာရင်း မမျှော်လင့်ပဲ ကိုယ်ချစ်ခင် နှစ်သက်ခဲ့ရသူတွေရဲ့ ပုံရိပ်ဟောင်းတချို့ကို အမိအရ ဖမ်းဆုပ်နိုင်ခဲ့ပါတယ်…။

တစက္ကန့်၊ တမိနစ်၊ တနာရီ၊ တရက်၊ တလ၊ တနှစ်… ဒီလိုနည်းနဲ့ အချိန်တွေ ကုန်လွန်လာတာ မယုံကြည်နိုင်စရာ ကောင်းလှတယ်။ အချိန်တွေနဲ့လိုက်ပြီး ပြောင်းလဲလာတဲ့ ပုံရိပ်တွေဟာ ပြန်ကြည့်လိုက်တိုင်း အမှတ်တရ ဖြစ်စရာ...။

ကိုယ် အခု ပြောပြမယ့် ပုံရိပ်ဟောင်းတွေဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်ကျော် အစိတ်ပတ်ဝန်းကျင်က ပုံရိပ်တွေပါ။ ရုတ်တရက် ကြည့်လိုက်ရင် သိပ်မဝေးသေးဘူးလို့ ထင်ရပေမယ့် တကယ်တော့ တော်တော်လေး ကြာခဲ့ပြီ…။ အနှစ် နှစ်ဆယ်၊ အနှစ် အစိတ်ဆိုတာ အရာတော်တော်များများကို၊ လူတယောက်၊ ဒါမှမဟုတ် ဘဝတခုကို ကောင်းကောင်းကြီး ပြောင်းလဲစေနိုင်တဲ့ ဂုဏ်သတ္တိတွေနဲ့ စွမ်းအားတွေရှိတယ်…။ ဒီလိုမျိုး ပြောင်းလဲတတ်တဲ့ သဘာဝကြီးတခုလုံး အထင်အရှား ရှိနေပါလျက်နဲ့ ကိုယ်တို့ ပတ်ဝန်းကျင်မှာ အချိန်တွေ ဘယ်လောက်ကြာကြာ မပြောင်းမလဲတဲ့ အကြောင်းအရာတွေ ရှိနေသေးတာကတော့ တွေးကြည့်လိုက်မိတိုင်း ရင်နာစရာကောင်းပါတယ်။

ဒီပုံက ၁၉၈၄-၈၅ ခုနှစ်မှာ ထွက်ခဲ့တဲ့ ကိုင်ဇာနဲ့ မေဆွိတို့ရဲ့ တူနှစ်ကိုယ်တိုင်းပြည်အခွေ ကာဗာပါ။ ကြည့်ပါအုံး… မေဆွိထိုင်နေတဲ့ အရှေ့မှာ ကစားစရာ အိမ်လေးတွေ ချလို့၊ ဖြူစင်မှုတွေနဲ့ ချစ်စရာ ပုံရိပ်ဟောင်းတခုပါ…။ ဆယ်တန်းတုန်းက မုန့်ဖိုးတွေစုပြီး အဲဒီ သီချင်းခွေကို ၂၅ ကျပ်နဲ့ ဝယ်ခဲ့ဖူးပါတယ်။ ကိုယ့်မုန့်ဖိုးနဲ့ကိုယ် ပထမဆုံး ဝယ်ဖူးတဲ့ သီချင်းခွေဆိုတော့ အမြဲသတိတရနဲ့ မှတ်မိနေတဲ့ ပုံရိပ်ဟောင်းတခုဆိုလဲ မမှားပါဘူး...။



ဒါက ၁၉၈၅ ခုနှစ်က မြန်မာ့ရုပ်မြင်သံကြားမှာ လွှင့်ခဲ့တဲ့ "စကားရှိတိုင်းသာ ဖြေရမလား" ဆိုတဲ့ သီချင်းလေး… ဆံပင်ပုံစံ ဝတ်ပုံစားပုံ… မျက်နှာ အလှပြင်ပုံတွေဟာ တကယ့် ပုံရိပ်ဟောင်းတခုပါပဲ…။


ဒီပုံရိပ်ဟောင်းကတော့ ၁၉၈၅-၈၆ ပတ်ဝန်းကျင်ကပါ… ဒါပေမယ့် ဒီဇိုင်းကတော့ ပြောင်းလာပြီ။ အကြေကောက်ဆန်ဆန်ဆံပင်မျိုးနဲ့ မျက်နှာမှာ ပြင်ဆင်ခြယ်သပုံကလဲ ပိုပြီး လှလာတယ်။ ပန်းနုရောင် ဖျော့ဖျော့ လင်းလင်းတွေ သုံးလာကြတာတွေ့ရတယ်။ နောက်ပြီး စီးကရက်စလို ပိတ်စပြောင်ပြောင်တွေနဲ့ ဖဲစတွေ ဝတ်လာကြတယ်။ ပြောရရင် ဟေမာနေဝင်းရဲ့
"ကိုကိုရေ သိပ်ချစ်တယ်..." နဲ့ တချိန်တည်းလောက်ပဲ…။


အိပ်ဆေးမရှိ၊ နှုတ်စကားကြားမှ ယုံလိုသူ စတဲ့သီချင်းတွေမှာ မေဆွိကို အခုလို အပြင်အဆင်တွေနဲ့ တွေ့ရတယ်...။



ဒါကတော့ နဲနဲလေး ပိုနောက်ကျလာပြီ… ၁၉၉၀ ပတ်ဝန်းကျင်ကပါ။ အနောက်မှာ ဂစ်တာတီးနေတဲ့သူက အဆိုတော် မိုးသက်တင်ပါ။


၁၉၈၄ ခုနှစ်က ဟေမာနေဝင်းရဲ့ ပထမဆုံး အခွေ… ဟေမာနဲ့ တသားထဲ ဘယ်လိုမှ ခွဲခြားလို့မရတဲ့ ယုံလား (ကိုကိုရေ သိပ်ချစ်တယ်…) သီချင်း ဆိုတဲ့ အချိန်တုန်းက ပုံရိပ်ဟောင်း…


ဟေမာနေဝင်းရဲ့ ခွင့်လွှတ်နော် အခွေ ကာဗာပါ။ ၁၉၈၅-၈၆ ခုနှစ်လောက်မှာ ထွက်ခဲ့ပါတယ်။ ဒိုင်ယာနာပုံဆန်ဆန် ဘေးခွဲဆံပင်အတိုနဲ့ နှုတ်ခမ်းနီ ပန်းရောင်နဲ့…။ အဲဒီအချိန်က အဲဒီနှုတ်ခမ်းနီအရောင်က တော်တော်လေး ခေတ်စားပါတယ်။ လူတိုင်းနဲ့ မလိုက်ဖူးလို့ ထင်ရပေမယ့် တကယ်တော့ မဟုတ်ဖူးရယ်… ဖြူတဲ့သူရော ညိုတဲ့သူရောနဲ့ ကြည့်ကောင်းတာ တွေ့ရတယ်။


ဒါကတော့ အဲဒီ အကြေကောက်တွေနောက်မှာ လုံးဝ တိုချလိုက်တဲ့ ဟေမာရဲ့ ချစ်စရာ ဆံပင်လုံးလုံးလေးနဲ့ ပုံရိပ်ဟောင်းလေး တခုပါ။ အဲဒီအချိန်မှာတော့ နှုတ်ခမ်းနီ အခြောက် အရောင်ရင့်ရင့် (Dry & Matt) တွေကို အနားသတ် Lip Liner နဲ့ ဆိုးတဲ့ခေတ်ပေါ့။ နှုတ်ခမ်းပါးတဲ့သူရော နှုတ်ခမ်းထူတဲ့သူတွေပါမကျန် အားလုံးလိုလို လိုက်ဆိုးကြတဲ့ အချိန်... ပြီးတော့ မျက်ခုံးတွေလဲ မရိပ်ကြတော့ဘူး…။ Mic ကို ပါးမှာကပ်ရင်း ချစ်စရာ ဟေမာ... ဆိုနေတဲ့ သီချင်းက "ပြန်သိမ်းထားမယ်" တဲ့...။


အဲဒီပုံရိပ်ဟောင်းနဲ့ အချိန်သိပ်မခြားတဲ့ ဟေမာနေဝင်းရဲ့ နောက်ဒီဇိုင်းတခုပါ။ သူ ဆိုနေတဲ့ သီချင်းက "ရှင်းရှင်းပြောပါလား..." တဲ့...။


အရာရာတိုင်းဟာ ခေတ်ရေစီးကြောင်းအလိုက် အနည်းနည်း အဖုံဖုံနဲ့ ပြောင်းလဲ လာကြတိုင်းမှာ တချိန်က သစ်လွင်တောက်ပခဲ့တဲ့ ပုံရိပ်တွေကို နောင်တချိန်မှာ ပုံရိပ်အဟောင်းတွေအဖြစ်နဲ့သာ တွေ့မြင်ကြရမှာ သဘာဝပါပဲ... ပုံရိပ်အသစ်တွေကို သဘောကျ နှစ်သက်လက်ခံကြသလို ပုံရိပ်အဟောင်းတွေကိုလဲ ဘယ်တော့မှ မေ့ပစ်လို့ မရစကောင်း... အမှတ်တရ သိမ်းဆည်းထားဖြစ်ကြမှာ သေချာပါတယ်...။

ဒီပုံတွေအားလုံးကို You Tube မှာ တင်ထားတဲ့ သီချင်းတွေက တဆင့် ရယူပါတယ်။ နောက်ထပ် ရှာဖွေတွေ့ရှိထားတဲ့ ချစ်စရာ ပုံရိပ်ဟောင်းတွေပါတဲ့ သီချင်းဖိုင်လ်တွေ အများကြီး ရှိနေသေးပေမယ့် ဘလော့ဂ် သိပ်လေးနေမှာစိုးလို့ မတင်တော့ပါဘူး။ ကြည့်ချင်ကြသေးတယ်ဆိုရင်တော့ You Tube မှာ မေဆွိ၊ ဟေမာနေဝင်း စသည်ဖြင့် ရိုက်ထည့်ပြီး ရှာကြည့်လို့ရပါတယ်။ အချိန်ရရင် တပုံချင်းစီအတွက် သီချင်း Link တွေ တင်ပေးပါအုံးမယ်။

ညီမ ကေရေ... ကေ့ ပုံရိပ်ဟောင်းရဲ့ ဆိုလိုရင်းကို တမျိုးတဖုံ ပြောင်းပစ်တဲ့ သက်ဝေကို စိတ်မရှိပါနဲ့နော်...။ သိပ်မကြာခင်မှာ ကျောင်းနဲ့ ပတ်သက်တဲ့ ပိုစ့်တခုလဲ ရေးဖို့ တွေးနေပါတယ်… အဲဒီပိုစ့်မှာတော့ ကေ လိုချင်တဲ့ ပုံရိပ်ဟောင်းတချို့ကို ပုံဖေါ်နိုင်တန်ကောင်းရဲ့လို့ မျှော်လင့်ပါတယ်…။ သတိတရ အမှတ်တရ တက်ဂ်လာတဲ့ ကေ့ကို ကျေးဇူးတင်ပါတယ်။